ဝါနု

မေမေ”

ဟု ငိုရှိုက်ရင်းပြောလာသည်။မခင်မေ က
အံ့အားသင့်စွာဖြင့်….

“ဘယ်သူလဲသမီးရဲ့…ဘယ်ဘုရားက စိန်ဖူးတော်လဲ”

ဟုပြန်မေးသော်လည်း ဝါနုလေးမှာ ဘာမှမပြောတော့ပဲ ငိုရှိုက်နေတော့သည်။
မခင်မေလည်းသမီးလေးအား ပွေ့ချီကာ
အိမ်ပေါ်သို့ခေါ်ခဲ့ပြီးချော့သိပ်လိုက်သည်။
သူမ၏ စိတ်တို့က အတိတ်အချို့ထံပြန်ရောက်သွားသည်။
သမီးလေးအား မွေးဖွားပြီးချိန်တွင် သူမတို့
ခြံဝင်းနေရာအနှံ့အပြားတွင် မြွေပေါင်းစုံ ရောက်လာသည်။မြေပြင်တွင်လည်းကောင်း
…သစ်ပင်များပေါ်တွင်လည်းကောင်း..
မြွေများကိုတွေ့ကြရသည်။ထိုမြွေများက
လူများကိုတော့အန္တရာယ်မပေး။သူမ ပုခက်တွင်းအိပ်နေစဉ်တွင်လည်း ထိုအတိုင်းပင်။တစ်ခါတစ်ရံ မခင်မေအလုပ်မအားလပ်ချိန်များတွင် ပုခက်အတွင်းမှ ကလေးက အိပ်ရာနိုး၍ ငိုယိုလျှင် ချက်ချင်းသွားမကြည့်နိုင်။
ထိုအချိန်မျိုးတွင် တစ်ကိုယ်လုံးမည်းနက်ပြီး
လူကြီးခြေသလုံးအရွယ်ခန့်ရှိသော တောကြီးမြွေဟောက်တစ်ကောင်က ပါးပြင်းထောင်ကာ ပုခက်ကို ၎င်း၏ ဦးခေါင်းဖြင့်လွှဲပေးနေတတ်သည်။မခင်မေ
ပုခက်အနီးရောက်မှ သူ့အလိုလို အိမ်ပေါ်မှ
ဆင်းကာ ပျောက်ကွယ်သွားတတ်သည်။
အစတော့ မခင်မေ ထိုမြွေများကို ကြောက်သည်။ကြာလာသောအခါ မိမိကို
အန္တရာယ်ပေးမည့်အရိပ်အယောင်မတွေ့ရသောကြောင့် ကြောက်ရွံ့ခြင်းမရှိတော့။
သမီးဖြစ်သူအား ဝါနု ဟု သူမပင်နာမည်ပေးခဲ့သည်။ဝါနုလေးသည်
စကားပြောတတ်ကာစအရွယ်တွင်ပင်
အမြဲတမ်း တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ တစ်ကိုယ်တည်း
စကားပြောပြီး ရယ်မောနေတတ်သည်။

“ဒူ….ဒူ….ဒူ”

ဆိုသော မောင်းထုသံကြောင့် သူမအတွေးများ ပြတ်တောက်သွားသည်။
ရွာလူကြီးအိမ်မှ မောင်းထုလျှင် တစ်စုံတစ်ခု
အကြောင်းရှိရပေမည်။

             *             *             *

ကျောင်းထိုင်ဆရာတော်ကြီးသည် စေတီလေး၏အုတ်ခုံတစ်နေရာတွင်ပုံထားသော သဲတစ်ဆုပ်ခန့်ကို အတန်ကြာစိုက်ကြည့်နေသည်။ဆရာတော်၏ အနောက်ဘက်ဘုရားရင်ပြင်တော်ပေါ်တွင်
ရွာလူကြီးနှင့် ရပ်မိရပ်ဖများအပါအဝင်
ရွာမှ လူအားလုံးနီးပါးက လက်အုပ်ချီရင်း
ထိုင်နေကြသည်။အချိန်ကား ညနေစောင်း
နေပြီ ဖြစ်သည်။ဆရာတော်က အတန်ကြာမှ
အနောက်သို့လှည့်ကာ မိန့်ဆိုသည်။

“အင်း…လောဘသားတွေ…
တယ်လည်းကြောက်ဖို့ကောင်းပါကလားကွယ်…တစ်ဘဝ ကောင်းစားဖို့ကိုသံသရာအဆက်ဆက် ပေးဆပ်ဝံ့တဲ့အထိပါကလား”

လူအုပ်ကြီးထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။

“နေ့ခင်းကြောင်တောင်ကြီး စိန်ဖူးတော်ကို
တက်ခိုးသွားတာတောင် ဘယ်သူမှ မတွေ့ဘူးလားဟဲ့”

“ဟဲ့…သူက သဲတစ်ဆုပ်နဲ့ ကျိန်စာဆိုပြီး
တက္ခိုးတာဟဲ့”

“ဒီက အစောင့်တွေကရော…ဘာမှမလုပ်ကြ
ဘူးလား”

“ငါကြားဖူးတာကတော့ အဲ့လို သဲဆုပ်ပြီး
တက်ခိုးရင် ဘယ်အစောင့်အရှောက်မှ
အနှောင့်အယှက်မပေးနိုင်ဘူးတဲ့…”

“ဘာဖြစ်လို့လဲအေ့”

“အဲ့ဒါတော့….ငါလည်းမသိပါဘူးအေ”

ရွာလူကြီးက ချောင်းဟန့်လိုက်သဖြင့် အသံများတိတ်ဆိတ်သွားသည်။ထိုတော့မှ
ဆရာတော်နှင့် ရွာသူရွာသားများအစည်းအဝေးလုပ်ကြသည်။ဆရာတော်က….

“ကဲလေ….ဖြစ်ပြီးမှတော့ ဘယ်တက်နိုင်မလဲလေ…စိတ်မပူကြပါနဲ့…
စိန်ဖူးတော်အသစ်ကို ပြန်တင်နိုင်မှာပါ”

ထိုသို့သာ မိန့်ဆိုပြီး ကျောင်းတိုက်ရှိရာသို့
ပြန်ကြွသွားတော့သည်။အမှန်ပင်….
သူတို့ရွာမှ စေတီအတွက်စိန်ဖူးတော်အသစ်တင်လှူရန်
အလှူခံထွက်ရာတွင် အနီးအပါးရွာများမှ
တက်အားသရွေ့အလှူငွေများထည့်ကြသည်။ဆရာတော်ကြီး၏ကျောင်းသို့လည်း ဘယ်အရပ်က လာမှန်းမသိသော သူစိမ်းဧည့်သည်များ ရောက်လာကာ သူတို့ဝတ်ဆင်လာသော ဆွဲကြိုး လက်ကောက် လက်စွပ် နားကပ်တို့ကို လှူသွားကြသည်။ရွာသူရွာသား ရပ်မိရပ်ဖများက ထူးဆန်းနေသဖြင့် ထိုအချင်းအရာကို ဆရာတော်အား
မေးလျှောက်ကြရာ ဆရာတော်ကြီးက
မည်သို့မျှမမိန့်ဆိုပဲ ပြုံး၍သာ နေတော်မူသည်။စိန်ဖူးတော်တင်သည့်နေ၌လည်း သူစိမ်းဧည့်သည်များ လာရောက်ကြသည်မှာ ကြက်ပျံမကျအောင်
စည်ကားခဲ့သည်။

(မှတ်ချက်။ ဤနေရာတွင် သဲတစ်ဆုပ်ဖြင့် စိန်ဖူးတော်
တက်ခိုးခြင်းအကြောင်းကို တက်သိသရွေ့မျှဝေလိုပါသည်။ထိုတက်ခိုးမည့် သူသည် သဲတစ်ဆုပ်အားကိုင်ကာ ဤသဲပွင့်အရေအတွက်အတိုင်း နောက်နောင်ဖြစ်လတ္တံ့သောဘဝများတွင်
အပ္ပါယ်…ဒုက္ခဆင်းရဲ ကျခံပါမည်ဟု ကျိန်ဆိုရသည်။ထိုသို့ကျိန်ဆိုပြီး တက်ခိုးလျှင် အခြားသူများ သူ့ကိုမတွေ့နိုင်။အစောင့်အရှောက်များကလည်း ထိုသူကိုမနှောင့်ယှက် မတားဆီးနိုင်ပါ။
ထိုသို့တားဆီးနှောင့်ယှက်လျှင် ထိုသူခံရမည့်
ကျိန်စာကို ထိုနှောင့်ယှက်သော သူကခံရသည်ဟုမှတ်သားဖူးပါသည်။
#စာရေးသူ)

             *             *            *

“ကဲပါလေ…အကြောင်းသိတွေပဲဆိုတော့
ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ပါဘူးလေ…နင်တို့လည်းသိတာပဲ…နင်တို့သမီးနဲ့
ငါ့သားနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေ…ပြီးတော့ မြို့ကျောင်းမှာ ဆယ်တန်းသွားတက်တော့လည်း အတူတူပဲ…သူတို့ကြားမှာလည်း သံယောဇဉ်က ရှိနေပြီပဲ…ငါ့သားကလည်း
နင်တို့သမီးကို တောင်းပေးဖို့ပဲ ပူဆာနေလို့ဟေ့…ငါတို့ကလည်း ဝါနုလေးနဲ့ဆို ဘာမှပြောစရာမလိုဘူးလေ…
ကဲ…နင်တို့သဘောကရော”

ရွာလူကြီး ဦးစံတင်က သူ့ဝတီအတိုင်း ပွင့်ပွင့်လင်းလင်းပြောလာသည်။မခင်မေ ဘာပြန်ပြောရမှန်းမသိ…။ဘေးနားမှ ခင်ပွန်းဖြစ်သူအား လှည့်ကြည့်လိုက်ရာ
မသိမသာ ခေါင်းဆက်ပြသဖြင့်….

“ကျမတို့ဘက်ကလည်း ဦးစံတင်သားလေးနဲ့
ဆို ဘာမှပြောစရာမလိုပါဘူး…ဒါပေမယ့်
သမီးလေးက…”

သူမဘာမှဆက်မပြောနိုင်ခင်မှာပင်…

“ဟုတ်ပါတယ်လေ…ကာယကံရှင်ရဲ့ဆန္ဒက
အရေးကြီးတာပေါ့…နင်တို့သမီးကို နင်တို့ပဲ
ပြောပေးထား…နောက်မှ ငါတို့ပြန်လာမယ်”

ပြောပြောဆိုဆိုဖြင့် ဦးစံတင် နှင့် ရပ်မိရပ်ဖအချို့ ထပြန်သွားသည်။ဦးစံတင်၏ သားဖြစ်သူ
ထက်ပိုင် က ဝါနုလေးအား တွေ့လိုတွေ့ငြား
အိမ်အတွင်း ဝေ့ဝဲကြည့်လိုက်သည်။
သို့သော်….ဝါနုကိုမတွေ့။သူ နှင့် ဝါနုက ငယ်စဉ်ကတည်းက စကားဖော်ကစားဖက်။
သက်တူရွယ်တူများဖြစ်သဖြင့်လည်း အတွဲညီခဲ့ကြသည်။ဝါနုအား ရန်ရှာသောသူသည် သူ့ရန်သူ။ဝါနုရှေ့တွင်
ရပ်တည်ပေးခဲ့သည်မှာ ငယ်စဉ်ကျောင်းနေကတည်းက။မြို့ကျောင်းတွင် ကိုးတန်း ဆယ်တန်း တက်တော့လည်း
သူသည် ဝါနု၏ ကိ်ုယ်ရံတော်ကောင်းတစ်ယောက်ဖြစ်ခဲ့ရသည်။ဝါနုသည် တောသူဆိုသော်လည်း မြို့သူများပင်လိုက်မမီနိုင်သော ရုပ်ရည်နှင့်
ကိုယ်လုံးကိုယ်ပေါက်ရှိသည်။တစ်ဆယ့်ခြောက်နှစ်အရွယ် အပျိုဖော်ဝင်စတွင် လှချင်တိုင်းလှနေသော ဝါနုအား ချူလိုသူများရန်မှ ကာကွယ်ပေးရသည့် ကိုယ်ရံတော်တာဝန်ကို သူထမ်းဆောင်ခဲ့သည်။ငယ်ငယ်က သံယောဇဉ် ကဖြူစင်သော်လည်း ယခုမူ
သူ…ဝါနုအား သူငယ်ချင်းထက်ပိုကာ ချစ်မိနေပြီ။ဝါနုကလည်း သူ့အား ငြင်းပယ်မည့်အရိပ်အယောင်မတွေ့ရ။ထို့ကြောင့်လည်း ဆယ်တန်းဖြေပြီး၍ ရွာသို့
ပြန်ရောက်သည်နှင့် ဝါနုအား လိုက်တောင်းပေးပြီး စေ့စပ်ပေးရန် သူ့မိဘများအား ပူဆာခဲ့ခြင်းဖြစ်သည်။
ဧည့်သည်များ ပြန်သွားသောအခါ မခင်မေလည်း သမီးဖြစ်သူ၏ အခန်းထဲသို့
ဝင်သွားလိုက်သည်။သမီးလေး ဝါနုသည်
ကုတင်ပေါ်တွင် ငေးငိုင်၍ထိုင်နေသည်။
မခင်မေက သူမဘေးတွင် ဝင်ထိုင်လိုက်ရင်း
ပြောလိုက်သည်။

“သမီး အပြင်မှာပြောနေတာ ကြားတယ်မို့လားဟင်”

ဝါနုကဘာမှမပြောပဲ ခေါင်းကိုသာ ညိတ်ပြသည်။

“သမီးသဘောကရော ဘယ်လိုလဲ”

ဝါနုဘာမှမပြောပဲ မျက်ရည်များသာ စီးကျလာသည်။မခင်မေ သက်ပြင်းချကာ…

“သမီး သူ့ကိုမချစ်ဘူးဆိုရင် အမေတို့ အတင်းအကြပ်မစီစဉ်ပါဘူးကွယ်”

ဟုပြောလိုက်သည်။ဝါနုထံမှ တိုးညှင်းသော
အသံထွက်လာသည်။

“ဘယ်လိုမှ မဖြစ်နိုင်လို့ပါအမေရယ်”

            *                *              *
အချိန်ကား ညနေ ငါးနာရီခွဲခန့်။
ဦးထွန်းတင် ကွမ်းယာခုံကို ပုခုံးတစ်ဖက်တွင်
တင်၍ထမ်းလာကာ အခြားလက်တစ်ဖက်က ကွမ်းရွက် ကွမ်းသီး
နှင့် ကွမ်းစားဆေးများထည့်ထားသော အိတ်မည်းကြီးကိုဆွဲကာ စေတီလေးရှိရာ တောင်ပေါ်သို့တက်လာသည်။သူတို့ရွာ ဘုရားပွဲက ယနေ့ညစတော့မည်။ပုံမှန်ဆို သူက ရွာထိပ်ရှိကားဂိတ်တွင်
ကွမ်းယာရောင်းသူ။ဘုရားပွဲဖြစ်လျှင်တော့
သူသည် ပွဲခင်းထဲတွင် ရောင်းချသည်။
ကွမ်းယာခုံကတစ်ဖက်…အိတ်မည်းကြီးက
တစ်ဖက်ဖြင့် တောင်ပေါ်တက်ရသည်မှာ
ကိုးလိုးကန့်လန့်နိုင်လှသည်။တောင်ပေါ်ရောက်ခါနီးတွင် သူ၏ဘေးမှ မိန်းမပျို နှစ်ဦး
ဖြတ်သွားသည်ကိုတွေ့ရသဖြင့် လှမ်းမေးလိုက်သည်။

“ဝါနုပါလား…ဘုရားပန်းလာကပ်တာလား”

အဝါနုရောင်ဝမ်းဆက်ဝတ်ဆင်ထားသော မိန်းမချောလေးက ဘာမှမပြောပဲ ခေါင်းသာ
ညိတ်ပြပြီး တောင်အောက်ဘက်သို့ဆင်းသွားသည်။
သူလည်း တောင်ပေါ်သို့တက်ကာ ပွဲခင်းထဲမှ
သူစျေးရောင်းရမည့်နေရာတွင် ကွမ်းယာခုံကိုချကာ ပြင်ဆင်နေရင်း ပြန်စဉ်းစားမိသွားသည်။

“ဟင်….ဝါနု…ဝါနုက သေသွားပြီလေ…
ဟုတ်တယ်…လွန်ခဲ့တဲ့ နှစ်လကမှ အပြင်းဖျားပြီးသေသွားတာပဲ…ဒါဆို…စောစောက ငါတွေ့တာက…ဘုရားရေ”

အတွေးနှင့်အတူ သူ့တစ်ကိုယ်လုံး ကြက်သီးထသွားမိသည်။ဟုတ်ပါသည်…
ဝါနု သည် ရွာလူကြီး ဦးစံတင်၏သား…
ထက်ပိုင် နှင့် စေ့စပ်ရန်စီစဉ်နေစဉ်အတောအတွင်းမှာပင်
အပြင်းဖျား၍ သေဆုံးသွားခဲ့လေပြီ။
သူမအဖျားတက်ချိန်တွင်…

“အမတော်…ညီမတော်ကိုလာခေါ်တာလား….ညီမတော်မလိုက်ချင်သေးဘူး…အကိုတော်
ကူပြောပေးပါဦး”

ဟု တစ်နေရာကိုကြည့်ကာ ကယောင်ကတန်းပြောနေတတ်သည်။ငါးရက်ခန့်အပြင်းဖျားပြီး သူမ သေဆုံးသွားခဲ့ရသည်။ထက်ပိုင်မှာ အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။သူမ၏မိဘဆွေမျိုးများအပါအဝင် တစ်ရွာလုံးက ဝမ်းနည်းကြေကွဲခဲ့ရသည်။ဝါနု သေဆုံးပြီးနောက် ထူးဆန်းမှုတစ်ခုထပ်ဖြစ်ခဲ့သေးသည်။သူတို့
ရွာမှနေ၍ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်နေသော
ဝါနုနှင့်တစ်နေ့တစ်ရက်တည်းမွေးသော
ဝါနု၏သူငယ်ချင်းဖြစ်သူ
နှင်းမြ ၏အဒေါ်က ရွာရှိတယ်လီဖုန်း ထောင်ထားသောအိမ်သို့ ဖုန်းဆက်၍ပြောလာသည်။နှင်းမြ၏မိခင်က
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ညီမဖြစ်သူက ပြောသည်။

“အမရေ…အမသမီးနှင်းမြ ခုတလော ဘာဖြစ်နေလဲမသိဘူး…ရွာပြန်မယ်ပဲ ပြောနေတယ်…ပြီးတော့ ဒီအနားမှာ ရှိတဲ့
ဘုန်းကြီးကျောင်းကို တစ်ယောက်တည်း
နေ့တိုင်းသွားပြီးထိုင်နေတတ်တယ်…သွားရင်လည်း အစိမ်းရောင်ဝမ်းဆက်ဝတ်ပြီးသွားတယ်…
ပြီးတော့…သူကပြောတယ်…သူ့သူငယ်ချင်း
ဝါနုက သူ့ကိုလာခေါ်နေတယ်တဲ့…သူလည်း
ဘဝဟောင်းကို ပြန်သွားရတော့မယ်တဲ့…
အမတို့ သူငယ်ငယ်တုန်းက သိုက်ကြိုးဖြတ်ထားတာ သေချာရဲ့လား”

“ဖြတ်ထားပါတယ်ဟဲ့…ဒီလိုလိုက်သွားနေရင် မကောင်းဘူး…ဘာပဲဖြစ်ဖြစ် ဒီကို ပြန်ခေါ်ခဲ့…ဒီရောက်မှ ပိုသေချာအောင် ဆရာပင့်ပြီး သိုက်ကြိုးထပ်ဖြတ်ခိုင်းမယ်”

နှင်းမြ ၏အဒေါ်က ချက်ချင်းပင် ကားစီစဉ်ကာ ထိုင်းမှ မြန်မာပြည်သို့ပြန်ခဲ့သည်။သို့သော်…
သူတို့ရွာနားအရောက်တွင် နှင်းမြတို့စီးလာသော ကားမှာ ချောက်ထဲကျပြီး တိမ်းမှောက်ကာ နှင်းမြမှာ
ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ထူးဆန်းသည်မှာ နှင်းမြအဒေါ်အပါအဝင် ကျန်လူများက မသေဆုံးပဲ ဒါဏ်ရာအနည်းငယ်သာ
ရရှိခဲ့ကြသည်။ဦးထွန်းတင် အတိတ်ကို တွေးနေရင်းမှ ကြက်သီးများထသွားမိပြန်သည်။ထို့နောက်..စောစောက နှင်းမြဆင်းသွားသော တောင်ကြောဘက်သို့
ခြေသွက်သွက်လှမ်းကာ လိုက်သွားမိသည်။
အတန်ကြာတော့မှ သူ့ရှေ့မှ အုတ်ဂူဖြူဖြူ
တစ်လုံးကိုတွေ့လိုက်ရသည်။ထိုအုတ်ဂူတွင်
ရေးထိုးထားသည်က….

“မဝါနု….အသက် (၁၆)နှစ်”

ဟုတ်ပါသည်…ဝါနုလေးမသေခင်ပြောသွားသောဆန္ဒအတိုင်း သူမ၏အုတ်ဂူလေးအား
စေတီကလေး၏မနီးမဝေး တောင်စောင်းတစ်နေရာတွင် ပြုလုပ်ပေးထားသည်။
ထိုအုတ်ဂူပေါ်တွင် စကားဝါပန်းများ တင်ထားသည်။အုတ်ဂူဘေးတွင် လူရွယ်တစ်ဦးက ကျောက်ရုပ်ပမာ ရပ်နေသည်။ထိုလူငယ်လေးသည် ယခုကဲ့သို့ပင် ဝါနု၏ အုတ်ဂူထံသို့နေ့စဉ်
ရောက်လာကာ စကားဝါပန်း…စံပယ်
နှင်းဆီ…အစရှိသောပန်းများလာရောက်တင်ပေးနေကျပင်။

“တစ်နေ့ကျရင် ငါလည်းနင့်ဆီလိုက်ခဲ့မှာပါ
သူငယ်ချင်းလေးရယ်”

လူငယ်လေးထံမှ စကားသံသဲ့သဲ့ထွက်ပေါ်
လာသည်။ထိုလူငယ်လေးသည်ကား….
မိန်းမချောလေးဝါနုအား ရင်နင့်အောင်ချစ်မိခဲ့ရှာလေသော

ထက်ပိုင်ဖြစ်ကြောင်း ဖေါ်ပြရန် မလိုတော့ဟု ထင်ပါသည်။

ပြီးပါပြီ….

စာဖတ်သူများအားအစဉ်လေးစားလျက်…