တစ်ခုသောလကွယ်ည

ပါလာသေးတယ်မဟုတ်လား။

“သတိတော့ထားကြဗျ၊ အဲဒီဘုရားပျက်ကုန်းက သရဲခြောက်တယ်”

သရဲဆိုတာ ကြားလိုက်တာနဲ့ ကြယ်စင်နဲ့ ရွှေစင်က ကျုပ်အနားကိုကပ်လာတယ်ဗျ၊ ကျုပ်နဲ့အသားချင်းတောင် မထိတထိဖြစ်လာခဲ့တာ၊ အဲဒီမှာ ဦးမင်းလူတို့က ဘုရားပျက်ကြီးကို အသေအချာကြည့်တော့တာပဲဗျာ၊ ပြိုပျက်နေတဲ့ဘုရားကြီးရယ်၊ ဘုရားအရှေ့နားက ခြင်္သေ့ရုပ်လိုလို အပျက်တစ်ခုရယ်၊ နောက်ပြီး တန်ဆောင်းနေရာတွေ၊ ဘာတွေကို အဖေကလိုက်ပြတာပေါ့ဗျာ၊ ဟိုကောင်မလေးနှစ်ယောက်ကတော့ ကျုပ်အနားက မခွာဘူးပေါ့ဗျာ။

ဒီလိုနဲ့ကြည့်နေကြရင်း ဦးမင်းလူက အဖေ့ဘက်ကိုလှည့်ပြီးတော့

“ရပြီသူကြီး၊ ခင်ဗျားပြန်တော့”

အဖေက ခေါင်းညိတ်ပြီးတော့ ပြန်သွားတာဗျ၊ ကျုပ်လည်း အံ့သြနေမိတာပေါ့။ ဦးမင်းလူက အကိုကြီးဘက်ကိုကြည့်နေရင်း

“ဟေ့ကောင်၊ မင်းလည်းပြန်တော့”

အကိုကြီးလည်း ခေါင်းကိုဆတ်ခနဲညိတ်ပြီး တောတန်းထဲက ထွက်သွားပါရောဗျာ၊ ကျုပ်လည်းထူးဆန်းသွားတယ်လေ၊ ဘာတစ်ခုမှတောင် မမေးတော့ဘဲ အဖေနဲ့အကိုကြီးက ဦးမင်းလူကြီးက ပြန်ဆိုတာနဲ့ ပြန်သွားကြတာမဟုတ်လား။ ကျုပ်လည်း အဖေတို့နောက်ပြေးလိုက်တာပေါ့။

“အဖေ၊ အကိုကြီး”

ဒီအခါ ဦးမင်းလူကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ကောင်၊ မင်းက ငြိမ်ငြိမ်နေစမ်း”

“မနေပါဘူးဗျာ၊ အဖေတို့ကို ဘာဖြစ်လို့ပြန်ခိုင်းလိုက်တာလဲဗျ”

ကျုပ်က အဖေ့အနောက်ကိုပြေးလိုက်သွားတော့ ဦးမင်းလူကြီးက အထူးအဆန်းနဲ့ကြည့်တယ်ဗျ၊ ပြီးတော့ သူ့သမီးနှစ်ယောက်ကိုကြည့်ပြီး

“ညည်းတို့နှစ်ယောက်၊ သူ့ကိုဖမ်းထားလိုက်စမ်း”

အဲဒီအခါ ကျုပ်က အရှေ့ကိုသွားနေပေမယ့်် အနောက်ကိုပြန်ပြီးရောက်သွားတယ်ဗျ၊ ကျုပ်က အရှေ့ကိုခြေလှမ်းပေမယ့် ရွေ့တာကျတော့ အနောက်ကိုပဲရွေ့တယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ ကြယ်စင်နဲ့ ရွှေစင်က ကျုပ်ကိုပြုံးကြည့်နေပြီးတော့ လက်ယပ်ခေါ်တယ်။

“လာ၊ လာ ငါတို့ဆီကိုလာ”

ကျုပ်ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်၊ ဒါပေမယ့် ခြေထောက်တွေက တရွတ်တိုက်ပြီးတော့ အဲဒီကြယ်စင်နဲ့ ရွှေစင်အနားကို ရောက်သွားရောဗျို့။ သူတို့နှစ်ယောက်က ကျုပ်လက်မောင်းကို တစ်ဖက်တစ်ယောက် ကိုင်ဖက်ထားတယ်၊ မိန်းမချောကလေးနှစ်ယောက်က ကျုပ်ကိုဆွဲထားတယ်ဆိုပေမယ့်လည်း ကျုပ်စိတ်ကဘာကြောင့်မှန်းမသိ၊ သူတို့ကိုကြောက်လန့်နေမိတာပဲဗျာ။

“ကျုပ်၊ ကျုပ်ကိုဘာလုပ်ကြမလို့လဲ”

“ဘာမှမလုပ်ပါဘူးကွ၊ မင်းရှိမှ ငါတို့ခေါ်ချင်တဲ့လူက လိုက်လာမှာမဟုတ်လား”

“နေပါအုံး ခင်ဗျားတို့က ဘယ်သူ့ကိုခေါ်မှာလဲဗျ”

ဦးမင်းလူက ရယ်မောလိုက်ရင်း

“ဟား၊ ဟား၊ ဦးဘသာပေါ့ကွာ”

“ဟာဗျာ၊ ဦးဘသာကိုခေါ်ချင်တာများ၊ ကျုပ်ပြေးခေါ်ပေးလို့ရရဲ့သားနဲ့”

“ဟေ့ကောင် စကားမရှည်နဲ့၊ ကဲ ကောင်မလေးတွေ ဒီကောင့်ကို ခေါ်သွားကြ”

ကျုပ်ကို ကောင်မလေးတွေက ဖမ်းချုပ်သွားတာဗျာ၊ ကျုပ်ဖြင့် အားကုန်သုံးပြီး ရုန်းပေမယ့် ရုန်းမရဘူးဗျ၊ ကျုပ်လည်း ဒီလူတွေက တစ်ခုခုဆိုတာကို သိသွားပြီလေဗျာ၊ ဒါနဲ့ စိတ်ထဲကနေ ဦးဘသာကိုပဲ ခေါ်နေမိတယ်။ နောက်ဆုံးတော့ ဖက်လိပ်ရွာရဲ့အစွန်၊ ရေတွင်းပျက်ကြီးနားက သားသတ်ကုန်းကိုရောက်လာခဲ့ကြတယ်၊ အဲဒီနေရာမှာ ဈေးသည်မနှစ်ယောက်က ထိုင်နေလို့ဗျ၊

“ဟင်၊ ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ”

ဦးမင်းလူက ကျုပ်ကိုကြည့်ပြီး

“လျှာမရှည်နဲ့၊ ကဲ သူ့ကိုကြည့်ထားကြစမ်း၊ ငါ့အစီအရင်တွေကို အသုံးချတော့မယ်”

ဦးမင်းလူက ရွာဘက်ကိုလှည့််ကြည့်ပြီးတော့ လက်ဟန်ခြေဟန်တွေမျိုးစုံလုပ်ရင်း ပါးစပ်ကလည်း မန္တန်တွေရွတ်နေတယ်ဗျ၊ ဟိုးခပ်လှမ်းလှမ်းမှာ ရွာဆီကို ငိုက်စိုက် ငိုက်စိုက်နဲ့လျှောက်သွားတဲံ အဖေနဲ့အကိုကြီးကိုတောင် လှမ်းမြင်နေရပါသေးတယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့မှ ဦးမင်းလူက ရပ်လိုက်တယ်။

“ဟား၊ ဟား၊ ရပြီ၊ အစီအရင်တွေအလုပ်ဖြစ်ပြီ၊ ငါတို့နောက်ဆုံးတစ်ခုပဲကျန်တော့တယ်၊ အဲဒါကတော့ ဘသာကိုခေါ်ဖို့ပဲ”

“ဟား၊ ဟား၊ မင်းတို့မခေါ်လည်း ငါရောက်လာပြီကွ”

သစ်ပင်တွေကြားထဲကနေ ဦးဘသာထွက်လာတယ်ဗျ၊ ကျုုပ်ဖြင့် အံ့သြလိုက်တာ ပြောမနေပါနဲ့ဗျာ။ ဦးဘသာက ဦးမင်းလူတို့ ငါးယောက်ကိုကြည့်ရင်း

“အောင်မာ၊ မင်းတို့လူငါးယောက်လောက်က ငါ့ကိုနိုင်မယ်လို့ထင်လို့လားကွ”

ဒီအခါ ဦးမင်းလူကြီးက ရယ်တယ်ဗျ။

“ဟား၊ ဟား ဒါတော့ ဦးဘသာကြီးက ကျုပ်တို့ကိုလျှော့တွက်လွန်းသွားပြီထင်တယ်၊ ဟုတ်ပါတယ်၊ ကျုပ်တို့ငါးယောက်က ဦးဘသာကို မနိုင်လောက်ပါဘူး၊ ဒါပေမယ့်် လူမစုံသေးဘူးဗျ၊ တခြားလူတွေလည်းရှိသေးတယ်”

ကျုပ်က ဦးဘသာကိုမြင်တော့ အတင်းရုန်းကန်တယ်ဗျ၊ ဦးဘသာက ကျုပ်ကိုကြည့်ပြီး ကြယ်စင်နဲ့ ရွှေစင်ကို မျက်စောင်းထိုးလိုက်တော့ ဟိုနှစ်ယောက်က ကျုပ်ကိုလွှတ်ပေးလိုက်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာအနားကိုပြေးသွားလိုက်တာပေါ့ဗျာ၊

“ဦးဘသာ၊ ဘာတွေဖြစ်ကုန်ပြီလဲ”

ဦးဘသာက ကျုပ်ကိုကြည့််ရင်း

“မင်းကိုငါမပြောဘူးလား၊ ဧည့်သည်တွေလာတာ ထူးဆန်းနေပါတယ်လို့”

“ဘာ . . . ဘာတွေထူးဆန်းနေလို့လဲဦးဘသာ၊ ကျုပ်တော့ ဘာမှမတွေးတတ်တော့ဘူး”

ဒီအခါ ဦးမင်းလူကြီးက ရယ်မောလိုက်ပြီးတော့ သူ့ခေါင်းကိုလက်နဲ့ကိုင်လိုက်တယ်၊ နောက်တော့ သူ့ဆံပင်တွေကြားထဲကို လက်နဲ့စမ်းနေသေးတယ်၊ ပြီးတော့ လက်ကိုဆွဲထုတ်လိုက်တော့ အပ်တစ်ချောင်းပါလာတယ်ဗျ၊ ဦးမင်းလူက အပ်ကိုဆွဲထုတ်လိုက်တာနဲ့ သူ့ပံုံစံံကြီးကလည်း ပြောင်းသွားတာပဲဗျာ၊ ကျုပ်လည်း ဦးမင်းလူရုပ်ကိုသေချာကြည့်ပြီးတော့မှ မျက်လံုံးပြူးသွားတော့တာ။

“ဟာ၊ ခင်ဗျား၊ ခင်ဗျားက စဏ္ဍာလဦးလေးကြီးပဲ”

“ဒီလိုဆိုတော့လည်း မင်းက ငါ့ကိုမှတ်မိသားပဲ”

စဏ္ဍာလဦးလေးကြီးက ကဝေပျံံကြီးလေဗျာ၊ ကျုပ်ဝမ်းနှုတ်ဆေးတွေ မတရားကျွေးလိုက်လို့ ဝမ်းလျောပြီး ပြန်ပြေးသွားရတဲ့သူကြီးပေါ့။ ဒါဆို သူ့သမီးနှစ်ယောက်ဆိုတာကရော၊ ကျုပ်လည်း သမီးနှစ်ယောက်ကိုကြည့်လိုက်တယ်၊ ကြယ်စင်နဲ့ ရွှေစင်နဲ့က သူတို့ခေါင်းထဲက အပ်တွေကိုထုတ်လိုက်တယ်ဗျာ။

“ဟာ၊ ဘီလူး၊ ဘီလူးမကြီး”

“ဟဲ့ကောင်လေး ငါ့နာမည်ကျင်ရီလေ၊ သွေးလက်ဝါး ကျင်ရီ”

မျက်နှာက ဘီလူးမျက်နှာကြီးနဲ့ ကျင်ရီဖြစ်နေတယ်ဗျ။ သွေးလက်ဝါးကျင်ရီဆိုတာ ဆေးဆရာဦးမှတ်ကြီးကို အသေသတ်ဖို့လုပ်ခဲ့တာမဟုတ်လားဗျာ။ ကျုပ်လည်း အဲဒီတော့မှ တွေးမိတယ်ဗျ။ မနေ့က ရေခပ်ပြီးအပြန် သူတို့ညီအမ စကားပြောနေတုန်း အငယ်မက ကြယ်စင်ကို အမရီလို့ ခေါ်လိုက်တယ်မဟုတ်လား၊ အမရီဆိုတာ ကျင်ရီကို အဖျားဆွတ်ခေါ်တာဖြစ်လောက်တယ်။

ကျုပ်အံ့သြနေတုန်းမှာပဲ ဘေးနားက ရွှေစင်ဆိုတဲ့မိန်းကလေးကလည်း အနူကြီးတစ်ယောက်ဖြစ်သွားတယ်ဗျာ၊ နှာခေါင်းထိပ်တွေပြတ်ကျနေပြီးတော့ မျက်နှာမှာလည်း သနပ်ခါးတံုံးက အပွေးတွေလန်သလိုမျိုး အနူတွေစွဲနေတာဗျ၊ ကျုပ်ဖြင့် သူ့ကိုမြင်ပြီးတော့ အန်ချင်လိုက်တာပြောမနေပါနဲ့တော့။

“ခင်ဗျားကို ကျုပ်သိတယ်၊ ခင်ဗျားက အောက်လမ်းဘသော်ရဲ့မိန်းမ၊ စုန်းမလေးမဟုတ်လား၊ ကျုပ်ကိုနူအောင်ဆိုပြီး ပညာစက်နဲ့လုပ်ထည့်လိုက်တာ ကျုပ်က ဦးဘသာလုပ်ပေးထားတဲ့ တန်ပြန်အစီအရင်နဲ့မို့လို့ ခင်ဗျားရဲ့ပညာ ခင်ဗျားကိုပြန်ထိပြီးတော့ နူသွားတယ်မဟုတ်လား”

ကောင်မလေးက ကျုပ်ကို ဒေါသတဝင်းဝင်းထွက်နေတဲ့ မျက်စောင်းထိုးပြီးကြည့်နေတယ်ဗျ၊ ဒီတော့ ကျုပ်က ဈေးသည်ညီအမဘက်ကိုလှည့်လိုက်ပြန်ရော။

“ခင်ဗျားတို့က ဘယ်သူတွေလဲ”

ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“မင်းသူတို့နှစ်ယောက်ကို မမှတ်မိဘူးလားကွ၊ ငါနဲ့ပညာပြိုင်ရင်း ရှုံးသွားတဲ့ ဒွေးချောင်းရွာက မိအေးနဲ့ မိသေး စုန်းညီအမလေဗျာ”

“ဟာ၊ မှတ်မိပြီ၊ ဒါကြောင့်ကျုပ်လည်း သူတို့ကိုမြင်ဖူးသလိုလိုပဲလို့ ထင်နေတာဗျာ၊ ပုပု၀၀နဲ့က မိအေး၊ ပိန်ပိန်ရှည်ရှည်က မိသေးမဟုတ်လား”

မိအေးနဲ့ မိသေးက ကျုပ်ကိုမဲ့ရွဲ့ပြီးတော့ ကြည့်နေကြတယ်။ ဦးဘသာက ခါးထောက်လိုက်ပြီး

“ဒါပဲလားကွ”

“ကျွန်မကျန်သေးတယ်”

ဦးဘသာပြောလိုက်တော့ ကျုပ်တို့အနောက်ကနေအသံကြားလိုက်ရတယ်ဗျ။ ဆံံပင်အရှည်ကြီးနဲ့ မိန်းမတစ်ယောက်က ရေအိုးကလေးပိုက်ပြီး တဖြည်းဖြည်းနဲ့လမ်းလျှောက်လာတယ်ဗျ၊ လမ်းလျှောက်လာရင်း သူ့ပုံစံက တဖြည်းဖြည်းပြောင်းလဲသွားတယ်၊ ကျုပ်လည်း ကြည့်ပေမယ့် သူ့ကိုမမှတ်မိဘူး။ ဒါနဲ့ ဦးဘသာကိုလက်ကုပ်ပြီးတော့

“သူက ဘယ်သူလဲဦးဘသာ”

“ဘယ်သူရှိရမလဲကွ၊ မြိုင်သာက နာဂဝံသ ရင်မြလေ”

ကျုပ်သိလိုက်ပြီဗျ၊ မရင်မြဆိုတာ ကျုပ်တို့ခရီးထွက်တော့ ကျုပ်ကိုမလှိမ့်တစ်ပတ်နဲ့ခေါ်သွားပြီးတော့ သူ့အိမ်မှာ ဦးဘသာနဲ့ပညာပြိုင်ခဲ့သေးတယ်မဟုတ်လား။ ဆံပင်အရှည်ကြီးတွေ့ကတည်းက ကျုပ်မှတ်မိလိုက်ရမှာဗျာ။

ဒီအချိန်မှာပဲ ကောင်းကင်မှာ ကျီးအုပ်ကြီးတစ်အုပ် ပျံံသန်းလာတယ်၊ ကျီးတွေက အကောင်ငါးဆယ်လောက်ရှိမယ်ဗျ၊ ကောင်းကင်တစ်ခွင်မှာ ဝေ့ဝိုက်ပျံသန်းနေရင်းနဲ့ နောက်ဆံုံးတော့ မြေကြီးပေါ်ကို အုပ်စုလိုက်ကြီးထိုးဆင်းလာတယ်ဗျာ၊ အဲဒီကျီးကန်းတွေက မြေကြီးကိုထိသွားတာနဲ့ အဘွားကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့တာပဲ။

“ဟင်း၊ ဟင်း၊ နင်တို့ ငါ့ကိုရောမေ့နေကြပြီလား”

“မမေ့ပါဘူး ဒေါ်အိုဇာရဲ့”

ဦးဘသာက ပြန်ပြောလိုက်တော့ ဒေါ်အိုဇာကြီးက ဒေါသထွက်သွားတယ်။

“ငါ့ကို အဲဒီလိုမခေါ်နဲ့”

“ဟား၊ ဟား ခင်ဗျားက ဒီလောက်အသက်ကြီးနေပြီးတော့ ဆံပင်တွေဖြူပြီး သွားတွေကျိုးနေတာတောင်မှ အိုဇာလို့ခေါ်တာ မကြိုက်ဘူးတဲ့လား”

ဦးဘသာက ထေ့ပြီးပြောလိုက်တာ့ ဘွားတော်ကြိး တော်တော်ဒေါသထွက်သွားတာဗျ၊ မရင်မြက လက်ဆွဲထားတော့မှသာ ငြိမ်ကျသွားတာ၊ ဒေါ်အိုဇာဆိုတာကတော့ ကျုပ်တို့ကားစီးနေတဲ့အချိန် ကားပေါ်အထိလိုက်ပြီး ပညာပြိုင်သွားတဲ့ ဘွားတော်ပေါ့ဗျာ၊ သူ့အဆင့်ကလည်း မသေးဘူးဗျ၊ သူကလည်း ကာကဇော်ဂနီမဟုတ်လား။

ဒါနဲ့ စဏ္ဍာလကဝေပျံရယ်၊ သွေးလက်ဝါးကျင်ရီရယ်၊ စုန်းမလေးရယ်၊ မိအေး နဲ့ မိသေး ညီအမ၊ နာဂဝံသ မရင်မြနဲ့ ဒေါ်အိုဇာ စုစုပေါင်း ခုနစ်ယောက်ရှိသွားပြီပေါ့ဗျာ။

(၂)

“မင်းတို့ကတစ်ခါတည်း အကြံအစည်နဲ့လုပ်ကြတာပဲကွ”

ဦးဘသာကပြောလိုက်တော့ စဏ္ဍာလကြီးက ခေါင်းညိတ်တယ်။

“ဒါပေါ့ဗျာ၊ တစ်ရွာလုံးကိုလည်း ကျုပ်တို့က အင်းတွေမြှုပ်ပြီးသား၊ ဒါတင်မကသေးဘူး အင်းတွေကို အမဲသားပုံစံံပြောင်းပြီးတော့ ရွာကလူတွေကို ခုနစ်ရက်တိတိကျွေးထားပြီးသားဗျ၊ ဒါကြောင့် ကျုပ်တို့ဘာလုပ်နေတယ်ဆိုတာကို ရွာကလူတွေက သိလည်းသိမှာ မဟုတ်ဘူး၊ မြင်လည်းမြင်မှာမဟုတ်ဘူး၊ ကြားလည်းကြားမှာမဟုတ်ဘူးဗျာ”

ကျုပ်လည်း အတော်မျက်လုံးပြူးသွားတယ်။

“ဒါကြောင့်ကိုးဗျ၊ ဒါကြောင့် အမေက အမဲသားဟင်းကိုဆွမ်းတော်ကပ်လိုက်တိုင်း အသားတုံးတွေပျောက်ပျောက်သွားတာကိုး၊ ကျုပ်လည်း ထင်နေပြီးသားပါ၊ တန်းမြင့်ရွာနဲ့ဒီနဲ့က ရှစ်မိုင်တောင်ဝေးတာကို ခင်ဗျားတို့ ညီအမနှစ်ယောက်လာရောင်းတဲ့ အမဲသားတွေက သွေးစိမ်းလတ်လတ်နဲ့ရှိနေသေးတာကိုကျုုပ်က ရိပ်စားမိပြီးသား”

မိအေးက ပြုံးလိုက်ပြီး

“ဟား၊ ဟား၊ ဒါနဲ့များ စားကောင်းကောင်းနဲ့စားတာပဲမဟုတ်လား”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်ဗျ၊ ပြီးတော့ ဦးဘသာဘက်ကိုကြည့်လိုက်တယ်။

“ဦးဘသာ ဘယ်လိုလဲဗျ”

ဦးဘသာက ဘာမှတော့ပြန်မဖြေဘူးဗျ။ ဒါပေမယ့် အခြေအနေကတော့ သိပ်ဟန်ပံံုံမရဘူးထင်တယ်။ ကျုပ်လည်း ဦးဘသာက ဘာမှမဖြေတာနဲ့ ဦးဘသာအနားကို ကပ်လိုက်တော့ ဦးဘသာက ကျုပ်ဇက်ပိုးကို လက်နဲ့ရိုက်ထည့်လိုက်တာဗျ၊ အားသိပ်ပြင်းလို့ ကျုပ်တောင်ခွေကျသွားချင်တယ်။

“အဲဒါမင်းကြောင့်ကွ၊ အလတ်ကောင်ရ၊ မင်းဆတ်ဆတ်ဆော့ဆော့နဲ့ အားလံံုံးလျှောက်လုပ်လို့ အခုလိုဖြစ်ရတာမဟုတ်လား”

“ဟား၊ ဟား ခင်ဗျားမဟုတ်တမ်းတရားတွေ သူများကိုမစွပ်စွဲပါနဲ့ဗျာ၊ ဒါတွေအားလုံးက ခင်ဗျားကြောင့်ဖြစ်ရတာ”

ကျုပ်တို့အနောက်ဘက် တောအုပ်ထဲကနေ အသံကြားလို့လှည့်ကြည့်လိုက်တော့ ရှမ်းအင်္ကျီအနက်ဝမ်းဆက်ဝတ်ထားတဲ့ လူကြီးထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီလူကိုသေချာကြည့်ပြီး

“လတ်စသတ်တော့ ဘမော်လည်း ပါသကွ”

“ဗျာ။ ဘမော်ဆိုတော့ ဓါးပြကျော်ဘမော်ပေါ့၊ ဒါနဲ့ ဘမော်က တစ်ကျွန်းကျသွားပြီဆိုဗျ”

“ဟား၊ ဟား ငါလိုလူကို ဘယ်သူကအကြာကြီးချုပ်ထားနိုင်မှာလဲကွ၊ ငါက ရဲဘက်စခန်းကနေ ခိုးထွက်ပြေးလာတာ”

ဦးဘသာက ဘမော်ကိုကြည့်ရင်း

“ဘယ်လိုလဲဘမော်ရ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်မနေစမ်းပါနဲ့ကွာ၊ မင်းအကို ဘသော်ရော မပါခဲ့ဘူးလား”

“သိပ်ပါတာပေါ့ဗျာ”

ဒီအချိန်ဖက်လိပ်ရွာလယ်လမ်းကနေပြီးတော့ လူတစ်ယောက်ထွက်လာတယ်ဗျ၊ အဲဒီလူကတော့ ကိုခင်မောင်ပဲ၊ ကျုပ်ဖြင့်မျက်လံုံးပြူးသွားတာဗျ။

“ဟာ၊ ကိုခင်မောင်ပါလား”

“ဟား၊ ဟား၊ ဟုတ်တယ်၊ အခုနာမည်ကတော့ ခင်မောင်၊ အရင်နာမည်ကတော့ ဘသော်ကွ”

“ဒါ၊ ဒါဆို အောက်လမ်းဘသော်က ကိုခင်မောင်ပေါ့”

“သိပ်သေချာတာပေါ့ကွာ”

ကိုခင်မောင်က သူ့ခေါင်းကိုစမ်းပြီးတော့ ဆံပင်ကြားထဲက အပ်ကိုထုတ်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းလူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။ သူ့ရုပ်ကြီးတစ်ခုလံုံး ဇီးစေ့လို အပေါက်အပေါက်တွေထလို့ဗျာ၊ နှာခေါင်းကလည်း ပြတ်ကျနေပြီးတော့ ဆံံပင်မွှေးတစ်မွှေးမှမရှိတဲ့အပြင် မျက်ခုံးမွှေးတွေတောင်မရှိဘူး၊ ရုပ်ပျက်ဆင်းပျက်ကြီးပေါ့ဗျာ။

“ခင် . . . ခင်ဗျားမျက်နှာက ဘယ်လိုဖြစ်တာလဲ”

“မင်းနဲ့သူနဲ့ပေါင်းပြီးတော့ ငါ့ကိုမီးရှို့သတ်တာမဟုတ်လား”

ကျုပ်ပြန်တွေးလိုက်တော့မှ ကိုးခမ်းအင်းအကြောင်းကို တွေးမိတယ်ဗျ၊ သိမ်ဝင်သပိတ်ကွဲကို မီးဖိုထဲထည့်လိုက်လို့ ပြာဖြစ်သွားတာမဟုတ်လားဗျာ၊ ဒါဆို အဲဒါက ဘသော်ပေါ့၊ ဘသော်က အားလုံးစီစဉ်နေတာပေါ့။ ကျုပ်တွေးနေတုန်း ဦးဘသာက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်၊ မင်း ငါတို့ခရီးသွားတုန်းက အကြောင်းတွေမှတ်မိတယ်မဟုတ်လား၊ မင်းကို ငွေနှစ်သိန်းပေးပြီး လုပ်ခိုင်းတာ ဘသော်ပေါ့ကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိုခင်မောင်တစ်ဖြစ်လဲ ဘသော်က

“ဒါပေါ့၊ ဒါတွေအားလုံးဖြစ်လာအောင် ကျုပ်ပဲစီစဉ်ခဲ့တာ၊ ခင်ဗျားဆီမှာ ကျုပ်က ရွာကိုမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုခံလာရတယ်၊ ဒါနဲ့ ကျုပ်မလုပ်နိုင်ရင်တောင်မှ ခင်ဗျားကိုပဲဖြစ်ဖြစ်၊ ဒီကောင့်ကိုပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ရွာသားတွေကိုဖြစ်ဖြစ် ဒုက္ခပေးဖို့ကြံခဲ့တယ်၊ ဒါနဲ့ အင်းတွေအစီအရင်တွေ လုပ်ပေးတာလည်းကျုပ်ပဲ၊ ပြီးတော့ ဟောဒီက မောင်ထင်နဲ့ ကျင်ရီကိုလွှတ်လိုက်တာလည်းကျုပ်ပဲ၊ မယဉ်ရဲ့ဆရာဆိုတာလည်း ကျုပ်ပါပဲဗျာ”

ကျုပ်ဆို တော်တော်ကိုအံံ့သြသွားတာဗျ၊ ဦးဘသာကတော့ ဘာမှမပြောတော့ဘူး၊

“အခုလည်း ခင်ဗျားကြီးကို ငရဲပြည်ပို့ပေးဖို့ ကျုုပ်လူတွေစုလာပြီဗျ၊ ခင်ဗျားကြီးသေရင်သေ၊ မသေရင်ကျုပ်တို့အားလုံးသေမှာပဲ၊ ကျုပ်တို့က ခင်ဗျားကို စုန်းကိုးပေါက် ဖောက်တော့မှဗျ”

ဦးဘသာက သက်ပြင်းချတယ်။

“အေးပါ၊ မင်းတို့ပြောသလို ဒါတွေအကုန်လံံုံးက ငါလုပ်ခဲ့တာ၊ အဲဒီတော့ ငါ့ကိစ္စတွေအကုန် ငါခေါင်းခံမယ်၊ ဒါပေမယ့် သူ့ကိုတော့လွတ်ပေးလိုက်ပါကွာ”

“ဟား၊ ဟား ရမလားဗျ၊ ကျုပ်က ခင်ဗျားတင်မကဘူး အဲဒီကောင်လေးပါ သေသွားတာကိုမြင်ချင်တာ”

ကျုပ်ဆိုအတော်ထိတ်လန့်နေပြီ၊ ဒီအချိန်မှာပဲ ဦးဘသာက ခေါင်းပေါင်းကိုပြင်ပြီးပေါင်းလိုက်တယ်။

“လာစမ်းပါကွ၊ မင်းတို့ရဲ့ စုန်းကိုးပေါက်ဖောက်တာ ဘယ်လိုနေသလဲဆိုတာ စမ်းကြည့်ရတာပေါ့”

“ဦးဘသာ စုန်းကိုးပေါက်ဆိုတာ ဘာလဲဗျ”

ဦးဘသာက ကျုပ်အနားကိုကပ်လိုက်ပြီး

“ငါကပြေးဆိုရင်သာ မင်းရေတွင်းပျက်ဘက်ကိုဦးတည်ပြီးပြေးပေတော့၊ အနောက်ကို လံုံးဝလှည့်မကြည့်နဲ့အလတ်ကောင်”

“ဟာ၊ ဒါဆို ဦးဘသာကရော”

“စုန်းကိုးပေါက်ဖောက်ရင် အဖောက်ခံရတဲ့စုန်းလည်းသေပြီး ဖောက်တဲ့စုန်းတွေက ပညာစက်တွေရတယ်ကွ၊ ဒီလူတွေကိုကြည့်လိုက်စမ်းကွာ၊ လူတစ်ယောက်တစ်ယောက်ချင်းဆီကိုတောင် ငါကမနည်းတိုက်ခိုက်ခဲ့ရတာဆိုတော့ ဒီလူတွေအကုန်လံုံးကို တစ်ပြိုင်တည်းတော့ နိုင်မှာမဟုတ်ဘူးကွ”

“ဟာဗျာ”

“မဗျာနဲ့အလတ်ကောင်၊ ငါကတော့ ဘယ်နေ့ငါသေမလဲဆိုပြီးတော့ င့ါစိတ်ကိုအမြဲပြင်ဆင်ပြီးသား၊ ငါသေရမှာမကြောက်ဘူး၊ ငါကြောက်တာက မင်းသေသွားမှာကိုပဲ၊ ငါသေသွားပြီးရင် ဒီလူတွေက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး”

“အဲဒီလိုမလုပ်ပါနဲ့ဦးဘသာ၊ ကျုပ် . . . ကျုပ် ဦးဘသာမရှိဘူးဆိုရင် ကျုပ်လည်းအသက်မရှင်ချင်တော့ဘူးဗျာ”

ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း

“ငါပြောမယ်အလတ်ကောင်၊ ငါက ကျလူကွ၊ အိုနေပြီ၊ နာနေပြီ မကြာခင်သေရတော့မှာ၊ မင်းကတော့ တက်လူ၊ မင်းက ရှေ့လျှောက်အလုပ်တွေအများကြီးလုပ်ရအုံးမယ်၊ အသက်တွေအများကြီးရှည်အောင် နေနိုင်အုံးမှာကွ ဒီတော့ မင်းသေတယ်ဆိုတာ ဘာမှမတန်ပါဘူးကွာ”

“ငါက အလွန်ဆုံးနောက်ထပ်နေရ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပေါ့ကွာ၊ ဒီတော့ အခုအချိန်မှာ သေသွားလို့လည်း ရွာမှာလူတစ်ယောက်လျော့သွားတာကလွဲလို့ ဘာမှဖြစ်မသွားဘူး၊ ငါပြောတာနားထောင်စမ်းပါ၊ ငါက ပြေးဆိုတာနဲ့၊ မင်း ဟောဟိုက ရေတွင်းပျက်ဆီကိုသာ ဦးတည်ပြီးပြေးတော့”

“ခင်ဗျားတို့ လူသေတွေအချင်းချင်းဘာတွေပြောနေကြတာလဲဗျ၊ ကဲ ရင်မြရေ စလိုက်တော့”

ဒီအချိန်မှာပဲ ဒေါ်အိုဇာကြီးက မိုးပေါ်ခုန်တက်သွားတယ်ဗျ၊ မိုးပေါ်ရောက်တော့ ကျီးကန်းတွေဖြစ်သွားတယ်၊ ကျီးကန်းတွေက ဦးဘသာကြီးခေါင်းပေါ်မှာ ဝဲပျံနေရင်း သူတို့ခေါင်းပေါ်ကနေလည်း အလင်းရောင်တွေတလက်လက်နဲ့လှမ်းပစ်တယ်ဗျ၊ ဦးဘသာကြီးကတော့ လက်ဝါးနှစ်ဖက်နဲ့ လိုက်ပြီးကာနေတော့တာပါပဲ၊ ဒီအချိန်မှာ မရင်မြက သူ့ဆံံပင်ကြီးကို ဖြေချလိုက်တော့ ဆံပင်ရှည်ကြီးက မြွေနက်ကြီးတစ်ကောင်ဖြစ်သွားပါရောဗျာ၊ မြွေကြီးခေါင်းပေါ်မှာလည်း အဖြူရောင်အမောက်ကြီးတစ်ခုပါတယ်။ ကျုပ်ထင်တော့ ရိုးရိုးမြွေမဟုတ်ဘဲ မြွေနဂါးကြီးဖြစ်မှာပေါ့ဗျာ။

မြွေကြီးက ဦးဘသာအနားကိုသွားပြီး ဦးဘသာကိုဆတ်ခနဲပေါက်လိုက်တာဗျ၊ ဦးဘသာက ခြေထောက်ကိုအသာရှောင်ပြီးတော့ မြွေခေါင်းကို ခြေထောက်နဲ့နင်းထားတာဗျာ၊ မြွေကြီးက မလှုပ်နိုင်တော့ဘဲ မြေပြင်မှာ ပြားကပ်အောင်ဝပ်နေတော့တယ်၊ မြွေကြီးရဲ့အမြီးက မရင်မြရဲ့ ဆံပင်တွေနဲ့ ဆက်နေတာဆိုတော့ မရင်မြလည်း တန်းလန်းကြီးဖြစ်နေတာပေါ့ဗျာ။

မိသေးနဲ့မိအေးကလည်း စက်တွေနဲ့ပစ်ပါရောဗျာ၊ ဦးဘသာက ဘာတွေရွတ်သလဲတော့မသိဘူးဗျို့၊ စက်လက်နက်တွေက သူ့ကိုမထိဘဲ အနားရောက်သွားတာနဲ့ အားပျော့ပြီး မြေပေါ်တဖုတ်ဖုတ်ပြုတ်ကျတာပဲ၊ သွေးလက်ဝါးကျင်ရီက လှစ်ခနဲပြေးလာပြီးတော့ ဦးဘသာနဖူးကို လက်ဝါးနဲ့ပိတ်ရိုက်တာပေါ့ဗျာ၊ ဦးဘသာက အသာရှောင်လိုက်ပြီးတော့ ကျင်ရီရဲ့နဖူးကိုလက်ဝါးနဲ့ပြန်ရိုက်ထည့်လိုက်တယ်၊ ဒီအချိန်မှာပဲ မိုးပေါ်က ဒေါ်အိုဇာပစ်နေတဲ့စက်လက်နက်တွေက ကျင်ရီရဲ့ကျောကုန်းကိုထိပြီးတော့ ကျင်ရီတစ်ယောက် လဲကျသွားတော့တာပဲဗျာ။

နောက်ဆုံးတော့ စဏ္ဍာလကဝေပျံကြီးအလှည့်ဗျ။

“မြေလျှိုးမိုးပျံ၊ ကဝေပျံတဲ့ဟေ့”

စဏ္ဍာလကြီးက ရေရွတ်လိုက်ပြီးတော့ မြေကြီးထဲကို ဒိုင်ဗင်ခုန်ချသွားတာဗျာ၊ မြေကြီးတွေက တဖွားဖွားနဲ့ဗျ၊ ကျောက်တုံးလို အလုံးကြီးတစ်လံုံးပြေးလာပြီးတော့ ဦးဘသာခြေထောက်အနားရောက်လာတယ်၊ ဦးဘသာလည်း မြွေကိုဖိနင်ထားတဲ့ ခြေထောက်ကိုလွှတ်လိုက်ပြီးတော့ အဲဒီအလုံးကြီးကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တာ ဝုန်းခနဲအသံကြီးနဲ့အတူ မြေကြီးက ပေါက်ကွဲထွက်သွားပြီး စဏ္ဍာလဦးလေးကြီး ပြန်ခုန်ထွက်လာတယ်ဗျ။

နောက်တော့ ဓါးပြကျော်ဘမော်က လက်ခမောင်းတွေခတ်ပြီးတော့ ဦးဘသာကြီးဆီကို ခုန်ဝင်လာတာပဲဗျာ၊ ဦးဘသာက သူ့အစောင့်အရှောက်ဘီလူးနှစ်ကောင်လွတ်ပေးလိုက်တော့ ဘီလူးတွေနဲ့ ဘမော်နဲ့ လုံးကြထွေးကြပေါ့။ နောက်ဆုံးကျန်နေတဲ့လူကတော့ ဘသော်ရဲ့မိန်းမ စုန်းမလေးပဲဗျာ၊ စုန်းမလေးက ဦးဘသာကြီးဆီကိုပြေးမသွားဘဲနဲ့ ကျုပ်ဆီကိုပြေးလာတယ်၊ ပြီးတော့ ကျုပ်ရင်လတ်ကို လက်ဝါးနဲ့တွန်းထည့်လိုက်တယ်။ ကျုပ်လည်း တစ်ကိုယ်လုံးပူထူပြီးတော့ ဘယ်လိုကြီးဖြစ်သွားသလဲမသိပါဘူးဗျာ၊ ဒါနဲ့တစ်ပတ်လည်ပြီး မြေပြင်ပေါ်ကို မှောက်ခုံကြီးလဲကျသွားတော့တာပဲ။

“အလတ်ကောင် . . .”

ဦးဘသာက အော်ပြီးတော့ ကျုပ်ဆီပြေးလာတယ်ဗျ၊ ကျန်တဲ့သူတွေလည်း တိုက်ခိုက်နေတာတွေ ခဏရပ်လိုက်ကြတာပေါ့၊ ကျုပ်လည်း မှောက်လျှက်သားလဲကျနေရာကနေ ကုန်းပြီးထတယ်ဗျ၊ ကျုပ်လက်ကို အမှတ်မထင်ကြည့်လိုက်တော့ ကျုပ်လက်ဝါးမှာ အနက်ရောင်မျဉ်းကြောင်းတွေနဲ့ ဆွဲထားတဲ့ အင်းတစ်ကွက်ပေါ်နေတယ်။ ကျုပ်လက်ဝါးကို ကျုပ်အံံ့သြပြီးကြည့်နေတုန်း ဦးဘသာက ကျုပ်ကိုပြေးထူတယ်ဗျ။

“အလတ်ကောင်၊ မင်းဘာဖြစ်သွားသေးလဲ”

ဒီအချိန်မှာပဲ ကျုပ်လက်ဝါးက သူ့အလိုလိုကို ဦးဘသာကြီးရဲ့ရင်ဘတ်ကို တွန်းထည့်လိုက်တာပါပဲဗျာ၊ ဦးဘသာကြီး ရှောင်ချိန်မရတော့ဘဲ ကျုပ်လက်ဝါးက သူ့ရင်ဘတ်တည့်တည့်ကို ထိမှန်သွားတယ်။

ဖောင်းခနဲမြည်သံကြီးနဲ့အတူ ဦးဘသာတစ်ယောက် အနောက်ကို ကျွမ်းသုံးလေးပတ်လွင့်ပြီး ကျသွားတယ်ဗျ။ နောက်တော့ ချက်ချင်းကောက်ထိုင်ပြီးတော့ ကျုပ်ကိုကြည့်တယ်။

“အလတ်ကောင်၊ မင်း . . . မင်းငါ့ကိုဘာလုပ်တာလဲ”

“ဦး . . . ဦးဘသာ၊ ကျုပ်လည်း မသိဘူး၊ ကျုပ်ဘာဖြစ်သွားတာလဲ မသိဘူး”

ပြောနေတုန်း ဦးဘသာနှုတ်ခမ်းစွန်းကနေ သွေးတွေစီးကျလာတယ်ဗျ။ ကျုပ်ဖြင့် ဦးဘသာဒီလိုဖြစ်တာကိုမြင်တော့ စိတ်မကောင်းဘူးဗျာ။ ဒီအချိန်မှာပဲ အောက်လမ်းဘသော်က ရယ်တယ်ဗျ။

“ဟား၊ ဟား ဦးဘသာ၊ ကျုပ်တို့က ခင်ဗျားရဲ့ပျော့ကွက်နိုင်ကွက်ကို သိထားပြီးသားဗျ၊ အလတ်ကောင်ဆိုတာ ကျုပ်တို့ရဲ့ဝှက်ဖဲပဲ”

ကျုပ်လည်း ဒေါသတကြီးနဲ့ ဘသော်ကိုကြည့်လိုက်တယ်။

“ဘာဗျ”

“ဟုတ်တယ်၊ မင်းနာမည်ခင်မောင်ဆိုတာ ငါသိပြီးသား၊ တကယ်တော့ ရုက္ခစိုးမှော်ကို ငါကျင့််နေတယ်ဆိုပေမယ့် မင်းအတွက်ကျင့်နေတာကွ”

“ခင်ဗျားပြောတာတွေ ကျုပ်တစ်ခုမှနားမလည်ဘူး”

“ဒီလိုကွ၊ တကယ်တော့ ငါက မှော်ကျင့်နေတာမဟုတ်ဘူး၊ အစီအရင်တစ်ခုကိုစီရင်ရင်းနဲ့ တခြားလူတွေစုံလာအောင်လို့ စုနေခဲ့တာ၊ ငါ့ညီ ဘမော်ကတော့ ဘုရားပျက်ကုန်းက ဘီလူးရုပ်တုအပျက်ရှေ့မှာ ဘီလူးမှော်သွင်းနေတုန်းပေါ့ကွာ၊ ဘီလူးမှော်ဆိုတာ ခုနစ်ရက်တိတိ အမဲသားတစ်ပိဿာကို ဘီလူးမင်းကိုဆက်သပြီးတော့ ဘီလူးအင်းဆွဲပြီး အစိမ်းစားရတာပဲ၊ ဒီနေ့ဆိုရင် ခုနစ်ရက်ပြည့်ပြီ၊ ဒီကောင်လည်းမှော်အောင်၊ တခြားသူတွေလည်း ရောက်လာမယ်အချိန်နဲ့ ကြိုတင်ပြီးတော့ စောင့်နေတာပေါ့ကွာ”

ကျုပ်လည်း အခုမှ တစ်ခုတွေးမိလိုက်တယ်။

“ဒါဆိုရင် မနက်က ခင်ဗျားကျုပ်ကိုကျွေးလိုက်တဲ့ ညောင်ရွက်က”

“မှန်တာပေါ့ကွာ၊ အဲဒါ စုန်းပေါက်အင်းပဲ၊ မင်းအတွက်စီရင်ပြီး ငါထည့်ပေးထားတာကွ၊ ငါတို့ရဲ့ပထမဆုံးစုန်းပေါက်ကို ငါတို့မဖောက်နိုင်ဘူးဆိုတာ သေချာတယ်လေကွာ၊ မင်းက ဦးဘသာကြီးရဲ့အားနည်းချက်မဟုတ်လား၊ ဒီတော့ မင်းတစ်ခုခုဖြစ်ရင် ဦးဘသာက မင်းဆီလာမယ်မဟုတ်လားကွ၊ ဒီတော့ မင်းမျိုထားတဲ့ စုန်းပေါက်နဲ့ ဦးဘသာမရှောင်နိုင်အောင် ဖောက်မလို့ကြိုပြီးစီရင်ထားပြီးသားကွ”

ဒေါ်အိုဇာကြီးက မိုးပေါ်ကနေဆင်းလာပြီးတော့ ဦးဘသာရဲ့ လည်ကုတ်ကိုလက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ ဦးဘသာက အရှေ့ကိုခွေခွေကလေးလဲကျသွားတယ်၊ သူ့လည်ကုတ်မှာလဲ အင်းကွက်တစ်ကွက်ပေါ်သွားပြန်တယ်။

“သေစမ်း၊ ကိုယ်နဲ့မဆိုင်ဘဲ နေရာတကာဝင်ရှုပ်ချင်တဲ့ကောင်”

သွေးလက်ဝါးကျင်ရီက ဦးဘသာကြီးဆီပြေးသွားပြီးတော့ ဘယ်ဖက်ပါးကို ပိတ်ရိုက်ထည့်လိုက်တယ်ဗျာ၊ ဦးဘသာကြီးမှာ အော်ဟစ်နေတော့တာပေါ့။။

“ညာဖက်ပါးက ငါ့အတွက်ကွ”

စဏ္ဍာလကြီးကလည်း ပြေးခုန်လာရင်း ဦးဘသာညာဖက်ပါးကို ရိုက်ထည့်လိုက်တယ်ဗျ၊ ဦးဘသာလည်း လိမ့်နေတာပေါ့ဗျာ၊ ဒီလိုနဲ့ ကျန်တဲ့လူတွေက တစ်ယောက်တစ်ချက် ဝိုင်းရိုက်ရင်း ဦးဘသာကြီးမှာ လူးလိမ့်နေအောင်ခံံံရတာပဲဗျာ၊ သွေးတွေဆိုရင်လည်း မြင်မကောင်းဘူးဗျို့။ ကျုပ်မျက်စိရှေ့တင်ဖြစ်နေတာဆိုတော့ ကျုပ်လည်း မနေနိုင်ဘူးပေါ့ဗျာ။

“ဦးဘသာ၊ မလုပ်ကြပါနဲ့၊ ဦးဘသာကိုမလုပ်ကြပါနဲ့”

နောက်ဆုံးတော့ ကျုပ်လည်း ဦးဘသာအပေါ်ကိုပြေးပြီး ကိုယ်လုံးနဲ့အုပ်ထားလိုက်တယ်၊ အကုန်လုံး တစ်ယောက်တစ်ချက်ရိုက်ပြီးတော့ စုန်းအပေါက်လို့ခေါ်တဲ့ အင်းတွေဖောက်ထားကြပြီးပေမယ့် ဘသော်တစ်ယောက်ဖောက်ဖို့ကျန်သေးတယ်ဗျ၊ သူ့မိန်းမစုန်းမလေးက စုန်းပညာမရှိတော့လို့ မဖောက်ဖူးဗျ။ ဒီလိုနဲ့ ဘသော်က ကျုပ်အနားကိုရောက်လာတယ်။

“အလတ်ကောင်ရာ၊ မင်းက သူ့ကိုကာကွယ်ပေးနေသေးတယ်တဲ့လား၊ ဒီမှာဟေ့ကောင် ဦးဘသာကို ပထမဆုံးစုန်းပေါက်ဖောက်ဖို့ကူညီတာက မင်းကွ”

“အဲဒါ ခင်ဗျားတို့လုပ်တာ၊ အဲဒါ ခင်ဗျားလုပ်တာကိုးဗျ”

“ဘာပဲပြောပြော မင်းငါ့ကိုကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ၊ ဒီစုန်းကြီးသေရင် မင်းလည်း သူ့ဆီက ပညာနည်းနည်းပါးပါး ရမှာပါကွ”

“မလုပ်ပါနဲ့ဗျာ၊ ကျုပ်ပညာတွေဘာတွေ မလိုချင်ဘူူး”

ဒီတော့ ဘသော်က ကျုပ်ကျောကုန်းကို လက်ညှိုးထိုးပြီးတော့ ပြောတယ်ဗျ။

“အလတ်ကောင် ဖယ်ပေးစမ်း”

ကျုပ်စိတ်က မဖယ်ပေးချင်ပေမယ့် ကိုယ်လုံးကတော့ သူ့အလိုလိုကုန်းထလာတာပဲဗျာ၊ ကျုပ်ဖြင့် ထူးဆန်းနေတော့တာပဲ။

“မင်းက အမဲသားခုနစ်ရက်စားထားတယ်မဟုတ်လား၊ ဒီတော့ မင်းကိုလည်း ငါတို့စိတ်တိုင်းကျ ထိန်းကျောင်းလို့ရပြီပေါ့ကွ၊ ကဲ ခပ်လှမ်းလှမ်းက ကြည့်နေစမ်း”

သူပြောတဲ့အတိုင်း ကျုပ်ခြေထောက်တွေက ရွေ့သွားတယ်ဗျာ၊ နောက်ဆုံးတော့ ဘသော်က ဦးဘသာကို စိတ်တိုင်းကျ ခြေထောက်တွေနဲ့ ကန်ကြောက်နေသေးတာ။

“သေစမ်းအဘိုးကြီး၊ ကိုယ့်နေရာကိုယ် အေးအေးဆေးဆေးမနေချင်တဲ့အဘိုးကြီး သေစမ်း”

ဦးဘသာခမြာ ပုဆိုးတွေဘာတွေကျွတ်ပြီးတော့ ဘသော်ကန်သမျှကို ခံနေရတယ်ဗျ။ ကျုပ်ကလည်း ကူညီချင်ပေမယ့် ဘာမှလုပ်မရဘူးဗျာ၊ ဦးဘသာအော်ဟစ်လူးလိမ့်နေတာကိုပဲ ရင်နာနာနဲ့ကြည့်နေရုံပဲ။

(၄)

နောက်တော့ အောက်လမ်းဘသော်က ဦးဘသာကြီးကိုဆွဲထူတယ်ဗျ၊ ဦးဘသာကို သူ့အရှေ့မှာ ဒူးထောက်ထိုင်ခိုင်းပြီး

“ကျုပ်တို့ကို တောင်းပန်ရင် ခင်ဗျားကြီးကို အသက်ရှင်ခွင့်ပေးမယ်”

ဦးဘသာက ဒီလောက်ခံထားရတဲ့ကြားထဲက ဘသော်ကိုပေစောင်စောင်နဲ့ကြည့်တယ်ဗျ။

“ငါက မင်းတို့ကိုဘာလုပ်ထားလို့ ပြန်ပြီးတောင်းပန်ရမှာလဲကွ”

“ဟာ၊ ခင်ဗျားကြီး ကျုပ်တို့ကိုလုပ်ထားတာကို တကယ်မသိချင်ယောင်ဆောင်နေတာလား၊ ကျုပ်ကိုကြည့်စမ်း၊၊၊ ကျုုပ်မျက်ခွက်ကိုကြည့်စမ်း၊ ကျုပ်ဒီလိုဖြစ်အောင်လို့ ခင်ဗျားကြီးလုပ်တာမဟုတ်လို့ ဘယ်သူလုပ်ခဲ့တာလဲ”

“ဟား၊ ဟား မင်းတို့မကောင်းကြံံလို့ မင်းတို့ဒဏ်တွေ မင်းတို့ပြန်ခံရတာပဲကွ၊ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါကဘယ်တော့မှ သူတစ်ပါးကို မကောင်းတဲ့စိတ်နဲ့မလုပ်ခဲ့ဖူးဘူးကွ၊ ငါလုပ်တာတွေက လူတွေကောင်းဖို့၊ ငါ့ရွာသားတွေကောင်းဖို့အတွက်ပဲ လုပ်ခဲ့တာ”

“ကောင်းပြီ၊ ဒီလောက်တောင်ကောင်းချင်နေရင်လည်း ငရဲကျမှ လူကောင်းသူကောင်းသွားလုပ်ဗျာ”

အောက်လမ်းဘသော်က သူ့လက်နဲ့ဦးဘသာကြီးရဲ့ နဖူးကိုအုပ်ကိုင်လိုက်တယ်ဗျ၊ ပြီးတော့ မန္တန်တွေ ရွတ်ပါလေရောဗျာ၊ ညနေစောင်းနေလို့ နည်းနည်းမှောင်နေတဲ့ကောင်းကင်ကြိးက ဗြုန်းစားကြီး အမှောင်ထုကဖံုံးအုပ်သွားတယ်ဗျာ၊ ကျုပ်တို့တစ်နေရာတည်း ကွက်ပြီးအုပ်သွားတာ၊ ညသန်းခေါင်အချိန်လောက်ကို ပိန်းပိတ်အောင်မှောင်သွားတော့တာပဲဗျာ။

နောက်တော့ မိုးပေါ်မှာ တိမ်တွေဖွဲ့လာတယ်ဗျာ၊ တိမ်တွေကြားထဲမှာလည်း လျှပ်ပန်းလျှပ်နွယ်တွေက တဖြတ်ဖြတ်နဲ့ ဝင်းလက်နေသေးတယ်။ ဒီအချိန်မှာပဲ ဦးဘသာကြီးတစ်ကိုယ်လုံးမှာ ရှိနေတဲ့ စုန်းပေါက်လို့ခေါ်တဲ့ အင်းကွက်လိုအကွက်တွေအကုန်လုံးက အလင်းရောင်တွေဝင်းလက်လာတယ်ဗျာ၊ ဘသော်ကတော့ မျက်လံုံးကြီးပြူးပြီးတော့ ရယ်နေတယ်။ နောက်တော့ ဦးဘသာကြီးက လူးလွန့်နေတာပဲဗျာ၊ တစ်ယောက်တစ်ချက်ရိုက်ထားလို့ စုန်းပေါက်တွေဖြစ်နေတဲ့နေရာကနေ စိမ်းဖန့်ဖန့်အလင်းရောင်ကြီးတွေက အတန်းလိုက်ကြီးထွက်လာတာဗျ၊ ပြီးတော့ အလင်းတန်းတစ်ခုချင်းစီက ကျန်တဲ့လူတွေဆီကို တိုးဝင်နေတယ်။ ကျုပ်လက်ဝါးကိုလည်း အလင်းတန်းတစ်ချို့ကလာပြီးဝင်တယ်ဗျ။

“သေစမ်းအဘိုးကြီး၊ ခင်ဗျားကြီးလဲသေ၊ ခင်ဗျားကြီးဆီက ပညာတွေအကုန်လုံးလည်း ကျုပ်ရတာပေါ့ဗျာ”

ဦးဘသာက အသံကွဲခြောက်ခြောက်ကြီးနဲ့ရယ်လိုက်ရင်း

“ဟား၊ ဟား မင်းမှားပြီဘသော်၊ မင်းတို့မှားပြီ”

ပြီးတော့ ကျုပ်ကိုလှည့်ကြည့်ရင်း

“အလတ်ကောင်ရေ၊ ပြေးတော့”

ဒီအချိန်မှာပဲ ကျုပ်ခြေလက်တွေ အချုပ်အနှောင်မခံံံရတော့ဘဲ လွတ်လပ်သွားတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာပြောထားတဲ့အတိုင်း ရေတွင်းကြီးဆီကိုပြေးတာပေါ့၊ သားသတ်ကုန်းနဲ့ရေတွင်းဆိုတာက ပေတစ်ရာတောင်မဝေးပါဘူးဗျာ၊ ကျုပ်ပြေးသွားတော့ အားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြတယ်၊ တစ်ချို့ကလိုက်ဖို့လုပ်သေးတယ်၊ ဒါပေမယ့် ဘသော်က အဲဒီလူတွေကို တားလိုက်တယ်။

“မလိုက်နဲ့၊ မင်းတို့လိုက်ရင် ငါတို့စီရင်ထားတဲ့ စည်းအပြင်ထွက်သွားလိမ့်မယ်၊ စည်းအပြင်ထွက်ရင် ပညာတွေမရဘဲ နေသွားလိမ့်မယ်ကွ”

ဟုတ်လည်းဟုတ်တယ်ဗျ၊ ရေတွင်းနားကိုကျုပ်ရောက်လာတော့ အလင်းတန်းတွေက ကျုပ်အနောက်ကို လိုက်မလာတော့ဘူးဗျ။ ဦးဘသာက ဟက်ဟက်ပက်ပက်ရယ်ရင်း

“မင်းတို့ နေရာရွေးတာမှားပြီကွ၊ ဒီနေရာ တို့နေရာ၊ ဒီနေရာက တို့ရွာကွ”

“ခင်ဗျားတို့ရွာဖြစ်တော့ရော ဘာလုပ်လို့ရလို့လဲ”

“ဒီနေရာက ငါ့အမေခေါင်းချသွားတဲ့နေရာကွ”

ဦးဘသာက အဲဒီလိုပြောရင်း အရှေ့ကိုငိုက်စိုက်ကျသွားတော့တယ်။ ဒီအချိန်မှာပဲ ဦးဘသာဇက်ပိုးထဲကနေ အဘွားကြီးတစ်ယောက် မိုးပေါ်ပျံတက်လာတယ်ဗျ။ ဆံပင်ဖြူဖြူကြီးတွေက လေမှာဝဲနေတာပဲဗျာ၊ ထွက်လာတယ်ဆိုပေမယ့် လမ်းလျှောက်လာတာ မဟုတ်ဘဲ မိုးပေါ်ပျံံလာတာဗျ။ အဘွားကြီးက သူတို့တွေကို အပေါ်စီးကနေ ကြည့်နေရင်း

“အောင်မာ၊ နင်တို့က ပညာတွေတော်တော်လိုချင်နေကြတယ်ပေါ့၊ ကဲ ယူကြစမ်း၊ ငါ့ပညာတွေပါ နင်တို့ယူကြ”

အဘွားကြီးဆီကနေ ဖြူဖြူအလင်းတန်းကြီးတွေ ထွက်လာပါရောဗျာ၊ ပြီးတော့ အဲဒီဘသော်တို့ လူတစ်သိုက်ဆီကို အလင်းတန်းတွေက တိုးဝင်သွားပါရော၊ ဘသော်တို့တွေဆိုရင် အော်လိုက်ကြတာပြောမနေပါနဲ့တော့ဗျာ၊ ပြီးတော့ သူတို့ရဲ့လက်တွေခြေတွေက မီးကျွမ်းထားတဲ့ သစ်သားစတွေလို နီရဲလာတယ်ဗျ။ ပြီးတော့ တစ်ကိုယ်လံုံးကို မီးတွေစွဲလောင်တော့တယ်။ ကျုပ်ဖြင့် အဝေးကလှမ်းကြည့်နေတာတောင်မှ ကြောက်နေရသေးတယ်ဗျာ၊ ဒီလူတွေအော်တာကလည်း ငရဲပွက်သလိုပဲ အတော်ကြောက်စရာကောင်းတာ။

ပြီးတာနဲ့ အဲဒီလူတွေအကုန် တောင့်တောင့်ကြီးတွေဖြစ်သွားပြီးတော့ လဲကျသွားတယ်ဗျ၊ မြေကြီးနဲ့ထိသွားတယ်ဆိုရင်ပဲ ပြာမှုန်တွေလိုမျိုး အပံုံတွေဖြစ်သွားတော့တာပဲဗျာ၊ ကျုပ်လည်း အနားကိုတဖြည်းဖြည်းချင်းကပ်သွားလိုက်တယ်၊ အဲဒီအဘွားကြီးက ဦးဘသာအရှေ့မှာရပ်လိုက်ပြီးတော့ ဦးဘသာခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ ဆွဲမော့လိုက်တယ်။

“အမေ . . .”

ဦးဘသာ နှုတ်ခမ်းက ပွင့်တယ်ဆိုရုံကလေးပွင့်ပြီး ရေရွတ်လိုက်တယ်ဗျ၊ အဘွားကြီးက ဦးဘသာကိုပြုံးကြည့်နေသေးတယ်။

“ကျုပ်သိတယ်အမေ၊ အမေကျုပ်နဲ့ ရှိနေတယ်ဆိုတာ ကျုပ်သိတယ်”

“သားရဲ့ နောက်ဆုံးပညာရပ်က အမေ့ရဲ့ကိုယ်ပွားကို စောင့်ရှောက်ခိုင်းထားတာပဲသား၊ သားအသက်အန္တရာယ်ကြုံလာတဲ့အခါ သားကိုကာကွယ်ပေးမယ့် ပညာဗူးထည့်သွင်းထားတာပဲ”

“ကျုပ်အမေ့ကိုအရမ်းလွမ်းတယ်အမေ”

“အမေတို့ ပြန်တွေ့ကြမှာပါသားရယ်၊ အခုတော့ အမေ့ရဲ့ပညာဗူးအစွမ်း ကုန်ခမ်းသွားပြီ ငါ့သား”

အမေဆိုတော့ ဦးဘသာရဲ့အမေ ဒေါ်ပျင်းကြီးဖြစ်နိုင်တယ်ဗျ၊ ကြည့်နေရင်းနဲ့ပဲ ဒေါ်ပျင်းကြီးက မှုန်ဝါးပြီးတော့ ပျောက်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ပြေးသွားပြီးတော့ ဦးဘသာကိုထွေးပွေ့လိုက်တယ်ဆိုရင်ပဲ ဦးဘသာက ကျုပ်ပေါင်ပေါ်ကို ပက်လက်လန်ပြီးလဲကျသွားတယ်။ ဦးဘသာက ကောင်းကင်ကြိးကိုမော့ကြည့်ရင်း

“ကြယ်တွေလှလိုက်တာကွာ”

လို့ပြောတယ်၊ ကျုပ်မော့ကြည့်တော့ နေဝင်ပြီးစ ကောင်းကင်မှာ ဘာကြယ်မှ မရှိပါဘူးဗျာ၊ ခုနကဘသော်တို့ ဆင့်ခေါ်ထားတဲ့ တိမ်တိုက်တွေလည်း ဘယ်ရောက်သွားမှန်းကိုမသိဘူး၊ ကျုပ်တို့ရဲ့အနားမှာတော့ စုန်းမလေးက မျက်လုံးအပြူးသားနဲ့ ရပ်ကြည့်နေတယ်ဗျ၊ နောက်တော့ တစ်ဖက်ကိုလှည့်ထွက်သွားပြီး ခြေဦးတည့်ရာ ပြေးသွားတာပဲ။

“ဟေ့၊ မပြေးနဲ့ ရပ်လိုက်”

ကျုပ်အော်လိုက်ပေမယ့် မမီတော့ပါဘူးဗျာ၊ စုန်းမလေးက လူစားတဲ့ရေတွင်းကြီးထဲကို ပြုတ်ကျသွားပါရောလား။

ဦးဘသာကို ပွေ့ရင်း ကျုပ်ရွာထဲကိုပြန်လာခဲ့တယ်၊ ရွာကြီးကတော့ တိတ်ဆိတ်လို့ဗျ၊ လူမပြောနဲ့ ရွာထဲကခွေးတွေတောင်မှ တိတ်ဆိတ်နေပါရောလား၊ ဒါကလည်း ဘသော်တို့လုပ်သွားတဲ့ အစီအရင်တွေကြောင့်ဖြစ်မှာဗျ၊ ဦးဘသာအိမ်ထဲကိုဝင်ပြီးတော့ အိမ်ရှေ့ခန်းမှာပဲ ဦးဘသာကိုလှဲထားလိုက်တယ်။ ဦးဘသာက ကလေးတစ်ယောက်လို အိပ်မောကျနေလေရဲ့ဗျာ။

“ဦးဘသာ ဘာမှ မဖြစ်ပါစေနဲ့”

(၅)

ကျုပ်နိုးလာတော့ မနက်အတော်လင်းနေပြီဗျ၊ ကျုပ်လည်း ဘေးဘီကိုကြည့်လိုက်တော့ ကျုပ်အိမ်ကိုကျုပ်ပြန်ရောက်နေတယ်၊ ဒါနဲ့ အိပ်ရာထဲက အမြန်ထလိုက်တယ်။ ကျုပ်ခေါင်းတစ်ခုလုံးလည်း လေးလံပြီးတော့ အခဲနေတာပဲဗျာ၊ အိမ်အောက်ကိုဆင်းလာတော့ အဖေတို့က ထုံးစံအတိုင်း အလုပ်များနေလေရဲ့။ အဖေ့ရဲ့အရှေ့မှာတော့ ကာလသားကိုမြင့်နဲ့ ဖိုးသားတို့က ထိုင်နေကြတာဗျ။ ကျုပ်ဆင်းလာတော့ ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ကြတယ်။

“ညတုန်းက အဖြစ်တွေကတော့ မယုံချင်စရာပါပဲ သူကြီးရာ”

“ယုံချင်စရာလားကွ၊ မင်းတို့နှစ်ကောင် အရက်မူးမူးနဲ့ အိပ်ပျော်သွားပြီး အိပ်မက်မက်နေတာဖြစ်မှာ”

အဖေက ကျုပ်ကိုကြည့်ရင်း

“ဒါနဲ့အလတ်ကောင်၊ သူတို့ပြောတာ တကယ်လား”

ကျုပ်လည်း ဘာမှမပြောချင်တော့တာနဲ့ ခေါင်းသာခါပြလိုက်တယ်၊ ကိုမြင့်နဲ့ ဖိုးသားကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်ထင်တာကတော့ သူတို့လည်း ညောင်ပင်အောက်က ကိုခင်မောင်ကို သွားချောင်းရင်း ကျုပ်တို့အဖြစ်အပျက်တစ်ချို့ကိုတွေ့လိုက်ရတာနေမှာဗျ။

ကျုပ်ခြံထဲကနေ အမြန်ပြေးထွက်လာပြီး ဦးဘသာအိမ်ကိုပြေးလာခဲ့မိတယ်၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ထမင်းစားနေလေရဲ့ဗျာ။

“ဦးဘသာ ညတုန်းက ကျုပ်အိမ်ကိုဘယ်လိုပြန်ရောက်သွားတာလဲ”

ဦးဘသာက ကျုပ်ကိုမျက်စောင်းထိုးကြည့်ရင်း

“မင်းဟာမင်းအိမ်ပြန်တာ ဘာလို့ငါ့ကိုလာမေးနေရတာလဲကွ”

“ဟာဗျာ၊ ဦးဘသာဘေးနားမှာ ကျုုပ်အိပ်နေခဲ့တာပဲမဟုတ်လား”

“ပေါက်ပေါက်ရှာရှာတော့ ပြောတော့မယ်အလတ်ကောင်ရာ”

“ဒါဆို ညကအဖြစ်တွေကို ဦးဘသာမမှတ်မိဘူးလား”

ဦးဘသာက မျက်မှောင်ကြုတ်ရင်း ကျုပ်ကိုကြည့််နေတယ်ဗျ၊ သူ့မျက်လုံးတွေကိုကြည့်ရတာတော့ ကျုပ်ကိုလိမ်ပြောနေတဲ့ပုံစံံမရဘူးဗျာ၊ ဒါဆို ဘယ်လိုဖြစ်သွားတာလည်း ဦးဘသာတစ်ယောက် တကယ်ပဲဘာမှ မမှတ်မိတော့တာလား။ ကျုပ်ကလည်း သူ့ကိုအစဖော်ချင်တာနဲ့

“ညက စုန်းတွေ ဦးဘာကို စုန်းအပေါက်ဖောက်ပြီးတော့ ပညာတွေစုပ်ကြတာလေဗျာ”

“အလတ်ကောင်ရာ မင်းကတော့ ဘယ်စာအုပ်တွေဖတ်ပြီးတော့ လာပြောနေပြန်ပြီလဲမသိပါဘူး၊ ပေါက်ကရတွေ”

“တကယ်ပဲ ဦးဘသာ ဘာမှမသိတော့ဘူးလား”

“ငါက ဘာသိရမှာလဲကွ”

“ဟာဗျာ၊ စုန်းးအကြောင်းတွေပေါ့”

“ဒီမှာအလတ်ကောင်၊ မင်း ငါ့ကိုပေါက်ပေါက်ရှာရှာတွေ မေးမနေနဲ့ ငါကဘာဖြစ်လို့ စုန်းအကြောင်းတွေသိနေရမှာလဲ”

“ဟာ၊ ဦးဘသာက စုန်းပဲလေ”

ကျုပ်ပြောတဲ့စကားကို ဦးဘသာက မယုံသလိုနဲ့နားထောင်ပြီးတော့ သူ့ကိုယ်သူလက်ညှိုးထိုးလိုက်တယ်။

“ဘာ၊ ငါက စုန်းတဲ့လား”

“ဒါပေါ့ဗျာ၊ မမှတ်မိတော့ဘူးလား”

“ဟား၊ ဟား မင်းပြောသလို ငါသာတကယ်စုန်းဖြစ်ချင်တယ်ဟေ့၊ စုန်းပညာသာတတ်လို့ကတော့ တစ်ရွာလုံးကိုပြုစားပစ်အုံးမှာ၊ ဟား၊ ဟား”

အဲဒီလိုပြောရင်း သူစားပြီးသားပန်းကန်ကိုကောက်ပြီးတော့ အိမ်နောက်ဖေးကိုဝင်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ခေါင်းကုပ်ရင်း ဦးဘသာနောက်ကျောကို ကြည့်နေမိတယ်၊ ဧကန္တ ညက စုန်းတွေက ပညာတွေစုပ်လိုက်လို့များ၊ ဦးဘသာ စုန်းပညာတွေမတတ်တော့တာလားပဲ၊ စုန်းပညာတွေ ပျောက်ကွယ်သွားလို့ သူကစုန်းတစ်ယောက်ဆိုတာတောင် မသိတော့တာလားဗျာ။

ပြီးပါပြီ

စာဖတ်သူအပေါင်းလေးစားလျက်