..”
သူကြီးက အားလုံးကြားအောင်ပြောလိုက်ရာ လူစုသည်လည်း တီးတိုးတီးတိုးဖြင့် တစ်ယောက်ချင်းစီ၏သဘောကို မေးမြန်းကြ၏။
” ကျုပ်သဘောလည်း သူကြီးရဲ့သဘောနဲ့တထပ်ထဲဘဲ…အနီးအနားအပင်တွေကြည့်ရတာဝေဝေဆာဆာရှိလှတယ်….ရေခံမြေခံကောင်းလို့ဘဲ အပင်တွေကောင်းကောင်းရှင်သန်နေကြတာ….”
” ကျုပ်တို့လည်းဒီလိုဘဲတွေးမိပါတယ်….”
” သူကြီးက ကောင်းတယ်ပြောရင်ကောင်းတယ်ပေါ့ဗျာ…ဘာမှစောဒကတက်စရာမရှိပါဘူး…ကျုပ်တို့နွားတွေလည်း ခရီးဆက်ဖို့အားအင်တွေကုန်နေရောပေါ့….”
သူကြီးကအားလုံး၏သဘောတရားကို နားထောင်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
” ဒါဆိုလည်း ကျုပ်တို့ဒီနေရာမှာဘဲ ရွာတည်ကြမယ်….အားလုံးသတိဝရိယရှိရှိ နိူးနိူးကြားကြားနေပြီး တစ်ယောက်နဲ့တစ်ယောက်စောင့်ရှောက်ကြ….”
” ဟုတ်သူကြီး….”
ထိုည၌ကားအချိန်မရှိတော့သဖြင့် ချက်ပြုတ်စားသောက်ပြီး လှည်းပေါင်းမိုးပေါ်၌သာ အိပ်စက်ခဲ့ကြသည်။
နောက်တစ်နေ့တွင် သူကြီးကဦးဆောင်ပြီး အိမ်ဆောက်ရန်အတွက်လိုအပ်မည့်သစ်ဝါးများကို ခုတ်ထွင်ကြ၏။ အမျိုးသမီးများက ပါလာသည့်မျိုးစေ့ထုပ်နှင့် ပစ္စည်းပစ္စယများကိုနေရာတကျသိမ်းဆည်းကြ၏။ ရွာတည်မည့်နေရာအား သူကြီးကပင်ဦးဆောင်ပြီးပန္နက်ရိုက်၏။ အားလုံးကဗုဒ္ဓဘာသာဝင်မိသားစုများဖြစ်သော်လည်း အရင်နေခဲ့သည့်နေရာ၌ ဘုန်းကြီးကျောင်းမရှိ၊သံဃာမရှိခဲ့ချေ။ သို့ကြောင့်ရွာပြောင်းရာတွင် သံဃာများပါမလာခဲ့။
ထိုနေ့၌ ရွာတည်မည့်နေရာအား ရှင်းလင်းခြင်း၊သစ်ဝါးများခုတ်ထွင်ခြင်း စသည်နေရာတွင်သာအချိန်ကုန်သွားသဖြင့် အိမ်များမဆောက်ရသေးချေ။ ပါလာသောမိုးကာစတို့ဖြင့်သာတစ်ညတာအဆင်ပြေအောင်စီမံပြီးအိပ်စက်ခဲ့ကြသည်။ ရေခံမြေခံကောင်းသောနေရာကိုရှာဖွေတွေ့ရှိခဲ့ကြသဖြင့် အားလုံး၏မျက်နှာ၌အပြုံးများဝေဆာနေကြ၏။ တဲအိမ်နှင့်မနီးမဝေးမြေကွက်လပ်တွင် မီးပုံကြီးတစ်ဖိုကိုမွေးပြီး အားလုံးစုဝေးကာမီးလှုံနေကြ၏။ သူကြီးက
” ဒီနေ့တော့အိမ်ဆောက်ဖို့လိုအပ်တဲ့သစ်ဝါးတွေရှာဖွေ၊ ရွာတည်မဲ့နေရာတွေပန္နက်ရိုက်ရှင်းလည်းနေတာနဲ့တင်တရက်တာကုန်ဆုံးသွားခဲ့ပြီ….ဒီလိုဘဲရွာသစ်တစ်ရွာတည်တယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပေမဲ့ ကျုပ်တို့အားလုံးစည်းစည်းရုံးရုံးနဲ့ တက်ညီလက်ညီပါဝင်ကြရင် မကြာခင်မှာဒီနေရာလေးဟာ ကျုပ်တို့ခင်ဗျားတို့မျှော်လင့်နေတဲ့သာယာဝပြောတဲ့ရွာလေးတစ်ရွာဖြစ်လာလိမ့်မယ်လို့ကျုပ်အာမခံတယ်….”
” ကျုပ်တို့လည်းသူကြီးပြောစကားကိုတသွေမတိမ်းလိုက်နာဆောင်ရွက်နေကြပါတယ်….မကြာခင်ကျုပ်တို့အိပ်မက်တွေဖြစ်လာတော့မယ်ဆိုတော့ ကျုပ်တို့အားလုံးဝမ်းသာနေကြပါတယ်သူကြီး….”
” ဟုတ်ပါပြီဗျာ….ကျုပ်တို့ရဲ့အိပ်မက်တွေကိုအတူတကွအကောင်ထည်ဖော်ကြမယ်…. ”
” သူကြီးနဲ့ထပ်တူပါဗျို့ …..”
သူကြီးကဝါးဆစ်ရေနွေးခွက်ကိုကိုင်မြှောက်ပြီးပြောလိုက်ရာ ကျန်လူအားလုံးလည်း လိုက်ပါပြီးဝါးဆစ်ခွက်ကိုကိုင်မြှောက်ကြ၏။
ဤသို့ဖြင့် ငါးရက်မြှောက်သည့်နေ့၌ တဲအိမ်စုလေးကို ပထမဆုံးအကောင်အထည်ဖော်နိူင်ခဲ့ကြ၏။ ကလေးများသည်ကား နယ်မြေသစ်၌ဆော့စရာအသစ်တို့ဖြင့် ပျော်ရွှင်မြူးထူးနေကြ၏။ ရွာ၏မနီးမဝေးနေရာ၌ သောက်ရေသုံးရေအတွက် ချောင်းကလေးတစ်ချောင်းရှိနေပြန်သဖြင့် လွန်စွာအဆင်ပြေလှ၏။
တစ်ခုသောညတွင် လူငယ်နှစ်ယောက်သည် တောတိုးရန်အတွက်မီးအိမ်ကိုကိုင်ဆွဲပြီးလာကြ၏။
” ဟေ့ကောင်…ငါ့ကိုဒီမှာစောင့်နေနော်….ငါကိစ္စရှင်းပြီးရင် တဲဆီအတူပြန်ကြမယ်….”
” သွားမှာသာသွားစမ်းပါကွာ…မင်းလုပ်တာနဲ့ငါ့ကိုခြင်တွေချီသွားတော့မယ်….မြန်မြန်လုပ်နော်…”
” အေးပါကွာ…ခဏဘဲ…”
ထိုသို့ပြောပြီး လူငယ်တစ်ယောက်က သစ်ပင်ကြီးအကွယ်သို့ဝင်သွားပြီးကိစ္စရှင်းနေ၏။ ကျန်တစ်ယောက်ကား သူ့ထံဝဲလာသော ခြင်ကိုတဖြန်းဖြန်းရိုက်ရင်း ကျန်ရစ်ခဲ့၏။
” ချောက်…..”
” ဂစ်…ဂစ်…ဂစ်….”
ကိစ္စရှင်းနေစဥ် မိမိအနောက်မှ သစ်ရွက်ခြောက်များနင်းလျှောက်လာသံကိုကြားလိုက်ရသဖြင့် ဖိုးအောင်လည်းမီးအိမ်ကိုအသာကိုင်မြှောက်လိုက်၏။ ကျန်လက်တဖက်ကား သစ်ရွက်ကိုဆုပ်ကိုင်ထား၏။
” လှမြင့်….လှမြင့်…မင်းရောကိစ္စသွားချင်လာလို့လား….”
သစ်ရွက်ခြောက်နင်းလျှောက်လာသည့်အသံကြောင့် သူငယ်ချင်းဖြစ်သူလာသည်အထင်ဖြင့် မေးလိုက်ခြင်းပင်။ သို့သော် မည်သူမျှမတွေ့ရ။
” ဟေ့ကောင်…ငါ့ကိုမစမ်း ပါနဲ့ကွာ…ငါဗိုက်ထဲရစ်နေလို့ပါ အေးဆေးရှင်းပါရစေအုံးကွ….”
ထိုသို့ပြောပြီး ဟိုဟိုသည်သည်ကြည့်နေ၏။ ထိုစဥ် အေးစက်သောလက်တစ်ဖက်သည် သူ၏တင်ပါးအားလာကိုင်၏။ အသားစကိုမီးလောင်ထားသည့်အနံ့လည်း သူ့နှာခေါင်းထဲသို့ဝင်လာခဲ့၏။
” ဟင်…ငါ့ဖင်ဘယ်သူနှိက်တာလဲ…”
ထိုသို့ပြောပြီး မီးအိမ်အသာမြှောက်ကာကြည့်လိုက်ရာ သူ့မျက်နှာအနီးသို့တိုးကပ်လာသော ရွံရှာဖွယ်မျက်နှာတစ်ခုကိုတွေ့လိုက်ရ၏။
” အမလေး…သရဲ…သရဲ….သရဲကြီး….သရဲ့ကြီးငါ့ဖင်လာနှိက်တယ်….”
အသံနက်ကြီးဖြင့် သူငယ်ချင်းရှိရာဆီပြေးလာ၏။
” ဟေ့ကောင်..မင်းဘာဖြစ်လာတာလဲ….အီးစော်လဲနံလိုက်တာ…မင်းသန့်ရှင်းရေးလုပ်မလာဘူးလားကွ…”
” ဟ…မင်းအဖေသရဲကြီးက ငါ့ဖင်လာနှိက်မှတော့ ငါကသန့်ရှင်းရေးလုပ်နိူင်မလားကွ….အမလေးသရဲကြီး….”
” ဘယ်မှာလဲသရဲ….မင်းထင်ယောင်ထင်မှားတွေပါကွာ….”
” အူး…..ဝူး…..ဝူး…..”
ထိုစဥ် တောထဲမှတောခွေးအူသံတို့သည် နေရာအနံ့ထွက်ပေါ်လာခဲ့၏။ တောစပ်မှလည်း တောတိုးသံများထွက်ပေါ်လာခဲ့၏။ ထိုအချိန် သူ့အနား၌ဟိုအကောင်ဖိုးအောင်မရှိတော့ချေ။
” ဟ…ဒေါင်းစား ငါ့ကိုထားခဲ့တယ်ပေါ့….”
ဆိုကာတဲအိမ်စုဆီသို့ခပ်သွက်သွက်လျှောက်လာခဲ့၏။ ယခုမှရွာအသစ်တည်ခြင်းဖြစ်သဖြင့် ကိစ္စကြီးငယ်စွန့်ဖို့နေရာ မလုပ်ရသေးသဖြင့် တောထဲ၌သာဖြစ်သလိုဖြေးရှင်းကြရ၏။
နောက်တစ်နေ့တွင်ကားဖိုးအောင်သည် သရဲကြီးသူ့ဖင်နှိက်သွားသည်ပြောကာ အပြင်းဖျားတော့၏။ လူကြီးသူမတို့က တောစောင့်နတ်ဖမ်းစားသည်ဆိုကာ တောစောင့်နတ်အားပူဇော်ပသပြီး ပြန်လည်တောင်းပန်ကြ၏။ သူကြီးကလည်း
” မင်းတို့လူငယ်တွေကိုငါပြောထားမယ်…ဒီနေရာကနေရာအသစ်ဖြစ်တဲ့အတွက် ငါတို့တွေမသိနိူင်မမြင်နိူင်တဲ့အရာတွေရှိတယ်…အဲဒီတော့ ဘာဘဲလုပ်လုပ် ဆိုင်ရာကိုခွင့်ပန်ပြီးမှလုပ်ကြကြားသလား….ညရေးညတာကိစ္စတွေဆိုလည်း အတတ်နိူင်ဆုံးအစောပိုင်းမှာရှင်းထားကြ….တကယ်လို့ မဖြစ်မနေဆိုရင်လည်း အဖော်တွေနဲ့သွားကြ…မိန်းကလေးတွေလည်းအတူတူဘဲ….”
” ဟုတ်ကဲ့ပါသူကြီး…. ”
” အေးနောက်ပြီးတော့ ငါစဥ်းစားမိတာရှိိတယ် ….သက်ကြီးတွေနဲ့ကလေးငယ်တွေစိတ်ချလက်ချအိပ်လို့ရအောင် ငါတို့ယောကျာ်းသားတွေ တစ်ညကို နှစ်ယောက်နူန်းနဲ့ ညကင်းစောင့်ကြရမယ်….”
” သဘောတူတယ်သူကြီး… ကျုပ်လည်းဒီအကြောင်းပြောချင်နေတာ….”
” ကျုပ်တို့လည်းဒီအစီစဥ်ကိုသဘောတူတယ်သူကြီး….”
အားလုံးကဝိုင်းထောက်ခံကြလေရာ သူကြီးလည်း
” ဒါဆိုကာလသားခေါင်းမောင်ဝိုင်းက ကင်းအလှည့်ကျမဲ့သူတွေကိုဇယားဆွဲပြီး နှစ်ယောက်တစ်ဖွဲ့ဖွဲ့ ပေးလိုက်….ငါ့နာမည်လည်းထည့်ဟေ့….”
” သူကြီးကအေးဆေးအနားယူပါ…”
” ဟ…လက်အောက်ငယ်သားကိုကျခိုင်းပြီး ငါကျအေးအေးဆေးဆေးအနားယူလို့ဖြစ်မလားကွ…ခေါင်းဆောင်ဆိုတာ သူတစ်ပါးထက် ပိုပြီးအနာခံတတ်ရတယ်ကွ.. မရှည်နဲ့ငါ့နာမည်ကိုထည့်သာထည့်….”
” ဟုတ်…ဟုတ်ကဲ့သူကြီး….”
သူကြီးဦးလှဟန်၏စကားကြောင့် ကာလသားခေါင်းမောင်ဝိုင်းမှာ အသာငြိမ်နေလိုက်ရ၏။ ဆက်ပြီးသူကြီးကအမျိုးသမီးဘက်လှည့်ကာ
” ကဲအမျိုးသမီးတွေကတော့ ချောင်းမှာလိုအပ်တဲ့သောက်ရေသုံးရေအတွက် ခပ်ရမယ်…လိုအပ်တဲ့အဝတ်အထည်တွေယက်လုပ်ကြရမယ်….”
” ဟုတ်ကဲ့ပါသူကြီး… ”
သူကြီးကမိန့်ခွန်းခြွေပြီးသည်နှင့် အားလုံးလည်း ကျရာအလုပ်၌ကိုယ်စီလုပ်ကိုင်နေကြ၏။
လရောင်သည်ရွှန်းလဲ့လျှက် အေးမြသောသဏ္ဍာန်ဆောင်ကာ ကမ္ဘာမြေပေါ်သို့ သူ၏အလင်းတန်းများကိုဖြန့်ကျက်နေ၏။ တိတ်ဆိတ်နေသောည ည့်အမှောင်ထုကို ဖြိုခွင်းလိုက်သူကား ရွာနံဘေးမှချောင်းကလေးဖြစ်၏။ ချောင်းကလေးသည် ရေလမ်းကြောင်းအတိုင်းတသွင်သွင်စီးဆင်းနေ၏။ ရံဖန်ရံခါ တိရစ္ဆာန်တို့၏ အော်သံကိုကြားရတတ်၏။ ဤရွာပတ်ဝန်းကျင်၌ တခြားသောရွာများ ရှိပုံမရချေ။
ပထမဆုံးကင်းကျသူကား ကာလသားခေါင်းမောင်ဝိုင်းနဲ့ ဖိုးအောင်ဖြစ်၏။ ညသည်တဖြည်းဖြည်း တိတ်ဆိတ်လာ၏။ မနီးမဝေးမှ ဓားရှည်ကိုယ်စီကိုင်ကာ ကင်းသမားနှစ်ယောက်က ဟိုလျှောက်သည်လျှောက် လုပ်နေကြ၏။ ကာလသားမောင်ဝိုင်းသည် ငြိမ်းလျှက်စပြုနေသော မီးပုံကြီးကို ထင်းချောင်းရှည်ကြီးများထပ်ထဲ့လိုက်၏။ ထို့နောက်မီးစွဲနေသောထင်းစကိုယူလျှက် အိပ်ထောင်၌ဆောင်ထားသောဖက်ကြမ်းကိုယူကာမီးညှိလိုက်၏။
” ကိုဝိုင်း….”
” ဟေ..ဘာတုံးကွငအောင်ရ….”
” ကိုဝိုင်း သရဲတစ္ဆေကိုအယုံအကြည်ရှိသလား….”
” ရှိတယ်လို့လဲမဟုတ်ပါဘူး…မရှိဘူးလို့လဲမဟုတ်ဘူး….မင်းဘာလို့မေးတာလဲကွ….”
” ကိုဝိုင်းကိုပြောပြစရာရှိလို့ပေါ့….”
” ပြောစမ်းပါအုံး…”
” တနေ့က ကျုပ်အပြင်းဖျားတာ ကိုကြီးဝိုင်းသိတယ်မလား….”
” သိတာပေါ့ကွာ…မင်းဘာသာကိုယ့်အီးနံ့ကိုယ်မူးပြီး ဖျားတာလေ…ဟားဟားဟား…. ”
” ဟာ…မဟုတ်တာကိုကြီးရာ…ကျုပ်အဲညက ကျင်ကြီးစွန့်ရင်း သရဲက ကျုပ်ဖင်ကိုလာနှိက်သွားလို့ လန့်ဖျားဖျားသွားတာကွကိုကြီးရ….”
” ဟားဟားဟား… ပေါက်ကရကွာ…ဘယ်သရဲကဖင်နှိက်မှာလဲကွ…”
” တကယ်ပါဆိုကိုကြီးရ….ကျုပ်ဖြင့်အဲသရဲကြီးမျက်နှာကိုပြန်မြင်ယောင်မိနေတုန်းဘဲ…မျက်နှာတပြင်လုံးမီးလောင်ထားသလိုမျိုးကြီး…. ”
” ကျလိ….ကျလိ…ကျလိ….”
” ဝူး…ဝူး….ဝူး….”
နှစ်ယောက်သားစကားကောင်းနေကြစဥ် တောဖက်မှအိပ်တန်းတက်နေသော ငှက်တို့၏အသံအားလည်းကောင်း၊ တောခွေးအူသံတို့ကိုလည်းကောင်းကြားလိုက်ရသဖြင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။
” တောကောင်တွေဝင်လာတာထင်တယ် ငအောင်….သတိကြီးကြီးထားပေတော့….”
” ဟုတ်ကဲ့ကိုကြီးဝိုင်း….”
” ချွတ်…ချွတ်…ချွတ်….”
” ချောက်…..”
နှစ်ယောက်သား သတိအနေအထားဖြင့်ရှိနေကြစဥ် တောဘက်မှ သစ်ရွက်ခြောက်များအား နင်းကာလျှောက်လာသောအသံကိုကြားလိုက်ရ၏။
” ဒါတောကောင်တွေရဲ့အသံမဟုတ်ဘူးငအောင်….လူတွေရဲ့လမ်းလျှောက်သံဘဲ….”
မောင်ဝိုင်းကထိုသို့ပြောပြီး ဝါးတိုင်တွင်ထိုးထားသောကညင်ဆီမီးတုတ်ကိုယူကာ တောဘက်သို့ထိုးလိုက်၏။ ကညင်ဆီမီးတိုင်၏အလင်းရောင်ကား အဝေးသို့သိပ်မသွားဘဲ အနီးအနားတဝှိုက်တွင်သာလင်းထိန်နေ၏။ တောစပ်တွင်ကား နီရဲနေသောအရာလေးခုကိုတွေ့လိုက်ရ၏။
” ဘယ်သူလဲ….တောစပ်မှာရှိနေတာဘယ်သူလဲ…”
” ကိုကြီးဝိုင်း…ကိုကြီးဝိုင်း ညှော်နံ့မရဘူးလား….”
” အေး…မီးပုံထဲအကောင်တစ်ကောင်ကောင်များဝင်တိုးလို့လားမသိဘူးကွ…အသားစမီးလောင်တဲ့အနံ့ရနေတယ်….”
” ကိုကြီးဝိုင်း… အဲဒါအကောင်ကိုမီးလောင်တဲ့အနံ့မဟုတ်ဘူးဗျ….ဟိုတောစပ်မှာရှိနေတဲ့အကောင်တွေဆီကရတဲ့အနံ့…အဲဒါဟိုနေ့ညကကျုပ်ဖင်ကိုနှိက်တဲ့သရဲကြီးတွေကိုကြီးဝိုင်းရ… ”
ဖိုးအောင်ကပြောပြောဆိုဆို မောင်ဝိုင်းဆီကပ်လာခဲ့၏။
” အသာနေစမ်းပါကွာ….ငါသွားကြည့်ကြည့်လိုက်မယ်…”
” ဟာ…မသွားပါနဲ့ကိုကြီးရာ….အဲဒါလူမဟုတ်ဘူးသရဲကြီးတွေ….”
ထိုစဥ်အနီရောင်အလုံးလေးလုံးသည် သူတို့ဆီသို့တဖြည်းဖြည်းနီးကပ်လာခဲ့သလို ညှော်နံ့ကြီးသည်လည်း ပို၍ပြင်းထန်လာ၏။
” အော့….ဝေါ့….ထွီး…နံတာကွာ….”
” ကိုကြီးဝိုင်း…. ရှေ့…ရှေ့မှာလက်ပြတ်ကြီး….”
ငအောင်လက်ညိုးထိုးပြရာဘက်သို့ကြည့်လိုက်ရာ လက်ပြတ်ကြီးသည် သူတို့ရှိရာသို့ လမ်းလျှောက်သလိုလျှောက်လာသည်ကိုတွေ့လိုက်ရ၏။
” ဟာ….သရဲ…သရဲကြီး….ပြေး…ပြေး..”
မောင်ဝိုင်းအော်လို့တောင်မဆုံးသေး။ ဖိုးအောင်ကကင်းတဲထဲသို့ပင်ရောက်ရှိသွားချေပြီ။ ကင်းတဲထက်၌နှစ်ယောက်သားချွေးဇောတွေပျံနေ၏။
” လက်ပြတ်ကြီးဟ….ဟိုအနီလုံးတွေလည်းတောစပ်မှာရှိနေကြတုန်းဘဲ… သရဲတကယ်ရှိတယ်ဟ…”
” အူဝူး…… ဝူး….ဝူး…..”
” ဂီး…..ဂစ်…ဂစ်…ဂစ်….”
” တောက်! ဒီတောခွေးတွေလဲ အူလိုက်တာကွာ….”
” ကိုကြီးဝိုင်း… ကျွန်တော်တို့ တဲအိမ်ဆီပြန်ရအောင်လေ….ကျွန်တော်ဆက်မစောင့်ရဲတော့ဘူးဟ….”
” အသာနေစမ်းပါကွာ…ကြောက်မနေပါနဲ့ ငါတို့ကိုခြောက်လှန့်ရုံလွဲပြီး သူတို့ဘာမှမလုပ်နိူင်ပါဘူး….”
” ကိုကြီးဝိုင်း… ကိုကြီးဝိုင်း…. အ….အနောက်….”
” ဘာလဲဟငအောင်ရ…ညှော်တာကွာ…”
” ကိုကြီးဝိုင်း အနောက်မှာ သ….သရဲကြီး….. ”
မောင်ဝိုင်းလည်းမိမိအနောက်ဘက်သို့လှည့်ကြည့်လိုက်ရာ အသားများအလွှာလွှာကွာကျနေသော အရာအားတွေ့လိုက်ရတော့၏။
” အမလေး….သ…သရဲကြီး…. သရဲကြီး….. ”
ထိုမျှသာအော်နိူင်ပြီး လောကကြီးနှင့်အဆက်သွယ်ပြတ်သွားတော့၏။
ဆူညံသံတို့ကသူ့နားထဲသို့ဝင်လာခဲ့၏။
” သတိရလာပြီထင်တယ်…သတိရလာပြီ…”
” ခပ်ဝေးဝေးနေကြ…နင်တို့ကိုမြင်ပြီး ပြန်လှန့်သွားမယ်…”
ထိုအသံတို့ကြောင့် မောင်ဝိုင်းတစ်ယောက် အားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
” သရဲ…သရဲ…..သရဲတွေ….”
” မောင်ဝိုင်း….သတိထားစမ်းဟေ့….မင်းဘာဖြစ်ခဲ့တာလဲပြောပြစမ်း….”
မောင်ဝိုင်းကမျက်လုံးဖွင့်ဖွင့်ချင်း သရဲ ဟုအော်ကာ ထွက်ပြေးရန်လုပ်သဖြင့် သူကြီးတို့ကဝိုင်းဆွဲထားကြ၏။
” ဖြန်း…ဖြန်း….”
ထို့နောက်သူကြီးက အားပါပါဖြင့် မောင်ဝိုင်းအား နားရင်းနှစ်ချက်အုပ်ထဲ့လိုက်၏။
” ဟာ…သ…သူကြီး….”
” အေး…ငါဘဲကွ….မင်းတို့ဘာဖြစ်ခဲ့သလဲအကုန်ပြန်ပြောပြစမ်း….”
” ကျုပ်…ကျုပ်တို့ တကိုယ်လုံးမီးလောင်ထားတဲ့သရဲကြီးကိုတွေ့လိုက်တာ သူကြီး…. ”
” ဒါအမှန်ဘဲလားဖိုးအောင်…”
” ဟုတ်…ဟုတ်ပါတယ် သူကြီး…တနေ့ညကကျုပ်ကျင်ကြီးစွန့်တုန်း ကျုပ်ဖင်ကိုနှိက်တဲ့သရဲကြီးပါ…”
” အွန်း…ဒီလိုဆိုရင်သတိထားကြပေတော့…. ငါဒီနေရာကိုစရောက်စဥ်ကသတိထားမိတာတစ်ခုရှိတယ်…ဒီနေရာမှာငါတို့ရောက်မလာခင် ငါတို့ထက်အရင်နေသွားခဲ့တဲ့လူတွေရှိလိမ့်မယ်….ဘာလို့အတပ်ပြောနိူင်လဲဆိုတော့ ငါတို့အိမ်ဆောက်ဖို့ မြေရှင်းတုန်းက မြေထဲမှာအိမ်တိုင်အဟောင်းတွေ တွေ့ခဲ့တယ်…. ”
” ဖြစ်နိူင်တယ်သူကြီး….ကျုပ်တို့ရေသွားခပ်တော်ချောင်းစပ်မှာ လူတွေအသုံးပြုခဲ့တဲ့အဝတ်လျှော်ကျောက်ပြားတွေတွေ့ခဲ့တယ်ရှင့်…”
စပ်စပ်စုစုရှိသည့်မိလုံးကဝင်ပြော၏။
” ဒါဆိုဘယ်လိုလုပ်ကြမလဲသူကြီး…”
” မြင်အပ်မမြင်အပ်တာတွေကိုတောင်းပန်ပြီးတော့ နေခွင့်ပြုဖို့ ခွင့်တောင်းကြည့်ရမှာဘဲကွ..”
” အေး…ဒါကောင်းတယ်မောင်လှဟန်…”
အသက်အကြီးဆုံးဖြစ်သည့်ဦးသာဝက ဝင်ထောက်ခံ၏။ နောက်နေ့၌သူကြီးက ဦးဆောင်၍ ထမင်းရှစ်ပြည်ချက်နှင့် ဝက်သားချက်ကို ရွာပြင်ရှိမြေလွှတ်နေရာ၌ ငှက်ပျောဖက်ခင်းပြီး တောင်းပန်ပွဲလုပ်လိုက်၏။
ဖက်ရွက်ပေါ်ရှိ ထမင်းနှင့်ဟင်းတို့သည် အငွေ့ထောင်းထောင်းထ၍ စားချင်စဖွယ်ဖြစ်နေ၏။ ဝက်သားသည်ကား တောဝက်သားဖြစ်၏။ ဦးသာဝသည် ထိုဖက်ရွက်ထမင်းပေါ်သို့ အမွှေးနံ့သာတိုင်ထွန်းလိုက်၏။
” မောင်လှဟန်…မင်းကဦးဆောင်သူဆိုတော့ မင်းရှေ့ထွက်ပြီး သူတို့ကိုတောင်းပန်စရာရှိတာတောင်းပန်ပြီး
နေခွင့်ပါတောင်းလိုက်ကွ….”
” ဟုတ်ကဲ့ဦးသာဝ…”
သူကြီးလည်းအရှေ့သို့ထွက်လာပြီး တောဖက်ကိုမျက်နှာမူကာ
” ဒီမြေဒီအရပ်၌ ကျုပ်တို့မတိုင်ခင် အရင်နေခဲ့တဲ့မိတ်ဆွေကြီးတို့ခင်ဗျာ…မိတ်ဆွေကြီးတို့ကို ကျုပ်ကဒီအစားအသောက်တွေ နဲ့ပူဇော်ပသပါတယ်…လာရောက်စားသောက်ကြပါ….ပြီးရင်ကျုပ်တို့ကိုဒီအရပ်မှာ နေခွင့်ပြုပေးကြပါ….ကျုပ်တို့ကိုလည်းစောင့်ရှောက်ပေးကြပါ…ကျုပ်တို့ဘက်မှအမှားလုပ်မိတာရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ….”
သူကြီးက ထိုသို့ပြောလိုက်သည်နှင့် နံဘေးရှိသစ်ပင်ကြီးငယ်တို့သည် လေမတိုက်ပါဘဲ ယိမ်းထိုးလှုပ်ရှားလာကြ ကုန်၏။
” ကဲမောင်လှဟန်ရေ…ကျုပ်တို့ပြန်ကြစို့ရဲ့….”
ဦးသာဝကထိုသို့ပြောသဖြင့် သူကြီးတို့လူစုလည်းအနောက်သို့လှည့်မကြည့်ဘဲ ရွာဘက်သို့ခပ်သုတ်သုတ်ပြန်လှည့်ခဲ့ကြ၏။ ကိုယ်စီ၏နှာဝ၌ကား အသားစမီးလောင်သည့်ညှော်နံ့တို့က မွှန်နေ၏။
စားသောက်ပွဲပေးပြီးသည့်နောက်၌ ခြောက်လှန့်ခြင်းမရှိတော့ဘဲ အရာရာငြိမ်သက်သွား၏။ သူကြီးနှင့်ရွာသူရွာသားတို့လည်းစိတ်လက်ဖြောင့်ကာ နေနိူင်သွားကြ၏။ စိုက်ပျိုးမြေအတွက် ရွာနီးနားရှိ မြေကွက်တို့အားတောရှင်းလိုက်ကြ၏။ သူကြီးကဦးဆောင်ပြီး ရွာစည်းရိုးကိုလည်းခတ်ထားလိုက်ကြပြီး ရွာသစ်ရွာ ဟူ၍ရွာနာမည်ပေးလိုက်ကြ၏။
တစ်ခုသောည၌ မိုးပွင့်သည် အိမ်အောက်၌ အထည်ယက်လုပ်နေ၏။ ထိုစဥ် သူကြီးသားပြုံးမောင်သည် လူပျိုလှည့်ရန် မိုးပွင့်၏အိမ်သို့ရောက်ရှိလာခဲ့၏။
” ဟိတ်…မအိပ်သေးဘူးလားမိုးပွင့်.. ”
” လန့်တာဟယ်….မအိပ်သေးလို့ဘဲရှင်တွေ့နေရတာမဟုတ်လားပြုံးမောင်ရဲ့….”
မိန်းကလေးကမျက်စောင်းထိုးရင်း ပြန်ဖြေ၏။
” စတာပါကွာ….ဒါနဲ့ဒီအချိန်ကြီး တစ်ယောက်ထဲအထည်ယက်နေတာ သရဲမကြောက်ဘူးလားဟ…”
” မကြောက်ပါဘူးတော်….သရဲကမရှိတော့ပါဘူး….”
” ဟိုဖင်နှိက်သရဲကိုမကြောက်ဘူးလား….တော်ကြာဖင်လာနှိက်သွားရင်ဘယ်နှယ့်လုပ်မလဲ….”
” ပေါက်ကရပါတော်….ကဲရှင် ကျုပ်ဆီလာတာသရဲအကြောင်းပြောဖို့လား….”
” မဟုတ်ပါဘူးဟာ မင်းကိုလွမ်းလို့ လာတွေ့တာပါ….ဘယ်နှယ့်လဲငါအဖြေတောင်းထားတဲ့ကိစ္စ… ”
” ဘာအဖြေလဲ…ကျုပ်မသိပါဘူးတော်…”
” မင်းသိရဲ့သားနဲ့ဟာ…. အရင်တောင်ခြေရွာမှာကတည်းက မင်းကိုငါချစ်ခွင့်ပန်ထားတာလေ….”
” ကျုပ်မေ့သွားပြီတော့….”
” မေ့လို့ဘယ်ရပါ့မလဲ… ကဲ…ကျုပ်ကိုအဖြေပေးပါတော့…ကျုပ်သိချင်လှပြီဗျ….”
” မသိဘူး… မပေးတတ်ပါဘူးတော်.. ”
ကောင်မလေးကရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုငုံ့ကာပြန်ပြော၏။
” ဟာ…ကျုပ်ကိုချစ်ရင်ချစ်တယ်…မချစ်ရင်မချစ်ဘူး ဖြေပေါ့ဟာ…ဘာကိုမဖြေတတ်စရာရှိလို့လဲ….”
” ရှင်ပထမဆုံးပြောတဲ့ဟာ…”
” ဟမျ…ဘာကိုလဲဟ…”
” အို…မသိဘူးဟယ်…ဖယ်ကျုပ်သွားအိပ်တော့မယ်…”
ကောင်မလေးက အိမ်ပေါ်တက်မည်အပြု ပြုံးမောင်က လက်ကိုဖမ်းဆွဲထားလိုက်၏။
” မတက်ရပါဘူးနော်…ကျုပ်ကိုအဖြေပေးပြီးမှတက်ခွင့်ပြုမှာ…”
” ဟာ…အမေတို့မြင်သွားမယ်…ကျုပ်လက်ကိုလွှတ်ပါတော့….”
” အဲဆိုဖြေကျုပ်ကိုချစ်လား…မချစ်ဘူးလား….”
” ချစ်…ချစ်တယ်ဟ….”
” ဟာ…တ…တကယ်ပြောတာလားမိုးပွင့်….”
” တကယ်ပေါ့ဟာ…ကျုပ်လက်ကိုလွှတ်တော့လေ….”
” ဪအေး…မေ့သွားလို့..ဟဲဟဲ….”
ထိုအချိန်မှစပြီး ပြုံးမောင်နှင့် မိုးပွင့်တို့ကိုအမြဲအတူတူတွေ့ရတတ်၏။ မိဘများကလည်း နားလည်သဘောတူကြသဖြင့် သူတို့နှစ်ယောက်၏အချစ်လမ်းခရီးသည် သာယာဖြောင့်ဖြူးနေ၏။
ဤသို့ဖြင့် သူကြီးသည် တစ်လတစ်ခါ ရွာပြင်မြေကွက်လပ်သို့သွား၍ အစားအသောက်ကျွေးမွေးရ၏။ သားကောင်ကိုမရ ရအောင်ရှာပြီး ချက်ပြုတ်ရ၏။ ရွာလေးသည်လည်း ယခင်ကထက်ပို၍ သာယာလာ၏။ ထို့အတူ ပြုံးမောင်တို့၏အချစ်ရေးသည်လည်း ပို၍သာယာဖြောင့်ဖြူးလာ၏။
တစ်ခုသောညနေခင်း၌ မိုးပွင့်သည် ချောင်းစပ်၌တစ်ယောက်ထဲရေချိုးနေ၏။ တစ်ယောက်ထဲရှိသဖြင့် စိတ်လွှတ်ကိုယ်လွှတ်ရေချိုးနေမိ၏။ ထိုစဥ်တောစပ်မှ အရိပ်မဲတစ်ခုသည် ချောင်းစပ်သို့ရောက်ရှိလာခဲ့၏။
” ဟင်…ကိုပြုံးမောင်….”
မိုးပွင့်ရေချိုးနေစဥ် ချောင်းစပ်သို့ကြည့်လိုက်ရာ ပြုံးမောင်သည်အပြုံးအရယ်မရှိဘဲ သူမရှိရာရေထဲသို့ဆင်းလာသည်ကိုတွေ့လိုက်ရ၏။
” ကိုပြုံးမောင် ….ရှင်…ရှင်ဘာလာလုပ်တာလဲ….”
ထိုသို့တိုင်ပြုံးမောင်ကဘာမှမပြောဘဲ သူမအားစိုက်ကြည့်ပြီး သူမနားသို့တရွေ့ရွေ့တိုးကပ်လာ၏။ ပြုံးမောင်၏အကြည့်စူးစူးအောက်၌သူမသည် စိတ်ညို့ခံရသူပမာ ဖြစ်သွားပြီးပြုံးမောင်၏အနားသို့တိုးကပ်သွား၏။ နောက်ဆုံးသူမသတိပြန်လည်လာချိန်၌ သူမသည် ချောင်းနံဘေးသစ်ပင်အောက်၌ အဝတ်ဗလာဖြင့်ရောက်ရှိနေသည်ကိုသာသိလိုက်ရ၏။ အနားတွင်ချစ်ရသူပြုံးမောင်အားမတွေ့ရတော့သဖြင့် နုတ်ခမ်းကိုတင်းတင်းကိုက်ထားမိတော့၏။
” တောက်! လူယုတ်မာကောင်….ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး ငါ့ကိုအပျော်ကြံသွားတယ်…”
ထိုသို့တွေးပြီး ရှိုက်ကြီးတငင်ငိုကြွေးနေ၏။ နောက်မှအိမ်ပြန်ဖို့သတိရသွားပြီး အဝတ်အစားဝတ်ကာ နေအိမ်သို့ပြန်လာခဲ့၏။
” အူဝူး…..ဝူး…..”
” ဝူး…..ဝုတ်…ဝုတ်….”
မှောင်မိုက်သောလကွယ်ညတစ်ည၌ ခွေးအူသံတို့သည် ရွာပြင်တောစပ်၌အဆက်မပြတ်ထွက်ပေါ်လာခဲ့၏။ ခွေးအူသံမကြားရသည်မှာ ကြာပြီဖြစ်သဖြင့် ရွာသူရွာသားများအထိတ်တလန့်ဖြစ်နေကြ၏။ ကလေးငယ်တို့မှာစူးစူးဝါးဝါးအော်ဟစ်ငိုကြွေးကြ ကုန်၏။ ထိုညကား သူကြီးကိုယ်တိုင် ကင်းစောင့်တာဝန်ကျသည့်ညဖြစ်၏။ သူကြီးနှင့်အတူကင်းစောင့်တာဝန်ကျသူကား ဦးသာဝ၏တူသား ဗန်ဆိုင်းဖြစ်၏။
” သူကြီး… ဒီညကထူးထူးဆန်းဆန်းခွေးတွေအတော်အူတာဘဲနော်သူကြီး….”
” အေးကွ…တောခွေးအူသံတွေမကြားရတာကြာပြီ….ဒီကနေ့ညကျမှထူးထူးဆန်းဆန်း ပြန်ကြားနေရတာ သိပ်တော့မဟန်ဘူး….ဘယ်လိုဖြစ်ဖြစ်ဒီညတော့ခါတိုင်းထက်ပိုပြီး သတိထားရမယ်ကွ….”
” ဟုတ်တယ် သူကြီး….”
” အူဝူး….. ဝူး….ဝူး….”
” ဝေါင်း…….ဝေါင်း…..”
” ကျလိ… ကျလိ….ကျစ်….ကျစ်….”
” ဝုန်း….ဝုန်း…. ဝုန်း….”
ထိုအခိုက်တောဘက်မှ တိရိစ္ဆာန်ကြီးငယ်တို့၏အော်သံနှင့်အတူ တောပြိုသံတို့ပါကြားရလာ၏။ ထိုအသံတို့သည် ရွာအနီးသို့တဖြည်းဖြည်းနီးကပ်လာခဲ့၏။
” သူကြီး…. ဟို….ဟိုမှာ…..”
ဗန်ဆိုင်းညွှန်ပြသည့်နေရာသို့ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် တောစပ်သို့တရွေ့ရွေ့သွားနေသည်ကိုတွေ့လိုက်ရသည်။
” ဒီကောင်မလေး …..ဒေါ်ရင်မြရဲ့သမီးမလား…သူကဘာလို့ညကြီးအချိန်မတော် အပြင်ထွက်လာရတာလဲ….”
” မသိဘူးသူကြီး….ကျုပ်သွားခေါ်လိုက်မယ်….”
” မခေါ်နဲ့ဗန်ဆိုင်း….သူဘယ်သွားမလဲလိုက်ကြည့်ကြမယ်….”
သူကြီးနဲ့ဗန်ဆိုင်းလည်း ထိုကောင်မလေးနောက်သို့ မနီးမဝေးမှလိုက်သွား၏။
မိန်းကလေးသည်တောဖက်သို့သာမျက်နှာမူကာ ဆက်၍သွားနေသည်။ စိတ်ညို့ခံထားရသကဲ့သို့ဖြစ်နေပြီး အန္တာရယ်တစ်စုံတစ်ရာကျရောက်မည်ကိုလည်း ကြောက်လန့်မည့်ပုံမရှိချေ။
” ကောင်မလေးကြည့်ရတာ သိပ်ပြီးမူမမှန်သလိုဘဲဗန်ဆိုင်း….”
” ဟုတ်တယ် သူကြီး…စိတ်ညို့ခံထားရသလိုဘဲ… ဟောဟော…တဖြေးဖြေးနဲ့တောထဲဝင်သွားပြီ…ဒီတိုင်းဆိုတောကောင်ကြီးတွေရဲ့အစာဖြစ်တော့မှာဘဲ ….ကျုပ်သွားတားလိုက်မယ်သူကြီး…”
” အေး…သတိတော့ထားဟေ့….”
သူကြီးဆီကခွင့်ပြုချက်ရသည်နှင့် ဗန်ဆိုင်းက မိန်းကလေးအနားသို့ နီးသထက်နီးအောင် တိုးကပ်သွားလိုက်၏။
” မိုးပွင့်…ညီမလေး ဘယ်သွားမလို့လဲ…. ”
ဗန်ဆိုင်းက ကောင်မလေးအနောက်သို့ရောက်သည်နှင့် ကောင်မလေး၏ပုခုံးအား အသာထိကာမေးလိုက်၏။ ထိုစဥ် တောစပ်မှအနီရောင်အလုံးတို့သည်ဖြတ်ခနဲပျောက်ကွယ်သွား၏။ ကောင်မလေးသည် ဗန်ဆိုင်း၏အသံကိုကြားသည်နှင့် အနောက်သို့ဆတ်ခနဲလှည့်ကြည့်လာပြီး
” မင်း…မင်းတို့ငါ့အလုပ်ကိုဝင်နှောက်ယှက်ကြတယ်…မင်းတို့ကိုငါသတ်မယ်….”
” ဘုန်း…..”
” အင့်….”
ကောင်မလေးသည်ယောကျာ်းကြီးအသံဖြင့်ထိုသို့ပြောပြီး ကြောင်အမ်းအမ်းဖြစ်နေသောဗန်ဆိုင်းအား တွန်းပစ်လိုက်ရာ ဗန်ဆိုင်းမှာ ဆယ်ပေအကွာသို့လွှင့်ထွက်သွား၏။ ထိုအဖြစ်ကြောင့်သူကြီးလည်း လက်မှကိုင်ထားသည့် မီးအိမ်ကိုပစ်ချကာ ဗန်ဆိုင်းအနီးသို့ပြေးလာခဲ့၏။
” ဟာ…ဗန်ဆိုင်း….”
အနားသို့ရောက်သည်နှင့် ဗန်ဆိုင်းကိုပွေ့ထူလိုက်ပြီး
” ရရဲ့လားဗန်ဆိုင်း…..”
” သူ….သူကြီး… သူကသာမန်မဟုတ်ဘူး…သူ့ကိုအမှောင့်ပရောဂဝင်စီးနေတယ်….”
” ဟားဟားဟား… ဟားဟားဟား…. ခုမင်းတို့သိသွားပြီပေါ့ဟုတ်လား….သိသွားတော့လည်းပိုကောင်းတယ်…မင်းတို့ငါ့ရွာကိုလာနေတာငါမကြိုက်ဘူး….”
သူကြီးနှင့်ဗန်ဆိုင်းတို့ စကားပြောနေစဥ် ဘယ်ချိန်မှရောက်လာမှန်းမသိသော မိုးပွင့်သည် ခါးထောက်ကာတဟားဟားရယ်မောနေပြီး မျက်ထောင့်နီကြီးဖြင့် အထက်ပါအတိုင်းပြောလေ၏။ ထို့နောက် ကောင်မလေးသည် တောဘက်သို့လှည့်ကြည့်ပြီး
” တက်ကြ….ဒီမှာရှိတဲ့လူသားတွေအကုန်လုံးကိုသတ်ကြဟေ့….ဟားဟားဟား…. ”
ဆိုပြီးအော်လိုက်ရာ တောဘက်မှ ပုပုကွကွ သဏ္ဍာန်ရှိသောမဲမဲအကောင်တို့သည် ရွာထဲသို့အလုအယက်ဝင်လာကြ၏။ ရွာထဲရှိကလေးများကားကြောက်လန့်တကြားအော်ငိုကာ မိခင်ရင်ခွင်ထဲသို့တိုးဝင်သွားကြ ကုန်၏။ ထိုအခြင်းအရာကြောင့်သူကြီးလည်း လက်ထဲရှိသေနတ်ကို
ကိုင်မြှောက်လိုက်ပြီး ကောင်မလေးအား ပစ်ထဲ့လိုက်၏။
” ဒုန်း…ဒုန်း…”
” အား….ဝူး…..ဝါး….”
ကောင်မလေးသည် အသံနက်ကြီးပြုပြီး ထဘီခါးတောင်းကျိုက်ကာ
” ငါ့ကိုနာကျင်အောင်လုပ်ရဲတယ်ပေါ့”
ဟုပြောကာ သူကြီး၏လည်ကုတ်ကိုဆွဲပြီး ဇက်ပိုးကိုဖျောင်းခနဲမြည်အောင်ရိုက်ချလိုက်၏။ အားပါသောရိုက်ချက်ကြောင့် သူကြီးမှာ အီစလံဝေသွားတော့၏။ ထိုအချိန်ရွာထဲမှ ကလေးငယ်တို့၏ကြောက်လန့်တကြားအော်ဟစ်သံ၊ အမျိုးသမီးတို့၏ ကြောက်လန့်တကြားအော်ဟစ်သံတို့
ဆူညံသံတို့ထွက်ပေါ်လာခဲ့၏။ ထိုအသံကြောင့် သူကြီးသည် အားယူကာပြန်ထလာပြီး ရွာထဲသို့ပြေးဝင်သွား၏။ ထိုအချိန်ဘကြီးသာဝ နှင့် ရွာသူရွာသားတို့သည် အိမ်ရှေ့ကွက်လပ်၌ စုရုံးရောက်ရှိနေကြကုန်၏။ ယောကျာ်းသားတို့ကား ပုပုကွကွအကောင်များနှင့် နပန်းလုံးကြ ကုန်၏။ သူကြီး နှင့်ဗန်ဆိုင်းလည်း ကွတတဖြင့်ရောက်လာပြီး
” ဘယ်လိုလုပ်ကြမလဲဘကြီးသာဝ….အခြေနေကကျုပ်ထင်ထားတာထက်ပိုဆိုးလာပြီ…”
” အေးမောင်လှဟန်ရေ….ခုလောလောဆယ်တော့ပရိတ်ရေနဲ့ဟန့်တားထားတယ်….ဒါပေမဲ့ အချိန်အကြာကြီးတော့မရနိူင်ဘူးထင်တယ်ကွ…”
ထိုစဥ်ဒေါ်ရင်မြသည် သူကြီးအရှေ့သို့တိုးလာပြီး
” သူကြီးရေ ကျုပ်သမီးလေးမိုးပွင့်ဘယ်ရောက်နေလဲမသိဘူး…ရှာပေးပါအုံးတော်….ကျုပ်သမီးလေးဘယ်ရောက်နေပြီလဲမသိဘူး….”
ထိုစဥ် အိမ်အနောက်မှမိုးပွင့်သည် ဆံပင်ဖားလျားချ၍ လူအုပ်ဆီသို့ရောက်လာ၏။
” အမေ…သမီးကိုကယ်ပါအုံး…သမီးကြောက်တယ်….သမီးကြောက်တယ်….”
” ဟာ…သမီးလေး….”
” မသွားနဲ့ဒေါ်ရင်မြ…အဲဒါနင့်သမီးမဟုတ်ဘူး….”
ဘကြီးသာဝကလှမ်းတားရင်း လက်ထဲကျန်ရှိနေသည့် ပရိတ်ရေကိုလက်ထဲထည့်ကာ ကောင်မလေးအားပက်ဖျန်းလိုက်၏။
” အား…..”
ပရိတ်ရေထိသည်နှင့် ကောင်မလေးမှာအားခနဲတချက်အော်ပြီး မြေပေါ်၌ဗိုင်းခနဲလဲကျသွား၏။ ထိုစဥ် သရဲများနှင့်နပန်းလုံးနေသော ယောကျာ်းသားတို့သည်ဟောဟဲရှိုက်ပြီး ရောက်လာကြ၏။ ပြုံးမောင်က လဲကျနေသော ချစ်သူအားမြင်လိုက်သည်နှင့်
” မိုး…မိုး….”
ဟုအော်ခေါ်ကာလှုပ်နိူးနေ၏။ အချိန်သည်ကား မိစ္ဆာတို့အားနည်းသည့်လင်းအားကြီးပိုင်းချိန်ရောက်နေပြီဖြစ်သဖြင့် ပုပုကွကွ အကောင်များလည်းတောထဲသို့ဝင်ရောက်ပျောက်ကွယ်သွား၏။
သည်လိုဖြင့်မနက်လင်းပိုင်းအချိန်ရောက်သော်အခြေနေတို့သည် ပြန်လည်ငြိမ်သက်သွား၏။ ထိုအခါဘကြီးသာဝက
” ဒီတိုင်းဆိုကျုပ်တို့ရွာပျက်မဲ့ကိန်းရှိတယ်မောင်လှဟန်…”
” ကျုပ်ဘယ်လိုလုပ်ရမလဲဘကြီးသာဝ….”
” အင်း…ငါ့အတွေ့အကြုံအရဆိုရင် အနီးအနားရွာကဘုန်းကြီးဖြစ်ဖြစ်၊အထက်လမ်းဆရာတွေဖြစ်ဖြစ် ပင့်ပြီး လူ့စည်းဘီလူးစည်းဖြစ်အောင်ခွဲထားသင့်တယ်မောင်လှဟန်…”
” ဒါဆိုအနီးအနားရွာကိုသွားပြီးအကူညီတောင်းရမှာပေါ့ဘကြီးသာဝ…ဒါပေမဲ့ ဒီအနီးနားတဝှိုက်မှာရွာကရှိပါ့မလားမသိဘူး….ရွာတွေတွေ့တဲ့အထိရှာနေရင်း အချိန်ကဘယ်လောက်ကြာမယ်မသိသေးဘူး…ကျန်ခဲ့တဲ့ရွာကလူတွေကိုဘယ်လိုလုပ်ရမလဲဗျ….”
” ဒါတော့စိတ်ချအဖေ…သားရွာကလူတွေကိုမှဲ့တပေါက်မစွန်းအောင်ကာကွယ်စောင့်ရှောက်မယ်…အဖေသာဆရာတွေသံဃာတွေပါအောင်ပင့်ခဲ့ပါ….”
” ဟုတ်တယ် သူကြီး… ကျုပ်တို့ရွာအတွက်ကျုပ်တို့အသက်နဲ့ရင်းပြီးကာကွယ်မယ်…”
ကာလသားခေါင်းမောင်ဝိုင်းကပါဝင်ပြောသဖြင့် သူကြီးကဘကြီးသာဝဘက်သို့လှည့်လိုက်၏။ ဘကြီးသာဝလည်း
” ရွာကိစ္စငါ့တာဝန်ထားမောင်လှဟန်…ငါ့နည်းငါ့ဟန်နဲ့ကာကွယ်ထားလိုက်မယ်…”
” ဒါဆိုကျုပ်ဆရာတွေပင့်ပြီးအမြန်ပြန်လာခဲ့မယ် ဘကြီးသာဝ…ပြုံးမောင်…ငါ့သားမင်းရွာသူရွာသားတွေကိုအသက်နဲ့ရင်းပြီးကာကွယ်ထားကြားလား….”
” ဟုတ်အဖေ…စိတ်ချပါ…”
သူကြီးကထိုသို့ပြောပြီး အဖော်အဖြစ်ဗန်ဆိုင်းကိုခေါ်ကာ ဆရာရှာပုံတော်ဖွင့်ကြ၏။
မောင်ရေခဲတို့ဆရာတပည့်လည်း လမ်းခရီးပန်းလာကြသဖြင့် တွေ့ရာဆိုင်တစ်ဆိုင်၌ဝင်နားကြ၏။
ထိုဆိုင်မှ ညနေစာအတွက်ကောက်ညှင်းပေါင်းနှင့် မြေပဲကြော်ကိုဝယ်ယူပြီး ထပ်မံခရီးဆက်လာကြပြန်၏။ တစ်ခုသောနေရာအရောက်တွင် လူနှစ်ယောက်သည် သောက်ရေအိုးအဖုံးအားလှန်လှောကာ ရေကိုအငမ်းမရသောက်နေကြ၏။ ထိုလူတို့ကိုကြည့်ရသည်မှာခရီးဝေးတစ်ခုကိုနှင်လာရသည့်ဟန်ရှိပြီး ရေငတ်နေဟန်ရှိ၏။ မောင်ရေခဲ လည်းထိုလူတို့ကိုကြည့်ပြီး ဂရုဏာသက်သွားမိ၏။
ထိုလူနှစ်ယောက်သည် ရေကိုအဝသောက်ပြီးသည်နှင့် ရေအိုးစင်အောက်ရှိမြေပေါ်တွင်ထိုင်ချလိုက်ပြီး
” ရွာတော့ရောက်လာပြီထင်တယ်သူကြီးရေ….ရေအိုးစင်တောင်တွေ့ပြီဆိုတော့ဒီအနီးနားမှာရွာရှိမဲ့ပုံဘဲ…”
” အေးကွာ…ကျုပ်တို့ထွက်လာတာ နှစ်ရက်ရှိပြီ လမ်းမှာတွေ့တဲ့သစ်ဥသစ်ဖုတွေနဲ့အသက်ဆက်လာရတာဆိုတော့ အားအင်မရှိတော့သလိုဘဲကွာ…”
” ရှေ့မှာလူနှစ်ယောက်လာနေတယ်သူကြီး… ကျုပ်တို့အဲလူနှစ်ယောက်ကို မေးကြည့်ရင်ကောင်းမလား….”
” ကောင်းတာပေါ့ကွာ…”
ခရီးသွားနှစ်ယောက်လည်း သူတို့ရှိရာရေအိုးစင်သို့လာပြီး ရေသောက်ကာအမောဖြေနေခိုက် ဗန်ဆိုင်းက
” ဒီကမိတ်ဆွေတွေက ဒီနီးနားရွာကလားဗျ…”
” မဟုတ်ဘူးဗျ…ကျုပ်တို့ကခရီးသွားတွေပါ …ဒါနဲ့မိတ်ဆွေတို့ကရော… ”
” ကျုပ်တို့လည်းခရီးသွားတွေပါဗျာ…ကျုပ်တို့ဗိုက်ဆာလာလို့ ဒီနီးနားရွာမှာ စားစရာတစ်ခုခုရမလားလို့ပါ…”
” ဪမိတ်ဆွေတို့လည်းခရီးသွားတွေဘဲလား…. မိတ်ဆွေတို့ဗိုက်ဆာရင် ကျုပ်တို့ဆီကပါလာတဲ့ကောက်ညှင်းပေါင်းလေးကိုအဆာပြေစားထားလိုက်ဗျာ…မိတ်ဆွေတို့ရွာမတွေ့ခင် အဆာခံတာပေါ့ဗျ…”
” အားနာစရာကြီးဗျာ…ခရီးသွားအချင်းချင်းကို….”
” အားနာစရာမလိုပါဘူးဗျာ…ကျုပ်တို့လည်းကုသိုလ်ရတာပေါ့ဗျ ..”
နောက်ဆုံး၌သူကြီးတို့လည်းဟန်မဆောင်နိူင်တော့ဘဲ လူငယ်နှစ်ယောက်ကမ်းပေးသော ကောက်ညှင်းထုပ်ကိုယူကာ အားပါးတရစားလိုက်ကြ၏။ ဤသို့ဖြင့် ထိုထိုဤဤ ပြောရင်း ဆရာရှာထွက်လာသည့်အကြောင်းနှင့် ရွာရှိအဖြစ်ပျက်များကိုပါ ပြောပြလိုက်တော့၏။ ထိုအခါ လူငယ်နှစ်ယောက်က
” ဒါဆိုရင် မိတ်ဆွေတို့ရွာမှာဖြစ်ပျက်နေတာက ကျတ်တစ္ဆေရွာမှာ ရွာတည်မိတာဖြစ်လိမ့်မယ်ဗျ….အကြောင်းရင်းမှန်ကိုတော့ ကိုယ်တိုင်ကြုံတွေ့မှသိနိူင်လိမ့်မယ်ဗျ…”
” ဒါဆိုရင် မိတ်ဆွေတို့ကူညီပေးနိူင်မလား…မိတ်ဆွေတို့ကဒီကိစ္စကို နိူင်နင်းနိူင်တယ်မလား….မိတ်ဆွေတို့ကျုပ်ရွာကိုလိုက်ခဲ့ပေးပါလား…”
” ကျုပ်တို့လည်းအဲဘက်ကိုလမ်းခရီးသင့်နေတော့ လိုက်ခဲ့မယ်…မိတ်ဆွေတို့ကြုံနေရတဲ့ပြဿနာကိုကျုပ်တို့အတတ်နိူင်ဆုံး ကူညီဖြေရှင်းပေးမယ်….”
” ဝမ်းသာလိုက်တာဗျာ…ကျုပ်တို့လည်းဆရာပင့်ရှာပုံတော်သာဖွင့်နေရတာ….ရွာကိုလည်းစိတ်မချဘူးဗျ…ကျုပ်တို့ထွက်လာတာသုံးရက်ရှိပြီဆိုတော့ ဘယ်လိုဖြစ်နေပြီလဲမသိဘူးဗျ…”
” အချိန်ဆွဲလို့သိပ်မကောင်းဘူး…ကျုပ်တို့ခုဘဲခရီးဆက်ရအောင်ဗျ…”
ဤသို့ဖြင့် လေးယောက်သားခရီးတစ်ခုကိုအပြင်းနှင်ခဲ့ကြရာ နွားရိုင်းသွင်းချိန်လောက်၌ ရွာသို့ပြန်လည်ရောက်ရှိလာ၏။ ထိုရွာပတ်ဝန်းကျင်ကိုရောက်ရှိလာသည်နှင့် ဆရာတပည့်နှစ်ယောက်လုံး မကောင်းသည့်အငွေ့အသက်ကိုရလိုက်ကြ၏။
” ထင်ပေါ်… တစ္ဆေဖမ်းအင်းကို ရွာလေးထောင့်မှာအရင် မြုပ်ထားလိုက်ချေ….”
” ဟုတ်ကဲ့ဆရာ…”
ထို့နောက်ကျန်သုံးယောက်က ရွာထဲသို့ဆက်လက်ဝင်လာခဲ့ကြ၏။ ရွာသည်တိတ်ဆိတ်လွန်းလှ၏။
” ဘာသံမှမကြားရပါလား သူကြီး…”
” ဟုတ်တယ် ဗန်ဆိုင်း တစ်ခုခုတော့ဖြစ်နေပြီထင်တယ်….”
သူကြီးတို့နှစ်ယောက်လည်း အခြေနေကြောင့် ရွာရှိလူများကိုစိတ်ပူနေကြ၏။ ရွာထဲသို့ဆက်ပြီးဝင်လိုက်ကြရာ ရွာလယ်ကွက်လပ်တွင် ရွာသူရွာသားတို့သည် အချင်းချင်းလုံးထွေးသတ်ပုတ်နေကြ၏။
” ရပ်လိုက်ကြစမ်း….သင်တို့ပြာမှုန့်ဖြစ်သွားချင်လို့လား….”
မောင်ရေခဲကထိုသို့ ပြောလိုက်ရာ ပုပုလုံးလုံးအကောင်မဲမဲတို့သည် မောင်ရေခဲ ဘက်လှည့်လာကြ ကုန်၏။
” သား…မောင်ပြုံး…လွန်မယ်နော် အဖေတို့ပြန်ရောက်ပြီလေ…သား…မလုပ်နဲ့…”
” ဟာ…ကိုမောင်ဝိုင်း…ကျုပ်လေ….မလုပ်နဲ့… ”
သူကြီးတို့၏အမြင်တွင် ရွာသူရွာသားတို့သည် သူတို့ထံသို့ တုတ်၊ဓားများကိုင်ပြီး ပြေးလာကြသည်ဟုသာမြင်နေရ၏။ မောင်ရေခဲ အမြင်သည်ကား မိစ္ဆာ၏နဂိုမူလကိုမြင်နေရ၏။ မိစ္ဆာတို့သည် ရွာသူရွာသားတို့၏အမြင်ကိုလှည့်စားပြီး အချင်းချင်းသတ်ပုတ်စေပြီး ထိုလူ၏ခန္ဓာအားအသုံးချကာ လှုပ်ရှားသွားလာလိုခြင်းပင်။ ထိုမဲမဲအကောင်များအနားမရောက်မှီမောင်ရေခဲက ညာဘက်လက်ဖြင့် စည်းတစ်ခုတားထားလိုက်၏။ ထိုအကောင်များသည် ဝရုန်းသုန်းကားပြေးလာပြီး ထိုစည်းနားအရောက်တွင် မီးလောင်သကဲ့သို့ဖြစ်ကာ ဝူးဝူးဝါးဝါးအော်ပြီး ထွက်ပြေးကြ ကုန်၏။
” ဟာ…အဖေ…အဖေတို့ပြန်ရောက်ပြီလား….”
” ဟာ…သူကြီးတို့ပြန်ရောက်ပြီ…”
ထိုအခါမှရွာသူရွာသားတို့မှာအသိစိတ်ပြန်လည်လာ၏။ သို့သော် တစ်ယောက်သောသူကား မြေပေါ်လှဲနေဆဲပင်။ ထိုအခါသူကြီးက
” ဘကြီးသာဝ…. ဘကြီးသာဝ…. ”
ဟုအော်ခေါ်ကာလှုပ်နှိူး၏။ သို့သော် ဘကြီးသာဝမှာ ဝမ်းဗိုက်တွင်ဓားဒဏ်ရာကြောင့်အူထွက်ပြီး သေဆုံးနေပြီဖြစ်သည်။
” ဘယ်လိုဖြစ်ရတာလဲကွာ…ဘကြီးသာဝ ကျုပ်ပြန်လာပြီလေ…”
” ဘကြီး…သားပြန်လာပြီလေ…သားတို့တောင်ယာစိုက်ပြီး အေးအေးလူလူနေသွားကြမယ်ဆိုဗျ…”
သူကြီးလည်း ဝမ်းနည်းပက်လက်ဖြစ်နေသကဲ့သို့ ဗန်ဆိုင်း မှာလည်းမိမိ၏တစ်ဥိးတည်းသောဆွေမျိုးရင်းချာကို ဆုံးရှုံးလိုက်ရသဖြင့် လွန်စွာဝမ်းနည်းနေ၏။ မောင်ရေခဲ လည်း ဘေးဘီဝန်းကျင်ကိုကြည့်လိုက်ရာ မိစ္ဆာများက နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်ရန်အားယူနေသည်ကိုတွေ့လိုက်ရ၏။
” ကဲအားလုံးဘဲ ကျုပ်အနောက်မှာနေကြပါ…ဘာဘဲတွေ့တွေ့ဘာဘဲမြင်မြင်မလန့်ကြပါနဲ့ ကျုပ်ရှိတယ်…ကျုပ်ခွင့်ပြုချက်မရဘဲ ဘာမှမလုပ်ကြပါနဲ့….”
ထိုသို့သတိပေးလိုက်သည်နှင့် ရွာသူရွာသားတို့မှာသူကြီး၏အနားသို့လာထိုင်ကြ ကုန်၏။ အချိန်ကား မကောင်းဆိုးဝါးမြူးချိန်ဖြစ်သဖြင့် တောခွေးအူသံတို့ကလည်း ဟိုမှသည်မှထွက်ပေါ်လာခဲ့၏။ မောင်ရေခဲ လည်း လုပ်စရာရှိသည်များကိုအမြန်လုပ်လိုက်ပြီး အဘဆရာများကိုတိုင်တည်လိုက်၏။ ထို့နောက်
” ကဲ…မင်းတို့အားလုံးမူလပြန်စမ်း…မင်းတို့အစွဲအလမ်းကြီးလို့ဒီဘဝမျိုးရောက်ခဲ့ရပြီ…ဒီဘဝမှာတောင်ထပ်ပြီး အကုသိုလ်အလုပ်လုပ်နေရင် ဒီဘဝကဘယ်တော့မှကျွတ်မှာမဟုတ်ဘူး…”
အမိန့်ပေးလိုက်သည်နှင့် ပုပုကွကွအကောင်များသည် တကိုယ်လုံးမီးလောင်ထားသော လူများအဖြစ်ပြောင်းလဲသွားကြ ကုန်၏။
” ငါ…တို့…ရွာ…က…ထွက်…သွား…”
” ငါ..တို့…ရွာ…က…ထွက်…သွား…”
ထိုမီးလောင်ထားသောလူများထံမှ အက်ကွဲေသာအသံများပြိုင်တူထွက်လာကုန်၏။ ထိုအခါ မောင်ရေခဲက
” မင်းတို့ထဲကအကြီးဆုံးကောင် ငါ့အရှေ့ထွက်လာခဲ့စမ်း….”
ဟုမိန့်လိုက်ရာ ကောင်မလေးတစ်ယောက်သည် မောင်ရေခဲ ရှေ့သို့ရောက်လာခဲ့၏။ ထိုမြင်ကွင်းကြောင့် သူကြီးအပါအဝင်ရွာသူရွာသားတို့မှာ ဆွံ့အသွားကြ ကုန်၏။ အကြောင်းကား သူတို့မြင်ကွင်းထဲရှိမိန်းကလေးသည် မိုးပွင့်ဖြစ်နေသောကြောင့်ပင်တည်း။
” ဟာ…မိုး…မိုးပွင့်မလား…”
” ဟာ..သ…သမီးလေး…. ”
” ဟားဟားဟား… ဟားဟားဟား…. ကျုပ်ရွာကိုလည်းအပိုင်ယူချင်ကြသေးတယ်…ကျုပ်တို့ကိုမောင်းထုတ်ဖို့လူလည်းခေါ်လာခဲ့သေးတယ်ပေါ့ဟုတ်စ….”
ကောင်မလေး၏မူလအသံပျောက်သွားပြီး ယောကျာ်းကြီးတစ်ယောက်၏အသံဩဩကြီးထွက်ပေါ်လာခဲ့၏။
” အစွဲအလမ်းထားတာမကောင်းဘူး…သင့်ရဲ့စွဲလမ်းမှု၊အတ္တကြီးမှုတွေကြောင့် သင်အပါအဝင် သင့်လက်အောက်ငယ်သားတွေ ဒုက္ခရောက်နေကြပြီ…သင်အသိတရားမရသေးဘူးလား…”
” ဟားဟားဟား… ကျုပ်ကိုအသိတရားတွေမသိတရားတွေလာမဟောပြနဲ့ကွ…ကျုပ်ကလူ့ဘဝကရင်း ဘာသာတရားကိုင်းရှိုင်းတဲ့ကောင်မဟုတ်ဘူးကွ…ဟားဟားဟား… ”
” မေတ္တာနဲ့ပြောနေတာမရရင် အကြမ်းနည်းလာမယ်နော်….ခုပြင်ရင်အချိန်ရှိသေးတယ်…”
” ဟားဟားဟား… တက်ကြစမ်းကွာ…ဒီကောင်တွေကိုတစစီဆွဲဆုတ်လိုက်ကြ….”
မိုးပွင့်ကအသံဩဩကြီးဖြင့်အော်လိုက်ရာ မဲမဲအကောင်တို့သည် အလုံးအရင်းပြေးဝင်လာကြ၏။ ထိုစဥ်ရွာ၏လေးဘက်လေးတန်တို့မှ ရွှေရောင်အလင်းတန်းတို့ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခုဆက်သွားကြ၏။ ထိုအလင်းတန်းတို့သည် အားပြင်းသော စုပ်ခွက်တစ်ခုကဲ့သို့ဖြစ်သွားပြီး မဲမဲအကောင်တို့အားစုပ်ယူဝါးမျိုကုန်၏။
” အား….ဝူး….ဝါး…”
” ဝူး..ဝါး….”
ထိုစဥ် မိုးပွင့်သည်ဒေါထွက်သွားပြီး ကဆုန်ပေါက်လိုက်ရာ အင်မတန်ကြီးမားသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြောင်းလဲသွား၏။
” သေပေတော့….ဆရာစုတ်….”
မိုးချုန်းသံကဲ့သို့သောအသံကြီးထွက်ပေါ်လာပြီး မြေကြီးတို့မှာလည်းသိမ့်သိမ့်တုန်သွား၏။ ရွာသူရွာသားတို့မှာ နားစည်ကွဲမတတ်ဖြစ်သွားပြီး နားနှစ်ဖက်ကိုပိတ်ထားလိုက်ကြ၏။
ထိုအရာသည် မိန်းကလေးငယ်အား လည်လိမ်ချိုးပစ်ရန်ကြိုးစားနေ၏။
ထိုအချိန် မောင်ရေခဲ၏ညာဘက်လက်မှအင်းတော်စောင့်သည်ထွက်ပေါ်လာပြီး ထိုမကောင်းဆိုးဝါးကြီးအား နားရင်းပိတ်အုပ်လိုက်ရာ ထိုမကောင်းဆိုးဝါးကြီးမှာ တဖြည်းဖြည်းအရွယ်အစားသေးသွားပြီး ဆေးမှင်ကြောင်များထိုးထားသောလူတစ်ယောက်အဖြစ်ပြောင်းလဲသွား၏။ အင်းစောင့်ကြီးလည်းထိုပုဂ္ဂိုလ်အား ထပ်မံရိုက်ရန်လုပ်ရာ မောင်ရေခဲ က
” ရပြီအင်းစောင့်ကြီး သင်တာဝန်ကျေပေတယ်….”
ဟုဆိုလိုက်ရာအင်းစောင့်ကြီးမှာပြန်လည်ပျောက်ကွယ်သွား၏။ ကောင်မလေးကား ထိုပုဂ္ဂိုလ်၏ရှေ့၌ ခွေခွေလေးသတိလစ်နေရှာ၏။ မောင်ရေခဲကထိုပုဂ္ဂိုလ်အား
” သင်က ဒီရွာကိုအုပ်ချုပ်ရတဲ့သူလား….”
” ဟုတ်ပါတယ်… ”
” ဒါဆိုဒီရွာကဘာဖြစ်လို့ တစ်ရွာလုံးဆုံးပါးသွားခဲ့ရတာလဲ…”
” တောမီးလောင်တဲ့ထဲပါသွားခဲ့တာပါ….”
” ဒါကြောင့်ရွာကိုစွဲလမ်းပြီး မကျွတ်မလွတ်ဖြစ်နေကြတာလား…”
” ဟုတ်ပါတယ်..ကျုပ်တို့တစ်ရွာလုံး သေတာကိုမသိသေးပါဘူး…လူ့ဘဝတုန်းကလိုဘဲလှုပ်ရှားသွားလာနေကြတာပါ…ကျုပ်တို့ဒီလိုဘဲနေနေကြတာနှစ်ပေါင်းငါးဆယ်လောက်ရှိနေပြီ..ဒါကိုမကြာသေးခင်ကမှရောက်လာတဲ့ဒီလူတွေက ကျုပ်တို့အိုးအိမ်တွေကိုဖျက်ဆီးပြီး ရွာအသစ်တည်ခဲ့ကြတယ်…ကျုပ်လည်းသူတို့ကိုနည်းအမျိုးမျိုးနဲ့တားဖို့လုပ်ခဲ့သေးတယ်… ဒါပေမဲ့တားမရခဲ့ဘူး…နောက်မှသိလိုက်ရတာက ကျုပ်တို့ဟာသေလွန်ပြီး မကျွတ်မလွတ်တဲ့ပြိတ္တာဘုံကိုရောက်ရှိနေကြတယ်ဆိုတာဘဲ….”
“ရွာစတည်တုန်းက အခြောက်အလှန့်နည်းနည်းဘဲရှိခဲ့တယ်လို့ဆိုတယ်…ဘာကြောင့်လဲ…”
” အစကသူတို့ကိုမောင်းထုတ်ဖို့ဘဲ…နောက်တော့သူတို့ကကျုပ်တို့ကို အသားဟင်းတွေနဲ့ကျွေးမွေးကြတယ်…ဒီတော့ကျုပ်တို့လည်း သူတို့ကိုမှီပြီးစားသောက်လို့ရတယ်ဆိုပြီးငြိမ်နေကြတာ…နောက်တော့ကျုပ်တို့စားသောက်ရတာမလောက်ငှတော့ဘူး ဒါကြောင့် ရေချိုးနေတဲ့ကောင်မလေးတစ်ယောက်ကိုစိတ်ညို့ပြီး ပေါင်းသင်းခဲ့တာဘဲ…သူ့ကိုမှီပြီး ကျုပ်တို့စားသောက်လို့ရခဲ့တယ်…”
” ဘယ်လိုစားသောက်တာလဲ…”
” သူ့ကိုမှီပြီး ရွာထဲရှိတဲ့ထမင်းဟင်းတွေခိုးစားကြတာ…”
ထိုအခါမှရွာသူရွာသားတို့က ထမင်းဟင်းပျောက်သွားသည့်ကိစ္စ၏အဖြေကိုသိလိုက်ရ၏။ မောင်ရေခဲ က
” ဒီနေရာကလူ့ပြည်လူ့ရွာဖြစ်လာတော့မှာ သင်တို့ဒီမှာနေလို့မရတော့ဘူး….”
” ကျုပ်တို့ဒီမှာမနေရင်ဘယ်မှာနေမလဲ…ကျုပ်တို့ဒီကနေမဖယ်ပေးနိူင်ဘူး…”
” သင်တို့ကိုကျုပ်အလှူအတန်းလုပ်ပေးမယ်…သာဓုခေါ်ပြီး ပိုကောင်းတဲ့ဘုံဘဝကိုသွားကြပေတော့…”
ထိုလူမှာဘာမှပြန်မပြောဘဲပေ၍သာနေ၏။ နောက်မှ ဘာအတွေးပေါက်သွားသည်မသိ။
” အင်းကျုပ်သဘောတူတယ်…သာဓုခေါ်ခွင့်ရတဲ့ကောင်တွေကသာဓုခေါ်ကြလိမ့်မယ်…သာဓခေါ်ခွင့်မရတဲ့ကောင်တွေကိုကျ နေစရာနေရာပေးရမယ်…”
ထိုသို့ပြောသဖြင့် မောင်ရေခဲလည်းခေါင်းညိတ်လိုက်ပြီး
” ဟုတ်ပြီကျုပ်သဘောတူတယ်…ဒါဆိုလာမဲ့လပြည့်နေ့ကျရင်သင်တို့အားလုံးအတွက် အလှူအတန်းလုပ်ပေးမယ်…ခုတော့လူတွေနဲ့ဝေးတဲ့နေရာမှာခနတဖြုတ်သွားနေပေးကြပါ…”
မောင်ရေခဲ ထိုသို့ပြောလိုက်ရာ ထိုပုဂ္ဂိုလ်လည်းပျောက်ကွယ်သွား၏။
မောင်ထင်ပေါ်လည်း လိုအပ်သည့်ရွာစည်းများကို အထပ်ထပ်ကာပေးလိုက်၏။
နောက်တစ်နေ့တွင်သူကြီးနှင့်ဗန်ဆိုင်းတို့သည် အနီးနားရွာမှ သံဃာတော်ကိုရအောင်ပင့်လာခဲ့ပြီး ပရိတ်တရားတော်အားလည်းကောင်း၊ရွာ၏လေးဘက်လေးတန်အား ကမ္မဝါရွတ်ဖတ်ပြီး ရွာစည်းချ၍လည်းကောင်း၊ တစ်ရွာလုံးမီးလောင်ထဲပါသွားသည့်ရွာသူရွာသားတို့နှင့်အတူဦးသာဝအားရည်စူး၍ အလှုအတန်းပြုလုပ်ပေးခြင်းအားလည်းကောင်းအသီးသီးပြုလုပ်ပေးလိုက်ကြ၏။ ထိုအချိန်၌ သာဓုခေါ်ခွင့်ရကြသူများကသာဓုခေါ်ပြီး အသီးသီးကျွတ်လွတ်သွားကြ၏။ မကျွတ်လွတ်နိူင်သေးသည့် ပုဂ္ဂိုလ်များအား မောင်ရေခဲက ကွင်းပိုင်ထံအပ်ကာ နေရာပစားပေးပြီး လူ့စည်းဘီလူးစည်းသတ်မှတ်ပေးလိုက်၏။ ရွာသူရွာသားနဲ့ကလေးများကို ပရိတ်ရေတိုက်ကျွေးပြီး ကြောက်လန့်ခြင်းမှကင်းဝေးစေရန် အန္တရာယ်ကင်းအဆောင်များပေး၏။
ရွာသစ်ရွာ တည်ပြီး တစ်နှစ်လောက်အကြာ၌ ရွာအစွန်ရှိမြေကွက်လပ်၌ သစ်သားဘုန်းကြီးကျောင်းလေးတစ်ကျောင်းကိုဆောင်တစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းလိုက်ကြ၏။ ထိုကျောင်းဆောင်၌ သီတင်းသုံးနေသည့်သံဃာကား သူကြီးသား ပြုံးမောင်ခေါ် ရှင်ဥတ္တမပင်တည်း။……။(ဤနေရာတွင် ကောင်မလေးသည် သေနတ်နှင့်ပစ်ခံရကတည်းကဆုံးပါးသွားပြီဖြစ်သည်)
( ကျေးဇူးရှင် ဆရာသခင်များအားဦးထိပ်ပန်ဆင်လျှက်)
# ပြီး
# ခွန်း
Leave a Reply