အဖော်မက်သောမှင်စာကလေး

သို့ရောက်လာသည့်ပေတိုးလည်း
ဟိုကြည့်ဒီကြည့်ဖြင့် မည်သ်ို့ကစားရမည်လဲဟု
စဥ်းစားနေခဲ့သည်။
ပြီးလေမှ ညောင်ပင်အောက်၌ ငှက်တို့စားသုံးထားသော
သစ်သီးစေ့များကိုလိုက်လိုက်ကောက်ယူပြီး
ဆော့ကစားနေတော့၏။
အချိန်အတော်ကြာပေတိုးဆော့ကစားနေချိန်၌…

“ဝှစ်……..”

သစ်သီးစေ့တစ်ခုသည် ပေတိုး၏ကျောဆီသို့ထိမှန်လာခဲ့သည်။
ပေတိုးလည်းနောက်သို့လှည့်ကြည့်သော်လည်းမည်သူမှမရှိ၍
ပြန်လည်ဆော့ကစားနေသောအခါထပ်မံ၍…

“ဝှစ်…”

သစ်သီးစေ့ဖြင့်အပေါက်ခံရပြန်လေတော့ ပေတိုးလည်းအပင်ပေါ် ကိုမော့ကြည့်လိုက် ၊ဘေးကိုကြည့်လိုက်ဖြင့်အလုပ်ရှုပ်သွားတော့သည်။
မည်သူ့ကိုမှရှာမတွေ့၍ ပေတိုးစိတ်အတွင်း၌
မိခင်ပြောပြတတ်သော သရဲပေလားဟုတွေးရင်း
ထိတ်လန့်လာခဲ့လေသည်။
ထိုစဥွ…

“ဟိတ်……”

ဟုသောအသံကို သူ၏နောက်ကျောဘက်ဆီမှ
ကြားလိုက်ရလေသည်။
ပေတိုးကြောက်နေမိသည်။
နောက်ကျောဘက်ဆီသို့ဖြေးဖြေးလေး လှည့်ကြည့်မိတော့
သူ၏အရပ်ထက်ပုသော မျက်လုံးပြူးပြူးဖြင့်
ကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။

“ဟင်…မင်းကဘယ်သူလဲ”

ဟု…ပေတိုးမေးလိုက်မိတော့…

“ငါတို့အတူတူကစားကြရအောင်”

ဟု…ထိုကလေးငယ်ကပြောလေသည်။
အဆော့မက်သော ပေတိုးလည်း ကလေးငယ်၏စကားကြောင့်
ခေါင်းညိတ်လက်ခံလိုက်သည်။

“လာညီလေး…ဒီနားကိုလာ”

“ဟဲ့ကောင်ငါကမင်းထက်ကြီးတယ်ကွ…
ငါ့ကိုညီလေးလို့မခေါ်နဲ့…….”

“ဟေ…ဟုတ်လို့လား…ငါ့ထက်မင်းကငယ်မယ်ထင်နေတာ”

“မင်းကိုပြောလည်းသိမှာမဟုတ်ပါဘူးကွာ…
ဒါထက်မင်းနာမည်ကဘယ်လိုခေါ်တုန်း”

“ငါ့နာမည်ကပေတိုးကွ…..”

“အေး…ပေတိုး တို့တွေနေ့တိုင်းအတူဆော့လို့ရလား”

“နေ့တိုင်း…မင်းကဆော့ချင်လို့လား”

“အေး…ငါကလည်းအမေတို့ကအခြားနေရာတွေသွားသွားနေကြတော့ပျင်းတယ်ကွ…မင်းနဲ့အတူဆော့ချင်တယ်”

“ဒါဆို ငါ့အဖေဆီကိုထမင်းလာပို့တိုင်းငါလိုက်ခဲ့မယ်လေ…
ဒါဆိုမင်းနဲ့အတူတူဆော့လို့ရတာပေါ့ကွ”

“တကယ်နော်…ပေတိုး”

“တကယ်ပါကွ…ဒါထက်မင်းနာမည်ကဘယ်သူတုန်း…
မင်းအိမ်ကရော ဘယ်နားမှာလဲ”

“ငါ့နာမည်…ငါ့နာမည်ကိုပြူးကျယ်လို့ခေါ်ကွာ…
တို့အိမ်ကဟိုတောစပ်နားမှာပေတိုးရ”

“ဟင်..အဲ့တောစပ်မှာအိမ်ရှိလို့လားကွာ…”

“ရှုးးးး…ငါပြောမယ်ပေတိုး…မင်းငါနဲ့နေ့တိုင်းအတူတူဆော့ချင်ရင်ငါ့အကြောင်းသူများကိုမပြောနဲ့ကွ…
ဒါမှမင်းနဲ့နေ့တိုင်းအတူတူဆော့လို့ရမှာ……”

ပြူးကျယ်၏စကားကြောင့် ပေတိုးစဥ်းစားနေသည်။
ပြီးလေမှအဖော်မက်ရှာသော ပေတိုးလည်း
ခေါင်းကိုညိတ်၍…

“အေး…စိတ်ချပြူးကျယ်ငါဘယ်သူ့မှမပြောဘူး”

ထိုနေ့က ပေတိုးနှင့်ပြူးကျယ်တို့အတူတူဆော့ကစားကြသည်။
နေစောင်းလေတော့ ပေတိုးမိဘများလယ်တောမှပြန်ကြမည်မို့
သားဖြစ်သူပေတိုးအား…

“ပေတိုးရေ…ပြန်ကြစို့ငါ့သား”

ဟုလှမ်းကာခေါ်လေတော့ ပေတိုးလည်း
ပြူးကျယ်ကိုနှုတ်ဆက်ဖို့ရှာလေတော့
ပြူးကျယ်အားမတွေ့တော့ပေ။
ပြူးကျယ်ကိုရှာမတွေ့တော့၍ ပေတိုးလည်းစိတ်အလိုမကျစွာ
မိဘနှစ်ပါးနှင့်အတူအိမ်သို့ပြန်လိုက်လာခဲ့ရသည်။

နောက်တစ်နေ့၌ မိခင်ဖြစ်သူလယ်တောသို့ထမင်းပို့မည့်အချိန်ကိုသာ ပေတိုးစောင့်မျှော်နေရှာသည်။

“အမေ…အဖေ့ဆီမသွားသေးဘူးလား”

“ခဏနေသွားမှာလေ…ဘာလဲနေခဲ့ချင်ပြန်တာလား…
ဒါဆိုတောင်ဘက်ဝိုင်းက သာထူးတို့နဲ့ဆော့နေခဲ့…
အမေတို့နေစောင်းရင်ပြန်လာခဲ့မယ်…”

မိခင်ဖြစ်သူဒေါ်ပန်းချစ်၏စကားကြောင့်ပေတိုးမှာ
ပြာပြာသလဲပင်…

“မဟုတ်ပါဘူးဗျာ…ဒီတစ်ခေါက်ကျုပ်လိုက်ခဲ့မလို့ပါ
အမေကလည်း…”

“အမယ်…ထူးထူးဆန်းဆန်းပါလားပေတိုးရဲ့…
ခါတိုင်းဆိုရင်နေခဲ့ချင်တယ်ကြီးပဲပြောနေတာ…
အခုမှဘယ်လိုဖြစ်ရတာတုန်း”

မိခင်ဒေါ်ပန်းချစ်၏စကားကြောင့်ပေတိုးပြောဖို့ခက်သွားသည်။
ပြီးလေမှအကြံပေါ်လာ၍…

“ဟို…ကျုပ်ဒီအိမ်မှာထက်
ညောင်ပင်အောက်မှာဆော့ရတာပိုကြိုက်လို့ပါအမေရာ…”

“အေးပါ…အေးပါ…ဒါဆိုလည်းလိုက်ခဲ့…
ဟိုရောက်ရင်တစ်ယောက်ထဲဂျွမ်းပြန်အောင်
မဆော့နဲ့နော်ပေတိုး…အမေတို့က ကိုယ့်အလုပ်နဲ့ကိုယ်
မင်းကိုကြည့်နိုင်မှာမဟုတ်ဘူး”

“ဟုတ်ကဲ့ပါအမေရာ……..”

ထိုသို့ဖြင့်ပေတိုးလယ်တောသို့လိုက်လာခဲ့သည်။
မိဘများနှင့်အတူထမင်းစားသည်ကိုပင်
ခပ်သွက်သွက်စားလိုက်ပြီး…

“ကျုပ်သွားဆော့တော့မယ်……..”

ဟုဆိုကာပြေးထွက်သွားလေတော့…

“ဟဲ့ပေတိုး…ထမင်းသေချာမစားဘဲ….အဆော့မက်နေလိုက်
နင်တော့လား”

ဟု…ဒေါ်ပန်းချစ်မှငေါက်လိုက်သော်လည်း ပေတိုးသည်
အနောက်သို့ပင်လှည့်မကြည့်တော့။
ထိုအခါ ဦးကုလားကပင်…

“ကလေးပဲကွာ…သူ့သဘာဝအတိုင်းဆော့ချင်ရှာမှာပေါ့…
နေပါစေ”

“တော်အဲ့သည်လိုအလိုလိုက်နေလို့ ဒင်းကပြောမရနေတာ…”

ဒေါ်ပန်းချစ်ဒေါသသည်ယောကျာ်းဖြစ်သူဦးကုလားထံသို့
ရောက်လာလေတော့ ဦးကုလားလည်းမည်သည့်
စကားမှထပ်မပြောတော့ပေ။
ညောင်ပင်အောက်သို့ရောက်လာလေတော့
ပြူးကျယ်အားရှာဖွေတော့သည်။
သို့သော်ပြူးကျယ်မှာရောက်မလာ​သေးပေ။
ပေတိုးတစ်ယောက်ထဲ
စိတ်ပျက်လက်ပျက်ဖြင့်ဆော့ကစားနေလေရာ…

“ဟ…ပေတိုး မင်းကငါမပါဘဲဆော့နေပြီလားကွ”

ဟုသောအသံကြောင့်ပေတိုးနောက်သို့လှည့်ကြည့်လိုက်သည်။
ပေတိုးတွေ့လိုက်သည်က ပြူးကျယ်ဖြစ်နေ၍
ပေတိုးဝမ်းသာသွားလေသည်။

“မဟုတ်ပါဘူးကွာ…ငါကမင်းမလာတော့ဘူးထင်ပြီး
စိတ်ပျက်နေတာကွ…မင်းကလည်းဘာလို့ကြာနေတာလည်း”

ပေတိုးစကားကြောင့်ပြူးကျယ်သည်
ပေတိုးအနီးဝင်ထိုင်လိုက်ပြီး…

“ငါ့အမေ အပြင်မသွားသေးလို့ကွ…
သူထွက်သွားမှငါမင်းဆီလာရဲတာပေတိုးရ”

“ဟင်…အဲ့သည်လိုလား…ကဲမင်းရောက်လာပြီဆိုတော့
တို့ဘာတိုင်းကစားကြမလဲ”

“အင်း…မင်းကပြေးငါကလိုက်ဖမ်းမယ်ကွာ…
မင်းကိုမိရင်တော့ငါပြေးမယ်မင်းလိုက်ဖမ်း”

“အေး…ဆော့မယ်ကွာ….”

ပေတိုးနဲ့ပြူးကျယ်တို့ဆော့ကစားကြလေပြီ။
ပေတိုးတစ်ယောက်ကတော့ ခဏခဏပြူးကျယ်နောက်ကို
ပြေးလိုက်နေရ၏။
ညောင်ပင်ကြီးကိုပတ်၍ပြေးလိုက်လွှားလိုက်ဆော့ကစားနေကြရင်း ပေတိုးမောဟိုက်လာလေသည်။

“တော်ပြီ…ငါမောနေပြီ ပြူးကျယ်….”

“မောရင်လည်းနားဦးကွာ”

ပေတိုးမိမိမှာချွေးများရွဲ၍မောဟိုက်နေသော်လည်း
ပြူးကျယ်မှာက ချွေးတစ်စက်ပင်မထွက်သည်ကိုတွေ့ရလေတော့…

“ပြူးကျယ်…မင်းကျဘာလို့မမောတာလဲ”

ဟုမေးလေတော့ ပြူးကျယ်သည်.ပေတိုးကို
ပြုံးကြည့်၍…

“ဒါကငါကအမောခံနိုင်လို့ပေါ့ကွာ”

“ဟုတ်လို့လား…မင်းကြည့်ရတာငါလိုက်တိုင်းလည်း
ပြေးလိုက်တာလွှားခနဲပဲ ငါ့မှာတော့မင်းနောက်ကို
အမောစို့မတတ်လိုက်နေရတာ…”

“ငါပြောသားပဲကွာ…ငါကအမောခံနိုင်ပါတယ်ဆို…”

ပေတိုးတစ်ယောက်ပြူးကျယ်ကိုကြည့်၍…

“ပြူးကျယ်…မင်းက ငါ့အမေညတိုင်းပြောပြောနေတဲ့
ပုံပြင်ထဲကလိုသရဲများလား”

“ဟေ…သရဲ…ဟုတ်လား…ဟားးဟားးဟားးဟားးး…”

ပေတိုး၏အမေးကြောင့်ပြူးကျယ်မှာ
ဟားတိုက်ရယ်မောလေသည်။
ပြီးလေမှ…

“ပေတိုး…မင်းကငါနဲ့မဆော့ချင်လို့လားကွ”

“မဟုတ်ပါဘူးကွာ…ဆော့ချင်တာပေါ့”

“အေး…ဆော့ချင်ရင်မမေးနဲ့ကွာ…ဟုတ်ပြီလား”

ပြူးကျယ်စကားကြောင့်ပေတ်ိုးခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တော့သူတို့နှစ်ဦး ညောင်ပင်အောက်၌ထိုင်ကာ
ကျောက်ခဲလေးများကိုပစ်ရင်းဆော့ကစားကြတော့သည်။

အချိန်ကြာလာတော့ပေတိုးနှင့်ပြူးကျယ်တို့မှာ
တစ်ယောက်နှင့်တစ်​ယောက်ပိုမိုခင်တွယ်လာကြတော့၏။
ပေတိုးလယ်တောသို့မသွားဖြစ်သည့်ရက်များ၌
ညရောက်လျှင်ပေတိုးတစ်​ယောက် ပြူးကျယ်ကို
အိမ်မက်မက်လေသည်။
အိမ်မက်ထဲ၌ ပြူးကျယ်သည် ပေတ်ိုးမလာ၍
သူပျင်းကြောင်းများကိုတဖွဖွပြောနေခဲ့၏။
ပေတိုး၏မိဘများမှာလည်းလယ်တော၌
အလုပ်ပြီးသွားပြီမို့ ပေတိုးတစ်ယောက်
လယ်တောသို့မသွားရရှာပေ။
သူငယ်ချင်းဖြစ်သော ပြူးကျယ်ကိုလည်းပေတိုးသတိရနေ၏။
သို့သော်လည်း ရွာအပြင်ရှိလယ်တောကိုသူတစ်ယောက်ထဲလည်းမသွားရဲပေ။

တစ်ည၌…

“ပေတိုး……”

“ဟင်..ပြူးကျယ်…”

“မင်းငါ့ဆီဘာလို့မလာတော့တာလည်းပေတိုး”

“ငါ့အဖေတို့ကလယ်တောမဆင်းတော့ဘူးကွ…
ဒါကြောင့်ငါလာလို့မရတာ”

“မင်းငါ့ဆီမလာတော့ ငါကပဲမင်းဆီလာနေရတာပေတိုး…
အခုမင်းငါနဲ့လိုက်ခဲ့တော့…ငါတို့အတူတူဆော့ကြမယ်…
လာပေတိုးသွားရအောင်…လာ….”

ပြူးကျယ်သည်ပေတိုး၏လက်ကိုအတင်းဆွဲ၍ခေါ်တော့၏။
​ပေတိုးမှာတော့ မိဘများသိလျှင်အရိုက်ခံရမည်ကိုတွေး၍…

“ဟင့်အင်း…ငါမလိုက်ဘူးပြူးကျယ်…ငါမလိုက်ဘူး”

ဟု…ရုန်းကန်ကာငြင်းဆန်ရှာသည်။
သို့သော် ပြူးကျယ်သည် အားသန်လွန်းလှ၏။
ထိုမျှမကသေး ပြူးကျယ်သည်အလွန်ဒေါသထွက်နေဟန်ဖြင့်
သူအား မျက်တောင့်နီကြီးဖြင့်ကြည့်၍…

“ငါကတော့ခင်လိုက်ရတာ ပေတိုးရာ…
လာပါကွာ…ငါနဲ့အတူတူလိုက်ခဲ့စမ်းပါ……….”

ဟု…အတင်းဆွဲကာခေါ်ပြန်သည်။
ပေတိုးကလည်းရုန်းကန်၍…

“ငါမလိုက်ဘူး…ငါမလိုက်ဘူး…ငါ့အမေသိရင်ရိုက်မှာ…
ငါမလိုက်ဘူး”

ပေတိုး၏အသံကြောင့်ပြူးကျယ်မှာပို၍ဒေါသထွက်နေခဲ့သည်။
ပေတိုးကြည့်နေရင်းမှပြူးကျယ်၏ ပုံပန်းသဏ္ဌာန်သည်
ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။
မျက်နှာကြီးနီမြန်း၍ ခေါင်းကြီးမှာလည်းသာမာန်ထက်ပိုကာ
ကြီးလာ၏။
ခန္ဓာကိုယ်၌လည်းအမွှေးနီနီကြီးတို့ထွက်ပေါ်လာသောအခါ….

“အားးးးးးးအမရေ….သားကိုကယပွါဦး….အားးးးး”

ပေတိုး၏အသံတို့သည်ဆူညံစွာထွက်ပေါ်လာ၍
အိပ်ပျော်နေသော ဒေါ်ပန်းချစ်နှင့်ဦးကုလားတို့လည်း
လန့်နိုးလာကြပြီး…

“သား…ပေတိုး….သား….”

“ဟာ…ငါ့သားချွေးတွေလည်းထွက်နေတာပါလား…
သားပေတိုးရေ…သား…..”

မိဘတွေလှုပ်နိုးသံကြောင့်ပေတိုးအိမ်မက်မှနိုးလာခဲ့ရှာသည်။
နိုးလာပါသော်လည်း ပြူးကျယ်၏ပုံပန်းသဏ္ဌာန်ကြီးကို
မြင်ယောင်ပြီး….

“သားကြောက်တယ်အမေ…သားကြောက်တယ်…
အီးးးးဟီးးးဟီးးးးးးးးးးးးးးး”

ဟုငိုချတော့သည်။

“သား…အိမ်မက်ဆိုးတွေမက်နေတာလား…
ဖွ…ဖွ…ဖွ…အမေတို့ရှိတယ်နော်သား…ဖွဟဲ့…….”

ဟုပြောရင်းဒေါ်ပန်းချစ်သည် သားဖြစ်သူအားကျောလေးပုတ်၍ချော့မြူပေးရှာ၏။
နောက်တစ်ရက်မှာ​တော့ပေတိုးအဖျားကြီးတော့လေသည်။
အဖျားကြီးယုံတင်မကသေး နှူတ်မှလည်း
ငါမလိုက်ဘူး….ငါမလိုက်ဘူး…ဟုအော်ဟစ်နေသောအခါ၌…

“ကဲ…ကျုပ်ကတော့ဆေးတိုက်ကုသပေးထားတယ်…
ဒါပေမယ့်ခင်ဗျားတို့ကလေးကြည့်ရတာ
အမှောင့်ပရောကလည်းပါနေပုံရတယ်ဗျ”

ဟု…ဆေးဆရာကပြောလေတော့ ဒေါ်ပန်းချစ်နှင့်ဦးကုလားတို့မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍…

“ဒါဆိုကျုပ်တို့သားလေးသက်သာဖို့ဘာလုပ်ရမလဲဆရာ…”

ဒေါ်ပန်းချစ်အမေးစကား​ကြောင့်ဆေးဆရာသည်
ပေတိုးကိုကြည့်ရင်း…

“ဘာလုပ်ရမှာလဲဆိုတော့…သောင်ထွန်းရွာက
ဘွားမယ်စိန်နဲ့ပြကြည့်ပေါ့ဗျာ…
ဒါပေမယ့်ကလေးကဖျားနေတာဆိုတော့
ဘွားမယ်စိန်ကိုဒီရွာကိုပင့်မှပဲရလိမ့်မယ်…”

“ဟုတ်ကဲ့ဆရာ…ကျုပ်တို့က ရွာဘေးချင်းကပ်ဆိုတော့
ဘွားကိုပင့်လို့ရကောင်းပါရဲ့ဗျာ…”

“ဘွားကလိုက်ခဲ့မှာပါကိုကုလားရဲ့…
ကျုပ်တို့အင်တိုင်းရွာထက်ဝေးတဲ့ဒေသတွေထိတောင်
ဘွားကစေတနာရှေ့ထားပြီးသွားကုသပေးသေးတာလေဗျာ…
အဓိက ကတော့ခင်ဗျာတို့သေချာသွားပင့်ဖို့ပဲလိုတာပါ”

“ဟုတ်ကဲပါဆရာ…ကျုပ်တို့ သေချာပင့်ခေါ်ပါ့မယ်…”

ထိုသို့ဖြင့်ဦးကုလားသည်အင်တိုင်းရွာသူကြီးဦးဖိုးမှန်၏
အကူအညီဖြင့်ဘွားမယ်စိန်ကိုပင့်ခေါ်ခဲ့ရသည်။
ဘွားမယ်စိန်သည်လည်းအချိန်မဆွဲဘဲ
တစ်ခါထဲလိုက်ပါလာခဲ့၏။
ဘွားမယ်စိန်ရောက်လာတော့ ယောင်ရမ်းကာအော်ဟစ်နေသော
ပေတိုးအနီးတွင်ထိုင်လေသည်။
ပေတိုး၏ခေါင်းလေးကိုလက်ဖြင့်သပ်ပေးရင်း
ဘုရားစာရွတ်ပေး၏။
ပြီးလေတော့ ရေတစ်ခွက်ယူ၍ …

“ကဲ…ဒီကလေးမှာဖြစ်နေတဲ့
အကြောက်တရားတွေ…ဒီကလေးကိုနှောက်ယှက်နေတဲ့အရာတွေပျောက်ပါစေကွယ်…”

ဟုပြော၍ ပေတိုး၏ပါးစပ်အတွင်းသို့
ခပ်ဖြေးဖြေးလေးတိုက်လေသည်။
ခဏမျှကြာအောင်စောင့်ကြည့်လေတော့
ပေတိုးမျက်စိပွင့်လာခဲ့ပြီး…

“အမေ……..”

ဟုခေါ်ရှာသည်။

“သား…သားလေးသက်သာလား”

ပေတိုးကိုဒေါ်ပန်းချစ်ပွေ့ထူပေးရင်းမေးလေတော့ ပေတိုးသည်

“အမေ…ပြူးကျယ်ကော…..”

“ပြူးကျယ်…ဘယ်ကပြူးကျယ်လည်းငါ့သား”

“ကျုပ်သူငယ်ချင်းပြူးကျယ်လေအမေ…
သူကျုပ်ကိုလာလာခေါ်နေတယ်အမေ”

“ဟေ…”

ပေတိုး၏မိဘများမှာအံ့သြကုန်ကြသည်။

“ပြူးကျယ်ဆိုတာ မြေးရဲ့သူငယ်ချင်းလားကွဲ့”

ဟု…ဘွားမယ်စိန်မှမေးလေသောအခါပေတိုးသည်
ဘွားမယ်စိန်ကိုမမြင်ဖူး၍ဖြေဖို့ရန်တွန့်ဆုတ်နေရှာသည်။

“သား…ဘွားမေးနေတာကိုဖြေလိုက်လေကွယ်…
ဘွားက သားရဲ့ကျေးဇူးရှင်ကွဲ့…​ဖြေလိုက်နော်သား”

ဒေါ်ပန်းချစ်ပြောလေတော့ပေတိုးသည်…

“ဟုတ်ကဲ့ပြူးကျယ်က ကျုပ်သူငယ်ချင်းပါ”

“အဲ့သည်ကလေးကကောဒီရွာကပဲလား”

ဟုဘွားမယ်စ်ိန်ထပ်၍မေးလေသောအခါ
ဒေါ်ပန်းချစ်သည်…

“ကျုပ်တို့ရွာကတော့မဟုတ်ပါဘူးဘွား…
သား…ပြူးကျယ်ဆိုတာဘယ်သူတုန်း…
ဘယ်ကလည်းအမေတို့လည်းမသိရပါလား”

ဟု…မေးလေတော့ပေတိုးလည်းဖြေရမည်ကိုတွန့်ဆုတ်နေပြန်သည်။

“ဖြေပါငါ့မြေးရဲ့…ငါ့မြေးဖြေမှပဲဘွားတို့သိရမှာပေါ့”

“သူကဘယ်သူ့မှမပြောရဘူးပြောထားတယ်”

“ဟဲ့…ပေတိုးနင်​ဖြေမလား မဖြေဘူးလား…
ငါတို့မှာနင့်ကိုစိတ်ပူနေရတာ
နင်မဖြေရင်ငါ့အကြောင်းသိမယ်နော်…”

ဒေါ်ပန်းချစ်သားဖြစ်သူကိုဆူလေတော့…

“ဟဲ့…ပန်းချစ်…ဒီမှာဘွားကောသူကြီးတို့ကောရှိနေတာကို
ဘာလို့အော်နေရတာလဲ…မင်းအသာနေငါ့သားကိုငါမေးမယ်…။
ငါ့သား…ပေတိုး အဖေပြောမယ်နော်ငါ့သား…
မင်းမနေ့ညကတည်းကအော်ဟစ်ရင်းအဖျားကြီးနေလို့
အဖေတို့မှာစိတ်ပူပြီးဆေးဆရာပြေးပင့်ရ…
ဘွားကိုသွားပင့်ရနဲ့အတော်လေးစိတ်ပင်ပန်းခဲ့ရတာကွ…
ဒီတော့ငါ့သားက ပြူးကျယ်ဘယ်သူဆိုတာဖြေပေးပါ
ငါ့သားရာ….”

ဦးကုလားသည်ဇနီးသည်ဒေါ်ပန်းချစ်ကိုတားမြစ်လိုက်ပြီး
သားဖြစ်သူပေတိုးကိုချော့မော့ပြောလေသည်။
ထိုအခါမှပေတိုးသည်…

“ပြူးကျယ်ဆိုတာကျုပ်သူငယ်ချင်းပါ…
သူနဲ့ကျုပ်ကလယ်တောနားကညောင်ပင်မှဆော့ကစားရင်း
ခင်လာကြတာ…………………”

ဟူ၍ ပြူးကျယ်၏အကြောင်းများကို စဆုံးပြောပြလေသည်။
ပြီးနောက်သူလယ်တောမသွားဖြစ်သောအခါ
အိမ်မက်ထဲ၌ပြူးကျယ်ကိုမက်ကြောင်းများ…
မနေ့ညကတော့ပြူးကျယ်ဒေါသတကြီးသူ့အားခေါ်နေကြောင်းများပြောပြလေသောအခါ ဒေါ်ပန်းချစ်တို့မှာရင်တထိတ်ထိတ်ဖြင့်နားထောင်နေကြရသည်။

“ပြူးကျယ်ဆိုတာ လူကောဟုတ်ရဲ့လားပေတိုးရယ်…”

“သားလည်းမသိဘူးအမေ”

“အင်း…ငါ့မြေးပြောပုံအရဆိုရင်တော့
ပြူးကျယ်ဆိုတာ လူမဟုတ်တန်ဘူးကွဲ့…
ပြောရရင်မင်းလိုပဲအဖော်မက်…အဆော့မက်တဲ့
မှင်စာလေးပဲဖြစ်ရမယ်….”

“ဗျာ…”

“ရှင်…”

“ငါ့မြေးကိုသူလာခေါ်တယ်ဆိုတာအရှင်ခေါ်တာမဟုတ်ဘူးကွဲ့…
အသေခေါ်နေတာ…တော်သေးတာပေါ့ငါ့မြေးရယ်
မင်းသာလိုက်သွားခဲ့ရင်မင်းမိဘများကတော့
ရင်ကျ်ိုးကြရရှာမှာ”

“အမယ်လေးတော်…ဘွားရယ်…ကျုပ်သားကိုဒီမှင်စာလက်က
လွတ်အောင်ကူညီပေးပါဦး…ကျုပ်ရှစ်ကြီးခိုးပါရဲ့တော်”

ဒေါ်ပန်းချစ်မှာသားဖြစ်သူအတွက်တငိုငိုတရီရီဖြင့်
ပြောလေသည်။

“စိတ်ထိန်းပါအေ…ဘွားကလေးအတွက်အဆောင်ကြိုးလေး
ဆွဲပေးခဲ့ပါ့မယ်…ဒါဆိုရင်သူ့ကိုဆက်ပြီး
နှောက်ယှက်လို့ရမှာမဟုတ်တော့ပါဘူး”

“ကျေးဇူးတင်ပါတယ်တော်…ကျေးဇူးတင်ပါတယ်ဘွားရယ်”

ဘွားမယ်စိန်သည်ပေတိုး၏လက်မောင်း၌
အဆောင်ကြိုးလေးချည်ပေးရှာသည်။
ပေတိုးသည်အဆောင်ကြိုးလေးကိုကြည့်ပြီး…

“ကျုပ်အမေ့ကိုစိတ်ဆင်းရဲအောင်မလုပ်တော့ပါဘူးဗျာ…
ကျုပ်ဘာပဲလုပ်လုပ်အမေ့ကိုပြောပြပါ့မယ်…မငိုပါနဲ့တော့
အမေရယ်”

ဟုပြော၍သူ၏မိခင်ဒေါ်ပန်းချစ်ကိုပြောရှာသည်။
ဒေါ်ပန်းချစ်သည်သားဖြစ်သူပေတိုးစကားကြောင့်ဝမ်းသာ
သွားရှာတော့၏။

ထိုသို့ဖြင့်မှင်စာလေးပြူးကျယ်တစ်ယောက်
ပေတိုးထံသို့ရောက်မလာခဲ့တော့သလို…
ပေတိုးသည်လည်း လယ်တောစပ်ရှိ
ညောင်ပင်အောက်သို့မသွားတော့ပေ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)