ထန်းသုံးမြူနှင့်ပဲကြီးလှော်

ကဝေသားပိုက်ဆိုပဲကွ”

“ကဝေသားပိုက်ဆိုတာက ဘာကိုပြောတာလဲဗျ”

“စုန်းကြီးတွေ၊ ကဝေကြီးတွေက သူတို့သေတော့မယ်ဆိုရင် သူတို့မှာလည်း လက်ဆင့်ကမ်းစရာ မျိုးဆက်မရှိတော့ဘူးဆိုရင် မမွေးသေးတဲ့ကလေးရဲ့ဝမ်းထဲကို သူတို့ပညာတွေထည့််ပေးတယ်ကွ၊ အဲဒါကို ကဝေသားပိုက်လို့ခေါ်တာ၊ မမယ်ဖြူယောက်ျား စုန်းကြီးတွေက အသက်အိုအိုကြီးတွေကွ၊ တောထဲတောင်ထဲမှာဆိုတော့ ဆက်ပြီးပြန့််ပွားစရာ မျိုးဆက်မရှိတာနဲ့ မမယ်ဖြူဗိုက်ထဲက ကလေးလေးထဲကို ပညာတွေထည့်ပေးခဲ့ကြတာလို့ပြောတာပဲ၊ စုန်းထီးကြီး ခုနစ်ယောက်က ပညာထည့်ပေးထားတာဆိုတော့ မယ်ပျင်းကသိပ်စွမ်းတာပေါ့ကွာ၊ စုန်းထီးကြီးတွေကလည်း နှယ်နှယ်ရရမှမဟုတ်တာ၊ ဘုရင်က ရေချတာတောင်မှ မသေလို့ မြိုင်ရပ်ကိုနှင်ထားတဲ့ စုန်းတွေပဲဥစ္စာ”

“ဟာ၊ ဒါကြောင့်လည်း ဒေါ်ပျင်းက သိပ်စွမ်းနေတာကိုးဗျ”

“စွမ်းပါပြီကောကွာ၊ သူ့ဆီမှာ အမောက်ခုနစ်ခုတောင်ရှိတယ်ဆိုပဲကွ၊ ငါတော့မမြင်ဖူးပါဘူး၊ ခုနက သောင်းတင်ပြောတာပဲ”

ဦးဘသာတောင်မှ အမောက်သုံးခုရှိတာမဟုတ်လား၊ ဒေါ်ပျင်းအမောက် ခုနစ်ခုရှိတယ်ဆိုတော့ ဦးဘသာထက် နှစ်ဆကျော်လောက် ပိုစွမ်းမယ်လို့တော့ ကျုပ်ထင်တာပဲဗျာ။ ဘကြီးစိန်ရင်က ရေနွေးတစ်ခွက်ငှဲ့လိုက်ရင်းနဲ့

“သောင်းတင်က ငါ့ကို မမယ်ဖြူက ကဝေသားပိုက်လို့ပြောတော့ ငါလည်းဘယ်ယုံမှာလည်းကွာ၊ အရင်ကတည်းကလည်း တို့ရွာသူပဲမဟုတ်လား၊ ဒါနဲ့ သောင်းတင်က ဆက်ပြောတယ်ကွ၊ မယုံရင် ဒီလကွယ်ည ပေါက်ကုန်းကို လာချောင်းကြည့်တဲ့ကွ၊ ရွာခံစုန်းတွေက မမယ်ဖြူဗိုက်ထဲက ကဝေသားပိုက်ကို စိန်ခေါ်ကြမယ်ဆိုပဲ၊ ငါလည်း သိချင်တာပေါ့ကွာ၊ အဲဒီတုန်းက အသက်ကလည်း ခပ်ငယ်ငယ်၊ စန်းတုတ်နဲ့ အိမ်ထောင်ကျတာတောင်မှ တစ်နှစ်မပြည့်သေးဘူးမဟုတ်လား၊ ဒါနဲ့ သိချင်တော့ သူတို့ပြောတဲ့အတိုင်း လကွယ်ညမှာ ပေါက်ကုန်းအနားသွားစောင့်နေတာပေါ့ကွာ”

“ပေါက်ကုန်းဆိုတာ၊၊ ကျုပ်တို့ရွာအထွက်နားက ပေါက်ကုန်းကိုပြောတာမဟုတ်လား”

“အေးလေ၊ ရွာမှာ ပေါက်ကုန်းဘယ်နှကုန်းရှိလို့လဲ၊ အရင်က ပေါက်ကုန်းဆိုတာ ချုံတွေဝိုင်းနေတဲ့နေရာပဲကွ၊ ဇီးကုန်းရွာမတည်ခင်တုန်းကဆိုရင်တော့ ကွင်းခေါင်ခေါင်ထဲ ပေါက်ပင်ကြီးတစ်ပင်ပေါက်နေတဲ့ နေရာပေါ့၊ ငါလည်း အဲဒီညမှာ ပေါက်ကုန်းကိုကြိုသွားပြီးတော့ ချုံတစ်ခုထဲမှာ နေရာအသေအချာယူထားလိုက်တာပေါ့၊ မကြာပါဘူးကွာ၊ ရွာထဲကနေလူတွေ စကားတပြောပြောနဲ့ရောက်လာတယ်၊ လကွယ်ညဆိုတော့လည်း အလင်းရောင်မရှိတော့ ဘယ်သူဘယ်ဝါမှန်း မသိဘူးပေါ့ကွာ၊ သူတို့က အဲဒီပေါက်ပင်ကြီးအနားကိုလာပြီးတော့ စကားတွေပြောနေကြတာကွ၊ နှစ်ယောက်လာလိုက်၊ သုံးယောက်လာလိုက်နဲ့ နောက်ဆုံးဆယ့်ငါးယောက်လောက်ဖြစ်သွားပါရော၊ ယောက်ျားတွေရော၊ မိန်းမတွေရောကွ၊ ငါဖြင့် အဲဒီတော့မှ ရွာမှာစုန်းတွေများတာကို သိလိုက်ရတာ”

“ဆက်ပြောပါအုံးဗျာ၊ ကောင်းခန်းရောက်နေပြီဗျ”

ဘကြီးစိန်ရင်က ရေနွေးခွက်ကို ကောက်သောက်လိုက်ပြီးတော့

“သန်းခေါင်မရောက်ခင်လောက် မမယ်ဖြူရောက်လာပါရောဟေ့၊ ဗိုက်ကြီးကလည်း မွေးခါနီးဆိုတော့ တကားကားနဲ့ပေါ့ကွာ၊ နောက်တော့ အဲဒီစုန်းတွေကို လက်ညှိုးထိုးပြီး ဆဲလိုက်ဆိုလိုက်တာ ရစရာမရှိပါဘူးကွာ၊ စုန်းတွေကလည်း ပြန်ပြီးဆဲကြဆိုကြနဲ့ပေါ့၊ နောက်တော့ အဖြူရောင်တွေ၊ အနီရောင်တွေ၊ အစိမ်းရောင်တွေ တလက်လက်နဲ့ လက်ကုန်ပါရောကွာ၊ ငါလည်း ချုံထဲက ကြည့်နေတာဆိုတော့ မြင်ကွင်းက သိပ်မရှင်းဘူးပေါ့၊ နောက်တော့ မမယ်ဖြူဗိုက်ကြီးက လင်းနေတာကွ၊ ဘယ်လောက်လင်းသလဲဆိုရင် ဗိုက်ထဲက ကလေးကိုပါ ထိုးဖောက်မြင်နေရတယ်၊ နောက်တော့ အဲဒီဗိုက်ထဲကနေပြီး မီးလုံးကြီးတစ်လုံးထွက်လာတာကွ၊ မီးလုံးလည်းထွက်ရော ရွာထဲကစုန်းတွေက ငိုယိုကြတာကွာ၊ ပြောမနေပါနဲ့တော့”

“သူတို့က ဘာလို့ငိုတာလဲဗျ”

“ဒါတော့ငါလည်းမသိဘူး၊ ငိုတာမှ ရှိုက်ကြီးတငင်နဲ့ငိုကြတာကွ၊ ပြီးတော့ တဖုန်းဖုန်းနဲ့ပြေးကြတာပဲကွာ၊ ပြေးတဲ့လူတွေကို မမယ်ဖြူက ကြည့်ပြီးရယ်နေတယ်ကွ၊ လူတွေအားလုံးကုန်သွားတော့မှ မီးလုံးကြီးက ဗိုက်ထဲပြန်ဝင်သွားတာ၊ ငါဆိုရင်ကြောက်တာ ပြောမနေပါနဲ့ကွာ၊ မနက်လင်းမှ ချုံထဲကနေထွက်ရဲတယ်ဟေ့”

နောက်ရက်ပိုင်းတော့ သောင်းတင်က စန်းတုတ်ကိုခေါ်ပြောတယ်၊ သူသွားရတော့မယ်တဲ့၊ ငါတို့ကလည်း ခရီးသွားတာကိုပြောတာလားပေါ့၊ ပြောရင်းနဲ့ မျက်ရည်တွေတောင်ကျနေသေးတယ်၊ စန်းတုတ်ကို ချစ်လို့ဆိုပြီးတော့ လက်စွပ်တစ်ကွင်းနဲ့ ထမီသုံးလေးထည် ပေးလိုက်သေးတယ်ကွ၊ နောက်တစ်နေ့မနက်ရောက်တော့ သောင်းတင်သေတာပဲကွ၊ ငါတို့တောင်အံ့သြနေကြတာ”

“ဒါဆို မမယ်ဖြူဆီမှာ ရှုံးသွားလို့များလား”

“အေး၊ ငါလည်း အဲဒီလိုထင်တာပဲကွ၊ လူတွေပြောတာတော့ ကဝေသားပိုက်နဲ့ပညာပြိုင်လို့ ရှုံးရင် ကဝေသားပိုက်က အဲဒီလူကိုဖမ်းစားတယ်တဲ့ကွ၊ သောင်းတင်သေသလို မကြာပါဘူး၊ ရွာက လူတွေတဖြုတ်ဖြုတ်သေတာကွ၊ သေတာကလည်း ညအိပ်ရင်အကောင်း မနက်လင်းရင်အသက်မရှိတော့ဘူး၊ သေတာကလည်း တစ်နေ့တစ်ယောက်နှုန်းနဲ့သေတာ၊ ဆယ့်ငါးရက်မှာ ဆယ့်ငါးယောက်သေပြီး နောက်ရက်ကျတော့ လူတွေဆက်မသေတော့ဘူး၊ အဲဒီရက်မှာ မယ်ပျင်းကို မွေးတာပဲဟေ့”

“ဒါဆို စုန်းတွေအားလုံးကို ဒေါ်ပျင်းက ဖမ်းစားလိုက်တာများလား”

“ဟုတ်ချင်ဟုတ်မှာကွ၊ မယ်ပျင်းမွေးပြီးတော့ ရွာမှာနည်းနည်းငြိမ်သွားတယ်၊ မယ်ပျင်းဆိုတာ အရပ်ကပေးတဲ့နာမည်ကွ၊ နာမည်နဲ့လိုက်အောင် ငယ်ငယ်က သိပ်ပျင်းတာတဲ့၊ အားအားရှိခွေခေါက်နေ၊ အိပ်နေတာချည်းပဲ၊ သူ့အမေမမယ်ဖြူနဲ့ဆိုရင် အမြဲတမ်းစကားများရန်ဖြစ်နေသတဲ့၊ ဒါပေမယ့် မယ်ပျင်းက သူ့အမေအလုပ်ခိုင်းရင် ပညာနဲ့လုပ်တာတဲ့ကွ၊ တံမြက်လှည်းဆိုရင် တံမြက်စည်းကို သူ့အလိုလိုလှဲခိုင်းတာကွ၊ ရေငင်ဆိုရင်လည်း ရေအိုးက သူ့အလိုလိုရေသွားငင်တယ်”

“ဟုတ်ရဲ့လားဗျာ”

“တကယ်ဟ၊ ငါကိုယ်တိုင်မြင်ခဲ့ဖူးတာ၊ တစ်ခါတော့ ကာလသားတွေက မယ်ပျင်းကိုမယုံတာနဲ့ လောင်းကြေးစားကြေးလုပ်ပြီး သွားချောင်းတာပေါ့ကွာ၊ အဲဒီမှာငါလည်းပါတယ်ကွ၊ မယ်ပျင်းက တစ်အိမ်လုံးကို ခိုင်းထားတာကွ၊ ထင်းပေါက်ဆိုရင်လည်း ပေါက်ဆိန်ကြီးပဲ မြင်ရတယ်ကွ၊ အဲဒီပေါက်ဆိန်ကြိးက သူ့အလိုလိုထင်းတွေပေါက်နေတာ၊ မောင်းစင်ကြီးကလည်း တခွပ်ခွပ်နဲ့မောင်းတွေထောင်းနေပြီးတော့ စကောကြီးက သူ့အလိုလိုလှည့်ပြီး ဆန်တွေပြာနေတာကွာ၊ ငါတို့လည်းတွေ့တော့ လန့်ပြီးထွက်ပြေးကြတာပဲ”

“ဟုတ်ရဲ့လားဗျာ၊ ကျုပ်ဖြင့် နားရှိလို့သာကြားရတယ်”

“အောင်မာ၊ မင်းက ငါ့ကိုလိမ်နေတယ်လို့ ထင်လို့လားကွ၊ တော်ပြီကွာ၊ နားမထောင်ချင်ရင်လည်းနေ ငါဆက်မပြောတော့ဘူး”

“လုပ်ပါဗျာ၊ ကျုပ်က စတာပါ”

“တော်ပြီကွာ၊ အာညောင်းတယ်၊ နေလည်းကောင်းကောင်းမကောင်းသေးဘူးကွ”

ဘကြီးစိန်ရင်က ကျုပ်ကိုစိတ်ဆိုးသွားပုံရတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း သူ့အိမ်ကနေပြန်ထွက်လာခဲ့တာပေါ့ဗျာ။

(၂)

“ဟေ့အလတ်ကောင်၊ အတော်ပဲကွာ”

“ဟာ၊ ဦးဘသာပါလားဗျ”

ဦးဘသာက သူ့ခါးကြားထဲမှာ ပုဆိုးနဲ့လိပ်ထားတဲ့ ပိုက်ဆံတွေကိုထုတ်ပေးတယ်ဗျ၊ ပိုက်ဆံအစိတ်တန်ဗျ။ ကျုပ်လည်း ပိုက်ဆံလှမ်းယူလိုက်တယ်။

“ကြွက်နီဆီသွားပြီး ထန်းသုံးမြူလောက်ရအောင်ဝယ်ခဲ့ပါကွာ၊ ပြီးတော့ ပဲကြီးလှော်လည်း နှစ်ဆယ်သားလောက်ဝယ်ခဲ့”

ဒီတော့မှ ကျုပ်လည်း ဦးဘသာကို ဟိုနေ့က သရဲကြီးမှာသွားတဲ့အကြောင်းကို သတိရသွားတာဗျ၊ ထန်းသုံးမြူနဲ့ ပဲကြီးလှော်ယူလာခဲ့ပါဆိုတာလေ၊ ဒါနဲ့ကျုပ်လည်း ပိုက်ဆံယူပြီးထွက်လာခဲ့တယ်၊ ဦးဘသာက ကိုကြွက်နီဆီမသွားချင်တာ အကြောင်းရှိတယ်လေ၊ ကိုကြွက်နီနဲ့သူနဲ့က သိပ်ပြီးအကြောမတည့်ဘူးမဟုတ်လား။

ကိုကြွက်နီအိမ်ရောက်တော့ ကိုကြွက်နီက အိမ်ဘေးနားကအရိပ်ထဲမှာ ဝါးပက်လက်ကုလားထိုင်ကလေးချထားပြီးတော့ ထန်းရည်ကလေးသောက်ရင်း ဇိမ်ခံနေတာဗျ၊ ကျုပ်လည်း ကိုကြွက်နီဆီကိုလာခဲ့တာပေါ့။

“ဟာ၊ ကိုကြွက်နီကတော့ ဇိမ်ပဲဟေ့၊ ထန်းရည်နဲ့ ကောင်းနေပြီ၊ ဟိုဟာက ဘာသားလဲဗျ”

“ရှဉ့်သားလေကွာ၊ ငါမနေ့က ထောင်ခဲ့တာ၊ ထန်းရည်နဲ့ရှဉ့်သားကြော်ဆိုတာ သိပ်လိုက်တာပေါ့ကွ၊ ရော့အလတ်ကောင်၊ သောက်”

ကိုကြွက်နီက ထန်းရည်တစ်ခွက်ပေးတာနဲ့ ကျုပ်လည်းကြည့်လိုက်တယ်ဗျ၊ ထန်းရည်က မိုးပြာရောင်ကလေးဗျာ။ ကျုပ်လည်း ပါးစပ်ထဲကိုတစ်ခွက်လုံးမော့ချလိုက်တာပေါ့။

“ဖွီ၊ ကိုကြွက်နီထန်းရည်ကလည်း ခါးလိုက်တာဗျာ”

“ခါးမှာပေါ့ကွ၊ ငါက ငှက်ခါးတောင်သောက်တာကိုး”

ငှက်ခါးတောင်ဆိုတာကတော့ ထန်းရည်ကို ကောက်ညှင်းချက်နဲ့ပြန်ပြီးအချဉ်ဖောက်ထားတာကိုပြောတာဗျ၊ ထန်းရည်ထဲမှာ သိပ်ခါးပြီး သိပ်မူးတာပေါ့ဗျာ၊ အရောင်ကတော့ မိုးပြာရောင်လဲ့လဲ့ကလေးလိုပဲ၊ တကယ့်ထန်းရည်သမား၊ ဂျိုးတွေဆိုရင်တော့ ငှက်ခါးတောင်မှ သောက်တာဗျ။

“အလတ်ကောင်၊ မင်းကတော့ ထန်းရည်မသောက်တတ်ဘူးပဲ၊ ထန်းရည်ဆိုတာ တစိမ့်စိမ့်သောက်၊ မော့သောက်ရတယ်ကွ၊ ဟောဒီလို ခေါင်းကလေးကိုမော့ပြီးတော့ ပါးစပ်ထဲကို ထန်းရည်ကိုတစ်စိမ့်စိမ့်လောင်းချပြီးတော့မှ တစ်ကျိုက်အရသာခံသောက်ရတာကွ”

ကိုကြွက်နီက ပက်လက်ကုလားထိုင်ပေါ်မှာ လှန်အိပ်ပြိးတော့ သောက်ပြသေးတာ။

“ဒါနဲ့ မင်းဘာလာလုပ်တာလဲ”

“ထန်းရည် သုံးမြူလောက် လိုချင်လို့ဗျ”

“ဟာ၊ ငါက အခုထန်းရည်မှမရောင်းတာ”

“လုပ်ပါ ကိုကြွက်နီရာ အဖေက ထန်းရည်များများရအောင်ရှာလို့ပြောလိုက်လို့ပါ”

အဖေဆိုတဲ့အသံကြားတာနဲ့ ကိုကြွက်နီခေါင်းထောင်လာတာပဲဗျ။

“ဟာ၊ သူကြီးက ထန်းရည်သောက်တော့မယ်ပေါ့ဟုတ်လား၊ အေးအေး၊ ပေးလိုက်မယ်၊ သူကြီးအတွက်ဆို လက်ဆောင်ပေးလိုက်မယ်၊ သုံးမြူမဟုတ်ဘူးကွာ၊ ငါးမြူယူသွား”

ကိုကြွက်နီကထသွားပြီးတော့ ထန်းရည်မြူအိုးကလေးတွေကို ကြိုးနဲ့ဆွဲပြီး ပေးလိုက်တယ်ဗျ၊ ကျုပ်လည်း ပိုက်ဆံတစ်ပြားမှမကုန်ဘဲ ထန်းရည်ရတယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ပဲလှော်ကတော့ ကိုကြွက်နီဆီမှာ မရတတ်ဘူးဗျ၊ ရွာလယ်က မကပ်စေးရဲ့ ကုန်စုံဆိုင်ရယ်၊ ရွာထိပ်က ဦးတရုတ်ကြီးတို့ရဲ့ အရက်ဆိုင်ရယ်မှာပဲရတာ၊ မကပ်စေးဆိုင်ဘက် ခြေဦးမလှည့်ချင်တာနဲ့ ဦးတရုတ်ကြီးဆိုင်ကိုပဲ သွားဝယ်တာပေါ့ဗျာ၊ ကိုကြွက်နီဆိုင်ကနေ ဦးတရုတ်ကြီးဆိုင်ကို မြန်မြန်ရောက်အောင်လို့ ရွာလယ်ကနေမသွားဘဲ အိမ်နောက်ဖေးကိုဆင်းပြီး ရွာပြင်ကွင်းဘက်ကနေ ဖြတ်လာခဲ့တာပေါ့ဗျာ၊ ဒါနဲ့လမ်းမှာ ဘွားစန်းတုတ်နဲ့သွားဆုံပါရော။

ဘွားစန်းတုတ် ထင်းခွေတယ်ဆိုတာကလည်း ရွာမှာ ပြောစမှတ်တွင်တယ်ဗျ၊ ကျုပ်တို့ဘက်မှာတော့ တမာကိုင်းခြောက်တို့၊ ထန်းဖလက်၊ ဝါးလုံးပိုင်းတွေကို ထင်းအဖြစ်မသုံးကြဘူးဗျ၊ တမာကိုင်းကို မီးရှို့ရဲ့ မီးခိုးသင်းပြီးတော့ အနံ့တစ်မျိုးညှော်တယ်ဗျ၊ ထန်းဖလက်တို့၊ ဝါးတို့ကျတော့ ခဏလေးနဲ့ မီးလောင်ပြာဖြစ်တာဆိုတော့ ထင်းစိုက်မကောင်းဘူးပေါ့ဗျာ၊ ဒီတော့ ဘယ်သူမှ အပင်ပန်းခံပြီး အဲဒါတွေကို ထင်းလုပ်သယ်မနေဘူး၊ ဒါပေမယ့် ဘွားစန်းတုတ်ကတော့ တွေ့သမျှသစ်အကုန်သယ်တယ်၊ ဒါကြောင့် ရွာထဲက လူကြီးတွေက “စန်းတုတ်ထင်းခွေသလိုမလုပ်နဲ့နော်” ဆိုပြီးတော့ အလွယ်လုပ်တတ်တဲ့လူတွေကို တင်စားပြောတတ်တယ်ဗျ။

ခုလည်း ကိုကြွက်နီခြံနောက်က ထန်းဖလက်တွေ လာကောက်တာဖြစ်မယ်ဗျ၊ ကျုပ်လည်း ဘွားစန်းတုတ်ကို စချင်တာနဲ့ ဘွားစန်းတုတ်ကောက်မယ့် ထန်းဖလက်ကိုကြည့်ပြီး

“ဘွားစန်းတုတ်၊ အဲဒီမှာ မြွေကြီး၊ မြွေကြီးဗျ”

ကျုပ်အော်လိုက်တော့ ဘွားစန်းတုတ်လန့်သွားတယ်ဗျ၊ ပြီးတော့ အနောက်ကိုခုန်ဆုတ်သွားပါရော၊ ကျုပ်လည်း ကျုပ်လှန့်တာကို တကယ်လန့်သွားတယ်ဆိုပြီး ရယ်နေမိတာ၊ နောက်တော့မှ ဘယ်ဟုတ်မလဲဗျာ၊ ဘွားစန်းတုတ်ကောက်တဲ့ ထန်းဖလက်တွေကြားထဲမှာ မြွေဟောက်ကြီးတစ်ကောင် ပါးပျဉ်းထောင်လို့ဗျ၊ ကျုပ်လည်းအနားရောက်လာရော ကျုပ်ကိုပါ တရှူးရှူးလုပ်နေတာနဲ့ ထန်းရည်အိုးတွေဆွဲပြီး သုတ်ခြေတင်ပြေးခဲ့ရပါရောဗျာ။

(၃)

ထန်းရည်လည်းရပြီ၊ ပဲကြီးလှော်လည်း ဝယ်ပြီးပြီဆိုတော့ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ သားသတ်ကုန်းနားကိုသွားတယ်ဗျ၊ အဲဒီမှာထန်းရည်မြူတွေချပြီးတော့ ပါးစပ်က ပွစိပွစိလုပ်နေတယ်။

“အဘိုး၊ အဘိုး၊ အဘိုးတို့ သောက်ပါ သုံးဆောင်ပါ”

ထန်းရည်မြူကို ဒီအတိုင်းချပြီးတော့ ပဲကြိးလှော်ကိုတော့ ဖက်ခင်းပြီးပုံပေးလိုက်တာပေါ့ဗျာ၊ ပြီးတော့ ရေတွင်းပေါင်နားမှာ ထိုင်နေတာနဲ့ ကျုပ်လည်းထိုင်ရတာပေါ့ဗျာ၊ ထန်းသုံးမြူဆိုပေမယ့် ကျုပ်က ငါးမြူယူလာတာဆိုတော့ နှစ်မြူပိုနေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်က ထန်းရည်မြူတစ်အိုးကို ပါးစပ်နဲ့တေ့ပြီးသောက်ချလိုက်တယ်။

“ကဲ ဦးဘသာ၊ တစ်ခွက်တစ်ဖလားလောက် သောက်ပါအုံးလား”

ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ ဘာမပြောညာမပြောနဲ့ ကျုပ်ရှေ့ကထန်းရည်မြူတစ်ခုကိုကောက်ပြီးတော့ မော့ချလိုက်တာပဲ၊ တော်တော်များများသောက်လိုက်ပြီးတော့ အေ့ခနဲလေတက်လိုက်သေးတယ်ဗျ၊ ကျုပ်လည်း ရှပ်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတဲ့ ပဲကြီးလှော်ကို နှိုက်ပြီးတော့ ပါးစပ်ထဲပစ်ထည့်လိုက်တာပေါ့ဗျာ။ ဦးဘသာကိုလည်း နည်းနည်းလှမ်းပေးလိုက်တော့ ဦးဘသာက ခေါင်းခါတယ်ဗျ၊ ပြီးတော့ ထန်းရည်အိုးကိုပဲ ဆက်တိုက်မော့ချပြီးသောက်နေတော့တာပါပဲဗျာ။

ကျုပ်ပဲအမြင်မှားတာလား၊ ထန်းရေတန်ခိုးပဲ ပြလာတာလားတော့မသိဘူးဗျို့၊ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ပြာသွားလိုက်၊ စိမ်းသွားလိုက်နဲ့ဖြစ်နေတော့တာ၊ နောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားတာပဲဗျို့။

နားထဲမှာ ဆဲသံဆိုသံတွေကြားတော့မှ ကျုပ်လည်းလန့်နိုးလာတယ်ဗျ၊ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အိမ်ခန်းတစ်ခုထဲကိုရောက်နေတာဗျ၊ အိမ်ကတော့ ကျုပ်လည်းတစ်ခါမှ မနေဖူးတဲ့အိမ်ပဲ၊ ဒါနဲ့ အိမ်အပြင်ကိုထွက်လိုက်တော့ လှေကားအတက်အဆင်းနားမှာ ဦးဘသာငယ်ဘ၀ သာစံကိုတွေ့လိုက်ရတယ်ဗျ။ ခြံရှေ့နားမှာတော့ ဒေါ်ပျင်းက အော်ဟစ်ပြီးဆဲဆိုနေတာပဲ။ ဒေါ်ပျင်းအရှေ့လမ်းပေါ်မှာတော့ လက်ထဲသေနတ်ကိုင်ထားတဲ့ လူကြီးတစ်ဦးကိုတွေ့ရတယ်ဗျ၊ လူကြီးက ခပ်ပုပု၀၀နဲ့ နှုတ်ခမ်းမွှေးကြီးကလည်း ကားလို့၊ သူ့အနောက်မှာတော့ လက်နက်ကိုင်ထားတဲ့လူတွေ တွေ့ရတယ်။

“ဟဲ့ မယ်ပျင်း၊ ငါတို့ရွာကို ညည်းဒုက္ခပေးနေတာတွေ ရပ်တန်းကရပ်နော်၊ မဟုတ်ရင် ညည်းတို့ကို ငါတို့ရွာအပြင်မောင်းထုတ်ရလိမ့်မယ်”

“အောင်မာ၊ သူကြီးစမ်းကြည့်လိုက်ပါ၊ သူကြီးစွမ်းသလား၊ ကျုပ်စွမ်းသလားဆိုတာ စမ်းကြည့်လိုက်”

အဲဒီလူကြီးက သူကြီးတဲ့ဗျ၊ ဒါဆိုရင် ကျုပ်တို့အဘိုးပေါ့၊ ကျုပ်အဘိုးကို ကျုပ်တစ်ခါမှ မမြင်ဖူးတာ၊ အခုမှပဲမြင်လိုက်ရတယ်ဗျာ၊ ကျုပ်အဘိုးက ဒေါ်ပျင်းကိုတစ်ချက်မျက်စောင်းထိုးပြီးတော့ သူ့လူတွေနဲ့အတူတူထွက်သွားတော့တယ်၊ ကျုပ်လည်း အဘိုးကိုတွေ့ဖူးချင်တာနဲ့ အနောက်ကပြေးလိုက်သွားတာပေါ့ဗျာ။

အဘိုးတို့က သွားနေရင်း မကြာခင် ရွာလယ်နားက ခြံဝိုင်းကြီးထဲဝင်သွားတယ်ဗျ။ ခြံဝိုင်းကြီးကလည်း အကျယ်ကြီးပဲဗျာ၊ အထဲက အိမ်ကြီးဆိုတာလည်း အကြီးကြီးပဲ၊ အိမ်တိုင်ကြီးတွေဆိုရင် ရှစ်ပတ်လည်လောက်ရှိတဲ့ တိုင်ကြီးတွေဗျ။ အဘိုးက ဒေါသတကြီးနဲ့အိမ်ထဲကိုဝင်လာပြီးတော့ အိမ်ရှေ့နားမှာ ခင်းထားတဲ့ ခုံမှာထိုင်လိုက်တယ်ဗျ။

“တောက်၊ တို့ရွာမှာ ဒီကောင်မရှိနေတာ ငါခေါင်းကြိမ်းတာပဲဟေ့”

“ဟုတ်တယ်သူကြီး၊ ကျုပ်တို့ကတော့ သူတို့သားအမိတွေကို အပြတ်ရှင်းပြီး တစ်အိမ်လုံးကို မီးနဲ့ရှို့ချင်နေပြီ”

“နေစမ်းပါအုံးကွ၊ ခုနွေရာသီ ရေရှားနေတယ်မဟုတ်လား၊ သူတို့အိမ်ကိုမီးရှို့ပြီး မီးကိုငါတို့မထိန်းနိုင်ရင် တစ်ရွာလုံးလောင်သွားမှာပေါ့ကွ”

ဒီအချိန်မှာပဲ အိမ်ထဲမှာ ကလေးငိုသံကြားရတယ်ဗျ၊ ကလေးက လသားလေးရှိသေးတာ၊ အလွန်ဆုံးရှိမှ သုံးလေးလပေါ့ဗျာ၊ မိန်းမတစ်ယောက်က ကလေးကိုချီပြီးထွက်လာတယ်။

“လုပ်ပါအုံးတော်၊ ဒီလိုနဲ့ ကျုပ်တို့သားကလေး သေတော့မှာလားတော့၊ ကျောကုန်းမှာလည်း စုန်းစုပ်တဲ့အရာကြီးနဲ့မဟုတ်လား”

အဘိုးက တော်တော်စိတ်ညစ်နေပုံရတယ်ဗျ၊ ဒီအချိန်မှာပဲ နွားလှည်းတစ်စီးက ခြံထဲဝင်လာတယ်၊ အဘိုးက နွားလှည်းကိုလှမ်းကြည့်ပြီးတော့ ပျော်သွားပုံရတယ်။

“ကြွလာပြီ၊ ဆရာမောင်ကြီး ကြွလာပြီ”

အဘိုးက ပြာပြာသလဲနဲ့ပြေးသွားတယ်ဗျ၊ လှည်းပေါ်မှာ ထိုင်လိုက်လာတာကတော့ ခေါင်းပေါင်းအကြီးကြီးပေါင်းထားပြီး နှုတ်ခမ်းမွှေးထူထူနဲ့လူကြီးပဲဗျ၊ အသက်ကတော့ ခုနစ်ဆယ်လောက်ရှိမှာပေါ့။ ဆရာမောင်ကြီးလို့ ခေါ်တဲ့ဆရာကြီးကို အဘိုးတို့က အိမ်ပေါ်ခေါ်တင်သွားတယ်ဗျ။

“ကလေးပြစမ်း၊ ဘာဖြစ်တာလဲ”

“ကလေးကိုပြလိုက်တော့ ဆရာမောင်ကြီးက တစ်ချက်ချီကြည့်ပြီးတော့

“စုန်းပြုစားထားတာပဲဗျ၊ ကဲပါ၊ ကျုပ်ရဲ့လျှာပွတ်ဆေးနဲ့ ကုသပေးမယ်”

ဆရာမောင်ကြီးက သူ့လွယ်အိတ်ထဲက ယွန်းဘူးကလေးတစ်ဘူးထုတ်လိုက်ပြီးတော့ ဖွင့်တယ်ဗျ၊ ဘူးထဲမှာက မဲမဲအတောင့်ကလေးတစ်တောင့််ဗျ။ ကလေးရဲ့ပါးစပ်ကိုဟခိုင်းပြီးတော့ အဲဒီအတုံးကလေးနဲ့ ကလေးလျှာကိုပွတ်တယ်ဗျ၊ ပါးစပ်ကလည်း ဂါထာတွေရွတ်နေတယ်။

“ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး၊ အထက်ဝိဇ္ဇာတွေပေးတဲ့ဆေး၊ ဒီကလေးမှာဖြစ်နေတဲ့ အနာရောဂါမှန်သမျှ ထွက်စရာထွက်၊ သက်စရာသက်”

အဲဒီလိုရွတ်ပေးပြိး မကြာခင်မှာပဲ ကလေးက ငြိမ်ကျသွားပါရောဗျာ၊ ဆရာမောင်ကြီးက အဘိုးဘက်ကိုလှည့်လိုက်ပြီး

“ဒီရွာက စုန်းတစ်ယောက်ပြုစားထားတာပဲ၊ ဒါနဲ့ ဒီရွာမှာ စုန်းတွေဘာတွေရှိသလား”

“စုန်းကတော့ ရွာတိုင်းရှိတာပေါ့ ဆရာကြီးရယ်၊ ဒါနဲ့ ဆရာကြီးက စုန်းတွေဘာတွေ နိုင်သလား”

“ဟား၊ ဟား စုန်းလောက်ကတော့ ကျုပ်ကိုင်လာတာများပြီဗျ”

ဆရာမောင်ကြီးစကားကြားတော့ အဘိုးသူကြီးက အားတက်သွားတဲ့ပုံပဲဗျ။

“ဒါဆို ဒီရွာမှာ ဆိုးသွမ်းနေတဲ့ စုန်းမတစ်ကောင်ကို ဆရာမောင်ကြီး မောင်းထုတ်နိုင်မလား”

“ဒါပေါ့ဗျ၊ စုန်းဆိုတာ မကောင်းတဲ့လူတွေပဲ၊ ကျုပ် နယ်တကာလှည့်ပြီးတော့ ဆေးကုသရင်း စုန်းတွေ၊ ကဝေတွေကို မောင်းထုတ်နှိမ်နင်းခဲ့တာများပြီ၊ တချို့ကိုလည်း ပညာခန်းဖြတ်၊ တစ်ချို့ကိုတော့ ပညာတွေအလှူခံပြီးတော့ ငြိမ်ဝပ်စေခဲ့တာများပြီ”

“ဒါဆိုလည်း ဒီရွာက စုန်းမကို နှိမ်နင်းပေးပါ ဆရာကြီးရယ်၊ ဆရာကြီးကျေးဇူးကို ကျုပ်တို့မမေ့ပါဘူး”

ဆရာမောင်ကြီးက ခေါင်းညိတ်လိုက်ပြီး

“အေး၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးရတာပေါ့ကွဲ့”

အဘိုးက သူ့လူတစ်ယောက်ကို လှည့်ကြည့်ပြီးတော့

“ဟေ့၊ မယ်ပျင်းကို သွားခေါ်စမ်းကွာ”

အဘိုးပြောတော့ ဆရာမောင်ကြီးက လက်ကာပြတယ်။

“ဒီအတိုင်းခေါ်မနေနဲ့သူကြီး၊ အဲဒီစုန်းမကို ပညာစက်၊ အာဏာစက်နဲ့ လှမ်းခေါ်မယ်၊ လာ ကလေးကို ဒီကိုခေါ်လာခဲ့”

ကလေးလေးကိုခေါ်လာတော့ ဆရာမောင်ကြီးက ကလေးကျောကိုလှန်လိုက်တယ်ဗျ။ ကလေးကျောကုန်းမှာ မှည်းမှည်းအကွက်ကြီးက အကြီးကြီးပဲဗျာ၊ ဆရာမောင်ကြီးက ကလေးကျောကုန်းကိုလက်နဲ့ထောက်လိုက်ပြီးတော့

“ကဲ အထက်ဆရာများအမိန့်၊ ငါ့အမိန့်၊ ဒီစုန်း လာလေရော့လဟယ်”

ဦးမောင်ကြီးအသံကတော့ အတော်ကိုအာဏာသံပါတယ်ဗျ၊ သူခေါ်လိုက်တယ်ဆိုရင်ပဲ ခြံရှေ့ကနေ ဆဲသံဆိုသံတွေကြားရပြီးတော့ ဒေါ်ပျင်းကြီးတစ်ယောက် ထမီစွန်တောင်ဆွဲပြီး အိမ်ပေါ်ကိုတက်ချလာတယ်၊ အိမ်ပေါ်ကလူတွေဆို ကြောက်လို့ ရှောင်ပေးလိုက်ရတယ်၊ ဒေါ်ပျင်းက မထိုင်ဘူးဗျ၊ လှေကားဝမှာတင် မတ်တပ်ရပ်ပြီးတော့

“ဟဲ့ သေချင်းဆိုး၊ ဘာလို့ငါကိုခေါ်တာတုန်း”

“နင့် ပညာတွေ ငါ့ကိုလှူစမ်းကောင်မ”

“ဟား၊ ဟား သူများပညာတွေကို အလကားလိုချင်လို့ရမလား၊ နင့်ကိုငါက ဘာလို့လှူရမှာလဲ”

“အောင်မယ်၊ နင်စကားပြောတာမိုက်ရိုင်းလှပါလား၊ နင်က ကြမ်းကြမ်းလေးလိုချင်မှာတော့ ငါကလည်း ကြမ်းပေးရတာပေါ့”

ဆရာမောင်ကြီးက အိတ်ထဲက ဆေးလုံးကလေးတွေ ထုတ်လိုက်တယ်ဗျ၊ ဆေးလုံးကလေးက ငရုတ်ကောင်းစေ့လောက်ရှိမှာဗျ၊ အဲဒီဆေးလုံးကလေးတွေနဲ့ ဒေါ်ပျင်းကိုလှမ်းပက်လိုက်တော့ ဒေါ်ပျင်းမှာ ပူလို့ လူးခါနေတာပဲဗျာ။

“မှတ်ပြီလားစုန်းမ၊ အဲဒါ စုန်းပြေးဆေးလို့ခေါ်တယ်၊ နင့်ပါးစပ်ထဲခွံ့လိုက်ရင် ရွာတစ်ပတ် ပတ်ပြေးနေရလိမ့်မယ်ဟဲ့”

ဒေါ်ပျင်းက ချက်ချင်းကုန်းထတယ်ဗျ။

“ဟား၊ ဟား ခွေးကြီး၊ နင့်ဆေးက သိပ်စွမ်းတယ်လို့မထင်နဲ့၊ နင့်ကို ငါပြုစားမယ်ဟဲ့”

“လုပ်စမ်းပါ စုန်းမရဲ့၊ နင်ငါ့ကိုကြိုက်သလောက်ပြုစားစမ်း၊ နင်ငါ့ကိုတစ်ချက်တောင် ထိလို့ရမှာမဟုတ်ဘူး၊ ငါ့မှာက စုန်းပြီးအင်းတွေတစ်ကိုယ်လုံးထိုးထားတယ်၊ နင်မပြောနဲ့ ဇော်ဂနီ၊ ဇော်ဂနက်တောင် ငါ့ကိုပညာနဲ့လုပ်မရဘူးဟဲ့”

ဒေါ်ပျင်းကြီးက ရယ်တယ်ဗျ။ ဦးမောင်ကြီးရော ကြည့်နေတဲ့လူတွေအားလုံးရော လန့်နေတာပေါ့။

“ဟား၊ ဟား နင့်ဆေးတွေကဘယ်နားမှာ သွားထိုးထားတာလဲ”

ဦးမောင်ကြီးက အင်္ကျီကြယ်သီးနှစ်လုံးဖြုတ်ပြီးတော့ ရင်ဘတ်ကိုလှန်လိုက်တယ်ဗျ၊ ပြီးတော့ သူ့ရင်ဘတ်ကိုသူကြည့်ပြီးအံ့သြသွားတယ်၊ ရင်ဘတ်မှာ ဘာမှမရှိဘဲ ပြောင်သလင်းနေတာပဲဗျာ၊ ဒါနဲ့ အကျီလက်ကိုဆွဲတင်ပြီးတော့ လက်ဖျံတွေ လက်မောင်းတွေကိုလည်း ကြည့်လိုက်တယ်၊ ဘာဆိုဘာမှမရှိဘူး၊ ဦးမောင်ကြီးက သရဲတစ်ကောင်ကိုတွေ့သလို ထိတ်လန့်သွားတယ်။

“ငါ့ဆေး၊ ငါ့ဆေးတွေ ဘယ်ရောက်သွားသလဲ၊ ငါထိုးထားတဲ့ဆေးတွေ၊ အင်းတွေ ဘယ်ရောက်သွားသလဲ”

ဒေါ်ပျင်းရယ်သံကြီးက ကြောက်စရာကောင်းလိုက်တာဗျာ။

“ဟား၊ ဟား နင့်အဆင့်လောက်နဲ့ ငါ့ကိုများလာလုပ်လို့ရမလားဟဲ့၊ ကဲ ဆရာစုတ်၊ နင့်ကိုငါသနားလို့ အခွင့်အရေးပေးမယ်၊ နင်ငါ့ကိုကန်တော့မယ်ဆိုရင် နင့်ကိုငါအသက်ချမ်းသာပေးမယ်”

ဆရာမောင်ကြီးက လူကြားထဲအရှက်ကွဲတာဆိုတော့ ဒေါသထွက်နေတာပေါ့ဗျာ။

“နင့်လိုစုန်းမကို ငါက ကန်တော့စရာလားဟဲ့၊ ဘယ်တော့မှ မကန်တော့ဘူး၊ နင်သာ ငါ့ကိုကန်တော့ရမှာ”

အိတ်ထဲကနေ မဲမဲဆေးလုံးကလေးတွေ နှိုက်ပြီးတော့ ပစ်ထည့်လိုက်ပြန်ရောဗျာ၊ ဒေါ်ပျင်းက ဖြုံတောင်မဖြုံဘူးဗျို့၊ ဆရာမောင်ကြီးနဖူးမှာ ဇောချွေးတွေပြန်ပြီးတော့ ရွှဲစိုနေတာပဲဗျာ၊ နောက်တော့ ဆရာမောင်ကြီးက အိတ်ထဲလက်နက်ပြီးတော့ အဲဒီဆေးတွေကို လက်တစ်ဆုပ်ကြီးကိုင်ပြီး ကျဲပက်ထည့်လိုက်တာဗျ၊ ဒေါ်ပျင်းက တစ်ချက်တောင်မတွန့်သွားဘူးဗျာ၊ ဆရာမောင်ကြီးလည်း တော်တော်ကိုသွေးပျက်နေပြီဗျ၊ ဒေါ်ပျင်းက ဆရာမောင်ကြီးကိုလက်ညှိုးထိုးပြီးတော့

“ခွေးကြီး၊ နင့်အလှည့်ပြီးပြီလား၊ အေး၊ ဒီတစ်ခါငါ့အလှည့်ပဲ၊ နင်လေးဖက်ထောက်စမ်း”

ဦးမောင်ကြီးက ထိုင်နေရာကနေထပြီးတော့ လေးဖက်ကုန်းတယ်ဗျ။

“ခွေးလိုအူစမ်း”

ဦးမောင်ကြီးပါးစပ်ကနေ ခွေးတစ်ကောင်လို တအူအူနဲ့ အူနေတာပဲဗျာ။

“ပြီးတော့ နင်ပြောသလို ရွာကိုတစ်ပတ်ပတ်ပြေးပြီးတော့ ခွေးသေ သေစမ်း၊ ခွေးကြီး”

ဒေါ်ပျင်းစကားဆုံးတာနဲ့ ဦးမောင်ကြီးက အိမ်ပေါ်ကနေလေးဖက်ထောက်ကြီးပြေးဆင်းပြီး ရွာလယ်လမ်းအတိုင်း လေးဖက်ထောက်ပြီး ပြေးထွက်သွားတာပဲဗျာ၊ ဦးမောင်ကြီးပြေးတော့ သူကြီးအိမ်ပေါ်ကလူတွေအားလုံး ဆင်းပြေးကုန်ကြတယ်ဗျ၊ လှေကားအတက်မှာထိုင်နေတဲ့ဒေါ်ပျင်းက သူကြီးကိုမျက်စောင်းကြိးထိုးပြီးတော့

“အောင်မာ၊ ရှင်က မလောက်လေးမလောက်စား ဆရာလောက်နဲ့ ကျုပ်ကို မောင်းချင် နှင်ချင်တယ်ပေါ့ဟုတ်လားသူကြီး”

သူကြီးလည်း အခြေအနေမဟန်တော့ဘူးဗျို့။

“ရှင်တို့ကိုလည်း ကျုပ်ဘာလည်းဆိုတာ အကြောင်းသိအောင်ပြရသေးတာပေါ့သူကြီးရာ၊ ဟိုခွေးကြီးက ခွေးသေသေသလို၊ ရှင်တို့သားက ဝက်သေသေရမယ်”

ဒေါ်ပျင်းကပြောပြီးတော့ အိမ်ပေါ်ကနေဆင်းသွားတာပဲဗျာ၊ ဒီတော့ သုံးလသားကလေးလေးက အော်လိုက်၊ ငိုလိုက်တာဗျာ၊ အော်နေရင်းငိုနေရင်း တဖြည်းဖြည်း ဝက်သံပေါက်လာတယ်ဗျ၊ တစီစီနဲ့အော်နေရင်း အော်ရတာမောလို့ တစ်ကိုယ်လုံးက ပြာနှမ်းလာပြီးတော့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်ပြီး သေသွားပါရောဗျာ၊ သူကြီးကတော်ဖြစ်ပုံရတဲ့မိန်းမဆို ငိုလိုက်တာပြောမနေပါနဲ့တော့ဗျာ။ ငိုရင်းနဲ့တက်သွားလို့ အိမ်ကလူတွေက ဝိုင်းပြီးနှာနှပ်ကြပါရောဗျာ။

အဘိုးသူကြီးကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပေါ့ဗျာ။

“ဒီစုန်းမကိုမှ မနှိမ်နင်းနိုင်ရင် ငါသူကြီးမလုပ်ဘူးဟေ့”

ကျုပ်လည်း ဒေါ်ပျင်းအနောက်ကိုပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ဒေါ်ပျင်းက ရွာထိပ်ကိုသွားတာဗျ၊ ရွာထိပ်ရောက်တော့ ရွာထိပ်နားက ညောင်ပင်ကြီးအောက်မှာပါးစပ်ကအမြှုပ်တွေထွက်ပြီး ခွေခွေကြီးဖြစ်နေတဲ့ ဆရာမောင်ကြီးကိုတွေ့တယ်ဗျ၊ တစ်ကိုယ်လုံးလည်း ဖုန်တွေပေကျံနေတာပဲဗျာ၊၊ အသက်ကြီးပြီဆိုတော့ အမောဖောက်ပြီး လူက ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေပြီပေါ့။

“သေစမ်း၊ ခွေးနာကြီးသေစမ်း”

ဒေါ်ပျင်းက ဆရာမောင်ကြီးကို ခြေထောက်တွေနဲ့ လှိမ့်လှိမ့်ကန်တာပဲဗျ၊ ဒီအချိန် သာစံကလေးလည်း အပြေးရောက်လာတယ်။

“အမေ၊ တော်ပါတော့”

ဒေါ်ပျင်းက သာစံဘက်ကိုလှည့်ပြီး

“ဟဲ့၊ ငါကဘာလို့တော်ရမှာလဲ”

“တော်ရုံတန်ရုံပွန်းရုံပဲ့ရုံလောက် လုပ်ရင်တော်ရောပေါ့အမေရာ၊ အသေသတ်စရာမလိုပါဘူးဗျ”

“ဟဲ့၊ နင့်ပထွေးက ငါ့ကိုဘယ်လိုလုပ်တယ်ဆိုတာ နင်သိရဲ့လား”

“ဘယ်လိုလုပ်လုပ်ပေါ့အမေရာ၊ အခု အမေနိုင်နေပြီပဲ”

“ဟဲ့ကောင်လေးရဲ့၊ သန်မာတဲ့လူဆိုတာ မသနားတတ်ရဘူးဟဲ့၊ သနားတယ်တို့ အားနာတယ်တို့ဆိုတာ ပျော့ညံ့တဲ့လူတွေရဲ့လုပ်ရပ်၊ ငါသာရှုံးကြည့်၊ နင်ပထွေးက ငါ့ကိုရော သနားမယ်လို့ထင်လို့လား၊ လူတွေအရှေ့မှာ မျက်နှာပန်းလှအောင် ငါ့ကိုစိတ်ကြိုက်အမျိုးမျိုးနှိပ်စက်မှာဟဲ့”

“ဘာပဲဖြစ်ဖြစ် အခုအမေနိုင်တယ်လေဗျာ၊ သေအောင်လုပ်စရာလိုသေးလို့လား”

ဒေါ်ပျင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ ပြန်လှည့်ထွက်သွားတယ်ဗျ၊ သာစံကတော့ ဦးမောင်ကြီးကို ကုန်းကြည့်ပြီးတော့ ပါးစပ်က ထွက်နေတဲ့အမြှုပ်တွေကို သူ့အင်္ကျီအောက်အနားနဲ့သုတ်ပေးလိုက်သေးတယ်။ ဦးမောင်ကြီးက အသက်ကိုခပ်ပြင်းပြင်းရှူနေရင်းနဲ့ ခေါင်းကြီးငိုက်ကျသွားတယ်ဗျ၊ ပြူးထွက်နေတဲ့မျက်လုံးကြီးတွေကို သာစံက လက်နဲ့အုပ်ပြီးတော့ မျက်လုံးတွေပိတ်ပေးလိုက်တယ်။

“ဘကြီး၊ ကျုပ်အမေကို ခွင့်လွှတ်ပေးပါဗျာ”

သာစံကပြောပြီးတော့ ထွက်သွားတော့တာပါပဲဗျာ။ ဒီအချိန်မှာပဲ ရွာထဲမှာ ဆူညံဆူညံအသံံတွေကြားတယ်ဗျ၊ မီးခိုးတွေလည်း တအူအူထွက်လို့ပေါ့ဗျာ၊ နောက်တော့ ဘွားမယ်ဖြူကြိးက ပြေးထွက်လာတယ်ဗျ၊ လမ်းမှာ သာစံကိုတွေ့တော့။

“ငါ့မြေး၊ မသွားနဲ့၊ ရွာထဲကိုမသွားနဲ့တော့”

အဲဒီလိုပြောပြီးတော့ ရွာပြင်ကိုဆွဲခေါ်သွားပါရော၊ ကျုပ်လည်း သိချင်လို့ရွာထဲဝင်ကြည့်တော့ မျက်နှာကိုပုဆိုးတွေနဲ့အုပ်ထားတဲ့ရွာသားတွေက ဒေါ်ပျင်းတို့အိမ်ကြိးကို မီးကွင်းတွေ၊ မီးတုတ်တွေနဲ့ ဝိုင်းပစ်နေကြတာပါပဲဗျာ၊ အိမ်တစ်ခုလုံးမီးလောင်သလို ခြံထဲက ရှိသမျှသစ်ပင်တွေလည်း အကုန်မီးတွေစွဲနေတာပဲဗျာ။

မီးလောင်နေတဲ့ သစ်ပင်ပေါ်ကနေ မဲမဲအကောင်ကြီးတွေ ပြေးဆင်းလာတယ်ဗျ၊ အကောင်ကြီးက စုစုပေါင်း ခုနစ်ကောင်တိတိရှိတယ်၊ နောက်ဆုံးက အကောင်ကြီးဆို သူ့ကိုယ်မှာပါ မီးတွေစွဲနေသေးတယ်၊ သူတို့ပြေးတဲ့အနောက်ကို ကျုပ်လိုက်ပြေးတော့ ရွာနောက်ဖက် ရေတွင်းအနားကိုရောက်လာပြီဗျ။ ဒေါ်ပျင်းကြီးက အဲဒီရေတွင်းအနားမှာ ခါးထောက်မတ်တပ်ရပ်ပြီးတော့ ရွာကိုကြည့်နေတယ်။

“ဒီတစ်ရွာလုံးတော့ ငါလုပ်လိုက်ရရင်သေတော့မယ်”

သရဲကြီးတွေက ဒေါ်ပျင်းအနားမှာ ကပ်နေကြတယ်။

“ငါတို့ဘယ်လိုလုပ်ရမလဲ၊ ငါတို့မှာ နေစရာမရှိတော့ဘူး”

ဒေါ်ပျင်းက ခပ်ထေ့ထေ့ပြုံးရင်း

“ငါတို့ကို မီးနဲ့ပြေးအောင်လုပ်တယ်ဆိုတော့၊ ငါတို့ကလည်း ဒင်းတို့ရွာကို ရေနဲ့ပတ်သက်ပြီး ဒုက္ခရောက်အောင်ပြန်လုပ်ရမှာပေါ့၊ ကဲ အဖေတို့၊ ဟောဒီရေတွင်းမှာသာနေ၊ ဒီနေရာကို အဖေတို့ကိုအပိုင်ပေးလိုက်ပြီ၊ အဖေတို့စိတ်ကြိုက်သာ ချောက်ချင်ချောက်၊ လှန့်ချင်လှန့်၊ စားချင်စား စိတ်ကြိုက်သာလုပ်ပေတော့”

ဒီတော့ သရဲကြီးတွေက ရေတွင်းအုတ်ဘောင်နဲ့ ရေတွင်းအပေါ်မှာ မိုးထားတဲ့ပြဿဒ်ပေါ်ကို ကုတ်ဖက်တက်ကြတယ်ဗျာ။ ကျုပ်ဖြင့်် ကြောက်ကြောက်နဲ့ထွက်ပြေးဖို့လုပ်ရင်း ကျောက်တုံးနဲ့ခလုပ်တိုက်ပြီးတော့ အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တာပဲ။

(၄)

ကျုပ်နိုးတော့ ညတောင်အတော်မှောင်နေပြီဗျ၊ ကျုပ်ဘေးဘီကြည့်တော့ ရေတွင်းကြီးနားမှာပဲရှိသေးတာ၊ ဦးဘသာကလည်း ကျုပ်ဘေးမှာလဲကျနေတယ်၊ ထန်းရည်မြူသုံးအိုးကလည်း တက်တက်စင်အောင်ပြောင်နေသလို ပဲကြီးလှော်လည်း တစ်စေ့တောင် မရှိတော့ဘူးဗျို့။ ကျုပ်လည်း ဦးဘသာကိုနှိုးလိုက်ရတယ်။

“ဦးဘသာ၊ ထတော့၊ ထတော့ဗျ”

ဦးဘသာလည်း နိုးလာတယ်၊ ဒါနဲ့ အိုးတွေကို နောက်မှသယ်မယ်ဆိုပြိးတော့ ကျုပ်တို့လည်း ပြန်လာခဲ့တာပေါ့၊ ဦးဘသာက ထန်းရည်တွေကို မသောက်စဖူးများများသောက်လိုက်လို့ထင်ပါတယ်၊ အခုထိမူးနေပြီး ခြေလှမ်းတွေယိုင်နေတုန်းပဲဗျ၊ ကျုပ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွဲရင်း ရွာဆီကိုပြန်လာတော့ ရွာထဲမှာ ဆူညံံဆူညံအသံကြားရတယ်၊ ကျုပ်တို့ဆက်လာတော့ ဦးဘသာအိမ်ရှေ့မှာ လူတွေအုံနေတယ်ဗျ။

“ဦးဘသာ ခင်ဗျားထွက်ခဲ့၊ ခင်ဗျားမထွက်ခဲ့ရင် ခင်ဗျားအိမ်ကို မီးနဲ့ရှို့ပစ်မယ်”

သောင်းကျန်းနေတဲ့သူကတော့ ကိုကြွက်နီဗျ၊ ကျုပ်နဲ့ဦးဘသာရောက်သွားတော့ အကိုကြီးက ကျုပ်တို့အနားကိုပြေးလာတယ်။

“ဦးဘသာ အခြေအနေမကောင်းဘူး တစ်နေရာကိုရှောင်နေပါလား”

ကိုကြွက်နီက ဦးဘသာကိုတွေ့သွားပြီးတော့ ဓါးကြီးကိုင်လို့ပြေးလာတယ်ဗျ။ ရွာသားတွေအကုန်လုံး ဟာခနဲဟင်ခနဲဖြစ်သွားတာပေါ့ဗျာ။ ကိုကြွက်နီလက်ထဲမှာလည်း ကိုင်းခုတ်ဓါးကြီးကိုင်လို့ဗျ၊ ကျုပ်လည်း စိတ်ထဲကနေ ဓါးကြီးကိုကြည့်ပြီးတော့

“ဓါးကြီးလွတ်ထွက်သွားရင်ကောင်းမယ်” လို့တွေးလိုက်မိတယ်။ ချက်ချင်းဆိုသလိုပဲ ကိုကြွက်နီလက်ထဲက ဓါးကလွတ်ကျပြီးတော့ သူ့ခြေထောက်ပေါ်သူပြန်ကျပြီး ခြေမက ဓါးဦးနဲ့ထိပြီး ကွဲသွားပါရောဗျာ။ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး။

ကိုကြွက်နီက ခြေထောက်ထိသွားတော့ လဲကျသွားတယ်ဗျ၊ လဲကျနေရာကနေ ဦးဘသာကိုလက်ညှိုးထိုးပြီးတော့

“ခင်ဗျားကြီးလုပ်တာ၊ ခင်ဗျားကြီးလုပ်လို့ ကျုပ်အဖေသေရတာဗျ”

“ကိုကြွက်နီ မဟုတ်တာမပြောနဲ့”

“ဟုတ်တယ်ကွ၊ ငါ့အဖေသေပြီ၊ ခုနကပဲ ငါ့အဖေသေပြီ”

ကျုပ်ဖြင့်တော်တော်အံ့သြသွားတာဗျာ။

“ဘာဗျ၊ ဘကြီးစိန်ရင်သေပြီတဲ့လား၊ ကျုပ်နဲ့မနက်က စကားပြောတော့ အကောင်းကြီးရှိပါသေးတယ်ဗျာ”

“အေး၊ ဟုတ်တယ်အလတ်ကောင်၊ ငါ့အဖေသေပြီ၊ အဲဒါ အဲဒီဦးဘသာကြီးလုပ်လို့ကွ”

“ခင်ဗျားအဖေသေတာတော့ ကျုပ်စိတ်မကောင်းဘူး၊ ဒါပေမယ့် ဒါက ဦးဘသာနဲ့ဘာမှမဆိုင်ဘူး၊ ကျုပ်တို့နှစ်ယောက် အခုမှ ရွာထဲကိုဝင်လာခဲ့တာဗျ၊ နေ့လည်ကတည်းက ရွာပြင်မှာထန်းရည်သောက်ပြီးတော့ မူးနေကြတာ”

ဒီအချိန်မှာပဲ အဖေနဲ့ရပ်ရွာလူကြီးတစ်ချို့ရောက်လာကြတယ်၊ ကိုကြွက်နီက မတ်တပ်ထလိုက်ပြီးတော့

“မင်း ဘာမှကာဆီးကာဆီးလုပ်မနေနဲ့အလတ်ကောင်၊ ငါ့အဖေသေတာ သူ့ကြောင့်၊ မနေ့က ငါ့အဖေကိုသရဲဝင်ပူးတော့ ဦးဘသာက သရဲနှင်တယ်ဆိုပြီးတော့ သရဲနဲ့စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်လို့ သရဲထွက်သွားတယ်ဆိုတာ မင်းအကိုကြီးငါ့ကိုပြောပြီးပြီ၊ ဒီတော့ ဒီသရဲက သူနဲ့သိနေလို့ပေါ့၊ သူမွေးထားတဲ့ သရဲမို့ပေါ့၊ အခုလည်း သူမွေးထားတဲ့သရဲကိုလွှတ်ပြီးတော့ ငါ့အဖေကို သတ်ခိုင်းတာလားမှမသိတာ၊ ဦးဘသာ၊ ခင်ဗျားနဲ့အဖေရဲ့ကြားမှာ ရန်ငြိုးတွေရှိတာနဲ့ပဲ ခင်ဗျားကျုပ်အဖေကို ပြန်သတ်လိုက်တယ်ပေါ့၊ ဟုတ်သလား”

ကျုပ်လည်း ဘာမှမပြောတတ်လောက်အောင်ကိုပါပဲဗျာ၊ ဦးဘသာက ကိုကြွက်နီကို ဒယိမ်းဒယိုင်နဲ့လမ်းလျှောက်သွားရင်း

“ဒီမယ်ကြွက်နီ၊ မင်းအဖေနဲ့ငါနဲ့ ရန်ငြိုးရှိတာက ရှိခဲ့တာပဲ၊ အေး၊ အဲဒီရန်ငြိုးကြောင့် သူ့ကိုငါသတ်ရမယ်ဆိုရင် မင်းအဖေ ဒီအသက်အရွယ်အထိ မနေရပါဘူးကွာ၊ နောက်ပြီးတော့ ငါက ဘယ်တော့မှ ငါ့ရွာကလူတွေ နစ်နာပါစေ ထိခိုက်ပါစေဆိုတဲ့စိတ်နဲ့ မကောင်းမှုကိုတစ်ခုမှ မလုပ်ခဲ့ဘူး၊ မင်းလည်းသိချင်မှသိမယ်၊ ရွာကလူတွေလည်း သိချင်မှသိမယ်၊ ဒါပေမယ့် ငါကတော့သိတယ်ကွ၊ ငါ့လိပ်ပြာငါလုံတယ်”

ဦးဘသာက ကိုကြွက်နီအရှေ့ဒူးထောက်ချလိုက်ပြီးတော့

“မင်းငါ့ကိုသတ်ရမှ စိတ်ပြေမယ်ဆိုရင်တော့ ငါ့ကိုသာ တစ်ခါတည်းခုတ်သတ်လိုက်ကွာ၊ မင်းအဖေသေရတာငါ့ကြောင့်လို့ထင်လို့ ငါ့ကိုပြန်သတ်ရမှ စိတ်ရှင်းမယ်ဆိုရင် ငါ့ကိုသာသတ်သွားလိုက် ကြွက်နီ၊ မင်းဓါးကိုကောက်ပြီး ငါ့လည်ပင်းကို တစ်ချက်တည်းခုတ်ထည့်လိုက်”

ကိုကြွက်နီက ဓါးကိုလက်လှမ်းတယ်ဗျ၊ နောက်တော့ လက်တွေက တုန်ယင်လာပြီးတော့ မြေကြီးမှာ ပက်လက်လန်ပြီးလဲကျသွားတယ်။ ပြီးတော့ ယောက်ျားကြီးတန်မဲ့ ငိုတော့တာပါပဲ။ ကျုပ်လည်း ကိုကြွက်နီစိတ်ပြောင်းပြီး ဦးဘသာကြီးကို ခုတ်မှာစိုးလို့ မြေပေါ်ကျနေတဲ့ဓါးကြီးပြေးကောက်ရတာပေါ့ဗျာ။

ဘကြီးစိန်ရင်ကတော့ သေသွားခဲ့ပါပြီဗျာ၊ နေ့လည်အိပ်နေရင်း ညနေစောင်းတာတောင်မှ မထလို့သွားနှိုးတော့ သေနေတာပဲတဲ့၊ ရွာထဲမှာတော့ သို့လော သို့လော ပြောကြတယ်ဗျ၊ ကျုပ်ကတော့ ဒီကိစ္စက ဦးဘသာနဲ့မဆိုင်ဘဲ သွေးရိုးသားရိုးဖြစ်သွားတယ်လို့ပဲထင်တယ်၊ ဆေးဆရာဦးမှတ်ကြီးကလည်း နှလုံးရပ်ပြီးသေသွားတာလို့ပြောတယ်၊ အရင်က ဘကြီးစိန်ရင်က နှလုံးရောဂါသူနဲ့ကုဖူးတယ်ဆိုပဲဗျ။ ဘွားစန်းတုတ်ကတော့ ကျုပ်ကိုမကြည်ပါဘူးဗျာ၊ ကျုပ်က ဘကြီးစိန်ရင်နဲ့ ဒေါ်ပျင်းအကြောင်းတွေပြောလို့ ဒေါ်ပျင်းကြီးက သတ်တယ်လို့ပဲ သူက ယူဆနေတာဗျ၊ ကျုပ်ခေါင်းထဲလည်း အတွေးမျိုးစုံဝင်နေတယ်၊ တကယ်ပဲ ဘကြီးစိန်ရင်က ဒေါ်ပျင်းအကြောင်းပြောလို့ သေတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်တာများလား၊

ဘကြီးစိန်ရင်သေပြီးတော့ ဘွားစန်းတုတ်တစ်ယောက် ခွက်ကလေးအရှေ့ချပြီး အမြဲတမ်းငိုနေတတ်တယ်ဗျ၊ ဘကြီးစိန်ရင်က သူ့ယောက်ျားလည်းဖြစ်ပြန်၊ နောက်ပြီး သောက်ဖော်သောက်ဖက်ဆိုတော့လည်း သတိရတာပေါ့ဗျာ၊ ကျုပ်ကတော့ ဘွားစန်းတုတ်အနားကိုမသွားတော့ပါဘူး၊ ကျုပ်ကိုမြင်ရင် ကျုပ်ကြောင့်သေရတာဆိုပြီး သူဝမ်းနည်းနေမှာစိုးလို့ပါဗျာ၊ သူတို့အိမ်ရှေ့ကဖြတ်သွားတိုင်း သူတို့အိမ်ကလေးလှမ်းကြည့်ရင် ဘွားစန်းတုတ်တစ်ယောက် ငူငူငိုင်ငိုင်နဲ့ထိုင်နေတာပါပဲဗျာ။

ဘကြီးစိန်ရင်သေပြီးတော့ တစ်လလောက်ကြာတော့ ညနေဖက်ကြီး ဘွားစန်းတုတ်တစ်ယောက် ရန်ဖြစ်နေတယ်ဗျ၊ အော်ကျယ်အော်ကျယ်နဲ့ကိုဖြစ်နေတာ၊ ကျုပ်တို့လည်းအံ့သြတာပေါ့ဗျာ၊ အရင်လို ရန်ဖြစ်နေကျ သူ့ယောက်ျားလည်းမရှိတော့ဘူးမဟုတ်လား၊ ဘယ်သူနဲ့ရန်ဖြစ်ပါလိမ့်ဆိုပြိး ကျုပ်လည်း သွားကြည့်မိတယ်။

ဘွားစန်းတုတ်တစ်ယောက် ထန်းရည်မူးနေပုံရတယ်ဗျ၊ ထန်းရည်သောက်လိုက် သူ့ယောက်ျားရှိတယ်အမှတ်နဲ့ ဆဲလိုက်ဆိုလိုက်ပဲ၊ နောက်တော့ ခြံဝကိုကြည့်ပြီးတော့ တစ်ချက်ပြုံးရယ်တယ်။

“ဟယ် သေနာကောင်ကြီး၊ နင်ငါ့ကို တစ်ယောက်တည်း ထားသွားတာ တော်တော်မှပျော်ရဲ့လား” တဲ့ဗျာ၊ အဲဒီလိုအော်ပြီးတော့ ကွပ်ပျစ်ပေါ်ကနေ ပက်လက်လန်လဲကျသွားတာပဲ၊ ကျုပ်တို့ပြေးထူလိုက်တဲ့အချိန်မှာတော့ ဘွားစန်းတုတ်တစ်ယောက် နှလုံးမခုန်တော့ပါဘူးဗျာ၊ ဘကြီးစိန်ရင်သေပြီး တစ်လအကြာမှာပဲ ဘွားစန်းတုတ်လည်း သေသွားတော့တာပါပဲဗျာ၊ ခုထိ ကျုပ်တို့ရွာက သချိုင်းမှာ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်တို့ရဲ့ အုတ်ဂူလေး ဘေးချင်းကပ်ရှိသေးတယ်ဗျ၊

ညနေမှောင်လာပြီဆိုရင်တော့ ကိုကြွက်နီတစ်ယောက် ထန်းရည်နှစ်မြျူဆွဲပြီးတော့ သချိုင်းကိုထွက်သွားလေ့ရှိတယ်၊ ဟိုရောက်ရင် သူ့အဖေနဲ့အမေရဲ့ အုတ်ဂူအပေါ်ကို ထန်းရည်မြူအိုးတင်ပြီးတော့ အုတ်ဂူရှေ့မှာထိုင်ပြီး

“အဖေရေ အဖေကြိုက်တဲ့ထန်းရည်ဗျ၊ အမေရေ ငှက်ခါးတောင်စစ်စစ်ကလေးဗျ၊ သောက်နော်၊ သောက်ပြီးတော့ အရင်လို လင်မယားတွေရန်ဖြစ်ကြပါအုံးဗျာ”

လို့ပြောပြီး ငိုယိုနေတတ်တာလည်း ခဏခဏတွေ့ရတတ်တာပေါ့ဗျာ၊ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်သေသွားပေမယ့် သူတို့နဲ့ပတ်သက်တဲ့ စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်တို့၊ မစန်းတုတ်ထင်းခွေတာတို့၊ အရက်သောက်တဲ့မိန်းကလေးတွေဆိုရင် စန်းတုတ်မတို့ဆိုတဲ့ စကားလေးတွေကတော့ ကျုပ်တို့ရွာမှာ သုံးနေဆဲပါဗျာ၊ သြော်၊ ဒီလိုဆိုတော့လည်း ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်ကို လွမ်းမိပြန်ရောဗျို့။

ပြီးပါပြီ။
အဂ္ဂဇော်