တာကို ချောက်တွန်းမည့်သူမဟုတ်။
“အမေ့ ပြောကြည့်ဦးမယ်”
“အဒေါ့်ကိုတော့ ပြောပြထားပေါ့၊ မေမေဦးကိုတော့ မပြောနဲ့၊ နင့်အစ်မက ဘွဲ့လေးရတာနဲ့ ဟုတ်လှပြီ ထင်နေတာ၊ သူက ဒီအလုပ်ကို ကန့်ကွက်ချင် ကန့်ကွက်နေမှာ”
“အိုး .. ဘာလို့ ကန့်ကွက်ရမှာလဲ၊ သူကန့်ကွက်လည်း ဂရုမစိုက်ပါဘူး၊ ငါက မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ သူ့လခကလည်း သူ့အ၀တ်အစားဖိုးတောင် အနိုင်နိုင်ရယ်၊ ငါ အမေ့ကို ရအောင်ပြောမယ်၊ မရလည်း ဇွတ်လုပ်မယ်ဟာ”
“အေးလေ၊ ငါက နင့်စိတ်ကို သိပါတယ်၊ ဒါကြောင့်လည်း တိုက်တွန်းတာ၊ အလုပ်ရအောင်တော့ ငါ့သူဌေးကို ပြောပေးမယ်”
“ကျေးဇူးပဲဟယ်”
အံ့သြစရာကောင်းသည်က မေမေဦးက ကန့်ကွက်ခြင်းမရှိသည့်ပြင် တိုက်တိုက်တွန်းတွန်းပင် ပြောလေသည်။
“အေးဟယ် .. ငါတောင် လုပ်ချင်သေးတယ်”
မိန်းကလေးတွေရဲ့အမြင်တွေ ပြောင်းလဲကုန်ပြီလား။ ကျယ်ပြန့်လာတာလား၊ သေးသိမ်ကုန်တာလားတော့ မသိ။ အေးအေးဦးဘက်က တစ်မဲရတော့ အမေ့ကို နားချရသည်။ အမေက အစကတော့ အင်တင်တင်။ နောက်တော့ လခအပြင် အပို၀င်ငွေတွေကို အားကျလာသည်။ သို့သော် မိခင်ပီပီ စိုးရိမ်စကားတော့ ဆိုသေးသည်။
“ကိုယ့်ကိုယ်ကိုတော့ ထိန်းသိမ်းကာကွယ်တတ်ဖို့ လိုတယ် သမီးရယ်”
“အမေကလည်း စိတ်ချပါ၊ ကျွန်မကို ဘယ်သူကများ ထိရဲလို့လဲ”
အေးအေးဦးအကြောင်းကိုတော့ အမေကလည်း သိသည်။ မေမေဦးတို့ အတူးတို့အတွက်သာ ဟိုလူက စလို့ ငိုလာရတာနှင့်၊ ဒီလူက စာလိုက်ပေးလို့ ပြဿနာဖြစ်ရတာနှင့် မကြာခဏ စိတ်မောရသည်။ အေးအေးဦးကတော့ စိတ်ချရသည်။ ပြဿနာကို ဘယ်တော့မျှ အိမ်ကို သယ်မလာတတ်။ သူ့ဘာသာသူ ရှင်းခဲ့သည်။ နှုတ်နှင့်တန်လျှင် နှုတ်နှင့်ရှင်း၏။ လက်နှင့်တန်လျှင် လက်နှင့်ရှင်း၏။ သူ့ကို တော်ရုံလူကလည်း မစရဲ။ သည်သတ္တိလေးအားကိုးနှင့်ပင် အမေက သူ့ကို ခွင့်ပြုလိုက်ရသည်။
မိမိသားသမီးကို ဘယ်မိဘက အန္တရာယ်တောထဲကို လွှတ်ပါ့မလဲ။ သို့သော် ငွေရဖို့အတွက် လှုပ်ရှားရုန်းကန်နေကြသော လူတွေထဲတွင် အေးအေးဦးတို့လည်း ပါ၀င်သည်ပင်။ အားလုံးသောလူတွေဟာ စား၀တ်နေရေးအတွက် တစ်ခုခုကိုတော့ လုပ်ကြရတာပဲမဟုတ်လား။ အလုပ်ချင်း ကွာတာသာ ပြောစရာရှိသည်။ ဒါကလည်း တစ်လောကလုံးက လူတွေမှာ လုပ်စရာအလုပ်က တစ်ခုတည်းရှိတာမှ မဟုတ်တာ။
အေးအေးဦးက သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် အလုပ်ခွင်သို့ ၀င်ခဲ့၏။ အလုပ်ထဲမှာ ဘ၀တူမိန်းမငယ်များနှင့် ဆုံရလေသည်။ သူတို့သည် “ပန်းကမ္ဘာ”မှာ စုရုံးမိကြ၏။ မိန်းကလေးစားပွဲထိုးများကို ဗန်းပြကာ စီးပွားရှာသော ဆိုင်များထဲတွင် “ပန်းကမ္ဘာ”သည် ရှေ့ဆုံးမှ ပါခဲ့သည်။ ပန်းကမ္ဘာ၏အဆင်အပြင်သည် ရှုချင့်စဖွယ်၊ ရင်ခုန်ဖွယ်။ အလုပ်ခွင်၀င်၍ မကြာမြင့်မီမှာပင် သည်နေရာသည် နေသင့်နေအပ်သော အရပ်မဟုတ်ဟု အေးအေးဦး မြင်လာသည်။ ပန်းကမ္ဘာမှ မိန်းကလေးများသည် ပျူငှာလွန်း၏။ မပျူငှာ၍လည်း မဖြစ်။ မိမိတာ၀န်ကျရာ စားပွဲမှ ၀င်ငွေ၏ အချိုးကျရာခိုင်နှုန်းကို ခံစားခွင့်ပေးထားသည်။ သည်တော့လည်း ငွေများများရအောင် ပျူရ ငှာရသည်။
“ဒီနေ့တော့ မစားသာဘူးဟေ့ …။ တို့စားပွဲမှာ လူမကျဘူး၊ နီနီတစ်ယောက်တည်း သိမ်းကျုံးယူနေတော့တာပဲ”
အိမ်ကို ရုံးစာရေးအလုပ်ရသည်ဟု ညာထားသော ဆွေဆွေမာသည် အမြဲတမ်း ညည်းညူတတ်သည်။ သူတို့ထဲမှာ နီနီကို လိုက်မီသူမရှိ။ နီနီ၏အပြုံးနှင့် ဆင်ယင်ခြယ်သမှုက သူတို့ထက် ရှေ့ကပြေးနေသည်။
“အားမကျပါနဲ့ ဆွေဆွေရယ်၊ ရသလောက်ပဲပေါ့”
အေးအေးဦးကတော့ မာနလေးကလည်း ရှိဆဲမို့ ငွေအတွက် မိမိအပြုံးကို အလွဲသုံးစားပြုပြီး မိမိအလှကို အသုံးချရမှာ စိတ်က မကြည်မလင်ဖြစ်ခဲ့သည်။ ပြီးတော့ ခုမှ လောကထဲ၀င်ခါစ။
နီနီ့စားပွဲမှာ ဆံပင်ရှည်ရှည်တွေ၊ တိုက်ပုံတွေ၊ မျက်မှန်ကြီးတွေ၊ သားရေအိတ်နက်တွေ စုပြုံနေဖန်များလာတော့ ဆွေဆွေမာ မခံချိမခံသာဖြစ်လာသည်။ ပန်းကမ္ဘာ၏သူဌေးကလည်း နီနီ့ကို မြှောက်စားလာသည်ဆိုတော့ ဆွေဆွေမာ၏ မိန်းမလှမာနသည် ချိုးနှိမ်မရအောင် ဖြစ်လာတော့၏။
“အင်္ကျီလည်ပင်းလေး ဟိုက်ရုံ၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရုံလောက်တော့ လူတိုင်းတတ်နိုင်ပါတယ် မမအေးရယ်၊ ဆွေဆွေ သွားတက်ပေါ်အောင် ပြုံးလိုက်ရင်လည်း ရတာပါပဲ၊ မယုံရင် မမအေး စောင့်ကြည့်”
ဆွေဆွေမာက တစ်ဖက်သတ် စစ်ကြေညာသည်။ နောက်တော့ ဆွေဆွေမာတို့စားပွဲမှာလည်း ယောက်ျားတွေ သောသောညံအောင် စုရုံးတတ်လာသည်။ ဖောက်သည်ဆွယ်တတ်သောအပြုံးသည် မည်မျှတန်ဖိုးမဲ့သည်ကို မတွေးအားတော့။ ငွေများများဆုပ်ကိုင်မိဖို့၊ ၀ယ်ချင်တာ ၀ယ်နိုင်ဖို့၊ ၀တ်ချင်တာ၀တ်နိုင်ဖို့သာ အဓိကဖြစ်၍လာ၏။ ဆွေဆွေမာသည် သူရသော ပိုက်ဆံတွေကို အားလုံးမြင်အောင် ယပ်ခတ်၍ပြတတ်၏။
အေးအေးဦးက စိတ်ပျက်အားငယ်နေဆဲ ပြဿနာက ပေါ်ပေါက်လာသည်။
“မိန်းကလေးစားပွဲထိုးလုပ်နေပြီး မျက်နှာထားက တင်းလွန်းတယ်၊ သူ့ကိုယ်သူ ဘာများမှတ်နေတယ်မသိ”
ယောက်ျားတွေ သဘောထားသေးသိမ်လာပြီဆိုလျှင် မိန်းမထက်ပင် နိမ့်ပါးတတ်သည်ကို တချို့ သိကြမည်ပင်။ မကြားဟန်ပြု၍နေတတ်သော အေးအေးဦး၏ပါးပြင်နားမှာ မလိုတမာသံများ မကြာခဏ ဖြတ်သန်းသွားကြလေ၏။
“ဟေ့ ဒီမှာ … ကြက်သွန်ချဉ်မှာထားတာ ကြာပြီလေ၊ မကြားဘူးလား”
မျက်နှာထားတွေကိုမကြိုက်၍ ခပ်ဖယ်ဖယ်နေကာမှ အထက်စီးနှင့် ခေါ်သံကြောင့် ပြန်လှည့်လာရသည်။ အလုပ်ခွင်မှာ အရေမထူသေးတော့ ရင်ထဲမှာလည်း ဒေါသက ထောင်းခနဲ ထသွား၏။
ကြက်သွန်ချဉ်ပန်းကန်ကို စားပွဲပေါ်မှာ အလိုက်သင့် ချပေးလိုက်သည့်တိုင် မျက်နှာထားက ပျော့ပျောင်းလာခြင်းမရှိ။ နီနီတို့ ဆွေဆွေမာတို့ စားပွဲဆီမှာ မူးယစ်ရယ်မောသံများ ကြားရတော့ ရင်ထဲကဝေဒနာက ပိုမိုကြီးထွားလာသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ဘာလုပ်မလို့လဲ”
“သိချင်လို့ပေါ့”
“ကျွန်မနာမည် အေးအေးဦး၊ ကဲ…နောက်ထပ် ဘာသိချင်သေးလဲ”
“ရင့်လှချည်လား…ထိုင်စမ်းပါဦး”
သူတို့မျက်နှာပေးတွေက ခင်မင်နှစ်လိုဖွယ်ရာ အလျဉ်းမရှိ။ သည်တုန်းက အလုပ်၀တ္တရားပဲဟူသည့် သဘောထားမျိုးကိုလည်း ပြတ်သားစွာ ထားတတ်ခြင်း မရှိသေး။ ငယ်စိတ်ငယ်သွေးနှင့် ထားမြဲဖြစ်သော မာနလေးက ချိုးနှိမ်မရအောင် ခေါင်းပြူလာသည်။
“ရှင်တို့ ဘာလိုချင်လဲ…ကျွန်မ လုပ်ပေးမယ်…ထိုင်တော့ မထိုင်နိုင်ဘူး”
“လိုချင်တာ ရမှာလား”
သူတစ်ပါး အပြောအဆိုခံရခြင်းကို နာကျည်းစရာအကောင်းဆုံးဟု ထင်မှတ်ဆဲမို့ ရင်ထဲမှာ ဗလောင်ဆူသွားသည်။
“ရှင် ဘာပြောတာလဲ”
“မင်းက တခြားမိန်းကလေးတွေနဲ့ကို မတူဘူး၊ စျေး သိပ်ကိုင်တယ်၊ တို့ကလည်း ဒါမျိုးမှ သဘောကျတယ်”
“ရှင် စကားကိုကြည့်ပြော”
“တို့က ဘာပြောလို့လဲ…၊ မင်းပဲ လိုချင်တာရမယ်ဆို”
“ကျွန်မက အစားအသောက်ကိုပြောတာ”
“တို့ကလည်း အစားအသောက်ကိုပြောတာပါပဲ၊ မင်းက ဘာထင်လို့လဲ၊ တခြားဟာထင်ရင်လည်း ထင်တဲ့အတိုင်းပဲပေါ့ကွာ”
စားပွဲဝိုင်းမှလူများ၏ ဝါးခနဲရယ်မောလိုက်သံသည် အေးအေးဦး၏နားထဲကိုသာမက ရင်ထဲ အသည်းထဲကိုပါ ၀င်ရောက်မြည်ဟည်းသွားသည်။
“ရှင်တို့ နှမချင်း မစာနာဘူး၊ လူကောင်ကြီးပြီး အချိန်မစီးတဲ့လူတွေ၊ အလကားလူတွေ”
တစ်ဆိုင်လုံးရှိ မျက်လုံးများက သူတို့စားပွဲဆီသို့ ရောက်လာသည်။ အံ့အားသင့်သောအမူအရာများ၊ အပြစ်တင်သောမျက်လုံးများဖြင့် အေးအေးဦးကို ဝိုင်းကြည့်ကြသည်။ လောကကြီးက ပြောင်းပြန်ဖြစ်နေပြီလား။
“ဘာဖြစ်တာလဲ အေးအေးဦး”
ဆိုင်ရှင်ဦးလေးက ခပ်ထန်ထန်မေးသည်။ ကျန်လူများက အေးအေးဦး၏ ဆက်ဆံရေးမပြေပြစ်မှုကို တိုင်တန်းကြသည်။ ဘေးစားပွဲက စားသောက်သူတွေက အနှောင့်အယှက်ဖြစ်ဟန်ဖြင့် စိတ်မရှည်မှုကို ပြကြသည်။ ဘ၀တူမိန်းကလေးများက အတွေ့အကြုံမရင့်ကျက်သူအဖြစ် အပြစ်မြင်စွာ ကြည့်သည်။
အေးအေးဦး၏ပတ်၀န်းကျင်မှာ အရာ၀တ္ထုအားလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်လာကြလေသည်။ ရယ်မောသံ၊ လှောင်ပြောင်သံ၊ အပြစ်တင်ရှုတ်ချသံများ ညံစီဆူဝေလာသလို ခံစားရသည်။ နေရာမှ အမြန်ဆုံး ပြေးလွှားထွက်ခွာလာခဲ့မိ၏။
“အေးအေးဦး…အေးအေးဦး”
သူ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ တကြော်ကြော်ခေါ်နေသံ ကြားမှ မျက်လုံးများကို အားယူဖွင့်ကြည့်မိသည်။
“ဘယ်လိုဖြစ်ရတာလဲ အေးအေးဦးရယ်”
၀င်းအောင်က သူ့လက်မောင်းကိုကိုင်ကာ စိုးရိမ်စွာ မေးသည်။
“မသိဘူး မသိဘူး”
“ဘာဖြစ်တာလဲ ပြောစမ်းပါဦး…ဘာလဲ နင့်ကို ဘာလုပ်လို့လဲ၊ စော်ကားလား”
၀င်းအောင်က မျက်နှာတွေ နီမြန်းလျက် ထပ်မေးသည်။ သူ့ပုံက တစ်ခုခုလုပ်တော့မည့်ပုံ။ သည်တော့ အေးအေးဦးက ခေါင်းကို သွက်သွက် ခါယမ်းပြလိုက်ရသည်။
“မဟုတ်ဘူး မဟုတ်ဘူး…ဘာမှမဖြစ်ဘူး”
ဘာမျှမဖြစ်ဘူးဟု ဆိုသော်လည်း အေးအေးဦးမျက်လုံးမှာ မျက်ရည်တွေ ဝေ့လာသည်။
“ဒါဖြင့် ဘာဖြစ်တာလဲ”
၀င်းအောင်သည် မီးဖိုချောင်တွင် ချက်ပြုတ်ကြော်လှော်နေရသူ ဖြစ်၏။ ဆိုင်ရှေ့ကပြဿနာကို မသိ။
“ဘာမှမဖြစ်ဘူး…လာစားတဲ့လူတွေနဲ့ ရန်ဖြစ်လို့”
အေးအေးဦးက မျက်ရည်စကို မျက်တောင်ဖြင့် ပုတ်ခတ်သွင်းရင်း ဖြေသည်။
“နင့်ကို ဘာလုပ်လို့လဲ”
“ဘာမှတော့မလုပ်ပါဘူး…ငါ့ကို မခံချင်အောင်ပြောလို့”
“နင်ကလည်း ဒီလောက်ပဲ အကဲပါရသလား၊ တော်ရုံဆိုလည်း သည်းခံလိုက်ပေါ့ဟာ၊ အသားပဲ့ပါတာမှတ်လို့၊ ငါက ဘာများဖြစ်လို့လဲလို့၊ ကိုယ့်အသားထိရင်တော့ မခံနဲ့ပေါ့”
အလုပ်သဘောကို ၀င်းအောင်က ပြောနေပြန်သည်။ အေးအေးဦး စိတ်ညစ်၏။ သည်ကြားထဲမှာ ဆွေဆွေမာနှင့်နီနီက ပိုက်ဆံရတာချင်း ပြိုင်ကြတော့ အေးအေးဦး ပို၍စိတ်ဓာတ်ကျသည်။ သူတို့မှာ မိန်းကလေးရယ်လို့မှ မာနမရှိကြတော့ဘူးလား။
“နင်ကလည်း ဒီလောက်လေးနဲ့ နောက်ဆုတ်မသွားပါနဲ့၊ အဒေါ့်ကိုလည်း ပြန်မပြောနဲ့နော်၊ တော်ကြာ ငါပါ အဆူခံနေရမှာ၊ ကဲ .. နင့်အလုပ် နင်သွားလုပ်တော့”
ဆိုင်ရှေ့ပြန်ထွက်လာရသော်လည်း စိတ်က မပါတော့။
ပန်းကမ္ဘာ၏သူဌေးကလည်း သူ့ကို မျက်စောင်းထိုးလျက်ရှိပြီ။ စားပွဲပေါ်မှ စားကြွင်းစားကျန် ပန်းကန်အပေအရေများကို သိမ်းဆည်းလိုက်ရသည်။ ရင်ထဲမှာတော့ မကောင်းလှပေ။
ထိုနေ့က တိတ်ဆိတ်စွာ အိမ်ကိုပြန်ခဲ့သည်။ နောက်နေ့မှာ နေမကောင်းဘူးဟု အကြောင်းပြကာ အလုပ်မဆင်းဘဲ နေသည်။ ညနေဘက်တွင် ၀င်းအောင် ရောက်လာ၏။
“နင့်အတွက် လခရှင်းပေးလိုက်တယ်၊ လာစရာမလိုတော့ဘူးဆိုတဲ့ သဘောပေါ့ဟာ၊ ဒါပေမဲ့ နင်စိတ်မပျက်နဲ့၊ ငါ ချယ်ရီမြေမှာ သွင်းပေးမယ်၊ မနက်ဖြန် လိုက်ခဲ့၊ ဟိုဆိုင်က ဒီဆိုင်လို မဟုတ်ဘူး၊ စည်းကမ်းလည်း ရှိတယ်၊ ဒီဆိုင်ကတော့ စီးပွားရေးဆန်လွန်းပါတယ်ဟာ”
“ဟိုမှာဆို နင်လည်းမရှိ၊ ဖြစ်ပါ့မလား ၀င်းအောင်ရယ်”
“ဖြစ်ပါတယ်၊ ဟိုက စည်းကမ်းကောင်းပါတယ်၊ ပါးစပ်က ပြောတာဆိုတာလောက်တော့ သည်းခံပေါ့ဟာ၊ ၀က်ဖြစ်မှတော့ မစင်ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ”
အေးအေးဦး ဘာမျှမပြောတော့။ ယခုတလော အိမ်မှာ ငွေစလေးရွှင်လို့ စားရေးသောက်ရေး ချောင်လည်ကာ ကြွေးမြီလေးလည်း ကင်းရှင်းခဲ့သည်။ အင်္ကျီလုံချည်သစ်လေး ချုပ်ဖို့ စုထားတာပင် အတော်ရနေပြီ။
“အေးလေ…ငါလုပ်ကြည့်ဦးမယ်”
၀င်းအောင် ပြန်သွားတော့ အမေက အဘွား မသိအောင် တိုးတိုး မေးလေသည်။
“ဘာပြဿနာဖြစ်လို့လဲ အေးဦး”
အေးအေးဦးက အမှန်အတိုင်း ပြောပြသည်။
“သမီး စိတ်ဆင်းရဲရင် မလုပ်နဲ့တော့လေ”
အမေက ကရုဏာသက်စွာ ပြောသေး၏။ သို့သော် ယခုတလော အမေ၏ချူသံပါအောင် ညည်းညူသံတွေ လျော့ပါးသွားသည်ကို အေးအေးဦး သတိရသည်။
“စိတ်မဆင်းရဲပါဘူး အမေ၊ သမီးလုပ်မယ်၊ ကိုယ်ကောင်းရင် ခေါင်း ဘယ်မှမရွေ့ဘူး မဟုတ်လား အမေရဲ့”
အေးအေးဦး၏နှုတ်ခမ်းများ တင်းတင်းစေ့နေကြသည်။ အမေကတော့ သက်ပြင်းကို တိုးတိတ်စွာချ၏။
မိုးမိုး – အင်းလျား
Leave a Reply