ကိုစံပေါနှင့်မခင်ခင်

ဆာလို့တောင်ခေါ်ကြတယ်”

ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်ပြီး

“လယ်တန်ဆာတဲ့လားဗျာ”

“တင်စားပြီးခေါ်တာ ငါ့တူရ၊ ပြည့်တန်ဆာဆိုတာ ဟိုလူနဲ့ပျော်လိုက်၊ ဒီလူနဲ့ပျော်လိုက် အချိန်ခဏပဲပျော်ရသလို၊ ဒီလယ်တွေကိုလည်း ဟိုလူကဝယ်လိုက်၊ မလုပ်ရဲလို့ ပြန်ရောင်းလိုက်နဲ့ လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ”

“နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ”

“အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ”

“ဘယ်လိုဗျ”

ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့

“စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့”

“ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား”

“မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် အလှူအတန်းတွေလုပ်၊ အမျှတွေဝေပေးခဲ့တာပဲ၊ ဒါပေမယ့် ဘာမှမထူးပါဘူးကွာ၊ ငါဆိုရင် အခါအခွင့်သင့်လို့ ကြုံတိုင်း အလှူအတန်းလုပ်ပေးပြီးတော့ ငါ့ညီ စံပေါအတွက် အမျှပေးဝေတာကြာခဲ့ပြီကွ၊ ဒါပေမယ့် ဘယ်လိုကြောင့်လဲမသိဘူး သူတို့မကျွတ်လွတ်ဘူးကွ”

ကျုပ်လည်း ခေါင်းပဲကုပ်နေမိတော့တယ်၊ ဦးဘသာကတော့ ဘာမှမပြောပဲ တစ်ခုခုကိုအလေးအနက်စဉ်းစားနေပုံပဲဗျ၊ သူ့မုတ်ဆိတ်မွှေး ကျိုးတို့ကျဲတဲကို ပွတ်သပ်နေရင်း ပြတင်းပေါက်အပြင်ကိုငေးကြည့်နေပါရော။ ဘကြီးထွန်းရင်က ဦးဘသာကိုကြည့်ရင်း

“ဘာပဲပြောပြော ကျုပ်တူလေးကို ကယ်တင်ပေးခဲ့တဲ့ ဒီကဆရာကြီးကို ကျေးဇူးတင်ပါတယ်”

ဦးဘသာကို ပြောပေမယ့် ဦးဘသာက ကြားဟန်မတူဘူးဗျ၊ ခုနက ပုံစံအတိုင်း တွေတွေကြီးပဲလုပ်နေပါရော၊ ကျုပ်လည်းမကောင်းတတ်လို့ ဦးဘသာကို ခေါ်ရသေးတယ်။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်သုံးလေးခွန်းခေါ်တာကိုတောင် ဦးဘသာက ကြားပုံမပေါ်ဘူးဗျ၊ ဒါနဲ့ ကျုပ်လည်း ဦးဘသာဒူးခေါင်းကို အသာလေးပုတ်လိုက်တာပေါ့ဗျာ။

“အောင်မယ်လေး၊ နင့်မေကလွှား”

ဒီတော့မှ ဦးဘသာကထပြီးတော့ ယောင်တာပဲဗျာ၊ ကျုပ်တို့လည်း ဦးဘသာကို ပြုံးစိစိနဲ့ကြည့်နေရင်း

“ဦးဘသာ ဘာတွေစဉ်းစားနေတာလဲဗျ”

“ဘာမှမဟုတ်ပါဘူးကွာ၊ နွားအကြောင်းတွေးမိသွားလို့ပါ”

“ကျုပ်လည်းအဲဒါပဲပြောမလို့ ဆရာကြီး၊ ဆရာကြီးက ကျုပ်တူ မိုးစွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျုပ်ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ဆရာကြီးကို ငွေရေးကြေးရေးနဲ့ ကန်တော့ပေမယ့်လည်း ဆရာကြီးက လက်မခံဘူးဆိုတော့ ကျုပ်မွေးထားတဲ့နွားတွေထဲက ဆရာကြီးကြိုက်တဲ့နွားကိုကြည့်သွားပြီးတော့ ပေးချင်တဲ့ဈေးသာ ပေးခဲ့ဗျာ၊ ဒါကတော့ ကျုပ်ဆရာကြီးအပေါ် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပေးတာဆိုတော့ ဆရာကြီး မငြင်းပါနဲ့ဗျာ”

ဦးဘသာက တွေဝေနေသေးတယ်ဗျ။

“ဟုတ်ပါတယ်ဦးဘသာရာ၊ ဘကြီးထွန်းရင်ကို အားနာဖို့ကောင်းပါတယ်၊ ငြင်းမနေပါနဲ့”

ကျုပ်ပြောတော့မှ ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“ပေးချင်သလောက်တော့ မလုပ်ပါနဲ့ဗျာ၊ ကျုပ်လည်း နွားဈေးတွေလေ့လာထားပြီးသားပါ၊ ဒီတော့ တန်ရာတန်ကြေးပေးမှာပါ ကိုထွန်းရင်၊ ကျုပ်ကိုရောင်းပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီဗျာ”

“ကဲအလတ်ကောင်၊ ရောက်တုန်းရောက်ခိုက် မင်းကိုပညာသင်ပေးရအုံးမယ်၊ နွားတင်းကုပ်ထဲဆင်းသွားပြီး မင်းစိတ်ထဲက အကောင်းဆုံးလို့ထင်တဲ့နွားကိုရွေးကွာ၊ အဲ၊ ဟိုနေ့က ငါပြောထားတဲ့ လက္ခဏာ၊ အင်္ဂါကိုကြည့်ပြီး ရွေးနော်ကွ”

ကျုပ်ကို ခိုင်းပြီမို့ ကျုပ်လည်းအိမ်ပေါ်ကနေဆင်းလာခဲ့တာပေါ့ဗျာ။

(၂)

ပေတောရွာမှာ ဘကြီးထွန်းရင်ကတော့ နွားတွေတော်တော်မွေးထားတာဗျ၊ ပေနှစ်ရာလောက်ကျယ်တဲ့ ခြံဝိုင်းအကျယ်ကြီးထဲမှာ အိမ်ကိုခေါင်းရင်းဘက်နားလုဆောက်ထားပြီးတော့ အိမ်ခြေရင်းမှာတော့ နွားတင်းကုပ်ကြီးကို ဟီးနေတာပဲဗျာ၊ နောက်ချေးနံ့ နံတယ်ဆိုပေမယ့်လည်း ကျုပ်တို့လိုတောသားနှာခေါင်းအတွက်တော့ နောက်ချေးနံ့ဆိုတာ နံံတယ်လို့ကို သိပ်မထင်တော့ဘူးဗျ၊

တောသားနဲ့နောက်ချေးက ခွဲလို့မှမရတာကလား၊ ကျုပ်တို့လို တောင်သူလယ်သမားတွေဆိုရင်ပိုဆိုးတာပေါ့ဗျာ၊ ကျုပ်တို့ငယ်ငယ်က ခုခေတ်လို မြေဆီတို့၊ ဓါတ်မြေသြဇာတို့က လွယ်လွယ်ဝယ်လို့မှမရတာဗျ၊ ဒီတော့ စိုက်မယ်ပျိုးမယ်ဆိုရင် နောက်ချေးက ကျုပ်တို့အတွက် အကောင်းဆုံးမြေသြဇာပေါ့ဗျာ၊ နောက်ချေးတွေကို ကန်တွေလုပ်ပြီးတော့ ထည့််ပုံထားတာပဲ၊ ပြီးတော့ တစ်နွေလုံးအခြောက်လှမ်းပြီး မိုးမကျခင်မှာ အဲဒီနောက်ချေးခြောက်တွေကို ထုချေပြီး ကွင်းထဲဖြန့်ထားတာပေါ့ဗျာ၊ မိုးလေးတစ်ပြိုက်နှစ်ပြိုက်ကျလို့ လယ်ထွန်ကောင်းပြီဆိုရင် ဒီနောက်ချေးခြောက်တွေကို မြေနဲ့ရောသမအောင်ထွန်လိုက်ရင် သဘာဝမြေသြဇာဖြစ်သွားတာပေါ့ဗျာ၊ ဦးဘသာကတော့ မြေသြဇာကိုသူ့နည်းနဲ့သူလုပ်တယ်ဗျ၊

သစ်ရွက်အခြောက်တွေ၊ ရိုးပြတ်တွေကို သစ်ရွက်အစိုတွေနဲ့ ဆတူလောက်ရောတယ်ဗျ၊ ပြီးတော့ ဝါးနဲ့ကပ်လုပ်ပြီး လေးဘက်လေးတန်ကာထားပြီးတော့ အဲဒီကပ်အထဲကို ခုနက သစ်ရွက်တွေထည့်ထားတာပဲဗျာ၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါလောက် အဲဒီကပ်ထဲက သစ်ရွက်တွေကို ကောက်ဆွကြီးနဲ့ ထိုးထိုးပြီးတော့ အထက်အောက်လှန်ပေးတာပဲ၊ သုံးလေးလဆိုရင်တော့ အဲဒီသစ်ရွက်တွေက ကောင်းကောင်းဆွေးပြီးတော့ မြေဆွေးဖြစ်သွားပြီပေါ့ဗျာ၊ အဲဒီသစ်ရွက်ဆွေးက သိပ်ပြီးမြေသြဇာကောင်းတယ်ဆိုပဲဗျ၊ ကျုပ်တို့လည်း တစ်ခါနှစ်ခါတော့လုပ်ဖူးတယ်၊ နောက်တော့ အထက်အောက်လှန်ပေးရတာ အလုပ်ရှုပ်လို့ မလုပ်တော့တာပေါ့ဗျာ။

တင်းကုပ်ထဲဝင်ပြီး ဦးဘသာပြောတဲ့အတိုင်း နွားတွေကို လိုက်ကြည့်တယ်ဗျ၊ နွားအုပ်တင် အကောင်သုံးဆယ်လောက်ရှိတာဆိုတော့ မနည်းကြည့်ရွေးရတာပေါ့ဗျာ၊ မိုးစွေကတော့ ကျုပ်လုပ်တာကို ပြုံးဖြီးဖြီးနဲ့ကြည့်ရင်း နွားစာတွေစဉ်းနေတယ်။ ဒီနွားတွေထဲကမှ ဦးဘသာဟိုတစ်နေ့ကပြောထားတဲ့ စေလေးလုံးကိုကြည့်ပြီး ရွေးတာပေါ့၊ အင်္ဂါခြောက်ပါးနဲ့ညီတဲ့ နွားကြန်စုံတော့ မတွေ့ဘူးဗျ၊ ရွေးလိုက်တော့ အနီရောင်နည်းနည်းစပ်တဲ့နွားရွှေနီရယ်၊ အဝါရောင်ဖျော့ဖျော့ရှိတဲ့ နွားရွှေဝါကြီးတစ်ကောင်ရယ်က အကောင်းဆုံးပဲပေါ့၊ သိပ်မကြာပါဘူးဗျာ၊ ဦးဘသာက အိမ်ပေါ်ကဆင်းလာပြီး တင်းကုပ်ထဲဝင်လာပါရော။

“ဟေ့ အလတ်ကောင်၊ ရွေးပြီးပြီလားကွ”

“ဟုတ်ကဲ့ဦးဘသာ၊ ဟောဟိုက နွားရွှေနီနဲ့ ဒီဖက်နားက နွားရွှေဝါက အကောင်းဆုံးလို့ထင်တာပဲ”

ကျုပ်ပြောတဲ့နွားတွေကို ဦးဘသာက တစ်ချက်ကြည့်တယ်။ ပြီးတော့ ခေါင်းညိတ်တယ်ဗျ။

“အလတ်ကောင်၊ ကိုထွန်းရင်က ငါတို့ကိုနွားနှစ်ကောင်မရောင်းဘူးကွ၊ တစ်ကောင်ပဲရောင်းပေးမှာ၊ ဒီတော့ အဲဒီနှစ်ကောင်ထဲက ဘယ်ကောင်ပိုကောင်းမယ်ထင်သလဲ မင်းရွေးစမ်း”

ကျုပ်လည်းဝေခွဲမရဘူးဗျ၊ နှစ်ကောင်လုံးက အင်္ဂါအရဆိုရင်တော့ တူတူလောက်ပဲ၊ ဒါနဲ့ကျုပ်လည်း နွားရွှေနီကိုလက်ညှိုးထိုးပြလိုက်တော့တယ်၊ ဦးဘသာက ကျုပ်မျက်နှာကိုကြည့်ရင်း

“ကောင်းပြီ၊ ဘာလို့အဲဒီနွားကိုရွေးလိုက်တာလဲ”

“ဘာလို့လဲဆိုတော့၊ နွားနှစ်ကောင်လုံးက အတူတူပဲဗျ၊ ဒါပေမယ့် ဟိုနေ့က ဦးဘသာပြောဖူးတယ်မဟုတ်လား၊ နွားလေးမျိုးထဲမှာ နွားရွှေနီက အရင်လာတယ်၊ ပြီးမှ နွားရွှေဝါလေ၊ အနောက်ဆုံးက နွားကျားက အဆိုးဆုံးဆိုဗျ၊ ဒီတော့ အရင်ဆုံးလာတဲ့ နွားရွှေနီက အကောင်းဆုံးဖြစ်မှာမို့ အဲဒီနွားကိုပဲ ရွှေးလိုက်တာ”

ဦးဘသာက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“အလတ်ကောင်တို့ အတွေးအခေါ်တွေကတော့ ဆန်းသစ်ပါပေတယ်ကွာ”

ဦးဘသာက နွားတွေအနားကိုသွားပြီးတော့

“ကဲ အလတ်ကောင်၊ မင်းရဲ့ နွားရွှေနီကြီးကို သွားဖြဲကြည့်စမ်းကွာ”

“ဟာ၊ ဟုတ်သားဗျ၊ နွားမှာ သွားကောင်းဖို့ကလည်းအရေးကြီးတာပဲ”

ကျုပ်လည်းနွားရဲ့သွားကိုဖြဲကြည့်လိုက်တာပေါ့ဗျာ၊ ဦးဘသာက အနားကိုကပ်လာပြီး

“မှတ်ထားအလတ်ကောင်ရ၊ နွားမှာ သွားကောင်းဖို့က အခရာပဲ၊ ဒါကြောင့် “အလကားရတဲ့နွား သွားဖြဲကြည့်တယ်” ဆိုတဲ့ စကားပုံတောင်ပေါ်လာတာပဲကွ၊ ဒီတော့ နွားကောင်းမကောင်းက ကြန်အင်လက္ခဏာတွေလည်းတစ်ခုပါသလို သွားကလည်းတစ်ခုပဲကွ”

“ပြောပါအုံးဗျာ၊ ကျုပ်တော့ နွားတွေကိုသွားဖြဲကြည့်ရတယ်ပဲကြားဖူးတာ၊ ဘယ်နားကိုကြည့်ရတာလဲ”

“သွားကြည့်ရတာက နွားရဲ့အသက်ကိုခန့်မှန်းဖို့၊ နောက်ပြီးတော့ ကျန်းမာရေးကောင်းမကောင်းကို မှန်းဖို့ပဲကွ”

ဦးဘသာက နွားရှေ့အောက်သွားတွေကို သေချာဖြဲကြည့်ပြီးတော့

“နွားမှာက အောက်ရှေ့သွားပဲပါတယ်ကွ၊ တို့လူတွေလို အပေါ်ရှေ့သွားမပါဘူး၊ အောက်ရှေ့သွားရဲ့ အသုံးဝင်ပုံကတော့ အစာတွေကိုကိုက်ဖြတ်ဆွဲယူဖို့ပဲကွ၊ အောက်ရှေ့သွားက ရှစ်ချောင်းတိတိရှိတယ်၊ ပြီးရင် အံသွားက တစ်ဖက်မှာအထက်ခြောက်ချောင်း၊ အောက်ခြောက်ချောင်း၊ အပေါ်အောက် ဆယ့်နှစ်ချောင်း၊ ဘယ်ညာပေါင်းတော့ နှစ်ဆယ့်လေးချောင်း၊ ရှေ့သွား ရှစ်ချောင်းနဲ့ပေါင်းရင် သုံးဆယ့်နှစ်ချောင်းပေါ့ကွာ”

“ဟီး၊ ဟီး ဒါဆို သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်တယ်ဆိုတာ နွားကိုများပြောသလား”

“အဲဒါလူကိုပြောတာကွ၊ ဆက်ကြည့်စမ်း၊ နွားသားပေါက်ကလေးတွေမှာ သွားတွေပါတတ်တယ်၊ ဒါပေမယ့် ကြီးကောင်ဝင်လာတဲ့အခါ ကြီးသွားထွက်လာကြတယ်ကွ၊ နွားအသက် နှစ်နှစ်ဝန်းကျင်ဆိုရင် ဟောဒီရှေ့သွားနှစ်ချောင်းက ကြီးသွားဖြစ်သွားပြီ၊ အဲဒီလိုအခြေအနေကို နှစ်ချောင်းစိုက်လို့ခေါ်တယ်၊ သွားလေးချောင်းပီပြင်လာပြီဆိုရင်တော့ သုံးနှစ်ကွ လေးချောင်းစိုက်ပေါ့၊ ခြောက်ချောင်းစိုက်ဖြစ်သွားရင် လေးနှစ်ပြည့်ပြီ၊ နောက်ဆုံးရှစ်ချောင်းလုံးပြည့်သွားပြီဆိုရင်တော့ ရှစ်ချောင်းစိုက်၊ တစ်ချို့ကလည်း ပဲ့စုံလို့ခေါ်တယ်ကွ၊ အသက်ငါးနှစ်ပေါ့၊ ကဲ အခုဒီနွားကြည့်စမ်း၊ အရှေ့သွားဘယ်နှချောင်းလဲ”

“အရှေ့သွားက ရှစ်ချောင်းဆိုတော့ ငါးနှစ်ပေါ့”

“ပုံမှန်ဆိုရင်တော့ အဲဒီလိုပြောလို့ရတယ်အလတ်ကောင်ရ၊ ဒါပေမယ့် နွားတစ်ကောင်ရဲ့အသက်ကိုသိဖို့က သွားပေါက်တာတင်မဟုတ်ဘဲ သွားတုန်းတာကိုလဲသိထားမှ၊ အရှေ့ဆုံးအရင်ဆုံးက ပေါက်ထားတဲ့သွားတွေ နည်းနည်းတုန်းလာပြီဆိုရင် အဲဒါအသက်ခြောက်နှစ်ကွ၊ ဒီလိုနည်းနဲ့သွားတွေတုံးသွားကို ကြည့်ပြီးမှန်းလို့ရတယ်၊ သွားရှစ်ချောင်းစလုံး တုံးသွားပြီဆိုရင်တော့ အသက်ဆယ်နှစ်အထက်ပေါ့”

ကျုပ်လည်းဒီတော့မှ ပြူးပြဲကြည့်ရတယ်ဗျ၊ ဟုတ်တယ်ဗျ၊ ကျုပ်သေချာကြည့်တော့မှ ရှေ့သွားအလယ်က လေးချောင်းက ဘေးကသွားတွေထက် မသိမသာကလေး တုံးနေတယ်ဗျ၊

“ဟာ၊ သွားလေးချောင်းတုံးနေပုံထောက်တော့ ခြောက်နှစ်၊ ခုနစ်နှစ်ရှိပြီထင်ပါ့ဗျာ”

ဦးဘသာက ခေါင်းညိတ်ရင်း

“မဆိုးဘူး၊ မင်းတော်လာပြီ၊ ဒါပေမယ့် သွားဆိုတာက တစ်ခုခုဖြစ်ရင်လည်း ကျိုးတတ်သေးတယ်၊ ဒါပေမယ့် တောင်သူတွေက အရှေ့သွားထက် အံသွားကိုပိုကြည့်တယ်ကွ၊ အရှေ့သွားတစ်ချောင်းကျိုးရင်တောင် ဝယ်ကြသေးတယ်၊ အံသွားကတော့ တစ်ချောင်းကျိုးတာမပြောနဲ့၊ ယိုင်နေ၊ နဲ့နေရင်တောင် မယူကြဘူးဟေ့”

“ဟာ၊ ဒါဆို အံသွားကလည်း အရေးကြီးတာပေါ့”

“ဒါပေါ့၊ အရှေ့သွားရဲ့တာဝန်က အစာကိုဖြတ်သိမ်းဖို့ပဲကိုး၊ ဒီတော့ ဒါက သိပ်အရေးမကြီးဘူး၊ အရေးကြီးတာက အံသွားပေါ့၊ အံသွားမကောင်းရင် အစာမကျေတာ၊ အစာမဝါးနိုင်တာ၊ အစာတွေပြန်အန်ထွက်တာဖြစ်နိုင်လို့ လူတွေက အံသွားကိုပိုကြည့်ကြတာ၊ ဒီနွားကြီးကိုလည်း အံသွားသေချာကြည့်ပါအုံးကွာ”

ကျုပ်လည်း အံသွားတွေအကုန်ကြည့်လိုက်ပြီးတော့

“အံသွားကတော့ အကုန်အကောင်းဗျ”

“အေးဟုတ်ပြီ၊ ဟိုနွားဝါကိုသွားဖြဲကြည့်အုံး”

ကျုပ်လည်းသွားဖြဲကြည့်လိုက်တယ်ဗျ၊ နွားရွှေဝါကတော့ ရှစ်ချောင်းစိုက်ဆိုပေမယ့် သွားတုံးနေတာမတွေ့ရဘူး၊ သူကလည်း အံသွားတော့ အကောင်းပဲ။ အားလုံးကြည့်ပြီးတော့မှ ဦးဘသာက ပြန်ပြီးဆုံးဖြတ်ခိုင်းတယ်။

“ကဲ အလတ်ကောင်၊ မင်းဘယ်နွားယူမလဲ”

ကျုပ်လည်းတွေးရခက်နေတယ်ဗျ၊ နောက်ဆုံးတော့ နွားရွှေဝါကိုပဲ လက်ညှိုးထိုးလိုက်တယ်။

“ဘာဖြစ်လို့လဲကွ”

“သူ့အသက်က နည်းနည်းပိုငယ်မယ်ထင်လို့”

ဦးဘသာက ပြုံးရင်း

“မဆိုးဘူး၊ တိုးတက်လာပြီ၊ အသက်ကြီးတဲ့နွားယူတော့ မြန်မြန်အိုပြီး မြန်မြန်သေတာပေါ့ကွာ၊ အမဲသားကြိုက်တဲ့လူဆိုရင်တော့ အသက်ကြီးတဲ့နွားယူသင့်တာပေါ့၊ ဟား၊ ဟား”

ဒါနဲ့ပဲ ကျုပ်တို့လည်း နွားရွှေဝါကြီးကိုယူဖို့ တေ့တေ့ဆိုင်ဆိုင်ပြောကြဆိုကြတာပေါ့ဗျာ။ ဦးဘသာပေးတဲ့ဈေးက မနည်းဘူးဗျ၊ ထိုက်ထိုက်တန်တန်ပေးတာပါပဲ၊ ဒါပေမယ့် ဘကြီးထွန်းရင်ကလည်း တမင်ကိုဈေးလျော့ပေးတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားတယ်ဆိုပါရောဗျာ၊ ကျုပ်လည်း နွားပြေးဖြုတ်မယ်လုပ်တော့။

“ဟ၊ အလတ်ကောင်ရ ဘာလုပ်မလို့လဲ”

“နွားရပြီပဲဗျာ၊ ရွာပြန်မသယ်ဘူးလား”

“မင်းကွာ၊ တစ်ကောင်ရတိုင်း တစ်ခါသယ်နေရင် ခရီးဘယ်တွင်ပါ့မလဲကွ၊ ဒီတော့ စရံအဖြစ် ငွေသားပေးခဲ့ပြီးတော့ ငါတို့ခရီးဆက်မယ်ဟေ့၊ နွားလေးငါးကောင်ရတော့မှ ခရီးစဉ်အတိုင်းပြန်ခေါက်လာရင်း နောက်ဆုံးရွာကိုပြန်တာပေါ့ကွာ”

“မသိပါဘူးဗျာ၊ ကျုပ်က တစ်ကောင်ဝယ်ပြီး တစ်ခါပြန်ထားမှာလားလို့၊ ဟီး၊ ဟီး”

အဲဒီနေ့က ကျုပ်တို့ခရီးဆက်ချင်ပေမယ့် ဘကြီးထွန်းရင်က တစ်ရက်လောက် နားနားနေနေ နေပါအုံးဆိုလို့ ကျုပ်တို့လည်း ဆက်နေလိုက်ရတယ်ပေါ့ဗျာ၊ ဘကြီးထွန်းရင်မှာ မိန်းမမရှိတော့ဘူးဗျ၊ သူ့မှာလည်း သားချည်းနှစ်ယောက်ရှိတာ၊ သားကလည်း လူပျိုကြီးတွေဆိုတော့ ကျုပ်တို့စားသောက်ဖို့ အသားကောင်း၊ ဟင်းကောင်းတွေချက်ပေမယ့် ချက်ထားတာက စားမကောင်းဘူးဗျို့။ နေ့လည်စာစားပြီးတာနဲ့ ဦးဘသာနဲ့ကျုပ်နဲ့ သစ်ပင်ရိပ်မှာထိုင်နေကြတာပေါ့ဗျာ၊ ဘကြီးထွန်းရင်ကတော့ ဘယ်ကိုလည်းမသိဘူးထွက်သွားလေရဲ့၊ ကျုပ်တို့ထိုင်နေတဲ့အနားကို မိုးစွေလာထိုင်ပါရော။

“မိုးစွေ၊ ကိုထွန်းရင်ပြောတဲ့ မင်းတို့မိဘတွေပိုင်ခဲ့တဲ့လယ်ကို မင်းရောက်ဖူးသလား”

မိုးစွေက ခေါင်းခါပြတယ်ဗျ၊

“အရင်က ရောက်ဖူးပေမယ့် အခုတော့မရောက်ဖူးဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်ငယ်ငယ်ခြောက်နှစ်သားလောက်က အိမ်ကနေတစ်ယောက်တည်း အဲဒီကုန်းကိုထွက်သွားခဲ့ဖူးလို့ပဲဗျ၊ ဘကြီးရဲ့သားက အသိမြန်လို့မသေတာဗျို့၊ ကျုပ်တစ်ယောက်ထဲ ညကြီးမင်းကြီး အဲဒီလယ်တွေဆီကိုထသွားတာတဲ့ဗျာ”

“မင်းကရော ဘာမှမမှတ်မိဘူးလား”

မိုးစွေက ခေါင်းခါပြတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုတစ်ချက်လှမ်းကြည့်တယ်၊ ပြီးတော့ မိုးစွေကို ပုခုံးပုတ်ရင်း

“ငါအဲဒီလယ်တွေဆီကိုသွားကြည့်ချင်တယ်ကွာ၊ မင်းငါ့ကိုလိုက်ပို့ပေးမလား မိုးစွေ”

မိုးစွေက တွေဝေနေတယ်ဗျ၊ သူ့ကြည့်ရတာ ကြောက်နေတဲ့ပုံပဲ၊ ကျုပ်လည်း ထူးဆန်းနေတာပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ လယ်တွေရှိနေရဲ့သားနဲ့ ပေတောရွာက လယ်ကိုဘာလို့စိတ်ဝင်စားသလဲပေါ့၊ ကြည့်ရတာ ဦးဘသာမှာ အကြံအစည်တစ်ခုခုတော့ ရှိနေတဲ့ပုံပဲဗျ၊ မိုးစွေက ခေါင်းခါလိုက်ပြီးတော့

“ကျုပ်မသွားရဲဘူးဗျာ၊ ကျုပ်က စေတီလှတောဘက်ကိုသာ အကြောက်အလန့်မရှိသွားရဲတာဗျ၊ ကျုပ်မိဘတွေသေထားတဲ့ လယ်ထဲကိုတော့ မဆင်းရဲဘူး၊ မဆင်းးဝံ့ဘူးဗျာ”

“မကြောက်စမ်းပါနဲ့ မိုးစွေရာ၊ ငါလည်းပါပါတယ်ကွ၊ ကဲ လိုက်ပို့မယ်မဟုတ်လား”

မိုးစွေက ဒီတော့မှ ခေါင်းညိတ်ရင်း

“ဟုတ်ကဲ့၊ ဒါဆို နေမဝင်ခင် အမြန်ရောက်အောင်သွားကြတာပေါ့ဗျာ”

ဦးဘသာအစွမ်းကိုတော့ မိုးစွေက ယုံတဲ့ပုံပါပဲဗျာ၊ ဒီလိုနဲ့ မိုးစွေက ပုဆိုးသွားလဲဝတ်တော့ ကျုပ်လည်း ဦးဘသာကိုလက်ကုပ်လိုက်တာပေါ့။

“ဦးဘသာ၊ ဒီလယ်တွေက ဘာဖြစ်နေလို့လဲဗျ”

“ကြည့်ရတာ ဒီကိစ္စမှာတော့ ငါတို့ဝင်ပါမှ ဖြစ်တော့မယ်ထင်ပါတယ်ကွာ”

(၃)

ဒီလိုနဲ့ ကျုပ်တို့သုံးယောက် ပေတောရွာကနေ အနောက်ဘက်ကိုထွက်ခဲ့တယ်ဗျ၊ ကျုပ်တို့အရှေ့ဆုံးက မိုးစွေကသွားနေတယ်၊ အနောက်မှာတော့ ဦးဘသာက ဝါးစိမ်းတုတ်ကလေးတစ်ချောင်းကိုင်ရင်း သွားနေတယ်ဗျ၊ နောက်ဆုံးကတော့ ကျုပ်ပေါ့ဗျာ၊ ပေတောရွာ အနောက်ဘက်မှာ လယ်ကွင်းတွေအများကြီးပဲရှိတယ်ဗျ၊ အဲဒီလယ်ကွင်းတွေရဲ့ အစွန်လောက်မှာတော့ ချုံနွယ်ပိတ်ပေါင်းတွေထနေတဲ့ တောရိုင်းမြေကြီးတစ်ခုရှိတာပေါ့ဗျာ၊ အဲဒီတောရိုင်းမြေကြီး အလယ်မှာ ထန်းပင်သုံးပင်က အတန်းလိုက်ပေါက်နေပါသေးတယ်၊ မိုးစွေက အဲဒီနေရာကိုလက်ညှိုးထိုးပြပြီးတော့

“ဆရာကြီး၊ အဲဒီလယ်ပါပဲ”

“အေး၊ ငါအနီးကပ်သွားကြည့်ချင်တယ်ကွာ”

မိုးစွေက ဦးဘသာကိုတစ်ချက်ကြည့်တယ်၊ နောက်တော့မှ အရှေ့ကနေ ကုပ်ချောင်းချောင်းနဲ့ဆက်လျှောက်သွားတာပါပဲဗျာ၊ ရွာကနေ ကွမ်းတစ်ယာညက်လောက်လျှောက်ပြီးတော့ အဲဒီနေရာကိုရောက်တယ်ဗျ၊ လမ်းခရီးမှာတော့ ထူးထူးဆန်းဆန်း ဦးဘသာ မိုးစွေကို ကွမ်းတစ်ယာထုတ်ကျွေးတယ်ဗျ။

“မောင်မိုးစွေ၊ မင်း ကွမ်းစားတတ်သလား”

“ဟုတ်ကဲ့၊ တစ်ခါတစ်လေစားပါတယ် ဆရာကြီး”

“အေး၊ ဒါဆိုရင် ဒီကွမ်းလေးစားလိုက်ကွာ”

ဦးဘသာက မိုးစွေကို ကွမ်းတစ်ယာလှမ်းပေးတယ်ဗျ၊ မိုးစွေကလည်း ကြောင်တောင်တောင်နဲ့ဦးဘသာကိုကြည့်နေတယ်၊

“ဟေ့ကောင်လေး၊ မင်းကိုလူကြီးတွေပြောတာ နားထောင်ဖို့ မင်းဘကြီးက သင်မထားပေးဘူးလားကွ”

ဦးဘသာက ငေါက်လိုက်တော့မှ မိုးစွေက ကွမ်းယာကိုယူပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်လိုက်တော့တာပဲဗျာ၊ မိုးစွေက ဆက်လျှောက်သွားတော့ ဦးဘသာအနားကို ကျုပ်ကပ်ပြီး လက်ဝါးဖြန့်လိုက်တာပေါ့။

“အောင်မယ်၊ မင်းကဘာလိုချင်တာလဲ”

“ကျုပ်လည်း ကွမ်းတစ်ယာလောက်ပေးလေဗျာ၊ လမ်းသွားရင်း ပျင်းတော့ဝါးချင်လို့”

“မရှိဘူးဟေ့၊ ကွမ်းက တစ်ယာထဲပါတာကွ”

ဦးဘသာက ခပ်ဆတ်ဆတ်ပြောပြီးတော့ လမ်းဆက်လျှောက်သွားတော့တာပဲဗျာ။

ချုံတွေထူလိုက်တာကတော့ ပြောမနေပါနဲ့ဗျာ၊ မစိုက်မပျိုးတာကြာလို့ သစ်ပင်ပေါင်းစုံကလည်း အလေ့ကျပေါက်ပြီးတော့ တောအုပ်ကလေးလိုတောင်ဖြစ်နေပြီဗျ၊ လူတစ်ရပ်မြင့်တဲ့ သစ်ပင်ကလေးတွေအောက်ကနေ ကျုပ်တို့ချုံထဲကိုတိုးခဲ့ကြတယ်၊ အချိန်က နေမဝင်သေးပေမယ့် အဲဒီချုံတွေအောက်ရောက်တော့ အေးစိမ့်ပြီးတော့ မှောင်ရိပ်ကျနေတယ်ဗျ။

“ဆ၊ ဆရာကြီး ကျုပ်တော့ဆက်မနေဝံ့တော့ဘူးနော်”

“ငါရှိပါတယ်ဆိုကွာ၊ မင်းတို့အဖေအမေတွေ သေခဲ့တဲ့ လယ်စောင့်တဲကလေးက ဘယ်အနားလောက်လဲကွ”

“လူကြီးတွေပြောတာတော့ ဟောဟိုထန်းသုံးပင်အောက်နားမှာ လယ်တဲကလေးရှိခဲ့ဖူးတယ်တဲ့ဗျ”

ဦးဘသာက တောအုပ်ကိုဆက်တိုးသွားတယ်ဗျ၊ ကျုပ်လည်း ဆက်လိုက်လာတာပေါ့ဗျာ၊ အနောက်ကတော့ မိုးစွေပေါ့၊ ကျုပ်တို့တိုးလာခဲ့ပြီး ထန်းသုံးပင်အနားကိုရောက်တော့ မြေကြီးက ပြောင်ပြောင်ကလေးဖြစ်နေတယ်ဗျ၊ ဦးဘသာက ထန်းပင်တွေအပေါ်ကိုမော့ကြည့်လိုက်တယ်၊ ထန်းပင်တွေက ထန်းတက်မယ့်လူမရှိတာကြောင့် ထန်းဖလက်တွေက တွဲလောင်းကျနေပြီးတော့ အရုပ်ဆိုးတာပေါ့ဗျာ။

ဒီအချိန်မှာပဲ ကျုပ်တို့အနောက်က ချုံတိုးသံကြားရတယ်ဗျ၊ ကျုပ်နဲ့မိုးစွေလည်း ကြောက်ကြောက်နဲ့လှည့်ကြည့်လိုက်တာပေါ့ဗျာ၊ ဘာမှတော့မတွေ့ဘူးဗျ၊ နောက်တော့ ချုံတိုးသံတွေက တစ်နေရာထဲကနေမဟုတ်ဘဲ ကျုပ်တို့ကိုပတ်ပြီးတော့ လှည့်ပတ်ပြေးနေသလိုပဲဗျ၊ မကြာပါဘူး၊ အဲဒီအနားက ချုံတွေအားလုံးကို လူတွေကလှှုပ်နေသလိုမျိုး တဖြန်းဖြန်းနဲ့လှုပ်နေပါရောလားဗျာ၊ မိုးစွေလည်း တော်တော်ထိတ်လန့်နေတာနဲ့ ပြန်ပြေးဖို့လုပ်တာပေါ့။

“ဟေ့၊ ဘယ်သူမှ မပြေးနဲ့နော်၊ ငါရှိတယ်၊ ဘာမှမကြောက်နဲ့၊ မင်းတို့ပြေးတော့မှ ပိုဆိုးသွားမယ်ကွ”

ထွက်ပြေးချင်တဲ့မိုးစွေတောင် ဦးဘသာစကားကြားပြီးတော့ ငြိမ်ကုပ်သွားတယ်။ ခဏကြာတော့ သစ်ပင်တွေလည်း ပြန်ပြီးငြိမ်သွားတယ်ဗျ၊ ကျုပ်တို့ဖြင့် သက်ပြင်းချမလိုရှိသေးတယ်၊ ချုံတွေကြားထဲကနေ ကျောက်တုံးတွေ၊ သစ်ကိုင်းခြောက်တွေထွက်လာပြီး ကျုပ်တို့ကိုလာထိပါရောဗျာ၊ ကျောက်တုံးသေးသေးလေးတွေ သစ်ကိုင်းလေးတွေဆိုတော့ သိပ်တော့မနာဘူးဗျ၊ ထိမိရင် စပ်ရုံစပ်သွားတာ။ ဦးဘသာက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ပြီးတော့

“ဟေ့၊ ဘယ်သူခြောက်နေတာလဲကွ၊ သတ္တိရှိရင် အကောင်အထည်ပြစမ်း”

လို့အော်လိုက်တော့ ပစ်ခတ်နေတာတွေရပ်သွားပြီးတော့ ထန်းပင်ကြီးပေါ်ကနေ တဂျွတ်ဂျွတ်အသံကိုကြားရတာပဲဗျာ၊ ကျုပ်တို့သုံးယောက်သား မော့ကြည့်လိုက်တော့ ထန်းပင်ထိပ်နားကနေ အကောင်ကြီးတစ်ကောင်က ကုပ်ဖက်ပြီးတော့ ဇောက်ထိုးကြီးဆင်းလာတာပဲဗျာ၊ အရောင်အသွေးကတော့ ထန်းသီးရောင်လို မည်းမည်းပြောင်ပြောင်နဲ့ဗျာ၊ ခြေတံလက်တံရှည်ရှည်နဲ့ အကောင်ကြီးပေါ့၊ ကျုပ်နဲ့မိုးစွေလည်း အဲဒီအကောင်ကြီးကိုတွေ့တော့ လန့်သွားတယ်ဗျ။

“အောင်မယ်လေးသရဲကြီးဗျ”

မိုးစွေလည်း လှည့်ပြေးတော့တယ်ဗျ၊ ဒါပေမယ့် ပြေးမရဘူးဗျို့၊ တစ်ခါ ကျုပ်တို့ခြေထောက်အောက်နား မြေကြီးထဲကနေ လက်ကြီးတစ်ဖက်ထွက်လာပါလေရော၊ လက်က ရွှံ့ရောင်လို ညိုညိုခြောက်ခြောက်ဗျ၊ လက်ချောင်းကြီးတွေကတော့ ပိန်ရှည်ကြီးတွေ၊ လက်ချောင်းတစ်ချောင်းတစ်ချောင်း တစ်ပေလောက်ရှိမယ်ထင်ပါ့ဗျာ၊ အဲဒီလက်က ကျုပ်ခြေထောက်ကိုလာပြီးဖမ်းဆွဲတော့တာပဲဗျာ၊ အထိအတွေ့ကလည်း ခပ်ကြမ်းကြမ်းကြီးဗျာ၊ ကျုပ်လည်း ဦးဘသာပါတယ်ဆိုတာကိုတောင်မေ့ပြီးတော့ လှည့်ပြေးတာပဲဗျို့။

ကျုပ်နဲ့မိုးစွေနဲ့ အနောက်ပြန်လှည့်ပြီးတော့ ခြေကုန်သုတ်ပြေးတာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်လည်းအရှေ့မရောက်သလို မိုးစွေလည်းအရှေ့မရောက်ဘူးဗျ၊ ကျုပ်တို့နှစ်ယောက်ခြေထောက်တွေကို အားကုန်သုံးပြီးပြေးပေမယ့် ကျုပ်ခြေထောက်ကို လက်ကြီးတစ်ဖက်က ဆွဲထားသေးပါရော။

“အောင်မယ်လေး၊ ကယ်ကြပါအုံး၊ သရဲကြီးက ကျုပ်ကိုဆွဲထားတယ်ဗျ”

မိုးစွေက ထအော်တယ်ဗျ။

“ဟေ့ကောင်မိုးစွေ မင်းကိုသရဲဆွဲထားတာမဟုတ်ဘူးကွ၊ ငါဆွဲထားတာ”

ဦးဘသာက ထအော်တော့မှ မိုးစွေကလှည့်ကြည့်လိုက်တော့ သူ့အင်္ကျီဂုတ်စကို ဦးဘသာက ဆွဲထားတယ်ဗျ၊ ဒါကြောင့် မိုးစွေက ပြေးမရတာကိုး။ ကျုပ်လည်းပြေးနေတာကိုရပ်ပြီးတော့

“ဒါဆိုရင် ကျုပ်ကိုရော ဦးဘသာဆွဲထားတာလား”

လို့ပြောပြီး ခြေထောက်အောက်ကိုငုံ့ကြည့်တော့ မြေကြီးထဲကနေ လက်ကြီးတစ်ဖက်ကိုတွေ့ရတယ်။ ကျုပ်တို့တော့ ဦးဘသာကဆွဲထားတာမဟုတ်ဘူးဗျို့၊ သရဲကြီးက ဆွဲထားတာဗျ၊ ကျုပ်ကြည့်နေတုန်းမှာပဲ သရဲကြီးတစ်ကောင်က မြေကြီးထဲကနေ တိုးထွက်လာတယ်၊ မာကြောကြမ်းတမ်းတဲ့ မြေပြင်ကြီးက မသိရင်ရေပြင်ကြီးကျနေတာပဲဗျာ၊ တစ်ကိုယ်လုံးအမွှေးတွေနဲ့ ဖုံးနေတဲ့ အကောင်တစ်ကောင်ဗျို့၊ မျက်တွင်းတွေက နက်နေပြီးတော့ မျက်လုံးတွေကလည်း မည်းမည်းကြီးတွေဗျ။

“ဟေ့ကောင်တွေ၊ ဘာမှမကြောက်နဲ့၊ ဒါဘယ်သူလဲဆိုတာ သိကြသလားကွ”

ကျုပ်လည်းခေါင်းခါလိုက်တယ်ဗျ၊ ဦးဘသာ ထန်းပင်ပေါ်ကဇောက်ထိုးဆင်းလာတဲ့အကောင်ကြီးကိုလက်ညှိုးထိုးပြီးတော့

“စံပေါရေ၊ မင်းလူရုပ်အတိုင်း ကိုယ်ထင်ပြစမ်းဟေ့”

ဦးဘသာပြောပြီး မကြာပါဘူး၊ ထန်းပင်ပေါ်ကဆင်းလာတဲ့အကောင်ကြီးက လူပုံစံဖြစ်သွားတယ်ဗျ၊ အကျီကြမ်းတစ်ထည်ကို ရင်ဘတ်ဖွင့်ဝတ်ထားပြီးတော့ အောက်ကလည်း ဒူးလောက်သာသာရှိတဲ့ ပုဆိုးကိုဝတ်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းသွားတာပေါ့ဗျာ၊ မိုးစွေကတော့ အံ့သြလွန်းလို့ ပါးစပ်ကြီးဟပြီးတော့ ကျောက်ရုပ်ကြီးလိုရပ်နေတယ်ဗျ။

ဒီလူကြီးကလည်း သူ့လက်ချောင်းတွေကို သူပြန်ငုံ့ကြည့်ပြီးတော့

“ကျုပ် . . . ကျုပ် လူပုံစံပြန်ဖြစ်ပြီဗျ”

အသံကွဲအက်အက်ကြီးနဲ့အော်တယ်၊ ဒီလိုပဲ ကျုပ်ခြေထောက်ကိုကိုင်ထားတဲ့ သရဲကြီးကလည်း တဖြည်းဖြည်းနဲ့ ဘီးဆံပတ်ကြီးထုံးထားတဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားတယ်ဗျ၊ အဲဒီမိန်းမက မြေပေါ်မှာဆောင့်ကြောင့်ထိုင်ရင်း ကျုပ်ခြေထောက်တွေကိုလှမ်းကိုင်ထားတာ၊ ဒီတော့မှ မိုးစွေက သတိဝင်လာတယ်။

“စံပေါ၊ စံပေါဆိုတော့ ဟောဟိုက ကျုပ်အဖေစံပေါလား”

ဦးဘသာက ခေါင်းညိတ်လိုက်တယ်ဗျ။ မိုးစွေက ကျုပ်ခြေထောက်ကို ကိုင်ထားတဲ့ မိန်းမကြီးကိုကြည့်လိုက်ရင်း

“ဒါကတော့ ကျုပ်အမေ ခင်ခင်ဆိုတာလား”

ဒီတော့မှ မိန်းမကြီးက ကျုပ်လက်ကိုလွှတ်လိုက်ပြီးတော့ မိုးစွေဘက်ကိုလှည့်ကြည့်တယ်ဗျ၊ အဲဒီမိန်းမက မိုးစွေကိုစိုက်ကြည့်ပြီးတော့

“သား . . . သားလေး”

မိုးစွေက တအံ့တသြနဲ့ကြည့်နေရင်း မျက်ရည်တွေ ပေါက်ခနဲပေါက်ခနဲ စီးကျလာပါရောဗျာ၊ ပြီးတာနဲ့ သူ့အမေဆီကိုပြေးသွားတယ်၊

“အမေ၊ အမေ့ကိုကျုပ်မြင်ဖူးပြီ၊ အဖေ့ကိုလည်း ကျုပ်မြင်ဖူးပြီဗျ”

မိုးစွေက သူ့အမေလက်တွေကိုပြေးဆွဲတယ်ဗျ၊ ဒါပေမယ့် သရဲမကြီးက အကိုင်မခံဘူး၊ လက်ကိုရှောင်နေတယ်။ ကျုပ်တောင်မှ သူတို့သားအမိတွေကို ဘေးနားကနေကြည့်နေရင်း ရင်ထဲတစ်ဆို့ဆို့ကြီးဖြစ်လာတယ်ဗျ။

“ကျုပ် တစ်သက်နဲ့တစ်ကိုယ် အမေတို့ကိုမမြင်ဖူးဘူးဗျာ၊ အခုမှပဲ မြင်ရပြီ”

ဒီတော့ ထန်းပင်အနားမှာ ရပ်နေတဲ့ ဦးစံပေါက သူ့သားဆီကိုပြေးလာတယ်။

“သားရယ်၊ အဖေတို့လည်း သားဆီကိုလာချင်ပါတယ်၊ သားကိုတွေ့ချင်လွန်းလို့တောင်မှ သားငယ်ငယ်က အဖေတို့လှမ်းခေါ်ဖူးတယ်သား”

“တွေ့ချင်ရင် လာတွေ့ပေါ့အဖေရ၊ သားက ရွာမှာရှိတာပဲကို”

မိုးစွေပြောလိုက်တော့ ဦးစံပေါရော၊ ဒေါ်ခင်ခင်ရော မျက်နှာပျက်သွားကြတယ်ဗျ။

“သားရွာမှာရှိနေတာသိပေမယ့် အမေတို့သားဆီကို မလာနိုင်ပါဘူးသားရယ်၊ ကဲ အခုတော့ သားကိုအမေပြန်တွေ့ရပြီ၊ အမေတို့နဲ့အတူတူဒီမှာလာနေပါလားသား”

ဒီတော့ ဦးဘသာက ချောင်းဟန့်လိုက်ပြီး

“ဟဲ့ခင်ခင်၊ နင်တို့သားနဲ့ နင်တို့နဲ့က ဘဝတွေခြားနေပြီဟဲ့၊ နင်တို့ဘဝနဲ့နင်၊ သူ့ဘဝနဲ့သူ ရှိစေတော့ပေါ့ဟာ”

ဒေါ်ခင်ခင်က ဦးဘသာကို ဒေါသတကြီးနဲ့ကြည့်လိုက်ပြီးတော့

“အောင်မာ၊ အဘိုးကြီး၊ ရှင်နဲ့ဘာဆိုင်လို့ ဝင်ပါရတာလဲ”

ပြီးတော့ မိုးစွေလက်ကိုလှမ်းဆွဲလိုက်တယ်ဆိုရင်ပဲ ဒေါ်ခင်ခင်လက်က ရှဲခနဲထမြည်ပြီးတော့ တစ်ချက်တွန့်သွားတယ်ဗျ။ မိုးစွေကတော့ မသိဘူးထင်ပါရဲ့။

“အမေ၊ အမေ”

ဆိုပြီးတော့ သူ့အမေကိုလက်ကမ်းပေမယ့် သူ့အမေက မကိုင်ဝံ့ဘူးဗျာ။

“မကိုင်နဲ့၊ အမေ့ကိုမကိုင်နဲ့၊ အမေ့ကိုမကိုင်နဲ့”

ဦးဘသာက ခါးထောက်ပြီး

“နင်တို့သားကို နင်တို့ခေါ်သွားမရအောင် အစီအမံလုပ်ပေးပြီးသားဟဲ့၊ နင်တို့သဘောပေါက်လိုက်ကြ၊ ကဲ ကဲ ငါကောင်းကောင်းမွန်မွန်ပြောနေတုန်း နင်တို့ပစ္စည်းတွေထုတ်ပေးကြ”

ဦးစံပေါက ဦးဘသာကိုကြည့်ရင်း

“အောင်မာ၊ ခင်ဗျားကြီးက လူပါးဝလို့”

ဦးစံပေါက ချက်ချင်းပဲ သရဲပုံကြီးပြန်ဖြစ်သွားပြီးတော့ ဦးဘသာဆီကိုအတင်းခုန်ဝင်တာပါပဲဗျာ၊ ဦးဘသာက လက်ထဲကဝါးစိမ်းတုတ်ကလေးနဲ့ လှမ်းရိုက်ထည့်လိုက်တော့ ဝုန်းခနဲအသံနဲ့အတူ သရဲကြီးဦးစံပေါက မြေပြင်ပေါ်ကို မှောက်ခုံကြီး ကျသွားတော့တာပဲဗျာ၊ ကျသွားပြီး တော်တော်နဲ့ပြန်မထနိုင်ဘူးဖြစ်နေတယ်ဗျ၊ ဒေါ်ခင်ခင်ကလည်း သရဲကြီးဖြစ်ပြီး ဦးဘသာကိုလွှားခနဲအုပ်ပါရော၊ ဒါပေမယ့် ဦးဘသာက မတ်တပ်ရပ်နေတဲ့နေရာကနေ ရုတ်ခြည်းပျောက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှာသွားပေါ်တယ်ဗျ၊ ဒေါ်ခင်ခင်က စိတ်ဆိုးသွားပြီး ဦးဘသာကို ဖားတစ်ကောင်လိုမျိုး ခုန်အုပ်ပြန်ရောဗျာ၊ ဒါပေမယ့် ဦးဘသာကိုမထိပါဘူး၊ သူခုန်အုပ်လို့ ဦးဘသာကိုထိလုထိခင်မှာပဲ ဦးဘသာက လှစ်ခနဲပျောက်သွားပြီးတော့ ဆယ်ပေလောက်ဝေးတဲ့တစ်နေရာမှာ ပြန်ပေါ်သွားရောဗျ၊ ဒီတော့ လက်ထဲက ဝါးစိမ်းတုတ်ကလေးကို မိုးပေါ်ကိုလှမ်းပစ်တင်လိုက်ပြီးတော့

“သရဲမကို ရိုက်စမ်းဟေ့”

လို့ အမိန့်ပေးလိုက်တာနဲ့ ဝါးစိမ်းတုတ်ကလေးက သူ့အလိုလိုလေပေါ်ပျံသွားပြီးတော့ သရဲမကိုတဖြန်းဖြန်းနဲ့ရိုက်တော့တာပါပဲဗျာ၊ လက်သန်းလုံးလောက်ရှိတဲ့ ဝါးစိမ်းတုတ်ဆိုပေမယ့် သူတစ်ချက်တစ်ချက်ရိုက်လိုက်ရင် သရဲမခမျာ ကျောကော့အောင်ကို ခံရတာပဲ၊ ဝါးစိမ်းတုတ်ကလည်း သရဲမကို ကျောတွေ၊ ရင်တွေ လှိမ့်ရိုက်တော့တာဗျ။

(၄)

“မရိုက်ပါနဲ့တော့၊ အမေ့ကို မရိုက်ပါနဲ့တော့”

မိုးစွေက ပြေးဝင်လာပြီး တုတ်ကိုအတင်းလိုက်ဖမ်းတယ်ဗျ၊ ဦးဘသာလည်း သနားသွားတယ်ထင်ပါရဲ့ဗျာ၊ လက်ဝါးဖြန့်ပြီး မိုးပေါ်ထောင်လိုက်တော့ ဝါးစိမ်းတုတ်ကလေးက လှစ်ခနဲပျံထွက်ပြီးတော့ ဦးဘသာလက်ထဲကိုပြန်ရောက်သွားပါရော။

ဒီအချိန်မှာပဲ ကျုပ်ကိုအနောက်ကနေ တစ်ယောက်ယောက်က အားနဲ့ဆွဲပွေ့ဖက်လိုက်တယ်ဗျ၊ ကျုပ်ကိုယ်ကျုပ်ငုံ့ကြည့်လိုက်တော့ လက်မည်းမည်းကြီးက ကျုပ်ကိုအတင်းဖက်ထားတယ်၊ ပြီးတာနဲ့ ထန်းပင်ကြီးပေါ်ကို ပြေးတက်တော့ ကျုပ်လည်း ထန်းပင်အပေါ်ကိုပါသွားတာပေါ့ဗျာ၊ ထန်းပင်တက်တာလည်း မြန်သလားမမေးနဲ့ဗျာ၊ ရိပ်ခနဲ ထန်းပင်ထိပ်နားကိုရောက်သွားတာဗျ၊ ကျုပ်ကိုဖမ်းသွားတဲ့လူကတော့ သရဲကြီးဦးစံပေါပေါ့ဗျာ။

“ဟား၊ ဟား၊ ကျုပ်သားကိုခေါ်မရရင်၊ ဒီကောင်လေးကိုခေါ်ထားမယ်၊ ခင်ဗျားကြီး ကျုပ်သားကိုခေါ်ခွင့်မပေးဘူးဆိုရင် ဒီကောင့်ကို ကျုပ်ထန်းပင်ပေါ်ကနေပစ်ချမယ်”

အသံကွဲကွဲကြီးနဲ့ပြောတာဗျ၊ ထန်းပင်ကမြင့်တော့ လေတွေက တဝူးဝူးနဲ့တိုက်နေတာဗျာ၊ ကျုပ်ဖြင့် အောက်ကိုကြည့်ပြီးတော့ အသည်းတအေးအေးနဲ့ပေါ့၊ တကယ်ပါ၊ ထန်းပင်ဘယ်လောက်မြင့်သလဲဆိုရင် အောက်က ဦးဘသာတို့ကိုတောင် ခပ်သေးသေးပဲမြင်ရတာဗျ။

“ကယ်ပါအုံး၊ ဦးဘသာ ကျုပ်ကိုကယ်ပါအုံး”

ဦးဘသာက ထန်းပင်ပေါ်ကို ဝါးစိမ်းတုတ်နဲ့လှမ်းညွှန်ရင်း

“ဟေ့ကောင်စံပေါ၊ အလတ်ကောင်ကို ချထားလိုက်စမ်း”

“ဟီး၊ ဟီး မချပေးဘူး၊ ကျုပ်သားကို ကျုပ်တို့ပြန်ခေါ်မယ်”

“အောင်မာ၊ မင်းတို့ကတော့ ငါ့အကြောင်းသိချင်နေပြီထင်တယ်ကွ”

ဦးဘသာဘာလုပ်လိုက်သလဲတော့မသိပါဘူးဗျာ၊ အဲဒီထန်းပင်ထိပ်က ထန်းလက်တွေက ယပ်တောင်ကြီးတွေလို လုှုပ်လာပြီးတော့ သရဲကြီးဦးစံပေါကို တဖြန်းဖြန်းနဲ့ရိုက်ပါလေရောဗျာ၊ ထန်းလက် လေးငါးလက်က ဝိုင်းရိုက်တာဆိုတော့ တဖြန်းဖြန်း၊ တခွပ်ခွပ်နဲ့ပေါ့၊ ဒီတော့မှ ဦးစံံပေါက

“ကြောက်ပါပြီ၊ မလုပ်ပါနဲ့တော့” လို့အော်ပြီးတော့ ဘာမပြောညာမပြောနဲ့ ကျုပ်ကိုဖမ်းထားတဲ့လက်ကို လွှတ်ချလိုက်တယ်ဗျာ၊ ကျုပ်လည်း ထန်းပင်ပေါ်ကနေ ပြန်ကျတာ အေးခနဲပဲဗျို့၊ ကိုယ့်ကိုယ်ကိုယ်တော့ သေပြီထင်တာဗျ၊ ဒီလောက်အမြင့်ကြီးကနေ ဇောက်ထိုးကြီးပြုတ်ကျတာကိုး၊ ဒါပေမယ့် မြေကြီးပေါ်ကိုမကျခင် ကျုပ်ကိုယ်လုံးက တစ်ပတ်လည်သွားပြီးတော့ ဟော၊ မြေကြီးပေါ်လည်းရောက်ရော မတ်တပ်ကြီးဗျာ၊ မသိရင် တစ်ယောက်ယောက်ကဖမ်းပြီးတော့ မတ်တပ်ရပ်ပေးလိုက်သလိုပဲဗျ။

ဦးဘသာက ထန်းပင်ပေါ်က သရဲကြီးဦးစံပေါဆီကို လက်ဝါးနဲ့ထိုးချိန်လိုက်ပြီးတော့

“ဟေ့ကောင်လာစမ်း”

ဆိုတာနဲ့ ထန်းပင်ပေါ်က သရဲကြီးက ဖုတ်ခနဲမြေကြီးပေါ်ကိုပြုတ်ကျပြီးတော့ ဦးဘသာရဲ့လက်ထဲကို သူ့အလိုလိုရောက်သွားတယ်၊ ဦးဘသာက သရဲကြီးရဲ့ နဖူးကို သူ့လက်ဝါးနဲ့ကပ်ထားတာပေါ့။ တစ်ခါ ဝါးစိမ်းတုတ်ဒဏ်မိပြီးတော့ လူးလှိမ့်နေတဲ့ သရဲမကြီးခင်ခင်ကိုလည်း လက်နဲ့ချိန်လိုက်တော့ အဲဒီလိုပဲ ဦးဘသာဆီကို တရွတ်တရွတ်နဲ့ရောက်သွားပြီးတော့ ဦးဘသာလက်မှာ နဖူးကပြေးကပ်သွားတယ်။

“ငါအခုလာတယ်ဆိုတာ၊ မင်းတို့ရဲ့အစွဲတွေကို ချွတ်ပေးဖို့လာတာပဲဟေ့”

ဦးဘသာ ကြိမ်းဝါးလိုက်ပြီးတော့ သူ့လက်ကနေ ရွှေရောင်တွေဝင်းခနဲလက်သွားတယ်၊ သူစက်တွေလွှတ်လိုက်တာပဲဗျ၊ ဒီအချိန်ပဲ သူ့လက်နှစ်ဖက်မှာ ကပ်နေတဲ့ သရဲလင်မယားက လွင့်ထွက်သွားပြီးတော့ ထန်းပင်နဲ့ဖြတ်တိုက်မိပြီးတော့ ထန်းပင်ခြေရင်းမှာ ပုံပုံကလေးခွေကျသွားတာပေါ့ဗျာ။

ပြီးတာနဲ့ အမြန်ကုန်းထပြီးတော့ ဒူးထောက်ပြီးလက်အုပ်ချီတော့တာပါပဲ။

“ကြောက်ပါပြီဆရာကြီး၊ ကျုပ်တို့ကြောက်ပါပြီ”

“ပြောစမ်း၊ မင်းတို့ရွှေအိုးဘယ်မှာဝှက်ထားသလဲ”

ကျုပ်ဖြင့်မယုံနိုင်ဘူး။

“ဗျာ၊ ရွှေအိုးတဲ့လား”

သရဲမကြီးခင်ခင်က သရဲကြီးဦးစံံပေါကိုကြည့်လိုက်ပြီးတော့ ဦးစံပေါက ငိုက်စိုက်စိုက်နဲ့ထသွားပြီး ထန်းပင်သုံးပင်အကြားလောက်မှာရှိတဲ့ မြေကြီးကို လက်နဲ့စွက်ခနဲ နှိုက်လိုက်တယ်ဗျ၊ မြေမာမာကြီးကိုနှိုက်တာက မသိရင် ရေထဲနှိုက်လိုက်သလိုပဲဗျာ၊ ပြန်ပေါ်လာတော့ လက်ထဲမှာ ဘုရားညောင်ရေအိုးလောက်ရှိမယ့် ရေအိုးကလေးတစ်လုံးပါလာတယ်ဗျ၊ အိုးကလေးက ရွှေရောင်လက်နေတာပဲဗျာ၊ အထဲမှာလည်း ရွှေမန်ကျည်းစေ့တွေ ထည့်ထားသေးတယ်။

သရဲကြီးဦးစံပေါက ဦးဘသာအရှေ့ကိုသွားပြီးတော့ အဲဒီရွှေအိုးကို ချပေးတယ်ဗျ၊ ကျုပ်လည်း ပြေးကြည့်တာပေါ့ဗျာ၊ မိုးစွေလည်း တော်တော်အံ့သြလို့ပေါ့။ ဦးဘသာက ရွှေအိုးကိုသေချာကြည့်ပြီးတော့

“ဒီပစ္စည်းက မင်းတို့နဲ့မထိုက်ဘူးကွ၊ မင်းတို့ဘယ်က ရလာတာလဲ၊ အဲဒီနေရာကို သွားပြန်ပေးလိုက်ကြ”

သရဲကြီးဦးစံပေါက ခေါင်းကိုသွက်သွက်ခါတယ်ဗျ။

“မထားဘူး၊ ဒါကျုပ်တို့ပစ္စည်း၊ ဒါ ကျုပ်တို့ရဲ့ဟာ”

“ဘုရားပစ္စည်းအဆိပ်သီးတဲ့ကွ၊ မင်းတို့မယူကောင်းဘူးနော်၊ ဒီပစ္စည်းကြောင့် မင်းတို့လင်မယားတွေ ဒီလိုဖြစ်ခဲ့တာမဟုတ်လား၊ အခုလည်း ပစ္စည်းကိုစွဲနေလို့ မစားရမသောက်ရ နှစ်ရှည်လများ ဒီမှာစောင့်ရှောက်နေရတယ်မဟုတ်ဘူးလား”

သရဲကြီးဦးစံပေါက ငူငူကြီးထိုင်နေတယ်။ ကျုပ်လည်း မေးချင်တာ မနေနိုင်တော့ဘူးဗျာ။

“ဦးဘသာ၊ ဦးဘသာက ဘာလို့ဒီကိစ္စတွေကို သိနေတာလဲဗျ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့

“မင်းနဲ့ ကိုထွန်းရင်နဲ့ မနက်က မိုးစွေမိဘတွေအကြောင်းပြောနေတယ်မဟုတ်လားကွ၊ ဒီအချိန်မှာ ဘာဖြစ်မှန်းမသိဘဲ သေသွားတယ်ဆိုတာကို ငါကထူးဆန်းသွားတာနဲ့ ရွာတော်ရှင်ဆီကို မနောနဲ့လှမ်းဆက်သွယ်ပြီးမေးလိုက်တာကွ”

အခုမှပဲ ကျုပ်သိတော့တယ်၊ ဒါကြောင့် မနက်က စကားပြောနေရင်း ဦးဘသာက တစ်ခုခုကိုတွေးသလိုလိုမျိုး ကြောင်စီစီကြီးဖြစ်နေတယ်မဟုတ်လား။

“ရွာတစ်ရွာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ရွာတော်ရှင်တွေက မီတယ်ကွ၊ ငါလည်း မေးကြည့်တော့မှ သူတို့လင်မယားက ဘုရားပစ္စည်းတစ်ခုကို ရသွားတယ်တဲ့၊ အဲဒါကို ဘုရားသိုက်က လူတွေက ပြန်တောင်းတာကို မပေးကြလို့ သူတို့ကိုသတ်လိုက်တယ်ဆိုပဲ”

ဦးစံံပေါက အသံပြဲကြီးနဲ့ငိုတယ်ဗျ။

“ဟုတ်ပါတယ်ဗျာ၊ ကျုပ်တို့ယူမိပါတယ်”

“မင်းတို့ ဘယ်ကရတာလဲကွ”

“ကျုပ်က တစ်ရက်တော့ ထင်းခွေထွက်ရင်း ဖွတ်တွေ့တာနဲ့ လိုက်မိပါတယ်၊ တောတန်းထဲက တောင်ပို့ကလေးတစ်ခုအောက်ကို ဖွတ်ဝင်သွားတယ်အထင်နဲ့ နှိုက်ရင်း ဟောဒီရွှေအိုးကိုတွေ့တာပါ”

“လတ်စသတ်တော့ မင်းနှိုက်တာက တောင်ပို့မှမဟုတ်ဘဲကွ၊ ရှေးခေတ်ကတည်ထားခဲ့တဲ့ ဘုရားတစ်ဆူဆူဖြစ်မှာပေါ့”

“ဟုတ်မှာပါ၊ ကျုပ်လည်း ရွှေအိုးတွေ့လို့ပျော်သွားပြီးတော့ အိမ်ပြန်သယ်ဖို့ယူပါတယ်၊ ဒါပေမယ့် ရွာကလူတွေသိသွားမှာစိုးတဲ့အတွက် အိမ်ကိုပြန်မသယ်တော့ဘဲနဲ့ လယ်ထဲကိုသယ်လာပြီးတော့ လယ်တဲရဲ့တိုင်အောက်ခြေနားမှာ မြှုပ်ထားလိုက်ပါတယ်”

ဒီတစ်ခါတော့ ကျုပ်လည်း ဦးစံပေါပြောတာကိုထောက်ခံတယ်ဗျ။

“ဟုတ်တယ်ဦးဘသာ၊ ဦးစံပေါက ဒီပစ္စည်းက ဘုရားပစ္စည်းဆိုတာကို သိခဲ့တာမှမဟုတ်တာဗျ၊ ကျုပ်ဆိုရင်လည်း ယူမိမှာပဲ”

ဦးဘသာက သက်ပြင်းတစ်ချက်ချတယ်၊ ဦးစံပေါကလည်း ဆက်ပြောတယ်ဗျ။

“အဲဒီနေ့ညပဲ ကျုပ်တို့လင်မယားနှစ်ယောက် အိပ်မက်တစ်ခုကို အတူတူမက်ပါတယ်၊ အိပ်မက်ထဲမှာတော့ ဒေါသတကြီးနဲ့လူအုပ်ကြီးတစ်အုပ်ရောက်လာပြီးတော့ ကျုပ်တို့ဆီကရွှေအိုးကိုလာပြန်တောင်းတာပါ၊ မပေးရင် ကျုပ်တို့ကိုသတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်၊ တွေ့ခဲ့တဲ့နေရာမှာ ပြန်လာထားဖို့လည်းပြောပါတယ်၊ ကျုပ်တို့လင်မယားအိပ်မက်ကနေနိုးလာပြီးတော့ အစကတော့ ရေအိုးကိုသွားပြန်ထားမလို့ပါပဲ၊ ဒါပေမယ့် စိတ်ထင်လို့မက်တယ်လို့ သတ်မှတ်ပြီးတော့ ပြန်မသွားထားခဲ့ပါဘူး”

“မင်းတို့ တော်တော်မိုက်တဲ့ဟာတွေပဲ”

“သုံးရက်တိတိအိပ်မက်လာပေးပြီးတော့ နောက်တစ်နေ့မှ လာမပေးရင် သူတို့အဆိုးမဆိုနဲ့လို့ ကြိမ်းဝါးပြီးတော့ အိမ်မှာမွေးထားတဲ့ ခွေးကိုသတ်သွားကြပါတယ်၊ ကျုပ်တို့အိပ်မက်က နိုးလို့ထကြည့်တော့ ခွေးကြီးက သေနေပါပြီ”

“ဒါတောင်မှ ခင်ဗျားတို့က ပြန်မပေးကြဘူးလား”

ဦးစံပေါက ခေါင်းခါတယ်။

“ကျုပ်တို့ကတော့ နာနာဘာဝတွေက မကျေနပ်တာဖြစ်မယ်လို့တွေးပြီး အိမ်မှာအလှူလုပ်၊ ပရိတ်ရွတ်မယ်လို့ တွေးမိပြီးတော့ အဲဒီနေ့မှာပဲ ကန်သင်းဖော်မယ်ဆိုပြီးတော့ လယ်ထဲဆင်းရင်း ရွှေအိုးထဲကနေ ရွှေမန်ကျည်းစေ့တွေလာယူတာပါ၊ ကျုပ်မိန်းမ ထမင်းပို့ပြီးအပြန် သူ့ထမင်းတောင်းထဲမျာ ရွှေမန်ကျည်းစေ့တွေ ထည့်ပေးလိုက်မယ်ဆိုပြီးကြံခဲ့တာပါ၊ ဒါပေမယ့် . . .”

“ဘာဖြစ်လဲဗျ”

“ကျုပ်တို့လင်မယားရွှေအိုးကိုပြန်ဖော်မယ်ကြံစည်တုန်းမှာပဲ မြေကြီးထဲက ဘီလူးကြီးတစ်ကောင်ထွက်လာပြီးတော့ ကျုပ်တို့ကိုသေသေချာချာကြည့်ပါတယ်၊ သူ့မျက်လုံးတွေကို ကျုပ်တို့လည်းကြည့်မိပြီးတော့ ဘာဖြစ်သွားမှန်းကိုမသိလိုက်ပါဘူး၊ ကျုပ်တို့ပြန်သတိရလာတော့ ကျုပ်တို့က သေနေပါပြီ”

“ဒါကြောင့် ဖိုးခွေးက ဘာရောဂါမှန်းမသိတာကိုးကွ”

ကျုပ်လည်းမနေနိုင်တော့ဘူးလေဗျာ။

“ဒါနဲ့မေးပါရစေအုံး၊ ခင်ဗျားတို့သေသွားတော့ အဲဒီဘီလူးကြီးက ရွှေအိုးကို ပြန်မယူသွားဘူးလား”

ဦးစံပေါက ခေါင်းခါလိုက်ပြီးတော့

“မြှုပ်ခဲ့တာက ကျုပ်တို့လယ်မှာမို့လို့ ကျုပ်တို့က လယ်ရှင်မြေရှင်လိုဖြစ်နေတော့ သူတို့တူးလို့မရဘူးထင်ပါတယ်၊ ဒါနဲ့ ကျုပ်တို့လည်း ရွှေအိုးကိုစွဲပြီး သရဲကြီးတွေဖြစ်နေတာပါပဲ၊ ကျုပ်တို့ ရွှေအိုးကိုပြန်ဖော်မယ့်လူ လာတဲ့အချိန်ကိုစောင့်နေတာပါ၊ ကျုပ်တို့အထင်ကတော့ တစ်နေ့ကျုပ်တို့သားကလေး ဒီဘက်ကိုလာခဲ့ရင် သူ့ကိုရွှေအိုးမြှုပ်ထားတဲ့နေရာကိုပြခိုင်းပြီးတော့ ဖော်ခိုင်းမလို့ပါ၊ ပြီးရင်တော့ ရွှေအိုးကိုယူပြီး တစ်နယ်တစ်ကျေးကို ထွက်ပြေးခိုင်းမှာပါ”

“တောက်၊ မင်းတို့တော်တော်မိုက်မဲတဲ့သူတွေပဲကွ၊ ဒီရွှေအိုးက မင်းတို့နဲ့တောင်မထိုက်တန်တာ၊ မင်းတို့သားနဲ့ရော ထိုက်ပါ့မလားကွ၊ ရွှေအိုးကြောင့် မင်းတို့သားကို မင်းတို့လိုဖြစ်စေချင်ကြတာလားကွ”

ကျုပ်အခုမှပဲ အားလုံးသဘောပေါက်လိုက်ပါပြီဗျာ၊ လတ်စသတ်တော့ သူတို့လင်မယားက သူတို့သားလေးပြန်လာရင် ရွှေအိုးဖော်ပြီးယူခိုင်းမယ်ဆိုပြီးတော့ စောင့်နေတာကိုးဗျ၊ ဒါကြောင့် ဒီနေရာမှာ လယ်လာလုပ်တဲ့လူတွေ တွေ့သွားမှာစိုးလို့ အမျိုးမျိုးခြောက်လှန့်နေတာပေါ့ဗျာ။ ဦးဘသာက ခါးထောက်လိုက်ပြီး

“မင်းတို့ရွှေအိုးကို ငါမယူဘူူး၊ မင်းတို့သားကိုလည်းမပေးဘူး၊ မင်းတို့တွေ့ခဲ့တယ်ဆိုတဲ့နေရာမှာ သွားထားပေးမယ်၊ မူရင်းပိုင်ရှင်ဆီကိုပို့ပေးမယ်”

ဦးဘသာပြောတော့ သရဲလင်မယားက ခေါင်းခါပြိးငြင်းဆန်ကြတယ်ဗျ။

“အိုတော်၊ ဒီရွှေအိုးကြီးရထားပြီးတော့မှ ကျုပ်တို့က ဘာမှမရပဲဖြစ်တော့မှာပေါ့၊ အနည်းဆုံးတော့ ဒီရွှေအိုးက ကျုပ်တို့တွေ့တာ၊ ရေအဆုံးကုန်းတစ်ဝက်ဆိုသလို ပြန်ပေးရမယ်ဆိုရင်တောင်မှ ကျုပ်တို့သားလေးအတွက် တစ်ဝက်တော့ ယူထားသင့်တယ်မဟုတ်ဘူးလား”

ဦးဘသာက ကျွတ်သပ်ရင်း ခေါင်းခါတယ်။

“သြော်၊ လူတွေ လူတွေ၊ လောဘတက်တာကလည်း သိပ်ကြောက်စရာကောင်းပါလားကွာ၊ ရေအဆုံးကုန်းတစ်ဝက်ဆိုရအောင် ဒီပစ္စည်းတွေက မင်းတို့ပစ္စည်းတွေဟုတ်ရဲ့လား၊ နောက်ပြီး မင်းတို့ကလည်း ဒီအတိုင်းကောက်ရတာဟုတ်လို့လားကွ၊ ငါနောက်ဆုံးအကြိမ်ပြောမယ်နော်၊ မင်းတို့လင်မယား ဒီရွှေတွေကို မမက်မောနဲ့တော့၊ ပြီးတော့ ငါတို့လည်းတစ်ပြားတစ်ချပ်မှမယူဘူး၊ မူရင်းပိုင်ရှင်ဆီကိုပြန်ပေးမယ်”

“ဒါဆို ကျုပ်တို့သားလေးက ဘာမှမရဘူးပေါ့၊ ကျုပ်တို့သားလေးက ဆင်းဆင်းရဲရဲနေရမှာပေါ့”

မိုးစွေက အရှေ့ကိုတက်သွားပြီးတော့

“သားမဆင်းရဲပါဘူးအမေ၊ သားဘကြီးထွန်းရင်တို့အိမ်မှာ ကောင်းကောင်းနေရပါတယ်၊ ထမင်း၀၀စားရပါတယ်အမေ၊ သားကတော့ ဒီမကောင်းတဲ့ရွှေတွေကို မမက်မောတော့ဘူးအမေ”

မိုးစွေက ပြောရင်း ရွှေအိုးကိုလက်နှစ်ဖက်နဲ့ကောက်ကိုင်လိုက်တယ်ဗျ၊ ရွှေတွေက အရည်အသွေးကောင်းလွန်းတာကြောင့် ဒီလောက်မြေကြီးထဲမှာ နှစ်ပေါင်းများစွာနေရတာတောင်မှ ဝင်းလက်နေလိုက်တာဗျာ။ မိုးစွေက သူ့မိဘတွေကိုကျောခိုင်းလိုက်ပြီးတော့

“သားပြန်သွားထားလိုက်မယ်အမေ၊ ဒီက ဆရာကြီးပြောသလိုပဲ၊ ဒီရွှေတွေက ကျုပ်တို့နဲ့မဆိုင်ဘူး”

ဦးစံပေါနဲ့ ဒေါ်ခင်ခင်တို့ကတော့ ရှိုက်ကြီးတငင်နဲ့ငိုယိုနေကြတယ်ဗျ။ ဦးသဘာက သူတို့နှစ်ယောက်အနားကိုကပ်သွားလိုက်ပြီးတော့

“ကဲ နင်တို့နှစ်ယောက် လွတ်လပ်သွားပြီ၊ နင်တို့သွားချင်တဲ့နေရာကိုသွားကြတော့၊ ပြီးတော့ နင်တို့သားနဲ့ နင်တို့နဲ့က ဘဝတွေခြားသွားခဲ့ပြီ၊ နင်တို့လိုယုတ်ညံ့တဲ့ဘဝထဲကို ကလေးကိုဆွဲမသွင်းပါနဲ့တော့၊ သူလည်း သူ့ဘဝနဲ့သူ ရှိပါစေတော့”

ကျုပ်တို့လည်းပြောပြီးတော့ လှည့်ပြန်ခဲ့ကြတယ်၊ မိုးစွေက ခပ်လှမ်းလှမ်းရောက်တော့ ရွှေအိုးကလေးပိုက်ပြိးတော့ နောက်ပြန်လှည့်ကြည့်တယ်ဗျ။

“အဖေ၊ အမေ၊ သားသွားပြီ၊ သားကိုစိတ်မပူပါနဲ့၊ သားကိုစိတ်ချကြပါ”

ဦးစံပေါနဲ့ ဒေါ်ခင်ခင်နဲ့ ငိုယိုနေရင်းနဲ့ ခေါင်းညိတ်ပြလိုက်ကြတယ်ဗျာ။ ကျုပ်တို့ရွာကို မပြန်ဖြစ်ပါဘူးဗျာ၊ တောတန်းကြီးထဲကို တစ်ခါတည်းဝင်လာခဲ့တယ်၊ ဦးဘသာက ဘုရားသိုက်စောင့်တွေနဲ့ ဆက်သွယ်တယ်ထင်ပါတယ်ဗျာ၊ သူပြောတဲ့လမ်းအတိုင်းလိုက်သွားရင်းနဲ့ မကြာခင် ဝါးရုံပင်ကြီးအောက်ခြေက တောင်ပို့ကလေးတစ်ခုအနားကိုရောက်လာတယ်ဗျ၊

“ကဲ၊ မိုးစွေ၊ မင်းမိဘတွေစခဲ့တဲ့ဇတ်လမ်းကို မင်းအဆုံးသတ်လိုက်ပါတော့”

ကျုပ်နဲ့ဦးဘသာလည်း ဝါးရုံပင်အပြင်ဘက်နားမှာ စောင့်နေလိုက်တယ်၊ မိုးစွေက တောင်ပို့ကလေးအနားကိုကပ်သွားပြီးတော့ ရွှေအိုးကို အဲးဒီတောင်ပို့ကလေးအပေါ်မှာပဲတင်ထားခဲ့ပြီးတော့

“ရွှေအိုးပိုင်ရှင်များခင်ဗျာ၊ ကျုပ်ခင်ဗျားတို့ရွှေအိုးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါပြီ၊ ကျုပ်တို့ကျူးလွန်ခဲ့တာတွေရှိရင်လည်း ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်၊ ကျုပ်မိဘနှစ်ပါးကိုလည်း ခွင့်လွတ်ပေးကြပါ”

မိုးစွေလည်း လှည့်ထွက်လာခဲ့တော့တယ်ဗျာ၊ ပေတောရွာအပြန်လမ်းမှာ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောနိုင်ပါဘူးဗျာ၊ ကျုပ်ဖြင့် မိုးစွေကိုသနားလို့ သူ့ပုခုံးကိုတင်းတင်းဖက်ထားမိတယ်ဗျ၊ သြော် မိဘမေတ္တာဆိုတာ သိပ်လည်းဆန်းကြယ်လှပါလားဗျာ၊ ကိုယ့်သားသမီးကောင်းစားစေချင်လို့ ရွှေအိုးကိုစောင့်ကြပ်ပေးနေကြသတဲ့လေ၊ ကျုပ်ဖြင့် ဦးစံပေါတို့လင်မယားကို အပြစ်ပဲတင်ရမလား၊ သနားပဲသနားရမလားဆိုတာ မဝေခွဲတတ်တော့ပါဘူးဗျာ။

ရွာပြန်ရောက်တော့ ညနေအတော်စောင်းပြီဗျ၊ ကျုပ်တို့လည်း ရေမိုးချိုးပြီးတော့ ဘကြီးထွန်းရင်သားချက်ကျွေးတဲ့ မကောင်းတကောင်းဟင်းကလေးတွေကို စားပြီး အိပ်ရာဝင်ခဲ့တာပေါ့ဗျာ၊ မနက်ရောက်တော့ အိမ်နောက်ဘက်တန်းလျားက ဆူညံဆူညံနဲ့အသံကြားရတယ်ဗျ၊ ကျုပ်နဲ့ဦးဘသာလည်း အပြေးသွားတော့ မိုးစွေတစ်ယောက် လက်ထဲမှာ ရွှေမန်ကျည်းစေ့လေးတွေကိုင်လို့ဗျ၊ ဘကြီးထွန်းရင်နဲ့ သူ့သားတွေက တအံ့တသြနဲ့ကြည့်နေကြတယ်။

“ဒါ၊ ဒါ သိုက်နန်းရှင်တွေက ကျေးဇူးတင်လို့ပေးတာဖြစ်မယ်”

ကျုပ်နဲ့ဦးဘသာလည်း မနေ့ကအဖြစ်အပျက်တွေပြန်ပြောတော့ ဘကြီးထွန်းရင်တစ်ယောက် ပါးစပ်တောင်မစေ့နိုင်ပါဘူးဗျာ၊ ဒါနဲ့ မိုးစွေကိုပဲ ဘာလုပ်ချင်သလဲဆိုပြီးမေးတာပေါ့ဗျာ၊ မိုးစွေကတော့ မန်ကျည်းစေ့ကလေးတွေကို ဘကြီးထွန်းရင်ကိုအပ်တယ်ဗျ၊

“ကျုပ်ဒီရွှေတွေမလိုချင်ပါဘူးဗျာ၊ ဒီတော့ ဘကြီးထွန်းရင်ပဲ ကျုပ်အတွက်စီစဉ်ပေးပါ”

“အေး၊ ငါ့တူ၊ ဘကြီး ဘာလုပ်ပေးရမလဲ”

“မန်ကျည်းစေ့ထဲက တစ်ချို့တစ်ဝက်ကို အဖေနဲ့အမေအတွက်ရည်စူးပြီးတော့ လှူဒါန်းပေးပါ ဘကြီး၊ နောက်ပြီးတော့ ကျုပ်လည်း လူ့လောကမှာ နေရတာမပျော်တော့ပါဘူးဗျာ”

ကျုပ်တော်တော်အံ့သြသွားပြီးတော့ မိုးစွေလက်ကိုဆွဲထားလိုက်တယ်။

“မိုးစွေ မင်းဘာတွေမဟုတ်တာလျှောက်လုပ်မလို့လဲ”

မိုးစွေက ကျုပ်ကိုခပ်ပြုံးပြုံးနဲ့ကြည့်ရင်း

“လူ့လောကမှာ မပျော်တော့ဘူးဆိုတာ ဘုန်းကြီးဝတ်တော့မယ်လို့ ပြောချင်တာပါ ကိုအလတ်ကောင်ရ”

“ဟာကွာ၊ ငါ့ဖြင့် ရင်ထဲထိတ်သွားတာပဲ”

ဘကြီးထွန်းရင်က ပြုံးရင်း

“အေးကွာ၊ ငါလည်း ဒီမန်ကျည်းစေ့တွေကို ငါ့အတွက်မသုံးပါဘူး၊ စိတ်ချပါ ငါ့တူ၊ မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ရမယ်၊ ဒီရွှေတွေနဲ့ ရွာမှာအလှူကြီးကျင်းပပြီးတော့ ငါ့တူကိုရှင်ပြုပေးရမယ်ဟေ့”

ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်ကိုတစ်ယောက်ပြုံးရင်းကြည့်လိုက်ကြတော့တာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့ မိုးစွေရဲ့ရှင်ပြုကိုလည်း မမီလိုက်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ နောက်တစ်နေ့ပဲ ပေတောရွာကနေ နွားဝယ်ဖို့ထွက်ခဲ့ကြလို့ပေါ့။

အခုတော့ အဲဒီထန်းသုံးပင်နေရာမှာ ဘုန်းကြီးကျောင်းတိုက်တစ်ခုဖြစ်သွားပါပြီဗျာ၊ အုတ်နဲ့ဘာနဲ့ ခိုင်ခိုင်ခံ့ခံံ့ကျောင်းတိုက်ကြီးပါ၊ ထန်းသုံးပင်တော့ မရှိတော့ပေမယ့် ကျောင်းတိုက်နာမည်ကတော့ ထန်းသုံးပင်ကျောင်းတိုက်လို့ပဲ အမည်တွင်တယ်ဗျ၊ အဲဒီကျောင်းတိုက်မှာ ကျောင်းထိုင်တဲ့ဦးဇင်းကတော့ ဦးအလောဘ တဲ့ဗျာ၊ နာမည်နဲ့လိုက်အောင်ကိုပဲ ခြိုးခြိုးခြံံခြံနဲ့ တရားအားထုတ်တဲ့ဦးဇင်းပါ၊ အဲဒီဦးဇင်းကတော့ ဘယ်သူဖြစ်မလဲ၊ လောဘရဲ့ကြောက်စရာကောင်းပုံတွေကိုသိပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လောဘကိုစွန့်လွှတ်နိုင်ခဲ့တဲ့ တစ်ချိန်က နွားကျောင်းသားလေး မိုးစွေပေါ့ဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်