အတွင်းတိမ်

ကြည့်ဘူး။ အရပ်ကို ပြောတော့ မဖောင်းက သူပဲ မှန်သလိုလို။

“မွေးသမိခင် ကျေးဇူး မသိတတ်ဘဲ နေပါ့မလားအေ၊ လူပဲဟာ တိရစ္ဆာန်မှ မဟုတ်တာ၊ သိတတ်လွန်းလို့တောင် သိသိ သိသိနဲ့ မြည်သေး၊ မိဖောင်း ငယ်ငယ်က တစ်ဆေမကြောက် သူရဲမကြောက် မအေဈေးထွက်ဖို့ မိုးမလင်းခင်ကတည်းက ဈေးကုန်းသွားပြီး ဈေးတောင်းခေါင်းရွက်လုပ်ကိုင်ပေးခဲ့တာပဲဟာ၊ ဈေးထဲမယ် မနက်မိုးမလင်းတလင်း မိဖောင်းနဲ့ ဈေးသူရဲပဲ ရှိရဲ့။ အခုဟာက မအေကိုယ်တိုင်က ဘက်လိုက်တယ်ထင်လို့ ကျုပ်ကို မှားတယ်ထင်လို့ရယ်၊ ဟိုကောင်မတွေကတော့ ပြီးပါပြီ၊ လူ့ဘဝရောက်လာလို့ တစ်အူတုံဆင်းရယ်လို့ ချစ်မဟဲ့ ခင်မဟဲ့လို့မှ စိတ်ကူးလို့မရတဲ့ဟာတွေ၊ သည်ဘဝများတော့ ဒါတံခါးပိတ် ဂျိတ်ပဲ၊ ပြီးပြီ။ မျက်နှာလည်းမကြည့်ချင်ဘူး၊ အသံလည်း မကြားချင်ဘူး၊ အရိပ်တောင် လေးတယ် ထင်လွန်းလို့”

ဘယ်သူပဲ မှားမှား၊ ဘယ်သူပဲ မှန်မှန် မဖောင်းက အနားမလာပေမယ့် မအေလုပ်သူခမျာကတော့ မိခင်မဟုတ်လား။ သူ့ကိုယ်သူ မဟန်မှန်းသိတဲ့အချိန်ကလေးမှာ ရပ်ကွက်လူကြီးတွေ ခေါ်ပြီး အတွင်းပစ္စည်း အပြင်ပစ္စည်းကလေး မျှမျှတတဖြစ်အောင် အမွေစုခွဲပေးသွားရှာပါသေးတယ်။ ပစ္စည်းရယ်လို့ များများစားစားတော့လဲ မဟုတ်ပါဘူး။ မိဘလက်ထက်ပွား ရှိသမျှ လေးပုံ ပုံပြီး ပေးရတာပါ။ ခြံဝိုင်းကြီးရယ်၊ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရယ်၊ အတွင်းပစ္စည်းတွေရယ်ကို တန်ဘိုးဖြတ်ပြီး လေးပုံတစ်ပုံစီ အညီအမျှ ပေးခဲ့တဲ့သဘောပဲ။

လူကြီးတွေ ဖြတ်ပေးတဲ့အတိုင်း ကျန်တဲ့ညီအစ်မတွေက မဖောင်းကို အိမ်အတွက်ရယ်လို့ တစ်ပုံစာငွေ ရှာဖွေအမ်းပြီး ညီအစ်မသုံးယောက်က အိမ်ကို အရယူလိုက်ကြတယ်။ သည်အိမ်ပေါ် မဖောင်းမရှိရေးက အရေးကြီးတာ မှုတ်လား။

မဖောင်းက အတွင်းပစ္စည်းတော်တော်များများ အိမ်အမ်းကြေးအနေနဲ ရလိုက်တယ်။ ခြံဝိုင်းကြီးကိုတော့ ဘယ်သူမှ လက်ဆုပ်လက်ဖြန့် အမ်းမယူနိုင်တော့ အတူတူ ဘုံပိုင်ဆိုင်ကြတာပေါ့။ သည်တော့ မဖောင်းက ခြံဝိုင်းထဲက တစ်နေရာမှာ မြေစိုက်အိမ်ကလေး တစ်လုံး ဖာသာဆောက်ပြီး တစ်ယောက်တည်း ဒုံးပေကတ်သတ်နေတယ်။ မနက်မိုးလင်းတာနဲ့ လူချင်းမတည့်ကြပေမဲ့ မျက်နှာတော့ မြင်နေကြရတယ် ပြောပါတော့။

ညီအစ်မတွေကတော့ မအေ့လက်ငုတ်လက်ရင်းဖြစ်တဲ့ ကုန်စုံဆိုင်ချောက်တိချောက်ခန်းကိုပါ မဖောင်းကို အမ်းယူလိုက်ကြရတာပါ။ သည်တော့ မဖောင်းမှာက သူချွေတာရင် တစ်သက်စားဖြစ်လောက်တဲ့ရွှေထည်ကလေး ထုပ်ထုပ်ထည်ထည်နဲ့ပေါ့။ သည်ရွှေထည်ကလေးထဲက တစ်ချို့တစ်ဝက်ရောင်းပြီး မဖောင်းက ရပ်ကွက်ထဲ ဈေးထဲကို နေ့ပြန်တိုးကလေး ပေးစားတယ်။ မနက်လင်းရင် လွယ်အိတ်တစ်လုံးလွယ် ဈေးထဲသွား၊ ညနေ ပိုက်ဆံပြန်သိမ်း။ မဖောင်းတစ်ကိုယ်စာတော့ ဗိုက်ရိုက်စားရုံပါပဲ။ စားလို့ ပိုတာ အိမ်ရှေ့က အုတ်ခုံမှာ ခွေးတွေ ချကျွေးသေးတာပါ။ ခွေးတွေကို သဒ္ဓါတာမဟုတ်ပေမယ့်၊ ညီအစ်မတွေကို ရွဲ့ချင်တော့ အဲသလို ထထလုပ်တတ်တယ်။

* * *

မနက်မှ မိုးလင်းပြီဆိုတာနဲ့ ညီအစ်မတတွေက အိမ်ရှေ့ဝင်းပေါက်ကလေး ဖွင့်၊ အိမ်ဆိုင်ကလေး ခင်းပြီး ဈေးရောင်းကြ၊ ဈေးသွားဝယ်ကြ၊ ချက်ကြပြုတ်ကြ။

မဖောင်းကတော့ သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီး ရပ်ကွက်ဈေးကလေးကို သွားတယ်။ ဈေးဝယ်ရင်းနေ့ပြန်ပေးရင်းပေါ့၊ မဖောင်းအိမ်ကခြံဝိုင်းရဲ့ မြောက်ဘက်ခြမ်းမှာ ဆောက်ထားတာဆိုတော့ ခြံတံခါးကိုတောင် သူ့အတွက်ရယ်လို့ မြောက်ဖက်ခြမ်းမှာ သပ်သပ် လူတစ်ကိုယ်စာ ဖောက်ထားတာပါ။ တစ်ခါတစ်လေ မဖောင်းအလည်လွန်နေလို့ ခြံတံခါးဟောင်းလောင်းပွင့်နေရင် သည်ဘက်က ဈေးဆိုင်က သိမ်းလို့မရဘူး။ မဖောင်း လည်ချင်တိုင်းလည် အားရပြီး ကိုးနာရီ ဆယ်နာရီ ညကြီးမိုးချုပ်လို့ ပြန်လာပါမှ ဆိုင်ပိတ်လို့ ဖြစ်တာ မှုတ်လား။ နို့မို့ရင် ဆိုင်ကတော့ ပိတ်ထားပါရဲ့။ ခြံဝင်းပေါက်က ဟောင်းလောင်းကြီး ပွင့်နေလျက်ဆိုရင် ပစ္စည်းတွေ လူဝင်ခိုးမှာ စိုးရတာကိုး၊ စကားကလည်း မပြောကြတော့ သည်လို သည်းခံကြရတာပါပဲ။

မဖောင်းအဖို့ရာကတော့ ဘာမှုစရာလိုတုံး။ သူ့ မြေစိုက်အိမ်ကလေး လုံခြုံအောင် သော့ပိတ်ထားခဲ့ရုံနဲ့ ပြီးတာ မှုတ်လား။ သည်တော့ မဖောင်း ည အိမ်ပြန်မိုးချုပ်ရင် တစ်ခါတစ်လေ သည်းမခံနိင်တဲ့အဆုံး ညီအစ်မတတွေ စီခနဲ ညံခနဲ ထပွက်ကြတာလည်း ရှိတယ်။

“မိန်းမတန်မဲ့တော် ကြုံကြုံဖူးပေါင်၊ ညကြီးသန်းကောင် သက်ကြီးခေါင်းမချနိုင်ကြဘူး၊ ငယ်ငယ်ရွယ်ရွယ်တွေလို လည်လည်နိုင်လွန်း”

မဖောင်းလဲ စောင်းပြီးသားဖြစ်၊ အသက်ကြီးတာလဲပါ၊ တန်ဘိုးလဲ မဲ့အောင် ပစ်လိုက်တဲ့စကားလုံးတွေပေါ့၊ မဖောင်းကလဲ ဘယ်ခံလိမ့်မတုံး၊ တစ်ကောင်တည်းပေမဲ့ ခြင်​သေ့ မှုတ်လား။

“ညကြီးသန်းခေါင် လည်တော့ ညည်းတို့ ဘယ်သူက ဘယ့်နှယ့် ဖြစ်လို့တုံး။ ညည်းတို့အပူ တစ်ပြားသားပါလား။ ငါ့ဟာငါ အေးအေးသက်သာ ထိုင်စားနိုင်လို့ လူမှုရေးရှိလို့ လည်တာ၊ သူများလို သစ်ငုတ်တိုပေါ်က မျောက်မတွေလို တငုတ်တုတ်တုတ် ဈေးထိုင်ရောင်းမှ ထမင်းတစ်လုပ် ဟုတ်တိပတ်တိ စားရတဲ့ဘဝမှ မဟုတ်ဘဲဟဲ့၊ မဟုတ်ဘဲဟဲ့”

“လည်လို့မကလို့ မတ်တပ်က ခေါက်ခနဲ သေလဲ တို့ကဖြင့် ပူပေါင်တော်၊ တို့ပစ္စည်းတွေ တို့ ပူတာဟေ့”

“‘ဟာ ဟ တို့ပစ္စည်းတွေတဲ့၊ မိဖောင်းတို့က ရယ်လိုက်ချင်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော၊ နားပေါက်ဟောင်းလောင်း အပ်ချည်ထိုးထားရတဲ့ ကောင်မတွေက ဘာပစ္စည်းတွေများ ပူနေါလိမ့်တော်။ မိဖောင်းလို အထုပ်နဲ့ အထည်နဲ့ဆို ခက်ချည့်”

မဖောင်းက အိမ်နဲ့ ဈေးဆိုင် အမ်းထားတဲ့ မိမွေဖမွေ ရွှေထည်တွေရှိတာဆိုတော့ သူက အသာစီးနဲ့ ပြောအားရှိနေတာပေါ့။ တစ်ခါတစ်လေ ညီအစ်မ သုံးယောက်က တစ်ဖက်၊ မဖောင်းက တစ်ဖက် စကားများလိုက်ကြ၊ အော်လိုက်ဟစ်လိုက်ကြတာ မိုးလင်းတဲ့အထိဆိုရင် ယုံကြမှာတောင် မဟုတ်ဘူး။ ပါးစပ်ပိတ်တဲ့သူ အရှုံးဆိုတာမျိုး ဘယ်သူကမှ အဖြစ်မခံဘူး။ တစ်ယောက်တည်းဆိုပေမဲ့ မဖောင်းက နောက်ဆုံးစကားကို သူက စီးစီးပိုးပိုး တင်လိုက်ချင်တာကိုး။

နောက်ဆုံးတော့လည်း ဟိုညီအစ်မသုံးယောက်က တံခါးတွေ ဝုန်းဒိုင်းဆောင့်ပိတ်ပြီး အလျှော့ပေးရတာချည်းပါပဲ။ သူတို့က မနက်လင်းရင် ရောင်းကြရ ဝယ်ကြရဦးမှာက ရှိသေးတာ မှုတ်လား။ မဖောင်းကတော့ နေ့တွက် တစ်ရက် ဈေးကွဲမှ သွားတောင်းလဲ ဖြစ်သူဆိုတော့ အိပ်ရေးပျက်လို့ရတာကိုး။

တစ်ခါတစ်လေ ပါးစပ်နဲ့တင် အားမရနိုင်တော့ဘဲ လက်တွေရော ခြေတွေရော ကုတ်ကြ ဖဲ့ကြတာတွေ ပါလာတတ်ကြတာများ အိမ်ရှေ့တစ်လင်းပြင်မှာ အလုံးလိုက် အထွေးလိုက်ကြီး သတ်ပုတ်နေတဲ့ မဖောင်းတို့ညီအစ်မတတွေကို အရပ်က ကူညီဖြည်ရ ဖျင်ရတာလည်း ရှိတယ်။ သည်လို သတ်ကြပုတ်ကြရင်တော့ ဘာပဲဖြစ်ဖြစ် သုံးယောက်နဲ့တစ်ယောက်ဆိုတော့ မဖောင်းက ခံရတာများတယ်။ ဒါပေမဲ့ မဖောင်းက တွယ်မိတွယ်ရာ တစ်ယောက်ယောက်ကိုတော့ သွားနဲ့ ကိုက်ဆွဲတာ။ သည်တော့ မိလိုက်တဲ့လူကတော့ မသက်သာဘူး။ ညီအစ်မရင်းချာတွေ ဆိုပေမဲ့ သည်လို မခေါ်နိုင် မပြောနိုင် တကယ့်ရန်သူကြီးတွေလို အညှိုးတကြီးဖြစ်နေတာ ရပ်ကွက်ကလည်း ဘာမှမတတ်နိုင်ပါဘူး၊ ဖြစ်လာမှ ဖျင်ကြတာပဲ ရှိတယ်။

တစ်ချို့ မဖောင်း ငွေတိုးနဲ့ မကင်းသူတွေက မဖောင်းဖက်က၊ ဈေးဆိုင်ကြွေးရှိသူတွေက ညီအစ်မသုံးယောက်ဖက်က။

* * *

တစ်ရက်တော့ မဖောင်း ဆေးရုံတက်လိုက်ရတယ်။ ဈေးထဲက နေ့ပြန်သိမ်းပြီး အပြန် ဗိုက်ထဲက ထိုးအောင့်တာနဲ့ ဘေးကပ်လျက် ဝန်းထဲက ကိုကျော်တင့်တို့လင်မယား လှမ်းခေါ် ၊ လေးဘီးကားလေး ငှားပြီး ဆေးရုံ ချက်ချင်းပြေးရတာပါ။ ကိုကျော်တင့်တို့ မပြုံးတို့က မဖောင်းနဲ့ အိမ်နီးချင်းကလဲ ဖြစ်ပြန်၊ မဖောင်းနဲ့ ဝင်းထရံပဲ ခြားကြသူတွေဆိုတော့ အရေးအကြောင်းရှိရင် မဖောင်းက မပြုံးတို့တစ်တွေကို အားကိုးနေရတာတော့ ရှိတယ်။ မပြုံးသမီး အကြီးမလေး ချိုချိုကလဲ ခိုင်းလောက် စေလောက်ရှိနေပြီဆိုတော့ မဖောင်းက ခိုင်းစရာရှိလဲ ခိုင်း၊ ပေးစရာရှိလည်းပေးပေါ့။ “ချိုချိုရေ ဖောင်းဖောင်းဆီ လာပါဦးဟေ့” ဆိုရင် ပြေးလာတာပါပဲ။

ကိုကျော်တင့်တို့ မပြုံးတို့ ကိုယ်တိုင်သည်ပင်လျှင် မဖောင်းနဲ့ မကင်းနိုင်တာလဲပါတယ်။ ကိုကျော်တင့်က ဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်သမား။ မပြုံးကတော့ ရာသီပေါ် ကုန်ကလေးတွေ ရောင်းတဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်။ သရက်သီးပေါ်ချိန် သရက်သီး၊ ဓညင်းသီးပေါ်ချိန် ဓညင်းသီးပြုတ်၊ မပြုံး ဈေးဗန်းကို မဖောင်းက ရာသီအလိုက် တာဝန်ယူထားရသလိုဖြစ်နေတာ မှုတ်လား။ အရင်းပြုတ်လိုက် ဈေးရင်းကလေး တစ်ထောင် ကိုးရာ ထုတ်ပေးလိုက်၊မပြုံးကိုတော့ မဖောင်းက အတိုးမယူပါဘူး။ တစ်ခါတစ်လေ အရင်းတောင် ပြန်မရတာလဲရှိရဲ့။ ဒါပေမယ့် မဖောင်းက သည်မိသားစုကိုတော့ သည်းညည်းခံတယ်။ လူဆိုတာ တစ်ယောက်တည်း နေလို့ရတယ်ဆိုပြီး တင်းခံနေလို့ မရမှန်း မဖောင်းသိတယ်။ ဒါကြောင့် မပြုံးသားသမီး ကလေး သုံးယောက်ကိုလဲ သူစိတ်ကူးရရင် ရသလို မဖောင်းက ပေါပေါလောလော အဝတ်အစားကလေးတွေ တကူးတက ဆင်တယ်။ ချိုချိုကလေးကတော့ မဖောင်းရဲ့ လက်ဆွဲပုံးပေါ့။

ချိုချိုက မဖောင်း ဗီဒီယိုကြည့်ရာလဲ ပါတယ်။ မဖောင်း အလည်အပတ် ဘုရားဖူးသွားရာလဲ ပါတယ်။ တစ်ခါတစ်လေ ညအိပ်တာတောင် စိတ်ကူးရရင် မဖောင်းနဲ့ သွားအိပ်လိုက်သေးတာပါ။ ချိုချိုရဲ့ ကျောင်းစားရိတ်လဲ မဖောင်းက တစ်ဘက်က တာဝန်ယူနိုင်သလောက် ယူထားတာဆိုတော့ အမွေစားအမွေခံ မမွေးရုံတမယ်ပါပဲ။ အရပ်ထဲက ချိုချို့ကို မဖောင်းသမီးလို့ ခေါ်ကြ စ,ကြတယ်။ တစ်ချို့ဆိုရင် ချိုချိုဖောင်းတဲ့။

အဲသည်နေ့က မဖောင်းကို ဆေးရုံတင်ပေးရတာလဲ မပြုံးတို့လင်မယားပါပဲ။ ညီအစ်မတစ်တွေကတော့ ကိုကျော်တင့်တို့သားအမိတစ်တွေ မဖောင်းကို ကားပေါ်ပွေ့တင်တာတောင် တစ်ချက်လှည့်မကြည့်ကြပါဘူး။ မဖောင်းရောဂါက အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဆိုတော့ အရေးပေါ်ခွဲစိတ်ကုသရတာပေါ့။ အထုပ်ထဲက ပစ္စည်း မထုခွဲလိုက်ရပေမဲ့ အပြင်မှာရှိတဲ့ ငွေကလေး သိန်းချီကုန်သွားခဲ့တယ်။ တကယ့်တကယ်ဖြစ်လာတော့ သူစိမ်းက သူစိမ်းပဲကိုး။ သူတို့လည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုတော့ မပြုံးတို့ကလည်း အမြဲမလာနိုင်ဘူး။ သည်တော့ သွေးက တောင့်တတာ ပြောရမှာပေါ့။ မဖောင်း ဆေးရုံပေါ်မှာတုန်းက ညီမတွေများ ပေါ်လာမလား ယောင်ယမ်း မျှော်မိသေးတယ်။ ဒါပေမဲ့ ဆေးရုံကို ပေါ်မလာကြတဲ့အပြင် ဆေးရုံက ဆင်းလာတာတောင် နာလုံးကြီးလိုက်ကြပုံများ လှည့်မကြည့်ကြပေါင်။

သည်တစ်ခါတော့ မဖောင်း တကယ်စိတ်မကောင်းဖြစ်သွားမိတာ အမှန်ပဲ။ ကိုယ့်အစ်မတစ်ယောက် သေကောင်ပေါင်းလဲဖြစ်တာတောင် တစ်ချက်ကလေး ရပ်​မေးဖော်မရတဲ့ ညီမတွေကိုလဲ နာသထက် နာသွားတယ်။ ဪ သင်းတို့က သည်လိုလား၊ မာကြေးဆိုရင် မိဖောင်းက ကျောက်စောင်းထက်တောင် မာသေးတော်၊ ရပါ့။

သူ့အပေါ် သေခန်းပြတ်ဆိုတဲ့ သဘောမှန်းလဲ မဖောင်း သိလိုက်တယ်။ တစ်အူတုံဆင်း ညီအစ်မရင်းချာ မိတူဖတူတွေ ဖြစ်ပါလျက်နဲ့ သွေးက စကားမပြောတဲ့၊ မေတ္တာတရားခေါင်းပါးတဲ့ ညီမတွေကို သည်တစ်ခါတော့ မဖောင်းစိတ်ပြတ်သွားတော့တယ်။ ဒါကြောင့်လည်း ‘ စေတနာနဲ့ မေတ္တာတရားသည် လူတိုင်းနဲ့ မထိုက်တန်” ဆိုတဲ့ သုံးထပ်သားဆိုင်းဘုတ်ကလေးကို ပန်းချီဆရာ ရေးခိုင်းပြီး အိမ်အဝင် တံခါးပေါက်မှာ ကိုယ်တိုင် သံရိုက် ကပ်လိုက်တာပါ။ ပြီးပါပြီ။ ဒါပါပဲပေါ့။

ရပ်ကွက်ကတော့ အများနဲ့ တစ်ယောက်လဲ ဖြစ်ပြန်၊ အစ်မကြီး အမိအရာသဘောကလဲ မထားပြန်ဆိုတော့ မဖောင်းကိုပဲ အပြစ်မြင်ကြတာပါပဲ။

* * *

ဆေးရုံက ဆင်းပြီးကတည်းက မဖောင်းတစ်ယောက် တစ်ရှောင်ရှောင်နဲ့ ကောင်းတယ် မရှိတော့ဘူး။ နဂိုကလဲ သွေးဆုံးကိုင်ရာက ဖြစ်တဲ့သဘောလားတော့ မသိဘူး။ ရောဂါရှိတဲ့လူ မောမောနေတတ်သူ ဆိုတော့ လူပင်ပန်း စိတ်ပင်ပန်းဒဏ်တွေ မခံနိုင်တော့တာလဲ ပါတယ်။ အသက်ကလဲ ငါးဆယ်ကျော် ခြောက်ဆယ်တွင်းကိုး။ မနက်ခင်း ဈေးထဲ နေ့ပြန်ပေးပေးတဲ့ အလုပ်ကိုလဲ ပြေးဟယ် လွှားဟယ် မလုပ်နိုင်တော့ဘူး၊ ညဘက် ဗီဒီယိုလဲ မကြည့်နိုင်တော့ပါဘူး။ တစ်ခါတစ်လေ ထမင်းတောင် ချက်မစားဖြစ်ဘူး။ ဟိုဟာလိုလို သည်ဟာလိုလိုနဲ့ ပြီးတာများတယ်။ ဝယ်စားရင်စား ဒါမှမဟုတ် မပြုံးကို ပိုချက်လိုက်စမ်းပါ အေရယ်လို့ ခိုင်းတာမျိုး ဖြစ်လာတယ်။ ညီမတွေနဲ့လဲ သိပ်ရန်မဖြစ်နိုင်တော့ပါဘူး။ ဖြစ်အားကလည်း မရှိတော့တာပါတယ်။ မဖြစ်ဆို မဖောင်း အဲသည်အိမ်ဘက်ကို မျက်နှာမလှည့်မိအောင် နေတယ်။ စိတ်အနာကြီး နာသွားပုံပဲ။ ညီမတစ်တွေက သူ့အိမ်တံခါးပေါက်က ဆိုင်းဘုတ်ကို လှမ်းကြည့်ပြီး နှုတ်ခမ်းပါးနား မဲ့သူမဲ့ ရွဲ့သူရွဲ့နဲ့ လုပ်ကြတာတောင် မဖောင်း ဘာမှ ကော်ကာလန်ပက် မလုပ်ဖြစ်တော့ပါဘူး။

မဖောင်း အိပ်ယာထဲ ပက်လက်ဖြစ်နေတဲ့တစ်ချိန်လုံး ချိုချိုကလေးက ပြေးပြေးပြုစုရတယ်။ ချိုချို ကျောင်းပြန်လာရင် မဖောင်းက လှမ်းခေါ်တော့တာပဲ။ တစ်ခါတစ်လေ ညဘက်တွေမှာတောင် မဖောင်းက ယောင်နေတတ်တယ်။

“ချိုချိုရေ ဖောင်းဖောင်းကို ရေကလေး တစ်ခွက်လောက် ပေးပါဦး”

“ချိုချိုရေ ဖောင်းဖောင်းကို ဆန်ပြုတ်ပန်းကန်ကလေး ကမ်းစမ်း”

ချိုချိုကလေး ခမျာတော့ သူ့အိမ်က ကလေးနှစ်ယောက် မအေကူထိမ်းရတာတစ်ဖက်၊ ကျောင်းကို ပြေးရတာတစ်ဖက်၊ မဖောင်းကို ပြေးပြုစုရတာ တစ်ဖက်နဲ့ အရွယ်နဲ့မလိုက်အောင် ချာချာလည်နေတော့တာပါ။

သည်လိုနဲ့ မဖောင်းရောဂါက အသည်းကြီး သည်းနေပြီဆိုတာတစ်ဝိုင်းတည်းနေလို့ သိပါလျက်နဲ့ ညီမတွေကတော့ မဖောင်းအိမ်ပေါ် ယောင်လို့တောင် လာမရပ်ကြပါဘူး။ မဖောင်းကတော့ ရောဂါဖိစီးတဲ့ကြားက ရင်မှာ နာသထက် နာလာတာပေါ့။ မဖောင်းကို လာငုံ့ကြည့်ဖော် မရကြပေမဲ့ မဖောင်းဝေယျာဝစ္စတွေ လာလာလုပ်ပေးနေတဲ့ ချိုချိုကလေးကိုတော့ မျက်စိအလွတ်မခံကြဘူး။ သူတို့အစ်မ မဖောင်း ရောဂါသည်းနေတုန်း ချိုချို ဝင်တာ ထွက်တာ၊ ဘာယူသွားတာကအစ စစ်လားဆေးလားတွေ၊ မေးလားစမ်းလားတွေ လုပ်လာတော့ ကိုကျော်တင့်က စိတ်ဆိုးတာပေါ့။ သူ့သမီးကလေးမှာတော့ လုပ်လဲပေးရသေး ခိုးနိုးကဲ့နိုး မယုံသင်္ကာရှိကြလေခြင်းဆိုပြီး မဖောင်းဆီ သမီးကို မလွှတ်တော့ဘူး။ မဖောင်းကတော့ ချိုချိုကလေးကို အသံတွေ ပြာအောင် အော်ခေါ်ရှာပါတယ်။ ချိုချိုကလည်း လာချင်ရှာပေမယ့် မအေက မလွှတ်တော့ မသွားဝံ့ဘူး။ မဖောင်းအသံကလည်း ခေါ်တာသာ ယဲ့ယဲ့ပေမယ့် အဲသည့် အသံကိုက ကြောက်စရာကောင်းနေတော့တာပါ။

ရွာကရပ်ကလည်း စိတ်စေတနာနဲ့ လူမှုရေးအသိနဲ့ ပက်လက်လူမမာ ပြုစုချင်ကြ၊ ဝိုင်းချင် ဝန်းချင်ကြပေမဲ့ အတွင်းပစ္စည်းတွေ ရှိသေးတယ်ဆိုတဲ့ စကားအခံက ရှိလေတော့ ညီမတွေ အထင်လွဲ အမြင်လွဲ မခံချင်ကြလို့ မဝင်ရဲ မထွက်ရဲကြဘူး။ ပြောသာ ပြောရတာ လူချင်းသာ မခေါ် မပြောရှိကြတာ ထုံးစံအရ ကြည့်ရင် မဖောင်း ကျန်တဲ့ပစ္စည်း သည်ညီမတွေပဲ ရကြမှာမှုတ်လား။ ညီမတွေကလဲ လူသာ မပြုစုချင်ကြတာ မဖောင်း ပစ္စည်း ကျန်ကောင်းကျန်ရာကတော့ မက်ကြတယ်။ သူတို့အစ်မ ဘာတွေ ရှိသေးတယ်၊ ဘာတွေ ကျန်သေးတယ် ဆိုတာ သူတို့အသိဆုံး မဟုတ်လား။

မဖောင်းက နာတာရှည်ရယ်လို့တော့ သိပ်မဖြစ်လိုက်ပါဘူး။ တစ်လလောက် အိပ်ရာထဲ လဲပြီး ဆုံးသွားရှာတယ်။ မဖောင်း ဆုံးမယ့်ညက အော်သံကြီးလိုလိုတောင် ကြားလိုက်ကြသတဲ့။ အော်သံကြီးပြီးတော့ မဖောင်းလဲ ဆုံးတာပဲတဲ့။

* * *

မဖောင်း ဆုံးတာနဲ့တစ်ပြိုင်နက် ညီအစ်မသုံးယောက်စလုံး ချက်ချင်း အိမ်ကလေးထဲ နင်းဝင်ကြတော့တာပဲ။ သည်အချိန်က အရေးအကြီးဆုံးအချိန်ကိုး။ တစ်သက်လုံးက စကားမပြောခဲ့တဲ့ အစ်မ မဖောင်း အိမ်ထဲကို တစ်အိမ်လုံး မွှေကြ နှောက်ကြတာ ကြွက်သိုက်တောင် မကျန်ဘူး။ ထူးဆန်းတာက မဖောင်းကိုယ်ပေါ်မှာ နားကပ်တောင် ရှာမရကြဘူး။ ဒါပေမဲ့ သူတို့ အမ်းပေးလိုက်ကြတဲ့ ဒေါင်းဘယက်တွေ၊ နဂါးလိမ်လက်ကောက်ကြီးတွေ၊ ရွှေနှင်းဆီ ကြယ်သီးတွေ၊ ငါးမူးပြားတွေ ပါတဲ့ အထုပ် ဘယ်မှာ ထားသွားပါလိမ့်။ သူတစ်ပါးဆီ အပ်ထားတာလဲ မဖြစ်နိုင်ဘူး။ မဖောင်းက ဘယ်သူ့မှ စိတ်မချတာ သူတို့ သိတယ်။

ရပ်ရွာက အသုဘကိစ္စလုပ်ပေးနေတဲ့အချိန်မှာပဲ ချိုချိုကလေးကို ညီအစ်မသုံးယောက်စလုံးက ချော့မော့မေးကြတယ်။ ဖောင်းဖောင်းပစ္စည်းတွေ ဘယ်မှာထားခဲ့သလဲပေါ့။ ချိုချိုကလေးကလဲ သမီးတော့ မြင်တောင်မမြင်ဖူးဘူးလို့ ပြောရှာတယ်။ ချိုချိုပြောတာလဲ ဟုတ်လောက်တယ်။ ချိုချိုက ကလေးပီပီ ဒါတွေ သိတာမဟုတ်သလို မဖောင်းကလဲ ချိုချို့ကို ဘယ်အသိပေးပါ့မလဲ။ ဒါဖြင့် ဒါတွေ ဘယ်ရောက်ကုန်ပြီလဲ။

မဖောင်းရဲ့ အသုဘကတော့ ရပ်ရွာက ဝိုင်းကြလို့ သင်္ဂြိုလ်ပြီးစီးသွားတယ်။ ရက်လည်ကိစ္စလည်း ကိုကျော်တင့်ကပဲ ညီမတစ်တွေနဲ့ညှိပြီး ဦးဆောင်လုပ်ပေးလိုက်ရတယ်။ ကိစ္စဝိစ္စပြီးတော့ ဝိုင်းထဲက မဖောင်းအိမ်ကလေးကို ညီအစ်မတွေက ဖျက်ပုံလိုက်ကြတယ်။ အိမ်ဖျက်ပုံထားရင်းက သစ်သားတို သစ်သားစ အသားတန်းတစ်တန်း တစ်ချောင်းမကျန် ခွဲခြမ်းရှာကြလို့ လူတွေလဲ ဖတ်ဖတ်မောလို့။ မဟုတ်သော်ရှိ ဟုတ်သော်ရှိ မဖောင်းအိမ်နေရာ မြေကွက်တောင် လူမြင်ကောင်းအောင် သစ်ပင်စိုက်မလိုနဲ့ မြေတွေ တူးဆွ နှိုက်ရှာကြတယ်။ သူတို့ လိုချင်တဲ့ အထုပ်ဆိုတာကတော့ တစ်စိုးတစ်စိတောင် ရှာလို့ မရခဲ့ဘူး။ အိပ်မက်တောင် မမက်ကြဘူး။

တစ်ခုတော့ ရှိရဲ့။ မဖောင်း သေတဲ့ညက ပါးစပ်ဟောင်းလောင်းကြီးနဲ့သေတာ သူတို့ သတိရလိုက်ကြတယ်။ ဟောင်းလောင်းပွင့်နေတဲ့ မဖောင်းပါးစပ်ထဲကတဆင့် မဖောင်းခန္ဓါကိုယ်ထဲ သည်ပစ္စည်းတွေ ရောက်သွားရင်ကော။ သူတို့ မရှာလိုက်မိကြဘူး။ ရှာချင်တယ်ဆိုဦးတော့ ဘယ်လိုလုပ် ရှာမလဲ။ နတ်မေးတာလဲ စုံပြီ။ ဗေဒင်မေးတာလဲ စုံပြီ။

“စေတနာနဲ့ မေတ္တာတရားသည် လူတိုင်းနဲ့ မထိုက်တန်” ဆိုတဲ့ မဖောင်းရဲ့ ဆိုင်းဘုတ်ကလေးကိုတောင် သုံးထပ်သားဆိုပေမယ့် ရွှေတွေ ရှိလေမလားရယ်လို့ ခုတ်ထစ်ထားတာ အပိုင်းပိုင်းပြတ်လို့။
—————-

ခင်ခင်ထူး