“
“ဟုတ်ကဲ့ပါ ဆရာကြီး “
မြကေသီသည် စနေ၏ အနားထိုင်လိုက်ချိန် ကျန်သောသူ များသည် ဦးစနေ ခိုင်းသည့်အတိုင်း ဝေးရာသို့ ထွက်သွားကြလေသည်။ထို့နောက် စနေ သည် တင်ပျဉ်ခွေချိတ်ထိုင်နေရာမှ ပြောင်း၍ မြကေသီ နှင့် အနီးကပ် ဘေးချင်းကပ်လျက် ထိုင်လိုက်လေသည်။မြကေသီသည် အသက်ကြီးကြီး နှင့် မနှစ်မျို့ ဖွယ်ရာလူကြီး သူမ နှင့် အသားချင်းထိလုမတတ် လာထိုင်နေ သည်ကို မကြိုက်သော်လည်း အပြုံးမပျက်ဘဲ ထိုင်နေလေသည်။သူမ၏ စိတ်ထဲတွင်တော့ ဖခင်ဖြစ်သူနှင့် သူမအား ဘဝပျက်အောက် ပြုလုပ်ခဲ့သည်ဟု တထစ်ချ ယုံကြည်ထားသော သူဌေးကုန်းရွာမှ ဧည့်သည်ကောင်လေးများ နှင့် ဦးစံလှတို့အား လက်စားချေရန်မှာ သူမဘဝအတွက် အရေးကြီးဆုံးဖြစ်သည်မို့ ကျန်သည့်အရာများအား ဂရုမစိုက်တော့ပေ။စနေ သည် မြကေသီ၏ ပုံခုံးကို လက်နှင့် ပုတ်လိုက်ကာ
“ပေါက်စသမီးက ဒီလောက်လှမယ်လို့ ငါ မထင်ထားဘူး “
“မဟုတ်ပါဘူး သာမာန်ပါပဲ ဆရာကြီး “
“ငါ မိန်းမလှတွေ အတော်များများနဲ့ ပတ်သတ်ခဲ့ဖူးပါတယ် နင့်လောက်လှတဲ့ သူတယောက်မှ မတွေ့ ဖူးသေးဘူး “
“ဆရာကြီးကလည်း “
“တကယ်ဟ “
“ထားလိုက်ပါ အဖေက ဆရာကြီးဆီ အကူအညီ တောင်းခိုင်းတာ အခု ကျမ အခက်အခဲဖြစ်နေတယ် ကျမကို ကူညီပေးနိုင်မလား “
“နေဖို့ထိုင်ဖို့ကတော့ ဘာမှမပူနဲ့ နင့်ကို ငါ့ဆီမှာ တသက်လုံး ထားနိုင်တယ် “
“ကျမ လူတွေကိုရော “
“သူတို့လည်း နေနိုင်ပါတယ် “
“ပြီးတော့ ကျမရန်သူတွေကို လက်စားချေဖို့ဆိုရင်ရော ဆရာ ကြီး ကူညီနိုင်မှာလား “
“အင်း အဲ့တာကတော့ “
စနေ သည် အင်တင်တင်အမူအယာပြုလုပ်နေသဖြင့် မြကေသီသည် စနေ၏ လက်ကြမ်းကြီးကို ဆွဲကိုင်ကာ
“ဆရာကြီး ကျမကို ကူညီပါ တကယ်လို့ အဲ့သကောင့်သားတွေကို လက်စားမချေနိုင်ဘူးဆိုရင် ကျမ ဒီလောကမှာ အသက် ဆက်ရှင်ဖို့ ခက်ပါလိမ့်မယ် ”
“အင်း ကူညီဆိုရင်တော့ ကူညီမှာပေါ့ ဒါပေမဲ့ ဘယ်အလုပ်မဆို အရင်းအနှီးတော့ ရှိတယ် ကလေးမ”
“ပြောပါ ဆရာကြီး ကျမ ပိုင်ဆိုင်သမျှ အကုန်ပေးပါ့မယ် ဒီကို ပြေးလာရတယ်ဆိုပေမဲ့ ကျမရဲ့ အိမ်နဲ့ လယ်တွေကို ပိုင်နေပါသေးတယ် ဆရာကြီးလိုရင် အကုန်ယူပါ “
“တော်စမ်း ဆက်မပြောနဲ့ ငါက အဲ့တာတွေ ဘာလုပ်ရမှာလဲ မလိုချင်လို့ ဒီတောင်ပေါ်မှာနေ နေတာ “
“အဲ့တာဆို ဆရာကြီးက ဘာလိုချင်တာလဲရှင့် “
“နင် ကူညီခိုင်းတာတွေ ကူညီမယ် နင်က ငါ့မယားလုပ်ရမယ် ဘယ်လိုလဲ “
“ရှင် “
မြကေသီသည် အံ့ဩသည့်အမူအယာ လုပ်နေပေမဲ့ စနေ ထံမှ သည်စကားထွက်လာမည်ဆိုသည်ကို ရိပ်မိနေလေ၏။လက်စားချေဖို့ရာအတွက် သူမ၏ အသက်ကိုပင် စွန့်ဝံ့ရာ ကိုယ်ခန္ဓာသည်က မှု့စရာ မလိုတော့ပေ။ထို့ကြောင့် စနေ ကမ်း လှမ်းသည်ကို အင်တင်တင်အမူအယာဖြင့် လက်ခံလိုက်လေရာ စနေ မှ မြကေသီ၏ ပုခုံးကိုဖက်လိုက်ရင်း တဟားဟားဖြင့် ရယ်မောနေပါလေတော့သည် ။
◾အခန်း (၂)
သူဌေးကုန်းရွာလေး၏ ညနေခင်းချိန်ခါတွင် ဖြစ်သည်။မောင်ဘိုးထင်တို့သည် ပြဿနာများ ရှင်းလင်းသွားပြီအထင်ဖြင့် ပေပင်ရွာသို့ ပြန်ချင်နေသော်လည်း ရွာမှ သိန်းဇော် နှင့် ဦးစံလှ အပါအဝင် တခြားသောသူများမှ မပြန်ဖို့ရာ တောင်းပန်မှု ကြောင့် မပြန်ဖြစ်သေးပေ။မောင်ဘိုးထင်တို့သည် ဦးစံလှအား မြကေသီကို နောက်ထပ်မနှောက်ယှက်ဖို့ရာ တောင်းဆိုရာ ဦးစံလှမှ လေးနက်တည်ကြည်စွာ စကားဆိုလေသည် ။
“ကောင်လေး ငါပြောမယ် အဲ့ဒီနေ့က ငါတို့တွေကို မြကေသီက အသေသတ်တာ အမှန်အတိုင်းပြောရရင် သူက သူ့အဖေပေါက်စ လူမှန်းမသိသူမှန်းမသိ ရူးတာကို မင်းတို့ငါတို့ကြောင့်လို့ ထင်နေတာ သူအဖေရဲ့လူတွေ ဒုက္ခပေးတာကိုတော့ မမြင်ဘူး အဲ့ဒီနေ့က မင်းတို့ ငါတို့ကို မြွေ နဲ့ တိုက်သတ်တာလည်း မင်းအသိ တကယ်လို့ မင်းသာမရှိရင် ငါတို့ သေနေပြီ ကောင်လေးရ စုန်းမို့လို့ အောက်လမ်းမို့လို့ ခွဲခြားဆက်ဆံမယ်ဆိုရင် ကောင်လေး မင်းလည်း ပညာသည်ပဲ ငါတို့ ခွဲခြားလား ပြော “
“မခွဲခြားပါဘူး “
“ငါတို့ အမှားချည်းပဲမဟုတ်ဘူး အခု မင်းပြန်သွားရင် ငါတို့ ကို ဒုက္ခပြန်လာပေးရင် ပေးဦးမှာ ငါ့စိတ်အထင် ငါတို့ကို မြကေသီက အလွတ်ပေးမယ် မထင်ဘူး “
ဘိုးထင်သည် ဦးစံလှပြောစကားများအား လက်ခံလိုက်သည် ၊၊ထို့ကြောင့် ရွာပြန်မည့် အစီအစဉ်အား ခေတ္တဆိုင်းငံ့ရန် စဉ်း စားလိုက်ပြီး
“နောက်ထပ် လေးငါးရက်လောက်တော့ ကျုပ်တို့အခြေအနေကို စောင့်ကြည့်ကြတာပေါ့ “
“အဲ့တာဆို မင်းတို့ မပြန်သေးဘူးပေါ့ ဟုတ်လား “
“ဟုတ်တယ် ကိုသိန်းဇော် ဦးစံလှပြောတာ သဘာဝကျတယ်။ ကျုပ်တို့ကို နောက်ထပ်လာပြီး ဒုက္ခမပေးနိုင်ဘူးလို့ ပြောမရဘူး ဒါပေမဲ့ ကြောက်ပြီး နေ နေရမယ်လို့လည်း မဆိုလိုဘူး “
“မင်းကလည်းကွာ ငါတို့က ကြောက်မတဲ့လား ဟိုကောင်တွေ ဘာလုပ်နေလဲပဲ ကြည့်ဦး “
မောင်ဘိုးထင်တို့သည် သိန်းဇော်ညွန်ပြသော နေရာအား ကြည့်လိုက်ရာတွင် ကျယ်ဝန်းလှသော သိန်းဇော်၏ အိမ်ဝိုင်းအရှေ့တွင် ပုဆိုးကို ခါးတောင်ပြောင်အောင် ကျိုက်ထားပြီး ခြင်းခတ်နေကြသော သိန်းဇော်၏ သူငယ်ချင်းများကို တွေ့လိုက်ရသည်။ထို့နောက် ဦးစံလှသည် ထိုင်ရာမှထလိုက်ပြီး ဝတ်ထားသောအင်္ကျီကို ချွတ်လိုက်ကာ ခါးတောင်ကျိုက်လိုက်ပြီး
“သိန်းဇော် ခြင်းလုံး ထုတ်ကွာ တို့လည်းတဝိုင်း ဝိုင်းလိုက်ကြရအောင် “
“ကောင်းတယ်ဗျာ ဟေ့ကောင်တွေ မင်းတို့ ခြင်းခတ်တတ်လား “
“မခတ်တတ်ဘူးဗျ “
“မခတ်တတ်ရင်လည်း သင်ပေးမယ် လာကြ အရင် ခါး တောင်းကျိုက်လိုက် “
သိန်းဇော်သည် ပြောပြောဆိုဆို သူ၏ အိမ်ပေါ်သို့ တက်သွားပြီး ခြင်းလုံးကို ထုတ်လာလေသည်။ထို့နောက် ဦးစံလှ၊သိန်း ဇော် နှင့် မောင်ဘိုးထင်တို့ ဝိုင်းဖွဲ့ ပြီး ခြင်းခတ်နေကြလေသည်၊၊
“ဟေ့ကောင် ဘိုးထင် ခြင်းက ခတ်ရမှာကွ သေအောင် ကန်မနေနဲ့ ငါ့ခြင်းကတော့ ကျိုးတော့မှာပဲ “
“အားပါသွားလို့ပါဗျာ “
“ဟိုကောင် မင်းခြေခွင်က ခွင်လွန်းတယ် မွေးရာပါကို ရိုက်မိလို့ တက်နေဦးမယ် “
“ဘယ်သူ့ကို ပြောတာလဲ ဦးစံလှ “
“မင်းကိုပြောနေတာ ပေတူး မင်းခြေခွင် ခတ်တာကလည်း တခြားသူတွေကို မေးကြည့်ဦး မင်းအစား ငါ ကြက်သီးထတယ် “
ဦးစံလှ ပြောမည်ဆိုလည်း ပြောချင်စရာပင်။အဘယ့် ကြောင့်ဆိုသော် မောင်ဘိုးထင်တို့ ခြင်းခတ်သည်မှာ အဆင်မချောလှပေ။မောင်ဘိုးထင်မှာ သူ့ဆီလာသောခြင်းလုံးအား ခတ် ရာ အတော်အားပြင်းသွား၍ ခြင်းပိုင်ရှင်သိန်းဇော်မှာ ခြင်းကျိုးမည်ကို စိုးရိမ်နေရသည်။ပေတူးမှာတော့ ခြေခွင်ခတ်ရာ ခြေအခွင်လွန်ပြီး မတော်ရာကို ခြင်းလုံးထိမှန်မည်အား ကျန်သူများ စိုးရိမ်နေရပြန်၏။သာအေးမှာဖြင့် တမူထူးခြားပြီး သူ၏ ခြေခွင်နှင့် ဒူးကို ကောင်းစွာအသုံးပြုပြီးခတ်သည့်အခါ အကွက် ဆန်းများ ထွင်လေတော့သည်။ထိုအကွက်ကို ဦးစံလှတို့မှ ကြည့်ကာ
“သာအေး မင်းရဲ့ နွားမကန်အကွက်ကြီး မသုံးစမ်းပါနဲ့ကွာ ငါရယ်ချင်လို့ “
“ဒီဟာက နောက်ဖဝါးဗျ “
“ဟေ့ကောင် ဖဝါးက အဲ့ဒီလိုမဟုတ် ဒီလိုကွ “
ထိုစဉ် ဖိုးထွေးသည် သူ့ဆီလာသောခြင်းလုံးအား ဝိုက်လိုက် ၏။ခြင်းကို ဝိုက်ရာတွင် ခုန်လိုက်သည့်အချိန်တွင် ခါးတောင်း ကျိုက်ထားသောပုဆိုး ပြေသွားသည့်အတွက် သူ၏မျက်နှာ ချင်းဆိုင်တွင်ရှိနေသော မောင်ဘိုးထင်မှာ ပါးစပ်အဟောင်း သားဖြင့်
“ဟ ဖိုးထွေးတို့များ ခြင်းခတ်တာ ဘယ်လောက်မြန်သလဲဆို ခြင်းကို တလုံးထဲမမြင်ရဘူးဗျို့ ခြင်းကသုံးလုံး အရိပ်ထင်နေတယ်ဗျ “
ဘိုးထင်၏စကားကြောင့် ဖိုးထွေးသည် ခါးတောင်းကျိုက် ပြေသွားသော သူ၏ပုဆိုးအား ခါးတောင်ပြန်ကျိုက်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းသလိုကြည့်ပြီး အမျိုးသမီးများ မရှိမှ သက်ပြင်းချလိုက်လေသည်။သူတို့ မသိသည်မှာ သိန်းဇော်၏ အိမ်ဝိုင်းတဝိုင်းကျော်ရှိ အိမ်ကြီးတအိမ်မှနေ၍ ပြတင်းပေါက်အား အနည်းငယ်ဟပြီး အံကြိတ်ကာ ကြည့်နေသော အမျိုး သမီးယောက်ရှိနေသည်ကိုပင် ဖြစ်ပါလေတော့သည် ။
◾အခန်း (၃)
မောင်ဘိုးထင်တို့သည် သိန်းဇော်၏အိမ်တွင်တလှည့် ဦးစံလှအိမ်တွင်တလှည့် အခြားရွာသားများအိမ်တွင် တလှည့် လှည့် လည်နေထိုင်နေရင်း တရက်သောညနေတွင် သူဌေးကုန်းရွာ သားတဦး သေလေ၏။သေဆုံးသူမှာ ရွာအနောက်ဘက်ရှိ မြတောင်ဟု အမည်ရသော တောင်ပေါ်သို့ ထင်းခုတ်သွားရင်း သူ၏ ဓားနှင့် လည်ပင်းကို ရစ်ကာ သေနေခြင်းဖြစ်၏။ထိုထင်းခုတ်သမား၏အမည်မှာ သန်းလှိုင်ဟု အမည်ရပြီး ဦးစံလှတို့နှင့်အတူ မြကေသီ၏အိမ်အား ခဲ နှင့် ပေါက်သောအဖွဲ့တွင် အပါအ၀င်ဖြစ်သည်။ထိုသူ သေဆုံးပြီး မကြာခင်မှာပင် နောက်ထပ်လူတယောက် ထပ်မံ သေဆုံးပြန်လေသည်။သေဆုံးသည့်ပုံစံ မှာလည်း သန်းလှိုင် သေဆုံးစဉ်ကနှင့် တူ၏။မြက်ရိတ်နေရင်း သူ၏ လက်ထဲမှ တံစဉ်နှင့် လည်ပင်းအားပြန်ရစ်ပြီး သေဆုံးသွားသည်။ယခု သေဆုံးသူမှာလည်း ဦးစံလှ တို့ နှင့် မြကေသီအား ခဲ နှင့် ပေါက်သောအဖွဲ့တွင် ပါနေပြန်ရာ သာမာန်မဟုတ်တော့မှန်း သူတို့အားလုံး သဘောပေါက်လာကြသည်။ထို့ ကြောင့် ခဲ နှင့် ပေါက်ရာတွင်ပါသော လူများသည် သိန်းဇော်၏ အိမ်ဝိုင်းထဲတွင် စုစည်းပြီး အကြောက်တရားကြီးစိုးနေသော မျက်နှာများဖြင့် မောင်ဘိုးထင်တို့အား အကူအညီတောင်းခံကြလေတော့သည် ။
“ငါတို့ကို ကူညီပါဦးကွာ မြကေသီ ငါတို့ကို့ လက်စားချေနေတာ သေချာပြီ တခြားရွာသားတွေ ဘာမှမဖြစ်ဘူး ငါတို့ အဖွဲ့ ထဲက ကောင်တွေပဲ သေနေတာ “
“ဟုတ်တယ် ဘိုးထင် မင်းကယ်နိုင်ရင် ငါတို့ကို ကယ်ပါကွာ “
မြကေသီ၏အိမ်ကို ခဲ နှင့် ပေါက်ရာတွင်ပါသော သိန်းဇော်၏ အပေါင်းအသင်းများနှင့် ဦးစံလှ၏အဖွဲ့သည် ယခုအခါ ညှိုး ငယ်သော မျက်နှာများဖြင့် မောင်ဘိုးထင်တို့အား အကူအညီတောင်းခံနေကြပေပြီ ဖြစ်သည်။သေဆုံးသူများသည် ကိုယ့်ဖာသာ သတ်သေသွားသည့်အနေထားကြောင့် ဘေးပယောဂတခု အသေအချာပါနေသည်ကို မောင်ဘိုးထင်တို့ သိ၏။ထို့ကြောင့် အတွေးပေါင်းစုံ နှင့် ငေးငိုင်နေကြသော ဦးစံလှအား ကြည့်ကာ
“ဦးကြီး စံလှ “
“အေး ပြောလေ ကောင်လေး “
“ကျုပ်တို့ ခင်ဗျား အကူအညီလိုတယ် ဦးစံလှ “
“ပြော ကောင်လေး ငါဘာကူညီရမလဲ ဒီကိစ္စ ငါက စတာဆိုတော့ ငါ့မှာ တာဝန်ရှိတယ် “
“ဦးကြီး နဲ့ ကျုပ်တို့ကိစ္စကတော့ ညရောက်မှ ပြောကြတာပေါ့ အခု လောလောဆယ် ဒီမှာရှိတဲ့သူတွေ ဘယ်သူမှ ရွာပြင်မထွက် ကြနဲ့လို့ ကျုပ်ပြောချင်တယ် ရွာထဲအထိတော့ သူတို့လာမှာ မဟုတ်လောက်ဘူး “
“စိတ်ချ ငါတို့ မင်းစကားနားထောင်မယ် ကောင်လေး”
ထို့နောက် သိန်းဇော်၏အိမ်တွင် ဝိုင်းဖွဲ့ ၍ ဆွေးနွေးခြင်းအား အဆုံးသတ်ကာ တခြားသူများအားပြန်စေပြီး အိမ်ထဲတွင် ဦးစံ လှ၊သိန်းဇော် နဲ့ မောင်ဘိုးထင်တို့အဖွဲ့သာ ကျန်ခဲ့ကြပါတော့ သည်။
◾အခန်း (၄)
ဆိတ်ဖူးတောင်ရှိ သစ်လုံးအိမ်ထဲတွင်တော့ မြကေသီသည် အောက်လမ်းဆရာကြီး စနေ၏ ရင်ခွင်ထဲတွင်မှီကာ ချိုသာ သော စကားများဖြင့် စနေ အား စကားဆိုနေလေသည်။
“အကိုကြီး ရွာထဲအထိဝင်ပြီး အဲ့ဒီကောင်တွေကို သတ်လို့မရဘူးလား တခါတည်းသတ်လိုက်ပါလား”
“အဲ့လိုတော့ မဖြစ်ဘူး ရွာအပြင်ထွက်တဲ့သူတွေလောက်ပဲ အကိုကြီး သတ်ပေးနိုင်တယ် “
“အခု သေတဲ့ကောင်တွေက အစွယ်အပွားတွေ တကယ့်လူတွေက စံလှ နဲ့ သိန်းဇော် ပြီးတော့ ဧည့်သည်ဆိုတဲ့ ငနာလေးတွေ “
“မြကေသီရယ် စိတ်မပူနဲ့ မင်းအိမ်ကို ခဲ နဲ့ ပေါက်တဲ့ ကောင်တွေ အကုန်လုံးကို အကိုကြီး သတ်ပေးမယ် စိတ်ချလက်ချသာနေ ကြားလား ဒီကောင်တွေ ရွာအပြင် မထွက်ပဲ မနေနိုင်ပါဘူး ကွာ “
“အင်းပါ အကိုကြီးကို ယုံပါတယ် “
မြကေသီသည် စနေ ၏ ရင်ခွင်ထဲတွင် မှီနေရင်းမှာပင် သူမ ၏ မျက်နှာမှ အပြုံးတို့သည် တဖြည်းဖြည်း နှင့် ကြောက်စရာကောင်းသည့် အမူအရာသို့ ပြောင်းလဲသွားပါတော့သည်။
ထိုစဉ် တဲအပြင်ဘက်မှ ယောကျာ်းတယောက်၏ အသံ ကျယ်လောင်စွာ ပေါ်ထွက်လာလေသည်။
“ဆရာကြီးစနေ သတင်းပို့စရာရှိပါတယ် “
“အေးခဏစောင့် ငါ အပြင်ထွက်ခဲ့မယ် “
စနေသည် ထိုင်နေရမှထကာ သစ်လုံးတဲအပြင်သို့ ထွက်လိုက်ပြီး တဲအရှေ့တွင် ရပ်နေသောလူအား
“သံလုံး ပြော ဘာကိစ္စလဲ “
“ဆရာကြီး သူဌေးကုန်းရွာထဲက ဆရာကြီးဇနီးရဲ့အိမ်ကို ခဲနဲ့ ပေါက်တဲ့ကောင်တွေ ရွာပြင်ကို ထွက်မလာတော့ဘူး “
“ရွာပြင်ထွက်မလာဘူးဆိုရင် ဒီကောင်တွေ မထွက်ပဲ မနေနိုင်အောင် လုပ်ရမှာပဲ “
“ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပါ ဆရာကြီး “
“ဒါက လွယ်ပါတယ် သဌေးကုန်းရွာသားမှန်သမျှ သတ်ကွာ “
စနေ၏ ပြောစကားကို အတိုင်းသားကြားနေရသော မြကေသီသည် သူမကြားလိုက်ရသောစကားကြောင့် လန့်ဖျန့်သွားပြီး သစ်လုံးတဲလေးထဲတွင် တယောက်ထဲ တွေးငေးနေပါလေတော့သည် ။
◾အခန်း (၅)
မောင်ဘိုးထင်တို့သည် သိန်းဇော်၏ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေရင်း ဝိုင်းဖွဲ့စကားပြောနေကြသည်။ထိုစဉ် အိမ်ဝိုင်းထဲ သို့ အမျိုးသမီးတယောက် လမ်းလျှောက်၀င်လာလေသည်။ထိုအမျိုးသမီးကို မြင်သောအခါ မောင်ဘိုးထင်တို့ အံဩသွားကြသည်။မအံ့ဩပဲ မနေနိုင်ရသည့်အကြောင်းမှာ ထိုအမျိုးသမီးသည် မြကေသီ ဖြစ်နေသောကြောင့် ဖြစ်သည်။မြကေသီသည် မောင်ဘိုးထင်တို့ အရှေ့ရောက်သည်နှင့် ခါးကိုထောက်ပြီး စကားဆိုလေ၏။
“ဟဲ့ကောင်လေးတွေ နင်တို့ကို ငါပြောစရာရှိလို့ လာတာ သိန်းဇော် နဲ့ စံလှရော ရှိလား “
“ခင်ဗျားက ရိုင်းလိုက်တာ ဦးစံလှက ခင်ဗျား အဖေအရွယ်နီးပါးရှိတာ သိလား ”
“တော်စမ်း ငါ့ဖာသာငါ ခေါ်ချင်သလို ခေါ်မယ် “
“နေပါဦး ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ “
“နင်တို့ကြောင့် မဆိုင်တဲ့ ရွာသားတွေ သေမှာစိုးလို့ လာပြော တာ နင်တို့ လုပ်ရဲရင် ခံရဲတယ် မဟုတ်လား ငါတို့မိသားစုဘဝကို ဖျက်ဆီးတဲ့ နင်တို့တွေ ရွာအပြင်က မြတောင်ကို နင့်တို့ လာပြီး အသေခံကြ “
ရင့်သီးသော မြကေသီ၏စကားကို ဖိုးထွေး သည်းခံနိုင်ခြင်းမရှိတော့ပဲ ထိုနေရာမှ ထရပ်ကာ “
“အလကား လူယုတ်မာ သမီးက လူယုတ်မာ နဲ့ တစိတ်ထဲပဲ ခင်ဗျားလို လူမျိုးက သေဖို့ပဲ ထိုက်တန်တယ် “
“နင် နင် ဘာပြောတယ် ငါနဲ့ ငါ့အဖေ နဲ့ နင်စော်ကားနေတာ လား”
“ခင်ဗျားအဖေကြောင့် သေသွားရတဲ့ သူတွေ ဘယ်လောက် များခဲ့လဲ သိလား ခင်ဗျား မသိဘူးမဟုတ်လား သူများမျက် ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ ငွေတွေနဲ့ ခင်ဗျား နေထိုင်စားသောက်နိုင်အောင် ထောက်ပံ့နေခဲ့တာ “
“နင်ပေါက်ကရတွေ မပြောစမ်းနဲ့ နင်တို့ သေခါနီးမို့ သွေးရူး သွေးတန်းတွေ ပြောနေတာမလား “
“တော်စမ်းပါ ကျုပ်တို့က ဘယ်တော့မှ သေမှာ မကြောက်ဘူးစိတ်ချ လာမှာ ခင်ဗျားပြောတဲ့မြတောင်ကိုလာခဲ့မှာ ခင်ဗျားအဖေက အခုလို ရူးတာ မဖြစ်သင့်ဘူး အရှင်လတ်လတ်ငရဲကျရမှာ “
ဖိုးထွေး၏ စကားထက် ပိုပြင်းထန်သောစကားကို ၀င်ပြောလိုက်သူမှာ သာရဖြစ်၏။သာရ၏စကားကို ကြားရသော မြကေသီသည် စိတ်ဆိုးလွန်း၍ အသားများပင် တုန်နေလေ၏။သာရသည်က သူ၏စကားကို ဤမျှဖြင့် မရပ်သေးပဲ ဆက်လက်ပြော ပြန်သည် ။
“ပေါက်စဆိုတဲ့ လူယုတ်မာကြီးက ငွေရရင် ဘာမပြစ်မှ မရှိတဲ့ လူတွေကို ငွေရှိတဲ့သူတွေက ငွေပေးခိုင်းရင် အသေသတ် ပေးတဲ့ အထိ ယုတ်မာတဲ့ လူယုတ်မာကြီး ခင်ဗျားအဖေက လူယုတ်မာ “
“နင် နင် “
“ကျုပ်တို့ပြောတာကို ခင်ဗျားယုံချင်မှ ယုံမယ် ခင်ဗျားမယုံ ရင် ဒီရွာဝန်းကျင်က လူတွေကို လိုက်မေးကြည့်လိုက် ခင်ဗျားအဖေ ရဲ့ ရက်စက်ယုတ်မာမှုတွေကို သိရလိမ့်မယ် “
“တော်စမ်း နင်တို့ စကားကို ငါမယုံဘူး နင်တို့ မြတောင်ကို လာပြီးတော့သာ အသေခံကြ “
မြကေသီသည် စိတ်ဆိုးမာန်ဆိုး နှင့် သိန်းဇော်၏ အိမ်ဝိုင်းထဲ မှ နေ၍ ထွက်သွားပါတော့သည်။ထိုအခါမှ မောင်ဘိုးထင်သည်
“ကဲ ကျုပ်တို့တွေအတွက် ပြဿနာအကြီးကြီးက ပေါ်လာပြီ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မဲ့သူက တယောက်ပဲ ရှိတယ် “
“ဘယ် ဘယ်သူတုန်း ဘိုးထင် “
“ဘယ်သူရှိ ရမှာလဲဗျ ဦးစံလှပေါ့ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် မနက်ဖြန် မြတောင်သို့ သွားကြမည်မို့ အချင်းချင်းတိုင်ပင်လိုက်ကြပါတော့သည် ။
◾အခန်း (၆)
မြကေသီတယောက် မောင်ဘိုးထင်တို့အား စိတ်တိုတိုနှင့် လမ်းလျှောက်လာလေသည်။သူ့အား အခြားသောရွာသားများ မှ လမ်းတွင် တွေ့လျှင်ပင် နှုတ်ဆက်ဖော်မရဘဲ ရှောင်ကွင်း သွားကြ၍ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေမိသည်။ရွာအထွက် အနားရောက်သောအခါ အင်ဖက်အထုံးအား ရွက်လာသော အမျိုးသမီးကြီးတယောက် နှင့် ဆုံလေသည်။ထိုအမျိုးသမီးကြီးကို မြင်သောအခါ မြကေသီသည်
“ကြီးတော်မုန်း ”
“အော် အေး မြကေသီ “
“ကြီးတော်မုန်းကို ကြည့်ရတာလည်း တမျိုးပဲ ကျမကို သူစိမ်းဆန်နေသလိုပဲ “
“မ မဟုတ်ပါဘူး ဟိုဟာလေ ကြီးတော် ဒီအင်ဖက်တွေ ပွဲစားကို အမှီ ပို့ရဦးမှာမို့ သွားလိုက်ဦးမယ်နော် “
မြကေသီသည် သူမအား သမီးအရင်းတမျှ ချစ်ဖူးသော ဒေါ်မုန်းတင်ဆိုသည့် အမျိုးသမီးကြီးမှာ သူမအား ကြောက်လန့် သည့်အမူအယာဖြင့် စကားပြောရင်းမှ သုတ်ခြေတင်သွားလေသည်။စကားပင် ကောင်းကောင်းမပြောနိုင်ပဲ ရှောင်ကွင်းသွားဖို့ ကြံနေသဖြင့် မြကေသီသည် ဒေါ်မုန်းတင်၏ လက်တဖက်ကို ဆွဲလိုက်ရာ ဒေါ်မုန်းတင်မှ အလန့်တကြားဖြင့်
“ကြောက် ကြောက်ပါတယ် မြကေသီရယ် ငါ ပြောမှားဆိုမှား ရှိခဲ့ရင် တောင်းပန်ပါတယ် “
“နေပါဦး ကြီးတော်မုန်း ကျမကို ရွာသားတွေက ဘာလို့ ဒီလိုဆက်ဆံနေကြတာလဲပြောစမ်းပါအုံး ဘာတွေဖြစ်နေကြတာလဲ”
“ကျမကို သွားခွင့်ပြုပါ ကျမကြောက်လို့ပါ “
“ကြီးတော်မုန်း ဘာမှ ကြောက်စရာမလိုဘူး အမှန်အတိုင်းသာပြောပါ ကျမ ကြီးတော်မုန်းပြောတာဆို လက်ခံမယ် “
ဒေါ်မုန်းတင်သည် ရွက်ထားသော အင်ဖက်အထုံးကြီးအား မြေပြင်တွင် ချလိုက်ကာ မြကေသီအား မရဲတရဲ ကြည့်နေလေသည်။မြကေသီမှ ပြုံးပြလိုက်သည့်အခါတွင် ကြောက်စိတ် အနည်းငယ် ပြေသွားဟန်နှင့်
“သ သမီးကို ကြီးတော် ငယ်ငယ်လေးကတည်းက ထိန်း ကျောင်းခဲ့တာပါ “
“ဟုတ်ပါတယ် ကျမ မှတ်မိပါတယ် “
“ဆ ဆရာကြီးက ကျမတို့ ထင်သလို အထင်လမ်းဆရာမဟုတ်ခဲ့ဘူး “
မြကေသီ မည်သည့်စကားမှ မပြော။ရွာသားတွေ မသိပေမဲ့ သူမအဖေ ဘာကောင်ဆိုသည်အား အရင်ကတည်းကသိသည်။ဒေါ်မုန်းတင်သည် နောက်ထပ် သူမ သိသမျှ ဦးပေါက်စ၏ စက် ဆုပ်ဖွယ်ရာ လုပ်ရပ်များကို ပြောပြလိုက်၏။သို့ပေမဲ့ မြကေသီသည် ယုံကြည်ရန် ခက်ခဲနေဟန် ရှိ၏။
“မ မဖြစ်နိုင်တာ အဖေက ပညာသည်ဆိုပေမဲ့ အဲ့ဒီလိုယုတ်မာလွန်းတဲ့ အလုပ်ကို မလုပ်လောက်ပါဘူး “
“ကြီးတော်လည်း အဲ့ဒီလိုထင်ခဲ့တာပါ နောက်တော့ ဆရာကြီး ကိုယ်တိုင်ကိုက ဝန်ခံသွားပါတယ် ကြီးတော် သွားတော့မယ် “
ဒေါ်မုန်းတင်သည် သူမ၏ အင်ဖက်ထုံးကို ရွက်ကာ မြကေသီအား ကျောခိုင်းပြီး ထွက်သွားလေသည်။မြကေသီသည် ထွက် ခွာသွားသော ဒေါ်မုန်းတင်၏ ကျောပြင်ကို ငေးကြည့်ရင်း သက်ပျင်းအရှည်ကြီးတချက်ကို ချလိုက်မိပါတော့သည် ။
◾အခန်း (၇)
သူဌေးကုန်းရွာအနောက်ဘက်ရှိ မြတောင်သို့ လူတစု သွားနေလေသည်။ထိုလူတစုမှာ ဦးစံလှ နှင့် မောင်ဘိုးထင်တို့ အဖွဲ့ ဖြစ်ကြသည်။သူတို့သည် အပြစ်မရှိသော ရွာသားများကို မသေစေချင်သော စိတ်ဆန္ဒဖြင့် ကြုံလာသမျှအန္တရာယ်ကို ရင်ဆိုင်ကြမည်ဟု တိုင်ပင်ဆွေးနွေးကာ ထွက်လာကြခြင်းဖြစ်သည်။သိန်းဇော်ကိုတော့ ဘိုးထင်တို့ မခေါ်ခဲ့ပေ။သိန်းဇော်သည် သူမလိုက်ရသောကြောင့်ပင် စိတ်ဆိုးနေသေး၏။ဦးစံလှ၏ စကားကို မလွန်ဆန်နိုင်၍သာ နေခဲ့ရခြင်းဖြစ်ပေသည်။ယခုမောင်ဘိုးထင်တို့သည် မြတောင်သို့ စတင် တက်ရောက်နေပြီဖြစ်သည်။သူတို့သည် ကြောက်ရွံခြင်းအလျင်းမရှိ အပူအပင်ကင်းစွာဖြင့် စကားပြောနေကြသေးသည်။
“ကောင်လေးတွေ မင်းတို့ မကြောက်ကြဖူးလား “
“ကျုပ်တို့က ဘာကြောက်ရမှာလဲ လူဆိုတာ မွေးပြီးရင်သေမယ် တချို့ဆို မွေးကတည်းက သေသွားတာပဲ မဟုတ်လား “
“မင်းတို့အရွယ်နဲ့ ဒီလောက် သတ္တိရှိတဲ့ကောင်တွေ ငါ့တသက် မတွေ့ဖူးသေးဘူး “
“အရမ်းလည်း မြှောက်မနေနဲ့ဦး ဦးကြီးစံလှ ကျုပ်တို့ နှစ်ယောက်ကတော့ အမှန်အတိုင်း ပြောရရင် ကြောက်တယ် “
ပေတူးသည် သူ၏ ဘေးတွင် ရှိသော သာအားအေး မေးငေါ့ပြပြီး ဦးစံလှအား ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ ဦးစံလှ အံ့ဩသွားကာ
“မင်းတို့ကြောက်ရင် ဘာလို့ မနေခဲ့တာလဲ “
“ကြောက်တာကတော့ ကြောက်တယ် ဒါပေမဲ့ ဘိုးထင်ကို ယုံတယ် တကယ်လို့ သေမယ်ဆိုရင်လည်း အားလုံး တစုတစည်းတည်းပဲ သေရမှာဆိုတော့ ပျော်စရာကြီးပေါ့ဗျာ “
“တကယ့်ကောင်တွေ ဘာများလဲလို့ ငကြောင်လေးတွေပဲ “
ထို့နောက် သူတို့သည် မြတောင်၏တောင်ထိပ်ရှိ သစ်ပင်ကြီး တပင် အရိပ်အောက်တွင် ထိုင်ရင်း ဖြစ်ပေါ်လာမည့် အန္တရာယ်များအား စောင့်ဆိုင်းလို့ နေလေ၏။မကြာသောအချိန်တွင် တောင်ပေါ်သို့ တက်လာသော လူနှစ်ယောက်ကို တွေ့ လိုက်ရသည်။ထိုသူနှစ်ယောက်မှာ ဆိတ်ဖူးတောင်ပေါ်တွင် နေထိုင်သည့် စနေ နှင့် မြကေသီ တို့ ဖြစ်ကြသည်။စနေ မှာ မောင်ဘိုးထင်တို့အားရှိသည်ဟုပင် မထင်။ဆောင့်ကြွားကြွား အမူအယာ နှင့် ဖြစ်၏။သူနှင့် ခြားနားစွာပင် မြကေသီမှာတော့ အနည်းငယ် ငေးငိုင်လျက် ရှိနေသည်။စနေသည် မောင်ဘိုးထင်တို့အား မြင်သောအခါ လက်ကိုနောက်ပစ်လိုက်ပြီး ထီမထင်ဟန်ဖြင့်
“ဟေ့ မင်းတို့အထဲက ဘယ်သူအရင် သေမှာလဲ ပြောကြ ”
“ကို့ယ့်ကိုကိုယ် အထင်ကြီးလှချည်လား ညစ်ပတ်အိုးကြီးရ “
“မင်းငါ့ကို ဘာပြောတယ် ကောင်လေး “
“အေးလေ ခင်ဗျားကို ကြည့်ရတာ ရေရော ချိုးရဲ့လား တော်တော်ကို ညစ်ပတ်စုတ်ပြတ်နေတာပဲ ခင်ဗျားဘေးနားမှာ နေနိုင်တဲ့ အမကိုပဲ အံ့ဩတယ် “
“ဟေ့ကောင်လေး မင်း စော်ကားလှချည်လား မင်းငါ့ကို ဘာများထင်နေလဲ “
မောင်ဘိုးထင်၏ စကားကို စနေ အတော် ဒေါသထွက်သွား ၏။စနေ သည် သူ့အား ပမာမခန့် စကားဆိုနေသော မောင်ဘိုးထင်အား စူးရဲစွာ ကြည့်နေစဉ် ပေတူး၊သာအေး၊သာရ နှင့် ဖိုးထွေးတို့မှာ နှာခေါင်းကို ပိတ်သူပိတ် လက်နှင့် အနံ့မခံနိုင်သည့် ဟန်လုပ်သူ လုပ်ကြကာ ဆက်လက်စကားဆိုနေပြန်သည် ။
“ဟေ့ကောင်တွေ မင်းတို့ ဒီလူကြီးလောက် ညစ်ပတ်စုတ်ပြတ် ပြီး လူပုံမပေါ်တဲ့ အောက်လမ်း ဆရာမျိုး မြင်ဖူးလား “
“မမြင်ဘူးပါဘူးဗျာ ကျုပ်တို့ရွာကို ဝါးဆစ်ပိတ်တီး သီချင်း လာဆိုပြီး တောင်းတဲ့ သူတောင်းစားကတောင် သူ့ထက် သန့်သေး ”
“အေးဗျာ လူပုံစံက မသန့်လို့ ရုပ်ရည်က သန့်သလားဆိုတော့ရေအိုးစင်ရွာက ကိုပန်းချီငိုက သူထက် အပုံတရာသာသေး ”
“အေးကွာ ရုပ်ကလည်းဆိုးလိုက်တာ ဟိုတလောက အမဲလိုက်သွားတော့ တွေ့ ခဲ့တဲ့ မျောက်မကြီးရဲ့ သားလားမသိပါဘူး ရုပ်ချင်းက ခပ်ဆင်ဆင် “
“ဟုတ်တယ်ဗျို့ အသားအရေကလည်း မဲချက်က နွံထဲ နစ်ပြီး တက်လာတဲ့ လူကျနေတာပဲ “
ဦးစံလှ နှင့် မြကေသီ တို့သည် မောင်ဘိုးထင်တို့ စနေ ကို ကြည့်ရင်း ပြောနေသောစကားများကို မျက်လုံးများ ပြူးကျယ်ကာ နားထောင်နေကြသည်။စနေ မှာတော့ ဒေါသများထွက်ကာ မျက်လုံးမှိတ်ပြီး မန္တန်ကို ရွတ်သော်လည်း ရွတ်မရသည်အထိ ဖြစ်နေလေသည်။ထို့ကြောင့် သူသည် စိတ်ဆိုးဒေါသထွက်ကာ အသံမာမာဖြင့်
“ဟေ့ကောင် မင်း မင်းတို့ ငါ မန္တန်ရွတ်ပြီးမှ ပြောလို့ မရဘူး လား “
“ရတယ် ရတယ် ခဏ စောင့်ပေးမယ် “
ဖိုးထွေး၏ စကားကြောင့် စနေသည် တချက်ပြုံးကာ မန္တန်ပြီး အောင် ရွတ်နေလေသည်။မန္တန်ရွတ်ပြီးသောအခါ ဦးစံလှသည် သူ၏ ခါးကြားမှ ဓါးကို ထုတ်ကာ သူတို့၏ လည်ပင်းအား ပြန် လှီး နေလေသည်။သို့ပေမဲ့တုတ်ပြီး ဓားပြီးမို့ ပြတ်ရှချင်းမရှိ ပေ။စနေ သည် သူ့အကြံပိုင်သည်ဟု တွေးကာ နောက်ထပ်မန္တန်များဆက်လက်ရွတ်နေလေသည်။မန္တန်များ ရွတ်ပြီးသည်နှင့် မောင်ဘိုးထင်တို့သည် သူတို့၏ ခါးမှ ဓားများကို ထုတ်ကာ လည်ပင်းကို ပြန်လှီးနေကြသဖြင့် သူတို့အားလုံးဓားကိုင်ထားသည့် ညာလက်ကို ဘယ်လက်နှင့် ပြန်တားတာ
“ဟေ့ကောင်တွေ ထိန်းမရတော့ဘူး လုပ်ကြပါဦး “
“ကျုပ်တို့လည်း အတူတူပဲ ကိုဖိုးထွေး လည်ပင်းနားနီးလာပြီ”
“အမေရေ ကယ်ပါအုံးဗျ ဘိုးထင် နဲ့ ပေါင်းတာ ဒီတခါ ကျုပ် လူပေါင်းမှားပါပေါ့လား “
ကောင်လေးများ၏ အော်ဟစ်အကူညီတောင်းသံကြောင့် ရက်စက်ပါသော မြကေသီသည် သူ့ထက်ရက်စက်သော စနေအား မကြည်ဖြူတော့ပေ။ရွာထဲမှ သူယုံကြည်ရသော ဒေါ်မုန်းတင်ဆီမှလည်း ဖခင်ဖြစ်သူ၏ လုပ်ရပ်များအား သိလိုက်ရသည်။ စနေနှင့်လည်း တသက်လုံး အတူနေနိုင်မည်ဟု မထင်သဖြင့် မောင်ဘိုးထင်တို့ ပြောသော စနေ ၏ ရုပ်ရည်နှင့် နေထိုင်မှု အကြောင်းပြောသည်အား နားထောင်ပြီး သူမကိုယ် သူမရွံလာမိသည်။စနေ၏ အနားသို့ကပ်ဖို့ကိုပင် အတော် အားယူနေရသည်။စနေသည် မောင်ဘိုးထင်တို့ အဖွဲ့ ဓားများကိုင်ကာ သူတို့လည်ပင်းအား သူတို့ပြန်လှီးဖို့ရာ အားပြုနေသည်ကို တဟားဟား ရယ်မောနေစဉ် မြကေသီသည် စနေမသိအောင် ဝှက်ပြီး ယူလာသော ဓားမြောင်ဖြင့် ရယ်မောနေသော စနေ၏ လည်ပင်းအား ထိုးစိုက်ချလိုက်တော့သည်။သို့ပေမဲ့ အကင်းပါးသော စနေ သည် မြကေသီ၏ လက်အား ဖမ်းချုပ်လိုက်ကာ တဆက်တည်းမှာပင် မြကေသီ၏ လည်ပင်းကို ထိုးချလိုက်ပြီး
“ငါ မိန်းမတွေကို မယုံတာ ဒါ့ကြောင့်ကွ “
မထင်မှတ်ထားသော အဖြစ်ကြောင့် လည်ပင်းကို ဓားနှင့် လှီးဟန်ဆောင်နေကြသော မောင်ဘိုးထင်တို့သည် ဓားကိုင်လျက် နှင့် စနေ ထံသို့ ပြေးဝင်လာကြလေသည်။စနေသည် သူ၏မန္တန် မောင်ဘိုးထင်တို့အပေါ် သက်ရောက်မှုမရှိသည်ကို သိသော အခါ တောင်အောက်သို့ ပြေးဆင်းသွားလေ၏။တောင်အောင် ပြေးဆင်းသွားသော စနေ ၏ အနောက်သို့ ဦးစံလှသည် ဓားကို ဝင့်ကာ ပြေးလိုက်သွားသလို ဖိုးထွေး နှင့် သာရတို့သည်လည်း ပြေးလိုက်သွားကြလေသည်။မောင်ဘိုးထင်တို့ သုံးယောက်သည်သာ မြကေသီ၏အနားသို့သွားပြီး
“အမ ဘာမှမဖြစ်ဘူးနော် ကျုပ်တို့ ရွာကို ပြန်ခေါ်သွားမယ် “
မြကေသီသည် မည်သည့်စကားမှ မပြောနိုင်တော့ပဲ ဝေဒနာ ခံစားနေရာမှ ခဏအကြာတွင် မောင်ဘိုးထင်တို့အား တချက်ပြုံးပြပြီး ငြိမ်သက်သွားလေတော့သည်။ထိုအခါ မောင်ဘိုးထင်သည်
“ကျုပ်တို့ကို စနေရဲ့ အစီအရင်တွေက မတိုးနိုင်ပါဘူး အမရာ ကျုပ်တို့က ဟန်ဆောင်နေတာဗျ “
မောင်ဘိုးထင်တို့သည် စိတ်မကောင်းဖြစ်ကာ မြကေသီ၏ အလောင်းအနားတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်စဉ် စနေနောက်သို့ လိုက်သွားသော ဦးစံလှတို့ ပြန်ရောက်လာကြသည်။ ထို့နောက် မြကေသီအား စိတ်မကောင်းစွာဖြင့် တချက်ကြည့်လိုက်ပြီး
“မြကေသီ နင်က စိတ်ကြီးတာကိုး စိတ်ချ နင့်ကို သတ်တဲ့ စနေဆိုတဲ့ ကောင်ကို ငါတို့ ပြန်လက်စားချေပေးမယ် “
ထို့နောက် ဦးစံလှသည် မြကေသီ၏ အလောင်းအား ပွေ့ယူသယ်ဆောင်ကာ တောင်အောက်သို့ မောင်ဘိုးထင်တို့ နှင့် အတူ ဆင်းခဲ့လိုက်ကြပါလေတော့သည် ။
◾အောက်လမ်း ဘိုးထင် နှင့် အညှာတာမဲ့ စနေ သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply