အညှီကြိုက်သည့်အပင်

တင်ထားဖြစ်ခဲ့သည်။

သို့သော် အိမ်ငှါးမှာ လွန်ခဲ့သော တစ်လခန့်က သူ့ရွာဆီ အပြီးပြန်သွားလေပြီး ထိုအချိန်ဝယ် နိုင်ဦးတို့ မိသားစုလည်း အလုပ်နားချိန်ရခဲ့ပြီမို့ အိမ်ပြောင်းရွှေ့ခဲ့သည်မှာ တစ်ပါတ်ကျော်ခန့်ပင် ရှိသေး၏။ အိမ်၏ ပတ်ဝန်းကျင်ကတော့မြို့သစ်တို့၏ ထုံးစံအတိုင်း အိမ်ခြေ ခပ်ကျဲကျဲရယ်သာ ရှိနေသည်။

ယခင်အိမ်ငှါးနေသူမှာ စိုက်ပျိုးရေးဝါသနာပါလှသဖြင့် ခြံဝန်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးခဲ့သည်။ အိမ်ရှေ့ဘက်တွင် နှစ်ရှည်ပင်များ စိုက်ပေးခဲ့သလို အိမ်နောက်ဘက်တွင်လည်း ဟင်းသီးဟင်းရွက်အခင်းများ ပြုလုပ်ပေးခဲ့၏။

သို့သော် အချို့အခင်းများမှာတော့ ရေမလောင်းသည်မှာ သုံးပါတ်ခန့်ရှိခဲ့ပြီမို့ ခြောက်သွေ့ ညှိုးရော်နေလေပြီ။ အားလုံးထဲတွင်တော့ ထူးကဲစွာ ဖွင့်ဖြိုးကြီးထွားနေလေသည်က ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးထားသော စပါးလင်ပင်များ။ ဖွံ့ထွားမှုတို့က အဘယ်သို့ကြောင့်ရယ်မသိ။ လူတစ်ရပ်ခန့်နီးနီးပင်ရှိနေကာ အဖူး အနှံများပင် ထွက်နေ၏။ ဤသည်ကိုပင် နိုင်ဦးမှ ထိုအပင်များ ကြီးထွားမှုကြောင့် ခြံစည်းရိုးပင် အကာအရံအဖြစ်စေသည်ဟုပင် ယူဆမိခဲ့သည်။

*****

” အကိုရေ…သမီးလေးက ညနေစောင်းကတည်းက ဘာဖြစ်မှန်းမသိဘူး။ အသည်းအသန်ငိုနေတာ။ အဲ့ဒါ နေများ မကောင်းလို့လားလို့ထင်ပြီး အကိုပြန်လာရင် ဆေးခန်းသွားမလို့ စောင့်နေတာ။ အကိုကလည်း မိုးချုပ်တာ။ သမီးလေးကတော့ စောစောနက၊ အခု အကိုပြန်လာကာနီးလေးကမှ အိပ်ပျော်သွားတာ”

နိုင်ဦး သည်နေ့အလုပ်မှ ပြန်ကာနီး အမေတို့မှ ဖုန်းဆက်ခေါ်သဖြင့် ခဏဝင်နေခဲ့ရသည်မို့ အပြန်မိုးချုပ်ခဲ့သည်။ အိမ်ရောက်ရောက်ချင်း ဇနီးသည် ပြောလာသည့် စကားက သူ့ကို အမောမပြေနိုင်။

” အေးကွာ…အကိုလည်း အမေတို့ အလုပ်ကို ဖုန်းဆက်တာနဲ့ ခဏဝင်လိုက်တာ။ မခင်မှတ်ဘဲ ကြာသွားတယ်”

ဇနီးသည်ကိုပြောပြီးသည်နှငိ့ နိုင်ဦး တစ်ယေါက် ချက်ချင်းပင် အိပ်ခန်းထဲဝင်ပြီး အိပ်မောကျနေသော သမီးလေး၏ နဖူးအား စမ်းကြည့်သည်။

” ဖျားတာတော့ မဟုတ်ဘူးကွ။ သမီးကလေး ဗိုက်များ အောင့်နေတာလားဘဲကွာ”

” အင်း…ဘာဖြစ်တယ်တော့ မသိပါဘူး အကိုရယ်။ ငိုတာကတော့ အသားတွေတောင် ပြာတယ်။ ပါးစပ်ကလည်း ကြောက်ကြောက်၊ ကြောက်ကြောက်နဲ့ အော်နေတာ။ ခင်တော့ အိမ်ကများ မသန့်တာလားလို့”

ခင်ပြောလာသည့်စကားက နိုင်ဦးကို သဘောမကျစေသည်ကတော့ အမှန်။ ဒါမ်ျိုးတွေကို နိုင်ဦး အယုံအကြည်မရှိ။ ကြုံလည်း မကြုံဖူးသလို၊ မရှိနိုင်ဟုလည်း ယူဆမိသည်။

” ခင်ကလည်းကွာ…မဟုတ်တာတွေ ပြောပြန်ပြီ။ အကိုအဲ့ဒါတွေ အယုံအကြည်မရှိဘူး။ နောက်တစ်ခါ မပြောမိစေနဲ့။ ကြားလား…အခု လမ်းထိပ်သွားပြီး အလုပ်က ဆရာဆီကို ဖုန်းသွားဆက်ဦးမယ်။ မနက်ကျရင် ခွင့်ယူပြီး သမီးကလေးကို ဆေးခန်းသွားပြကြတာပေါ့”

” ဟင်း…”

ခင့် ထံမှ သက်ပြင်းချတုန့်ပြန်သံသာ ကြားခဲ့ရသည်။ နိုင်ဦးလည်း ခင်အား စကားဆက်မပြောတော့ဘဲ လမ်းထိပ်ထွက်လာကာ ဆရာ့တီ ဖုန်းဆက်ခွင့်တောင်းလိုက်တော့သည်။ ဆရာကတော့ သဘောကောင်းစွာပင် ခွင့်သုံးရက်ပေးလေ၏။

ထိုညက နိုင်ဦးတို့ လင်မယားမှာ သမီးကလေးကို စောင့်ကြည့်နေကြသော်လည်း အခြေအနေမထူးပြီမို့ မိုးလင်းပိုင်း အချိန်ခန့်တွင်တော့ အိပ်စက်လိုက်ကြတော့သည်။

*****

မနက်ရောက်တော့ သမီးကလေးက အကောင်းပကတိပင်။ လန်းဆန်းစွာ ဆော့ကစားနေ၏။ သို့ကြောင့် နိုင်ဦးတို့လည်း သမီးကလေး၏ ရွှင်ပြသော အမူအယာကြောင့် ဆေးခန်းမသွားဖြစ်ခဲ့ကြပေ။ သို့အတွက် နိုင်ဦးလည်း အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်နေဖြစ်၏။

” အ…”

နိုင်ဦးသည် စပါးလင်ရုံများဘက်၌ သန့်ရှင်းရေးဆောင်ရွက်နေချိန် လက်ကို စပါးလင်အရွက် ရှမိ၏။ ထူးဆန်းသည်က လေမတိုက်ပါဘဲ အရွက်က လက်တံတစ်ခုလို ရွေ့လာပြီး သူ့လက်အားရှမိခြင်းရယ်။ သို့သော် နိုင်ဦးမှာ မောပန်းနေချိန်မို့ ဤဖြစ်ရပ်ကို ဂရုမပြုမိ။ လက်မှ ဒဏ်ရာကတော့ အရွက်ရှသည်နှင့် မတူဘဲ ဓားရှမိသည့်နှယ် သွေးတို့ကား များစွာထွက်နေ၏။

” ဟူး…”

နိုင်ဦးလည်း လက်မှ ဒဏ်ရာကို ပုဆိုးနဲ့ ဖိကိုင်ပြီး အိမ်ထဲကို ဝင်ခဲ့သည်။ ထိုစဉ် အိမ်ရှေ့ဘက်တွင် ဆော့ကစားနေသော ခင်တို့သားအမိထံမှ

” ဟာ…မေမေတို့ပါလား။ အကိုရေ…မေမေတို့ လာလည်တယ် ”

ဟူ၍ ဝမ်းသာ အားရအော်ပြောသံကို ကြားလိုက်ရ၏။ နိုင်ဦးလည်း လက်မှ ဒဏ်ရာကို အနာကပ်ပလပ်စတာ တစ်ခုကို ယူကပ်ပြီး အိမ်ရှေ့ထွက်ခဲ့လိုက်သည်။

” ဟာ…သားကြီး မင်းက ဒီနေ့ အလုပ်မသွားဘူးလားကွ”

” ဟုတ်တယ် အဖေရေ။ မနေ့က အဖေ့မြေး နေမကောင်းတော့ အဲ့ဒါ ဆေးခန်းသွားပြမယ်ဆိုပြီး ခွင့်ယူထားတာ။ အခု အဖေ့မြေးက အကောင်းကြီးလေ။ အဲ့ဒါနဲ့ ဆေးခန်းမသွားဖြစ်တော့ဘဲ နားချိန်ရတုန်း ခြံထဲ သန့်ရှင်းရေး လုပ်နေတာ”

” အေး…အဖေတို့ကလည်း မြေးလေး မရှိတော့ အိမ်မှာ ပျင်းနေတာနဲ့ အလည်လာခေါ်တာဟေ့။ မြေးလေးရေ…လာပါဦးကွာ…”

ဦးကျော်ဦးမှာ သူ့မြေးအား ကောက်ချီပြီး ချော့မြှူနေ၏။ ဖခင်မှာ ရှေးဆန်ဆန်နေတတ်ပြီး ကလေးအလွန်ချစ်တတ်သည့် အတွက် မြေးအဖိုးနှစ်ယောက် ကြည်နူးနေသည်ကို နိုင်ဦး သဘောကျစွာကြည့်နေမိသည်။

” အကို လက်က ဘာဖြစ်တာလဲ”

” အာ…ဘာမှ မဟုတ်ပါဘူးကွာ။ ဟို…စပါးလင် အရွက်ရှတာရယ်”

” ဪ…”

ခင်၏ အမေးကို နိုင်ဦး ပေါ့ပါးစွာပင် ဖြေလိုက်သည်။ မိခင်ဒေါ်တင်လှမှ

” ကဲ…သားကြီး။ မင်းတို့ကို အိမ်အလည်လာခေါ်တာ။ အိမ်မှာ ထမင်းတွေ ချက်ထားတယ်။ နေ့လည်စာ အမီပြန်ရအောင်လို့။ သွား…ရေချိုးချေ ”

” တော်ပြီ အမေ။ အမေ့သမီးတို့ သားအမိကိုပဲ ခေါ်သွားလိုက်တော့။ သားခြံထဲ ရှင်းလက်စတွေ ပြီးမှပဲ လိုက်ခဲ့တော့မယ်”

မိခင်၏ စကားအား နိုင်ဦး ငြင်းပယ်လိုက်သည်။

” ကဲ..အဲ့ဒါဆိုလည်း သမီး ထည့်စရာရှိတာ ထည့်ပြီး သွားကြရအောင်။ ငါ့မြေးကို လွမ်းနေတာဆိုတော့ တစ်ညတော့ အိပ်ခိုင်းရမယ်နော်”

” အမေတို့ သဘောပါဗျာ…”

” ကဲသမီးရေ။ သွားရအောင်…နေမြင့်ရင် ကလေးပင်ပန်းနေဦးမယ်။ သားလည်း လုပ်စရာရှိတာသွားလုပ်တော့”

ခဏအကြာတွင်တော့ အဖေနှင့် အမေမှာ ခင်တို့သား အမိအား ခေါ်၍ ပြန်သွားကြလေ၏။

ထို့နောက်တွင်တော့ နိုင်ဦးလည်း အိမ်နောက်ဘက်ဆီ ပြန်ထွက်ကာ အလုပ်လုပ်နေဖြစ်၏။ သို့သော် အလုပ်ကိုသာပြီးအောင် လုပ်နေရသော်လည်း သူ့စိတ်တို့က ထိုင်းမှိုင်းလျက်။

ညနေစောင်းတွင်တော့ အလုပ် အားလုံးပြီးစီးလေပြီ။ ခြံဝန်းသည်လည်း အတော်သန့်ရှင်းသွားလေပြီ။ နိုင်ဦးလည်း အလုပ်ကို လက်စသတ်ပြီး ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်သည်။

ရေမိုးချိုးပြီးသည့်အခါတွင်တော့ မိုးချုပ်စပြုနေပြီ။ ဘာရယ်ကြောင့်တော့ မသိ။ စိတ်တို့က အလိုလို ညှိုးနွမ်းနေသည်။ သမီးလေးကို လွမ်းနေသည်လား မရေရာ။ သို့သော် အလုပ်ပင်ပန်းထား၍ အခုလောလောဆယ် နားချင်သည်။ ဒီညတော့ အမေ့အိမ်ဆီ လိုက်မသွားတော့။ အိမ်၌ပင် အိပ်ကာ စိတ်ကြည်လက်ပျောက်ဖြစ်စေရန် တစ်ခွက်တစ်ဖလား ချဖို့စဉ်းစားမိလိုက်သည်။

သို့နှင့် လမ်းထိပ်ဘက်ကို ထွက်ကာ ဘီယာဘူးများဝယ်သည်။ အမြည်းအဖြစ် အသားကင်အချို့နှင့် အာလူးကြော်၊ ဆေးလိပ်တို့ ဝယ်ကာ ပြန်ခဲ့သည်။ အိမ်တွင် ခင်နေ့လည်က ကြော်ပေးထားခဲ့သော အမဲသားကြော်တို့ ရှိနေသေးသည်။ ဒီလောက်ဆို အမြည်းက လောက်လေပြီ။

နိုင်ဦးမှာ စိတ်ထဲမှ အစီအစဉ်များ ရေးဆွဲကာ လျှောက်လာရင်း ခြံထဲရောက်လေပြီ။ အိမ်တံခါးအား သော့ဖွင့်လိုက်ချိန် အိမ်ထဲဆီမှ

” ဝုန်း…ခလွမ်း…”

ဟူသည့်အသံကြောင့် နိုင်ဦးတံခါးအမြန်ဖွင့်ကာ မီးဖိုခန်းကို ပြေးဝင်ကြည့်သည်။ အမဲသားတုံးများ ကြမ်းပြင်ထက်နှင့် စားပွဲထက်ဆီတွင် ပြန့်ကျဲလျက်။ ပန်းကန်ကတော့ ကွဲနေသည်။ ကြောင်နှိုက်တာပင် ဖြစ်ရမည်။ မနေ့က ခင်သည် ပိသာတွဲ တစ်တွဲဝယ်၍ ကြော်ထားခြင်းဖြစ်ပြီး ယခုမူ ကြောင်နှိုက်သဖြင့် ဆယ်တုံးခန့်ပင် ကျန်လေသည်။ နိုင်ဦးသည် ကြမ်းပြင်ထက်ဆီက အမဲသားများအား ကောက်ယူလိုက်သည်။ ပြီးနောက် ပန်းကန်တစ်လုံးတွင်ထည့်ကာ အိမ်အနောက်ဘက်ကို ပစ်လိုက်သည်။ ထို့နောက် စားပွဲထက်က အမဲသားတုံး လေးငါးတုံးကို သီးသန့်ပန်းကန်တွင် ထည့်လိုက်ပြန်သည်။ ဤအတုံးများကိုတော့ အမြည်းအဖြစ်ပြန်သုံးရပေမည်။ ပန်းကန်ကို အုပ်ဆောင်းအောက်ထည့်ရန်ပြင်လိုက်သည်။

” ဟင်…”

ထူးဆန်းသည်။ အုပ်ဆောင်းသည် လဲပြိုမနေဘဲ အထဲက အမဲသားပန်းကန်က အပြင်ကို ဘယ်လို ရောက်ရသနည်း။ နိုင်ဦး စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည်။ သို့သော် အယုံအကြည်မရှိသူမို့ ခေါင်းကို ခါရမ်းလိုက်ပြီး သောက်ရန်ပြင်ဆင်လိုက်သည်။

ည ၈နာရီ ခွဲခန့်တွင်တော့ ဘီယာလေးဗူးခန့်ကုန်လေပြီ။ ရေချိန်လည်း အတော်ကလေး ကိုက်လေပြီ။ အပေါ့သွားချင်လာ၏။ သူအိမ်နောက်ဘက်ကို ထွက်လာသည်။ ခြံစည်းရိုး နံဘေးတွင်သာ ကိစ္စရှင်းလိုက်သည်။

” အဟမျး…အဟမျး…”

” အမ်…ဘယ်သူလဲ”

အနောက်မှ ချောင်းဟန့်သံကြောင့် နိုင်ဦး လှည့်ကြည့်လိုက်သည်။

” ဟင်…”

သူမြင်လိုက်ရသည်က တစ်ကိုယ်လုံး မည်းနက်နေသည့်လူသုံးယောက်။ ထိုသူတို့၏ မျက်လုံးတွေက အမှောင်ယံတွင် နီရဲနေသည်။ နိုင်ဦးကြည့်နေစဉ်မှာပင် သုံးဦးထဲမှ အလယ်ကတစ်ဦးသည် သူ့ဆီ ပြေးဝင်လာပြီး မျက်နှာချင်း ဆိုင်ဝင်တိုက်လိုက်လေတော့သည်။

ထို့နောက်တွင်တော့ နိုင်ဦး၏ အသိအာရုံတို့ လွင့်ပါးခဲ့ရလေကာ ဘာဆက်ဖြစ်သည်ကို မသိနိုင်တော့။

*****

အချိန်အနည်းငယ် အကြာတွင်တော့ နိုင်ဦး၏ အိမ်ရှေ့ကို ဦးကျော်ဦး၏ ကားကလေး ထိုးရပ်လာ၏။

” ဒေါက်…ဒေါက်…”

“နိုင်ဦး…သားကြီး..ရေ”

အကြိမ်ကြိမ်ခေါ်နေသော်လည်း အိမ်ထဲမှ ပြန်ထူးသံမကြားရ။ ဦးကျော်ဦး စိတ်မရှည်တော့ဘဲ တံခါးအား ဆောင့်ကန်ကာ ဖွင့်လိုက်သည်။

” ဝုန်း..”

“အကို….အား…”

အိမ်တံခါးဆောင့်ဖွင့်သံနှင့်အတူ မြင်လိုက်ရသည့် မြင်ကွင်းက ထိတ်လန့်ဖွယ်ပင်။ နိုင်ဦးသည် စတီးဓားတစ်ချောင်းအား လက်တစ်ဖက်ကကိုင်လျှက် ကျန်လက်တစ်ဖက်အား ပြန်လှီးနေကာ ထွက်လာသော သွေးတို့ကို ပါးစပ်ဖြင့် စုပ်ယူသောက်နေသည်။ ပါးစပ်တွင်လည်း သွေးတို့က ပေပွလျက်ရှိနေ၏။

သူတို့အသံကြားတော့ မျက်ထောင့်နီဖြင့် တစ်ချက်လှမ်းကြည့်လာပြီး မျက်နှာ သေကြီးဖြင့် ပြုံးပြသည်။ ပြီးနောက် သူ့အသားကို သူပြန်လှီးပြန်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဒေါ်တင်လှက သွေးပျက်ကာ ခွေလဲကျသွားသည်မို့ နံဘေးမှ ခင်သည် အလျင်အမြန် ဖမ်းထိန်းလိုက်ရသည်။ သတိတော့ လစ်မသွား။ ဦးကျော်ဦးသည် ကြည့်နေရင်းဖြင့် သတိဝင်လာပြီး

” သားကြီး မလုပ်နဲ့…”

ဟုဆိုကာ နိုင်ဦးအား ပြေးဆွဲသည်။ သို့သော်

” ဝုန်း…”

” အင့်…”

နိုင်ဦးအနားမရောက်မီ တစ်စုံတစ်ယောက်က တွန်းထုတ်သည့်နှယ် ဦးကျော်ဦး လွင့်စင်သွားသည်။ လဲကျနေစဉ်တွင် ဦးကျော်မောင်သည် တစ်စုံတစ်ရာကို သဘောပေါက်မိလေပြီး ခင်အား လှမ်းကြည့်လာကာ

” သမီး…ပရိတ်ရေရှိရင် အမြန်ယူပြီး သူ့ကို ပက်…”

ဦးကျော်ဦး၏ စကားသံအဆုံး။ ခင်သည် အိမ်ပြောင်းလာကာစက မိခင်အိမ်မှ ယူလာသော ပရိတ်ရေ၊ ပရိတ်သဲများကို သတိရမိ၏။ သို့ကြောင့် ချက်ချင်းပင် ဘုရားစင်ဆီ ပြေးကာ ပရိတ်ရေဘူးအား ယူ၍ ပြန်ပြေးလာပြီး ဖွင့်ကာ နိုင်ဦးအား ပက်ထည့်လိုက်သည်။

” အား….”

” အူး…အူး…”

“ဝုန်း….ဂလုန်း…”

” ဒုန်း….ဒုန်း…”

ကြောက်မက်ဖွယ် အသံနက်ကြီးများ ထွက်ပေါ်လာပြီး မီးဖိုခန်းအတွင်း ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ ပိတ်ထားသော အိမ်နောက် တံခါးသည် ရုတ်တရက် ” ဝုန်း…” ခနဲ ပွင့်သွားသည်။ ပြီးနောက် မီးဖိုခန်းအတွင်း ငြိမ်သက်သွားသည်။ နိုင်ဦးသည်လည်း ကြမ်းပြင်ထက် ခွေကျသွားရသည်။

” သမီး…ရ…ရပြီ”

နိုင်ဦးအား ပွေ့ကာပြောလာသော ဦးကျော်ဦး၏ စကားကြောင့် ခင်နှင့် ဒေါ်တင်လှတို့သည် နိုင်ဦးအနားကပ်ရန် တွန့်ဆုတ်နေရာမှ မရဲတရဲ အနားဆီသွားလိုက်ကြသည်။ နိုင်ဦးသည် သတိလစ်နေလေသည်။

” သမီး…သူ့ပါးစပ်ထဲ ပရိတ်ရေတိုက်လိုက်”

” ဟုတ်ကဲ့ ဖေဖေ…”

ခင်သည် နိုင်ဦးပါးစပ်ထဲ ပရိတ်ရေတိုက်လိုက်သည်။ တအောင့်အကြာတွင် နိုင်ဦးထံမှ ” အင်း ” ခနဲ ညည်းညူသံနှင့်အတူ သတိရလာ၏။

” အကို…အကို သတိရပြီလား”

” သားကြီး…သတိရပြီလား”

” အား…ကျွတ်…အဖေ…ခင်…ကျွန်တော်ဘာဖြစ်တာလဲ”

နိုင်ဦး ညည်းညူရင်း ပြောလာသည်။ ဦးကျော်ဦးမှ နိုင်ဦးအား ကြည့်ရင်း

” ကဲ…သားကြီး သတိရပြီဆိုတော့ ။ ဖြစ်ခဲ့တာကို အဖေ ခဏနေမှ ရှင်းပြမယ်။ လောလောဆယ် ရှင်းစရာ ရှိနေတယ်။ တို့တစ်တွေ အချိန်မီရောက်လာလို့ ဒဏ်ရာက သိပ်မကြီးလိုက်ဘူး။ တော်သေးတယ်။ မေကြီးနဲ့ သမီးက သားကြီးကို ပတ်တီးစည်းပေးလိုက်။ ဆေးခန်းကိုတော့ ဒီက ကိစ္စကို ရှင်းပြီးမှ သွားပြမယ်။ ပြီးရင် ခင်က အဖေ့ကို ပရိတ်ရေနဲ့ ပရိတ်သဲတွေ စုပေးထား။ အဖေ ကားဆီက ဓာတ်ဆီ ပုံးသွားယူဦးမယ်”

ဦးကျော်ဦး ကားဆီ ထွက်သွားသည်။ ပြန်လာတော့ လက်ထဲ၌ ဓာတ်ဆီ ပုံးပါလာ၏။ ထိုအချိန် ခင်တို့သည်လည်း နိုင်ဦးအား ပတ်တီးစည်းပေးပြီးလေကာ ပရိတ်ရေ၊ သဲများ ကို ပြင်ပြီးလေပြီ။

” ကဲ…အားလုံးပဲ အိမ်နောက်လိုက်ခဲ့ကြ။ ဒီအိမ်မှာ ဘာကြောင့် အခုလို ထူးဆန်းတာတွေ ဖြစ်နေရတာလဲဆိုတဲ့ အဖြေကို ပြမယ်”

သူတို့အားလုံး အိမ်နောက်ထွက်ခဲ့သည်။ ခင်နှင့် ဒေါ်တင်လှကတော့ နိုင်ဦးအား တွဲထားသည်။ ဦးကျော်ဦးတို့ အိမ်နောက်ကို ရောက်သည်နှင့်စပါးလင်ပင်များသည် လေတိုးသည့်အလား ယိမ်းထိုးနေလေသည်။ အရွက်များဆီမှ ” တရှဲရှဲ ” အသံတွေပင် ထွက်ပေါ်နေ၏။

ဦးကျော်ဦးလည်း အပင်များ၏ ပတ်ပတ်လည်ကို ပရိတ်ရေ၊ ပရိတ်သဲများဖြင့် စည်းဝိုင်း ဝိုင်းလိုက်သည်။ ပြီးနောက် ဓာတ်ဆီပုံးအား ဖွင့်ကာ အပင်တွေကို လှမ်းပက်၏။ စပါးလင်ပင်များမှာ အခုနကထက် ပိုမိုလှုပ်ရှားယိမ်းထိုးလာသည်။

ဦးကျော်ဦးသည် ယိမ်းထိုးနေသော စပါးလင်ပင်များကို ကြည့်ကာ အံကြိတ်လျက်

” ကဲ…ငါ့သားရဲ့ မိသားစုကို ဒုက္ခပေးတဲ့ ကောင်တွေ သေဖို့သာပြင်ထားပေတော့”

ဟု ပြောလေပြီး စက္ကူတစ်ရွက်ကို မီးရှို့ကာ စပါးလင်ပင်တွေ အကြားကို ပစ်ထည့်လိုက်သည်။ ဓာတ်ဆီ လောင်းထားသည်ကြောင့် မီးက ” ဟုန်း” ခနဲ ထလောင်သည်။ မီးတောက်ကြီး သည် စပါးလင်အုံအား လောင်မြိုက်လေပြီ။

ထိုအချိန်ဝယ် အလွန်ထူးဆန်းသော အဖြစ်အပျက်များက ဖြစ်ပေါ်လာ၏။ စပါးလင်အရွက်များသည် မီးလောင်နေသည့်ဘက်မှ လွတ်ရာဘက်ဆီကို ယိမ်းထိုးလျက်။ မသိလျင် လူက တိုးပြီးပြေးသယောင်ရှိ၏။ အခင်း၏ အဖျားဘက်ရောက်သော် ငြိမ်သက်ကာ လူးလွန့်နေသည်။ မကြာပါ မီးတောက်ကြီးသည် ထိုလူးလွန်နေသော အဖျားဘက်ကို လောင်မြိုက်ချိန်တွင်တော့ အထဲမှ ” အား….ကြောက်ပါပြီ” ဟူသည့် လူအော်သံကြီးများ ကြောက်မက်ဖွယ် ထွက်ပေါ်လာ၏။

ထိုအသံကြီးမှာ မကြာမီတွင်တော့ မီးလောင်ခြင်းနှင့်အတူ ပျောက်ကွယ်သွားလေပြီး ပြာပုံကြီးသာ ကြွင်းတော့၏။ ထိုအခါမှသာ ဦးကျော်ဦးတို့ မိသားစုလည်း အိမ်ပေါ်ပြန်တက်ခဲ့ကြပြီး နိုင်ဦးကို အဝတ်အစားလဲပေးကာ ကားဖြင့် ထွက်ခဲ့လေတော့၏။

*****

” အဖေ…အဲ့ဒါတွေက ဘာတွေ ဖြစ်ရတာလဲ ရှင်းပြပါဦး”

ဆေးခန်းပြပြီးနောက်တွင်တော့ ဦးကျော်ဦးသည် နိုင်ဦးတို့ လင်မယားအား သူတို့အိမ်ကို မပြန်စေတော့ဘဲ သူ့အိမ်ကို ခေါ်ခဲ့၏။ လမ်းတွင်တော့ နိုင်ဦးသည် ဖခင်ဖြစ်သူအား သူသိချင်နေသည့် အကြောင်းကို မအောင့်နိုင်ဘဲ မေးလေတော့သည်။ ထိုအခါ ဦးကျော်ဦးမှ

” အေးကွ…ဒီလိုရယ်။ မြေးလေး အိမ်ရောက်ပြီးတော့ တို့မိသားစုတွေ တစ်နေကုန် ဆော့ကစားပြီး ပျော်နေကြတာကွ။ အဲ့ဒါ ညမိုးချုပ်တဲ့အထိလည်း မြေးလေးက ပုံမှန်အတိုင်းပဲ ဆော့ရင်းရှိနေတယ်။ အဲ့ဒီမှာ သူ့အမေက အိမ်မှာဆို ညနေစောင်းချိန်တိုင်း ငိုတယ်လို့ပြောတော့ ငါလည်းတစ်ခုခုပဲလို့ တွေးမိပြီး စဖြစ်တဲ့ အချိန်ကို မေးမိတာ။ အဲ့ဒီမှာ သမီးက မင်းနဲ့ အိမ်နောက်မှာ ဆော့နေရင်းနဲ့ စငိုတာလို့ ပြောတော့ ငါလည်း ထူးခြားချက်ကို ရှာကြည့်တယ်လေ။ အဲ့ဒီ့မှာ စပါးလင်ပင်ကို သတိရကော။ မင်းနေ့လည်က စပါးလင်က လက်ကိုရှတယ်လို့ ပြောခဲ့တယ်မလား။ အဲ့ဒါနဲ့ ငါလည်း မင်းကို တစ်ယောက်ထဲ စိတ်မချလို့ အိမ်မှာ လာအိပ်ဖို့ လာခေါ်တာမှာ အခုလို ဖြစ်တာပဲ။ မြေးလေးကိုတောင် အန္တရာယ်ဖြစ်မှာ စိုးလို့ အိမ်မှာ ထားရစ်ခဲ့တာကွ”

” ဟင်း…ဒါဆို စပါးလင်ပင်က တော်တော်ကြောက်စရာကောင်းတာပဲ။ အဖေသာ မသိရင် အကို့အတွက် ရင်လေးမိတယ်အဖေရယ်”

ခင်မှ မချိတင်ကဲ ရေရွတ်သည်။ ဦးကျော်မောင်မှပင် ဆက်လက်၍

” အေးလေ…ငါကလည်း နေ့လည်က သူတို့က မင်းသွေးကို သောက်ပြီးပြီ။ အဲ့ဒီတော့ ဆက်သောက်ချင်လို့ ပြသနာထပ်ရှာ လိမ့်ဦးမယ်လို့ ထင်မိတာ။ အဲ့ဒါနဲ့ပဲ ငါက ချက်ချင်း လာခဲ့ရတယ် ဆိုပါတော့။ ဟော…ရောက်တာနဲ့ ငါထင်တဲ့ အတိုင်း ကြုံရတာကော။ တစ်ကောင်ထဲတောင် မဟုတ်ဘူးနော်။ အဖော်နဲ့ဟ။ ငါ့များ ကြားက အခြားတစ်ကောင်က တွန်းထုတ်လိုက်တာဆို ပစ်လဲကျပြီး အီစလံကို ဝေသွားတာပ့ါ။
အင်း…တကယ်တော့ စပါးလင်ပင်က အိမ်နောက်မှာ စိုက်ရင် သိပ်အန္တရာယ် များတာကွ။ ဘာလို့လဲဆိုရင် သူ့ကို အိမ်နောက်မှာ စိုက်တော့ အိမ်ရှင်တွေက သားစိမ်းငါးစိမ်းတွေ ကိုင်ပြီးပြုပြီးတဲ့အခါ အဲ့ဒီက အညစ်အညေးတွေကို အလွယ်တကူ အပြင်သွန်ရင်း သူတို့ကို မတော်တဆ လောင်းမိတတ်ကြတယ်။ အဲ့ဒီလို အလောင်းခံရတာနဲ့ အနီးအနားက မကောင်းဆိုဝါးတွေဟာ သူ့ဆီကို လာရောက်ပြီး တွယ်ကပ်ကြတာပဲ။ နောက်တစ်ခုက စပါးလင်အပင်ကို အနှံထွက်တဲ့အထိ မထားရဘူး။ လူတစ်ရပ်စာလောက်ဖြစ်အောင် မထားရဘူး။ ခြုံထူအောင်မထားရဘူး။ တကယ်လို့ အဲ့ဒီ့လို ထားခဲ့ရင် အညှီနဲ့ မနီးစပ်သည့်တိုင်၊ မကောင်းဆိုးရွားက တွယ်ကပ်နိုင်ပြီး အညှီတောင်းတတ်တယ်ကွ။ အဲ့ဒီ့အခါ အခန့်မသင့်ရင် ပူးကပ်ပြီး အသက်တောင် ရန်ရှာတတ်တယ်။ အခု မင်းအိမ်က အပင်ကတော့ အနှံလည်းထွက်၊ အုံလည်းထူ၊ အညှီကလည်း ပက်မိဆိုတော့ သာဆိုးပြီပေါ့ သားကြီးရာ။ သေကံမရောက်တာပဲ ကျေးဇူးတင်ရမယ်ဟေ့။ အင်း….ဒါတွေကလည်း ရှေးတုန်းက လူကြီးသူမတွေ ပြောဆို တားမြစ်ခဲ့တဲ့ အရာတွေပါ့။ အင်း…ဒါတွေကို
အခုခေတ် မင်းတို့လို သိပ္ပံခေတ်လူငယ်တွေကျတော့ ဒါတွေကို ပါယ်ရှားလာကြတာကိုး။ ပြောမယုံ ကြုံမှသိဆိုတာ ဒါမျိုးပေါ့ကွာ”

ဦးကျော်ဦး၏ စကားအဆုံးတွင်တော့ နိုင်ဦးသည် သူမယုံကြည်ခဲ့သည့့် အခြားလောကတစ်ခုသည် သူ့အနီးဝန်းကျင်တွင်ရှိနေကြောင်း ယုံကြည်လက်ခံမိတော့လေသည်။

ဤသို့ဖြင့် နောက်နေ့များတွင်တော့ ဘုန်းကြီးငါးပါးပင့်လျှက် အန္တရာယ်ကင်း ပရိတ်တရားတို့ နာကြားကာ ခြံဝန်းအား စင်ကြယ်အောင် ဆောင်ရွက်ပြီးနောက် အခြားတစ်ဦးထံသို့ ရသမျှစျေးနှင့် ထိုခြံကို ရောင်းချခဲ့လေတော့သည်။

ပြီးပါပြီ။