ပြန်လာခွင့်မရတဲ့လူ


နှစ်လလောက်ကြာလာတဲ့အခါတော့…အေးစက်စက်ဆွမ်းတော်လက်ဖက်ရည်ဟာ သောက်မယ့်သူ မရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့..ကျွန်တော်တို့က ကိုငယ်လေးကို ဆိုင်ထဲဝင်ခွင့်မပေးတော့လို့ပါ။
ဒါကလည်း အကြောင်းရှိပါတယ်။
ကိုငယ်လေးရဲ့ ရူးသွပ်မှုဟာ တနေ့တခြားပိုဆိုးလာတယ်။ သူ့ညီမတွေအိမ်ကို ပြန်မကပ်တော့ပဲ လမ်းဘေးမှာ အိပ် လမ်းဘေးမှာ စားအဆင့်ဖြစ်လာတယ်။
ဆံပင်တွေဟာ ချေးအထပ်ထပ်နဲ့ အလိပ်ကြီးတွေဖြစ်လာတယ်။ လက်သည်းမည်းမည်းကြီးတွေနဲ့ ညစ်ပတ်နံစော်နေတဲ့ ခန္ဓာကိုယ်။
ဒီတော့…ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင်ကျဉ်းကျဉ်းလေးထဲ သူထိုင်ပြီဆို တခြားသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ကြရတယ်။
ဒါနဲ့ပဲ ကိုငယ်လေးကို ဆိုင်ထဲမဝင်ဖို့..လက်ဖက်ရည်ကိုလည်း နို့ဆီခွက်နဲ့ပဲ ပေးပြီး အပြင်ကို မောင်းထုတ်ရပါတော့တယ်။
တစ်ကြိမ်နှစ်ကြိမ်လောက် သူဆိုင်ထဲဝင်ဖို့ ကြိုးစားပေမယ့်..နောက်ပိုင်းမှာ မလာတော့ပါဘူး။
လက်ဖက်ရည်လည်း လာမတောင်းတော့ဘူး။
ကျွန်တော်တို့ ဆိုင်ကို သူမလာတော့ပေမယ့်..ကျွန်တော်ကတော့ ကျောင်းသွားရင်း၊ ကျူရှင်သွားရင်း သူ့ကို လမ်းပေါ်မှာ မကြာခဏတွေ့ပါတယ်။
ကိုငယ်လေးဟာ တကယ့်အရူးကြီးလုံးလုံးဖြစ်သွားပါပြီ။ အမှိုက်ပုံတွေထဲက အကြွင်းအကျန်တွေကိုရှာစား၊ ကျောက်ခဲတွေထည့်ထားတဲ့ အိတ်အလေးကြီးကို သယ်။
တစ်ခါတလေ သူ့ကျောပိုးအိတ်ထဲ ခွေးတစ်ကောင်ကို ထည့်ထားတတ်သေး။
တချို့ လူငယ်တွေ၊ ကလေးတွေက သူ့ကို စကြ၊ နောက်ကြ။
ဒီလိုနဲ့ သူ့ရဲ့ အရူးအငယ်လေးဘဝဟာ ရပ်ကွက်ထဲမှာ နေသားကျလာတယ်။
နောက်တော့ အငယ်လေး ပျောက်သွားတယ်။ အကြာကြီးထပ်ပျောက်သွားတယ်။
သတင်းကြားတာတော့…တချိန်က သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်က သေချာခေါ်သွားပြီး ဆေးကုပေးတယ်။
စိတ်ရောဂါကုဆေးရုံမှာ အကြာကြီးထားပေးတယ်ပေါ့။
တစ်နှစ်လောက်ကြာတော့ ကိုငယ်လေး ပြန်ရောက်လာတယ်။
ကျွန်တော်တို့ဆိုင်လေးဆီ လက်ဖက်ရည်လာသောက်တာပါ။
“ဟာ..လူတောင်မှားတယ်..အငယ်လေး..မင်းကောင်းသွားပြီပေါ့..ဝမ်းသာတယ်ကွာ”
လူတစ်ချို့က သူ့ကို နှုတ်ဆက်ကြ။ ကိုငယ်လေးကလည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ အားလုံးကိုနှုတ်ဆက်။
ဒါပေမယ့် ။
“အငယ်လေး….မင်း..ဟိုအိတ်ကြီးမပါတော့ဘူးလား..ကျောက်အောင်ထားတယ်ဆိုတဲ့ အိတ်ကြီးလေကွာ…ဟားဟား”
“ဟေ့..အငယ်လေး…အံမယ်..အခုကျ သန့်လို့ ပြန့်လို့…ဒီလိုဖြစ်တာ ဝမ်းသာသကွာ..အရင်က မင်းကို အမှိုက်ပုံထဲ မြင်မြင်နေရတာ စိတ်မချမ်းသာဘူး..တွေ့ကရာကောက်စား၊ ခွေးတွေနဲ့လုံးထွေးပြီး..အခုတော့ကောင်းသွားတာပေါ့”
“ကိုငယ်လေး ခင်ဗျားက အခုမှ မမှတ်မိချင်ယောင်ဆောင်နေတာ……..ဟိုမှာ ခင်ဗျားစော်အဟောင်း အရူးမ မကြည်လေဗျာ..ခုတော့ မေ့နေတာလား”
“ဟာ.ဘယ်သူများလဲလို့..အရူးအငယ်လေးပဲဟ.မှတ်တောင်မမှတ်မိဘူး..အခုကျ ပုဆိုးတွေဘာတွေနဲ့…ဟိုကင်းတဲကြီးမှာ ခင်ဗျားအိပ်ခဲ့တုန်းက ကျုပ် မုန့်လာလာကျွေးတာ မမှတ်မိဘူးလား”
သူ ဆိုင်ကို လာထိုင်တဲ့အချိန်တိုင်း လူတွေရဲ့ နှုတ်ဆက်စကားတွေ ဟာ တခါတရံ ခပ်တိုးတိုး၊ တခါတရံ အော်ကြီးဟစ်ကျယ်။
ကိုငယ်လေးဟာ သူနဂိုပုံစံအတိုင်း အဲ့ဒီလူတွေကို ခပ်ပြုံးပြုံးကြည့်ရင်း နာနာကြင်ကြင် ခေါင်းငုံ့သွားတာကို ကျွန်တော်တွေ့ရတယ်။
ထင်တဲ့အတိုင်းပဲ…ကိုငယ်လေး ဟာ နောက်ရက် နောက်ရက်တွေမှာ ကျွန်တော်တို့ ဆိုင်မှာ လက်ဖက်ရည်လာမသောက်တော့ပါဘူး။
ရပ်ကွက်ထဲမှာလည်း သူ့ကို မတွေ့ရတော့ပါဘူး။
လပေါင်းများစွာ ကိုငယ်လေး ပြန်လည်ပျောက်ဆုံးသွားပြန်တယ်။
အဲ့ဒီလိုနဲ့ တစ်ရက်မှာတော့…ကျွန်တော်တို့ဆိုင်ထဲကို ကျောပိုးအိတ်အစုတ်ကြီးလွယ်၊ ဆံပင်စုတ်တိစုတ်ဖွား၊ ညစ်ပတ်ပေရေနေတဲ့ လူတစ်ယောက် ပြန်ရောက်လာပါတော့တယ်။
ဟုတ်ပါတယ်။ ကိုငယ်လေး ပါပဲ။
ကောင်တာရှေ့မှာ လာရပ်နေတဲ့ ကိုငယ်လေးကို ကျွန်တော်က တအံတသြနဲ့ ကြည့်နေမိတယ်။
“ကိုငယ်လေး..ခင်ဗျား…”
ကိုငယ်လေးဟာ ကျွန်တော့်ကို ဘာမှ မပြောပဲ ဆိုင်ဘုရားစင်မှာ ဆွမ်းတော်တင်ထားတဲ့ လက်ဖက်ရည်ကို လက်ညှိးထိုးပြတယ်။
စားပွဲထိုး တက်ပု က ဆွမ်းတော်တင်ထားတဲ့လက်ဖက်ရည်ကို ယူပြီး ကိုငယ်လေး ကို ထောင့်စားပွဲဆီ ခေါ်သွားတယ်။
“ဦးငယ်လေး…ပြန်ရူးသွားတာလား”
ကိုငယ်လေးဟာ လူသွားလူလာနည်းနေသေးတဲ့ နေပူပူလမ်းမကို ကြည့်ရင်း တက်ပုရဲ့ အမေးကို ခပ်တိုးတိုးပဲ ဖြေလိုက်ပါတယ်။
သူ့ရဲ့ ခပ်တိုးတိုးအသံကို နားစွင့်နေတဲ့ ကျွန်တော်ကလည်း ကြားဖြစ်အောင် ကြားလိုက်တယ်။
“ငါက အရူးပဲလေ..ငါ မရူးလို့မှ မရတာကွာ” တဲ့။
ခက်ဇော်