သူခိုးခဲ့သည့် အကြောင်းများအား ပြောပြလာပါလေတော့သည်။
◾အခန်း (၂)
မြသာဟု အမည်ရသော ရွာကြီးသည် မြို့နှင့် နီးကပ်စွာ တည်ရှိပြီး မြို့နီးပါးလောက် စည်ကားလေသည်။ထိုရွာရှိ ရွာဦးစေတီတွင် နှစ်တိုင်းဘုရားပွဲ ပြုလုပ်လေ့ရှိသည်။မြသာဘုရားပွဲဟု အခေါ်ရှိကြလေသည်၊၊မြသာဘုရားပွဲသည် အတော်စည် ကားလှပေသည်။နာမည်ကျော် ဇာတ်လမ်းအား ပြဇာတ်အနေ ဖြင့် အခကြေးငွေမပါပဲ အလကားကပြသောကြောင့် ရွာနီး၀န်းကျင်တင်သာမက နယ်မြို့လေးများပါ မကျန် ပွဲချစ်သူများ လာရောက် အားပေးကြလေသည်။ထိုမြသာ ဘုရားပွဲတွင် နာမည် ကြီးနေသည်မှာ ဇာတ်တင်မဟုတ် ဇာတ်တွင်ပါသော အသံချဲ့ စက်ဓာတ်စက်ကြောင့်လည်း ဖြစ်သည်။ပွဲမကမှီ ဓာတ်ပြားဖွင့် သည်ကိုပင် ပွဲလာသောပရိတ်သတ်များမှ အတော်ပင် သဘော ကျနေသည်။ထိုသဘောကျသည့်အထဲမှ ဖိုးသိန်း ခေါ် ငှက် ပျောသီးလည်း ပါလေသည်။ငှက်ပျောသီးသည် ဓာတ်စက်မှ တဆင့် ဟွန်း သို့ ရောက်ပြီး ဟွန်း မှ ထွက်လာသောအသံကို သူနှင့်အတူ တရွာတည်းနေ သူငယ်ချင်း မြင့်ဇော် နှင့် အကြော်ဆိုင် တွင်ထိုင်ရင်း ငြင်းခုံနေကြလေသည်။
“ကောင်းလိုက်တဲ့ လော်ကြီးကွာ အသံထွက်က ရှင်းနေတာပဲ တို့ရွာက ကြွက်စုတ်စက်နဲ့တော့ တခြားစီပဲ “
“ပြောရော့မယ် ငှက်ပျောသီးရာ အသံကောင်းတာ လော်ကြောင့် မဟုတ်ဘူးကွာ ဓာတ်စက် ရှိသေးတယ်။အဲ့ဒီ အသံချဲ့ စက်က ကောင်းမှ လော်က အသံထွက်ကောင်းတာ “
“ဘာပြောပြော လော်က အဓိကပါကွာ လော်မပါရင် ဘယ်လိုလုပ် အသံထွက်မတုန်း “
“မင်းကလည်း နာမည်ကိုက အသံချဲ့စက်ပါဆို အသံချဲ့တဲ့ စက်မပါရင် မင်းလော်က ဘယ်လိုလုပ်ပြီး အော်မလဲဟ “
“ဟာကွာ လော်သာ အဓိကပဲ ဟေ့ကောင် လော်ကောင်းလို့ အသံကြည်ပြီး အော်နေတာ “
“အသံချဲ့စက်က အဓိကပဲကွ မင်းက ငှက်ပျောသီးပွဲစားသာလုပ်နေတယ် အတော် အတဲ့ကောင်ပဲ ဘုမသိ ကိုးမသိနဲ့ “
ဖဲသမား မြင့်ဇော်သည် ဥပမာပေးသည်ကိုပင် ဖဲ ဥပမာလေးနှင့် ပေးလေသည်။သူတို့နှစ်ယောက် ငြင်းခုန်နေသည်က အတော် ကြာလေ၏။ထိုအခါ ဇာတ်ထဲမှ ဖြစ်ဟန်တူသူ လူတယောက်သည် အကြော်စားနေရင်းမှပင် သူတို့၏ စကားဝိုင်းထဲသို့ ဝင်ပြီး စကားဆိုလာလေသည် ။
“နောင်ကြီးတို့ ငြင်းခုန်နေတာ တော်တော်ကြာပြီ။ကျုပ် ပြောပြမယ် တကယ်ကောင်းတာက အသံချဲ့စက်ပါ “
“ဟာ ဟုတ်ပါ့မလားဗျာ “
“ဟုတ်တယ် နောင်ကြီးရ ကျုပ်က အဲ့ဒီဇာတ်အဖွဲ့ မှာ အလုပ် လုပ်တာ စက်တွေ ဘာတွေလည်း သယ်ပေးရတယ် အဲ့ဒီ အသံ ချဲ့စက်က ကျုပ်အထင် တထောင်နီးပါးလောက် ရှိမယ်ထင်တယ်”
“ဟာ အဲ့လောက်တောင် တန်တာလား အဲ့ဒီငွေနဲ့ဆို ကျုပ်တို့ ရွာမှာ လယ်တော်တော်များများ ဝယ်ပစ်လို့ရတယ် “
“တန်တာပေါ့ဗျာ ဇာတ်ကလည်း ဇာတ်ကြီးကိုး။မိုက်ခွက်တွေကလည်း ဈေးကြီးတဲ့ ဟာတွေချည်းပဲ သုံးတာ ဓာတ်ပြားစက်ကလည်း အကောင်းစားပဲ “
“နို့ နေပါဦး အသံချဲ့စက်က ဘယ်လောက်ကြီးလဲဗျ ဈေးက မနည်းဘူးဆိုတော့ တော်တော်ကြီးမှာပဲ “
“မကြီးဘူးဗျို့ ဓာတ်ပြားစက်လောက်ပဲ ရှိတယ် “
“ကျုပ်တို့ မြင်စမ်းချင်တယ်ဗျာ “
“အဲ့တာဆို မပူနဲ့ ဇာတ်အနောက်ဘက်ထဲ ဝင်ပြီး အသံချဲ့စက် ကိုင်တဲ့သူကို အရက်တိုက်ပြီး အနားမှာပဲ ထိုင်ကြည့်ပေါ့ “
“အဲ့လိုလည်း ရတယ်လား”
“ရတာပေါ့ဗျာ ကဲ သွားပြီ နောင်ကြီးတို့ရေ “
ဇာတ်ထဲတွင် အလုပ် လုပ်သောသူသည် အကြော်စားပြီး၍ ပြန်သွားတော့သည်။မြင့်ဇော်သည် အသံချဲ့စက်အား ကြည့်ချင်ပါသော်လည်း သူ၏ မိန်းမဖြစ်သူ လာခေါ်သောကြောင့် ငှက် ပျောသီးတယောက်တည်းသာ အကြော်ဆိုင်တွင် ယောင်လည် လည် နှင့် ကျန်နေခဲ့ပြီး သူ၏ စိတ်ထဲတွင်တော့ အသံချဲ့စက်ကြီးအား ရအောင်ခိုးမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါတော့သည်။
◾အခန်း (၃)
ဇာတ်ပွဲစနေပြီ ဖြစ်၏။ဇာတ်ဆရာ၏ အဖွင့်စကားသံ နှင့်အတူ ဘုရားကန်တော့ခန်းအား အပျိုတော်လေးများနှင့် စတင် ဖွင့်နေသည်။ပွဲကြည့်သောသူများသည်လည်း ပွဲကို အာရုံစိုက်ကြည့်နေကြသည်။အကြံသမား ငှက်ပျောသီးသည်က အရက်တပုလင်း နှင့် အမြည်းကောင်းကောင်း ယူလာပြီး ကလေးများတပ်သော မျက်နှာဖုံးအားတပ်လိုက်ကာ ဓာတ်စက်ခန်းအတွင်းသို့ ခပ်တည်တည် နှင့် ဝင်သွားလေသည်။ထိုနောက် ကွပ်ပျစ်တွင် တယောက်တည်း ဓာတ်စက်ဖွင့်နေသော အသံချဲ့စက်ဆရာ အနားသို့သွားလေသည်။အသံချဲ့စက်ဆရာသည် ငှက် ပျောသီးကို မြင်သောအခါ မျက်နှာကို ပင့်ပြီး ဘာလဲဟုမေးလေသည်။ငှက်ပျောသီးသည်က မျက်နှာဖုံးစွပ်ကို မချွတ်ပဲ အသံချဲ့ စက်ဆရာ အနားကိုကပ်ကာ
“ကျုပ်က ဒီမြသာရွာသားပါ အသံချဲ့စက်ကို ဝါသနာပါလို့ လာကြည့်တာ “
“ဒီအထဲ လူစိမ်းမဝင်ရဘူးကွ “
“လူစိမ်းမဟုတ်အောင် ဆရာကြီး ဒါလေးကစ်လိုက်ပါလား မိတ်ဖြစ်ဆွေဖြစ်ပေါ့ မီးတောက်နော် ဒီနယ်မှာ အကောင်းဆုံး အရက် ဒါက ကြက်ကြော် တကောင်လုံးစားနော် ရွာထဲက နတ်ပွဲကနေ မရမက တောင်းလာလာတာ “
“ဟာ မင်းက ငါနဲ့ ဝါသနာတူပဲ ငါလည်း စက်ကို တအားဝါသနာတအားပါတယ် “
“ကျုပ်လည်း အတော်ဝါသနာပါတာဗျ ရော့ ဆရာကြီး ချ “
စက်ဆရာသည် အရက်သောက်ချင်စိတ်ဖြစ်နေသော်လည်း ဇာတ်ကနေချိန်မို့ စက်အနားတွင်သာ ထိုင်ပြီး ပျင်းရိနေသည်။စက်ပစ္စည်းများမှာလည်း လှည့်ကြည့်စရာမလိုသည်မို့ သူ့အတွက် ဘာအလုပ်မှ မရှိပေ။ထို့ကြောင့် ငှက်ပျောသီး ပေးသောအရက်အား မက်မက်မောမောနှင့် အတော် သောက်လိုက်မိသည်။ငှက်ပျော သီးသည်က မျက်နှာဖုံးအား မချွတ် စက်ကို ဆင်ရသည့်ကြိုးများ ဖြုတ်နည်း၊တပ်နည်းများအား စက်ဆရာအား မေးလေသည်။စက်ဆရာသည်လည်း အရက်မျက်နှာ နှင့် သေချာရှင်းပြနေလေသည်။
“မင်းမျက်နှာဖုံးကြီးကို ချွတ်ထားစမ်းပါကွ ”
“ကျုပ်မျက်နှာမှာ အမာရွက်အကြီးကြီး ရှိတယ်ဗျ ဆရာကြီး စားနေသောက်နေချိန် စိတ်ကသိကအောက်ဖြစ်ပြီး မ၀င်တော့မှာစိုးလို့ပါဗျာ “
“အေး အေး ပြီးတာပဲ ဒီကြိုးလေးတွေက မိုက်ကြိုးလေးတွေ ဒါလေးတွေက ဆွဲဖြုတ်လို့ ရတယ် နောက်က ကြိုးတန်းကြီးပဲ တွဲလျက်ပါတာ အဲ့တာကလည်းဖြုတ် ဟိုအပေါက်ထဲကနေ ဆွဲ ဖြုတ်လို့ရတယ် “
“စက်တွေ သိမ်းရင် ဘယ်လိုသိမ်းလဲဗျ ဒီစက်ကိုပေါ့”
“ဒီ စက်ကိုသိမ်းမယ်ဆိုရင် သွယ်ထားတဲ့ ကြိုးတွေ အကုန်ဖြုတ်ရတယ်ကွ ပြီးရင် ဒီကြိုးရှည်တွေကို စက်မှာပတ်ပြီး သိမ်းရတာ “
“အော် အော် “
စက်ဆရာသည် အရက်ပြင်းများကြောင့် ခဏအကြာတွင် မှောက်လေပြီ ဖြစ်သည်။ဇာတ်ပွဲမှ ဇတ်မင်းသားသည်က သီချင်းဆိုနေချိန်ဖြစ်သည်။လူလည်း ရှင်းနေသည်မို့ ငှက်ပျော သီးသည် စက်ဆရာပြောထားသည်အတိုင်း ကြိုးများကို ဖြုတ် လိုက်ချိန် မင်းသား၏ အသံ နှင့် ဆိုင်းသံများက ဟွန်းမှ မထွက် လာတော့ပေ။ငှက်ပျောသီးလည်း ရှည်ရှည်ဝေးဝေး မတွေးတော့ပဲ စက်ကို မကာ ပြေးလေတော့သည်။ဇာတ်ဆရာ မလာခင်လေး ပြေးနိုင်ခဲ့သောကြောင့် ငှက်ပျော်သီးသည် လွတ် မြောက်သွားပါလေတော့သည် ။
◾အခန်း (၄)
ပေတူးသည် အချုပ်အတူကျနေသော ငှက်ပျောသီးပြောပြသည့် အကြောင်းအား နားထောင်ရင်းမှ သူနှင့် သူငယ်ချင်းများ တဆောင်မုန်းလပြည့်ဆိုလျှင် ကြက်ခိုးစားခဲ့ကြကို အမှတ်ရပြီး အပေါင်းသင်းများကိုပင် သတိရသွားသေးသည်။ထို့နောက် ပေတူးသည်
“ဒါနဲ့ ခင်ဗျားကို မမိကြဘူးလား “
“ဘာပြောကောင်းမလဲ မိတာပေါ့ ကောင်လေးရေ မိလို့ ထောင် သုံးလကျသွားသေးတယ် “
“ဘယ်လို လုပ်မိသွားတာလဲဗျ “
“ငါက အဲ့ဒီစက်ကို ရွာထိပ်ပိုင်းက ကိုဖိုးတူးဆီရောင်းတာလေ ဒီကောင်က ဇာတ်တောင် မသိမ်းသေးဘူး ထဖွင့်တာ ဟိုလူတွေက သိပြီး ငါ့ကို မိသွားတော့ပေါ့ကွာ “
“ဖြစ်မှ ဖြစ်ရလေ ဦးငှက်ပျောသီးရယ် ဟား ဟား”
“ကောင်လေး မင်းကိုတော့ ငါ ခင်သွားပြီကွာ မင်း ငါ့ဆီမှာ ပညာသင်မလား ငါလည်း ဒီမှာ တပတ်လောက်နေရမယ် ထင်တယ် “
“ခိုးတဲ့ ပညာတော့ မသင်ချင်ပါဘူးဗျာ “
“ခိုးတဲ့ပညာသင်ပေးမယ် ကောင်လေး အကျွမ်းကျင်ဆုံးက အိပ်မွေ့ ချတာကွ မင်းယုံလား “
“ကျုပ်က လက်တွေ့မှ ယုံတဲ့သူမျိုးဆိုတော့ ခက်သား “
” မခက်ပါဘူး ကောင်လေးရာ ငါ့ကိုကြည့် ဟိုဘေးက ကောင်တွေ စကားပြောနေတာတွေ့ လား “
“တွေ့တယ်လေ “
“အေး မင်းစောင့်ကြည့်နေ “
ငပျောသီးမှ ပြောပြောဆိုဆို သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပါးစပ်နားတေ့ကာ မန္တန်တပုဒ်ကို မာန်ပါပါ ရွတ်ဆိုနေ သည်။မန္တန်ရွတ်ပြီးသောအခါ သူ၏ လက်ကိုဖြန့်ပြီး အချုပ် ခန်းပတ်လည်သို့ ဘာမှမရှိသည့် လက်ဖဝါးကို တေ့ပြီး မှုတ််လိုက်ရာ မကြာသောအချိန်တွင် အချုပ်သားများ တဖြည်း ဖြည်း အိပ်ပျော်သွားသလို ပေတူးသည်လည်း မျက်ခွံများလေးကာ အိပ်ပျော်လို့ သွားပါတော့သည်။
◾အခန်း (၅)
ပေတူး၏ အိပ်မက်ထဲတွင် ဘိုးတော်စိုး ပြန်ပေါ်လာလေသည် ။ဘိုးတော်စိုးသည် တဲပေါ်တွင် နှီးဖျာနေရင်း ပေတူးအား စကား ပြောနေခြင်းဖြစ်သည် ။
“မောင်ပေတူး မင်းနဲ့ စကားပြောနေတဲ့ သူခိုးဆီကနေ ပညာ သင်၊သူက မန္တန်အတတ်ကို ထိုက်သင့်သလောက် တတ်တယ် ကြားလား ပြီးမှ ငါ့ဆီလာခဲ့ မင်းကို ဇရပ်ကသူတောင်းစားတွေနဲ့ သုဘရာဇာကြီးက ကျေးဇူးတင်လို့လွန်းလို့ မင်းကိုတွေ့ချင်နေတယ် မင်း ငါ့ဆီ ပြန်မလာခင် သင်္ချိုင်းကို သွားလိုက်ဦး “
“ဟုတ် ဟုတ်ကဲ့ ဘိုးတော် “
ပေတူး ပြန်လည် နိုးလာလေသည်။တခြားသော အချုပ်သားများသည် နိုးထလာခြင်းမရှိသေးပေ။ပေတူးနိုးလာပြီး ထိုင်နေသောအခါမှ ငှက်ပျော်သီးပြုံး၍ မေးငေ့ါပြီး သူ၏ပညာအား ဘယ်လို သဘောရလဲဟုသော သဘောဖြင့် မေးလေသည် ။
“ကောင်လေး သင်ချင်ပြီလား “
“သင်တော့ သင်ချင်တယ် မတတ်မှာလဲ စိုးရိမ်နေတယ်ဗျာ “
“ကောင်လေးရယ် လူဆိုတာ မွေးကတည်းက စကားပြောတတ်လို့လား တဖြည်းဖြည်းနဲ့မှ ပြောတတ်လာတာ “
“အဲ့တာတော့ သိတာပေါ့ဗျ ခင်ဗျားက ထောင်ကျသွားရင် ကျုပ်က ထောင်ထဲလိုက်ရမှာလား “
“မပူနဲ့ ငါ့ကောင် ငါထောင်မကျဘူး အများဆုံးနေရ ခုနှစ်ရက်ပဲ “
“သေချာလှချည်လား ဦးငှက်ပျောသီးရ “
“သေချာတယ်လေကွာ ဘာလို့လဲဆိုတော့ ငါ ခိုးခဲ့တဲ့ အိမ်က ဘိုးတော်ကပ်စီးကွ အမှုတွေလုပ်ပြီး ငွေကုန်ခံမှာ မဟုတ်ဘူး အစိုးရကလည်း ဒီအမှုလောက်နဲ့ တရားစွဲပြီး ငါ့ကိုထောင်ချမှာ မဟုတ်ဘူး “
“သေချာလှချည်လားဗျ “
“မင်းကလည်း မယုံရင် စောင့်ကြည့်နေကွာ “
“အင်းပါ ဒါနဲ့ ကျုပ်တို့ကို ဘယ်လိုပညာသုံးပြီး အိပ်မွေ့ချလိုက်တာလဲ “
“မန္တန်လေကွာ ငါ မင်းကို သင်ပေးမယ် “
“မန္တန်တွေက သူတော်ကောင်းတွေပဲ တတ်တာ မဟုတ်ဘူးလား ဦးငှက်ပျောသီး “
“ကောင်လေး ငါက သူတော်ကောင်းပုံ ပေါက်နေလား “
“ပေါက်တော့မပေါက်ဘူး ဒါပေမဲ့လည်း လူယုတ်မာပုံလည်း မပေါက်ပြန်ဘူး “
“ဟားးး ဟားးး ဟားးး တော်တော်လာတဲ့ကောင်ပဲ အတော််ကို စကားတတ်တယ် “
“ဦးငှက်ပျောသီး တိုးတိုးလုပ်ပါဗျာ တော်ကြာ အစောင့်တွေ ကြားလို့ အဆဲခံနေရပါဦးမယ် “
“မင်းအကောင်တွေလည်း ကြည့်လိုက်ပါဦးကွာ “
ငှက်ပျောသီး မေးငေါ့ပြရာ နေရာသို့ ကြည့်လိုက်ရာ အစောင့် ပုလိပ်သားနှစ်ယောက်သည် နံရံကိုမှီလျက်သား အိပ်ပျော်နေပါလေတော့သည် ။
◾အခန်း (၆)
ငှက်ပျောသီး ခေါ် ဦးဖိုးသိန်းသည် အချုပ်ကျနေစဉ်အတွင်း ပေတူးအား မန္တန် နှင့် ပတ်သတ်သည်များကို သင်ပြပေးသည်။ ပေတူးသည် ဝိဇ္ဇာများအားလုံး လူကောင်းသူကောင်းချည်း ဟုဆိုသောအခါ ငှက်ပျောသီးမှာ ဟက်ဟက်ပက်ပက်ရယ်ကာ
“ငါ့ကောင် လောကီနယ်ပယ်မှာ ဝိဇ္ဇာတွေက အကုန်လုံး လူကောင်းမဟုတ်ဘူးကွ ပညာတခုကို တဖက်ကမ်းခတ် တတ်မြောက်သွားလို့သာ အင်းဝိဇ္ဇာ၊စမဝိဇ္ဇာ၊မန္တန်ဝိဇ္ဇာ ဆိုပြီးခေါ်ကြတာ လောကီလူသားတွေ ဆိုမှတော့ ဘယ်မှာများ လောဘမောဟဒေါသ ကင်းနိုင်မှာလဲ မင်းကို အထင်သာဆုံးပြောမယ်ကွာ ဇော်ဂျီတွေက ဝိဇ္ဇာတွေ မဟုတ်လား “
“ဟုတ်တယ် ထင်တယ်ဗျ “
သူတို့က သူယောင်သီးကိုတောင် မိန်းမဖန်ဆင်းပြီး ပျော်ပါးတယ်ဆိုမှတော့ ဘယ်မှာများ သူတော်ကောင်း ဖြစ်တော့မှာလဲ မင်းကြားဘူးမလားတော့ မသိဘူး မိဖုရားကြီးကို စွဲလန်းတဲ့ မန္တန်ဝိဇ္ဇာအကြောင်းလေ”
“မသိဘူး ဦးလေး “
“ငါလည်း နာမည်တွေတော့ မသိဘူး။ဘုရင်ကြီးရဲ့ မိဖုရားကြီးကို စွဲလန်းနေတဲ့ မန္တန်ဝိဇ္ဇာရှိတယ်တဲ့ကွ သူက မိဖုရားကြီး ဆီကို သူ့ရဲ့မန္တန်အစွမ်းနဲ့ ကိုယ်ဖျောက်ပြီး သွားတယ်တဲ့ကွာ မိဖုရားကြီးကလည်း အိပ်မက်လိုလို တကယ်လိုလိုပေါ့ကွာ နောက်တော့ လက်မှာဆေးစိမ်ပြီး ဝိဇ္ဇာရဲ့ကျောကို အမှတ်ပေး ပြီး ဖမ်းတယ်ဆိုတဲ့ သာဓကတွေ ရှိတယ်လေကွာ “
“အင်း ကျုပ်နားလည်ပါပြီ လောကမှာ အကောင်းဆုံးကတော့ အရိယာလမ်းစဉ်ပေါ့ “
“အင်း ငါလို သူခိုးပါးစပ်က အဲ့တာတွေ ပြောနေတာ ဘေးလူတွေ ကြားရင်တော့ ရယ်စရာပေါ့ကွာ “
“မဆိုင်ပါဘူး ဦးလေးရာ “
“ကဲ မင်းကို လာတွေ့မဲ့သူတယောက်မှလည်း ရှိပုံမပေါ်ဘူး ငါကိုတော့ ငါ့မိန်းမက ထမင်းတော့လာပို့တယ်ကွ လာမပို့လို့မရဘူးလေ သူ့ကို ငါက ခိုးကျွေးထားတာကိုး တခါတခါတော့ ပြောလာတယ် ငါ့ကောင်ရေ ငါ့မိန်းမက ပြဇာတ်ထဲက မင်းသမီးလိုပဲ ရှင့်ရဲ့ မသန့်ရှင်းတဲ့ ငွေတွေနဲ့ ကျမ ထမင်းစားရမှာ မသတီဘူး တို့ ဘာတို့ပေါ့ကွာ “
ငှက်ပျောသီးသည် သူပြောသောစကားအား သူ့ဘာသာသဘောကျကာ ရယ်မောလိုက်ပြီး မိန်းမဖြစ်သူ လာပို့သွားသော ထမင်းနှင့်ဟင်းအား ပေတူး နှင့် အတူမျှ စားလိုက်ကြလေသည်။
ငှက်ပျောသီး ပြောသည်မှာ မှန်၏။တပတ်ပြည့်သောနေ့တွင် သူတို့ နှစ်ယောက်လုံး အချုပ်မှ လွတ်လာကြသည်။သွားစရာ နေရာမရှိသော ပေတူးအား ငှက်ပျောသီးသည် သူ၏ အိမ်တွင်နေစေပြီး သူတတ်မြောက်ထားသည့် မန္တန်အချို့အား သင်ပေးဖို့ရာ ဆန္ဒပြင်းပြနေလေသည် ။
“ကောင်လေး မင်းကို သင်ပေးထားတာ ငါတတ်ထားတဲ့ ပညာ မကုန်သေးဘူး မင်းလည်း ဌာန်ကရိုဏ်းမကျသေးဘူး အဲ့တော့ ငါ့အိမ်ကိုသာ လိုက်ခဲ့ပေတော့ “
“ခင်ဗျားက ဘယ်မှ နေတာတုန်း”
“ငါက မြသာရွာသားပဲကွ ငါ့မှာ အိမ်လည်းရှိတယ် မိန်းမလည်း ရှိတယ် ကလေးသာ မရှိတာ ငါက အိမ်ကိုသိပ်ကပ်တဲ့ကောင် မဟုတ်ဘူးဆိုတော့ အိမ်က မိန်းမလည်း ငါ့ကို သိပ်မမှတ်မိချင်ဘူးဟေ့ “
“ဦးလေးကတော့ နောက်ပြီဗျာ “
ဤသို့ဖြင့် ငှက်ပျောသီးနှင့် ပေတူးသည် လွယ်အိပ်တယောက် တလုံးဆီလွယ်ကာ မြသာရွာသို့ ထွက်ခွာသွားကြပါတော့သည် ။
◾အခန်း (၇)
မြသာရွာလေး၏ အနောက်ဘက်ပိုင်းတွင် ငှက်ပျောသီး၏ နေအိမ်ရှိလေသည်။အိမ်သည်ကြီးသည်လည်း မဟုတ်၊ အိမ်ကုတ်လေးလည်းမဟုတ် သင့်တင့်သောပျဉ်ထောင်ပျဉ်ခင်းအိမ်လေးဖြစ်သည်။အိမ်လေးကို ရောက်သည်နှင့် ငှက်ပျောသီးသည် အသံသာသာ နှင့် သူ၏ မိန်းမဖြစ်သူ၏ နာမည်အားအမြင်ကပ်ချင်စရာ ကောင်းလောက်အောင်ချွဲပြီး ခေါ်လေ တော့သည်။ထိုကြောင့် ပေတူးသည် ကွယ်ရင်မေ့ တွေ့ရင်သေအောင်လွမ်းဆိုသော လူကြီးများ၏ပြောစကားကို ငှက်ပျောသီး နှင့်မှ ကောင်းကောင်း နားလည်မိသွားသည် ။
“ရွှေဝင်း ဝင်းဝင်းလေး အကိုပြန်လာပြီလေ ဝင်းဝင်းရဲ့ ချစ်လှစွာသော လင်တော်မောင် ပြန်လာပြီ “
“ဟဲ့ မသာ စွတ်အော်မနေနဲ့ဦး နင့်အသံကြားရင် ရွာထဲက လူတွေက သမ္ဗုဒေရွတ်နေဦးမယ် “
“အိုး စိမ်းကားလိုက်တာ ဝင်းဝင်းရယ် “
“အချုပ်ကျပြီး ပြန်လွတ်တဲ့အချိန်မှပဲ အိမ်ကို ပြန်လာဖို့သိတယ်နော် ပြီးရင် ပြန်ပျောက်သွားအုံးမလား ကျမသာ လင်ငယ် နေချင်စိတ်ရှိရင် သိပ်ကောင်းမှာပဲ “
“ဝင်း၀င်းလေးကို စိတ်ချလို့သာ အကိုက ထားခဲ့တာပေါ့ “
“တော်ပါ နောက်က ဘယ်ဂျလေဘီလေးကို ခေါ်လာတာလဲ “
ငှက်ပျောသီး၏ မိန်းမ မရွှေဝင်းမှ ပေတူးကို ကြည့်ပြီး မခန့်လေးစားနှင့် ပြောသောအခါ ပေတူးလှည့်ထွက်သွားဖို့ရာ ဟန်ပြင်လိုက်သည်။ထိုအခါ ငှက်ပျောသီးသည် ပေတူး၏ လက်ကို ဆွဲလိုက်ပြီး
“ကောင်လေး ဘယ်သွားမလို့လဲကွ နေဦး ခဏ “
ငှက်ပျောသီးသည် ပေတူးကို ထိုသို့ ပြောလိုက်ပြီး သူ့မိန်းမပါးအား ဘယ်ပြန်ညာပြန် ရိုက်လိုက်ပြီး
“ဝင်းဝင်းလေး အကို့ စည်းကမ်းကို သိတယ်နော် “
“ဟုတ် ဟုတ် သိ သိပါတယ်”
“ချစ်တော့ ချစ်တယ်နော် အကို့ကို ကြိုက်သလို ပြော ပြောလို့ ရတယ် အကို ခေါ်လာတဲ့ ဧည့်သည်ကိုတော့ နောက်တခါ ဒီလို မဆက်ဆံရဘူးနော် “
ငှက်ပျောသီး၏ အပြုအမူကြောင့် ပေတူး မျက်လုံးပြူးသွားရ၏။ပါးစပ်မှ ထွက်သော နှုတ်ထွက်စကား နှင့် ဘယ်လိုမှ မလိုက်ဖက်စွာ သူ၏မိန်းမအား ရိုက်လိုက်ခြင်းကြောင့် ဖြစ်သည် ။မရွှေဝင်းသည် နောက်ထပ်မည်သည့်စကားမှ မပြောတော့ပဲ အိမ်ပေါ်တက်သွားရာ ငှက်ပျောသီးသည် နောက်မှ လှမ်းပြီး အော်ပြောလေသည် ။
“စိတ်ဆိုးတာလား ဝင်းဝင်းလေး “
“မ မဟုတ်ပါဘူး အကိုတို့ စားဖို့ ထမင်းပွဲပြင်ပေးမလို့ပါ “
“အေးအေး ချစ်တယ်နော် “
ငှက်ပျောသီးသည် သူ၏ မိန်းမကို စကားပြောပြီးသည် နှင့် ပေတူးကို ကြည့်ကာ
“ကောင်လေး ဘာမှစိတ်မပူနဲ့ ကို့အိမ်ကိုယ့်ယာလိုသာနေ မင်း နောက်ဆယ်ရက်လောက်ဆိုရင်တော့ ပြန်လို့ရလောက်ပါပြီ “
“အားနာလိုက်တာ ဦးလေးရာ “
“မင်းငါ့ကို အားနာစရာ မလိုပါဘူး”
“မဟုတ်ဘူး ခင်ဗျားမိန်းမကိုပြောတာ သူ အရိုက်ခံရတယ်လေ “
“ကောင်လေး ငါ့မိန်းမကလည်း ဒီလို ဆက်ဆံမှကွ ကဲ ကဲ ကောင်လေး ရေမိုးချိုးကွာ ပြီးရင် ထမင်းစားကြစို့ မင်း ငါ့အိမ်ခန်းကလွဲပြီး နေချင်ရာမှာ နေပေတော့ငါ့ကောင်ရေ “
ငှက်ပျောသီးသည် ပေတူးအား ရေချိုးရမည့်နေရာကို ပြလိုက်ပြီးနောက် အိမ်ပေါ်သို့ တက်သွားလေသည်။ထို့နောက် ပေတူးသည်လည်း ရေများအပြည်ဖြည့်ထားသော စည်ပိုင်းထဲမှ ရေများဖြင့်အချိန်အတော်ကြာအောင် ရေချိုးနေလိုက်ပါလေတော့သည် ။
◾အခန်း (၈)
ပေတူးတယောက် ငှက်ပျောသီး၏ အိမ်တွင် စားလိုက်အိပ်လိုက်ဖြင့် မန္တန်သင်နေရာ တပတ်ကျော်မျှကြာသွားပြီဖြစ်သည် ။ဘာမှ မလုပ်ခိုင်းပဲ ထမင်းပါကျွေးပြီး ပညာသင်ပေးနေသော ငှက်ပျောသီးအား ပေတူးအားနာလာပြီ ဖြစ်သည်။ထို့ကြောင့် ပေတူးသည် ပြန်တော့မည့် အကြောင်း စကားစလိုက်လေ၏။
“ဦးလေး ကျုပ်ပြန်မှ ဖြစ်တော့မယ် တောထဲမှာ ကျုပ်ဆရာကို တယောက်တည်း ထားခဲ့ရတာ “
“မင်း ငါသင်ထားတဲ့ ပညာတွေရော တတ်ပြီလား “
“တတ်ပြီ “
“ဟုတ်ရော ဟုတ်လို့လား ကောင်လေးရာ “
“ဟုတ်တယ် ကျုပ် တကယ်ပြောတာ “
“အဲ့တာဆို မင်းကို ပညာစမ်းရမယ် မင်းအခုညအိပ်လို့မရဘူး “
“ဘာလုပ်ရမှာလဲ ဦးလေး “
“မင်းပြောတော့ ပညာတတ်ပြီဆို အဲ့ဒီတော့ ဆရာအနေနဲ့ ငါက စမ်းသပ်ရမှာပေါ့ “
“ပြီးတာပဲဗျာ အောင်ရင်တော့ ကျုပ်ပြန်မယ်နော် “
“သဘောပါ ကောင်လေးရာ “
ဤသို့ဖြင့် ညဖက် ရောက်ရှိလာပြီ ဖြစ်သည်။ပေတူးသည် အိမ်ရှေ့ခန်းတွင် တယောက်တည်း မအိပ်သေးပဲ ထိုင်နေလေသည်။ငှက်ပျောသီးမှာဖြင့် သူ၏အိမ်ခန်းထဲက ထွက်မလာသေးပေ။အချိန်တဖြည်းဖြည်းကုန်လွန်လာကာ ညသန်းခေါင် ကျော်လာပြီး ပေတူးလည်း ငိုက်မြည်းစ ပြုလာသည်။အိပ်ချင်စိတ်ကို မအိပ်ချင်အောင် ထိန်းရင်း ကြိုးစားပြီးငုတ်တုတ်ထိုင်နေ၏။သို့ပေမဲ့လည်း ငိုက်မြည်းခြင်းက ပိုတိုးလာ၍ ခေါင်းမှဆံပင်များကို ဆောင့်ဆွဲပြီး နာအောင်ပြုလုပ်လိုက်မှသာ ငိုက်မြည်းခြင်းက သက်သာလာသည်။နောက်ထပ် အချိန်အတော်ကြာအောင်စောင့်လိုက်သောအခါမှ အိမ်ခန်းထဲမှ ငှက်ပျောသီး ထွက်လာတော့သည်။ငှက်ပျောသီးသည် ပေတူး အနားလာထိုင်ပြီး တချက်သန်းဝေလိုက်ကာ
“ကောင်လေး အဆင်သင့်ဖြစ်ပြီလား “
“ဖြစ်နေတာ ကြာပေါ့ “
“ကောင်လေးရေ မှောင်တော့ မှောင်တယ် ဒါပေမဲ့ သူခိုးမျက်စိဆိုတာ နေ့လယ်က မြင်ခဲ့တဲ့ အရာတွေကို စိတ်နဲ့ဘဲမှတ်ထားတာ တော်ရုံ မှောင်တာလောက်တော့ မမူ့ဘူး”
“ကျုပ် သူခိုးပညာသင်နေတာ မဟုတ်ဘူးနော် ဦးလေး “
“အေးပါကွာ ငါက သဘောပြောတာပါ လာ လာ ငါ့နောက်ကလိုက်ခဲ့ “
ပေတူးသည် မှောင်မဲမဲထဲမှ ရှေ့ကသွားသော ငှက်ပျောသီးအနောက်သို့ လိုက်သွားလိုက်သည်။ငှက်ပျောသီးသည် ရွာလမ်းအတိုင်း ခြံစည်းရိုးများကို ကပ်ကာ သွားလိုက် ရပ်လိုက် ထိုင်လိုက် ထလိုက် နှင့် ရှေ့မှ သွားရာ ပေတူးသည်လည်း သူ့နည်းအတိုင်း လိုက်လုပ်နေရသည်။အတန်ကြာအောင် သွားလိုက်သောအခါ အောက်လင်းဓာတ်မီးများ ထွန်းထားသော ခြံကြီးအနားသို့ ရောက်လာလေသည်။ထိုခြံကြီးတွင် စပါးကြိတ်စက်ရှိပြီး လုံခြုံရေးအစောင့်နှစ်ယောက် အမြဲရှိလေသည်။ ယခုလည်း အစောင့်နှစ်ယောက်သည် တန်းလျားတွင် ထိုင်ပြီး ဆေးလိပ်သောက်နေကြသည်။ငှက်ပျောသီးသည် ပေတူး အနား နားသို့ကပ်ကာ
“ကောင်လေး မင်းငါသင်ပေးထားတဲ့ အိပ်မွေ့ ချတဲ့ မန္တန်ရွတ် ကွာ ပြီးရင် သူတို့ကို့ အိပ်မွေ့ချလိုက် “
“ခင်ဗျား ဘာလုပ်မလို့တုန်း “
“မင်းက လျှာရှည်တယ် ရွတ်ဆို ရွတ်စမ်းပါကွ “
ငှက်ပျောသီးမှ စိတ်မရှည်ဟန်ဖြင့် စကားဆိုနေသောကြောင့် ပေတူး မန္တန်ကို ရွတ်ပြီး အိပ်ငွေ့ ချလိုက်လေ၏။မကြာမီအချိန်တွင် အစောင့်နှစ်ယောက်သည် သမ်းဝေလာကာ စားပွဲခုံ ပေါ် ခေါင်းစိုက်ပြီး အိပ်သွားကြတော့သည်။ငှက်ပျောသီးသည် လမ်းပေါ်မှ ခဲလုံး နှစ်လုံးကို ကောက်ပြီး အစောင့်များ၏ စားပွဲ ခုံပေါ်သို့ ပစ်တင်ကြည့်သေး၏။တုတ်တုတ်မျှ မလှုပ်သောအခါမှ ခြံထဲဝင်ကာ ဆန်စက်ထဲမှ ဆန်အိပ်များကို ဘေးတွင်ရှိသော ကလောင်နှင့် ထိုးကာ ဆန်ရွေးလိုက်ပြီး စိတ်ကြိုက်ဆန်ရသော အခါ မလိုက်လေသည်။ထို့နောက် ငှက်ပျော်သီးသည် ဘေးတွင်ငေးငိုင်နေသော ပေတူးအား
“ကောင်လေး မင်း ဆန်အိတ် မနိုင်လား “
“မနိုင်တာပေါ့ဗျ “
“အဲ့တာဆို ဆန်တအိပ် မခဲ့ကွာ “
“ဟာ သူများပစ္စည်း မခိုးချင်ဘူး “
“ဟေ့ကောင် တို့ခိုးတာက ဆန်လေးနှစ်အိတ်ထဲ ဒီဆန်စက်ပိုင်ရှင် ဦးကျော်စိန်ကြီး ခိုးတာ နဲ့ ယှဉ်ရင် မြင့်မိုရ်တောင် နဲ့ ဇီးသီးဟ”
“အေးပါဗျာ ထမ်းခဲ့ပါမယ် သူဆန်စားတော့ ရဲရတော့မှာပေါ့ “
ပေတူး မကျေမနပ်နှင့် ဆန်အိတ်ကို ထမ်းလိုက်ပြီး ငှက်ပျော သီး အနောက်သို့ လိုက်သွားလေသည်။အိမ်သို့ ပြန်ရောက်သော အခါ ငှက်ပျောသီးသည်
“ကောင်လေး မင်းက တကယ်ကို တော်တဲ့ကောင်ပဲ ငါဆို အခုလို အိပ်မွေ့ချတတ်ဖို့ နှစ် နှစ်လောက်သင်ရတာ “
“ထားပါ ကျုပ် ပြန်လို့ရပြီလား “
“ရပြီ ဒါပေမဲ့ မနက်ဖြန်မှ ပြန်ကွာ ဒီနေ့တော့ အိပ်လိုက်ဦး “
ပေတူးသည်ငှက်ပျောသီး ပြောသည်ကို လက်ခံလိုက်ကာ ဘိုးတော်စိုးပေးထားသော စက္ကူလေးအား လွယ်အိတ်ထဲတွင် ပြန်စမ်းကြည့်လိုက်ပါလေတော့သည် ။
🔸ဘိုးတော်ပေ နှင့် ပညာစဉ်သည်က ဤမျှသာ။မ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply