ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်ပြီ ဖြစ်သည်။ထိုအရာများကို ရှင်းလင်းရန်အတွက် အချိန်မနှောင်းခင် ရောက်အောင်သွားနိုင်မှသာ ကောင်းမည်ဟု တွေးရင်း လှမ်းနေသော ခြေလှမ်းတို့အား ပို၍ အရှိန်မြှင့်လိုက်ပါလေတော့သည်။
◾အခန်း (၂)
တာပိုးရွာတွင်တော့ ရွာလူကြီးနှင့် ရွာလူကြီးသားသည် သူရိယအား လိုလေသေးမရှိ ဂရုစိုက်လေသည်။ရွာလူကြီးသား သီဟသည် သူရိယအား စကားဆိုလေသည် ။
“ငါ့ညီ မင်းဆရာက တော်တော်စွမ်းတာပဲကွ အဲ့ပညာတွေ ငါ့ကို သင်ပေးခိုင်းလို့ မရဘူးလား “
“အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး”
“အေးပါကွာ ငါ့ကို ပြောပေးစမ်းပါ ဘယ်လောက်ကုန်ကုန် ကွာ ငါသင်ချင်လို့ပါ “
“ကျနော်တို့ ပညာတွေက ငွေနဲ့ ဝယ်လို့ မရဘူး ငွေပေးပြီးသင်ခိုင်းလို့လည်း မရဘူးဗျ “
“ဟ ဟုတ်လား ငါတို့ ရွာထဲက နတ်ဆရာကတော့ ငွေသာပေး လိုက် အကုန် အဆင်ပြေအောင်လုပ်ပေးတယ် “
“ကျနော်တို့ကတော့ မရဘူး “
သူရိယ၏ စကားကြောင့် ရွာလူကြီးသည် မျက်လုံးပြူးကာ အံဩနေလေသည်။သူတို့ထင်ထားသည်မှာ မည်သည့်ပညာ ရပ်နေနေ စပါးပေး၊နှမ်းပေး နှင့် ငွေပေးလျှင် ရသည်ဟုသာ ထင်မှတ်ထားကြသူများဖြစ်သည်။ရွာတွင်ရှိသော နတ်ဆရာ အဆက်ဆက်သည် ထိုသို့သောသူများ ဖြစ်ခဲ့ခြင်းကြောင့် လည်း ဖြစ်မည်ထင်၏။ရွာလူကြီး သားအဖ နှင့် စကားပြောနေစဉ် ရွာရှိ လုံခြုံရေးခေါင်းဆောင်ဦးဝဏ္ဏ ရောက်လာသည် ။
“ကောင်လေးရေ နေရထိုင်ရတာ အဆင်ပြေလားကွ”
“ပြေပါတယ် ဒါပေမဲ့ အဘဆီကို လိုက်သွားချင်တယ်ဗျာ”
“အေးအေးဆေးဆေး နားပါကွာ မင်းအဘက မင်းကို ငါတို့ ရွာကို လိုက်လာခိုင်းတာ အကျိုးမဲ့မဟုတ်လောက်ပါဘူး အမှန်အတိုင်းပြောရရင် မင်း နဲ့ မင်းဆရာက ငါတို့ရဲ့ အသက်သခင်ကျေးဇူးရှင်တွေ အဲ့တာတော့ ငြင်းလို့ မရဘူး”
“မခံယူထားပါဘူးဗျာ ကျနော်တို့ရဲ့ လမ်းစဉ်က ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ပြီး လမ်းမှားရောက်နေတဲ့ သူတွေကို လမ်းမှန်ရောက်အောင် ကူညီဖို့ပါ “
“နေပါဦး မင်းတို့က ဘာကိုးကွယ်တာလဲ “
“ကျနော်တို့က ဗုဒ္ဓဘာသာတွေလေ အဲ့တော့ မြတ်စွာဘုရားကို ကိုးကွယ်တာ “
“မြတ်စွာဘုရား ဟုတ်လား “
“ဟုတ်တယ်လေ ကျနော်မသိလို့ မေးပါရစေ ဒီက လူတွေက မြို့လေးဘာလေး မတက်ကြဘူးလားဟင် သူတို့က ဘာလို့ ဘာသာရေး အားနည်းကြတာလဲ ”
“မင်းသိတဲ့ အတိုင်းပဲ ငါတို့ ရွာကအတော် တောကျတယ်။ဒီ ဘက်က တောင်တန်းတွေကို ဖြတ်ပြီးမှ ငါတို့ရွာကို ရောက်တာလေ မြို့ကိုသွားဖို့ဆိုတာ သိတဲ့အတိုင်းပဲ ခက်ခဲတယ်။ငါတို့ ရွာက နှစ်တောင်ကျော်က ရွာသစ်ရွာကိုပဲ စပါးရောင်း၊ပဲ ရောင်းလုပ်ရတာ လိုတာရှိရင် အဲ့ဒီမှာပဲဝယ် အဲ့တော့ တို့ရွာသားတွေ အသိပညာနည်းပြီပေါ့ကွာ အဲ့ဒီရွာမှာ မူတန်းကျောင်းဆိုလား ရှိတယ် တို့ရွာကနေ သွားတက်ဖို့ကလည်း ကလေးတွေကို စိတ်မချဘူး အဲ့ဒီတော့ ရွာကကလေးတွေ စာမတတ်ကြဘူးပေါ့ကွာ ပြီးတော့ ငါတို့ရွာအိမ်ခြေက တရာတောင်မပြည့်တော့ ဘယ်သူက ကျောင်းဆောက်ပေးမှာလဲကွာ “
သူရိယသည် ဦးဝဏ္ဏပြောပြနေသော တာပိုးရွာလေးအကြောင်းကို သေချာနားထောင်ရင်း ကိုယ်ချင်းစာမိသည် ။ ဗဟုသုတနည်းသော တာပိုးရွာသားများသည် အယူလွဲမှားမှုကြောင့် ကိုးကွယ်မှုမှာ အမြစ်တွယ်နေပြီဖြစ်သည် ။
သူတို့တတွေသည် ရွာလူကြီး၏အိမ်အောက်ရှိ တန်းလျား တွင် စကားပြောနေကြသည်။ရွာသားအချို့သည် လုပ်ငန်းခွင်ဝင်သည့်တိုင် ဦးဖိုးဝေ နှင့် သူရိယအကြောင်းအား အချင်းချင်းပြောနေကြသည်။ထိုသို့ပြောနေသည်ကို မကြိုက်သည့် နတ်ဆရာတယောက် ရှိနေ၏။ထိုနတ်ဆရာသည် ဦးဖိုးဝေ နှင့် သူရိယ ဆိုသည့် နာမည်ကိုပင် နှစ်မြို့ခြင်းမရှိလှပေ။မည်သို့ဆိုစေကာမူ တာပိုးရွာ၏ အားကောင်းမောင်းသန် ယောကျာ်းလေးများသည် ဦးဖိုးဝေ နှင့် သူရိယတို့၏ အစွမ်းကို ယုံကြည်ကြသော်လည်း မိန်းမသားများနှင့် လူကြီးသူမများမှာ ရှေးအစဉ် အဆက်ကတည်းက ကိုးကွယ်လာသော နတ်ဆရာများ၏ စကားကို နားထောင်ကြမည့်သူများသာ ဖြစ်ကြပါလေသည် ။
◾အခန်း (၃)
ဦးဖိုးဝေသည် တာပိုးရွာအဝင်သို့ ရောက်ရှိလာပြီ ဖြစ်၏။သူသည် ရွာအစတွင် အိုးခြမ်းပဲ့သတ်နေသော ကလေးများကို တွေ့သောအခါ
“ကလေးတွေ ဘကြီးကို ရွာလူကြီးရဲ့အိမ်ကို ပို့ပေးလို့ရမလား”
“ရတာပေါ့ ဘကြီးရာ လာ လာ ကျုပ်တို့နောက်က လိုက်ခဲ့ “
ကလေးများသည် အိုးခြမ်းပဲ့များအား ဒိုးပြားများအဖြစ် အသုံးပြုကာ ကစားနေခြင်း ဖြစ်သည်။ထို့နောက် သူတို့၏ အိုးခြမ်းပဲ့ပြားလေးများကိုကိုင်ကာ ဦးဖိုးဝေအား ရှေ့မှနေ၍ လမ်း ပြရင်း ခြေကလိမ်ချိတ်ပြီး ပြေးသူပြေး၊လမ်းလျှောက်သူကလျှောက် ဒိုးသတ်သူက သတ် နှင့် လိုက်ပို့ကြလေသည်။ကလေးများသည် အတန်အသင့်ကောင်းသော ပျဉ်ထောင်ပျဉ် ခင်းအိမ်တအိမ်၏ အိမ်ဝိုင်းဝသို့ ရောက်သောအခါ ဦးဖိုးဝေကို ကြည့်၍ စကားဆိုလေသည်။
“ဘကြီး ဒီအိမ်ပဲ ကိုသီဟတို့ အိမ်က “
“ဘကြီးက ရွာလူကြီးရဲ့အိမ်ကို ပို့ခိုင်းတာ “
“ဟာ ဘကြီးကလည်း ကိုသီဟက ရွာလူကြီးရဲ့ သားလေဗျာ “
“အော် အဲ့ဒီလိုလား ရော့ ရော့ “
ဦးဖိုးဝေသည် လွယ်အိတ်ထဲမှ ငွေအချို့ကို ထုတ်ကာ ကလေးများအား မုန့်ဖိုးအနေဖြင့် ပေးလေသည်။ထိုအခါ ကလေးများထဲမှ အကြီးဆုံးဖြစ်ဟန်တူသည့် ကောင်လေးတယောက်သည်
“ဘကြီးပေးတဲ့ငွေက များလိုက်တာ ထွန်ရှဥ်းအငှားလိုက်ရင်တောင် ဘကြီးပေးတဲ့ ငွေထက် နည်းနည်းပဲပိုရဝာာ “
“ရပါတယ်ကွာ ယူထားကြ ဝေမျှပြီး မုန့်ဝယ်စားလိုက်”
ကလေးများသည် ဦးဖိုးဝေပေးသော ငွေကြောင့် ပျော်ရွှင်မြူးတူးစွာ အချင်းချင်း စကားဆို၍ နေကြသည်။
“ရွာထိပ်က အကြော်စားမယ် “
“ဒေါ်ပျိုးရီ ရဲ့ မုန့်လက်နှိပ် စားကြမယ်လေကွာ “
ကလေးများသည် သူတို့ စားချင်သည်များကို ပြောဆို ငြင်းခုံကာ ထွက်သွားကြတော့သည်။ထိုအခါမှ ဦးဖိုးဝေသည်လည်း ရွာလူကြီး၏အိမ်ဝိုင်းထဲသို့ ဝင်သွားလိုက်လေသည်။ရွာလူကြီး ၏အိမ်ဝိုင်းထဲ ရောက်သောအခါ အိမ်အောက်တန်းလျားတွင် ထိုင်နေသော လူများထဲမှ သူရိယသည် ထိုင်နေရာမှ ထလာပြီး ဦးဖိုးဝေအား လာတွဲကာ တန်းလျားတွင် ထိုင်စေသည်။ဦးဖိုးဝေ သည် ထိုင် ထိုင်ချင်းပင်
“လူတွေ စုံနေတော့ ကျုပ်က အကူညီလေးတောင်းချင်တာနဲ့ အတော်ပဲ “
“ပြောပါ ဆရာကြီး ကျုပ်က ဒီရွာက ရွာလူကြီးသိန်းဇော်ပါ “
“ကဲ ရွာလူကြီး နဲ့ ဒီက ဦးဝဏ္ဏကို ကူညီစေချင်တာက ကျွန်းလှရွာမှာ လူသေအလောင်းတွေကို ရှင်းပြီးတော့ သူတို့ ရွာသားတွေ ရွာမှာ ပြန်နေနိုင်အောင် ကူညီပေးဖို့ပါ “
” ကျွန်းလှရွာက တော်တော် အခြေအနေဆိုးလို့လား “
“ဆိုးတာပေါ့ ရွာလူကြီးရယ် မယ်တင်က ရွာသားတွေကို သတ်၊ ဖုတ်သွင်းပြီး သူ့ကို ကာကွယ်ခိုင်းတာ “
“ကျုပ် စဉ်းစားမရတာက ကျွန်းလှရွာသားတွေက သူ့ဆိုရင် အသက်ပေးကာကွယ်တဲ့ ကောင်တွေပါ ကျုပ်တို့ထက် သူ့တို့က ပိုယုံကြည်သက်၀င်တဲ့သူတွေပါ “
“ရွာလူကြီးရေ ကျွန်းလှသားတွေက ဓားပြီးလား “
“မပြီးဘူး ထင်တယ် ဆရာကြီး တခါ ကျုပ်တို့ ရွာသားတွေနဲ့ရန်ဖြစ်တာ အဲ့ကောင်တွေ အခုတ်ခံရတယ်။တယောက်က လက်ပြတ်သွားတယ် “
“တုတ်ပြီးလား “
“မပြီးပါဘူး “
အဲ့တာကြောင့် သူတို့ကို သတ်ပြီး ဖုတ်သွင်းလိုက်တာဗျ ဖုတ်သွင်းခံထားရတော့ တုတ်တွေ ဓားတွေလည်း မကြောက်ကြ တော့ဘူး သာမာန်ဆရာတယောက်ကို ကိုက်ဖြတ်ပြီး စားနိုင်တဲ့ အဆင့်ရှိသွားတာ အဲ့တာကြောင့် သူ့ကို ကာကွယ်နေတဲ့သူတွေကို သတ်ပြီး ဖုတ်သွင်းတာပေါ့ “
ဦးဖိုးဝေ၏ စကားကို ရွာလူကြီးတို့ ကောင်းစွာ နားလည်ကြသည်။ထို့ကြောင့် ခေါင်းညိတ်ကာ ဦးဝဏ္ဏမှ
“ကျုပ်တို့ နားလည်ပါပြီ ဆရာကြီး မိစ္ဆာကိုမှ ကိုးကွယ်ခဲ့မိတာပဲ ကျုပ်တို့ရွာသားတွေက အသိပညာနည်းတော့ အခုအချိန်အထိ အမြင်မှန်မရသေးတဲ့ ရှေးရိုးဆွဲတွေလည်း ရှိသေးတယ် ဆရာကြီးရေ “
“အင်း နှစ်ပေါင်းများစွာ သန္ဓေတည်လာတာဆိုတော့လည်း အဲ့ဒီလောက်တော့ ရှိမှာပေါ့ “
“ဟုတ်တယ် ကျုပ်တို့ကို သင်ပြဆုံးမပါ ဆရာကြီး ကျုပ်တို့လိုက်နာပါ့မယ် “
“ကျုပ် တတ်သိသလောက်တော့ တာပိုးရွာသားတွေနဲ့ ကျွန်းလှ ရွာသားတွေအတွက် သင်ပြခဲ့ပါ့မယ်။အခုတော့ ကျုပ် အကူအညီတောင်းထားတဲ့ ကျွန်းလှရွာကို ရှင်းလင်းပေးဖို့ကို ကူညီစေချင်တယ် “
“စိတ်ချပါ ဆရာကြီး ကျုပ်တို့ ရွာသားတွေ လိုအပ်တာတွေ ယူပြီး လှည်းနဲ့ သွားကြတာပေါ့ “
ဦးဖိုးဝေသည် ရွာ၏ အဓိပတိနှစ်ယောက်ဖြစ်သော ရွာလူကြီး နှင့် ဦးဝဏ္ဏမှ ကူညီပေးဖို့ရာအားတက်သရောဖြစ်နေသော ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါလေတော့သည်။
◾အခန်း (၄)
တာပိုးရွာသားများ၏ လှည်းတန်းရှည်ကြီးသည် ကျွန်းလှရွာသို့ သွားနေကြသည်။ယခုအကြိမ်တွင်တော့ လက်နက်များမပါတော့ပဲ ပေါက်တူး၊ပေါက်ပြား၊ဂေါ်ပြားများကိုသာ သယ်ဆောင် လာကြသည်။လမ်းတလျှောက်တွင် ဦးဝဏ္ဏ နှင့်အတူ လှည်းတစီးတည်း စီးလာသော ဦးဖိုးဝေတို့သည် စကားစမြည်ပြောဖြစ်ကြလေသည် ။
“ဆရာကြီး ကျုပ်တို့ ရွာနဲ့ ကျွန်းလှရွာက အယူလွဲနေခဲ့တာပဲဗျ။အရင်က သီဟ ကျုပ်ကို အမြဲပြောဘူးတယ်။ဒါပေမဲ့ ကျုပ်နားမလည်ခဲ့ဘူး ဆရာကြီးတို့လာမှပဲ နားလည်သလိုလို ရှိလာပြီ “
“သီဟက ဘယ်လိုပြောလို့လဲဗျ”
“ဒီလိုပါ ဆရာကြီး သီဟဆိုတဲ့ ကောင်လေးက သူကြီးသားလည်းဖြစ် ပြီးတော့ ဒီကလေးက ကျောင်းတက်ဖူးတယ်ဗျာ ခြောက်တန်းအထိလား တက်ဖူးတယ် “
“အော် အင်းအင်း”
“သူကပြောတယ် ကျုပ်တို့ ကိုးကွယ်နေတာ မှားနေတယ် ဆိတ်တွေ၊ကြက်တွေကို ယာဇ်ပူဇော်တာ တကယ်တော့ မလုပ်သင့်ဘူးလို့ ပြောတယ်ဗျ ကျုပ်က ဆူငေါက်တာပေါ့ဗျာ ဒီရွာမှာ လည်း ကျုပ်နဲ့ ရွာလူကြီးကသာ အဓိကဆိုတော့ သူ့အဖေကို ပြောပြီး ကျုပ်ကို ထပ်ပြောဟန်တူပါတယ် “
“အဲ့တော့ ဘယ်လိုပြန်ပြောလိုက်လဲ “
“ကျုပ်တို့က စာမတတ်ပေမတတ်တွေကိုးဗျ နတ်ဆရာ နဲ့ ဆရာကြီး ပြောတဲ့ ကဝေမကိုပဲ ဆက်ကိုးကွယ်နေခဲ့ကြတာပေါ့ သူ့စကားကို ကျုပ်တို့ အရေးမထားခဲ့ဘူး”
“အင်း သူပြောတာလည်း ဟုတ်ပေတယ် ကိုဝဏ္ဏ တရိစ္ဆာန်တွေကို သတ်ပြီး ယာဇ်ပူဇော်တာ မလုပ်သင့်တော့ဘူး ဒီဟာက အတော်ကို အယူလွဲတဲ့ လုပ်ရပ်ဖြစ်ပါတယ် “
“ကျုပ်တို့ကတော့ မဖြစ်သင့်ဘူးဆိုတာ လက်ခံပါတယ်။မကိုးကွယ်တော့ပါဘူး။အခုပါလာတဲ့သူတွေ နဲ့ ရွာမှာ ကျန်ခဲ့တဲ့ လူရွယ် လူငယ်တွေက နားလည်တယ် အလွန်ရှေးရိုးစွဲနေတဲ့ လူကြီးတွေကတော့ လက်ခံမှာ မဟုတ်ဘူး “
“သူတို့ လက်မခံတော့လည်း လက်ခံလာအောင် ကြိုးစားကြတာပေါ့ “
“ကြိုးစားမယ်ဆိုရင်တော့ ရွာထဲက နတ်ဆရာ နဲ့ ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ် ဆရာကြီး”
“ကောင်းကျိုးရစေမဲ့ အလုပ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ် ရင် ဆိုင်ဖို့ ဝန်မလေးပါဘူးလေ “
ဦးဖိုးဝေ နှင့် ဦးဝဏ္ဏသည် စကားတပြောပြောနှင့် လှည်းလေးပေါ်လိုက်လာသည်။လှည်းများသည် ခြူသံတချွင်ချွင်နှင့် ကျွန်းလှရွာလေးဆီသို့ သွားနေကြ၏။အတော်အတန် လှည်းမောင်းပြီးချိန်တွင်တော့ ကျွန်းလှရွာအဝင်သို့ ရောက်လာကြသည်။ရွာအဝင်သို့ ရောက်သည်နှင့် တွေ့လိုက်ရသည်မှာ လူသေ အလောင်းကောင်များဖြစ်ပြီး အချို့အလောင်းကောင်များသည် မတ်တပ်ရပ်သွားနေသေးရာ ရှေ့ဆုံးလှည်းမှ တာပိုးရွာသားများ ထိတ်လန့်၍ ဦးဖိုးဝေတို့ရှိရာ လှည်းထံသို့ ကြောက်လန့်တ ကြားအော်ဟစ်သတိပေးလိုက်လေသည် ။
“ဆရာကြီး ရွာထဲမှ အလောင်းတွေ လမ်းလျှောက်နေတယ် လုပ်ပါဦး “
“အေး ဘာမှ ကြောက်စရာမရှိဘူး မြေဖုတ်ဘီလူးတွေ ဝင်ပူးနေတာ ဖြစ်မယ် ‘
ဦးဖိုးဝေသည် ပြောပြောဆိုဆို နဖူးတွင် လက်သီးဆုပ်ကို တင် လိုက်ပြီး အသံ ခပ်ကျယ်ကျယ်ဖြင့်
“ကျွန်းလှရွာထဲမှာ ရှိနေတဲ့ မြင်အပ်၊မမြင်အပ်လောကသားမှန်သမျှ ရွာထဲမှာ မနေစေရ၊သက်ဆိုင်ရာ နေရာမှာ မနေဘဲ ရွာထဲမှာ ပုန်းခိုနေတဲ့ ပရလောကာသားတွေကို သက်ဆိုင်ရာတွေ နှင်ထုတ်စေ “
ဦးဖိုးဝေသည် ထို့သို့ စကားဆိုလိုက်ပြီး နဖူးတွင် တည်ထားသော လက်သီးဆုပ်အား ရွာဘက်သို့ ပစ်ဟန် ပြုလိုက်၏ ။ ထိုအခါမှ လမ်းထလျှောက်နေသော အလောင်းကောင်များ သည် လဲကျသွားကြသည်။ဦးဖိုးဝေ နှင့် ဦးဝဏ္ဏတို့လည်း လှည်းပေါ်မှဆင်းကာ ရွာထဲသို့ ခြေလျင်ပင် ဝင်လိုက်ကြသည်။ သူတို့နှစ်ယောက်၏ အနောက်တွင်တော့ သီဟ နှင့် သူရိယ အပြင် အခြား ရွာသားလေးငါးယောက်ခန့်ပါ လမ်းလျှောက်ပြီး ရွာထဲ လိုက်ဝင်လေ၏။သူတို့တွေ့ ရသော မြင်ကွင်းမှာ သေဆုံးနေသော ရွာသားအလောင်းများ နှင့် ကဝေ အလောင်းများဖြစ်သည်။ထိုအလောင်းများကြားတွင်တော့ ဝမ်းလျားမှောက် လျက် သေဆုံးနေသောမယ်တင် နှင့် အပေါင်းအပါများပါ တွေ့ရလေသည်။ဦးဖိုးဝေသည် ထိုအလောင်းများကို ကြည့်ကာ
“ကိုဝဏ္ဏရေ ဒီအလောင်းတွေကို သင်္ချိုင်းမှာသဂြိုလ်ရမယ် ရွာသင်္ချိုင်းမှာ မြေတူးဖို့ လူတွေ အရင် လွှတ်ရမယ် ထင်တယ် “
“ဟုတ်တယ် ဆရာကြီး ကျုပ်တို့ ဒီမြင်ကွင်းကို မြင်ရတော့ ဆရာကြီးကို ပိုပြီး ကျေးဇူးတင်မိတယ် အတော်ကို ရက်စက်တဲ့ စုန်းမပဲဗျာ “
“ကဲ ကဲ အဲ့တာတွေ ထားပါ အခုတော့ မြေတူးဖို့ စီစဉ်ပါဦး “
ဦးဖိုးဝေ၏ စကားဆုံးသောအခါ ဦးဝဏ္ဏသည် သူတို့နှင့် အတူပါလာသော ရွာသားများကို လှည့်ကြည့်ကာ
“သိန်းစိုး နဲ့ ငွေဝင်းတို့အဖွဲ့က သင်္ချိုင်းဘက်ကို သွားပြီး ကျင်းတူးဖို့ စီစဉ်ကွာ ကျန်တဲ့ကောင်တွေက အလောင်းတွေကို လှည်း နဲ့ တိုက်ဖို့ လုပ် “
“ဟုတ်ကဲ့ ခေါင်းဆောင် “
ထို့နောက် ဦးဝဏ္ဏ၏ စီစဉ်မှုဖြင့် ကျွန်းလှရွာလေးတွင် အလောင်း ကောင်များအား မြေမြှုပ်သဂြိုလ်ဖို့ရာအတွက် ပြင်ဆင်လိုက်ကြပါတော့သည် ။
◾အခန်း (၅)
အလောင်းများအား မြေမြှပ်သဂြိုလ်ခြင်းအမှု့ကို ပြုပြီးချိန် တွင်တော့ ညနေပိုင်းသို့အချိန် ရောက်ရှိနေပြီ ဖြစ်သည်။ဦးဖိုးဝေသည် သူ၏ အနားတွင် ရှိသော ဦးဝဏ္ဏအား
“ကိုဝဏ္ဏရေ ရွာထဲ နည်းနည်းပါးပါးလောက် ရှင်းပြီးရင် နေလို့ ရလောက်ပြီ ကျုပ်လည်း ခြောက်လှန့်တာတွေမလုပ်နိုင်အောင် လုပ်ထားပေးပါတယ်။မနက်ဖြန်လောက်ဆိုရင်တော့ ရွာသားတွေ ပြန်နေလို့ရပါပြီ”
“ဟုတ်တယ် ဆရာကြီး ကျုပ်တို့သေချာရှင်းပေးထားတယ် “
“အင်း သူတို့တွေ ဒီမှာနေရဲအောင်တော့ ကျုပ်တို့ တော်တော် ကို ပြောပြရဦးမယ် “
“ကျုပ်တို့လည်း ဒီရွာမှာပဲ နားကြတာပေါ့ဗျာ မနက်မှ ကျွန်းလှသားတွေကို ကျုပ်တို့ လှည်းတွေနဲ့ သွားခေါ်ပေးပါ့မယ် “
“ကိုဝဏ္ဏ ကျုပ် ခင်ဗျားတို့ကို ချီးကျုးပါရစေဗျာ လှည်းတွေ ပေါ် အလောင်းတွေတင်ပြီး တိုက်ပေးတာ ခင်ဗျားတို့ စိတ်ထဲ ဘာမှ မဖြစ်ဘူးလား “
“ဗျာ ကျုပ်တို့က ဘာဖြစ်ရမှာလဲ ဆရာကြီးရယ် လူပဲ ရှင်ပြီး ရင် တနေ့ သေရမှာပဲလေ ဘာများထူးဆန်းလို့လဲ “
“အဲ့ဒီလိုဆိုပြန်တော့လည်း ခင်ဗျားတို့က ကောင်းနေပြန်ရော “
ဦးဖိုးဝေသည် ဦးဝဏ္ဏ၏စကားကြောင့် ချီးကျုးလိုက်မိသည် ။ဗုဒ္ဓဘာသာဝင်ဟု အမည်ခံပြီး ဘာသာဝင်အများစုသည် သေရမည်ကို အင်မတန် ကြောက်ရွံ့ကြပေသည်။ကြောက်ရွံ့မှု လွန်ကဲကာ လူသေအလောင်းကို တွေ့သည်နှင့် တရားရမည့် သူက မရှိသလောက်ရှား၏ သူတို့စိတ်ထဲတွင်တော့ ကျက်သရေ မဲ့ နိမိတ်မရှိ နမာမရှိ ဟု တွေးကာ လူသေအလောင်းများအား မထိတွေ့ ချင်သူများသာ များသည်။ယခု တာပိုးရွာသားများ၏ အတွေး နှင့် အပြုအမှုသည် ထိုသို့မဟုတ်ဘဲ တနေ့သေရမည် ဆိုသည်ကို သူတို့သိသည့်အတွက် လူသေအလောင်းအား သူတိူ့ လှည်းပေါ် တင်ရသည်ကို ထူးဆန်းသည်ဟု မထင်မိခြင်းဖြစ်နိုင်၏။ထိုအရာကို ဦးဖိုးဝေ သဘောကျမိခြင်းဖြစ်၏။အလောင်းများအား မြေမြှုပ်သဂြိုလ်ပြီးစီးပြီးနောက် ကျွန်းလှရွာ တရွာလုံးအား ထပ်မံကြည့်ရှုလိုက်ပြီး အမြင်မတော်သည်များကို ရှင်းလင်းလိုက်ရာ ရွာလေးသည် အတော်ကို ရှင်းလင်းသွား၏။ထို့နောက် အိမ်များတွင် ညအိပ်နားခိုဖို့ရာ ပြင်ဆင်လိုက်ပြီးနောက် ညစာအတွက် ချက်ပြုတ်ပြင်ဆင်လိုက်ကြသည်။ရွာသားများသည် မနှစ်မြို့စရာ အလောင်းကောင်များကို မြုပ်နှံထားရသော်လည်း စကားတပြောပြောနှင့် ပျော်ပျော်ပါးပါး ချက်ပြုတ် စားသောက်ကြသည်။ထိုအချင်းအရာကို မြင်တွေ့နေရသော သူရိယသည် သူ၏ ဘေးတွင်ထိုင် နေသော ရွာလူကြီး၏သားဖြစ်သူသီဟအား
“ကိုသီဟ ကျနော် တခုမေးချင်တယ်”
“မေးလေ သူရိယ “
“အကိုတို့ ရွာသားတွေက လူသေအလောင်းတွေကို မြှုပ်ပြီးတာတောင် သာမာန်လိုပဲနော် “
“သာမာန်ပဲလေကွာ ဘာထူးဆန်းလို့လဲ မင်းရော ငါရော တနေ့သေရမှာပဲ အရင်သေတဲ့ သူတွေကို အရင်မြှုပ်တယ် နောက်မှ သေတဲ့သူတွေကို နောက်မှ မြှပ်တယ် မထူးဆန်းပါဘူး ထူးဆန်းတာ တခုပဲ “
“ဘာထူးဆန်းတာလဲ ကိုသီဟ “
“လူတွေ သေရင် မြေမြှုပ်တယ် ကြက်တွေ ဝက်တွေ နွားတွေ သေရင် ဒီမှာ မြုပ်တယ် ဟုတ်တယ် မဟုတ်လား ဟား ဟားး “
သီဟသည် ဗိုက်ကို လက်နှင့် ပုတ်ပြရင်း သူ၏ စကားကို သူသဘောကျကာ ရယ်မောနေသည်။ဤသို့ဖြင့် တာပိုးရွာသားများနှင့် ဦးဖိုးဝေတို့သည် ချက်ပြုတ်ထားသည်များကို စားသောက်ပြီး အိပ်ယာဝင်လိုက်ကြပါလေတော့သည် ။
◾အခန်း (၆)
နံနက်ခင်း အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်သည်။အိပ်တန်းမှ နိုးထလာသော ကျေးငှက်ကလေးများ၏ အသံသည် နံနက် ခင်းအချိန်ခါနှင့် လိုက်ဖက်စွာ ပေါ်ထွက်နေ၏။ထိုအချိန်တွင် ဦးဖိုးဝေ နှင့် ဦးဝဏ္ဏသည် ကျွန်းလှရွာသားများကို သွားခေါ်ရန် အတွက် စီစဉ်နေသည်။လှည်းမောင်းသူများ နှင့်အတူ ဦးဖိုးဝေ နှင့် ဦးဝဏ္ဏတို့သာ လိုက်သွားမည်ဖြစ်ပြီး ကျန်ခဲ့သော ရွာသားများမှာ အိမ်များအတွက် လိုအပ်သော ရေဖြည့်ပေးထားခြင်း နှင့် ထင်းခွေ၍ ထင်းဖြတ်ပေးထားခြင်းများကို ပြုလုပ်ပေးထားရမည် ဖြစ်ပြီး ရွာသားများ သူတို့အိမ်များတွင်သာ နေချင်စိတ် ရှိရန် အထောက်အကူပြုစေမည်ဟု ထင်သောကြောင့် ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။တာပိုးရွာသားများသည် စိတ်သဘော ထား ပြည့်ဝကြပေသည်။ဤသို့ဖြင့် အစီအစဉ်များအားလုံး ဆွဲပြီးသောအခါ ဦးဖိုးဝေနှင့် ဦးဝဏ္ဏတို့ ဦးဆောင်သော လှည်းများ သည် တရွေရွေ့ နှင့် ကျွန်းလှရွာလေးမှ ထွက်လာကာ ဦးစံကွန့် တို့ကယ်ထားသော ရွာသားများအား သွားရောက်ခေါ်ဆောင်လိုက်ကြလေသည် ။
ဦးဖိုးဝေတို့ လှည်းတန်းလေးသည် နေ့လယ်အချိန်အခါတွင် ဦးစံကွန့် နှင့် ကျွန်းလှရွာသားများရှိရာနေရာသို့ ရောက်ရှိလာကြသည်။ဦးဖိုးဝေတို့ ရောက်ရှိလာသည် နှင့် ဦးစံကွန့်သည် ခရီးဦးကြိုပြုလေသည် ။
“ဆရာကြီး လာပြီလား ကျုပ် ရွာသားတွေကို ဖြောင်းဖျထားပါတယ် သူတို့က ရွာမှာပဲ ပြန်နေမယ်တဲ့ “
“ကောင်းတာပေါ့ဗျာ အသက်ကြီးတဲ့သူတွေ နဲ့ ပစ္စည်း၊ပစ္စယ တွေကို လှည်းပေါ်နေရာ ပေးလိုက်ပါ ကိုစံကွန့် “
ဦးစံကွန့်သည် ဦးဖိုးဝေ၏ စကားကို ခေါင်းညိတ်ပြီး အသိအမှတ် ပြုလိုက်ကာ ဦးဖိုးဝေ၏ ဘေးတွင် ရပ်နေသော ဦးဝဏ္ဏအား ကြည့်လိုက်ပြီး
“ကိုဝဏ္ဏ ကျုပ်အမှားတွေအတွက် တောင်းပန်ပါတယ်ဗျာ “
“မလိုပါဘူးဗျာ ကျုပ်တို့လည်း မှားခဲ့ကြဖူးတာပါပဲ နောက် ထပ် မမှားဖို့ပဲ ဆင်ခြင်ကြတာပေါ့ “
ဦးစံကွန့်သည် ဦးဝဏ္ဏ၏ စကားကို အသိအမှတ်ပြု ခေါင်း ညိတ်လိုက်ကာ သူ၏ တပည့်များထံသို့ ရွာသားများအား ကျွန်းလှရွာသို့ ပြန်ပို့မည် အကြောင်းကြားကာ သယ်ပိုးစရာများကို သယ်ပိုးနေကြပါလေတော့သည်။ထို့နောက် ဦးစံကွန့် နှင့် သူ၏ တပည့်များသည် ကျွန်းလှရွာသားများကို လှည်းပေါ်လိုက်ရမည့်သူများ နှင့် လမ်းလျှောက်လိုက်ရမည့် သူများကို စီစဉ်ပေးပြီး ဦးဖိုးဝေ၏ အရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကြလေ၏။ထို့နောက် ဦးစံကွန့်သည်
“ဆရာကြီး ကျုပ်တို့ သာမာန်လူအဖြစ်နဲ့ပဲ နေချင်လို့ ကျုပ်တို့ ရဲ့ ပညာတွေကို ဆရာကြီးဆီမှာ စွန့်ပါရစေ “
“ကိုစံကွန့် စိတ်ကို သေချာ ဆုံးဖြတ်ပြီးပြီ မလို့လား”
“ကျုပ်တို့ အားလုံး ညကတည်းက တိုင်ပင်ထားပါတယ် ဆရာကြီး “
“အင်း ကိုစံကွန့်တို့ လျှောက်မဲ့လမ်းက မှန်ပါတယ် ကဲ ဆုံးဖြတ်ပြီးရင်လည်း လုပ်ငန်းစကြတာပေါ့ ‘
ဦးဖိုးဝေသည် ထိုမျှသာပြောပြီး ဦးစံကွန့်တို့ထံ လက်ဆန့် တန်းလိုက်သောအခါတွင် သူတို့၏ ပါးစပ်များသည် အလို အလျောက် ဟ လာကြပြီး အပေါ်သို့ မျက်နှာကိုမော့ထားကြလေ၏။ထို့နောက် ဟ ထားသော ပါးစပ်များထဲမှ မဲနက်နေသောယင်ကောင်ကြီးများသည် အတန်းလိုက် ထွက်သွားပြီး တောတောင်များဘက်ဆီသို့ ကွေ့ကောက်ကာ ပျံဝဲ သွားကြပါလေတော့သည်။
◾အခန်း (၇)
ကျွန်းလှ ရွာသားများသည်လည်း သူတို့၏ ရွာလေးဆီသို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။သူတို့၏ စိတ်ထဲတွင်တော့ အလောင်းကောင်များနှင့်အတူ မနှစ်မြို့စရာမြင်ကွင်းများပါ မြင်တွေ့ ရလိမ့်မည်ဟု ထင်ထားသော်လည်း ရွာထဲတွင်တော့ ရှင်းလင်းကာ သုံးစရာရေ နှင့် ထင်းပါ အဆင်သင့် ဖြစ်နေ၍ စိတ်ချမ်းသာနေကြသည်။မိသားစုဝင်များကို ဆုံးရှုံးသူများသည်က သူတို့၏ အိမ်လေးကို ရောက်သည်နှင့် ဆုံးရှုံးသွားသော မိသားစုဝင်များကို အောက်မေ့သတိရလာကာ ငိုယိုကြလေသည်။ထိုသူများကို ဦးဖိုးဝေ ဦးဆောင်ပြီး ဦးစံကွန့် နှင့် ဦးဝဏ္ဏတို့မှ နှစ်သိမ့် ပေးနေကြသည်။ထို့နောက် ကျွန်းလှရွာသားများသည် သူတို့၏ ရွာလူကြီးအဖြစ် ဦးစံကွန့်ကို တင်မြှောက်လေ၏။ဦးစံကွန့်သည်လည်း မငြင်းသာ၍ လက်ခံလိုက်ရသည် ။ထို့နောက် ဦးစံကွန့်ပါ တာပိုးရွာသို့ လိုက်ခဲ့ရန် ဦးဖိုးဝေမှ ဖိတ်ခေါ်လေ၏။
“ကိုစံကွန့် တာပိုးရွာကို လိုက်ခဲ့စေချင်တယ်ဗျာ “
“ဘာဖြစ်လို့လဲ ဆရာကြီး “
“ကျုပ်တို့တတွေ တိုင်ပင်ဆွေးနွေးစရာရှိတယ် “
“ဘာတိုင်ပင်မှာလဲ ဆရာကြီး “
“ကျွန်းလှရွာနဲ့ တာပိုးရွာ ရဲ့ ယဇ်ပူဇော်တဲ့ အလေ့အထကို ကျုပ်တားချင်တယ်ဗျာ အဲ့တာ ခင်ဗျားက ကျွန်းလှရွာလူကြီး ဖြစ်ပြီ ဆိုတော့ ကိုဝဏ္ဏတို့ နဲ့ တိုင်ပင် ဆွေးနွေးချင်လို့”
“ဆရာကြီးက ခေါ်တယ်ဆိုတော့ လိုက်ရမှာပေါ့ဗျာ “
ဤသို့ဖြင့် ဦးစံကွန့်သည် တာပိုးရွာသို့ လိုက်ဖြစ်ခဲ့လေသည်။ သူတို့ တာပိုးရွာသို့ ရောက်သောအခါ ရွာထဲရှိ လူကြီးများနှင့် ဆွေးနွေးကြရာ ယာဇ်ပူဇော်ခြင်း အလေ့အထကို တားမြစ်ရန် ဆုံးဖြတ်ကြသောအခါ ရွာမှ နတ်ဆရာများသည် မကျေနပ်ကြပဲ တာပိုးရွာမှ ထွက်ခွာသွားကြသည်။ရွာထဲမှ အသက်ကြီးရင့်သူများမှာ ရွာလူကြီး နှင့် ဦး၀ဏ္ဏ၏ ဆုံးဖြတ်ချက်ကို လုံးဝ ကျေနပ်မှု့ မရှိသော်ငြား ဩဇာတိက္ကမကြီးသူများဖြစ်နေ၍ မပြောဝံ့ပဲ ရှိနေကြသည်။ထို့နောက် ဦးဖိုးဝေသည် ရွာလူကြီး၏ သားဖြစ်သူ သီဟ နှင့် ဦးစံကွန့်တပည့် တယောက်ဖြစ်သော မောင်စာ ဆိုသည့် လူရွယ်နှစ်ယောက်အား သူတို့နှင့် လိုက်ပါစေရန် တောင်းဆိုလေသည် ။
ဤသို့ဖြင့် ဦးဖိုးဝေ နှင့် သူရိယတို့ တာပိုးရွာမှ ပြန်မည့်ရက်သို့ ရောက်လာပြီ ဖြစ်၏။သူတို့နှင့်အတူ လိုက်ပါမည်ဖြစ်ကြသော သီဟ နှင့် မောင်စာသည်လည်း အသင့်ဖြစ်နေပြီ ဖြစ်၏။ထို့နောက် ရွာသားများကို နှုတ်ဆက်ကာ ထွက်လာခဲ့စဉ် သီဟ နှင့် မောင်စာသည် ဦးဖိုးဝေအား ရိုရိုသေသေ မေးမြန်လေသည် ။
“ဆရာကြီး ကျုပ်တို့ကို ဘာဖြစ်လို့ ခေါ်လာတာလဲ “
“အင်း မင်းတို့တတွေက ရွာကို ကောင်းစေချင်တယ်ဆိုတာ သိခဲ့ရတယ် “
“ဗျာ ကျုပ်တို့ နားမလည်ဘူး “
“မင်းတို့တွေက ရွာမှာ နောက်ဆို လမ်းပြသူတွေအဖြစ် ရှိရမယ် အဲ့တာကြောင့် မင်းတို့တတွေ သိသင့် တတ်မြောက်သင့်တာတွေကို သင်ပေးဖို့ ခေါ်လာရတာပဲ မောင်စာကကျွန်းလှရွာ အတွက် မောင်သီဟက တာပိုးရွာအတွက် နောက်တချိန် ကောင်းမွန်တဲ့ ရွာတွေဖြစ်ဖို့ မင်းတို့ သင်စရာရှိတာတွေ သင်ယူပြီးရင် ရွာပြန်ရမယ် ဘယ်လိုလဲ ဦးကြီးပြောတာ သဘောတူလား “
“ဆရာကြီးက ကျုပ်တို့ စိတ်ကို ဖတ်လိုက်တဲ့အတိုင်းပဲဗျာ “
ဦးဖိုးဝေတို့ စကားတပြောပြောနှင့် လမ်းလျှောက်လာကြစဉ် ဦးဖိုးဝေ၏ နဖူးတည့်တည့်သို့ ဒူးလေးမြှားတံ တချောင်းတိုးဝင်လာလေ၏။သို့ပေမဲ့ ဦးဖိုးဝေ၏ နဖူးအား စိုက်ဝင်ခြင်းမရှိပဲ လေပေါ်တွင် ရပ်တန့်နေလေရာ သီဟ နှင့် မောင်စာ အံဩနေလေသည်။ဦးဖိုးဝေသည် မြှားတံကို လက်နှင့် ယူကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး
“ကဲ တို့သွားမဲ့လမ်းကို အနှောက်ယှက်ပေးမဲ့လူတွေကတော့ ပေါ် နေပြီ လူလေးတို့ရေ “
ဦးဖိုးဝေသည် ထိုမျှသာပြောဆိုပြီး သူသွားရမည့်လမ်းကို ဆက်ပြီး လျှောက်လှမ်းနေပါတော့သည်။
◾ဦးဖိုးဝေ နှင့် လမ်းမှန်သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply