ရင်ထဲကပန်းတစ်ပွင့်

“ဒါနဲ့ ငါ့ညီမနာမည်က ဘာတဲ့လဲ”

“ပန်းညိုပါရှင်”

“ပန်းညိုတဲ့လား”

ကျုပ်လည်း ရေရွတ်လိုက်မိတယ်ဗျ၊ နာမည်နဲ့လူနဲ့ကတော့ အံကိုက်ပါပဲဗျာ၊ ပန်းညှိုဆိုတဲ့အတိုင်း အသားက ညိုညိုကလေးဗျ၊ ကိုယ်လုံးကိုယ်ပေါက် တောင့််တောင့်တင်းတင်းနဲ့ ရုပ်ရည်ကလည်း ရွာက ကွမ်းတောင်ကိုင်ရုပ်ရည်ထက် မသာချင်နေမယ် လျော့တော့မလျော့ဘူးဗျို့၊ ချုံပြောရရင်တော့ မိန်းမချောတစ်ယောက်ပေါ့ဗျာ။ အမေက ပန်းညိုကိုကြည့်ရင်း

“ငါ့တူမရယ်၊ ညည်းရုပ်ညည်းရေနဲ့ တစ်ရွာနဲ့တစ်ရွာကြား တစ်ယောက်ထဲသွားနေရသလား၊ ရွာဆက်ကလည်း ကျဲပါဘိနဲ့၊ မတော်တဲ့လူတွေနဲ့ တွေ့သွားလို့များကတော့ ညည်းဘ၀ ရေတိမ်နစ်သွားမယ်ဟဲ့၊ ငါက အကောင်းပြောတာ”

“မတတ်နိုင်ဘူးလေ အဒေါ်ရယ်၊ တစ်ဝမ်းတစ်ခါးကလည်း ရှိသေးတာပဲကိုး၊ နောက်ပြီးတော့ ပန်းညိုကလည်း လူလွတ်မဟုတ်ပါဘူး၊ ကလေးတစ်ယောက်အမေပါ”

ကလေးတစ်ယောက်အမေဆိုလို့ ကျုပ်လည်း လန့်သွားတာပဲဗျာ၊ ဘယ့်နှယ့် အသက်က ရှိလှမှ ကျုပ်နဲ့ရွယ်တူလောက်ကိုးဗျ။ အမေက မျက်နှာကိုစူပုတ်လိုက်ပြီး

“ဒါဆိုရင်တော့ နင့်လင်ကိုအပြစ်တင်ရတော့မှာပဲ။ ဘယ့်နှယ့််အေ၊ မိန်းမနဲ့ကလေးကို လုပ်မကျွေးဘူး သူကဘာလုပ်နေသလဲ”

ပန်းညိုမျက်နှာကလေး ညှိုးသွားတယ်ဗျ။

“သူက သေသွားပါပြီအဒေါ်၊ သုံးနှစ်လောက်တော့ ကျော်ပါပြီ”

ဒီတော့မှ အမေ့မျက်နှာပြောင်းသွားတယ်။

“ဟယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရရှာတာပါလား၊ ရော့ရော့ ဒါက အမဲသားဖိုး”

အမေကပြောပြီးတော့ ကျုပ်ကိုလှည့်ကြည့်တယ်ဗျ။

“ဟဲ့အလတ်ကောင်၊ ဒီမှာ ပန်းညိုကို ရွာထဲက အမဲသားဝယ်လေ့ရှိတဲ့ ဘကြီးပုတို့၊ အရီးပြုံးတို့အိမ်ကို သွားစပ်ပေးလိုက်စမ်းပါ၊ တို့ရွာကို မျက်စိသူငယ် နားသူငယ်နဲ့ ဈေးလာရောင်းတဲ့သူပဲအေ၊ တို့က ကူရမှာပေါ့”

အမေပြောတာနဲ့ ကျုပ်လည်း ခံတောင်းကိုစွေ့ခနဲကောက်ပြီးထမ်းပြီးသားပဲဗျ၊ ပြီးတာနဲ့ ပန်းညိုရဲ့အရှေ့ကနေပြီး ဦးဆောင်ထွက်ခဲ့တာပေါ့ဗျာ။ ထွက်လာရင်းနဲ့ လမ်းမှာလည်း စကားပြောဖြစ်ကြတာပေါ့။

“ကျုပ်တို့ရွာကို နောက်ဆို မကြာမကြာလာရောင်းနော် ပန်းညို၊ သြော် ဒါနဲ့ ပန်းညိုအသက်က ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ့်သုံးပါ”

ကျုပ်ကလည်း နှစ်ဆယ့်နှစ်ကျော်လို့ နှစ်ဆယ့်သုံးထဲရောက်နေပြီလေဗျာ၊ အသက်အရွယ်ကတော့ မတိမ်းမယိမ်းပေါ့။

“ဒါနဲ့ ကလေးကရောဘယ်အရွယ်တုန်းဗျ”

“ပန်းညိုအသက် ဆယ့်ငါးနှစ်ကျော် ဆယ့်ခြောက်နှစ်လောက်မှာပဲ အိမ်ထောင်ကျပါတယ်၊ ကလေးးက အိမ်ထောင်သက်တစ်နှစ်မှာ မွေးတာဆိုတော့ အခုဆိုရင်တော့ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးပါ”

“သြော် . . .”

ပန်းညိုမျက်နှာက မသာမယာဖြစ်သွားတာနဲ့ ကျုပ်လည်း ဆက်မပြောဖြစ်တော့ပါဘူးဗျာ၊ ဒါနဲ့ပဲ ရွာထဲအမဲသားကြိုက်ကြတဲ့ ဘကြီးပုတို့၊ အသားဆိုရှယ်ကြိုက်တဲ့ အရီးပြုံးတို့ အိမ်တွေကိုစပ်ပေးလိုက်တော့ ပန်းညိုပါတဲ့အသားတွဲတွေအကုန်လုံး နာရီဝက်မကြာခင်မှာပဲ ကုန်သွားပါရောလားဗျာ၊ ဒါနဲ့ကျုပ်လည်း ပန်းညိုရဲ့တောင်းကလေးပိုက်ပြီးတော့ ရွာထိပ်ကိုလိုက်ပို့ပေးလိုက်တယ်ဗျ၊

“ကျွန်မရဲ့တောင်း ကျွန်မကိုပြန်ပေးပါရှင်၊ ဒီလောက်တော့ ကျွန်မသယ်နိုင်ပါတယ်”

ကျုပ်ဆီကတောင်းအလွတ်ကို သူရအောင်ပြန်သယ်တယ်ဗျ၊ ရွာလယ် မကပ်စေးဆိုင်ရှေ့ကိုရောက်တော့ ပန်းညိုက မတ်တပ်ရပ်ပြီးတစ်ချက်ကြည့်တယ်၊ ပြီးတော့ မရွေးမုန့်တွေဝင်ဝယ်တယ်ဗျ၊ ပြီးတော့ စားလည်းမစားဘဲ သိမ်းထားလိုက်တယ်။

“ပန်းညို မစားဘူးလား”

ပန်းညိုက ခေါင်းခါလိုက်ပြီးတော့

“သားအတွက်ဝယ်တာပါ၊ သားက ဈေးရောင်းပြန်လာရင် မုန့်မျှော်နေကြလေ”

ကျုပ်ဖြင့် ဘေးကနေကြည့်ပြီး စိတ်တောင်မကောင်းပါဘူးဗျာ၊ ဒီအချိန်မှာပဲ ရွာထိပ်နားမှာ လှည်းတစ်စီးသွားနေတယ်ဗျ၊ ကျုပ်လည်း မေးကြည့်တာပေါ့ဗျာ။

“ကိုသာအေး၊ ဘယ်လည်းဗျ”

“ပေတောရွာဘက် စပါးသွားတိုက်မလို့ဟေ့”

“ဟာ၊ ဒါဖြင့်လမ်းကြုံတာပဲဗျာ၊ ဟောဒီက ပန်းညိုကိုခေါ်သွားပါလား”

ကျုပ်တို့တောမှာတော့ သိသိမသိသိ လှည်းကြုံဆိုရင် တားစီးလို့ရတယ်ဗျ၊ အများအားဖြင့်ကတော့ လှည်းလွတ်ရင် ခေါ်ကြတာချည်းပါပဲဗျာ၊ ဒါနဲ့ကိုသာအေးလည်း ပန်းညိုကိုခေါ်သွားတာပေါ့၊ ပန်းညိုကလှည်းနောက်မြီးမှာ တင်ပါးလွှဲထိုင်ရင်းနဲ့ တောင်းကလေးကိုပိုက်သွားရှာတယ်၊ လှည်းအတော်ဝေးဝေးရောက်မှ

“ကျေးဇူးတင်ပါတယ်ရှင်”

လို့ပြောပြီးတော့ ကျုပ်ကိုလက်ပြမလို့လုပ်တယ်ဗျ၊ ဒါပေမယ့်် ရှက်လို့ထင်ပါရဲ့ဗျာ၊ လက်ကိုပြန်ချပြီးတော့ ခေါင်းငိုက်စိုက်ချရင်း လိုက်သွားတော့တာပါပဲ။ ကျုပ်လည်း ဖုန်တထောင်းထောင်းနဲ့ထွက်သွားတဲ့ လှည်းကြီးကို မျက်စိတစ်ဆုံးကြည့်နေရင်း

“ပန်းညိုရယ်၊ မင်းဘဝကလည်း သနားစရာပါလား”

(၂)

နောက်တစ်နေ့တော့ ပန်းညိုလာမလားဆိုပြီး ကျုပ်စောင့််နေမိတယ်ဗျ၊ ယာခင်းထဲကလည်း မဆင်းလို့မဖြစ်ဘူးဆိုတော့ ဆင်းခဲ့ရတယ်၊ ဒါပေမယ့် ရွာအဝင်လမ်းကိုပဲ ငေးပြီးကြည့်နေမိတယ်၊ မိန်းကလေးတစ်ယောက်မြင်ရင်ပဲ ပန်းညိုများဟုတ်နိုးနိုးဆိုပြီးကြည့်နေမိတာပေါ့ဗျာ၊ ယာလုပ်တာက လယ်လောက် မပင်ပန်းဘူးဆိုတော့ နေ့ခင်းထမင်းစားသောက်ပြီးရင် အားသွားပြီဗျ၊ ကျုပ်လည်း ယာခင်းထဲကနေတက်ခဲ့ပြီးတော့ ရွာထိပ်သစ်ပင်ရိပ်အောက်မှာထိုင်ပြီး လမ်းမကြီးကို မျှော်နေတာပေါ့ဗျာ။ ရာသီဥတုကလည်း ပူသလားမပြောပါနဲ့၊ ရွာလမ်းမကြီးခပ်လှမ်းလှမ်းမှာ တံလျှပ်တွေထနေတာများ ရေတွေအလားပါပဲဗျာ။

“ငေးလှချည်လားကွ”

အသံကြားလို့လှည့်ကြည့်မိတော့ ဦးဘသာဖြစ်နေတယ်ဗျ၊ ဦးဘသာက ကျုပ်ထိုင်နေတဲ့ သစ်မြစ်ဆုံကြီးဘေးနားမှာဝင်ထိုင်တယ်ဗျ၊ အနားမှာလည်း ကုက္ကိုလ်ပင်ကြီးရှိတော့ အရိပ်ကအေးနေတာပေါ့ဗျာ။

“မင်းကြည့်ရတာ ဒီအတိုင်းထိုင်နေတာနဲ့မတူဘူး၊ တစ်ယောက်ယောက်ကို မျှော်နေသလိုပဲအလတ်ကောင်”

ကျုပ်လည်း ခေါင်းပဲညိတ်ပြလိုက်တော့တယ်။

“အမဲသားလာရောင်းတဲ့ ကောင်မလေးကိုမဟုတ်လား”

ဦးဘသာပြောတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ။

“ဦးဘသာက ဘယ်လိုလုပ်ပြီးသိတာလဲဗျ”

“မနေ့က မင်းတို့ကိုငါတွေ့လိုက်ပါတယ်ကွာ၊ ဟိုကတော့ ဒီအတိုင်းရိုးရိုးတန်းတန်းပါပဲ၊ မရိုးတာက မင်းကွ၊ မင်းရဲ့အကြည့်တွေကို ငါကြည့်လိုက်ကတည်း ဒီကောင်မလေးအပေါ် စိတ်ညွှတ်နေတယ်ဆိုတာ ငါသိတယ်၊ မင်းသူ့ကိုချစ်နေတာလား”

ကျုပ်ခေါင်းခါလိုက်မိတယ်၊ အမှန်တော့ကျုပ်ရင်ထဲ ဘာဖြစ်နေမှန်းကိုမသိဘူးဗျာ။

“ကျုပ်လည်းမသိဘူးဦးဘသာ၊ ဒါပေမယ့် သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာ ကျုပ်ရင်ထဲ ပြောမပြတတ်အောင်ခံစားရတယ်၊ နောက်တော့ သူ့အကြောင်းကိုသိလိုက်တဲ့အချိန်မှာ သူ့ကိုပိုပြီးသနားမိသွားတယ်ဗျ၊ အဲဒါက အချစ်လားဆိုတာတော့ ကျုပ်လည်းမသိပါဘူးဗျာ”

ဦးဘသာက ကွမ်းချိုးတွေတက်နေတဲ့ သွားတွေပေါ်အောင်ပြုံးရင်း

“အဲဒါအချစ်ပေါ့ကွ၊ အစကတော့သနား၊ နောက်တော့ချစ်သွား၊ သနားချစ်ပေါ့ကွာ”

မှိုင်တွေနေတဲ့ကျုပ်ကိုဦးဘသာက ကြည့်ရင်း

“စောင့်မနေပါနဲ့ကွာ၊ မင်းကောင်မလေး မလာပါဘူးကွ၊ နေပူထဲကြာကြာကြည့်မနေနဲ့၊ တော်ကြာ မျက်စိတိမ်စွဲနေလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကန်းနေအုံးမယ်၊ ဟား၊ ဟား”

ဦးဘသာက သစ်ငုတ်ပေါ်ကနေထပြီးတော့ သူ့ပုဆိုးဖင်ကို ဖုတ်ဖတ်ခါလိုက်သေးတယ်၊ နောက်တော့ သူ့လွယ်အိတ်ထဲလက်နှိုက်ပြီးတော့ သကြားလုံးတွေထုတ်ပေးတယ်ဗျ၊ ကျုပ်လည်း သကြားလုံးတွေလှမ်းယူလိုက်တာပေါ့ဗျာ။

“မကပ်စေးဆိုင်ရှေ့ကဖြတ်တော့ ငါလည်းစားချင်တာနဲ့ ဝယ်လာတာပဲ၊ ဒါပေမယ့် သကြားလုံးက ချိုလွန်းတယ်ကွ၊ ငါမကြိုက်ပါဘူး”

“အိုဗျာ၊ သကြားလုံး ချိုတာဆန်းသလား”

ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း

“ပြန်တော့ဟေ့၊ ဟိုက မလာတော့ဘူးထင်ပါ့”

ဦးဘသာထွက်သွားတော့ ကျုပ်လည်း သကြားလုံးလေးတွေကိုကြည့်နေမိတယ်၊ ကျုပ်တို့ခေတ်က သကြားလုံးဆိုတာက ဆီစိမ်စက္ကူနဲ့ထုတ်ထားတဲ့ သကြားလုံးနီနီ၊ ဝါဝါကလေးတွေဗျ၊ ကျုပ်လည်းမစားချင်သေးတာနဲ့ အကျီအိတ်ကပ်ထဲထည့်ပြီးတော့ သစ်ငုတ်ပေါ်ကနေထလိုက်တယ်။

“အင်းလေ၊ ဒီနေ့မလာတော့ဘူးထင်ပါတယ်”

ဒါနဲ့ပဲ အိမ်ပြန်ခဲ့တာပေါ့ဗျာ။

ခြံံတံခါးကိုဖွင့်ဝင်လိုက်တာနဲ့ အိမ်ထဲမှာ မိန်းကလေးတစ်ယောက်ထိုင်နေတယ်ဗျ၊ ကျုပ်လည်း သူ့မျက်နှာကိုမြင်ပြီး ပျော်လိုက်တာ ပြောမနေပါနဲ့တော့။

“ပန်းညို”

အိမ်မှာ ပန်းညိုတစ်ယောက်တည်းဗျ၊ ကျုပ်လည်းအမြန်ဝင်သွားလိုက်တယ်။

“ဘယ်ကနေဘယ်လိုလုပ်ပြီးရောက်နေတာလဲ၊ ကျုပ်တော့ ပန်းညိုကိုရွာထိပ်မှာ မတွေ့မိပါဘူးဗျ”

“ဟုတ်တယ်အကိုလေး၊ ပေတောရွာဘက်ကလာပေမယ့် အင်တိုင်းလမ်းကနေ ဖြတ်လာတာမို့လို့ ရွာအဝင်လမ်းက မဝင်ခဲ့တာ”

“အင်တိုင်းတောဆိုတာ တောရုံလူမသွားရဲဘူး ပန်းညိုရဲ့၊ အန္တရာယ်များပါတယ်”

“ပန်းညိုကတော့ ဘာကိုမှမကြောက်တော့ပါဘူး၊ လူပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် ဘာကိုမှမကြောက်ဘူး၊ ပန်းညိုမှာ ဓါးပါပါတယ်”

ပန်းညိုက သူလွယ်ထားတဲ့လွယ်အိတ်ကလေးထဲကို လက်နှိုက်ပြတယ်ဗျ။

“သြော်၊ ပန်းညိုရယ်၊ ယောက်ျားသားတစ်ယောက်ကို ပန်းညိုအဲဒီဓါးကလေးနဲ့ နိုင်မယ်လို့ထင်လို့လား၊ ပန်းညိုကိုအတင်းကာရော ဗလကာယလုပ်ပါပြီတဲ့ ပန်းညိုဘယ်လိုလုပ်မလဲ”

“မနိုင်လို့ရှိရင်လည်း ပန်းညိုကိုယ့်လည်ပင်းကိုယ်လှီးလိုက်မှာပေါ့”

ကျုပ်တောင် အံ့သြသွားတယ်။ ပန်းညိုက မိန်းကလေးဆိုပေမယ့် သတ္တိတော့သိပ်ရှိတာပဲဗျာ၊ မကြာပါဘူး အမေက နှစ်အိမ်ကျော်က အမျိုးတွေနဲ့ဝင်လာတယ်၊ အမေလာတော့ ပန်းညိုလည်းမအားတော့ပါဘူးဗျာ၊ အမဲသားတွေကို ချိန်တွယ်ပြီးတော့ ပိုင်းဖြတ်နေလေရဲ့၊ အမဲသားတွေအကုန်လံုံးနီးပါး ကုန်သွားပြီးတော့ အမဲသားလေးတစ်ပိုင်းပဲကျန်တော့တယ်၊ ပန်းညိုက အမေ့ကိုလှမ်းပေးပြီးတော့

“ဒါလေးက အဒေါ်တို့အတွက် လက်ဆောင်ချန်ထားတာပါ”

“အို ငါ့တူမကလည်း၊ အဒေါ်တို့က ငါ့တူမကြီးဆီက ဝယ်ပြီးသားလေ၊ မလိုပါဘူး”

“ယူပါအဒေါ်ရယ်၊ အဒေါ်တို့ကို အားနာလို့ပါ”

“အေးပါ၊ ဟဲ့အလတ်ကောင်၊ ပုတ်ထဲကနေ ဆန်တစ်ပြည်ချင်ပေးလိုက်စမ်းပါကွယ်၊ သူများပစ္စည်းတော့ အလကားမလိုချင်ပါဘူး”

ကျုပ်လည်းအမေခိုင်းတဲ့အတိုင်း ဆန်တစ်ပြည်ချိန်ပေးလိုက်တာပေါ့ဗျာ၊ ပြီးတော့ ထုံးစံအတိုင်း ပန်းညိုကိုလိုက်ပို့လိုက်တယ်၊ ဒီနေ့တော့ လှည်းကြုံမရှိတော့ဘူးဆိုတော့ ပန်းညိုကို ဇရပ်ပျက်တွေနားအထိ လိုက်ပို့ပေးလိုက်တာပေါ့ဗျာ၊ ရွာကလူတွေကတော့ ကျုပ်နဲ့ပန်းညိုကို ကွက်ကြည့် ကွက်ကြည့်ရယ်ဗျ။

“ပြန်ပါတော့အကိုလေး၊ ဒီလောက်အထိ လိုက်ပို့စရာမလိုပါဘူး”

“ရပါတယ်ပန်းညို၊ ပန်းညိုအတွက် အနှောင့်အယှက်ဖြစ်သွားလို့လား”

ပန်းညိုက ခေါင်းခါရင်း

“အကိုလေးအတွက် နစ်နာသွားမှာစိုးလို့ပါ၊ တကယ်တော့ ပန်းညိုက အမဲသားရောင်းတဲ့ဈေးသည်ပဲ၊ ပြီးတော့ မုဆိုးမ၊ ကလေးတစ်ယောက်အမေမဟုတ်လား”

“အိုဗျာ၊ ကျုပ်အတွက်ကတော့ ဘာမှမထိခိုက်ပါဘူး၊ ကျုပ်ကတော့ ပန်းညိုကို ရိုးရိုးသားသားကူညီပေးတာပါ”

ပန်းညိုက တောင်းကလေးရွက်ပြီးပြန်ထွက်သွားမယ်အလုပ်မှာ ကျုပ်လည်း အိတ်ထဲက သကြားလုံးတွေကိုသတိရသွားတယ်၊ ဒါနဲ့ ပန်းညိုကိုခေါ်ပြီးတော့ ပန်းညိုလက်ထဲကို သကြားလုံးလေးတွေ ထည့်ပေးလိုက်တယ်ဗျ၊ ပန်းညိုက အံ့သြတဲ့မျက်လုံးနဲ့ ကျုပ်ကိုကြည့်ပြီးတော့

“အကိုလေးက ကျွန်မသားလေး ဒီသကြားလုံးသိပ်ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိသလဲ”

ကျုပ်လည်းဘာပြောရမှန်းမသိဘူးဗျာ၊ ပန်းညိုက ကျုပ်လက်ထဲက သကြားလုံးတွေကိုယူပြီးတော့

“အကိုလေးနောက်ဆို အဲဒီလိုတွေ မဝယ်ပေးပါနဲ့၊ အကိုလေးပိုက်ဆံကုန်နေပါအုံးမယ်”

အဲဒီလိုပြောပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ထွက်သွားတော့တာပါပဲဗျာ၊ ကျုပ်လည်း ရင်ထဲ ဖိုးသိုးဖတ်သပ်ကြီးဖြစ်ပြီး ကျန်ခဲ့တာဗျ၊ လေးလံတဲ့ခြေလှမ်းတွေနဲ့ ရွာထဲကိုပြန်လာရင်း ရွာလယ် မကပ်စေးဆိုင်ရှေ့ကဖြတ်တော့ သကြားလံုံးလေးတွေကို သွားသတိရတယ်။ ဒါနဲ့ သကြားလုံးဝယ်မယ်ဆိုပြီးသွားတော့

“အဲဒီသကြားလုံးက တစ်လုံးတစ်ကျပ်နော်”

“ဘာဗျ၊ ဈေးကြီးလိုက်တာ”

“မဝယ်စားနိုင်ရင် မဝယ်စားနဲ့ပေါ့၊ သူ့ခေတ်နဲ့သူ့ဈေးတော့ ပေးရမှာပေါ့”

ကျုပ်လည်း မဝယ်တော့ပါဘူးဗျာ၊ သကြားလုံးဖြစ်ပြီး ဈေးကြီးးလိုက်တာဗျာ၊ ဦးဘသာကျုပ်ကိုပေးတာ ဆယ်လုံးနီးပါးလောက်ရှိတယ်ဗျ၊ ဟုတ်ပါရဲ့၊ ကျုပ်လည်း အခုမှသတိထားမိတော့တယ်၊ ဦးဘသာက ဘာလို့ကျုပ်ကိုသကြားလံုံးတွေပေးတာလဲ၊ နောက်ပြီး ရွာထိပ်မှာစောင့်မနေနဲ့ အိမ်ပြန်တော့လို့ ဘာဖြစ်လို့ပြောတာလဲ၊ ဒါဆိုရင် ပန်းညိုအိမ်ကိုရောက်နေတယ်ဆိုတာ သူကြိုသိနေတာများလား၊ ဒီသကြားလုံးတွေကိုလည်း ပန်းညိုကိုပေးလိုက်ဖို့ဆိုတာကို သူများကြိုတွက်ထားမိတာလားဗျာ၊ တကယ်ပါ၊ ဦးဘသာကတော့ ထူးဆန်းပြီးရင်း ထူးဆန်းနေတာပါပဲဗျာ။

(၃)

မပန်းညိုက နောက်ပိုင်းရွာကို နေ့တိုင်းနီးပါးလာတယ်ဗျ၊ သူမလာတဲ့ရက်တွေဆိုရင် ကျုပ်တော့ နေလို့မထိပါဘူးဗျာ၊ စားမဝင်သလိုလို၊ အိပ်မပျော်သလိုလိုပါပဲ။ သူလာပြီဆိုရင်တော့ ကျုပ်ပျော်တယ်၊ ပန်းညိုရဲ့ အမဲသားထည့်ထားတဲ့ ခံတောင်းထမ်းပြီး ရွာထဲက ဆွေမျိုးအိမ်တွေကို လိုက်စပ်ပေးရတာကိုပျော်တယ်၊ အခုဆို ပန်းညိုတစ်ယောက် အရင်ကလို ကြောင်စီစီမဟုတ်တော့ပါဘူးဗျာ၊ ကျုပ်နဲ့စကားတွေဘာတွေပြောရင်း ရယ်ရယ်မောမောနေတတ်ပြီဗျ၊ ကျုပ်ကလည်း သူနဲ့စကားပြောရင်း ဟာသလေးတွေထည့်ထည့်ပြောတယ်၊ ပန်းညိုရယ်နေတာမြင်ရင် ကျုပ်ရင်ထဲ ပျော်လိုက်တာဗျာ။ တစ်ခါတစ်လေတော့လည်း ပန်းညိုက သူ့ဘဝအကြောင်းတွေးမိလို့ထင်ပါရဲ့ဗျာ၊ မျက်နှာကလေးကိုမှိုင်လို့၊ ဒီလိုအချိန်ဆိုရင် ကျုပ်မနေတတ်တော့ဘူးဗျ။ ကျုပ်ရင်ထဲလည်း နေလို့မကောင်းဘူးပေါ့။

ရွာထဲကလူတွေကလည်း ကျုပ်နဲ့ပန်းညိုအကြောင်းကို တီးတိုးတီးတိုးပြောကုန်နေကြပြီဗျ၊ ကျုပ်လည်း ပြန်ကြားတာတွေရှိပါတယ်၊ တစ်ရက်တော အမေက ကျုပ်ကိုခေါ်ပြောတယ်။

“အလတ်ကောင်၊ နင်ပန်းညိုကိုချစ်နေတာလား”

ကျုပ်ဘာပြန်ဖြေရမှန်း မသိသေးခင်မှာပဲ

“နင်သူနဲ့တော့မဖြစ်ဘူးနော်၊ ငါကတော့ လးဝသဘောမတူဘူး၊ သူက ဈေးသည်၊ ဈေးသည်ထဲမှာတောင်မှ အသားစိမ်းငါးစိမ်းကို ရွာရိုးကိုးပေါက် လှည့်ရောင်းနေတဲ့သူ၊ ပြီးတော့ မုဆိုးမ၊ ကလေးတစ်ယောက်ကလည်းရှိသေးတယ်”

“အဲဒါဘာဖြစ်သလဲအမေ၊ ပန်းညိုမှာ ကလေးရှိတာဘာဖြစ်သလဲ၊ အိမ်ထောင်ကျခဲ့ဖူးတာ ဘာဖြစ်သလဲ”

“ဖြစ်တာပေါ့ဟဲ့၊ ဒီရွာမှာ အပျိုတွေတစ်ပုံကြီးပါအလတ်ကောင်ရယ်၊ ဒီရွာကလူမကြိုက်ရင်လည်း ပေတောတို့၊ တန်းမြင့်တို့မှာ အပျိုတွေတစ်ပုံကြီးရှိတယ်၊ အဲဒါကိုမှ မင်းက ဒီမုဆိုးမ၊ ကလေးအမေကို ဘာလို့သွားကြိုက်သလဲဆိုတာတော့ ငါမပြောတတ်ဘူး”

“ဒါတော့ ကျုပ်မသိဘူးအမေ၊ အမေပြောတဲ့ အပျိုတွေဆိုတာကို ကျုပ်ရင်မခုန်သလို၊ စိတ်လည်းမဝင်စားဘူး၊ ဒါပေမယ့် ပန်းညိုကိုတွေ့ရင် ကျွန်တော့်စိတ်ထဲ သနားတယ်၊ သူ့ဘဝကိုတွေးရင်း ကျွန်တော်ပိုသနားတယ်၊ သူ့ကိုကျွန်တော်ပျော်ရွင်အောင်ထားချင်တယ်အမေ၊ သူ့ဘဝကို ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်၊ သူနဲ့အတူတူ . . .”

“တော်စမ်းအလတ်ကောင်၊ အမဲသားသည်မကတော့ အနူလက်နဲ့ရွှေခွက်နှိုက်ချင်ပြီထင်တယ်၊ လင်သေပြီးတော့ ဘယ်သူနဲ့ဘယ်လိုနှိုက်ခဲ့မှန်းလည်းသိတာမဟုတ်ဘူး၊ အခု နှိုက်မယ့်နှိုက်တော့လည်း သူကြီးသား လူပျိုနုနုထွတ်ထွတ်ကိုမှန်းချင်သေးတယ်၊ ငါတစ်ခါတည်းပြောထားမယ်အလတ်ကောင်၊ မင်းကသူ့ကိုချစ်နေပေမယ့် သူကမင်းကိုချစ်လို့မဟုတ်ဘူး၊ သူလိုချင်တာက ငွေပဲ၊ ပစ္စည်းဥစ္စာပဲ၊ ဒါတွေမက်ခဲ့လို့ မင်းနဲ့ပရောပရီနေခဲ့တာဖြစ်မှာ”

“တော်ပါတော့အမေ၊ အမေဆက်ပြီး ပန်းညိုကိုမတိုက်ခိုက်ပါနဲ့တော့၊ ပန်းညိုကဒီလိုမဟုတ်ဘူး၊ ကျုပ်ကတော့ရှင်းတယ်အမေ၊ ပန်းညိုကိုချစ်တယ်၊ ပန်းညိုဘဝမှာ လိုအပ်နေတဲ့ကွက်လပ်တွေကို ကျုပ်ဝင်ပြီးဖြည့်ဆည်းပေးချင်တယ်၊ ဒီလောက်ပဲ”

ကျုပ်လည်းပြောပြီးတော့ အိမ်ထဲကနေထွက်ခဲ့တော့တယ်။ အမေကတော့ ကျုပ်ကိုကြည့်ပြီး တအံ့တသြနဲ့ ကျန်ခဲ့တော့တယ်ဗျာ။

“အချစ်ဆိုတာ ဘာလဲဦးဘသာ”

ကျုပ်ထမေးလိုက်တော့ ကျုပ်ဘေးနားမှာ ရေနွေးထိုင်သောက်နေတဲ့ ဦးဘသာတောင်မှ ရေနွေးသီးမလိုဖြစ်သွားတယ်ဗျ။ ဒီနေ့က ပန်းညိုမလာတဲ့ရက်ကိုးဗျ၊ ဒီတော့ ကျုပ်လည်း လွမ်းလွမ်းဆွေးဆွေးနဲ့ ဦးဘသာနေတဲ့အိမ်ကလေးမှာ သွားထိုင်ပြီးဆွေးနေတာပေါ့ဗျာ။

“မင်းကတော့လုပ်ပြီအလတ်ကောင်ရာ၊ မှတ်ထားကွ၊ အချစ်ဆိုတာ တပ်မက်မှု၊ တပ်မက်မှုဆိုတာ တဏှာပေါ့ကွာ၊ တစ်နည်းပြောရရင် လောဘလို့လည်းပြောလို့ရတယ်ကွ၊ စာဆိုတစ်ယောက်ကပြောဖူးတယ် လောဘတွေစုပြုံအနည်ထိုင်လာတဲ့အခါ အချစ်ဖြစ်သွားတတ်တယ်တဲ့ကွ”

“သူပြောတာမှန်မယ်ထင်တယ်ဗျ၊ အခုလည်း ကျုပ်ရင်ထဲမှာ လောဘတစ်မျိုးခံစားနေရတယ်”

ဦးဘသာက ကျုပ်ကိုပြံုံးဖြီးဖြီးနဲ့ကြည့်ရင်း

“မင်းကိုငါပွင့်ပွင့်လင်းလင်းပဲပြောမယ်အလတ်ကောင်၊ အခုရွာထဲကလူတွေက မင်းနဲ့ပန်းညိုနဲ့ကို သို့လောသို့လောနဲ့ ပြောနေကြတယ်နော်၊ ဒီတော့ ငါတစ်ခါတည်းပြောထားတယ်၊ မင်းနဲ့သူနဲ့က ဘာမှမဆိုင်ဘူး၊ မင်းသူနဲ့ ဘာမှဖြစ်လို့မရဘူး”

“ဘာတွေပြောနေတာလည်း ဦးဘသာရာ”

“ငါမင်းစိတ်ကိုသိပြီးသားပါကွ၊ မင်းပန်းညိုကိုသံယောဇဉ်ရှိနေတာကိုလည်း ငါသိပါတယ်၊ ဒါပေမယ့် မင်းပန်းညိုကိုချစ်လို့မရဘူးအလတ်ကောင်၊ မင်းသူ့ကိုမချစ်ရဘူး”

ဦးဘသာစကားကြားတော့ ကျုပ်လည်းဒေါသထွက်သွားတာပေါ့ဗျာ။

“ကျုပ်စိတ်နဲ့ကျုပ်ချစ်တာပဲဗျာ၊ ဘာဖြစ်သလဲ”

ဦးဘသာက ရေနွေးငှဲ့ရင်း

“အချစ်ဆိုတာ လောဘ၊ လောဘဆိုတာ လိုချင်တဲ့သဘောပဲကွ၊ ကိုယ်လိုချင်တာကို မရတော့ ဒေါသဖြစ်တယ်၊ ဒေါသတွေဖြစ်ပါများလာပြီး အနည်ထိုင်သွားတော့ အမုန်းအဖြစ်ပြောင်းလဲသွားတတ်တယ်၊ တကယ်တော့ အမုန်းဆိုတာ ဒေါသတွေအနည်ထိုင်သွားလို့ဖြစ်တာကွ”

“ကျုပ်က ဘယ်သူ့ကိုမုန်းရမှာလဲ”

“မင်းငါ့ကိုမုန်းမယ်၊ အခုတောင် ငါ့ကိုဒေါသဖြစ်နေပြီမဟုတ်လားကွ၊ မလိမ်ချင်စမ်းပါနဲ့ အလတ်ကောင်ရာ ငါပြောတာကိုနားထောင်စမ်းပါ၊ မင်းနဲ့သူနဲ့ လုံးဝမဖြစ်ဘူး”

“ဘာဖြစ်နေလို့လဲဗျ၊ ကျုပ်ကလူပျို၊ သူက ကလေးတစ်ယောက်အမေ၊ မုဆိုးမဖြစ်နေလို့လား”

ဦးဘသာက သက်ပြင်းချရင်း ခေါင်းကိုခါလိုက်တယ်ဗျ။ ကျုပ်စိတ်ထဲ တော်တော်မကောင်းဘူးဗျာ၊ ကျုပ်မိဘတွေက ပန်းညိုနဲ့သဘောမတူတာကို ကျုပ်ဖြေသာပါသေးတယ်၊ အခုတော့ ကျုပ်ဦးလေးတစ်ယောက်လိုချစ်ရတဲ့ ဦးဘသာကပါ ပန်းညိုနဲ့မဖြစ်ရဘူးလို့ တားမြစ်တာခံလိုက်ရတော့ ကျုပ်ရင်ထဲတော်တော်နေလို့မကောင်းဘူး။

“မင်းမသိသေးပါဘူးအလတ်ကောင်ရာ၊ သြော်ဒါနဲ့ ငါတို့သူခိုးဖမ်းကြရအောင်ဟေ့”

ဦးဘသာက စကားအဆက်အစပ်မရှိထပြောတယ်ဗျ။

“ဘယ်သူခိုးကို ဖမ်းမှာလဲဗျ”

“မင်းကို ငတိုးပြောဖူးတယ်မဟုတ်လား၊ နွားပျောက်ကုန်းဆီကို သူက နွားတွေဆွဲဆွဲသွားပေးရတယ်၊ ပြီးရင် ပေတောရွာက လူကြီးတစ်ယောက် လာလာယူသွားတယ်ဆိုတာလေကွာ”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်။

“အဲဒီလူက မကောင်းတဲ့လူပဲကွ၊ ငါထင်တာတော့ သူ့ရဲ့စေခိုင်းမှုနဲ့ ငတိုးက နွားတွေကိုလစ်ရင်လစ်သလိုခိုးတာပဲကွ၊ ပရလောကမှာလည်း သူ့ပိုင်နက်နဲ့သူရှိတာဆိုတော့ ငတိုးရဲ့နွားပျောက်ကုန်းပိုင်နက်ထဲရောက်တော့မှ ခိုးလို့ရတာပေါ့ကွာ၊ ခိုးပြီးတော့ အဲဒီလူက နွားကိုလာယူမယ်၊ ငတိုးကိုတော့ အစာလေးဘာလေးကျွေးချင်ကျွေးမှာပေါ့ကွာ၊ ဒီတော့ ငါဆက်ပြီးဒီလိုအဖြစ်မခံနိုင်တော့ဘူးကွ”

“ကောင်းပါတယ်ဦးဘသာ၊ ဒါဆိုရင်ဘာလုပ်ကြမလဲ”

“နွားတစ်ကောင်နဲ့ မျှားခေါ်ရမှာပေါ့ကွာ”

“မျှားတာကဟုတ်ပါတယ်၊ ဘယ်ကနွားကိုသုံးမလဲ”

ဦးဘသာက သူ့အိမ်ခြေရင်းဘက်ကိုကြည့်လိုက်ရင်း

“ငါ့နွားတစ်ကောင်သုံးတာပေါ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်ဗျ။

“ဒါဆို ဘယ်နေ့စမလဲ”

ဦးဘသာက စိတ်ထဲမှာ တစ်ခုခုကိုရေရွတ်နေရင်း

“ပြောနေကြာပါတယ်ကွာ၊ ဒီညနေပဲစကြမယ်”

“အရင်ဆုံး ငတိုးမသိအောင်လို့ ငါတို့နွားကို နွားပျောက်ကုန်းကိုလွှတ်လိုက်မယ်ကွာ၊ မကြာခင်ညနေစောင်းတော့မှာဆိုတော့ ဒီလူက သေချာပေါက် ဒီည၊ ဒါမှမဟုတ် မနက်ဖြန်မနက်စောစော နွားကိုလာယူမှာပဲကွ၊ ဒီအခါငါတို့စောင့်ဖမ်းကြတာပေါ့ကွာ”

“ကောင်းပါ့ဗျာ၊ ဒါဆို ကျုပ်ဒီညအိမ်မပြန်တော့ဘူးလို့ ပြောလိုက်တော့မယ်”

ဦးဘသာရဲ့အစီအစဉ်ကိုကြားပြီးတော့ လွမ်းနေတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်းမသိပါဘူးဗျာ၊ ဒီလိုနဲ့ ညနေရောက်လာခဲ့တာပေါ့၊ ဦးဘသာက သူ့ရဲ့ရွှေနီလို့ခေါ်တဲ့ နွားကြီးဆီသွားပြီးတော့ နွားမျက်လုံးကိုကြည့်ရင်း

“ကဲရွှေနီ၊ နွားပျောက်ကုန်းလို့ခေါ်တဲ့နေရာကို တန်းတန်းမတ်မတ်သွားပေတော့၊ ဟိုမှာ စောင့်နေ၊ ငါတို့မနက်ဖြန်ပြန်လာခေါ်မယ်”

ဦးဘသာက ချည်တိုင်က ကြိုးကိုလွှတ်ပေးလိုက်တာနဲ့ ရွှေနီလို့ခေါ်တဲ့နွားကြီးက ခြံထဲကနေ အေးအေးလူလူနဲ့ထွက်သွားတော့တာပဲဗျာ၊ ကျုပ်ဖြင့် အဲဒီနွားကြီး ရောက်ပါ့မလားလို့တောင်မှ စိတ်ပူနေသေးတယ်။

“မပူပါနဲ့ကွ၊ ရွှေနီက ငါ့စကားကိုကောင်းကောင်းနားထောင်ပါတယ်”

“ဦးဘသာကြီးက ဘယ်လိုလုပ်ပြီးတော့ နွားနဲ့စကားပြောတတ်နေတာလဲဗျာ”

“ဘာပညာမှမလိုပါဘူးကွာ၊ အရေးကြီးတာကတော့ တစ်ယောက်နဲ့တစ်ယောက်နဲ့ကြားက အပြန်အလှန်မေတ္တာပေါ့ကွာ၊ တိရစ္ဆာန်တွေဆိုပြီး အထင်မသေးနဲ့ကွ၊ သက်ရှိတွေအားလုံးမှာ တန်းတူခံစားနိုင်တဲ့အရာဆိုတာ မေတ္တာပဲရှိတယ်”

“ဒါဆိုရင်လူတွေရော”

ကျုပ်ထမေးတော့ ဦးဘသာက ကြောင်အမ်းအမ်းနဲ့

“လူတွေရော သူ့အပေါ်မေတ္တာထားတာကို ပြန်ခံစားမိပြီးတော့ မေတ္တာပြန်ထားကြသလား ဦးဘသာ”

ဦးဘသာက ခေါင်းခါလိုက်တယ်။

“မေတ္တာထားတာကိုတော့ ခံစားမိကြပေမယ့် မေတ္တာပြန်ထားမထားကတော့ မသေချာဘူးကွ”

“ဘာလို့လဲဦးဘသာရာ”

“လူတွေဖြစ်နေလို့ပေါ့ကွာ”

ပြီးလည်းပြီးရော ဦးဘသာက အိမ်ပေါ်တက်သွားတယ်ဗျ၊ အိမ်ရှေ့ခန်းမှာ ဖျာကြမ်းခင်းပြီးတော့ တစ်ရေးတစ်မောအိပ်နေတဲ့ပုံပဲ၊ ကျုပ်လည်းအိပ်ဖို့ကြိုးစားတာပေါ့ဗျာ၊ ညကျရင် ညည့်နက်မယ်မဟုတ်လားဗျ။ ဒါပေမယ့် အိပ်မယ်လို့ကြံလိုက်တိုင်း အတွေးထဲမှာ ပန်းညိုရဲ့မျက်နှာတွေကိုပဲ မြင်ယောင်နေတယ်ဗျာ။

မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ပန်းညိုနဲ့တွေ့တယ်ဗျ၊ ပန်းညိုက ကျုပ်ကိုရယ်မောပြိး ပြုံးဖြီးဖြီးနဲ့ကြည့်နေတာ၊ နောက်တော့ ကျုပ်အရှေ့ကိုတဖြည်းဖြည်းတိုးသွားတော့ သူ့မျက်နှာက ဒေါသတွေခက်ထန်လာတယ်၊

“သွား၊ မလာနဲ့၊ သွား”

ကျုပ်ကိုအော်ထုတ်ပြီးတော့ သူကလှည့်ပြေးတာပဲဗျာ၊ ကျုပ်လည်း သူ့နာမည်ကိုခေါ်ပြီးတော့ အနောက်ကနေပြေးလိုက်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်တို့နှစ်ယောက်ကြားက မြေကြီးက ဝုန်းခနဲကွဲထွက်သွားပြီးတော့ ချောက်ကြီးတစ်ခုအဖြစ်ပြောင်းသွားတယ်ဗျ၊ ကျုပ်လည်း ချောက်ဒီဖက်ကမ်းကနေ ပန်းညိုကိုအော်ခေါ်နေမိတယ်။ ချောက်ကြီးထဲကနေ ရယ်သံကြီးတစ်ခုကြားရတယ်ဗျ၊ နောက်တော့ လူကြီးတစ်ယောက်ထွက်လာတာပဲ၊ ထွက်လာတဲ့သူကိုကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“မင်းမချစ်ရဘူး၊ မင်းသူ့ကိုမချစ်ရဘူး အလတ်ကောင်”

“ချစ်မှာပဲ . . . . ချစ်မှာပဲဗျ”

ကျုပ်ထအော်လိုက်တော့ ဦးဘသာက ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေတယ်ဗျ၊ ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်ထုက ဖုံးအုပ်နေပြီပေါ့၊

“အလတ်ကောင် ဘာတွေထအော်တာလဲကွ”

ကျုပ်လည်းဘာမှမပြောတော့ဘဲ ခေါင်းပဲခါလိုက်တယ်၊ ဦးဘသာက ကွမ်းအစ်ကလေးကိုပိုက်ပြီးတော့ သွားလို့လုပ်နေတယ်။

“အချိန်ကျပြီအလတ်ကောင်၊ ငါတို့သွားကြစို့”

ဦးဘသာနဲ့ကျုပ်နဲ့ရွာပြင်ကိုထွက်ခဲ့တယ်ဗျ၊ ရွာလမ်းမကတော့ လူသူရှင်းနေပြီပေါ့ဗျာ၊ ရွာထိပ်က ဦးတရုတ်ကြီးရဲ့အရက်ဆိုင်တောင်မှ လူပါးနေပြီမို့ ဦးတရုတ်ကြီးက ဆိုင်တံခါးတစ်ခြမ်းကို ပိတ်နေပြီ။ တကယ်တော့ နွားပျောက်ကုန်းလိုနေရာကို ညဘက်သွားရတာ ကြောက်စရာကြီးဗျာ၊ ကျုပ်လည်း ဦးဘသာကြီးပါနေလို့သာ မကြောက်မရွံ့လိုက်ရဲတာဗျ၊ ဦးဘသာကတော့ အရှေ့ကနေ မီးပုံးကိုင်ပြီးသွားနေလေရဲ့၊ မီးပုံးဆိုတာကတော့ ဘီစကွတ်သံပုံးကို တစ်ဖက်ခြမ်းဖွင့်ထားတဲ့ ပုံးကြီးတစ်ခုကိုပြောတာပါ၊ အဲဒီပုံးထဲကို ဖယောင်းတိုင်ဖြစ်ဖြစ်၊ ဆီမီးဖြစ်ဖြစ် ထည့််ထွန်းရုံပဲ၊ ဘေးဖက်တွေက လေတိုက်တာ သက်သာတော့ ညရေးညတာဆိုရင် သွားရတာအဆင်ပြေတာပေါ့ဗျာ။

နွားပျောက်ကုန်းနားရောက်တာနဲ့ ကျောထဲစိမ့်ခနဲအေးသွားတယ်ဗျ၊ နွားပျောက်ကုန်းမှာပေါက်နေတဲ့ ချုံနွယ်ပိတ်ပေါင်းတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ဆိုတော့ အမှောင်ကျနေတာပေါ့ဗျာ၊ ဆူးချုံတောတွေကိုလည်း တိုးရသေးသဗျ၊ ဦးဘသာက တကျွတ်ကျွတ်နဲ့ သူ့နွားကြီးကို အသံပေးပေမယ့် အသံမကြားရတော့ဘူးဗျို့၊ နောက်တော့ နွားခြေရာတွေကိုတွေ့ပါရော။

“ဟာ၊ နွားကိုခေါ်သွားပြီကွ၊ ငါတို့နည်းနည်းနောက်ကျသွားပြီ”

ု”ဒါဆိုလည်း ခြေရာအတိုင်းလိုက်ရုံပေါ့ဗျာ”

ဦးဘသာလည်းခေါင်းညိတ်တယ်ဗျ၊ ဒီလိုနဲ့ နွားပျောက်ကုန်းနားက ထွက်မယ်လုပ်တော့ သရဲငတိုးကိုတွေ့လိုက်တယ်ဗျ၊

“ဟေ့ငတိုး၊ မင်းဘယ်ကပြန်လာတာလဲ”

ငတိုးက မျက်လုံးအပြူးသားနဲ့ ကျုပ်တို့ကိုကြည့်တယ်။

“သွားပို့တာ၊ သွားပို့တာ”

“ဘယ်ကိုသွားပို့တာလဲ”

ငတိုးက တစ်နေရာကိုလက်ညှိုးထိုးပြတယ်ဗျ၊ ဦးဘသာက ငတိုးကိုကြည့်ရင်း

“ဒါဆိုရင်လည်း ငါတို့နဲ့အတူတူလိုက်ခဲ့ငတိုးရာ”

ငတိုးက ခေါင်းတခါခါနဲ့

“လိုက်လို့မရဘူး၊ လိုက်လို့မရဘူး၊ ငါ၊ ငါကြောက်တယ်၊ သူက ငါ့ကိုသတ်လိမ့်မယ်၊ ငါကြောက်တယ်”

ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်၊ ဦးဘသာက

“မကြောက်ပါနဲ့ကွာ၊ ငါရှိပါတယ်ကွ၊ မင်းသာနေရာပြ၊ အဲဒီလူကို ငါတို့ကြည့်ရှင်းမယ်”

ဒီတော့မှ ငတိုးက ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လာတာပဲဗျာ၊ ငတိုးက လမ်းလျှောက်ရင်တော့ လေးဖက်တွားပြီး ကုန်းကုန်းကြီးလျှောက်တာဗျ၊ ကျုပ်တို့လည်း သူ့အနောက်ကနေဆက်လိုက်လာခဲ့တာပေါ့ဗျာ၊ လမ်းကတော့ ပေတောရွာသွားတဲ့လမ်းအတိုင်းပဲဗျ၊ ဒါပေမယ့် ပေတောရွာဘက်ကိုမကွေ့ဘဲနဲ့ အင်တိုင်းတောကြီးထဲကို ဆင်းသွားပါရောဗျာ၊ အင်တိုင်းတောဆိုတာကတော့ တောအုပ်တစ်ခုပဲဗျ၊ အဲဒီကနေဆက်သွားရင် သစ်တောကြိုးဝိုင်းတွေနဲ့ တောင်တန်းတွေဘက်ကိုရောက်တယ်လို့ပြောတယ်၊ ကျုပ်တို့တော့ တစ်ခါမှမသွားဖူးပါဘူးဗျာ။

တောထဲရောက်တော့ သစ်ပင်ကြီးတွေက ကြောက်စရာကြီးဗျာ၊ တစ်ချို့သစ်ပင်ပင်စည်ကြီးတွေမှာဆိုရင် မျက်နှာကြီးတွေနဲ့ဗျ၊ ဒါတင်မကဘဲ သစ်ပင်ကြီးတွေက ကျုပ်တို့ကိုငုံ့ကြည့်ပြီးတော့ ခြောက်ကပ်ကပ်အသံကြီးတွေနဲ့ ရယ်မောနေကြသေးတာ၊ မသိရင် တစ်တောလုံးက အသက်ဝင်နေသလိုပဲ။ ချုံပုတ်တွေကလည်း တလှုပ်လှုပ်နဲ့ ပြိတ္တာတွေမှ ပုံစံအစုံပဲပဲဗျာ၊ တောထဲအတော်သွားမိတော့ လျှိုမြောင်ကလေးတစ်ခုထဲကို ဆင်းလာတယ်ဗျ၊ အဲဒီအောက်မှာတော့ တချွင်ချွင်နဲ့အသံကိုကြားရတယ်၊ အဲဒီအသံကြားတာနဲ့ တောအုပ်ထဲက နာနာဘာဝတွေအကုန်လုံး အသံကြားတဲ့နေရာကို တိုးဝှေ့ပြီးသွားကြတာပေ့ါဗျာ၊ ကျုပ်တို့ပုခုံးတွေကိုတောင် အတင်းဝင်တိုက်ပြီးတော့ အလုအယက်သွားကြတာဗျ။

လျှိုမြောင်ကလေးရဲ့ အောက်ခြေမှာ စမ်းချောင်းတစ်ခုရှိတယ်၊ ရေက နည်းနည်းလေးပဲကျန်တော့တာပါဗျာ၊ အဲဒီစမ်းချောင်းရဲ့ သဲတွေထွန်းနေတဲ့ သောင်ခုံပေါ်မှာ နွားကြီးတစ်ကောင်က ဘေးစောင်းကြီးအိပ်နေတယ်ဗျ၊ နွားကြီးအနားမှာတော့ လူတစ်ယောက်က ဆီမီးခွက်တစ်ခုထွန်းပြီးတော့ ဓါးထိုင်သွေးနေတယ်။

“မင်းတို့တွေ စားရမယ်ကွ”

နွားကိုသေချာကြည့်တော့ ဦးဘသာရဲ့နွားကြီးဗျာ၊ သေတာကတော့ သေနေပြီဗျ၊ အဲဒီလူကြီးးက အဖြူရောင်ခေါင်းပေါင်းကြီးကို ပေါင်းထားသေးတယ်။ နောက်တော့ နွားပေါင်ကြီးကို ဆွဲဖြတ်ယူပြီးတော့ စဉ်းတီတုံးပေါ်တင်ပြီး ခုတ်ဖြတ်တယ်ဗျ၊ နွားခွာတွေနဲ့ အရိုးတွေကိုဖြတ်တောက်လိုက်ပြီးတော့ သဲသောင်ပြင်ပေါ်ကို လှမ်းပစ်ထည့်လိုက်တယ်။

“စားကြစမ်း”

အဲဒီလိုပစ်လိုက်တာနဲ့ နာနာဘာဝတွေက အလုအယက်ပြေးသွားပြီးတော့ ကောက်စားကြတာပဲဗျာ၊ ဒီလူကြီးက နာနာဘဘာဝတွေ လုယက်နေတာကိုကြည့်ရင်း ရယ်မောနေသေးတယ်ဗျ။

“ဟား၊ ဟား လုကြနော်၊ လောကကြီးမှာ သူများဆီက လုနိုင်ယက်နိုင်တဲ့ကောင်မှ ဗိုက်ဝတာကွ”

အဲဒီလူကြီးက ပြောလည်းပြော၊ အမဲအရွတ်တွေကို လှီးဖြတ်ပြီး လွင့်လွင့်ပစ်တာပေါ့ဗျာ၊ နာနာဘာဝတွေလည်း လုကြယက်ကြနဲ့ပေါ့၊ ဒါပေမယ့် ဒီလူကြီးက လုပ်တာကိုင်တာတော့ သိပ်ကျွမ်းကျင်တယ်ဗျ၊ အမဲပေါင်တစ်ချောင်းကို ကိုင်တာ ခဏကလေးပဲဗျ၊ နောက်တော့ အသားတွဲတွေကို တောင်းကြီးတစ်လုံးထဲကိုထည့်တယ်။ ပြီးတော့ နောက်တစ်ပေါင်ကိုထပ်ဆွဲလိုက်တယ်၊ အသားတွေဖျက်နေရင်း တစ်ခါတစ်ခါလည်း အသားစိမ်းတွေကိုလှီးလှီးပြီးတော့ သူ့ပါးစပ်ထဲကိုပစ်ပစ်ထည့်ပြီး ဝါးစားသေးတယ်ဗျ၊ ကျုပ်ဖြင့် ဒီလူကြီးကိုကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးတွေထနေတာ ပြောမနေပါနဲ့တော့ဗျာ။

နာနာဘာဝတစ်ချို့ကတော့ အသားလုမရလို့ အဲဒီလူကြီးအနားကိုကပ်လာတယ်ဗျ၊ အဲဒီလူကြီးက ဓါးနဲ့ရွယ်ပြီးတော့

“ဟေ့ကောင်တွေ၊ ငါ့ဆီက လာမလုကြနဲ့နော်၊ လုရင်မင်းတို့သေမယ်မှတ်”

အဲဒီလိုဓါးကြိမ်းကြိမ်းလိုက်တာနဲ့ နာနာဘာဝတွေက အနောက်ကိုဆုတ်သွားတာပဲ။

“ဟိတ်ကောင်၊ ရပ်လိုက်စမ်း”

ဦးဘသာကြီးက အဲဒီလူကြီးအရှေ့မှာ ခါးထောက်ပြီးသွားရပ်တယ်ဗျ၊ ကျုပ်ကိုတောင်မှ မခေါ်သွားဘူး၊ ကျုပ်ကတော့ သစ်ပင်ကွယ်တစ်ခုကနေကြည့်နေတာကိုး။ ဦးဘသာကို အဲဒီလူကြီးက မော့ကြည့်တယ်ဗျ။

“ဟဲ့ နာနာဘာဝကောင်၊ ငါကျွေးတာကိုစား၊ ငါ့ဆီက လာလုစားရင် သေမယ်နော်”

ပြောနေရင်း သားလှီးဓါးကြီးကို ထောင်ပြတယ်ဗျ၊ ဦးဘသာက ရယ်မောလိုက်ပြီး

“အောင်မာ ငါ့များနာနာဘာဝတဲ့၊ နင်သာ နာနာဘာဝကောင်ဟဲ့”

ဦးဘသာ လက်ညှိုးထိုးပြီးပြောလိုက်တော့ ဒီလူကြီးက ချက်ချင်းမျက်နှာကြီးတွေ ပွတက်၊ လက်ကြိးတွေတုတ်လာပြီးတော့ လူဝကြီးတစ်ယောက်လိုဖြစ်သွားတယ်ဗျ၊ သူ့ဗိုက်ကြီးက ပွင့်နေပြီးတော့ အူတွေကလည်း အခွေလိုက်ထွက်ကျနေသေးတယ်၊ ဗိုက်ထဲကနေလည်း လောက်တွေရွစိရွစိနဲ့သွားနေတာပဲဗျာ၊ ဦးဘသာကြီးကိုကြည့်ပြီးတော့ အသံဆိုးကြီးနဲ့အော်ဟစ်လိုက်တယ်ဗျ။

“မင်းကလူလားကွ၊ လူဆိုရင်တော့ အမဲဖျက်ပစ်ရမှာပေါ့”

ဦးဘသာကို သားလှီးဓါးနဲ့လှမ်းခုတ်တာဗျ၊ ဒါပေမယ့် ဦးဘသာခေါင်းအနားအရောက်မှာ ဓါးက တုန့်ခနဲလေပေါ်မှာရပ်တန့်သွားတယ်၊ ဦးဘသာက အဲဒီဓါးသွားကို လက်နဲ့တောက်ထည့်လိုက်တော့ ဓါးကြီးတစ်ခုလုံးက မှန်ကွဲထွက်သွားသလို တစ်စစီကွဲထွက်သွားတာပဲဗျာ။ ဒီတော့ အဲဒီကောင်ကြီးက အသံပြဲကြီးနဲ့အော်တယ်၊ ပြီးတော့ လေပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး ဘူဘွတ်ဆိုပြီး လေတစ်ချက်လည်လိုက်တာပဲဗျာ၊ လေလည်လိုက်တော့ အပုပ်နံ့ကြီးတွေက ထောင်းခနဲထွက်လာတာ ပြောမနေပါနဲ့တော့ဗျာ၊ သူတို့အနားမှာ အသားလုစားနေတဲ့ နာနာဘာဝတွေတောင်မှ ကိုယ်နေတဲ့ဆီကိုထွက်ပြေးကြတယ်ဗျို့။ ဦးဘသာလည်း နှာခေါင်းကိုလက်နှစ်ချောင်းနဲ့ညှစ်ပြီးပိတ်ထားတယ်။

“တော်တော်ညစ်ပတ်တဲ့ကောင်ပဲ”

ဦးဘသာက လက်နဲ့တွန်းထုတ်လိုက်တော့ ဒီကောင်ကြီးအနောက်ကို ပေနှစ်ဆယ်လောက်လွင့်ထွက်သွားသေးတာဗျ၊ အားတော့မလျှော့ဘူးနော်၊ ဦးဘသာကို အမိအရပြန်လုပ်သေးတာ၊ ဒါပေမယ့် ဦးဘသာကိုတစ်ချက်တောင်မထိပါဘူးဗျာ၊ တော်တော်ကြာကြာတိုက်ခိုက်ပြီးတော့ ဒီကောင်ကြီးတစ်ချက်ငြိမ်ကျသွားတယ်ဗျ။

“အရင်ဘဝက မကောင်းတာတွေလုပ်ခဲ့လို့ အခုလိုဖြစ်နေတာကိုတောင် သံဝေဂမရနိုင်သေးဘူးလား သဒိုးရဲ့”

ဒီကောင်ကြီးက ငြိမ်ကျသွားတာဗျ၊ နောက်တော့ လူတစ်ယောက်အဖြစ်ပြန်လည်ပြောင်းလဲသွားတယ်၊ ဦးဘသာက လက်ညှိုးနဲ့ထိုးထားပြီးတော့ သူ့ကိုဖိညှစ်နေတာပေါ့ဗျာ။

“မင်းအမှားကိုမင်းသိပြီး တောင်းပန်စမ်း”

“တောင်းပန်ပါတယ်၊ ကျုပ်တောင်းပန်ပါတယ်ဆရာကြီးရယ်”

“ပြောစမ်း၊ မင်းဘာကြောင့် နွားတွေကိုခိုးနေရတာလဲ”

ဒီလူကြီးက ဘာမှမပြောဘဲ ခေါင်းတခါခါ လည်တခါခါသာ လုပ်နေတယ်ဗျ။ နောက်တော့ ဦးဘသာကြီးကို အနားကပ်ဖို့ခေါ်တယ်၊ ဦးဘသာကြီးလည်း အနားကပ်သွားရော သူတို့နှစ်ယောက် တစ်ခုခုကိုတိုးတိုးလေးပြောတယ်ဗျ၊ ဦးဘသာကြီးတောင်မှ သူပြောတာကြားပြီးတော့ ထိတ်လန့်သွားတယ်။

“ကဲရပြီ၊ မင်းငယ်ထိပ်ကိုပြစမ်း”

အဲဒီလူကြီးက ခေါင်းပေါင်းကြီးကိုဖြေလိုက်တယ်ဗျ၊ ငယ်ထိပ်မှာ အလင်းရောင်တွေထွက်နေတဲ့ ဝလုံးပုံစံတစ်ခုရှိတယ်၊ ဦးဘသာက အဲဒီဝလုံးပုံစံကို လက်ညှိုးနဲ့ထိပြီးတော့ ကြက်ခြေခတ်ပုံစံ ရေးဆွဲလိုက်တယ်ဗျာ။ ပြီးတာနဲ့ မန္တန်တစ်ခုခုရွတ်ပြီးတော့ ငယ်ထိပ်ကိုလက်နဲ့ပုတ်ချလိုက်တော့ အဲဒီလူကြီး ပါးစပ်ကြီးဖြဲကာ အော်ဟစ်ရင်းနဲ့ တဖြည်းဖြည်းမြုမှုန်တွေဖြစ်ပြီးတော့ ပျောက်သွားတော့တာပါပဲဗျာ။ သူပျောက်သွားတာနဲ့ တောကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဗျ၊ ဖျက်လက်စနွားကြီးနဲ့ အမဲသားတောင်းကြီးကတော့ ကျန်ခဲ့တာပေါ့ဗျာ။

ကျုပ်လည်း ဒီတော့မှ ဦးဘသာဆီကိုပြေးထွက်သွားလိုက်မိတယ်။

“ဦးဘသာ ပြီးသွားပြီလား”

ဦးဘသာက လက်နှစ်ဖက်ကိုပွတ်ကာ ဖုန်ခါရင်း

“တစ်ရန်တော့အေးသွားပြီဟေ့၊ နောက်တစ်ရန်ပဲကျန်တော့တယ်”

“ဗျာ၊ နောက်တစ်ကောင်ရှိသေးတယ်လား”

“မဟုတ်ဘူးကွ၊ ဒီလူကြီးက အရင်ဘဝက သားသတ်သမားကြီးဖြစ်ခဲ့တဲ့သူပဲ၊ သူသေသွားတာတောင်မှ သူ့ကိုဆက်ပြီးခိုင်းစားတာခံနေရတာ”

“တော်တော်ယုတ်မာတဲ့သူပဲဗျာ၊ ဘယ်သူကများ ဒီလိုခိုင်းစားပါလိမ့်နော်”

ဦးဘသာက မိုးပေါ်ကိုမော့ကြည့်ရင်း

“ဒီနေရာမှာပဲစောင့်နေကြရအောင်၊ သိပ်မကြာခင် လာတော့မှာပါကွ”

(၅)

အချိန်တွေဘယ်လောက်ကြာလို့ ကြာလိုက်သလဲမသိဘူးဗျ၊ တောကြီးထဲမှာ ကျုပ်တို့နှစ်ယောက်တည်းရယ်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာများ အပ်ကျသံတောင်မကြားရဘူးဗျာ၊ နောက်တော့ မကြာပါဘူး၊ မီးလုံးနီနီကြီးတစ်ခုက လူအရပ်အမြင့်လောက်ကနေပြီးတော့ နိမ့်ချည် မြင့်ချည်နဲ့လာနေတယ်ဗျ၊ ကျုပ်လည်း ပြေးပုန်းမယ်လုပ်တော့ ဦးဘသာက ကျုပ်ပုခုံးကိုလက်နဲ့ကိုင်ထားတယ်။

“မင်းပါရှိနေဖို့လိုတယ်၊ ဒီလူက မင်းနဲ့တွေ့ဖို့လိုတဲ့လူကွ”

နောက်တော့ အမှောင်ထဲကနေ မိန်းကလေးတစ်ယောက်လျှောက်လာတယ်ဗျ၊ အမှောင်ထဲဆိုတော့ မသဲကွဲဘူးပေါ့ဗျာ၊ အဲဒီမိန်းကလေးရဲ့ ခေါင်းက အနီရောင်ကြီးလင်းသွားလိုက်၊ မှိန်သွားလိုက်နဲ့ဖြစ်လို့ဗျ၊ အနားရောက်တော့ အဲဒီမိန်းကလေးက ဦးဘသာနဲ့ကျုပ်နဲ့ကို အထူးအဆန်းသဖွယ်ကြည့်တယ်။

“ပန်း၊ ပန်းညို”

ကျုပ်လည်း သူ့ကိုကြည့်ပြီးရေရွတ်လိုက်မိတော့တယ်ဗျာ၊ ကျုပ်မြင်နေရတာကို ယုံတောင်မယုံနိုင်ဘူး၊ ပန်းညိုက လှည့်ပြေးမယ်အလုပ်မှာ ဦးဘသာလှမ်းပြီးတော့

“ရပ်စမ်း၊ နင်လှည့်ပြေးမယ်မကြံနဲ့နော်”

ဒီတော့ ပန်းညိုလည်းရပ်သွားတော့တယ်။ ကျုပ်ကတော့ မယုံနိုင်သေးဘူး။

“ပန်းညို၊ ပန်းညို ဒီကိုဘာလာလုပ်တာလဲ”

“အကိုလေး၊ အကိုလေးကရော ဘာလာလုပ်တာလဲ”

ဦးဘသာက ကြားထဲကနေဝင်ပြီးတော့

“အလတ်ကောင်ရာ မင်းက ကျားတစ်ကောင်လုံးရှေ့မှာရောက်နေတာကို ခြေရာလိုက်ရှာနေချင်သေးတာလားကွ၊ မင်းရဲ့ ပန်းညိုက စုန်းမကွ”

“ဗျာ”

ကျုပ်နားကိုတောင် ကျုပ်မယုံချင်ဘူးဗျာ၊ ကျုပ်လည်း ပန်းညိုဘက်ကိုကြည့်ပြီး

“ပန်းညိုတကယ်ပြောတာလား၊ ဦးဘသာပြောတာတွေက အမှန်တွေပဲလား”

ပန်းညိုက ခေါင်းကလေးငုံ့ပြီးတော့ အသာညိတ်ပြရှာတယ်ဗျ၊

“စုန်းမတင်ဘယ်ကပါ့မလဲကွာ၊ စိတ်ဓါတ်ကလည်း အောက်တန်းကျသေးတယ်၊ ခုကန သားသတ်သမားကြီးက သူ့အဖေပေ့ါကွ၊ သူ့အဖေက တစ်သက်လုံးအသားသတ်တဲ့အလုပ်နဲ့ အသက်မွေးလာခဲ့တဲ့ သဒိုးကြီးပဲကွ၊ ပန်းညိုက လုပ်မစားကိုင်မစားချင်လို့ သေသွားတဲ့အဖေကိုတောင် ဖမ်းထားပြီးတော့ သူများနွားတွေကို ခိုးခိုးပြီးတော့ သတ်ခိုင်းနေတာပေါ့ကွ”

ပန်းညိုက ငိုနေတယ်ဗျ။

“မင်းပဲစဉ်းစားကြည့်စမ်းပါကွာ၊ အမဲသားလတ်လတ်ဆတ်ဆတ်နေ့တိုင်းရတယ်ဆိုတော့ ဘယ်ကရနေတာဖြစ်မလဲကွ၊ ပန်းညိုလုပ်ရပ်တွေကို ပေတောရွာကလူတွေက ရိပ်စားမိသွားလို့ သူက ငါတို့ရွာကိုလာပြီးတော့ စားကျက်အသစ်ရှာတာပဲ၊ အဲဒီမှာ မင်းနဲ့တွေ့တယ်၊ မင်းနဲ့ခင်မင်အောင် ပေါင်းသင်းပြီးတော့ မင်းကိုအသုံးချနေခဲ့တာပဲ အလတ်ကောင်”

ကျုပ်ခေါင်းကိုတွင်တွင်ခါတယ်။

“မယုံဘူး၊ ဦးဘသာပြောတာတွေကို ကျုပ်မယုံဘူး၊ ပန်းညို၊ သူပြောတာတွေကတကယ်ပဲလား၊ ကျုပ်ကို၊ ကျုပ်ကို ပန်းညိုကိုယ်တိုင်ပြောစမ်းပါ”

ပန်းညိုက ငိုယိုရင်း

“သူပြောတာတွေက အမှန်တွေပါ”

ကျုပ်လည်း စိတ်မထိန်းနိုင်တော့ဘဲ ပန်းညိုအနားကို တိုးကပ်သွားလိုက်တယ်၊ ပန်းညိုရဲ့လက်မောင်းတွေကို လက်နဲ့ညှစ်ကိုင်ပြီးတော့

“ကျန်တာတွေမှန်တာ ဘာမှမဖြစ်ဘူးပန်းညို၊ တစ်ခုတော့မှားတယ်မဟုတ်လား၊ အဲဒါကတော့ ကျုပ်ကို၊ ကျုပ်ကို ပန်းညိုတကယ်ချစ်ခဲ့တာမဟုတ်လား၊ ပန်းညိုမညာပါနဲ့၊ ပန်းညို ကိုယ့်ကိုယ်ကိုယ်မညာစမ်းပါနဲ့”

ပန်းညိုက ဆွံ့အနေလေသည်။

“ကျုပ်ကတော့ မညာပါဘူး၊ ကျုပ်ပန်းညိုကိုချစ်တယ်၊ ကျုပ်ပန်းညိုကိုတကယ်အချစ်စစ်နဲ့ချစ်ခဲ့တယ်၊ ဒီတော့ ပန်းညိုက စုန်းမကလို့ ဘာပဲဖြစ်ဖြစ်၊ ကျုပ်မကြောက်ဘူး၊ ကျုပ်ပန်းညိုကိုလက်ထပ်ယူမယ်”

ဒီတော့မှ ပန်းညိုက ကျုပ်ကိုမော့ကြည့်ရင်း

“မဖြစ်ဘူးအကိုလေး၊ ပန်းညိုက ယုတ်ညံ့တဲ့စုန်းမပါ၊ နောက်ပြီး မုဆိုးမ၊ ကလေးတစ်ယောက်အမေပါ၊ ဒီတော့ ပန်းညိုနဲ့အကိုလေးဟာ ဘယ်တော့မှမဆုံနိုင်ဘူးအကိုလေး”

“ရတယ်ပန်းညို၊ ပန်းညိုဘာပဲဖြစ်နေဖြစ်နေရတယ်၊ ပန်းညိုကိုအကိုခွင့်လွှတ်တယ်၊ ပန်းညိုရှေ့လျှောက် မကောင်းတာတွေမလုပ်တော့ဘူးဆိုရင်ကို ရပြီ”

ဒီအချိန်မှာ ပန်းညိုက ကျုပ်ရင်ဘတ်ကိုတွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်း အနောက်ကိုလွင့်ထွက်သွားပြီး သဲသောင်ခုံပေါ်လဲကျသွားတာပေါ့၊ ပန်းညိုက သူ့နဖူးကိုသူ လက်နဲ့ထိလိုက်တယ်။ သူ့လက်ချောင်းတွေကလည်း တစ်ချက်လင်းထွက်သွားတယ်ဗျ။ ဦးဘသာက အရှေ့ကိုခြေတစ်လှမ်းတက်ပြီးတော့

“ဟေ့၊ ကလေးမ၊ မလုပ်နဲ့”

ဦးဘသာအော်ပေမယ့် နောက်ကျသွားပြီဗျ၊ ပန်းညိုက စူးစူးဝါးဝါးတစ်ချက်အော်ပြီးတော့ ဒူးထောက်လဲကျသွားတယ်၊ ကျုပ်လည်း အပြေးထပြီးတော့ ပန်းညိုခန္ဓာကိုယ်ကို ကောက်ပွေ့လိုက်တယ်။

“ပန်းညို၊ ပန်းညို”

“အကိုလေး၊ ပန်းညို အကိုလေးကို ချစ် . . ချစ်”

ပန်းညိုတစ်ယောက်ပြောရင်းဆိုရင် ဇက်ကျိုးကျသွားတော့တာပါပဲဗျာ၊ ကျုပ်ရင်ဘတ်တွေတော့ တဒုန်းဒုန်းနဲ့ ပေါက်ကွဲသလိုဖြစ်နေတယ်ဗျ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကိုမသိတော့ပါဘူးဗျာ။ ဦးဘသာက ကျုပ်အနားကိုလမ်းလျှောက်လာရင်းနဲ့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်လိုက်တော့တယ်။ ကျုပ်မျက်လုံးထဲမှာ ဘာမှမမြင်ရတော့ဘူးဗျာ၊ အလင်းရောင်တွေပဲ မြင်ရတော့တယ်၊ ပြီးတော့ ကျုပ်မျက်ခွံတွေလေးလံလာပြီးတော့ မျက်လုံးတွေကို သူ့အလိုလိုမှိတ်ကျသွားတော့တယ်ဗျာ။

လေးငါးရက်လောက် ကြာခဲ့ပြီဗျ၊ အခုရက်ပိုင်း ကျုပ်နေရတာမကောင်းဘူးဗျာ၊ စိတ်ထဲမှာ လွမ်းဆွေးသလိုလိုကြီးကျန်နေခဲ့သေးတယ်၊ ဦးဘသာကြိးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကိုဘာမှမပြောတော့ပါဘူး၊ ကျုပ်လည်း ဆက်မတွေးတော့ဘူးလို့ စဉ်းစားထားတယ်၊ ရွာပြင်မှာ ငူငူကြီးထိုင်နေတဲ့ ကျုပ်အနားကို ဦးဘသာက ရောက်လာတယ်ဗျ။

“ပန်းဆိုတာ ပွင့်တဲ့အချိန်ကလေးကိုပဲ မက်မက်မောမော နမ်းရှုံ့ရတယ်မဟုတ်လားအလတ်ကောင်ရ၊ ပန်းပွင့်တွေက ပွင့်သွားပြီးရင် ကြွေကျသွားတာပဲ၊ ဒါပေမယ့် အဲဒီပန်းကိုစိုက်ခဲ့တဲ့လူကတော့ ဘယ်တုန်းကပွင့်ခဲ့တဲ့ ပန်းကလေးဆိုပြီး အမှတ်ရနေဆဲပဲမဟုတ်လား”

“ဟုတ်ပါတယ် ဦးဘသာ၊ ပန်းညိုဆိုတာလည်း အခုဦးဘသာပြောသလိုမျိုး ကျုပ်ရင်ထဲမှာပွင့်ပြီးတော့ ကြွေလွင့်သွားခဲ့တဲ့ ပန်းတစ်ပွင့်လိုပါပဲ”

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့

“ဒါနဲ့ အလတ်ကောင်ရေ၊ ငါခရီးထွက်မလားလို့ကွ”

“ဘယ်သွားမလို့လဲဗျ”

“ငါ့နွားတွေကုန်ပြီလေကွ၊ အခုဆိုတစ်ကောင်ပဲရှိတော့တာ၊ တို့ဗမာအယူအဆအရ တိရစ္တာန်မွေးရင် တစ်ကောင်တည်းမမွေးကြဘူးကွ၊ အဖော်မဲ့တတ်တယ်ဆိုပဲလေ၊ ဒါကြောင့် နွားဝယ်ထွက်မလားလို့”

“နွားများဗျာ၊ ဦးဘသာဘယ်ကဝယ်မှာလဲ”

ဦးဘသာက ခေါင်းခါရင်း

“မဟုတ်ဘူးကွ၊ နွားဆိုပေမယ့် နွားကောင်း၊ နွားဆိုးဆိုတာရှိသေးတယ်၊ မွေးအပ်တဲ့နွား၊ မမွေးအပ်တဲ့နွား၊ ခိုင်းကောင်းတဲ့နွား၊ ခိုင်းမကောင်းတဲ့နွားဆိုတာ ရှိပြန်ရော၊ ငါက နွားကိုစိတ်ကြိုက် ချောတာလှတာ မွေးချင်တာဆိုတော့ ရွာစဉ်လှည့်ပြီး နွားကြည့်မယ်ကွာ၊ ကိုယ်ကြိုက်တာတွေ့တော့လည်း ဝယ်တာပေါ့၊ ခုဆို လယ်လည်းပြီးပြီဆိုတော့ ငါလည်းပျင်းနေတာနဲ့အတော်ပဲ”

“ဦးဘသာသွားရင် ကျုပ်လည်းလိုက်ခဲ့မယ်ဗျာ”

“လိုက်ချင်လည်း လိုက်ပေါ့၊ ဒါပေမယ့် မင်းအိမ်က ခွင့်ပြုချက်တော့ယူအုံးနော်”

ကျုပ်လည်းအိမ်ပြန်ပြေးပြီးတော့ အဖေတို့နဲ့တိုင်ပင်တာပေါ့ဗျာ၊ အဖေကတော့ ကျုပ်ပြောတာနားထောင်ရင်း

“အဖေကတော့ တားစရာမရှိပါဘူးကွာ၊ နောက်ပြီး မင်းလည်း ဦးဘသာကြီးဆီက နွားပညာတွေသင်ထားကွ၊ နွားနဲ့လှည်းဆိုတာ တို့တောမှာ မတိမ်ကောဘူးတဲ့ကွ၊ အရှေ့ပိုင်းက ဦးသာအောင်သားတောင်မှ နွားကောင်းတွေဝယ်ရောင်းလုပ်ပြီး ကုန်ကူးပြီးတော့ ချမ်းသာသွားတာမဟုတ်လား၊ နွားကြည့်တာကလည်း ပညာပဲကွ”

အဖေကပြောပြီးတော့ အမေ့ကိုလှမ်းကြည့်တယ်ဗျ၊ အမေကလည်း ခေါင်းတညိတ်ညိတ်ပါပဲ။

“ကျုပ်လည်းတားစရာမရှိပေါင်တော်၊ ဦးဘသာနဲ့ဆိုတော့လည်း စိတ်ချရတာပ၊ အလတ်ကောင်၊ နင့်အဖေပြောသလို နွားပညာသင်စမ်းဟာ၊ နွားဆရာဖြစ်တော့လည်း စားဖို့သောက်ဖို့မပူရဘူးပေါ့၊၊ နောက်ပြီးတော့ ဝယ်ရောင်းလုပ်မယ်ဆိုရင်လည်း စီးပွားဖြစ်တာပေါ့”

ဒါနဲ့ပဲ ကျုပ်ခရီးသွားဖို့ အတည်ဖြစ်သွားတော့တယ်၊ သွားမှာကလည်း ခပ်ဝေးဝေးမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့နားက ရွာတွေဆီမှာ ရွာစဉ်လှည့်ပြီး နွားကောင်းနွားလှလိုက်ကြည့်ဖို့ပါ၊ ပြီးတော့ ကြိုက်ဈေးတည့်ရင်ဝယ်ရုံပေါ့ဗျာ၊ ကျုပ်လည်း စိတ်ပြေလိုပြေငြားဆိုပြီးတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တာပါပဲ၊ ဒါပေမယ့် ဒီခရီးစဉ်က ထင်သလောက်မဖြောင့်ဖြူးဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်တစ်သက်မှာ တစ်ခါမှ စိတ်တောင်မကူးဖူးတဲ့ အဖြစ်ဆန်းတွေနဲ့ တွေ့ခဲ့ရလို့ပဲဗျ။

ပန်းညို၊ ပန်းညိုကတော့ ဦးဘသာကြီးပြောခဲ့သလို ကျုပ်ရင်ထဲမှာပွင့်လန်းပြီး ကြွေကျသွားခဲ့ပေမယ့် အဲဒီပန်းရဲ့ရနံ့ကလေးကို အမြဲအမှတ်ရနေမယ့် ရင်ထဲက ပန်းတစ်ပွင့်ပေါ့ဗျာ။

ပြီးပါပြီ။

မေတ္တာရှင်ရွှေပြည်သာ၏ ဒိုးကလေးဝတ္ထုကို အနည်းငယ်မှီးငြမ်းထားပါသည်။

စာရေးသူအားလည်း အထူးလေးစားလျှက်
အဂ္ဂဇော်