ထူးဆန်းသောအမယ်အို

မှာ…
“အေး…ကောင်းတယ်ဟဲ့…
အရူးမကြီးရှိတာအရမ်းကောင်းတယ်…
မဟုတ်ရင်ဒင်းတို့ဆော့တာလူကြီးတွေမမြင်တော့
လုပ်ချင်ရာလုပ်နေကြမှာ…”
ဟုပင်ပြောကြလေသည်။
ကလေးများကိုစောင့်ရှောက်သော အရူးမကြီးကိုလည်း
အားလုံးကချစ်ခင်ကြသည်။
“အဘွားနာမည်ဘယ်သူတုန်းဗျ”
ဟု…
ညောင်ပင်အောက်တွင်ထိုင်နေသောအရူးမကြီးကို
ဖိုးထူးတို့ကလေးအဖွဲ့ကမေးလေတော့…
“ငါ့နာမည်…ဟုတ်လား…”
“ဟုတ်တယ်လေဗျာ…အဘွားမှာနာမည်ရှိတယ်မလား…”
“အေး…နာမည်နော်….နာမည်…ရှိတာပေါ့ဟဲ့
ဟီး…ဟီး…ဟီး………….”
အရူးမကြီးက တဟီးဟီးရယ်မောလေတော့ ကလေးများမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
သို့သော်ဖိုးထူးက…
“ပြောပါအဘွားရယ်…ကျုပ်တို့ကအဘွားကိုအရူးမကြီးလို့
မခေါ်ချင်ဘူးဗျ…အဘွားကလိမ္မာပါတယ်ဗျာ…
ပြောပါနော်”
“အရူးမကြီး…ငါ့နာမည်ကအရူးမကြီးမဟုတ်ပါဘူးဟဲ့…
ငါ့နာမည်က စာဥ…ဘွားစာဥဟဲ့”
“ဘွားစာဥ…ဟုတ်လား…ဒါဆိုဘွားနာမည်က
ဘွားစာဥပေါ့လေ”
“အေး..ငါ့နာမည်ကဘွားစာဥဟဲ့”
“ဟေးးးးးးးဘှားစာဥတဲ့….ဘှားစာဥ”
“ဟေး…”
“ဘွားစာဥ”
“ရှင့်………”
“ဘွားစာဥ…”
“တော့်……”
ကလေးအုပ်စုမှာတညီတညွှတ်ထဲဘွားစာဥဟုခေါ်နေကြပြီး
ဘွားစုဥမှာလည်း ထူးနည်းမျိုးစုံဖြင့်ထူးနေတော့လေသည်။
ထိုအချိန်မှစ၍ ဘွားစာဥဟု…အများကခေါ်ကြတော့သည်။
*******************************
ဘွားမယ်စိန်သည်သောင်ထွန်းရွာမှ ခရီးထွက်ဖို့ရန်
အကြောင်းဖန်လာခဲ့ပြန်သည်။
ထိုသည်က ဒေါ်ဝင်းမှာ သမီးဖြစ်သူနန်းကြိုင်လေးအတွက်
အဝတ်အစားဝယ်ပေးချင်လှသည်ဆိုသောကြောင့်ပင်။
“ညည်းနှယ်အေ…ရွာမှာရောင်းနေကြ မိသန်းတို့ဆီကဝယ်လည်းရနေတာပဲကို”
“အို…အမေကလည်း သူတို့ဆီကအဆင်တွေကို
ကျုပ်မကြိုက်ပါဘူးတော်…ကျုပ်သမီးလေးအတွက်
မြို့ကနေသေချာရွေးချင်တာတော့်….
အခုဆိုရွာမှာအလှူပွဲရာသီတွေကနီးလာပြီမဟုတ်လား…။
ဒါကြောင့်မို့အမေရယ်…မြို့တက်ချေရအောင်တော်”
ဟု…အပူကပ်သောကြောင့်ပင်။
ဒေါ်ဝင်းမှာလည်းသမီးဖြစ်သူကိုအများထက်လှစေချင်၏။
ထို့အချက်ကိုသိသောဘွားမယ်စိန်လည်း
မငြင်းသာတော့ဘဲ မောင်တိုးနဲ့မောင်အုန်းတို့ကို
အဖော်ခေါ်၍ မြို့တက်ဈေးဝယ်ကြတော့သည်။
“ဟဲ့…မောင်တိုးနဲ့မောင်အုန်း…နင်တို့မိဘများက
တယ်လည်းခွင့်ပြုပါလား…အခုလိုငါတို့သွားတိုင်းခေါ်နေတော့
သူတို့မငြိုငြင်ကြဘူးလား”
ဟု…ဒေါ်ဝင်းမှ…မြို့သို့အသွားနွားလှည်းစီးရင်း
မေးလေတော့မောင်အုန်းမှ…
“မေးတတ်ပါပေ့အရီးရယ်…ကျုပ်မိဘများက ဘွားခရီးမထွက်ဘူးဆိုရင်တောင်…(“ဟဲ့…နင်တို့ဘွားကခရီးမသွားတာလား
ဒါမှမဟုတ်နင်တို့ကိုမခေါ်တော့တာလား”)လို့
တောင်မေးကြသဗျာ…”
မောင်အုန်းပြောသည်ကိုမောင်တိုးမှလည်းထောက်ခံ၍…
“ဟုတ်ပါ့ဗျာ…ကျုပ်အမေဆိုလည်း ဒီတိုင်းပဲဗျ…
ဘွားနဲ့ခရီးများလိုက်ရပြီဆိုလေ
ကျုပ်အမေမျက်နှာမှာပေါ်နေတဲ့အပြုံးကြီးကို
အရီးကိုမြင်စေချင်တယ်ဗျာ…
အဲ…နောက်ပြီးလည်း ပြောသေးတယ်ဗျ…
(“နင့်အဘွားနဲ့နင်တို့ခရီးလိုက်ရင်ငါ့မှာဟိုလူကဟင်းစားလာပေး
ဒီလူကဟင်းရွက်လာပေးနဲ့အတော်ဟန်ကြတာပဲ”)
လို့တောင်ပြောတယ်ဗျ”
“ဟယ်…အထူးအဆန်းပါလားဟဲ့”
မောင်တိုးနဲ့မောင်အုန်းတို့စကားကြောင့်ဒေါ်ဝင်းမှာ
အံ့သြနေသည်။
ဘွားမယ်စိန်ကတော့မည်သည့်စကားမျှဝင်မပြောခဲ့။
ဒေါ်ဝင်းနံဘေး၌ ထိုင်နေသော နန်းကြိုင်လေးမှ…
“ဒါကဒီလိုလေအမေရဲ့…ကိုကြီးအုန်းတို့…ကိုကြီးတိုးတို့က
ဘွားနဲ့လိုက်ပြီးအများကောင်းကျိုးပြုကြတာမလား
အဲ့တော့သူတို့အတွက်လည်း လာဘ်တွေဝင်
ကံတွေမြင့်ကြတာပေါ့…ဟုတ်တယ်နော့ဘွား”
နန်းကြိုင်လေးမှာသူ၏စကားအဆုံးသတ်ပြီးနောက်
ဘွားမယ်စိန်ကိုထောက်ခံခိုင်းလေသည်။
မြေးမလေး၏သွက်လက်ထက်မြတ်မှုကြောင့်ဘွားမယ်စိန်ပြုံးလိုက်ပြီး…
“ဟုတ်တာပေါ့အေ…မိဝင်း…
ညည်းငါ့မြေးလောက်တောင်မသိဘူး”
ဟု…ပြောလိုက်တော့၏။
မြို့ဈေးသို့ရောက်တော့ ဝယ်ယူလိုသောပစ္စည်းများကို
ကြည့်ကြ၏။
ဒေါ်ဝင်းမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်အကြိုက်မတွေ့လေတော့…
“ဟဲ့…မိဝင်း…ညည်းအတော်ဂျေးများပါလားအေ့…
ညည်းအကြိုက်မတွေ့တာနဲ့ ငါတို့ခြေတွေတိုနေလှပြီ…
ကဲ…မောင်တိုးနဲ့မောင်အုန်း မောင်ရင်တို့လိုချင်တဲ့ပုဆိုးကိုအရင်သာဝယ်ကြတော့”
“ဘွား…ကျုပ်တို့ကဘာမှမဝယ်ဘူးလေ…”
“ဟုတ်တယ်လေဘွား…ကျုပ်တို့ကမဝယ်ပါဘူး။
အရီးဝယ်တဲ့နောက်ကိုလိုက်လာတာပဲရှိတာ”
ဟု…မောင်တိုးနဲ့မောင်အုန်းကပြောလေတော့…
“ဘွားက ငါ့သားတွေကိုဝယ်ပေးမှာပါကွယ်…
ကြိုက်တာကြည့်ပြီးရွေးယူကြ…”
“ဗျာ..တကယ်လားဘွား”
“တယ်…ဒီအသက်အရွယ်နဲ့မောင်ရင်တို့ကို
နောက်ပြောင်နေစရာလား”
“ဟီး…ကျေးဇူးပါဘွား”
မောင်တိုးနဲ့မောင်အုန်းကိုလည်း
စိတ်ကြိုက်ပုဆိုးတစ်ထည်ဆီ
ဝယ်ယူစေသည်။
ဒေါ်ဝင်းမှာလည်း နောက်ဆုံးဆိုင်ရောက်မှ
အကြိုက်တွေ့သွား၍ဝယ်ယူခဲ့တော့၏။
ဈေးဝယ်ပြီးအပြန်၌ ယခင်လာရောက်လျှင်တည်းခိုနေကြ
ဘုန်းကြီးကျောင်းသို့သွားကြတော့၏။
ကျောင်းထိုင်ဆရာတော်နှင့်ဘွားမယ်စိန်မှာလည်း
အတော်လေးရင်းနှီးကြသည်။
“ဒကာမကြီးတို့…မလာတာတောင်အတော်ကြာပေါ့”
“တင်ပါ့ဘုရား…အရေးရှိမှမြို့ကိုရောက်တာဆိုတော့
မလာဖြစ်တာပါဘုရား”
“အမ်း…..အခုကော ညအိပ်မှာပဲမလား”
“ညတော့မအိပ်တော့ပါဘူးဘုရား…
မြို့ရောက်တုန်း ဆရာတော်ဘုရားကို
မုန့်လေးကပ်ချင်သေးတာနဲ့ ရောက်လာတာပါဘုရား”
“ဟော…နားနားနေနေ နေလို့ရပါတယ်တကာမကြီးရယ်…
ဘုန်းဘုန်းကျောင်းကလွတ်လပ်ပါတယ်”
“တင်ပါ့ဘုရား…နောက်တခေါက်မှပဲနေပါတော့မယ်ဘုရား”
“အင်းလေ…တကာမကြီးသဘောပါပဲ”
ထို့နောက်
ကျောင်းထိုင်ဆရာတော်ကိုမုန့်ကပ်လှူပြီး
ပြန်ဖို့ရန်ပြင်ဆင်ကြသည်။
သို့သော် ဆရာတော်က ထမင်းစားဖို့ကျောင်းသားကြီးများကို
ပြင်ဆင်ခိုင်းသည်မို့…ထမင်းစားပြီးမှသာ ကျောင်းမှ
ထွက်လာခဲ့ကြရ၏။
တနေကုန်လုံး မြို့ဈေးနှင့်
ဆရာတော့်ကျောင်းသို့လည်းဝင်ခဲ့ကြသေးသည်မို့
အပြန်ခရီးတွင်နေပင်စောင်းနေပြီဖြစ်သည်။
ညနေ နေစောင်းချိန်မို့ နေပူဒဏ်တော့သက်သာရ၏။
မောင်တိုးမှာ လှည်းဦးမှမောင်းနှင်နေခဲ့ပြီး
မောင်အုန်းမှာတော့ မောင်တိုး၏အနောက်တွင်ထိုင်နေခဲ့သည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့မှာတော့လှည်းအလယ်တွင်
သူတို့၏အဝတ်အစားများကို ဖြန့်ကြည့်နေကြရင်း
စကားပြောနေကြ၏။
သူတို့နံဘေးတွင်တော့ဘွားမယ်စိန်ထိုင်ခဲ့သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့၏နွားလှည်းလေးမှာ
မြို့မှထွက်ခွာလာပြီးရွာစဉ်များကိုကျော်ဖြတ်၍သွားလာနေ၏။
ထိုသို့သွားလာနေစဉ်…
“မောင်တိုး…”
“ဗျာ…ဘွား…”
“ရှေ့ဆို အင်ပင်ကြီးရွာရောက်တော့မယ်မလား”
“ဒီရွာကျော်ရင်အင်ပင်ကြီးရွာပဲလေဘွား”
“အေး…အေး…အဲ့ရွာရောက်ရင် ရွာကိုကျော်မသွားဘဲနဲ့..
ရွာထဲကိုတန်းမောင်းသွား…
ပြီးရင်ဘွားကျော့ခင်အိမ်ကိုမေးပြီးသာသွားကြစို့”
“ဘွားကျော့ခင်…ဒါနဲ့အဲ့ရွာကိုဘာလို့ဝင်ရတာလဲဘွား”
“ရွာရောက်ရင်သာဘွားပြောသလိုလုပ်စမ်းပါကွယ်…
ငါ့သားကတယ်လည်းစကားပေါလာပါ့လား”
ဘွားမယ်စိန်သည် မောင်တိုးအမေးကို မဖြေခဲ့။
မောင်တိုးမှာလည်း ရယ်ကျဲကျဲဖြင့်…
“ကျုပ်ကစိတ်ဝင်စားသွားလို့ပါဗျ…
စိတ်သာချဘွားရေ…ကျုပ်ဘွားပြောတဲ့အတိုင်းလုပ်ပါ့မယ်”
“အေး…အေး…အေး………”
ဘွားမယ်စိန်တို့နွားလှည်းကလေးသည် အင်ပင်ကြီးရွာသို့ရောက်ရှိလာခဲ့သည်။အချိန်မှာ မိုးချုပ်စပြုနေပြီဖြစ်တာ
ကြောင့်ရွာမှလူများသည် ဘွားမယ်စိန်တို့နွားလှည်းကို
စူးစမ်းစွာကြည့်နေကြ၏။
“ဗျို့…ဒီရွာပ ဘွားကျော့ခင်အိမ်ကိုညွှန်ပေးကြပါလား”
သူတို့အားကြည့်နေကြသောရွာသူ၊ရွာသားတို့ကို
မောင်တိုးမှမေးလိုက်လေတော့…
“ဘွားကျော့ခင်ရဲ့ဧည့်သည်တွေလား…
ရှေ့နှစ်အိမ်ကျော်ပြီးရင်လမ်းချိုးလေးကွေ့လိုက်ဝင်ဝင်ခြင်းညာဘက်ကအိမ်ကအဲ့တာဘွားကျော့ခင်အိမ်ပဲ…
သူ့အိမ်ရှေ့မှာသရက်ပင်တစ်ပင်ရှိတယ်….”
“ကျေးဇူးပဲဗျို့…သွားပါဦးမယ်”
ဘွားကျော့ခင်အိမ်ကိုညွှန်ပေးသူကအများသား။
သို့သော်လည်း သူတို့ထဲမှလူတစ်ယောက်ညွှန်ပေးတာ
ပိုတိကျ၏။
ရွာသားညွှန်လိုက်သည့်အတိုင်းအိမ်ရှေ့တွင်
သရက်ပင်တစ်ပင်ရှိပြီး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဆီသို့
ရောက်လာခဲ့ကြသည်။
ခြံရှေ့တွင်ပင်နွားလှည်းရပ်လိုက်တော့
အိမိအတွင်းမှ အသက်သုံးဆယ်ကျော်အမျိုးသားတစ်ဦး
ထွက်လာခဲ့ပြီးသူတို့ကိုသေချာကြည့်သည်။
ပြီးလေမှ…
“ဧည့်သည်တွေလား”
ဟု…မေးလေတော့ ဘွားမယ်စိန်တို့မှာ
နွားလှည်းပေါ်မှဆင်းလာခဲ့ကြပြီး…
“ဒါက မကျော့ခင်အိမ်များလား”
ဟု…ဘွားမယ်စိန်မှမေးလိုက်သည်။
အမျိုးသားကလည်း…
“ဟုတ်ပါတယ်…မကျော့ခင်ဆိုတာ ကျုပ်အမေပါ…”
ဟုဖြေပြီး…
“ဒီကဧည့်သည်တွေကဘယ်ကလာပြီး
ဘယ်သူတွေများလဲဗျ…”
ဟုဆက်မေးပြန်သည်။
ထိုအချိန်…
“ဟဲ့…ဖိုးကျော့…ဧည့်သည်တွေဆိုရင်ခေါ်လာခဲ့လေ…
ဘယ့်နဲ့အိမ်ရှေ့ကြီးမှာစကားပြောနေရတာလဲတုန်း”
ဟူသော အမျိုးသမီးကြီးတစ်ဦး၏အသံသည်
အိမ်အတွင်းမှထွက်ပေါ်လာခဲ့လေသည်။
“ဒီကဧည့်သည်တွေဝင်ကြပါခင်ဗျ…
မိုးကလည်းချုပ်နေတော့…ဘယ်သူ…ဘယ်ဝါမှန်းမသိတော့…
ကျုပ်မေးရတာပါ”
ဟုပြောလေတော့ ဘွားမယ်စိန်မှ…
“ဘွားတို့နားလည်ပါတယ်ကွယ်…
ဘွားတို့ကသောင်ထွန်းရွာကပါ…
သောင်ထွန်းရွာကျောင်းမှာထိုင်တဲ့ဆရာတော်က
မကျော့ခင်ရဲ့တူတော်တယ်လေ…
ဆရာတော်ကလည်းသူ့အရီးအကြောင်းပြောပြတတ်လို့
လမ်းကြုံတာနဲ့ဝင်လာခဲ့တာ…
နောက်ပြီး မကျော့ခင်နဲ့ဘွားနဲ့ကလည်း
ဆရာတော်ဆီသူလာစဉ်က တွေ့ဆုံဖူးကြပါတယ်ကွယ်”
ဟုဘွားမယ်စိန်ဖြေလိုက်လေတော့…ဖိုးကျော့သည်
အားနာသွားဟန်ဖြင့်…
“ဟုတ်ကဲ့ပါဘွား…ကျုပ်ကမသိလို့ပါခင်ဗျ…
စိတ်မရှိပါနဲ့ဗျာ…”
“ရတယ်…ရတယ်…ဘာမှမဖြစ်ဘူးဘွားတို့ဘက်က…”
“အိမ်ထဲကြွကြပါခင်ဗျ…အိမ်ထဲမှာအမေရယ်…အစ်ကိုကြီးတို့မိသားစုရယ်ရှိပါတယ်ခင်ဗျ….”
ဟုပြော၍ မောင်တိုးတို့နှင့်အတူ
နွားလှည်းကူချွတ်ပေးနေတော့သည်။
ဘွားမယ်စိန်နှင့်အတူ ဒေါ်ဝင်းတို့သားအမိလိုက်ပါလာကြ၏။
အိမ်အတွင်းသို့ရောက်တော့ ရေနံဆီမီးခွက်များထွန်းထား၍ အတော်လင်းနေလေသည်။
ဧည့်ခန်းသဘောမျိုးဖြင့်သစ်သားခုံတန်းများ၊စားပွဲများခင်းကျင်းထားသည့်နေရာသို့ရောက်တော့
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးတစ်ဦးနှင့်
အသက်လေးဆယ်ကျော်
အမျိုးသားတစ်ဦးကိုပါတွေ့လိုက်ကြသည်။
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးမှာ
ဘွားကျော့ခင်ဖြစ်ပြီး…ကျန်အမျိုးသားမှာသူ၏သားဖြစ်သူ
ကျော့ဖေဖြစ်၏။
ဘွားကျော့ခင်သည် ဘွားမယ်စိန်တို့အား
မျက်လုံးကိုမမှုန်မသုန်ဖြင့်စူးစိုက်ကြည့်အပြီး..
“ဟောတော်…ဘယ်သူတွေများလို့လဲ မမယ်စိန်တို့ပါလား…
လာကြ…ထိုင်ကြတော်…”
ဟု…ဝမ်းသာအားရဖိတ်ခေါ်တော့၏။
“မကျော့ခင်က မှတ်မိသားပဲ….ကျုပ်ကို”
“အမယ်လေး…ကျုပ်ကအခြားလူသာမေ့ချင်မေ့မယ်…
မမယ်စိန်ကိုတော့မမေ့ပါဘူးတော်…”
“ကျုပ်တို့လည်း မြို့ဈေးသွားဝယ်တာနဲ့ကြုံလို့ဝင်လာကြတာ”
“သြော်…လမ်းကြုံဝင်တာလား…
ကျုပ်ဆီကိုများလာတာလားလို့ကျုပ်ကဝမ်းသာသွား
တာတော့်”
“အတူတူပါပဲ မကျော့ခင်ရယ်…အခုလည်းကျုပ်ကို
ဆရာတော်ဘုရားကအမြဲပြောပြောနေလို့ဝင်လာခဲ့တာ”
“ဆရာတော်ကဘာများပြောတာလဲတော့်”
ဘွားမယ်စိန်နဲ့ ဘွားကျော့ခင်မှာ
တစ်ယောက်နဲ့တစ်ယောက်အလွန်ခင်မင်ကြသူများ
ဖြစ်သည်ကိုသူတို့နှစ်ဦးပြောဆိုသည့်စကားများ
အရသိရှိနိုင်ပေသည်။
ယခုလည်း ဘွားမယ်စိန်၏အနားသို့ပင်ဘွားကျော့ခင်
ပြောင်းရွေ့ထိုင်၍ စကားလက်စုံကျနေခဲ့သည်။
မောင်တိုးတို့မှာလည်းနွားလှည်းဖြုတ်ပြီး၍
ဧည့်ခန်းသို့ဝင်လာခဲ့ကြပြီး
သင့်တော်ရာ၌ထိုင်နေကြလေသည်။
ဘွားကျော့ခင်မှာတော့ဘွားမယ်စိန်အဖြေကိုစိတ်ဝင်စားနေ၏။
“ဒီလိုမကျော့ခင်ရဲ့…ဆရာတော်တစ်နေ့ကျုပ်ကို
သူ့ကျောင်းကိုလာခဲ့ဖို့ခေါ်တယ်…
ဆရာတော့်ကျောင်းကိုကျုပ်ရောက်တော့…
ဆရာတော်က သူ့အိမ်မက်ကိုကျုပ်ကိုပြောပြတယ်တော့်”
“အလို…ဆရာတော်ကဘာအိမ်မက်တွေများမက်တာတုန်း”
“ဆရာတော့်အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့
ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး…
ဆရာတော့်ရဲ့ မွေးရပ်ဇာတိရွာမှာ…မစာဥဆိုတဲ့အမျိုးသမီးကြီးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတယ်တဲ့…
နောက်ပြီးအဲ့အမျိုးသမီးကြီးကိုလည်း ကျုပ်ကပဲကုသပေးနိုင်တယ်လို့ပြောသတဲ့လေ”
“အလို…မစာဥ….”
“မစာဥ”
“မစာဥ….”
မစာဥဆိုသောအသံကြားသည်နှင့် ဘွားကျော့ခင်တင်မက
ဘွားကျော့ခင်၏သားနှစ်ဦးဖြစ်သည့်ဖိုးကျော့နှင့်ကျော့ဖေတို့ပင်အံ့သြသင့်ကုန်ကြသည်။
“ကျုပ်ကိုဆရာတော်ပြောတာကလည်းလွန်ခဲ့တဲ့လလောက်ကဆိုတော့ အခုလိုအခွင့်သင့်တုန်းဝင်လာခဲ့ရတာပဲ
မကျော့ခင်ရေ…ဒါနဲ့ မကျော့ခင်တို့ရွာမှာ…
မစာဥဆိုတဲ့အမျိုးသမီးရှိသလားတော့်”
“ရှိတာပေါ့ဘွားရဲ့…ရှိတာပေါ့ဗျာ…”
ဘွားမယ်စိန်အမေးကို…ဖိုးကျော့မှဝမ်းသာအားရဝင်ဖြေသည်။
ဘွားကျော့ခင်နှင့်ကျော့ဖေတို့မှာလည်း ခေါင်းညိတ်၍
ရှိသည်ဟုပြောကြသည်။
ထိုအခါ ဖိုးကျော့မှ…
“တကယ်က…ဘွားစာဥက ကျုပ်တို့ရွာကမဟုတ်ဘူးဗျ…
ဘယ်ကလာမှန်း…ဘယ်သူမှန်းလည်းကျုပ်တို့မသိဘူး…။
သူကျုပ်တို့ရွာကိုရောက်လာကတည်း
သူ့ စိတ်ကသိပ်မမှန်ဘူး…
စိတ်မမှန်လို့အရူးလို့ခေါ်ရအောင်လည်းသူအဲ့လောက်ထိ
မရူးဘူးဗျ…ကလေးတွေကအစလူကြီးတွေအဆုံး
သူ့ကိုချစ်ကြတယ်။
ရွာထိပ်ကညောင်ပင်အောက်မှာပဲနေတယ်…
အဲ့မှာပဲစားတယ်သောက်တယ်…
ဘယ်သူ့ကိုမှတော့ဒုက္ခမပေးရှာဘူး”
ဖိုးကျော့ပြောသော ဘွားစာဥ၏အကြောင်းကိုဘွားမယ်စိန်တို့သိရှိသွားတော့သည်။
“ကဲပါလေ…မိုးလည်းချုပ်နေပြီ…
ခရီးလည်းပင်ပန်းလာကြမှာပဲ…ငါ့သားကျော့ဖေ….မင်းမိန်းမကို ထမင်းဝိုင်းပြင်ပေးဖို့ခိုင်းလိုက်ဦး”
“ဟုတ်ကဲ့အမေ…”
ဖိုးကျော့မှာလူလွတ်ဖြစ်ပြီး…
အကြီးဖြစ်သောကျော့ဖေမှာမိန်းမနှင့်ကလေးရှိ၏။
ယခု ဘွားကျော့ခင်မှခိုင်းလိုက်၍ ကျော့ဖေတစ်ယောက်မီးဖိုခန်းသို့အပြေးဝင်သွားတော့သည်။
ဘွားမယ်စိန်နှင့်ဘွားကျော့ခင်တို့မှာတော့
ပြော၍မကုန်ခမ်းနိုင်သော အကြောင်းအရာများကို
ပြောနေကြရာဒေါ်ဝင်းတို့မောင်အုန်းတို့မှာလည်းသူတို့ပြောသည်များနားထောင်နေကြရရှာသည်။

ယဉ်မင်း(ကန့်ဘလူ)