ပျောက်သောသူရှာရင်တွေ့

မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လုံးမြင်တွေ့လိုက်ရတယ်။

“ သင်ဘယ်သူလဲ…”လို့မေးလိုက်၌မယ့်

ဘာမှပြန်ပြောသံမကြားရတာကြောင့် မောင်ကောင်းက အသံကိုမြှင့်လိုက်ပြီး

“ အခုမှ စကားမပြောတတ်သလိုလုပ်မနေနဲ့… စိတ်ကကြည်နေတာမဟုတ်ဘူး၊ မြန်မြန်ပြောစမ်း သင်ဘယ်သူလဲ”

“ မြို့စောင့်ပုဂ္ဂိုလ်ပါ”

“ ဟားဟား.. ကျုပ်ကလဲ သင့်ကို့စောင့်နေတာ၊ ကဲ ပြောစမ်းပါဦး လူသတ်ကုန်းမှာ လူစားလဲတဲ့ကိစ္စ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိနေတယ်မဟုတ်လား”

မြို့စောင့်ပုဂ္ဂိုလ်နှုတ်ဆိတ်နေတာကြောင့် မောင်ကောင်းက ထိုင်ရာကနေ ထလိုက်ပြီး ညောင်ပင်အောက်ကိုထွက်သွားခဲ့တယ်။

“ အေး… ကျုပ်မေးတာမဖြေလို့ကတော့ ခင်ဗျားကို တစ်စစီလုပ်ပစ်မယ်…”

“ အဲလိုတော့ မလုပ်ပါနဲ့ ဆရာရယ်… ကျုပ် ကျုပ် မတတ်သာလို့ လုပ်ခဲ့ရတာပါ”

“ ဟက်ဟက်… ဆင်ခြင်ဆင်လက်တွေနဲ့ပါလား၊ ခင်ဗျားက အသက်သာကြီးတာ စဉ်းစားဉာဏ်မရှိတဲ့ အထူအပိန်းကောင်ပဲ၊ မတတ်သာလို့လုပ်ခဲ့တယ်ဆိုရင်တောင် ကျုပ်တို့လာတဲ့အချိန် ဘာလို့မပြောခဲ့တာလဲ၊ ခင်ဗျားကိုခိုင်းတဲ့သူထက် ကျုပ်တို့ပညာက နိမ့်ကျတယ်လို့ ထင်နေတာမဟုတ်လား”

“ မ မဟုတ်ပါဘူးဆရာ”

“ ခင်ဗျားတာဝန်က ဒီမြို့မှာနေတဲ့သူတိုင်းကို အန္တရာယ်ကင်းအောင်စောင့်ရှောက်ရမှာမဟုတ်လား၊ ဒီကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ခင်ဗျားက လမ်းဘေးကသရဲအဆင့်သာသာပဲရှိတော့တယ်၊ မောင်ကောင်း ဒီညောင်ပင်ကို အင်းနဲ့တိုက်ကြရအောင်”

မောင်ကောင်းနဲ့ခွန်းလှတို့နှစ်ယောက် လွယ်အိတ်ကို ဖွင့်လိုက်ပြီး အတိုက်အင်းနှစ်ချပ်ထုတ်ကာ အသက်သွင်းဖို့လုပ်နေတဲ့အချိန် မြို့စောင့်ပုဂ္ဂိုလ် အနားကိုရောက်လာခဲ့တယ်။

“ တောင်းပန်ပါတယ် ဆရာတို့ရယ်… ဒီအပင်ကိုမှီခိုနေရတဲ့အခြားနာနာဘာဝတွေလဲရှိတာကြောင့် တစ်ကြိမ်တော့ခွင့်လွတ်ပေးပါ၊ ကျုပ်လဲနောက်မလုပ်ရဲတော့ပါဘူး”

“ ဒါဆိုရင် ကျုပ်မေးတာကို အမှန်တိုင်းဖြေမလား”

“ ဖြေပါမယ် စကားတစ်ခွန်းတောင် မလိမ်ပဲဖြေပါ့မယ်”

မြို့စောင့်ပုဂ္ရိုလ်စကားကြောင့် မောင်ကောင်းက ခွန်းလှကို မျက်စပစ်ပြလိုက်ပြီး

“ ကျုပ်မေးမယ်… ကျော်ဘုန်းစံဆိုတဲ့ကောင်အနောက်ကနေလိုက်နေတဲ့ ဖြူဖျော့ဖျော့ကောင်ကဘယ်သူလဲ”

“ သူ သူက မောင်မြင့်ပါ”

“ အဲဒီကောင်ကို အခုခေါ်ပေး…”

“ ဟုတ်ကဲ့ အခုခေါ်လိုက်ပါ့မယ်”

မြို့စောင့်ပုဂ္ဂိုလ်လဲ အပြင်ဘက်က လမ်းဆုံနေရာကို လက်ညိုးထိုးပြီး လက်ယက်ခေါ်လိုက်ရာ ပိန်ပိန်ပါးပါးဖြူဖျော့ဖျော့အသားအရည်နဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။

“ ပြန်တွေ့ရပြန်ပီနော် … ဒီတစ်ခါ မင်းဘယ်လို လိမ်မလဲကြည့်ရသေးတာပေါ့”

မောင်မြင့်က မောင်ကောင်းစကားကြောင့် မျက်နှာကိုအောက်ချပြီး တစ်ကိုယ်လုံးတုန်ရီနေတာမြင်လိုက်ရတယ်။

“ ဆရာသမား… ကျုပ်ဘာမှမလုပ်ရသေးပဲ ဘာလို့တုန်နေတာလဲ… အဟက်အဟက်”

“ ကျွန်တော်မှားပါတယ် … အီးဟီးဟီး… ဆရာတို့ကိုလိမ်ညာခဲ့မိတာကိုလဲ တောင်းပန်ပါတယ်”

ရုတ်တရက်ငိုကြီးချက်မနဲ့ပြောလိုက်ရာ မောင်ကောင်း ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး

“ ကိုယ်အလှည့်ကျမှ နာတတ်တဲ့ကောင်… မင်းလဲ မင်းဆရာနဲ့အတူတူပဲ၊ ဒါနဲ့များရပ်ကွက်စောင့်အဆင့်ထားထားသေးတယ်၊ တကယ်တော့ မင်းလိုကောင်က မိန်းမပျက်အဆင့်တောင်မရှိဘူး၊ ကျော်ဘုန်းစံဆိုတဲ့ကောင် ဘယ်သွားလဲဆိုတာ မင်းသိမှာပေါ့”

‌မောင်ကောင်းစကားကြောင့် မောင်မြင့်က မြို့စောင့်ပုဂ္ဂိုလ်ကိုလှမ်းကြည့်လိုက်ရာ ဟိုက မျက်နှာမသိမသာလွှဲသွားခဲ့တယ်။

“ ဟေ့ကောင် မင်းပထွေးကို စစ်ကူခေါ်မနေနဲ့ ငါမေးတာအရင်ဖြေ”

“ ဟို ဟို ဆရာကြီးစံမြဆီသွားတာပါ”

“ ဆရာကြီးစံမြဆိုတာ သူ့အဖေလား”

“ ဟုတ် ဟုတ်ပါတယ်… သူ့‌အဖေကြောင့် အခုလိုကိစ္စတွေဖြစ်လာတာပါ”

“ အခုမှ သူများကိုအပြစ်ဖို့မနေနဲ့ ဒီကိစ္စမှာ နင်တို့နှစ်ယောက်လဲအလိုတူအလိုပါပဲ၊ အခု ဦးစံမြဘယ်မှာနေလဲ”

“ အဲဒါက အဲဒါက”

“ မြန်မြန်မဖြေသေးဘူးလား”

“ ဆ … ဆလပ်ကုန်းရွာမှာနေပါတယ်…”

“ ငါတို့သွားလို့ မရှိဘူးဆိုရင် နင်ရော နင့်ဆရာရော သေပြီသာမှတ်”

“ အဲဒါတော့ မလိမ်ပါဘူးဆရာရယ်… အမှန်တိုင်းပြောပြတာပါ”

“ ကြည့်ရသေးတာပေါ့… ဒါနဲ့နေဦး… မြို့စောင့်ပုဂ္ဂိုလ်ကိုပြောစရာရှိတယ်”

“ ဟုတ်ကဲ့ဆရာ… ပြောပါခင်ဗျ”

“ မသေသင့်ပဲ သေသွားရတဲ့ ကျောင်းဆရာကျော်နိုင်ရဲ့အဖေက ဒီမြို့ကိုရောက်နေတယ်၊ အဲဒါ သင်တို့ ကူညီမစလိုက်ကြ”

“ ဆရာပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်”

“ ကောင်းပြီ.. ဒါဆိုသင်တို့ကိုယ့်နေရာကိုယ်သွားကြတော့”

မောင်ကောင်းတို့လဲမြို့စောင့်ပုဂ္ဂိုလ်တို့ဆရာတပည့်ကို ပြန်ခိုင်းလိုက်ပြီး နတ်နန်းကနေ ပြန်ထွက်လာခဲ့ကြတယ်။
++++++

ကျောင်းဆရာ‌ကိုကျော်နိုင်သေဆုံးတဲ့ကိစ္စက တစ်မြို့လုံးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့သလို ရုတ်တရက်ပျောက်သွားတဲ့ ကျော်ဘုန်းစံရဲ့သတင်းကလဲ လူတွေအတွက်စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရတယ်။

“ သူငယ်ချင်းတစ်ယောက်လုံး သေတာတောင် လာမကြည့်ဘူးဆိုတာတော့ အရမ်းလွန်သွားပြီ”

“ လာမကြည့်ရဲလောက်တဲ့ကိစ္စတစ်ခုခုများရှိနေလို့ လား၊ ဒါမှမဟုတ် ဆရာလေးကျော်နိုင်ကို သူကိုယ်တိုင်ပဲသတ်လိုက်လို့များလား”

“ အဲဒါတော့မဖြစ်နိုင်ဘူး… မှုခင်းဆရာဝန်တွေပြောတာကတော့ သတ်ခံထိတဲ့လက္ခဏာမရှိဘူးတဲ့၊ ဒါကြောင့် ဒီကောင်ပျောက်တာကို လိုက်မရှာကြတာ”

လက်ဖက်ရည်ဆိုင်ထဲမှာ ငြင်းခုံနေတဲ့ကြတဲ့ မြို့ခံလူတွေရဲ့အနောက်ဘက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ငြိမ်သက်စွာထိုင်ကာ နားထောင်နေခဲ့ကြတယ်။

“ ဆရာကြီးဦးစံမြကအခုဘယ်ရောက်နေတာလဲ”

“ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက ပျောက်သွားတာ၊ အခုထိသတင်းအစနတောင်မရဘူးလေ၊ ဘာဖြစ်လို့ မင်းကဆရာကြီးကိုမေးတာလဲ”

“ ကျော်ဘုန်းစံက ဒီကနေထွက်သွားပြီးရင် သူ့အဖေဆီကိုပဲသွားမယ်လို့ထင်နေတာ”

“ သွားရင်လဲသွားမှာပေါ့…ဒါကို ငါတို့လိုက်ပြောနေလို့မရဘူးလေ”

“ အဲဒါတော့ ဟုတ်တာပေါ့ကွာ.. ဒါပေမယ့် အခုလိုရုတ်တရက်ပျောက်သွားတာကြီးက စိတ်ထဲဘဝင်မကျတာ”

“ ဘဝင်ကျတာ မကျတာလုပ်မနေနဲ့… ဒီနေ့ အုံနာဖိုးရဖို့ကအရေးကြီးတယ်၊ လာလာ သွားကြစို့”

လက်ဖက်ရည်ဖိုးရှင်းပြီးထသွားကြတဲ့သူတွေစကားကြောင့် မောင်ကောင်းက ခွန်းလှနားကိုကပ်ပြီး

“ ဆရာကြီးဦးစံမြနဲ့တွေ့ရဖို့ဆိုရင် ငါတို့ဒီအတိုင်းသွားလို့မရလောက်ဘူး”

“ ဘာဖြစ်လို့လဲ ကျော်ဘုန်းစံက ကျွန်တော်တို့ကို မှတ်မိနေမှာစိတ်ပူလို့လား”

“ အေး… ဟုတ်တယ်၊ သူက ငါတို့ကြောင့်ပဲ အိမ်ကိုပစ်ပြီး အပျောက်ရိုက်သွားတာလေ၊ ဒါကြောင့် ဦးစံမြရှိ‌တဲ့နေရာသွားဖို့ဆိုရင် ရုပ်ဖျက်ဖို့လိုလိမ့်မယ်”

“ ဒီရုပ်တွေကို နှုတ်ခမ်းမွှေးတွေ ဆံပင်တုတွေတပ်သွားရမှာလားဗျ၊ ကြည့်ရအရမ်း‌ဆိုးနေမှာပဲ”

ခွန်းလှစကားကြောင့် မောင်ကောင်းက သဘောကျစွာရယ်လိုက်ပြီး

“ မတတ်နိုင်ဘူး လုပ်သင့်ရင်လုပ်ရမှာပဲ…”

“ ဒါဖြင့် ဈေးနားက အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ကိုသွားကြတာပေါ့၊ ပိုက်ဆံတော့ပါတယ်မဟုတ်လား ဆိုင်ထဲရောက်လို့မှ ပိုက်ဆံမပါရင် အချုပ်ထဲရောက်နေဦးမယ်”

“ ပိုက်ဆံပါပါတယ်ကွ… ဒီမှာကြည့်”

မောင်ကောင်းက ငွေစက္ကူတွေကိုထုတ်ပြလိုက်ရာ ခွန်းလှမျက်လုံးပြူးသွားပြီး

“ ဒီလောက်များတဲ့ပိုက်ဆံတွေဘယ်ကရလာတာလဲ”

“ ဆရာထွက်သွားတဲ့နေ့ ငါလွယ်အိတ်ဖွင့်ကြည့်လိုက်တာ အခုလိုတွေ့ရတာပဲ၊ ငါတို့ဆရာက သူမရှိတုန်း သူ့တပည့်တွေထမင်းငတ်မှာစိုးလို့ ထားခဲ့ပေးတာနေမှာ”

“ အဟက်အဟက်”

နှစ်ယောက်သားသဘောကျစွာရယ်လိုက်ပြီး အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ဘက်ကိုထွက်သွားခဲ့ကြတယ်။
++++++

“ ကောက်ညှင်းထုပ် ပူပူလေးတွေရမယ်၊ သားတို့ အားပေးသွားပါဦး၊ အခုထိဈေးဦးမပေါက်သေးလို့ပါ”

ယိုင်နဲ့နဲ့ တဲ‌ပေါ်ကနေ လှမ်းပြောလိုက်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ခြေလှမ်းတွေ ရှေ့ကိုမဆက်တော့ပဲ တဲထဲကိုဝင်လာခဲ့လိုက်တယ်။

“ အမေကြီး… ကောက်ညှင်းထုပ် လေးထုပ်ပေး”

“ အေးအေး အမေကြီး ထုပ်ပေးမယ်နော်”

အမေအိုကြီးက ကောက်ညှင်းထုပ်တွေကို အိတ်ထဲထည့်ပေးနေတဲ့ချိန်

“ အမေကြီးက ဒီမြို့မှာနေတာကြာပြီလား”

“ ကြာပီပေါ့ သားရဲ့… ဘာဖြစ်လို့မေးတာလဲ”

“ ဘာမှမဖြစ်ပါဘူး… ဒီတိုင်းသိချင်လို့ပါ၊ ဒါနဲ့ အမေကြီးမှာ မိသားစုတွေမရှိကြဘူးလား”

“ မရှိကြတော့ဘူးကွယ့်… ဆုံးသွားကြပြီ”

“ အော် စိတ်မကောင်းစရာပဲဗျာ…”

“ အရင်ကတော့ သားတစ်ယောက်ရှိခဲ့တယ်၊ ဒါပေမယ့် သုံးစားလို့မရပါဘူး၊ တစ်နေ့ တစ်နေ့ အလှပြင်လိုက် ကနားပွဲလိုက်ကလိုက်နဲ့ ဝိုင်းကူဖော်တောင်မရဘူး”

“ သူကရောဆုံးတာကြာပီလား”

“ဆယ်နှစ်ကျော်‌လောက်ရောပေါ့….သူမဆုံးခင် ဆရာကြီးဦးစံမြကနတ်ကရင် ဓါးတွေနဲ့မကစားဖို့သတိပေးသေးတယ်၊ ဒါကို မောင်မြင့်က လက်မခံဘူးလေ… အဲဒါနဲ့ ဓါးကစားတာ သူ့ဗိုက်ထဲသူကိုယ်တိုင်ဓါးနဲ့ထိုးမိပြီး သေပါလေရာ”

“ အမေကြီးသားနာမည်က မောင်မြင့်လား”

“ အင်း ဟုတ်တယ်လေ… ကန္နားစီးမောင်မြင့်ဆို တစ်မြို့လုံးသိကြတယ်”

အမေကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး စကားစကိုဖြတ်ကာ အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
+++++

“ ‌စခန်းသာ၊ အင်းဝိုင်း၊ ကျောက်ကြီးကုန်း၊ သူဌေးကုန်းရောက်တယ်နော်…ကားက ခဏနေ ထွက်တော့မယ် မြန်မြန်လေး…မြန်မြန်လေး”

ကျယ်လောင်တဲ့အသံနဲ့ လူခေါ်နေတဲ့ ကားစပါယ်ယာအသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အနားကပ်လိုက်ပြီး

“ ဒီကားက ဆလပ်ကုန်းရောက်လား”

“ ရောက်တယ်အကို… ကားပေါ်တက်ထိုင်လိုက်”

“ တစ်ယောက်ဘယ်လောက်လဲ”

“ တစ်ယောက်နှစ်ရာ”

“ ရော့ နှစ်ယောက်စာ”

ဆလပ်ကုန်းကိုရောက်တယ်ဆိုတော့ နှစ်ယောက်သား ဝမ်းသာသွားပြီး ကားခရှင်းကာ လွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်တယ်။

ကားပေါ်ရောက်တာနဲ့ ဆံပင်နှစ်ခွကျစ်ထားတဲ့ မိန်းကလေးတစ်ယောက် သူတို့ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတာကို ခွန်းလှသတိထားမိခဲ့တယ်။

“ အကို… ဟိုမှာကြည့်ဦး.. ကျွန်တော်တို့ကို ကြည့်ပြီးပြုံးနေတယ်ဗျ”

“ ဘယ်မှာလဲကွ”

“ အာ… ဘာလို့အပြင်ကိုလိုက်ကြည့်နေတာလဲ… ကျွန်တော်ပြောတာ ကားခေါင်းခန်းနဲ့ကပ်ရပ်ထိုင်နေတဲ့ မိန်းကလေးကိုပြောတာ”

ခွန်းလှစကားကြောင့် မောင်ကောင်း လှမ်းကြည့်လိုက်ရာ ပြုံးစိစိလုပ်နေတဲ့ မိန်းကလေးက မျက်နှာလွှဲကာ တစ်ဖက်ကိုလှည့်သွားခဲ့တယ်။

“ ခွန်းလှ… အဲဒီကောင်မလေးက မင်းကို သဘောကျနေတာဖြစ်မယ်၊ သေချာအောင် ငါထမေးလိုက်ရမလား”

“ အမလေး ကျေးဇူးရှင်ရယ်… ထတော့မမေးလိုက်ပါနဲ့၊ ဒီတိုင်းပဲထားလိုက်ပါတော့”

မောင်ကောင်းလဲ ခွန်းလှစကားကြောင့် ပြုံးစိစိလုပ်ပြီး ရှေးသီချင်းတစ်ပုဒ်ကို တီးတိုးညဉ်းနေခဲ့တယ်။

ခဏကြာတော့ ကားပေါ်မှာ လူပြည့်သွားတဲ့အတွက် စပါယ်ယာရဲ့ “ ဆွဲ ဆရာရေ” ဆိုတဲ့အသံနဲ့အတူ ဂျုံးဂျုံးကျနေတဲ့ လိုင်းကားက တဖွတ်ဖွတ်မြည်သံနဲ့အတူ ထွက်ခွာသွားခဲ့တယ်။

လမ်းတစ်လျောက် ခရီးသည်တွေ တင်လိုက်ချလိုက်နဲ့ထွက်လာခဲ့တာ ညနေစောင်းအချိန်ရောက်တော့ သူဌေးကုန်းဆိုတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့တယ်။

“ ရောက်ပြီ ရောက်ပြီ… အားလုံးဆင်းလို့ရပြီ”

“ ကို‌စံပေါ … ယွန်းမေ ဝယ်လာတဲ့ပစ္စည်းတွေအမိုးပေါ်ကချပေးဦး”

“ အေးအေး… ငါချပေးမယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အခုမှသူဌေးကုန်းပဲရောက်သေးတဲ့အတွက် လွယ်အိတ်ကိုရင်ဝယ်ပိုက်ပြီး ကားပေါ်မှာပဲထိုင်နေခဲ့တယ်။

“ ဟိုအကိုကြီးနှစ်ယောက် ကားပေါ်ကမဆင်းဘူးလား”

“ ခွန်းလှ မင်းကိုမေးနေတယ် ပြန်ဖြေလိုက်”

“ အကို့ကိုမေးတာလေ အကိုပြန်ဖြေပေါ့”

ခွန်းလှစကားကြောင့် မောင်ကောင်းက မျက်နှာကိုတည်အောင်ထားပြီး

“ ငါတို့က ဆလပ်ကုန်းရောက်မှဆင်းမှာ”

“ အဟက်အဟက်… ကားက ဒီမှာဂိတ်ဆုံးပြီရှင့် ဆလပ်ကုန်းကိုသွားလို့မရတော့ဘူး”

“ ဟ… ဘာလို့မရတာလဲ၊ ကားဆရာက ရောက်တယ်ပြောလို့လိုက်လာတာလေ”

မောင်ကောင်းက ကားပေါ်က ဝုန်းခနဲခုန်ဆင်းပြီး ခေါင်မိုးပေါ်မှာအထုပ်တွေချနေတဲ့ ကိုစံပေါကိုလှမ်းကြည့်ကာ

“ ဟေ့လူ ခင်ဗျားပြောတော့ ဆလပ်ကုန်းရောက်တယ်ဆို အခုဒီကောင်မလေးပြောတာမရောက်ဘူးတဲ့ ဘာလဲ ကျုပ်တို့ကိုလိမ်ခေါ်လာတာလား”

“ မလိမ်ပါဘူးဗျာ… ဆလပ်ကုန်းက ဒီကနေဆက်သွားရတာ၊ ကားလမ်းက သူဌေးကုန်းထိပဲရှိတယ်ဗျ”

“ ဟင် အဲလိုလား…”

မောင်ကောင်းနဲ့ ကိုစံပေါတို့အချေအတင်ဖြစ်နေတာကိုကြည့်ပြီး ယွန်းစံတစ်ယောက် တခွိခွိနဲ့ရယ်နေသလို ခွန်းလှက အုန်းပင်ကြည့်သလို ထန်းပင်ကြည့်သလိုနဲ့ ဘာမှမရှိတဲ့ကောင်းကင်ကို လှည့်ပတ်ကြည့်နေခဲ့တယ်။

“ ဒီမယ် ဒီမယ် အကို…”

“ ဟုတ်ကဲ့”

“ အပေါ်မှာဘာတွေရှိလို့ လိုက်ကြည့်နေတာလဲ”

“ အဲ… ဟိုလေ ဟို… တိမ်နမိတ်ကြည့်နေတာ”

“ ပေါက်ကရတွေပြောနေပြန်ပြီ… တိမ်နမိတ်ရယ်လို့ မကြားဖူးပါဘူး”

ယွန်းစံစကားကြောင့် ခွန်းလှက ကောင်းကင်ကို ဟန်နဲ့ပန်နဲ့မော့ကြည့်လိုက်ရာ တိမ်တွေကြားထဲမှာ နွားနှစ်ကောက်ဝှေ့တဲ့ဟန်ကိုမြင်တွေ့ခဲ့တယ်။
ဝှေ့နေတဲ့နွားနှစ်ကောင်ထဲမှာ လည်ပင်းမှာ အဖြူကွက်ပါတဲ့နွား နိုင်သွားတဲ့အချိန် နွားရဲ့ဂုတ်ပေါ်ကို မျက်လုံးနီနီ အသားမဲကျုတ်ကျုတ်အကောင်တစ်ကောင် တက်ထိုင်လိုက်ကာ အနားကလူတွေကိုလိုက်ဝှေ့ဖို့ လက်ဟန်ခြေဟန်နဲ့ပြနေတာကို အထင်းသားမြင်လိုက်ရတယ်။

“ နွားနှစ်ကောင်ဝှေ့နေတာကို ဘာလို့မြင်နေပါလိမ့်”

ခွန်းလှကမျက်စိကို လက်နဲ့ပွတ်ကာ
ကိုယ့်ဘာသာပြောလိုက်တာကို
အနားမှာရှိနေတဲ့ ယွန်းစံကကြားသွားပြီး

“ ဟင်… ဒီနေ့ ရွာမှာနွားဝှေ့ပွဲရှိတယ်ဆိုတာ ဘယ်လိုသိနေတာလဲ”

“ ဟမ်… နွားဝှေ့ပွဲဟုတ်လား”

“ဟုတ်တယ်… အကိုရဲ့ တိမ်နမိတ်က ထူးဆန်းလိုက်တာ၊ နောက်ဘာမြင်ရသေးလဲ”

“ ဟိုလေ လည်ပင်းမှာ အဖြူကွက်ပါတဲ့နွား လဲကျသွားတယ်”

“ ဟယ်… တကယ်ကြီးနမိတ်ကိုမြင်နေရတာပဲ၊ ဟုတ်တယ် ဟုတ်တယ် လည်ပင်းမှာအဖြူကွက်ပါတဲ့နွားက ယွန်းစံ ဘကြီးပိုင်တဲ့နွား၊ အံ့ဩစရာကောင်းလိုက်တာ ဘာလို့ဒီလောက်အတိအကျပြောနိုင်ရတာလဲ၊နောက်တော့ကောဘာဆက်ဖြစ်သေးလဲ”

“ မြင်တဲ့အတိုင်းဆိုရင် အဲဒီနွားပေါ်ကို မျက်လုံးနီနီ အသားမဲကျုတ်ကျုတ်အကောင်တစ်ကောင် တက်ထိုင်ပြီး လူတွေကိုလိုက်ဝှေ့ခိုင်းနေတာ”

“ ခစ်ခစ် အဲဒါတော့မဖြစ်နိုင်ဘူး ဖြူကွက်က လူတွေကိုဘယ်တော့မှရန်မပြုတတ်ဘူးရှင့်”

“ မဟုတ်ဘူး … ကျုပ်သေချာမြင်လိုက်ရတာ”

အဲဒီအချိန် မောင်ကောင်းပြန်ရောက်လာပြီး

“ ခွန်းလှ ဘာဖြစ်နေတာလဲ”

“ အကို… နွားနှစ်ကောင်ဝှေ့တဲ့ထဲမှာ နိုင်တဲ့ကောင်ရဲ့ ဂုတ်ပေါ် မကောင်းဆိုးဝါးတစ်ကောင် တက်ထိုင်ပြီး လူတွေကိုဝှေ့ခိုင်းနေတာမြင်တယ်၊ အဲဒီနွားကလဲ ဒီကောင်မလေးတို့ရွာက နွားဖြစ်နေတယ်လို့လဲပြောတယ်”

“ ဒါဆိုရင် အနားမှာရှိတဲ့သူတွေ အန္တရာယ်ရှိနိုင်တယ်၊ ကောင်မလေး နွားဝှေ့ပွဲက ဘယ်အချိန်လဲ”

“ အခုတောင်‌စနေလောက်ပြီထင်တယ်၊ ဒါပေမယ့် သွားမယ်‌ဆို မှီလောက်သေးတယ်”

“ ငါတို့ကိုလမ်းပြပေး မြန်မြန်”

မောင်ကောင်းအသံကြောင့် ယွန်းစံလဲ ဝယ်လာတဲ့ပစ္စည်းတွေကို ကိုစံပေါနဲ့အပ်ခဲ့ပြီး နွားတိုက်ပွဲပြုလုပ်နေတဲ့ လယ်ကွင်းဘက်ကို ခေါ်သွားခဲ့လိုက်တယ်။

မောင်ကောင်းတို့ လယ်ကွင်းအစပ်လဲရောက်ရော ဖုန်တထောင်းထောင်းနဲ့ ဝရုန်းသုန်းကားပြောလာကြတဲ့လူအုပ်ကြီးကိုမြင်လိုက်ရတယ်။

“ ပြဿနာတော့စပြီဟေ့… ခွန်းလှ ငါ့အနောက်ကနေလိုက်ခဲ့”

မောင်ကောင်းက ပုဆိုးကိုတိုတိုဝတ်လိုက်ပြီး လွယ်အိတ်ကိုဘေးစောင်းလွယ်ကာ လယ်ကွင်းထဲကိုပြေးဝင်သွားခဲ့တယ်၊သူ့အနောက်မှာတော့ ခွန်းလှ။

“ ရှူး ရှူး ရှူး….”

နှာမှုတ်ပြီး မြင်မြင်သမျှလိုက်ဝှေ့နေတဲ့ နွားက မောင်ကောင်းတို့ကိုမြင်တော့ အခြားသူတွေကိုမဝှေ့တော့ပဲမြေကြီးကိုခေါင်းစိုက်ပြီး ခွာကို ယက်နေခဲ့တယ်။

“ အကို နွားလည်ကုပ်ကိုကြည့်ဦး”

ခွန်းလှအသံကြောင့် မောင်ကောင်း မျက်တောင်ကျုံ့ပြီးကြည့်လိုက်ရာ မဲကျုတ်ကျုတ်အကောင်တစ်ကောင် နွားဂျိုနှစ်ဖက်ကိုကိုင်ပြီး ခုန်ပေါက်နေတာမြင်လိုက်ရတယ်။ လယ်ကွင်းထဲမှာတော့ နွားဝှေ့ခံထိလို့
ညဉ်းတွားအော်ဟစ်နေကြတဲ့သူအချို့။

မဲကျုတ်ကျုတ်ကောင်က အရှေ့မှာရပ်နေတဲ့ မောင်ကောင်းတို့ကိုမြင်တော့ နွားရဲ့နားရွက်နားကပ်ပြီး တစ်ခုခုပြောလိုက်ရာ နှာမှုတ်ပြီးခွာယက်နေတဲ့ နွားက ဒေါသတစ်ကြီးနဲ့ တရှိန်ထိုးပြေးဝင်လာခဲ့တယ်။

“ ဟေ့ကောင်လေးတွေ ရပ်မနေနဲ့ ပြေး ပြေး”

လဲကျနေတဲ့သူတွေဆီကနေ ထွက်လာတဲ့ စိုးရိမ်တကြီးအော်သံ။

မောင်ကောင်းနဲ့ခွန်းလှတို့လဲ သူတို့ဆီပြေးဝင်လာတဲ့ နွားကိုစိုက်ကြည့်ပြီး တိုင်ပင်မထားပဲ မြေကြီးကိုဖနောင့်နဲ့ပေါက်လိုက်ရာ အုတ်တံတိုင်းနဲ့ဝင်တိုက်တဲ့နွားလို ဖင်ထိုင်လျက်လဲကျသွားခဲ့တယ်။

“ အကို ဟိုကောင် ဂျိုကိုမလွှတ်သေးဘူး… ကိုင်ထားတုန်းပဲ”

“ မြေကြီးနဲ့ကောက်ပစ်ကွာ…”

“ ဟမ်… မြေကြီးနဲ့ကောက်ပစ်လို့ရပါ့မလား”

“ အာ… ငါပြောတာက ဒီလိုကွ”

မောင်ကောင်းက မြေကြီးတစ်ဆုပ်ကိုကောက်ယူလိုက်ပြီး မန်းမှုတ်ကာ ပြန်လာတဲ့နွားရဲ့မျက်နှာတည့်တည့်ကို ပစ်ထည့်လိုက်တယ်။

မြေကြီးမှုန်တွေက နွားရဲ့ခန္ဓာကိုယ်အပြင် မဲကျုတ်ကျုတ်ကောင်ရဲ့ကိုယ်ကိုပါထိမှန်သွားတဲ့အချိန် ဂုတ်ပေါ်ခွစီးထားတဲ့ကောင်က တစ်ကိုယ်လုံးပူလောင်လာပြီး ဂုတ်ပေါ်ကနေဆင်းပြေးပါလေရော။

“ အတော်အပြေးမြန်တဲ့ကောင်”

“ ဟုတ်ပါ့ဗျာ မသိရင် မာရသွန်အပြေးသမားလိုပဲ ဟားဟား”

‌နှစ်ယောက်သား ဆရာမရှိတဲ့အချိန်မို့ ပေါက်ကရတွေပြောကာ ရယ်မောနေခဲ့ကြတယ်။

ခဏနေတော့ ရွာသားတွေပြေးလာပြီး ဒဏ်ရာရရတဲ့သူတွေကို တွဲထူနေတဲ့အချိန်

“ အကို ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူး… အဆင်ပြေပါတယ်ညီမ”

“ အော် အော်… ခွန်းလှနဲ့ငါက တစ်ပေလောက်ပဲခြားတာကို ငါ့ကျမေးဖော်မရဘူး အိမ်း… ဘယ်တူပါ့မလဲနော်”

“ အာ.. အဲလိုလဲမဟုတ်ပါဘူး… ယွန်းစံက ဘေးချင်းကပ်ရှိနေတဲ့သူကိုအရင်မေးလိုက်တာပါ၊ ဒါနဲ့ အကိုရော ဘာဖြစ်သွားသေးလဲ”

ခွန်းလှကတော့ မျက်နှာထိမျက်နှာထားနဲ့ ဘာမှမပြောဖို့လုပ်ပြနေတာကြောင့် မောင်ကောင်းက ရယ်ကျဲကျဲလုပ်ပြီး

“ ဘာမှမဖြစ်ပါဘူး… ကဲကဲ ဒဏ်ရာရတဲ့သူတွေကို သွားကြည့်ပေးလိုက်ဦးမယ်နော်” လို့ပြောကာထွက်သွားခဲ့တယ်။
+++++
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ နွားဝှေ့တဲ့ကိစ္စနဲ့ နောက်ကျသွားတဲ့အတွက် သူဌေးကုန်းရွာမှာပဲ တစ်ညတာ အနားယူခဲ့ကြသလို ရွာခံတွေကလဲ သူတို့ကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြတယ်။

“ ကျုပ်နွားက လူယဉ်တာတစ်ရွာလုံးအသိပဲ.. ဒါကို ရုတ်တရက်ထဝှေ့တော့ အကုန်လုံး ပြာသလဲလဲဖြစ်ကုန်တာ”

ရေနွေးကြမ်းသောက်ရင်း ဖြစ်ပျက်ခဲ့တာတွေကိုပြောပြနေတဲ့ ယွန်းစံရဲ့ ဘကြီးစကားကြောင့် မောင်ကောင်းက ခေါင်းငြိမ့်ပြပြီး

“ တကယ်တော့ ရှုံးမဲမဲတာပါ…”

“ ဟုတ်တယ်… အခုရှုံးသွားတဲ့ကောင်တွေက ငါ့ညီတို့သွားမယ့်ရွာကပဲ”

“ ဒီကောင်တွေ အတော်ယုတ်မာတာပဲ”

“ သူတို့ရွာမှာက ဆရာကောင်းရှိတယ်လေ၊ ဘောလုံးကန်တာဖြစ်ဖြစ်၊ နွားတိုက်တာဖြစ်ဖြစ် အဲဒီဆရာဆီမှာ အဆောင်တွေလုပ်ကြတယ်၊ အခုလဲ သူ့ဆီကလုပ်လာတာပဲဖြစ်မယ်”

“ အဲဒီဆရာနာမည်က ဘယ်လိုခေါ်လဲသိလားဗျ”

“ ဦးစံမြင့်လို့ပြောတာပဲ…အတော်လဲစွမ်းတယ်၊ ‌ပစ္သည်းပျောက်၊နွားပျောက်သွားမေးရင် ပြန်ရမယ်ဆို သေချာပေါက်ပြန်ရတာ၊ သူကမရဘူးပြောရင် လိုက်ရှာမနေနဲ့တော့”

“ အော် …နာမည်က ဦးစံမြင့်တဲ့လား”

မောင်ကောင်းက ဦးစံမြင့်နာမည်ကို တတွတ်တွတ်ခေါ်ရင်း မထီပြုံးလေးပြုံးလိုက်တယ်။
+++++

မနက်ရောက်တော့ မောင်ကောင်းတို့ သွားခါနီး ယွန်းစံရောက်လာပြီး

“ အပြန်ကျရင်လဲ ရွာဝင်လည်ဦးနော် အကိုကြီး”

“ အေးပါ… နင်ကလဲ ပြောချင်တဲ့သူကို ‌မပြောပဲ ငါ့ကိုလာပြောနေတယ်၊ သွားသွား ဟိုမှာသွားပြောလိုက်”

မောင်ကောင်းစကားကြောင့် ယွန်းစံမျက်နှာ ရဲခနဲဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ခွန်းလှအနားကိုထွက်သွားခဲ့တယ်။

ခဏကြာတော့ ဆလပ်ကုန်းရွာကိုသွားမယ့် လှည်းကြုံတစ်စီးရောက်လာတာကြောင့် စကားစပြတ်သွားပြီး သူဌေးကုန်းရွာကနေထွက်ခွာလာခဲ့ကြတယ်။

လှည်းပေါ်ရောက်တော့ မောင်ကောင်းက ခွန်းလှအနားကပ်ပြီး

“ ငါတို့ ဆလပ်ကုန်းရွာမရောက်ခင် ဆင်းမှရမယ်နော်”

“ ဟုတ်ကဲ့အကို… ကျွန်တော်လှည်းသမားကိုပြောလိုက်မယ်”

“ ဒါနဲ့ ငါမေးဦးမလို့ … ဦးစံမြကိုတွေ့ပါပြီ… ကျော်ဘုန်းစံကို ဘယ်လိုပြန်ခေါ်ကြမလဲ”

“ အမ်… မသိဘူးလေ… အကို့မှာအကြံဉာဏ်ရှိမယ်ထင်နေတာ”

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ

“ မီးစင်ကြည့်က‌ရတော့မှာပဲ…”လို့ရေရွတ်ရင်း လိုက်ပါသွားခဲ့တယ်။
+++++

“ဆရာကြီး အပြင်မှာ ဗေဒင်မေးမယ့်သူတွေစောင့်နေတယ် ခေါ်လိုက်ရတော့မလား”

“ အေး … ခေါ်လိုက်တော့၊ မနက်ဖြန်ပွဲတွေအသစ်လဲရမယ်ဆိုတာလဲမမေ့နဲ့ဦး”

“ ဟုတ်ကဲ့ဆရာကြီး… မမေ့ပါဘူး”

အိမ်မှာခိုင်းဖို့ခေါ်ထားတဲ့သူထွက်သွားတော့ အသားညိုညို ခပ်ဝဝမိန်းမတစ်ယောက် ဝင်လာခဲ့တယ်။

“ ဆရာ… ကျွန်မ စီးပွားရေးအကြောင်းလေးမေးချင်လို့”

“ ဘာနေ့သမီးလဲ”

“ အင်္ဂါပါဆရာ”

“ မွေးသက္ကရာဇ်ပြော”

“ ပြာသိုလဆန်း၈ရက်၊ ၁၉၅၂ပါ”

ဦးစံမြင့်က ကျောက်သင်ပုန်းပေါ်မှာ တဒေါက်ဒေါက်နဲ့ရေးချပြီး ရှေ့မှာထိုင်နေတဲ့ မိန်းမကိုကြည့်ကာ

“ နင့်လယ်က တောကွင်းဘက်မှာလား”

“ ဟုတ်ပါတယ်ဆရာ”

“ တောကွင်းပိုင်ကို ပူဇော်ပသတာ ရက်နောက်ကျသွားတယ်ဆို”

“ ဟင်… ဟုတ် ဟုတ်ကဲ့ဆရာ ပြောထားတဲ့နေ့မှာ နေမကောင်းဖြစ်သွားလို့ နောက်ရက်မှ ပသခဲ့မိပါတယ်”

“ အဲဒါသူ့ကိုမလေးစားဘူးဆိုပြီး စိတ်ဆိုးနေတယ်၊ နင့်လယ်ကထွက်တဲ့စပါးတွေကို ကြွက်တွေနဲ့ဖျက်စီးခိုင်းထားတာမြင်တယ်”

“ ဟုတ်တယ်ဆရာ… ဒီနှစ်စပါးအထွက်နှုန်းကလဲ အရမ်းကျတယ်၊ နောက်ပြီး အိမ်သားတွေရဲ့ ကျန်းမာရေးကလဲ ချူချာနေပါတယ်ဆရာ”

“ လပြည့်နေ့ကျရင် ကြက်တစ်ကောင်၊အရက်တစ်ပုလင်း၊ ထမင်းဖြူ ထမင်းနီ၊ ထမင်းဝါနဲ့ပသသလိုက်၊ အပြစ်ရှိရင် ခွင့်လွှတ်ပေးပါဆိုတာထည့်ပြော ငါလဲ ဒီကနေ ပြောထားပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်မ သေသေချာချာလုပ်လိုက်ပါ့မယ်”

“ အဲဒီရက်မှာမေ့လို့ကတော့ နင်တို့ထိုက်နဲ့နင်တို့ကံပဲ”

“ မမေ့ပါဘူးဆရာ … သေချာပေါက်လုပ်ပါ့မယ်”

“ အေးအေး ဘာမေးစရာရှိသေးလဲ”

“ မရှိတော့ပါဘူးဆရာ”

အသားညိုညိုခပ်ဝဝမိန်းမကြီးထွက်သွားတဲ့ နောက်မှာတော့ ‌အခြားဗေဒင်မေးတဲ့သူတွေဝင်လာခဲ့ကြတယ်။ ဆယ်ယောက်လောက်ဟောပြောပြီးသွားချိန်မှာ တော့ လူလဲရှင်းသလောက်ဖြစ်သွားပြီမို့ ဦးစံမြင့် အနားယူဖို့ထလိုက်တဲ့အချိန် အသက်ငါးဆယ်အရွယ် လူနှစ်ယောက် အခန်းထဲဝင်လာတာမြင်လိုက်ရတယ်။

“ ဘာကိစ္စရှိလို့လဲ”

“ ဗေဒင်မေးချင်လို့ပါ”

“ ဘာကိစ္စမေးချင်တာလဲပြောပါဦး”

“ လူစားလဲခံရတဲ့ကိစ္စမေးချင်လို့ပါ”

“ ဘယ်မှာဖြစ်ခဲ့တာလဲ”

“ လူသတ်ကုန်းမှာဖြစ်ခဲ့တာပါ၊ လူစားလဲခံရမယ့် ကျော်ဘုန်းစံဆိုတဲ့သူက သူနဲ့နေ့နာမ်တူတဲ့ ကျော်နိုင်ဆိုတဲ့လူကို အစားထိုးအသေခံခိုင်းခဲ့တယ်၊ ကြားရတာကတော့ ဒီကိစ္စကို သူ့အဖေဖြစ်တဲ့ ခင်ဗျားက ကူညီပေးခဲ့တယ်ဆို”

ဦးစံမြင့်လဲ လူသတ်ကုန်းဆိုတဲ့အသံကြောင့် မျက်နှာပျက်သွားပေမယ့် ဟန်မပျက်ပြန်ထိန်းလိုက်ပြီး

“ ခင်ဗျားတို့ဘယ်သူတွေလဲ”

“ ခွန်းလှ အခန်းတံခါးပိတ်လိုက်”

မောင်ကောင်းစကားကြောင့် ခွန်းလှက အခန်းတံခါးကိုပိတ်ကာ မင်းတုန်းထည့်လိုက်တယ်။

“ ကျောင်းဆရာလေးကျော်နိုင်ကို လူစားထိုးဖို့အကြံပေးခဲ့တာ ခင်ဗျားမဟုတ်လား”

“ ဟုတ်တယ်… ကျုပ်အကြံပေးခဲ့တာ”

“ လူတစ်ယောက်ရဲ့ကံကြမ္မာကို ဘာလို့အလှည့်အပြောင်းလုပ်ရတာလဲ၊ ဒီလိုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာ ခင်ဗျားမသိဘူးလား”

“ ကျုပ်သိတယ်… ဒါပေမယ့် ကျော်ဘုန်းစံက ကျုပ်ရဲ့သား၊ မိဘတစ်ယောက်က သူ့သားသမီး ဒုက္ခရောက်မယ်ဆိုတာသိသိကြီးနဲ့ မျက်နှာလွှဲပြီး မနေနိုင်ဘူး၊ လောကကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်သွားမယ်ဆိုရင်တောင် ကျုပ်ဂရုမစိုက်ဘူး”

“ တော်တယ်… ကိုယ့်သားမသေဖို့ သူတစ်ပါးရဲ့သားကို သေခိုင်းတဲ့ ဂရုဏာရှင်ကြီးပါလား ဟက်ဟက်”

“ အခု မင်းတို့ဒီကိုလာရတဲ့အကြောင်းရင်းက ဘာလဲ၊ ရွှေလိုချင်တာလား ငွေလိုချင်တာလား၊ လိုသလောက်ပြော ငါပေးမယ်”

ဦးစံမြင့်စကားကြောင့် မောင်ကောင်းက ဝုန်းခနဲထရပ်ပြီးလည်ပင်းက အင်္ကျီစကိုဆွဲကာ

“ ခင်ဗျား လူမဟုတ်လား… လူဆိုရင် လူစကား‌ပြောစမ်း… ခင်ဗျားတို့သတ်လိုက်တဲ့သူက ဆင်းရဲနွမ်းပါးတဲ့ဖခင်ကိုလုပ်ကျွေးနေတဲ့လူ၊ ကလေးတွေကိုပညာသင်ပေးနေတဲ့ဆရာဗျ”

“ ငါသိတယ်… ငါဘဝမှာ ဒီလိုအမှားမျိုး တစ်ခါမှမလုပ်ခဲ့ဖူးဖူး… အခုလုပ်ခဲ့တာကလဲ သားသမီးဆိုတဲ့ဇောနဲ့လုပ်ခဲ့တာ၊ ဒီအတွက် ငါပြန်ပေးဆပ်ဖို့လဲပြင်ဆင်ပြီးပြီ”

“ ခင်ဗျား ပေးဆပ်လို့လဲ သေတဲ့သူကပြန်ရှင်မလာဘူး၊ သူ့အဖေရဲ့မျက်ရည်တွေကအထဲကိုပြန်မဝင်တော့ဘူး နားလည်လား”

မောင်ကောင်းက ဆံပင်တုနဲ့နှုတ်ခမ်းမွှေးတုကိုဆွဲချွတ်လိုက်ပြီး ဦးစံမြရဲ့ စားပွဲပေါ်မှာပစ်တင်လိုက်တယ်။

“ ကောင်လေးတွေ မင်းတို့ရဲ့ စိတ်ကို ငါနားလည်တယ်၊ ငါသာစိတ်ယုတ်မာရှိမယ်ဆိုရင် မင်းတို့နှစ်ယောက် ဒီကနေအသက်ရှင်လျက်ထွက် သွားနိုင်မှာမဟုတ်ဘူးဆိုတာသိလား”

“ အကို… ခြံထဲမှာ တုတ်တွေ ဓါးတွေကိုင်ထားတဲ့သူတွေရောက်နေပြီ”

ခွန်းလှစကားကြောင့် မောင်ကောင်း ထကြည့်လိုက်ရာ လူအယောက်နှစ်ဆယ်လောက် တုတ်တွေ ဓါးတွေကိုင်ပြီး အသင့်စောင့်နေတာမြင်လိုက်ရတယ်။

“ မင်းတို့မနေ့က အပမှီတဲ့နွားကို မောင်းထုတ်လိုက်တဲ့သတင်းငါကြားတယ်၊ ဒီနယ်တစ်ဝိုက်မှာ အခုလိုပညာတတ်တဲ့သူမရှိတာကြောင့် မင်းတို့ငါ့ဆီလာတော့မယ်ဆိုတာလဲကြိုသိနေတယ်”

“ ဒါကြောင့် ခင်ဗျားက အခုလို ကြိုတင်ကြံစည်ထားတာပေါ့၊ နွားကိုအပမှီအောင်လဲ ခင်ဗျားပဲ လုပ်ခဲ့တာမဟုတ်လား”

“ ငါလုပ်ခဲ့တာမဟုတ်ဘူး… စောနကမင်းတို့ပြောခဲ့သလို လူတစ်ယောက်ရဲ့ ကံကြမ္မာကိုအလှည့်အပြောင်းလုပ်ခဲ့လို့ ဖြစ်လာတဲ့အကျိုးဆက်တွေပဲ၊ နောက်လဲဒီထက်ပိုဆိုးတာတွေဖြစ်လာတော့မှာ”

“ ကျော်ဘုန်းစံအခုဘယ်မှာလဲ…”

“ မင်းတို့လာမယ်ဆိုတာသိလို့ သူ့ကိုအခြားနေရာမှာ ရှောင်ခိုင်းထားတယ်၊ ဒါနဲ့ မင်းတို့ကိုပြောပြချင် တာက ကျော်နိုင်ဆိုတဲ့ကောင်လေးက လူသတ်ကုန်းမှာမသေလဲ အခြားနေရာမှာ ကြိုးဆွဲချပြီးသေရမယ့်ဇာတာပါလာတယ်ဆိုတာပဲ၊ ဒီမှာသူ့ရဲ့ဇာတာကိုတွက်ထားတာ”

ဦးစံမြင့်က စားပွဲအောက်က အံဆွဲထဲမှာ ထည့်ထားတဲ့စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီးကမ်းပေးတာကြောင့် လှန်ကြည့်လိုက်ရာ ကျော်ဘုန်းစံဇာတာနဲ့ ကျော်နိုင်ရဲ့ဇာတာကိုတွက်ချက်ထားတာမြင်လိုက်ရတယ်။

မောင်ကောင်းက ဒီလောကထဲမရောက်ခင် ‌
ဗေဒင်ပညာကိုတတ်မြောက်ခဲ့တာမို့ ကြည့်လိုက်တာနဲ့ ကျော်နိုင်ရဲ့ ဇာတာကိုမြင်တွေ့ခဲ့တယ်။

“ မင်းမြင်တဲ့အတိုင်း ကျော်နိုင်ဆိုတဲ့ကောင်လေးက ကိုယ့်ကိုယ်ကိုသတ်သေမှာ၊ ဒါကိုငါကဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကိုမဆုံးရှုံးအောင်ကြိုးစားခဲ့တာပဲ”

“ ဒါပေမယ့်ဗျာ…”

မောင်ကောင်းအသံက တစ်ဝက်မှာနစ်ဝင်ခဲ့သလို ဦးစံမြင့်ရဲ့သားသမီးအပေါ်မှာထားတဲ့မေတ္တာကိုလဲ မြင်တွေ့ခဲ့တယ်။ စိတ်ထဲမှာလဲ ဆရာသာရှိရင် ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အတွေးစိတ်က ဒိုင်းခနဲဝင်လာခဲ့တယ်။

“ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြင်လို့မရတော့ပေမယ့်၊ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို ခင်ဗျားတာဝန်ယူရမယ်”

“ စိတ်ချပါ… ငါလုပ်ရပ်ကို ငါအပြည့်အဝတာဝန်ယူတယ်”

“ ကောင်းပြီလေ ခင်ဗျားစကားမှန်မမှန် ကျုပ်တို့စောင့်ကြည့်နေမယ်၊ လာ ခွန်းလှ ငါတို့သွားမယ်”

မောင်ကောင်းတို့အခန်းထဲကထွက်လာတော့ လူအုပ်ကြီးက မကျေနပ်နဲ့မျက်နှာတွေနဲ့စိုက်ကြည့်နေတာကိုသတိထားခဲ့မိတယ်။
+++++++

“ အကို… ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ”

“ ဘယ်မှမသွားသေးဘူး… ကျော်ဘုန်းစံကို စောင့်ဦးမယ်”

“ သူကဘယ်အချိန်ပြန်လာမလဲမသိဘူးလေ”

“ ငါ့မှာအကြံရှိပါတယ်ကွ..”

မောင်ကောင်းက လွယ်အိတ်ထဲကနေ စာရွက်နဲ့ခဲတဲ့ကိုထုတ်ပြီး ကျော်ဘုန်းစံရဲ့ နာမည်၊မွေးနေ့သက္ကရာဇ်နဲ့ မွေးတဲ့အချိန်ကိုချရေးလိုက်တယ်။

“ ဒါက ဟိုစာအုပ်ထဲက သက္ကရာဇ်မဟုတ်လား”

“ ဟုတ်တယ်… လူတစ်ယောက်ရဲ့ ‌မွေးနေ့သက္ကရာဇ်၊ မွေးတဲ့အချိန်ကဘယ်လောက်အရေးကြီးလဲဆိုတာ ပြမယ်”

မောင်ကောင်းတို့လဲ ရွာပြင်က လယ်စောင့်တဲတစ်ခုမှာ နေရင်း နက္ခတ်စုံတဲ့အချိန်ကိုစောင့်နေခဲ့တယ်။ ညဆယ်နာရီအချိန်အရောက်မှာတော့ ကျော်ဘုန်းစံရဲ့ မွေးနေ့သက္ကရာဇ်နဲ့ မွေးတဲ့အချိန်ကို အင်းပြားတစ်ခုထဲထည့်ပြီး စီရင်နေတဲ့အချိန် ဘုန်းဆိုတဲ့အသံနဲ့အတူ မောင်ကောင်း တဲအပြင်ကို လွင့်ထွက်သွားခဲ့တယ်။

“ အား… ငါ့ဇက်ပိုးကို ဘယ်သူရိုက်တာလဲကွ”

“ အကောင်အထည်လဲမမြင်ရဘူးအကို”

မောင်ကောင်းက ဇက်ကိုလက်နဲ့ဖိပြီးထလာတဲ့အချိန်

“ မောင်ကောင်း… မင်း အမှားမင်းသိလား” ဆိုတဲ့ဆရာအသံကိုကြားလိုက်ရတယ်။

“ ဆရာ.. ဆရာ ကျွန်တော်ကိုရိုက်လိုက်တာလား”

“ မင်းလုပ်ရပ်တွေမှားနေလို့ ဆုံးမရတာပဲ၊ ငါတို့က သူတော်ကောင်းပညာယူထားတဲ့သူတွေမို့ အခုလို အစီအရင်မျိုးလုပ်လို့မရဘူးဆိုတာ နားမလည်တာလား”

“ အမှားကိုသိပါတယ်ဆရာ… ဒါပေမယ့် အခုလိုမျိုး မသိချင်ယောင်ဆောင်နေရတာကြီးက ခံရခက်လို့ပါ”

“ မင်းတို့အနေနဲ့ ကူညီချင်တယ်ဆိုရင် လူသတ်ကုန်းကိုသွားပြီး လူစားထိုးခံရတဲ့ ကောင်လေးအတွက် အလှူအတန်းလုပ်ပေးလိုက်၊ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့အကျိုးဆက်ကိုခံရလိမ့်မယ်၊ အဲဒီထဲ မင်းမပါစေနဲ့”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်မလုပ်တော့ပါဘူး၊ ဒါနဲ့ဆရာ ဘယ်တော့ပြန်လာမှာလဲ”

“ အချိန်တစ်ခုရောက်ရင် မင်းတို့ဆီပြန်လာခဲ့မယ်၊ ငါမရှိလို့ မဟုတ်တာလုပ်မယ်ဆိုရင်တော့ အခုလိုပဲ ခံရမယ်ဆိုတာသိထား”

“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်မှတ်သားပါ့မယ်”

မောင်ကောင်းက ဇက်ပိုးကိုလက်နဲ့ပွတ်ပြီး ထလာတဲ့အချိန် ခွန်းလှက

“ ဆရာလက်သံအတော်ပြောင်တာပဲနော်” လို့လှမ်းပြောကာ လယ်စောင့်တဲထဲကို ပြေးဝင်သွားခဲ့တယ်။
++++++++

မောင်ကောင်းတို့လဲ မိုးလင်းတာနဲ့ အစောဆုံးကားနဲ့ မြို့တက်ဖို့သူဌေးကုန်းရွာဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။

ကားဂိတ်ရောက်တော့ ထွက်လုဆဲဆဲဖြစ်နေတဲ့ ကားတစ်စီးမြင်တာကြောင့် ကမန်းကတမ်းပြေးတက်လိုက်တဲ့အချိန်

“ ကိုယ့်ဆရာတွေ မနက်အစောကြီး မြို့တက်မလို့လား” ဆိုတဲ့အသံကြောင့်ကြည့်လိုက်ရာ ကားစပါယ်ရာ ကိုစံပေါဖြစ်နေခဲ့တယ်။

“ ယွန်းစံရေ ဒီမှာနင့်ဧည့်သည်တွေ”

ယွန်းစံဆိုတဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကားခေါင်းခန်းရှိတဲ့ဘက်ကိုလှည့်ကြည့်လိုက်ရာ သနပ်ခါးဘဲကြားလူးထားပြီး စံပယ်ပန်းပန်ထားတဲ့ ယွန်းစံကိုမြင်လိုက်ရတယ်။

“ ရွာကိုမဝင်ချင်လို့ မနက်အစောကြီးပြန်ပြေးကြတာမလား”

“ အဲ.. မဟုတ်ပါဘူးဗျ.. မြို့မှာလုပ်ရမယ့်ကိစ္စကျန်နေသေးလို့ ချက်ချင်းပြန်ရတာ… ဟုတ်တယ်မလား အကို”

“ ဟုတ်တယ် ညီမ… အကိုတို့အရေးတကြီးလုပ်ရမယ့်ကိစ္စလေးပေါ်လာလို့ပါ”

“ အင်းပါ… ကိစ္စရှိတယ်ဆိုတော့လဲမပြောတော့ပါဘူး၊ ဒါနဲ့
ကိုစံပေါရေ မြို့ရောက်ရင် ယွန်းစံကို ဟင်းရွက်ဈေးဘက်မှာချပေးနော်”

“ အေးပါဟ… ဒါနဲ့ ကိုယ့်ဆရာတို့ရော ဘယ်မှာဆင်းမှာ”

“ ကားဂိတ်မှာပဲဆင်းလိုက်မယ်”

“ ခွန်းလှ… ငါတို့က ဟင်းရွက်ဈေးထိသွားရမှာလေ၊ ကားဂိတ်ကနေဆိုအဝေးကြီးလမ်းလျောက်ရမှာ၊ ဟင်းရွက်ဈေးမှာပဲချပေးတော့”

တစ်ယောက်တစ်ခွန်းဖြစ်နေတာကြောင့် ကိုစံပေါ ခေါင်းကိုတွင်တွင်ကုတ်နေပေမယ့် ယွန်းစံကတော့ မသိမသာလေးခိုးရယ်နေခဲ့တယ်။
+++++++

“ ကလင် ကလင် ကလင်”

စက်ဘီးဘဲလ်သံကြောင့် လက်‌ဆွဲအိတ်အဟောင်းလေးကိုင်ထားတဲ့ လူကြီးက ဘေးကိုရှောင်ပေးလိုက်တဲ့အချိန် ထီလက်မှတ်လေး တစ်စောင်က စက်ဘီးပေါ်ကနေ လွင့်ကျလာတာမြင်လိုက်ရတယ်။

“ ဟိတ်ကောင်လေး… ဟိတ်ကောင်လေး… မင်းစက်ဘီးအနောက်က ထီလက်မှတ်တစ်စောင် ပြုတ်ကျလာလို့”

လှမ်းအော်ပြောတဲ့အသံကြောင့် စက်ဘီးနဲ့ကောင်လေးကပြန်လှည့်လာပြီး

“ ဒါကဦးလေးနဲ့ထိုက်လို့ရတာဆိုတော့
ကံစမ်းကြည့်ပါလား”

“ အေးပါကွယ်… ထီတစ်စောင် ဘယ်လောက်လဲ”

“ တစ်ရာပဲကျမယ်ဦးလေး”

“ ဒီမှာ တစ်ရာနော်…”

ထီသည်ကောင်လေးက ထီလက်မှတ်ကို စာအုပ်ထဲမှတ်ယူလိုက်ပြီး နာမည်နဲ့လိပ်စာတောင်းကာ ပြန်ထွက်သွားတာကို မလှမ်းမကမ်းမှာရှိတဲ့ သရက်ပင်အောက်ကနေ အသားဖြူဖြူ ပိန်ပိန်ပါးပါး လူတစ်ယောက် ခပ်ပြုံးပြုံးလေးရပ်ကြည့်နေခဲ့တယ်။
++++++

လရောင်မှိန်ပြပြကျနေတဲ့ လူသတ်ကုန်းရဲ့ အလယ်မြေကွက်လပ်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ငြိမ်သက်စွာတရားမှတ်နေခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ လေးဘက်လေးတန်မှာတော့ အမွှေးစုတ်ဖွားနဲ့အကောင်တွေရပ်စောင့်နေကြပြီး အနားကိုကပ်လာတဲ့ အခြားနာနာဘာဝကောင်တွေကို လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်နေခဲ့ကြတယ်။

တရားဖြုတ်ပြီးလို့ အမျှတန်းဝေတဲ့အချိန်မှာတော့ အသံဝါဝါကြီးတွေနဲ့ သာဓုခေါ်တဲ့အသံတွေအပြင် ပျော်ရွှင်စွာခုန်ပေါက်ပြေးလွှားနေကြတဲ့ ခြေသံတွေကိုလဲ မောင်ကောင်းနဲ့ ခွန်းလှတို့ကြားလိုက်ရတယ်။

“ ဆရာ.. ဆရာ”

ကျောအနောက်ကနေ ခေါ်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လှည့်ကြည့်လိုက်ရာ ဖြူ‌စွတ်နေတဲ့အင်္ကျီကိုဝတ်ဆင်ထားတဲ့ ကျော်နိုင်ကိုမြင်လိုက်ရတယ်။

“ ဆရာတို့ပေးဝေတဲ့အမျှအတန်း ကျွန်တော်ရပါတယ်၊ ဒီနေရာက အစောင့်အရှောက်တွေကလဲ ကျွန်တော်ကို စောင့်ရှောက်ကြတယ်၊ ဒါတွေက ဆရာတို့ကျေးဇူးတွေပါပဲ”

“ သင် ရဲ့ ဘဝဝဋ်ကြွေးတွေ ဒီဘဝမှာတင် ပြီးဆုံးပါစေလို့ဆုတောင်းပေးပါတယ်”

“ ဆရာတို့ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ…ကျွန်တော်ကိုခွင့်ပြုပါဦး”

“ ခွင့်ပြုပါတယ် သင်သွားလိုရာသွားနိုင်ပါပြီ”

မောင်ကောင်းတို့ လူသတ်ကုန်းပေါ်မှာ အရုဏ်တက်တဲ့အထိနေပြီးပြန်ဆင်းလာခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့

“ အား…”

“ ခွန်းလှ ဘာဖြစ်တာလဲ”

“ ကျွန်တော်မျက်လုံး ဘာမှမမြင်ရတော့ဘူး”

“ ငါ့ကိုကြည့်စမ်း… ငါ့ကိုကြည့် မြင်ရလား”

“ မမြင်ရဘူး အမှောင်အတိဖုံးနေတယ်”

မောင်ကောင်းလဲ ရုတ်တရက်မို့ စိတ်ပူသွားပြီး လက်နဲ့သပ်ချဖို့လုပ်တဲ့အချိန်

“ မြင်ရပြီ… မိန်းမတစ်ယောက် အရိုးတွေလိုက်ကောက်နေတယ်”

“ ဘယ်မှာလဲ … ငါလဲမတွေ့ပါလား”

“ ကျွန်တော်မျက်လုံးထဲမြင်နေတာ… ဟင် အရိုးကောက်နေတဲ့မိန်းမပျောက်သွားပြီ၊လယ်ကွင်းတွေ၊ ကန်သင်းရိုးတွေ၊ သွေးစသွေးနတွေရောနေတဲ့ လူအရိုးအပိုင်းအစတွေထပ်ပေါ်လာတယ်”

“ အဲဒါဘယ်နေရာမှာလဲ”

“ ကျွန်တော်အဲဒီနေရာကိုရင်းရင်းနှီးနှီး မြင်ဖူးနေတယ်… ဟော ထွက်လာပြီ အရိုးပေါ်အရေတင်မိန်းမတစ်ယောက်၊ သူ့အရိုးတွေပြန်ပေးဖို့ ပြောနေတယ်”

“ သေချာကြည့်စမ်း… အဲဒါဘယ်နေရာလဲ”

“ အဲဒီ အဲဒီနေရာက ယွန်းစံတို့ရွာပဲ”

“ သောက်ဂွပဲ… ဦးစံမြင့် မွှေထားတာ ရွာနီးချုပ်စပ်အကုန်ပြဿနာတက်ပီထင်တယ်၊ မင်း ပြန်မြင်ရပီလား”

“ တဖြေးဖြေးချင်း မြင်ရပြီအကို… ဘာကြောင့် ကျွန်တော်အဲလိုမြင်တာလဲ”

“ အမြင်ဓါတ်တွေ ပွင့်ထွက်လာတာဖြစ်မယ်၊ ဒါကကောင်းတဲ့အချက်ပဲ”

“ အရိုးလိုက်ကောက်နေတဲ့မိန်းမက ကျွန်တော်နဲ့ ဘယ်လိုပတ်သတ်နေလို့မြင်ရတာလဲ”

“ ငါလဲမပြောတတ်ဘူး… သေချာတာက သူဌေးကုန်းရွာနဲ့ ရေစက်မကုန်သေးဘူးဆိုတာပဲ”

“ ဟူး…”

ခွန်းလှက သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ကာ လူသတ်ကုန်းပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
+++++

နောက်ဝတ္တုမှာတော့ ဆရာတူညီအစ်ကိုနှစ်ယောက် သူဌေးကုန်းရွာမှာ ဘာတွေမွှေကြမလဲဆိုတာ ကိုတော့ “အောင်မြတ်သာနှင့် ငါ့အရိုးပြန်ပေး”ဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)