မမကြီးတစ်ယောက်အကြောင်း

လောကီပညာကို အတော်လေး တီးမိခေါက်မိတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သင်ပေးပါဆိုပြီး အဲဒီလင်္ကာလေးကို သင်ထားလိုက်တယ်။

တနင်္ဂနွေ | အိုကြင်ယာ | ဥဒကေ
တနင်္လာ | ကြာကံသူ | ဝနေ
အင်္ဂါ | စိတ်တူ၏ | ဂူပေ
ဗုဒ္ဓဟူး | လှဒိသာ | ဂါမေ
ကြာသပတေး | ပျော်ရွှင်စွာ | ပမ္မတေ
သောကြာ | သင်တို့မောင် | မဂ္ဂေ
စနေ | တို့ဆောင်းပန်း | အာသန္ဒေ

မကြာခဏဆိုသလိုပဲ ပစ္စည်းပျောက်တွေကို အဲဒီနည်းနဲ့ တွက်ပေးလို့ မှန်ဖူးပါတယ်” ဟု ကိုဘသိန်းက ကျွန်ုပ်အား ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က..
“ဆက်ပြောပါဦး ကိုဘသိန်းရဲ့၊ ခင်ဗျားတို့ရဲ့ မမကြီးအကြောင်းက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုဘသိန်းက…
“မမကြီးအကြောင်း ပြောရရင် မမောပါဘူး ခင်ဗျာ။ ဖြတ်ထိုးဉာဏ်လည်း အလွန်ကောင်းတယ်ဗျ။ ဆက်စပ်တွေးခေါ်တဲ့ဉာဏ်လည်း အလွန်ကောင်းတယ်ဗျ။ မှတ်ဉာဏ်လည်း အတော်ထူးတဲ့ မိန်းမပါဗျာ။ သတ္တိကောင်းလိုက်တာကလည်း မပြောပါနဲ့တော့။ မိန်းမဖြစ်ပြီး တိုက်စွမ်းရည်လည်း အလွန်ကောင်းတယ် ခင်ဗျ။ တစ်ခါမှာ ကျွန်တော်တို့ ဘုရားဖူးသွားကြတာ မမကြီးလည်းပါတယ် ခင်ဗျ။ လမ်းက ရွာတစ်ရွာရောက်တော့ ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းဝင်စားရင်း စကားများကြတာ။ အဲဒီက ရွာသားတစ်ယောက်ဟာ အတော်ကိုစွာတယ်။ တောင်းပန်နေတဲ့ကြားက ရှေ့ကိုတိုးလာတယ်။ အဲဒီတော့ မမကြီးက အဲဒီလူရဲ့လက်ကိုဆွဲပြီး ကိုင်ပေါက်လိုက်တာ အဲဒီလူဟာ ခွေးကျကျပြီး ပက်လက်ကြီးလန်နေတယ်။ အဲဒီတော့မှာ မမကြီးက အဲဒီလူရဲ့ လည်ပင်းကို ခြေထောက်နဲ့ နင်းထားပြီး … ဒီကောင့် … အမျိုးတွေရှိရင်လာပြီး တောင်းပန်ကြ၊ တောင်းပန်တဲ့လူ မရှိရင်တော့ လည်ပင်းကိုနင်းပြီး သတ်လိုက်မယ်၊ သတ်ပစ်မှာလို့ ကြိမ်းလိုက်တော့ အဲဒီလူရဲ့အမေနဲ့ အစ်မက ထွက်ပြီးတောင်းပန်တယ်။ အဲဒီတော့မှ မမကြီးက လွှတ်လိုက်တယ်။ အဲဒီလို မိန်းမမျိုးဗျ” ဟု ကျွန်ုပ်အား ကိုဘသိန်းက ရှင်းပြလေ၏။

တစ်ခါတွင်လည်း ကိုဘသိန်းတို့ မောင်နှမနေသော ကျွန်းအိမ်ကြီးကို ဓားပြတိုက်ရန်အတွက် ဓားပြများပိုင်းဖူး၏။ သို့ရာတွင် ရပ်ကွက်ကောင်းသောကြောင့် ဓားပြများ ထွက်ပြေးရ၏။ ထိုသို့ ထွက်ပြေးရာတွင် ဓားပြတစ်ဦး၏ခါးကြားတွင်ထိုးထားသော ဆေးတံတစ်လက်ကျ၍ ကျန်ခဲ့၏။ ထိုဆေးတံကိုကြည့်၍ အမျိုးမျိုးထင်မြင်ချက်ပေး၏။ မမကြီးကလည်း ထိုဆေးတံကို သေချာစွာကြည့်ပြီးလျှင်…
“ဒီဆေးတံပိုင်ရှင်ဟာ အတော်သန်မာတဲ့လူပဲ။ သူ့ဆေးတံကိုလည်း သူ အတော်မြတ်နိုးပုံ ရတယ်။ ဒီဆေးတံဟာ တစ်ခါက ကျပြီး ကျိုးသွားပုံရတယ်။ အဲဒါကို ပန်းတိမ်မှာ မိုးကြိုးနဲ့ ပြန်ကွပ်ပြီး သောက်နေတာ။ ဒီဆေးတံကို တော်တော် မြတ်နိုးပုံရတယ်။ ပြန်ကွပ်တဲ့ မိုးကြိုးသွားပေါ်မှာ(MD) ဆိုတဲ့ စကားလေးနှစ်လုံး ထိုးထားတာ တွေ့ရတယ်။ မင်းဒင်လား၊ မာဒင်လားလို့တော့ မဆိုနိုင်ဘူး။ ဆေးတံအမြီးကို သွားနဲ့ကိုက်သောက်တတ်တဲ့ လူပဲ။ သူကိုက်ထားလို့ ဆေးတံမှာ ချိုင့်နေတာလည်း တွေ့ရတယ်။ အပေါက်ကလေးတွေ ဖြစ်နေတာလည်း တွေ့ရရဲ့။ အစွယ်နေရာက အချိုင့်ကလေးကိုကြည့်လိုက်တော့ ရွှေရောင်နေရာကလေး တွေ့ရတယ်။ အစွယ်ကို ရွှေသွားစိုက်ထားဟန် တူတယ်။ ရွှေသွားစိုက်ထားတဲ့ သွားဘေးကတော့ ကျိုးနေပုံရတယ်။ ဆေးတံမှာ အချိုင့်လည်း မတွေ့ရဘူး။ အရာလည်း မတွေ့ရဘူး။ နောက်ပြီး ဆေးတံပိုင်ရှင်ဟာ ဖြစ်ကတတ်ဆန်း ဆေးကိုဝယ်ပြီး သောက်တာ မဟုတ်ဘူးနော်၊ အကောင်းစား ဆေးတံသောက်ဆေးကို သောက်တာ၊ ဆေးတံမှာ ကပ်နေတဲ့ ဆေးမှုန့်ကလေးကို နမ်းကြည့်တော “ကပ္ပတိန်ဘလက်” ဆိုတဲ့ ဆေးတံသောက်ဆေး ဖြစ်နေတာကို တွေ့ရတယ်” ဟု ရဲအရာရှိကို ပြောလိုက်ရာ ရဲအရာရှိက …
“ခင်ဗျားပြောတာ ဟုတ်ပါပြီ။ အဲဒီလူကို ဘယ်မှာရှာရမလဲဆိုတာ ခက်သေးတယ်” ဟု ပြောလျှင် မမကြီးက…
“ဒီဆေးတံသောက်ဆေးမျိုးက ဆိုင်တိုင်းဝယ်လို့ရတာ မဟုတ်ဘူး၊ စကော့ဈေး အနောက်ဘက်တန်းက ဆေးတံသောက်ဆေး ရောင်းတဲ့ဆိုင်မှာ ထိုင်စောင့်လိုက်ရင် နှစ်ရက် မစောင့်ရပါဘူး။ ဒီလူရောက်လာမှာပါ” ဟု ပြောပြလေ၏။

ထို့နောက် မမကြီးလည်း ရဲကိုမပြောဘဲ ထိုဆိုင်သို့ သွားရောက်ကာ ကိုယ်တိုင် စောင့်လေ၏။ နှစ်ရက်ခန့်ကြာလျှင် အသက် ၅၀ နီးပါး ထွားထွားကျိုင်းကျိုင်း သန်သန်မာမာတစ်ယောက် “ကပ္ပတိန်ဘလက်” ဆေးတံသောက်ဆေးကို လာဝယ်လေ၏။ ထိုသူကို သေချာကြည့်လိုက်ရာ အစွယ်နေရာတွင် ရွှေသွားစိုက်ထားသည်ကို တွေ့ရ၏။

ထို့အတူ အစွယ်၏ဘေးမှ သွားကျိုးနေသည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် မမကြီးသည် လိုင်စင်ဖြင့် ဝယ်၍ ကိုင်သော ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်အတွင်းမှထုတ်၍ ထိုသူ၏ ရင်ဝသို့ ထိုး၍ချိန်ပြီးလျှင်…
“ပြေးဖို့မကြံနဲ့၊ ကျည်ဆန်က ကျောကနေ ဖောက်ထွက်သွားမယ်” ဟု ပြောပြီးလျှင် လက်ရ ဖမ်းဆီးလေ၏။ ထို့နောက်တွင်ကား ဆေးတံပိုင်ရှင် ကိုမာဒင်ကို အကြောင်းပြု၍ ဓားပြအဖွဲ့တစ်ဖွဲ့လုံးကို ဖမ်းဆီးရမိလေသတည်း။

🙏 သဗေ သတာ ကမသကာ 🙏
✍ မင်းသိင်္ခ