ဦးဘသာနှင့်ကြောင်မျက်ရှင်

တယ်မဟုတ်လားဗျ”

“ဒီလိုတော့ ဘယ်ဟုတ်မလဲ အကြီးကောင်ရ၊ တိရစ္ဆာန်တိုင်းကတော့ သူ့ပုံစံနဲ့သူ၊ သူ့နေရာနဲ့သူတော့ အသုံးဝင်တာပဲကွ၊ ဒါကြောင့်တစ်ကောင်နဲ့တစ်ကောင်သွားပြီး နှိုင်းလို့ဘယ်ရမလဲကွ၊ မင်းတို့ခွေးတွေ ကြွက်ဖမ်းနိုင်တာကျလို့”

“ဟာ၊ လယ်ကြွက်လောက်တော့ လိုက်ဖမ်းတတ်ပါတယ်ဗျာ”

ဦးဘသာက ကွမ်းအစ်ဖွင့်ပြီးတော့ ကွမ်းရွက်တစ်ရွက်ကို ရေစင်အောင်ခါနေရင်း

“မတူဘူးအကြီးကောင်ရ၊ ကြောင်ဆိုတာ နူးညံ့တဲ့သတ္တဝါကွ၊ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးနဲ့ကြောင်က အမွေးအများဆုံးမဟုတ်လာကွ၊ မင်းပြောသလိုသာ လိုက်တွက်နေမယ်ဆိုရင် ကြောင်မွေးတဲ့လူတွေက အရူးအပေါတွေလိုဖြစ်နေပြီကွ၊ ဘာမှအကျိုးမပြုတဲ့ကြောင်ကို အိမ်မှာခေါ်တင်ပြီး တမင်သက်သက် ထမင်းတင်ကျွေးထားသလိုဖြစ်နေပြန်ပါပြီကွာ”

ဦးဘသာပြောတော့မှ အကိုကြီးလည်းပါးစပ်ပိတ်သွားတော့တယ်။

“ကြောင်ဆိုတာလည်း ခွေးလိုပဲကွ၊ ဟိုးနှစ်သန်းပေါင်းများစွာကတည်းက လူတွေနဲ့အတူတူ နေထိုင်ခဲ့တဲ့ မိတ်ဆွေတစ်မျိုးပဲကွ၊ ပြီးတော့ ကြောင်တွေဆိုတာ တို့တောင်သူလယ်သမားတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်ကွ၊ စပါးကောက်နှံတွေထွက်လို့ သိုလှောင်တဲ့ကျီတွေမှာ ကြွက်တွေထပြီဆိုရင် ဘယ်လောက်ဆိုးတယ်ဆိုတာ မင်းတို့သိမှာပါ”

ကျုပ်လည်းခေါင်းညိတ်ရင်း

“ဟုတ်တယ်ဗျို့၊ တမြန်နှစ်က ကျုပ်တို့အိမ်နောက်က စပါးကျီမှာ ကြွက်တွေပူသဗျာ၊ ကျီကိုအပေါက်ဖောက်ပြီး အထဲကစပါးတွေကိုစိတ်ကြိုက်ဖောက်စားတာပဲဗျ၊ ဒင်းတို့က စားသောက်ရုံတင်ဆိုတော်သေးရဲ့ဗျာ၊ အခုက နေရာတကာချေးတွေလိုက်ပါတယ်လည်းဆိုးတယ်ဗျ၊ ဒါတင်မကသေးဘူး အဲဒီစပါးတွေထဲကို သေးတွေပေါက်ချလို့ စပါးတွေပျက်ကုန်တာလည်း မနည်းဘူးဗျ၊ နောက်ဆုံးတော့ မြိုင်သာတက်ပြီး ကြွက်သတ်ဆေးဝယ်ပြီးချမှ ဒီကြွက်တွေရှင်းသွားသဗျာ”

“မင်းတို့ဟာက ကြွက်မနိုင်ကျီမီးနဲ့ရှို့ဆိုတဲ့ကိန်းမျိုးပါလားကွာ၊ ကြွက်သတ်ဆေးချတော့ ဆေးဖိုးပိုကုန်တာပေါ့ကွ၊ ငါ့အိမ်မှာ ကျီနှစ်လုံးရှိပေမယ့် တစ်နှစ်မှ ကြွက်မထတာ ကြောင်ရှိလို့ပဲကွ”

“ဟာ၊ ဦးဘသာက ကြောင်မွေးထားတာလား”

“မွေးထားတာတော့မဟုတ်ပါဘူးကွာ၊ ဒီလိုပဲ ဟိုအိမ်ဒီအိမ်က ကြောင်တွေလာရင် ငါက ကြုံရင်ကြုံသလို အစာကျွေးတယ်ကွ၊ တိရစ္ဆာန်ဆိုတာလည်း သူ့အသိနဲ့သူနော်ကွ၊ ငါအစာကျွေးတဲ့ကြောင်တွေက စပါးကျီတွေထဲဝင်ပြီးတော့ ကြွက်တွေကိုလှည့်ပတ်ချောင်းတာကွ၊ သူတို့ရှိလို့လည်း ကြွက်က မလာရဲတာပေါ့ကွ”

စကားကောင်းနေတုန်း အဖေက အိမ်ပေါ်ကနေ ဒေါနဲ့မောနဲ့ဆင်းချလာပါရော။ ပြီးတော့ မီးဖိုချောင်ဘက်ကိုကြည့်ပြီး

“မသန်း၊ မင်းငါ့အင်္ကျီအသစ်ကို ဘယ်လိုလုပ်လိုက်တာလဲကွာ”

“ဘယ်လိုလုပ်ရမလဲတော့၊ ဘီရိုထဲ ထည့်ထားတာပဲမဟုတ်လား”

“ဟ၊ ဒီမှာကြည့်စမ်းပါအုံးကွာ”

အဖေက သူ့လက်ထဲကိုင်ထားတဲ့ ရှပ်အင်္ကျီကိုဖြန့်ပြလိုက်တော့ ရှပ်အင်္ကျီပုခုံးသားတွေမှာ အပေါက်တွေဆိုတာမနည်းပါဘူးဗျာ၊ ပြီးတော့ အင်္ကျီအရှေ့ဘက်မှာလည်း အပေါက်တွေမွစာကျဲနေတာပါပဲ၊ အမေက အဲဒီရှပ်အင်္ကျီကိုကြည့်ပြီးတော့

“အောင်မယ်လေး၊ သွားပါပြီတော်၊ အဲဒါ ကြွက်ကိုက်တာနေမှာတော့”

အမေက အင်္ကျီကိုဆွဲယူပြီး သေချာလှန်လှောကြည့်နေသေးတယ်၊

“သွားပါပြီတော်၊ ဒီအင်္ကျီက ရန်ကုန်မှာနေတဲ့ ရှင့်ညီဝမ်းကွဲဆိုနီပေးတဲ့ ဖောရင်းရှပ်တော့၊ တစ်ခါလားပဲဝတ်ရသေးတာ၊ ဒီကြွက်စုတ်တွေကတော့ တော်တော်ဒုက္ခပေးတာပဲ၊ ဧကန္တတော့ ဘီရိုကိုအပေါက်ဖောက်ပြီးဝင်ကိုက်တာနေမှာတော့”

ဦးဘသာက ဘာမှမပြောတော့ဘဲ ကွမ်းကြီးမြုံ့နေပြီးတော့ ဘယ့်နှယ့်ရှိစဆိုတဲ့အကြည့်နဲ့ အကိုကြီးကိုကြည့်တယ်၊ အကိုကြီးကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့နေပါရောဗျာ၊ အဲဒီနေ့က အဖေလည်း ဖောရင်းရှပ်မဝတ်လိုက်ရပါဘူးဗျာ၊ တခြားအင်္ကျီဝတ်ပြီးတော့ လှည်းနဲ့ မြိုင်သာတက်ပြီး စပါးမျိုးကိစ္စသွားစုံစမ်းကြတာပေါ့ဗျာ၊ ဦးဘသာကြီးလည်း ပါသွားတာပေါ့၊ စပါးမျိုးဆိုတာကလည်း အရေးကြီးတယ်မဟုတ်လားဗျာ၊ မျိုးမကောင်းရင် စပါးမကောင်း၊ စပါးမကောင်းတော့ အထွက်မကောင်းဘူးပေါ့ဗျာ။

(၂)

တစ်ပတ်လောက်ကြာတော့ စပါးမျိုးတွေရလာပါရောဗျာ၊ ဦးဘသာက စပါးမျိုးဖိုးတွေရှင်းဖို့ အိမ်ကိုရောက်လာပါရော၊ အဖေကလည်းမရှိဘူးဆိုတော့ ခဏထိုင်ပြီးစောင့်ခိုင်းထားရတယ်၊ ဦးဘသာက ထိုင်ရင်း

“ဟ အလတ်ကောင်၊ မင်းတို့အိမ်ပေါ်က တအိအိနဲ့ အော်သံကြားတယ်ကွ၊ ကြောင်ပေါက်လေးတွေ အသံမျိုးကွ”

“ဟုတ်တယ်ဦးဘသာရေ၊ အိမ်ပေါ်ကမဟုတ်ဘူး၊ အိမ်အောက်အခန်းထဲကဗျ”

“ဟေ၊ ကျားသားမိုးကြိုး မင်းတို့က ကြောင်မွေးလိုက်ပြီလားကွ”

“မွေးတာတော့မဟုတ်ပါဘူးဗျာ၊ ဘယ်က ကြောင်မမှန်းတော့မသိဘူးဗျ၊ ကြောင်ပေါက်ကလေးတွေချီပြီးတော့ အိမ်ရောက်လာတာ၊ အငယ်မတို့အခန်းထောင့်မှာ သားအမိတွေဝပ်နေကြပါရော၊ ကျုပ်လည်း ရွာထဲဆင်းပြီးတော့ ဘယ်အိမ်ကကြောင်ဆိုတာလဲ စုံစမ်းပြီး သွားပြန်ပေးမလို့”

“ဟာကွာ၊ အဲဒီလိုတော့မလုပ်ပါနဲ့ကွ၊ ပိုင်ရှင်လာပြန်တောင်းလို့ ပြန်ပေးရတယ်ဆိုရင်တော့ထားပါတော့၊ ကိုယ့်အိမ်ရောက်လာတဲ့ကြောင်ကို အဲဒီလိုမပေးပစ်ပါနဲ့ကွာ”

“ဟာ၊ ကြောင်ဆိုတာ အိမ်ရှုပ်တယ်မဟုတ်လားဗျ”

“တို့ဗမာအယူအဆအရဆိုရင်တော့ ကြောင်တစ်ကောင်ကိုယ့်အိမ်ကိုရောက်လာတာ ကံကောင်းတယ်လို့ ယူဆကြတယ်ကွ၊ ကြောင်ဆိုတာ တနင်္လာနံ ငွေနံမဟုတ်လား၊ အဲဒီလိုရောက်လာတဲ့ကြောင်ကို မောင်းမထုတ်ကောင်းဘူးတဲ့ကွ၊ မောင်းထုတ်ရင် ကိုယ့်အိမ်ကိုဝင်မယ့် လာဘ်တွေက အဲဒီကြောင်နဲ့အတူတူပြန်ပါသွားတတ်တယ်ဆိုပဲ၊ ဒါနဲ့ ကြောင်လေးတွေက ဘယ်နားမှာလဲကွ”

“ခြေရင်းခန်းထောင့်မှာ ဝပ်နေသဗျ၊ လာ ကျုပ်လိုက်ပြမယ်”

ကျုပ်နဲ့ဦးဘသာလည်း အငယ်မတို့ မိန်းကလေးတွေအိပ်တဲ့ ခြေရင်းခန်းထဲဝင်လာခဲ့တာပေါ့ဗျာ၊ ခြေရင်းခန်းထောင့်က ထမီစုတ်တစ်ထည်ပေါ်မှာတော့ ကြောင်မကြီးကလှဲအိပ်နေသဗျ၊ ကြောင်ပေါက်ကလေးတွေက သူ့အမေနို့ကိုတိုးဝှေ့ပြီး နို့စို့နေကြတယ်ဗျာ။ ဦးဘသာက ကြောင်လေးတွေကိုသေချာကြည့်ပြီး

“ဟ အလတ်ကောင်ရ၊ မင်းကြောင်က ကြောင်ကုတင်ပဲကွ”

“ဘာလဲဗျ ကြောင်ကုတင်ဆိုတာ”

“ကြောင်ကုတင်ဆိုတာ ကြောင်မတစ်ကောင်က တစ်သားတည်းမှာ လေးကောင်ပေါက်တာကိုခေါ်တာကွ မွေးထားရင် သိပ်လာဘ်ကောင်းတယ်ကွ၊ ကိုယ့်အိမ်မှာ ပေါက်တဲ့ကြောင်ကုတင်က လာဘ်ကောင်းသလို သူများအိမ်မှာပေါက်ပြီး ကိုယ့်အိမ်ကိုသယ်လာတဲ့ကြောင်ကုတင်က ပိုပြီးလာဘ်ကောင်းတယ်တဲ့ဟေ့၊ မှန်းစမ်း၊ လေးကောင်စလုံးကလည်း အနက်တွေချည်းပါပဲလားကွာ”

ဦးဘသာက ကြောင်ကလေးတွေကို လက်ချောင်းနဲ့ထိုးပြီး လှန်လှောကြည့်နေတယ်ဗျ။

“ဟော၊ လေးကောင်စလုံးကလည်း အထီးချည်းပဲကွ၊ ကြောင်ကုတင်ထဲမှာတောင်မှ အထီးချည်းလေးကောင်က ပိုပြီးအကျိုးပေးတယ်ဆိုပဲ၊ အသွေးအမွေးကလည်း နက်မှောင်နေတာပဲဟေ့၊ ငါပြောမယ်အလတ်ကောင် ဒီကြောင်လေးကောင်ကို ရှင်အောင်သာမွေးစမ်းကွာ၊ မင်းတို့အိမ် စီးပွားမတက်ရင် ငါ့ကိုကြိုက်သလိုသာပြော”

“ဦးဘသာကတော့ လုပ်ချလိုက်ပြန်ပါပြီဗျာ၊ ကျုပ်ကြားဖူးတာက ကြောင်နက်ဆိုတာ မမွေးကောင်းဘူးဆိုဗျ”

“အလတ်ကောင်ကတော့ ဘယ်ကမဟုတ်မဟတ်တွေ ကြားလာပြန်တာလဲမသိပါဘူးကွာ၊ ဗမာအယူအဆကျမ်းတွေအဆိုအရ မွေးအပ်တဲ့ကြောင်ထဲမှာ ကြောင်နက်ကထိပ်ဆုံးကကွ”

“ဒါဆို မွေးအပ်တဲ့ကြောင်၊ မမွေးအပ်တဲ့ကြောင်ဆိုတာ ရှိသေးတာလား”

“ရှိတာပေါ့ကွာ၊ မွေးအပ်တဲ့ကြောင်ကတော့ တစ်ကိုယ်လုံးနက်နေတဲ့ကြောင်၊ အနီရောင်အဆင်းရှိတဲ့ကြောင်၊ ရွှေဝါရောင်အဆင်းရှိတဲ့ကြောင်၊ လက်ခြေလေးဘက်ဖြူနေတဲ့ကြောင်၊ အမြီးထိပ်ဖြူ၊ ခေါင်းထိပ်ဖြူတဲ့ကြောင်၊ ခန္ဓာကိုယ်မှာ အစင်းကြောင်းတွေရှိတဲ့ကြောင်၊ ဝမ်းဗိုက်ဖြူတဲ့ကြောင်တွေကွ”

“ဒါဆို မမွေးအပ်တဲ့ကြောင်ဆိုတာကရောဗျာ”

“သူခိုးမျက်ကွင်းလို မျက်လုံးကလေးကွက်ပြီးမည်းနေတဲ့ကြောင် ဒီကြောင်မျိုးကို စောရလို့ခေါ်တယ်၊ ကြောင်သူခိုးပေါ့ကွာ၊ မျက်လုံးတစ်လုံးဖြစ်ဖြစ်၊ နှစ်လုံးဖြစ်ဖြစ်ကန်းနေတဲ့ကြောင်၊ ကန်းတဲ့နေရာမှာလည်း မွေးရာပါကန်းတာကိုပြောတာ၊ ကြီးမှ တစ်ခုခုနဲ့ထိပြီး ကန်းတာကိုပြောတာမဟုတ်ဘူးကွ၊ မျက်ကန်းကြောင်တွေက ကြမ်းတမ်းတယ်တဲ့၊ ပြီးတော့ မျက်စိအရောင်က တစ်ဖက်စိမ်းတစ်ဖက်ပြာနဲ့ကြောင်၊ မျက်စိအနီနဲ့ကြောင် ဒီကြောင်တွေကျတော့ မှော်တွေစုန်းတွေနဲ့ ပတ်သက်နေလို့ မမွေးအပ်ကြတာပေါ့၊ ပြီးတော့ ကျားသစ်လို အကွက်အပျောက်တွေနဲ့ကြောင်ပေါ့၊ အဲဒီအစက်အပျောက်ပါတဲ့ကြောင်က ရိုင်းတတ်တယ်ဆိုပဲကွ၊ နောက် ကြောင်ခလောက်ဆိုတာရှိသေးတယ်၊ ခလောက်ဆိုတဲ့အတိုင်း အမြဲတမ်းတစာစာအော်နေတတ်တဲ့ကြောင်မျိုးပေါ့ကွာ၊ အလွယ်မှတ်ဖို့ကတော့ “စောရမျက်ကန်း၊ နီပြာတန်းနဲ့၊ ကျားသစ်ကွက်ပျောက်၊ ကြောင်ခလောက် ရှောင်ရန်ကြောင်မျိုးတည်း” တဲ့ကွ”

“ဦးဘသာပြောမှ ကြောင်မျိုးကိုစုံနေရောပဲဗျာ၊ ဒါနဲ့ ကြောင်နဲ့ပတ်တသက်တဲ့ ရှေးဗမာအယူအဆတွေရော ရှိသေးလား”

“သိပ်ရှိတာပေါ့၊ ကြောင်တစ်ကောင် ကိုယ့်အနောက်လိုက်လာပြီဆိုရင် ကံကောင်းပြီတဲ့၊ အဲ လမ်းသွားတဲ့အခါ ကြောင်အနက်တစ်ကောင်ကိုယ့်အရှေ့က ဖြတ်ပြေးရင်တော့ လမ်းမှာခရီးဖင့်တတ်တယ်ဆိုပဲ၊ နောက်ပြီး ကြောင်နှစ်ကောင်ကိုက်နေတာ၊ ရန်ဖြစ်နေတာကို ကြားရမြင်ရရင် စိတ်ရှုပ်ရတတ်တယ် ပြဿနာကြုံရတတ်တယ်ပေါ့ကွာ၊ မမာမကျန်းဖြစ်နေတဲ့လူနာအနားမှာ ကြောင်လာထိုင်ရင်တော့ မကောင်းဘူးတဲ့ကွ၊ ကြောင်က လူနာကိုလာနှုတ်ဆက်တာလို့ ယူဆယ်၊ သေခါနီးလူ အသက်ငင်နေတဲ့လူအနားမှာ ခွေနေတယ်ဆိုရင်တော့ ကြောင်က နောက်ဆုံးအနေနဲ့ ဝမ်းနည်းနေတယ်လို့ ပြောလို့ရတယ်၊ အဲ သေပြီးသားလူအနားမှာတော့ ကြောင်မထားကောင်းဘူးကွ၊ သေထားတဲ့လူရဲ့ ဝိညာဉ်က ကြောင်မှာစွဲကပ်နေတယ်လို့ ယူဆကြတယ်၊ ကြောင်နက်တစ်ကောင်က လူသေရဲ့ကိုယ်အထက်ပိုင်းကို ဟိုဘက်ဒီဘက်ခုန်ကျော်ရင် အဲဒီလူသေ ဖုတ်ဝင်တတ်တယ်လို့ ယူဆကြတယ်”

“ကြောင်ကို အီဂျစ်လူမျိုးတွေက အလေးအမြတ်ထားပြီးမွေးမြူကြတယ်ကွ၊ အီဂျစ်နတ်ဘုရားထဲမှာ ဘက်စ်ဆိုတဲ့ နတ်ဘုရားက ကြောင်ခေါင်းနဲ့လူကိုယ်ခန္ဓာရှိတယ်၊ သူတို့အယူအရတော့ ကြောင်တွေက မကောင်းဆိုးဝါးပရလောကသားတွေရဲ့ရန်ကို ကာကွယ်ပေးတယ်တဲ့၊ ကြောင်နက်ကို အထွဋ်အမြတ်ထားကြတယ်၊ အိမ်ကကြောင်သေသွားရင်တစ်အိမ်သားလုံးက မျက်ခုံးမွှေးတွေရိတ်ပစ်ပြီးတော့ ဝမ်းနည်းကြောင်းပြရတယ်ဆိုပဲ၊ ရှေးဘုရင်တွေ မွေးခဲ့တဲ့ကြောင်တွေကို ဆေးစိမ်ပြီး ခမ်းခမ်းနားနားသဂြိုဟ်ထားတတ်ကြသေးတယ်ဆိုပဲ”

“ထူးဆန်းပါပေ့ဗျာ”

“အနောက်တိုင်းအယူကျတော့ တစ်မျိုးကွ၊ အနောက်တိုင်းအယူအဆမှာတော့ ကြောင်နက်ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပုံဖော်တယ်၊ ကြောင်နက်ဆိုတာ စုန်းကဝေတွေရဲ့သင်္ကေတ၊ သေခြင်းတရားရဲ့ သင်္ကေတဆိုပြီး အဓိပ္ပါယ်ကောက်ကြတယ်၊ အလယ်ခေတ်ကဆိုရင်ကြောင်နက်တွေကို လိုက်ဖမ်းတဲ့ မုဆိုးတွေရှိကြတယ်၊ ကြောင်နက်ဆိုတာ ကြောင်မဟုတ်ဘူးတဲ့၊ စုန်းမတွေက လူယောင်ဆောင်ထားတာဆိုပြီးတော့ ကြောင်နက်တွေကို လိုက်သုတ်သင်ကြတာကွ”

“သူတို့အယူကလည်း တစ်မျိုးပဲဗျနော်”

“တို့ဗမာအယူနဲ့တော့ ပြောင်းပြန်ပဲကွ၊ တို့ဗမာအယူကတော့ ကြောင်နက်ဆိုတာ ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရအစွမ်းတွေရှိတယ်လို့ယူဆကြတယ်၊ အရင်က ပေါ့ဆေးလို့ခေါ်တဲ့ ပေါ့ပါးဆေးတစ်မျိုးထိုးတဲ့အခါ ကြောင်နက်ရုပ်ကို အတက်အဆင်းထိုးရတယ်ကွ၊ ဒါကြောင့် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးတယ်ဆိုတဲ့ စကားပုံတောင်ရှိနေတာမဟုတ်လား”

“ကျုပ်သိပြီဗျာ၊ သူခိုးကြီးငတက်ပြားဆိုတာ အဲဒီကြောင်ဆေးထိုးပြီးတော့ ပေါ့ပါးသွားတာမဟုတ်လား”

“ဟုတ်တယ်၊ ကြောင်ဆေးစီရင်တဲ့အခါမှာ ကြောင်ရုပ်ရဲ့ကြောင်က မျက်လုံးထဲကို မျက်ဆန်မထည့်ရဘူးဆိုတဲ့အယူတစ်ခုရှိသေးတယ်”

“မျက်ဆန်ထည့်ရင် ဘာဖြစ်လို့လဲဗျ”

“ကြောင်ဆေးထိုးရင်း မျက်ဆန်ထည့်လိုက်ရင် အဲဒီလူက သာမန်ပေါ့ရုံပါးရုံမဟုတ်ဘဲ ခိုးတတ်ဝှတ်တတ်တဲ့စိတ်တွေ ဝင်သွားတယ်ဆိုပဲကွ”

“ထူးပါ့ဗျာ၊ ထူးပါ့”

“ပြီးတော့ ကြောင်မျက်ရှင်ဆိုတာလည်းရှိသေးတယ်ကွ၊ ကြောင်မျက်ရှင်ဆိုတာက ကြောင်တစ်ကောင်သေသွားပေမယ့် မျက်လုံးကမသေဘဲ ရှင်နေတာမျိုးကိုပြောတာ”

“ဘယ်လိုဗျ၊ မျက်လုံးက မသေဘူးတဲ့လား”

“ဟုတ်တယ်၊ ကြောင်မျက်ရှင်ဖြစ်ဖို့က အဲဒီကြောင်က တစ်ကိုယ်လုံးအနက်ဖြစ်ရမယ်၊ မျက်လုံးကလည်း အနက်ရောင်ဖြစ်ရမယ်၊ အဲဒီလိုကြောင်မျက်ရှင်က ပိုစွမ်းသတဲ့ကွ၊ ကြောင်မျက်ရှင်ဟုတ်မဟုတ်ကတော့ သေနေတဲ့ကြောင်ရဲ့ မျက်လုံးက သူ့အလိုလိုဝင်းလက်နေတာ၊ ပြီးတော့ မျက်ဆန်က ဘောလုံးလည်သလိုမျိုး လည်နေတာဆိုရင် ကြောင်မျက်ရှင်ပဲ”

“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်ဗျာ”

“မင်းက မမြင်ဖူးလို့ မယုံတာပါကွ၊ ကြောင်မျက်ရှင်ဆိုတာကလည်း ကြောင်တစ်ထောင်၊ တစ်သောင်းမှာတောင်မှ တစ်ကောင်ပါတာမျိုးမဟုတ်တော့ ရှားတာပေါ့ကွာ၊ဒါကြောင့်လည်း ကြောင်အမြုတေ (အမတေ) လို့ ခေါ်ကြတာပေ့ါ၊ ကြောင်အမြုတေရတယ်ဆိုရင်တောင်မှ ကြောင်အမြုတေဘယ်လောက်စွမ်းတယ် ဘယ်လောက်စစ်တယ်ဆိုတာ စမ်းသပ်ရသေးတယ်”

“ဘယ်လိုစမ်းရသလဲဗျာ”

“ကြောင်အမြုတေကို နေရောင်အောက်မှာ ချလိုက်ရင် အရိပ်ထဲမှာကြောင်ပုံပေါ်တယ်ဆိုပဲကွ၊ ညအမှောင် လရောင်အောက်ချလိုက်ရင်တော့ ကြောင်အမြုတေက လင်းပြီး ကြောင်ရိပ်ပေါ်နေတတ်တယ်၊ ဖက်ရွက်တစ်ရွက်ခူးပြီးတော့ အဲဒီအပေါ် ကြောင်အမြုတေတင်ပြီး ရေထဲချကြည့်ရင် သစ်ရွက်က ရေနဲ့မထိဘဲ ရေပေါ်မှာ ရှပ်ပြေးနေတတ်တယ်၊ ကြောင်အမြုတေနဲ့ ဒူးတွေပေါင်တွေကို ပွတ်သပ်ပြီးခုန်လိုက်ရင် လူတစ်ရပ်လောက်အသာကလေးခုန်နိုင်တယ်တဲ့ကွာ၊ ဒါကြောင့် ဂမ္ဘီရအစွမ်းသိဒ္ဓိတွေရှာဖွေနေသူတွေက ကြောင်မျက်ရှင်တွေကို ဈေးကောင်းပေးပြီးတော့ ဝယ်ကြတယ်ကွ၊ ကြောင်မျက်ရှင်သာရရင် ချက်ချင်းသူဌေးဖြစ်နိုင်တယ်”

“ဟာ၊ ဒါဆိုရင်တော့ ကော်တာပဲပေါ့ဗျာ”

“ကြောင်က ပရလောကသားတွေနဲ့ ဆက်နွယ်နေတဲ့အယူအဆလည်းရှိသေးတယ်၊ ကြောင်က ပရလောကသားတွေကိုမြင်နိုင်တယ်၊ ကြောင်ကိုလည်း ပရလောကသားတွေက စွဲကပ်နိုင်တယ်၊ ဒါကြောင့် ရှေးလူကြီးတွေက ညရောက်ရင် ကလေးတွေကို ကြောင်မကိုင်နဲ့ဆိုပြီး တားတယ်မဟုတ်လား၊ အိမ်ပြင်ကနေပြန်လာတဲ့ကြောင်မှာ ပရလောကသားတွေ ကပ်ပါလာနိုင်လို့ တားခဲ့ကြတာပဲ၊ ကြောင်တစ်ကောင်ကောင်မှာ ပရလောကသားကပ်လာပြီဆိုရင် အဲဒီကြောင်က သခင်ကိုတောင် မူမမှန်သလို ဆက်ဆံတတ်တယ်၊ နောက်ပြီး စုန်းကဝေတွေက ခွေးတွေကို ပူးကပ်လို့ရသလို ကြောင်ကိုပူးကပ်ပြီးတော့လည်း စေလိုရာစေခိုင်းလို့ရတယ်ကွ”

“မွေးရမှာတောင် ခပ်ကြောက်ကြောက်ပဲဗျာ”

“ကြောင်နဲ့ ရာသီဥတုနဲ့ ဆက်နွယ်တာလည်းရှိသေးတယ်၊ ကြောင်လေးတွေက ရင်ဘတ်အောက်မှာလက်တွေဖွက်ပြီး အိပ်ရင် မကြာခင်အေးတော့မယ်ဆိုတဲ့သဘောကွ၊ ဒီလိုမှမဟုတ်ဘဲ ပိုးလိုးပက်လက်လန်ပြီး အိပ်နေပြီဆိုရင်တော့ ရာသီဥတု ပူတော့မည့်နိမိတ်တဲ့ကွ၊ ကြောင်တွေက အိမ်နံရံတွေကိုကုပ်ဖက်တက်တာ၊ နံရံတွေကို ပုတ်တာမျိုးလုပ်ရင် လေခေါ်နေတယ်လို့ယူဆတယ် မကြာခင် လေပြင်းကျတော့မယ်ပေါ့၊ ပြီးတော့ ကြောင်တွေက အိမ်ထုပ်တန်းပေါ်တက်ပြိး ပြန်မဆင်းလာတာမျိုး၊ အိမ်ခေါင်မိုးပေါ်တက်ပြီး ပြန်မဆင်းလာတာမျိုးဆိုရင်တော့ ရေကြီးတော့မယ့်နိမိတ်ပဲ”

“ဒါဆို ရှေ့ဘာဖြစ်မလဲသိရအောင် ကြောင်ကိုထိုင်ကြည့်နေရမယ်ထင်တယ်ဦးသဘာ”

“တစ်ခါ ကြောင်က ကျိန်ဆဲတယ်ဆိုတာရှိသေးတယ်၊ ကြောင်ဆိုတာ ရေကြောက်တတ်မဟုတ်လားကွ၊ ကြောင်ကိုလူတွေကဖမ်းပြီး အတင်းရေချိုးပေးရင် ကြောင်က ကျိန်စာတိုက်လို့ မိုးကြီးတတ်တယ်လို့ပြောကြတယ်၊ ကြောင်ကိုသတ်ရင် ကြောင်က သူ့ကိုသတ်တဲ့လူကို ကျိန်ဆဲလို့ အဲဒီလူဟာ ကြောင်နေရမယ့်သက်တမ်းအလိုက် ဆင်းရဲဒုက္ခကြုံတတ်တယ်လို့ပြောပြန်တယ်”

ကျုပ်တို့စကားကောင်းနေတုန်း အဖေပြန်ရောက်လာတာနဲ့ ကျုပ်တို့လည်း အိမ်ရှေ့ကိုထွက်ခဲ့ကြတာပေါ့ဗျာ။ ကိစ္စတွေပြီးတော့ ဦးဘသာက ပြန်ခါနီး

“ဒါနဲ့ ငါတစ်ခုတော့မှာချင်တယ်၊ မင်းတို့အိမ်မှာ ကြောင်ပေါက်ကလေးတွေရှိတော့ ကြောင်စုန်းကိုသတိထားဟေ့”

“ကြောင်စုန်းဆိုတာ ကြောင်ကစုန်းကဝေတတ်တဲ့ကြောင်ကိုပြောတာလား”

“မဟုတ်ဘူးကွ၊ ကြောင်ထီးကိုပြောတာ၊ ကြောင်ကျင့်စဉ်ဆိုတဲ့ အောက်လမ်းကျင့်စဉ်တွေရှိတယ်၊ ကြောင်တစ်ရာကျင့်စဉ်ဆိုတာမျိုးပေါ့၊ အဲဒီလိုကျင့်စဉ်ကိုကျင့်နေတဲ့ စုန်းကဝေတွေက ကြောင်ထီးတွေကိုဝင်ပူးလိုက်တဲ့အခါ အဲဒီကြောင်ကို ကြောင်စုန်းလို့ခေါ်တယ်၊ ကြောင်စုန်းက ကြောင်ကလေးတွေရဲ့အသားကို စားတတ်ကြတယ်၊ ငါဖတ်ဖူးတဲ့ သုတစာစောင်တစ်ခုထဲမှာတော့ ကြောင်ထီးတွေမှာ မွေးထားတဲ့ကြောင်ပေါက်ကလေးတွေကို ပြန်စားတဲ့ ညာဉ်မျိုးပါလာပြီးသားတဲ့ကွ ဘာပဲဖြစ်ဖြစ်ပါ၊ မင်းတို့က ကြောင်ကုတင်မွေးထားတာဆိုတော့ ရှင်အောင်မွေးမှတော်ကာကျမယ်မဟုတ်လား”

ဦးဘသာက ပြန်သွားပါလေရောဗျာ၊ ကြောင်ကိုကျုပ်တို့က မချစ်ဘူးဆိုပေမယ့်လည်း နို့ညှာညီမနဲ့အငယ်မနဲ့ကတော့ မိန်းကလေးတွေမို့လားမသိဘူးကြောင်ကိုသိပ်ချစ်ကြတယ်ဗျ။ သူတို့ကိုလည်း ကြောင်စုန်းရန်က ဂရုစိုက်ကြဖို့ မှာရသေးသဗျာ။

ကျုပ်အထင် အဲဒီကြောင်လေးတွေရောက်ပြီး တစ်ပတ်လောက်အကြာမှာဖြစ်မယ်ဗျ၊ ညဘက်ကျုပ်တို့အိပ်နေတုန်း အငယ်မတွေက အိမ်အောက်မှာ အော်နေကြပါရောဗျာ။

“ကြောင်စုန်းကြီး . . .ကြောင်စုန်းကြီး အကိုကြီးရေ . . အကိုလတ်ရေ”

အော်သံကြားတာနဲ့ ကျုပ်လည်းပြေးဆင်းသွားပါရောဗျာ၊ လှေကားပုဏ္ဍားကွယ်မှာထားတဲ့ ရှားအနှစ်သားတုတ်ကိုဆွဲပြီးအိမ်အောက်ကိုပြေးဆင်းခဲ့ပါရောဗျာ၊ အငယ်မတို့အခန်းထဲကိုဝင်မယ်ကြံလိုက်တော့ အခန်းထဲမှာ ကြောင်ထီးကြီးတစ်ကောင်ဗျ၊ ကြောင်ထီးက တော်တော်ကြီးတဲ့ကောင်ကြီးဗျာ၊ ခေါင်းကြီးကလည်း အကြီးကြီးပဲဗျ၊ ဘယ်အိမ်က ကြောင်ကြီးလဲတော့ မသိပါဘူးဗျာ။ အဲဒီကြောင်ကြီးက အိမ်ခန်းထောင့်က ကြောင်သားအမိတွေကို ချောင်းနေတာဗျ၊ ကြောင်မကလည်း မာန်ဖီပြီးတော့ အမွှေးကြီးတွေထောင်လို့ဗျ အငယ်မတို့က အဲဒီကြောင်ထီးကို သနပ်ခါးတုံးတွေ၊ တွေ့တဲ့အိုးခွက်တွေနဲ့ လှမ်းပေါက်ကြပေမယ့် ဒီကောင်ကြီးက ဖြုံတောင်မဖြုံဘူးဗျာ။

ပြီးတော့ ကြောင်လေးတွေဆီကိုပြေးပါရော၊ ကြောင်မက ကြောင်ထီးကြီးကို ပြေးခုန်ဝင်ပြီးတော့ နှစ်ကောင်သားကိုက်ကြပါရောဗျာ၊ ကြောင်မကလည်း ခပ်ပိန်ပိန်ရယ်ဗျ၊ ကြောင်ထီးကြီးရဲ့ တစ်ဝက်စာလောက်ပဲရှိတယ်၊ သူတို့တွေလုံးထွေးသတ်ပုတ်နေတော့ ကျုပ်လည်းမနေနိုင်တာနဲ့ အခန်းထဲပြေးဝင်ခဲ့တယ်၊ ပြီးတော့ ကြောင်ထီးကြီးရဲ့ခေါင်းကို တုတ်နဲ့ချိန်ပြီး တအားလွှဲရိုက်ချထည့်လိုက်တာပါပဲဗျာ။

“ဂွပ်” ဆိုတဲ့အသံက အကျယ်ကြီးထွက်သွားတာဗျ၊ ဒါပေမယ့် ကြောင်ထီးကြီးက ဘယ်လိုမှကိုမနေတာဗျာ၊ ထူးဆန်းလိုက်တာပြောမနေပါနဲ့၊ ကြောင်စုန်းမို့လို့ထင်တယ်ဗျ၊ သာမန်ကြောင်ဆိုရင် ယောက်ျားကြီးတစ်ယောက်က တုတ်နဲ့အားကုန်လွှဲရိုက်ချတာခံရရင် သေမှာဗျ၊ အခုက ဘယ်လိုမှကိုမဖြစ်တာ၊ ကျုပ်စိတ်တိုတိုနဲ့သုံးလေးချက်လောက် ရိုက်ထည့်လိုက်မှ ကြောင်စုန်းလည်း မဟန်မှန်းသိပြီး လှည့်ပြေးတာပဲဗျာ။

ကြောင်စုန်းကြီးအခန်းထဲကထွက်သွားတော့ အကိုကြီးက အခန်းပေါက်ဝရောက်နေပြီဗျ၊ လက်ထဲမှာလည်း ကိုင်းခုတ်ဓါးရှည်ကြီး ကိုင်လို့ဗျို့။ ကျုပ်လည်း အားတက်သရောနဲ့

“အကိုကြီးရေ၊ အဲဒီမှာ ကြောင်စုန်းကြီး”

ကြောင်စုန်းက အကိုကြီးရှေ့က ဖြတ်အပြေးမှာ အကိုကြီးကလည်း လက်ကမြန်တယ်ဗျာ၊ ကြောင်စုန်းရဲ့လည်ကုတ်တည့်တည့်ကို ကိုင်းခုတ်ဓါးနဲ့ခုတ်ချလိုက်ပါရော၊ ဓါးသွားက ကြောင်ကြီးရဲ့လည်ကုပ်ကို ထိသွားပေမယ့် ကြောင်ကြီးက ဘယ်လိုမှကိုမဖြစ်ဘဲ တစ်ချိုးတည်းပြေးပါရောဗျို့။

အကိုကြီးတောင်မှ ကြောင်စီစီဖြစ်နေတယ်။

“မဟုတ်ပါဘူးအလတ်ကောင်ရာ၊ ငါဒီကြောင်ကို ဓါးနဲ့ပိုင်းလိုက်တာပါကွ၊ ဓါးချက်ကလည်း မိပါတယ်၊ ဘယ်လိုလုပ်ပြီး ဒင်းက ဘာမှမဖြစ်တာလဲ”

“အဲဒါ ကြောင်စုန်းမို့ပေါ့ဗျ၊ ကျုပ်ဆိုရင် ဒီကောင့်ကိုလေးချက်လောက်ရိုက်ထည့်လိုက်တာ၊ သာမန်ကြောင်ဆို သေပြီပေါ့ဗျာ၊ အခုက ဘယ်လိုမှကိုမနေတာ ကြည့်ပါလား”

ကြောင်စုန်းဆိုတာကို တစ်သက်နဲ့တစ်ကိုယ်အခုပဲ နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့ ကျုပ်တို့ညီအကိုနှစ်ယောက် အံ့သြနေမိတယ်ဗျ၊ အခန်းထဲကို သွားဝင်ကြည့်လိုက်တော့ အငယ်မတွေက ကြောင်မကိုထမီစုတ်နဲ့ပတ်ထားတယ်ဗျ၊ ကျုပ်ပြေးကြည့်တော့ ကြောင်မလည်ပင်းက သွေးကြောကြီးပေါက်သွားတာဗျာ၊ ကြောင်စုန်းက ကြောင်မလည်ချောင်းကို ကိုက်ဖောက်သွားတာဗျ၊ သွေးတွေထွက်နေတာ မြင်မကောင်းဘူးဗျို့၊ ကျုပ်တို့လည်း ဘာမှမတတ်နိုင်တာနဲ့ ကြည့်ပဲကြည့်နေရတယ်ဗျာ၊ ကြောင်မကြီးက ဆယ့်ငါးမိနစ်လောက်ကြာတော့ သေသွားပါရောလား။

အဲဒီကြောင်မကြီးသေသွားတော့မှ ကျုပ်မှာ ကြောင်မကြီးလုံးလုံးကိုဖြစ်သွားတော့တာပါပဲဗျာ။

(၃)

“ဦးဘသာ၊ ဗျို့ ဦးဘသာ”

မနက်စောစောစီးစီး ကျုပ်ခွက်ကလေးတစ်လုံးဆွဲပြီး ဦးဘသာအိမ်ဘက်ကိုလှည့်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာက အိမ်ထဲထိုင်နေသဗျ၊ မနက်စာစားဖို့ပြင်နေတာဖြစ်မယ်။ ကျုပ်ကိုမြင်တော့ တအံ့တသြနဲ့။

“ဟ၊ အလတ်ကောင်ရ၊ စောစောစီးစီးပါလားဟေ့”

“ဟုတ်တယ်ဦးဘသာရေ၊ ဦးဘသာဆီမှာ နွားနို့ရှိသလားလို့ လာတောင်းတာ”

“ဟေ ရှိတာတော့ရှိပါတယ်ကွာ၊ ငါ့မဒန်းမလေး သားပေါက်နေတာဆိုတော့ နို့တော့ထွက်တယ်ကွ၊ ဒါပေမယ့် လူသောက်လို့ရအောင် သိပ်များများစားစားတော့မရှိဘူး၊ မဒန်းမဆိုတော့ နို့ထွက်နည်းတယ်ဟေ့၊ သူ့သားပေါက်ကလေးတောင် အနိုင်နိုင်စို့နေရတယ်”

“ရပါတယ်ဗျာ၊ အများကြီးမလိုပါဘူး အကြမ်းပန်းကန်လုံး တစ်လုံးလောက်ရရင် ကျေနပ်ပါပြီ”

“အေးအေး၊ ဒါဆိုရင်တော့ ရမယ်၊ နေစမ်းပါအုံးကွ မင်းက အဲဒီလောက်နို့နည်းနည်းကလေးကို ဘာလုပ်မလို့လဲကွ၊ ဆေးသုံးဖို့လား”

“မဟုတ်ပါဘူး ဦးဘသာရာ၊ ညက အိမ်ကိုကြောင်စုန်းဝင်တယ်ဗျ”

“ဟေ၊ ဟုတ်လား၊ ငါပြောသားပဲကွ”

“အဲဒီကြောင်စုန်းက ကြောင်သားပေါက်လေးတွေ လာနှိုက်တာဗျ၊ ကြောင်မကြီးက ကြောင်စုန်းကိုအတင်းဝင်ပြီးလုံးတာပဲဗျာ၊ လုံးထွေးကြရင်း ကြောင်စုန်းက ကြောင်မကြီးရဲ့လည်ပင်းကို ကိုက်ဖောက်သွားလို့ ကြောင်မကြီးသေပါရောလားဗျ”

“သြော်ဖြစ်ရမယ်၊ မိခင်မေတ္တာဆိုတာ အဟိတ်တိရစ္ဆာန်တွေမှာတောင် ရှိပါလားကွ၊ ဒါနဲ့ ကြောင်လေးတွေရော ပါမသွားဘူးမဟုတ်လား”

“ပါမသွားတာတော်သေးတာပေါ့ဗျာ၊ အခုသူတို့အမေကြီးမရှိတော့ သူတို့ဗိုက်ဆာနေကြပြီလေဗျာ၊ အဲဒါကြောင့် ဦးဘသာဆီလာခဲ့တာ”

“အော် ငါသဘောပေါက်ပြီ၊ ပေးစမ်းမင်းခွက် ငါသွားညှစ်ပေးမယ်”

ဦးဘသာက ကျုပ်လက်ထဲက အကြမ်းပန်းကန်လုံးကလေယူသွားပြီးတော့ နွားတင်းကုပ်ဘက်ကိုဝင်သွားတယ်ဗျ၊ ခဏကြတော့ အကြမ်းပန်းကန်လုံးအပြည့် နွားနို့တွေပါလာပါရောဗျာ။

“နို့ကတော့ရပြီအလတ်ကောင်၊ ဒါပေမယ့် မင်းသူတို့ကိုဘယ်လိုတိုက်မှာလဲကွ၊ ဒီအရွယ်ကလေးတွေက ခွက်ထဲကနေလည်း မသောက်တတ်သေးဘူးထင်တယ်နော်ကွ”

“ဒါပေါ့ဗျာ၊ ကျုပ်ကလည်း ကြံဖန်ပြီးသားပါဗျ၊ ဟောဒီမှာကြည့်ဗျာ၊ ဝါးကိုင်းအသေးကလေးကို ထိပ်ဖြတ်ဖင်ဖြတ်ထားတာ”

ကျုပ်ခါးကြားထဲက ဝါးပိုင်းကလေးထုတ်ပြလိုက်တော့ ဦးဘသာက သေချာကိုင်ကြည့်တယ်ဗျ၊

“ဒီဟာနဲ့ မင်းဘယ်လိုတိုက်မှာလဲကွ”

“ဝါးကိုင်းကို နို့ထဲနှစ်မယ်ဗျာ၊ ပြီးရင် တစ်ဖက်စွန်းကို လက်ညှိုးနဲ့ထောက်ပြီးပိတ်လိုက်ရင် ဝါးကိုင်းထဲမှာ နို့တွေတင်ကျန်နေမယ်မဟုတ်လားဗျ၊ ပြီးတော့မှ အဲဒီဝါးကိုင်းကို ကြောင်လေးတွေပါးစပ်မှာတေ့ပြီး ပိတ်ထားတဲ့လက်ညှိုးပြန်လွှတ်ချလိုက်ရင် နို့တွေကျသွားမယ်လေဗျာ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဟာ၊ အကြံကောင်းပါ့ကွာ၊ အလတ်ကောင်ကို ငါဒီတစ်ခါတော့ တကယ်ချီးကျူးသွားပြီဟေ့၊ ခဲရာခဲဆစ် ကြံလည်းကြံတတ်ပါပေတယ်”

“အမေကတော့ ကြောင်လေးတွေကို သူများပေးပစ်မယ်ဆိုပြီးလုပ်နေသဗျ၊ ကျုပ်ကတော့ မပေးပစ်ချင်ပါဘူးဗျာ၊ သူတို့ကို ရတဲ့နည်းနဲ့ နို့တိုက်ပြီး ရှင်အောင်မွေးမယ်ဗျာ”

“အေးပါကွာ၊ သူများအသက်ကိုကယ်တာ ကုသိုလ်ရပါတယ်ကွ”

ကျုပ်လည်း နို့ခွက်ကိုင်ပြီးတော့ အိမ်ပြန်လာခဲ့ပါရောဗျာ၊ ကျုပ်တို့ခေတ်က အအေသးသောက်တဲ့ပိုက်တွေဘာတွေဆိုတာလည်း မရှိသေးဘူးမဟုတ်လားဗျ၊ ဆေးထိုးတဲ့ဆလင်းဆိုရင် ပိုဆိုးပါရောဗျာ၊ ဒီတော့ ရတဲ့နည်းနဲ့တိုက်ရတာပေါ့ဗျာ၊ ကျုပ်နို့တိုက်တဲ့နည်းက အဆင်တော့ပြေသဗျ၊ အချိန်တော့ယူရတယ်ဗျ၊ အမေက ကျုပ်လုပ်နေတာတွေလာကြည့်ပြီးတော့

“အလတ်ကောင်ရာ နင်က သက်သက်အချိန်ဖြုန်းတာပဲ၊အမေကြီးလည်း သေသွားပြီဆိုတော့ ဒီကောင်လေးတွေ အသက်ရှင်မှာမဟုတ်ပါဘူး”

“ဟာဗျာ၊ ကျုပ်ရတဲ့နည်းနဲ့ ရှင်အောင်မွေးမယ်၊ ဒီကြောင်လေးတွေက ကြောင်ကုတင်တဲ့ဗျ၊ ရှင်အောင်မွေးရင် အကျိုးပေးမယ်လို့ ဦးဘသာပြောတာပဲ”

ဒီကောင်လေး လေးကောင်ကို အိမ်အောက်မှာထားတာ စိတ်မချရတော့ဘူးဗျ၊ အငယ်မတွေက အိပ်ရင်ကုလားသေကုလားမော အိပ်တာဆိုတော့ နောက်တစ်ခါကြောင်စုန်းလာရင် တစ်ကောင်မဟုတ်တစ်ကောင်ပါတော့မယ်ဆိုတာ ကျုပ်သိတယ်၊ ဒါနဲ့ပဲ အိမ်မှာရှိတဲ့သစ်သားတွေထုတ်ပြီးတော့ လေးထောင့်ပုံးတစ်လုံးရိုက်ရတော့တယ်၊ ပြီးတော့ ပုံးထဲ ပုဆိုးစုတ်ခင်းပြီးတော့ ဒီကောင်လေးကောင်ကိုထည့်ပြီး ကျုပ်အိပ်တဲ့ဘေးမှာ ခေါ်သိပ်ရတာပေါ့ဗျာ။

မနက်လင်းတယ်ဆိုရင်ပဲ ကျုပ်နားထဲမှာ ဆူညံနေတာပဲဗျာ၊ ပြီးတော့ ရင်ဘတ်ပေါ်မှာလည်း အိစိအိစိနဲ့ဗျ၊ ကြည့်လိုက်တော့မှ ဟိုကောင်လေးကောင် သစ်သားပုံးထဲကထွက်ပြီးတော့ ကျုပ်ပေါ်တက်နေကြတာဗျ၊ အမေက ခြင်ထောင်ဘေးမှာလာရပ်ရင်း

“အလတ်ကောင်ရေ၊ နင့်သားတွေဆာနေပြီဟဲ့ နင်နို့တိုက်လိုက်ပါအုံး၊ ဟား၊ ဟား”

ကျုပ်လည်း ကုန်းရုန်းထလိုက်ရတယ်၊ ဒီကောင်တွေကိုဖမ်းပြီး ပုံးထဲပြန်ထည့်ရတယ်ဗျာ၊ နောက်တော့ နို့သွားတောင်းဖို့ပြင်ရတယ်၊ ခေါင်းပေါ်မှာ စိုစိစိုစိနဲ့ဖြစ်နေလို့ လက်နဲ့ကိုင်ထည့်လိုက်တာ ပျော့စိစိအရာတွေကို စမ်းမိသဗျာ၊ နမ်းကြည့်လိုက်တော့မှ ကြောင်ချေးတွေဖြစ်နေတယ်၊ နံလိုက်တာလည်း ပြောမနေပါနဲ့တော့ဗျာ။

“ဟာ ကြောင်ချေးတွေပါလား၊ နံလိုက်တာဗျာ၊ ဝေါ့”

ဒီအခါ အိမ်ကလူတွေက ကျုပ်ကိုဝိုင်းရယ်ကြတယ်ဗျ၊ အကိုကြီးကဆိုရင် ဗိုက်ကိုနှိပ်ပြီးတော့ရယ်တာ

“အဲဒါပြောတာပေါ့အလတ်ကောင်ရာ၊ အလုပ်မရှိအလုပ်ရှာလို့ ကြောင်ကိုများနို့တိုက်မွေးရသတဲ့”

ကျုပ်ကတော့ သူတို့လှောင်ပြောင်တာတွေကို ဂရုမစိုက်ဘဲ ဦးဘသာအိမ်ကို နို့ယူဖို့ထွက်ခဲ့ရတယ်ဗျာ၊ ဒီလိုနဲ့ ကျုပ်မွေးလာလိုက်တာ လေးလလောက်ကြာတော့ ဒီကောင်တွေလည်း အသွေးအမွေးတွေစိုပြေပြီးတော့ အကောင်ကြီးတွေဖြစ်ကုန်တယ်ဗျ၊ အမွှေးတွေကလည်း နက်မှောင်ပြီးတော့ ပြောင်နေတာပဲဗျာ၊ အသွေးအရောင်ကိုကြည့်ပြီးတော့ ဒီကောင်လေးကောင်ကို ကျုပ်ကနာမည်တွေပေးထားလိုက်တယ်ဗျ၊ အားလုံးက အနက်တွေဆိုတော့ နာမည်တွေအရှေ့မှာ နက်ထည့်ပြီးတော့ နက်မှောင်၊ နက်ပြောင်၊ နက်အောင်၊ နက်ဂေါင်ဆိုပြီးပေးထားလိုက်သည်။ နာမည်တွေအတိုင်းပဲ ဒီကောင်တွေက အနက်တွေချည်းပဲကိုးဗျ၊ ဒီထဲမှာ ထူးခြားတာကတော့ နက်မှောင်ဆိုတဲ့ကောင်ပဲဗျ၊ ဒီကောင်က တစ်ကိုယ်လုံးနက်ရုံသာမက သူ့မျက်လုံးထဲက မျက်ဆန်ကလည်း အနက်ရောင်ဗျာ၊ ကျန်တဲ့ကောင်တွေက အစိမ်းတွေချည်းပဲဗျ၊ ဒါကြောင့်လည်း ဒီကောင့်ကို နက်မှောင်လို့ပေးဖြစ်သွားတာပေါ့ဗျာ။

ကြောင်ကုတင်မို့လို့လား ဘာလို့လားတော့မသိဘူးဗျ၊ အဲဒီနှစ်က ကျုပ်တို့လယ်က စပါးတွေကောင်းတဲ့အပြင် စပါးအထွက်နှုန်းကလည်းကောင်းလို့ တော်တော်ကလေး စုမိဆောင်းမိဖြစ်သွားတယ်ဗျ၊ စပါးကျီတစ်လုံးတောင် ထည့်မနိုင်ဘူးဗျာ။ ပုတ်ကြီးတွေနဲ့ အိမ်အောက်မှာဆင့်တွေထိုးပြီး တင်ထားရသေးတယ်ဗျ။

စပါးပေါ်ရင် ကြွက်ပျော်တာ သဘာဝပဲဗျ၊ ဒီစပါးတွေနဲ့ ကြွက်ရန်ကိုကြောက်နေရတယ်မဟုတ်လား၊ ဒါပေမယ့် ဒီနှစ်တော့ ကြွက်ရန်ကိုမပူရတော့ပါဘူးဗျာ၊ ကျုပ်သားလေးကောင်က ကြွက်တွေချည်းလိုက်ခုပ်တော့တာပဲဗျာ၊ ဦးဘသာတောင်မှ ဒီကောင်ကြီးတွေကိုကြည့်ပြီး သဘောကျနေတာဗျ။

“ဟိုအရင်က ပိစီလေးတွေက အခုတော့ နည်းတဲ့အကောင်ကြီးတွေမဟုတ်ပါလားဟေ့”

“ဟုတ်ပါ့ဦးဘသာ၊ ဒီကောင်တွေက ကျုပ်ကိုလည်းခင်တယ်ဗျ”

“ကြောင်တွေက လူတွေကို သခင်လို့မမြင်ဘူးတဲ့ကွ၊ သူတို့က လူတွေကို ကြောင်ကြီးတွေလို့ပဲ ထင်ကြတာလို့ ငါဖတ်ဖူးတယ်၊ မင်းအိမ်ကနေအပြင်ထွက်သွားတာက အစာသွားရှာတယ်လို့ ထင်ကြတယ်၊ ဒါကြောင့် ကြောင်တွေရဲ့လေးစားမှုကိုခံချင်ရင် အပြင်ကနေပြန်လာတဲ့အခါ သူတိုကအတွက်အစာလေးတွေဘာလေးတွေယူလာပေးလိုက်၊ အဲဒါဆိုရင်သူတို့က သိပ်အထင်ကြီးတာကွ”

ဦးဘသာပြောတဲ့အတိုင်း ကျုပ်ယာထဲဆင်းပြီး ပြန်လာရင် ငါးခြောက်လေးဖြစ်ဖြစ် ယူလာပေးပြီး ဒီကောင်တွေကိုပေးတယ်ဗျ၊ ဒီကောင်တွေက ကျုပ်ကိုဆိုသိပ်ချစ်တာ ကျုပ်မှကျုပ်ဖြစ်နေတော့တာပါပဲဗျာ။ ဒါပေမယ့် အကိုကြီးကိုတော့ ဒီကောင်တွေက မချစ်ဘူးဗျ၊ တစ်အိမ်သားလုံးက ဒီကောင်တွေကို ခေါင်းပွတ်ဖင်ပွတ်လုပ်လို့ရပေမယ့် အကိုကြီးက သူတို့အနားသွားရင် တဂီးဂီးနဲ့မာန်ဖီနေတာပဲဗျာ။

တစ်ရက်တော့ ယာခင်းထဲကအပြန် ရွှာအဝင်ကုက္ကိုပင်အနားရောက်တော့ အကိုကြီးက ကျုပ်ကိုလက်ယပ်ခေါ်သဗျ။ အကိုကြီးနဲ့အတူတူ ကာလသားကိုမြင့်တို့လည်းပါသေးတယ်ဗျာ၊ ကျုပ်လည်းသိချင်လို့ ကုက္ကိုပင်အနားကိုလိုက်သွားတာပေါ့ဗျာ၊ အမယ် သူတို့က ကုက္ကိုပင် အောက်မှာဖျာခင်းပြီးတော့ အရက်ဝိုင်းဖွဲ့ပြီးတော့ သာယာနေကြတာဗျ၊ ကျုပ်ရောက်သွားတော့ အကိုကြီးက ဟင်းအိုးကြီးတစ်အိုးထိုးပေးပြီးတော့

“ရော့အလတ်ကောင် စားကြည့်စမ်းပါအုံးကွာ”

“ဟာ၊ အမြည်းကလည်း အသားဟင်းနဲ့ပါလားဗျ၊ မှန်းစမ်း စားကြည့်ရအောင်”

အိုးထဲက အသားဖတ်တစ်ဖတ်ကိုနှိုက်ပြီးစားလိုက်တော့ အသားက အဆီခပ်များများဗျ၊ ဝါးလို့တော့ကောင်းတယ် အသားက ခပ်ထုတ်ထုတ်ကလေးဖြစ်နေတယ်၊ တစ်ဖတ်စားရင်း စားကောင်းလွန်းလို့ နောက်တစ်ဖက်ထပ်ကောက်လိုက်ရင်း

“စားလို့ကောင်းလိုက်တာ အကိုကြီးရာ၊ ဒါဘာသားလဲဗျ”

“ဟေ၊ အဲဒါကြောင်သားပေ့ါကွ”

“ဗျာ၊ ကြောင်သားတဲ့လား”

ကျုပ်ဝါးနေရင်း ဝါးချင်စိတ်ပျောက်သွားတယ်ဗျ၊ လက်ထဲက အသားဖတ်ကိုလွှင့်ပစ်ပြီးတော့ ပါးစပ်ထဲကအသားကိုလည်း ထွေးထုတ်လိုက်မိတယ်၊ အကိုကြီးကိုတစ်ချက်ကြည့်ရင်း

“ကြောင်သားဆိုတော့ မဟုတ်မှလွဲရော အိမ်ကကောင်တွေများလား”

“စိတ်လျော့စမ်းပါ အလတ်ကောင်ရာ၊ မင်းသားတွေကို ငါကလုပ်မလားကွ၊ ဒါက ရွာထဲကကြောင်ပါကွ၊ စားကောင်းတယ်ဆိုကွ ထပ်စားပါအုံး”

“တော်ပါပြီဗျာ၊ မစားချင်တော့ပါဘူး”

“အောင်မယ် မင်းက အိုက်တင်လုပ်နေပြန်ပါပြီ၊ အသားတွေထဲမှာ ကြောင်သားက စားလို့အကောင်းဆုံးပဲကွ၊ မင်းကအစမို့လို့နေမှာပါ၊ တစ်ခါစားဖူးပြီးသွားရင် နောက်ဆို ကြောင်သား ကြောင်သားဆိုတာပဲ ဖြစ်နေမှာကွ”

“တော်စမ်းပါဗျာ၊ အကိုကြီးတို့ပဲ စားကြ၊ ဒါပေမယ့် ကျုပ်တစ်ခုသတိပေးထားမယ်နော်၊ ကျုပ်ကြောင်တွေတစ်ခုခုဖြစ်လို့ကတော့ အကိုကြီးတို့လူတစ်စု မလွယ်ဘူးမှတ်”

“ဟာ၊ ငါက အဲဒီလိုလုပ်ပါ့မလားကွ”

အကိုကြီးတို့ လူစုက အရက်ကလေးသောက်လိုက် ကြောင်သားဟင်းလေးစားလိုက်နဲ့ စားသောက်နေကြပါရောဗျာ၊ ကျုပ်ကကြောင်မွေးထားတဲ့လူဆိုတော့ ကြောင်သားလို့သိသွားတာနဲ့ မျိုမကျတော့တာအမှန်ပဲဗျ၊ ဒါနဲ့ အိမ်ကိုပြန်လာခဲ့ပါရောဗျာ။ အိမ်ခြံထဲလှမ်းဝင်လိုက်တယ်ဆိုရင်ပဲ ကျုပ်မွေးထားတဲ့ကြောင်တွေက ပြေးလာကြတယ်ဗျ။ ကျုပ်ပြန်လာရင် ဒီကောင်တွေက တိုးဝှေ့ပြီးကြိုနေကြဗျ၊ အခုကျတော့ ပြေးလာရင်း ကျုပ်အနားရောက်တော့ တစ်ချက်တွန့်သွားကြတယ်၊ နောက်တော့ ကျုပ်ကိုအရေးမစိုက်ဘဲ အိမ်ထဲပြန်ဝင်သွားကြပါရောဗျာ၊ အဲဒီညလည်း ကျုပ်ကိုသိပ်မကပ်ကြဘူးဗျ၊ ကျုပ်အထင်ကတော့ ကျုပ်ကြောင်သားစားထားတာကို ကြောင်တွေက သိနေတဲ့ပုံပဲဗျ၊ ဒါကြောင့် မကပ်ရဲတာဖြစ်မှာ။

ဒီအချိန်မှာပဲ အပျိုကြီးဒေါ်ဘုတ်က ခြံထဲကိုငိုကြီးချက်မနဲ့ ဝင်လာပါရောဗျာ၊ အဖေဆို အံ့သြနေတာ။

“မဘုတ် ဘယ်လိုဖြစ်လို့ ငိုယိုလာတာလဲ”

“ကျုပ်မကျေနပ်ဘူးသူကြီး၊ သူကြီးဖြေရှင်းပေးပါ”

“ဟ၊ ခင်ဗျားအရင်ပြောမှ ဘာဖြစ်တယ် ဘယ်လိုဖြေရှင်းရတယ်ဆိုတာ ကျုပ်သိမှာပေါ့”

ဒီအခါ ဒေါ်ဘုတ်က ရှိုက်နေရင်း

“ကျုပ်သားလေး ပျောက်သွားလို့ပါတော်”

“မဘုတ်ရာ ခင်ဗျားအပျိုကြီးဆိုတာ လူတိုင်းသိတယ်၊ ဘယ်လိုလုပ်ပြီး ခင်ဗျားမှာသားရှိရတာလဲဗျ”

“ကျွန်မသားလေးဆိုတာ လူကိုပြောတာမဟုတ်ဘူး သူကြီးရဲ့၊ ကြောင်၊ ကြောင်ကိုပြောတာ”

“သြော်၊ ကြောင်လား၊ မသိပါဘူးဗျာ၊ ဒါနဲ့ ကြောင်ဆိုတာ အိမ်ကပ်တဲ့အမျိုးမှမဟုတ်တာဗျ၊ တစ်နေရာရာသွားနေတာဖြစ်မှာပေါ့ဗျာ”

“မဟုတ်ဘူးသူကြီး၊ ကျွန်မသားလေးက သိပ်ကိုလိမ်မာရှာတာ၊ သူတစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်မသိတယ်”

“ခင်ဗျားတို့ကတော့ ခက်တာပဲဗျာ၊ တိရစ္တာန်ကို သိပ်အစွဲအလန်းကြီးတာကိုးဗျ”

ဒေါ်ဘုတ်ပြောတော့မှ ကျုပ်လည်းသတိရသွားတယ်၊ အကိုကြီးတို့ ရွာအဝင်မှာစားနေကြတာ ဧကန္တတော့ဒေါ်ဘုတ်ရဲ့သားများလား၊ ဟုတ်ရင်လည်းဟုတ်မှာ၊ အပျိုကြီးဒေါ်ဘုတ်က သူ့ကြောင်ကိုတော့ ရှယ်ကျွေးတာဗျ၊ ဒါကြောင့် ကြောင်ကြီးကလည်း ဝဖြီးနေတာပဲမဟုတ်လား။ အကိုကြီးတို့လို ကြောင်သားကြိုက်တတ်တဲ့လူအတွက်တော့ ဒီကြောင်ကြီးနဲ့ဆိုကွက်တိပဲမဟုတ်လားဗျာ။ ကျုပ်အကိုကြီးမျက်နှာရှိပေမယ့် ဒါမျိုးကျတော့ မဖော်လို့မကောင်းဘူးဗျ၊ ဒါနဲ့ အဖေ့အနားကိုကပ်ပြီးတော့

“အဖေ၊ အဲဒါ အကိုကြီးနဲ့ ကာလသားကိုမြင့်တို့လက်ချက်ဗျ”

“ဟေ၊ သူတို့က ကြောင်ကိုဘာလုပ်လိုက်တာလဲ”

“ဘာလုပ်ရမှာလဲအဖေရာ၊ ရွာပြင်ကုက္ကိုပင်အောက်မှာ ကြောင်သားချက်ပြီးတော့ အရက်နဲ့မြည်းနေကြသဗျ”

အဖေက ချက်ချင်းထပြီးတော့သွားတယ်ဗျ၊ မကြာပါဘူး ကာလသားကိုမြင့်ရောအကိုကြီးတို့ရော အဖေကဖမ်းဆွဲလာပါရော၊ ပြီးတော့ အိမ်ရှေ့က ထိပ်တုံးကြီးမှာ သူတို့လူတစ်စုကိုခတ်လိုက်ကြတော့တယ်၊ ကာလသားကိုမြင့်အနားက ဂုန်နီအိတ်ထဲမှာ ဒေါ်ဘုတ်ကြောင်ကြီးရဲ့ ခေါင်းပြတ်ကြီးနဲ့ အမွှေးအမျှင်တွေကို သက်သေအဖြစ်တွေ့လိုက်ရတာပဲ၊ အကိုကြီးကတော့ ကျုပ်ကိုမကျေနပ်ဘူးဗျ။

“အလတ်ကောင်အဲဒါမင်းလက်ချက်မဟုတ်လား၊ တွေ့ကြသေးတာပေါ့အလတ်ကောင်ရာ၊ မင်းက ညီအကိုစိတ်ဓါတ်မရှိတဲ့ကောင်ပဲကွ”

အကိုကြီးက ကျုပ်ကိုကြိမ်းဝါးနေပါရောဗျာ။

(၄)

တစ်လလောက်ကြာတော့ ကျုပ်ပေတောရွာကို အလှူဖိတ်ဖို့သွားရတယ်ဗျ၊ ရွာထဲမှာ အလှူရှိရင် ရွာနီးချုပ်စပ်က အမျိုးတွေကို သွားဖိတ်ရတာက ထုံးစံပဲမဟုတ်လားဗျာ၊ ဒါကြောင့် ကျုပ်လည်းအဖေခိုင်းလို့ အလှူဖိတ်ထွက်ခဲ့ရတာပေါ့ဗျာ၊ မနက်ခင်းထဲက ထွက်သွားလိုက်တာ ညမိုးချုပ်ခါနီးမှ ရွာကိုပြန်ရောက်ပါရောဗျာ။

ခြံထဲကိုဝင်လိုက်တာနဲ့ ကျုပ်သားတွေက ပြေးထွက်လာပြီးကြိုကြတယ်၊ ဒါပေမယ့် သုံးကောင်ပဲပါတယ်ဗျ၊ နက်မှောင်ကိုမတွေ့ရတော့ဘူး။

“နက်မှောင်ရေ၊ နက်မှောင် . . . မင်းက ငါပြန်လာတာကိုတောင် လာမကြိုဘူးပေါ့”

ကျုပ်အော်ခေါ်ရင်း အိမ်ထဲဝင်သွားလိုက်သည်။ ပုံမှန်ဆို နက်မှောင်က သူ့နာမည်ခေါ်ရင်ပြေးလာတတ်ပေမယ့် အခုတော့ ဘာအသံမှကိုမကြားတာဗျ၊ ကျုပ်စိတ်ပူသွားပြီး တစ်အိမ်လုံးကို ဒေါင်းတောက်အောင်ရှာပေမယ့် နက်မှောင်ကိုမတွေ့တော့ပါဘူးဗျာ။

“အမေ၊ နက်မှောင်ကိုတွေ့မိသေးလားအမေရ”

“ဟေ၊ ငါလည်း ငါ့အလုပ်နဲ့ငါရှုပ်နေတာဆိုတော့ သတိမထားမိပါဘူးအေ”

အိမ်သားတွေအကုန်လုံးကိုမေးပေမယ့် ဘယ်သူမှမသိကြဘူးတဲ့ဗျ၊ ဒီအခါ ကျုပ်သတိရသွားတဲ့လူတစ်ယောက်ရှိတယ်၊ အဲဒါကတော့ အကိုကြီးပဲဗျ၊ ဒါနဲ့ အိမ်ပေါ်ထပ်ကိုပြေးတက်လာရင်း

“အကိုကြီး၊ အကိုကြီးဘယ်ရောက်နေလဲ၊ ထွက်ခဲ့စမ်းပါအုံးဗျာ”

ဒီအခါ မရီးက အိမ်ခန်းထဲကနေ ထွက်လာသဗျ။

“အလတ်ကောင် ဖင်ဖြဲပြီးအော်မနေနဲဟဲ့ နင့်အကိုကြီးမရှိဘူး”

“သူက ဘယ်သွားတာလဲ”

“ကာလသားကိုမြင့်တို့နဲ့ ချိန်းထားလို့သွားတာ”

“ဘာ . . .”

ကျုပ်အသံအကျယ်ကြီးနဲ့အော်လိုက်မိတယ်၊ လတ်စသတ်တော့ အကိုကြီးလက်ချက်ကိုးဗျ၊ ဟုတ်မယ်၊ ဟုတ်မယ်၊ ဟိုတစ်ခါ သူတို့ကြောင်သတ်စားတာကို ကျုပ်က အဖေ့ကိုဖော်ကောင်လုပ်လိုက်ကတည်းက အကိုကြီးက ကျုပ်ကိုသိပ်ကျေနပ်တာမဟုတ်ဘူးလေဗျာ၊ အခုလည်း ကျုပ်မရှိတုန်း အကိုကြီးက ကျုပ်အချစ်ဆုံးနက်မှောင်ကို ဖမ်းသတ်စားလိုက်တာများလားဗျာ၊ ကျုပ်ဒေါသတွေထွက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေမိတယ်ဗျ၊

ပြောတုန်းဆိုတုန်းပါပဲ အကိုကြီးက လေကလေးတချွန်ချွန်နဲ့ ခြံထဲဝင်လာပါရောဗျာ၊ အနားရောက်တော့ အရက်နံ့ကလည်း မွှန်ထူနေတာပဲဗျ၊ အကိုကြီးရဲ့မျက်လုံးတွေက ရီဝေေ၀နဲ့

“အကိုကြီး၊ ဒါဘယ်ကပြန်လာတာလဲ”

“ငမြင့်တို့အိမ်ကပြန်လာတာလေကွာ၊ ဟိုမှာ ကြောင်ရလို့ နည်းနည်းပါးပါးသွားစားတာ”

ကျုပ်ဒေါသထွက်ပြီးတော့ အကိုကြီးအကျီရင်ဘတ်ကို လက်နဲ့ပြေးဆွဲလိုက်တယ်၊ အကိုကြီးက ကျုပ်ကိုကြောင်တောင်တောင်နဲ့ကြည့်နေတယ်။

“အကိုကြီးဗျာ၊ မကျေနပ်ရင် လူချင်းလုပ်ဗျာ၊ ကျုပ်ကိုထိုးချင်ထိုး ကျုပ်လက်ခံတယ်၊ ဒါပေမယ့် အခုလိုအောက်တန်းမကျသင့်ဘူးဗျ”

“ဟ၊ အလတ်ကောင် မင်းစကားက ဘာစကားလဲကွ”

“ကျုပ်သားကြီး နက်မှောင်ကို အကိုကြီးနဲ့ကိုမြင့်ပေါင်းပြီး ပေါ်စားလိုက်ပြီမဟုတ်လား”

“ကြံကြီးစည်ရာကွာ၊ ငါမလုပ်ပါဘူးကွ”

“ဟာ၊ ဒီလောက်လက်ပူးလက်ကြပ်မိနေတာကိုဗျာ၊ အကိုကြီးနော် အကိုကြီး၊ ကျုပ်က ညီအကိုချင်းမို့ လက်မပါချင်လို့ ဒီအတိုင်းနေတာကို အကိုကြီးမညစ်ပတ်နဲ့”

နည်းနည်းထွေနေတဲ့အကိုကြီးက ကျုပ်ပြောတော့ ဒေါသထွက်သွားတယ်ဗျ။ ပြီးတော့ သူ့ရင်ဘတ်ကိုဆွဲထားတဲ့ ကျုပ်လက်ကိုပုတ်ချလိုက်ပြီး

“ဟေ့ကောင် မင်းဘာစကားပြောတာလဲ၊ မင်းကို ငါက အငယ်ဆိုပြီး မျက်နှာသာပေးထားလို့ အခုမင်းက ငါနဲ့ခွာရာလိုက်တိုင်းတာလားကွ”

“အောင်မယ် ငပြူးကပြဲရတယ်ရှိသေးတယ် အကိုကြီးရာ၊ ပြောမရရင်တော့ ရော့ဗျာ”

ကျုပ်လက်သီးတစ်ချက်ပစ်သွင်းထည့်လိုက်တယ်၊ လက်သီးက အကိုကြီးမျက်နှာကိုမှန်ပြီ အကိုကြီးမျက်နှာတစ်ဖက်လှည့်သွားတယ်၊ နောက်တော့ အကိုကြိးက ကျုပ်ဖက်ကိုပြန်လှည့်လာပြီးတော့ ကျုပ်ကိုထိုးပါရောဗျာ၊ ကျုပ်နဲ့အကိုကြီး အိမ်အောက်မှာ ထိုးနေကြတော့ အငယ်မတွေက အော်တယ်ဗျ၊ အမေကလည်း မီးဖိုထဲကပြေးထွက်လာတယ်။

“တော်ကြပါတော့ဟယ်၊ ငါတို့မသေသေးပါဘူးဟဲ့၊ ဘယ်လိုဖြစ်လို့ ညီအကိုချင်း သတ်နေရတာလဲ”

အမေထွက်လာတော့မှ ကျုပ်တို့ခွာလိုက်တယ်၊ ကျုပ်က အကိုကြီးကိုလက်ညှိုးထိုးပြီးတော့

“အမေ၊ အကိုကြီးက နက်မှောင်ကိုသတ်ပြီးစားလိုက်သဗျာ”

အမေက အံ့သြသွားရင်း

“ဟင် အကြီးကောင်၊ တကယ်ပဲနင်လုပ်တာလား”

“မဟုတ်ပါဘူးဆိုမှ အမေရာ”

“အကိုကြီး ယောက်ျားမဟုတ်လား၊ ယောက်ျားဆိုရင် ယောက်ျားစကားပြောစမ်းပါ၊ အကိုကြီးခုနက ကိုမြင့်တို့အိမ်မှာ ကြောင်သားနဲ့အရက်နဲ့သွားမြည်းတယ်လို့ ခုနကပြောတယ်မဟုတ်လား”

“အေးလေကွာ၊ အဲဒါဘာဖြစ်လဲ”

အမေက အကိုကြိးကိုကြည့်ပြီး

“အကြီးကောင် နင်ဒီလိုတော့မလုပ်သင့်ဘူး အလတ်ကောင်က ဒီကြောင်လေးကောင်ကို ဘယ်လိုမွေးခဲ့ရတယ်ဆိုတာ နင်အသိဆုံးပဲမဟုတ်လား၊ နင်တို့ကြောင်သားကြိုက်တာ ကြိုက်တာပေါ့အေ၊ ဒီလိုလုပ်တာတော့ ရိုင်းလွန်းသွားပြီ”

အကိုကြီးက အမေ့ကိုတွေတွေကြီးကြည့်နေတယ်ဗျ၊ နောက်တော့ မျက်ရည်တွေဝဲပြီးတော့ အိမ်ပေါ်ကိုပြေးတက်သွားပါရောဗျာ၊ ကျုပ်လည်း နက်မှောင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ကိုဖြစ်လို့ဗျ၊ ဘာမှစားချင်စိတ်မရှိတာနဲ့ ခြင်ထောင်ထောင်ပြီး တက်အိပ်နေလိုက်မိတယ်။

ညသန်းခေါင်လောက်ရောက်တော့ ကျုပ်နားထဲ ကြောင်အော်သံတွေကြားရသဗျာ၊ ကျုပ်မျက်လုံးဖွင့်ပြီး အသံကြားရာကိုလှည့်ကြည့်လိုက်တော့ လှေကားအတက်မှာ နက်မှောင်က ငုတ်တုတ်ကြီးထိုင်နေသဗျ။

“သားကြီး၊ နက်မှောင်”

ကျုပ်အမြန်ထလိုက်တော့ နက်မှောင်က လှေကားအတိုင်းဆင်းသွားတာပဲဗျာ၊ ဒါနဲ့ကျုပ်လည်းလိုက်ဆင်းခဲ့တယ်၊ နက်မှောင်က ခြံဝကိုဦးတည်ပြီးလျှောက်သွားပါရော။

“နက်မှောင်၊ ဘယ်တွေသွားနေတာလဲ၊ ပြန်လာခဲ့ပါကွ”

နက်မှောင်က ကျုပ်ကိုလှည့်ကြည့်ပြီးတော့ ဆက်လျှောက်သွားပါရောဗျာ၊ ကျုပ်သူ့အနောက်က ပြေးလိုက်ခဲ့တယ်။ ဒါပေမယ့် သူ့ကိုမမီဘူးဗျ။ နက်မှောင်က လျှောက်ရင်းနဲ့မကြာပါဘူးရွာပြင်ကိုရောက်သွားပါရော၊ ရွာအပြင်ဇရပ်ပျက်တွေအနားကိုပြေးသွားရင်း နက်မှောင်က အမှောင်ထဲမှာ ပျောက်သွားတော့တယ်။

“နက်မှောင် . . . မင်းဘယ်မှာလဲ”

ရွာပြင်ဇရပ်ပျက်မှာ မီးရောင်ကလေးလင်းနေသဗျ၊ ကျုပ်လည်း ထူးဆန်းသွားတာနဲ့ အနောက်ကနေအပြေးလိုက်လာခဲ့တယ်၊ ဇရပ်ပျက်နားရောက်တော့မှ လူနှစ်ယောက်က ရေနံဆီမီးခွက်ကလေးချထားပြီးတော့ တစ်ခုခုကို သဲကြီးမဲကြီးလှီးဖြတ်နေတဲ့ပုံပဲဗျာ၊ ကျုပ်သူတို့အနားရောက်လာတာတောင်မှ သူတို့က သတိထားမိပုံမရဘူးဗျ။ သူတို့လှီးနေတဲ့အရာကိုကြည့်လိုက်တော့မှ ကြောင်တစ်ကောင်ဖြစ်နေတယ်၊ ကြောင်တောင်မှ ကျုပ်သားကြီး နက်မှောင်ဗျ။

“ဟေ့လူတွေ၊ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ”

ကျုပ်အော်လိုက်တော့ ဒီလူနှစ်ယောက်လန့်သွားတယ်ဗျ၊ ဒီလူတွေက နက်မှောင်ရဲ့ဝမ်းကိုခွဲပြီး ကလီစာတွေကိုထုတ်နေတာဗျာ၊ နက်မှောင်က အကြောဆွဲပြီး ခြေထောက်တောင်လှုပ်နေသေးတယ်။

“ခင်ဗျားတို့ ဘာဖြစ်လို့ ကျုပ်ကြောင်ကိုသတ်ရတာလဲ”

ဒီလူနှစ်ယောက်ထဲက တစ်ယောက်က မတ်တပ်ထရပ်လိုက်တယ်ဗျ၊ သူ့လက်ထဲမှာလည်း ဓါးမြှောင်ကလေးကိုင်လို့ဗျို့။

“ဟေ့ကောင်၊ မင်းနဲ့မဆိုင်တာဝင်မပါနဲ့၊ သွားစမ်း”

“မဆိုင်ဘဲနေမလားဗျ၊ ခင်ဗျားတို့လက်ထဲကကြောင်က ကျုပ်ရဲ့ကြောင်ဗျ”

“ငါမင်းကိုနောက်ဆုံးပြောမယ်ဟေ့ကောင်၊ ကြောင်တစ်ကောင်အတွက်နဲ့ မင်းအသက်အသေမခံချင်စမ်းပါနဲ့ကွာ၊ သွားစမ်းပါ၊ ငါဒီနေ့လူမသတ်ချင်သေးဘူး”

ကျုပ်ကလည်း သွားဖို့ကိုအစီအစဉ်မရှိတာဗျ။ ကျုပ်ဒေါသတွေထွက်နေတယ်ဗျာ၊ ဒါနဲ့လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ရင်း

“ကျုပ်ကြောင်ကိုသတ်တဲ့ ခင်ဗျားတို့ကို ကျုပ်ပြန်သတ်မယ်”

“ဟား၊ ဟား မင်းလိုငချွတ်လေးကများ ငါတို့ကိုသတ်ချင်သေးတယ်တဲ့လားကွ”

ဒီအခါ ကျန်နေတဲ့လူတစ်ယောက်က ကြောင်ကိုခြေထောက်ကနေဆွဲလိုက်ပြီးတော့ မတ်တပ်ရပ်လိုက်တယ်။

“ဒီကောင်လေးက မင်းရဲ့အစွမ်းကို မသိသေးလို့နေမှာပါ ပြောင်ကြီးရာ၊ ဒီကောင်လေးကို မသတ်ပါနဲ့ကွာ၊ မှတ်လောက်သားလောက်အောင် ဆုံးမပေးလိုက်စမ်းပါကွ”

ပြောင်ကြီးဆိုတဲ့လူက အရှေ့တိုးလာရင်း

“အေးပါကွ၊ ငါကလည်း လူမသတ်ချင်ပါဘူး၊ ဒါပေမယ့် လျှာရှည်တဲ့ဒီကောင့်ကို မှတ်သွားအောင် လျှာဖြတ်ပစ်ရမယ်”

ကျုပ်လည်း လက်သီးကိုပြင်ပြီးတော့ ပြောင်ကြီးဆီကိုပြေးဝင်သွားလိုက်တာပေါ့ဗျာ၊ ပြောင်ကြီးနဲ့လက်တစ်ကမ်းအကွာကိုရောက်တယ်ဆိုရင်ပဲ ပြောင်ကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီး

“ရပ်လိုက်စမ်း၊ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေလိုက်စမ်း”

ပြေးလာတဲ့ကျုပ်က တုန့်ခနဲရပ်သွားပြီးတော့ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတယ်ဗျ၊ လက်တွေခြေတွေဆိုရင်လည်း လှုပ်မရတော့ဘူးဗျ၊ ပြောင်ကြီးဆိုတဲ့လူက ရယ်ရင်း

“ကဲ လျှာထုတ်လိုက်၊ လျှာထုတ်လိုက်စမ်းဟေ့”

ကျုပ်ပါးစပ်က သူ့အလိုလိုပွင့်သွားပြီးတော့ အထဲက လျှာက သူ့ဖာသာသူထွက်လာတယ်ဗျာ၊ ပြောင်ကြီးက လက်ထဲက ဓါးမြှောင်လေးကို ကိုင်ရင်း ကျုပ်အရှေ့နားကိုရောက်လာသဗျ။

“လျှာဖြတ်မယ်နော်၊ ဒါမှ နောက်ဆို စကားသိပ်မပြောနိုင်တော့မှာကွ၊ ဟား၊ ဟား”

ပြောင်ကြီးက ကျုပ်လျှာပေါ်ကို ဓါးမြှောင်ကလေးတင်ပြီး တိခနဲလှီးချလိုက်ပါရောဗျာ၊ ကျုပ်ဖြင့်ကြောက်လွန်းလို့ မျက်လုံးမှိတ်ထားလိုက်မိတယ်ဗျ၊ လျှာဖြတ်တယ်ဆိုပေမယ့် လျှာပေါ်မှာ နာကျင်တဲ့ဒဏ်ရာကို မခံစားရဘူးဗျို့၊ ဒီလိုနဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ပြောင်ကြီးက ကျုပ်လျှာကိုဓါးနဲ့လှီးနေပါရော၊ ဒါပေမယ့် ကျုပ်လျှာက ပြတ်ဖို့နေနေသာသာ ကျောက်တုံးတစ်တုံးလို မာကျောနေပြီးတော့ ဓါးနဲ့လှီးတာတောင် အရာမထင်ဘူးဖြစ်နေသဗျာ။

“ဟား၊ ဟား၊ ဟား မင်းက ဓါးအစုတ်ကြီးနဲ့လှီးတာကိုးကွ”

ရယ်သံကြားလိုက်ရတယ်ဗျ၊ ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းနေရာလောက်ကနေ ဦးဘသာကြီးကထွက်လာသဗျာ။ ပြောင်ကြီးက ဦးဘသာကိုကြည့်ရင်း

“ခင်ဗျားဘယ်သူလဲ ဘာဝင်ရှုပ်တာလဲ”

“မင်းက ငါ့ကိုမသိပေမယ့် ငါကမင်းကိုသိပြီးသားပါကွ အောက်လမ်းပြောင်ကြီးရ”

ပြောင်ကြီးက ထိတ်လန့်သွားတယ်။

“မင်းတို့တွေ ကြောင်နက်ကိုဖမ်းပြီးတော့ အောက်လမ်းနည်းတွေထည့်မယ်၊ ပြီးရင် ကြောင်မျက်ရှင်ဖြစ်အောင်လုပ်မယ်၊ ကြောင်မျက်ရှင်အစစ်လိုချင်နေတဲ့လူတွေကို ဈေးကြီးပေးရောင်းစားဖို့ ဂွင်ဖန်မယ်ဆိုတာ ငါသိပါတယ်ကွ”

“သိရင်လည်း အသာနေလေဗျာ၊ ဘာလာပြီးအာချောင်တာလဲဗျ”

“အာချောင်တာမဟုတ်ရပါဘူးကွာ၊ မင်းက သူ့ကိုဒုက္ခပေးမှာမို့လို့ ငါဝင်တားရတာပါကွ၊ မင်းတို့အရှုပ်ထုပ်တွေကြား ငါဝင်မပါချင်ပါဘူး”

“ဒါဆို ကျုပ်တို့သူ့ကိုပြန်လွှတ်ပေးမယ်၊ ခင်ဗျားကြီး လစ်လိုက်တော့ ဟုတ်ပြီလား”

ဦးဘသာက ခေါင်းခါပြီး

“သူတစ်ယောက်တည်းမရဘူးကွ၊ မင်းတို့ယူထားတဲ့ကြောင်ပါ ပြန်ပေးရမယ်”

“ခင်ဗျားရူးနေသလားဗျာ၊ ကျုပ်တို့ဆီက တစ်ဖက်လှည့်နဲ့လုမယ်မကြိုးစားနဲ့နော်၊ ကျုပ်ကအသက်ချင်းလဲပစ်လိုက်မယ်”

“ကြောင်မထားခဲ့ပဲနဲ့တော့၊ မင်းတို့ ဒီရွာကထွက်သွားဖို့ မစဉ်းစားကြနဲ့ကွ”

ပြောင်ကြီးက သူ့လက်ထဲက ဓါးကို မန်းမှုတ်ပြီးတော့ ဦးဘသာဆီကိုပစ်ထည့်လိုက်ပါရောဗျာ၊ ဓါးက လေပေါ်မှာတဝဲလည်လည်နဲ့လှည့်သွားပြီးတော့ ဦးဘသာကြီးဆီကိုပြေးဝင်သွားပါရောဗျာ၊ ဦးဘသာက သူ့မျက်နှာတည့်တည့်ပြေးဝင်လာတဲ့ဓါးကို စိုက်ပဲကြည့်နေလိုက်တယ်ဗျ၊ ဓါးက သူ့မျက်နှာရှေ့ရောက်တော့ လေပေါ်မှာရပ်သွားပါရော။

“မင်းတို့က ဒါလောက်ပဲတတ်တာကိုး အောက်လမ်းပြောင်ကြီးရ”

ဦးဘသာက ပြောပြီး ဓါးကိုပြောင်ကြီးဆီကို ပြန်လွှတ်လိုက်တယ်ဗျာ၊ ပြောင်ကြီးဆီကိုဓါးကပျံဝင်လာတယ်၊ ပြောင်ကြီးက သူ့အိတ်ထဲက အင်းချပ်တစ်ခုကိုလက်ဝါးမှာကပ်ပြီးတော့ သူ့ဆီပျံလာတဲ့ဓါးကို လက်ဝါးနဲ့ရိုက်ချလိုက်ပါရော၊ ဒါပေမယ့် ဓါးကမရပ်ဘဲ သူ့လက်ကိုဖောက်ထွက်သွားတယ်ဗျာ၊ သူ့ဓါးမြှောင်က သူ့လက်မှာစိုက်ပြီး ဓါးဦးချွန်က လက်ဖမိုးကနေ ဖောက်ထွက်သွားပါရော။ ပြောင်ကြီး အားခနဲအော်ပြီးတော့ လက်ကိုခါနေတယ်ဗျ။

ပြီးတော့ သူ့လက်ကဓါးကို သူဆွဲနှုတ်တယ်ဗျာ၊ ဓါးမြှောင်က ဘယ်လိုမှကိုပြန်ဆွဲနှုတ်လို့မရဘူးဗျ၊ ဒါနဲ့ ကြောင်ကိုင်ထားတဲ့ သူ့တပည့်ကိုလှမ်းကြည့်ပြီး

“ဟေ့ကောင်၊ ငါ့ကိုဒီဓါးလာဆွဲနှုတ်ပေးစမ်းပါအုံးကွာ”

သူ့တပည့်ကလည်း ဆွဲတယ်ဗျ၊ ဒါပေမယ့် ဓါးက လုံးဝကိုဆွဲချွတ်လို့မရတာ၊ ဦးဘသာက လက်ကလေးအနောက်ပစ်ပြီးတော့

“ဒီဓါးကိုချွတ်နေရင်လည်းအပိုပဲ၊ ဒီဓါးက မင်းရဲ့လက်မှာစိုက်နေရုံတင်မဟုတ်ဘူး၊ တဖြည်းဖြည်းနဲ့ သူ့အလိုလိုတိုးပြီး မင်းရဲ့အသွေးအသားတွေကို ခွဲဖြတ်သွားလိမ့်မယ်ကွ”

ဦးဘသာပြောလို့မှ မဆုံးသေးဘူးဗျာ၊ လက်ဝါးမှာစိုက်နေတဲ့ဓါးက လက်ကောက်ဝတ်ဆီကိုတဖြည်းဖြည်းနဲ့ရွေ့လာတယ်၊ အောက်လမ်းပြောင်ကြီးဆိုရင် အော်လိုက်တာမှ ပြောမနေပါနဲ့ဗျာ။ ပြောင်ကြီးက ဒူးထောက်ထိုင်ချလိုက်ပြီးတော့

“ကျုပ်တို့မှားပါတယ်ဆရာကြီး၊ ကျုပ်တို့တောင်းပန်ပါတယ်၊ ကျုပ်ကိုဒီဓါးလေးပြန်ချွတ်ပေးပါ”

“ငါလိုချင်တာ တောင်းပန်တာမဟုတ်ဘူးကွ၊ မင်းတို့လက်ထဲက ကြောင်ကိုပေးခဲ့၊ ပြီးရင် မင်းတို့ဒီရွာကနေထွက်သွားကြ၊ ဒါဆိုရင် ဓါးက သူ့အလိုလိုကျွတ်ထွက်သွားလိမ့်မယ်”

အောက်လမ်းပြောင်ကြီးတို့နှစ်ယောက် ဝေခွဲမရဖြစ်နေတဲ့ပုံပါပဲဗျာ။ ဓါးကလည်း အပေါ်ကိုတဖြည်းဖြည်းတက်သွားသဗျ၊ ဦးဘသာက ခပ်ပြုံးပြုံးနဲ့ကြည့်ရင်း

“မင်းတို့မေးသလို ပြန်မေးပါအုံးမယ်၊ ဟေ့ကောင်ပြောင်ကြီး ကြောင်တစ်ကောင်အတွက်နဲ့ မင်းရဲ့အသက်ပေးရလောက်အောင် အဲဒီကြောင်က တန်ရဲ့လားကွ”

ပြောင်ကြီးက ဒီတော့မှ သူ့တပည့်ကိုကြည့်ပြီး

“ဟေ့ကောင်၊ ပေး . . ပေးလိုက်ကွာ”

သူ့တပည့်က ကြောင်ကိုဦးဘသာကြီးအရှေ့ကိုလှမ်းပစ်ပေးလိုက်တော့တယ်၊ ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့

“ကဲ မင်းတို့သွားနိုင်ပြီ”

အောက်လမ်းဘပြောင်တို့က မသွားဘဲနဲ့ ကြောင်စီစီနဲ့ရပ်နေတယ်ဗျ၊ ဦးဘသာက တစ်နေရာကိုကြည့်ပြီး

“ဟာ၊ မင်းတို့မသွားကြသေးဘူးလား၊ မင်းတို့မသွားဘူးဆိုရင် မင်းတို့ကို ဟိုကောင်က ကိုက်မှာနော်”

ဦးဘသာက လမ်းဘေးတစ်နေရာကိုထိုးပြလိုက်တယ်ဗျ၊ အဲဒီမှာတော့ ကြောင်နက်တစ်ကောင်ထိုင်နေတယ်၊ အဲဒီကြောင်နက်က ပြောင်ကြီးတို့ဆီကို တလှမ်းချင်းလျှောက်လာတယ်ဗျာ၊ လျှောက်လာရင်နဲ့ ကြောင်ကတဖြည်းဖြည်းကြီးလာသဗျ၊ ပြောင်ကြီးတို့အနားလဲရောက်ရော ကြောင်ကြီးက ကျားလောက်ဖြစ်နေပြီ၊ ပြောင်ကြီးတို့ကို မာန်ဖီပြီး စားမယ့်သောက်မယ့်ရုပ်နဲ့ပြေးလိုက်တော့ ပြောင်ကြီးတို့နှစ်ယောက် ပြေးလိုက်တာ မှုန်နေတာပါပဲဗျာ၊

ဒီတော့မှ ကျုပ်လည်း လှုပ်လို့ရသွားတယ်ဗျာ၊ လှုပ်လို့ရတာနဲ့ နက်မှောင်ရဲ့အလောင်းကို ပြေးကောက်လိုက်တယ်၊ ရင်ခွဲပြီး ကလီစာတွေအထုတ်ခံထားရတဲ့ နက်မှောင်က သေနေပါရော၊ ဒါပေမယ့် ထူးဆန်းတာက သူ့မျက်လုံးပဲဗျ၊ သူ့မျက်လုံးတွေက အလင်းရောင်တွေထွက်နေပြီးတော့ ဘောလုံးတစ်လုံးလည်သလိုမျိုး ပတ်ပတ်လည် လည်နေပါရော။

“ဟာ၊ နက်မှောင်မျက်လုံးက လည်နေတယ်ဦးဘသာ”

“ဒါကြောင့် ဟိုကောင်တွေ လက်မလွှတ်ချင်တာပေါ့ကွ၊ မင်းရဲ့ကြောင်က ကြောင်မျက်ရှင်အစစ်ဖြစ်နေသကွ၊ ဒါကိုသိလို့ ဒီကောင်တွေ မရမကခိုးတာပေါ့၊ ဒီကြောင်မျက်ရှင်အစစ်ကိုသာ ရောင်းလိုက်ရမယ်ဆိုရင် သူတို့ နေ့ချင်းညချင်းသူဌေးဖြစ်သွားမှာကိုး”

“ဒါဆို ဘယ်လိုလုပ်ကြမလဲဦးဘသာ”

“ကြောင်မျက်ရှင်ဆိုတာ ကောင်းတဲ့လူတွေလက်ထဲရောက်သွားရင် ဘာမှမဖြစ်ပေမယ့် မကောင်းတဲ့လူတွေလက်ထဲရောက်သွားရင် အများကြီးဆိုးရွားသွားနိုင်တယ်၊ ဒီလိုပစ္စည်းကို ဈေးကြီးပေးပြီးဝယ်တယ်ဆိုကတည်းက ကောင်းတဲ့လူလက်ထဲရောက်ဖို့ဆိုတာ ခပ်ရှားရွားကွ၊ ဒါကြောင့် ဒီကြောင်မျက်ရှင်ကို ဖျက်ဆီးပစ်ရမယ်၊ ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ ကြောင်မျက်ရှင်ကို အစဖျောက်ပစ်ရမယ်ကွ”

ဦးဘသာက ပြောဆိုရင်း ကျုပ်ဆီကိုလက်ကမ်းတယ်၊ ကျုပ်ကလည်း နက်မှောင်ကြီးအလောင်းကို မပေးချင်ပေးချင်နဲ့ ပေးလိုက်ရတော့တာပါပဲဗျာ၊ ဦးဘသာကနက်မှောင်အလောင်းကို မန်းမှုတ်ပြီးတော့ မြေကြီးပေါ်ကိုပစ်ချလိုက်ပါရောဗျာ၊ မြေကြီးနဲ့ထိပြီးတာနဲ့ နက်မှောင်ရဲ့အလောင်းက မြေကြီးထဲကို သူ့အလိုလိုနစ်ဝင်သွားပြီးတော့ အစအနပါပျောက်သွားပါရော။

“ကဲအလတ်ကောင်၊ မင်းရဲ့ဆုံးရှုံးမှုကို ငါကိုယ်ချင်းစာပါတယ်ကွာ၊ ဒါပေမယ့် လူ့လောကအတွက် မကောင်းကျိုးဖြစ်စေမယ့် ကြောင်မျက်ရှင်တစ်ခုကို ကာကွယ်လိုက်နှိင်တာကိုတော့ မင်းအတွက်ဂုဏ်ယူပါတယ်၊ ကဲ သွားကြစို့”

ဦးဘသာကြီးနဲ့အတူတူ ကျုပ်လိုက်လာခဲ့မိတယ်၊ ကျုပ်ခြေလှမ်းတွေက လေးလံနေတာပါပဲဗျာ၊ ဒီလိုနဲ့ ကျုပ်ရွာအဝင်လမ်းကို တစ်ချက်လှည့်ကြည့်လိုက်တော့ နက်မှောင်က လမ်းအလယ်ခေါင်တည့်တည့်မှာ ငုတ်တုတ်ထိုင်နေပြီး ကျုပ်ကိုကြည့်နေပါရော၊ ခဏကြာတော့မှ တစ်ဖက်လှည့်ပြီး အမှောင်ထုထဲကိုတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်ဗျာ။

ကြောင်ကုတင်ပျက်သွားရင် ကျန်တဲ့အကောင်တွေလည်း သက်ဆိုးမရှည်ဘူးတဲ့ဗျ၊ အဲဒါဖြစ်နိုင်တယ်၊ ကျန်တဲ့ကြောင်သုံးကောင်ကိုကျုပ်ဆက်မွေးထားပါသေးတယ်၊ ဒါပေမယ့် သူတို့လည်း တစ်ကောင်ပြီးတစ်ကောင် ရောဂါဖြစ်ပြီးတော့ သေသွားကြတယ်ဗျ၊ သူတို့သေပြီးကတည်းက အိမ်မှာကြောင်မမွေးဖြစ်တော့တာ အခုထိပဲ ဆိုပါတော့ဗျာ။

ပြီးပါပြီ။