ဘုန်းကြီးတစ္ဆေ

ဆက်ဆံလေ့ရှိကြ၏။

တနေ့သ၌ သတို့သားနှင့် သတို့သမီးတို့သည် ကျွန်တော်၏ နေအိမ်သို့ ကားတစီးနှင့် ဆိုက်ရောက်လာကြ၍ လက်ဖက်ရည် သောက်လျက်ရှိကြစဉ် ကျွန်တော်သည် တဦးအပေါ်၌ တဦး အထူး ကြင်နာ ချစ်ခင်ဟန် ရှိကြသော လူငယ်နှစ်ယောက်တို့ကို ကြည့်ရှု အကဲခတ်ရင်း ဤတသက်၌ လူပျိုကြီး အဖြစ်နှင့်ပင် ဘဝဆုံးစေပါတော့မည်ဟု ရည်မှန်းဆုံးဖြတ်ခဲ့သော သန္နိဋ္ဌာန်သည် တကြိမ် နှစ်ကြိမ်မျှ ပျက်လုမတတ် ရှိခဲ့၏။ ၎င်းတို့၏ အမူအရာနှင့် မျက်နှာထားများမှာ ထိုမျှလောက်ပင် သားရည်ယိုဖွယ်ရာ ရှိနေပေ၏။ ထိုသို့သော အခြင်းအရာကို တွေ့မြင်ရဖူးသောကြောင့်ပင် ကျွန်တော်မှာ ဖော်ပြလတ္တံ့သော ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပွား ပေါ်ပေါက်လာသောအခါ၌ သာ၍ပင် ဝမ်းနည်းကြေကွဲမိပေ၏။

မောင်လှထွန်းနှင့် မစိန်ညွန့်တို့မှာ ဇွန်လ ၈ ရက်နေ့၌ ထိမ်းမြားလက်ထပ်ရန် ချိန်းထားသည်ဖြစ်ရာ ဇွန်လ ၂ ရက်နေ့၌ ၎င်းတို့ နှစ်ဦးနှင့် အခြားသော ယောက်ျား မိန်းမ မိတ်ဆွေများသည် မော်တော်ကားများနှင့် ဟန်လင်းကြီးရွာသို့ ပျော်ပွဲစား ထွက်ကြ၏။ ၎င်းတို့အနက်တွင် ကျွန်တော်လည်း အပါအဝင် ဖြစ်ခဲ့၏။
ဟန်လင်းကြီးရွာမှာ မုဆိုးဘူတာ၏ အရှေ့ သုံးမိုင်ခန့်ကွာဝေးသောအရပ်၌ တည်ရှိသည်ဖြစ်ရာ ၎င်းရွာ၌ ရေပူတွင်း ရေအေးတွင်းမကြီးမှ စ၍ အဆန်းတကြယ် ကြည့်ရှုဖွယ်ရာ ကောင်းသော အရာများ တည်ရှိသည့်ပြင် ရာဇဝင်တွင်ပါရှိသည့် ပျူမင်း ပြုံးမင်းတို့ အကြောင်းနှင့်ပတ်သက်၍ မှတ်သားဖွယ်ရာ ဆန်းပြားသော အဖြစ်အပျက်များအားဖြင့်လည်း ဆက်သွယ်ခြင်း ရှိခဲ့၏။ ကျွန်တော်တို့သည် နေ့စာအတွက် စားသောက်ဖွယ်များနှင့် တကွ ကားသုံးစင်းနှင့် ထွက်သွားကြ၍ တခုသော ကျောင်းပျက်ကြီး တဆောင်၌ စခန်းချကြ၏။ ၎င်းကျောင်းပျက်ကြီးမှာ ဘုန်းကြီးတစ္ဆေ ခြောက်တတ်ကြောင်းနှင့် သတင်းဖြစ်ပွားလျက် ရှိရာ ယုံကြည်ကြသော သူတို့၏ အဆိုမှာ ၎င်းဘုန်းကြီးတစ္ဆေကို တွေ့မြင်ရသော သူသည် ယောက်ျား တယောက် ဖြစ်ခဲ့ပါလျှင် မကြာမီအတွင်း တနည်းနည်းဖြင့် သေဆုံးရမည်ဟူ၍ ပြောကြ၏။ ကျွန်တော်တို့မှာမူ ခေတ်ကာလ လူငယ်များ ဖြစ်ကြသောကြောင့် ထိုအခြင်းအရာမျိုး၌ အယုံအကြည် မရှိကြသည် ဖြစ်၍ တဦးသော သူသည် သင်္ကန်းဟောင်းတထည်ကို ကိုယ်တွင် ရစ်ပတ်လျက် ဘုန်းကြီးတစ္ဆေယောင်ပင် ဆောင်လျက် လူအများကို ရယ်မောစိမ့်သောငှာ ပြောင်လှောင် ခြောက်လှန့်ခဲ့လေသည်။ လူ အားလုံးတို့မှာ အရွယ်ကောင်းများ ဖြစ်ကြ၍ အပျော်သက်သက်လည်း လာရောက်ကြခြင်းလည်း ဖြစ်သောကြောင့် စားလိုက်မည် သောက်လိုက်မည် ပျော်လိုက်မည် ပါးလိုက်မည်ဟု စိတ်ထားမျိုးနှင့် ရွှင်မြူးစွာ ရှိကြသော သူများ ဖြစ်ကြလေသည်။ ။
ကျောင်းအုပ်ကိုစံလင်းသည် ကျွန်တော်တို့နှင့်အတူ ပါလာခဲ့သည် ဖြစ်ရာ ထိုသူသည် တစ္ဆေအကြောင်းနှင့် စပ်လျဉ်း၍ အထူးသဖြင့် ယုံကြည်ခြင်း နည်းပါးလေရကား တစ္ဆေနှင့် ပတ်သက်သမျှ ပုံတိုပုံစများကို ရယ်ရွှင်ဖွယ်ဖြစ်အောင် ပြောင်လှောင် ပြက်ရယ်ပြု၍ ပြောလျက် ရှိ၏။
လင်း။ ။ “အလကားဟာတွေပါကွာ။ သူ့ခြောက်တယ်၊ ငါ့ခြောက်တယ်နှင့် သေသေချာချာ စစ်ပေါက်လိုက်ပြီ ဆိုမှဖြင့် အခြောက်ခံရတဲ့ လူကို ရှာလို့ မတွေ့ဘူး၊ ဝမ်းထဲက အစာမကျေလေတော့ ယုန်ထင်ကြောင်ထင် ထင်ပြီး တစ္ဆေဖြစ်အောင် ပြောတဲ့ လူချည်း တွေ့ရတာပါပဲဗျာ။ ကျုပ်မတော့ ပြောရ မှာဖြင့် ဒီလို ကျောင်းပျက်ကြီးမှာ တည်းခိုရတာက သာပြီး လွတ်လွတ် လပ်လပ် ရှိသေးတယ်။ ကိုင်း ဒါထက် ကျုပ်မှာ ကင်မရာ ပါတယ်။ ဓာတ်ပုံရိုက်ကြရအောင်ဗျို့”
ကိုစံလင်းမှာ ဓာတ်ပုံရိုက်ကူးခြင်း၌ ဝါသနာပါသူ တယောက် ဖြစ်သည့်အတိုင်း သွားလေရာရာ၌ ကင်မရာကို ဆောင်တတ်သူတယောက် ဖြစ်လေရာ ကျောင်းပျက်ကြီးကို အမျိုးမျိုးသော နေရာတို့မှ လှည့်ပတ်၍ ဓာတ်ပုံများ ရိုက်ကူးလေ၏။ ၎င်းနောက်
လင်း။ ။ “ကိုင်း ကျုပ်မှာ မှန်တချပ် ကျန်သေးတယ်။ ကိုလှထွန်းနှင့် မစိန်ညွန့်တို့ ရိုက်ချင် ရိုက်လိုက်ကြ။ ကျုပ် ရိုက်ပေးမယ် လာကြ”
ထိုခဏ၌ ကျွန်တော်မှာလည်း ကိုစံလင်း အနီး၌ ရပ်လျက် ရှိနေ၍ အခြားသူများမှာမူ ကျွန်တော်တို့၏ နောက်၌ စုရုံးကာ စကားပြောလျက် ရှိကြ၏။
ထိုအခါ ကိုလှထွန်းနှင့် မစိန်ညွန့်တို့သည် လူအများနှင့် စကားပြော နေကြရာမှ ထလာ၍ နှစ်ဦးယှဉ်တွဲလျက် ဓာတ်ပုံရိုက်ရန် ပြင်ဆင်ကြလေ၏။ ကိုစံလင်းသည် ထိုသူနှစ်ယောက်ကို ချိန်ပြီးနောက် သားရေဘုကလေးကို နှိပ်လိုက်သောအခါတွင် “အလိုလေးဗျ” ဟု ခပ်တိုးတိုး အော်လိုက်၏။ ကျွန်တော်သည် ထိုထူးဆန်းသော အော်သံကို ကြားသည်နှင့် ကိုစံလင်းသို့ ကြည့်လိုက်ရာတွင် ကိုစံလင်းသည် ရှေ့တည့်တည့်သို့ ကြောင်တောင်ကာ ကြည့်လျက် ၎င်း၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်ကို မြင်လိုက်ရ၏။ ကိုလှထွန်းနှင့် မစိန်ညွန့်ကို့ကမူ ကိုစံလင်း၏ ထူးခြားသော အမူအရာကို သတိပြုမိဟန် မရှိဘဲ ဓာတ်ပုံရိုက်ခြင်းကိစ္စ ပြီးစီးသဖြင့် လှည့်၍ ထွက်သွားကြ၏။ ကျွန်တော်သည် ကိုစံလင်း၏ အနီးသို့ ချဉ်းကပ်၍
“ဘာဖြစ်တာလဲဗျ ကိုစံလင်း”
“ဘာမှ မဟုတ်ပါဘူး ခင်ဗျာ”
ထိုအခါ၌ကား ကိုစံလင်းမှာ မျက်နှာပျက်လောက်အောင် မရှိတော့ငြားသော်လည်း ဓာတ်ပုံကိရိယာများကို သိမ်းဆည်းလျက်ရှိသော ၎င်း၏ လက်ချောင်းကလေးများမှာ အတန်ငယ် တုန်လှုပ်လျက်ပင် ရှိနေသေး၏။ ထိုနောက်မှ ကိုစံလင်းက ကျွန်တော်အား
လင်း။ ။ “ကိုလှထွန်း အနီးမှာ တယောက်ယောက် ရပ်နေတာကို ခင်ဗျား မမြင်လိုက်ဘူးလား”
ကျွန်တော်။ ။ “မမြင်လိုက်ရပေါင်ဗျာ။ ခင်ဗျား မြင်လို့လား”
လင်း။ ။ “ကျွန်တော့်တော့ မြင်လိုက်သလိုလိုပဲဗျ။ သို့သော်လည်း မှန်ရိပ်က လှည့်စားတာ ထင်ပါရဲ့ဗျာ” ဟု ပြောဆိုကာ ရယ်မောလေ၏။
ကျွန်တော်မှာမူ ကိုစံလင်း၏ ရယ်မောပုံကို သင်္ကာမကင်းသည်နှင့် ၎င်း၏ မျက်နှာကို သေချာစွာ အကဲခတ်လျက်
ကျွန်တော်။ ။ (ပြောင်လှောင်လျက်) “ဘာလဲ ခင်ဗျားက ဘုန်းကြီး တစ္ဆေကို မြင်လိုက်လို့လား”
လင်း။ ။ “ဒွတ်တေရီး၊ မဟုတ်တရုတ်နှင့်ဗျာ။ သို့သော် အတည်ပြောရမှာဖြင့် ဒီဟာမျိုးနှင့် ပတ်သက်လို့ လှောင်လား ပြောင်လား မလုပ်တာ ကောင်းတယ်ဗျို့”

ကိုစံလင်းမှာ ရောက်ခါစက ထိုအကြောင်းမျိုးနှင့် ပတ်သက်၍ သူ တပါးတို့ထက် အထူးသဖြင့် လှောင်ပြောင် ပြောဆိုခဲ့သူဖြစ်ပါလျက် ယခုအချိန်တွင်မှ ကျွန်တော်အား သတိပေးခြင်းမှာ တော်လှပေသည်ဟု စိတ်ထဲ၌ အောက်မေ့မိ၏။ သို့ရာတွင် ကျွန်တော်သည် ထိုအကြောင်းကို မည်သူအားမျှမပြောမိချေ။ ညနေခင်းအချိန်၌ ကျွန်တော်တို့သည် ရွှေဘိုမြို့သို့ ပြန်ကြ၍ လမ်းခရီး၌ တစုံတရာမျှ အနှောင့်အယှက် မတွေ့ဘဲ ကောင်းမွန် ချောမောစွာ ပြန်လည်ဆိုက်ရောက်ကြလေ၏။
နှစ်ရက်ခန့် ကြာသောအခါတွင် ကိုစံလင်းသည် ကျွန်တော်၏ နေအိမ် သို့ ဣန္ဒြေကြီးသော မျက်နှာထားနှင့် လာရောက်သောအခါတွင် ကျွန်တော် သည် ပျော်ပွဲစား ထွက်ကြစဉ်က အဖြစ်အပျက်ကို လုံးလုံး သတိမရတော့ဘဲ မည်သည့်ကိစ္စနှင့် လာရောက်ခြင်း ဖြစ်လေသနည်းဟူ၍ပင် တွေးတော မိလေ၏။

လင်း။ ။ (ဣန္ဒြေကြီးသော မျက်နှာနှင့်) “ခင်ဗျားနှင့် တိုင်ပင်စရာ တခု ရှိတယ်ဗျာ။တတ်နိုင်လျှင် အကြံတခု ပေးစမ်းပါဦး”
ကျွန်တော်။ ။ “ဘာကိစ္စများလဲဗျာ”
လင်း။ ။ “တနေ့က ကျွန်တော်တို့ ပျော်ပွဲစား ထွက်ခဲ့ကြတာ ခင်ဗျား သတိရသေးသလား”
ကျွန်တော်။ ။ “ဘယ့်နှယ် ရရင်ကောဗျာ”
လင်း။ ။ “ကိုလှထွန်းနှင့် မစိန်ညွန့်တို့ နှစ်ယောက်ကို ကျွန်တော်က ဓာတ်ပုံ ရိုက်ယူတော့ ခင်ဗျားက ဘုန်းကြီးတစ္ဆေ မြင်လိုက်သလားလို့တောင် ပြောပြီးမေးသေးတယ် ဟုတ်လား”
ကျွန်တော်။ ။ “ခင်ဗျား မျက်နှာပျက်နေတာ တွေ့လေတော့ မေးမိတယ်။ ဟုတ်တယ်” .
လင်း။ ။ “မျက်နှာပျက်တာက အခြားကြောင့် မဟုတ်ဘူး။ ခင်ဗျား မေးတဲ့ အတိုင်းကိုပဲ ဘုန်းကြီးတစ္ဆေကို ကျွန်တော် မြင်လိုက်ရတယ်”
ကျွန်တော်။ ။ (ရယ်မောလျက်) ခင်ဗျားလို မယုံတဲ့ လူ
တယောက် ကလားဗျာ”
လင်း ။ ။ “ရယ်စရာ မဟုတ်ဘူးဗျ။ ကျွန်တော် တကယ် မြင်လိုက်လို့ ပြောတာပါ။ အစတုန်းကတော့ မှန်ပါတယ်။ ကျွန်တော့်လောက် မယုံတဲ့လူ ခပ်ရှားရှားပါပဲ။ ဒါကြောင့်မို့လို့ ဟိုကပြန်လာတော့ လမ်းတလမ်းလုံးရော အိမ်ရောက်တော့ရော ငါမြင်တဲ့ဟာ မဟုတ်နိုင်ပါဘူးလို့ အထပ်တလဲလဲ ကိုယ့်ကိုကိုယ် ပြောလာခဲ့မိပါတယ်။ သို့သော် အခုတော့ ကျွန်တော် မြင်လိုက်ရတဲ့ဟာ စိတ်က ထင်လို့ မဟုတ်ဘူး၊ တကယ်စင်စစ် ဖြစ်တဲ့အကြောင်းကို သက်သေခံကြီး တွေ့ရပြီဗျ”
ကျွန်တော်။ ။ ‘ကြံကြံစည်စည်ဗျာ၊ ဘယ်လို သက်သေခံများ ခင်ဗျား တွေ့ထားလို့လဲ”
လင်း။ ။ “ကျွန်တော် ဓာတ်ပုံရိုက်တာ ခင်ဗျား သတိရတယ် မဟုတ်လား”
ကျွန်တော်။ ။ ‘သတိရပါတယ်”
လင်း။ ။ “လူ့မျက်စိဟာ အထင် မှားချင်မှားနိုင်တယ်။ ဓာတ်ပုံက မှန်ဟာ အထင်မှားတယ်လို့ မရှိနိုင်ဘူးဗျ”
ထိုအခါ ကိုစံလင်းသည် အင်္ကျီအိတ်ထဲမှ ဓာတ်ပုံတခုကို ထုတ်၍ ကျွန်တော်အား ပြသဖြင့် ကျွန်တော်သည် ၎င်းဓာတ်ပုံကို ကြည့်မိရာတွင် ကျောဆီမှ စိမ့်ခနဲ ဖြစ်သွား၍ ၎င်းဓာတ်ပုံတွင် ကိုလှထွန်းနှင့် မစိန်ညွန့်တို့သည် ကျောင်းပျက်ကြီး၏ ရှေ့၌ မတ်တတ်ရပ်လျက် ရှိကြရာ ကိုလှထွန်း၏ အနီး၌ကား သင်္ကန်းကို ခေါင်းမြီးခြုံထားသော ဘုန်းကြီး
တပါးသည် ကိုလှထွန်း ရှိရာသို့ လက်လှမ်းကာ မတ်တတ်ရပ်လျက် ရှိသည်ကို တွေ့မြင်ရလေ၏။ ထိုဘုန်းကြီး၏ မျက်နှာမှာ သင်္ကန်းဖြင့် ဖုံးအုပ်လျက် ရှိနေသောကြောင့် မမြင်နိုင်ငြားသော်လည်း ကိုယ်ဟန်အမူအရာမှာ ခြိမ်းခြောက်ခြင်းတည်း ဟူသော အခြင်းအရာသည် ကောင်းစွာ ထင်ရှားလျက် ရှိသည်ဖြစ်သောကြောင့် ကျွန်တော်မှာ အခြောက်လာသည်နှင့် ရေတခွက်ကို ငဲ့၍ သောက်လိုက်မိသေး၏။
ကျွန်တော်။ ။ “ခင်ဗျား မှန်က တခုခု ချွတ်ယွင်းနေလို့
လေလားဗျာ”
လင်း။ ။ “ကျွန်တော်လည်း ဒီလို တွေးမိပါသေးရဲ့။ သို့သော်လည်း ချွတ် ယွင်းပုံက ထူးခြားလှချေတကားဗျာ ဒိပြင် အကြောင်းကလည်း ဒီဟာကြီးကို ဟိုတုန်းက ကျွန်တော်ကိုယ်တိုင် မျက်စိနှင့် မြင်လိုက်ရတယ်။ ဒီတော့ ဘယ်နည်းနှင့်မှ ချွတ်ယွင်းတာ မဟုတ်နိုင်ဘူး”
ကျွန်တော်။ ။ “ခင်ဗျား မြင်ရလျှင် ကျုပ်တော့ကျ မြင်ပါတော့လားဗျာ”
လင်း။ ။ “ဒါတော့ ကျွန်တော် မပြောတတ်ဘူး” ၎င်းနောက် ကျွန်တော်တို့ နှစ်ဦးသည် အတန်ငယ်ကြာအောင် စကားမပြောဘဲ စဉ်းစားစိတ်ကူးကာ ရှိနေကြလေ၏။ နောက်ဆုံး၌
ကျွန်တော်။ ။ “ဒီဟာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါဘူးဗျာ။ ခုခေတ်အခါကြီးမှာ ဒီဟာမျိုးတွေ ကွယ်ကုန်ပါပြီ”
လင်း။ ။ “ကျွန်တော်လည်း ဒီလိုပဲ တွေးမိပါသေးတယ်။ သို့သော် ခက်နေတာက ဓာတ်ပုံကြီး တခုလုံး သက်သေခံကြီး ရှိနေတယ်ဗျ။ ကျွန်တော့်မျက်စိ တခုတည်း မြင်လိုက်တယ် ဆိုလျှင်တော့ ငြင်းပယ်နိုင်စရာ အကြောင်းတွေ အမျိုးမျိုး ရှိတာပေါ့ဗျာ။ အခုတော့ ဒီဓာတ်ပုံကို ခင်ဗျား ဘယ်လို လုပ်ပြီး ငြင်းမလဲဗျာ”
ကျွန်တော်။ ။ “ဒီဓာတ်ပုံ ကူးယူတဲ့ မှန်ကော ရှိသေးသလား”
လင်း။ ။ “မရှိတော့ဘူး၊ ဓာတ်ပုံနှစ်ပုံ ကူးယူပြီးတဲ့နောက် စိတ်ထဲမှာ ခပ်ထိတ်ထိတ် ဖြစ်လာတာနှင့် ခွဲပစ်လိုက်မိပြီ။ သို့သော် ဒီဟာက အရေး မကြီးပါဘူး၊ အရေးကြီးတာက ဒီဟာကို ကျွန်တော်တို့ ဘယ့်နှယ် လုပ် ကြမလဲ
ကျွန်တော်။ ။ “ဘာလုပ်ဖို့ ရှိလို့လဲဗျာ”
လင်း။ ။ “ကျွန်တော် ဆိုလိုတာက ကိုလှထွန်းကို ကျွန်တော်တို့ သတိပေးကြဖို့ လိုသလား၊ မလိုဘူးလား။ ဒီဟာ တိုင်ပင်ချင်လို့ လာတာပါပဲ။ သူတို့တတွေ ပြောကြတဲ့အကြောင်းကို ခင်ဗျား ကြားဖူးတယ် မဟုတ်လား သူတို့ အဆိုကတော့ ဘုန်းကြီးတစ္ဆေနှင့် ထိတို့မိတဲ့ လူဟာ မကြာမီအတွင်း သေတတ်တယ်လို့ ပြောကြတယ်။ ဟိုနေ့က ကိုလှထွန်းနှင့် ထိတို့မိတယ်ဗျ ”
ကျွန်တော်။ ။ “မဟုတ်တာဗျာ ဒီခေတ်ကြီးမှာ ဒါမျိုးတွေ မရှိတော့ပါဘူး ကိုစံလင်းရဲ့”
လင်း။ ။ “ပြောပါ ပြောပါ။ ခင်ဗျား ပြောသမျှတွေဟာ ကျွန်တော် ကိုယ်တိုင် ပြောပြီးသားတွေချည်းပါပဲ”
ကျွန်တော်။ ။ “အကယ်၍ ဟိုနေ့က ဘုန်းကြီးတစ္ဆေ ပေါ်လာတယ်ဆိုတာ မှန်စေကာမူ ဘုန်းကြီးတစ္ဆေနှင့် ကိုလှထွန်းနှင့် ထိမိတယ်ဆိုတာလည်း မှန်စေကာမူ ထိတို့မိသူတိုင်း သေတတ်တယ်ဆိုတဲ့ စကားဟာ မှန်ရတော့ မှာလားဗျ”
လင်း။ ။ “ဒီလိုလည်း ကျွန်တော် စဉ်းစားမိပါတယ်”
ကျွန်တော်။ ။ “ဒီတော့ကာ ကိုလှထွန်းဟာ သေရမယ့် လူဖြစ်လျှင်လည်း ကျုပ်တို့က ဘာပဲလုပ်လုပ် သေမှာ သေမှာပဲ။ အဲဒီတော့ ဘာမှ အကြောင်း မထူးတော့တဲ့ အတူတူ သူ့ခမျာမှာ စိတ်မကောင်း မဖြစ်ရအောင် ကျုပ်တို့က သူ့ကို ဒီအကြောင်း အလျဉ်းမပြောဘဲ နေလျှင် အကောင်းဆုံးပဲလို့ ကျုပ် ထင်တယ်”
လင်း။ ။ “ဒီ အချက်ကို ခင်ဗျားနှင့် တိုင်ပင်ချင်လို့ လာခဲ့ခြင်းပါပဲ။ ခင်ဗျားက သတိပေးဖို့ မလိုဘူး ထင်လျှင် ခင်ဗျားစကားကို ကျွန်တော် နာယူပြီး ကိုလှထွန်းကို ဒီအကြောင်းနှင့် ပတ်သက်ပြီး လေသံမှ မသလပ်စေရပါဘူးဗျာ။ ကိုင်း ဒါဖြင့် ဒီဓာတ်ပုံကိုပါ ခင်ဗျားပဲ သိမ်းထားလိုက်ပါတော့ ”
ကျွန်တော်။ ။ “ဒီဓာတ်ပုံကို တခါတည်း ဆုတ်ပစ်လိုက်ရလျှင် မကောင်း ပေဘူးလားဗျာ”
လင်း။ ။ “ခင်ဗျား သဘောအတိုင်းပါပဲ။ ခင်ဗျား ကြိုက်သလို ကြည့်ပြီး စီမံလိုက်ပါတော့။ ကိုင်း ကျွန်တော် ပြန်ဦးမယ်”
ကိုစံလင်း ပြန်သွားပြီးသည်နောက် ကျွန်တော်သည် ဓာတ်ပုံကို တဖန်ကောက်ယူ ကြည့်ရှုရင်း စဉ်းစား စိတ်ကူးပြန်လေရာ ကျေနပ်လောက်အောင် ဆုံးဖြတ်ချက် မချနိုင်ဘဲရှိနေသည်နှင့် မူလကြံရွယ်ရင်းအတိုင်း ဓာတ်ပုံကို မီးမရှို့သေးဘဲ စာရေးစားပွဲ အံဆွဲတွင် ထည့်ထားပြီးနောက်သော့ခတ်၍ ထားလိုက်လေ၏။
မောင်လှထွန်းနှင့် မစိန်ညွန့်တို့မှာ ဇွန်လ ရှစ်ရက်နေ့မှစ၍ လက်ထပ်ထိမ်းမြားရန် ရက်ချိန်း သတ်၍ ထားခဲ့ရာ မောင်လှထွန်းမှာ ဇွန်လ ခုနစ်ရက်နေ့ည၌ ကွယ်လွန်အနိစ္စ ရောက်ရှာလေ၏။ ကျွန်တော်မှာ ထိုသတင်းကို ကြားရသောအခါ၌ စိတ်ထဲ၌ ခံစားရသော ထိခိုက်တုန်လှုပ်ခြင်းကို ယနေ့တိုင် မမေ့နိုင်အောင် ရှိနေခဲ့ပေ၏။
ရွှေဘိုမြို့၏ တောင်ဘက်၌ လမ်းဖောက်ရန်အတွက် မြေများတူးဖော် သယ်ယူထားသည့် တာကျင်းများသည် အချို့နေရာများ၌ ဆယ်နှစ်ပေ ခန့် အနက်ရှိသည် ဖြစ်ရာ မောင်လှထွန်းသည် တာကျင်းထဲသို့ လိမ့်ကျ၍ လည်ကုပ်ကျိုးသွားသဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရှာလေ၏။ မောင်လှထွန်းမှာ ရွှေဘိုသား ဇာတိပင် မဟုတ်ငြားသော်လည်း ရွှေဘိုမြို့၌ နေထိုင်လာခဲ့သည်မှာ သုံးနှစ်ကျော် လေးနှစ်ခန့်မျှ ရှိပြီဖြစ်၍ ထိုနေရာ၌ နက်စောက်သော တာကျင်းများ ရှိနေကြောင်းကို သိသင့် သိထိုက်ပါလျက်နှင့် ၎င်းအတွင်းသို့ ကျသေဆုံးရခြင်းမှာ အံ့သြဖွယ်ရာတခု ဖြစ်ပေ၏။ ထိုပြင် မောင်လှထွန်း၏ ဝါသနာမှာ အစစ အရာရာမျိုး၌ နမော်နမဲ့ မရှိ စေ့စပ်သေချာစွာ လုပ်ကိုင် တတ်သူတယောက် ဖြစ်သည့်ပြင် မူးယစ်သောက်စားခြင်းလည်း နည်းပါးလှသူ တယောက် ဖြစ်လေရကား ထိုအခြင်းအရာသည် သာ၍ပင် အံ့သြဖွယ်ရာ ရှိနေခဲ့ပြန်၏။
မောင်လှထွန်း၏ အလောင်းကို ရှေးဦးစွာတွေ့ရသောသူမှာ ကျောင်းအုပ် ကိုစံလင်းပင် ဖြစ်သည်ဟု ပြောသံကြားရသောအခါ၌မူ ကျွန်တော်သည် ဘုန်းကြီးတစ္ဆေ အကြောင်းကို ရုတ်တရက် သတိရမိလေ၏။ သို့ဖြစ်၍ ကျွန်တော်သည် သတင်းကြားသည်နှင့် တပြိုင်နက် အဝတ်များလဲလှယ်၍ ကိုစံလင်း၏ အိမ်သို့ သွားရောက်လေရာ ကိုစံလင်းမှာလည်း ကျွန်တော်ကဲ့သို့ပင် စိတ်ထဲ၌ ထိခိုက်ဟန်ရှိသည့်ပြင် မောင်လှထွန်း သေဆုံးရခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူ ဖြစ်သောကြောင့် ကျွန်တော်ထက်ပင် တုန်လှုပ်ဟန် လက္ခဏာ ရှိပေ၏။
ကိုစံလင်းက မိမိသည် ညနေခင်းအချိန်တွင်မူ ရိုးတလျှောက် လမ်းလျှောက်လျက် ရှိစဉ် မောင်လှထွန်းကို အဝေးမှ ကြားလောက်အောင် ဟစ်အော်၍ ခေါ်ပြီးလျှင် ၎င်းတို့ နှစ်ဦးသည် တဦးထံ တဦး ရင်ဆိုင်လာလျက် ရှိကြကြောင်း၊ ထိုအတောအတွင်း မောင်လှထွန်းသည် ရုတ်တရက် လန့်၍ အော်ပြီးလျှင် လက်နှစ်ဖက်ကို မြှောက်လိုက်ကြောင်း၊ နောက်တခဏ၌ မောင်လှထွန်းမှာ ပက်လက်လန်၍ လဲသွားပြီးလျှင် တခါတည်း ကွယ်ပျောက်၍ သွားသည်ကို မြင်လိုက်ရကြောင်း၊ မိမိသည် ထိုနေရာသို့ လျင် မြန်စွာ ပြေးသွား၍ အနီးသို့ ရောက်သောအခါ တာကျင်းထဲသို့ ကျနေသော မောင်လှထွန်းကို တွေ့မြင်ရကြောင်း၊ အောက်သို့ ပြေးဆင်း၍ ထူပွေ့သော အခါတွင် အသက်လုံးလုံး မရှိတော့သည်ကို တွေ့ရကြောင်း၊ တာကျင်းမှာ အလွန် မနက်လှသော်လည်း ဦးခေါင်းသည် ကျောက်လုံးနှင့် ရိုက်မိ၍ လည်ကုပ်ကျိုးပြီးလျှင် ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်ကြောင်းများနှင့် ပြောပြ လေ၏။

လင်း။ ။ “ဟိုဓာတ်ပုံကို ခင်ဗျား ဆုတ်ပစ်လိုက်ပြီလား”

ကျွန်တော်။ ။“မဆုတ်သေးပါဘူး။ အခုတောင်ပါလာသေးတယ်။ သည့်ပြင်တပုံဟာကော ခင်ဗျားဆီမှာ ရှိသေးသလား ။

လင်း။ ။ “ရှိတယ်၊ ကိုင်း.ကျွန်တော်တို့ ဘယ့်နှယ်လုပ်ကြမယ်”

ကျွန်တော်။ ။ ‘ဘယ့်နှယ် လုပ်ဖို့ ရှိသေးသလဲ၊ သူလည်း သေရှာပြီ။ ကျုပ်တို့ ဘာတတ်နိုင်သေးသလဲ ”

လင်း။ ။ “ဒါတော့ မှန်ပါတယ်။ သို့သော် ကျွန်တော်က သူ သေဆုံးခြင်းကို ကိုယ်တိုင် မြင်ရသူ ဖြစ်လေတော့ ထုံးစံအတိုင်း စစ်ကြောမေးမြန်းခြင်း ပြုကြလိမ့်မယ်။ ဒီအခါမှာ ကျွန်တော်က ဒီဓာတ်ပုံအကြောင်း ထည့်ပြောဖို့ လိုသေးသလား”

ကျွန်တော်။ ။ ‘ဘာကြောင့် ဒီအကြောင်း ထည့်ပြောနေဦးမှာလဲဗျ။ ခင်ဗျား ပြောလို့ ရှိလျှင်တော့ သတင်းစာတိုက်က သတင်းထောက်တွေ ခင်ဗျား အိမ်မှာ ခြေချင်းရိုက်ပြီး ခင်ဗျားကောင်းကောင်း အိပ်ရတော့မှာ မဟုတ်တော့ဘူး မှတ်ပေတော့ ”

လင်း။ ။ “ဒါတော့လည်း မှန်ပါတယ်။ သို့သော် ထိမ်ဝှက်ရာများ ရောက်နေမလားလို့ ကျွန်တော့်က စိုးရိမ်နေတယ်”

ထိုခဏ၌ လူတယောက်သည် အိမ်ဝင်းအတွင်းသို့ ဝင်လာလျက်ရှိရာ ထိုသူသည် သေဆုံးသူ မောင်လှထွန်းနှင့် အလွန်တရာ တူလှသောကြောင့် ကျွန်တော်တို့ နှစ်ယောက်မှာ နေ့ကြောင်တောင်၌ တစ္ဆေခြောက်ခြင်း မဟုတ်တန်ရာဟု စိုက်ကာ ကြည့်နေကြ၏။
ထိုသူသည် အိမ်ပေါ်သို့ တက်လာ၍ မိမိမှာ ယမန်ညက မန္တလေးမှ ဆိုက်ရောက်လာခဲ့သော မောင်လှထွန်း၏ ညီ မောင်ဘကွန်းဖြစ်ကြောင်း၊ ကိုစံလင်းကို တွေ့လိုသဖြင့် လိုက်လာခြင်း ဖြစ်ကြောင်းနှင့် ပြောပြလေ၏။

လင်း။ ။ “ကိုစံလင်းဆိုတာ ကျွန်တော်ပါပဲ။ ဘာကိစ္စလဲဗျာ”

ကွန်း။ ။ “ကျွန်တော့်အစ်ကို သေတုန်းက ခင်ဗျား အနီးမှာ ရှိတယ်ဆို”

လင်း။ ။ “အနီးမှာ ရှိရုံ ဘာကမလဲ။ ကျွန်တော်ကိုယ်တိုင် မျက်စိနှင့် မြင်လိုက်ရလို့ သာပြီး ဝမ်းနည်းနေတာပေါ့ဗျာ”

၎င်းနောက် ကိုစံလင်းသည် ကျွန်တော်အား ပြောပြသော အဖြစ် အပျက်များကို မောင်ဘကွန်းအား တဖန် ထပ်မံ ပြောပြလေ၏။
ကွန်း။ ။ “ဒါပဲလား ခင်ဗျား ”
လင်း။ ။ “ဒါပါပဲ၊ ဘာကြောင့်လဲ”
ကွန်း။ ။ “ခင်ဗျားတို့ နှစ်ယောက်ပြောကြတဲ့ စကားထဲမှာ ထိမ်ဝှက်ရာ ရောက်သလိုလို နားစွန်နားဖျား ကြားလိုက်မိလို့ပါ ခင်ဗျာ”

ကိုစံလင်းသည် ကျွန်တော့်မျက်နှာကို လှမ်း၍ ကြည့်လိုက်၏။
ကျွန်တော်။ ။ “ကိုဘကွန်းဆိုတော့ ညီအစ်ကို ဖြစ်လေတော့ သူတယောက်တော့ဖြင့် ပြောပြမှ ထင်ပါရဲ့ ကိုစံလင်း”

ထိုအခါ ကိုစံလင်းသည် ဓာတ်ပုံအကြောင်းကို အစမှ အဆုံးတိုင် ပြောပြလေရာ မောင်ဘကွန်းသည် အံ့ဩသော အမူအရာနှင့် နားထောင်လျက် ရှိလေ၏။
၎င်းနောက် ကိုစံလင်းသည် မိမိ၏ အင်္ကျီအိတ်ထဲမှ ဓာတ်ပုံကို ထုတ်၍ မောင်ဘကွန်းအား ပြလေ၏။ ။

လင်း။ ။ “ကျွန်တော်နှင့်တကွ ဒီက မိတ်ဆွေကရော ဒီအဖြစ်အပျက်ကို ကိုလှထွန်းအား ပြောပြဖို့ အကျိုးမရှိပေဘူးလို့ ဆုံးဖြတ်သည့်အတွက် မပြောဘဲ ထားခဲ့ကြပါတယ်”

ကွန်း။ ။ “ဒီဓာတ်ပုံက မှန်ကော ခင်ဗျာ”

လင်း။ ။ “မှန်တော့ ကျွန်တော် ခွဲပစ်လိုက်မိပြီ ”

ကွန်း ။ ‘မှန်ခွဲလိုက်တာ နှမြောဖို့ ကောင်းတယ်ခင်ဗျား၊ နို့ ဒီကမိတ်ဆွေမှာကော ဓာတ်ပုံရှိသေးသလား”

ကျွန်တော်။ ။ “ရှိပါသေးတယ်။ ယူလာခဲ့ပါတယ်” ဟု ပြော၍ ဓာတ်ပုံကို အိတ်ထဲမှ ထုတ်၍ ပြလေ၏။

လင်း။ ။“အတူတူပါပဲ။ သူ့ ဓာတ်ပုံဟာလည်း မှန်တချပ်တည်း အတူတူ ကူးယူထားပါပဲ။ အို ဖြစ်မှ ဖြစ်ရလေ။ တယ်ခွကျတာကိုး”

ကိုစံလင်းက ထိုကဲ့သို့ ပြောလိုက်ခြင်းမှာ ကိုစံလင်းသည် စားပွဲပေါ်၌ တင်ထားသော မင့်အိုးကို လက်နှင့် တိုက်မိသဖြင့် မောင်ဘကွန်းလက်၌ ( ယှဉ်၍ ကြည့်နေသော ဓာတ်ပုံနှစ်ခုအနက် တခုကို မင်စွန်းပေ၍ သွားသော
ကြောင့် ဖြစ်ပေသည်။

လင်း။ ။ “ဒီတော့ကာ ကျွန်တော့်ကို စစ်ဆေးတဲ့အခါမှာ ကျွန်တော်က ဒီ ( ဓာတ်ပုံအကြောင်းကို ထည့်သွင်းပြီး ပြောသင့် မပြောသင့် တိုင်ပင်နေကြတုန်း “ခင်ဗျား ရောက်လာတာပါပဲ။ ခင်ဗျား သဘော ဘယ့်နှယ်လဲ ကိုဘကွန်း”

ကွန်း။ ။ “ဘုန်းကြီးတစ္ဆေကို ခင်ဗျားကိုယ်တိုင် မြင်ရတယ်ပေါ့”

လင်း။ ။ “မြင်လိုက်ရတယ်”

မောင်ဘကွန်းသည် ထိုင်ရာမှ ထ၍ ပြတင်းပေါက်သို့ သွားပြီးလျှင် ဝင်းကို မျှော်ကြည့်လျက် ရှိ၏။

ကွန်း။ ။ “ဒီက မိတ်ဆွေကတော့ မမြင်ဘူး ဟုတ်စ”

ကျွန်တော်။ ။ “မမြင်မိပါဘူးဗျာ။ သို့သော် သူ မြင်တယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်”

ကွန်း။ ။ “ကျွန်တော့်သဘော အရတော့ဖြင့် ဒီဓာတ်ပုံအကြောင်းကို ခင်ဗျား ထည့်ပြီးပြောဖို့ မလိုဘူး ထင်ပါတယ်”

လင်း။ ။ “ဒါဖြင့် ကောင်းပါပြီ ခင်ဗျာ။ ခင်ဗျားတို့ သဘောအတိုင်း ကျွန်တော် လိုက်နာပါ့မယ်”

ကိုစံလင်းသည် ၎င်း၏ ဓာတ်ပုံကို ကောက်ယူ၍ အိတ်ထဲသို့ ထည့်လေ၏။

လင်း။ ။ ‘ခင်ဗျား ဓာတ်ပုံတော့ မင်တွေ ပေသွားပြီ”

ကျွန်တော်။ ။ “လိုလည်း မလိုချင်ပါဘူးဗျာ၊ ဆုတ်ပစ်လိုက်ပါတော့”

ကိုစံလင်းသည် ဓာတ်ပုံကို ဆုတ်၍ အမှိုက်တောင်းထဲသို့ ထည့်လိုက် လေ၏။

ကွန်း၊ ။ “အိမ်ရှေ့မှာ ရပ်နေတာ ဒီက မိတ်ဆွေရဲ့ မြင်းရထား မှတ်တယ်။ တဆိတ်လောက် ကျွန်တော် လိုက်ခဲ့ပါရစေဗျာ။ ခင်ဗျားတို့မြို့က မြင်းရထားလည်း အရှားသားပဲ”

ကျွန်တော်။ ။ “လိုက်ခဲ့ပါဗျာ၊ လိုက်နိုင်ပါတယ် ”

ကိုစံလင်းသည် ကျွန့်တော်တို့အား ဝင်းပေါက်သို့ ရောက်အောင် လိုက်၍ ပို့လိုက်၏။ မြင်းရထားပေါ်၌

ကျွန်တော်။ ။ “ဆရာမ မစိန်ညွန့်နှင့် တွေ့ပြီးပြီလား။ တယ် သနားဖို့ကောင်းတယ်ဗျာ”

ထိုအခါ မောင်ဘကွန်းသည် မယဉ်ကျေးသော စကား အသုံးအနှုန်း တခုကို အသုံးပြုလိုက်သဖြင့် မန္တလေးသားတန်ပဲလျက် ရိုင်းလေခြင်းဟု အောက်မေ့လိုက်မိ၏။

ကွန်း။ ။ “ကိုကိုနှင့် ဒီက ကိုစံလင်းနှင့်ဟာက ရည်းစားလုဘက်ဆို”

ကျွန်တော်။ ။ (မျက်နှာထားနှင့်) “ဒီအခါမျိုးမှာ ဒီဟာမျိုးတွေ ပြောဖို့ မသင့်ဘူး ထင်ပါတယ်ဗျာ”

ကွန်း ။ “ကိုစံလင်းဆိုတဲ့ လူက ဘိုင်စကုတ်မှာ ဇာတ်လိုက်လုပ်ဖို့ လေ့ကျင့်ဖူးတယ်လို့ ကျွန်တော် ကြားဖူးတယ် ဟုတ်ကဲ့လား”

ကျွန်တော်၊ ။ “ဟုတ်တန်တူပါရဲ့။ ဘာကြောင့်လဲ”

ကွန်း။ ။ “ဒီလူ တယ်ပြီး မျက်နှာထားကောင်းတဲ့ လူပဲခင်ဗျား။ မှင် တယ်သေတယ်”

ကျွန်တော်။ ။ ဘာကြောင့်လဲဗျ

ကွန်း။ ။ (ကျွန်တော်၏ အမေးကို မဖြေဘဲ) “အစစအရာရာမှာ သေသေသပ် သပ် လုပ်တတ်ပါလျက်နှင့် မင်အိုးကို ဖိတ်ပစ်တာ ထူးဆန်းဘူးလားခင်ဗျာ ”

ကျွန်တော်။ ။ “ဘယ်ဟာများ သေသပ်တာ ခင်ဗျား တွေ့လို့လဲ”

ကွန်း ။ ။ “စေ့စပ်တဲ့ လူမျိုး မဟုတ်လျှင် ကိုယ့်အင်္ကျီ ကြယ်သီးကို ကိုယ်တိုင် ဘယ်တော့မှ မတပ်ဘူး ခင်ဗျ”

ထိုအခါ၌ကား ကျွန်တော်၏ စိတ်၌ ထိုသူငယ်သည် အစ်ကို သေဆုံးသည့်အတွက်ကြောင့် စိတ်ကတောက်ကတက် ဖြစ်ရှာသည် ဟူ၍ မှတ်ထင် စပြုလာခဲ့၏။ မောင်ဘကွန်းသည် ကျွန်တော်၏ စိတ်အကြံကို ရိပ်မိဟန်ရှိ၍ (ပြုံး ရယ်လျက်)

“ယောက်ျားတယောက်ရဲ့ စာရေးစားပွဲပေါ်မှာ အပ်ချည်လုံးနှင့် အပ်ကို တွေ့မြင်ရတာ အံ့သြစရာ မဟုတ်ဘူးလား၊ ကျွန်တော်လည်း အံ့သြလေတော့ ဘယ်အတွက်ပါလဲလို့ ကြည့်ရာမှာ သူ့ဘလေဇာကွတ်က အောက်ဆုံး ကြယ်သီးဟာ တော်စွာလျော်စွာ တပ်ထားတာ မြင်တော့မှ သူ့လက်ရာကိုး လို့ ကျွန်တော် တွေးမိတယ်”

ထိုအခါ ကျွန်တော်၏ စိတ်ထဲ၌ ဤသူသည် မိမိ၏ အစ်ကို သေဆုံးပြီးစအခါ၌ ဤကဲ့သို့သော အသေးအဖွဲ့ ကလေးများကို ဂရုစိုက်နိုင်လောက်အောင် ရှိနေသည့်အတွက် မနှစ်သက်ဘဲ ရှိနေခဲ့လေ၏။

ကျွန်တော်။ ။ “ကျုပ်ကတော့ ညီရင်းတယောက်လို ချစ်ခင်နေတဲ့ လူတယောက် သေဆုံးတဲ့အခါမှာ ဒီလို သေးသေးနုပ်နုပ်ကလေးတွေ ဂရုမစိုက်မိပေဘူးဗျာ”

ထိုအခါ မောင်ဘကွန်းသည် ကျွန်တော်၏ဘက်သို့ရုတ်တရက် လှည့်၍ ချစ်ခင်တွယ်တာဖွယ် ကောင်းသော ပြုံးရယ်ခြင်းမျိုးဖြင့် ကျွန်တော်၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်ရာတွင် ကျွန်တော်သည် သေဆုံးသူ မောင်လှထွန်းကို သတိရမိလေ၏။

ကွန်း။ ။ “သည်းခံပါ ခင်ဗျာ၊ ကျွန်တော် ဒီလို သဘော မဟုတ်ပါဘူး”
၎င်းနောက် ကျွန်တော်တို့သည် စကားဆက်လက် ပြောဆိုခြင်းမပြုတော့ဘဲ ဆိတ်ငြိမ်စွာ လိုက်ပါသွားကြလေ၏။
မောင်လှထွန်း သေဆုံးသည့်အကြောင်းကို စစ်ဆေးရာ၌ အထက်တွင် ကျွန်တော် ဖော်ပြခဲ့ပြီးသော အကြောင်းအရာများ အပြင် တစုံတရာမျှ အသစ်ထပ်မံ ပေါ်ပေါက်ခြင်း မရှိသောကြောင့် တရားသူကြီးသည် မတော်တဆ သေဆုံးခြင်း ဖြစ်ကြောင်းနှင့် မှတ်တမ်းတင်လိုက်လေ၏။ ကိုစံလင်းသည် ချစ်ခင်သော သူငယ်ချင်းတယောက် ဖြစ်သည့်အတိုင်း တုန်လှုပ်သော အမူအရာနှင့် အစစ်ခံ၍ ဓာတ်ပုံ၏ အကြောင်းကို အလျဉ်းထည့်သွင်း ပြောပြခြင်း မပြုခဲ့ချေ။
အမှု ပြီးဆုံးသည့် နောက်တနေ့၌ ကျွန်တော်သည် ကလပ် အသင်းရုံးသို့ သွားရောက်သောအခါ စက္ကရီတေရီဖြစ်သော ကိုဘသန်း ဆိုသူသည် ဓာတ်ပုံအကြောင်းနှင့် ပတ်သက်၍ ကျွန်တော့်အား တီးခေါက်မေးမြန်းခြင်း ပြုရာတွင် စိတ်ထဲ၌ အံ့သြမိ၏။ ထိုအကြောင်းကို ကျွန်တော်မှ တပါး ကိုစံလင်းနှင့် မောင်ဘကွန်း နှစ်ဦးတည်းသာလျှင် သိကြသည် ဖြစ်သောကြောင့် ဘယ်နည်းနှင့် လူသိ သူသိ ဖြစ်သွားရသည်ကို စဉ်းစား၍ မရနိုင်ဘဲ ရှိနေ၏။
သို့ဖြစ်၍ ကျွန်တော်သည် မောင်ဘကွန်းနှင့် တွေ့သောအခါတွင် ထိုအကြောင်းကို မေးမြန်းစုံစမ်းရာ

ကွန်း။ ။ “ခင်ဗျား အံ့ဩသလား၊ ကျွန်တော်တော့ မအံ့ဩပေါင်ဗျာ”

ကျွန်တော်။ ။ “ဘယ်သူကစပြီး ပြောလို့လဲဗျာ။ ခင်ဗျားကလည်း မပြောဘူး ကျုပ်ကလည်း မပြောဘူး”

ကွန်း။ ။ “ဒိပြင်ကော ဘယ်သူရှိသေးသလဲ”

ထိုခဏ၌ ကိုစံလင်းဝင်လာ၍ ကျွန်တော်က (လက်ရပ်ခေါ်ငင်ပြီးလျှင် ) မေးမြန်း စုံစမ်းရာ

လင်း။ ။ “အလိုလေးဗျာ၊ အခု နှံ့ကုန်ပြီ ဟုတ်စ။ မြန်လှချေ ကဗျား။ မနေ့ညက ကျွန်တော်က ဓာတ်ပုံကို အင်္ကျီအိတ်ထဲမှာ မေ့ပြီး ထားခဲ့မိတယ်။ ကျွန်တော့် အစေခံ ဘိုးတော်က တွေ့သွားပြီး အရပ်ထဲ လျှောက်ပြောကုန်ပြီမှတ်တယ်။ မဖြစ်ဘူး၊ ဒီအကောင်တော့ ထုတ်ပစ်မှ တော်မယ်”

ဟု ပြောပြီး နောက် ကိုစံလင်းသည် ဒေါသကြီးသော အမူအရာနှင့် ထွက်သွားလေ၏။ ကျွန်တော်သည် မောင်ဘကွန်းဆက်သို့ လှည့်၍ ကြည့်လိုက်သောအခါ မောင်ဘကွန်းသည် ပြုံးစိစိမျက်နှာထားနှင့် ရှိနေလေ၏။

ထိုခဏ၌ မောင်ဘကွန်း၏ တည်းအိမ်မှ အစေခံ တယောက်သည် ကြေးနန်း တစောင်ကို ယူလာ၍ မောင်ဘကွန်း၏ လက်သို့ ပေးအပ်ရာ မောင်ဘကွန်းသည် ကြေးနန်းကို ဖောက်ဖတ်ပြီးနောက် ကျေနပ်သော မျက်နှာထားနှင့် ပြုံးလေ၏။ ၎င်းနောက် ကျွန်တော်၏ ဘက်သို့ လှည့်၍

ကွန်း။ ။ “ကျွန်တော် တခု တောင်းခံပါရစေ ခင်ဗျာ။ ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ မိန်းမတယောက်ကို မိတ်ဆွေအိမ်မှာ ဒီကနေ့ည ညစာ ထမင်းတနပ်လောက် ကျွေးပါခင်ဗျာ”

ကျွန်တော်သည် နားမလည်နိုင်သဖြင့် ကြောင်တောင် လျက်သာ လျှင် ကြည့်နေလေ၏ ။

ကွန်း။ ။ “ထူးထူးဆန်းဆန်း လူတယောက်ပဲလို့ အောက်မေ့လျှင်လည်း ခံရပါတော့မယ်။ ဒီထက်မက ထူးဆန်းတာများကို ဒီကနေ့ည တွေ့ရလိမ့်မယ်လို့ ကျွန်တော် အာမ ခံဝံ့ပါသေးတယ်။ ဒါထက် ကိုစံလင်းက ခင်ဗျား ဆွေမျိုးများကို သိသလား”

ကျွန်တော်။ ။ “ဘယ်က သိမှာလဲဗျ၊ ကျုပ်က မန္တလေးသား သူကတောင်ငူသား၊ အဝေးကြီးပဲ”

ကွန်း။ ။ “ဒါဖြင့် နေရာကျပြီ။ ခင်ဗျားမှာ တူမတယောက် လာတယ်လို့ ပြောလျှင် သူ ယုံရမှပေါ့”

ကျွန်တော်။ ။ ‘ဘာတွေများ လျှောက်မေးနေတဲ့ လူပါလိမ့်”

ကွန်း။ ။ “နောက်တော့ ကျွန်တော် ရှင်းလင်းပြပါမယ်။ ယခုတော့ ကျွန်တော်ပြောတဲ့အတိုင်း တဆိတ်လောက် လုပ်စေချင်ပါတယ်။ ကျွန်တော်က မိန်းမတယောက် ခေါ်ခဲ့ပါမယ်။ ခင်ဗျားက တူမ တော်တယ်လို့ ကိုစံလင်းကို ပြောပါ။ သူ့ကိုလည်း ဒီကနေ့ ညစာစား ဖိတ်ပါ။ ဟော ဟော ဟိုမှာ ကိုစံလင်း လာပြီ၊ ဖိတ်ပါ ဖိတ်ပါ”

ထိုသူ၏ အမူအရာမှာ မငြင်းပယ်နိုင်လောက်အောင် အတင်းအကျပ် ရှိနေသည် ဖြစ်သောကြောင့် ကျွန်တော်သည် သူစေခိုင်းသည် အတိုင်း လိုက်နာရလေ၏။

လင်း။ ။ “ဘယ်အချိန်လဲဗျ၊ ၇ နာရီ ဟုတ်စ၊ ကောင်းပါပြီ လာခဲ့ပါမယ်”

ကျွန်တော်။ ။ “ကျုပ်တူမ တယောက်လည်း မန္တ လေးက ရောက်လာတယ်”

လင်း။ ။ “ဒီပြင်ကော ဘယ်သူများ ဖိတ်သေးသလဲ”

ကျွန်တော်။ ။ “ဒီပြင်တော့ ဒီက မိတ်ဆွေ ကိုဘကွန်း
တယောက်ပါပဲ”

ထိုအခါ ကိုစံလင်း၏ မျက်နှာထားမှာ မောင်ဘကွန်းကို ဖိတ်ခြင်းအတွက် နှစ်သက်ဟန် မရှိချေ။ သို့ရာတွင် ငြင်းပယ်ရန် အချိန်မရှိတော့သည် ဖြစ်၍ နောက်သို့ မဆုတ်နိုင်ဘဲ လာရန် ကတိထားရလေ၏။
ကိုစံလင်း ထွက်သွားပြီးနောက် မောင်ဘကွန်းသည် ကျွန်တော်၏ မေးခွန်းများကို စုံလင်စွာ ဖြေကြားခြင်း မပြုဘဲ

ကွန်း။ ။ “သည်းခံပါခင်ဗျား၊ စကားရှည်ပြောနေလို့ အချိန်မရှိပါဘူး။ ကျွန်တော် ခေါ်ခဲ့မည့် မိန်းမအမည်က မသိန်းတင်ပါတဲ့။ သူက ခင်ဗျားကို ဦးလေးလို့ ခေါ်ပါလိမ့်မယ်။ ခင်ဗျားက သူ့ကို တူမလို့ ခေါ်ပါတော့”

ကျွန်တော်။ ။’ဒါက ဟုတ်ပါပြီ၊ ကိစ္စကို ပြောစမ်းပါဦး”

ကွန်း။ ။ “အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။ စကားအပြော အဆို မမှားရအောင်ဟာ ကျွန်တော်တို့ အရိပ်အကဲကို ကြည့်ပြီး ပြောဆိုပါတော့။ ခင်ဗျားက တချက်တလေ မှားယွင်းသွားလို့ ရှိလျှင် မသိန်းတင်မှာ အသက်သေရပါလိမ့်မယ်”

ထိုအခါ ကျွန်တော်မှာ လူတယောက်၌ အသက်သေလောက်အောင် အရေးကြီးသော ကိစ္စတခုကို စီစဉ်ရာ၌ အလျင်စလိုရှိလှချေတကားဟု အံ့ဩခြင်း ဖြစ်၍ မည်သည့်အတွက်ကြောင့် အသက်သေလောက်အောင် ရှိနေသည်ကိုလည်း နားမလည်နိုင်အောင် ရှိခဲ့လေ၏။

ကွန်း ။ “ဘယ်လိုပင် ဖြစ်စေ၊ ဒီအကြောင်းကို ကိုစံလင်း မသိပါစေနှင့် ခင်ဗျာနော်။ နို့မို့လျှင် အားလုံး အကြံအစည် ပျက်ကုန်ကြပါလိမ့်မယ်” ဟု အရေးတကြီး မှာထားပြီးနောက် ထွက်သွားလေ၏။

ထိုနေ့ ညနေ ၆ နာရီခွဲသည်နှင့် တပြိုင်နက် မောင်ဘကွန်းသည် အသက် နှစ်ဆယ်ကျော် အရွယ်ခန့် ရှိ၍ ရုပ်ဆင်း သဏ္ဌာန်နှင့် ပြည့်စုံသော မိန်းမတယောက်နှင့် ဆိုက်ရောက်လာကြ၍ မောင်ဘကွန်းသည် နေ့လယ်က ပြောထားသော စကားအတိုင်း ကျွန်တော်အား ထပ်လောင်း၍ သတိပေးလေ၏။
၇ နာရီထိုးသည်နှင့် တပြိုင်နက် ကိုစံလင်း ရောက်လာ၍ ထမင်းစားရန် ပြင်ဆင်ကြလေရာ ကျွန်တော်မှာ ထိုမိန်းမသည် မည်သည့်နည်းနှင့် အသက်သေရန် ရှိလေသနည်း ဟု၍ စဉ်းစား စိတ်ကူးနေသည် ဖြစ်သောကြောင့် ကယောင်ချောက်ချား ရှိနေလျက် ထမင်းပွဲ၌ ငါးပိရေကိုပင် ဇွန်းခပ်၍ သောက်မိလေ၏ ။ မောင်ဘကွန်းသည် ထိုအခြင်းအရာကို မြင်သော အခါ ကျွန်တော်အား မျက်မှောင် ကုတ်ကာ သတိပေးလေ၏။
ထမင်းစားသောက်ကြပြီးနောက် မောင်ဘကွန်းသည် မိမိ၏ အစ်ကို အကြောင်းကို ပြောဆိုရာမှ မည်သည့်ဘဝသို့ ရောက်ရှာသည်ကို သိရလျှင်ကောင်းသည် ဖြစ်ကြောင်းနှင့် ပြောဆိုရာတွင် မသိန်းတင်က မိမိမှာ “နတ် ဝင်သည်” ဖြစ်သောကြောင့် နတ်ပူးကပ်၍ ကြည့်ပါမူ သိနိုင်ဖို့ ရှိကြောင်းနှင့် ပြန်ပြောလေ၏။ ထိုအခါ မောင်ဘကွန်းက နတ်ပူးစေရန် တောင်းပန်၍ မသိန်းတင်က ဦးလေး၏ အခွင့်ကို တောင်းလေရာ ကျွန်တော်မှာ ၎င်းတို့၏ အရိပ်အကဲကို ကြည့်၍ လိုက်နာရန် သွန်သင်ပြီး ဖြစ်သည်အတိုင်း ကန့်ကွက်ဖို့ မရှိကြောင်းနှင့် ပြော၍ ခွင့်ပြုလိုက်လေ၏။
၎င်းနောက် မောင်ဘကွန်းနှင့် မသိန်းတင်တို့သည် နတ်ပင့်ရန် ပြင်ဆင်ကြလေရာ ကိုစံလင်းမှာမူ ကန့်ကွက်ခြင်းငှာ မတတ်နိုင်သော်လည်း သဘောမတူသည့်အနေဖြင့် ကုလားထိုင်တွင် နေမထိ ထိုင်မထိ ရှိနေလေ၏။ ထိုနောက်
မသိန်းတင်က နတ်ပူးသောအခါ မေးမြန်း လိုသမျှကို မေးမြန်းရန် အတွက်မှာ မှောင်မိုက်လျက် ရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်းနှင့် ပြောပြသဖြင့် ကျွန်တော်သည် မီးအိမ်ကို ငြိမ်းထားလိုက်၏။
ထိုနောက် ကျွန်တော်တို့ ယောက်ျား သုံးယောက်သည် အခန်း၏ တခုသောထောင့်တွင် ထိုင်နေကြ၍ မသိန်းတင်သည် အခန်း၏ အလယ်တွင် ကုလားထိုင်၌ ထိုင်လျက် ရှိရာ အားလုံးသည် တိတ်ဆိတ်စွာ ရှိနေကြ၏။ ကျွန်တော်မှာမူ မောင်ဘကွန်း ပြောထားသော စကားကို သတိရ၍ ဘယ် အချက်၌ အသက်ကို စွန့်ရခြင်းပါလေနည်းဟု စဉ်းစားစိတ်ကူးရင်း ရင်ထဲ၌ တဒိန်းဒိန်း တဒိုင်းဒိုင်း ရှိနေလေ၏။
နှစ်မိနစ်ခန့်မျှ ဆိတ်ငြိမ်စွာ ရှိနေကြပြီးနောက် မသိန်းတင်၏ သန်း ဝေသော အသံကို ကြားရလေရာ မောင်ဘကွန်းက “ဟော ဟော ဝင် လာပြီ… ဝင်လာပြီ’ ဟု လေသံဖြင့် တီးတိုး ပြောလိုက်၏။
ထပ်မံ၍ ဆိတ်ငြိမ်စွာ ရှိနေကြပြီးနောက် ယောက်ျား
တယောက်၏ အသံဖြင့် “ဘကွန်း ဘကွန်း’ ဟု နှစ်ကြိမ်မျှ ဆက်လက်၍ ခေါ်သံကြားရလေရာ ကျွန်တော်မှာ သေလွန်သူ မောင်လှထွန်း၏ အသံနှင့် တူလှ သည်ဟု အောက်မေ့မိ၏။ ကိုစံလင်းမှာမူ ကျွန်တော်၏ အနီး၌ အသက်ပြင်းစွာ ရှူရှိုက်လျက် ရှိသည်ကို ကြားရ၏။
“ဘကွန်း၊ ဘကွန်း၊ ဘကွန်း”
“ကိုကိုလား ကိုကို”
“ဘကွန်းရေ အင်္ကျီကြယ်သီးဟာ သက်သေခံလိမ့်မယ်”
‘ဘာအကျီကြယ်သီးလဲ ကိုကို”
“အင်္ကျီကြယ်သီးကွဲ့၊ သူ့ အင်္ကျီကြယ်သီးကို သူဆင်းပြီး ကောက်ယူတယ်”
“ကိုကိုရေ ကိုကိုလား၊ ကိုကို ယခု ဘယ်မှာနေသလဲ ကိုကို”
“ငါ လိမ့်ကျတာ မဟုတ်ဘူးကွဲ့၊ ဟောဟို အကောင်က ငါ့ကို တွန်းချတာကွဲ့”
“ဘယ်အကောင်လဲ ကိုကို၊ ကိုကို့ကို သတ်တဲ့လူ ဘယ်မှာလဲ”
“ အကောင်လေ”..
ထိုခဏ၌ ပြင်းထန်စွာ ဟစ်အော်လိုက်သော အသံက ရုတ်တရက် ကြားရပြီးနောက် တွန်းဖယ်ရုန်းကန်သော အသံများကို ကြားရသဖြင့် မောင်ဘကွန်းက “မီးထွန်းပါ၊ မီးထွန်းပါ”ဟု အော်ဟစ်ကာ ပြောလေ၏။ ကျွန်တော်သည် မီးခြစ်၍ ဖယောင်းတိုင်ကို ထွန်းလိုက်သောအခါ မသိန်းတင် သည် ကြမ်းပေါ်၌ ပက်လက်လန်ခါ လဲနေလျက် ကိုစံလင်းသည် ၎င်း၏ လည်ပင်းကို ဖြစ်ညှစ်ရင်း
“ငါ သတ်တယ် ဘာဖြစ်သလဲ.. ငါသတ်တယ်” ဟု အံကြိတ်ကာ ပြောနေသည်ကို တွေ့မြင်ရလေ၏။

ထိုအခါ ကျွန်တော်နှင့် မောင်ဘကွန်းတို့သည် လျင်မြန်စွာ ပြေးဝင်၍ ကိုစံလင်း၏ လက်များကို ဖြေယူပြီးနောက် မသိန်းတင်နှင့် ခွဲခွာအောင် ဖျန်ဖြေကြရလေ၏။ ထိုခဏ၌ ပုလိပ်အရာရှိ နှစ်ယောက်တို့သည် အခန်း တွင်းသို့ ဝင်လာ၍ ကိုစံလင်းကို လက်ထိပ်ခတ်ကြလေ၏။

လင်း။ ။ (မောင်ဘကွန်းအား မျက်စောင်းထိုးလျက်) “မင်းက ဒီတခါ ဉာဏ်သာ သွားပေတာပေါ့ကွာ”

ကွန်း၊၊ ။ “ဒီလိုပေါ့ ဆရာ၊ သူတပြန် ငါတလှည့်ပေါ့။ ကျုပ်တို့ ဒီကနေ့ ည လုပ်ခြင်းဟာလည်း ဆင်လုံးပဲ။ ခင်ဗျား ဓာတ်ပုံဟာလည်း ဆင်လုံးပဲ”

ပုလိပ်များသည် ကိုစံလင်းအား ဌာနသို့ ခေါ်ဆောင်သွားကြသော အခါတွင် မောင်ဘကွန်းသည် ၎င်း၏ ဆင်ခြင်စဉ်းစားပုံတို့ကို ရှင်းလင်း ပြောပြသည်မှာ

ကွန်း။ ။ “ကိုစံလင်းဟာ တော်တော် ဉာဏ်သွားတဲ့ လူ
တယောက်ပါပေပဲ ဗျာ။ ကျွန်တော် ရောက်ခါစ အခါကတော့ ကျွန်တော် ကိုယ်တိုင်ကပဲ ကိုကိုဟာ မတော်တဆ လိမ့်ကျပြီး သေဆုံးရှာတယ်လို့ ထင်မှတ်မိပေတယ်။ သို့သော် ကိုကိုဟာ နေရာတကာမှာ စေ့စပ်တဲ့ လူတယောက် ဖြစ်လေတော့ လိမ့်ကျဖို့ ခဲယဉ်းတယ်လို့တော့ အောက်မေ့ပါရဲ့။ အကယ်၍ မတော်တဆ လိမ့်ကျခြင်း မဟုတ်၊ လူသတ်လို့ သေတယ်ဆိုလျှင် သူ့ကို သတ်မယ့် လူဟာ ဒီအခါမှာ ကိုစံလင်း တယောက်ပဲ ရှိတယ်။ ဒါကြောင့် ကိုစံလင်းကို တဆိတ် ဂရုစိုက်ပြီး ကြည့်မိပေတယ်။ သူ့ အိမ်ရောက်တော့ အပ်ချည်လုံးနှင့် အပ်ကို စားပွဲပေါ် တွေ့တဲ့ပြင် သူ့ဘလေဇာကွတ်မှာလည်း ကြယ်သီးတလုံးကို တော်စွာလျော်စွာ မသေမသပ် တပ်ထားတာ တွေ့တော့ ဒီ အခါမျိုးမှာ သူ့အင်္ကျီသီးကို သူကိုယ်တိုင် တပ်ရအောင်ဟာ ဧကန်မုချ အကျီကြယ်သီးနှင့် ပတ်သက်ပြီး လူမသိစေချင်တဲ့ အချက်တခုခု ရှိလိမ့် မယ်လို့ ကျွန်တော် စိတ်ထဲမှာ မှတ်ပြီး ထားလိုက်တယ်။ ပြီးတော့ကာ ဓာတ်ပုံနှစ်ခုကို သေသေချာချာ ယှဉ်ကြည့်လိုက်တော့ တပုံမှာ ဘုန်းကြီး ရုပ်ဟာက ကျောင်းစွန်းနှင့် လက်တသစ်လောက် ကွာခြားတယ်၊ တပုံ မှာတော့ လက်တသစ်ကျော်ကျော်ကြီး ကွာခြားတယ်။ ဒီကတည်းကိုက ဓာတ်ပုံနှစ်ခုဟာ မှန်တချပ်တည်း ရိုက်ကူးခြင်း မဟုတ်ကြောင်း ထင်ရှား တဲ့အပြင် ဘုန်းကြီးရုပ်ကို ကိုကိုတို့ ပုံနောက်က ထည့်ပြီး ရိုက်ကူးထားကြောင်း
ထင်ရှားပြန်တယ်”

ကျွန်တော်။ ။ “နေပါဦးဗျာ၊ ဒီ ဓာတ်ပုံကို ဘယ်အတွက်ကြောင့် သူ ထွင်ရတာလဲ”

ကွန်း ။ “ဒီလူက ဉာဏ်သွားတဲ့ လူဗျ၊ ဒီဟာမျိုးကို လူတွေနားကြား သွားလျှင် သေဆုံးခြင်း အကြောင်းကို စစ်ပေါက်ရှာဖွေဖို့ သတိမရဘဲ ကြမ္မာငင်လို့ သေတဲ့လူပဲဆိုပြီး ဘုန်းကြီးရုပ်အကြောင်းကိုသာ ပြောဖို သတိရကြတော့မယ်။သို့သော်လည်း ခင်ဗျားက နှုတ်ပိတ်ထားလို့ အစစ်ခံတဲ့ အခါမှာ ဒီအကြောင်းကို သူထည့်ပြီး မပြောရဘူးမဟုတ်လား။ ဒါတောင် သူက မနေဘဲ တနည်းနည်းနှင့် လူသိအောင် လုပ်ခဲ့တာကိုး။ ခင်ဗျား ကိုယ်တိုင် တွေ့ခဲ့ရသေးတယ် မဟုတ်လား”
ကျွန်တော်။ ။ “ဒါဖြင့် သူ့ကို ဘာကြောင့် တခါတည်း မဖမ်းစေသလဲ”

ကွန်း။ ။ “ဖမ်းသော်လည်း သက်သေခံ မလုံလောက်လျှင် လွှတ်ပစ်မှာကိုး ခင်ဗျ။ ဒါကြောင့် ဒီကနေ့ည ဆင်လုံးကလေးတခု ထည့်ပြီး လုပ်လိုက်ရတယ်”

ထိုညသည်ကား ထူးဆန်းသော အဖြစ်အပျက်များ ပြည့်နှက်လျက် ရှိသော ညဖြစ်လေရာ အထူးဆန်းဆုံးသော အဖြစ်အပျက်ကိုမူကား ဖော်ပြရန် ကျန်ချေသေး၏။

သိန်းတင်။ ။ “ဆင်တုန်းက ဆင်တယ်လို့ ထင်တာပဲ။ ကျွန်မ တကယ် သတိလစ်ပြီးသွားတာ ရှင်တို့ သိလိုက်ကြရဲ့လား”

ကွန်း။ ။ “ဘာပြောတယ် မသိန်းတင်။ ခုနင်က မသိန်းတင် ပြောတဲ့ စကားတွေဟာ ဆင်လုံးတွေ မဟုတ်လား”

တင် ။ “ဘယ်က ဟုတ်လိမ့်မှာလဲ။ ကျွန်မ သတိလစ်သွားပြီး ဘယ်သူက ဝင်ပြောသွားတယ် မဆိုနိုင်ဘူး”

ကွန်း။ ။ “ဒါဖြင့် ကိုကို အစစ်ပဲ။ အလိုလေးဗျ
ကြက်သီးထလိုက်တာ”

ရွှေဥဒေါင်း
( ဤဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းသည် သူရိယမဂ္ဂဇင်း အတွဲ ၁၈ အမှတ် ၂ ဧပြီလ ၁၉၃၅ နှစ်တွင် ရေးသားခဲ့ပါသည်)

စာစီ – မမီးမီး