ငါ့ကိုသင်ပေးထားတာ။ တကယ်ခက်ခဲတဲ့ကျင့်စဉ်ေတွ ကျင့်ခဲ့ပြိးမှ ငါအခုလိုပညာကိုတတ်မြောက်နိုင်သွားတာ။ ဒီထပ်တော့ပိုမမေးနဲ့ပေါ့ကွာ ၊ ငါလည်းမရှင်းပြချင်ဘူး။”
အဲဒီလိုမျိုးဗျဆရာချမ်းမင်းရှင်က သူမပြောချင်ဘူးဆိုလို့ကတော့ ဘယ်လိုမေးမေးကိုမရတာဗျ။ နောက်ထပ်ထူးဆန်းတာကတော့ ဆရာချမ်းမင်းရှင်က နေကြတ်မဲ့အချိန်နဲ့လကြတ်မဲ့အချိန်၊ နေ့ရက်၊ နှစ်၊ လကို အတိကျပြောတာဗျ။ ဘာလို့ပြောတာလဲဆိုတော့ ထောင်ထဲကိုအသစ်ရောက်လာတဲ့ မောင်ကောင်းဆိုတဲ့ကောင်လေးကြောင့်ပဲ။ အဲဒီကောင်က အသက်က၂၃ဆိုပေမဲ့ ဗလတောင့်တောင့်ဗျ၊ နည်းနည်းလည်း ကြမ်းတယ်။ အရွယ်ငယ်သေးတော့ သွေးကြွနေချိန်ပေါ့ဗျာ။ အခုအမှုဖြစ်ပြီးထောင်ထဲရောက်တော့ ဆရာချမ်းမင်းရှင်အကြောင်းက ဟိုးလေးတကျော်ကျော်ကိုဗျ။
အဲဒါနဲ့သူက ဆရာချမ်းမင်းရှင်ကို ပညာစမ်းပါလေရောဗျာ။
“ဒီက ကိုချမ်းမင်းရှင်လားမသိဘူး။ ခင်ဗျားက နက္ခတ်ပညာရှင်ဆို လုပ်စမ်းပါအုံးဗျ။ ကျုပ်ယုံအောင်တစ်ခုခုလုပ်ပြစမ်းပါ။”
အဲဒီလိုမောင်ကောင်းက ပြောတယ်။ ကျွန်ေတာ်ဆိုတာက ဒီကောင် မလေးမစားနဲ့ဆိုပြီးပါးရိုက်ချင်နေတာ ဆရာချမ်းမင်းရှင်ကတော့ ဂရုကိုမစိုက်ဘူးဗျ။ မောင်ကောင်းကိုလှည့်ကြည့်ပြီး…။
“ငါ့ပညာက ကလေးတွေပျော်အောင် ပြရမဲ့ မျက်လှည့်မဟုတ်ဘူးကွ။” တဲ့ လို့ သာသာနဲ့နာနာနှပ်လိုက်တာဗျာ မောင်ကောင်းက အတော်ဒေါပွသွားတယ်။ သံတိုင်တွေသာမကာထားရင် ဒီကောင်ကပြေးထိုးမဲ့ပုံပဲ။
“အလကားပါဗျာ ခင်ဗျားပညာဆိုတာ။ ဒါမျိုးတွေ ဒီခေတ်ကြီးထဲ မရှိဘူး။ လူလိမ်လူကောက်တွေ။ သူသာတကယ် အဲဒီပညာတတ်ရင် ထောင်ကျစရာအကြောင်းကိုမရှိတာ မင်းတို့ကိုလိမ်နေတာကွ။”
မောင်ကောင်းက ဆရာချမ်းမင်းကို ပြောတာပြောတာဆိုတာ ရစရာမရှိဘူးဗျ။ အဲဒီမှာ ဆရာချမ်းမင်းရှင်က ထလာပြီး မောင်ကောင်းကိုရပ်ကြည့်တယ်ဗျ။
“ဟေ့ကောင်မောင်ကောင်း မင်းငါ့ကိုစော်ကားလို့ရတယ်၊ ငါ့ပညာကိုတော့လာမစော်ကားနဲ့။ ငါအခုဒီအထဲရောက်နေတယ်ဆိုတာကလည်း ခံရမဲ့ဝဋ်ကြွေးပါလို့ကွ။ မင်းက သိပ်ပြီးစော်ကားနေတော့ ငါ့ပညာကိုလက်တွေ့ပြမယ်၊ တကယ်လို့ငါဟောတာတွေမှန်ရင် မင်းငါ့ကို ကန်တော့ပြီးတောင်းပန်မှာလား။”
“စိန်လိုက်စမ်းဗျာ။ ခင်ဗျားကြိုက်တာဟော ခင်ဗျားဟောတာမှန်ရင် ကျုပ်ကထိုင်ကန်တော့ပြီးကိုတောင်းပန်မယ်။ ”
“ကောင်းပြီလေ သက်သေအနေနဲ့ ကိုမျိုး ထောင်အစောင့်ကိုလှမ်းခေါ်စမ်းကွာ။”
ကျွန်ေတာ်ကလှမ်းခေါ်မယ်အလုပ် မခေါ်ဖြစ်ဘူးဗျ။ ဘာလို့လဲဆို ကျွန်ေတာ်တို့ဆီ ထောင်ပိုင်ကြီးနဲ့့အစောင့်တွေက လျှောက်လာနေပြီဗျ။ ကျွန်ေတာ်တို့အခန်းရှေ့ရောက်တော့ ဆရာချမ်းမင်းရှင်က ထောင်ပိုင်ကြီးကို သူနဲ့မောင်ကောင်းရဲ့ စိန်ခေါ်ပွဲအကြောင်းပြောပြီး သက်သေလုပ်ဖို့တောင်းဆိုတယ်။ ထောင်ပိုင်ကြီးကလည်း ပြုံးစစနဲ့လက်ခံပြီး နားထောင်နေတယ်။
“ကဲ မောင်ကောင်း မင်းနဲ့ငါနဲ့စိန်ခေါ်ပွဲကို ထောင်ပိုင်ကြီးကိုယ်တိုင် သက်သေခံလိမ့်ယ်။ အခုငါပြောမဲ့အရာတွေက ရှေ့ဖြစ်လာမဲ့အရာသံုးခုပဲ။ အခုနှစ်(၂၀၂၂) လာမယ့်နိုဝင်ဘာ၈ရက်နေ့။ ညနေ၅နာရီခွဲမှာ မြန်မာနိုင်ငံက လကြတ်တာကို အပြည့်အဝမြင်တွေ့ရလိမ့်မယ်။ ၈ရက်၄လ၂၀၂၄ခုနှစ်မှာလည်း အမေရိကန်ပြည်ထောင်စုအပါအဝင် မြောက်အမေရိကတိုက်နိုင်ငံတွေမှာ နေအပြည့်ကြတ်ပြီး လုံးဝမှောင်အတိခဏကျသွားလိမ့်မယ်။ ဒီနှစ်(၂၀၂၂) ဒီဇင်ဘာ၁၅ရက်ကနေ ၂၂ရက်အတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြား မြေငလျင်လှုပ်ခတ်လိမ့်မယ်။ ၁၆ရက်နေ့ မန္တလေးမြို့မှာလှုပ်ခတ်သွားမဲ့ငလျင်ကြောင့် ဈေးချိုအနီးမှာရှိတဲ့ ဆင်ဖြူတော်ရုပ်တုကမေးရိုး ပြုတ်ကျလိမ့်မယ်ကွာ။”
ဆရာချမ်းမင်းရှင်ပြောတာတွေက တကယ်ဖြစ်လာမလာတော့ ကျွန်ေတာ်တို့မသိသေးဘူး။ ဒါပေမဲ့ နေရာ၊ ရက်စွဲ၊ လ၊ နှစ်တွေနဲ့ပြောနေတော့ ကျွန်ေတာ်တို့တွေ အတော်ကိုအံ့ဩမိသေးတယ်။ ထောင်ပိုင်ကြီးကတော့ ခေါင်းညိမ့်ပြပြီးပြန်သွားတယ်ဗျ။ အဲဒီနောက်ပိုင်း မောင်ကောင်းက ဆရာချမ်းမင်းရှင်ကို ရန်မစဘူး၊ ကျွန်ေတာ်တို့လည်း ဆရာချမ်းမင်းရှင် မှန်မမှန်သိချင်နေပြီလေ။ သူပြောထားတဲ့ရက်တွေကို တွက်ပြီးစောင့်နေတော့တာပဲ။ ပထမဆုံးဆရာချမ်းမင်းရှင်ပြောတဲ့ နိုဝင်ဘာလ ၈ရက်နေ့ကို ရောက်လာပြီဗျ။
သတင်းတွေမှာလည်း ဒီနေ့ညနေလကြတ်မယ်လို့ ထောင်စောင့်ကလာပြောတာဗျို့။ ကျွန်ေတာ်တို့ထောင်သားတွေက မောင်ကောင်းကို စွေစွေကြည့်တာဗျို့။ ညနေငါးနာရီခွဲလို့ ကျွန်ေတာ်တို့ကောင်းကင်ပေါ်မော့ကြည့်တော့ ဟုတ်ပါ့ဗျာ ဆရာချမ်းမင်းရှင် ပြောတဲ့အတိုင်းပဲ။ လကနီရဲနေတာပဲဗျို့။ သာမန်မြင်နေကြပုံစံနဲ့မတူဘူးဗျ။ မောင်ကောင်းကတော့ တိုက်ဆိုင်တာပါကွာဆိုပြီး ငြင်းတုန်းဗျ။
ဒါပေမဲ့နောက်တစ်ခေါက်ကြတော့ မောင်ကောင်းမငြင်းနိုင်ပဲ သူရှုံးကြောင်းဝန်ခံသွားတယ်။ ဆရာချမ်းမင်းရှင်ကိုလည်း ထိုင်ကန်တော့ပြီးကို တောင်းပန်ပါတယ်။ ဆရာချမ်းမင်းရှင်ကတော့ ပြုံးပြုံးနဲ့ ခွင့်လွှတ်ပေးတာပေါ့။ ဒီဇင်ဘာ၁၅ရက်ကနေ၂၂ရက်အတွင်း မြေငလျင်က၁၀ကြိမ်တောင်လှုပ်ခတ်သွားတယ်မဟုတ်လားဗျ။ မန္တလေးဈေးချိုတော်အနီးကလည်း ငလျင်လှုပ်ခတ်မှုကြောင့် ဆင်ဖြူတော်ရုပ်တုကမေးရိုး ပြုတ်ကျတာကို ထောင်စောင့်ကဖုန်းထဲကနေလာပြတာဗျ။
(၂၀၂၄ခုနှစ် ၈ရက်၄လပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်အမေရိကတိုက်နိုင်ငံတို့၌ အမှန်တကယ်နေအပြည့်ကြတ်ပြီး မှောင်အတိကျခဲ့ပါသည်။
စာရေးသူ။)
အဲဒီမှာ ဆရာချမ်းမင်းရှင်အေြကာင်းက အိုးဖိုထောင်တစ်ခုလုံး မသိသူမရှိသလောက်ကို နာမည်ကြီးသွားတယ်ဗျ။ ဆရာချမ်းမင်းရှင်ရဲ့အကြောင်းက ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ ဆရာချမ်းမင်းရှင်ဆီကနေ ထောင်သားတွေက နက္ခတ်ပညာတွေ သင်ကြတယ်။ ဆရာချမ်းမင်းရှင်ကလည်း သူတို့အကုန်လုံးကို တတ်သင့်သလောက်ပဲသင်ပေးတာဗျ။ သူတို့တတ်သင့်တာထက်ပိုပြီးမသင်ပေးဘူး။ ပိုပြီးထူးခြားတာတစ်ခုက ဆရာချမ်းမင်းရှင်အသက်က ၄၆နှစ်ရှိပြီ။ ဒါပေမဲ့ မသိတဲ့သူဆို ၂၈နှစ်လောက်ပဲ ခန့်မှန်းမိတာဗျ။ ဆရာ့ရုပ်က တော်တော်လေးနုပျိုသေးတယ်။ နောက်ပြီး ဆရာကပြောဖူးတယ်။
“ငါကမုတ္တိလိုင်းကွ ကိုမျိုးရ… မင်းနားလည်အောင်ရှင်းပြရရင်.. ဝိမုတ္တိဆိုတဲ့သံသရာဝဋ်ကလွတ်အောင်ပဲ …. သံသရာအတွင်းထဲမှာ လွတ်မြောက်နေသူပေါ့ကွာ။ အပူသောကတွေကြားမှာနေပေမဲ့… အပူသောကတွေကနေ လွတ်မြောက်နိုင်အောင် စိတ်ကိုမွေးမြူထားတာကွ။ ”
ဆရာချမ်းမင်းရှင်ပြောတာကို ကျွန်တော်တော့ သဘောပေါက်သလိုလို၊ မပေါက်သလိုလိုပါပဲ။ ဒါပေမဲ့ထားလိုက်ပါ ကျွန်တော်နားမလည်တာကိုတော့ ရှင်းမပြချင်တော့ဘူး။ ဆရာချမ်းမင်းရှင်မှာ နောက်ထပ်ထူးခြားချက်တွေ ရှိနေသေးတယ်ဗျ။ အဲဒါကဘာလဲဆိုတော့ ဆရာချမ်းမင်းရှင်ရဲ့ခန္ဓာကိုယ်က လျှပ်စစ်ဓာတ်တွေလိုမျိုးထွက်နေပြီး ပါးစပ်ကနေလည်း အငွေ့တွေထွက်တတ်တယ်ဗျ။ မှတ်မှတ်ရရ တစ်ခုကိုပြောပြရရင် နွေရာသီကြီးဗျ။ အရမ်းပူတော့ ကျွန်တော်လည်း ဆရာ ရေချိုးရအောင်လို့ပြောတော့ မချိုးတော့ပါဘူးကွာလို့ငြင်းသေးတယ်။
ကျွန်တော်ကလည်း ဒီလောက်ပူတာတောင် ဆရာရေတစ်ခါမှချိုးတာမမြင်ဖူးဘူးဗျ။ စရောက်တည်းက သူရေမချိုးတာ သတိထားမိတဲ့သူတွေရှိတယ်။ ရေမချိုးပေမဲ့ သူ့ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်လားဆိုတော့ ချွေးနံ့တောင်မနံဘူးဗျာ။ သူကရေချိုးဖို့ငြင်းပေမဲ့ ကျွန်တော်ကသူ့တပည့်အရင်းကြီးလိုကို ဖြစ်နေတာလေဗျာ။ သူ့ကိုအတင်းပြောပြီးချိုးဖို့ပြောတော့ အေးလေတဲ့ ချိုးကြတာပေါ့၊ ဒါပေမဲ့ လူမရှိမှ ချိုးကြရအောင်တဲ့။ အဲဒီလိုနဲ့ လူတစ်ယောက်မှမရှိတဲ့အချိန် ကျွန်တော်နဲ့ ဆရာနဲ့နှစ်ယောက်တူတူရေချိုးတယ်ဗျ။
ကျွန်တော်က ဆရာ့ကိုချစ်လို့ဆိုပြီး ဂျီးတွန်းမလို့ ရေအရင်လောင်းပေးလိုက်တာ အငွေ့တွေတထောင်းထောင်းထလာပြီး ဆရာ့ခေါင်းပေါ်မှာ အရောင်လိုလို ဘာလိုလိုလေးတွေပေါ်လာတာဗျ။ ကျွန်တော်လည်း အတော်လန့်သွားပြီး ဟာဆရာ့လို့ အာမေဍိတ်သံထွက်သွားတော့ ဆရာချမ်းမင်းရှင်က..။
“အေး… အဲဒါကြောင့်ငါမင်းကိုပြောတာပေါ့။ ငါတို့လူမရှိမှ ရေချိုးမယ်ဆိုတာ။ ငါ့ရဲ့စိတ်က ငြိမ်းချမ်းနေပေမဲ့ ငါ့ခန္ဓာကိုယ်ကြီးမှာ ဓာတ်သဘောတွေ ဖောက်ပြန်နေတယ်။ သာမန်သူတွေနဲ့မတူဘူးကွ။ ဒီအကြောင်းကို ငါထောင်ထဲရှိနေစဉ်အတွင်း မင်းဘယ်သူ့ကိုမှ မပြောပါနဲ့ကိုမျိုး။”
“ဟုတ်..ဟုတ်ကဲ့ဆရာ။”
ကျွန်တော်လည်း ဆရာချမ်းမင်းရှင်ပြောတဲ့အတိုင်း သူထောင်ထဲက မထွက်ခင်ထိ ဘယ်သူ့ကိုမှပြောမပြခဲ့ပါဘူး။ နောက်တစ်ခုကတော့ ထမင်းစားချိန်ကြီးဗျ။ ကျွန်တော်တို့ထောင်သားတွေအကုန်လုံး ကိုယ့်နေရာနဲ့ကိုယ် ထမင်းစားနေကြတာပေါ့ဗျာ။ အဲဒီမှာဆရာချမ်းမင်းရှင်နဲ့ကျွန်တော် ထိုင်နေတဲ့ဘေးကို ကျွန်တော့်သူငယ်ချင်းက ဝင်ထိုင်ပြီး ထမင်းစားမဲ့အချိန်မှာ ဆရာချမ်းမင်းရှင်က သူ့ကိုပုတ်လိုက်တယ်။
“ဟေ့ကောင် ဒီကထမင်းတွေက ဆန်သိပ်ကြမ်းတယ်ကွ.. မစားနဲ့တော့…. သွား… မင်းအိမ်ရောက်မှ တဝကြီးစားတော့ကွာ။”
ကျွန်တော်လည်းကြောင်သွားသလို ကျွန်တော့်သူငယ်ချင်းကလည်း ဆရာချမ်းမင်းရှင်ကို ပြူးကြောင်ကြောင်လေးကြည့်နေသေးတယ်ဗျ။ ဒါပေမဲ့ မကြာဘူးဗျို့ နာမည်ရယ်နံပတ်ရယ်နဲ့ လှမ်းအော်ခေါ်သံကြားလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းက ထပြီး ရှိလို့အော်တော့ အစောင့်က ဟေ့ကောင် မင်းလွတ်ပြီ လာသွားမယ်ဆိုပြီး ခေါ်သွားတာဗျို့။ ဟိုကောင်က ဆရာ့ကိုလက်အုပ်လှမ်းချီပြပြီး ပါသွားတော့တာပဲ။
ဆရာချမ်းမင်းရှင်ရဲ့ပညာက အဲဒီလောက်ထိမှန်တာဗျ။ နောက်တစ်ခုကို ပြောလက်စနဲ့မထူးတော့ဘူး၊ ကျွန်တော်အကုန်ပြောပြပေးမယ်။ ကျွန်တော်တို့အခန်းနဲ့ကပ်ရပ် အခန်း၂ကကောင်တွေထဲမှာ သာနုဆိုတဲ့ကောင်ပါတယ်ဗျ။ ဒီကောင်က စရောက်လာတည်းက ချောင်းလေးတဟွတ်ဟွတ်နဲ့ နေသိပ်မကောင်းရှာဘူး။ တစ်ခါက သာနုချောင်းဆိုးနေတာကို ဆရာချမ်းမင်းရှင်က လှမ်းကြည့်ပြီး..
“ဟေ့ကောင်သာနု … မင်းအိမ်ကနေ ဆောင်တို့အနွေးထည်တို့ဖြစ်ဖြစ် တောင်းထားအုံးကွ။ လေတွေဘာတွေဖြန်းနေအုံးမယ်။”
ဆရာချမ်းမင်းရှင်က အကြောင်းမရှိပဲ စကားမပြောဖူးဘူးဆိုတာ သူ့တပည့်အရင်း ကျွန်တော်ကသိတာပေါ့ဗျာ။ ဒါပေမဲ့ သာနုကတော့ ဆရာချမ်းမင်းရှင်က စိတ်ပူတယ်လောက်ပဲထင်သလားမသိဘူး၊ ရယ်ကြဲကြဲနဲ့ပြန်ပြောတာဗျ။
“ကျုပ်က ကြိုးမိန့်ကျပြီးေသေတာ့မှာပါဆရာရာ။ လေဖြန်းဖြန်း၊ မဖြန်းြဖန်းသေရတော့မှာပဲ၊ ဒါတွေ ကျုပ်မမှုနိုင်တော့ဘူး။ ကျုပ်က သေမဲ့နေ့ကို စောင့်နေတဲ့လူပါဗျ။”
ဆရာချမ်းမင်းရှင်က ခေါင်းကိုရမ်းပြီး သာနုကို စကားတွေပြောတော့တာဗျ။
“သာနု သာနု.. လူဆိုတာ သေမျိုးကြီးပဲဆိုတာမှန်တယ်ကွ.. ဒါပေမဲ့ သေချိန်မတန်သေးရင် ဘယ်သူမှမသေဘူးသာနု။ အကယ်၍မင်းဟာ သေချာပေါက်ကြိုးမိန့်နဲ့ သေရမယ်ဆိုရင်တောင် မင်းဟာအသေလှသင့်တယ်။ လေဖြန်းရောဂါဖြစ်ပြီး ကြိုးမိန့်နဲ့သေရင် မင်းခမျှ နာကျင်မှုဝေဒနာ နှစ်ခုခံစားရပြီး သေရမှာ ငါသိပ်သနားတယ်ကွာ။ ဝဋ်မှာအမြဲငရဲမှာအပတဲ့ မင်းမှာဒီနေ့ဒီရက်ဒီလ သေရမဲ့ကံဝဋ်ေကြွးပါလာရင် ဦးမာဃကြီးဆင်းတားတောင် မကယ်နိုင်ဘူးကွ။ အေး သေရမဲ့ကံမပါရင်လည်း မင်းကို ယမမင်းကလာသတ်တောင် မင်းဟာသေမဲ့ကောင်မဟုတ်ဘူး။ လူတွေကမသိကြသေးလို့ပါ သူတို့ရဲ့သက်တမ်းဘယ်လောက်ကျန်သေးတယ်ဆိုတာ နမိတ်တွေအမြဲတမ်းပြတယ်ကွ။ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်းတဲ့ကမ္ဘာကွ၊ ဟေ့ကောင်သာနု မင်းက ကြိုးမိန့်နဲ့သေမဲ့ကောင်မဟုတ်ဘူးကွ။ အခုရက်ပိုင်းနွေးနွေးထွေးထွေးနေစမ်းပါကွာ။”
ဆရာချမ်းမင်းရှင်က အဲဒီလိုပြောတာကို သာနုက မယုံရဲယုံရဲဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူ့ရှေ့နေကိုယ်တိုင်ကိုက ကြိုးမိန့်ကျနိုင်တယ်၊ သူလည်းမကယ်နိုင်တော့လို့ မနေ့က တောင်းပန်သွားတာကို ကျွန်တော်တို့ အကုန်ကြားလိုက်ရတာဗျ။ ဒီတော့ ဆရာချမ်းမင်းရှင်ပြောတာကို ယုံတစ်ဝက်မယုံတစ်ဝက်ပေါ့ဗျာ။ ကျွန်တော်ကတော့ ယုံတယ်ဗျ။ ဆရာချမ်းမင်းရှင်အကြောင်းကို ကျွန်တော်စသိလာတည်းက ဆရာချမ်းမင်းရှင်ပြောသမျှ ဟောသမျှက တစ်ခါမှမှ မလွဲဖူးသေးတာ ဒီတော့ ကျွန်တော်ကယုံတာပေါ့ဗျာ။
တစ်နေ့တော့ သာနုက သူ့ကိုအမိန့်ချဖို့ ခေါ်သွားပြီးအပြန်မှာ ထောင်ထဲရောက်တာနဲ့ သူကဝမ်းသာလို့ ထခုန်တာဗျို့။ ဆရာချမ်းမင်းရှင် ပြောတာမှန်လိုက်တာ ကျုပ်ကြိုးမိန့်ကလွတ်သွားပြီဆရာရေ ဆိုပြီး အကျယ်ကြီးအော်ပြောတာဗျ။ ကျွန်တော်တို့လည်း ထောင်ထဲကမလွတ်ကြသေးပေမဲ့ သေဘေးကလွတ်သွားတာဆိုတော့ ဝိုင်းပြီး ကူပျော်ပေးတာပေါ့ဗျာ။ ဒါပေမဲ့ သာနုက သိပ်ကြာကြာမပျော်ရဘူး၊ တစ်ပတ်လောက်နေတော့ ဒီကောင် လက်တွေအကြောကပ်ပြီး ပါးတွေရွဲ့သွားတာ ကျွန်တော်တို့မျက်စိရှေ့တင်ဗျ။
သာနုအခန်းကကောင်တွေကလည်း သာနုကို ေြခတွေချိုး လက်တွေချိုးပေးပေမဲ့ မရဘူးဗျ။ သာနုက လုံးလုံးလေဖြတ်သွားတာ။ ဆောင်းဦးပိုင်းကာလဆိုတော့ အအေးဓာတ်က စဝင်ပြီလေဗျာ။ အိပ်ရတာကလည်း ဘိလပ်မြေလောင်းထားတဲ့အပေါ်ဆိုတော့ ပိုဆိုးတယ်ဗျ။ သာနုက ဆရာချမ်းမင်းရှင်စကားကို နားထောင်ပါတယ်။ သူကြိုးမိန့်ကလွတ်ပြီးတည်းက သူ့အိမ်ကို အနွေးထည်တို့ဆောင်တို့ မှာထားတာဗျ။ ဒါပေမဲ့ သူ့အိမ်က လာမပို့သေးဘူး၊ မပို့သေးတော့ တစ်ပတ်တိတိ ဒီကောင်က အေးအေးနဲ့အိပ်ရတော့ လေဖြတ်သွားတာပဲ။ အစောတည်းက ကျန်းမာရေးမကောင်းတာလည်း ပါမယ်ထင်တယ်။
သာနုက လေဖြတ်သွားတော့ ထောင်စောင့်တွေလှမ်းအော် ဆေးရုံကားလှမ်းခေါ်ပေါ့ဗျာ။ ထောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတာပဲ။ အဲဒီမှာ သာနုက ဆရာချမ်းမင်းရှင်ကို မျက်ရည်အဝိုင်းသားနဲ့ လှမ်းကြည့်တာဗျ။ ဆရာချမ်းမင်းရှင်က သနားသွားတယ်ထင်တယ်။ ထိုင်ရာကနေ ထလာပြီး သံတိုင်အနားကို မခဲ့ဖို့ပြောလိုက်တယ်ဗျ။ သာနုကို သူ့အခန်းထဲကကောင်တွေကလည်း မလာပြီး ဆရာချမ်းမင်းရှင်အနားက သံတိုင်နားမှာ ချပေးတယ်။ ဆရာချမ်းမင်းရှင်က တစ်ခုခုကိုရွတ်ပြီး သူ့လက်ဖဝါးနှစ်ဖက်လုံးနဲ့ သာနုတစ်ကိုယ်လုံးကို နှိပ်ပေးလိုက်ဗျ။
ပြီးတော့ကျောကုန်းကိုလှန်ပြီး လက်ဖဝါးနှစ်ဖက်လုံးနဲ့ကပ်ထားလိုက်တာ လေဖြတ်သွားတဲ့ သာနုဆိုတဲ့ကောင် အားပူတယ်ပူတယ်ဆိုပြီး အော်ပါလေရောဗျာ။ နောက်တော့ထထိုင်လိုက်တာ ဒီကောင့်တစ်ကိုယ်လုံးချွေးတွေကြီးပဲဗျ။ ကျုပ်တို့က ဆရာချမ်းမင်းရှင်ကို ပိုပြီးတအံ့တဩနဲ့ကြည့်တော့ ဆရာချမ်းမင်းရှင်က…
“အလကား ဒီကောင်မင်းတို့ကိုနောက်နေတာပါကွာ… ငါ့လက်ဖဝါးနဲ့ထိတာနဲ့ ဒီကောင်လေဖြတ်တာ ပြန်ကောင်းပါ့မလားဟ… ပူတယ်ဆိုပိုဝေးသေးတယ်။ ငါ့လက်ဖဝါးက အေးနေတာကွ။ ကိုမျိုး ကိုင်ကြည့်စမ်း။”
ကျွန်တော်က ဆရာချမ်းမင်းရှင်ရဲ့ ဘယ်လက်ကို ကိုကြည့်တာ ဟုတ်တယ်ဗျ။ အေးစက်နေတာပဲ။ အဲဒီအခါကြမှ ထောင်စောင့်တွေကိုလှမ်းအော်ပြီး သာနုပြန်ကောင်းသွားတာပြောလိုက်တယ်။ ထောင်စောင့်တွေကတော့ဗျာ သူတို့ကိုနောက်တယ်ထင်ပြီး ဆဲလိုက်ဆိုလိုက်တာ ကျွန်တော်တို့အကုန်လုံး ရစတောင်မရှိဘူး။ ဆရာချမ်းမင်းရှင်က သူ့နေရာသူပြန်သွားတဲ့အချိန်မှာ သူ့ညာလက်ဖဝါးတွေနီနေတာကို ကျွန်တော်မြင်လိုက်တယ်ဗျ။ ကျွန်တော်လည်း ဖက်ခနဲ ဆွဲကိုင်လိုက်တာ ပူလိုက်တာဆိုတာ မီးခဲကိုင်လိုက်ရသလိုပဲ။ ဆရာချမ်းမင်းရှင်က သူ့ပါးစပ်ကို လက်ညိုးနဲ့ကာပြီး ဘယ်သူ့မှမပြောဖို့ မှာတယ်ဗျ။
ကျွန်တော်လည်း ဒီအေြကာင်းတွေ ဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး။ အင်း ဒီလိုနဲ့တစ်ရက်ကြ ဆရာချမ်းမင်းရှင်က ကျုပ်နဲ့အေးအေးဆေးဆေးစကားပြောတယ်ဗျ။
“ကိုမျိုး… တို့ဂေါတမမြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်ထဲမှာ တွေ့ဆုံကြုံကွဲကြရတာဟာ ဓမ္မတာပဲတဲ့။ ဖြစ်ပြီးရင်ပျက်မယ် ပျက်ပြီးရင်ပြန်ဖြစ်မယ် ဒီသံသရာဝဋ်ဒုက္ခကနေ လွတ်ဖို့က ဝိပဿနာပဲရှိတယ်။ ကိုမျိုး .. ငါစကားပုလ္လင်ခံနေရတာက မကြာခင်မှာ ငါလွတ်တော့မယ်။ မင်းနဲ့ငါ တော်တော်ကြာတဲ့အထိ တွေ့နိုင်မှာမဟုတ်ဘူး။”
ဆရာချမ်းမင်းရှင်က ရုတ်တရက် အဲဒီလိုပြောတော့ ကျွန်တော့်စိတ်ထဲ ဝမ်းနည်းသွားသလိုကြီးပဲ။ ဆရာချမ်းမင်းရှင် ထောင်ကလွတ်တာကို ကျွန်တော်ဝမ်းသာပေမဲ့ တခဏလေးအတွင်းမှာ ဆရာတပည့်ဆိုတဲ့ သံယောဇဉ်လေးဖြစ်သွားတော့ ကျွန်တော်ငိုတောင်ငိုမိသလား မမှတ်မိတော့ဘူး။
“ငါဒီနှစ်(၂၀၂၃)ကဆုန်လပြည့်နေ့မှာ လွတ်လိမ့်မယ်။ မင်းလည်း နောက်တစ်နှစ် ကဆုန်လပြည့်နေ့မှာ လွတ်လိမ့်မယ်ကိုမျိုး။ ငါမင်းကို တစ်ခုတော့ပြောထားရမယ်။ ငါ့ကို မင်းလိုက်မရှာပါနဲ့ အချိန်တန်ရင် မင်းနဲ့ငါပြန်တွေ့မှာပါ။ အချိန်မတန်သေးပဲ လိုက်ရှာနေရင် မင်းရှေ့မှာငါရပ်နေရင်တောင် မင်းနဲ့ငါတွေ့ရမှာမဟုတ်ဘူး။”
ဆရာချမ်းမင်းရှင်က ဒီလိုပြောပြီး နောက်တော့ ပုံမန်အတိုင်းပဲ ကျွန်တော်တို့ထောင်ထဲမှာနေခဲ့ကြတယ်။ ဆရာချမ်းမင်းရှင်စကားတိုင်း တကယ်မလွဲပါဘူး၊ ဆရာကအဲဒီနှစ်ကဆုန်လပြည့်နေ့မှာ လွတ်သွားပါတယ်။ ကျွန်တော်လည်း ဆရာချမ်းမင်းရှင်ပြောခဲ့သလိုပါပဲ အခုနှစ်(၂၀၂၄) ကဆုန်လပြည့်နေ့ကမှ ထောင်ကလွတ်လာတာပါ။ ကျွန်တော် ဆရာချမ်းမင်းရှင်စကားကို နားမထောင်ပဲ ဆရာ့ကိုအရမ်းတွေ့ချင်တာနဲ့ မန္တလေး ချမ်းမြသာစည်မြို့ထဲမှာ လိုက်ရှာကြည့်တယ်။ နေရာတော်တော်များများမှာလည်းရှာကြည့်ပြီးပြီ မတွေ့ဘူးဗျာ။ ဆရာအဲဒီမှာပဲရှိတာကျွန်တော်သိပါတယ်၊ အဲဒီလိုပဲ ကျွန်တော်ရှာနေတာလည်း ဆရာချမ်းမင်းရှင်က သိနှင့်နေမှာပါ။
အခုဆရာချမ်းမင်းရှင်အကြောင်းတွေ ပြောပြတယ်ဆိုတာကလည်း အစ်ကိုကဖြစ်ရပ်မှန်တွေရေးတာတွေ့လို့ လာပြောပြတာပါ။ ကျွန်တော်ပြောတာတွေအားလုံးအမှန်တွေပါပဲ။ အစ်ကိုဒီအကြောင်းကိုသာရေးပြီး လိုင်းပေါ်ရောက်သွားရင် ဆရာချမ်းမင်းရှင်တပည့်တွေက ထောက်ခံကြပါလိမ့်မယ်။ နက္ခတ်ပညာရှင်ဆိုလည်း မသိသူမရှိသလောက်ပါပဲ။ကျွန်ေတာ့်နာမည် ကိုမျိုးပါဆရာ၊ မန္တလေးမြို့သစ်ဘက်မှာေနပါတယ်။ အစ်ကို့အနေနဲ့ ရေးသားမဲ့ ဆရာချမ်းမင်းရှင်အကြောင်းကို ကျွန်တော်ဖတ်ချင်နေလို့ မြန်မြန်ရေးပေးပါဗျာ။
~~~~~
ပြီးပါပြီ။
စာပေချစ်သူများကို လေးစားလျှက်
(ဖြစ်ရပ်မှန် ဝတ္ထုတို)
မိုးထွန်း(မကွေး)
Leave a Reply