သရဲတကယ်ရှိမရှိ

လန့်နေရှာသည်။

*******

ညသည်နက်သထက်နက်လာခဲ့၏။
တိတ်ဆိတ်သော ညသန်းခေါင်သည်အိပ်မောကျစေဖို့အကောင်းဆုံးအချိန်ပင်
ဖြစ်၏။
သို့သော် မအိပ်စက်နိုင်ဘဲ အချိန်ကောင်းကို
စောင့်နေကြသည့်သူများကလည်းရှိနေပေသည်။
ထိုသူများက ဘုန်းကြီးကျောင်းသား
ငသွင်တို့သုံးဦးပင်ဖြစ်၏။
ကပ္ပိယကြီးနှင့်ကိုရင်များ၏အလှစ်ကိုချောင်းပြီး ငသွင်တို့ သင်္ချိုင်းကုန်း ဘက်ဆီသို့ ထွက်လာခဲ့ကြသည်။
သုံးဦးစလုံး ပုဆိုးများအားခါးတောင်းကြိုက်ထားကြပြီး
ရင်ဘက်တွင်လည်း ချည်လွယ်အိတ်လေးများကိုယ်စီ
လွယ်ထားကြလေသည်။
ထိုချည်လွယ်အိတ်လေးများထဲတွင်တော့ သူတို့၏လက်စွဲတော်လောက်လေးခွနှင့် ဓာတ်မီးတစ်လက်စီပါရှိကြ၏။
သင်္ချိုင်းကုန်းသို့စခြေချသည်နှင့်ဓာတ်မီးများဖွင့်ကာ ဆက်လျှောက်လာကြသည်။

သူတို့လျှောက်လမ်းလာသည့်
သင်္ချိုင်းကုန်းသည်ပင်မည်သည့်အသံမှမကြားရအောင်ပင် တိတ်ဆိတ်ခြောက်ကပ်လို့နေ၏။
အုပ်ဆိုင်းနေသောသစ်ပင်ကြီးများ အုတ်ဂူအအိုအဟောင်းများ၊ မြေပုံမို့မို့များက သင်္ချိုင်းကုန်းထဲ၌နေရာလွတ်မကျန်လောက်အောင်ပင်နေရာယူထားကြလေသည်။

“ဂျွတ်…”

ထိုသံသည်က သူတို့သုံးဦးထဲမှတစ်ယောက် လမ်းလျှောက်ရင်း သစ်ကိုင်းခြောက်ကိုတက်နင်းလိုက်သံဖြစ်၏။

“ကဲ…သင်္ချိုင်းကုန်းထဲကိုတော့ဖြင့်ရောက်ပြီ…
တို့တွေဘာဆက်လုပ်ကြရမလဲ”

အောင်ဘုကမေးလေတော့ ဖိုးထူးက နေရာတစ်ခုသို့လက်ညိုးထိုးလိုက်သည်။
ထိုနေရာသည်က အုတ်ဂူအကြီးကြီးတစ်ခုဖြစ်၏။

“အဲ့အပေါ်တက်ထိုင်ကြမယ်ကွာ…
ငါစဥ်းစားလာတာရှိတယ်…။အဲ့တာက တို့တွေဒီသင်္ချိုင်းကုန်းထဲမှာနှစ်ချက်တီးထိနေကြမယ်…။အဲ့ထိဘာမှမထူးခြားရင်ဘာသရဲမှမတွေ့ရင်ငါနိုင်မယ်ကွာ…
ငါပြောတာဘယ်လိုသဘောရလဲငသွင်”

“ရတယ်လေ…သွားကြတာပေါ့”

သင်္ချိုင်းကုန်းထဲမှာတော့ ဖိုးထူးညွှန်ပြသည့်အုတ်ဂူသည် အလုံးအထည်အကြီးမားဆုံးဖြစ်၏။
ထိုအုတ်ဂူအထက်သို့ ငသွင်တို့သုံးယောက် တွယ်တက်လိုက်ကြသည်။

“ကဲ…ထိုင်ကြကွာ…သင်္ချိုင်းကုန်း ကတော့မင်းတို့တွေ့တဲ့အတိုင်းတိတ်လို့ဆိတ်လို့ပဲဟေ့…
အဲ့တာကိုကဖြင့်ငါနိုင်ဖို့ကသေချာနေပြီ
ဟားး…ဟားး…ဟား”

ဖိုးထူးက အနိုင်ရလိုသူပီပီပြောနေလေ၏။
ငသွင်ကတော့ဘေးဘီကိုဓာတ်မီးဖြင့်ထိုး ကြည့်ရင်း…

“လေမထွားနဲ့ ဖိုးထူး…။
မင်းဖြစ်လာရင် ဖနောင့်နဲ့တသားထဲ
ပြေးဖို့သာပြင်ထားပေတော့”

ငသွင်ကပြန်ပြောလိုက်လေရာ…
အောင်ဘုက သူတို့နှစ်ယောက်အား…

“မင်းတို့ကလည်းကွာ…ဒီတောင်ရောက်နေပြီပဲကိုဆက်ပြီး ပြိုင်ငြင်းမနေကြစမ်းပါနဲ့အ​ခြေအနေကြည့်ပါဦးဟ ”

ဟု တားဆီးလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်သည် သန်းခေါ်အားကျော်လွန်လာခဲ့သည်။
အုတ်ဂူကြီးအထက်၌ ခြင်ကိုက်လို့တဖြန်းဖြန်းရိုက်ရင်း ငသွင်တို့သုံးဦး ဆက်လက်ထိုင်နေခဲ့ကြ၏။

“ဟေ့ကောင်တွေ”

“ဘာလဲ အောင်ဘု ”

“ငါ…ငါ…ရှုးပေါက်ချင်လို့ကွ”

“ဟာ…လုပ်ပြီ…အောင့်ထားလိုက်စမ်းပါကွာ…
နောက်တစ်နာရီဆို​ဖြင့် ငါတို့တွေပြန်ရတော့မှာပါကွ”

ဖိုးထူးကပြောလေတော့ အောင်ဘုက အောက်သက်သက်မျက်နှာထားဖြင့်…

” မှောင်ကြီးမဲကြီးထဲ ခြင်ကိုက်တာကိုငြိမ်ထိုင်ပြီးပြီးကွာ…
အပေါ့သွားချင်တာကတော့ ငါငြိမ်ထိုင်နေလို့မရလို့ပါ…
လုပ်ပါငါနဲ့လိုက်ခဲ့ပါ”

အောင်ဘုက မနေနိုင်တော့၍ ပြောလိုက်လေသည်။ ငသွင်က…

“ငါလိုက်ခဲ့မယ် အောင်ဘု…။ဟို…ဖိုးထူး…
မင်းတစ်ယောက်ထဲနေခဲ့လို့ဖြစ်ပါတယ်နော်…”

“ဖြစ်တာပေါ့ကွာ.. သွားကြ…သွားကြ”

အောင်ဘုနှင့်ငသွင်တို့ အပေါ့စွန့်သွားဖို့ရန်အတွက်
အုတ်ဂူအထက်မှဆင်းလာခဲ့ကြသည်။
ဖိုးထူးကတော့ ဂူအထက်၌သာနေခဲ့၏။

“အပေါ့စွန့်ခွင့်ပြုပါဗျာ….ဖက်…ဖက်…ဖက်…”

အောင်ဘု သချိုင်းဘေးသို့ သွားပြီး အပေါ့စွန့်လေသည်။
ငသွင်သည်က မလှမ်းမကမ်းမှာ စောင့်ပေးနေ၏။

ငသွင်တစ်ယောက် အောင်ဘုကိုစောင့်နေရင်း…

“ဘုတ်…ဘုတ်…ဘုတ်…ဘုတ်….”

“ဟ…ဘာအသံလည်း”

ငသွင်၏နားထဲ၌ တဘုတ်ဘုတ်ရိုက်နေသောအသံတစ်ခုကြားနေရသည်။
ထိုအသံကို နားစွင့်ရင်းဘေးဘီကို
ကြည့်လိုက်သော်လည်းမည်သည်ကိုမှမတွေ့ရ။
သို့သော်အသံကနားအတွင်း၌ကြားနေရတုန်းဖြစ်၏။

“အောင်ဘု…မင်းကြားလား…အဲ့အသံကိုမင်းကြားလား”

“ဘာအသံလည်းကွ…ငါမကြားမိပါဘူး”

“ဟာ…မင်းကလည်း
တဘုတ်ဘုတ် နဲ့ငါကြားနေရတယ်ကွ”

“အာ…မခြောက်ပါနဲ့ငသွင်ရာ ငါကြောက်လို့ပါဟ”

“နေဦးလေ…ဟိတ်ကောင် ငါ့ကိုစောင့်ဦး”

အောင်ဘုကကြောက်ကြောက်ဖြင့်အရင်ပြေးသွားလေတော့
ငသွင်နောက်မှလိုက်လာခဲ့ရ၏။
ထိုနေရာမှထွက်လာလေတော့ ငသွင်မည်သည့်အသံမှမကြားရတော့။
ဖိုးထူးကျန်နေရစ်သောနေရာသို့ရောက်လေ​တော့ ဖိုးထူးနှင့် အရင်ထွက်သွားသော အောင်ဘုကမရှိ။
မဝေးသောနေရာဟုဆိုရသော်လည်း ယခုထိုနှစ်ယောက်လုံး
ပျောက်ချင်းမလှပင်ပျောက်သွားလေသည်။
ဓာတ်မီးဖြင့် လိုက်လံရှာဖွေပါသော်လည်း အုတ်ဂူများကိုသာမြင်နေရ၏။

“ဖက်…ဖက်…ဖက်…ဖက်…..”

“ဟင်……”

ငသွင်၏ရှေ့မလှမ်းမကမ်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ကျောပေးကာရပ်နေသော လူတစ်ယောက်….။
ငသွင်၏ဓာတ်မီးအလင်းကြောင့် ထိုလူ၏ပုံစံကိုမြင်ရ၏။
ဆွေးမြေ့နေသော အဝတ်အစားအပြဲအကွဲများ…
ရှည်လျားသော ဆံပင်ဘုတ်သိုက်ကြီးနှင့် ထိုလူသည် အုတ်ဂူအား သူ၏လက်ဖြင့် တဘုတ်ဘုတ်ရိုက်နေခဲ့၏။

“ဘယ်….ဘယ်သူလဲ”

“ဘုတ်…ဘုတ်…ဘုတ်……..”

ငသွင်အရဲစွန့်ကာမေးလိုက်လေသည်။
ငသွင်အမေးကြောင့်ထိုလူကြားသွားဟန်တူပြီး အုတ်ဂူအားရိုက်နေသော သူ၏လက်အားရပ်တန့်လိုက်လေသည်။
ထို့နောက် ရုတ်တရက်ဆိုသလို ငသွင်၏ဘက်ဆီသို့သူ၏ကိုယ်ထည်ကို
တရွေ့ရွေ့လှည့်လာခဲ့သည့်အခိုက်……

“အမလေးးးးးး…….သရဲ”

နီရဲနေသောမျက်လုံး… ခက်ထန်လှသော မျက်နှာအသွင်အပြင်ကြီးကြောင့် ငသွင်ကြောက်လန့်ကာ နောက်သို့ဆုတ်ပြေး၏။
ငသွင်ပြေးနေပါသော်လည်းနေရာကဖြင့်မရွေ့ပေ။
ငသွင်ကြောက်လန့်ပါသည်ဆိုသောအရာကြီးသည် မည်းနက်နေသောသွားကြီးများပေါ်အောင်တဟီးဟီး အသံပေးလို့ငသွင်အနီးဆီသို့ရောက်လာလေရာ
ငသွင်မှာတော့ မျက်လုံးကိုစုံမှိတ်လို့……

“အားးးးးးးးးးးးးးး”

အသံကုန်ဟစ်အော်လိုက်လေတော့သည်။

“ဟေ့ကောင်ငသွင်….ဟာ….ငသွင်….ငသွင် ဘာဖြစ်တာလဲ”

“ငသွင်…ငါတို့ပါကွ…ငသွင် မျက်လုံးဖွင့်ကြည့်စမ်းပါ”

“ဟင်….”

ငသွင်အသံကြားလေမှ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
သူရောက်နေသည်က အစောကထိုင်နေကြသော အုတ်ဂူကြီးအထက်…။
ဘေးတွင်လည်း အောင်ဘုနှင့်ဖိုးထူးရှိနေ၏။

“မင်းတို့ကဘယ်ရောက်သွားတာလဲကွာ….
ငါ…ငါဖြင့်ကြောက်လိုက်ရတာ”

“ငါ မင်းအပေါ့သွားချင်တယ်ဆိုလို့ လိုက်ခဲ့တာလေကွာ”

“အောင်ဘုအပေါ့သွားချင်တယ်ဆိုလို့
ငါတို့သွားကြတာလေကွာ”

ငသွင်မေးလိုက်သည်။
သို့သော်ပြန်​ဖြေကြသော အောင်ဘုနှင့်ဖိုးထူးသည်ကအဖြေမတူကြ။

“ဟင်…ငါကအောင်ဘုအပေါ့သွားချင်တယ်ဆိုလို့လိုက်သွားတာလေကွာ…။အောင်ဘုကငါ့ကိုမစောင့်ဘဲအရင်ပြန်သွားတာ…
ငါပြန်ရောက်လာတော့ မင်းတို့ကိုမတွေ့တော့ဘဲ ကြောက်စရာသရဲကြီးနဲ့တိုးတာကွ…
ပြောရင်းကြောက်လိုက်တာကွာ ”

ငသွင် ရင်တထိတ်ထိတ်ဖြင့်ကြောက်လန့်နေစဲ။
ဖိုးထူးက

“ဟာ…ငသွင်မင်းဘာပြောတာလဲ…။အောင်ဘုကဒီမှာနေခဲ့တာ…မင်းအပေါ့သွားချင်တယ်ဆိုလို့ငါလိုက်လာတာလေ…
မင်းအပေါ့သွားနေတော့ငါ့နားထဲအသံတွေကြားနေရတာ…အဲ့အသံတွေကို ငါ နားစွင့်နေတုန်း မင်းကဘယ်ပျောက်သွားမှန်းလဲမသိဘူး…
ငါပြန်ရောက်လာတော့ မင်းက မျက်လုံးမှိတ်အော်နေတာလေကွာ”

“အာ….ဘာတွေလဲ….
မင်းတို့တစ်ခုခုတော့မှားနေကြပြီကွာ…ဖိုးထူး မင်းအပေါ့သွားချင်လို့ငါလိုက်ခဲ့တာကွ…အစောက မင်းငသွင့်ပြောသလိုပဲ အဲ့အသံကြီးကို ငါလည်းကြားခဲ့ရတယ်”

အဖြေမတူကြသော သုံးဦးသား အဖြေရှာရခက်နေကြသည်။
တခဏအတွင်းဖြစ်ပျက်သွားသည့်အကြောင်းအရာအား သုံးဦးလုံး နားမလည်နိုင်ကြ။

“ဖက်….ဖက်…..ဖက်….ဖက်…..ဖက်….ဖက်…”

“အီးးးးး….ဟီးးးးးး…..ဟီးးးးးးးးးးးးးးးးးးး”

ထွက်ပေါ်လာသော အသံများကို သူတို့သုံးဦးစလုံး ကြားလိုက်ရ၏။
ထိုအသံလာရာဆီကိုကြည့်လိုက်ကြလေတော့…သူတို့သုံးဦးနှင့်မလှမ်းမကမ်းတွင် ရှိနေသော အရာကြီး…..။
ထိုအရာကြီးသည် သူတို့ဆီကို ချက်ချင်းပြေးဝင်လာခဲ့ရာ
ငသွင်တို့သုံးဦးစလုံးအကြောက်အလန့်ဖြင့်…..

“အားးး…ကယ်ကြပါဦး….”

“လာနေပြီ….လာနေပြီ”

“အမေရေ….”

အော်ဟစ်ကာ အုတ်ဂူထက်မှဆင်းပြေးကြလေသည်။
သို့သော် သင်္ချိုင်းကုန်းအစပ်သို့ရောက်လေတော့ ပြေးလာကြသော ငသွင်တို့သုံးဦးစလုံး လဲကျသွားတော့လေသည်။

****
“အမလေးဗျ….သရဲကြီး….”

“အီးးး….ဟီးးးး….ဟီးးးး…..”

“အီးးးးဟီးးး….ဟီးး”

“တကာမကြီးတွေ့တဲ့အတိုင်းပဲ…
ဆရာတော်ကျောင်သားတွေရဲ့အဖြစ်ကတော့”

တအီးအီးဖြင့် အိပ်နေရင်းမှာပင်အော်ဟစ်ငိုကြွေးနေကြသော ငသွင်တို့သုံးဦးကိုကြည့်ပြီးဆရာတော်ကပြောလေသည်။

“ဒီကလေးတွေဘယ်လိုများဖြစ်ရတာလဲဘုရား”

“ညကကျောင်းအနောက်ကအော်သံတွေကြားရလို့ ကျုပ်တို့သွားကြည့်တာဘွားရေ….အဲ့မှာ သင်္ချိုင်းကုန်းအစပ်မှာဒီသုံးကောင်လဲနေတာတွေ့လို့
သယ်လာကြရတာ…။ဒီကောင်တွေသင်္ချိုင်းကုန်းထဲ
ဘာများသွားလုပ်ကြတယ်မသိပါဘူးဗျာ”

ကပ္ပိယကြီးကရှင်းပြလေသည်။
မနက်အစောကြီးအကြောင်းပေါ်သည်ဟုဆိုကာ ကပ္ပိယကြီးကဘွားမယ်စိန်အား
ဘုန်းကြီးကျောင်းသို့ခေါ်လာခဲ့၏။
ကျောင်းသို့ရောက်လေမှ ငသွင်တို့သုံးဦးအဖြစ်ကိုသိခဲ့ရလေသည်။

“ဆရာတော်လည်း ကျောင်းသားတွေကိုပရိတ်ရေတွေတိုက်ထား ဖြန်းထားပေးသေးတယ်….ဒါပေမယ့်
ဒီကောင်တွေအ​ကြောက်မပြေဘဲဖျားနေကြတော့ တကာမကြီးကို ခေါ်ခိုင်းရတော့တာပဲလေ…
တကာမကြီး ကျောင်းသားတွေကို ကုသပေးဖို့ဆရာတော်အကူအညီတောင်းပါတယ်…
သင့်တော်သလိုဆောင်ရွက်ပေးပါဦးတကာမကြီး”

“တင်ပါ့ဘုရား…တပည့်တော် ဆောင်ရွက်ပေးပါ့မယ်ဘုရား…ဆရာတော်ဘုရား စိတ်ချတော်မူပါ”

“အင်း..စိတ်ချပါတယ်ဒကာမကြီး…ကဲ….ဆရာတော် သွားပါဦးမယ်”

ဆရာတော်ဘုရားသည် ဘွားမယ်စိန်လက်သို့ ကျောင်းသားသုံးဦးကိုအပ်ကာထွက်သွားတော့လေသည်။
ကျန်ရစ်ခဲ့သော ဘွားမယ်စိန်က ငသွင်၏ခေါင်းကို သူ၏ လက်ဖဝါးဖြင့် ထိလိုက်၏။
ပြီးနောက် မျက်လုံးကိုစုံမှိတ်ကာ ခဏငြိမ်လိုက်သည်။
ဘွားမယ်စိန်၏အာရုံအတွင်း၌
အဖြစ်အပျက်တစ်ခုကိုမြင်နေရ၏။
ထိုအဖြစ်အပျက်အဆုံးသတ်လေမှ ဘွားမယ်စိန်၏ နှုတ်မှတဖွဖွရွတ်ဆိုသံများထွက်လာလေသည်။
ပြီးလေတော့ မျက်လုံးပြန်ဖွင့်လာခဲ့ပြီး
အိပ်နေသော ငသွင်၏
ခေါင်းအထက်မှ ခြေဖဝါးထိလက်နှစ်ဖက်ဖြင့် ထပ်မံသက်ချပေးလေသည်။
ကျန်သော ဖိုးထူးနှင့်အောင်ဘုတို့ကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ပေးရှာ၏။
အားလုံးပြီးလေတော့ အနီးတွင်ကြည့်နေသော ကပ္ပိယကြီးအား….

” ကျောင်းသားတွေသက်သာသွားပါပြီကွယ် …
ဒီကလေးတွေကလည်းလေ သင်္ချိုင်းကုန်းထဲ ညနက်သန်းခေါင်သွားကြရတယ်လို့…
ကပ္ပိယကြီးဒီကလေးတွေအဖြစ်ကိုသိချင်မယ်ထင်တယ်။ ဘွားမြင်တာပြောရရင်ဖြင့်
သင်္ချိုင်းကုန်းထဲမှာ နှစ်ချို့သရဲတစ်ကောင်ရှိတယ်
အဲ့အကောင်ကပဲ ဒီကလေးတွေကို ပူးကပ်ခဲ့တာ။
ကလေးတွေရဲ့စိတ်ထဲမှာတစ်ယောက်ချင်းဆီက အဲ့သရဲကောင်ရဲ့လှည့်စား
ခြောက်လန့်ခြင်းကိုခံခဲ့ကြရတာပဲ…
ဒါကမတော်ရင်
လိပ်ပြာလွင့်ပြီးလူသေနိုင်တဲ့ကိစ္စပဲ
ကပ္ပိယကြီးတို့တွေ အကြားမြန်အရောကအမြန်လို့သာ ဒီကလေးတွေမသေတာပဲကွဲ့…။
အင်း……..
ကလေးတွေကံကလည်းရှိလို့သာပေါ့။မဟုတ်ရင်မလွယ်ပေဘူး ”

“ဗျာ…”

ဘွားမယ်စိန်စကားကြောင့် ကပ္ပိယကြီးထိတ်လန့်သွားလေသည်။
ငသွင်တို့သုံးဦးကတော့နှစ်ခြိုက်စွာ အိပ်မောကြနေကြ ၏။

“ကဲ…ကဲ…ဘွားလုပ်စရာသွားလုပ်ပေးဦးမယ်…ကလေးတွေနိုးလာရင်သာ အဟာရဖြစ်တာလေးကျွေးဦး…
ဒင်းလေးတို့အတော်ပင်ပန်းထားကြတယ်”

“ဟုတ်ကဲ့ပါဘွား….စိတ်ချပါဗျာ”

“အေး…အေး…အေး….”

******

ဘွားမယ်စိန် သူ၏တောင်ဝှေးကိုထောက်လို့ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ သင်္ချိုင်းကုန်းဆီသို့ရောက်လာခဲ့သည်။
သင်္ချိုင်းကုန်းအစပ်သို့ခြေချသည်နှင့်…

“ဒုတ်”

တောင်ဝှေးကိုသင်္ချိုင်းမြေပေါ်သို့ ဆောင့်ချလိုက်သည်။
ပြီးလေတော့ တိတ်ဆိတ်နေသော သင်္ချိုင်းကုန်းအတွင်းသို့စူးစိုက်ကြည့်ကာ…

“ဒီသင်္ချိုင်းကုန်းကို စောင့်တဲ့အကောင်ထွက်ခဲ့စမ်း”

ဟု…အသံမာမာဖြင့်ပြောလေသည်။
ဘွားမယ်စိန်ပြောပြီးခဏကြာလေတော့ သင်္ချိုင်းကုန်းအတွင်းရှိ အုတ်ဂူတစ်ခုအနီးတွင် လူတစ်ယောက်ပေါ်လာခဲ့၏။
ထိုလူသည်က စုတ်ပြတ်နေသောအဝတ်အစားများကိုဝတ်ဆင်ထားသည်။
ထိုသူ၏ခေါင်းတွင်လည်း ကွမ်းသီးလုံးသာသာရှိသော သျှောင်ထုံးလေးထုံးထား၏။
ရှည်လျားနေသော မုတ်ဆိတ်များ နှင့် ထိုလူသည် ဘွားမယ်စိန်နှင့်ခပ်လှမ်းလမ်းတွင်ဒူးထောက်
ထိုင်နေလေသည်။
ထိုလူ့ဆီသို့ စူးရဲသောမျက်လုံးများဖြင့်
ဘွားမယ်စိန်ကြည့်ရင်း…

“မင်းက သင်္ချိုင်းစောင့်လား…အေး…မနေ့ညက မင်းသင်္ချိုင်းကုန်းမှာဖြစ်ပျက်ခဲ့တာတွေ မင်းမသိတာလား…ဒါမှမဟုတ် သိသိရဲ့နဲ့ လွှတ်ထားတာလားငါ့ကိုပြောစမ်း”

“ကျုပ်…ကျုပ် သိပါတယ်ဘွား…ဒါပေမယ့် ဒီကလေးတွေက သင်္ချိုင်းကုန်းကိုဝင်လာလို့ဖြစ်ရတာပါဘွား”

“ဘယ်လိုသင်္ချိုင်းကုန်းထဲလာလို့…ဟုတ်စ…။သင်္ချိုင်းကုန်းထဲလာလို့ဆိုပြီး
သေအောင်ခြောက်လန့်လို့ရသလား။နင်တို့အကုသိုလ်တွေသိပ်များနေလို့ ဒီဘဝရောက်နေကြတာကို နင်တို့က ထပ်ပြီးအကုသိုလ်တွေယူတယ်ပေါ့လေဟုတ်လား”

“အဲ့လိုမဟုတ်ပါဘူးဘွား…ကျုပ်…ကျုပ်”

“တော်စမ်း…မနေ့ညက အကောင်ကိုအပြစ်ပေးထား…နင်ကိုယ်တိုင်လည်း
သင်္ချိုင်းကုန်းစောင့်တစ်ယောက်ပီသအောင်နေ…။
သူ့ဘုံနဲ့သူ စည်းဆိုတာရှိတယ်…ကျော်မလာကြနဲ့…
ထပ်ပြီးဖြစ်ရင် ငါ့အဆိုးမဆိုနဲ့ အောင်ဘဒင် နင်ဘာဆိုတာငါသိသလို…
ငါဘာဆိုတာနင်သိချင်ရင်စမ်းကြည့်လိုက်”

အောင်ဘဒင်ဟုအခေါ်ခံလိုက်ရသော သင်္ချိုင်းကုန်းစောင့်သရဲသည် ဘွားမယ်စ်ိန်အား ကြောက်လန်တကြားကြည့်ပြီး….

“ကျုပ် ဘွားပြောတဲ့အတိုင်းလုပ်ပါ့မယ်…
ဒီတစ်ခါပဲခွင့်လွှတ်ပေးပါဘွား”

“အေး…ငါစောင့်ကြည့်နေမယ်…”

သင်္ချိုင်းကုန်းစောင့်၏စကားကြောင့် ဘွားမယ်စိန် စိတ်ကိုလျော့လိုက်သည်။
ပြီးလေတော့ ထိုနေရာမှထွက်သွားတော့၏။
အောင်ဘဒင်ဆိုသည့်သင်္ချိုင်းကုန်းစောင့်သည်လည်း
ထိုနေရာမှပျောက်ကွယ်သွားတော့လေသည်။

ပြီးပါပြီ။

အခုဆိုရင်ဖိုးထူးသရဲရှိတာယုံနိုင်လား?
နောက်ပြီး သင်္ချိုင်းကုန်းစောင့်ကြီး အောင်ဘဒင်ကရော
ဟိုသရဲကြီးကိုအပြစ်ပေးပါ့မလား?
စာဖတ်သူတို့အမြင်ဘယ်လိုရှိကြပါသလဲ?

ယဥ်မင်း(ကန့်ဘလူ)