လွန်ကြိုး

နက်ရှိုင်းမှုအောက်မှာ အားအင်တွေ ပြည့်ဖြိုးခဲ့ရတယ်။ ကျွန်မရဲ့မိသားစုဘဝကလေးဟာ နွေးနွေးထွေးထွေးနဲ့ လုံခြုံမှုလည်း ရှိခဲ့ရတယ်။

တစ်နေကုန်တစ်နေခန်း ပွဲရုံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ရလာတဲ့ငွေစကလေးတွေကို အရက်မသောက် ဖဲမရိုက်နဲ့ကျွန်မလက်ထဲကို သူအကုန်အပ်ရှာတယ်။ တစ်ခါတလေ သူ့အလုပ်ထဲကို ကျွန်မ ထမင်းလိုက်ပို့ ရင် …

“မင်းကလည်းကွာ၊ လိုက်မလာပါနဲ့ဆိုတာ မရဘူး၊ အစ်ကို ဈေးထဲ မှာတင် တစ်ခုခုဝယ်စားလိုက်ရင် ပြီးတာပါပဲ။ မင်း တစ်ခုခုဖြစ်သွားမှ ပိုဆိုးနေမယ်”

အဲသလို ကရုဏာဒေါသောကလေးနဲ့ဆိုတော့ ပြောတော့ ကျွန်မမှာ မျက်ရည်ဝဲရပါသေးတယ်။ ကျွန်မကလည်း စားကောင်းသောက်ဖွယ်ကလေး ချက်တဲ့နေ့ တွေမှာ သူ့ကို စားစေချင်တဲ့စေတနာနဲ့မို့ လိုက်ပို့ မိတာပါ။ သူ့ကို ကျွန်မနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အရှက်ရသွားမှာသိပ်စိုးပါတယ်။ သူ့မိဘ သူ့အပေါင်းအသင်းတွေရဲ့စကားတွေကို ကျွန်မနားနဲ့အကြိမ်ကြိမ် ကြားခဲ့ရတာပဲလေ။

“ဒီမိန်းမ ခြေတစ်ဘက်မပါလို့ သာ တော်တော့တယ်၊ ငါ့သားလို ယောက်ျားမျိုး ရအောင်ယူနိုင်တာ မူရာမာယာ ဘယ်လောက်များနေမှန်းမှ မသိတာ၊ နွားကြီးကတော့ လုပ်ကျွေးပေဦးပေါ့”

“မင်းကွာ၊ မိန်းမရှားလွန်းလို့ ခြေတုကြီး ဆ,တ ဆ,တနဲ့ မိန်းမကိုမှ ယူရတယ်လို့ ကျက်သရေမရှိ”

အစ်ကိုရယ်၊ သူတို့ ပြောတာတွေက အမှန်ချည်းပဲမို့ ကျွန်မ ဘာများခွန်းတုံ့ ပြန်နိုင်မှာတဲ့လဲ။ ကျွန်မကို ပစ်ပြီးသွားပါတော့လား။ ကျွန်မကို မုန်းမေ့ပစ်လိုက်ပါတော့လား။ အခုတော့ အစ်ကိုရဲ့ယောက်ျားပီသလိုတဲ့ စိတ်ဓာတ်ကြောင့်များ ကျွန်မလိုဒုက္ခိတကို ပေါင်းသင်းနေလေရော့သလား။ အစ်ကိုဟာ ကျွန်မရဲ့ဝဋ်ကြွေး မကင်းရှာလေရော့သလား။

ကျွန်မကို အစ်ကိုသိပ်ချစ်မှန်းသိလေ၊ ကျွန်မဘက်က သိပ်ခံစားရလေပါပဲ။ တစ်ဘက်တစ်လမ်းက မိသားစု ဝန်ထုပ်ဝန်ပိုးကို ကျွန်မ ကူမထမ်းနိုင်ခဲ့ဘူး။ အစ်ကိုရှာပေးတဲ့ငွေကလေးနဲ့ဈေးဝယ်တာ၊ သမီးနဲ့သားကျောင်းစရိတ်ကို လောက်ငတယ်ဆိုရုံကလေး သုံးတတ်စွဲတတ်တာကလွဲလို့ကျွန်မ ဘာမှ အသုံးမကျခဲ့ဘူး။ မောမောပန်းပန်းနဲ့ အလုပ်ကပြန်လာတဲ့အစ်ကို့ကို ရေကလေးတစ်ခွက် ခပ်ပေးပြီး အနားမှာထိုင် ယပ်ခတ်ပေးတတ်တာကလွဲပြီး ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အလုပ်က ပြန်လာတဲ့အစ်ကိုကပဲ ရေခပ်ရတယ်၊ ထင်းခွဲရတယ်။ ကျွန်မ ချက်ပြုတ်ထားတဲ့ထမင်းဟင်းကို မညည်းမညူ စားရှာတယ်။ တစ်ခါတလေ ကျွန်မများရေတွင်းဘက် အဝတ်သွားလျှော်မိရင် အစ်ကိုက ဆူလို့ မဆုံးတော့ဘူးလေ။

“ရေတွင်းက ရေညှိတွေနဲ့ကွာ၊ ပြီးတော့ မင်းက ဘယ်နှပုံးများ ငင်နိုင်မှာမို့ လို့ လဲ၊ အစ်ကိုပြန်လာမှ ရေခပ်ပေးပါ့မယ်။ အိမ်မှာပဲ လျှော်ပါကွာ။ နောက် အဲသလို ရေတွင်းမှာ သွားလျှော်ရင် မင်းနဲ့ငါ တွေ့မယ်”အဲသလို ကြိမ်းတတ် မောင်းတတ်ပေမယ်လို့ ကလေးနှစ်ယောက်ရတဲ့အထိ ကျွန်မကို ဒေါသနဲ့ဆို လက်ဖျားနဲ့တောင် မထိဖူးပါဘူး။ သူကျွန်မကို တစ်ခုခုဖြစ်မှာ စိုးရှာလွန်းလို့ လေ။ ဒါတွေသိလေ ကျွန်မဝမ်းနည်းရလေပဲအစ်ကိုရေ။ ကျွန်မကို ဘာလို့ များ ….။

အစ်ကို ဖျားပြီး အိပ်ရာထဲ ဗုန်းဗုန်းလဲနေတဲ့နေ့တွေဆို ကျွန်မမှာ ခြေမကိုင်မိ လက်မကိုင်မိပါ။ အစ်ကိုတစ်ကိုယ်လုံး ပူခြစ်နေတာထက် ကျွန်မရင်ထဲက အပူက ပိုလို့ ဆိုးပါသေးတယ်။ အစ်ကို အလုပ်မလုပ်နိုင်တော့ ကျွန်မတို့ မှာ ဝင်ငွေမရှိတော့ဘူးလေ။ ဝင်ငွေမရှိတော့ အကြွေးတင်မယ်၊ အကြွေးတင်တော့ ဘယ်သူဆပ်မှာလဲ။ အစ်ကိုပဲ နှစ်ဆတိုး ပင်ပန်းသွားရတာပါပဲ။ အဲသည်အခါ ကျွန်မစိတ်ကူးထဲမှာ “ငါ အလုပ်တစ်ခုခု လုပ်မှဖြစ်မယ်” လို့ အတွေးဝင်မိပေမယ့် ဘာလုပ်ရမှန်းလည်း မသိပါဘူး။ ကျွန်မမှာ သူ များလို ပြေးနိုင် လွှားနိုင်တာလည်းမဟုတ်။ ခြေနှစ်ချောင်းနဲ့ လူတွေတောင် အလုပ်တစ်ခုအပေါ်မှာ စုံရပ်နိုင်ဖို့ ခဲယဉ်းနေတတ်တော့ ကျွန်မလို ခြေတစ်ချောင်းတည်းနဲ့သူက ဘာကိုများ တွယ်ကုပ်ထားနိုင်မှာတဲ့လဲ။ ကျွန်မကိုယ်ကျွန်မ အားမရလိုက်တာလေ။ အစ်ကိုကတော့ အကျင့်သိက္ခာကို ရင်းနှီးပြီး ကျွန်မလက်ထဲကို ငွေချေးပြီး ထည့်ပါတယ်။

“မင်းတို့ သားအမိတစ်တွေ သုံး၊ အစ်ကိုက တော်ကြာ နေကောင်းသွားမှာပါ။ ဆေးထိုးရမှာ အစ်ကို ကြောက်တယ်ကွ”

သတ္တိကောင်းတဲ့အစ်ကိုက ဆေးထိုးရမှာ ကြောက်သတဲ့။ ဟုတ်ပါ့ မလား။ ဆေးမထိုးဘဲနဲ့ ပျောက်ပါ့မလား အစ်ကိုရယ်လို့ ကျွန်မကဇွတ်အတင်း ဆေးထိုးခိုင်းရတယ်။ အစ်ကို ဆေးမထိုးရင် ကျွန်မ ဘာမှမစားဘူးလို့ စိတ်ကောက်ပြရတယ်။ သည်တော့မှ အစ်ကိုက ဆေးခန်းကိုသွားတယ်။ အစ်ကို တစ်ပတ်လောက် ဆက်ဖျားရင်တော့ ကျွန်မတို့ မှာကြွေးတွေ အများကြီး ပိုင်ဆိုင်လာပြီပေါ့။ အစ်ကို အလုပ်ပြန်ဆင်းလို့ရလာတဲ့ ငွေကို ကျွန်မက စုကျစ်သိမ်းထုတ်ပြီး အကြွေးဆပ်တယ်၊ကျွန်မတို့ ဟင်းကောင်းကောင်းချက်မစားဘူး။ ဒါပေမဲ့ အစ်ကိုနဲ့သားသမီးတွေကိုတော့ လျှော့မကျွေးပါဘူး။ ကျွန်မ အစားလျှော့စားတာပေါ့။ ဒါကိုအစ်ကိုသိသွားရင် ကျွန်မကို ဆူတော့တာပါ။

“မင်း အစားလျှော့စားလို့ လည်း ဒီအကြွေးတွေက တစ်ခါတည်း ကျေသွားမှာ မဟုတ်ပါဘူးကွာ။ မင်း ပိုစားလို့ လည်း မဆပ်နိုင် မရှိပါဘူး။ ငါ ယောက်ျားပါ။ မင်း အဲသလိုလုပ်ရင် ငါ စိတ်ဆင်းရဲရတာပဲရှိမယ်။ စားစမ်းပါကွာ”

ထမင်းလုတ်ကို ဆွကာ ဆွကာ နယ်ဖတ်နေတဲ့ ကျွန်မဇလုံထဲကို အစ်ကိုက ထမင်းတွေ ဟင်းတွေ ဇွတ်ထည့်ပေးတယ်။ ကျွန်မ ဘယ်စားလို့ ဝင်ပါ့မလဲ။ အစ်ကိုက ထည့်ပေးလေ ကျွန်မ မစားနိုင်လေပဲ။ ဘာမှ မသိရှာတဲ့ ကလေးနှစ်ယောက်ကတော့ ထမင်းဝ,တာနဲ့ ဆော့ကြတော့တာပဲ။ ကျွန်မနဲ့အစ်ကိုသာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်ရည်ဝဲခဲ့ရတယ်လေ။

ကျွန်မများ နေထိုင်မကောင်းဖြစ်ခဲ့ရင်တော့ အစ်ကို့ မှာ ပျာလို့ ပါ။ ဆေးတိုက်ရ၊ ထမင်းဟင်းချက်ရ၊ ပြီးတော့ အလုပ်သွားရ၊ အလုပ်ကပြန်လာရင်လည်း ကျွန်မနဖူးကလေး စမ်းတဲ့ပြီး –

“ကိုယ်သိပ်မပူတော့ပါဘူး။ နေကောင်းသွားမှာပါ။ ရော့ – ဒါလေး စားလိုက်ဦးနော်”

ဆိုပြီး တယုတယ ပြုစုတတ်ပြန်တယ်။ မိန်းမသားတွေအဖို့ လင်ယောက်ျားရဲ့ပေးကမ်းစွန့်ကြဲမှုဟာ အတိုင်းအဆမဲ့တယ်ဆိုတာ အမှန်ပါပဲလား အစ်ကိုရယ်။

အစ်ကိုတို့ ပွဲရုံက အလုပ်နားတဲ့ရက်တွေမှာ အစ်ကိုက ဘုရားသွားဖို့၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ဖို့ ကျွန်မကို ခေါ်တတ်တယ်။ အစ်ကိုခေါ်တိုင်း ကျွန်မ ငြင်းခဲ့ရတာချည်းပါပဲ။ တစ်ခါတုန်းက ဘုရားသွားကြတော့ ကျွန်မကို လူတွေက ဝိုင်းကြည့်ကြတယ်။ ကျွန်မ ရှက်ရတာထက် အစ်ကို့ မျက်နှာကြီး နီရဲနေတာကို ကျွန်မ သနားခဲ့ရတယ်။ ပြီးတော့ မကြားတကြားစကားတွေက ကျွန်မအသည်းစိုင်ကို ဆူးတွေနဲ့ဝိုင်းခြစ်ကြသလို နာကျင်လိုက်ရပုံများ။

“ဟော ကြည့်စမ်း၊ မိန်းမက ခြေတုကြီးနဲ့တော့၊ ယောက်ျားက သနားကမားနဲ့ လိုက်လည်းမလိုက်ဘူး”

အစ်ကို့ မျက်နှာ ကွက်ခနဲ ဖြစ်သွားတာကို ကျွန်မ မြင်လိုက်ရတယ်။ အဲသည်ကတည်းက ကျွန်မလေ အစ်ကိုနဲ့တွဲပြီး အပြင်မထွက်တော့ဘူး။ ညားခါစကလည်း ရှက်လွန်းလို့ အစ်ကိုနဲ့တွဲမလျှောက်ရဲခဲ့ဘူး။ ကလေးနှစ်ယောက်ရတော့လည်း ကျွန်မရဲ့သိမ်ငယ်စိတ်ကြောင့် အတူတွဲသွားဖို့ မဝံ့မရဲ ဖြစ်ခဲ့ရတယ်။ ကျွန်မဟာ အစ်ကိုနဲ့ ဘယ်လိုမှ မထိုက်တန်တဲ့မိန်းမပါ အစ်ကိုရယ်။ ဘယ်လိုကြမ္မာဆိုးကများ အစ်ကို့ အပေါ် မညှာမတာ ပြုရက်တာပါလိမ့်။ အစ်ကို ကျွန်မကို စိတ်ပျက်သွားရင် ကောင်းမှာပဲ။ ကျွန်မကို ပစ်ပြီး အစ်ကိုနဲ့ထိုက်တန်တဲ့ တခြားမိန်းမတစ်ယောက်ကို လက်တွဲသွားပါတော့လား။ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကျွန်မလေ အမေတို့ အိမ် ဆင်းသွားမှာပေါ့။

အစ်ကို့ ကို ညှာတာ သနားလွန်းစွာ တွေးမိပေမယ့် အစ်ကိုဖောက်ပြန်ပြီး ကျွန်မတို့ သားအမိတစ်တွေကို ပစ်သွားမှာ သေမလောက်ကြောက်ခဲ့ပါတယ်။ တစ်ခါတလေ အစ်ကိုများ ဖောက်ပြန်နေမလားလို့ မိန်းမသားပီပီ အကဲခတ်မိပါသေးတယ်။ ဒါပေမဲ့ ကျွန်မတွေးပူမိသလို တစ်စက်ကလေးမှ မဟုတ်ခဲ့ဘူးနော်။ သမီးနဲ့သားကို သိပ်ချစ်ရှာတဲ့ အစ်ကိုရယ်လေ ပွဲရုံပိုင်ရှင်က သူတို့ သားသမီးတွေရဲ့အဝတ်အစား အကျအနကလေးတွေ စွန့်ကြဲတာမျိုးကိုတောင် အစ်ကို လက်မခံဘူး။

“လူမချမ်းသာရင်လည်း နေပါစေကွာ၊ ငါ့သားသမီးတွေကို သူများအကျအနတော့ မဆင်ချင်ဘူး”

မရှိမဲ့ရှိမဲ့ကြားက အကောင်းစားမဟုတ်ပေမယ့် အသစ်စက်စက်ကလေးတွေကိုပဲ အစ်ကိုက ဝယ်ဆင်တယ်။ အစားအသောက်ဆိုလည်း သားသမီးမကုန်တာ၊ ကျွန်မ မစားချင်တာတွေကိုပဲ ရွေးစားရှာတယ်။

အစ်ကိုရယ်၊ ကျွန်မ ဘူးကောင်းလို့ စင်ခံရပါတယ်။ ကျွန်မရဲ့မိသားစု ဘဝကလေးကို ကျေနပ်ပါတယ်။ ကျွန်မသေရင် အစ်ကိုလေ ဒုက္ခိတမတစ်ယောက်ကို ပေါင်းဖက် လုပ်ကျွေးသမှု ပြုနေရတဲ့ ဝဋ်ဆင်းရဲက လွတ်မြောက်မှာပါ။ ကျွန်မ မရှိတော့ရင် အစ်ကိုနဲ့ ထိုက်တန်တဲ့ တခြားမိန်းမတစ်ယောက်ကို အိမ်ထောင်ပြုလိုက်ပါ။ ကျွန်မ ခွင့်ပေးပါတယ်။ သားနဲ့သမီးကိုတော့ …
.
“ဘုရား … ဘုရား”

ကျွန်မရင်ထဲကိုအလုံးကြီးတစ်လုံး ဆောင့်ဝင်လာတာလိုလို၊ရင်ဝကို ဓားနဲ့ထက်ခြမ်းခွဲလိုက်သလိုလို၊ ဘာမှန်းမသိတဲ့ဝေဒနာတွေက နှလုံးသားကို ဖိစီးလာတယ်။ အစ်ကို့ ဘေးနားက ခြေသံမကြားအောင် ခပ်ဖွဖွကလေး ပြန်လျှောက်လာခဲ့တယ်။ အကြာကြီး ရပ်နေမိလို့ ထင်ပါရဲ့ ကျွန်မရဲ့ခြေထောက်တွေ၊ အဲ – ခြေထောက်တစ်ဘက် ထုံကျင်လို့ နေတယ်။ အနားမှာရှိတဲ့ အိမ်တိုင်ကို လက်နဲ့ထိန်းကိုင်ရင်း ကျွန်မတို့ အိပ်ရာဘက်ကို လာခဲ့တယ်။ ခြင်ထောင်ကို အသာကလေးမ,ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြရှာတဲ့ သားနဲ့ သမီးရဲ့ အသက်ရှူသံတွေကိုကျွန်မ ကြားနေရတယ်။

“ဟေး၊ သူတို့ အမေက ခြေတုကြီးနဲ့ကွ”

“လမ်းလျှောက်တာက ဟောသလို ဟောသလိုလေ”

ကျွန်မရဲ့သမီးနဲ့ သားကို သူတို့ ကျောင်းက သူငယ်ချင်းတွေက အမြဲပြောင်လှောင်တတ်ကြတယ်။ ကလေးတွေ ထမင်းစားကျောင်းဆင်းချိန်မှာ ခြေတုကြီးကို ဆ,ကာ ဆန္ဒကာနဲ့ ထမင်းပို့ လာတဲ့ သူတို့ အမေ ကျွန်မအတွက် သူတို့ ရှက်ကြရှာတယ်။ ကျွန်မမှာတော့ ကလေးတွေကို ထမင်းကျွေးပြီးတဲ့နောက်တောင် အိမ်မပြန်နိုင်သေးပါဘူး။ ကျောင်းပြန် မတက်မချင်း ကျောင်းသားကလေးတွေကြားမှာ ဆော့ကစားနေတဲ့ကျောင်း ဝတ်စုံကလေးတွေနဲ့ သားနဲ့သမီးကို ရှုမငြီးနိုင်ခဲ့ဘူး။

“မေမေ ကျောင်းကို ထမင်းလာမပို့ နဲ့နော်၊ သမီးတို့ဟာသမီးတို့ ပြန်စားမယ်၊ သူငယ်ချင်းတွေက မေမေ့ကိုပြောင်ကြတာ သမီးရှက်တယ်”

မျက်ရည်လေး ကလယ်ကလယ်နဲ့ သမီးကြီးက ပြောရှာတယ်။ ဖြစ်ပါ့မလား ကလေးတို့ ရယ်။ ကျောင်းက အဝေးကြီး။ ပြီးတော့ ကားလမ်းမကြီးကိုဖြတ်ပြီး ပြန်ရ သွားရတာ မေမေ စိတ်မချနိုင်ဘူး။ သမီးတို့ မကြိုက်ပေမယ့်လည်း မေမေ ကျောင်းကို လိုက်မလာဘဲ မနေနိုင်ခဲ့ဘူး။ ထမင်းဟင်း ပူပူနွေးနွေးကလေးကို ချိုင့်ကလေးနဲ့ထည့်ပြီး –

”ဒေါ်လေးကြည်ရေ၊ ကျွန်မကလေးတွေကို ထမင်းသွားကျွေးမလို့ ၊ အိမ်ဘက် ခဏလှမ်းကြည့်ပေးပါနော်”

လို့ မှာပြီး ကျောင်းကို ထမင်းသွားပို့ ရတဲ့ နေ့ လယ် ဆယ့်နှစ်နာရီ တိတိအချိန်ဟာ ကျွန်မရဲ့ တစ်နေ့ တာအတွက် တစ်ကြိမ်တည်းသော အိမ်အပြင်ထွက်ခြင်းပါပဲ။ မွန်းတည့်နေပူအောက်မှာ ထမင်းချိုင့်တစ်ဘက်၊ ရေဗူးတစ်ဘက်နဲ့ ကျိုးနင်း ကျိုးနင်း လျှောက်လာရတဲ့အခါလောက် ကျွန်မ ပျော်တာ မရှိပါဘူး။ နဖူးပြင်မှာ သီးဥနေတဲ့ ချွေးစတွေနဲ့ကျောင်း ပေါက်ဝကနေကျောင်းဆင်းခေါင်းလောင်းသံကိုစောင့်မျှော်ရင်းကလေးတို့ ဆာရှာရော့မယ်လို့ ခံစားနေရတာလေးကိုပဲ ကျွန်မ ကြည်နူးနေမိတာပါ။

ကျွန်မကို မြင်တာနဲ့ ကျောင်းသားလေးတချို့က ခြေထောက်ထော့ထော့ပြီး လှောင်ပြောင်သွားတတ်ကြတာလည်း မြင်မိပါရဲ့။ ကျွန်မမှာ ငယ်ငယ်ကတည်းက အဲသလို လှောင်ပြောင်ခံခဲ့ရတော့ ကျွန်မအဖို့တော့ မဆန်းလှပါဘူး။ ကျွန်မ ကျောင်းနေတုန်းကဆို သည်လို ပြောင်ရပါ့ မလားဆိုပြီး စိတ်တိုတိုနဲ့ပြေးလိုက်ဖူးတယ်။ ပြေးတဲ့လူက ခြေနှစ်ချောင်းနဲ့ အားရပါးရ ပြေးနိုင်ပေမယ့် ကျွန်မကတော့ မလိုက်နိုင်ပါဘူး။ ဒေါသအရှိန်နဲ့ပြေးလိုက်မိလို့ ခြေတုကြီး ပြုတ်ပြီး ဒလိမ့်ခေါက်ကွေး လဲကျသွား ခဲ့ရတာလည်း အခါခါ။ သူတို့ ကို မလုပ်လိုက်ရတဲ့ ကျွန်မ ဒေါသဟာ ခြေတုကြီးကိုပဲ စုံထုထု ငိုရတော့တာပါပဲ။

ကျွန်မရဲ့အစ်ကိုတွေ အစ်မတွေက ခြေတုကြီး ဝှက် ဝှက်ထားလို့ ငိုခဲ့ရတာကလည်း အကြိမ်ကြိမ်ပဲ။ ဆေးရုံကို ခဏခဏ သွားပြီး ခြေတုကြီး လဲရတာကလည်း အခါခါပါပဲ။ အပျိုစင်ဘဝ ရှက်သွေးကြွစအရွယ်မှာ ဟောသည်ခြေတုကြီးကြောင့် ပွဲလမ်းသဘင် အပြင်လောကဆိုတာ မထွက်ခဲ့ရပါဘူး။ ဒါပေမဲ့ သည်ခြေတုကြီးကြောင့် ကလေးတို့ အဖေနဲ့ ဖူးစာဆုံ ခဲ့ရတာပေါ့။ စာအုပ်ဆိုင်က စာအုပ်ငှားပြန်လာတဲ့ကျွန်မ လမ်းအကွေ့မှာ အစ်ကို့ စက်ဘီးနဲ့တိုက်မိပြီး ခြေတုကြီး လွင့်စဉ်သွားခဲ့တယ်။ ခြေထိပ်တစ်ခုလုံး ပွန်းပဲ့ စုတ်ပြတ်သွားပြီး ကျွန်မကို ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံပေါ်မှာ နှစ်ပတ်လောက် နေလိုက်ရပြီး အစ်ကိုနဲ့သံယောဇဉ်ဖြစ်ခဲ့ရတာပါ။ သည်လိုသာ အစ်ကိုနဲ့အကြောင်းမပါခဲ့ရင် သားနဲ့သမီးတို့ဟာ တခြားမေမေတစ်ယောက်ဆီမှာ ရှိနေမှာပေါ့နော်။

အဲသလို အတွေးဝင်တိုင်း ကျွန်မ ငိုမိပါတယ်။ ကျွန်မရဲ့ရင်သွေး ကလေးတွေကို တခြားသူရဲ့ လက်ထဲမှာ ရှိမနေစေချင်ပါဘူး။ ကျွန်မ ကိုယ်တိုင် ကျွန်မဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာကိုပဲ ကျွန်မ ကျေနပ်နေတယ်။ သမီးကြီး မွေးလာတော့ ချောလိုက်တာ၊ တစ်တုံးတစ်ခဲကြီး၊ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့သမီးကို လက်ကမချ ပွေ့ပိုက်ထားမိတယ်။ အစ်ကိုကဆို ရူးလို့ ပါ။

“အမေတူသမီးလေး”

ဆိုပြီး သမီးကိုနမ်းတိုင်း ကျွန်မ ကြည်နူးခဲ့ရတယ်။ သားကလေးမွေး ပြန်တော့လည်း အစ်ကိုက “အမေတူသားလေး” တဲ့။ ကျွန်မကလေးတွေဟာ ကုသိုလ်ကံတစ်ဝက်ကောင်းပြီး တစ်ဝက်မကောင်းဘူးလို့ ပြောရမလားဘဲ။ အစ်ကိုရော ကျွန်မပါ သိမ်ဖျင်းတဲ့လူတန်းစားတွေထဲက မဟုတ်ကြပါဘူး။ နှစ်ဘက်မိဘတွေဟာ ကိုယ့်အိုးကိုယ့်အိမ်နဲ့ တင့်တင့်တယ်တယ် နေထိုင်စားသောက်နိုင်ကြသူတွေပါ။ ကျွန်မမှာသာ မွေးရာပါအားနည်းချက်ကြီးကြောင့် အခုလိုဘဝမျိုး ဖြစ်နေရတာလေ။

ကျွန်မ ဖြေမဆည်နိုင်တဲ့ နေ့တစ်နေ့ ကို ကလေးတွေက သယ်ဆောင် လာခဲ့ကြတယ်။ အဲသည်ညနေက ကျွန်မ သိပ်နေမကောင်းလို့ အိပ်ရာထဲ ခွေနေမိတယ်။ မျက်စိမှိတ်ပြီး မှိန်းနေရင်းက မှေးခနဲ အိပ်ပျော်သွားတော့တာပါ။ ကျွန်မ နားထဲကို ငိုရှိုက်သံတွေ စီးဝင်လာမှ လန့်နိုးသွားခဲ့ရတယ်။

“ဟင် … သမီး၊ ဘာဖြစ်လို့ ငိုတာလဲ၊ အို သားရဲ့မျက်နှာမှာလည်းခြစ်ရာတွေနဲ့၊ ဘာ … ဘာဖြစ်လာကြတာလဲကွယ်၊ မေမေ့ကို ပြောကြစမ်းပါဦး”

ကလေးတွေဟာ ကျွန်မမေးတာကို မဖြေကြပါဘူး။ မျက်ရည်တွေ စိုစွတ်နေတဲ့ သူတို့ ရဲ့မျက်လုံးအကြည့်တွေဟာ နံရံမှာ ထောင်ထားတဲ့ ကျွန်မရဲ့ခြေတုကြီးဆီကို ရောက်နေကြတယ်။

“ရန်ဖြစ်လာကြတာလား”

သားက ခေါင်းညိတ်ပြတယ်။ သမီးနဲ့သားကြားမှာ ကျွန်မ ဝင်လိုက်ရင်း-

“ဘယ်လိုဖြစ်တာလဲ၊ မေမေ့ကိုပြောပြကြပါဦး”

သမီးက မျက်တောင်ကော့ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း –

“မေမေ့ကိုပြောင်လို့ မောင်လေးက ခဲနဲ့ထုလိုက်တာ၊ အဲ … အဲဒီ ကောင်လေးရဲ့အမေက မောင်လေးကို အင်္ဂါမစုံတဲ့မိန်းမရဲ့သားတဲ့ …. ဟင့်”

“အို…”

ကျွန်မ ခေါင်းထဲ မိုက်ခနဲဖြစ်သွားတော့တယ်။ လူတွေဟာ တယ်လည်းခက်ကြပါလား။ သူတစ်ပါးရဲ့အားနည်းချက်ကိုမှ …။

“သား ကျောင်းမနေတော့ဘူး မေမေ”

သားက ပခုံးမှာ စလွယ်သိုင်း လွယ်ထားတဲ့ လွယ်အိတ်ကို ဖြုတ်ပြီး လွှင့်ပစ်လိုက်တယ်။

“သမီးလည်း ကျောင်းမနေချင်တော့ဘူး”

ကျွန်မတစ်ကိုယ်လုံး ကျဉ်စက်နဲ့ အတို့ ခံလိုက်ရသလို ထုံခဲသွားခဲ့တယ်။ ရင်ထဲမှာ မောဟိုက်လာတယ်။ နှလုံးခုန်ချက်တွေက စည်းလွတ်ဝါးလွတ်။ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်။ ကျွန်မ အမြင်တွေ မှုန်ဝါးပြီး လဲကျသွားတော့တယ်.….။

ကျွန်မ သတိရလာတော့ အစ်ကိုရောက်နေပါပြီ။ သားနဲ့သမီးကို ရိုက်တဲ့အသံ၊ ကလေးတွေရဲ့ ငိုသံ၊ အားလုံးဟာ ကျွန်မအတွက် ကမ္ဘာပျက်နေသလိုပါပဲ။

“နင်တို့ ကို ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့အမေဟ၊ မအေ စိတ်ဆင်းရဲအောင် လုပ်တဲ့ဟာတွေ၊ ကဲဟာ …. ကဲဟာ”

“တော် … တော်ပါတော့အစ်ကို၊ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့ ရှက်ကြမှာပေါ့၊ ကလေးတွေကို မရိုက်ပါနဲ့တော့၊ ကလေးတွေကို ရိုက်မယ့်အစား ကျွန်မကိုသာ သတ်ပစ်လိုက်ပါ အစ်ကိုရဲ့”

ကျွန်မက ပြောတော့ အစ်ကိုက ကလေးတွေကို ဆက်မရိုက်တော့ပါဘူး။ အစ်ကိုဟာ ကျွန်မကို နားအလည်ဆုံးသူလေ။

ကလေးတွေ ကျွန်မကိုချစ်တာ ကျွန်မ အကြွင်းမဲ့ယုံကြည်တယ်။ အခုအချိန်မှာ သူတို့ ရှက်ရကောင်းမှန်း သိလာကြပြီ။ စိတ်ဆိုးတတ်တဲ့ အရွယ်ရောက်လာကြပြီ။ သည့်ထက် အရွယ်ရောက်လာရင် ကျွန်မ အတွက်နဲ့ ပိုပြီး အရှက်ရ၊ ပိုပြီး စိတ်ဆင်းရဲရရှာတော့မယ်။ ဒါကြောင့် မေမေသေချင်တာ သားနဲ့သမီးရဲ့၊ မေမေသေရင် ဟောသည်ဒုက္ခိတမကြီးရဲ့ ကလေးတွေလို့ ဘယ်သူကမှ လက်ညှိုးထိုးပြနိုင်ကြတော့မှာ မဟုတ်ပါဘူး။ သေသောသူ ကြာရင်မေ့သတဲ့ကွယ်။

သမီးနဲ့သားရဲ့ ပါးပြင်ကလေးတွေကို နောက်ဆုံးအကြိမ်အဖြစ် ကျွန်မ အားရပါးရ နမ်းရှိုက်လိုက်တယ်။ မလွတ်တမ်း ပွေ့ဖက်ထားမိတယ်။ဒါပေမယ့် ကျွန်မမှာ အားရနှစ်သိမ့်ခြင်း မရှိပါဘူး။ အတိုင်းအဆမဲ့ နာကျင်ခြင်း တွေနဲ့ မျက်စိကို စုံမှိတ်ပြီး ခြင်ထောင်ချပစ်လိုက်တယ်။

ခြေကို ဖော့နင်းပြီး ခေါင်းရင်းခန်းဘက်ကို ကျွန်မ လျှောက်ခဲ့တယ်။ စားပွဲပေါ်က မီးခြစ်နဲ့ဖယောင်းတိုင်ကို စမ်းပြီး ထွန်းလိုက်တော့ အမှောင် ပြေလျော့သွားတယ်။ ဘုရားစင်ထက်မှာ ရှိနေတဲ့ ဘုရားပန်းအိုးတွေနားမှာ ဖယောင်းတိုင်ကို တင်လိုက်တော့ ဆွတ်ဆွတ်ဖြူနေတဲ့ ကျောက်ဆင်းတုတော် ဘုရားရှင်ရဲ့ နက်မှောင်ကြည်စင်နေတဲ့ မျက်လုံးတော်က အရောင်တွေ တဖိတ်ဖိတ် လက်လို့။ ဘုရားရှင်ကို အာရုံပြု ရှိခိုးဖို့ ကျွန်မရဲ့ ခြေတုကြီးကို ချွတ်ပြီး ကြမ်းပြင်ပေါ် ချထားလိုက်တယ်။ ကျွန်မရင်ထဲမှာ ရှိသမျှအရာအားလုံးကို မေ့ပျောက်ပစ်နိုင်ဖို့ ဘုရားရှင်ရဲ့ လေးနက်တည်ငြိမ်တဲ့ မျက်နှာတော်ကို စူးစူးစိုက်စိုက် အာရုံပြုရင်း တစ်ခုတည်းသောဆုကိုသာ ကျွန်မ တောင်းလိုက်မိပါတယ်။

“ဘုရားတပည့်တော်မ မရှိသည့်နောက်မှာ လင်သားနှင့် သားသမီးများ ဘုရားတပည့်တော်မနဲ့ ပတ်သက်သမျှ အရာအားလုံး မေ့ပျောက် နိုင်ကြပါစေဘုရား”

ပြီးတော့ အစ်ကိုရှိရာဘက်ကို လှည့်ပြီး ကျွန်မ ကန်တော့လိုက်တယ်။

“ကျွန်မကို ခွင့်လွှတ်ပါအစ်ကို”

ကျွန်မရင်ဘတ်ကြားထဲမှာထည့်ထားတဲ့ အဆိပ်ပုလင်းကို ဆွဲထုတ်လိုက်တယ်။ ကျွန်မအသက်ကို ဆွဲထုတ်ပြီး ကျွန်မဘဝကို အလွှာခြားပစ်မယ့် အဆိပ်ပုလင်းလေ။ ပုလင်းကို တစ်ချက်စိုက်ကြည့်ပြီးတော့ ဖယောင်းတိုင်မီးကို ငြိမ်းပစ်လိုက်တယ်။ ကျွန်မရဲ့တစ်ကိုယ်လုံး အမှောင်ထဲထိုးကျသွားသလိုပါပဲ။ ညရဲ့ လေတိုးသံက နားထဲမှာ တဝေါဝေါဆူညံလို့ ။ ကျွန်မရဲ့စိတ်တွေကလည်း တမလွန်နဲ့ပစ္စက္ခကြားမှာ လူးလွန့်လှုပ်ရှားလို့။

ဘုရားစင်ပေါ်က အိမ်မြှောင်စုတ်ထိုးသံက စူးခနဲ မြည်သွားတယ်။ ထိတ်ခနဲ ရင်ခုန်သွားတဲ့ရင်ကို လက်နဲ့ဖိရင်း အဆိပ်ပုလင်းကို စမ်းဖွင့်လိုက်တယ်။ မျက်စိကို စုံမှိတ်လိုက်တော့ အစ်ကို့ရဲ့ အကြင်နာမျက်ဝန်းတွေနဲ့သမီးနဲ့သားရဲ့အပြစ်ကင်းစင်တဲ့မျက်နှာကလေးတွေ ပေါ်လာတယ်။ခေါင်းကို ခါယမ်းပြီး ကြွက်သားတွေကို ဖိညှစ်ပစ်လိုက်တယ်။ ဘုရားရှင်ကို အာရုံပြု … အာရုံပြု။

”မေမေ -”

သား … သားရဲ့အသံပဲ။ သားနိုးလာတာထင်ပါရဲ့၊ အဆိပ်ပုလင်းကို ဆုပ်ထားတဲ့လက်တွေဟာ တဆတ်ဆတ်တုန်ရင်လာတယ်။ မနက်လင်းလို့ ကလေးတွေ နိုးလာရင် သူတို့ အမေကို ရှာကြတော့မယ်။ သေနေတဲ့ သူတို့ အမေရဲ့အလောင်းကောင်ကြီးကို မြင်လိုက်ရရင် ကလေးတွေ ဘယ်လိုနေ ကြမလဲ။ အစ်ကိုကရော။ ကျွန်မရင်ထဲ မောဟိုက်လာတယ်။ ခဏနေတော့ အရာအားလုံးဟာ တိတ်ဆိတ်သွားပြန်တယ်။ ကျွန်မ ဘာဆက်လုပ်ရမလဲ။

“အို – ငါ ဆုံးဖြတ်ချက်ချပြီးသားပဲ၊ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပြီးသားပဲ။ ငါသေမှဖြစ်မှာ၊ ငါသေသွားမှ အေးမှာ”

သည်တစ်ခါတော့ ကျွန်မဟာ ဘာကိုမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ အဆိပ်ပုလင်းကို နှုတ်ခမ်းဝမှာ တေ့လိုက်တယ်။

”အို …”

ကျွန်မရင်ထဲမှာ ဟာတာတာနဲ့ တစ်စုံတစ်ခု လိုနေသေးသလို ခံစားနေရတယ်။ တစ်စုံတစ်ခု … တစ်စုံတစ်ခု။ ဟုတ်တယ်။ အဲသည်တစ်စုံတစ်ခုဟာ ကျွန်မတစ်သက်လုံး ကျွန်မအပေါ် လွှမ်းမိုးဖက်တွယ်နေခဲ့တဲ့ ကျွန်မရဲ့ခြေတုကြီးပဲပေါ့။ အဆိပ်ပုလင်းကိုချပြီး ခြေတုကြီးကို အမှောင်ထဲမှာ စမ်းယူလိုက်တယ်။ ကျွန်မရဲ့ခြေတုကြီးဟာ အသက်မရှိသလို အေးစက်တောင့်တင်းလို့ ။ သူဟာ ပင်ကိုယ်အားဖြင့် အသက်မဲ့နေပေမယ့် သည်ခြေတုကြီးဟာ ကျွန်မအတွက်တော့ အသက်ရှိနေတဲ့ ခြေတစ်ဖက်လေ။

“ငါသေသွားရင်ကော၊ လောကကြီးထဲမှာ ငါဆိုတာ မရှိတော့ရင်လေ၊ ဘာအသုံးကျဦးမှာလဲ၊ ငါဟာ အသက်မဲ့နေတဲ့ ဟောဒီခြေတုကြီးလိုပဲ ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။ ငါဆိုတာ ရှိနေသေးရင်တော့ ဟောဒီခြေတုကြီးလိုပဲ အသုံးဝင်နေဦးမှာ မဟုတ်လား၊ ဟုတ်တယ်၊ ငါဟာ ခြေတုကြီးတစ်ခုပဲ။ ဒါပေမဲ့ အသုံးဝင်နေသေးတာပဲ”

ခြေတုကြီးကို ကိုင်ပြီး ကျွန်မ စဉ်းစားနေဆဲမှာပဲ အရှေ့ဆီက ရောင်နီတွေ လာနေလောက်ပြီထင်ပါရဲ့။ လောကကြီးကို အလင်းတွေပေးမယ့် နေမင်းကြီးဟာ မှောင်မိုက်တဲ့ညကို အလှည့်ပေးပြီးလို့ နေ့သစ်တစ်ဖန်မွေးဖွားဖို့ ရောက်လာခဲ့ပြန်ပြီကော။ လောကကြီးကိုယ်တိုင်တောင်မှ ထာဝရအလင်းကို မပိုင်ဆိုင်ရရှာဘူး။ မှောင်တဲ့အခါမှောင်၊ လင်းတဲ့အခါလင်းရသေးတာပဲ။

ရောင်နီတွေဟာ အမှောင်ထဲကနေ အန်ကျလာတယ်။ အိမ်ခေါင်းရင်းက လင်းကြက်တွန်သံဟာ ကျွန်မ နေ့ စဉ်ကြားနေကျအတိုင်းပဲ ပီပီသသကြီး တွန်လိုက်လို့ ။ မနက်လင်းတော့မှာပါလား။ မနက်လင်းရင် အစ်ကို အလုပ်သွားရဦးမယ်။ သမီးနဲ့သားတို့ ကျောင်းသွားကြရဦးမယ်။ သူတို့ အတွက် ကျွန်မမှာ လုပ်ပေးရဦးမယ့် တာဝန်တွေ၊ ဝတ္တရားတွေ၊ ကရုဏာတွေ၊ မေတ္တာတွေ …။ ကျွန်မ ဘာမှ မစဉ်းစားနေတော့ပါဘူး။ ခြေတုကြီးကို ခပ်မြန်မြန်ပဲ ကောက်စွပ်လိုက်တယ်။

“ဒေါက်”

”ဟော …”
.
ခြေတုကြီးက အဆိပ်ပုလင်းကို တိုက်ချလိုက်တဲ့အသံပဲ။ အခုတော့ အဆိပ်ရည်တွေဟာ ကြမ်းပြင်ပေါ်မှာ တစ်စစီ ဖိတ်အန်ကျလို့ ။ ဒါကို အစ်ကိုမသိအောင် ကျွန်မ သန့်ရှင်းပစ်ရဦးမယ်လေ။ ကြမ်းပေါ်ကတင် မဟုတ်ပါဘူးလေ။ ကျွန်မ စိတ်နှလုံးကိုပါ သန့်ရှင်းပစ်ရတော့မှာပါ။

ကလျာမဂ္ဂဇင်း၊ ၂ဝဝ၂ခုနှစ်၊ နိုဝင်ဘာလ

_____________*****___________