ကိုးကွယ်ပသနေကြတာပဲ ဖြစ်မယ်”
“ဒါဆိုရင် ဘိုးရဲ့၊ ရုပ်တုတွေကို စားစရာ
သောက်စရာတွေ ကျွေးမွေးနေတာ ဘာအကျိုးမှ
မရှိဘူးပေါ့”
“အင်း၊ ဒီကိစ္စက ပြောရတာ ခက်သားလား
တာတေရဲ့။ မင်းသိချင်ရင်တော့ ဘိုးပြောပြရမှာ
ပေါ့လေ။ တစ်ခါတုန်းကပေါ့ကွယ်။ ဘိုးရဲ့
အရီးလေးတော်တဲ့ ဒေါ်လုံးဆိုတာရှိသကွဲ့၊
ဒေါ်လုံးရဲ့ ယောင်္ကျားက ပုလိပ်အင်စပိတ်တော်ကွဲ့”
“အင်စပိတ်တော်ဆိုတာ ဘာတုံး ဘိုးရဲ့”
ကျောက်ခဲက ဝင်မေးတာဗျ။ ကျောက်ခဲရော၊
သံမဏိရော ရှိတယ်လေဗျာ။
အင်စပိတ်တော်ဆိုတာ ပုလိပ်အရာရှိပေါ့ကွယ်၊
ပုလိပ်ဆိုတာက ဘိုးတို့ခေတ်က ခေါ်တာပေါ့ကွာ၊
ခုခေတ်တော့ ရဲလို့ပဲ ခေါ်ကြတာပါ။ ရဲအရာရှိပေါ့
ကျောက်ခဲရာ”
“သြော် …ဟုတ်ကဲ့ ဘိုး”
“အဲဒါ တို့အရီးလေးမလုံးက သူ့ယောင်္ကျား
ရာထူးတက်အောင် သူ့အိမ်မှာ မင်းလေးရုပ်ထု
ထုပြီး ကိုးကွယ်တယ်လေ။ သူ့နတ်ရုပ်ကို
နေ့တိုင်း ကြက်ကြော်ဆက်တယ်ကွ၊ ပြီးတော့
သူတို့ကို ကိုယ်တော်လေး ‘မ’ပါ၊ စောင့်ရှောက်
ပါတွေ ပြောတာပေါ့ကွာ။ အဲဒီလို တင်မြှောက်တဲ့
အချိန်မှာ စီးကရက်ကို လူသောက်သလို
မီးတရဲရဲနဲ့ ဖွာနေတော့တာဟေ့၊ တစ်ခါတစ်လေ
ကျရင် ကြက်ပေါင်ကြော်ကြီးက အသားတစ်စက်မှ
မရှိဘဲ အရိုးပဲ ကျန်တာကွ”
“ဟာ ဒါဆိုရင် မင်းလေး တကယ်ကြွလို့ပေါ့ ဘိုးရဲ့
အဲဒီ ဒေါ်လုံးတို့ကိုရော တကယ်စောင့်ရှောက်လို့လား”
ကျုပ်က ဝင်ပြောလိုက်တာဗျ။
“အေး အဲဒါ ပြောမလို့ကွ တာတေရ၊ သူတို့ကို
စောင့်ရှောက်တယ်ကွ၊ အရီးလေးတို့ဆိုတာ
ချမ်းသာလိုက်တာမှကွာ။ သူ့အိမ်က နတ်ရုပ်မှာ
ဆိုရင် ရွှေဆွဲကြိုးတွေမှ လေးငါးကုံးထပ်ပြီး
ဆွဲထားတာဟေ့၊ မင်းလေးနတ်ရုပ်ရဲ့နားမှလည်း
တကယ်စိန်အစစ် စိန်နားကပ်ကြီး ပန်လို့ကွဲ့”
“ဟာ ဟုတ်လား ဘိုး၊ နောက်တော့ ဘာဖြစ်သွားတုံး”
“နောက်တော့ သူတို့ကိုးကွယ်တဲ့ ဆရာတော်ကြီး
အိမ်ကြွလာပြီး ပြောသတဲ့ဟေ့”
“ဟင်၊ ဆရာတော်ကြီးက ဘာပြောလို့တုံး ဘိုးရဲ့”
“ဒကာမကြီး မလုံး၊ နတ်ကို ဗလိနတ်စာ ကျွေးတာ
ကောင်းပါတယ်၊ ဒါပေမဲ့ အခုလို အိမ်ပေါ်ခေါ်တင်ပြီး
ကိုးကွယ်တာတော့ မကောင်းဘူး။ ပြီးတော့
ဒီနတ်တွေက အခုလို နေရာတိုင်းကိုတော့
ကြွတာမဟုတ်ဘူး၊ ဒီအရုပ်ကြီးကို အမြဲကျွေး
မွေးနေတော့ အနီးအနားက တစ္ဆေတစ်ကောင်
ကောင်က ဝင်ပြီးစားသောက်နေတတ်တယ်၊
အခု ဒကာမကြီး ကိုးကွယ်နေတာလည်း
တကယ်တော့ နတ်မဟုတ်ဘူး၊တစ္ဆေပါ။
တစ္ဆေဆိုပေမယ့် ဒီတစ္ဆေက ကုသိုလ်ကံတွေ အများကြီးရှိတော့သူ့မှာ ဗိမာန်လည်း ရှိတယ်၊
ဒကာမကြီးကိုလည်း တိုးတက်ကြီးပွားအောင်
စောင့်ရှောက်နိုင်တယ်၊ ဒါပေမဲ့ ဒကာမကြီးကို
ဘုန်းကြီး တစ်ခုတော့ ပြောမယ်၊ သူကျွေးတာ
စားရင် သူခိုင်းတာလည်း လုပ်ရမယ်၊ ဒကာမကြီး
သေရင် အဲဒီတစ္ဆေခိုင်းတာ လုပ်ရလိမ့်မယ်…”
လို့ ဆရာတော်ကြီးက ပြောတော့ ဒေါ်လုံးတို့
လင်မယားလည်း ကြောက်သွားပြီး ဘုရားတရား
ဘက်ကို ပြောင်းသွားကြရောဟေ့၊ ငါ့အရီးလေး
လင်မယားက သေတဲ့အထိ ဝိပဿနာတရား
အားထုတ်သွားကြတယ်။
“ဟာ တစ္ဆေတွေက နတ်ယောင်ဆောင်ပြီး
စားကြ သောက်ကြတာကိုး၊ ဘိုးပြောမှာပဲ
သိရတော့တယ် ဘိုးရာ”
ကျုပ်က တအံ့တသြကြီး ပြောလိုက်တာဗျ။
ကျောက်ခဲတို့ သံမဏိတို့လည်း ဘိုးပြောတာကို
တော်တော်သဘောကျသွားတယ်ဗျ။ အခု မနက်
အိပ်ရာကနိုးတော့ ဒီအကြောင်း ကျုပ်ပြန်ပြီး
တွေးနေမိတာဗျို့။ရုပ်တုတွေကို ဝိညာဉ်က
ကပ်တွယ်ပြီး နေနိုင်တယ်ဆိုတာ ကျုပ်အဖို့
တွေးစရာတွေ ဖြစ်လာတာပေါ့ဗျာ။
“တာတေရေ ၊ တာတေ”
“ဟဲ့ ဝိုင်းဝကနေ နင့်ကို လှမ်းခေါ်နေတာ ဘယ်သူတုံး၊
နည်းနည်းပါးပါးလည်း ထကြည့်ပါဦး တာတေရယ်”
အမေက ပြောတာဗျို့။
“ကြည့်နေပါတယ် အမေရ၊ ခမောက်ကြီး
ငိုက်စိုက်ဆောင်းထားတော့ ဘယ်သူမှန်းကို
မသိတာ အေမရ”
ဟုတ်တယ်ဗျာ ။ ဝိုင်းဝမှာ ရပ်ပြီး ကျုပ်ကို
လှမ်းခေါ်နေတဲ့ လူက ခမောက်ကို ခပ်စိုက်စိုက်ကြီး
ဆောင်းထားတော့ ကျုပ်က ရုပ်ဖမ်းလို့မရဘူး
ဖြစ်နေတယ်
“ဝင်ခဲ့လေ၊ ကျုပ်ရှိပါတယ်ဗျ”
ဘယ်သူမှန်း မသိပေမယ့် ကျုပ်က အသံပေးလိုက်ရတာ
ပေါ့ဗျာ။ ဝါးဖတ်ခမောက်ကြီး ခပ်ငိုက်ငိုက်ဆောင်းထား
တဲ့လူက ဝိုင်းထဲကို ဝင်ချလာရောဗျို့။ အနား
ရောက်တော့မှ သူ့ခမောက်ကို ချွတ်လိုက်တာဗျ။
“ဟာ…ကိုကြီးပွေလီပါလား၊ လာဗျာ၊ တက်ခဲ့ တက်ခဲ့”
ဘန့်ဘွေးကုန်းက ကိုပွေလီကြီးဗျ။ ဒီလူက
ကျုပ်ဆီကို လာခဲပါတယ်။ ခင်တာတော့ လွှတ်ခင်
တာဗျ။ အသက်က ၃၀ နီးပါးရှိပြီ။ သူ့ညီက
ကိုရှုပ်ထွေးတဲ့။အစ်ကိုက ပွေလီ၊ ညီက
ရှုပ်ထွေးပေါ့ဗျာ။ ဒါက ရွာမှာခေါ်တဲ့ နာမည်ပါ။
သူတို့တွေ မြို့ကျောင်းတက်တုန်းက ကျောင်း
နာမည်တွေ ရှိပါတယ်။ ကိုပွေလီက တင်မောင်ဦးဗျ။
ကိုရှုပ်ထွေးက တင်မောင်ထွေးတဲ့ဗျ။
“တာတေတို့များ တို့ရွာဘက်တောင် မရောက်တာ
ကြာပေါ့၊ ဘာတွေများ လုပ်နေလို့တုံးကွ”
“ဟာ ဘာမှမလုပ်ပါဘူး ကိုကြီးပွေလီရာ၊
အဘနဲ့ ယာထဲလိုက်၊ အိမ်အလုပ်တွေ ဝိုင်းလုပ်နဲ့ပဲ
ဘယ်မှမရောက်ဖြစ်တာပါဗျာ”
ကိုပွေလီက အရပ်ရှည်ရှည်ကြီးဗျ။ နှုတ်ခမ်းမွေးလည်း
ထားတယ်။ သူ့ညီ ကိုရှုပ်ထွေးကတော့ နှုတ်ခမ်းမွေး
မထားဘူးဗျ။ အမေက နောက်ဖေးဘက်ကနေ
ထွက်လာပြီး မျက်လုံးကို လက်နဲ့ကာပြီး ကြည့်တယ်ဗျ။
“ဟဲ့ …ဒါ မပြားကြည်ရဲ့သား ပွေလီမို့လား”
“ဟုတ်တယ် အရီး၊ အရီး နေကောင်းတယ်မို့လား
ဘိုးဥာဏ်ရော မတွေ့ပါလား”
“နင့်ဘိုးဥာဏ် မြို့သွားလို့ဟဲ့ ပွေလီရဲ့၊
ဒါထက် နင့်အဘ ကိုရှိန်းရော နေကောင်းရဲ့လား၊
မနှစ်က မမာဘူးကြားလို့ ”
“ကောင်းသွားပြီ အရီးရဲ့၊ မနှစ်က အစာအိမ်ဖြစ်တာ။
အခုတော့ ကောင်းသွားပါပြီ”
“အေး အေး၊ နင့်ညီ ရှုပ်ထွေးရော ဘာတွေလုပ်နေတုံး”
“တောင်သူပဲပေါ့ အရီးရာ၊ တောင်သူသားသမီးဆိုတာ
တောင်သူလုပ်တာပဲ ကောင်းပါတယ်ဗျာ”
“အေးပေါ့ ပွေလီရယ်၊ အဲဒါပဲ ကောင်းပါတယ်ဟယ်၊
နင့်အဘ ကိုရှိန်းမှာ ယာတွေပိုင်လိုက်တာ နည်းမှတ်လို့၊
နင်တို့လုပ်လို့တောင် နိုင်မှာမဟုတ်ဘူး”
“ဟုတ်တယ် အရီးရေ၊ မနည်းကို လုပ်နေရတာဗျ”
“အေး အေး ၊နင့်ညီ တာတေနဲ့ စကားပြောကြဦး၊
အရီးလက်ဖက်ကလေး သုတ်လိုက်ဦးမယ် ”
အမေ နောက်ဘက်ဝင်သွားတော့မှ ကိုပွေလီက
ကျုပ်ကို လှည့်ကြည့်တယ်။ ကျုပ်ကတော့ ထုံးစံ
အတိုင်းပဲပေါ့ဗျာ။ ကျုပ်သောက်နေကျ နဂါးဆေးပေါ့
လိပ်ကလေး တစ်လိပ်ထုတ်ပြီး မီးညှိလိုက်တယ်
ပြီးတော့ ကိုကြီးပွေလီကို ကမ်းပေးလိုက်တယ်။
ကိုပွေလီကလည်း ကျုပ်ကမ်းပေးတဲ့ ဆေးလိပ်ကို
ယူပြီး နှစ်ဖွာ သုံးဖွာ ဖွာလိုက်တယ်။ မီးခိုးတွေကို
ရှိုက်သွင်းပြီး နှာခေါင်းကနေ မီးခိုးမှုတ်ထုတ်တယ်။
“ကိုကြီးပွေလီ ဘယ်ကလှည့်လာတုံး”
“မင်းဆီပဲ တန်းလာတာကွ တာတေရ၊
ညက ငါတို့ ဘန့်ဘွေးကုန်းမှာ အုံးဆန်သွားတာ
မင်း သိပြီးပြီလား”
“ဟင် ၊ မသိသေးဘူးဗျ၊ ဘယ်အချိန်လောက်တုံး”
“ည ၁ နာရီ ၂ နာရီလောက် ရှိပြီကွ”
“ဟာ မသိလိုက်ဘူး ကိုကြီးပွေလီရဲ့ ”
“အေးပေါ့ကွ၊ အိပ်ကောင်းတဲ့အချိန်ကြီးဆိုတော့
ဘယ်ကြားမှာတုံး”
“ဘာဖြစ်လို့တုံး ကိုကြီးပွေလီရဲ့”
“ကင်းသမားတွေ လန့်ပြီး သံချောင်းတွေ
ခေါက်ကြတာဟေ့”
“ဟင် ဟုတ်လား၊ ဘာကိုလန့်တာတုံးဗျ”
“လူနက်ကြီး မြင်လိုက်တယ်ဆိုပြီး လန့်တာကွ”
‘ဘာ လူနက်ကြီး ဟုတ်လား”
“အေး ဟုတ်တယ်၊ အလယ်ကင်းက ဝက်သိုးရဲ့
ညီတွေ စပြီးမြင်တာတဲ့ တာတေရ၊ အဲဒီကင်းမှာ
သုံးယောက်ကျတဲ့အထဲက စံရွှေဆိုတဲ့ အကောင်က
ကင်းတဲအောက်ဆင်းပြီး သစ်ပင်ကွယ်မှာ အပေါ့
သွားနေတုန်း သူ့ဘေးက ဖြတ်သွားတာဆိုပဲကွ၊
တစ်ကိုယ်လုံး မည်းနက်ပြီး ကတုံးကြီးနဲ့တဲ့ကွ။
အရပ်ကလည်း တော်တော်ရှည်တာဆိုပဲ၊ ထွား
ထွားကြိုင်းကြိုင်းတဲ့ကွ။ စံရွှေက အပေါ့သွား
ပြီးတာနဲ့ ကင်းတဲပေါ် ပြေးတက်ပြီး အကျိုး
အကြောင်း ပြောပြတော့ ဟိုကောင်နှစ်ကောင်
က ဘာလုပ်ရမှန်း မသိဘူးပေါ့ကွာ၊
သံချောင်းခေါက်ရင် ကောင်းမလားဆိုပြီး
တိုင်ပင်နေကြတုန်း ရှိသေးတယ်၊ အနောက်
ပိုင်းကင်းက သံချောင်းထခေါက်တော့
သူတို့ပါ ခေါက်တော့တာပေါ့ကွာ၊ ဒါနဲ့
ရွာထုံးစံအတိုင်း ယောင်္ကျားတွေ တစ်အိမ်
တစ်ယောက် ထွက်ကြပြီး ကင်းတဲတွေ
သွားကြတော့မှ ဒီသတင်းကို ကြားရတာပေါ့
ကွာ၊ ဒါနဲ့ လူစုပြီး ရွာထဲက လမ်းတွေမှတော့
ထပ်ပြီးမတွေ့ဘူးတဲ့ တာတေရ”
“နေပါဦး ကိုကြီးပွေလီရ၊ အနောက်ပိုင်းကင်းက
သံချောင်းထခေါက်တာ သူတို့ရော ဘာတွေ့လို့တုံး”
“သူတို့လည်း လူနက်ကြီးကို တွေ့လို့တဲ့ကွ”
ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး ဖွာရင်း
ကိုကြီးပွေလီပြောတဲ့ လူနက်ကြီးအကြောင်း
တွေးနေတော့တာပေါ့ဗျာ။
“ကိုကြီးပွေလီရော ညက ထွက်ကြည့်သေးလား”
ကျုပ်က ကိုကြီးပွေလီကို မေးလိုက်တော့ ကိုကြီး
ပွေလီက သောက်လိုက်စ နဂါးဆေးပေါ့လိပ်ကလေးကို
ပြာခံခွက်ထဲထည့်ပြီး အမေလာချပေးသွားတဲ့
လက်ဖက်ကိုတစ်ဇွန်းခပ်စားလိုက်တယ်။
ပြီးတော့မှ ကျုပ်ကိုတစ်ချက်ကြည့်ပြီး ပြောတာဗျ။
“အေး၊ အဲဒီကိစ္စကိုပြောချင်လို့ ငါလာတာကွ တာတေရ”
“ဟင်၊ ဟုတ်လား၊ ပြောပါဦး ကိုကြီးပွေလီရဲ့”
” ငါ ဒီအကြောင်းကို ဘယ်သူ့မှ မပြောဘဲ
မင်းကို လာပြောတာကွ တာတေရ၊ ဒီလိုဟေ့၊
ညက သံချောင်းတွေခေါက်တော့ ငါလည်း နိုးပြီး
ထတာပေါ့ကွ၊ ဒါပေမဲ့ ရှုပ်ထွေးက သုတ်သီးသုတ်ပျာနဲ့
ထွက်သွားရောဟေ့၊ ‘အစ်ကို မင်းအိမ်စောင့်နေခဲ့၊
ငါသွားလိုက်မယ်’လို့ပြောသွားတယ်။ ဒါနဲ့ ငါလည်း
ဝိုင်းဝက မန်ကျည်းပင်ကွယ်ပြီး ကိုင်းခုတ်ဓါးတစ်
ချောင်း လက်ထဲကိုင်ထားလိုက်တယ်။ အိမ်ကိုပဲ
ကင်းစောင့်နေရတာပေါ့ကွာ၊ အဘတို့ အမေတို့က
တော့ အိမ်ပေါ်မှာပဲ နေကြတာပေါ့ကွာ၊ ခဏ
နေတော့ လူနက်ကြီးက ငါတို့ဝိုင်းနား
ရောက်လာတယ်ကွ”
“ဗျာ၊ လူနက်ကြီး ရောက်လာတယ် ဟုတ်လား
ကိုကြီးပွေလီ”
“အေး ဟုတ်တယ် တာတေ၊ အရပ်ကြီးက
ခုနှစ်ပေလောက် ရှိမယ်ကွ၊ ခေါင်းတုံးကြီးနဲ့၊
တစ်ကိုယ်လုံး မဲနက်နေတာပါပဲကွာ၊ ညက
လရောင်လေး နည်းနည်းရှိလို့သာ မြင်ရတာကွ၊
အောက်ပိုင်းက နံငယ်ပိုင်းလိုဟာမျိုး ပတ်ထား
တယ်ကွ၊ အပေါ်ပိုင်းက အင်္ကျီမပါဘူး၊ ကိုယ်
တုံးလုံးကြီးကွ တာတေရ၊ မျက်လုံးကြီး နှစ်လုံးက
နီရဲပြီး ပြူးထွက်နေလိုက်တာကွာ၊ ကျွတ်ထွက်
သွားတော့မယ့်အတိုင်းပဲဟေ့”
“ကိုကြီးပွေလီ ငြိမ်နေရတာပေါ့ ဟုတ်လား”
“ဘယ်က ငြိမ်နေမှာတုံး တာတေရ၊ တစ်ရွာလုံး
ဝိုင်းရှာနေတဲ့ အကောင်ကြီး ငါတို့ဝိုင်းရှေ့တည့်တည့်
ရောက်လာမှတော့ ငြိမ်နေမလားကွာ။ လက်ထဲက
ကိုင်းခုတ်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
စလွယ်သိုင်းပြေးပိုင်းလိုက်တာပေါ့ကွာ”
“ဟာ…ခုတ်မိသွားလား ကိုကြီးပွေလီ”
“ခုတ်မိတာပေါ့ တာတေရ၊ ဒါပေမဲ့ လေကို
ခုတ်လိုက်ရသလိုပါပဲကွာ၊ ငါ ဓါးနဲ့ခုတ်တာတွေ့တော့
လူနက်ကြီးက စိတ်ဆိုးပြီး ငါ့ကို ခြေထောက်နဲ့
လှည့်ကန်လိုက်တာ လက်ထဲက ဓါးလွတ်ကျပြီး
နှစ်လန်လောက် လွင့်ထွက်သွားတာဟေ့”
“ဟင်၊ ကိုကြီးပွေလီ ဓါးနဲ့ခုတ်တုန်းက လေကို
ခုတ်ရသလိုဖြစ်ပြီး သူကန်တော့ လွင့်သွားတယ်
ဆိုတော့ ဘယ်လိုတုံးဗျ”
“ဒါတော့ ငါ မသိဘူး တာတေ၊ ငါ ကပျာကယာ
ကျုံးထပြီး ကြည့်လိုက်တော့ ဘာမှမတွေ့ဘူးကွ၊ ဒါနဲ့ ငါလည်းလက်ထဲက လွတ်ကျသွားတဲ့ ကိုင်းခုတ်ဓါးကို
ကောက်ပြီး ဝိုင်းထဲ ပြန်ဝင်နေလိုက်တယ်။
“ဒီအကြောင်း ရွာကလူတွေကို ပြောသေးလား
ကိုကြီးပွေလီ”
“ဟာ ငါပြောလို့ ဘယ်သူက ယုံမှာတုံးကွ တာတေရ၊
ငါကြွားပြောတယ်လို့ပဲ ထင်မှာပေါ့၊ ငါ့မှာတော့ ညက
အကန်ခံလိုက်ရတာ ကျောကုန်းကြီး အောင့်နေတုန်းပဲဟေ့”
“ကျောကုန်းကို ကန်သွားတာလား”
“အေးလေ ၊ ငါက ဓါးနဲ့ ပြေးပိုင်းတော့ လေကို
ခုတ်ရသလိုဖြစ်ပြီး လူက အရှိန်လွန်သွားတာပေါ့ကွာ၊
ဒီတော့ ငါ့ကျောကုန်းကို လှမ်းကန်လိုက်တာ ဖြစ်မှာပေါ့”
“ဒါဆိုရင် အင်္ကျီချွတ်ပြီး ကျောကုန်းပြစမ်းဗျာ၊
ကျုပ်ကျောကုန်းကို ကြည့်ချင်တယ်”
ကျုပ်ပြောလိုက်တော့ ကိုပွေလီက အင်္ကျီချွတ်ပြီး
ကျောကုန်း လှည့်ပြတယ်။
“ကိုကြီးပွေလီကလည်း ကျောကုန်းမှာ
ခြေဖနောင့်ရာကြီး ထင်နေတာကိုးဗျ။ နည်းတဲ့
အရာကြီး မဟုတ်ဘူး၊နီရဲနေတာ၊ အသာလေးနေ
ကျုပ် ဆေးလိမ်းပေးမယ်”
ကျုပ်က သစ်စုန်းဆေးတော်ကို ရေထဲ နည်းနည်းခြစ်
ထည့်ပြီး ကိုကြီးပွေလီရဲ့ ကျောကုန်းကိုလိမ်းပေးလိုက်
တယ်။
“ဒီအကြောင်းတွေကို ရွာမှာ ငါ့ဘယ်သူ့ကိုမှ
မပြောဘူး၊ မင်းကိုပဲ လာပြောတာကွ၊ ရွာမှာ
ပြောလိုက်ရင် တချို့က ငါ့ကို ယုံမှာမဟုတ်ဘူး၊
ငါကြွားတယ်လို့ထင်မယ်၊ တချို့က ယုံချင်ယုံမယ်၊
ယုံတဲ့လူတွေကလည်း တအားကြောက်သွားလိမ့်မယ်။
အခုတောင် ကလေးတွေ ရွာလမ်းမထွက်နဲ့ ။
လူနက်ကြီး ဖမ်းသွားလိမ့်မယ် ဘာညာနဲ့
ပြောနေကြပြီဟေ့”
“ဟုတ်တယ် ကိုကြီးပွေလီ၊ မပြောတာ
ကောင်းတယ်ဗျ”
“အေး၊ မင်းကတော့ ဒီကိစ္စတွေကို နားလည်တယ်
ဆိုပြီး မင်းကို တိုးတိုးတိတ်တိတ် လာပြောတာကွ”
” ကျုပ် စဉ်းစာကြည့်ပါဦးမယ်ဗျာ”
ကိုကြီးပွေလီက ချက်ချင်းမပြန်သေးဘဲ ကျုပ်နဲ့
စကားထိုင်ပြောနေသေးတယ်ဗျ။
“တာတေရေ၊ မင်းဆေးလိမ်းပေးလိုက်လို့ ထင်တယ်ကွ
ကျောကုန်းအောင့်တာ ပျောက်သွားပြီ”
“ဟုတ်လား၊ ဒါဆိုရင် ကျောကုန်းပြဦးဗျာ၊
ကျုပ် တစ်ခါထပ်ကြည့်ဦးမယ်”
ကျုပ်ပြောတော့ ကိုကြီးပွေလီက အင်္ကျီချွတ်ပြီး
သူ့ကျောကုန်းကို ပြရှာတယ်ဗျ
“ဟာ ဖနောင့်ရာကြီး မရှိတော့ဘူး ကိုကြီးပွေလီရေ”
“ဟေ…ဟုတ်လား၊ မင်းဆေးက တော်တော်စွမ်းပါလား
တာတေရ”
“ဆေးစွမ်းတာထက် ကိုကြီးပွေလီကို ကန်သွားတာ
မကောင်းဆိုးဝါးဆိုတာ သေချာနေပြီဗျ။ ဒါ သစ်စုန်း
ဆေးတော်ဗျ၊ ကန်သွားတာက လူဆိုရင် ဘာမှ
ထူးခြားမှာ မဟုတ်ဘူး၊ အခုဟာက မကောင်းဆိုးဝါး
ကန်တာမို့လို့ ချက်ချင်းပျောက်သွားတာ၊ သစ်စုန်း
ဆေးတော်က စုန်း၊ တစ္ဆေ၊ သရဲ၊ ဘုတ်၊ ပြိတ္တာတွေ
ဆိုရင် လွှတ်နိုင်တဲ့ဆေးဗျ ကိုကြီးပွေလီရဲ့”
“ဟေ…ဒါဆိုရင် ညက ငါ ဓါးနဲ့ပြေးခုတ်တဲ့
လူနက်ကြီးက လူမဟုတ်ဘူးပေါ့ ဟုတ်လား တာတေ”
“ဘယ်က လူဟုတ်မှာတုံး ကိုကြီးပွေလီရာ၊
အဲဒါ တစ္ဆေလား၊ မြေဘုတ်လား တစ်ခုခုပဲဗျ”
“ဟာ ဒါဆိုရင် တို့ရွာထဲကို မကောင်းဆိုးဝါး
ဝင်နေပြီပေါ့ တာတေ”
“ဟုတ်တယ်ဗျ ကိုကြီးပွေလီရ၊ သတိတော့
ထားကြရလိမ့်မယ်၊ ရွာထဲကို မကောင်းဆိုးဝါး
ရောက်နေတယ်ဆိုတာ ကောင်းတာမဟုတ်ဘူးဗျ၊
ဒီအကောင် ရွာထဲကို ဘယ်လိုလုပ်ပြီး
ဝင်လာတာပါလိမ့်။ ဒီလိုကောင်တွေ မပြောနဲ့၊
မဖဲဝါတောင် ရွာတွေထဲကို ဝင်လို့မရဘူး၊
ရွာတွေမှာ သူ့ပိုင်ရာဆိုင်ရာဆိုတာ ရှိတယ်ဗျ
ကိုကြီးပွေလီရဲ့၊ တစ္ဆေ၊ သရဲတွေ ဝင်ချင်တိုင်း
ဝင်လို့ရတာ မဟုတ်ဘူး။ အထက်ပုဂ္ဂိုလ်ကြီး
တွေရဲ့ အမိန့်ဆိုတာကို ဒီလိုကောင်တွေ
နည်းနည်းမှ လွန်ဆန်ရဲတာ မဟုတ်ဘူးဗျ။
တစ်ခါတစ်ရံတော့လည်း ပိုင်ရာဆိုင်ရာတွေရဲ့
အလစ်မှာ ဝင်သွားတာတွေတော့ ရှိတာပေါ့ဗျာ။
ဒါလည်း ခဏပါပဲ၊ နောက်တော့ သိသွားတာပါပဲ၊
ဒါပေမဲ့ မွေးထားတဲ့ သရဲတွေကျတော့ တစ်မျိုး
ပေါ့ဗျာ၊ သူတို့ကတော့ ရွာသားလို ဖြစ်နေတော့
ရွာထဲမှာ သွားလာနိုင်ကြတယ်ဗျ။ ဒါလည်း
စည်းကမ်းနဲ့ နေကြရတာ၊ အခုဟာက
ဘာလဲဆိုတာကိုတော့ ကျုပ်တို့ စောင့်ကြည့်
ရဦးမယ်ဗျ ကိုကြီးပွေလီရ”
“အေး အေး၊ ဒါဆိုရင် ငါပြန်ဦးမယ်ကွာ၊
မင်းဆီကို ငါလာပြီး ဒီအကြောင်းတွေပြောတာ
ဘယ်သူမှ မသိစေနဲ့ကွာ”
“ဟာ ဒါတော့ စိတ်ချ ကိုကြီးပွေလီရေ၊ အဲဒီမှာ
အကြောင်းထူးရင်သာ ကျုပ်ကို ချက်ချင်းလာပြောဗျာ”
“အေး ပြောမယ်၊ ပြောမယ်”
ဝါးဖတ်ခမောက်ခလေး ခေါင်းမှာ ပြန်ဆောင်း
လိုက်ပြီး နှုတ်ခမ်းမွေးပြားပြားနဲ့ ကိုပွေလီကြီး
ပြန်သွားရောဗျို့၊ ကျုပ်ကတော့ လူနက်ကြီး
အကြောင်းကို ကျုပ်ဆက်ပြီး တွေးနေမိတော့
တာပေါ့ဗျာ။ ကျုပ်စိတ်ထင်တော့ တစ်နေရာကို
သွားရင်းနဲ့ ရွာထဲကိုဝင်ပြီး ဖြတ်သွားတာ
ဖြစ်မှာပေါ့ဗျာ၊ ဒါပေမဲ့ ကိုကြီးပွေလီ ပြေးပြီး
ဓါးနဲ့ပိုင်းလိုက်တဲ့ လူနက်ကြီးကိုတော့
ကျုပ် တော်တော်လေး စိတ်ဝင်စားသွားတာ
အမှန်ပဲဗျ။
နေအတော်လေး မြင့်လာတော့ ညက
ဘန့်ဘွေးကုန်းမှာ တွေ့လိုက်တဲ့ လူနက်ကြီး
သတင်းက ကျုပ်တို့ ထနောင်းကုန်းမှာ
တော်တော်လေူ ပျံ့နေပြီဗျ။ စျေးဆိုင်မှာ
စျေးသွားဝယ်ပြီး ပြန်လာတဲ့ ကျုပ်အမေကတောင်
ကျုပ်ကို ဒီအကြောင်း ပြန်ပြောလို့ဗျ။
“တာတေ၊ မနက်စောစောက ပွေလီ
နင့်ဆီလာသွားတာ ဒီကိစ္စ လာပြောတာမို့လား၊
ညက ဘန့်ဘွေးကုန်းမှာ လူနက်ကြီးဝင်တဲ့
ကိစ္စလေ”
“ဟုတ်တယ် အမေရ၊ သက်သက်လန့်တာနေမှာပါဗျာ”
ကျုပ်က အမေ ဘာတွေကြားလာလဲဆိုတာ
သိချင်တာနဲ့ တမင်ပြောလိုက်တာဗျ။ အမေက
ကျုပ်ဘက်ကို လှည့်လိုက်ပြီး ပြောရောဗျ။
“တာတေ၊ သက်သက်လန့်တာ မဟုတ်ဘူးဟဲ့၊
မြင်တဲ့သူတွေက တကယ်မြင်လိုက်တာတဲ့။
အရပ်ကြီးက ဆယ်ပေလောက် ရှိတယ်ဆိုပဲ၊
ကိုယ်လုံးကြီးကလည်း အကြီးကြီးပဲတဲ့ဟဲ့”
ကျုပ်တို့ရွာသားတွေဆီကို ရောက်လာပြီဆိုရင်
တစ်စိတ်က တစ်အိတ်ဖြစ်ပြီပေါ့ဗျာ။
“သရဲတွေ့လိုက်တာ ဖြစ်မှာပေါ့ အမေရာ”
“ဒါနဲ့ ပွေလီကရော ဘာတွေပြောသွားတုံး နင့်ကို”
“အဲဒီအကြောင်းပဲ လာပြောတာပါ အမေရာ၊
ညက သူတို့တစ်ရွာလုံး လန့်ကြတဲ့အကြောင်းပေါ့”
“အေးဟဲ့၊ ညက ငါလည်း အိပ်ပျော်သွားလိုက်တာ
မိုးလင်းမှ တစ်ရေးပဲနိုးတာ၊ ခါတိုင်းဆိုရင် တစ်ညကို
နှစ်ခါ သုံးခါ နိုးတာ၊ ဒါကြောင့် ဘာသံမှ မကြားလိုက်တာ။
ရွာထဲက လူတွေက ညတည်းက အသံတွေကြားလို့
ထွက်ကြည့်ကြတယ်ဆိုပဲ၊ သူတို့က ဘန့်ဘွေးကုန်း
မီးလောင်ကုန်း မီးလောင်တယ်ထင်လို့ ထွက်ကြည့်
ကြတာတဲ့”
“ကျုပ်လည်း အိပ်ပျော်နေတာ၊ ဘာသံမှ
မကြားလိုက်ဘူး၊ အမေရ၊ ကိုပွေလီကြီး
လာပြောမှ ဒီအကြောင်း သိတာဗျ”
“နေဦးဟဲ့ တာတေရဲ့၊ ဒီည ငါတို့ကင်းလှည့်ထင်တယ်”
အမေပြောမှ ကျုပ်ရက်တွက်ကြည့်မိတယ်ဗျ။
“ဟာ ဟုတ်သားပဲ အမေရ၊ ဒီည ကျုပ်ကင်းလှည့်ဗျ၊
ကျုပ်ရယ်၊ချက်ဖောင်းရယ်၊ ပုရစ်ရယ် ကင်းတွဲဗျ”
“အေး ဒါဆိုလည်း သတိဝီရိယနဲ့ စောင့်ကြနော်၊
အကုန်လုံးလည်း တစ်ပြိုင်တည်း အိပ်မနေကြနဲ့ဦး”
“မအိပ်ပါဘူး အမေရာ၊ အလှည့်ကျ အိပ်တာပါ၊
နှစ်ယောက်စောင့် တစ်ယောက်အိပ်ပေါ့ဗျာ”
ညနေ လေးနာရီလောက်ကျတော့ အဘ မြို့က
ပြန်ရောက်လာတယ်ဗျ။ ကျုပ်တို့ရွာမှာက ကား
ထောင်တဲ့လူ မရှိဘူးလေဗျာ၊ ဘန့်ဘွေးကုန်းမှာသာ
ကားထောင်တဲ့သူရှိတာ၊ ကျုပ်တို့မြို့သွားချင်ရင်
ဘန့်ဘွေးကုန်းကိုသွားပြီး စီးကြရတာ။ ပြန်ရင်လည်း
ဘန့်ဘွေးကုန်းကနေ ရွာကို လျှောက်ပြန်ရတာဗျ။
အဘလည်း ဘန့်ဘွေးကုန်းမှာ ဒီသတင်း
ကြားခဲ့ပြီးပြီပေါ့ဗျာ။
“ကိုဥာဏ် တော် ဘာတွေကြားခဲ့တုံး”
အမေက အဘကို ဆီးမေးတော့တာဗျို့။ အဘက
ခေါင်းမှာပေါင်းထားတဲ့ အညာတဘက်အကြားလေးကို
ဖြုတ်လိုက်ပြီး ပြောသဗျ။
“အေး ကြားတယ်ဟဲ့ ငွေစိန်ရဲ့၊ လူနက်ကြီး
တွေ့လို့တဲ့၊ ကင်းတဲက သံချောင်းခေါက်လို့
ရွာသားတွေ ဝိုင်းလိုက်တော့ ပျောက်သွားတယ်တဲ့။
သရဲနေမှာပေါ့ဟယ်၊ ဘယ်ကသရဲက ရွာထဲ
ဝင်လာတာလဲမှ မသိတာ၊ ရွာသားတွေနဲ့ တွေ့တော့
သရဲလည်း ပြေးရတော့တာပေါ့ဟာ”
အဘကတော့ ကျုပ်တွေးသလိုပဲ တွေးတာဗျ။
သိပ်လည်း အရေးထားပုံ မရဘူးဗျ။ ညရောက်တော့
ကျောက်ခဲနဲ့ သံမဏိ ကျုပ်ကို လာခေါ်တယ်။
ဒီကောင်နှစ်ကောင်က ကျုပ်ကင်းလှည့်ဆိုရင်
ကျုပ်ဆီကို လာနေကျဗျ။ ကင်းတဲမှာ
ရေနွေးသောက်၊စကားပြောနဲ့ တော်တော်လေး
ညဉ့်နက်မှ ပြန်အိပ်ကြတာ။ ကျုပ်က
ရွာလယ်ကင်းမှာ စောင့်ရတာလေဗျာ။
ဘန့်ဘွေးကုန်းက သုံးကင်းပဲထားတာ။
ကျုပ်တို့ ထနောင်းကုန်းက ရွာပိုကြီးတော့
ငါးကင်းထားရတယ်။ ရွာလယ်ကင်း၊
အရှေ့ပိုင်းကင်း၊ အနောက်ပိုင်းကင်း၊
တောင်ပိုင်းကင်း၊ မြောက်ပိုင်းကင်း
အားလုံး ငါးကင်းဗျ။ ကိုယ့်အိမ် ကင်းလှည့်
ကျလို့ မစောင့်နိုင်ရင် လူငှားရတာပေါ့ဗျာ
ကျုပ်တို့ရောက်တော့ ပုရစ်က ရောက်နှင့်နေပြီဗျ။
ချက်ဖောင်းတော့ မရောက်သေးဘူးဗျ။ ပုရစ်အိမ်က
လက်ဖက်ခြောက်ခတ်ပြီး ယူလာတဲ့ ရေနွေးကြမ်း
ကရာကြီးက အသင့်ချလို့ဗျ။ အကြမ်းပန်းကန်
ငါးလုံးလည်း ဆေးပြီးသားချလို့။
ကျုပ်တို့လေးယောက် ရေနွေးအိုးကြီးကို
ဝိုင်းထိုင်ပြီး အကြမ်းဝိုင်းဖွဲ့ရုံပဲ ရှိသေးတယ်
ချက်ဖောင်း ရောက်လာတယ်ဗျ။ ဒီကောင့်မှာ
အညာစောင်အထူကြီးတစ်ထည် ပါလာတယ်။
လေးခွတစ်ချောင်းနဲ့ လောက်စာလုံးတွေလည်း
ပါလာတယ်။ ပုရစ်က ချက်ဖောင်းရဲ့ လေးခွကို
သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။
“ဟာ မင်းလေးခွက ကောင်းလှချည်လားကွ၊
ကျွဲချိုခွပဲ ချက်ဖောင်းရ”
ဟုတ်တယ်ဗျ။ ချက်ဖောင်းလေးခွက ကျွဲချိုခွဗျ။
ကွေးကွေးလေး လုပ်ထားတာ။ တော်တော်လှတယ်။
“ငါ့ခွက ကျွဲချိုတော့ မဟုတ်ဘူးကွ၊ ဒါပေမဲ့
ပိတောက်သားခွကွ။ ခွလုပ်ထားတာ အချိုး
ကိုက်လို့လား မသိဘူး။ပစ်လိုက်ရင် တန်းမှန်
တာဟေ့”
ပြောပြောဆိုဆိုနဲ့ ပုရစ်ကလည်း သူ့လေးခွကို
ထုတ်ပြတယ်။ ပိတောက်သားခွ ညိုညိုလေးဗျ။
ကျုပ်ကတော့ ဘာခွမှ မပါဘူး။
ငါးတောင့်ထိုးဓါတ်မီးကြီးပဲ ပါတယ်။ ကင်းတဲပေါ်မှာ
စကားလေးပြောလိုက် ပဲကြီးလှော်နဲ့ ထန်းလျက်ခဲလေး
စားလိုက်၊ ရေနွေးကြမ်းလေး သောက်လိုက်နဲ့ပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်တို့အားလုံး နားတွေ မျက်စိတွေကတော့
ဖွင့်ထားကြရတာဗျ။ တစ်နေရာရာက ချွတ်ကနဲ
ကြားတာနဲ့ ကျုပ်လက်ထဲက ငါးတောင့်ထိုးဓါတ်မီး
ကြီးနဲ့ ထိုးကြည့်ပြီးသားပဲဗျို့။
ညဆယ့်နာရီကျော်တာနဲ့ တော်တော်အေးလာပြီဗျ။
ကျောက်ခဲနဲ့ သံမဏိတို့နှစ်ယောက်က ခေါင်းစွပ်တွေ
ထုတ်ပြီး စွပ်ကြပြီဗျို့။ အနွေးထည်ကြီးတွေ
ဝတ်ထားတဲ့ကြားကကို ချမ်းနေတာဗျ။ ဒီကောင်
နှစ်ကောင် ပုဆိုးတွေ ခြုံထားကြတယ်။ တကယ်
ချမ်းလာပြီဆိုရင် ပုဆိုးခြုံတာက လွှတ်နွေးတာကိုးဗျ။
“ဝုတ်၊ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”
“ဟော ခွေးဟောင်တယ်၊ ခွေးဟောင်တယ်”
ချက်ဖောင်းက ပြောတာဗျ။ ကျုပ်တို့အားလုံး
ခွေးဟောင်သံကို နားစွင့်ကြတယ်။ မြောက်ပိုင်းက
လာတဲ့ အသံဗျ။ ခွေးဟောင်တဲ့အသံကို
ကျုပ်သေသေချာချာ နားထောင်တော့ တစ်ခုခုတော့
ထူးပြီဆိုတာ ကျုပ်သိလိုက်တယ်ဗျ။
ဒါပေမဲ့ ခွေးဟောင်သံက ရပ်သွားတယ်။ ကျုပ်တို့
အားလုံး နားစွင့်ပေမယ့် ဘာသံမှ မကြားတော့ဘူးဗျ။
ဒါပေမဲ့ ဆယ့်တစ်နာရီလောက်ရောက်တော့ ကျောက်ခဲ
နဲ့ သံမဏိ ပြန်သွားကြတယ်။ သန်းခေါင်ကျော်လောက်
ရောက်တော့ အနောက်ပိုင်းက လူတစ်ယောက်
အော်တဲ့အသံနဲ့ ခွေးတွေ စူးစူးဝါးဝါး ထိုးဟောင်လိုက်တဲ့
အသံ ပေါ်လာရောဗျို့။
“ဝူး ၊ ဝူး၊ ဝူး၊ ဝုတ်၊ ဝုတ်၊ ဝုတ်”
“လူနက်ကြီးဟေ့၊ လူနက်ကြီး၊ နွားပေါက်ကလေး
ပါသွားပြီဟေ့၊ လိုက်ကြပါဟ၊ လိုက်ကြပါ”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော မြောက်ပိုင်းကင်းကလည်း ခေါက်ပြီ။
ဟော အရှေ့ပိုင်း၊ တောင်ပိုင်း ကျုပ်တို့လည်း
ခေါက်ရပြီပေါ့ဗျာ။
“ဒေါင်၊ ဒေါင် ၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ပုရစ်က အချက်ပေးတဲ့ ကင်းသံချောင်းကို ခေါက်တယ်။
ကျုပ်က ကင်းတဲလာကတည်းက မလိုမယ်ကာ
မျက်ကွင်းဆေးကွင်းလာတာဗျ။ ကျုပ် ဓါတ်မီးနဲ့
ထိုးပြီး အရှေ့ အနောက် တောင် မြောက် အားလုံး
လိုက်ကြည့်တယ်။
“ဟာ လူနက်ကြီး၊ လူနက်ကြီး”
ကျုပ်ပါးစပ်က လွှတ်ကနဲ အော်လိုက်မိတာဗျ။
ကျုပ်ရဲ့ ဓါတ်မီးရောင်အောက်ကနေ ဖြတ်ပြေး
သွားတာဗျို့။
“ဟင်…တာတေ၊ လူနက်ကြီး ဟုတ်လား”
ချက်ဖောင်းက ကြောက်လန့်တကြား မေးတာဗျို့။
“အေး ဟုတ်တယ်၊ မြောက်ဘက်ကိုပြေးပြီ၊
ပခုံးပေါ်မှာ နွားပေါက်လေး ထမ်းသွားတယ်ကွ၊
နည်းတဲ့အရပ်ကြီး မဟုတ်ဘူး ခေါင်းတုံးကြီးနဲ့ကွ”
“ဟာ ဟုတ်လား၊ မင်း သေသေချာချာ မြင်လိုက်တယ်၊
ဟုတ်လား တာတေ”
“အေး ငါမြင်လိုက်တယ်၊ ဒီကောင်ကြီးတော့
ငါတို့ရွာကို မွှေပြီဟေ့”
ခဏနေတော့ အိမ်ထဲကလူတွေ ထွက်လာကြရောဗျို့။
ဓါတ်မီးတွေ တဝင်းဝင်းနဲ့ ဟိုထိုး သည်ထိုး လုပ်ကြ
တာပေါ့ဗျာ။
“မြောက်ပိုင်းက စံကွန့်တို့ဝိုင်းထဲက နွားပေါက်
ကလေးကို ဝင်ဆွဲတာတဲ့ကွ”
“ဟာ ဟုတ်လား၊ ပါသွားရောလား”
“အေး ပါသွားတယ်၊ နွားဖြူလေးတဲ့ကွ”
“ဟာ လူနက်ကြီး ဟုတ်လား”
“အေး စံကွန့် မြင်လိုက်တာ လူနက်ကြီးတဲ့ကွ”
တစ်ယောက်တစ်ပေါက် ပြောသံတွေ ဆူညံ
နေတော့တာပေါ့ဗျာ။
“ကိုကြီးတာတေ၊ မြင်လိုက်သေးလား”
ကျောက်ခဲနဲ့ သံမဏိပါ ပြန်ရောက်လာကြတာဗျ။
ကျောက်ခဲက ကျုပ်ကို မေးတာ။ ကျုပ်က အသံ
ခပ်တိုးတိုးနဲ့ ကျောက်ခဲတို့ကို ပြောပြတယ်။
“ငါ အိမ်မှာကတည်းက မျက်ကွင်းဆေး ကွင်းလာတာကွ၊
ဟိုဘက်လမ်းကို ဖြတ်ပြေးသွားတာ၊ ငါ့ဓါတ်မီးရောင်
အောက်မှာ သေသေချာချာကို မြင်ရတာ၊ လူနက်ကြီးကွ
ကျောက်ခဲရ၊ အရပ်ကြီး အရှည်ကြီးပဲ ခုနှစ်ပေလောက်
ရှိမယ်၊ ခေါင်းတုံးကြီးနဲ့ ၊ ကိုယ်လုံးကြီးကလည်း
အကြီးကြီးပဲ၊ နံကယ်ပိုင်း အပြာကွက်ကြီး
စည်းထားတာ။ အပေါ်ပိုင်းက ဘာမှမပါဘူးကွ၊
နွားပေါက်အဖြူလေး ထမ်းပြီး ပြေးသွားတာကွ”
“ဟာ…ကြောက်စရာကြီးပါလား ကိုကြီးတာတေရာ”
ခဏနေတော့ ကလေးတွေကို နေခဲ့ခိုင်းပြီး
လူကြီးတွေနဲ့ ကာလသားတွေ စုပြီး မြောက်ပိုင်းမှာ
ဓါတ်မီးတွေနဲ့ လိုက်ထိုးပြီး ရှာကြတာပေါ့ဗျာ။
သစ်ပင်ကြိုကြား၊ အိမ်တွေပတ်ပတ်လည်၊
လမ်းကြိုလမ်းကြား၊ အို…နေရာလပ်မကျန်အောင်
ရှာကြတာဗျို့၊ ဒါပေမဲ့ ဘာမှ မတွေ့ပါဘူးဗျာ။
ဒါနဲ့ မြောက်တံခါးဖွင့်ပြီး ရွာပြင်ထွက်ရှာကြတယ်။
“ဟာ …ဟိုမှာ ဟိုမှာ နွားဖြူလေး၊ နွားဖြူလေး”
ဘထွေးထွန်းလှက အရင်ဆုံး လှမ်းမြင်လိုက်တာဗျ။
ဘန့်ဘွေးကုန်းကို သွားတဲ့လမ်းက ဘိစပ်ချုံကြီး
ဘေးမှာ လဲနေတဲ့နွားဖြူလေးကို မီးရောင်အောက်မှာ
လှမ်းမြင်ရတာဗျ။
“ဟေ့ကောင်တွေ ရမ်းမသွားနဲ့၊ သတိထား၊
ဘိစပ်ချုံထဲကို လေးခွနဲ့ အရင်ပစ်ကြစမ်း”
လေးလေးချက်ကြီးက အော်ပြီး သတိပေးတော့မှ ရှေ့က
သွားနေတဲ့လူတွေတုံ့ကနဲ ရပ်သွားပြီး ဘိစပ်ချုံထဲကို
လေးခွတွေနဲ့ ဝိုင်းပစ်ကြတော့တာဗျို့။ ဒါပေမဲ့ ဘာမှ
မရှိဘူးဗျ။ ဒီတော့မှ ရှေ့တိုးသွားကြတာပေါ့ဗျာ။
နွားဖြူလေးက သေနေပြီ။ ကျုပ်တို့ ဓါတ်မီးတွေနဲ့
ထိုးပြီး ကြည့်တော့ လည်းပင်းကို
လိမ်ပြီးချိုးထားတာဗျ။
ပြီးတော့ ဂုတ်မှာ ဒဏ်ရာကြီးဗျ။ နည်းတဲ့ဒဏ်ရာ
မဟုတ်ဘူး၊ ဒါနဲ့ ဒါ ဘာဒဏ်ရာလဲဆိုပြီး လူကြီး
တွေက ကြည့်ကြတော့ ဓါးဒဏ်ရာလည်း
မဟုတ်ဘူးဗျ။
“ဟာ…ဒါ ပါးစပ်နဲ့ကိုက်ထားတဲ့ ဒဏ်ရာကွ၊
ပါးစပ်နဲ့ ကိုက်ပြီး သွေးစုပ်သွားတာကွ၊ နွားကိုယ်ထဲမှာ
သွေးမရှိတော့ဘူး၊ မယုံရင် မင်းတို့ ဖိပြီးညှစ်ကြည့်”
ဘထွေးထွန်းလှက ပြောတော့ ကိုရွှေမောင်း
ဆိုတဲ့ တောင်ပိုင်းကလူတွေ နွားကို ဖိပြီးညှစ်
ကြည့်တယ်၊ ဟုတ်တယ်ဗျ၊ ဘာသွေးမှ
ထွက်မလာဘူး
” ကဲ တွေ့လား၊ ဒါ သွေးစုပ်သွားတာကွ”
ဘထွေးထွန်းလှက ထပ်ပြောတော့ ကျုပ်တို့
ရွာသားတွေ တစ်ယောက်မျက်နှာ တစ်ယောက်
လှည့်ကြည့်ကြတယ်၊ ဓါတ်မီးရောင်အောက်မှာ
မျက်နှာလေးတွေ ငယ်လို့ဗျ။ တော်တော်ကို
ကြောက်သွားကြတဲ့ပုံပဲဗျို့။
“ဘထွေး၊ ဒါဆိုရင် လူနက်ကြီးက
သွေးစုပ်ဖုတ်ကောင်ကြီးလားဗျ”
ပုရစ်က လှမ်းမေးလိုက်တာဗျ။
“ပုရစ်ရေ၊ ဖုတ်ကောင်လား ဘာလားတော့
ဘထွေး မသိဘူးကွ၊ သွေးစုပ်တာတော့ သေချာတယ်”
ဘထွေး ပြန်ပြောလိုက်တော့ ကျန်တဲ့လူတွေလည်း
ကြောင်တောင်တောင် ဖြစ်ကုန်ပြီး ဘာပြောရမှန်း
မသိအောင်ကို ဖြစ်သွားရောဗျို့။
“ကဲ မျိုးဆွေတို့၊ ခင်ထွန်းတို့ ၊ ပေါက်စတို့ လာကြဟေ့၊
နွားဖြူလေးကို ရွာထဲ ပြန်သယ်ကြရအောင် ”
လေးလေးချက်ကြီးက ဆော်သြလိုက်တော့
ပေါက်စတို့က နွားဖြူလေးကို သယ်ဖို့ လုပ်ကြ
တာပေါ့ဗျာ။
“နေဦးကွ ချက်ကြီးရ၊ ငါ တစ်ခု တွေးမိတယ်ကွ၊
ဒီနွားသေကို ရွာထဲပြန်ယူလို့ ဖြစ်ပါ့မလားကွ၊
တော်တော်ကြာ လူနက်ကြီးက နွားသေနောက်ကို
ပြန်လိုက်လာရင် ခက်မယ် ”
ဘထွေးထွန်းလှက ပြောလိုက်တာဗျ။
“ဟင်…ဒါဆိုရင် ဘယ်လိုလုပ်မတုံး ဘထွေးရဲ့”
“ငါတော့ ဒီနားမှာပဲ ကျင်းတူးပြီး မြှုပ်ပစ်လိုက်ချင်
တယ်ကွာ၊ နေဦး၊ ဒီထဲမှာ နွားရှင် စံကွန့်ပါလားဟေ့”
“ဘထွေးထွန်းလှ ကျုပ် ဒီမှာဗျ ။ ခွေးဟောင်သံတွေ
ကြားလို့ ကျုပ် ကပျာကယာ ထကြည့်တော့
လူနက်ကြီးက ကျုပ်နွားလေးကို လည်လိမ်ချိုးပြီး
ပခုံးမှာ ထမ်းပြေးတာဗျ။ ဝိုင်းတံခါးပိတ်ထားတာကို
ဘယ်လိုထွက်သွားလဲ မသိဘူးဗျာ၊ အပြင်ရောက်
သွားတာပဲဗျ ဘထွေးရဲ့ ”
အားလုံးကတော့ နွားသေလေးကို ရွာပြင်မှာပဲ
မြှုပ်ပစ်လိုက်စေချင်ကြတယ်ဗျ။
“ကဲ စံကွန့်၊ မင်းရော ဘယ်လိုလုပ်ချင်တုံး၊
ရွာထဲပြန်သယ်ချင်လား၊ ဒီမှာမြှုပ်ခဲ့မလား”
“ဟာ ဘထွေးတို့ ကြိုက်သလိုလုပ်ဗျာ၊
နွားက သေနေပြီပဲ၊ မကောင်းဆိုးဝါး သွေးစုပ်
ထားတဲ့ နွားကို ကျုပ်လည်း ရွာထဲက
ပြန်မသယ်ချင်ပါဘူးဗျာ”
“ကဲ ဒါဆိုရင် မျိုးဆွေတို့ ရွာထဲပြန်ကွာ၊
တူရွင်းတွေ ပေါက်တူးတွေ သုံးလေးလက်
ယူခဲ့၊ မြန်မြန်ပြန်ခဲ့ကြဟေ့ ကြားလား”
“ဟုတ်ကဲ့ ဘထွေး”
မျိုးဆွေတို့ ပေါက်စတို့ လေးယောက် ရွာထဲ
ပြန်သွားပြီး ပေါက်တူးတွေ တူးရွင်းတွေ
ယူလာကြတယ်။
လေးလေးချက်ကြီးက ဘန့်ဘွေးပင်ကြီး နှစ်ပင်
ကြားက နေရာမှာ တူးခိုင်းလိုက်တယ်ဗျ။
ကျုပ်တို့တွေ တစ်ယောက်တစ်လှည့် ဝိုင်းတူး
လိုက်ကြတာ သိပ်မကြာဘူးဗျ။
ကျင်းတူလို့ ပြီးသွားရောဗျို့။ နွားသေလေးကို
မြေကျင်းအနက်ကြီးထဲမှာ ထည့်ပြီး မြှုပ်လိုက်
ကြတယ်။ သေသေချာချာ မြေဖို့ပြီးမှ ကျုပ်တို့
အားလုံး ရွာထဲကို ပြန်လာခဲ့ကြတယ်။ကျုပ်ဒို့
ကင်းမှာ နဂိုအတိုင်း သုံးယောက် ပြန်ဖြစ်သွား
တော့တာပေါ့ဗျာ။ ကျုပ်တို့ သုံးယောက်စလုံး
မိုးလင်းတဲ့အထိ မအိပ်ဘဲ စောင့်ကြပေမယ့်
ဘာမှထူးထူးခြားခြား မရှိတော့ဘူးဗျ။
မနက်ကျတော့ ထနောင်းကုန်းကို လူနက်ကြီး
ဝင်သွားတဲ့အကြောင်း၊ နွားပေါက်ကလေးကို
ထမ်းပြီး ရွာပြင်ထွက်သွားတဲ့အကြောင်း၊
နွားလေးတစ်ကိုယ်လုံးက သွေးတွေစုပ်သွားတဲ့
အကြောင်းတွေ အနီးအနားရွာတွေအထိ
ပျံ့နှံ့သွားတော့တာပေါ့ဗျာ
ဘန့်ဘွေးကုန်းတို့၊ မီးလောင်ကုန်းတို့လို
ကပ်နေတဲ့ရွာတွေကတော့ ချက်ချင်း
ရောက်လာပြီး သတင်းမေးကြတာပေါ့ဗျာ
ပြဿနာက ဒါနဲ့တင် ပြီးမသွားဘူးဗျို့။
နောက်ညတွေက စပြီး ထနောင်းကုန်း၊
မီးလောင်ကုန်း၊ ဘန့်ဘွေးကုန်းရွာတွေမှာ
လူနက်ကြီးကို မမြင်ရတော့ပေမယ့်
မနက်မိုးလင်းရင် ဟိုဝိုင်း ဒီဝိုင်းတွေမှာ
အိပ်တန်းတက်နေတဲ့ ကြက်တွေ တန်းအောက်
ပြုတ်ကျပြီး သေနေတာတွေ နေ့တိုင်း
တွေ့ရရောဗျို့။ ကြက်တွေအားလုံးကို
လည်ပင်းက ကိုက်ဖောက်ပြီး သွေးတွေ
စုပ်ထားတာဗျ။
ဒီတော့ ထနောင်းကုန်း၊ ဘန့်ဘွေးကုန်း၊
မီးလောင်ကုန်းက ရွာသားတွေ ထိတ်လန့်ကုန်
တော့တာပေါ့ဗျာ။ ညဆိုရင် အိမ်တံခါးတွေ
ပိတ်ပြီး အိမ်ထဲမှာပဲ နေကြတာဗျ။ ကင်းစောင့်
ရတဲ့လူတွေလည်း လန့်ကြတာပေါ့ဗျာ။
ကင်းတွဲတွေတောင် ပြန်ပြီးတွဲကြရတာဗျ။
ကင်းသုံးယောက်မှာ လူကြီးပိုင်းတစ်ယောက်
ထည့်ပေးရတာပေါ့ဗျာ။
အရေးရယ် အကြောင်းရမယ်ဆိုရင် လူကြီး
တစ်ယောက် ပါမှ ဖြစ်မှာလေ။ ကျုပ်က သတိထားပြီး
နားထောင်နေတာဗျ။ ထနောင်းကုန်းရယ်၊ ဘန့်ဘွေး
ကုန်းရယ်၊ မီးလောင်ကုန်းရယ်ကို လူနက်ကြီးက
အလှည့်ကျ ဝင်မွှေနေတာဗျ။ ဒီညဆိုရင် ကျုပ်တို့
ထနောင်းကုန်း အလှည့်ကျပေါ့ဗျာ။
ကျုပ်ရယ် ၊ ကျောက်ခဲရယ်၊ သံမဏိရယ် ည
ကိုးနာရီထိုးတာနဲ့ ရွာထဲ ထွက်ခဲ့တယ်ဗျ။ ကျုပ်
ကတော့ မျက်ကွင်းဆေးကွင်းထားတာပေါ့ဗျာ။
ကျောက်ခဲနဲ့သံမဏိကတော့ လောက်စလုံး
လွယ်အိတ် တစ်ယောက်တစ်အိတ် လွယ်လို့ဗျ။
လက်ထဲမှာလည်း လေးခွ တစ်ယောက်တစ်ချောင်း
ကိုင်ထားတယ်။ ကျုပ်တွက်တာသာ မမှားဘူးဆိုရင်
လူနက်ကြီး ဒီညတောင်ပိုင်းကို ဝင်မှာဗျ။
ကျုပ်တို့ တောင်ပိုင်းက ဘိုးကံစိန်တို့
ဝိုင်းထောင့်က မန်ကျည်းပင်ပေါ်ကိုတက်ပြီး
ငြိမ်နေလိုက်ကြတယ်ဗျို့။ ဆယ်နာရီကျော်တာနဲ့
အေးတော့တာပေါ့ပဲဗျာ။ ဒါပေမဲ့ ကျုပ်တို့က
ကိုယ်ဇောနဲ့ကိုယ်ဆိုတော့ သိပ်အေးတယ်လို့
မထင်ကြဘူးဗျ။ ကျုပ်တို့သုံးယောက်စလုံး
အနွေးထည် အထူကြီးတွေဝတ်ပြီး ခေါင်းစွပ်တွေ
တော့ စွပ်ထားကြတာပေါ့ဗျာ။ သန်းခေါင်ကျော်
တာနဲ့ ခွေးဟောင်သံတွေ ကြားတော့တာဗျ။
ခွေးဟောင်သံတွေက တဖြည်းဖြည်း ရွေ့လာ
လိုက်တာ တောင်ပိုင်းကို ရောက်လာရောဗျို့။
“ကျောက်ခဲနဲ့ သံမဏိ ငြိမ်ငြိမ်လေး နေကြ
ပေတော့ဟေ့၊ လူနက်ကြီး နီးလာပြီကွ”
ကျုပ်ပြောလို့ စကားမဆုံးခင်ဘဲ ကျုပ်မျက်စိ
အောက်ကို လူနက်ကြီး ရောက်လာရောဗျို့။
ဒီတစ်ခါတော့ ကျုပ် သေသေချာချာ တွေ့ရပြီဗျ။
အရပ်ကြီးက ခုနှစ်ပေလောက် မြင့်တယ်ဗျို့။
ခေါင်းတုံးပြောင်ကြီးနဲ့ ရင်ဘတ်ကားကားကြီးမှာ
ကြွက်သားတွေမှ ဖုထစ်နေတာဗျို့။ ပခုံးလုံးလုံး
ကြီးမှာလည်း ကြွက်သားတွေမှ ထစ်ထွက်နေတာဗျ။
ခါးမှာ နံကယ်ပိုင်းအကွက်ကြီးတစ်ထည်
ပတ်ထားတယ်။ အပေါ်ပိုင်းကတော့ ဗလ
ကျင်းနေတာပေါ့ဗျာ။ လူနက်ကြီးက သူ့ရဲ့
ပြူးထွက်နေတဲ့ မျက်လုံးနီနီကြီးတွေနဲ့ ဟိုကြည့်
ဒီကြည့် လုပ်နေတယ်ဗျို့။ ကျုပ်က မြင်နေပေမယ့်
ကျောက်ခဲနဲ့ သံမဏိကတော့ ဘာမှ မမြင်ကြဘူး
ပေါ့ဗျာ။ သူကိုယ်သူ လူမမြင်အောင် သေသေချာချာ
ကိုယ်ဖျောက်ထားပုံရတယ်ဗျ။
ဟော…ဝင်သွားပြီဗျို့၊ လူနက်ကြီး ဝင်ချသွားပြီ။
တခြားကို သွားတာမဟုတ်ဘူးဗျ။ ဘိုးကံစိန်တို့
ဝိုင်းထဲကို ဝင်သွားတာဗျ။ အလုံကာထားတဲ့
ခြံစည်းရိုးကို ဖြတ်ပြီးဝင်သွားတာဗျို့။
ဟော ၊ ဝိုင်းထဲရောက်သွားပြီ။ ဟိုကြည့် ဒီကြည့်
လုပ်နေပြီး အိမ်ဘေးက ပတ်ဝင်သွားပြီဗျို့။ ဟော
ပြန်ထွက်လာပြီ။ လူနက်ကြီး ပြန်ထွက်လာပြီ။
လက်ထဲမှာ ကြက်လေးကောင် ပါလာတယ်ဗျ။
လက်တစ်ဖက်ကို နှစ်ကောင်စီ ဆွဲလာတာဗျို့။
ကြက်တွေက အော်လည်း မအော်၊ ရုန်းလည်း
မရုန်းဘူးဗျ။ ဟော…ထိုင်ချလိုက်ပြီ၊ လူနက်ကြီး
ထိုင်ချလိုက်ပြီဗျို့။ မြေကြီးပေါ်မှာ မုဆိုးဒူးထောက်
ထိုင်ပြီး ကြက်တွေကို တစ်ကောင်ပြီးတစ်ကောင်
သွေးစုပ်တော့တာဗျို့။ ကြက်တွေမှာ သွေးတစ်စက်မှ
မရှိတော့မှ ကြက်သေတွေကို မြေကြီးပေါ်ကို
ပစ်ချခဲ့ပြီး ထွက်လာရောဗျာ။ ဟော မြောက်စည်းရိုး
ဘက်ကို သွားနေပြီဗျို့။ ကျုပ်စိတ်ထင်တော့
လူနက်ကြီး ရွာပြင်ထွက်တော့မယ် ထင်တယ်ဗျ။
ကျုပ်အံ့သြတာက ဘိုးကံစိန်တို့ဝိုင်းထဲက ငနီတို့၊
ငညိုတို့ဆိုတဲ့ ခွေးကြီးနှစ်ကောင် တစ်ချက်မှ
မဟောင်တာကို ကျုပ် အံ့သြနေတာဗျ။
“ကျောက်ခဲနဲ့ သံမဏိ ဟိုမှာကြည့်၊ ဘိုးကံစိန်တို့
ဝိုင်းထဲမှာ ကြက်တွေ သေနေတယ် မြင်လား”
ကျုပ်ပြတော့မှ ဒီကောင်တွေ မြင်သွားတာဗျ။
“ဟာ…ဟုတ်သားပဲဗျ၊ ကြက်လေးကောင်တောင်
အတုံးအရုံး သေနေပါလား၊ ဟာ ဒါဆိုရင် ဒီဝိုင်းထဲကို
လူနက်ကြီးဝင်ပြီး သွေးစုပ်သွားတာပေါ့ ဟုတ်လား
ကိုကြီးတာတေ”
“ဟုတ်တယ် ကျောက်ခဲ၊ လူနက်ကြီး စောစောကပဲ
ရောက်လာပြီး ကြက်တွေကို သွေးစုပ်သွားတာကွ”
“ဟာ ကိုကြီးတာတေကလည်း မြင်ရင်ပြောမှပေါ့ဗျာ။
ကျုပ်နဲ့ သံမဏိ ခွနဲ့ ဆက်တိုက်ဆွဲကြမှာပေါ့”
“ခွနဲ့ပစ်လို့ ဘာဖြစ်မှာတုံး ကျောက်ခဲရ၊
ဟိုက မင်းတို့ကို မြင်သွားပြီး သွေးစုပ်သွားမှ
ဒုက္ခဖြစ်နေဦးမယ်”
ကျုပ်ပြောလိုက်တော့မှ ဒီကောင်တွေ လန့်သွားတာဗျ။
ခေါင်းလေးတွေတောင် ပုသွားတယ်။ ကျုပ်တို့သုံး
ယောက် မန်ကျည်းပင်ပေါ်က ပြန်ဆင်းလာကြတယ်။
လမ်းလျှောက်ရင်း ကျုပ်တွေးလာတာဗျ။ ဒီ လူနက်ကြီး
ကြည့်ရတာ ကြွက်သားတွေ ဖုထစ်ပြီး ပန်းပုထုထားတဲ့
အရုပ်တစ်ရုပ်လို ပုံစံကြီးဗျ။ ပြီးတော့ ကြက်တွေကို သွေးစုပ်တုန်းက ထိုင်တဲ့ပုံစံကလည်းမုဆိုးဒူးထောက် ပုံစံကြီးဗျ။
ထောင်ထားတဲ့ ဒူးခေါင်းပေါ်မှာ
ကြက်ကိုတင်ပြီးမှ သွေးစုပ်တာဗျ ။ လူနက်ကြီးရဲ့
ပုံစံက ထူးတော့ တော်တော်ကို ထူးနေတာဗျို့။
ကျောက်ခဲနဲ့ သံမဏိကို အိမ်တွေပြန်ပို့ပြီး
ကျုပ်တစ်ယောက်တည်း တွေးရင်းနဲ့ အိမ်ပြန်လာတယ်။
ကျုပ် အိပ်ရာထဲဝင်တော့မယ်လုပ်တော့ ကျုပ်
ခေါင်းထဲမှာ အတွေးတစ်ခု ဖျက်ကနဲ ပေါ်လာတာဗျို့။
“ဟာ…ဒါ ဟိုအရုပ်ကြီးပဲ”
ဟုတ်တယ်ဗျို့။ ကျုပ်ခေါင်းထဲမှာ ပေါ်လာပြီ။
ကျုပ် ဆယ်နှစ်သားလောက်က အဘ နေမကောင်းလို့
ဘန့်ဘွေးကုန်းက ဆေးဆရာကြီးဦးအုံအိမ်မှာ
ဆေးကုတာကို ကျုပ်သတိရသွားတယ်။ ဒီတုန်းက
အဘက လမ်းမလျှောက်နိုင်လို့ ကျုပ်က လှည်း
ကောက်ပြီး လိုက်ပို့ရတာဗျ။
ကျုပ်က ဆယ်နှစ်သားတည်းက လှည်းကို
ကျွမ်းကျွမ်းကျင်ကျင် မောင်းတက်နေပြီလေဗျာ။
ဒီတုန်းက ဘုရားခန်းမှာ ဆေးဆရာကြီးက
အဘကို သွေးစမ်းပြီး ရောဂါရှာနေတုန်း ကျုပ်က
ဘုရားခန်းဘေးက အခန်းကို ကာထားတဲ့
ခန်းဆီစကို အသာလှပ်ပြီး ကြည့်လိုက်တာဗျ။
အဲဒီမှာ ကျုပ်တွေ့တာ မဲနက်နေတဲ့ အရုပ်ကြီးဗျ။
ခေါင်းတုံးပြောင်ကြီးနဲ့ မုဆိုးဒူးထောက် ထိုင်နေတာဗျ။
ထောင်ထားတဲ့ ဒူးပေါ်မှာ လက်တစ်ဖက်တင်ထားပြီး
လက်ဝါးဖြန့်ထားတယ်။ အဲဒီလက်ဝါးပေါ်မှာ ကြေး
သောက်ရေခွက်ကလေးတစ်လုံးရှိတယ်ဗျ။ အရုပ်ကို
အနက်ရောင်သစ်သားနဲ့ ထုထားတာလား၊ ဒါမှမဟုတ်
ဆေးအနက် သုတ်ထားတာလား ဆိုတာတော့
ကျုပ် သေသေချာချာ မသိခဲ့ဘူးဗျ။
အမြင့်က နှစ်ပေလောက် ရှိတယ်။ အောက်ပိုင်းမှာ
နံကယ်ပိုင်းအကွက်ကြီး ပတ်ထားတယ်။ အပေါ်
ပိုင်းကတော့ ကြွက်သားအဖုအထစ်တွေနဲ့ဗျ။
ညက ကျုပ် သေသေချာချာ တွေ့ခဲ့ရတဲ့
လူနက်ကြီးက အဲဒီအရုပ်နဲ့ တစ်ပုံစံတည်းပဲဗျို့။
ကျုပ် မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲအရုပ်ကလေး
ယူပြီး ပြောလိုက်တယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ ကျုပ်တို့ရွာတွေမှာ
အခုတလော သောင်းကျန်းနေတဲ့ လူနက်ကြီးဟာ
ဘန့်ဘွေးကုန်းက ဆုံးသွားတဲ့ ဆေးဆရာကြီး
ဆရာအုံအိမ်က အရုပ်ကြီးနဲ့ တစ်ပုံစံတည်းပဲဗျ။
အဲဒါ ဘယ်လိုဖြစ်တယ်ဆိုတာ ကျုပ်ကို အိပ်မက်
ပေးပြီး ပြောပြပါ မဖဲဝါ”
ကျုပ် အိပ်ပျော်သွားတော့ တစ်ပင်လုံး ဝါထိန်နေအောင်
ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီးနားကို ရောက်နေတယ်ဗျ။
မဖဲဝါက ကျုပ်နဲ့ရွယ်တူ ကောင်မလေးတစ်ယောက်ပုံစံ
ဖန်ဆင်းထားတယ်။ ဆံပင်က အရှည်ကြီး၊ ကျောပေါ်ကို
ဖြန့်ချထားတယ်၊ ထဘီရော အင်္ကျီရော အဝါရောင်ဗျ။
နားအပေါ်မှာ ဆယ့်နှစ်ရာသီပွင့် အဝါလေးတစ်ပွင့်
ပန်ထားတယ်။ လေတွေ တဝေါဝေါ တိုက်နေပေမယ့်
ဆယ်နှစ်ရာသီပင်ကြီးနဲ့ မဖဲဝါရဲ့ခေါင်းက ဆံပင်လေး
တစ်ပင်တောင် မလှုပ်ဘူးဗျ။
“တာတေ နင်ထင်တာ ဟုတ်တယ်၊ အဲဒီလူနက်ကြီးက
ဆရာအုံရဲ့ အရုပ်မှာ ဝင်နေတဲ့ ‘အရုပ်ဝိညာဉ်’ပဲ။
ဆရာအုံရှိတုန်းက အဲဒီအရုပ်ကို သူ့ဆရာဆီက
လက်ဆင့်ကမ်း ယူလာပြီး ဆေးစောင့်ကြီးလို့
ခေါ်တယ်၊ တစ်ပတ်ကို တစ်ခါ ကြက်သွေး၊
ဆိတ်သွေးတွေ တိုက်တယ်၊ လက်ဝါးထဲက
ကြေးခွက်ထဲကို သွေးထည့်ပြီး တိုက်ရတယ်။
အရုပ်မှာ ကပ်နေတဲ့ ဝိညာဉ်က ဆရာအုံ ရှိတုန်းက
သွေးမှန်မှန်သောက်နေကျ တာတေရဲ့၊
အခု ဆရာအုံကလည်း ဆုံးသွားတာ နှစ်နှစ်ရှိပြီ၊
သွေးမသောက်ရတာလည်း ကြာပြီ။ သူ့ရဲ့
ဝိညာဉ် ဆက်ပြီး တည်ရှိဖို့ အခက်အခဲ ဖြစ်လာပြီ
တာတေ၊ ဒါကြောင့် ညဘက် ထွက်ထွက်ပြီး
သွေးစုပ်နေတာ”
“ဒါဆိုရင် ဒီလူနက်ကြီးက ဆေးစောင့်ကြီးပေါ့
ဟုတ်လား မဖဲဝါ”
“ဘယ်က ဆေးစောင့်ရမှာလဲ တာတေ၊ ကပ္ပလီ
သရဲကြီး အရုပ်မှာ ဝင်ပူးနေတာဟဲ့ ”
“ဟာ…ကူညီပါဦး မဖဲဝါရယ်၊ ကျုပ်တို့ရွာတွေ
ဒုက္ခရောက်နေပါပြီဗျာ”
“ဒါဆိုရင် နင် ဒီလိုလုပ် တာတေ၊ မနက်ဖြန်ည
ဒီအကောင်ကြီး မီးလောင်ကုန်းက ကြက်တွေကို
သွေးသွားစုပ်လိမ့်မယ်၊ အဲဒီအချိန်မှာ နင်က
ဆရာအုံတို့အိမ်က အရုပ်ကြီးကို ခပ်မြန်မြန်
မီးရှို့ပစ်လိုက်၊ ဒီအကောင်ကြီး ပြန်ကပ်စရာ
မရှိတော့ဘူးဆိုရင် ငါ့ဆီကို ရောက်လာလိမ့်
မယ်။ ဒီတော့မှ ငါ နေရာပေးလိုက်ပါ့မယ်၊
ရွာတွေထဲဝင်ပြီး သွေးမစုပ်အောင်လည်း
ငါ အမိန့်ပေးထားလိုက်မယ် ”
နောက်နေ့ရောက်တော့ ကျုပ် ဘန့်ဘွေးကုန်းကို
သွားတယ်။ ကိုကြီးပွေလီကို အကျိုးအကြောင်း
ပြောပြပြီး ဘိုးအုံကြီးတို့အိမ်ကို သွားကြတယ်။
ဟိုရောက်တော့ ဘိုးအုံရဲ့သမီး အရီးလေး ညိုလုံးကို
လူနက်ကြီးအကြောင်း အားလုံးပြောပြတယ်။
နောက်ဆုံး မဖဲဝါ ပြောတဲ့အထိပေါ့ဗျာ။
အရီးလေးကလည်း ကျုပ်တို့ လုပ်ချင်ရာလုပ်ဖို့
ခွင့်ပြုတယ်ဗျ။ ဒီအကြောင်းကို ဘန့်ဘွေးကုန်း
ရွာသားတွေ မသိအောင်တော့ ကြိတ်လုပ်ရမှာ
ပေါ့ဗျာ။ ရွာသားတွေသိရင် ဘိုးအုံရဲ့ သား
သမီးတွေအပေါ်မှာ အမျက်ထားကြမှာပေါ့။
အရုပ်ကြီးက ဘိုးအုံ ရှိတုန်းကလို စင်နဲ့ကနားနဲ့
မဟုတ်တော့ဘူးဗျ။ အပေါ်ထပ်က အခန်းတစ်ခန်း
ထဲမှာ ကုလားထိုင် အကျိုးတွေ၊ ပစ္စည်းအပျက်
တွေနဲ့ ရောပြီး ပုံထားတာ။ ကျုပ်တို့က တစ်ခါတည်း
ယူမလာပါဘူး။ အပြင်ကို ထုတ်ထားပြီး ညမိုးချုပ်
လို့ လူခြေတိတ်တော့မှ ကိုပွေလီရယ်၊ ကျုပ်ရယ်၊
ကိုရှုပ်ထွေးရယ် အရုပ်ကြီးကို ဂုန်နီအိတ်တစ်လုံးနဲ့
ထည့်ပြီး ရွာပြင်ထုတ်လာကြတာဗျ။
ပြီးတော့ ယာကွက်ထဲသွားပြီး အဆင်သင့်
ပြင်ထားတဲ့ ထင်းချောင်းတွေနဲ့ မီးတင်ရှို့ပစ်
လိုက်ကြတယ်။ ကျုပ်တို့ မီးရှို့တော့ ညသန်းခေါင်
ကျော်ပြီ။ ဒီအချိန်က လူနက်ကြီး မီးလောင်ကုန်းမှာ
သွေးသွားစုပ်နေတဲ့အချိန်လေဗျာ။ အရုပ်တစ်ရုပ်လုံး
ပြာကျသွားတော့မှ အဲဒီပြာတွေကို မြေကျင်း
တူးပြီး မြှုပ်လိုက်ကြတယ်။
မဖဲဝါက သူပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ
ကျုပ်ယုံပြီးသားပါဗျာ။ မှီတွယ်စရာ အရုပ်ကြီး
မရှိတော့တဲ့ ကပ္ပလီသရဲကြီးကို မဖဲဝါက လိုက်နာ
ရမယ့် သရဲစည်းကမ်းတွေ တိတိကျကျ ပြောပြပြီး
နေစရာ ပေးလိုက်မှာပါ။
နောက်ညက စပြီး လူနက်ကြီး ပျောက်သွားရောဗျို့။
ထနောင်းကုန်း၊ မီးလောင်ကုန်း၊ ဘန့်ဘွေးကုန်းရွာတွေ
ဘယ်ရွာမှာမှ ကြက်တွေ၊ ဆိတ်တွေ သွေးစုပ်မခံ
ရတော့ဘူးဗျို့။ ကျောက်ခဲနဲ့ သံမဏိကတော့
ကျုပ် တစ်ခုခုလုပ်လိုက်ပြီ ဆိုတာကို သိကြတာ
ပေါ့ဗျာ။ ဒါပေမဲ့ ဆရာအုံမိသားစုကိုငဲ့ပြီး
ဒီအကြောင်းကို ကျုပ် အုပ်ထားရတာပေါ့ဗျာ။
ကိုပွေလီနဲ့ ကိုရှုပ်ထွေးလည်း ဒီအကြောင်းကို
မပြောကြဘူးဗျ။ ကျုပ်တို့သုံးယောက်ပဲ သိတဲ့
ကိစ္စဆိုတော့ ကျုပ်တို့ မပြောရင် ဘယ်သူသိမှာတုံးဗျာ။
ပြီးပါပြီ။
စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
မဖဲဝါရဲ့ ကျောက်ရုပ် စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် lik and share လေးနဲ့
လုပ်ပေးသွားပါအုံးဗျာ။
Leave a Reply