လက်လွန်ပန်း

အရပ်မြင့်၍ မဖြူထက် ခေါင်းတစ်လုံးပိုနေသည်။

“ဟင်း… မတ်တတ်ကလေး ခဏရပ်ပေးရတာကို
ဒီလောက်ထိဝန်လေးနေသလား၊ သူက ကျောင်းသားပဲ၊ ငါ့ကို ဆရာမလို့ သဘောမထား နိုင်ဘူးလား”
အခြားဆရာ၊ ဆရာမများ ဆယ်တန်း(ခ)သို့ ဝင်ချိန်တွင် မဖြူ မသိမသာ သတိထား ကြည့်မိသည်။ သူ မတ်တတ်ရပ်သည်ကို တွေ့ရသည်။

“ဟင်း … သိကြသေးတာပေါ့”
မဖြူစိတ်ထဲမှာ အမှတ်အတေးထားလိုက်သည်။

“ငါ့ကျမှ အရိုအသေမပေးချင်တာ၊ ငါ့ကို သူ့ဆရာမလို့ သဘောမထားလို့…”
ထိုကျောင်းသား အပေါ်မှာ စေတနာပျက်သွား မိသည်။
အမှန်ကတော့ အောင်မြင့်သည် ဆယ်တန်း တစ်နှစ်ကျထားသော်လည်း စာကမညံ့။ မဖြူ၏ အင်္ဂလိပ်စာ လေ့ကျင့်ခန်းများ ဖြေထားသည်မှာ အောင်နိုင်သော အလားအလာရှိသည်။ လက်ရေး လည်း ကောင်းသည်။ အခြားဘာသာများမှာလည်း တော်ကြောင်း၊ ကြိုးစားမှုလည်းရှိ၍ ယခုနှစ် သေချာ ပေါက်အောင်သွားနိုင်ကြောင်း ဆရာ၊ ဆရာမများ ပြောနေကြသည်ကို မဖြူ ကြားဖူးသည်။

“ငါက ဆရာမအသစ်မို့ ငါ့ကို သူ့လောက် မတတ်ဘူးများ ထင်နေသလားမသိဘူး၊ ဟင်း ဆယ်တန်းတောင် မအောင်သေးဘဲနဲ့ မြောက်နေ တာ၊ သိကြသေးတာပေါ့”

အာဃာတတရားက ပူလောင်နေ၍ ထိုနေ့က တစ်နေ့လုံးစာသင်၍ အဆင်မပြေ။
ညကျတော့လည်း တော်တော်နှင့် အိပ်မပျော်။ အောင်မြင့်မျက်နှာကိုသာ မြင်နေသည်။ မြင်တိုင်း လည်း ဒေါသဖြစ်ရသည်။

“ငါက အားနာလို့ အတန်းထဲဝင်ရင် ထိုင်ကြ ပါ..ထိုင်ကြပါနဲ့ မြန်မြန်ခိုင်းတာကို သူက အခွင့်အရေး ယူနေတာ၊ မနက်ဖြန်ခါ ဘယ်လိုလုပ်မယ်ဆိုတာ စောင့်ကြည့်ဦးပေါ့၊ အရိုအသေ မပေးချင်တဲ့လူကို ဦးချိုးပြလိုက်ရဦးမယ်’

မဖြူ အိပ်ရာထဲမှာ ပြုံးလိုက်သည်။ သို့သော် မလှသောအပြုံး။
အချိန်ပြောင်း ခေါင်းလောင်းထိုးသည်နှင့် မဖြူ ကိုးတန်းအခန်းမှထွက်ပြီး ဆယ်တန်း(ခ)သို့ ကူး ခဲ့သည်။ မျက်နှာကို တင်းတင်းထားပြီးမှ အတန်း ထဲသို့ ဝင်လိုက်သည်။

“မင်္ဂလာပါ ဆရာမ”
ကျောင်းသူကျောင်းသားများ မတ်တတ် ထ၍ နှုတ်ဆက်ကြသည်။
မဖြူပြန်နှုတ်ဆက်သည်။ သို့သော် အထိုင် မခိုင်းသေး။
သူကိုယ်တိုင်လည်း မတ်တပ်ရပ်လျက် တစ်တန်းလုံးကိုကြည့်နေသည်။ တချို့ ကျောင်းသား များက ခါတိုင်းလိုပင် အထိုင်ခိုင်းမည်ထင်၍ ထိုင် လိုက်မိကြသည်။ သို့သော် ရှေ့မှမိန်းကလေးများက ဆရာမ အထိုင်မခိုင်း၍ မထိုင်ဝံ့သောကြောင့် မတ်တပ်ရပ်နေကြဆဲ။ ထိုင်မိပြီးသူအချို့ ပြန်ထ ကြသည်။
မဖြူက အောင်မြင့်ကို လှမ်းကြည့်လိုက်သည်။
သူ့နေရာမှာမရှိ။
“ဘယ်များသွားပါလိမ့်၊ ဒီနေ့ ကျောင်းမ တက်ဘူးလား”
မတ်တပ်ရပ်နေကြရသည့် ကျောင်းသူ ကျောင်းသားများကို မဖြူအားနာသွားသည်။

“ထိုင်ကြပါ .. ထိုင်ကြပါ”

တစ်တန်းလုံးထိုင်ပြီးမှ အောင်မြင့်က ဘေး ပေါက်မှ ဝင်လာပြီး သူ့နေရာတွင် ဝင်ထိုင်သည်။ မဖြူ စင်မြင့်ပေါ်မှ လှမ်းမြင်လိုက်ရသည်။
ရင်ထဲမှာ ထောင်းခနဲ ဖြစ်သွားသည်။

“ဟင်.. ဒါက ပညာတစ်မျိုးပြလိုက်တာပေါ့လေ”
ဒေါသစိတ်ကြောင့် မဖြူတစ်ကိုယ်လုံး ထူပူ သွားသည်။

“ဟို ကျောင်းသား ထစမ်း၊ ဘယ်သွားနေ တာလဲ”

မဖြူက အောင်မြင့်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ လေသံက မာသည်။ အောင်မြင့် မတ်တပ်ထလိုက်သည်။

“ဆရာမ ဒေါ်ရီရီညွန့်ရဲ့ သင်္ချာလေ့ကျင့်ခန်း စာအုပ်တွေ လိုက်ပို့ပေးတာပါ”

အောင်မြင့် လေသံက မမာသော်လည်း မပျော့။
မဖြူဘာဆက်ပြောရမှန်းမသိ။ အောင်မြင့် အကြောင်းပြချက်က ခိုင်လုံနေသည်။
စိတ်ထဲက မကျေနပ်သော်လည်း အထိုင်ခိုင်း လိုက်ရသည်။

“ဆရာမ အဟောင်းတွေကိုတော့ လေးစားပြီး ငါ့ကိုတော့ အရေးမစိုက်တဲ့ အဘောပေါ့”
အာဃာတက ပိုပြီး ကြီးထွားလာသည်။

“ဟင်… ဘယ်ပြေးလို့ လွတ်မလဲ၊ မနက်ဖြန်ခါ တွေ့ကြသေးတာပေါ့”
အချိန်ပြောင်း ခေါင်းလောင်းထိုးပြီးသော်လည်း မနေ့ကလို ဖြစ်မည်စိုး၍ မဖြူဆယ်တန်း(ခ)သို့ တိုက်ရိုက်မဝင်။ ဆရာများနားနေခန်းသို့ ခဏပြန် သွားလိုက်သေးသည်။

“ဟင်း ဒီလောက်ဆိုရင်တော့ တွေ့ ပြီပေါ့”
(၇) မိနစ်လောက် နောက်ကျပြီးမှ မဖြူ၊ ဆယ်တန်း (ခ)သို့ဝင်လိုက်၏။

“မင်္ဂလာပါ ဆရာမ”
ကျောင်းသူကျောင်းသားများ မတ်တပ်ထ၍ နှုတ်ဆက် ကြသည်။

“မင်္ဂလာပါ”
မဖြူက အထိုင်မခိုင်းသေးဘဲ တစ်တန်းလုံးကို လှမ်းကြည့်လိုက်သည်။
တွေ့ထားပြီ။ အောင်မြင့်က မတ်တတ်မထဘဲ သူ့ ရှေ့မှလူနှင့် ကွယ်ပြီး စာထိုင်ရေးနေသည်။

“ဟို…ထိုင်နေတဲ့တစ်ယောက် မတ်တပ်ထစမ်း”
မဖြူက တင်းမာသောလေသံနှင့် လှမ်းပြောလိုက်သည်။

“ဟေ့ကောင် အောင်မြင့်၊ မင်းကို ပြောနေတာ”
ဘေးမှတစ်ယောက်က လက်တို့ပြီးပြောမှ အောင်မြင့် ကပျာကယာ မတ်တပ်ထလိုက်သည်။

“ကျန်တဲ့လူတွေ အားလုံးထိုင်ပါ”
အောင်မြင့်မှအပ အားလုံးထိုင်ကြသည်။

“မင်းက ဘာလို့မတ်တတ်မရပ်တာလဲ”

“စောစောက ဆရာမရှင်းပြခဲ့တဲ့ သင်္ချာနှစ်ပုဒ် ကို မှတ်မိတုန်းတွက်နေတာ ပြီးခါနီးဖြစ်နေလို့ပါ”

“ဒါဖြင့် ကျန်တဲ့လူတွေကတော့ ဘာလို့ မတ်တတ်ရပ်ပြီး နှုတ်ဆက်နိုင်ကြတာလဲ၊ မင်း တစ်ယောက်တည်းပဲ တွက်စရာရှိသလား”
အောင်မြင့် ဘာမျှပြန်မဖြေနိုင်ပါ။

“ဒီနေ့မှ မဟုတ်ဘူး၊ ငါ နေ့တိုင်း ကြည့်နေတာ မင်းဘယ်တော့မှ မတ်တပ်ရပ်ပြီး နှုတ်မဆက်ဘူး၊ ဘာလဲ မင်းက ငါ့ကိုဆရာမလို့ သဘောမထား လို့လား”

“မဟုတ်ပါဘူး”

“ဘာ မဟုတ်မှာလဲ၊ မင်း ငါ့ကို အရိုအသေ မပေးချင်လို့မဟုတ်လား”

“မဟုတ်ပါဘူး”

“မင်း ခုံပေါ်တက် ရပ်စမ်း”
မဖြူ၏ အသံက တင်းမာပြတ်သားသည်။ တစ်တန်းလုံး ငြိမ်တိတ်နေသည်။ အောင်မြင့်က မဖြူကို လှမ်းကြည့်နေသည်။
“တက်လေ၊ ငါပြောနေတာ မကြားဘူးလား”
မဖြူ၏ အသံက စူးစူးဝါးဝါး နိုင်လွန်းလှ၏။
အောင်မြင့် ခုံပေါ်တက်၍ မတ်တပ်ရပ်လိုက်သည်။
အောင်မြင့်ကိုကြည့်၍ တစ်တန်းလုံးစိတ်မကောင်းဖြစ်ကြသည်။ ဒေါသကြောင့် ခက်ထန်ပူပြင်း နေသော ဆရာမ မျက်နှာကို မကြည့်ဝံ့ကြ၊ ခေါင်းငုံ့နေ ကြသည်။
မဖြူ ဒေါသအရှိန်ကြောင့် တော်တော်နှင့် စာသင်၍မရ။ နောက်မှ အကြံရ၍ လေ့ကျင့်ခန်း များကို သင်ပုန်းကြီးပေါ်မှာ ရေးပေးလိုက်သည်။
“ဒါတွေကိုဖြေကြ”
မဖြူကတော့ ကုလားထိုင်တွင် ထိုင်းပြီး ရှေ့မှ အင်္ဂလိပ်စာအုပ်ကို ဖတ်နေလိုက်သည်။ သို့သော် စာဖတ်သည်ဘာတွေမှန်းမသိ။
တစ်တန်းလုံးရေးကြ၊ ဖြေကြသော်လည်း အောင်မြင့်တစ်ယောက် ရေးခွင့်၊ ဖြေခွင့်မရ။ ခုံပေါ်မှာ ထီးထီးကြီးရပ်လျက်။

“မှတ်ထား၊ မတ်တပ်ကလေး ခဏထပေးရတာကို ဝန်လေးတဲ့ကောင်၊ မှတ်လောက်သားလောက် ဖြစ်စေရမယ်”
လေ့ကျင့်ခန်းပေးသည်က များ၍ ကျောင်း သားများ မိနစ်ငါးဆယ် တစ်ချိန်လုံး ဖြေကြရသည်။
အချိန်စေ့ ခေါင်းလောင်းထိုးပြီးမှ မဖြူ အတန်း ထဲမှမထွက်ခင်
“မင်းထိုင်နိုင်ပြီ”
အောင်မြင့်ကို ထိုင်ခွင့်ပေးခဲ့သည်။
မဖြူ စိတ်ထဲမှာ ကျေနပ်သွားသည်။

“မှတ်ထား၊ ငါ့ကို စမ်းလို့မရဘူး”
နောက်တစ်နေ့တွင် ဆယ်တန်း(ခ)သို့မဝင်မီ မဖြူ ပြုံးလိုက်သည်။
အောင်မြင့်တစ်ယောက် မှတ်လောက်သားလောက်ရှိပြီထင်၍ဖြစ်၏။
အတန်းထဲဝင်သောအခါ တစ်တန်းလုံး ညီညီ ညာညာထ၍ နှုတ်ဆက်ကြသည်။

“မင်္ဂလာပါ ဆရာမ”
အသံက ခါတိုင်းနေ့ထက် ပိုကျယ်၍ မဖြူ ကျေနပ်သွားသည်။ သို့သော် အထိုင် မခိုင်းသေးဘဲ အောင်မြင့်ကိုလှမ်းကြည့်လိုက်သည်။ မဖြူ အထင် နှင့် အမြင်လွဲသွား၏။
အောင်မြင့်တစ်ယောက် ရိုသေစွာ မတ်တပ် ရပ်နေသည်ဟု ထင်ထားသော်လည်း အောင်မြင့်ကို မတွေ့ရ။

“ဟင်… မတ်တတ်ရပ်ပေးရမှာစိုးလို့ အပြင်ထွက်ပြီး ရှောင်နေပြန်ပြီထင်တယ်”
မဖြူရင်ထဲမှာ တင်းသွားသည်။
ကျောင်းသားများကို အထိုင်မခိုင်းသေးဘဲ အပြင်သို့ လှမ်းကြည့်လိုက်သည်။
ထိုင်ခိုင်းပြီးမှ အောင်မြင့်ဝင်လာမည်စိုး၍ ဖြစ်သည်။
သို့သော် အတန်းခန်း၏ ပတ်ဝန်းကျင်မှာ အောင်မြင့်ကိုမမြင်ရ။

ကျောင်းသားများကို အထိုင်ခိုင်းလိုက်သည်။ စာသင်နေသော်လည်း စိတ်ကမဖြောင့်။
အောင်မြင့် ဘယ်အချိန်ဝင်လာမည်ကို သတိထား၍ စောင့်ကြည့်နေသည်။
အချိန်ကုန်၍သာ ထွက်လာခဲ့သည်၊ အောင်မြင့်ကို မဖြူမတွေ့ရ။
သုံးရက်အထိ အောင်မြင့်ကို မတွေ့ရသောအခါ မဖြူစိတ်ထဲမှာ သံသယဖြစ်မိသည်။

“ဟိုကျောင်းသား မလာဘူးလား’
ရှေ့မှမိန်းကလေးများကို မေးကြည့်မိသည်။

“သူ ကျောင်းမတတ်တာ သုံးရက်ရှိပြီ ဆရာမ”

“ဟုတ်လား”

မဖြူ စိတ်ထဲမှာ ထင့်သွားသည်။

“သူ ကျောင်းထွက်သွားပြီ ဆရာမ”
နောက်ခုံမှ ကျောင်းသားတစ်ယောက်က လှမ်းပြောသည်။

“ဟင်…”

“မထွက်ပါဘူး၊ တက်မှာပါ”

“မတက်တော့ဘူးကွ၊ ထွက်သွားပြီ”

ကျောင်းသားနှစ်ယောက် အငြင်းပွားကုန်ကြပြီ။
ညကျတော့ မဖြူ၊ အိပ်၍မပျော်။

“သူ ကျောင်းထွက်သွားပြီလား၊ သိပ်ရှက် သွားလို့လား”
မဖြူ စိတ်မကောင်းဖြစ်မိသည်။

“သူ့အသက်ရွယ်နဲ့ဆိုတော့ ရှက်မယ်ဆိုလဲ ရှက်လောက်တယ်၊ အတန်းထဲမှာ တစ်ချိန်လုံး ခုံပေါ်တက် မတ်တပ်ရပ်နေရတာ၊ အို . . . ငါလုပ် လိုက်တာ လွန်သွားပြီထင်တယ်၊ ဟင်း . . .”
မဖြူ သက်ပြင်းချမိသည်။

“အို … သူက ငါ့ကို မရိုမသေလုပ်တာပဲ၊ သူ ဘာလို့ငါဝင်လာရင် မတ်တပ်ရပ်မပေးချင်သေးလဲ”
မဖြူ၊ စိတ်ပြေအောင် တွေးမိသည်။

“ကျောင်းထွက်သွားရင်တော့ ငါ့ကြောင့် သူ့ ဘဝ ထိခိုက်တာပဲ၊ ငါ စိတ်ရှည်ရှည်နဲ့ သည်းခံခဲ့ပြီး မေတ္တာ စေတနာထားခဲ့ရင် သူလဲ ရိုသေလေးစားမှု တုံ့ပြန် လာမှာပေါ့၊ ငါ အာဃာတတရားတွေ များသွားပြီ။
မဖြူကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်မိသည်။

“ဟုတ်တယ်၊ ငါ လွန်သွားတယ်၊ ငါ့မေတ္တာ စေတနာနဲ့ စည်းရုံးရမယ့်အစား ဒေါသတရားရှေ့ ထားမိတယ်”
ခုံပေါ်တွင် ရပ်နေရှာသော အောင်မြင့်ပုံကို မြင်ယောင်၍ မျက်ရည်လည်မိသည်။

“သူ ကျောင်းပြန်တက်ပါစေ၊ ကျောင်းပြန် တက်ရင် ငါ သူ့ကိုပိုပြီး စေတနာထားရမယ်။ ဟုတ်တယ်၊ ဆရာ ဆရာမဆိုတာ ဒေါသအာဃာတထက် စေတနာ မေတ္တာသာ ပိုသင့်တယ်၊ သူ ကျောင်းပြန်တက်ပါစေ”

နေ့စဉ် အတန်းဝင်တိုင်း မဖြူ အောင်မြင့် နေရာသို့ လှမ်းကြည့်သည်။ မတွေ့ရတိုင်း စိတ် မကောင်းဖြစ်မိသည်။
နောက်တော့ အောင်မြင့် ကျောင်းထွက်သွားပြီ ဖြစ်ကြောင်း သူ့အတန်းပိုင် ဆရာမထံမှ အတိအကျ သိရသည်။
“ငါကြောင့်ဆိုတာ သူတို့ သိကြမှာပဲ”
အတန်းပိုင်ဆရာမကို မျက်နှာပူမိသည်။
တစ်နေ့တွင် မဖြူ ဆရာများ နားနေခန်းကို သွားတော့…
“အောင်မြင့်တစ်ယောက် ထွက်သွားတာ နှမြော စရာဗျာ၊ ဒီကောင် ဒီနှစ်သေချာပေါက်”
ဆရာဦးခင်ဝင်း ပြောနေသည်။
သို့သော် မဖြူကိုမြင်၍ထင်ပါ၏၊ တစ်ပိုင်းတစ်စ နှင့် စကားရပ်သွားသည်။
ဆရာ၊ ဆရာမအချင်းချင်းကိုလည်း မဖြူ မျက်နှာ ပူမိသည်။
အတန်းထဲဝင်တော့လည်း ကျောင်းသူ ကျောင်းသား များအားလုံး မတ်တပ်ထ၍ မင်္ဂလာပါဆရာမဟု အသံကျယ်ကျယ်နှုတ်ဆက်တိုင်း စိတ်မလုံအောင် ဖြစ်မိ၏။

“ငါ့ကို သိပ်အရိုအသေခံချင်တဲ့ ဆရာမလို့ ထင်နေကြပြီထင်ပါရဲ့”
ကျောင်းသူ ကျောင်းသားများကိုလည်း မျက်နှာပူမိသည်။
မဖြူ အောင်မြင့်ကိုသွားတွေ့ပြီး ကျောင်းပြန်တက်ဖို့ ပြောရန်ကြိုးစားသည်။
သို့သော် အောင်မြင့်က အင်းတော်မှာမရှိ။ ရွှေကျင်သောအဖွဲ့နှင့် တောင်ခြေကို လိုက်သွားပြီဟု သိရသည်။

“ဪ… ငါ့ကြောင့် လူငယ်တစ်ယောက် ဘဝလမ်းကြောင်း ပြောင်းသွားခဲ့ရပြီ”

ထိုနေ့ကမဖြူ ဝမ်းပန်းတနည်းနှင့် မျက်ရည် ကျမိသည်။
အောင်မြင့်အပေါ် တင်သည့်အကြွေးကို ကျေနိုင် သမျှကျေပါစေတော့ဟု သူသင်ရသော အတန်း တိုင်းမှ ကျောင်းသူကျောင်းသားများကို စေတနာပို ထားပြီး ကြိုးကြိုးစားစား သင်ပေးသည်။ လိုအပ်လျှင် အချိန်ပိုခေါ်သည်။ ညံ့သောကျောင်းသားများကို သီးခြားထပ်၍ သင်ပေးသည်။ လေ့ကျင့်ခန်း များများပေးပြီး အပင်ပန်းခံ၍ ပြင်ပေးသည်။ အများ နားမလည်လျှင် ထပ်သင်သည်။ ကျောင်းသူ ကျောင်းသားများ အင်္ဂလိပ်စာသိသိသာသာ တိုးတက်လာကြသည်။
စေတနာ မေတ္တာဆိုသည်မှာ ရောင်ပြန်ဟပ်စမြဲမို့ ကျောင်းသူကျောင်းသားများထံမှ ချစ်ခင်လေးစားမှုများ တုံ့ပြန်လာကြသည်။
စနေတစ်ရက်တွင် ဆယ်တန်းကျောင်းသားများကို အချိန်ပိုခေါ်၍ မဖြူသင်ပေးသည်။ ယခင်က ညံ့သူများပင် လိုက်နိုင်လာကြသည်။
အင်္ဂလိပ်စာကို ကျူရှင်မလိုအောင် သင်ပေးသော ဆရာမဟု မိဘများကပါ မဖြူကို လေးစား အားကိုးလာကြသည်။

“ဪ . . . အစကတည်းကသာ ငါဒီလို စေတနာထားပြီး သင်ရင် မောင်အောင်မြင့်လည်း ငါ့ကို လေးစားမှာပါပဲ”

မဖြူ စိတ်မကောင်းဖြစ်မိသည်။
စနေတစ်ရက်တွင် ဆယ်တန်းကျောင်းသားများကို မဖြူ အပိုချိန်သင်ပေးနေစဉ် ကျောင်းအုပ် ဆရာကြီး ရောက်လာသည်။
အတန်းအပြင်ဘက်မှ ရပ်စောင့်နေသောကြောင့် မဖြူထွက်တွေ့သည်။

“ဆရာမ . . . ဒီအတန်းက ထွက်သွားတဲ့ မောင်အောင်မြင့်ဆုံးသွားပြီ”

“ရှင် . . .”

မဖြူ ခေါင်းထဲမှာ ပူထူသွားမိသည်။

“ဘယ်လိုဖြစ်တာလဲ ဆရာကြီး ရယ်”
မဖြူ အသံတွေ တုန်နေသည်။

“ချောင်းဖျားတောင်ခြေမှာ ရွှေကျင်ရာ ကနေ ငှက်ဖျားမိပြီး ဆုံးသွားတာတဲ့၊ အဲဒီတောင်ခြေက ချောင်းဖျားရွာလေးမှာပဲ သင်္ဂြိုဟ်မယ်တဲ့၊ ကျွန်တော်တို့ အခုသွားကြမလို့ ဆရာမ လိုက်ဦးမလားလို့ လာ ခေါ်တာ”

“အို . . . လိုက်မှာပေါ့ ဆရာကြီးရယ်၊ ကျွန်မကို ဘယ်သူမှမပြောကြဘူး၊ ကျွန်မ မသိလို့ပါ”

“မဟုတ်ဘူး ဆရာမ၊ ကျွန်တော်တို့လဲ ခုန မကြာခင်ကမှ သိကြတာမို့ လိုက်ပို့ဖို့ အမြန်စီစဉ်ရတာပါ”
မဖြူ၊ အတန်းထဲသို့ ပြန်ဝင်ခဲ့သည်။

“ဒီအတန်းက ဆရာမကြောင့် ကျောင်းထွက်သွားတဲ့ မောင်အောင်မြင့် ဆုံးသွားရှာပြီ”

မဖြူ ကျောင်းသူကျောင်းသားများကို ဝန်ခံသလိုပြောပြပြီး မျက်နှာကို လက်ဝါးနှင့်အုပ်၍ ရှိုက်ကြီးတငင်ငိုပါသည်။
ကျောင်းသူ ကျောင်းသားများအားလုံး စိတ်မကောင်း ဖြစ်ကြသည်။ အခြေအနေကိုသိ၍ ဆရာကြီး အတန်းထဲသို့ဝင် လာသည်။

“ကဲ … တပည့်တို့၊ ဆရာမကို ဘယ်လိုမှ မအောက်မေ့ကြပါနဲ့၊ ဆရာမလဲ အသုဘလိုက်ပို့မှာဆိုတော့ တပည့်တို့ ပြန်နိုင်ကြပြီ”
လှည်းတောင်ခြေ ချောင်းဖျားရွာကလေးသို့ရောက်အောင် လှည်းတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။ တောအုပ်ကို ဝင်ရသည်။
ချောင်းကလေးများကို ဖြတ်ရ သည်။ တောင်ကိုကျော်ရသည်။ လှပသော စမ်းရေကလေးများ၊ သစ်ဝါးပေါသော တောကြီးများနှင့် အစားအသောက် ပေါပြီး အေးချမ်းသာယာသော ဤဒေသကို အခုတော့ မဖြူချစ်တတ်နေပါပြီ။ ချောင်းဖျားရွာကလေးကိုရောက်တော့ ရွှေကျင်သော အစုအဖွဲ့များနေသည့် တဲအိမ်ကလေးများကို တွေ့ရသည်။ ပြင်ဆင်ထားသော အောင်မြင့်၏ ဈာပနကို မြင်ရတော့ မဖြူရင်ထဲမှာ ဆို့နင့်သွား သည်။

“ငါ့ကြောင့် ကျောင်းထွက်ပြီး ဘဝ ပြောင်းရလေသူ”
မဖြူ၊ ရင်ထဲမှာ ပူလောင်စွာ ခံစား ရသည်။
ခုံပေါ်တက်ရပ်နေရသော အောင်မြင့်ကို မြင်ယောင် လာတော့ မျက်ရည်များက ဆီးတား၍မရ။
အောင်မြင့် အနီးသို့ ရောက်အောင် မဖြူသွားသည်။

“အတွေ့ အကြုံမရှိသေးတဲ့ဆရာမို့ အပြစ်ပေးလွန်သွားတာ ခွင့်လွှတ်ပါကွယ်၊ နောင် ဆရာမတစ်သက်လုံး တပည့်တွေကို စေတနာမေတ္တာ အပြည့်ထားပြီး မောင်အောင်မြင့်အပေါ် တင်ခဲ့တဲ့အကြွေးကို ဆရာမ ဆပ်ပါ့မယ်”
မဖြူ တိုးတိုးလေးပြောပြီး ရှိုက်ကြီး တငင် ငိုနေမိပါ၏။

လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၉) မှ ကူးယူမျှဝေပေးပါသည်။