သေရွာပြန်ဖိုးဒေါင်း

သိချင်လို့ ရောက်လာတာ”

“ ဟေ့ကောင်လေး… မင်းတို့မနက်ဖြန် မျက်နှာမသစ်ချင်တော့ဘူးထင်တယ် အဟီးအဟီး”

“ ဒါဆိုလဲ စမ်းကြည့်ပေါ့ဗျာ”

အနက်ရောင်ဂျာကင်ဝတ်ထားတဲ့လူငယ်ရဲ့ စကားကြောင့် ဖိုးဒေါင်းက ကွမ်းဂျိုးတွေနဲ့မဲနေတဲ့ သွားပေါ်အောင်ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်တယ်။

အားပါပြင်းထန်တဲ့လက်သီးက ဂျာကင်ဝတ်လူငယ်ရဲ့ မျက်နှာနားကနေ ဝှီးခနဲ ဖြတ်သွားတာကြောင့် ဖိုးဒေါင်းကိုယ်ရှိန်သတ်လိုက်ပြီး ဘေးကိုပြန်လှည့်ကြည့်လိုက်တယ်။

“ ဘယ်လိုလဲဗျ… ကျုပ်ကိုထိအောင်လဲမထိုးနိုင်ပါလား”

ခနဲ့တဲ့တဲ့စကားကြောင့် ဖိုးဒေါင်းမျက်နှာရဲခနဲဖြစ်သွားပြီး ရပ်နေတဲ့လူရဲ့ ခန္ဓာကိုယ်အနှံ့ကို လက်သီးချက်တွေပစ်သွင်းလိုက်တယ်။

ဖိုးဒေါင်းရဲ့လက်သီးချက်တွေကို ရပ်နေတဲ့လူက ခန္ဓာကိုယ်ယိမ်းနွဲ့ပြီးရှောင်တိမ်းနေရာကနေ ပင့်လက်သီးတစ်ချက် မေးရိုးအောက်ကို ဝင်လာခဲ့တယ်။

ပြင်းထန်လှတဲ့လက်သီးချက်ကြောင့် ဖိုးဒေါင်း မေးရိုးတစ်ချောင်းလုံး ကျင်တက်သွားပြီး လူက အနောက်ကိုယိုင်ကျသွားခဲ့တယ်။

“ လုပ်စမ်းပါဦး သေရွာပြန်ကြီးရဲ့…”

“ ဒီခွေးမသားတော့… ရော့ကွာ”

ဖိုးဒေါင်းက မျက်လုံးတွေ ပြာဝေလာတဲ့အထိ တရစပ်လိုက်ထိုးပေမယ့် အနက်ရောင်ဂျာကင်ဝတ်ထားတဲ့လူကို တစ်ချက်မှမထိပဲ သူကိုယ်တိုင်သာမောလာခဲ့တယ်။ သောက်ထားတဲ့အရက်ရှိန်ကလဲ ကုန်စပြုလာတာမို့ ဖိုးဒေါင်းရဲ့ လက်ရှိန်က ထင်သလောက်မသွက်တော့ပဲ နှေးကွေးလာတဲ့အချိန် ဂျာကင်ဝတ်လူငယ်ရဲ့ လက်သီးချက်တွေက ခန္ဓာကိုယ်အနှံ့ကိုကျရောက်လာခဲ့တယ်။

“ ခွပ်”

ပါးစောင်ရိုးကိုလက်သီးနဲ့ထိတဲ့အသံနဲ့အတူ ဖိုးဒေါင်းတစ်ယောက် ဇရပ်ကြမ်းပြင်ပေါ်မှာ ဗိုင်းခနဲလဲကျသွားခဲ့တယ်။

“ အဟက်အဟက်… သေရွာပြန်ဖိုးဒေါင်းဆိုပြီး နာမည်ကြီးနေတာ တကယ်တော့အလကားပါလား”

ဖိုးဒေါင်းက သူ့ကိုငုံ့ကြည့်ကာ ပြောနေတဲ့ လူငယ်ကို ကြည့်ပြီး နှုတ်ခမ်းဖျားကနေ စီးကျလာတဲ့ သွေးစတွေကို သုတ်ယူကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်တယ်။

“ အဟား အဟား.. မင်းတို့ ငါ့ကိုသွေးထွက်အောင်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ညကျရင်သိရလိမ့်မယ်၊ ကောင်လေးတွေ မင်းတို့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ”

“ ဟေ့ကောင် ငတိုး… ဒီလူကြီး သွေးရူးသွေးတန်းနဲ့ ဘာတွေပြောနေလဲမသိဘူး”

“ ထားလိုက်ပါ ခန့်မော်ရာ၊ ဒီလောက်ဆို သူလဲ မှတ်လောက်ပြီထင်ပါတယ်”

“ ဟေ့လူ… နောက်တစ်ခါ ကျုပ်တို့အရှေ့မှာ ဘယ်သူ့ကိုမှ နိုင်ထက်စီးနင်းမလုပ်မိစေနဲ့၊ ကြားလား”

ခန့်မော်ရဲ့စကားကိုကြားတော့ ဖိုးဒေါင်းက ဘာမှပြန်မပြောပဲ ငုတ်တုတ်ထထိုင်ကာ ရယ်မောနေတာကိုမြင်လိုက်ရတယ်။

“ ခန့်မော်… သွားကြရအောင်၊ ငါတို့ကိုစောင့်နေကြတဲ့သူတွေကိုအားနာနေရဦး မယ်”

ငတိုးစကားကြောင့် ခန့်မော်က ဂျာကင်အင်္ကျီကို ဇစ်ဆွဲတင်ကာ ဇရပ်ပေါ်ကနေ ဆင်းသွားတဲ့အချိန် ဇရပ်ထုပ်တန်းပေါ်ကနေ အရိပ်မဲတစ်ခု ဇောက်ထိုးဆင်းလာတာကို ဖိုးဒေါင်းမြင်လိုက်ရတယ်။

+++++++

“ ဖြောင်း ဖြောင်း ဖြောင်း”

လက်ခုပ်တီးသံတွေ ထွက်ပေါ်လာတဲ့ ခန်းမအလယ်မှာတော့ ရွှေရောင်လည်ဆွဲကိုဝတ်ဆင်ထားတဲ့ ခန့်မော်က ခန့်ခန့်ကြီးရပ်နေခဲ့တယ်။

“ ဒီနှစ် ရိုးရာလက်ဝှေ့မှာ ရွှေတံဆိပ် ရယူပေးခဲ့တဲ့အတွက် ဆရာတို့အနေနဲ့ အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်၊ နောင်နှစ်တွေလဲ မြို့ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါဦး”

“ စိတ်ချပါဆရာ… ကျွန်တော်က ဒီမြို့မှာမွေးခဲ့တဲ့သူမို့လို့ မြို့ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ဖို့ ကြိုးစားပေးပါ့မယ်”

“ ညကျရင် ရွှေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ပြုပွဲလေးတစ်ခုစီစဉ်ထားတယ်”

“ လာရမှာပေါ့ဗျာ… ဒီညတော့ နည်းနည်းသောက်လို့ရတယ်မဟုတ်လား”

ခန့်မော်က ရယ်ကျဲကျဲလုပ်ရင်းပြောလိုက်တော့ နည်းပြဆရာက မကြည်တဲ့အကြည့်နဲ့ လှမ်းကြည့်တာကိုမြင်လိုက်ရတယ်။

+++++

ခြံဝင်းကျယ်ထဲမှာ ကျင်းပတဲ့ဂုဏ်ပြုညစာစားပွဲမှာတော့ ခန့်မော်တစ်ယောက် အပျော်လွန်နေခဲ့သလို သောက်ထားတဲ့အရက်ရှိန်ကလဲ တစ်ဖြေးဖြေးတက်လာခဲ့တယ်။

“ ခန့်မော်… မင်း သောက်တာများနေပြီနော်”

“ ငတိုး… ငါ မများသေးပါဘူးကွ၊ လမ်းကောင်းကောင်းလျောက်နိုင်ပါတယ်”

“ မင်းအိမ်ရောပြန်နိုင်ရဲ့လား…”

“ ပြန်နိုင်ပါတယ်… ငါ့ဆိုင်ကယ်သော့ မင်းကိုပေးထားတယ်မဟုတ်လား”

“ အင်း…မင်းပြန်ရမယ့်အချိန်ကိုလဲကြည့်ဦး၊ နောက်ကျနပြီ”

“ အေးပါ… ခဏနေ ငါပြန်တော့မှာ”

ခန့်မော်လဲ ငတိုးဆီက ဆိုင်ကယ်သော့တောင်းပြီး လူကြီးတွေကို နှုတ်ဆက်ကာ ပြန်ထွက်လာတဲ့အချိန် ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ ငတိုး… ငါ့ဆိုင်ကယ်မှာ ဘယ်သူထိုင်နေတာလဲ”

“ ဟင်… ဘယ်သူမှမရှိပါဘူး၊ ဟေ့ကောင် မင်းမူးနေတာ သေချာပြီ၊ ငါပြန်လိုက်ပို့ပေးမယ်”

“ မမူးပါဘူးကွ… ငါမျက်စိမှားတာဖြစ်မှာပါ”

ခန့်မော်က ဆိုင်ကယ်ကိုသော့ဖွင့်ပြီး စက်နှိုးလိုက်တဲ့အချိန် ဘေးကိုယိုင်သွားတာကြောင့် ငတိုးမနေသာတော့ပဲ ဆိုင်ကယ်ပေါ်တက်ခွလိုက်တယ်။

“ ဟေ့ကောင်… ငါမင်းကိုပြန်ပို့ပေးမယ်၊ ထပ်မရစ်နဲ့”

ငတိုးက အရက်မသောက်ထားတာမို့ ခန့်မော်ကို အနောက်ပြောင်းထိုင်ခိုင်းပြီး ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်မောင်းကာ ထွက်လာခဲ့လိုက်တယ်။

ခန့်မော်နေတဲ့အိမ်က မြို့အစွန်ဘက်ကျတာမို့ ကားလမ်းမအတိုင်းမမောင်းတော့ပဲ မြို့ပတ်လမ်းကနေ မောင်းထွက်လာခဲ့ရာ ထန်းခြောက်ပင်သင်္ချိုင်းဟောင်းနေရာရောက်တော့ ဆိုင်ကယ်အရှိန်က တစ်ဖြေးဖြေးလျော့လာတာကို သတိထားမိခဲ့တယ်။

“ ‌ခန့်မော်… မင်းဆိုင်ကယ်က သိပ်လဲမပြေးပါလား”

“ ပြေး.. ပြေးပါတယ်ဟ၊ မင်း လီဗာမဆွဲဘူးထင်တယ်”

“ မဟုတ်ဘူးနော်… ငါလီ‌ဗာအကုန်ဆွဲထားတာကွ”

ငတိုးက ခန့်မော်ကိုလှမ်းပြောရင်း နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ခန့်မော်ရဲ့အနောက်မှာ လူတစ်ယောက် နောက်ပြန်ထိုင်စီးလာတာကိုမြင်လိုက်ရတယ်။

“ ခန့်မော်… မင်းအနောက်မှာ ဘယ်သူကြီးလဲ”

ငတိုးရဲ့အလန့်တကြားအော်သံကြောင့် နောက်ပြန်ထိုင်စီးလာတဲ့သူရဲ့ ခေါင်းကအရှေ့ဘက်ကို လည့်ကြည့်လာသလို သစ်ကိုင်းခြောက်လို ပိန်ကပ်နေတဲ့ လက်တစ်ဖက်က ခန့်မော်ရဲ့ လည်ပင်းဆီကို ရောက်လာခဲ့တယ်။

အေးစက်စက်အထိတွေ့ကြောင့် ခန့်မော်တစ်ယောက် အလန့်တကြားအော်လိုက်သလို ငတိုးရဲ့ဆိုင်ကယ်ကလဲ လမ်းဘေးကို ထိုးကျသွားခဲ့တယ်။

မကြာခင်အချိန်အတွင်း မြို့ပတ်လမ်းထဲကနေ ကြောက်မယ်ဖွယ်အော်သံအချို့ထွက်ပေါ်လာခဲ့တာကို အနီးနားမှာနေသူအချို့ ကြားလိုက်ရတယ်။

+++++++

မိုးတစ်ဖွဲဖွဲကျနေတဲ့ မနက်ခင်းမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် အရိပ်ခိုဖို့နေရာလိုက်ရှာရင်း လမ်းလျောက်လာခဲ့ရာ မီးခိုးတလူလူထွက်နေတဲ့ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ရှေ့ကိုရောက်လာခဲ့တယ်။

“ မိုးက ဒီထက်ပိုရွာဖို့များလိမ့်မယ်ထင်တယ်၊ လောလောဆယ် ဒီဆိုင်ထဲဝင်ခိုရင်ကောင်းမလားလို့”

ခွန်းလှစကားမဆုံးခင်မှာပဲ တဝေါဝေါနဲ့ အော်မြည်လာတဲ့မိုးသံကြောင့် နှစ်ယောက်သား မုန့်ဟင်းခါးဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်။

“ အစ်မရေ.. မုန့်တီဖတ်ကို သက်သက်လွတ်သုပ်ပေးလို့ရလား”

“ ရတယ်လေ မောင်လေး၊ ပဲကြော်ရော ထည့်ဦးမလား”

“ ထည့်မယ်ဗျ… နှစ်ပွဲလုပ်ပေး”

မောင်ကောင်းတို့လဲ မုန့်တီဖတ်သုတ်ကိုစောင့်နေတဲ့အချိန် ဆိုင်ထဲကို မိန်းမတစ်ယောက်ဝင်လာပြီး

“ စိန်တင်… မနေ့ကသတင်းကြားပြီးပြီလား”

“ ဘာသတင်းလဲပြောပါဦး”

“ ဖိုးဒေါင်း နင့်ဆီက မုန့်ဟင်းခါးလာတောင်းတဲ့နေ့က ဒီခုံမှာထိုင်နေတဲ့ ကောင်လေးနှစ်‌ယောက်ကို သတိထားမိလား”

“ အော် မှတ်မိပြီ၊ ဖိုးဒေါင်းအကြောင်းမေးတဲ့ နှစ်ယောက်လား”

“ ဟုတ်တယ် ဟုတ်တယ်၊ အဲဒီနှစ်ယောက် မနေ့မနက်က ဆုံးသွားပြီ”

“ ဟင်… ဘယ်လိုဖြစ်ရတာလဲ၊ ကောင်လေးတွေက ငယ်ငယ်လေးပဲရှိသေးတာကို”

“ ငါမနေ့က ဟိုဘက်မြို့ကိုသွားတော့ လမ်းမှာလူတွေအုံနေတာနဲ့ ဘာဖြစ်တာလဲဆိုပြီးသွားကြည့်တာ၊ အဲဒီကောင်လေးနှစ်ယောက်ဖြစ်နေတယ်၊ နှစ်ယောက်လုံး မျက်လုံးတွေပြူးပြီး တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံနဲ့ သေနေတာ”

“ အမလေး… နင်ပြောတဲ့အတိုင်းဆိုရင် ဆန်းထွန်းသေတဲ့အတိုင်းဖြစ်နေတာပေါ့”

“ အေး… ငါ့စိတ်ထင် သူတို့နှစ်ယောက် ဖိုးဒေါင်းနဲ့ ပြဿနာတက်ခဲ့ပြီထင်တယ်”

မောင်ကောင်းနဲ့ ခွန်းလှလဲ မုန့်တီဖတ်သုတ်ကိုစားနေရင်း မိန်းမနှစ်ယောက်ပြောနေတာကို နားစွင့်နေခဲ့တယ်။

“ ငါတော့ ဖိုးဒေါင်းကို လန့်နေပြီ၊ သူနဲ့ပြဿနာတက်တဲ့သူတိုင်း အခုလိုအသေဆိုးနဲ့ သေတာ အမြဲလိုလိုဖြစ်နေတယ်”

“ အေး… နင်လဲ သူမုန့်ဟင်းခါးလာတောင်းရင် အသာတကြည်ပေးလိုက်၊ ပြဿနာတော့အတက်မခံနဲ့”

“ အေးပါ… ငါလဲပြဿနာအတက်မခံပါဘူး၊ နင်အခုဘာစားမလဲ”

“ ဘာမှမစားတော့ဘူး… ဈေးဝယ်စရာရှိသေးလို့ သွားလိုက်ဦးမယ်”

ထီးတစ်ချောင်းနဲ့ဝင်လာတဲ့မိန်းမကြီး ပြန်ထွက်သွားတော့ မောင်ကောင်းက

“ ခုနက အစ်မတို့ပြောတဲ့ ဖိုးဒေါင်းဆိုတဲ့သူက ဘယ်သူများလဲ”

“ ဖိုးဒေါင်းက ဒီမြို့ရဲ့ အော်ကြောလန်၊ ဒါပေမယ့် သူ့ကိုဘယ်သူမှ မပြောရဲဘူး၊ သူနဲ့ထိပ်တိုက်တွေ့တဲ့ သူတိုင်း ခုနကလိုအဖြစ်မျိုးနဲ့သေကြတာပဲ”

“ ဒါဆို သူ့ကိုဖမ်းရမှာပေါ့”

“ အဖြစ်က မင်းတို့ပြောသလောက် မလွယ်ဘူး၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖိုးဒေါင်းနဲ့ ပြဿနာတက်ခဲ့တဲ့ ဆန်းထွန်းဆိုတဲ့ သူတစ်ယောက်ရှိတယ်၊ ဖိုးဒေါင်းက ဆန်းထွန်းကြောင့် နဖူးဟက်တက်ကွဲသွားတာ၊ ဒါပေမယ့် အဲဒီညမှာပဲ ဆန်းထွန်းတစ်ယောက် အိမ်သာရှေ့မှာ မျက်လုံးကြီးပြူးပြီးသေတာပဲ”

“ ဘာဖြစ်လို့သေတာလဲအစ်မ၊ အခြားဒဏ်ရာတွေရောမတွေ့ဘူးလား”

“ မတွေ့ဘူး… ဆရာဝန်ပြောတာကတော့ နှလုံးသွေးရပ်ပြီးသေတာတဲ့”

“ အခုဆို ဖိုးဒေါင်းနဲ့ပတ်သတ်ပြီး သေတဲ့သူ ဘယ်နှစ်ယောက်ရှိပြီလဲအစ်မ”

“ အစ်မသိရသလောက်ကတော့ ငါးယောက်လောက်ရှိပြီထင်တယ်၊မှတ်မှတ်ရရ သူ သေရာကနေ ပြန်ရှင်လာတဲ့နောက်ပိုင်း အခုလိုဖြစ်ရပ်တွေ စတော့တာပဲ”

“ သေရာကနေ ပြန်ရှင်လာတယ် ဟုတ်လား”

“ ဟုတ်တယ်… ဖိုးဒေါင်းအကြောင်း အစ်မပြောတယ်လို့မပြောနဲ့‌နော်၊ နောက်ပြီး မင်းတို့လဲ သူနဲ့မပတ်သတ်မိစေနဲ့”

“ ကျွန်တော်တို့မပြောပါဘူး… စိတ်ချပါ”

“ ဖိုးဒေါင်းက မြစ်ဝကျွန်းပေါ်ဒေသဘက်ကလို့ကြား တယ်၊ သူဒီကိုစရောက်တော့ ဦးဖိုးဝပွဲရုံမှာ ကုန်ထမ်းတဲ့အလုပ်လုပ်ရာကနေ အလုပ်သမားအချင်းချင်း စကားများပြီး ဓါးထိုးခံရတယ်၊ ဆရာဝန်ကတောင် သေပြီလို့ သတ်မှတ်ပြီး အလောင်းကို ရင်ခွဲရုံထဲထည့်ထားတာ၊ နောက်တစ်နေ့မနက်အစောကြီး ရင်ခွဲရုံထဲကနေ တံခါးထုသံကြားလို့ သွားကြည့်တာ ဖိုးဒေါင်းဖြစ်နေတယ်၊ အဲဒီလိုပြန်ရှင်လာတဲ့ နောက်နေ့ပဲ သူ့ကိုဓါးနဲ့ထိုးတဲ့ အလုပ်သမား သေတယ်၊ ပြင်ပဒဏ်ရာမရှိပဲ သေတာနော်၊ နောက်တော့ ထန်းတောထဲမှာ ကျွဲကြီးဆိုတဲ့ မြို့ခံလူမိုက်နဲ့ပြဿနာဖြစ်တယ်၊ အဲဒီနေ့ ညပဲ ကျွဲကြီးသေတယ်၊ နောက်တော့ ဆန်းထွန်းနဲ့ အရက်‌ဆိုင်မှာ ပြဿနာဖြစ်တယ်၊ ဒီတစ်ခါတော့ ဖိုးဒေါင်းကိုရော ဆန်းထွန်းကိုပါ တစ်နေရာစီ ထိန်းသိမ်းထားလိုက်တယ်၊ မနက်ကျတော့ ဆန်းထွန်းသေပြန်ရော၊ အဲဒီထဲက ဖိုးဒေါင်းကို ဘယ်သူမှ ပြဿနာမရှာရဲတော့ဘူး”

“ ထူးဆန်းလိုက်တာ… ဒီလိုဖြစ်စဉ်မျိုး အခုမှကြားဖူးတာပဲ”

“ မောင်လေးတို့လဲ ဖိုးဒေါင်းကို ပြဿနာမရှာကြနဲ့နော်၊ သူ့ကိုတွေ့ရင် အခြားလမ်းကနေသာပတ်သွား၊ အစ်မက စေတနာနဲ့ပြောပြတာ”

“ ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်အစ်မ၊ အခုလိုသိရတော့လဲ ရှောင်လို့ရတာပေါ့၊ ဒါနဲ့ သူက ဘယ်နေရာတွေအလာများလဲ”

“ ဖိုးဒေါင်းက ငတေရဲ့ အရက်ဆိုင်ကိုသွားတာများတယ်၊ အဲဒီဆိုင်ပိုင်ရှင်က သူပြောသလိုရတယ်လေ”

“ ဟုတ်ကဲ့အစ်မ၊ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုဦး”

မောင်ကောင်းတို့လဲ မုန့်ဟင်းခါးဆိုင်ထဲကနေ ထွက်လာပြီးနောက်မှာတော့ ဖိုးဒေါင်းဆိုတဲ့သူအကြောင်းကိုပိုပြီးသိချင်လာတာကြောင့် အရက်ပုန်းရောင်းတဲ့ ငတေရဲ့ဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်။

ဆိုင်ထဲရောက်တော့ အရက်တစ်ပုလင်းမှာပြီး ခွက်နှစ်ခွက်ထဲထည့်ကာ ထိုင်နေကြတဲ့အချိန် မျက်နှာတစ်ခုလုံးဖူးယောင်နေတဲ့ လူတစ်ယောက် ဆိုင်ထဲဝင်လာတာကိုမြင်လိုက်ရတယ်။

“ ငတေ… ငါ့အတွက် အရက်နှစ်လုံးချပေး”

“ ဟုတ် ဟုတ်ကဲ့”

“ အရက်ဖိုးက အကြွေးမှတ်ထားပေးဦး၊ ငါ အခုတစ်လော အလုပ်မရှိသေးလို့”

“ ရပါတယ် ကိုဖိုးဒေါင်းရယ်… အဆင်ပြေမှပေး”

“ ဟေ့ စိုးနိုင်… မင်းတို့ ဘာအမြည်းတွေမှာထားလဲ ငါ့လဲမျှပေးဦး”

ဖိုးဒေါင်းစကားကြောင့် စိုးနိုင်ဆိုတဲ့သူက သူတို့ဝိုင်းမှာရှိတဲ့ အမြည်းအချို့ကိုပန်းကန်တစ်ခုထဲထည့်ကာ လာချပေးခဲ့တယ်။

“ ဒီလူက လူတိုင်းကို မိုက်ကြေးခွဲနေတာပဲ”

“ အင်း… အဖြစ်အပျက်တွေက တိုက်ဆိုင်တာမဟုတ်လို့ ပြဿနာမဖြစ်ချင်တာလဲဖြစ်မယ်”

မောင်ကောင်းတို့စကားပြောနေတဲ့အချိန် ဖိုးဒေါင်းက ထိုင်ရာကနေ ထလာတာကိုမြင်လိုက်ရတယ်။

“ ခွန်းလှ ဟိုကောင် ငါတို့ဘက်လာနေပြီ၊ အလိုက်သင့်နေ”

“ အဟမ်း…မင်းတို့ကို အရင်ကဒီဆိုင်မှာ မမြင်ဖူးဘူး၊ ဧည့်သည်တွေလား”

“ ဟုတ်ပါတယ်… ကျွန်တော်တို့က ဧည့်သည်တွေပါ”

“ ဒါဆို မင်းတို့ငါ့ကိုမသိဘူးပေါ့”

“ ကိုဖိုးဒေါင်းအကြောင်း သိသင့်သလောက်သိထားပါတယ်… အခုမှသိတာဆိုတော့ နှုတ်မဆက်ရဲလို့ပါ”

“ ဟက်ဟက်…နောက်ဆို ငါ့ကိုနှုတ်ဆက်ဖို့မမေ့နဲ့”

ဖိုးဒေါင်းက စားပွဲပေါ်တင်ထားတဲ့အရက်ပုလင်းကို မော့ချလိုက်ပြီး သူထိုင်တဲ့စားပွဲဘက်ကို ပြန်ထွက်သွားခဲ့တယ်။

“ ခွန်းလှ … မင်း ဖိုးဒေါင်းကို ပြဿနာသွားရှာလိုက်”

“ ဗျာ…”

“ မြို့ခံလူတွေ ပြောတဲ့အတိုင်း တကယ်ဟုတ်မဟုတ် သိရအောင်လို့”

“ ပြဿနာကဘယ်လိုရှာရမလဲ… ကျွန်တော် မရှာတတ်ဘူးဗျ”

“ သူသောက်နေတဲ့အရက်ခွက်ကို ပစ်ထုတ်တာတို့၊ အမြည်းပန်းကန်ကိုလုစားတာတို့လုပ်လေကွ”

“ အဲလိုလုပ်လို့ ဟိုက တကယ်ထထိုးရင်ကော”

“ မင်း ကိုယ်ခံပညာနည်းနည်းပါးပါး မတတ်ဘူးလား”

“ ဘုန်းကြီးကျောင်းမှာနေတုန်းက ကပ္ပိယကြီးဆီက နည်းနည်းပါးပါးသင်ထားတာတော့ရှိတယ်၊ ဒါပေမယ့် အဆင်မပြေလောက်ဘူးထင်တယ်နော်”

“ ပြေပါတယ်ကွ… မင်းကို ငါယုံတယ်”

မောင်ကောင်းက ခွန်းလှပခုံးကို ပုတ်ကာ အားပေးလိုက်ပြီး ဖိုးဒေါင်းထိုင်နေတဲ့ဘက်ကို အရက်နဲ့လှမ်းပက်လိုက်တယ်။

လျှပ်တပြက်ဖြစ်သွားတာမို့ ဖိုးဒေါင်းက သူ့ကိုအရက်နဲ့ပက်တဲ့သူကို လှည့်ကြည့်လိုက်ရာ အရက်ခွက်ကိုင်ပြီးရပ်နေတဲ့ ခွန်းလှကိုမြင်လိုက်ရတယ်။

“ ကျွန်တော် … ကျွန်တော် ပက်တာမဟုတ်..”

ခွန်းလှက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောပြီး လှည့်ကြည့်လိုက်ရာ မောင်ကောင်းကို မတွေ့ရတော့တာကြောင့်

“ ဒီလူကတော့ ငါ့ကို မွှေပြန်ပြီ”လို့ရေရွတ်ကာ အရက်ခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။

ဖိုးဒေါင်းလဲ လူကြားထဲ သူ့ကိုအရှက်ခွဲသလိုဖြစ်သွားတာကြောင့် ခွန်းလှရှိတဲ့ဘက်ကို ဒေါသတစ်ကြီးနဲ့ လျောက်လာတဲ့အချိန် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တယ်။

အဲဒါကတော့ ဖိုးဒေါင်းအနားမရောက်ခင်မှာပဲ ခွန်းလှက အရက်ခွက်နဲ့ မျက်နှာကိုကောက်ပေါက်ကာ ဆိုင်အပြင်ကိုပြေးထွက်သွားခဲ့တယ်။

အပြင်ရောက်တော့ ပုဆိုးတိုတိုဝတ်ပြီး ရပ်စောင့်နေတဲ့မောင်ကောင်းကိုမြင်လိုက်ရတာ ကြောင့်

“ အစ်ကိုရေ… ပြေးတော့ဗျ၊ ဟိုလူကြီးကို ရန်စခဲ့ပြီးပြီ” လို့အော်ကာ နှစ်ယောက်သား ပြေးကြပါလေရော။

ဖိုးဒေါင်းလဲ သူ့ကို တမင်တကာ ခွက်နဲ့ပေါက်သွားတဲ့ ခွန်းလှတို့နောက်ကိုပြေးလိုက်လာရာ ဇောတိကာရာမဘုန်းကြီးကျောင်းအနောက်ဘက်အရောက်မှာတော့ နှစ်ယောက်သား ပိတ်မိသွားခဲ့တယ်။

“ အစ်ကို ပြေးဖို့နေရာမရှိတော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ”

“ ပြေးဖို့နေရာမရှိရင်တော့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပေါ့”

“ ဗျာ…”

ခွန်းလှက တအံ့တဩနဲ့ ရေရွတ်လိုက်တဲ့အချိန် မောင်ကောင်းက လွယ်အိတ်ကိုချွတ်ကာ ရှေ့ကိုတက်သွားခဲ့တယ်။

“ အစ်ကို ဖြစ်ပါ့မလား”

“ မီးစင်ကြည့်ကရတော့မှာပေါ့”

ဖိုးဒေါင်းက ဖားဖိုဆွဲနေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိကာ အမောဖြေရင်း မောင်ကောင်းနဲ့ ခွန်းလှကိုလက်ညိုးထိုးပြီး

“ မင်းတို့ကောင်တွေ ဖိုးဒေါင်းအကြောင်း မသိသေးဘူးနဲ့တူတယ်”

“ လူတကာကို မိုက်ကြေးခွဲပြီး အနိုင်ကျင့်တဲ့သူဆိုတာ သိတယ်လေ”

“ ဘာကွ”

မောင်ကောင်း စကားကြောင့် ဖိုးဒေါင်း ဒေါသူပုန်ထသွားပြီး ထိုးကြိတ်ရန်အနားကို ကပ်လာခဲ့တယ်။

“ မင်းတို့သေဖို့သာပြင်ထား”

ဖိုးဒေါင်းက သူ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်သီးနဲ့ မောင်ကောင်းကို လိုက်ထိုးရာ ပထမနှစ်ချက်လောက်အထိ ရှောင်နိုင်ပေမယ့် တတိယအကြိမ်မှာတော့ ဖိုးဒေါင်းရဲ့ လက်သီးချက်က ပါးစောင်ရိုးပေါ်ကို ခွပ်ခနဲကျသွားခဲ့တယ်။

“ အစ်ကို… အဆင်ပြေလား”

ခွန်းလှရဲ့အသံက ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေပြီး အနားမှာရှိတဲ့ သစ်ပင်တွေ ချားရဟတ်လိုလည်နေခဲ့တယ်။

ခွန်းလှလဲ မောင်ကောင်း အခြေအနေ မကောင်းတာကြောင့် ရှေ့တက်ပြီး ဖိုးဒေါင်းနဲ့ ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်

“ ခွန်းလှ နောက်ဆုတ်စမ်း… ဆရာက မင်းကိုစောင့်ရှောက်ဖို့ ငါ့ကိုမှာထားတယ်”

“ အစ်ကို … မဖြစ်နိုင်ဘူးထင်တယ်နော်”

“ မောင်ကောင်းပါကွ… ခုနက ငါသတိလွတ်သွားလို့ ခံလိုက်ရတာ”

မောင်ကောင်းက လဲကျနေတာကနေ မတ်တပ်ထရပ်လိုက်တဲ့အချိန် ဖိုးဒေါင်းရဲ့ ကြီးမားတဲ့လက်ဝါးက မျက်နှာပေါ်ကို ကျလာကို သတိထားမိလိုက်တယ်။

ထူခနဲ ပူခနဲဖြစ်သွားတဲ့ အထိအတွေ့နဲ့အတူ မောင်ကောင်း လည်ကျသွားတဲ့အချိန် မလှမ်းမကမ်းက သစ်ပင်အောက်မှာ မှီပြီးရပ်နေတဲ့ လူတစ်ယောက်ကို ဝိုးတဝါးလှမ်းမြင်လိုက်ရတယ်။

“ ဆရာ… ဆရာ”

အသံက လည်ချောင်းတစ်ဝက်လောက်မှာတင် ပျောက်သွားပြီး အရာအားလုံးမဲမှောင်သွားခဲ့တယ်။

++++++++

ပုဇင်းရင်ကွဲတွေရဲ့ စူးရှရှအော်မြည်သံနဲ့အတူ အေးစက်တဲ့လေရဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။

“ ခွန်းလှ… ငါ ငါဘယ်ရောက်နေတာလဲ”

စကားပြောလိုက်တိုင်း တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ ပါးစောင်နှစ်ဘက်ကို လက်နဲ့အုပ်ရင်း မျက်လုံး ဖွင့်ကြည့်လိုက်ရာ အညိုရောင်ဖျင်ကြမ်းအင်္ကျီကို ဝတ်ကာထိုင်နေတဲ့ လူတစ်ယောက်။

“ ဆရာ… ဆရာပါလား၊ ငါ့မျက်လုံးတွေ မကောင်းတော့ဘူးထင်တယ်၊ ခွန်းလှကို ဘာလို့ဆရာလို့မြင်နေရတာလဲ”

“ အဟစ် အဟစ်”

ဘေးကနေ ရီနေတဲ့အသံကြောင့် မျက်လုံးကိုလှန်ပြီးကြည့်လိုက်ရာ အသံထွက်တဲ့ထိရီနေတဲ့ ခွန်းလှကိုမြင်လိုက်ရတယ်။

“ ဆရာသာမကယ်ရင် အစ်ကိုနဲ့ ကျွန်တော်

အဲဒီနေရာမှာတင် သတိမေ့နေပြီ”

“ ဟင်… ဆရာ ပြန်ရောက်လာတာလား၊ ဒါဆို ကျွန်တော်နောက်ဆုံးမြင်ခဲ့တာ တကယ်ပေါ့”

“ မင်းတို့က သာမန်လူရမ်းကားအဆင့်တွေနဲ့ဆိုရင် အဆင်ပြေနိုင်ပေမယ့် ဒီလို ကိုယ်ခံပညာတတ်တဲ့ သူနဲ့ကျတော့ အလူးအလဲကိုခံရတာပါလား”

“ ဟုတ်တယ်ဆရာ… သူတိုက်ခိုက်တဲ့ပုံက ကိုယ်ခံပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလိုပဲ၊ ဒါပေမယ့် ဆရာက သူ့ထက်ပိုတော်တယ်”

ခွန်းလှက မျက်လုံးတစ်ဖက်ပိတ်နေတဲ့ မောင်ကောင်းကို ကြပ်ထုပ်ထိုးပေးရင်း လှမ်းပြောလိုက်တယ်။

“ ဖိုးဒေါင်းရော ဘယ်လိုဖြစ်သွားလဲ”

“ ဒီကောင် ဆရာကိုမယှဉ်နိုင်ပဲ ထွက်ပြေးသွားတာဗျ၊ နောက်တော့ သူပြောသွားတာက ဒီညမင်းတို့သေစေရမယ်ဆိုပဲ”

“ ‌ဆရာ… ဒီကောင်က သူမနိုင်ဘူးဆိုရင် အခုလို ပြောတော့တာပဲ၊ အဲဒီလူတွေက နောက်နေ့ဆို တကယ်သေရော”

“ ဒါဆို ဒီညတော့ တစ်ခုခုထူးခြားမယ်လို့ထင်တယ်”

“ ဟိုလေ … ဆရာက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ပေါ်လာခဲ့တာလဲ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက သဘောကျစွာရယ်လိုက်ပြီး

“ မင်းတို့ အန္တရာယ်ကြုံနေတာကြောင့် ပြန်လာခဲ့ရတာပဲ၊ လောကီပညာရပ်ပိုင်းမှာ မင်းတို့ကို မျက်နှာလွှဲလို့ရပေမယ့် အခုလို အခြေအနေမျိုးမှာတော့ မင်းတို့ရင်ဆိုင်နိုင်စွမ်းနည်းသေးတယ်”

“ ကျွန်တော်လဲ ငယ်ငယ်က ရန်ပွဲတွေဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဖိုးဒေါင်းကိုတော့ မယှဉ်နိုင်ခဲ့ဘူး”

“ သူက အခြေခံသိုင်းပညာအပြင် ဗန်တိုဗန်ရှည်ပညာကိုပါ တတ်မြောက်ထားတာတွေ့ရတယ်၊ ပညာရှင်အဆင့်မဟုတ်ပေမယ့် သာမန်ထက်တော့ ထူးချွန်တဲ့သူတစ်ယောက်ပဲ”

အောင်မြတ်သာစကားပြောနေတဲ့အချိန် ကင်းတဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက လေမတိုက်ပဲ ယိမ်းထိုးလှုပ်ရှားလာတာကို မြင်လိုက်ရတယ်။

“ အပုတ်နံ့ရတယ်ဗျ…”

“ ဟုတ်တယ်… ခွန်းလှ၊ ဖယောင်းတိုင်မီးကလဲ လေမတိုက်ပဲယိမ်းထိုးနေတယ်ဆိုတော့ မကောင်းဆိုးဝါးတစ်ကောင်ကောင် အနားကိုရောက်နေတယ်ဆိုတဲ့သဘောပဲ”

အောင်မြတ်သာက စကားဆုံးတာနဲ့ ကင်းတဲအပြင်ဘက်ကို ကြည့်လိုက်ရာ ဝါးတစ်ပြန်စာအကွာလောက်မှာ ငုတ်တုတ်ထိုင်နေတဲ့ အရိပ်မဲတစ်ခုကိုမြင်လိုက်ရတယ်။

“ ဆရာ… ဆရာ… ဟိုမှာ ထိုင်နေတာ မြင်နေရတယ်”

“ ဒီကောင် အနားကိုမလာရဲဘူး၊ ဒါကြောင့် ခပ်လှမ်းလှမ်းမှာ ထိုင်နေတာ”

“ ဒီအကောင်နဲ့ ဖိုးဒေါင်းက ပတ်သတ်မှုရှိနေမလား”

“ အခုချိန်အဖြေပေးဖို့က ခက်လိမ့်မယ်၊ ငါတို့ကိုယ်မှာရှိတဲ့ ဆေးစောင့်၊အင်းစောင့်တွေကို ဖယ်ပြီး စမ်းကြည့်ရမှာပဲ၊ မင်းတို့လဲ ကိုယ်မှာရှိတဲ့ အစောင့်တွေကို ဖယ်ထုတ်လိုက်ကြ”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ မိမိတို့ရဲ့အစောင့်တွေကို ခေတ္တဖယ်ထုတ်လိုက်ရာ ငုတ်တုတ်ထိုင်နေတဲ့ မဲမဲကောင်ကြီးက ချက်ချင်းဆိုသလို ကင်းတဲရှေ့ကိုရောက်ချလာခဲ့တယ်။

တစ်ကိုယ်လုံး မီးလောင်ထားသလို မဲနက်နေတဲ့အသားအရည်၊ ပြူးကျယ်နေတဲ့မျက်လုံး၊ ငေါထွက်နေတဲ့အစွယ်ကားကားနဲ့ကောင်က ကင်းတဲပေါ်မှာရှိနေတဲ့ အောင်မြတ်သာတို့ကို လှည့်ပတ်ကြည့်ပြီး လှေကားပေါ်ကို တစ်ထစ်ခြင်းတက်လာတာကိုမြင်လိုက်ရတယ်။

လှေကားအပေါ်ဆင့်လဲရောက်ကော မသိချင်ယောင် ဆောင်နေတဲ့ခွန်းလှက ညာဘက်လက်ဝါးနဲ့ ပိတ်ရိုက်လိုက်ရာ မဲကျုတ်ကျုတ်ကောင်က လှေကားပေါ်ကနေ အောက်ကို ဇောက်ထိုးဆင်းသွားခဲ့တယ်။

ရုတ်တရက်ခံလိုက်ရတာမို့ နာနာဘာဝကောင်လဲ ကုန်းထပြီးထွက်ပြေးဖို့အလုပ် ခွန်းလှက ကင်းတဲအပေါ်ကနေ ခုန်ဆင်းပြီး သွားမယ့်လမ်းကို စည်းတားကာ ပိတ်ထားခဲ့လိုက်တယ်။

နာနာဘာဝကောင်လဲ ထွက်ပြေးနေရင်း မြေကြီးထဲကနေ အပြာရောင်မီးတောက်တွေ ဟုန်းခနဲထွက်ပေါ်လာတာကြောင့် အနောက်ကိုဆုတ်လိုက်တဲ့အချိန် ခွန်းလှက ထွက်မရအောင်စည်းဝိုင်းတစ်ခုတားပြီး ပိတ်လှောင်ထားလိုက်တယ်။

“ ဟိုကောင်… နင့်ကိုဘယ်သူလွှတ်လိုက်တာလဲ”

“ ဟင်း ဟင်း ဟင်း ဟင်း…”

ကြောက်မက်ဖွယ် ညဉ်းညူသံကလွဲပြီး ဘာသံမှမထွက်လာတာကြောင့် ခွန်းလှက လေးကွင်အင်းတစ်ချပ်ကို ထုတ်ယူပြီး ပစ်ထည့်ဖို့အလုပ်

“ ဘိုးနက် ဘိုးနက်ကြီး လွှတ်လိုက်တာ” ဆိုတဲ့အသံနက်ကြီးထွက်လာခဲ့တယ်။

“ ဘိုးနက်ဆိုတာ ဘယ်သူတုန်း”

“ နယ်လေးနယ်ကို အပိုင်စားရထားတဲ့သူပါ”

“ သူနဲ့ငါတို့က ဘာမှပတ်သတ်မှုမရှိဘူးလေ၊ ဘာကြောင့် နင့်ကိုလွှတ်တာလဲ”

“ နင်တို့က သူ့မြေးကို နာကျင်အောင်လုပ်လို့ ခြောက်လှန့်ခိုင်းတာ”

“ သူ့မြေး ဟုတ်လား… ဆရာ ဒီကောင်ပြောတာ ဖိုးဒေါင်းပဲဖြစ်ရမယ်”

“ လက်စသတ်တော့ ဒင်းလက်ချက်ကိုး”

မောင်ကောင်းက ကင်းတဲပေါ်ကနေ ဆင်းလာပြီး

“ ဖိုးဒေါင်းကို နာကျင်အောင်လုပ်တဲ့သူတိုင်း နင်ပဲခြောက်လှန့်ခဲ့တာလား၊ ဟေ့ကောင် ငါမေးနေတယ်လေ”

မောင်ကောင်းအသံက မာထန်နေတာကြောင့် မီးတောက်တွေထဲပိတ်မိနေတဲ့ကောင်က မြေကြီးကိုလက်နဲ့ကုတ်ခြစ်ရင်း

“ ဟုတ်ပါတယ်… ငါကိုယ်တိုင် ခြောက်လှန့်ပြီး သွေးပျက်အောင်လုပ်ခဲ့တာ”

“ ခွေးသူတောင်းစား ဖိုးဒေါင်း… ဒင်းက ဒါကြောင့် လူပါးဝနေတာကိုး၊ ဆရာ ဒီကောင်ကို မှတ်လောက်သားလောက်အောင်ဆုံးမမှရတော့မယ်”

“ မလောနဲ့ဦး မောင်ကောင်း၊ အခုငါတို့ ဆုံးမရမှာက ဖိုးဒေါင်းမဟုတ်ဘူး”

“ ဆရာပြောတာမှန်တယ်အစ်ကို၊ အခုလက်ရှိ ဘိုးနက်ဆိုတဲ့ နယ်ပိုင်ကို ဆုံးမရမှာ၊ ဟေ့ ငမဲကောင် နင်ပြောတဲ့ ဘိုးနက်ဆိုတဲ့တစ္ဆေဘယ်မှာနေလဲ”

“ သူ သူက နယ်လေးနယ်အစပ်က ညောင်ပင်မှာနေပါတယ်”

“ နယ်လေးနယ်အစပ်ဆိုတာ မင်းတို့ လောကသားတွေပဲသိတာလေ၊ ငါတို့သိအောင် သေချာပြောစမ်း”

“ မြို့အဝင်လမ်းလေးခွဆုံတဲ့နေရာမှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်၊ အဲဒီညောင်ပင်ရဲ့ ထိပ်ဆုံးအကိုင်းမှာ သူ့ဗိမ္မာန်ရှိပါတယ်”

“ သူကဒီနယ်မှာနေတာ သက်တမ်းဘယ်လောက်ရှိပြီလဲ”

“ နှစ်အတိအကျတော့မသိဘူး၊ ကြာတာတော့အတော်ကြာပြီ”

“ ဆရာ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”

“ မင်းတို့စခဲ့တဲ့ဇာတ်လမ်းဆိုတော့ မင်းတို့ သဘောအတိုင်းလုပ်ကြပါ”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ဝမ်းသာအားရနဲ့ရှေ့ကိုတက်လာပြီး

“ ဒီကောင်လူသတ်ခဲ့တာ ငါးယောက်ရှိပြီဆိုတော့ ရွှေပြည်အေးတရားတော့မဟောနိုင်ဘူးဆရာ၊ မှတ်သားလောက်အောင် ဆုံးမမယ်”

“ ဟုတ်တယ် အစ်ကိုပြောတာ လက်ခံတယ်”

“ ဒါဖြင့်လဲ မင်းတို့နှစ်ယောက်ကို လွှဲလိုက်ပြီ၊ သင့်တော်သလို စီရင်ကြ”

မောင်ကောင်းနဲ့ ခွန်းလှလဲ ခွင့်ပြုချက်ရပြီမို့ မြေကြီးပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး အထက်ဆရာကြီးများနဲ့တကွ နတ်မင်းကြီးလေးပါးကိုတိုင်တည်ကာ နယ်လေးနယ်ကိုအပိုင်စားရထားတဲ့ ဘိုးနက်ဆိုတဲ့ပုဂ္ဂိုလ်ကိုဆင့်ခေါ်ပါလေရော။

ဆင့်ခေါ်ပြီးမကြာမီအချိန်အတွင်း ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်က လေပြင်းတွေတိုက်ခတ်လာပြီး ကြိမ်းဝါးတောက်ခတ်သံတွေအရပ်လေးမျက်နှာကနေထွက်ပေါ်လာခဲ့တယ်။ ထူးဆန်းတာက လေပြင်းတွေတိုက်ခတ်နေပေမယ့် ထွန်းထားတဲ့ ဖယောင်းတိုင်မီးက အနည်းငယ်မျှတောင် လှုပ်ရှားခြင်းမရှိခဲ့တာပဲ။

“ သင်ရောက်လာပြီဆိုတာ ကျုပ်တို့သိတယ်၊ ဘာကြောင့် မြင်သာအောင်မပြတာလဲ”

မောင်ကောင်းက အရပ်လေးမျက်နှာကိုကြည့်ပြီး ပြောလိုက်တဲ့အချိန် ခြောက်ကပ်ကပ်ရယ်သံတစ်ခု ဟိုတစ်စဒီတစ်စ ထွက်ပေါ်လာခဲ့တယ်။

“ သင်မထွက်လာမှတော့ ကျုပ်တို့က ထွက်လာအောင်လုပ်ရတော့မှာပေါ့”

ခွန်းလှက အရပ်လေးမျက်နှာမှာရှိတဲ့ စက်တွေကို ဖြတ်တောက်ပြီး ကြေးပြားအင်းတစ်ချပ်ကို ဇောက်ထိုးလှန်ကာ အင်းဖယောင်းတိုင်ထွန်း လိုက်တယ်ဆိုရင်ပဲ လူနှစ်ရပ်ခန့်မြင့်တဲ့ သစ်ပင်တွေကြားထဲကနေ အိမ်တစ်လုံးစာလောက်ကြီးမားတဲ့ ဦးခေါင်းတစ်လုံးထွက်ပေါ်လာခဲ့တယ်။

“ ဟာ… နည်းတဲ့ကောင်ကြီးမဟုတ်ပါလား”

လှည်းဘီးတစ်လုံးစာလောက်ကြီးမားတဲ့ မျက်လုံးရဲရဲတွေနဲ့စိုက်ကြည့်နေတဲ့ကောင်ကိုမြင်တော့ မောင်ကောင်း မျက်လုံးပြူးသွားခဲ့တယ်။

“ ဒီကောင်က တစ္ဆေမှမဟုတ်တာ ဘီလူးအဆင့်ဖြစ်နေပြီ”

“ ဘီလူးအဆင့်လဲ ခေါ်ရင်လာရတာပဲမဟုတ်လား၊ လုပ်စရာရှိတာလုပ်ရအောင်”

ခွန်းလှစကားကြောင့် ကင်းတဲပေါ်မှာရှိနေတဲ့ အောင်မြတ်သာ သဘောကျစွာရယ်လိုက်ပြီး အခြေအနေကိုဆက်ကြည့်နေခဲ့တယ်။

“ ဟေ့ လူသတ်ကောင်… နင့်အပြစ်နင်သိလား”

ဘိုးနက်ဆိုတဲ့ဘီလူးက ခွန်းလှကို မျက်လုံးပြူးကာ စိုက်ကြည့်နေရုံကလွဲပြီး ဘာမှပြန်မပြောတာကိုမြင်လိုက်ရတယ်။

“ ဒီကောင် ငါပြောတာ နားမလည်ဘူးထင်တယ်”

“ နားမလည်တာမဟုတ်ဘူး… ဂရုမစိုက်တာ”

မောင်ကောင်းက စိတ်မရှည်တဲ့ဟန်နဲ့ ရှေ့တက်လိုက်ပြီး

“ ဖန်ဆင်းထားတဲ့ ရုပ်သွင်ပျောက်ပြီး မူလပြန်စေ” လို့အမိန့်ပေးလိုက်ပေမယ့် အတ္တဘောရုပ်သွင်က ပြောင်းလဲမသွားပဲ နဂိုအတိုင်းရှိနေတာမြင်လိုက်ရတယ်။

“ ဒီကောင် ရုပ်သွင်က ဖန်ဆင်းထားတာမဟုတ်ဘူးထင်တယ်နော် အစ်ကို”

“ ဘယ်လိုဖြစ်ဖြစ်ကွာ… ဆုံးမစရာရှိဆုံးမရမှာပဲ”

မောင်ကောင်းက အင်းတစ်ချပ်ကိုအသက်သွင်းပြီး မြေမှာထိုးစိုက်လိုက်ရာ အင်းကွက်ထဲပါတဲ့ အင်းဆံတွေက အသက်ရှိတဲ့အလား လှုပ်ရှားလာကာဘိုးနက်ဆိုတဲ့ဘီလူးကြီးရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ရွေ့လျားနေခဲ့တယ်။

အစပိုင်းမှာတော့ အင်းဆံတွေရဲ့အရောင်က အဝါဖျော့ဖျော့လေးဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ မီးကျီခဲလို နီရဲလာပြီး ဘီလူးကြီးရဲ့ ခန္ဓာကိုယ်ကို မီးနဲ့မြိုက်သလိုဖြစ်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ ဘိုးနက်ဆိုတဲ့ကောင် မနေနိုင်တော့ပဲ အင်းဆံတွေကို သူ့ရဲ့ကြီးမားတဲ့ လက်တွေနဲ့ ဆွဲဖယ်ပြီး အဝေးကိုလွှင့်ပစ်ဖို့ကြိုးစားပါလေရော။

သို့ပေမယ့် ရဲရဲနီနေတဲ့ အင်းဆံတွေကို ထိကိုင်လိုက်တာနဲ့ ထိတဲ့နေရာကနေ အခိုးငွေ့တွေ ထွက်ပေါ်လာပြီး တီကောင်ကိုဆားနဲ့တို့သလို လူးလွန့်လာခဲ့တယ်။

“ ခွန်းလှ … မင်းက ဘီလူးလေးကောင်စမနဲ့ရိုက်”

ခွန်းလှလဲ ဘီလူးလေးကောင်ပုံစံရေးဆွဲထားတဲ့ စမကိုထုတ်ယူပြီး လက်ပေါ်ရိုက်ချလိုက်ရာ အရပ်လေးမျက်နှာကနေ အသားနီနီ၊ မျက်လုံးပြူးပြူးနဲ့ ဘီလူးလေးကောင် ပေါ်လာပြီး နယ်ပိုင်ဘီလူးရဲ့ ခေါင်းကို သင်္ဘောရွက်ပုံစံရှိတဲ့ လက်ဝါးတွေနဲ့ အတင်းဖိနှိပ်ထားခဲ့တယ်။

နယ်ပိုင်ဘီလူးကလဲ ဘာမှပြန်မလုပ်နိုင်ပေမယ့် လုံးဝကိုဒူးမထောက်ပဲ တင်းခံနေတဲ့အချိန် ကောင်းကင်ထက်ကနေ မိုးခြိမ်းသံတွေနဲ့အတူ လျှပ်စီးတွေတလက်လက်ထနေတဲ့ တင်းပုတ်ကိုင် ဘီလူးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။

ပြိုးပြိုးပျက်ပျက်အရောင်ဆင်းရှိတဲ့ ဘီလူးက လက်ထဲကိုင်ထားတဲ့ တင်းပုတ်နဲ့ နယ်ပိုင်ဘီလူးခေါင်းကို ထုဟန်ပြင်ပြီး

“ ဟဲ့ ငမိုက်သား… ဒီနယ်က သင့်ကိုအပိုင်စားပေးထားတဲ့ နယ်မြေဆိုပေမယ့် အခုလိုမျိုး တရားမဲ့လူသတ်တာကိုတော့ ခွင့်မလွှတ်ဘူး၊ ချက်ချင်း တောင်းပန်စမ်း” လို့ အမိန့်ပေးလိုက်တော့မှ နယ်ပိုင်ဘီလူးက ပြာသလဲလဲ ဒူးထောက်ခဲ့တယ်။

“ ငမိုက်သား… နင့်အပြစ်ကိုနင်သိလား”

“ သိပါတယ်”

“ အပြစ်ကိုသိရင် အမှားကိုဝန်ခံစမ်း၊ နင်ဘာကြောင့် လူတွေကိုသတ်ခဲ့တာလဲ”

“ အတိတ်ဘဝက တော်စပ်ခဲ့တဲ့ မြေးဖြစ်သူကြောင့် သတ်ခဲ့ရပါတယ်”

“ တယ်… ငါလုပ်လိုက်ရ ခေါင်းရှစ်စိပ်ကွဲတော့မယ်၊ အခုချိန်ကစပြီး ကုဝေရနတ်မင်းကြီးရဲ့အမိန့်အရ သင့်ကို နယ်ပိုင်ရာထူးကနေ အနားပေးလိုက်ပြီ၊ သင့်မိုက်ပြစ်တွေကို ဆေးကြောဖို့အတွက် ငါနဲ့လိုက်ခဲ့ပေတော့”

တင်းပုတ်ကိုင် နတ်ဘီလူးက နယ်ပိုင်ဘီလူးရဲ့ ဂုတ်ကိုပေါ့ပါးစွာဆွဲယူကာ မိုးတိမ်တွေကြားထဲကို ပျံတက်သွားခဲ့တယ်။

အလားတူ မောင်ကောင်းတို့ပင့်ဖိတ်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်၊ စမစောင့်ပုဂ္ဂိုလ်တွေလဲ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားကာ နောက်ဆုံးမှာတော့စည်းဝိုင်းထဲမှာချုပ်နှောင်ထားတဲ့ နာနာဘာဝကောင်သာ တုန်ရီစွာကျန်ရစ်ခဲ့တယ်။

“ ဆရာ… ဒီကောင်ကို ဘယ်လိုလုပ်ရမလဲ”

“ သူက နယ်ပိုင်ဘီလူးခိုင်းစေလို့ လုပ်ခဲ့တာဆိုပေမယ့် သူ့မှာလဲအပြစ်ရှိတယ်၊ ဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့ တာဝန်တစ်ခုပေးမယ်၊ လိုက်နာနိုင်မလား”

“ လိုက်နာပါ့မယ်… ကြိုက်တဲ့အပြစ်ပေးပါ”

“ မင်းက ဒီနေ့ကစပြီး သေရွာပြန်ဖိုးဒေါင်းကို စိတ်ရူးသွပ်တဲ့ထိ ခြောက်လှန့်ရမယ်”

အောင်မြတ်သာစကားကိုကြားတော့ မောင်ကောင်းနဲ့ ခွန်းလှက လက်ဖျောက်တီးပြီး

“ ဆရာပေးတဲ့အပြစ်ကိုသဘောကျတယ်၊ ဒါပေမယ့် ဖိုးဒေါင်းက နယ်ပိုင်နဲ့ဘယ်လို သိကျွမ်းခဲ့တာလဲဆိုတာ မေးချင်သေးတယ်” လို့ပြောတော့ ချုပ်နှောင်ခံထားရတဲ့ကောင်က

“ ဖိုးဒေါင်း ဓါးထိုးခံရပြီး မျောနေတဲ့အချိန် လမ်းလေးခွက ညောင်ပင်ကိုရောက်လာတယ်၊ ဒါပေမယ့် သူ့မှာသေကံမပါသေးတာကြောင့် လူ့ဘဝကိုပြန်သွားခွင့်ရခဲ့တယ်။အတိတ်ဘဝကလဲ ဖိုးဒေါင်းနဲ့ နယ်ပိုင်က မြေးအဖိုးတော်စပ်ခဲ့ဖူးတယ်၊ ဒါကြောင့် သူ့နယ်ထဲမှာ ဖိုးဒေါင်းကို သွေးထွက်သံယိုဖြစ်အောင် လုပ်တဲ့သူတိုင်းကို ခြောက်လှန့်သတ်ဖြတ်ဖို့ငါ့ကိုခိုင်းစေခဲ့တာပဲ”

“ ဒါကို ဖိုးဒေါင်းက သိနေတာပေါ့”

“ သူ့ကိုထိခိုက်အောင်လုပ်တဲ့သူတွေ အခုလိုဖြစ်တာကို သူကကျေနပ်နေခဲ့တာ”

“ ထိခိုက်အောင်လုပ်တယ်ဆိုတာက သူအနေနဲ့ လူပါးဝတာကိုး၊ ဒီလို ကောင်မျိုးကို ဘယ်လိုမှခွင့်လွှတ်မပေးနိုင်ဘူး”

“ ငါ့ကိုလွှတ်ပေးရင် နင်တို့ပြောတဲ့အတိုင်း လုပ်ပေးမယ်”

“ မောင်ကောင်း… သူ့ကိုလွှတ်ပေးလိုက်တော့”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ တားထားတဲ့စည်းကို ပြန်ရုတ်သိမ်းကာ လွှတ်ပေးလိုက်တယ်။

များမကြာမီအချိန်အတွင်း ဖိုးဒေါင်းရဲ့ ထိတ်လန့်ဖွယ်အော်ဟစ်သံက အိပ်မောကျနေတဲ့ သူတွေကိုလန့်နိုးစေခဲ့တယ်။

အဲဒီနေ့ကစပြီး သေရွာပြန်ဖိုးဒေါင်းရဲ့ မိုက်ကြေးခွဲမှုတွေပျောက်ဆုံးသွားခဲ့ပြီး ညဘက်ရောက်တိုင်း အရူးတစ်ယောက်လို အော်ဟစ်ပြေးလွှားနေတဲ့ ဖိုးဒေါင်းသာကျန်ရစ်ခဲ့တော့တယ်။

အောင်မြတ်သာလဲ တပည့်ဖြစ်သူတွေဆီပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာမှာတော့ အိမ်ကိုစွဲလန်းကာ ခြောက်လှန့်နေတဲ့ဖြစ်စဉ်တစ်ခုကို ခရီးသွားဟန်လွှဲ ကူညီပေးခဲ့ရတယ်။

ပစ္စည်းဥစ္စာတွေကိုစွဲလမ်းတဲ့စိတ်ကြောင့် သေဆုံးသွားတာကိုတောင် သာဓုမခေါ်နိုင်ပဲ ကျန်ရစ်သူတွေကိုခြောက်လှန့်နေတဲ့သူ။

ကျန်ရစ်သူမိသားစုကို နေ့ရောညပါခြောက်လှန့်ပြီး သူ့ပစ္စည်းဥစ္စာတွေပျောက်မှာစိတ်ပူနေတဲ့သူ။

တရားလာဟောတဲ့ သံဃာတော်တွေကိုတောင် သူ့အိမ်ကနေထွက်သွားဖို့ မောင်းထုတ်တဲ့သူ။

ဒီဖြစ်ရပ်ကိုတော့ အောင်မြတ်သာနှင့် အိမ်စောင့်သရဲမဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)