ရမ္မက်မည်သောနွံ

လိုက်ပြေးသည်။

သူတို့နှစ်ဦး စက်ဘီးကိုပင် မယူနိုင်။ ရွာတော် သုသာန်ကနေ သူတို့ရွာအထိ အားကုန်ထုတ်ကာ ပြေးကြသည်။

ရွာကိုရောက်သော်…။ သရဲ…သရဲ…ဟုသာ အော်ဟစ်ပြီး နှစ်ဦးစလုံး သတိလစ်သွားခဲ့တော့သည်။ နောက်တစ်နေ့နံနက်တွင်တော့ မျိုးဆွေတို့ သတင်းသည် ရွာနီးချုပ်စပ်ကို ပျံ့နှံ့ခဲ့လေ၏။

❆ ❆ ❆ ❆

မြို့မရဲစခန်းဆီကို အသားညိုညို ရုပ်ရည်သင့်တင့်သော အမျိုးသမီးတစ်ဦး ရောက်လာသည်။

” လူပျောက်တိုင်ချင်လို့ပါ ဆရာ…”

စခန်းတွင် ဒုရဲအုပ်နေလင်း တာဝန်မှူးတာဝန်ကျနေ၏။

” ဟုတ်ကဲ့…ထိုင်ပါ အစ်မ”

အမျိုးသမီးကို နေရာထိုင်ခင်းပြပြီး မှတ်စုစာအုပ်ကို ယူလိုက်သည်။

” ဘယ်သူပျောက်တာလဲ ငါ့အစ်မ”

” ကျွန်မမောင်လေးပါ ဆရာ”

” သူ့နာမည်နဲ့ အစ်မနာမည်လေး…ပြီးတော့ သူ့အသက်…”

” အစ်မကတော့ စန်းတင့်ပါ။ သူ့နာမည်ကတော့ ဝင်းထိန်ပါ။ အသက်ကတော့ ၂၂ ပါ ဆရာ”

” ဘယ်နေ့လောက်က မတွေ့တော့တာလဲ”

” ဒီနေ့ကောဆိုရင် သုံးရက်ရှိပြီ ဆရာ”

” သူ သွားတတ်တဲ့နေရာတွေကော…”

” ရှာပြီပါပြီ ဆရာ။ အဲ့ဒီ့ညက သူ ရွာတောင်ပိုင်းကို ဗွီဒီယိုကြည့်မယ်ဆိုပြီး ထွက်သွားတာ”

” အင်း…”

ထို့နောက် ဒုရဲအုပ်နေလင်းသည် လိုအပ်သည်များကို မေးမြန်းပြီနောက် အမျိုးသမီးကို ပြန်လွှတ်လိုက်၏။ ထိုအချိန်ဝယ် နံဘေးက တာဝန်ကျရဲစာရေး ဆရာ အောင်တင့်က အမှုဖွင့် မှတ်တမ်းတွင် အားလုံးဖြည့်စွက်ပြီးလေပြီ။

ထို့နောက်တွင်နော့ အမှုဖြစ်စဉ်ကို အထက်တင်ပြပြီး နယ်ထိန်းများကို ဆက်သွယ် ညွှန်ကြားလိုက်လေတော့၏။

❆ ❆ ❆ ❆

” ကလင်…ကလင်…ကလင်…”

” အမိန့်ရှိပါ…မြို့မရဲစခန်းကပါခင်ဗျား။ ကျွန်တော် ရဲတပ်ကြပ်ကြီး မြင့်ဝေပါ”

” ဟုတ်ကဲ့ခင်ဗျ။ ရွာတော် သုသာန်မှာ အလောင်းပေါ်လို့တဲ့…အဲ့ဒါ သတင်းပေးတာပါ…”

” ဟုတ်ကဲ့ သတင်းပို့ပြီး.အခုပဲလာခဲပါ့မယ်”

ဆရာကြီးမြင့်ဝေ ဖုန်းသတင်းကို မှတ်တမ်းတင်ပြီးနောက် အဆင့်ဆင့်သတင်းဆက်ပို့သည်။

ခဏကြာသော် ရဲစခန်းအတွင်းဆီက ဒုရဲအုပ်နေလင်းဦးစီးသည့် အဖွဲ့တစ်ဖွဲ့ ရွာတော်ဆီကို ထွက်ခဲ့တော့သည်။

အလောင်းနေရာဆီကိုရောက်သော် လူများက အုံခဲနေသည်။ ရဲများကိုမြင်သော် လမ်းဖယ်ပေးကြ၏။

ဒုရဲအုပ်နေလင်းတို့ အလောင်းကို မြင်ကြရပြီ။ အလောင်းက တောင်ညိုချောင်းကမ်းပါးအစပ်တွင် ပွယောင်းပြီး ပေါလောပေါ်နေ၏။ ရင်ဘတ်တွင်လည်း ထိုးသွင်းဒဏ်ရာများတွေ့ရသည်မို့ ဒုရဲအုပ်နေလင်းသည် လူသတ်မှုဖြစ်ကြောင်း အတည်ပြုမိသည်။ ထို့နောက် တည်နေရာကို မြေပုံကြမ်းရေးဆွဲ၏။ ရဲစာရေး အောင်ရက အလောင်းကို ရှုထောင့်အမျိုးမျိုးက မှုခင်းဓာတ်ပုံရိုက်သည်။ အားလုံးပြုပြီးသော် အလောင်းကို မှုခင်းဆရာဝန်ဆီ ပို့လိုက်ကြပြီး ဆက်လက်စုံစမ်းရန် သေသူ၏ အိမ်ဆီကို သွားကြသည်။

သေသူသည် အစ်မနှင့် အတူနေပြီး လက်ရှိတွင် အစ်မဖြစ်သူမှာ ငိုကြွေးရင်း သတိလစ်သွားသဖြင့် အိမ်ဆီ၌ ရှိနေသည်ဟု အကြမ်းဖျဉ်း သိရ၏။

” ဟင်…”

အိမ်ဆီကို ဝင်ဝင်ချင်း သူမေးမြန်းရမည့်သူမှာ တစ်နေ့က လူပျောက်မှုလာတိုင်သော မစန်းတင်ဖြစ်နေ၍ ဒုရဲအုပ်နေလင်း အံ့သြမိသွားသည်။

မစန်းတင့်မှာ နေလင်းကို မြင်သော် အားကိုးတစ်ကြီးဖြင့် ငိုကြွေးလေပြီး

” ဆရာရယ်…ကျွန်မမောင်လေးကို ကယ့်ပေးပါဦးနော်…ကယ်ပေးပါရှင်”

ဟု တစ်စာစာပြောကာ ငိုကြွေး၏။ ဒုရဲအုပ်နေလင်း စိတ်မကောင်းလှ။

” ကဲ…မစန်းတင့်။ သေသူကလည်း သေပြီဗျာ။ ဒီတော့က ကျွန်တော်တို့အနေနဲ့ သေသူအတွက် တရားမျှတမှုရအောင် သတ်သူကို ဖော်ထုတ်ကြရမယ်။ ဒါကြောင့် မစန်းတင့်အနေနဲ့ ငိုချင်တဲ့ စိတ်ကို ခဏထိန်းထားပြီး ကျွန်တော်တို့ မေးတာကို ဖြေပေးပါ”

” ဟုတ်…ဟုတ်ကဲ့ရှင့်”

မစန်းတင့် အငိုရပ်သွားသည်။ ရှိုက်သံကတော့ ထွက်နေဆဲပင်။

” သေသူက ဝင်းထိန်နော်…”

ယခင် လူပျောက်လာတိုင်းတုန်းက မှတ်တမ်းအတိုင်း ပြန်လည်တိုက်တိုင်လိုက်သည်။

မစန်းတင့်ခမျာမှာတော့ ဒုရဲအုပ်နေလင်းမေးမြန်းသမျှကို ရှိုက်နေရင်းက ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်ြဖင့် ဖြေကြားပေးနေလေတော့သည်။

ထိုနေ့က ဒုရဲအုပ်နေလင်းတို့အဖွဲ့သည် လိုအပ်သည်များကို စုံစမ်းမေးမြန်းပြီးနောက် စခန်းကို ပြန်ခဲ့ကြတော့သည်။

❆ ❆ ❆ ❆

မှုခင်းဆေးဋ္ဌာနက စစ်ဆေးချက်ထွက်ပေါ်ခဲ့လေပြီ။ ဝင်းထိန်းသေဆုံးရခြင်းမှာ ရင်ဘတ်ဆီ၌ ဓားကဲ့သို့သော ချွန်ထက်ပါးလွှာသည့်အရာဖြင့် ဆယ့်သုံးချက်တိတိအထိုးခံရပြီး နှစ်လုံးဆီတွင် သုံးချက်ထိုးမိကာ သေဆုံးခဲ့ခြင်းဖြစ်၏။ သေဆုံးသည်မှာလည်း သုံးရက်ခန့်ရှိပြီဖြစ်သလို အဆုတ်ထဲတွင် ရေဝင်နေသည်ကို မတွေ့ရပြီမို့ အသေသတ်ပြီးမှ ရေထဲကို ပစ်ချခဲ့သည်ဟုလည်း ဆေးအဖြေထွက်ခဲ့သည်။

အထက်ပါ ဆေးစစ်ချက်များအရ ဒုရဲအုပ်နေလင်းကောက်ချက်ချရသော်။ သာမန်ရန်ဖြစ်၍ သေဆုံးခြင်းထက် စိတ်နာကျည်း၍သာ သတ်သည်ဟု ယူဆမိသည်။ တရားခံကား မည်သူဖြစ်မည်နည်း။ အဖြေကို လွယ်လွယ်စဉ်းစားဖို့ကားမလွယ်။ သည်တော့ သေသူ၏ နောက်ကြောင်းကို လိုက်ရန် ဒုရဲအုပ်နေလင်း တွေးမိ ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် အမှုဖြစ်ပြီး သုံးရက်ခန့်အကြာ။ ဝင်းထိန် ရက်လည်သည့်နေ့တွင်။

” ဗိုလ်ကြီး…”

ရုံးချိန်းတစ်ခုဆီက ပြန်အလာ စခန်းဆီ အဝင်တွင် ဝင်းထိန်၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းရန် လွှတ်ထားစော ဆရာသက်ဇော်က လာရောက်သတင်းပို့၏။

” ဘာထူးလဲ ဆရာသက်ဇော်…”

” ထူးတယ် ဗိုလ်ကြီး။ သူတို့က ပန်းတောင်းဘက်ကနေ ဒီကို ပြောင်းလာတာ မကြာသေးဘူး။ သုံးနှစ်လောက်ပဲ ရှိဦးမယ်တဲ့…”

ပန်းတောင်းလို အညာဒေသကနေ သည်ကို ပြောင်းလာသည်ဆိုတော့…။ သာမန်စီးပွားရေးအတွက်လော၊ သို့တည်းမဟုတ် အခြားကိစ္စအတွက် ပြောင်းလာခြင်းပေလော။ နေလင်း၏ အတွေးတို့ တစ်ခဏတာ ရှုပ်ထွေးသွားရသည်။

” သူတို့ ဒီကို ပြောင်းလာကာစကတည်းက မောင်နှမ နှစ်ယောက်ပဲလား။ မိဘတွေကော ပါသေးလား”

” မပါဘူးတဲ့ ဗိုလ်ကြီး”

” အင်း…အဲ့ဒီ့လိုသာဆိုရင်တော့ ကျွန်တော်တို့ပန်းတောင်းကိုသွားဖို့ လိုလာပြီဗျ…”

” ဘာလို့လဲ ဗိုလ်ကြီး…”

ဆရာသက်ဇော်က နားမလည်စွာ မေးသည်။

” ဒီလိုဗျ…အခု သတ်တဲ့ပုံအရ ဖြစ်နိုင်ချေရှိတိာု ခန့်မှန်းရရင်။ သတ်သူက သေသူအပေါ် ရန်ငြိုးကြောင့် သတ်တယ်လို့ ကျွန်တော်ယူဆမိတယ်။ ပြီးတော့ ကျွန်တော် အရင်ရတဲ့သတင်းအရ သူတို့က ဒီမှာ အနေအေးတယ်။ ခိုက်ရန်ဖြစ်ပြီး လူမုန်းတာမျိုးမရှိဘူး။ ဒီတော့ ဆရာသက်ဇော်ရလာတဲ့ သတင်းအရဆိုရင်တော့ သတ်သူဟာ သူတို့အရင်နေရပ်ကဖြစ်မယ်လို့ မှန်းမိတယ်”

” သဘောပေါက်ပြီဆရာ။ ဒီလိုဆိုရင် အရင်က ရှိခဲ့ဖူးတဲ့ ရန်ငြိုးကို ဒီမှာ လာရှင်းတဲ့သဘောပဲ…”

ဒုရဲအုပ်နေလင်း ခေါင်းကို ညိတ်လိုက်သည်။

” ဟုတ်တယ် အဲ့ဒီ့သဘောပဲ။ ဒါပေမယ့် လတ်တလောတော့ ဒါကို အတည်ပြုဖို့ မရေရာသေးဘူး။ ကဲ…ဆရာသက်ဇော် တစ်လက်စတည်းဗျာ။ ကျွန်တော့်ကို သူတို့ရဲ့ ပန်းတောင်းလိပ်စာလေးတောင်းပေးချေ။ ပြီးတော့ဗျာ ဝင်းထိန်ရဲ့ ဓာတ်ပုံဖြစ်ဖြစ်၊ မစန်းတင့်ရဲ့ ဓာတ်ပုံဖြစ်ဖြစ် သူတို့မသိအောင် ယူခဲ့ပေးဗျာ…”

” ဟုတ်ကဲ့ ဗိုလ်ကြီး…”

ဆရာသက်ဇော် အလေးပြုပြီး ပြန်ထွက်သွားသည်။ နေလင်းကတော့ အမှုအတွက် အတွေးတွေဆက်စပ်ရင်း ရပ်ကျန်ခဲ့၏။

❆ ❆ ❆ ❆

ပန်းတောင်းနယ်၊ ပန်းဆက်ရွာဆီကို နေလင်းရောက်ခဲ့သည်။ အသွင်အပြင်က သာမန်အရပ်ဝတ်သာ ဝတ်ထားခဲ့၏။ လွယ်ထားသည့် ဘေးလွယ်အိတ်တွင်တော့ ဆရာသက်ဇော်ဆီက ရရှိလာသော သတင်းအချက်အလက်းများနှင့် မစန်းတင့်၏ ဓာတ်ပုံ။

” ညီလေး…အကို့ကို ရွာလူကြီးအိမ် ပို့ပေးပါလား”

ရွာကို ဝင်ဝင်ချင်း တွေ့ရသည့် ကောင်လေးကို အကူအညီတောင်းပြီး ရွာလူကြီးအိမ် ရောက်ခဲ့ရသည်။

အိမ်ရောက်သည်နှင့် ရွာလူကြီးကို အဆင်သင့်ပင်တွေ့ရကာ နေလင်း သူ့ကိုယ်သူ ရဲဖြစ်ကြောင်း မိတ်ဆက်၏။ ပြီးလျင် အမှုဖြစ်စဉ်ကို ထိန်ချန်၍ မစန်းတင့်၏ ဓာတ်ပုံကို ပြကာ

” သူ့ကို သိလား ဦးလေး…”

“ဟေ…”

ရွာလူကြီးက ဓာတ်ပုံကို ယူကြည့်သည်။

” ဒါ…ကျုပ်တို့ရွာမှာ အရင်နေသွားတဲ့ လှရင်ပဲ ဆရာလေးရ။ သူဘာဖြစ်လုိ့လဲ”

ရွာလူကြီးက ပြန်မေးလာသည်။ သို့သော် နေလင်းက

” သူတော့ ဘာမှ မဖြစ်ပါဘူး ဦးလေး။ ဒါပေမယ့်…သူ့နောက်ကြောင်းလေး သိလိုလို့ ဒီလိုက်လာတာ”

” ဪ…”

” ဦးလေး ပြောပြပေးနိုင်မလား…”

” အင်း…ရသပေါ့ ဆရာလေးရာ။ တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ တလောကတင် သူ့ယောက်ျားမောင်စိုး ထောင်ကလွတ်ပြီး ရွာလာသေးတာ။ ကဲ ကဲ…အဖန်ရည်သောက်ချေဦး။ ပြီးရင် ကျုပ်ပြောပြမယ်။

ကမ်းပေးလာသော ရေနွေးခွက်ကို နေလင်းလှမ်းယူပြီး ဖြေးဖြေး မှုတ်သောက်နေလိုက်သည်။ ထိုအခိုက်ဝယ် ရွာလူကြီးက ကွမ်းတစ်ယာကို ယာ၍ ပါးစပ်ထဲ ထည့်ဝါးရင်း

” အဲ့ဒီ့ကလေးမက သိပ်သနားစရာကောင်းတယ် ဆရာလေးရ။ သူ…ဒီရွာကို ရောက်လာတာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က။ အဲ့ဒီ့အရင် ဘယ်မှာနေတယ်တော့ မသိရဘူး။ ရွာကိုရောက်လာတာတော့ နယ်စပ်ဘက်ကို အလုပ်သွားတဲ့ မောင်စိုးဆိုတဲ့ ကောင်လေးနဲ့ ခိုးရာလိုက်လာတာတဲ့…”

” ဟုတ်ကဲ့…”

ထို့နောက် ရွာလူကြီးက လှရင်၏ နောက်ကြောင်းကို ပြန်ပြောပြသည်။ နေလင်းကလည်း ရွာလူကြီး ပြောသမျှကို မှတ်စုထဲ ချရေးနေလိုက်သည်။

နောက်တစ်နာရီခန့်အကြာတွင်တော့ လိုချင်သော အချက်အလက်များအပြင် ဖြစ်နိုင်ချေရှိသော တရားခံကိုပါ နေလင်း တွက်ဆမိချေတော့၏။

❆ ❆ ❆ ❆

ပန်းတောင်းကအပြန် နေလင်း မန္တလေးဘက်ကို ပတ်ခဲ့သည်။

မန္တလေးတွင် တစ်ရက်ခန့်နေပြီး သူ့မြို့ ဆီ ပြန်ခဲ့သည်။ မြို့ကို ပြန်ရောက်ပြီးသော်…စခန်းကို မပြန်သေးဘဲ မြို့ထဲ၌ပင် နှစ်ရက်ခန့် တစ်ကိုယ်တည်း အသွားအလာပြုရပြန်၏။

လိုအပ်သော အချက်အလက်များ စုံလေတော့မှ နေလင်းစခန်းဆီ ပြန်ခဲ့သည်။ ထို့နောက် စခန်းမှူးဆီ သတင်းဝင်ပို့ ပြီးနောက် တရားခံဖမ်းရန်တင်ပြကာ ရဲစာရေး ဆရာအောင်ရနှင့် အခြားအဖွဲ့ဝင်နှစ်ဦးကို ခေါ်ကာ ရွာတော်ဆီ တရားခံဖမ်းရန် အားချင်း ထွက်ခဲ့ကြတော့သည်။

ရွာတော်ကို ရောက်သော် နေ့လည်ပိုင်း ၂ နာရီခန့်ရှိပြီဖြစ်သည်။ ရွာကို ရှောင်ကွင်းပြီး သုသာန်ဆီကို လာခဲ့ကြ၏။ သုသာန်ဆီရောက်သော် အသင့်စောင့်ဆိုင်းနေသော ဆရာသက်ဇော်က လာပေါင်း၏။ ပြီးနောက် တစ်ဖွဲ့လုံး ဂူများအကြားကနေ သွား၍ တစ်နေ့က သဂြိုဟ်ခဲ့သော ဝင်းထိန်၏ ဂူဆီကို သွားလိုက်ကြသည်။

ဝင်းထိန်၏ ဂူအနားကို ရောက်သော် လူတစ်ယောက်သည် ဂူနံဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချပြီး ခေါင်းငိုက်စိုက်ကျကာ ရှိနေ၏။

” သူ့ကို လက်ထိပ်ခတ် ဖမ်းလိုက်ပါ ဆရာသက်ဇော်”

ဆရာသက်ဇော်က သွက်လက်စွာပင် ထိုသူကို လက်ထိပ်ခတ်လိုက်သည်။

လက်ထိပ်ခတ်ခံရမှုကြောင့် ထိုသူသည် ခေါင်းမော့ကြည့်လာသည်။ သို့သော် ရုန်းကန်ခြင်းတော့လုံးဝမပြု။ ထူးထူးခြားခြား သူ၏ မျက်ကွင်းများက အိပ်ရေးပျက်မှုကြောင့်လား၊ ရောဂါကြောင့်လေလားမသိ။ ညိုမည်းနေသည်။

” ကဲ…မောင်စိုး။ မင်းကို ဝင်းထိန်ကို သတ်တဲ့အမှုနဲ့ ငါတို့ ဖမ်းလိုက်ပြီ”

ဒုရဲအုပ်နေလင်း၏ စကား။ မောင်စိုး ခပ်ယဲ့ယဲ့ ပြုံးလေသည်။

” ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာတို့ရောက်လာတာ စောသွားလို့ပါ။ ကျုပ် ခဏနေရင်ပဲ စခန်းကို လာအဖမ်းခံမလို့လုပ်နေတာ”

မောင်စိုး၏ စကားက ထူးဆန်းသည်။

” ကဲပါ…အခုလို တာဝန်ယူစိတ်ရှိတာ ကျေးဇူးတင်ပါတယ်။ ကဲ…သွားကြစို့”

” ခဏလေးပါဆရာ။ ကျုပ် တစ်ခုလောက်တောင်းဆိုခွင့်ရှိမလား…”

” ပြောကြည့်ပါ။ ကျွန်တော် တာဝန်ယူနိုင်တဲ့ဟာဆို လုပ်ပေးပါ့မယ်”

” အခြားတော့ မဟုတ်ပါဘူးဆရာ။ ကျုပ်ကို ဒီကပြန်ရင် မစန်းတင့်ဆီ ခဏဝင်တွေ့ခွင့်ပေးပါ…”

” ကောင်းပြီလေ…ဒီလောက်တော့ ရပါတယ်”

အပြန်လမ်းတွင် မောင်စုိး၏ ဆန္ဒအတိုင်း မစန်းတင့်အိမ်ကို ဝင်ခဲ့ကြ၏။

မစန်းတင့်သည် ရဲများဖမ်းလာသည့် မောင်စိုးကို မြင်သော် အံ့အားတသင့်ဖြစ်လေပြီးနောက် ပုံလျက်သားထိုင်ချကာ ချုံးပွဲချ ငိုကြွေးလေသည်။

မောင်စိုးက ဘာစကားမှ မပြောပါ။ မစန်းတင့်ကို ငေးကြည့်ရုံသာ ကြည့်ခဲ့ပြီး စခန်းဆီသွားရန်ပြောလေပြီနောက် အားလုံး စခန်းဆီကို ပြန်ခဲ့ကြတော့သည်။

❆ ❆ ❆ ❆

ဖြောင့်ချက်။

မောင်စိုးသည် ညီအရင်းဖြစ်သူ မောင်မိုး ခေါ် ထိန်ဝင်းအား သတ်ခဲ့မှုအတွက် အောက်ပါ ဖြောင့်ချက်များကို ပေးခဲ့သည်။

သူသည် တစ်ချိန်က နယ်စပ်ဆီတွင် အလုပ်သွားလုပ်ရင်း မလှရင်မည်သည့် မိဘမဲ့ပြီး ခိုကိုးရာ မဲ့နေသော မိန်းကလေးကို နှစ်ဦးသဘောတူ ခေါ်ယူပေါင်းသင်းကာ ရွာဆီအပြန်တွင် ခေါ်ဆောင်ခဲ့ပြီး မိခင်ဖြစ်သူ၊ ညီဖြစ်သူတို့နှင့်အတူတကွ တစ်အိမ်ထဲ နေထိုင်ခဲ့ကြသည်။ ထိုအချိန်က ညီဖြစ်သူ မောင်မိုးမှာ လူပျိုပေါက်အရွယ်သာ ရှိသေး၏။

ပေါင်းသင်းစဉ်တွင်လည်း သူသည် မလှရင်ကို လွန်စွာချစ်မြတ်နိုးခဲ့သည်။ ရွာရောက်ပြီး ငါးလခန့်အကြာတွင်တော့ ရွာက ကြာကူလီသမားတစ်ယောက်က မလှရင်ကို ထိကပါး၊ ရိကပါး လုပ်သည့်အတွက် အချစ်ဒေါသကြီးလွန်းသော သူသည် ထိုသူကို သတ်ခဲ့သည်။

ထိုအမှုအတွက် ထောင်ဆယ်နှစ်ကျခဲ့ရ၏။ ထောင်ကျနေစဉ် တစ်နှစ်ခန့်အကြာ၌ မိခင်ဖြစ်သူ ဆုံးပါးခဲ့ကြောင်း သတင်းရရှိခဲ့၏။ ထောင်ကျပြီး ရှစ်နှစ်ခန့်အကြာတွင်တော့ လျော့ရက်များဖြင့် သူပြန်လွတ်ခဲ့သည်။

မလှရင်နှင့် တွေ့ချင်ဇောကြောင့် ရွာဆီအပြေးပြန်လာခဲ့သော်လည်း မလှရင်ကော ညီဖြစ်သူပါ ရွာ၌ မရှိကြတော့။ မလှရင်မှာ မိခင်ဖြစ်သူဆုံးပါးပြီးချိန်ကတည်းက ရွာက ပျောက်သွားခဲ့ပြီး ညီဖြစ်သူကတော့ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က အိမ်နှင့် ဝိုင်းကို ရောင်းပြီး ရွာက ထွက်သွားသည်ဟု သိခဲ့ရ၏။

ချစ်ရသူကော တွယ်တာရာ ညီဖြစ်သူပါ သတင်းပျောက်ရပြီမို့ မောင်စိုးခမျာ စိတ်လေခဲ့ရသည်။ ဘယ်ဆီသွားရမည်ဟု ဦးတည်ချက်မရှိပါဘဲ ခြေဦးတည့်ရာ လျှောက်သွားမိရင်း ထောင်ထဲတွင် ဆုံခဲ့သော ကိုအောင်ဝင်းဆိုသည့် မိတ်ဆွေတစ်ဦးနှင့် တွေ့ကာ ထိုသူနှင့်အတူ လိုက်ပါနေထိုင်ခဲ့၏။

တစ်ကိုယ်ရေတစ်ကာယသမားဖြစ်သော ကိုအောင်ဝင်းနှင့်အတူနေထိုင်ရင်း မြို့ပွဲရုံဆီတွင် အလုပ်ဝင်ခဲ့သည်။

ပွဲရုံတွင် အလုပ်လုပ်ရင်း တစ်ရက်ဈေးထဲဆီလာသော မလှရင်နှင့် မောင်မိုးတို့ကို အမှတ်မထင် အတူတကွ တွေ့ခဲ့သည်။ တွေ့တွေ့ချင်း ဝမ်းသာမိသွားပြီး နှုတ်ဆက်ရန်ဟန်ပြင်မိသော်လည်း ရွာကထွက်သွားသည်မှာ မတူသည့်လူနှစ်ဦး အတူတကွ ရှိနေပြီး အပြုအမူတွေကို မသင်္ကာသည့်အတွက် မနှုတ်ဆက်ဖြစ်ခဲ့။

ထိုနေ့က သူသည် အနောက်ကနေ နောက်ယောင်ခံလိုက်ရင်း ရွာတော်တွင် နေကြောင်း သိခဲ့ရ၏။ နောက်ရက်များတွင် ရုပ်ဖျက်ပြီး နည်းအမျိုးမျိုးဖြင့် စုံစမ်းသော် ရွာတော်တွင် မလှရင်က မစန်းတင့်အဖြစ်၊ မောင်မိုးက ထိန်ဝင်းအဖြစ်အမည်ပြောင်းပြီး မောင်နှမများအဖြစ်နေထိုင်ကြကြောင်း သိခဲ့ရသည်။ ထိုအတွက်သူ အလွန်ဝမ်းသာသွားရ၏။ သို့သော် ထူးဆန်းစွာပင် ရင်ထဲက သံသယတို့က ပြယ်မသွားပါ။

သူသည် သံသယတို့ကိုချေဖျက်ရန် ဆုံးဖြတ်ပြီး တစ်ညတွင် မလှရင်တို့အိမ်ဆီ ချဉ်းကပ်ခဲ့သည်။

သူ၏ သံသယတို့ မှန်ကန်ခဲ့လေသည်။ တိုက်ဆိုင်လှစွာပင် ထိုညက မလှရင်နှင့် မောင်မိုးတို့ သံဝါသပြုနေသည်ကို သူကြုံခဲ့ရသည်။

ရင်ထဲတွင် ချစ်ရသူက လုပ်ရက်လေခြင်းဟူသော နာကျည်းစိတ်၊ ညီအကိုအရင်းအပေါ် သစ္စာဖောက်ရက်သော ညီဖြစ်သူအပေါ် ခံပြင်းစိတ်တို့ ရောထွေးယှက်တင်ခဲ့ရသည်။

ထိုညက စတင်ပြီး သူ့ရင်ထဲတွင် သစ္စာမဲ့သူနှစ်ဦးအပေါ် ခွင့်လွှတ်သင့်၊ မလွှတ်သင့် ဒွိဟများဖြင့် အစားပျက်၊ အအိပ်ပျက်ဖြင့်။ မလှရင်ကို သူမဆုံးရှုံးလိုပြီ။ သူထောင်ကျပြီး အလှမ်းကွာနေချိန် ညီဖြစ်သူနှင့် အိုးချင်းထား၊ အိုးချင်းထိခဲ့ရသည့်အဖြစ်ကို သူနားလည်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ချိန် ညနေစောင်းခဲ့ပြီ။ သူအားချင်းပင် ရွာတော်ကို ထွက်ခဲ့သည်။ ရွာရောက်တော့ မိုးချုပ်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာအဝင်တွင် မောင်မိုးနှင့်ဆုံခဲ့၏။

မောင်မိုးသည် သူ့ကို မြင်တော့ အလွန်လန့်ဖျပ်သွားသည်။ ပြီးသော် မောင်မိုးက သူ့ကို ဘယ်သူမှမမြင်အောင် ရွာအပြင်သွားပြီး အေးဆေးစကားပြောကြမည်ဟုဆိုကာ သုသာန်ဘက်ကို ထွက်ခဲ့ကြသည်။ ထိုအခိုက်ဝယ် မိုးများသည်းထန်စွာ ရွာချလာ၏။

သူနှင့် မောင်မိုးသည် မိုးထဲရေထဲတွင် မလှရင်ကိစ္စအတွက် အခြေအတင်ဆွေးနွေးခဲ့ကြသည်။ မရပါ။ မောင်မိုးက မလှရင်ကို လက်လွှတ်မပေးနိုင်ဟု ယတိပြတ်ပြောသည်။ သူ အမျိုးမျိုးချော့မော့ကြည့်ခဲ့သည်။

သုသာန်အနားကို ရောက်ချိန်တွင်တော့ ငြင်းဆန်နေသော မောင်မိုးကို သူစိတ်မရှည်တော့။ သတ်မည်ဟု ခြိမ်းခြောက်မိစဉ် မောင်မိုးက သူ့ကို အရင်စထိုးလာသည်။ သည်တွင် နဂိုက ခံပြင်းနာကျည်းနေသော သူ စိတ်လွတ်သွားရပြီး ဆောင်နေကျ ဓားဖြင့် ညီဖြစ်သူကို အချက်ပေါင်းများစွာ ထိုးမိခဲ့တော့သည်။

ပြီးနောက် အလောင်းကို ရေစီးကြမ်းတမ်းလှသော ချောင်းဆီ ပစ်ချခဲ့၏။ မလှရင်နှင့်တွေ့ချင်စိတ်လည်း သူ့ထံတွင် မရှိတော့ပေ။

သူဟန်မပျက် ပြန်လာခဲ့သည်။ သို့သော် ထိုညက စတင်ပြီး ယနေ့အချိန်အထိ ညဘက်များတွင် သူလုံးဝအိပ်မရခဲ့။ ညစဉ်ညတိုင်း မောင်မိုးသည် သူ့ထံရောက်လာကာ ခြေထောက်များဆွဲချခြင်း၊ တစ်ခါတစ်ရံ ရေဝ၍ ပွယောင်းနေသော ခန္ဓာကိုယ်ကြီးဖြင့် ” အကို…ညီလေးကို ခွင့်လွှတ်ပါ၊ ညီလေးကတော့ အကို့ကို လုံးဝခွင့်မလွှတ်နိုင်ဘူး” ဟု ပြောပြီး ဒေါသတကြီးဖြင့် သူ့အားသတ်ရန်ကြိုးပမ်းသည့် သွင်ပြင်များကို အိပ်မက်လိုလို တကယ်လိုလိုဖြင့် အမြဲလိုမြင်မက်မိရတော့သည်။

သည့်အတွက် ညဆိုလျင် သူ အိပ်မရသည်က များလာသည်။ နေ့ဘက်တွင် အိပ်ရန်ကြိုးစားသော်လည်း စိတ်က အလိုလိုလန့်နေသည်မို့ အိပ်မရခဲ့။ တစ်ပါတ်ကျော်ခန့်အကြာအထိ သူအခန်းအောင်းနေဖြစ်ရင်း နောက်ဆုံးတွင် အဖမ်းခံရန်ဆုံးဖြတ်ပြီး နောက်ဆုံးအနေဖြင့် ညီဖြစ်သူ၏ အုတ်ဂူထံ ဝင်ကာ တောင်းပန်နေစဉ် ရဲများရောက်လာပြီး အဖမ်းခံခဲ့ရတော့သည်။

အထက်ပါ အကြောင်းအရာများသည် တရားခံမောင်စိုး ဖြောင့်ချက်ပေးခဲ့သည်များဖြစ်ပေ၏။

❆ ❆ ❆ ❆

ညကိုးနာရီခန့်။

စခန်းထဲတွင် လူသတ်မှုကို အမှုမှန်ပေါ်အောင် စုံစမ်းဖော်ထုတ်နိုင်ခဲ့သော ဒုရဲအုပ်နေလင်းကို ရဲဘော်ရဲဘက်များအချင်းချင်း ချီးကျူးဂုဏ်ပြုပွဲလေး လုပ်ပေးနေကြ၏။

ရုံးစားပွဲလေးဆီတွင် စားစရာအနည်းငယ်နှင့် အဖျော်ယမကာတချို့ ရှိနေသည်။

” ကဲ…ဗိုလ်ကြီး တရားခံကို ဖော်ထုတ်နိုင်ခဲ့ပုံလေး ရှင်းပြပါဦးဗျာ”

ဆရာ အောင်ရ၏ တောင်းဆိုစကား။

” အင်း…ဒီလိုဗျ။ လူသတ်မှုကို ကျွန်တော် ရန်ငြိုးကြောင့် သတ်တယ်လို့ ယူဆမိခဲ့တယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ရင်းနဲ့ အကြောင်းစုံကို သိရပြီး တရားခံက မောင်စိုးမဟုတ်ရင် မောင်မိုးလို့ ယူဆမိခဲ့တာ။ အဓိကဖြစ်နိုင်ချေကတော့ မောင်စိုးက ပိုဖြစ်နိုင်တယ်လေ။ ဒါနဲ့ပဲ ပန်းတောင်းကနေပြန်တော့ မောင်စိုးကျခဲ့တဲ့ ထောင်ကို ကျွန်တော်သွားစုံစမ်းခဲ့တယ်။ နောက်…အဲ့ဒီ့ကနေ ဆက်စပ်ပြီး ဒီမြို့မှာ မောင်စိုးရောက်နေတယ်လို့သိခဲ့ရတာ။ ဒါနဲ့ မြို့ကို ပြန်လာပြီး စုံစမ်းရင်း မနက်က သူ့အိမ်ကို သိခဲ့ရတယ်။ ကိုအောင်ဝင်းကို မေးကြည့်တော့ မောင်စိုး ညဘက်တွေမအိပ်ပဲ သရဲခြောက်ခံရနေတယ်ဆိုတာလည်း သိရတယ်။ ပြီးတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ရွာတော်ဘက်ကို သူသွားနေတယ်ဆိုတာလည်း သိခဲ့ရပြီး မနက်က ဆရာသက်ဇော်က သုသာန်ထဲမှာ လူစိမ်းတစ်ယောက်ရောက်နေကြောင်း သတင်းပို့လာတော့ ချက်ချင်းပဲ ဝင်ဖမ်းခဲ့တာ…”

ဒုရဲအုပ်နေလင်းသည် သူ၏ စကားကို အဆုံးသတ်လိုက်၏။ ထိုအခါ နားထောင်နေကြသူများက လက်ခုပ်တီး၍ ချီးကျူးဂုဏ်ပြုကြလေသည်။

ထိုအခိုက်…။

” အား…မလာနဲ့…မလာနဲ့…မင်းကို ငါကြောက်တယ်…မလာနဲ့ သွား….”

ဟူသော မောင်စိုး၏ အော်သံနှင့်အတူ တိုက်ဆိုင်လှစွာပင် အလွန်ပြင်းထန် နံစော်လှသော အပုတ်နံ့ကြီးကို ဒုရဲအုပ်နေလင်းတို့အဖွဲ့ ရှုရှိုက်မိလိုက်ကြလေတော့၏။

ပြီးပါပြီ။

နောင်ရိုး( ဆေးတပ်)