အရူးမသရဲနှင့်မဖဲဝါ

လိုက်သကဲ့သို့ နောက်ဖက် လွင့်သွားသည်။

“ဟီး ဟီး ဟီး”

သရဲမကြီးလည်း ကလေးကို ကိုင်ချင်၍ မရသဖြင့်
အခန်းထဲ လှည့်ပတ်အော်ဟစ်နေသည်။

“ဟီး ဟီး ငါ့ကလေး…ငါ့ကလေး”

ကလေးကလည်း အငိုတိတ်သွားသည်။ သရဲမကြီး
လည်း ကလေးကိုခေါ်ရန် လက်လျော့သွားသည်လား
မသိ အိပ်ခန်းပတ်ပတ်လည် လှည့်ပတ်သွားနေရာက
နေ ပျောက်သွားသည်။

“တော်သေးရဲ့ ကလေးအပေါ်မှာ ပုတီး
တင်ပေးလိုက်မိလို့ နို့မို့ဆို သရဲမလက်ထဲ
ကလေးပါသွားလောက်ပြီ”

“ဒို့ရွာမှာလည်း မွေးကင်းစနဲ့ တစ်နှစ်သားအရွယ်
ငါးယောက်လောက်ရှိမယ်ထင်တယ် အားလုံးကို
သတင်းစုံစမ်းပြီး သတိလိုက်ပေးမှ ဖြစ်မယ်”

“ရှင်က ဘယ်လို သတိလိုက်ပေးမှာလဲ”

“ကလေးလည်ပင်းမှာ ဘုရားပုံတော်ဖြစ်ဖြစ်
ပရိတ်ကြိုးဖြစ်ဖြစ် ဆွဲပေးထားအောင် ကိုယ့်အိမ်
က အဖြစ်ကို ပြောပြီး လုပ်ခိုင်းကြရမှာပေါ့ မယုံလို့
မလုပ်လည်း သူတို့ကိစ္စပဲ”

“ရှင်ကြုံရင်လည်း ရှင်ပြော ကျုပ်လည်း အေးညွှန့်
တို့ လှစိန်တို့ကလေးတွေကို လည်ပင်းမှာ ဆွဲထားဖို့
ပြောရဦးမယ် ”

“သူတို့က ကြီးနေပါပြီ”

“အခုမှ လမ်းလျှောက် စကားမပြောတတ်စ
မဟုတ်လား၊ သူတို့အရွယ်လည်း စိတ်မချရဘူး”

“အင်း ကြုံရင်တော့ ပြောပေါ့၊ ဒို့ရွာက ရွှေဧည့်သည်
အရူးမသရဲလည်း ဝဋ်ကြွေးကြီးလွန်းလှတယ်
ဒီ သရဲဘဝက အမြန်ကျွတ်လွတ်ပါစေကွယ်”

ဦးစံဖေက သရဲမအကြောင်း စကားစလိုက်သည်နှင့်
ဒေါ်အေးပွင့်က သရဲမမိသားစု ရွာကို ရောက်လာသည့်
အကြောင်း ပြန်တွေးကြည့်လိုက်သည်။

XXXXX

တန်ဆောင်မုန်းလဆန်းပြီ၊ ကံပေါက်ရွာ၏ အနီးဝန်း
ကျင်ရှိ ကိုင်းတောကြီးရွာ ၊ အောင်သာလှရွာတွေကို
ဝိုင်းပတ်နေသော စပါးခင်းကြီးများက ရွှေဝါရောင်
သန်းစပြုနေပြီ။ ရွှေဝါရောင် စပါးခင်းတွေကြားမှ
စိမ်းစိမ်းစိုစို ထိုရွာသုံးရွာကို ကံပေါက်ချောင်းက
ပတ်ခွေထားသဖြင့် အပေါ်မှ စီးမိုးကြည့်လျှင်
အလွန်လှပသော ပန်းချီကားတစ်ချပ်အလား
မြင်တွေ့ရမည် ဖြစ်သည်။

မကြာခင်ရက်ပိုင်းအတွင်း ရွှေဝါရောင် စပါးနှံတွေကို
ရိတ်သိမ်းကြရတော့မည်။ ဖြည်းဖြည်းချင်းရိတ်၍မရ
လူစုလူဝေးဖြင့် ရိတ်ရသည်။ စပါးနှံများ အရင့်
လွန်သွားလျှင် စပါးစေ့တွေ ကြာကုန်မည်။
အချိန်ကို လု၍ စပါးရိတ်ရသဖြင့် လုပ်အားပြု
နိုင်မည့်လူ ရွာတိုင်းလိုအပ်သည်။ ထိုအချက်ကို
သိကြသော အညာဘက်မှ လူများ အောက်ပြည်
အောက်ရွာဘက်ဆင်းပြီး စပါးများ အုပ်စုလိုက်
လာရိတ်ကြသည်။

လာသမျှ လူအားလုံး စပါးရိတ်ရာသီမှာ
အလုပ်အကိုင် ရရှိကြသည်။ သည်လယ်
ပြီးရင် နောက်လယ်သမားက စပါးရိတ်အဖွဲ့ကို
ကြိုတင်ခေါ်ပြီး စရံပေးထားကြသည်။ တစ်လ
လုံးလုံး နားရက်မရှိ လုပ်ကြရသည်။ သည်ကွင်း
မှာ ရိတ်၍ ကုန်လျှင် ရေနက်ကွင်းများက
နောက်ကျမှ စိုက်၍ နောက်ကျမှရင့်မှည့်သည်။
စပါးရိတ်အဖွဲ့လည်း ရေနက်ကွင်းများရှိရာ
စုံစမ်းပြီး ။ ရွေ့လျားသွားကြသည်။

နှစ်လနီးပါး အလုပ်သိမ်းကြုံးလုပ်ငွေရှာပြီး
အညာသို့ ပြန်သွားကြတော့သည်။ ထိုလူစုထဲတွင်
ကိုကျော်တင့်နှင့် မလှရီတို့ လင်မယားက
စပါးရိတ်ရန် ကံပေါက်ရွာကို အဖွဲ့လိုက်ရောက်
လာပြီး ကျန်လူများ ပြန်သွားပေမယ့် အညာ
မပြန်တော့ဘဲ ကံပေါက်ရွာမှာပင် အလုပ်မျိုးစုံ
ရှာဖွေလုပ်ရင်း နေတော့မည်ဟု ဆုံးဖြတ်ကာ
ရွာလူကြီး ဦးဝင်းမြိုင်ထံမှ ခွင့်တောင်းခဲ့သည်။

ရွာလူကြီး ဦးဝင်းမြိုင်က သူ့လယ်ထဲမှာလည်း
စပါးပင် ရိတ်ပေးရင်း ရင်းနှီးကျွမ်းဝင်သွားပြီမို့
ရွာအစွန်မှာ နေလို့ ထိုင်လို့ရမည့် အိမ်တစ်
လုံးဆောက်ပြီး နေခွင့်ပြုလိုက်သည်။ ဦးဝင်း
မြိုင်၏ ကူညီမှုနှင့် ရွာထဲမှာ ဝါးပင်ရှိသူများက
အိမ်ဆောက်နိုင်ရန် ဝါးနက်၊ ဝါးဖယောင်းတို့ကို
ခုတ်ယူစေသည်။

မလှရီက ကိုင်းခုတ်ပြီး သက်ကယ်ပြစ်သည်။
မကြာခင် နတ်တော် ပြာသိုလအတွင်းမှာ ဆယ့်
ငါးပေပတ်လည် သက်ကယ်မိုးဝါးအိမ်တစ်လုံး
ရရှိလိုက်သည်။ ရွာအစွန်း နှင့် ဘေးချင်းကပ်ပြီး
အိမ်ဆောက်ခွင့် ရလိုက်သည်။

“ကျနော်ကို ရွာထဲမှာ ဘာအလုပ်ရှိရှိ ခေါ်ခိုင်းပါ
မလှရီကလည်း ကိုင်းစိုက်နေ့စား လိုက်ပါမယ်
လူလိုရင် ခေါ်ပါ”

ရွာလူကြီးက လယ်ဆယ့်ငါးဧကရှိသော
ဦးကြည်လွင်ထံမှာ သူရင်းငှားအလုပ်ကို
ပြောဆိုပေးသဖြင့် ကိုကျော်တင့် သူရင်းငှား
အလုပ်ရရှိခဲ့သည်။ ကိုင်းစိုက်ရန် အလုပ်မျိုးစုံ
လက်မလည်အောင် လုပ်ရသည့်အချိန်မို့
ကိုကျော်တင့်လည်း နွားတစ်ရှဉ်းနှင့် နေ့မအား
ညမအား လုပ်ရတော့သည်။ မလှရီကလည်း
ငရုတ်စိုက်၊ ပြောင်းစေ့ချ ၊ မြေပဲစေ့ချ၊ ဖရဲစိုက်
ဆေးရွက်ကြီးစိုက်နှင့် တစ်ခင်းပြီးတစ်ခင်း
နေ့စားခေါ်သမျှ လိုက်လုပ်သည်။

ဆောင်းတွင် စပါးရိတ်ချိန်မှသည် နွေကိုင်းချိန်
သိမ်းပြီးသည်အထိ သူတို့လင်မယား လုပ်အား
ခငွေလေးအနည်းငယ် စုမိသည်။

သူတို့အိမ်ထောင်ကျသည်ကလည်း အောက်ပြည်ကို
လာသည့်အချိန်မှ ကျခြင်းဖြစ်သည်။
အောက်ပြည်မှာ အိမ်ယာထူထောင်လိုက်သည့်
အတွက် မွေးရပ်မြေ၊ မြင်းခြံဒေသသို့ မပြန်တော့
ခြင်းဖြစ်သည်။ ထိုအရပ်မှာလည်း လယ်မရှိ၊
ယာမရှိသူတို့အတွက် အလုပ်အကိုင်ရှားပါး
လှသည်။ သို့ကြောင့် နှစ်ဦးသဘောတူလက်ထပ်
ပြီး အောက်ရွာမှာပင် အခြေစိုက်နေထိုင်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိတော့
လုပ်နိုင် ကိုင်နိုင်သည့် သူတို့အရွယ်အတွက်
ကံပေါက်ရွာမှာ အလုပ်အကိုင်မရှား။

တစ်နွေပြီး၍လာမည့် မိုးနှင့် နွေကို ဦးကြည်လွင်ကပင်
သူရင်းငှားအဖြစ် ဆက်၍ ငှားသည်။ ဆန်နှင့်ငွေကို
လုပ်ခထဲက တချို့တစ်ဝက် ထုတ်ပေးထားသည်။
သူတို့ လင်မယား တက်ညီလက်ညီ လုပ်နိုင် ကိုင်နိုင်
သဖြင့် ငွေပို ငွေလျှံလေးစုမိသလို ဝါခေါင် တော်
သလင်းရောက်တော့ မလှရီမှာ ကိုယ်ဝန်ရနေကြောင်း
သိလိုက်သည်။ သိ၍ ရွာက လက်သည်ကို ပြကြည့်
တော့ ကိုယ်ဝန်နှစ်လခန့်ရှိပြီဟု ပြောသည်။

လက်သည် ပြောသည့်အတိုင်း ဝါခေါင်လမှ
စတွက်ရာ စပါးရိတ်ချိန်မှာ ကိုယ်ဝန်လေးလ
ကျော်ပြီး ဗိုက်လည်းသိသိသာသယပူလာသည်။
မလှရီက ကိုင်းမစိုက်ရလျှင်နေ စပါးတော့
ရိတ်မည်ဟု ဆိုသဖြင့် ကိုကျော်တင့်က အခြား
လယ်မှာ ပေးမရိတ်ပဲ သူအလုပ်လုပ်သော
ဦးကြည်လွင်လယ်မှာသာ ရိတ်စေသည်။

မလှရီကလည်း မခိုမကပ်ပဲ ကျန်းမာလာသည့်လူများ
ကဲ့သို့ပင် စပါးရိတ်နိုင်သည်။ ညဘက်ရောက်တော့
ခါးအနည်းငယ်ကိုက်သဖြင့် ကိုကျော်တင့်က
ပူညံပူညံလုပ်ပြီး ခါးနားပျောက်စေမည့် လိမ်း
ဆေးများ နားလည်သူများကို မေးစမ်းပြီး
ပြုစုပေးရသည်။

ကိုင်းများပြီးပြီမို့ ကိုကျော်တင့်လည်း အလုပ်အား
နေသည်။ ဇနီးသည် မွေးဖွားပြီး သွေးနု၊ သားနု
အချိန် အနီးကပ်ပြုစုနိုင်သည်။ နယုန်လဆန်း
လောက်မှ သူရင်းငှားအလုပ်ကို ပြန်ဝင်ရမည်ဖြစ်
သည်။ နှစ်လခန့်အထိ ဇနီးနှင့် သားအနီးမှာ
လိုလေသေးမရှိ လုပ်ကိုင်ပေးခဲ့သည်။

“သားဦးစနေဖြစ်၍ မွေးသည့်နေမှာ
လက်သည်ဒေါ်အေးစိန်က အရက် နေတက်၊
စနေသားဦး မွေးတာနော် ကလေးကို
အလိုလိုက်ဖို့မစဉ်းစားနဲ့ …”

ဒေါ်အေးစိန် ဘယ်လိုပြောပြော။လုံးလုံးကျစ်ကျစ်လေး
မအေတူသားလေးကို သူတို့လင်မယားချစ်၍မဝ။
နယုန် လဆန်းကတည်းကကိုကျော်တင့် အလုပ်ဝင်သွားပြီး
ညဘက်ပြန်လာအိပ်သည်။ ထမင်းကို ညစာအိမ်မှာ
ပြန်စားသည်။ သူရင်းငှားအလုပ်က တဲမှာနေ၊
တဲမှာစား၊ လယ်ရှင်က နေရေး၊ ထိုင်ရေး စားရေး
သောက်ရေး အပြီးအစီး တာဝန်ယူထားသည်
အလုပ်ပြီးသည်အထိ လယ်ထဲမှာပင် အိပ်ရမည်
ဖြစ်သည်။ သူရင်းငှားက နှစ်ယောက်ဖြစ်၍
ကိုကျော်တင့်အား ကလေးငယ်ငယ်လေးနှင့်
မိခင်တစ်ယောက်တည်းရှိသည်မို့ ညနေဘက်
နွားများကို အစာထည့်ပေး၊ မီးမွှေးပြီးလျှင်
ညဘက် ပြန်အိပ်ရန် ခွင့်ပြုခဲ့သည်။

ကိုကျော်တင့်နှင့် အတူ လုပ်ဖော်ကိုင်ဘက်
ဦးတင်ထွန်းကလည်း ကျေကျေနပ်နပ် ပြန်အိပ်ရန်
ခွင့်ပြုထားခဲ့သည်။ သို့ပြင် တစ်လပြီး တစ်လ
ကုန်ဆုံးခဲ့သည်။ ကလေးမိခင် နို့ကောင်းစွာ
မထွက်သဖြင့် ဖွံ့ထွားချင်သလောက် မထွား။
ကျန်းမာရေးလည်း အနည်းငယ် ချူချာသည်။

ညဘက်သိပ်မအိပ်သဖြင့် မိခင်ရော ဖခင်ပါ အိပ်ရေး
ညတိုင်းလိုလို ပျက်ခဲ့သည်။ ထိုကဲ့သို့ တရှောင်ရှောင်
နှင့်ပင် ကလေးက (၇)လထဲဝင်လာခဲ့သည်။ သီ
တင်းကျွတ်လကုန်၍ တန်ဆောင်မုန်းလထဲပင်
ဝင်တော့မည် မကြာခင် စပါးရိတ်သိမ်းရတော့မည်။

ကိုကျော်တင့်လည်း တဲရောက်သည်နှင့် မြက်ခြင်းကို
ထမ်းပြီး လယ်ကွက်ထဲဝင်လာခဲ့သည်။ လယ်ကန်
သင်းရိုးပေါ်မှာ နွားစာမြက်များ မွေးသည့်အတွက်
မရိတ်ရသေးသော လယ်ကွက်များဆီ လျှောက်
ခဲ့သည်။ မြက်ရိတ်တံစဉ်တိုနှင့် ကန်သင်းရိုးပေါ်မှာ
ထူထပ်စွာ ပေါက်နေသော မြက်နုများကို နွားစာ
အတွက် ရိတ်ယူနေသည်။

သူတို့လယ်ကွက်အတွင်း အခြားမြက်ရိတ်သမားများ
ဝင်မရိတ်အောင် အမြဲကြည့်နေရသည်။
မြက်ရိတ်သမားများကလည်း လစ်လျှင်လစ်သလို
ဝင်ရိတ်ကြသည်။ အချို့က မြက်ရိတ်သလိုနှင့်
ကန်သင်းအောက်ဆင်းကာ စပါးပင်များကိုပင်
ရိတ်ယူသွားတတ်သည်။ သို့ကြောင့် မိမိတို့
လယ်ကွက်များအတွင်း အခြားမြက်ရိတ်သမား
များ ဝင်မရိတ်အောင် ကြည့်ရှုထားသဖြင့်
တစ်မိုးတွင်းလုံး ကောက်ရိုးကျွေးစရာလိုအောင်
မြက်နုများ အလုံအလောက်ရခဲ့သည်။

နာရီဝက်ခန့် ရိတ်လိုက်တော့ မြက်ခြင်းတစ်ထမ်းစာ
မြက်များ အလုံအလောက်ရရှိသည်။ မြက်ရိတ်ပြီး
များမြက်ခြင်းနှစ်လုံးထဲ အပြည့်အသိပ်ထည့်ပြီး
တဲသို့ ပြန်ထမ်းလာခဲ့သည်။လယ်ကန်သင်းပေါ်
လျှောက်လာစဉ်…

“အား …ကျွတ်”

ခြေဖဝါး ပူကနဲဖြစ်၍ မြက်ခြင်းကိုချပြီး ခြေဖဝါးကို
ကြည့်လိုက်သည်။ ခြေဖဝါးအလည်တည့်တည့်ကို
သံဆွေးတစ်ချောင်းစူးဝင်နေသည်။မြေကြီးထဲက
ဖော်ကြည့်လိုက်တော့ တစ်မိုင်ခန့်ရှိသော သစ်
သားချောင်း အဆွေးများ သုံးလက်မသံချွန်က
တစ်လက်မနီးနီး ထွက်နေသည်။ ထိုထွက်နေသော
သံချွန်ကိုခြေဖဝါးနှင့် ဖိနင်းချလိုက်မိခြင်းဖြစ်သည်။

ခြေထောက်ကြွတော့ သံစူးက မြေမှာကျန်ခဲ့သည်။
ဘယ်လိုက ဘယ်လို ကန်သင်းရိုးပေါ် သစ်သားစ
မှာကပ်နေသည့်သံက ရောက်နေတာလဲ…မိုးကာလ
စပါးမစိုက်ခင် ရေနှင့်မြောပါလာသော သစ်သားမှာ
သံစိုက်လျက်ပါလာပုံရသည်။ သံစူးထားသော နေ
ရာကို သွေးညှစ်ထုတ်ပြီး တဲကို မြက်ခြင်းထမ်းပြန်
ခဲ့သည်။ ခြေထောက်အနည်းငယ် စပ်ဖျင်းဖျင်းနှင့်
နာသည်မှာ လွဲ၍ ဘာမှမဖြစ် သွားလာနိုင်သည်။

ထို့ကြောင့် တဲရောက်တော့ သံစူးရာကို
ဘာမှမလုပ်ပဲ နေ့စဉ်ပြုနေကျအလုပ်များကို
လုပ်ကိုင်နေသည်။ နွားတင်းကုတ်ထဲဝင်ပြီး
နွားချေးကြုံးသည်။ တံမြက်စည်းလှဲသည်။
နွားစာခွက်ထဲမှာ နွားမစားတော့သည့် အရိုး
အရင်းများကို သယ်ထုတ်ပြီး မြက်နုများ
ပွေ့ထည့်လိုက်သည်။ အားလုံးပြီးတော့
ရေချိုးရန် ရေတွင်းရှိရာသို့ ထွက်ခဲ့သည်။
လယ်ကွင်းထဲမှာ ရေတွင်းက ဝါးရိုင်းပတ်ချထား
သော ရေတွင်းများဖြစ်သည်။ မိုးကုန်ကာလဖြစ်၍
ရေက တွင်းနှုတ်ခမ်းနားအထိ ရောက်နေသည်။

ရေကို တဝခပ်ချိုးပြီး တဲသို့ ပြန်လာခဲ့သည်။
ဦးတင်ထွန်းက မြက်ဆင်းမရိတ်၊ တဲမှာနေပြီး
မနက်စာ ထမင်းဟင်းချက်ပြုတ်နေသည်။
မနက်စာကို ကိုးနာရီခွဲမှာ စားဖြစ်ကြသည်။
ညနေငါးနာရီခွဲခန့် ထမင်းစားပြီး မလှရီရှိရာ
ကံပေါက်ရွာသို့ ကိုကျော်တင့် ပြန်လာခဲ့သည်။
ညနေဘက် ရောက်တော့ ခြေထောက်က
အနည်းငယ်နာလာသည်။

“ရှင်ခြေထောက်က ဘာဖြစ်တာလဲ…”

“မြက်ရိတ်ရင်း ငုတ်စူးတာ သိပ်မများပါဘူး”

“ငန်းဆေးလေး ဘာလေး ဝယ်သောက်ပါလား
တော်ကြာ ငန်းဝင်နေရင် ဘယ်လိုလုပ်မလဲ”

“ဘာမှ မဖြစ်ပါဘူးကွာ မနက်ဖြန်ဆို ကောင်းသွားမှာ”

ဒါပေမဲ့ နောက်နေ့ လယ်ကွင်းထဲဆင်းပြီး
မြက်ရိတ်သည်။ မြက်ရိတ်ပြန်လာတော့
နွားချေးကြုံးသည်။ တံမြက်စည်းလှဲသည်။
ထိုအခါ နွားချေးများ၊ နွားသေးများ သံစူး
ထားသော အနာအတွင်း ဝင်ကုန်တော့သည်။
ဆေးလည်း ကြိုတင်သောက်ထားခြင်းမရှိသည့်
အတွက် ညနေပိုင်းရောက်တော့ မေးခိုင်းသလို
ဖြစ်ကာ တဲပေါ်မှာ လဲတော့သည်။ စကားလဲ
ပီပီသသ မပြောနိုင်တော့။ ဦးတင်ထွန်းလည်း
ထိုအခါမှ လွန်ခဲ့သော ရက်က ခြေဖဝါးသံ
စူးသည့်အကြောင်းကို သိလိုက်ရသည်။

“မင်းကွာ ခြေထောက်သံစူးနေရက်နဲ့ နွားချေးတွေထဲ
လျှောက်နင်းရလား၊ ပိုးဝင်မှာပေါ့ ခြေဖဝါးဆိုတာ
အကြောဆုံလို့ ငါကြားဖူးတယ် ဖြစ်မှဖြစ်ရလေကွာ”

ဦးတင်ထွန်းလည်း လယ်နီးနားချင်းများကို
အကူအညီတောင်းပြီး စောင်ကို ပုခတ်လုပ်ကာ
ဝါးလုံးဖြင့် လျှိုထမ်းပြီး ကံပေါက်ရွာရှိ သူ့အိမ်သို့
ထမ်းပို့ကြသည်။

အိမ်နီးနားချင်း ဦးပေါက်၏ သားသမီးများ
လာဝိုင်းပြီး ကူညီလုပ်ကိုင်ပေးသည်။
ဆေးရုံတင်ရန် ဝေးသဖြင့် နောက်နေ့ မနက်မှ
ပို့သည်။ သည်ညပိုင်း ရွာထဲမှာရှိသည့် မြန်မာတိုင်း
ရင်ဆရာနှင့် ငန်းမန်းကျဆေးများကို တိုက်ထား
ပေးသည်။ ဆရာကလည်း မေးခိုင်းနေသည့်
ရောဂါကို သက်သာအောင် နည်းမျိုးစုံနှင့်
ကုသပေးသည်။ ဒါပေမဲ့ မေးခိုင်းပိုးက ဦးနှောက်ထဲ
ရောက်သွားခဲ့ပြီး ထိုညတစ်ညလွန်ပြီး နောက်နေ့
မနက်လေးနာရီခန့် ကိုကျော်တင့်သားနှင့်
ဇနီးကိုထားပြီး မပြန်လမ်းကို ထွက်သွားတော့သည်။

သားလေး(၇)လမြောက် သီတင်းကျွတ်လဆုတ်
ရက်ထဲမှာပင် ကိုကျော်တင့် ကွယ်လွန်သွားခဲ့သည်။
ကိုကျော်တင့်၏နာရေးကို ရွာလူကြီး ဦးဝင်းမြိုင်နှင့်
ဦးကြည်လွင်တို့က ကိစ္စပြီးမြောက်သည်အထိ
တာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့သည်။

ရက်လည်ပြီးနောက်ပိုင်း အိမ်နီးချင်း ဦးပေါက်စတို့
လင်မယားက အဖော်အဖြစ် လာအိပ်ပေးသည်။
ဦးကြည်လွင်ကလည်း လုပ်ခ လက်ကျန်များကို
ရှင်းပေးခဲ့သလို နာရေးပြီးဆုံးတော့ ငွေအနည်း
ငယ် ပိုလျှံခဲ့သေးသည်။ ထိုငွေများနှင့် တစ်လ
နှစ်လ ပူပန်စရာမလိုဘဲ ထိုင်စားနိုင်ခဲ့သည်။
သုံးလေးလခန့်ကြာလာတော့ မလှရီအတွက်
ဝမ်းရေးအခက်အခဲရှိလာသည်။

သားကလည်း လူမမယ် အိမ်မှာထားပြီး
အလုပ်သွားလုပ်လည်းမရ ခေါ်သွား၍လည်း
မရသည့် အချိန်ဖြစ်နေသည်။ ကလေးက
နို့ကောင်းစွာ မစို့ရသဖြင့် ကျန်းမာရေးကလည်း
ချူချာသည်။ မလှရီလည်း အိမ်နီးချင်းများက
နို့ထွက်ကောင်းသည့် ဆိုသော အသီးအရွက်များကို
ချက်ပြုတ်စားပေမဲ့ ထင်သလို နို့ထွက်မလာခဲ့။

မလှရီ တစ်ယောက် မကျန်းမမာဖြစ်နေသော
သားလေးကို နည်းမျိုးစုံနှင့် ပြုစုစောင့်ရှောက်
နေရင်းမှ သားဖြစ်သူ ပြန်လည် မကျန်းမာပဲ
အသက်သေဆုံးသွားခဲ့သည်။ ထိုအချိန်
မလှရီ၏ စိတ်တွေလည်း မူမမှန်သည့်အဆင့်သို့
ရောက်နေပြီဖြစ်သည်။

သူ၏ သားလေး အသက်သေဆုံးသွားသည်ကိုပင်
သေမှန်းမသိ။ နို့ရည်မထွက်သောနို့ကို အသက်
ကင်းမဲ့နေပြီဖြစ်သော သားဖြစ်သူအား အတင်း
တိုက်သည်။

“နို့စို့ပါဆို …မစို့ဘူး ဘာလဲ စိတ်ကောက်နေတာလား
ငါရိုက်ရင် နာတော့မယ်နော် စို့စမ်းဟယ် စို့စမ်း”

တောင့်တင်းနေပြီဖြစ်သော ကလေးကို
နို့အတင်းတိုက်သည်။

“မစို့ချင်လဲနေ …ငါပင်ပန်းတယ် ခဏအိပ်ဦးမယ်”

ကလေးကို ပြောရင်း မျက်စိမှတ်ပြီး အိပ်လိုက်သည်။
ငါးမိနစ်ခန့်အကြာ မျက်လုံးပွင့်လာပြီး

“မေမေက …အိပ်နေတာ သားလေး နို့ဆာလို့
ငိုနေတယ်ပေါ့ ဟုတ်လား
တိတ်ပါ သားရယ် မေမေက မအိပ်တော့ဘူး
ဟုတ်လား ကြည့် …ဘာမှ မပြောဘဲ ငါ့ကို
စိတ်ကောက်နေတယ်…ကဲဟယ်…ကဲဟယ်
ဟင်…သားလေး…သားလေးကို ရိုက်မိပြီ
ဒီလက် …တော်တော်ဆိုးတဲ့လက် ကဲဟာ
ကဲဟာ …ဟား …ဟား…ဟား ငါ့သားကို
ရိုက်တဲ့လက်ကို မေမေ အပြစ်ပေးလိုက်ပြီ
ဟုတ်လား…တိတ်တိတ် မေမေ မရိုက်ဘူး
ကဲ…ဟယ်…မငိုပါနဲ့ဆိုမရဘူး …နင့်ကို
ထားပြီး ငါသွားတော့မယ်…”

ကလေးကို ပစ်ချပြီး အိမ်ပေါ်မှ ဆင်းကာ
ရှေ့သို့ ထွက်သွားသည်။ ထိုအချိန်
ဦးပေါက်စ၏ ဇနီး ဒေါ်တင်ငွေက ထမင်းကို
ဟင်းပုံပြီး လာပို့ပေးသည်။ အိမ်ပေါ်မှာ မလှရီကို
မတွေ့ဘဲ တောင့်တင်းနေပြီဖြစ်သော ကလေးကို
တွေ့လိုက်သည်။

“ဟင်…မလှရီရဲ့သားလေး သေနေပါလား
အင်း ဝဋ်ကြွေးကြီးလိုက်တာ လင်လည်းသေ၊
သားလည်းသေသွားပြီ ကလေးသေတာတောင်
မသိတော့ပဲ သူ့စိတ်တွေ လုံးလုံးနောက်သွားပြီလား
မသိဘူး”

ဒေါ်တင်ငွေ အိမ်ပေါ်မှ အမြန်ဆင်းသွားပြီး
ယောင်္ကျားဖြစ်သူ ကိုပေါက်စအား အကျိုး
အကြောင်းသွားပြောသည်။ ဦးပေါက်စလည်း
အိမ်ပေါ်ဆင်းသွားပြီး ရွာလူကြီးဦးဝင်းမြိုင်ကို
အသိပေးတိုင်ပင်ရန် ထွက်သွားတော့သည်။

“ဒီအတိုင်းဆို …ကလေးကို သူ့အမေ
မသိအောင် သွားယူပြီး မြေမြှုပ်ပစ်လိုက်မှ
ဖြစ်မယ် ။ မမြှုပ်ပဲထားရင် ကလေးအပုပ်
ကောင်ကြီးနဲ့ နေ့နေ့ ညည အတူနေမှာပဲ”

“ဟုတ်တယ် ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူး”

“ဒါဆို…မလှရီကို ကလေးအနားက ခွာအောင်
ဘယ်လိုလုပ်မလဲ”

“အစားအသောက်ခေါ်ကျွေးရင် ကောင်းမလား”

“လုပ်ကြည့်ကြမယ်လေ”

“သူ့ကို ခေါ်လို့ရရင် ကလေးကို သွားမြှုပ်မယ်
လူကလည်း အဆင်သင့်ရှိဦးမှ”

“ကျုပ် အောင်ဝင်းတို့ လူစုကို ခေါ်ပြီး စီစဉ်လိုက်မယ်
ခင်ဗျား ဇနီးမငွေတင်နဲ့ လှရီက ရင်းရင်းနှီးနှီးဆိုတော့
ခင်ဗျားတို့ အိမ်ကို ထမင်းလာစားဖို့ သွားခေါ်ခိုင်း
ဟုတ်လား ခင်ဗျားတို့အိမ်မှာ ထမင်းလာစားရင်
ကျုပ်လူတွေကို ကလေးအသေလေးကို သွားယူပြီး
မြှုပ်ခိုင်းလိုက်မယ်”

ဦးဝင်းမြိုင်က အစီအစဉ်ချပြီး ဦးပေါက်စအား
မလှရီကို ထမင်းခေါ်စားခိုင်းသည်။ မလှရီက
ထမင်းစားရန် လာပါသည်။ သားလေးလည်း
စားရန်ဆိုပြီး ပွေ့ချလာသည်။

“ဟဲ့…လှရီ …ညည်းသားကို အိမ်မှာပြန်သိပ်လိုက်ဦး
သူအိပ်သွားမှလာ ဟဲ့ …ဟင်းလည်း မကျက်သေးဘူး”

“အခုပဲ လာစား …အခုပဲပြန်နဲ့ မစားတော့ဘူးဟယ်”

“ဟင်း မကျက်သေးလို့ပါ ခဏလေးစောင့်ဦး
ညည်းရဲ့ သားကို အိမ်မှာသိပ်ထားပြီး
အေးအေးဆေးဆေးလာစားပေါ့ ဟုတ်လား”

“ပြီးရင် ကျုပ်သားအတွက် ထမင်းနဲ့
ဟင်းပေးလိုက်မှာလား”

“ပေးမှာပေါ့ ညည်းကိုလည်း ထမင်းကျွေးမယ်
ညည်းသားလေးစားဖို့လည်း ပေးလိုက်မယ် ”

“တကယ် ဟုတ် ”

“တကယ် ပြောတာပါ သွားသိပ်လိုက်ဦး”

မလှရီက ကလေးကိုချီပြီး အိမ်သို့ပြန်သွားသည်။
ကလေးကို အိမ်ပေါ်တင်ပြီး ပါးစပ်က သီချင်းဆိုကာ
ချော့သိပ်နေသည်။ ခဏနေတော့ ကလေးအိပ်သွားပြီ
ဟု ပြောကာ ဦးပေါက်စအိမ်သို့ ဆင်းသွားသည်။
မလှရီ…တစ်ဖက်ခြံသို့ ကူးသွားသည်နှင့်ပုန်းကွယ်
နေကြသော အောင်ဝင်းတို့ လူစုလည်း အိမ်ပေါ်
အမြန်တက်ကာ ကလေးအသေလေးကို
ပုဆိုးအဟောင်းတစ်ထည်နှင့် ပတ်ထုပ်ပြီး
ယူသွားသည်။ သင်္ချိုင်းကမြောက်ပိုင်းမှာ
ဖြစ်သည့်အတွက် ရွာမြောက်ပိုင်းသို့ မသွား
တော့ပဲ မလှရီအိမ်နှင့် ပေတစ်ရာခန့်အကွာ
မအူပင်ကြီးအမြစ်ရင်းမှာ ကလေးအလောင်း
ကို မြှုပ်လိုက်ကြသည်။

ကလေးမြှုပ်ပြီး ရွာထဲသို့ ပြန်လာကြသည်။
သူတို့အုပ်စု ရွာထဲဝင်လာသည်ကို
ဦးပေါက်စအိမ်မှ ဆင်းလာသော မလှရီက
မြင်သွားသည်။

“ဟေ့ ငါသားကို ခိုးမလို့လာတာလား”

ဟုပြောဆိုရင်း အိမ်ပေါ်သို့ ပြေးတက်သွားသည်။
အိမ်ပေါ်မှ သားဖြစ်သူကို မမြင်သဖြင့်…

“ငါ့သားကို နင်တို့ခိုးသွားတာလား …အခုပြန်ပေး”

“ဟာ …မလှရီသားကို မခိုးပါဘူး ။ အခုမှ
လယ်ထဲက ပြန်လာကြတာပါ။ မလှရီ အိမ်ပေါ်ကို
ဘယ်သူမှ မတက်ရသေးပါဘူး”

“မသိဘူး …ငါ့သားကို နင်တို့ခေါ်သွားတာ”

“မခေါ်ပါဘူး…သေသေချာချာ ရှာကြည့်ပါဦး”

“မရှိဘူး…ငါ့သားမရှိတော့ဘူး ပြန်ပေး
အခုပြန်ပေး…မပေးရင် လူကြီးနဲ့ သွားတိုင်မယ်”

“တကယ် မယူပါဘူးဗျာ…ကျုပ်တို့ ရွာထဲဝင်တော့မယ်”

“သူခိုးတွေ …ငါ့သားလေး ပြန်ပေး အခုပြန်ပေး”

“ဟီး …ဟီး…ဟီး …ငါ့သားလေးကို သူခိုးတွေ
ခေါ်သွားပြီး ချက်စားတော့မယ် ပေး အခုပေး”

မလှရီက အောင်ဝင်းတို့နောက်မှ တကောက်ကောက်လိုက်ရင်း
ကလေးကို ပြန်တောင်းနေသည်။

ထိုညမှစပြီး မလှရီ အိမ်ပြန်မအိပ်တော့ ရွာထဲ
လျှောက်သွားပြီး ကလေးပြန်ပေးဟုသာ ပြောဆို
နေသည်။ အစားအသောက်မစား၊ ညလည်း
မအိပ်သဖြင့် စိတ်နောက်သထက် နောက်ကာ
အရူးမကြီးဖြစ်သွားတော့သည်။ တစ်နှစ်အောက်
ကလေးကို မြင်သည်နှင့် အတင်းပြေးလုတော့သည်။
အချို့က အတင်းဆောင့်တွန်းလွှတ်သည်။ အချို့
ကလည်း သနားပြီး ဝိုင်းဝန်းဆွဲကာ ကလေးကို
လွတ်ရာ ကျွတ်ရာ ခေါ်သွားသည်။

“ပေး …ပေး ငါ့သားလေး ပေးပေး
မပေး ပေး ပေး ငါ့သားလေး ပေး ပေး
ဟေ့ ဟေ့ သားရေ …အမေလာပြီသား
အမေရှာလို့ မတွေ့အောင် ပုန်းနေတာလား
ဟီး ဟီး ဟီး”

မလှရီလည်း ငိုလိုက် ရီလိုက်နှင့် သားပျောက်ကို
နေ့စဉ်နှင့်အမျှ ရှာနေတော့သည်။ တစ်ရက် လယ်
ကွင်းထဲမှာ မြေပဲနှုတ်နေသည့်အတွက် တစ်နှစ်
သား အရွယ်သားလေးကို တဲမှာ ပုခတ်နှင့်
သိပ်ထားခဲ့သည်။ ရှစ်နှစ်အရွယ်ရှိ အစ်မဖြစ်သူက
သီချင်းဆိုပြီး ကလေး ပုခတ်လွှဲပေးနေသည်။

လယ်ကွင်းထဲသို့ ကလေးအရှာထွက်လာသော
အရူးမ မလှရီလည်း တဲထဲဝင်ပြီး ပုခတ်ထဲမှ
ကလေးကို အတင်းဆွဲချပြီး ပြေးပါလေတော့သည်။
ပုခတ်လွှဲနေသော အစ်မဖြစ်သူက မိခင်နှင့်အနီးနား
ရှိသူများအား အော်ပြောရာ အရူးမနောက်သို့
ဝိုင်းပြီးလိုက်ကြသည်။ အရူးမ မလှရီကလည်း
ကလေးချီပြီး အတင်းပြေးသည်။

နောက်မှ ကလေးမိဘနှင့် လယ်နီးချင်းများကလည်း
အတင်းလိုက်သည်။ ရွာနားရောက်တော့ မလှရီကို
မိသွားပြီး ကလေးကို အတင်းလုသည်။ စိတ်ဆိုး
နေသော ဆွေမျိုးသားချင်းများက မလှရီအား
ဝိုင်းရိုက်ကြသည်။ မလှရီလည်း အရိုက်ခံရသည့်
ဒဏ်ရာနှင့် နာရီဝက်ခန့် လဲနေသည်။ အနီးနားရှိ
လူကြီးများက ဝိုင်းဝန်းတောင်းပန်သဖြင့် ဆက်ပြီး
မရိုက်နှက်တော့ပဲ ကလေးကို ခေါ်ပြီး တဲသို့
ပြန်သွားကြသည်။

မလှရီ သတိပြန်ရလာသဖြင့် ရရှိလိုက်သော
ဒဏ်ရာများက ပြင်းထန်လှသည်။ အတွင်းကြေ
ကြေသွားသကဲ့သို့ ဖြစ်သည်။ ထိုဒဏ်ရာ
နှင့် သုံးလေးရက်ခန့်အကြာ ကံလှရွာနှင့်
အောင်သာလှကျေးရွာအကြား လှည်းလမ်းပေါ်မှာ
မှောက်လျက်အနေအထားနှင့် အသက်ဝိညာဉ်
မဲ့နေသော အရူးမ မလှရီကို တွေ့ကြရသည်။
သားဇောနှင့် ကလေးခိုးမိသော အရူးမကို
သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသောသူများကို
တစ်ရွာလုံးက ဝိုင်းဝန်း အပြစ်တင်ကြသည်။

ဘယ်လိုပဲ အပြစ်တင်တင် အရူးမကြီး မလှရီကတော့
သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ မလှရီ သေဆုံးသွားသည့်
အတွက် သူ့အိမ်လေးမှာ ရွာလူကြီး ဦးဝင်းမြိုင် ဦး
ဆောင်ပြီး ဘုန်းကြီးငါးပါးပင့်ကာ သပိတ်သွတ်
အလှူလေး လုပ်ပေးခဲ့ပါသည်။ အလှူလုပ် အမျှ
ဝေလိုက်သဖြင့် အရူးမမလှရီ ကျွတ်လွတ်သွားပြီဟု
တစ်ရွာလုံးက ထင်ကြသည်။

ဝဋ်ကြွေးကုန်သွားပြီဟု ပြောကြသည်။ ဒါပေမယ့်
ရက်လည်ပြီး တစ်ပတ်ပင်မကြာ ရွာထဲမှာ အရူးမသရဲကြီး
လှည့်ပတ်သောင်းကျန်းနေတော့သည်။ နွားရိုင်းသွင်း
ချိန် နောက်ပိုင်းမှစပြီး သရဲမကြီး၏ ငိုသံကြီး စကြ
ရသည်။

“ဟီး ဟီး ဟီး ဟီ”

လူကို မတွေ့ရပေမယ့် ငိုသံကြီးကို ပီပီသသ ကြား
ရသည်။ သရဲမ ငိုသံနှင့် အတူ ခွေးများကလည်း
သံပြိုင်အူကြသည်။ အစပိုင်းတော့ သရဲမ မကျွတ်
မလွတ်ပဲ ရွာထဲဝင်သည်ဟု ထင်ကြသည်။ ဒါပေမဲ့
သရဲမက အိမ်တွေထဲမှ ကလေးငိုသံကြားသည်နှင့်
ငိုသံကြားသည့် အိမ်ထဲဝင်ကာ ကလေးကို အတင်း
လုယူလေတော့သည်။

သရဲကို အကောင်လိုက် မမြင်ရပေမယ့် အသံကို
ကြားရသည်။ အရိပ်မဲမဲကြီးကို မြင်ကြရသည်။
သူဝင်လုသော ကလေးများက ကံကောင်းထောက်
မစွာ သရဲမလက်ထဲပါမသွားခဲ့။ လူကြီးများ သရဲမ
ဝင်သည်နှင့် ကလေးများကို ဘုရား တရား အဆောင်
များဖြင့် အကာအကွယ်ပြုထားကြသည်။

အရူးမ သရဲလည်း ကလေးများဟု အပြင်သို့
ခေါ်ထုတ်၍မရ ဖြစ်နေသည်။ ညစဉ် ရက်ဆက်
နီးပါး ရွာထဲဝင်ပြီး ကလေးပျောက်ကို လိုက်ရှာ
နေသည်။ သွက်သွက်ခါအောင် ရူးနေတော့
အရူးမတစ်ယောက် အဖြစ်ရောက်ရှိပြီးမှ
သေဆုံးခဲ့သည့်အတွက် အရူးမသရဲဟု
အားလုံးက အမည်ပေးထားသည်။

သရဲမအဖြစ် ရောက်ရှိစဉ် ရူး/မရူးတော့
မသိ ။ မသေခင်က သားရူး /ရူးနေသည့်စိတ်နှင့် သေဆုံးခဲ့သည့် အတွက် သူ့သားဟု စိတ်စွဲထင်ကာ
ဝိညာဉ် တစ္ဆေအဖြစ်နှင့် လိုက်ပြီး ရှာဖွေနေသည်။

ကလေးငိုသံကြားသည့် အိမ်ထဲဝင်ပြီး ကလေးကို
အတင်းလုယူသည်။ ကြာတော့ ကလေးမိဘများ
သရဲမဘယ်အချိန် ဝင်ပြီး ဆွဲခေါ်သွားမလဲ စိုးရိမ်
နေကြသည်။ ပထမဆုံး ကလေးဝင်ဆွဲခံရသော
ဦးစံဖေ ဒေါ်အေးပွင့် တို့လည်း သူတို့မြေးကို
သိမ်ဝင်ပုတီး စွပ်ပေးလိုက်သဖြင့် သရဲခေါ်သည့်
ဘေးအန္တရာယ်က ကင်းဝေးခဲ့သည်။

နောက်နေ့ ရောက်သည်နှင့် ဦးစံဖေတို့ သတင်း
ဖြန့်လိုက်သည်အတွက် လူမမယ်ကလေးများကို
ပရိတ်ကြိုးများ ၊ ဘုရားပုံတော်များ လည်ပင်းမှာ
ဆွဲထားပေးကြသည်။ ထိုကလေးများကို အရူးမသရဲ
ဘယ်လိုဝင်ဆွဲဆွဲ ဆွဲခေါ်၍မရ ဖြစ်တော့သည်။
ကလေးများကို ခေါ်၍မရတော့ လူကြီးများကို
နံရံနှင့် ပစ်ဆောင့်အောင်လုပ်သည်။

နံရံပေါ်တက်ကပ်အောင်လည်း လုပ်သည်။
အိမ်ပေါ်ရှိ ပစ္စည်းများ လွင့်ပျံထွက်အောင်
သူ့အစွမ်းနှင့် လုပ်ပစ်သည်။ နေ့စဉ်နှင့်အမျှ
အရူးမသရဲ ဝင်ရောက်သောင်းကျန်းခြင်းကို
ခံနေရသော ကံပေါက်ရွာသားတို့လည်း
အရူးမသရဲကို ရွာမှ ထွက်သွားရန် နှိမ်နင်း
နိုင်မည့် ဆရာ သမားရှာရန် အကြံအစည်
ပြု တိုင်ပင်ကြသည်။

ထိုသို့ တိုင်ပင်ကြသည်နှင့် အောက်စုရွာမှ
ဆရာလေးကိုကျော်သိုက်ကိုပင့်ရန်
ဦးဝင်းမြိုင်က ပြောသည်။

“ဟာ ဥက္ကကြီး အရူးမသရဲကို ရွာကနှင်ထုတ်ရ
အောင် ဆရာပင့်ရမှာ …ဆရာက ငယ်ငယ်ဆို
အလုပ်ဖြစ်ပါ့မလား…”

“အဲ့ ဆရာလေးအကြောင်းငါ သိပြီးပြီ ငါက
လွှတ်လိုက်တယ်လို့ ပြောပြပြီး ပင့်ခဲ့ ငါနဲ့
ရင်းနှီးတယ် ထန်းသုံးပင်ရွာမှာ သရဲနှိမ်နင်းတဲ့
အချိန်က ငါ အဲ့ဒီရွာမှာ ရှိတယ် အဲ့ဒီဆရာလေး
ပဲ သရဲကို ရွာက ထွက်သွားအောင် နှိမ်နင်းနိုင်တယ်
ငါကိုယ်တွေ့ပဲ”

“ဥက္ကဋ္ဌကြီးက အာမခံတယ်ဆိုမှတော့ ကျနော်
တို့က ဘာပြောရတော့မှာလဲ ဘယ်အချိန်သွား
ရမှာလဲ ဘယ်လို သွားရမှာလဲ ပြောသာပြောပြ
တော့ ကျနော်နဲ့ ဖိုးသာအောင် ဆရာလေးကို
အပါပင့်ခဲ့မယ်”

ရွာသူကြီးက ဖိုးသာအောင်တို့အား
ဆရာလေး ကျော်သိုက်နေသော
ရွာသို့ သွားနိုင်အောင် ခရီးလမ်းညွှန်းလိုက်သည်။
XXXX

နောက်နေ့ညနေ နှစ်နာရီခန့် ဖိုးသာအောင်တို့နှင့်
အတူ ကံပေါက်ရွာသို့ ဆရာလေးကျော်သိုက်ရောက်
ရှိလာတော့သည်။ ဆရာလေးကျော်သိုက်ကို
ဦးဝင်းမြိုင် အိမ်မှာပင် နေစေလိုက်သည်။

“လာဟေ့ မောင်ကျော်သိုက် ဦးတို့ရွာမှာ
အကြောင်းကိစ္စပေါ်လာပြန်ပြီ ”

“ဟုတ်ကဲ့ ဦးလေး လမ်းမှာ ကိုရင်ဖိုးသာအောင်
ပြောပြလို့ သိခဲ့ပြီးပါပြီ”

“ထိုင်ကွာ ဦးလေးကတော့ မင်းရဲ့ဆရာကြီး
ဘိုးရှိုင်းကို မပင့်ခိုင်းပဲ မင်း ဒါလောက်တော့
လုပ်နိုင်တယ်ဆိုပြီး ပင့်ခိုင်းလိုက်တာပဲ
ဘယ်လိုလဲ”

“ကျနော့်နည်း ကျနော်ဟန်နဲ့ပဲ အရူးမ သရဲ
ရွာထဲက ထွက်သွားအောင် လုပ်ပေးနိုင်မယ်
ထင်ပါတယ် ”

“ထင်မနေပါနဲ့ကွာ မင်း လုပ်နိုင်ပါတယ်
အခု ဦးလေးတို့က ဘာလုပ်ပေးရမလဲ
ပြောပေတော့ ”

“ဒီရွာမှာ နတ်ဝင်သည် ရှိရင် ခေါ်ပေးပါ”

“ရွာတစ်ရွာတည်ရင် စုန်းတစ်ယောက်ရှိတယ်
ဆိုပေမယ့် ဒို့ရွာမှာ စုန်း ရှိ/မရှိတော့ မသိဘူး
နတ်ကတော် နှစ်ယောက်ကတော့ ရှိတယ်
တစ်ယောက်က မရင်ကြည် အခြောက်မ
တစ်ယောက်က ဒေါ်အေးပွင့် ဘယ်သူ့
ခေါ်ပေးရမလဲ”

“ဒေါ်အေးပွင့်ကိုခေါ်လို့ လွယ်ရင် ဒေါ်အေးပွင့်
ကိုပဲ ခေါ်ချင်ပါတယ် ပြီးတော့ ကြက်တစ်ကောင်
ချက်နဲ့ ထမင်း တစ်အိုးချက်လိုချင်ပါတယ်”

“ထမင်းက ဘယ်လောက်ချက်ရမှာမလဲ”

“လေဗူးလောက်ချက်ရင် ရပါပြီ”

“ကဲ…ဖိုးသာအောင်ရေ မင်းတို့ တစ်တွေ လူစုပြီး
ဒေါ်အေးပွင့်လည်းသွားခေါ်၊ ထမင်းတစ်အိုး
ဟင်းတစ်အိုးလည်း ချက်ပေးကြဦး”

“ဟင်းနဲ့ ထမင်းကို အေးအေးဆေးဆေး
ချက်လို့ ရပါတယ်။ ခုနှစ်နာရီလောက်
ကျက်ရင် အတော်ပါပဲ”

အိမ်ပေါ်မှာ ထိုင်နေကြသော ဖိုးသာအောင်တို့
လူစု ဦးဝင်းမြိုင် အိမ်ပေါ်မှ ဆင်းသွားကြသည်။

နာရီဝက်ခန့်ကြာတော့ ဒေါ်အေးပွင့်နှင့်
လူတစ်ယောက် အိမ်ပေါ်တက်လာသည်။

“ဥက္ကဋ္ဌကြီး ခေါ်ခိုင်းလိုက်တယ်ဆိုလို့”

“လာထိုင် မအေးပွင့် ဒီည မအေးပွင့်ကို
ဒီဆရာလေးက အကူအညီတောင်းချင်
ခေါ်လိုက်တာ”

“ဟုတ်ကဲ့ …ဘယ်လို ကူညီရမလဲ ပြောပါ”

“ကျတော် ညရှစ်နာရီလောက် ဒီရွာသင်္ချိုင်း
သွားပြီး မဖဲဝါကို ပင့်ချင်ပါတယ် မဖဲဝါကို
ပင့်တဲ့အခါ အဒေါ်က ကြားခံအနေနဲ့
လုပ်ပေးချင်ပါတယ်”

“ငါ့ကို ဝင်ပူးခိုင်းမယ်ပေါ့ ဟုတ်လား”

“ဟုတ်ပါတယ် အဒေါ်”

“မင်းနဲ့ ငါ နှစ်ယောက်ထဲ သင်္ချိုင်းထဲ မသွား
ဝံ့ပါဘူး လူများရင်တော်သေးတယ်”

“ဒီရွာက ယောင်္ကျား သုံးယောက်လောက်လည်း
ပါလိမ့်မည် ကျနော်နဲ့ဆို ငါးယောက်လောက်ဖြစ်ပြီပေါ့”

“အေးပါ …အဒေါ်ပြောသလို လူများရင်
သွားဝံ့ပါတယ် ”

“မအေးပွင့် ကူညီပေးမယ်ဆို စိတ်ချနေမယ်
ညရောက်ရင် ဖိုးသာအောင်တို့ကို လာခေါ်ခိုင်း
လိုက်မယ်”

ဒေါ်အေးပွင့်လည်း အချိန်စောသေးသည့်
အတွက် အိမ်သို့ ပြန်သွားသည်။ ကျော်သိုက်လည်း
ဦးဝင်းမြိုင်နှင့်အတူ အရူးမသရဲအကြောင်း
စကားစမိကာ ပြောဆိုနေကြသည်။

XXXXX

ညရှစ်နာရီခန့် ကံပေါက်ရွာ သင်္ချိုင်းသို့ ရွာသားလေး
ယောက်နှင့် အတူ ဒေါ်အေးပွင့်၊ ဆရာလေးကျော်သိုက်
တို့သွားနေကြသည်။ ကောင်းကင်မှာ လဆန်းရက်လ
ကွေးကွေးလေးသာ နေသည်။ သင်္ချိုင်းထဲရောက်တော့
ဂူတစ်လုံးပေါ်မှာတင်နေသော ဖုန်များ သစ်ရွက်များကို
ဖယ်ရှားလိုက်ပြီး ငှက်ပျောဖက်များ ခင်းလိုက်သည်

အသင့်ယူလာသော ထမင်းနှင့် ကြက်သားဟင်းကို
ငှက်ပျောရွက်ပေါ်ပုံလိုက်သည်။ ရေပုလင်းထဲမှ
ရေကို ဖလားထဲ လောင်းထည့်ပြီး သောက်ရေ
အဖြစ် ချပေးလိုက်သည်။ ဒေါ်အေးပွင့်ကို
ဂူဘေးနားမှာ ဒူးထောက်ထိုင်ခိုင်းပြီး ဆံပင်ကို
ကျောပေါ် ဖြန့်ပြီး ချထားစေသည်။

“အဒေါ် မဖဲဝါဆီ စိတ်ကို လွှတ်ထားလိုက်တော့
ကျနော် မဖဲဝါကို ပင့်တော့မယ်”

“ကိုရင်ဖိုးသာအောင်တို့က နောက်နား
နည်းနည်းဆုတ်ပြီး နေကြ”

ဒေါ်အေးပွင့်က လက်အုပ်ချီထားလိုက်သည်။

“အရှေ့နေထွက် အနောက်နေဝင်၊ တောင်တံငါ့ကွန်
မြောက်ဓူဝံအတွင်း မဖဲဝါရှိသည်ဆိုပါက ဤနေရာ၊
ဤဌာနသို့ ကြွရောက်ပါရန် ပင့်ဖိတ်ပါတယ်
မဖဲဝါအတွက် စားပွဲ သောက်ပွဲများလည်း စီစဉ်ပေး
ထားပါတယ် ရောက်ရာ နေရာ၊ ရောက်ရာအရပ်မှ
အမြန်ကြွလှမ်းခဲ့ပါ မဖဲဝင်ခင်ဗျား”

တစ်ကြိမ်ခေါ်ပြီး ခဏစောင့်ကြည့်သည် ထူးခြား
မလာသည့်အတွက် နောက်တစ်ကြိမ်ခေါ်လိုက်သည်။
သုံးကြိမ်မြောက်ပင့်ခေါ်မှ သင်္ချိုင်းအတွင်း လှုပ်လှုပ်
ရှားရှားဖြစ်ကာ မဖဲဝါ ရောက်လာတော့သည်။
ဒေါ်အေးပွင့် ထိုနေရာမှ တစ်ကိုယ်လုံး တွန့်လိမ်
ကွေးကောက်သလိုဖြစ်ကာ ထိုင်နေရာမှ
ဂူပေါ်လွှားကနဲ ခုန်တက်သွားသည်။

ထမင်းပုံကို ဒူးနှစ်ချောင်းခွထိုင်ပြီး ထမင်းနှင့်ဟင်းများ
ကို အားပါးတရ နှိုက်ယူစားသောက်နေတော့သည်။
ဟင်းများကုန်သွားပြီး ထမင်းအနည်းငယ်သာကျန်
တော့သည့်အချိန် စားနေသည်ကိုရပ်ပြီး ရေဖလား
ထဲမှ ရေကို ယူပြီး မော့သောက်နေသည်။

“ကဲ မောင်ကျော်သိုက်လားဟေ့ ဘာအကြောင်း
ကိစ္စ ပေါ်လို့ ငါ့ကို ပင့်လိုက်တာလဲ”

“ဟုတ်ကဲ့ ဒီကံပေါက်ရွာမှာ အရူးမသရဲ ညစဉ်
ညတိုင်း ရွာထဲဝင်ပြီး ကလေးတွေကို ဝင်ဝင်
ဆွဲနေပါတယ် တစ်ရွာလုံးကလေးရှိသူရော
မရှိသူပါသရဲမကြီး သွားလာနေသည်ကိုလည်း
မကြာခဏ မြင်နေရလို့ ကြောက်လန့် နေကြ
ပါပြီ သရဲမကြီး ရွာက ထွက်သွားအောင်
ကူညီပေးစေချင်လို့ မဖဲဝါကို ပင့်လိုက်တာပါ”

“အေး ငါသိပြီ သရဲမကို နှိမ်နင်းဖို့ မလိုပါဘူး
မသေခင် လူဖြစ်စဉ်က အပူအပင်တွေများပြီး
အရူးမကြီး ဖြစ်သွားပေမယ့် သရဲမဘဝပြောင်း
သွားတော့ မရူးတော့ဘူး သူလိုကိုယ်လို သရဲပါ
သူရွာထဲဝင်နေတာက သူ့ကလေးကို ဒီရွာက
ယူထားတယ်ဆိုတဲ့ သေကာနီးစွဲလန်းသွားတဲ့
စိတ်ကြောင့် သရဲဖြစ်ပေမယ့် ကလေးကို
မရမက ရှာနေတာ…သရဲမ ဒီရွာမှာ ကလေး
မရှာစေချင်ရင် သူ့ကလေးအသေမြှုပ်ထားတဲ့
နေရာ သိလား”

“ဟုတ်ကဲ့ သိပါတယ်”

နောက်က ရပ်နေသော ရွာသားတစ်ယောက်က
ပြောလိုက်သဖြင့် မဖဲဝါက ဆက်ပြောသည်။

“အဲဒီကလေး အသေမြှုပ်ထားတာကို ပြန်ဖော်ပြီး
သူ့ရုပ်ခန္ဓာမြှုပ်ထားတဲ့ မြေပုံဘေးမှာ အတူတွဲပြီး
မြှုပ်ပေးလိုက် ငါကလည်း နင့်ကလေး လာပြန်ပို့ပီး
ရွာထဲမဝင်နဲ့တော့လို့ ပြောထားပေးမယ် မနက်ဖြန်
ငါခိုင်းတာလုပ်လိုက်ကြ ဒီဆို သရဲမ ရွာထဲကို
ကလေး ဝင်မရှာတော့ဘူး ကြားလား
ငါ သွားမယ်”

မဖဲဝါ ပူးကပ်နေရာက ထွက်သွားတော့
ဒေါ်အေးပွင့်မှာ ခွေခေါက်လဲကျသွားသည်။
ပုလင်းထဲမှာ အနည်းငယ်ချန်ထားသော
ရေနှင့် တောက်ပြီး သတိရအောင်လုပ်ကာ
အားလုံးရွာသို့ ပြန်လာကြသည်။

လမ်းမှာ မဖဲဝါ ကြက်သား အရိုးပါမကျန် တဂျွတ်ဂျွတ်
ဝါးစားသည်ကို ကြည့်ပြီး အံ့သြမိကြောင်း ၊ရွာသား
တွေ တစ်ယောက်တစ်ပေါက် ပြောလာကြသည်။

“ဒေါ်အေးပွင့် ထမင်းလေးလုံး၊ ကြက်တစ်ကောင်
စားတာ ဗိုက်တင်းနေလား”

“ဟဲ့ ငါ့ဗိုက်ပိန်ချပ်ချပ်လေး နင်တို့ မမြင်ဘူးလား
ငါစားတာ မဟုတ်ဘူး မဖဲဝါစားသွားတာ”

“အခု မဖဲဝါ ပြောတာ အားလုံးကြားတယ်
မဟုတ်လား”

“ဟုတ်ကဲ့ ကြားပါတယ် ဆရာလေး”

“ကလေးအလောင်းကတော့ အရိုးကျနေလောက်ပြီ
အဲဒါ အားလုံး ပြန်တူးပြီး သူ့အမေရဲ့ မြေပုံဘေးမှာ
တစ်တောင်လောက်ကပ်တူးပြီး မြှုပ်ပေးလိုက်ပေါ့ ”

“အမေနဲ့သား အတူတူနေခွင့်ရသွားပြီ ဆိုရင်
ရွာထဲဝင်တော့မှာ မဟုတ်ဘူး၊ မဖဲဝါကလည်း
သရဲမရဲ့ကလေးကို ရှာတွေ့ပြီလို့ ကြို
ပြောထားမယ်တဲ့”

“မဖဲဝါက ပြောရင် ပြောတဲ့ အတိုင်းလုပ်ပေးပါတယ်
ကိုရင် ဖိုးသာအောင်တို့ကသာ မနက်လူစုပြီး
လုပ်သင့်တာ လုပ်လိုက်ကြပေါ့”

“ဟုတ်ကဲ့ ဆရာလေး မနက်စာ စားသောက်
ပြီးတာနဲ့ ကျနော်တို့ပဲ သွားပြောင်းရွှေ့ထား
ပေးလိုက်ပါ့မယ် ”

မဖဲဝါပြောသွားခဲ့သည့်အတိုင်း နောက်နေ့မနက်
ကိုးနာရီခန့် ကလေးအလောင်းမြှုပ်ထားရာမှ
ပြန်ဖော်ယူပြီး မိခင်ဖြစ်သူ မလှရီ၏ မြေပုံအနီးမှာ
သွားပြီး မြှုပ်နှံပေးလိုက်ကြသည်။

ထိုကဲ့သို့ ပြုလုပ်ပေးပြီးနောက် ညရောက်တော့
သရဲမ ရွာထဲ ရောက်မလာတော့။ ထိုတစ်ည
စိတ်ချ လက်ချ ဖြစ်အောင် ဆရာလေးကျော်သိုက်
ကံပေါက်ရွာမှာပင် ညအိပ်စောင့်ကြည့်ခဲ့သည်။

ညစဉ် ဝင်လာသည်ဆိုသော အရူးမသရဲ
ရွာထဲ ဝင်မလာတော့ပါ။

နောက်နေ့ မနက်စာ စားသောက်ပြီး ဦးဝင်မြိုင်တို့
အား နှုတ်ဆက်ကာ ဆရာလေးကျော်သိုက်
ကံပေါက်ရွာမှ ပြန်ခဲ့သည်။ ကိုရင်ဖိုးသာအောင်
တို့က လှည်းနှင့်အောက်စုရွာအရောက်ပြန်
ပို့ပေးသည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

ပြီးပါပြီ

စာဖတ်သူများစိတ်ရွှင်လန်းပါစေ