ကျက်သူယောင်မယ်

ဦး”

သျှောင်ပေစူးနဲ့အိပ်ယာထဲလဲနေတဲ့ ကလေးက တစ်အင်းအင်းနဲ့ညီးညူရင်း ဦးညိုကမ်းပေးတဲ့ ဆေးကိုကမ်းယူလိုက်တဲ့အချိန် လက်ချောင်းတွေရဲ့ထိပ်မှာ ချွန်ပြီးထွက်နေတဲ့ လက်သည်းစတွေကိုမြင်လိုက်ရတယ်။

“ ဟင်… “

ဦးညိုလဲ ရုတ်တရက်လန့်သွားပြီး ဒုတိယအကြိမ်ကြည့်လိုက်ရာ သာမန်လက်အတိုင်းဖြစ်နေခဲ့တယ်။

“ ငါ ဒီည ဘာဖြစ်နေတာပါလိမ့်”

“ ဆရာကြီး …. “

ဘေးကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် အတွေးစတွေပြတ်သွားပြီး

“ ကဲ … ကလေးအတွက်တော့စိတ်ချရပါပြီ… ကျုပ်လဲ မနက်အစောကြီး အခြားရွာကိုသွားရမှာဆိုတော့ ခွင့်ပြုပါဦး”

“ ဆရာကြီးကလဲ ညတောင်အတော်နက်နေပြီကို ဒီညတော့ ရွာမှာအိပ်သွားလိုက်ပါ…ဟိုဘက်အိမ်မှာလဲ ဆရာကြီး အဆာပြေစားဖို့ မုန့်တွေစီစဉ်ထားပါတယ်..”

“ မဟုတ်တာဗျာ ကျုပ်လဲမနက်အစောကြီး…”

“ ကဲဗျာ မနက်အရုဏ်တက်တာနဲ့ ကျွန်တော်တို့လိုက်ပို့ပေးပါ့မယ်…ဒါက ဆရာကြီးခြေကြွခကန်တော့တာပါ”

“ ဟဲ့ နေကြပါဦး ငွေတွေများလှချည်လား ကျုပ်ခြေကြွခက အဲလောက်မရှိဘူးလေ”

“ ယူပါဆရာကြီးရယ်… ဒီအထိ တကူးတကလာပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ… “

ရွာသားတစ်ယောက်က ဦးညိုရဲ့ဆေးလွယ်အိတ်ထဲကို ပိုက်ဆံတွေထိုးထည့်ပေးရင်း

“ ဆရာကြီး ဟိုဘက်အိမ်ကြွပါဦး… အိပ်ဖို့လဲ အကုန်စီစဉ်ထားပါတယ်”

ဦးညိုလဲ ငြင်းမကောင်းတော့တာမို့ ရွာသားတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။ ကညင်တိုင်ဆီမီးတွေ ထိန်နေအောင်ထွန်းထားတဲ့ ခြေတံရှည်အိမ်တစ်လုံးအရှေ့ရောက်တော့

“ ဆရာကြီး လာပြီဟေ့ … ရေနွေးကြမ်းနဲ့မုန့်တွေ ပြင်ထားတော့” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ဦးညိုလဲ အိမ်ပေါ်ရောက်တော့ ရေနွေးကြမ်းနဲ့ အဆာပြေမုန့်တွေကိုစားရင်း ရွာသားတွေနဲ့စကားစမြည်ပြောနေရာကနေ မျက်လုံးတွေမှေးလာခဲ့တယ်။

“ ဝါးးး ကျုပ်လဲ ပင်ပန်းလို့ထင်တယ် အိပ်ချင်နေပြီ”

“ ဆရာကြီးအိပ်ဖို့မွေ့ယာလဲပြင်ထားပေးပါတယ်… လှမောင်ရေ ဆရာကြီးကိုအိပ်ယာပေါ်လိုက်ပို့ပေးလိုက်ပါဦး”

လှမောင်ဆိုတဲ့ လူရွယ်ကအိပ်ခန်းထဲလိုက်ပို့ပြီး ပြန်ထွက်သွားတဲ့အချိန် ဆေးလွယ်အိတ်ကိုဘေးချကာ အသင့်ပြင်ထားတဲ့ အိပ်ယာပေါ်ကျောဆန့်လိုက်တယ်။

နူးညံ့တဲ့အထိအတွေ့ကြောင့် ဦးညိုတစ်ယောက်မကြာခင် အချိန်အတွင်း အိပ်ပျော်သွားခဲ့ပါလေရော။
++++++++

“ကျလိ ကျလိ ကျလိ”

“ ကျိ ကျိ ကျိ”

ဦးခေါင်းနားကနေ အော်နေတဲ့ ငှက်တွေရဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဦးညိုတစ်ယောက် မျက်လုံးကိုလက်နဲ့ပွတ်ကာ ထလိုက်တဲ့အချိန် မြင်ရတဲ့မြင်ကွင်းကြောင့် ကြောက်စိတ်တွေငယ်ထိပ်ထိတက်လာခဲ့တယ်။

မီးကျွမ်းပြီး မဲတူးနေတဲ့ အိမ်ပျက်ကြီးပေါ်မှာ အိပ်နေတဲ့အပြင် ခေါင်းအုံးတွေစောင်တွေကလဲ မီးလောင်ထားလို့ ပေါက်ပြဲနေတဲ့အစုတ်တွေ။

ဦးညိုတစ်ယောက် လွယ်အိတ်ကိုကောက်လွယ်ပြီး အိမ်ပေါ်ကနေဆင်းပြေးဖို့အလုပ် ဧည့်ခန်းမှာ သစ်ရွက်ခြောက်တွေနဲ့ ဗွက်ပုတ်ရေတွေကို စားပွဲအစုတ်ပေါ်တင်ထားတာမြင်တော့ ညက အဖြစ်တွေခေါင်းထဲရောက်လာပြီး ပါးစပ်လက်နှိုက်ကာ ထိုးအန်ပါလေရော။

အန်လို့ဝမှ ဘေးဘီကိုကြည့်လိုက်ရာ သက်ရှိဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့တဲ့အပြင် မီးလောင်ထားလို့ ငုတ်စိတွေဖြစ်နေတဲ့ လူနေအိမ်တွေက နေရာအနှံ့။

ဦးညိုလဲ ကြောက်လန့်တစ်ကြား ခြေဦးတည့်ရာပြေးတဲ့အချိန် ကျောအနောက်ဘက်ကနေ ဟက်ဟက်ပက်ပက်ရယ်သံတွေထွက်ပေါ်လာခဲ့တယ်။

အချိန်ဘယ်လောက်ကြာအောင်ပြေးနေလဲမသိဘူး… ခေါင်းထဲရိပ်ခနဲ ရိပ်ခနဲဖြစ်လာပြီး အရာအားလုံးအမှောင်ကျသွားခဲ့တယ်။
+++++++++

“ အဖေ … အဖေ သတိရလာပြီလား”

ဘေးကနေ ခေါ်နေတဲ့ အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ…

“ တောက်ထွန်း … ငါဘယ်လို ဘယ်လို အိမ်ပြန်ရောက်လာတာလဲ”

“ ညက အဖေထွက်သွားတာ ဘယ်သူမှမသိလိုက်ဘူး… ခုနကမှ ကညင်ပင်ရွာက ထင်းခုတ်သမားတွေ လမ်းမှာလဲနေတဲ့အဖေကိုတွေ့လို့ပြန်လာပို့သွားတာ”

“ ဟူး တော်ပါသေးရဲ့”

“ ဘယ်လိုဖြစ်တာလဲအဖေရာ… ကျွန်တော်ဆိုရင် မြို့ရောက်နေတဲ့ အငယ်မကိုတောင် လှမ်းခေါ်တော့မလို့”

“ ညက ပုတက်ကုန်းရွာမှာ လူနာရှိတယ်ဆိုပြီး လာပင့်လို့ လိုက်သွားတာ မနက်နိုးလာတော့ မီးလောင်ပြင်ထဲရောက်နေတာပဲ”

“ မသေကောင်းမပျောက်ကောင်း အဖေရာ… ထင်းခုတ်သမားတွေပြောတာတော့ အဖေသွားတဲ့ဘက်က နာမည်ကြီးကျတ်ရွာတဲ့”

“ ကျတ်ရွာ ဟုတ်လား… “

“ အဲဒီဘက်မှာ လွန်ခဲ့တဲ့ နှစ်၅၀လောက်က မီးလောင်လို့ တစ်ရွာလုံးပြာကျခဲ့တာကြားဖူးတယ်တဲ့… ညဘက်ကြီးမီးလောင်တော့ လူတွေလဲအတော်သေကြတယ်ပြောတယ်”

သားဖြစ်သူစကားကြောင့် ဦးညိုတစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းရင်းမှာချိတ်ထားတဲ့ ဆေးလွယ်ကိုကြည့်ကာ

“ လွယ်အိတ်ထဲမှာ ညကသူတို့ထည့်ထားတဲ့ ပိုက်ဆံတွေရှိသေးလား ကြည့်ပါဦး”

“ ဘာပိုက်ဆံမှမရှိဘူး … ထင်းခုတ်သမားတွေလာပေးထဲက ကြည့်တာ ဆေးတွေနဲ့ သစ်ရွက်ခြောက်တွေပဲရှိတယ်.. ဒီနေ့ကစပြီး ညဘက်တွေ ဘယ်မှမသွားနဲ့တော့ ဆေးကုစရာရှိလဲ မနက်ဘက်ပဲကုပါအဖေရာ”

“အေးပါ သားရယ် အဖေ မသွားတော့ပါဘူး”

ဦးညိုလဲ သားဖြစ်သူစိတ်ချမ်းသာစေရန် ကတိပေးပြီး နေခဲ့တယ်။ သုံးရက်မြောက်နေ့ရောက်တော့

“ ဟေ့ ဆေးဆရာကြီး ထွက်လာပါဦး… လာစမ်းပါဦး အိမ်ရှေ့ထွက်ခဲ့စမ်း”

ညသန်းခေါင်အချိန် ဆူညံပူညံအသံတွေကြောင့် ဦးညို လန့်နိုးလာခဲ့ပြီး

“ တောက်ထွန်း ထစမ်း… အိမ်ရှေ့မှာ ငါ့ကိုလာခေါ်တဲ့အသံကြားလား”

ဘေးမှာအိပ်နေတဲ့ တောက်ထွန်းက အိပ်ချင်မူးတူးနဲ့

“ ဘာသံမှလဲမကြားပါဘူးအဖေရာ… “

“ မဟုတ်ဘူးကွ … ဟိုနေ့ကလို ငါ့ကိုလာခေါ်နေကြတယ်..အိမ်နောက်ဖေးမှာ ဒူးလေးရှိတယ်မဟုတ်လား”

“ ရှိတယ်လေ အဖေကဘာလုပ်ဖို့လဲ”

“ မင်းက ဒူးလေးကိုယူပြီး တံခါးအကွယ်အပေါက်ကနေ ကြည့်နေ … ပြီးရင် ငါပြောတဲ့နေရာကိုပစ်သာချကွာ”

“ အဖေ … ဘာတွေပြော..”

“ စကားမများနဲ့ ငါပြောတဲ့အတိုင်းလုပ်”

တောက်ထွန်းလဲ အိမ်မှာဆောင်ထားတဲ့ ဒူးလေးကို မြှားတပ်ပြီး တံခါးအကွယ်မှာပုန်းနေတဲ့အချိန် ဦးညိုက တံခါးကိုဖွင့်ကြည့်လိုက်ရာ သျှောင်ပေစူးနဲ့ကလေးတစ်ယောက်ကို ထမ်းထားတဲ့ လူအပါအဝင် အခြားလူလေးယောက်လောက်ကိုမြင်လိုက်ရတယ်။ သူတို့က ဦးညိုကို မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

“ ဟိုအဖိုးကြီး မင်းလုပ်လို့ ငါ့ကလေးသေပြီ… ပြောတော့ သုံးရက်နေရင် ပြန်ကောင်းမယ်ဆို .. အခုဘယ်လိုလုပ်မလဲ”

ဦးညိုက အောက်ကလူတွေကိုဘာမှပြန်မပြောပဲ တံခါးအကွယ်မှာရှိနေတဲ့ တောက်ထွန်းကို လေသံတိုးတိုးဖြင့်

“ တောက်ထွန်း … အိမ်ရှေ့က သပြေပင်တည့်တည့်ကိုပစ်ချလိုက်…”

“ အဖေ ဘာမှမရှိပဲ ဘာလို့ပစ်ရမှာလဲ”

“ စကားမရှည်နဲ့ သပြေပင်အလယ်ကိုပစ်ဆိုပစ်ချကွာ.. မနက်ကျမှ မင်းကိုငါပြမယ်”

တောက်ထွန်းလဲ ထပ်မမေးတော့ပဲ အကွယ်ကနေထွက်ကာ သပြေပင်အလယ်တည့်တည့်ကိုပစ်ချလိုက်တယ်။

“ တံခါးတွေပိတ်…. မြန်မြန်”

ဦးညိုလဲ တောက်ထွန်းကို အော်ပြောရင်း တံခါးကိုပိတ်လိုက်တဲ့အချိန် အသံတွေအားလုံးတိတ်ဆိတ်သွားခဲ့တယ်။
မနက်မိုးလင်းလို့ကြည့်လိုက်တော့ မြှားမှန်ပြီးသေနေတဲ့ ဖွတ်တစ်ကောင်အပြင် သူ့ရဲ့ကျောပေါ်မှာလဲ နောက်ထပ်ဖွတ်အသေတစ်ကောင်ရှိနေတာမြင်လိုက်ရတယ်။

“ မင်းအခုယုံပြီမဟုတ်လား… ညက ဒီကောင်တွေ လူယောင်ဖန်ဆင်းပြီး ငါ့ကိုအိမ်ပေါ်ကဆင်းလာအောင်လုပ်တာ”

“ ထူးဆန်းလိုက်တာဗျာ… ကျွန်တော်ပစ်တာက သပြေပင်ကိုပါ ဘယ်လိုဖြစ်လို့ ဖွတ်ကိုထိသွားတာလဲမသိဘူး”

“ လောကမှာ ငါတို့မမြင် မကြားရတဲ့ အကြောင်းတွေအများကြီးရှိတယ်… လောလောဆယ် ဖွတ်အသေနှစ်ကောင်ကို မြေမြှုပ်ပေးလိုက်”

တောက်ထွန်းလဲ ဖွတ်အသေနှစ်ကောင်ကို မြေမြုပ်ပေးပြီး ရွာထဲကိုထွက်သွားခဲ့တယ်။

++++++

ဒီကိစ္စတွေဖြစ်ပြီး ငါးရက်လောက်ကြာတော့ တောက်ထွန်း တစ်ယောက်ရွာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။တောက်ထွန်းပျောက်တဲ့ကိစ္စကိုအိမ်ဝိုင်းထဲမှာ ဦးညိုနဲ့ရွာသားတွေစုဝေးတိုင်ပင်နေတုန်း နွားကျောင်းသားဖိုးထောင်ရောက်လာပြီး

“ အဖိုး အဖိုး ကိုကြီးတောက်ထွန်းကို မနေ့က ရွာအပြင်ဘက်မှာတွေ့လိုက်တယ်”

“ ဟေ ဘယ်မှာတွေ့တာလဲ ပြောပါဦး”

“ မနေ့ ညနေက နွားကျောင်းရင်း အလေးသွားချင်တာနဲ့ တောတိုးနေတဲ့အချိန် ကိုကြီးတောက်ထွန်းက တစ်ယောက်ထဲစကားတွေပြောပြီး ကညင်ပင်ရွာဘက်ကို ထွက်သွားတာတွေ့လိုက်တယ်”

“ ကညင်ပင်ရွာဘက် ဟုတ်လား ဖိုးထောင်”

“ ဟုတ်တယ်ဗျ ကျွန်တော်လဲ ဒီတိုင်းသွားတယ်ထင်နေတာ … ခုနကမှ ကိုကြီးတောက်ထွန်းပျောက်နေတယ်ဆိုပြီးကြားလို့လာပြောပြတာ”

“ အေးအေး ကျေးဇူးတင်ပါတယ်ကွယ်…”

“ဒါဆို ကျွန်တော်နွားကျောင်သွားဦးမယ်ဗျ”

“ ဂရုစိုက်ဦး ရွာအပြင်ဘက်တွေလျောက်မသွားနေနဲ့ဦး”

“ ဟုတ် ဟုတ် မသွားပါဘူး”

ဖိုးထောင် ထွက်သွားတော့ ဦးညိုက

“ ကညင်ပင်ရွာဘက်တွေရော မေးကြည့်သေးလား”

“ မေးကြည့်တာပေါ့ဗျာ တောက်ထွန်းက အဲဒီရွာကိုလုံးဝမလာတာတဲ့”

“ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ… မသမာသူတွေများဖမ်းသွားကြလေသလား”

ဦးညိုနဲ့ရွာသားတွေလဲ ဖြစ်နိုင်ချေရှိတဲ့အရာတွေကို စဉ်းစားနေတဲ့အချိန်

“ ဘကြီး ဘကြီး…”

“ ဟေ့ တာလပေါ လာလေကွာ”

အရပ်ပုပုခန္ဓာကိုယ်တောင့်တောင့်နဲ့တာလပေါက ကွပ်ပြစ်ပေါ်ဝင်ထိုင်လိုက်ပြီး

“ တောက်ထွန်း ပျောက်နေတာ … မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပယောဂပါတယ်တဲ့”

“ ဟာ ဒီကောင် … ပါးစပ်ထဲထွက်ရာလျောက်ပြောနေပြန်ပြီ”

“ ရော် ကျုပ်ကအတည်ပြောတာ … တောက်ထွန်း စီးခဲ့ဖူးတဲ့ဖိနပ်အိမ်မှာရှိလား”

“ အေး ရေချိုးရင်စီးတဲ့ဖိနပ်တော့ရှိတယ်… မင်းကဘာလုပ်ဖို့လဲ”

“ သူ့ခြေရာကိုယူပြီး ဘယ်နေရာသွားလဲ လိုက်မလို့ပေါ့”

“ဒီကောင်တော့ ဟိုတစ်ခါ သင်္ချိုင်းမှာပုတီးသွားစိပ်ပြီးထဲက နည်းနည်းလွတ်ချင်နေတယ်လို့ သူများတွေပြောတာ ငါမယုံဘူး…အခုမှယုံသွားပြီဟေ့”

“ ဘကြီးညို ကျွန်တော်ကိုအထင်သေးလှချည်လား… ဒါပေါ့လေ လူတွေက ပညာရှိကို သူခိုးထင်.. သူခိုးကို ပညာရှိထင်နေကြတာကိုး”

“ ထားလိုက်ပါ ဦးညိုရာ… တာလပေါ အကြောင်းလဲသိသိကြီးနဲ့.. ကဲကဲ မင်းယူချင်သပဆိုလဲ အိမ်နောက်က ရေစည်နားမှာ တောက်ထွန်း ဖိနပ်ရှိတယ် ယူသွား”

ဘေးအိမ်က ဦးဖြိုးစံစကားကြောင့် တာလပေါက အိမ်အနောက်ကိုပြေးသွားပြီး တောက်ထွန်းဖိနပ်ကို ကိုင်ကာ ရွာအပြင်ဘက်ကိုထွက်သွားခဲ့တယ်။

++++++++++

“ နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် သမထကိုအရင်ကျင့်… သမထခိုင်မှ ဝိပဿနာပြောင်း…ဒါဆိုရင် အခက်အခဲသိပ်မရှိတော့ဘူးတဲ့”

တာလပေါက သူဖတ်ခဲ့ရတဲ့စာအုပ်ထဲကအကြောင်းကို ပြန်ပြောင်းပြောနေရင်း လက်ထဲက ပုတီးစိပ်ကိုလည်ပင်းမှာဆွဲကာ ရွာအပြင်သုဿာန်ဘက်ကိုထွက်သွားခဲ့တယ်။

အုတ်ဂူအကျိုးအပျက်တွေက နှစ်ပေါင်းများစွာမပြုပြင်ထားတဲ့အတွက် ရေညှိတွေအထပ်လိုက်နဲ့ မသတီစရာကောင်းနေပေမယ့် တာလပေါကတော့ သူနဲ့သင့်တော်တဲ့အုတ်ဂူတစ်လုံးကိုရွေးကာသန့်ရှင်းရေးလုပ်လိုက်ပြီး

“ သုသာန်ထဲမှာနေကြတဲ့ ဝေနေယျအပေါင်းတို့ ငါ တာလပေါ ဒီနေ့ ဒီသုသာန် ဒီအုတ်ဂူပေါ်မှာတရားထိုင်မယ်… ငါ့ကိုအနံ့ပေးတာဖြစ်ဖြစ် အကောင်အထည်ပြတာဖြစ်ဖြစ် မလုပ်ကြနဲ့… ငါတရားထူးရတာနဲ့ မင်းတို့ကိုကျွတ်လွတ်အောင် လုပ်ပေးမှာ ကြားလား”

တာလပေါက ပါးစပ်ထဲထွက်ရာအော်ပြောရင်း အုတ်ဂူပေါ်မှာကျနစွာနေရာယူလိုက်ပြီး ပုတီးကို တစ်ဂျောက်ဂျောက်နဲ့စိပ်ပါလေရော။

“ ချွတ် ဂျွတ် ဂျွတ်”

မလှမ်းမကမ်းမှာ သစ်ကိုင်းခြောက်တွေကို နင်းပြီးလာနေတဲ့ခြေသံတစ်ခုကိုကြားတော့ ပုတီးစိပ်နေရင်း အာရုံက အသံကြားတဲ့ဘက်ကိုရောက်သွားခဲ့တယ်။

“ ဒီကောင်တွေ အသံမပေးနဲ့လို့ အတန်တန်မှာထားတာတောင် လုပ်လာပြန်ပြီ”

ပုတီးစိပ်နေရင်း စိတ်ထဲကနေ မကျေမချမ်းရေရွတ်လိုက်တဲ့အချိန် သူ့ရဲ့ပခုံးပေါ်ကို လက်တစ်ဖက်လာတင်တာကို ခံစားလိုက်ရတယ်။

“ ဘယ်သူလဲ… ဒီကအစောင့်တွေလား… ငါကကြောက်တတ်တယ်နော်… အဲလိုမလုပ်ကြပါနဲ့”

မျက်လုံးကိုမဖွင့်ကြည့်ပဲ ပါးစပ်ကနေ ပွစိပွစိလုပ်နေတဲ့အချိန်

“ ဒီလိုပုတီးစိပ်ပုံမျိုးနဲ့ သမထဘယ်လိုရမလဲ ငါ့လူရာ” ဆိုတဲ့လေသံတိုးတိုးကိုကြားတော့ အားတက်သွားပြီး

“ ငါမျက်လုံးတွေမှိတ်ထားသေးတယ်… မဖွင့်ကြည့်မချင်း အဓိဌာန်မပျက်ဘူး… ပြော .. သမထတက်အောင် ဘယ်လိုလုပ်ရမလဲ”

“ ဒီတိုင်းတော့ ဘယ်ပြောလို့ရမလဲ… ငါတို့ခိုင်းတာလုပ်ပေးရင်တော့ တစ်မျိုးပေါ့”

ဒီတစ်ခါတော့ တာလပေါ မျက်လုံးမဖွင့်ကြည့်ပဲမနေနိုင်တော့ပဲ ကြည့်လိုက်ရာ ယောဂီဝတ်စုံဝတ်ထားတဲ့ လူသုံးယောက်က သူ့ကိုဝိုင်းပြီးရပ်ကြည့်နေတာကိုမြင်လိုက်ရတယ်။

“ မင်း.. မင်းတို့က လူတွေလား…နတ်တွေလား”

“ အော် ခက်နေပါရောလား… ကျုပ်တို့က လူတွေမို့လို့ ခင်ဗျားအသားကိုကိုင်လို့ရတာပေါ့…”

“ ဒါဆို ခုနကပြောတဲ့စကားက အတည်ကြီးလား”

“ ဘယ်စကားလဲဗျ”

“ ကျုပ်ကိုသမထတက်အောင်လုပ်ပေးမယ်ဆိုတာလေ”

“ ကျုပ်တို့က ကတိကိုလွယ်လွယ်မပေးတတ်ဘူး… ကျုပ်တို့ခိုင်းတာလုပ်ရင် သမထတက်တဲ့နည်းပြောပြမယ်”

“ ဒါဖြင့် ကျုပ်ဘာလုပ်ရမလဲ…”

“ ခင်ဗျားတို့ရွာမှာ လူတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာသိတယ်မဟုတ်လား”

“ သိတယ်လေ တောက်ထွန်းဆိုတဲ့ကောင်ပျောက်သွားတာ..အော် ကျုပ်မနေ့ညက ပုတီးစိပ်တော့ ဒီကောင်ကိုတွေ့သဗျ… သူ့ဘေးမှာ မီးကျွမ်းထားတဲ့မျက်နှာနဲ့မိန်းမတစ်ယောက်လဲရှိနေသေးတယ်”

“ အဲဒါအသာထားပါ… ခင်ဗျားအခု ရွာထဲကိုသွားပြီး တောက်ထွန်းစီးခဲ့တဲ့ဖိနပ်ကိုရအောင်ယူနိုင်လား”

“ ဖိနပ်ရရင် သမထတက်တဲ့နည်းပြောပြမှာလား”

“ သေချာတာပေါ့ ကိုယ့်လူရာ”

+++++++

တာလပေါလဲ ဖိနပ်ကိုလက်ကြားညှပ်ကာ သမထတက်အောင်လုပ်ပေးမယ့်လူတွေအကြောင်းစဉ်းစားရင်း သုသာန်ထဲကိုဝင်လာခဲ့တယ်။

“ ဟေ့လူတွေ ဒီမှာဖိနပ်တော့ရလာပြီ… သမထတက်တဲ့နည်းပြောပေတော့”

“ သမထတက်တဲ့နည်းပြောပြနေရင် ပျောက်နေတဲ့လူ သေသွားလိမ့်မယ်… ဒီတော့ လူကိုအရင်ကယ်မလား .. သမထတက်တဲ့နည်းကိုအရင်သင်မလား”

“ တောက်ထွန်းက သေတော့မှာလား… “

“ ဟုတ်တယ် ဒီညမှ အချိန်မှီမခေါ်နိုင်ရင် သူ့ဝိဥာဉ်ထွက်သွားလိမ့်မယ်”

“ ဒါဖြင့် လူကိုအရင်ကယ်ရမှာပေါ့… ကျုပ်တို့လို တရားသမားတွေရဲ့စိတ်က နူးညံ့တယ်မဟုတ်လားဗျ”

“ မှန်တာပေါ့ဗျာ …. ဒါနဲ့ ပျောက်နေတဲ့လူနာမည်က တောက်ထွန်းတဲ့လား”

“ ဟုတ်တယ်လေ သူ့နာမည်က တောက်ထွန်း စနေသား.. ကျုပ်နာမည်ကလဲ တာလပေါ စနေသား … သားဦးစနေချင်းတူတယ်ဗျ”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ … ဒါနဲ့ ကျုပ်နာမည်လဲမှတ်ထားဦး.. အောင်မြတ်သာတဲ့… တနင်္ဂနွေ အဓိပတိဖွား”

“ ဒါဖြင့် ခင်ဗျားက ကျုပ်ထက်နေ့နံကြီးတာပဲ… “

“ နေ့နံကြီးတဲ့လူကခိုင်းရင် နေ့နံငယ်တဲ့သူက မလိုက်နာရဘူးလား”

“ ဟာ လိုက်နာရတာပေါ့… ခင်ဗျားကျုပ်ကိုဘာခိုင်းချင်လဲပြော… “

“ အခုတော့မခိုင်းသေးပါဘူး… ညဦးပိုင်းရောက်ရင်တော့ လုပ်ခိုင်းစရာတစ်ခုရှိတယ်”

“ စိတ်ချ စိတ်ချ ကျုပ်ဒီနားမှာပဲနေမယ်… သမထတက်တဲ့နည်းမပြောမချင်းဘယ်မှမသွားဘူး”

အောင်မြတ်သာလဲ တာလပေါရဲ့အမူအရာကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်မိတယ်။

“ ပျောက်နေတဲ့လူရဲ့ဖိနပ်ကျုပ်ကိုပေးဦး… “

“ ဟုတ်သား ကျုပ်ကိုယူခိုင်းတာ ပေးဖို့မေ့နေပြန်ပြီ”

တာလပေါက ဖိနပ်ကိုအောင်မြတ်သာဆီကမ်းပေးလိုက်ပြီး အသုဘပို့တဲ့လူတွေနားနေဖို့ ဆောက်ထားပေးတဲ့ဇရပ်ဆီကိုထွက်သွားခဲ့တယ်။
++++++++

“ ဆရာ ဒီလူပုံစံကြည့်ရတာ ထူးရင်ထူး မထူးရင်ရူးမယ့်ပုံပဲ”

“ မဟုတ်ဘူးသက်ခိုင် ဒီလူက သေချာပေါက်ကို ထူးမယ့်သူပဲ”

“ ဗျာ ဒီလူက ထူးမယ့်သူ ဟုတ်လားဆရာ…”

“ ဟုတ်တယ် တောက်ရ… သူ့ပြောပုံဆိုပုံ အပြုအမူတွေက ကပျက်ကချော်နိုင်နေပေမယ့် သမထလေ့ကျင့်တဲ့နည်းကို သေချာသင်ကြားပေးရင် ခဏလေးအတွင်း ထူးမယ့်လူမျိုးပဲ”

“ ဒါဆို ဒီဖိနပ်က ဘာလုပ်ဖို့လဲဆရာ”

“ ခြေရာကောက်အတတ်ကိုသုံးပြီး ပျောက်နေတဲ့လူကို ကယ်တင်ဖို့လေ…ဒီတစ်ခါတော့ မင်းတို့နှစ်ယောက်လုံး ဇရပ်မှာပဲနေခဲ့ကြ”

“ ဟာ .. ဆရာတစ်ယောက်ထဲဖြစ်ပါ့မလား”

“ ငါတစ်ယောက်ထဲမဟုတ်ပါဘူး… နောက်တစ်ယောက်ပါဦးမယ်”

“ နောက်တစ်ယောက်ကဘယ်သူများလဲဆရာ”

“ တာလပေါကို ဒီည ခေါ်သွားမယ်… အခုတော့ ဘာမှထပ်မမေးပဲ ပျောက်နေတဲ့လူကိုရှာဖို့ လုပ်ကြရအောင်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ဘာမှဆက်မပြောတော့ပဲ ဖိနပ်ကိုယူကာ

“ ဆရာက ဖိနပ်ကို ရအောင်ယူခိုင်းတယ်ဆိုတော့ ခြေရာကောက်အင်းကိုသုံးမလို့ထင်တယ်”

“ ဟုတ်တယ် ခြေရာကောက်အင်းဆီကနေထွက်လာတဲ့ ပုံရိပ်တွေက ပျောက်နေတဲ့လူဆီကိုခေါ်သွားလိမ့်မယ်… ညနေ နေဝင်တာနဲ့ အင်းကွက်စဖော်ကြစို့”

“ ဟုတ်ကဲ့ဆရာ”

သက်ခိုင်တို့လဲ ခြေရာကောက်အင်းမှာပါတဲ့ အရန်အင်းကွက်တွေကို ရေးဆွဲကာအသင့်ပြင်ထားလိုက်ကြတယ်။

ညနေစောင်းတော့ အောင်မြတ်သာက တစ်တောင်ခန့်ရှိတဲ့ ဆီစိမ်စက္ကူကို တောင်နဲ့မြောက်အနေအထားဖြန့်ခင်းပြီး ဆင်စွယ်နဲ့လုပ်ထားတဲ့ကညစ်တံကိုထုတ်ကာ စမအက္ခရာတွေကိုရေးဆွဲပါလေရော။ အတန်ကြာရေးဆွဲပြီးတဲ့အချိန်မှာတော့

“ဒီအင်းက သောနုတ္တရမုဆိုး ဆန္ဒန်ဆင်မင်းနောက်ကိုလိုက်ခဲ့စဉ်က ကျင့်ကြံခဲ့တဲ့နည်းကိုအခြေခံပြီးရေးဆွဲထားတာပဲ… အခု ဖိနပ်ကို အင်းကွက်အလယ်ကလွတ်နေတဲ့နေရာမှာထည့်လိုက်”

သက်ခိုင်လဲ ဖိနပ်ကို အင်းကွက်အလယ်မှာထည့်လိုက်တဲ့အချိန် အောင်မြတ်သာက ဂါထာတစ်ခုကို ၃၇အုပ်ရွတ်ကာ အင်းကိုအသက်သွင်းပါလေရော။

ဂါထာကြောင့်အသက်ဝင်သွားတဲ့ အင်းကွက်တွေအလယ်မှာရှိတဲ့ဖိနပ်ပေါ်ကနေ မီးခိုးရောင်ခြေရာတစ်ခုထွက်လာပြီး လေပေါ်မှာငြိမ်သက်နေခဲ့တယ်။

“ ထူးဆန်းလိုက်တာ… ဖိနပ်ကနေ ခြေထောက်ပုံမီးခိုးထွက်လာပါလား”

အောင်မြတ်သာတို့လဲအသံကြားရာကြည့်လိုက်တော့ မျက်လုံးအပြူးသားနဲ့ အံ့ဩနေတဲ့ တာလပေါကိုမြင်လိုက်ရတယ်။

“ ဆရာ သူကဒီပုံရိပ်ကိုမြင်နေပါလား”

တောက်ရ စကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ တာလပေါကိုလက်ယက်ခေါ်ကာ

“ မင်းနဲ့ငါ ဒီခြေထောက်ပုံအနောက်ကိုလိုက်ရမယ်…ဘယ်လိုလဲလိုက်ရဲလား”

“လိုက်ရင် သမထတက်အောင် သင်ပေးမှာလား”

“ သေချာတာပေါ့ … ဒီည ငါတို့လုပ်ရမယ့်ကိစ္စအောင်မြင်တာနဲ့ မင်းအရမ်းလိုချင်နေတဲ့ နည်းကိုသင်ပေးမယ်”

“ ဒါဆိုလိုက်မယ်ဗျာ… အခုဘယ်ကိုသွားမှာလဲ”

“ ငါတို့က ခြေထောက်ပုံအနောက်ကိုလိုက်သွားရုံပဲ… တစ်ခုတော့ရှိတယ်.. ဒီခရီးမှာ မင်းက င့ါစကားကို တစ်သွေမတိမ်းလိုက်နာဖို့တော့လိုမယ်”

အောင်မြတ်သာစကားအဆုံးမှာ တာလပေါက ရင်ဘတ်ကိုပုတ်ပြပြီး

“ စိတ်ချပါ ကျုပ်က ခင်ဗျားပြောတဲ့အတိုင်းလုပ်မှာ”

“ဒါဖြင့် ခြေရာကောက်အင်းနောက်ကိုလိုက်ကြတာပေါ့”

အောင်မြတ်သာစကားအဆုံးမှာ မီးခိုးငွေ့လိုဖြစ်နေတဲ့ခြေရာက အရှေ့ဘက်စူးစူးကိုရွေ့လျားသွားခဲ့တယ်။

တာလပေါကလဲ အောင်မြတ်သာရဲ့လှုပ်ရှားမှုအတိုင်း တစ်ထပ်ထဲတူအောင်လုပ်ပြီး အနောက်ကနေလိုက်ပါလာခဲ့တယ်။ ညအမှောင်ထဲမှာ မီးတုတ်မပါပဲသွားနေပေမယ့် လမ်းကိုကောင်းစွာမြင်နေရတာကို တာလပေါသတိထားမိခဲ့တယ်။ ဒါပေမယ့် မခိုင်းပဲဘာမှမလုပ်ရဘူးလို့မှာထားတဲ့အတွက် သိချင်စိတ်ကိုမြိုသိပ်ကာ အနောက်ကနေထပ်ချပ်မကွာလိုက်ပါလာခဲ့တယ်။

အောင်မြတ်သာတို့ ခြေထောက်ပုံရိပ်နောက်ကို တစ်နာရီနီးပါးလောက်လိုက်ပြီးတဲ့အချိန်မှာတော့ ဆိုင်းသံဗုံသံနဲ့အတူ မီးအလင်းရောင်အချို့ကိုမြင်လိုက်ရတယ်။

“ တာလပေါ.. ဒီကနေစပြီး ဘယ်သူပဲစကားလာပြောပြော ပြန်မပြောမိစေနဲ့… မင်းတာဝန်က တောက်ထွန်းကိုတွေ့တာနဲ့ သူ့ရဲ့နားရွက်ကိုမလွတ်တမ်းဆွဲပြီး လာရာလမ်းအတိုင်းပြေးပေတော့… ဘာသံကြားကြား လုံးဝအနောက်ကိုလှည့်မကြည့်နဲ့ ကြားလား”

အောင်မြတ်သာစကားကြောင့် တာလပေါက ပါးစပ်ကိုလက်နဲ့အုပ်ကာ ခေါင်းညိမ့်ပြပြီး အရှေ့မှာရှိတဲ့ ပွဲခင်းထဲကို ဆက်သွားခဲ့ကြတယ်။ အောင်မြတ်သာတို့ပွဲခင်းအစပ်ကိုရောက်တာနဲ့ ဆိုင်းသံဗုံသံတွေအပြင် ကလေးငယ်တွေဆော့ကစားသံ၊ လူတွေစကားပြောသံတွေက ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တယ်။

ပွဲခင်းထဲမှာရှိနေတဲ့လူတွေအားလုံးက မတိုင်ပင်ထားပဲအောင်မြတ်သာတို့ရှိတဲ့ဘက်ကိုခေါင်းလှည့်ကြည့်ပေမယ့် ယောင်္ကျားတစ်ယောက်ကတော့ လှည့်မကြည့်ပဲ ပွဲကြည့်စင်ကိုသာ ငေးမောနေတာမြင်လိုက်ရတယ်။

“ ငါတို့ကိုလှည့်မကြည့်တဲ့သူကို ခေါ်ပြီးပြေးတော့”

အောင်မြတ်သာစကားအဆုံးမှာ တာလပေါက ပွဲခင်းထဲမှာငေးနေတဲ့သူရဲ့နားရွက်ကိုဆွဲကာပြေးပါလေရော။ တာလပေါရဲ့ရုတ်ချည်းအပြုအမူကြောင့် ပွဲခင်းထဲမှာရှိတဲ့လူတွေအကုန်အံ့အားသင့်နေရာနေရာကနေ သတိဝင်လာပြီး အနောက်ကလိုက်ဖို့ထလိုက်တဲ့အချိန် အောင်မြတ်သာကအရှေ့ကနေ ဝင်ရပ်ပြီး မြင်ကွင်းအားလုံးကို လက်ဝါးနဲ့သပ်ချလိုက်ရာ စည်ကားနေတဲ့ပွဲခင်းပုံစံကနေ မီးလောင်ထားတဲ့ အိမ်ငုတ်တိုတွေအဖြစ်ပြောင်းသွားခဲ့တယ်။

ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့သူတွေကလဲ မီးလောင်ဖုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ နာနာဘာဝတွေအဖြစ်ပြောင်းသွားပြီး အောင်မြတ်သာအနားကို စုပြုံရောက်လာခဲ့တယ်။

“ လက်စသတ်တော့ ဒင်းတို့က ကျတ်သူယောင်တွေပါလား”

အောင်မြတ်သာက တီးတိုးရေရွတ်ပြီး မြေကြီးကို လက်ညိုးထိပ်နဲ့စည်းဝိုင်းထားလိုက်တယ်။
(မှတ်ချက်။ ရွှေရင်ကျော်ဆရာများသည် လက်ညိုးထိပ်တွင်ပညာသိမ်းပြီး ၊အင်းတော်ကြီးဂိုဏ်း(အမည်လွှဲ)ဝင်တွေကတော့ လက်ဆယ်ချောင်းလုံးတွင်ပညာသိမ်းပါသည်)

ကျတ်သူယောင်တွေလဲ အောင်မြတ်သာအနားကိုကပ်မရတဲ့တိုင် ဇွဲမလျော့ပဲ စည်းဝိုင်းပတ်ပတ်လည်မှာထွက်ပေါ်မရှိအောင် ဝန်းရံထားခဲ့ကြတယ်။

“ ကျတ်သူယောင်တွေ ကျုပ်က သင်တို့ဖျားယောင်းထားတဲ့လူကိုလာခေါ်ရုံသက်သက်ပါပဲ… သင်တို့ကိုလဲ ဒုက္ခမပေးချင်သလို ထိခိုက်နာကျင်အောင်လဲမလုပ်လိုပါ…ဒါကြောင့် ကျုပ်အနားကနေထွက်သွားကြဖို့မေတ္တာရပ်ခံပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ဝိုင်းထားတဲ့ နာနာဘာဝတွေထဲကနေ မီးလောင်နေတဲ့ဆံပင်ကို လက်နဲ့ထုံးရင်း ထွက်လာတဲ့ မိန်းမတစ်ယောက်က

“ နင်က ငါတို့နေရာကိုလာပြီး အမိန့်လာပေးနေပါလား… ဒီနေရာက ငါတို့အိမ်၊ ငါတို့ကဒီမှာမွေးပြီး ဒီမှာပဲသေခဲ့ကြတာ..ဒီတော့နင့်အမိန့်ကို ငါတို့မလိုက်နာဘူး… နင်လဲစည်းထဲကထွက်မရပဲသေစေရမယ်ဟေ့” လို့ကြိမ်းဝါးပြောဆိုခဲ့တယ်။

အောင်မြတ်သာလဲ သုံးကြိမ်တိတိမေတ္တာရပ်ခံပေမယ့် မရတဲ့အဆုံး ဂိုဏ်းရဲ့အောက်ဆုံးနတ်ဖြစ်တဲ့ သရဝယက္ခနဲ့ ဗနတ္တယက္ခနှစ်ပါးကိုအမိန့်ပြန်ကာခေါ်စေပြီး ဆုံးမစေခဲ့တယ်။

ကျတ်သူယောင်တွေလဲ အစွယ်တစ်ဖွေးဖွေး၊ အမွှေးစုတ်ဖွားနဲ့ကြောက်မက်ဖွယ်ယက္ခညီနောင်ရဲ့ ထုထောင်းရိုက်နှက်တဲ့ဒဏ်ကိုမခံနိုင်ပဲ ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။

“ မီးလောင်နေတဲ့ဆံထုံးနဲ့မိန်းမကို ဖမ်းပြီးခေါ်လာစေ”

အောင်မြတ်သာစကားအဆုံးမှာ ယက္ခညီနောင်က မီးလောင်ပြင်ထဲကိုဝင်ပြေးဖို့ကြိုးစားနေတဲ့ ဆံထုံးနဲ့မိန်းမကို လိုက်ဖမ်းကာတရွတ်တိုက်ခေါ်ဆောင်လာခဲ့တယ်။

“ သင်က ဆေးဆရာရဲ့သားကို သွေးဆောင်ဖမ်းခေါ်လာတဲ့သူလား”

မျက်နှာတစ်ခုလုံး အသားနီတွေလန်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မိန်းမက

“ သူ့အဖေက ငါ့သမီးကို ဆေးသေချာမကုပေးလို့ သွားပြောတာ သူကငါ့ယောင်္ကျားကိုပါသတ်လိုက်တာလေ..ဒါကြောင့် သူ့ကိုသတ်ဖို့ ရွာထဲကိုခေါ်လာခဲ့တာ”

“ အိမ်း သင်တို့ရဲ့ခံစားချက်ကိုနားလည်ပေမယ့် ကျတ်သူယောင်တွေဆိုတာ လူတွေနေတဲ့အရပ်ကိုသွားမရဘူးလေ.. သင်တို့က သွားတော့ အခုလိုမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတာပေါ့”

အောင်မြတ်သာစကားကို အရှေ့မှာပဆစ်တုပ်ထိုင်နေတဲ့မိန်းမက ဘာမှပြန်မပြောပဲ ခေါင်းငိုက်စိုက်ကာ နေနေခဲ့တယ်။

“ ကဲကဲ သင်တို့လဲ နောက်တစ်ခါ လူတွေနေတဲ့အရပ်ကိုမသွားနဲ့ကြားလား… သင်တို့နေတဲ့အရပ်ကို လူတွေမတော်တဆရောက်လာခဲ့ရင်လဲ ကြောက်လန့်ရုံသာ ခြောက်လန့်ကြ… အခုသင်တို့ကျူးလွန်တဲ့အပြစ်ကို စတုမဟာရာဇ်နတ်တွေသိသွားရင် ဘာဖြစ်မလဲသိလား”

“ သိ …သိပါတယ်…”

“ အေး သိတယ်ဆိုရင် နောက်မလုပ်မိစေနဲ့ .. ယက္ခညီနောင်လဲ သူ့ကိုလွှတ်ပေးပြီး မိမိနေထိုင်ရာဘုံနန်းကိုပြန်ကြွကြပါ”

အောင်မြတ်သာစကားအဆုံးမှာ ကျတ်သူယောင်မိန်းမဘေးမှာရပ်နေတဲ့ ယက္ခညီနောင်ပျောက်ကွယ်သွားခဲ့တယ်။

“ သင်လဲ ကိုယ့်နေရာကိုယ်ပြန်တော့… နောက်ဒီလိုအမှားမျိုးထပ်မလုပ်နဲ့”

ကျတ်သူယောင်မိန်းမလဲ အောင်မြတ်သာအရှေ့ကနေ ခေါင်းငုံ့ထွက်သွားပြီး မီးလောင်ထားတဲ့အိမ်ငုတ်တိုတွေကြားထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
+++++++++

“တောက်ထွန်းကို တာလပေါကယ်ခဲ့တယ်”ဆိုတဲ့သတင်းက နေထန်းတစ်ဖျားမရောက်ခင်မှာပဲ တစ်ရွာလုံးပျံ့သွားခဲ့တယ်။

“ ကျွန်တော် ထန်းတောထဲသွားတော့ လမ်းမှာ မိန်းမတစ်ယောက်ကိုတွေ့ခဲ့တယ်၊ ဆံပင်တွေက ဒူးဆစ်လောက်ထိရှည်နေပြီး အတော်ကိုချောတယ်ဗျာ၊ ကျွန်တော်လဲ သူ့ကိုငေးကြည့်မိတဲ့အချိန်ထိပဲသတိရတယ်၊ အဲဒီနောက်ပိုင်း အိမ်မက်လိုလိုတကယ်လိုလိုဖြစ်နေခဲ့တာ၊ တာလပေါက ကျွန်တော်နားရွက်ကိုလာဆွဲတဲ့အချိန်မှသတိရပြီး ထွက်ပြေးလာခဲ့တာ”

တောက်ထွန်းစကားကိုနားထောင်နေတဲ့ လူကြီးလူငယ်တွေက
“ မင်းကို မကောင်းတဲ့နာနာဘာဝတွေ သွေးဆောင်ခဲ့တာပေါ့… မသေကောင်းမပျောက်ကောင်း တောက်ထွန်းရာ”

“ ဟုတ်တယ်ဗျ ကျွန်တော်အသက်က တာလပေါ ပေးတဲ့အသက်ပဲရှိပါတော့တယ်”

“ ဒါနဲ့ တာလပေါ တစ်ယောက်မတွေ့မိပါလား”

“ တောက်ထွန်းကိုခေါ်လာပြီးထဲက မတွေ့တော့တာ … ဘယ်များသွားနေပါလိမ့်”

ရွာသားတွေရော တောက်ထွန်းပါ တာလပေါကို လိုက်ရှာခဲ့ကြပေမယ့် အစနပင်မတွေ့ဖြစ်ခဲ့ရတယ်။
+++++++++++

လူခြေတိတ်ဆိတ်နေတဲ့ စေတီပျက်တစ်ခုမှာတော့ အောင်မြတ်သာ၊ သက်ခိုင်၊ တောက်ရတို့အပြင် စိပ်ပုတီးကို လည်ပင်းမှာဆွဲထားတဲ့ တာလပေါတို့ရှိနေခဲ့တယ်။

“ ပုတီးစိပ်တဲ့အခါ မင်းရဲ့စိတ်က ပုတီးလုံးတွေအပေါ်မှာပဲရှိနေရမယ်… တစ်ဖက်ကဆွဲတယ်.. တစ်ဖက်ကချတယ် .. စိတ်ကအဲဒီမှာမရှိပဲ အခြားနေရာရောက်သွားတာနဲ့ အစကပြန်စ…ဒီနည်းအတိုင်းကျင့်လို့ ၁၈ပတ်တိတိ စိတ်ကဘယ်မှမရောက်ဘူးဆိုရင် မင်းသမထတက်ပြီ”

“ အဲလိုလား ကျုပ်က ပုတီးစိပ်တဲ့အခါ မြင်ရကြားရတဲ့နောက်ကိုလိုက်သွားတာပဲ”

“ အမြင်အကြားတွေနောက်ကိုလိုက်ရင် ရူးသွားတတ်တယ်.. ဒါကြောင့် ဘာပဲမြင်မြင် ဘာပဲကြားကြား လုံးဝဖြတ်ချ… ဒီအဓိဌာန်၁၈ပတ်အောင်တဲ့နေ့ မင်းသမထ တက်တဲ့နေ့ပဲ”

“ ဟုတ်ပီ ကျုပ် ကြိုးစားမယ်…. ကျုပ်သမထတက်တဲ့အချိန်ထိ ရှိနေပေးမယ်မဟုတ်လား”

တာလပေါစကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ ပြုံးပြီးကြည့်နေခဲ့တယ်။

မကြာမီ စေတီပျက်အပေါ်မှာ တာလပေါရဲ့ ပုတီးစိပ်သံတစ်ဂျောက်ဂျောက်ထွက်ပေါ်လာခဲ့သလို စေတီအောက်ခြေမှာလဲ အောင်မြတ်သာတို့ရဲ့ခြေသံကတစ်ရှပ်ရှပ်ထွက်ပေါ်လာခဲ့တယ်။
+++++++++

“ ဆရာက တာလပေါကို ခေါ်သွားတဲ့အကြောင်းရင်းကို ကျွန်တော်သိပြီ”

လမ်းလျောက်နေရင်းပြောလိုက်တဲ့ တောက်ရအသံကြောင့် အောင်မြတ်သာက အနောက်လှည့်ကြည့်ရင်း

“ ဘယ်လိုသိတာလဲပြောပါဦး”

“ တာလပေါက သာမန်လူမဟုတ်ဘူးဆိုတဲ့အချက်ရယ်… အချိန်တန်ရင်ရွာကိုပြန်သွားနိုင်တယ်ဆိုတဲ့အချက်ကိုတွဲပြီးစဉ်းစားလိုက်ရင် ဆရာက သူ့ကိုရွာခံလူတွေ လေးစားအောင် တမင်တကာဆွဲထည့်လိုက်တယ်လို့ပဲမြင်တယ်”

တောက်ရစကားကို အောင်မြတ်သာက မှန်တယ်လဲမပြော မှားတယ်လဲမပြောပဲ နှစ်ခြိုက်စွာပြုံးရင်းဆက်ထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့ စေတီပျက်ကနေထွက်လာပြီးနောက်ပိုင်း နွယ်ချိုပင်တွေပေါများတဲ့ ပန်းနွယ်ရွာကိုရောက်လာခဲ့တယ်။

ပန်းနွယ်ရွာရဲ့အနောက်ဘက်ချောင်းထဲကနေ မထင်မှတ်ပဲရလာတဲ့ ကျောက်လက်ဝါးတစ်ခု၊ ဒီအရာကြောင့် ရွာမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေပေါ်ပေါက်လာမလဲ၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ဆရာတပည့်တွေက ဘယ်လိုကူညီပေးကြမလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့် မှော်ကျောက်လက်ဝါး”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦးဗျာ။

လေးစားစွာဖြင့်
ဇေယန(ရာမည)