မွေးပြီး ကျုပ်ကို ရန်ရှာကြလိမ့်မယ်” “အဲဒါ ဘယ်လိုလုပ်ကြမလဲ ကိုနှင်းမောင်”
“ဟောဒီ ရွှေအိုးကလေး ပို့လိုက်တဲ့ ကောင်ကို ရော၊ သူရဲ့တပည့် တွေကိုရော တစ်နေရာတည်းမှာမိအောင် ဖမ်းပြီး မျက်နှာကို ဒူးနဲ့ ခပ်ပြင်းပြင်း ကလေးတိုက်ပြီး ဆုံးမ ထားရမှာပေါ့၊ ခွေးဆိုးကို နှုတ်ပိတ်ရိုက်ပြီး ယဉ်ကျေး အောင် လုပ်ထားရသလိုပေါ့”
“ကျုပ်တို့ကို အိုးကလေး ပို့လိုက်တဲ့သူဟာ ဘယ်သူ ဘယ်ဝါဖြစ်နိုင် တယ်ဆိုတာ သိမှမသိဘဲ၊ ဘယ်လိုလုပ်ပြီး ဖမ်းမှာလဲ ကိုနှင်းမောင်”
“ဒီအတွက်တော့ မပူပါနဲ့ အိုင်ပီ၊ ဝှက်ထားတာကို
ဖော်ဖို့အတွက် တော့ ကျုပ်တာဝန်ထားစမ်းပါ”
“ဪ . . . သိပြီ သိပြီ၊ ပါဆယ်ထုပ်ပို့လိုက်တဲ့ စာတိုက်ပါဆယ် လက်ခံတဲ့ စာရေးကို ဘယ်သူဘယ်ဝါ ပို့တယ်ဆိုပြီး သွားပြီးမေးမယ်ပေါ့”
“ဟာ . . . ဒီလောက်နဲ့တော့ မရဘူးဗျ၊ သူတို့က … လည်း လုပ်နိုင် တယ်ဆိုတာလောက်တော့ သိတယ်ဗျ၊ ဒီတော့ စာတိုက်က ပါဆယ်ဌာနကို သွားပြီးပို ကတည်းက ရုပ်ဖျက် ချင် ဖျက်မယ်၊ ဒါမှမဟုတ်ရင် လူစားလဲ သုံးချင် သုံးမယ်”
“ဘာပဲဖြစ်ဖြစ်ဗျာ၊ လိုရမယ်ရ စာတိုက်ကိုသွားပြီး မေးတော့ မမှားဘူး” ဟု ကျွန်ုပ်က တိုက်တွန်းလိုက်ရာ ကိုနှင်းမောင်က…
“သွားချင် သွားလေ” ပြောသဖြင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့သည် ရုံးခန်းအတွင်းမှ ထွက်ကြလေ တော့၏။
“ပို့တဲ့စာတိုက်က ပုဇွန်တောင်စာတိုက်ဗျ၊ ဒီတော့ ကျုပ်တို့ ပုဇွန်တောင် စာတိုက်ကို သွားကြရအောင်” ကိုနှင်းမောင်က ပြောသည်။ ဟု
များမကြာမီ၌ ကျွန်ုပ်က မော်တော်ကားကို မောင်းနှင် လျက် ကိုနှင်းမောင်က ကျွန်ုပ်၏ဘေး၌ ထိုင်ကာ အိုး ကလေးကို ကြည့်လျက် လိုက်ပါလာ၏။
ပုဇွန်တောင်စာတိုက်အနီးသို့ ရောက်လျှင် ကျွန်ုပ် အား ကားကိုရပ်ရန်ပြော၍ ကိုနှင်းမောင်သည် စာတိုက်ဆီ သို့ ပြေးသွားပြီး စာတိုက်အတွင်းသို့ လှမ်းကြည့်ကာ ကျွန်ုပ် ထံသို့ ပြန်လာလေ၏။
“ဘယ်လိုလဲ ကိုနှင်းမောင်၊ ပါဆယ်လက်ခံတဲ့ စာရေးကို မတွေ့မိ ဘူးလား”
ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုနှင်းမောင်က. . .
“တိုးတိုး လုပ်စမ်းပါဗျ၊ ဘေးကလျှောက်သွားတဲ့ လူတွေ ကြားကုန်ပါ လိမ့်မယ်၊ ပါဆယ်စာရေးကို တွေ့ ခဲ့ပါ တယ်”
ကျွန်ုပ်အနီးသို့ ကပ်၍ ပြောလေ၏။
“ဒါဖြင့်ရင် ဘာဖြစ်လို့ မမေးဘဲ ပြန်ထွက် လာခဲ့တာလဲ” ဟု ကျွန်ုပ်က မေးရပြန်၏။
“မေးလို့တော့ အကြောင်းထူးမှာ မဟုတ်ဘူး၊ အဲဒီ ပါဆယ်စာရေးကို ရုံးဆင်းတဲ့အခါမှာ လမ်းကနေ ဖမ်းပြီး ခေါ်သွားမှာ၊ သူ့ကို သွားမေးရင် ရှုပ်ကုန်လိမ့်မယ်”
“ဝရမ်းမပါဘဲ ဖမ်းလို့ ဖြစ်ပါ့မလား”
“အဲဒါကြောင့် ကျုပ်တို ့ ပုလိပ်အဖွဲ့ဟာ လူဆိုး ထက် အမြဲတမ်း တစ်ကွက် တစ်ကွက် နောက်ကျနေတာဗျ၊ လူဆိုးတွေကတော့ ဘယ်သူ ့ဆီမှ အမိန့်တောင်းဖို့ မလိုဘူး၊ ကြုံသလို လုပ်သွားတယ်၊ သူတို ့က ကြုံသလိုလက်ဦး သင့် သလို လုပ်သွားတဲ့ကိစ္စကို ကျုပ်တို့ ဖြေရှင်းတဲ့အခါ အထက် ကို အမိန့်တောင်း၊ ဝရမ်းတောင်းရနဲ့ဆိုတော့ သိပ်အချိန်ကုန် တာပေါ့ဗျ၊ အဲဒါနဲ့ လူဆိုး ဘက်က လက်ဦးသွားရော၊ ရန်ကုန်မှာ မိနိုင်တဲ့ တရားခံကို မြစ်ကြီးနားအထိ လိုက်ပြီးဖမ်း ရရော၊ ဒါကို သဘောမပေါက်တဲ့လူတွေက လူဆိုးတွေ
သူခိုး တွေ ပုလိပ်တွေထက်လျင်လို့ လူဆိုး သူခိုးတွေဘက်ကနေ ကောင်းချီးဩဘာ ပေးကုန်ကြတဲ့အထိ ဖြစ်ကုန်တာပေါ့၊ ဒီ ကိစ္စမျိုးမှာ လျှောက်လုပ်နေရင် ကျုပ်တို့ သေကုန်လိမ့်မယ်၊ အခုလိုလုပ်ရမှာက လူညံ့ကို ညစ်တဲ့နည်းပြန်သုံးရမှာ ရှင်းပြီ လား”
“ဟုတ်ပြီ၊ သဘောပေါက်ပြီ၊ ခင်ဗျား စိတ်ကြိုက် လုပ်ပေတော့ ကိုနှင်းမောင်”
ကျွန်ုပ်နှင့် ကိုနှင်းမောင်သည် အထက်ပါနည်း အတိုင်း ပြောနေစဉ်ပင် စာတိုက်မှ လူများ ထွက်၍လာလေ၏။
“အိုင်ဆေး ကိုနှင်းမောင် ရုံးဆင်းပြီဗျို့”
ကျွန်ုပ်က သတိပေးလိုက်လျှင် ကိုနှင်းမောင်က ကားပေါ်တက်၍ နေလေ၏။ ထို့နောက်. . .
“ဟောဟိုက တိုက်ပုံအင်္ကျီနဲ့ လူနောက်ကို မကပ် လွန်း မခွာလွန်း မောင်းပေတော့၊ လူရှင်းတဲ့နေရာရောက်ရင် ကျုပ် သူ့ကိုဖမ်းမယ်”
ဟု ပြောလေ၏။
“အဲဒီလူက အေးအေးဆေးဆေး မလိုက်ရင်ကော”
ဟု ကျွန်ုပ်က စိုးရိမ်သဖြင့် ကိုနှင်းမောင်က သူ၏ ဘယ် လက်သီးကို ညလက်ဖြင့် ပုတ်၍ ပြလေ၏။
တိုက်ပုံအင်္ကျီအနက်နှင့် လူသည် လမ်းထိပ်သို့ အရောက်၌ ကွမ်းယာ ဆိုင်တစ်ဆိုင်သို့ ဝင်ကာ ကွမ်းယာဝယ် နေသဖြင့် ကျွန်ုပ်လည်း ကားကို ရပ်၍ ထားပြန်၏။ ထိုသူ သည် ကွမ်းယာဝယ်ပြီးနောက် ကွမ်းယာစားရင်း လမ်းငါးဆယ် ဘက်သို့ လျှောက်လေ၏။ ချစ်တီးဘုရားကျောင်း အနီးသို့ ရောက်လျှင်. ..
“အိုင်ပီ မောင်း. . . မောင်း၊ သူ့ နားကိုရောက်ရင် ကားရပ်လိုက်”
ဟု ကိုနှင်းမောင်က ပြောသဖြင့် ကျွန်ုပ်လည်း ကားကို အရှိန်အနည်း ငယ်မြှင့်၍ မောင်းပြီးလျှင် ထိုသူ အနီး ပလက်ဖောင်းဘေး၌ ကားကို ကျွီခနဲ ရပ်လိုက်လေ၏။ ထိုအခါ ကိုနှင်းမောင်သည် ကားပေါ်မှ ဣန္ဒြေရရ ဆင်းသွားပြီးလျှင် ထိုသူအား ‘မိတ်ဆွေ’ဟု ခေါ်လိုက်လေ၏။ ထိုသူကလည်း ခေါ်သံကြားသဖြင့် လှည့်ကြည့် ပြီးလျှင် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်လေ၏။
“အရေးကြီးကိစ္စလေးရှိလို့ မေးချင်လို့ပါ၊ ကျုပ် ဆားပုလင်းနှင်းမောင်ပါ” ဟု ဆိုကာ ကိုနှင်းမောင်သည် အင်္ကျီအိတ်အတွင်းမှ စီအိုင်ဒီအိတ် ဆောင်ကတ်ပြားကိုထုတ်၍ပြလေ၏။
“ဘာမေးမှာလဲ”
“ဟိုကျမှပဲ အေးအေးဆေးဆေး ပြောတာပေါ့ဗျ၊ ကျုပ်တို့နဲ့ ခဏလောက် လိုက်ခဲ့ပါ” ဟု ကိုနှင်းမောင်က ခေါ်၏။
“မလိုက်နိုင်ဘူး၊ ကျုပ်လည်း ဂါးဗားမင့်ဆားဗစ် တစ်ယောက်ပဲ၊ ခင်ဗျားတို့ လုပ်ချင်တိုင်း လုပ်လို့မရဘူး၊ ဘယ်လိုမှ မလုပ်နိုင်ဘူး၊ အပြစ်ရှိလို့ ဖမ်းတယ်ဆိုရင်လည်း ဖမ်းဝရမ်းပြပါ”
“မိတ်ဆွေကလည်း တယ်ပြီး ဒေါသကြီးတာကိုး၊ ဖမ်းဝရမ်းပါတာ ပေါ့၊ ဟောဒါ ဖမ်းဝရမ်း မဟုတ်ဘူးလား”
ဟု ဆိုကာ ကိုနှင်းမောင်သည် ထိုသူ၏ မေးစေ့ဆီသို့ လက်သီးဖြင့် ထိုးချလိုက်ရာ ‘ဂုတ်’ခနဲ မြည်ကာ ပလက် ဖောင်းပေါ်သို့ လဲကျသွားလေတော့ ၏။
ထိုအခါ ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့သည် ထိုသူ အား မ,ချီ၍ မော်တော်ကား နောက်ပိုင်းတွင် တင်ပြီးလျှင် ကိုနှင်းမောင်က. . .
“ကျုပ် အိမ်ကို မောင်းဗျာ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း မော်တော်ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်ခဲ့လေတော့၏။
သတင်းစာထဲမှာ
ရန်ကုန် ဂေဇက်သတင်းစာတိုက်အနီးသို့ ရောက် သောအခါ ဆားပုလင်းနှင်းမောင်သည် ကားကို ခေတ္တရပ်ခိုင်း၍ သတင်းစာတိုက်အတွင်းသို့ ဝင်သွားစဉ်အခါ၌ ကိုနှင်းမောင် လက်တွင် ရွှေရောင်အိုးကလေးပါ ပါသွားကြောင်းကို ကျွန်ုပ် ကောင်းစွာ သတိပြုမိလေ၏။
တစ်အောင့်မျှကြာလျှင် ကို နှင်းမောင်သည် ရွှေရောင် အိုးကလေးကို ကိုင်၍ သတင်းစာတိုက်အတွင်း မှ ပြန်၍ထွက်လာလေ၏။
ကျွန်ုပ်လည်း ကိုနှင်းမောင်၏ နေအိမ်သို့ မောင်းနှင် ခဲ့ရလေ၏။ ကိုနှင်းမောင်၏ နေအိမ်သို့ရောက်လျှင် ပါဆယ် စာရေးအား ကျွန်ုပ်တို့နှစ်ယောက် ပွေ့ချီ၍ ရေချိုးခန်း အတွင်းသို့ သွင်းကာ သော့ပိတ်ထားခဲ့လေ၏။
“အိုင်ဆေး ပါဆယ်စာရေးက အမှုထဲ ပါနေ
လို့လား” ဟု ကျွန်ုပ်က မေးရာ ကိုနှင်းမောင်က. . .
“မပါပါဘူး အိုင်ပီ၊ ဒါပေမဲ့ အမှုမပြီးမချင်း သူ့ကို ဝှက်ထားရလိမ့် မယ်”
“သတင်းစာတိုက်ကို ဝင်တဲ့ကိစ္စက ဘာလဲဗျ”
“သတင်းတစ်ပုဒ်သွားပြီး ထည့်တာလေ”
“ဘာ သတင်းလဲ ကိုနှင်းမောင်”
“ပုဇွန်တောင်စာတိုက်မှ ပါဆယ်စာရေး အသတ် ခံရကြောင်း အလောင်းအနီး၌ ရွှေချထားသော အိုးတစ်လုံး တွေ့ရကြောင်း၊ အင်းစိန်စီအိုင်ဒီတွင် ထိုအိုးတွေပါရှိသော် သဲလွန်စများကို ရှာဖွေစိစစ်၍ လူသတ်သမားနောက်ကို အပူတပြင်း လိုက်လံနေကြောင်းဆိုတဲ့ မိတ်ကပ်(သတင်းတု) တစ်ခု ထည့်ခဲ့ တယ်လေ”
“အဓိပ္ပာယ်က ဘယ်လိုလဲ ကိုနှင်းမောင်”
“ကျုပ်တို့ဆီကို အိုးကလေး ပို့လိုက်တဲ့လူစုဟာ ဒီသတင်းကိုဖတ်မိရင် မတွေးတတ် မကြံတတ်တွေ ဖြစ်ကုန် မယ်၊ လှုပ်လှုပ်ရွရွ ဖြစ်ကုန်မယ် မဟုတ်လား”
“ဒါဖြင့်ရင် မြန်မာသတင်းစာထဲ ထည့်ပါလားဗျ၊ ဘာဖြစ်လို့ အင်္ဂလိပ် သတင်းစာမှာ ထည့်ရတာလဲ”
“ဒီကောင်တွေက သူတို့ကိုယ် သူတို့ အင်္ဂလိပ်စာ တတ်ကြီးတွေလို့ တယ်ပြီးအထင်ခံချင်ကြတာဗျ၊ ဒီတော့မြန်မာသတင်းစာကို ယောင်လို့တောင် ကိုင်ကြလိမ့်မယ် မဟုတ်ဘူး၊ ကျုပ်တွေ့ဖူးတဲ့ လူလိမ်တစ်ယောက်ဆိုရင် လေးတန်း အင်္ဂလိပ်ဖတ်စာအုပ်ကိုတောင် ဌာန်ကရိုင်းကျ အောင် မဖတ်တတ်ဘဲနဲ့ ဘယ်သွားသွား အင်္ဂလိပ်သတင်း ကြီး တကိုင်ကိုင်နဲ့ဗျ၊ ဒီလိုလူမျိုးတွေက တကယ်တမ်းတတ် တဲ့ လူတွေထက်တောင် ပိုပြီး မြန်မစာကို အထင်သေး တတ်ကြတယ်၊ စကားစပ်မိတုန်း ပြောရဦးမယ်၊ တစ်ခါက လူလိမ်တစ်ယောက် တွေ့ဖူးတယ်ဗျ၊ မြန်မာရာဇဝင်ကို မြန်မာလိုရေးထားတာကို မရှင်းတာနဲ့ အင်္ဂလိပ်လို ရေးထား တာကိုရှာပြီး ဖတ်ရတယ်လို့ ခပ်တည်တည်နဲ့ လူတွေရှေ့ မှာ ပြောဖူးတယ်”
“တကယ်တတ်တဲ့လူမျိုးက ပြောရင်တော့ ဟုတ်ပါ တယ်၊ တချို့နေရာ မှာ အင်္ဂလိပ်လို ရေးထားတာက ပိုပြီး သဘောကို နီးစပ်တာမျိုးရှိပါရဲ့၊ ဒါပေမဲ့ ဟုတ်တိပတ်တိ မတတ်တဲ့လူကပြောတော့ နားကလောလှတယ်ဗျ၊ ဒါက ဘာနဲ့ဆိုင်သလဲဆိုတော့ ဟန်ဆောင်ချင်တဲ့စိတ်နဲ့ ဆိုင်တယ် မဟုတ်လား၊ ဒီတော့ လူလိမ်တွေဟာ ဟန်ဆောင်တဲ့ နေရာ မှာ ထိပ်ဆုံးကမဟုတ်လားဗျာ၊ အဲဒါကြောင့် အင်္ဂလိပ် သတင်းစာကို အသုံးပြုရတာပေါ့ဗျာ”
အထက်ပါအတိုင်း ပြောဆိုခဲ့ကြပြီး နောက်တစ်နေ့ ရန်ကုန်ဂေဇက်သတင်းစာ၌ ကိုနှင်းမောင် ထည့်ခဲ့သော သတင်း ပါလာသည်ကို ဖတ်ရှုရလေ၏။ သတင်းနှင့်အတူ သေသူ၏ အလောင်းဘေး၌ တွေ့ရှိသော ရွှေရောင် အိုးကလေး၏ ဓာတ်ပုံကိုပါ တွေ့မြင် ရလေတော့၏။ ကျွန်ုပ်က. . . “အိုင်ဆေး ပါဆယ်စာရေးကော ဘယ်မှာလဲ” ဟုခပ်တိုးတိုး မေးလိုက်လေ၏။
“ရှိပါတယ်၊ အခုပဲ လက်ဖက်ရည်သောက်ပြီး ထိုင်ခါစ ရှိသေးတယ်”
“ဖမ်းဆီး ပိတ်လှောင်မှု ဖြစ်နိုင်တယ် ကိုနှင်းမောင်”
“ဒါတွေ ကျုပ် စဉ်းစားပြီးပါပြီ မပူစမ်းပါနဲ့”
ထိုအချိန်၌ ဆယ်နှစ်သားအရွယ် ကလေးတစ် ယောက်သည် လက်၌ သတင်းစာများကို ပွေ့ပိုက်လျက် ကျွန်ုပ်တို့ရှိရာသို့ ရောက်လာလေ၏။
ထိုကလေးအား ကိုနှင်းမောင်က…
“ဘာကိစ္စလဲကွယ်” ဟု ပြုံးရွှင်စွာ မေးလိုက်ရာ ထိုကလေးက သွက်လက်စွာဖြင့်. . .
“ကျွန်တော် ဆားပုလင်းနှင်းမောင်နဲ့ တွေ့ချင် လို့ပါ” ဟု ပြောလေ၏။
“ဆားပုလင်းနှင်းမောင်ဆိုတာ ဦးလေးပါပဲ၊ ဆိုစမ်းပါဦး”
“ကျွန်တော် အမှုတစ်ခု အပ်ချင်လို့ပါ”
“ဗျာ . . . ၊ အမှုတစ်ခု အပ်ချင်လို့ဟုတ်လား ကလေး၊ ပြောစမ်းပါဦး၊ ဘယ်လိုအမှုမျိုးလဲ”
“ကျွန်တော့်နာမည် မောင်ချိုထူးပါ၊ သတင်းစာ ရောင်းပါတယ်၊ ဒီနေ့ အင်္ဂလိပ်သတင်းစာထဲ၌ လူသတ်မှုနဲ့ ရွှေအိုးကလေး သတင်းပါလာပါတယ်”
“သတင်းက အင်္ဂလိပ်သတင်းစာမှာ ပါတာပဲ”
“ဟုတ်ပါတယ်၊ ကျွန်တော်သတင်းစာသွားပို့တဲ့ ယစ်မျိုးစာရေးကြီး အဲဒီသတင်းကိုဖတ်ပြီး ကျွန်တော့်ကို မြန်မာလို ပြောပြပါတယ်၊ အဲဒီစာရေး ကြီးက သတင်းစာ ကို ဝယ်ပြီးမဖတ်ပါဘူး၊ ကျွန်တော့်ဆီက အလကားဖတ်ပါ တယ်၊ ဒါပေမဲ့ ဖတ်ပြီးရင် ကျွန်တော့်ကို အဓိပ္ပာယ် ပြန်ပြော ပါတယ်၊ အဲဒီ အခါမှာ ကျွန်တော်က သတင်းစာကို စာရေးကြီး ဘာသာပြန်ပေးတဲ့အတိုင်း အော်ပြီး ရောင်းပါတယ်”
“စိတ်ဝင်စားစရာပဲ မောင်ချိုတူး၊ ဆက်ပြီး ပြော စမ်းပါဦး”
“ဟောဒီ လူသတ်မှုမှာပါတဲ့ ရွှေအိုးကလေးကို ကျွန်တော် တွေ့ဖူး ပါတယ်၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က စတော့ဂိတ်ထောင့်မှာ ကားတစ်စီးရပ်ပြီး ပြင်နေတာကို တွေ့တာနဲ့ ကျွန်တော်က အနားကိုသွားပြီး တွန်းပေးရမလား လို့ သွားမေးပါတယ်. . .
အဲဒီတုန်းက ကားထဲမှာ လူသုံးယောက် ပါ,ပါတယ်၊ ရှေ့မှာ နှစ်ယောက်၊ နောက်မှာ တစ်ယောက်ပါ၊ အဲဒီနောက် က လူရဲ့လက်ထဲမှာ ရွှေအိုးကလေးကို တွေ့ ရပါတယ်၊ အဲဒီ အိုးကလေးဟာ အင်္ဂလိပ်သတင်းစာထဲမှာပါတဲ့ အိုးကလေး နဲ့ တစ်ပုံတည်းပါပဲ၊ အဲဒါကြောင့် စာတိုက်က ပါဆယ်စာရေး အသတ်ခံရတဲ့ဥစ္စာ၊ အဲဒီကားပေါ်က လူသုံးယောက်ပဲလို့ ထင်ပါတယ်”
“ဟုတ်ပြီ မောင်ချိုတူး၊ အဲဒီကိစ္စကို ဂါတ်တဲမှာ သွားပြီး မပြောဘဲ ဘာဖြစ်လို့ ဦးလေးဆီ လာခဲ့ရတာလဲ”
“ကျွန်တော်က သတင်းစာရောင်းတော့ သိပါတယ်၊ အမှုဖြစ်ရင် တခြားပုလိပ်တွေ လိုက်တယ်ဆိုရင် အဲဒီအမှု ဟာ ပေါ်တယ်လို့ကို မတွေ့ရပါဘူး၊ ဦးလေး ဆားပုလင်း နှင်းမောင် လိုက်ပြီဆိုရင် မကြာခင် ပေါ်တော့တာပါပဲ၊ ဒါကြောင့် ဦးလေးဆီကို လာခဲ့တာပါ”
“ကောင်းပါပြီ မောင်ချိုတူး၊ အိန္ဒိယပြည်က ဂန္ဓီကြီး အခု အစာငတ် ခံတုန်းပဲလားကွ”
“တစ်နေ့က ပြီးသွားပါပြီ ဦးလေး”
“အင်္ဂလန် ပါလီမန် အစည်းအဝေး ဘယ်တော့
စမလဲကွ”
“မတ်လ (၃)ရက်နေ့ စပါလိမ့်မယ် ဦးလေး”
“တော်တယ် မောင်ချိုတူး၊ အရွယ်နဲ့မလိုက်အောင် ကမ္ဘာ့နိုင်ငံရေး သတင်းကို ခေါက်မိနေတာကိုး၊ ဦးလေး မှသာ မင်းအရွယ်လောက် သားလေး တစ်ယောက်ရှိခဲ့ရင် ဦးလေး သားကိုလည်း မင်းလို လူတော်ကလေးဖြစ်အောင် သတင်းစာ အရောင်းခိုင်းရလိမ့်မယ်ကွယ့်၊ ဒါနဲ့ မောင်ချိုတူး စောစောကပြောတဲ့ လူတွေရဲ့ ကားနံပါတ်ကို မှတ်မိရဲ့လား” “မှတ်မိပါတယ်၊ အာရ်အေ ၆၄၃၇ ပါ ဦးလေး”
“ကောင်းပြီ၊ ကားနောက်ပိုင်းမှာ တစ်ယောက်တည်း ထိုင်နေတယ် ဆိုတဲ့ လူကြီးကို မှတ်မိရဲ့လား”
“မှတ်မိပါတယ်”
“မျက်မှန်နဲ့ မဟုတ်လား”
“ဟုတ်ပါတယ်”
“ရှေ့မှာ ထိုင်တဲ့လူနှစ်ယောက်ကိုကော မှတ်မိရဲ့လား”
“မှတ်မိပါတယ်၊ တစ်ယောက်က ရှပ်အင်္ကျီအနီ၊ တိုက်ပုံအနက်နဲ့ပါ၊ လွယ်အိတ်လွယ်ထားပါတယ်၊ မျက်နှာ က စုတ်ချွန်းချွန်းနဲ့ပါ ဦးလေး”
“ကောင်းပြီ မောင်ချိုးတူး၊ အဲဒီလူတွေဟာ တရားခံ တွေပဲ၊ အင်္ကျီအနီ၊ တိုက်ပုံအနက်နဲ့လူက လူလိမ် မြင့်ကြီး ဆိုတာပေါ့ကွ၊ နောက်မှာထိုင်နေတဲ့ မျက်မှန်နဲ့လူက ညိုမောင် လို့ခေါ်တယ်၊ လူမိုက်တစ်ယောက်ပေါ့ကွယ်၊ လူသတ်မှုနဲ့ ထောင်(၁၀)နှစ်ကျဖူးတဲ့ကောင်ပေါ့”
“ကဲ . . . မောင်ချိုတူး ပြန်ပေတော့၊ ကျေးဇူး တင်ပါတယ်ကွယ်”
မောင်ချိုးတူးဆိုသည့် သတင်းစာရောင်းသူကလေး သည် ပြန်၍ သွား လေ၏။ ထိုအခါ ကိုနှင်းမောင်က. . .
“ကဲ. . . အိုင်ပီရေ အိန္ဒိယပြည်က ဂန္ဒီကြီးလည်း တစ်နေ့တာ အစာ ငတ်ခံပြီးပြီ၊ အင်္ဂလန်လွှတ်တော်လည်း မတ်လ(၃)ရက်နေ့မှ အစည်းအဝေး လုပ်တော့မယ်ဆိုတာက တော့ မောင်ချိုတူးလေး ပြောသွားလို့ သိရပြီ” ဟု ဆိုလေ၏။
“အေးဗျ၊ ဒီကလေးက တယ်လည်း မှတ်မှတ် သားသား ရှိပါကလားဗျ”
“တချို့ကလေးများ စပ်စုရုံ စစ်စုတတ်တယ်၊ မှတ် မှတ်သားသား ချက်ချက်ချာချာ မရှိဘူးဗျ၊ ဒါကြောင့် အမှု နဲ့မဆိုင်တဲ့ မေးခွန်းတွေကိုမေးပြီး ကလေးရဲ့ မှတ်ဉာဏ်ကို အကဲခတ်လိုက်ရတာပဲဗျ”
“နေစမ်းပါဦး ကိုနှင်းမောင်၊ ရှပ်အင်္ကျီအနီ၊ တိုက်ပုံအနီဝတ်ထားတဲ့ လူတစ်ယောက်ဆိုရုံနဲ့ လူလိမ်မြင့်ကြီး ရယ်လို့ ဘာကြောင့် အတတ်ပြော နိုင်ရတာလဲ”
“အဲဒီအဝတ်အစားဟာ မြင့်ကြီးရဲ့ ဖေးဘရိတ် အဝတ်အစားလေဗျာ၊ သိတာပေါ့ဗျာ၊ ဒါတွေ အသာထား လိုက်ဦး၊ အလုပ်ကလေးတစ်ခု လုပ်ကြဦးစို့လား”
ဟု ဆိုကာ ကိုနှင်းမောင်သည် ဖိုင်တွဲဟောင်းအတွင်းမှ ဓာတ်ပုံ(၂) ပုံခန့်ထုတ်၍ စားပွဲခုံပေါ်တွင် မှောက်လျက် စီထားလေ၏ ထို့နောက် ရေချိုးခန်းအတွင်းမှ ပါးဆယ်စာရေးကို ထုတ်လာပြီးလျှင် ကုလားထိုင်အလွတ် တစ်လုံး၌ ထိုင်စေ၍
“ဒီမှာ မိတ်ဆွေ၊ လူသတ်မှုတစ်ခု ဖြစ်သွားတယ်၊ အဲဒီလူသတ်မှုရယ်၊ ခင်ဗျားလက်ခံပြီး ပို့လိုက်တဲ့ ဟောဒီ ရွှေချထားတဲ့ အိုးကလေးရယ်ဟာ တစ်နည်းတစ်ဖုံ ဆက် နွယ်နေတယ်”
ဟု ဆို၍ ရွှေရောင်အိုးကလေးကိုပါ စားပွဲ ပေါ်သို့ တင်လိုက်လေ၏။
“ကျွန်တော် မသိပါဘူး ခင်ဗျာ၊ ပါဆယ်လာပို့ တဲ့လူတွေ အများကြီးပဲ၊ ပို့တဲ့လူကိုလည်း မမှတ်မိပါဘူး” ဟု ထိုသူက ငြင်းဆိုလေ၏။
“ဟုတ်ပါတယ်၊ ကျုပ်ကလည်း ခင်ဗျားကို သိရ မယ်လို့ မဆိုပါဘူး၊ ဒါပေမဲ့ ကျုပ်ကို တစ်ခုကူညီပါ၊ ဟောဒီ ဓာတ်ပုံတွေထဲမှာ ခင်ဗျားနဲ့သိတဲ့လူ မပါဘူးဆိုရင် ပြောဖို့မလို ပါဘူး၊ အဲဒါကလေး ကူညီပြီးရင် ခင်ဗျားသွားလိုရာ သွား နိုင်ပါပြီ”
ဟု ဆိုကာ ကိုနှင်းမောင်သည် စီးကရက်တစ်လိပ် ထုတ်၍ဖွာရင်း ကျွန်ုပ်နှင့် စကားပြောလျက်ရှိလေ၏။
ပါဆယ်စာရေးသည် မှောက်ထားသော ဓာတ်ပုံ များကို တစ်ပုံပြီး တစ်ပုံ ယူကြည့်ရှုကာ ပြန်၍ မှောက်ထား လေ၏။ တစ်ဆယ့်သုံးခုမြောက် သောအခါ ကိုနှင်းမောင် သည် ခါးကြားမှ သေနတ်ကို ဆွဲထုတ်၍ စားပွဲပေါ်သို့ တင်ကာ ထိုသူအား ချိန်လျက်. . .
“ကဲ. . . ကိုရွှေရိုး၊ ခင်ဗျားအစ်ကို ကိုရွှေအိုး အခုဘယ်မှာနေသလဲ ပြောစမ်း၊ ဟောဒီ အိုးကလေးဟာ ခင်ဗျားအစ်ကို ကိုရွှေအိုးက ပို့လိုက်တဲ့ အိုးကလေး မဟုတ်လား၊ ရွှေအိုးဆိုတဲ့ကောသ်ဟာ တစ်သက်တစ်ကျွန်း ကျသွားတာ ခြောက်နှစ်ရှိပြီ၊ အခု ကျွန်းက ပြန်ပြီးပြေးလာ တယ်ပေါ့”
ဟု ဆိုလေ၏။
“ဟုတ်ပါတယ်၊ ဗဟန်း၊ အုတ်လမ်းက(—)ဇရပ်မှာ နေပါတယ်” ဟု သူက အဖြေပေးလေ၏။
ထို့ကြောင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့သည် ထိုသူ အား ပြန်လွှတ် လိုက်ပြီးနောက် ကျွန်းပြေး ရွှေအိုးအား ဖမ်းဆီးရန်အတွက် မော်တော်ကား ဖြင့် ထွက်၍လာခဲ့ ကြလေတော့၏။
လမ်း၌ ကျွန်ုပ်က ကိုနှင်းမောင်အား အောက်ပါ အတိုင်း မေးမြန်း ခဲ့လေ၏။
“အိုင်ဆေး၊ သတင်းစာထဲမှာ ခင်ဗျားထည့်လိုက် တဲ့ သတင်းပါလာရင် တစ်ဖက်လူစုဟာ လှုပ်ရှားမယ်ဆိုဗျ”
“လှုပ်ရှားတာပဲ၊ မတွေ့ဘူးလား”
“စောစောက သတင်းလာပေးတဲ့ သတင်းစာရေး တဲ့ မျိုးတူးဆိုတဲ့ ကောင်လေးကောဗျာ၊ ဒီကောင်လေး လာ တာ အကောင်းလာတာ မဟုတ်ဘူးဗျ၊ ကျုပ်အိမ်မှာ ပါဆယ် စာရေးကြီး ရှိမရှိကိုလည်း ကြည့်ရအောင်၊ ပြီးတော့ ကားပေါ် မှာ ရွှေအိုးကလေးနဲ့ လူသုံးယောက်ကို တွေ့တယ်ဆိုတဲ့ သတင်းအမှား ပေးဖို့လာခဲ့တာဗျ။ သူပြောခဲ့တဲ့အတိုင်းဆို ရင် အဲဒီနှစ်ကောင် ညိုမောင်နဲ့ မြကြီးကို လိုက်ရမလိုလို ဖြစ်နေတယ်၊ အဲဒီနှစ်ကောင်ကလည်း တစ်နေ့ကပဲ မြစ်ကြီးနား ကို ထွက်သွားတာ ကျုပ်က သိနေတယ်”
“ဒါပေမဲ့ ချိုးတူးဆိုတဲ့ ကောင်လေးက သတင်းစာ
ရောင်းတဲ့ ကောင်လေး အစစ်ပဲဗျ၊ ခင်ဗျားက ဂန္ဓီကြီး အစာငတ်ခံတဲ့ ကိစ္စရော၊ အင်္ဂလန်ပါလီမန် အစည်းအဝေးလုပ်မယ့်နေ့ မေးတာ ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြီး ဖြေနိုင်တာပဲ”
“ဘယ်ကလာ ဟုတ်ရမှာလဲ၊ ဂန္ဒီကြီးလည်း ဘယ်မှာ အစာငတ်ခံ လို့လဲဗျ၊ အင်္ဂလန်ပါလီမန် အစည်းအဝေးပြီး သွားတာ ဘယ်လောက်ကြာပြီလဲ၊ ကောင်လေးက ခပ်တည် တည်နဲ့ ကျုပ်ကို ပြီးသွားတာပါ၊ ကျုပ်က မသိ ချင်ဟန်ဆောင် နေလိုက်တယ်၊ ရွှေအိုးရဲ့ တပည့်လေးပေါ့ဗျာ၊ ဉာဉ်က လည်း ရွှေအိုးရဲ့ဉာဏ်ပေါ့”
“နေစမ်းပါဦး၊ ကျုပ်က ပါဆယ်စာရေးကို မေး ကြည့်ပါလားဆိုတော့ ခင်ဗျားပဲ မဖြစ်နိုင်ပါဘူးဆို၊ အခုတော့ ကျုပ်တို့ရှာနေတဲ့လူဟာ ပါဆယ်စာရေး ရဲ့ အစ်ကိုတောင် ဖြစ်နေပါလား ကိုနှင်းမောင်”
“ဒီလို အိုင်ပီ၊ ညက စာတိုက်ကြီးကိုသွားပြီး ပါဆယ် စာရေးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခဲ့ရတာ၊ ဒီမှာ ဆာဗစ်ဘုတ်လို့ခေါ်တဲ့ အမှုထမ်း စာအုပ်မှာ ပါဆယ်စာရေး နာမည်ဟာ ရွှေရိုးဖြစ်ကြောင်း၊ သူ့မှာ ညီမနှစ်ယောက်နဲ့ အစ်ကိုတစ်ယောက်ရှိကြောင်း၊ အဲဒီ အစ်ကိုတစ်ယောက် နာမည်က ရွှေအိုး လို့ခေါ်ကြောင်း သိခဲ့ရတယ်ဗျ၊ ဒါပေမဲ့ သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ နာမည်ချင်းသာ ခပ်ဆင်ဆင် ရှိပေမယ့် ရုပ်က လုံးဝမတူဘူးဗျ၊ နောက်ပြီးတော့ လည်း ရွှေအိုးဆိုတဲ့ နာမည်က ငယ်နာမည်ဗျ၊ လူသိများတဲ့နာမည် က ဖိုးနီ၊ လူဆိုးလောကမှာတော့ ‘မြွေပွေးဖိုးနီ” ရယ်လို့ တွင်တယ်ဗျ၊ ပါဆယ်စာရေး ဟာ မြွေပွေးဖိုးနီပုံကို ယူပြီး အကြည့်မှာ မျက်နှာပျက်သွားတာကို ကျုပ်တွေ့ ရတယ်၊ ဣန္ဒြေဆည်ပြီး ပြန်ချလိုက်တယ်၊ ဒီအချက်ကို တွေ့လိုက် ကတည်းက ပါဆယ်စာရေး ရွှေရိုးဟာ မြွေပွေးဖိုးနီ ခေါ် – ရွှေအိုးရဲ့ညီပဲလို့ ဆုံးဖြတ်လိုက်တော့တယ်”
“ခင်ဗျားကို ရွှေအိုးလေးပို့ပြီး ခြိမ်းခြောက်လိုက် တာကို ရွှေအိုးဟာ သဲလွန်စပေးထားသလို ဖြစ်နေတယ်”
“သူကတော့ လူဆိုးတွေရဲ့နောက်ကြောင်း ရာဇဝင် ကို ဒါလောက်နှိုက်နှိုက်ချွတ်ချွတ် မသိတန်ကောင်းပါဘူး ဆိုပြီး လုပ်လိုက်တာ အိုင်ပီ၊ ဒါပေမဲ့ ဘယ်လိုပုစ္ဆာမျိုးပဲဖြစ် ဖြစ် အဖြေဟာ တစ်ဝက်ကျော်ကျော် ပါနေစမြဲပဲ မဟုတ်လား”
ကျွန်ုပ်တို့ စကားတပြောပြောနှင့် ကားကို မောင်း နှင်လာခဲ့ရာ ဗဟန်း၊ အုတ်လမ်း (—–)ဇရပ်သို့ရောက်လာတော့ ၏။ ထိုအခါ မြွေပွေးဖိုးနီ ခေါ် ရွှေအိုးသည် ကိုနှင်းမောင် ကို ရင်ဆိုင်တွေ့ သည်နှင့် တစ်ပြိုင်နက် အတင်း ဝင်ရောက် ထိုးကြိတ်လေတော့၏။
သို့ရာတွင် ကိုနှင်းမောင်၏ ဒူးများ၊ တံတောင်များ၊ ခေါင်းများသည် စက်ကဲ့သို့ သွက်လက်လှပေရာ နောက်ဆုံး ၌ ကိုနှင်းမောင် ခုန်၍တိုက်လိုက် သော ဒူးပျံတစ်လုံးဟာ မြွေပွေးဖိုးနီ၏ နဖူးသို့ တည့်မတ်စွာ ကျရောက်သွားလေရာ
ဖျောက်ခနဲ အသံမြည်သကဲ့သို့ နဖူးအတ်တက်ကွဲသွား ပြီးလျှင် လဲကျ သွားလေတော့၏။
ထိုအခါ ကိုနှင်းမောင်က ကျွန်ုပ်ဘက်သို့ လှည့်ကာ “အိုင်ပီရေ ဒီတစ်ချက်တော့ စာဆိုနဲ့ တယ်လည်း ညီပါလားဗျာ”
“ဘယ်လိုစာဆိုနဲ့ ညီတာလဲဗျ၊ ရှင်းစမ်းပါဦး”
ဟု ပြန်၍ မေးရလေ၏။
“စာဆိုက ဒီလိုလေဗျာ၊ ဒူးပျံနာခံရင် ဟက်တက် ကွဲသွားမယ်လို ့ ဆိုထားတယ်”
“အေးဗျာ ဟုတ်ပါရဲ့၊ မြွေပွေးဖိုးနီတော့ နားဟက် တက်ကွဲသွားပြီ ပျို့၊ ဒါနဲ့နေစမ်းပါဦး၊ ခင်ဗျား လက်ဝှေ့ထိုး တတ်မှန်းတော့ သိပါတယ်၊ သေသေ ချာချာ ထိုးတာတော့ ဒီတစ်ခါပဲ မြင်ရသေးတယ်၊ လက်ဝှေ့ပညာကို ဘယ်ဆရာ ဆီမှာ ဆည်းပူးခဲ့တာလဲ ကိုနှင်းမောင်”
“ပထမ ဆရာကတော့ (ပြည်တော်ပြန်) ပေါ့ဗျာ”
“ဘုရင်ခံရဲ့ ရွှေဖလားရသွားတဲ့ ပြည်တော်ပြန်
လား”
“အစစ်ပေါ့ အိုင်ပီ၊ သတ်လုံးသတ်ပေါက်တော့ ရှားပါတယ်ဗျ၊ ကဲ ဒါတွေ ထားလိုက်ဦး၊ မြွေပွေးဖိုးနီကို ကားပေါ်တင်ကြရအောင်”
ကျွန်ုပ်တို့သည် မြွေပွေးဖိုးနီခေါ် ရွှေအိုးအား ဝက်တုပ်တုပ်လျက် ကားပေါ်သို့သွင်းကာ အမှုဖွင့်ရန် အတွက် ပုဇွန်တောင်ဂါတ်ဆီသို့ ထွက်ခဲ့ ကြလေတော့၏ ကျွန်ုပ်သည် ကားမောင်ရင်းနှင့် အောက်ပါ မေးခွန်းကို မေးမြန်းရလေ၏။
“အိုင်ဆေး ကိုနှင်းမောင်၊ ရွှေအိုးက ဘာကြောင့် ခင်ဗျားကို ရွှေချ ထားတဲ့ အိုးကလေးမှာ (ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ချင်တယ်ဆိုတဲ့ စာရယ်၊ ဆားပုလင်း နှင်းမောင် နာမည်ကြီးလွန်းလို့)ဆိုတဲ့ စာရယ်ကို ရေးပြီး ချဲလင်း လုပ်တာဟာ ဘာသဘောလဲဗျ”
“ဟဲ .. ဟဲ… လူဆိုတာကလည်း ကိုယ့် ကိုယ်ကိုတော့ ဟုတ်လှပြီလို့ ထင်တတ်ကြစမြဲပဲ၊ ဖိုးနီဟာ ကျွန်းက ထွက်ပြေးလာတဲ့လူ မဟုတ်လား၊ ပင်လယ်သမုဒ္ဒရာ ကို ဖြတ်ပြီး ပြေးခဲ့တဲ့လူဆိုတော့ သူ့ကိုယ်သူ လူစွမ်းကောင်း တစ်ယောက်လို့ ထင်နေတာပေါ့ဗျာ၊ ဒီတော့ ကျုပ်ကို စိန်ခေါ် လိုက်တာပေါ့”
“ဒါပေမဲ့ ဘယ်လိုလူတွေက ဘယ်လောက်ပဲ ယှဉ် ယှဉ် ဆားပုလင်းနှင်းမောင်ကိုတော့ ယှဉ်လို့မရဘူးဆိုတာ ခင်ဗျားနဲ့ ယှဉ်ဖူးတဲ့လူတိုင်း သဘော ပေါက်သွားတာ ချည်းပါပဲ ကိုနှင်းမောင်”
သဗ်ဗသေတ်တာ ကံမသက်ကာ
မင်းသိခ်
Leave a Reply