လည်း မောင်းလို့မရလို့ ရှင့်ခိုင်းတာကို သိရက်နဲ့”
အမေက အဖေ့ကိုဒေါနဲ့မောနဲ့ပြောပေမယ့် အဖေကတော့ အေးအေးပဲဗျ၊ သတင်းစာ စာရွက်ဟောင်းတစ်ခုကို အေးအေးလူလူဖတ်နေတာ၊ ဒါနဲ့ပဲ အမေက ခုံပေါ်က သောက်ရေခွက်ကိုယူပြီးတော့ ကျုပ်လက်ထဲကို ထိုးထည့်လိုက်တာပေါ့။
“ရော့၊ အလတ်ကောင်၊ နင်သွားမောင်းစမ်း”
ကျုပ်လည်း အဖေပြောတာကိုထောက်ခံတယ်။
“အမေကလည်း သူများအသိုက်အအုံကို ဘာလို့ဖျက်ဆီးမောင်းထုတ်နေမှာလဲ”
“အောင်မယ်၊ ဒီကောင်ကလည်း သူ့အဖေအချိုးပါလား၊ ပျားဆိုတာ သူ့ဟာသူ သစ်ပင်မှာနေတဲ့အကောင်၊ အိမ်မှာ မစွဲကောင်းဘူးဟဲ့”
“စွဲရင် ဘာဖြစ်လို့လဲအမေရာ”
“နင်ရွာဦးကျောင်းဆရာတော် ပြောတာမကြားဖူးဘူးလား၊ ပျားဆိုတာ လူတွေနေတဲ့ အောက်မှာစွဲမှအကျိုးပေးတယ်တဲ့၊ လူတွေနေတဲ့အထက်ဘက်မှာ စွဲရင် အဲဒီအိမ်က စီးပွားကျတယ်၊ ခိုက်တယ်တဲ့”
“ဟုတ်ရဲ့လားအမေရာ”
“ဟဲ့၊ ဟုတ်လို့ပဲ တန်းမြင့််ရွာက ဒေါ်အေးသာတို့ တစ်မိသားစုလုံးသေသွားတာ နင်မသိဘူးလား၊ အိမ်ခေါင်တံစက်မြိတ်မှာ ပျားစွဲတာကို ဒီအတိုင်းထားလိုက်လို့ ခိုက်သွားတာလေ”
အမေပြောတော့ အဖေက စာဖတ်နေရင်း သက်ပြင်းချတယ်။
“မိန်းမရာ၊ ဒါက ပျားကြောင့်လည်း ဟုတ်မယ်မထင်ပါဘူးကွ၊ တိုက်ဆိုင်သွားတာဖြစ်မှာပါ”
အမေ့ဒေါသကို အဖေက သွားဆွသလိုဖြစ်နေပြန်ရော
“အလိုတော်၊ တိုက်ဆိုင်ဆိုင် မတိုက်ဆိုင်ဆိုင် ကျုပ်တို့အိမ်မှာတော့ ပျားအစွဲမခံဘူး၊ ကဲအလတ်ကောင်၊ ဟောဒီရွှေရယ်၊ ငွေရယ်ထည့်ထားတဲ့ ရွှေရည်ငွေရည်တွေယူသွား၊ ပြီးတော့ အဲဒီပျားတွေကို လက်ပြန်နဲ့ပက်၊ အိမ်ကထွက်ပြီး သင့်ရာသွားကြပါလို့ပြောလိုက်ဟဲ့”
ကျုပ်လည်း ခေါင်းညိတ်ရင်း
“ဒါနဲ့ အမေက အကုန်သိနေရဲ့သားနဲ့ ဘာလို့ကိုယ်တိုင်မလုပ်တာတဲ”
အမေက ခါးထောက်ပြီး
“ငါတယ်လေ၊ တော်တော်လေရှည်တဲ့ကောင်ကို ခိုင်းမိတာ ငါ့အမှားပဲ၊ ပျားဆိုတာ မိန်းမတွေနဲ့ နံတူတယ်ဟဲ့၊ မိန်းမက ပျားကိုမောင်းမိရင် သူပါ အိမ်ကထွက်သွားရတယ်ဆိုလို့ဟေ၊ ဟုတ်ပြီလား၊ ကဲ နင်မြန်မြန်လုပ်ရင်လုပ်၊ မလုပ်ရင် နင့်အကိုကြီးကိုဖြစ်ဖြစ်လုပ်ခိုင်းလိုက်မယ်၊ နင့်ခိုင်းရတာ အာပေါက်တယ်”
အမေပြောတော့ ကျုပ်လည်း အိမ်ပေါ်တက်လာတာပေါ့ဗျာ။ အိမ်ရဲ့ပန်းဆွဲသစ်ပြားမှာ အုံနေတဲ့ ပျားတွေကိုကြည့်ရင်း ကျုပ်လည်း စိတ်ထဲကနေ ရေရွတ်လိုက်တယ်။
“ပျားအပေါင်းတို့၊ ကျုပ်တို့အိမ်ကနေထွက်ပြီး ကိုယ်လိုရာကိုသာ သွားကြပါတော့”
အဲဒီလိုပြောပြီး ရေခွက်ထဲကရေကို လက်ပြန်နဲ့ဗြန်းခနဲ ပက်ထည့်လိုက်တာဗျာ၊ ပျားတွေလည်း ရေတွေ့ရော အကုန်ထပြီး ပျံပြေးကြတာပဲ၊ ကျုပ်လည်း စိတ်ထဲပျော်သွားတာပေါ့။ ဒီအချိန်မှာပဲ မြေကြီးပေါ်ကို ချလွင်ခနဲ အကြွေစေ့ကျတဲ့အသံကြားလိုက်ရမှ ရေခွက်ထဲကို အမေက နားကပ်နဲ့ငါးမူးစေ့ ထည့်ထားတာကိုသတိရသွားတယ်။
“ဟိုက်၊ သွားပြီ”
ပျားတွေကိုမောင်းချင်ဇောနဲ့ ရေခွက်နဲ့ပက်ထည့်လိုက်တာ ပျားတွေတင်ပြေးသွားတာမဟုတ်ဘဲ ခွက်ထဲက နားကပ်တစ်ဖက်ရော၊ အကြွေစေ့ရော ပါသွားပြီဗျို့၊ ကျုပ်လည်း တွေဝေနေတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းအိမ်ပေါ်ကဆင်းလာတော့ အမေက မီးဖိုခန်းထဲက ပြေးထွက်လာပြီးတော့ ကျုပ်အရှေ့မှာလက်ဝါးဖြန့်တယ်။
“ပေး၊ နားကပ်ပြန်ပေး”
ကျုပ်လည်း သွားဖြဲရင်း ခေါင်းကုပ်ရတာပေါ့။
“ဟို၊ ဟိုလေ၊ ရေပက်ရင်းနဲ့ အားပါသွားလို့”
“ဘာ . . . ”
အမေ့အသံက အကျယ်ကြီးထွက်သွားတယ်။
“ဒါဆို ငါ့နားကပ်တစ်ဖက် ဘယ်ရောက်သွားပြီလဲ”
“သိပ်တော့ ဝေးဝေးမရောက်လောက်ပါဘူးအမေရာ၊ ခြံထဲ တစ်နေရာမှာရှိမှာပေါ့”
အမေက လက်သီးပြင်ရင်း
“တယ်၊ ဒီကောင်လေး၊ ငါခိုင်းလိုက်ရရင် ဒီလိုချည်းပဲ”
ကျုပ်လည်း ရေခွက်ပစ်ချပြီး အမေ့လက်ကလွတ်အောင်ပြေးတာပေါ့ဗျာ၊ အဖေက မျက်နှာကိုရှုံ့မဲ့ရင်း
“အဲဒါပေါ့မသန်းရ၊ သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ဆိုတာ”
ဒီတစ်ခါတော့ အဖေက အမေ့ရဲ့ဒေါသအိုးကို တုတ်နဲ့ထိုးရုံတင်မဟုတ်ဘဲ၊ တုတ်နဲ့ရိုက်ခွဲလိုက်သလိုပဲဗျ၊ အမေက အဖေ့စကားကြားတော့ ရှူးရှူးရှဲရှဲဖြစ်သွာပြီး အိမ်ဘေးမှာ ပုံထားတဲ့ ထင်းပုံကြီးကနေ ထင်းချောင်းပြေးကောက်ပါရော။ အမေတကယ်လုပ်ဖို့ ဆုံးဖြတ်ထားမှန်း အဖေကသိတာနဲ့ ကျုပ်ထက်အရင်ဦးအောင် ခြံထဲကနေ ပြေးထွက်သွားပါရောလားဗျာ၊ အမေက ထင်းချောင်းကြီးနဲ့ ဆက်လိုက်လာတာနဲ့ ကျုပ်လည်း ကိုယ့်အန္တရာယ်ကိုယ်သိပြီးတော့ အဖေ့အနောက်ကို ပြေးလိုက်လာခဲ့ရတာပေါ့ဗျာ။
(၂)
အဖေနဲ့ကျွန်တော်နဲ့ စောစောစီးစီး သောင်ပြင်လွတ်တဲ့ခွေးလိုဖြစ်ပြီလေ၊ အဖေကတော့ မှုစရာမလိုပါဘူးဗျာ၊ ရွာဦးကျောင်းဘက်ကို လျှောက်သွားတော့တာပဲ၊ ဒီလိုမနက်ခင်းဆိုရင် ရွာဦးကျောင်းမှာ စားစရာပေါတယ်၊ ရွာထဲက မုန့်ရောင်းတဲ့လူတွေကလည်း သူတို့လုပ်တဲ့မုန့်တွေကို ဘုန်းကြီးကျောင်းကို ကပ်တာကိုးဗျ၊ ကျုပ်လည်း ဆရာတော်ဆီကနေ စွန့်ပြီးစားမယ်လို့တွေးရင်း အဖေ့နောက်လိုက်ခဲ့တာပေါ့။
ရွာဦးကျောင်းဆရာတော် ကျုပ်ဘကြီးပျံပြီးသွားတော့ နောက်ထပ်တက်တဲ့ဆရာတော်ကလည်း ကျုပ်တို့ဘဒွေးပဲဗျ၊ ဘဒွေးက ငယ်စဉ်တုန်းကတော့ စာရူးပေရူးဗျ၊ ဗေဒင်တွေဘာတွေလည်းတတ်တယ်၊ ဆေးလည်းကုသေးတယ်၊ အရင်တုန်းကတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ဘမောင်လို့ ခေါ်ကြတာပေါ့ဗျာ၊ အခုတော့ ဘုန်းကြီးလည်းဝတ်ပြီးပြီ ရွာဦးကျောင်းဆရာတော်လည်းဖြစ်ပြီဆိုတော့ ရွာကိုသြဇာပေးတော့တာပေါ့၊ သူကလည်း ဗဟုသုတ အတော်နှံ့စပ်တာဆိုတော့ ဘုန်းကြီးဖြစ်သွားတာပဲ အဆင်ပြေတယ်ပြောရမှာပေါ့ဗျာ။
ကျုပ်တို့ကျောင်းပေါ်တက်လိုက်တော့ ဆရာတော်က ကျောင်းပေါ်မှာထိုင်နေတယ်ဗျ။
“ဟာ၊ သူကြီးနဲ့ သူကြီးလက်ထောက်ရောက်လာပါလား၊ ဘာကိစ္စများရှိလို့ပါလိမ့်”
အဖေကတော့ ခပ်တည်တည်ပဲဗျ၊ ဆရာတော်အရှေ့ဝင်ထိုင်ပြီးတော့ ဝတ်ဖြည့်တယ်၊ ပြီးတော့မှ
“တင်ပါ့ဘုရား၊ အိမ်မှာပျားစွဲလို့ပါ”
“သြော်၊ အေးအေး၊ ပျားစွဲတာ မောင်းကောထုတ်ပြီးပြီလားဟဲ့”
“မှန်ပါ”
“အေးအေး၊ စောစောလာတော့လည်း စောစောစကားပြောရတာပေါ့၊ ပျားအကြောင်းဆိုလို့ ဒီမနက်ပဲ မုန့်သည်မယ်ခွေ လာကပ်သွားတဲ့ မုန့်ပျားသလက်တွေရှိသေးတယ်၊ ရော့ရော့၊ မင်းတို့စားကြ”
နှမ်းဖြူးထားတဲ့ မုန့်ပျားသလက်ပန်းကန်ကို ဆရာတော်ကလှမ်းပေးတာနဲ့ ကျုပ်တို့သားအဖလည်း မနက်စာမစားခဲ့ရတော့ အားရပါးရစားလိုက်တာပေါ့ဗျာ၊ မုန့်ပျားသလက် ငါးချပ်က ကျုပ်တို့သားအဖနှစ်ယောက် နံကြားတောင်မစွတ်ပါဘူးဗျာ။ ဒီအချိန်မှာပဲ ဦးဝင်းကြိုင်လို့ခေါ်တဲ့ ဦးလေးကြီးက ကျောင်းပေါ်တက်လာတယ်၊ လက်ထဲမှာလည်း ချိုင့်တစ်လုံးကိုင်လို့ဗျ။ လမ်းလျှောက်တာတော့ ခပ်ဖြေးဖြေးပဲ၊ ကျုပ်တို့အနားမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ဆရာတော်က နှုတ်ဆက်တယ်။
“ဒကာကြီးဝင်းကြိုင်၊ စောစောစီးစီးရောက်လာပါလား၊ ဘယ်လိုလည်း ကျီးပေါင်းရော သက်သာရဲ့လား”
“တင်ပါ့ဘုရား၊ အရှင်ဘုရားညွှန်းလိုက်တဲ့ သစ်ခေါင်းပျားရည်လိမ်းလိုက်တာ နှစ်ပတ်လောက်ကြာတော့ အခုလိုထူထူထောင်ထောင်ဖြစ်လာတာပါပဲဘုရား”
“အေးကွယ်၊ ကောင်းပါတယ်၊ ဆက်သာလိမ်းစမ်းပါ”
“ဒါနဲ့ တပည့်တော်ဆီမှာ သစ်ခေါင်းပျားရည်မရှိတော့တာကြောင့်မို့ အရှင်ဘုရားဆီမှာများ ရှိသေးသလားလို့ဘုရား”
“ဟေ၊ ငါ့မှာလည်းကုန်ပြီကွ၊ ကျက်သရေခန်းထဲက ကြွက်လျှောက်ပေါ်တင်ထားတဲ့ပုလင်းတစ်လုံးရှိတာ၊ ကျောင်းသားတွေလက်ချက် မိသွားတယ်ထင်ပါရဲ့ကွာ၊ မရှိတော့ဘူး”
အဖေက ကျုပ်ဘက်ကိုလှည့်ကြည့်တယ်ဗျ။
“အလတ်ကောင် တို့အိမ်အောက်ထပ်မှာ ထောင်ထားတဲ့ ပျားရည်အရောင်နက်နက်နဲ့ပုလင်းကြီးက သစ်ခေါင်းပျားရည်ပေါ့ကွ၊ မင်းနည်းနည်းလောက်သွားယူလိုက်စမ်း”
ကျုပ်လည်းရင်ထဲထိတ်သွားတယ်။
“ဟို၊ ဟိုလေအဖေ၊ အဲဒီပုလင်းကြီးဆိုရင်တော့ မရှိတော့ဘူးဗျ”
“ဟေ၊ ဘာဖြစ်လို့လဲကွ”
“အကိုကြီးနဲ့ကျွန်တော်နဲ့ အားဆေးဖော်ပြီး စားလိုက်ကြလို့ ကုန်တာကြာပေါ့”
အဖေ့မျက်နှာက ဒေါသထွက်သွားပေမယ့် လူရှေ့မို့လို့ ထိန်းလိုက်ပုံရတယ်၊ ဆရာတော်ကလည်း ဒါကိုသိတယ်။
“စိတ်လျှော့ပါသူကြီးရယ်၊ ပျားရည်က အားဖြစ်စေတာတော့အမှန်ပဲ၊ ပျားရည်ဆိုတာ အလွန်ဆေးဖက်ဝင်တယ်၊ ပျားရည်ကို ပန်းပေါင်းတစ်ထောင်လို့တောင် တင်စားခေါ်ဝေါ်ကြတယ်၊ ပျားလေးတွေက ပန်းမျိုးစုံကနေ ဝတ်မှုန်တွေသိမ်းပြီးလုပ်ထားတာဖြစ်လို့ ပန်းပွင့်အဆီအနှစ်တွေ ပါတယ်မဟုတ်လား၊ ဒါပေမယ့် ကျီးပေါင်းကိုကုတဲ့အခါ တခြားပျားရည်ထက် သစ်ခေါင်းပျားရည်က ပိုစွမ်းသကွ၊ ကျီးပေါင်းအကျိတ်အခဲ၊ အဆစ်အမြစ်တွေကို အဲဒီသစ်ခေါင်းပျားရည် ထူထူလိမ်းပြီး အသားထဲစိမ့်ဝင်အောင်သာပွတ်ပေးလိုက်စမ်းဟေ့၊ တစ်လလောက်ဆိုရင်တော့ သိသိသာသာကြီးကောင်းသွားမကွ”
ဒီတော့ အဖေက ကျုပ်ကို လှမ်းကြည့်တယ်။
“ကဲကဲ အလတ်ကောင်ရေ၊ ဒီအချိန်လောက်ဆိုရင် တောင်ရိုးပေါ်မှာ ပျားအုံတွေပေါလောက်ရောပေါ့၊ မင်းတို့ညီအကိုတွေ သစ်ခေါင်းပျားသွားရှာကြပါလား”
အဖေ့ရဲ့ ရဲ့တစ်ချက်လွှတ်အမိန့်ဆိုတော့၊ ကျုပ်လည်း အိမ်ကိုပြန်ပြေးပြီးတော့ အကိုကြီးကိုပြေးခေါ်ရတာပေါ့ဗျာ။
(၃)
မိုးတွင်းဆိုရင်တော့ တောင်ရိုးပေါ်မှာ ပျားအုံတွေပေါပြီဗျ၊ မိုးတွင်းကာလာ မိုးကျတဲ့အချိန် တောထဲမှာရှိတဲ့ တောပန်းတွေ၊ သစ်ပင်ပန်းမန်တွေကလည်း သူ့အလိုလိုဖူးပွင့်လာကြပြီဆိုတော့ ပျားတွေအတွက်လည်း ဝတ်မှုန်များများရတာမဟုတ်လားဗျာ၊ ဒါနဲ့ အကိုကြီးကို အိမ်ပြန်ခေါ်ရတယ်၊ အကိုကြီးက မရှိတော့ဘူးဗျ၊ လယ်ထဲဆင်းသွားပြီဆိုတာနဲ့ ချည်ကြမ်းပုဆိုးထူထူကြီးယူ၊ ဓါးမတစ်လက်နဲ့ကို ခါးကြားထိုး၊ မီးခတ်ကို တောင်းထဲထည့်ပြီးတော့ လယ်ထဲကိုဆင်းလာရတာပေါ့ဗျာ။ တချို့အရပ်မှာကျတော့ ပျားမုဆိုးဆိုတာ ရှိသတဲ့ဗျ၊ တစ်နှစ်ပတ်လုံး ဘာအလုပ်မှမလုပ်ဘဲ ပျားအုံတွေကိုရှာဖွေ၊ မှတ်သားထားပြီး ဘယ်လရောက်ရင် ဘယ်ပျားအုံကိုသွားဖွပ်မယ်ဆိုပြီး ပျားချည်းဖွပ်စားတဲ့ မုဆိုးပေါ့ဗျာ၊ အဖေကတော့ ပျားဖွပ်တာက အလွန်ငရဲကြီးတယ်တဲ့ဗျ။ မုဆိုးတစ်သက် ပျားသလက်တဲ့၊ ပျားအုံတစ်အုံဖွပ်တာက မုဆိုးတစ်ယောက် တစ်သက်လုံးအမဲလိုက်ရင်း ရခဲ့တဲ့အကုသိုလ်ထက်ပိုများသတဲ့ဗျာ၊ နောက်ပြီး ပျားဖွယ်၊ သားတိုး၊ မယားခိုးဆိုတဲ့ အဝီစိကျနိုင်တဲ့ အကုသိုလ်ဆိုတာလည်း ပြောကြသေးတယ်မဟုတ်လား။
“ဟေ့အလတ်ကောင်၊ ဒါကဘယ်လဲ၊ ပျားသွားဖွပ်မလို့လား”
ဦးဘသာကြိးနဲ့ လယ်ထဲဆင်းတဲ့လမ်းမှာဆုံတာနဲ့ ဦးဘသာကြီးက တန်းပြီးပြောတာပဲဗျ၊
“ဦးဘသာက သူများအတွင်းစိတ်ကို သိတယ်ထင်ပါ့”
“မဟုတ်ပါဘူးကွာ၊ ချည်ကြမ်းပုဆိုးပိတ်ပိတ်ကြီးနှစ်ထည်နဲ့ တောင်းကြီးပိုက်လာတာမြင်တော့၊ မင်းတို့ပျားသွားဖွပ်မယ်လို့ မှန်းမိလို့ပါကွ”
“ဟုတ်တယ်ဦးဘသာ၊ ဦးဝင်းကြိုင်အတွက် အဖေက ပျားသွားဖွပ်ခိုင်းလို့ဗျ၊ သူတို့လိုတဲ့ ပျားရည်ကလည်း သစ်ခေါင်းပျားရည်ဆိုပဲ”
“အေးပေါ့၊ ပျားရည်ထဲမှာ ပျားကြီးတို့၊ သစ်ခေါင်းပျားရည်တို့ဆိုတာ အလွန်ဆေးဘက်ဝင်တယ်မဟုတ်လား၊ ဒါနဲ့ သစ်ခေါင်းပျားရည်ရရင် ငါ့ကိုလည်း နည်းနည်းမျှစမ်းပါကွာ”
“အိုဗျာ၊ စိတ်ချစမ်းပါ၊ သစ်ခေါင်းပျားရည်ရရင် ဦးဘသာကို ဘယ်သူမှမသိအောင် တစ်ဝက်ပေးမယ်”
ဦးဘသာက ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်။
“တော်စမ်းပါအလတ်ကောင်ရာ၊ မှိုသွားကောက်တုန်းကလည်း ငါ့ကိုပေးမယ်လို့ပြောသွားသေးတာ၊ ငါ့မှာ မင်းများမှိုလာပေးမလားဆိုပြီး စောင့်နေရသေးတာ၊ နောက်နေ့ကျမှ မင်းအိမ်ကိုလာတောင်းမှ ရတယ်မဟုတ်လား၊ မင်းစကားကိုတော့ ငါမယုံဘူးဟေ့”
“မဟုတ်ပါဘူးဗျာ၊ အဲဒီနေ့က မှိုကောက်ရင်း ပဆွတ်နီတွေ တုတ်တာလည်းခံရသေးတယ်၊ ပြီးတော့ မှိုတောက်ပြီး အန်သေးတာဆိုတော့ ကျုပ်လည်း မေ့သွားလို့ပါဗျ၊ ဒီတစ်ခါတော့ တကယ်စိတ်ချ၊ ကျုပ်ရွာထဲပြန်လာရင် ဦးဘသာအိမ်ကိုအရင်ဝင်ခဲ့မယ်”
“အေးကွာ၊ စားရချည်သေး”
ဦးဘသာက ရွဲ့သလိုလိုပြောပြီးထွက်သွားပါရောဗျာ၊ ကျုပ်လည်း အကိုကြီးတို့လယ်ကိုလိုက်ခဲ့ရတာပေါ့၊ အကိုကြီးကိုခေါ်ပြီးတော့ တောင်ရိုးအပေါ်ကို တက်ခဲ့တာပေါ့ဗျာ။ နေတော်တော်ပူတဲ့အချိန်သွားတာဆိုတော့ တောင်ရိုးပေါ်ကို နေ့လည်နေကျော်မှ ရောက်တာပေါ့၊ အကိုကြီးက ပျားဖွပ်တဲ့နေရာမှာတော့ သိပ်တော်တယ်ဗျ၊ ဒါကြောင့်လည်း ကျုပ်က အကိုကြီးကို မရအရခေါ်ခဲ့တာ၊ တောထဲမှာလည်း မြက်ပင်တွေ၊ အလေ့ကျပေါက်တဲ့ တောပန်းလေးတွေက ပွင့်ဖူးနေတာပဲဗျာ။ အဲဒီပန်းပွင့်ကလေးတွေအနားမှာတော့ ပျားကောင်လေးတွေက ရစ်ဝဲပြီး ပျံသန်းနေကြတယ်ဗျ၊
“အလတ်ကောင်၊ သစ်ခေါင်းပျားရှာမှာဆိုတော့ ပျားလေးအုံတွေ့ရင် မဖွပ်ဘူးကွာ”
အကိုကြီးပြောတာနဲ့ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကျုပ်တို့ဒေသမှာတော့ ပျားက သုံးမျိုးလောက်ပဲရှိတာဗျ၊ ပျားလေးလို့ခေါ်တဲ့ ရိုးရိုးပျားတွေရယ်၊ ခေါင်းပျားလို့ခေါ်တဲ့ သစ်ခေါင်းထဲမှာ နေတတ်တဲ့ သစ်ခေါင်းပျားရယ်၊ နောက်ပြီး မြေပျားလို့ခေါ်တဲ့ပျားကျတော့ မြေကြီးထဲမှာ အောင်းပြီးနေတတ်တဲ့ပျားမျိုးဗျ၊ ပျားကြီးမျိုးဆိုတာတော့ တောင်ရိုးပေါ်မှာရှားတယ်ဗျ၊ ဆယ်ခါတစ်ခါတောင် မကြုံတတ်ဘူး။
ပျားလေးတွေကျတော့ ပေါလိုက်တာမှဗျာ၊ ခုလိုမိုးတွင်းကြီး တောထဲသွားပြီး အရိပ်ကောင်းကောင်း၊ အခက်ကောင်းကောင်းအပင်ကိုတွေ့တာနဲ့ မော့ကြည့်လိုက်ရင် ပျားအုံတစ်အုံလောက်ကတော့ ရှိနေတတ်တယ်၊ ပြီးတော့ ချုံပင်၊ နွယ်ပင်တွေမှာလည်း ပျားတွေက အုံ့ဖွဲ့နေတတ်သေးတာဗျ။ အဲဒီပျားအုံတွေမှာလည်း ပျားရည်တွေ ရှိတတ်သေးတယ်။ ဒါပေမယ့် မိုးတွင်းမှာတော့ ပျားအုံသေးရင် မဖွပ်ကြသေးဘူး၊ ပျားရည်တွေက ရေတွေနဲ့ရောနေသေးတာကိုး၊
သစ်ခေါင်းပျားဆိုတာကျတော့ ပျားဆိုပေမယ့် ပျားလေးတွေနဲ့ မတူူဘူးဗျ၊ သူက ပျားလေးတွေထက် ပိုပြီးသေးတယ်၊ အကောင်သေးသေးလေးတွေ၊ ပြီးတော့ တခြားပျားတွေလိုလည်း မတုပ်ဘူး၊ သူတို့က ရန်သူကိုပါးစပ်နဲ့ကိုက်တာဗျ၊ ပုရွက်ဆိတ်ကိုက်သလိုပေါ့ဗျာ၊ သစ်ပင်ဆွေးတွေ၊ သစ်ခေါင်းတွေထဲမှာ အုံနဲ့ကျင်းနဲ့ နေတတ်ကြတာပေါ့၊ သစ်ခေါင်းပျားဖွပ်ရင် အဲဒီပျားတွေအကုန်ထွက်သွားပြီဆိုတော့မှ သစ်ခေါင်းကြီးကို ခြစ်ယူရတာဗျ၊ အလွန်လက်ဝင်တယ်၊ ပြီးတော့ ပျားချေးတွေကလည်း တခြားပျားအုံတွေထက် များသေးတယ်၊ ပျားရည်ကျတော့လည်း တခြားပျားအုံထက် အရနည်းတယ်၊ ဒါကြောင့်လည်း ဆေးဖက်ဝင်တာဖြစ်မယ်ဗျ။
မြေပျားဆိုတာကတော့ ပျားအကောင်အကြီးကြီးတွေဗျ၊ ဖင်မှာလည်း အဆူးကြီးကိုနည်းတာမဟုတ်ဘူး၊ မြေကြီးလို တောင်ပို့လို့အခေါင်းပေါက်တွေထဲမှာ အုံ့နဲ့ကျင်းနဲ့နေကြတာ၊ အဆိပ်လည်းသိပ်ပြင်းတယ်ဗျို့၊ ဒါပေမယ့် မြေအောင်းပျားရည်ကျတော့ သုံးလို့မကောင်းဘူး၊ မသန့်မှ မသန့်ဘဲ၊ ဒါကြောင့် သိပ်မရှာကြဘူးပေါ့ဗျာ။ တောင်ရိုးပေါ်မှာလည်း အတွေ့ရနည်းပါတယ်။ မြေအောင်းပျားကျတော့ ပျားရည်သိပ်မသုံးပေမယ့် ပျားကောင်လေးတွေကျတော့ ချက်စားကြတယ်ဗျ၊ အကောင်ကြီးတာဆိုတော့ ပျားလောင်းလေးတွေက မသိရင် ထမင်းစေ့လေးတွေလိုပဲ၊ သိပ်ဆိမ့်တာပေါ့။
ကျုပ်နဲ့အကိုကြီးလည်း ဟိုကြည့်ဒီကြည့်နဲ့ရှာလာရင်း လမ်းကွဲသွားတယ်၊ မကွဲလို့လည်းမရဘူးလေဗျာ၊ ပျားတွေနောက်ကို ခြေရာခံရင်းလိုက်ရတာ၊ တောင်ရိုးပေါ်က ရေအိုင်ကလေးအနားရောက်တော့ ရေအိုင်နားမှာ ရစ်ဝဲနေတဲ့ သစ်ခေါင်းပျားအုပ်ကိုတွေ့လိုက်ရတယ်၊ ပြီးတော့ အဲဒီသစ်ခေါင်းပျားတွေက ထပျံသွားတာနဲ့ သူတို့အနောက်ကိုသေချာကြည့်ပြီးလိုက်ခဲ့တာပေါ့ဗျာ၊ သစ်ခေါင်းပျားအုပ်က တောင်စောင်းနားမှာ ပေါက်နေတဲ့ သစ်ပင်ကြီးဆီကိုသွားတာဗျ၊ ပြီးတော့ အဲဒီနားရောက်တာနဲ့ ပျောက်သွားတော့တာ။ ကျုပ်လည်း လှည့်ပတ်ရှာရင်း နောက်ဆုံးတော့ တောင်စောင်းမှာတုံးလုံးကြီးလဲကျနေတဲ့ သစ်ပင်စည်ကြီးတစ်ခုနားမှာ ပျားတွေအုံနေတာတွေ့တော့တာပဲ။ ကျုပ်အထင် ဒီသစ်တုံးအဆွေးကြီးထဲမှာ ပျားတွေအုံဖွဲ့နေတာဖြစ်မယ်။
“အကိုကြီးရေ၊ ပျားတွေ့ပြီဗျ”
ကျုပ်အော်သံက ကျယ်ကျယ်လောင်လောင်နဲ့ထွက်လာတယ်၊ အကိုကြီးက တောင်စောင်းအောက်ဘက် လျှိုထဲဆင်းသွားတာဆိုတော့ ကျုပ်က အပေါ်စီးကနေ လှမ်းမြင်နေရတာပေါ့ဗျာ၊ ကျုပ်လည်း ဝမ်းသာအားရအော်ပြီး သစ်ခေါင်းကြီးနားပြေးအသွားမှာ အောက်ကနင်းလိုက်တဲ့မြေကြီးက မြေကြီးမဟုတ်ဘဲနဲ့ သစ်ရွက်ခြောက်တွေဖြစ်နေပြီးတော့ လူလည်း ဘေးနားက ချောက်ကြီးထဲကို လိမ့်ကျသွားတာပေါ့ဗျာ၊ ကံကောင်းလို့ မသေတာဗျာ၊ ချောက်ထဲခြေချော်ကျပြီးတော့ လူကိုလိမ့်ကျသွားတာဗျ၊ ကျုပ်လည်းဆွဲမိဆွဲရာနဲ့ ဆွဲရင်းနောက်ဆုံးတော့ သစ်ပင်တစ်ပင်ကို ကိုင်မိသွားတာပေါ့ဗျာ၊ ကျုပ်ကျသွားတဲ့နားကို အကိုကြီးက ပြေးလာပြီးထူတယ်ဗျ၊ လက်တွေခြေတွေမှာ ပွန်းပဲ့သွားပေမယ့် ကျိုးတော့မကျိုးဘူးပေါ့ဗျာ။
“ဘယ်လိုဖြစ်တာလဲအလတ်ကောင်ရာ”
“အကိုကြီး၊ ဟိုးတောင်စောင်းပေါ်မှာ လဲနေတဲ့ သစ်တုံးကြီးထဲမှာ သစ်ခေါင်းပျားတွေတွေ့လိုက်တယ်”
ကျုပ်လည်း ဖုတ်ဖက်ခါထပြီးတော့ အကိုကြီးနဲ့အတူတူ တောင်စောင်းပေါ်ကိုတက်ခဲ့တာပေါ့ဗျာ။ သစ်တုံးကြီးက ဆယ်ပေလောက်တော့ရှိမယ်ဗျ၊ လုံးပတ်ကလည်း တစ်တောင်လောက်ရှိမယ်ထင်တယ်၊ အဲဒီအနားမှာ ပျားတွေအုံနေတယ်၊ အကိုကြီးက သစ်ကိုင်းခြောက်တွေရှာပြီးတော့ မီးမွှေးတယ်ဗျ၊ ပြီးတော့ သစ်ရွက်အစိုတွေနဲ့ မီးလောင်နေတဲ့သစ်ကိုင်းခြောက်တွေကို အုံလိုက်တဲ့အခါမှ မီးခိုးဖြူဖြူတွေက အူပြီးထွက်လာတော့တာပေါ့။
ပျားရန်ကြောက်လို့ ပုဆိုးထူထူကြီးကို မျက်လုံးလေးဘဲဖော်ပြီးတော့ နင်ဂျာပုံစံ ချည်လိုက်တာပေါ့ဗျာ၊ အဲဒီပုဆိုးကြီး ချည်လိုက်ရင် မျက်လုံးနဲ့ နှာခေါင်းအနားကလွဲပြီး ကိုယ်အပေါ်ပိုင်းတစ်ပိုင်းလုံး လုံသွားတယ်မဟုတ်လား။ အကိုကြီးက မီးတွေစွဲလောင်နေတဲ့ သစ်ကိုင်းတစ်ခုကို ကျုပ်ဆီကိုပေးတယ်ဗျ။
“ရော့အလတ်ကောင်၊ ဒီဟာကိုကိုင်ထား၊ ပြီးရင် ငါတို့သစ်ခေါင်းပတ်ပတ်လည်မှာ မီးခိုးမှိုင်းဝိုင်းတိုက်ကြမယ်”
ကျုပ်လည်း မီးလောင်နေတဲ့ထင်းစကိုင်ပြီး သစ်ပင်ကြီးအောက်မှာ ရပ်နေတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ကျုပ်ခေါင်းပေါ်ကနေ တဝီဝီနဲ့အသံတွေကြားလိုက်ရတယ်ဗျ။ ကျုပ်မော့ကြည့်လိုက်တော့ အကောင်ရေ ရာနဲ့ချီပြီးရှိလောက်တဲ့ ပျားအုပ်ကြီးက သစ်ပင်ပေါ်ကနေ ကျုပ်အပေါ်ကိုပြုတ်ကျလာတာ မဲနေတာပဲဗျာ။
“အလတ်ကောင်ရေ၊ မင်းအပေါ်ကို ပျားတွေပြိုကျပြီဟေ့”
အကိုကြီးက လှမ်းအော်တယ်၊ ကျုပ်လည်း ခုန်ဆွခုန်ဆွနဲ့ပြေးတော့တာပေါ့ဗျာ၊ ပျားတွေက ကျုပ်ကိုဝိုင်းတုတ်ကြတာဗျ၊ ပုဆိုးထူထူကြီးခြုံထားလို့သာ သိပ်မနာတာဗျျိ့၊ ဒါပေမယ့် ကံမကောင်းချင်တော့ ကျုပ်ခုန်ဆွခုန်ဆွလုပ်လိုက်ရင်း ကျုပ်ခြေထောက်က ပုဆိုးထူထူကြီးနဲ့ ချိတ်မိပြီး ခေါင်းပေါ်အုပ်ထားတဲ့ ပုဆိုးက ပြေကျသွားပါရောဗျာ၊ ဒီတော့ ခုနက ပြိုကျလာတဲ့ပျားတွေက ကျုပ်ကိုဝိုင်းတုပ်တော့တာပေါ့။ ကျုပ်ရပ်နေတဲ့သစ်ပင်ကြီးအပေါ်မှာလည်း ပျားအုံတစ်အုံရှိသေးသဗျ၊ ကျုပ်က ထင်းစကြီးကိုင်ထားတော့ အဲဒီသစ်ပင်ပေါ်က အကိုင်းမှာ တွဲလောင်းခိုနေတဲ့ ပျားအုံကို မီးနဲ့မြှိုက်သလိုဖြစ်ပြီးတော့ ပျားတွေက အုံဆင်းလာတာပဲဗျာ၊ ပျားဆိုတာ ရန်သူကိုရှာဖွေတဲ့အခါ အပေါ်ကနေအောက်ကို ပြိုဆင်းလာတာမို့ အဲဒါကို ပျားပြိုတယ်လို့ခေါ်တယ်ဗျ။
တစ်ကိုယ်လုံးကို ပျားတုတ်ခံရလို့ တဆစ်ဆစ်နဲ့နာနေတာပေါ့ဗျာ၊ နောက်တော့ ပျားတွေလွတ်သွားတော့မှ အကိုကြီးဆီပြန်လာခဲ့တယ်၊ အကိုကြီးကတော့ ပြံ့ုးလို့ဗျ။
“ကျုပ်တော့ ပျားနဲ့အကျိုးမပေးဘူးထင်ပါတယ် အကိုကြီးရာ”
“မင်းကအကျိုးမပေးပေမယ့် ငါက အကျိုးပေးတယ်ကွ၊ ခုနက မင်းကိုလိုက်တဲ့ပျားအုံကို မီးခိုးမှိုင်းတိုက်ပြီး တက်ခုတ်ထားလိုက်တာ၊ ကြည့်စမ်းပါအုံးကွာ၊ နည်းတဲ့ပျားလဘို့ကြီးလား”
တောင်းထဲမှာထည့်ထားတဲ့ ပျားအုံကြီးကို အကိုကြီးကပြတယ်ဗျ၊ ကျုပ်ကျေးဇူးနဲ့ သူက ပျားတစ်အုံအဆစ်ရသွားပြီလေ၊ ပြီးတော့မှ ကျုပ်တို့ညီအကိုလည်း သစ်ခေါင်းကြီးတစ်ဖက်ကနေ သစ်ရွက်စိမ်းတွေမီးရှို့ပြီးတော့ မီးခိုးမှိုင်းတိုက်ရတော့တယ်၊ သစ်ခေါင်းထဲကို မီးခိုးတွေဝင်အောင်လို့ မှုတ်မှုတ်ထည့်တော့ တစ်ဖက်သစ်ခေါင်းကနေပြီး ပျားတွေထွက်ပြေးတာ တန်းနေတာပဲဗျာ၊ သစ်ခေါင်းပျားတွေကလည်း ကျုပ်တို့ကိုရန်မူသေးတယ်၊ ဒါပေမယ့် သူတို့က ကိုက်ပေမယ့် ကျုပ်တို့ကပုဆိုးထူထူနဲ့ဆိုတော့ ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ၊ နောက်တော့ ပျားတွေကုန်သွားတော့တယ်၊ နေကလည်း စောင်းတော့မယ်ဗျ။
“အလတ်ကောင်ရေ၊ ငါတို့ ဒီသစ်ခေါင်းကိုခြစ်နေရင် တောထဲမှာ မိုးချုပ်သွားမယ်၊ ဒီတော့ မင်းနဲ့ငါနဲ့ ဒီသစ်တုံးကြီးကိုထမ်းသွားကြမယ်ကွာ၊ ရွာရောက်တော့မှ အေးအေးဆေးဆေးခြစ်ကြတာပေါ့”
အကိုကြီးပြောတာလည်း သဘာဝကျတယ်ဗျ၊ ဒါနဲ့ သစ်တုံးကြီးကို မကြည့်တော့ သိပ်မဆွေးသေးတဲ့ သစ်တုံးက အချောင်းလိုက်ကြီးကြွတက်လာတယ်၊ သစ်တုံးက အထဲမှာ အခေါင်းနဲ့ဆိုတော့ သိပ်မလေးဘူးဗျ၊ ဒါနဲ့ အကိုကြီးနဲ့ကျုပ်နဲ့ အရှေ့တစ်ယောက်အနောက်တစ်ယောက် သစ်တုံးကြီးကို ပုခုံပေါ်တင်ပြီးတော့ ထမ်းလာတာပေါ့ဗျာ။ ခုနက ပျားတုပ်သွားတာတွေက အဆိပ်တွေတက်လာပြီဗျ၊ တစ်ကိုယ်လုံးကို စပ်ဖြင်းဖြင်းနဲ့ဖြစ်လာပြီးတော့ အဖုအပိန့််တွေကလည်း ဆူထွက်လာတယ်၊ ကျုပ်ကအရှေ့ကသွားတာမို့ အကိုကြီးက ကျုပ်အဖြစ်ကိုတွေ့လိုက်တယ်။
“အလတ်ကောင်ရာ၊ သိပ်ကုပ်ဖဲ့မနေနဲ့၊ ပျားဆိပ်တင်မက လက်ဆိပ်လိုက်ပြီး အနာရင်းနေမယ်”
အကိုကြီးက ပြောပြောဆိုဆိုနဲ့ သူလွယ်လာတဲ့တောင်းထဲကနေ ပျားသလက်ကို လက်နဲ့ဖဲ့ချလိုက်တယ်။ ပြီးတော့ သူ့ပါးစပ်ထဲတစ်ဖဲ့ထဲ့ရင်းဝါးတယ်ဗျ။
“ကောင်းလိုက်တာကွာ၊ ချိုနေတာပဲ၊ ရော့ မင်းလည်းစား”
ကျုပ်ကိုလည်း လက်တစ်ဖဲ့ ဖဲ့ပေးတယ်၊ ပျားသလက်စားရတယ်ဆိုတာ စားလို့သိပ်ကောင်းတယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း ပါးစပ်ကိုဟပေးလိုက်တော့ အကိုကြီးကလှမ်းပြီးထိုးထည့်ပေးတယ်ဗျ၊ ပျားရည်လတ်လတ်ဆတ်ဆတ်မို့ တကယ်ကိုချိုပြီးတော့ မွှေးနေတာပဲဗျာ၊ ကျုပ်လည်း ဝါးရင်း လျျာမှာ စူးခနဲဖြစ်သွားတာနဲ့ ထပြီးအော်လိုက်တယ်။
“အောင်မယ်လေး၊ စူးတယ်ဗျ”
ကျုပ်ဝါးနေတဲ့ပျားသလက်ကိုထွေးထုတ်ပြီးတော့ ခြေထောက်နဲ့ဖြဲကြည့်တော့ သကောင့်သားပျားတစ်ကောင်က ပျားသလက်ထဲကပ်နေပြီးတော့ မသေခင်မှာ ကျုပ်လျှာကိုဆူးနဲ့ထိုးဖြစ်အောင်ထိုးသွားသေးသဗျာ၊ အကိုကြီးက ကျုပ်ကိုကြည့်ရင်း
“ပျားသလက်ထဲမှာ၊ ကျန်နေတဲ့ပျားကောင်ပါလို့ နေမှာပါကွ”
ကျုပ်လည်း သက်ပြင်းချဉ်း အကြိမ်ကြိမ်ချမိတယ်၊ ကျုပ်ပြောတယ်မဟုတ်လား၊ ကျုပ်က ပျားနဲ့အကျိုးမပေးပါဘူးဆို။
(၄)
ခြံရှေ့ရောက်တော့ ညနေတောင်အတော်စောင်းနေပြီဗျ၊ အမေတို့က ညနေစာစားဖို့တောင်ပြင်နေပြီ၊ ကျုပ်လည်း ခြံတံခါးဖွင့်ဖို့ လှမ်းအော်လိုက်ရတော့တယ်။
“ဝလူး၊ ဝလူး၊ ဝါး”
ကျုပ်အော်ပေမယ့် အသံက မသဲကွဲဘူးဖြစ်နေတာဗျ၊ လျှာကြီးတစ်ခုလုံးလည်း ထုံပြီးတော့ ပူထူနေတာပဲ၊ အငယ်မက ခြံရှေ့ကိုကြည့်ပြီးတော့ လန့်အော်တယ်ဗျ။
“အောင်မယ်လေး၊ သရဲ၊ သရဲ”
“သရဲမဟုတ်ပါဘူးဟာ၊ နင့်အကိုလတ်ပါဟ၊ တံခါးဖွင့်စမ်း”
အကိုကြီးပြောလိုက်တော့မှ အငယ်မက တံခါးလာဖွင့်တယ်၊ ခြံထဲမှာ သစ်တုံးကြီးချလိုက်တော့ တစ်အိမ်လုံးကပြေးလာပြီးကြည့်ကြတယ်၊
“ဟယ်၊ အလတ်ကောင်၊ နင်ဘယ်လိုဖြစ်တာလဲ”
ပျားဆိပ်တွေတက်ပြီးတော့ ကျုပ်မျက်နှာကြီးတစ်ခုလုံးလည်း ဘီလူးရုပ်ကြီးဖြစ်နေပြီဗျ၊ နှုတ်ခမ်းကြီးတွေဆိုလည်း ဖောင်းကားပြီးထော်လန်နေတာ၊ မျက်ခွံတစ်ဖက်ကို ပျားတုတ်မိသွားတော့ မျက်လုံးတစ်ဖက်ကလည်း ပိတ်နေပြီးဖွင့်မရဘူးဗျာ၊ မျက်ခုံးတွေဆိုရင်လည်း ဖောင်းကြွနေတဲ့အပြင် လျှာကြီးကလည်း ယောင်ပြီးတော့ ထူထူကြီးဖြစ်နေပါရောလား။
ဒါနဲ့ပဲ ရေမိုးချိုးပြီးတော့ ဆေးကြမ်းကြီးရေဖျော်ပြီး လူးထားတာပေါ့ဗျာ၊ အဲဒီသစ်တုံးကြီးကိုတော့ အိမ်ရှေ့မှာပဲ ချထားလိုက်တော့တယ်။ ညအိပ်ခါနီးလဲရောက်ရော အကိုကြီးတို့လင်မယားအခန်းထဲမှာ ရန်ဖြစ်တာကိုကြားလိုက်ရပါရောဗျာ။
“ဟဲ့ နင်နဲ့မပေါင်းဘူး၊ နင်နဲ့ငါကွာရှင်းမယ်”
အဖေအမေတို့လည်းပြေးကြည့်ကြတာပေါ့ဗျာ။ ကျုပ်မရီးက ကလေးကိုပိုက်ပြီးတော့ အိမ်ခန်းထဲကနေပြေးထွက်လာတယ်ဗျ၊ အကိုကြီးကလည်း ဒေါသတကြီးနဲ့ပြေးလိုက်လာတယ်။
“ဟေ့ကောင်၊ ဘာဖြစ်တာလဲ”
“အဖေ၊ သူနဲ့မပေါင်းဘူး၊ ခုနက ကလေးက ငိုနေတာကို နားငြီးလို့ဆိုပြီးတော့ ကလေးရဲ့ကျောကုန်းကို အားကြီးနဲ့ထရိုက်တယ်အဖေ”
အမေက ကျုပ်တူမကျောကုန်းကိုလှန်ကြည့်တော့ ကျုပ်တူမကျောကုန်းမှာ အကိုကြီးရိုက်ထားတဲ့အရာကြီးက နီရဲနေတာပဲဗျာ၊ အဖေက အကိုကြီးကိုကြည့်တယ်။
“ဟေ့ကောင်အကြီးကောင်၊ မင်းဘာဖြစ်တာလဲ”
အကိုကြီးပုံစံက အရူးကြီးတစ်ယောက်လိုပဲဗျ။
“မင်းကိုငါသတ်မယ်၊ မင်းကိုရော မင်းရဲ့ကလေးကိုရော ငါသတ်မယ်”
“အကြီးကောင်၊ မင်းစိတ်ကိုအေးအေးထားပါ၊ ဒီဟာ မင်းချစ်လွန်းပါတယ်ဆိုပြီးတော့ ယူထားတဲ့မိန်းမကွ၊ နောက်ပြီး ဒီဟာကလည်း မင်းနဲ့ရထားတဲ့ကလေး”
အကိုကြီးက ပြောပြောဆိုဆိုနဲ့ မရီးဆီကိုပြေးဝင်လာတယ်ဗျ၊ ကျုပ်လည်း မနေသာတော့တာနဲ့ အကိုကြီးလက်မောင်းကိုပြေးဆွဲတော့တာပဲ၊ အကိုကြီးရဲ့အသားတွေက ပူနေတာပဲဗျာ၊ ကျုပ်လည်းဆွဲလိုက်ရော အကိုကြီးက ကျုပ်ကိုလှည့်ကြည့် မျက်စောင်းထိုးပြီးတော့ ကျုပ်ရင်ဝကို တွန်းထုတ်ထည့်လိုက်တာဗျာ၊ ကျုပ်ဖြင့် လွင့်သွားပြီး အခန်းကာထားတဲ့ ထရံနဲ့သွားဆောင့်ပါရောလား။
“အဝေ၊ အဝိုကြီး၊ တစ်ဝုဝု ဝစ်နေပြီ”
ကျုပ်မပီမသနဲ့အော်လိုက်တော့ အဖေကလည်း သဘောပေါက်သွားတယ်ထင်တယ်ဗျ၊ အကိုကြီးလက်ကိုချုပ်ဆွဲထားလိုက်ပြီးတော့ ဘုရားစာရွတ်တယ်ထင်ပါတယ်၊ဒီတော့မှ အကိုကြီးက နည်းနည်းငြိမ်သွားတာဗျ၊ ကျုပ်လည်း အမြန်ထပြီးတော့ ဘုရားကျောင်းဆောင်ပေါ်က ညောင်ရေအိုးကိုဆွဲပြီး ညောင်ရေအိုးရေနဲ့ အကိုကြီးကိုပက်လိုက်တော့မှ အကိုကြီးက ငူငူငေါင်ငေါင်ကြီးဖြစ်သွားတော့တယ်။
“အကြီးကောင်၊ သတိထားစမ်းကွာ”
အကိုကြီးက ခေါင်းငိုက်စိုက်ကျသွားတယ်။
“သား၊ သား စိတ်ထဲဒေါသအရမ်းထွက်သွားတယ်အဖေ၊ သားမှားပါတယ်”
အဖေကလည်း မရီးကိုရှင်းပြရတာပေါ့၊ မရီးကလည်း လက်ခံပေမယ့် အကိုကြီးကိုကြောက်လို့ နောက်ဆုံးအောက်ထပ်က အငယ်မတို့နဲ့သွားအိပ်ရပါရောလားဗျာ၊ အကိုကြီးက သူတို့လင်မယားအခန်းထဲမှာ တစ်ယောက်တည်းအိပ်တာပေါ့။ ညသန်းခေါင်မရောက်တရောက်မှာ အကိုကြီးက ထပြီးပွဲကြမ်းပါရောလားဗျာ၊ သူတို့အခန်းထရံကို လက်သီးနဲ့တဘုန်းဘုန်းပုတ်ပြီးတော့ အိမ်တိုင်တွေကိုလည်း ခြေထောက်တွေနဲ့ဆောင့်ကန်နေတာ၊ အငယ်ကောင်က အကိုကြီးဆီကိုသွားတော့ အငယ်ကောင်ကိုတွန်းထုတ်လွတ်လိုက်တာ အငယ်ကောင်ခမြာ လှေကားအတက်နားကို ခွေခွေကလေးကျသွားတာ။
“အဖေရေ၊ လုပ်ပါအုံး၊ အဖေ”
အငယ်ကောင်က အော်တာပေါ့ဗျာ၊ အဖေတို့ထွက်မလာခင်မှာ အကိုကြီးက အငယ်ကောင့်ဆီသွားပြီးတော့ အငယ်ကောင်ရဲ့ဆံပင်ကို လက်တစ်ဖက်က ကိုင်ပြီး ကျန်တဲ့လက်တစ်ဖက်က အငယ်ကောင်ရဲ့ပါးကို တဖြန်းဖြန်းနဲ့ရိုက်ပါလေရောဗျာ၊ ရိုက်တဲ့အသံကြီးက အားပါတယ်ဗျ၊ ဖြောင်းဖြောင်းနဲ့ကို မြည်နေတော့တာ၊ ခြင်ထောင်ထဲအိပ်နေတဲ့ကျုပ်လည်း ထလိုက်ပြီးတော့ ခြင်ထောင်စကြီးဆွဲပြီး အကိုကြီးကိုခြင်ထောင်နဲ့ပြေးအုပ်ရတာပေါ့ဗျာ၊ အကိုကြီးကလည်း ရုန်းကန်နေရင်းနဲ့ ပိတ်ခြင်ထောင်ကြီးနဲ့ ငြိပြီး လုံးထွေးနေတာပေါ့။
ကျုပ်လည်း ဦးဘသာကိုသတိရလိုက်တယ်၊ အကိုကြီးပုံစံက ပုံမှန်မှ မဟုတ်ဘဲကိုးဗျ၊ ဒါနဲ့ ဦးဘသာကိုခေါ်မယ်ဆိုပြီး အိမ်ပေါ်ကဆင်းမယ်အလုပ်မှာ အကိုကြီးက ခြင်ထောင်ပုံထဲကနေ ထွက်ပြီး ကျုပ်ဆီကိုပြေးလာပါရောလား။ ကျုပ်လည်း လှေကားကိုအမြန်ပြေးဆင်းရင်း သုံးထစ်မြောက်အရောက်မှာ ခြေခေါက်ပြီးတော့ လဲကျသွားတာပေါ့ဗျာ။ အကိုကြီးကို အဖေတို့က ဝိုင်းဆွဲပေမယ့် အဖေ့ကိုလည်း တွန်းထုတ်ခဲ့တာဗျ၊ လှေကားအောက်မှာ ခွေခွေကလေးလဲနေတဲ့ကျုပ်ကို အကိုကြီးက မီးဝင်းဝင်းတောက်နေသလို ဝင်းလက်နေတဲ့ မျက်လုံးကြီးတွေနဲ့ကြည့်တယ်။
ပြီးတော့ အဖေထိုင်နေကျခုံတန်းကလေးရဲ့ အနောက်မှာချိတ်ထားတဲ့ အဖေ့လက်စွဲတော်ဓါးကြိးကိုကြည့်ရင်း သွားပြေးဖြုတ်တာပေါ့ဗျာ။ ပြီးတော့ ကျုပ်ဆီတစ်ဟုန်ထိုးပြေးပြီး ဓါးနဲ့ခုတ်ပါရောဗျို့။ တစ်ခုကံကောင်းသွားတာက ဓါးအိမ်ကမကျွတ်တော့ ကျုပ်ပုခုံးကို ဓါးအိမ်နဲ့ပဲရိုက်မိတယ်၊ အကိုကြီးက ဓါးအိမ်ကိုဆွဲချွတ်နေတုန်း ကျုပ်လည်း ခြံထဲကနေပြေးထွက်လာခဲ့တာပေါ့ဗျာ။
“ဦးဘသာကယ်ပါ၊ ဦးဘသာကယ်ပါ”
ကျုပ်လည်း စိတ်ထဲကနေ ရေရွတ်နေရင်း ပြေးနေရတယ်၊ လှေကားကနေကျထားလို့ ခြေထောက်တစ်ချောင်းကလည်း အတော်နာနေတော့ ပြေးရတာအားမရှိဘူးပေါ့ဗျာ။ အကိုကြီးကတော့ မပြေးဘူးဗျ၊ ဓါးကြီးကိုင်ပြီးတော့ ခြေလှမ်းကျဲကြီးနဲ့ ကျုပ်အနောက်ကိုလိုက်လာခဲ့တာ၊ တစ်ရွာလုံးကလည်း အိပ်မောကျနေကြပြီ၊ ကျုပ်လည်း အသံကုန်ဟစ်ပြီး အော်တာပေါ့။
“ဝယ်ကြဝါ . . . ဝယ်ကြဝါ”
လျှာကိုပျားတုတ်ပြီး အသံကလည်း မပီမသဘဲထွက်တယ်ဗျ၊ ကျုပ်ပြေးလာတော့ ရွာထဲကခွေးတွေက ကျုပ်ကိုကြည့်ပြီး ထိုးဟောင်ပါရော၊ ပြီးတော့ အနောက်က အကိုကြီးကိုလည်းတွေ့ရော ဟောင်ဖို့နေနေသာသာ အမြှီးကုပ်ပြီးတော့ ထွက်ပြေးကုန်တာဗျ။
ကျုပ်လည်း ပြေးရင်း ရွာလယ်မန်ကျည်းပင်ကြီးအနားရောက်တော့ မြေကြီးထဲကနေ တိုးထွက်နေတဲ့ မန်ကျည်မြစ်ကြီးကို ခလုပ်တိုက်ပြီး ဟပ်ထိုးလဲကျသွားပါရောဗျာ၊ ကျုပ်လေးဘက်ကုန်းထနေတုန်းမှာပဲ အကိုကြီးက ကျုပ်အနားကိုရောက်လာခဲ့ပြီဗျ။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးကြီးတွေနဲ့ ကျုပ်ကိုကြည့်ရင်း ဓါးကိုမြှောက်ပြီးတော့ ခုတ်ချဖို့လက်ပြင်လိုက်တယ်၊ ကျုပ်လည်း ဘာမှမပြောနိုင်တော့ဘူးဗျာ၊ ကြောင်ပြီး ဒီအတိုင်းကြီးရပ်နေမိတာဗျ၊ အကိုကြီးရဲ့လက်က လေပေါ်ရောက်သွားတဲ့အချိန်မှာ လက်ထဲက ဓါးကြီးက ချွင်ခနဲအသံမြည်ပြီးတော့ လေးငါးဆယ်လံလောက်အကွာကို ပြုတ်ကျသွားတော့တာပဲ။
အကိုကြီးက ဒေါသတကြီးနဲ့ မန်ကျည်းပင်ကြီးအနားကိုကြည့်လိုက်တော့ ဦးဘသာက မန်ကျည်းပင်ကြီးရဲ့ ပင်စည်အနောက်ကနေ ထွက်လာတယ်ဗျ၊ ကျုပ်ဖြင့် ပျော်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ မတ်တပ်တောင်မရပ်နိုင်ဘူး၊ လေးဖက်ကုန်းသွားရင်း ဦးဘသာကြီးရဲ့ခြေထောက်တွေကို ဖက်ထားမိတယ်။
“အလတ်ကောင်၊ သိပ်မဆွဲနဲ့ကွ၊ ငါပုဆိုးကျွတ်ကျမယ်”
ဦးဘသာပြောမှ ကျုုပ်လည်း လက်ပြန်လွှတ်လိုက်တယ်၊ အကိုကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း
“ဟေ့ကောင်၊ မင်းဝင်မရှုပ်နဲ့၊ ငါ့အလုပ်ငါလုပ်နေတာ၊ မင်းဝင်ပါစရာမလိုဘူး”
“အောင်မာ၊ လူသတ်တာက မင်းအလုပ်လားကွ”
အကိုကြီးက တောက်တစ်ချက်ခေါက်လိုက်တယ်။
“ဒီကောင်တွေ ငါ့ဗိမာန်ကိုဖျက်ဆီးသွားတယ်၊ ဒီတော့ ငါဒီကောင်နှစ်ကောင်ကို ပြန်သတ်ရမှကျေနပ်မယ်”
“သူတို့က မသိလို့လုပ်မိတာပဲ၊ မင်းရဲ့ ဗိမ္မာန်ကို မဖျက်ဆီးစေချင်ရင် မင်းအစောကတည်းက သိသာထင်ရှားပြပေါ့ကွ”
“ငါဒီကောင်တွေကိုပြခဲ့သေးတယ်၊ ဒီကောင့်ကို တောင်ပေါ်ကကျအောင်လည်းလုပ်ခဲ့တယ်၊ ပျားတုတ်အောင်လည်း လုပ်ခဲ့သေးတယ်၊ ဒါတောင်မှ ဒီကောင်တွေက ငါ့ဗိမ္မာန်ကို ရအောင်ဖျက်ဆီးတဲ့ကောင်တွေ၊ ဒီကောင်တွေကို ငါသတ်မယ်”
ဦးဘသာက ခါးထောက်လိုက်ပြီး
“နေပါအုံး၊ သူများကို သတ်မယ်၊ သတ်မယ်နဲ့ပြောနေရအောင် မင်းကဘာကောင်မို့လို့လဲ”
“ဟား၊ ဟား၊ ငါက အဲဒီသစ်ဆွေးတုံးမှာနေတဲ့ ဂန္ဒဗ္ဗ နတ်ဘီလူးကွ”
ဦးဘသာက နည်းနည်းတွေဝေသွားပုံရတယ်ဗျ။
“သူတို့မသိလို့လုပ်မိတာပဲ၊ ခွင့်လွှတ်ပေးလိုက်ပါ”
အကိုကြီးက တဟားဟားနဲ့ရယ်မောတယ်ဗျ။
“ဟား၊ ဟား ဘီလူးကိုရန်စရင် ဘီလူးရဲ့ဒေါသ ဘယ်လောက်ကြီးတယ်ဆိုတာ ဒီကောင်တွေ သိစေရမယ်ဟေ့”
အကိုကြီးက ခြေထောက်တစ်ဖက်ကိုလေပေါ်မြှောက်လိုက်ပြီးတော့ လက်မောင်းနှစ်ဖက်ကိုရင်ဘတ်မှာယှက်ရင်း လက်ခမောင်းတွေ တဖြောင်းဖြောင်းနဲ့ခတ်နေတာဗျ၊ ပြီးတော့ ဦးဘသာကြီးဆီကို ပြေးဝင်လာတော့တာပဲ။ ဦးဘသာက အကိုကြီးကိုလက်ညှိုးထိုးပြီးတော့
“ရပ်စမ်း . . .ရပ်လိုက်စမ်း”
ဒါပေမယ့် အကိုကြီးက မရပ်ဘူးဗျ၊ ဦးဘသာကြီးရဲ့ လက်တစ်ကမ်းကိုရောက်တော့ ဦးဘသာကို လက်သီးနဲ့ထိုးချထည့်လိုက်တာပဲဗျာ၊ ကျုပ်တောင်မှ အနောက်ကိုပြေးပြီးရှောင်လိုက်သေးတယ်၊ ဦးဘသာက လက်သီးချက်ကို လက်ဖဝါးနဲ့ရိုက်ထည့်လိုက်တော့ ဖြောင်းဆိုတဲ့အသံအကျယ်ကြီး မြည်သွားပြီးတော့ ဦးဘသာကြီး အနောက်ကို ခြေလှမ်းသုံးလှမ်းလောက်ဆုတ်လိုက်ရတယ်။
“ယက္ခညီနောင်၊ ချုပ်ကြစမ်းဟေ့”
ဦးဘသာ ပြောလိုက်တဲ့အခါ မန်ကျည်းပင်အပေါ်ကနေ ဘီလူးကြီးနှစ်ကောင် ခုန်ဆင်းလာတယ်ဗျ၊ ခေါင်းတုံးပြောင်ပြောင်နဲ့ ထွားထွားကျိုင်းကျိုင်းကြီးတွေဗျ၊ ဒီဘီလူးတွေက ဦးဘသာရဲ့ ဦးခေါင်းပေါ်က အမောက်တစ်ခုထဲမှာ ကိန်းအောင်းနေတဲ့ ဘီလူးမင်းရဲ့ တပည့်နှစ်ယောက်ဖြစ်မယ်ထင်တယ်ဗျ၊ ဘီလူးညီနောင်နဲ့ အကိုကြီးနဲ့ ထိုးကြကြိတ်ကြတာဗျာ၊ နောက်တော့ အကိုကြီးက ဘီလူးညီနောင်ထဲက တစ်ကောင်ကို ပင့်လက်သီးကျွေးလိုက်တာ ဘီလူးတစ်ကောင်က ကိုယ်ရောင်ပါပျောက်သွားတယ်၊ နောက်ထပ်ဘီလူးတစ်ကောင်ကိုလည်း ခြေဖျားနဲ့ခတ်လိုက်တာ ဘီလူးကြီးက ထွက်ပြေးသွားပါရောလား။
အားလုံးပြီးသွားတော့ ဦးဘသာကြီးဆီကို ပြေးလာတယ်၊ ကျုပ်လည်း မနေသာတော့ဘူးဆိုတော့ မန်ကျည်းပင်အောက်နားမှာ ကျနေတဲ့ ဝါးလုံးပိုင်းအစိမ်းတစ်ခုကို ကောက်ယူလိုက်ပြီး ပြေးဝင်လာတဲ့အကိုကြီးရဲ့ခေါင်းကို အားကုန်ပိတ်ရိုက်ထည့်လိုက်တာပေါ့ဗျာ။
ဖြောင်းခနဲအသံကြီးနဲ့အတူ ကျုပ်လက်ထဲက ဝါးစိမ်းပိုင်းက ဖွာလန်ကျဲပြီးတော့ ကျိုးထွက်သွားပါရောဗျာ၊ ဒါပေမယ့် အကိုကြီးကတော့ မရပ်ဘူးဗျ၊ ဦးဘသာကြီးဆီကိုပြေးသွားပြီးတော့ ရင်ဝကိုဆောင့်ကန်ထည့်လိုက်တော့ ဦးဘသာကြီးမှာ နောက်ဆုတ်နောက်ဆုတ်နဲ့ရှောင်တိမ်းရင်း မန်ကျည်းမြစ်နဲ့တိုက်မိပြီး ပက်လက်လန် လဲကျသွားတာပေါ့ဗျာ။
အကိုကြီးက ဦးဘသာအနားကို တစ်လှမ်းချင်းလျှောက်လာတာပေါ့၊ ဦးဘသာကလည်း သူ့လက်ထဲက စက်လက်နက်တွေနဲ့ ပစ်ခတ်တယ်၊ ဝင်းခနဲ လက်ခနဲ ထွက်သွားတဲ့ စက်လက်နက်တွေကို အကိုကြီးက လက်နဲ့ပုတ်ပုတ်ထုတ်တာဗျ။ ဒီအချိန်မှာပဲ မောင်းထုသံတွေကြားရပြီ၊ အဖေအိမ်ကနေ ထုနေတာဖြစ်မှာပေါ့ဗျာ၊ ဒါပေမယ့် ညသန်းခေါင်ဆိုတော့ ရွာသားတွေ ရုတ်တရက်နိုးပုံမရဘူးဗျ၊ အကိုကြီးက ဦးဘသာဆီကိုပြေးလာပြီးတော့ ဦးဘသာခေါင်းကို လက်သီးနဲ့ထုချက်လိုက်တယ်။
ဒါပေမယ့် လက်သီးက လေထဲမှာ ရပ်သွားပြန်တယ်၊ ပြီးတော့မှ အကိုကြီးအရှေ့နားမှာ တစ်ကိုယ်လုံးအစိမ်းရောင်တွေ ဝင်းလက်နေတဲ့ ဘီလူးကြီးတစ်ကောင်ပေါ်လာတာဗျ၊ ဘီလူးပုံစံကတော့ ဘုရားဇာတ်ထုပ်တွေထဲက ပုံဖော်သလို ပုံကြီးပါပဲ၊ မျက်ခုံးမွှေးထူလဗြစ်၊ မုတ်ဆိုင်မွှေး ပါးသိုင်းမွှေးတွေနဲ့၊ ခေါင်းမှာလည်း အမောက်ကြီးက အနောက်ဘက်ကိုလန်ပြီးတော့ ကောက်နေသေးတယ်ဗျ၊ ကိုယ်လုံးမှာလည်း ချပ်ဝတ်တန်ဆာတစ်ခုဝတ်ဆင်ထားပြီး စလွယ်တွေလည်းလွယ်ထားသေးတယ်။
“မင်းတော်လောက်ပြီ”
ဘီလူးကြီးကပြောလိုက်ပြီးတော့ အကိုကြီးကိုတွန်းထည့်လိုက်တာ အကိုကြီးက အနောက်ကိုကျွမ်းပြန်ပြီးတော့ လဲကျသွားတယ်။
“သယ်ဆောင်သူကို ရန်ပြုတဲ့လူက ငါတို့ရဲ့ရန်သူပဲ”
ဘီလူးကြီးကပြောရင်း အကိုကြီးအနားကို တစ်လှမ်းချင်းလျှောက်သွားတယ်၊ အကိုကြီးလည်း အနောက်ကိုတစ်လှမ်းချင်းဆုတ်သွားတယ်။
“ဒီကောင်တွေက ငါ့ဗိမာန်ကိုဖျက်ဆီးသွားတဲ့ကောင်တွေ”
“အဲဒါတွေ ငါနားမလည်ဘူး၊ ငါနားလည်တာက မင်းလုပ်ရပ်တွေကိုရပ်မလား၊ ငါရပ်ပေးရမလား”
အကိုကြီးက ဦးဘသာရဲ့ဘီလူးကိုတော့ ကြောက်တဲ့ပုံပဲဗျ။
“မ၊ မလုပ်ပါနဲ့ဘီလူးမင်း”
ဘီလူးကြီးက ရွာပြင်ဘက်ကိုလက်ညှိုးထိုးပြီးတော့
“အဲဒါဆိုရင် မင်းပြန်တော့၊ မင်းဘာသာမင်း နေရာအသစ်တစ်ခုရှာပြီးနေ၊ ပြီးတော့ မင်းလုပ်ထားတာတွေကိုလည်း အကုန်ပြန်ထုတ်သွားနော်”
အကိုကြီးက ရွာအပြင်ဘက်ကိုလှည့်ကြည့်ရင်း လဲကျသွားတော့တယ်ဗျ၊ ဒီအချိန်မှာပဲ မီးတုတ်အလင်းရောင်တွေကိုတွေ့လိုက်ရတယ်၊ အဖေနဲ့ရွာသားတွေက လက်နက်တွေနဲ့ ထွက်လာကြတာပေါ့ဗျာ။ မန်ကျည်းပင်ကြီးအောက်မှာ ရှိနေတဲ့ကျုပ်တို့ဆီကိုလာခဲ့တာပေါ့။
ကျုပ်လည်း ဦးဘသာကိုလှည့်ကြည့်လိုက်တော့ ဦးဘသာမရှိတော့ဘူးဗျ၊ အကိုကြီးကတော့ မြေမှာလဲလို့ဗျ၊ အဖေ့ဓါးကြီးကလည်း ဟိုးခပ်လှမ်းလှမ်းမှာ ကျနေလေရဲ့ဗျာ။
နောက်နေ့တော့ သစ်ခေါင်းကြီးကို ခြစ်ယူကြတယ်၊ ပျားရည်သုံးပုလင်းစာလောက်ရတယ်ဗျ၊ အိမ်မှာတစ်ပုလင်း၊ ဦးဝင်းကြိုက်ကိုတစ်ပုလင်း၊ ရွာဦးကျောင်းဆရာတော်ကိုတစ်ပုလင်းကပ်လိုက်တာပေါ့ဗျာ၊ ဆရာတော်က အကိုကြီးအကြောင်းသိရလို့ ချည်မန်းကွင်းတွေဘာတွေ ဆင်ပေးလိုက်တယ်။
“မင်းတို့အဖြစ်ကို နားထောင်ရသလောက်တော့ ဘီလူးစီးတာပဲကွ၊ အဲဒီလို သစ်တုံးဆွေးတွေ၊ သစ်ငုတ်တိုတွေမှာလည်း ဘီလူးတွေနေတတ်တယ်၊ တချို့ဆို နတ်ဘီလူးတွေတောင်ဖြစ်နေကြတာပေါ့ကွာ၊ မင်းတို့ နောက်ဆိုရင်တော့ သေသေချာချာသတိထားပြီးလုပ်ကြဟေ့၊ ပုံမှန်သစ်ခေါင်းပျားဖွပ်တဲ့လူတွေကျတော့ လက်ဖက်တစ်ပွဲ၊ ကွမ်းတစ်ယာနဲ့ တောင်းပန်ပြီးတော့မှ ဖွပ်ကြတာကွ၊ ငါက မင်းတို့သိမယ်လို့ထင်နေတာ”
ရွာဦးကျောင်းက ပြန်လာတော့ ကျုပ်လည်း ဦးဘသာအိမ်ကိုဝင်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကိုကျေးဇူးတင်စကားပြောဖို့ပေါ့၊ ကျုပ်လျှာက အယောင်ကျသွားပြီးတော့ တော်တော်ပြန်ကောင်းနေပါပြီ၊ နည်းနည်းလျာလေးနေတာပဲ ရှိတော့တာ။
“ညက အဖြစ်အတွက် ကျေးဇူးတင်ပါတယ်ဦးဘသာ”
ဦးဘသာကတော့ မသိချင်ယောင်ဆောင်နေတယ်။
“ဘာအဖြစ်တုန်းကွ”
“ဦးဘသာမကယ်ရင် ကျုပ်တော့ အကိုကြီးရဲ့ဓါးချက်အောက်မှာ အသက်ပျောက်နေလောက်ပြီဗျ”
ဦးဘသာက ဝန်မခံပေမယ့််
“အေးကွ၊ သစ်ပင်တွေမှာ ရုက္ခစိုးနေသလို၊ သစ်လုံး၊ သစ်ခေါင်း၊ သစ်ငုတ်တိုတွေမှာလည်း အဲဒီလိုပုဂ္ဂိုလ်တွေ ရှိတတ်ကြတယ်၊ ဒါကြောင့်မို့ အရမ်းကာရော မလုပ်သင့်ဘူးကွ၊၊ ဒါနဲ့ ငါ့အတွက်ပျားရည်ဆို၊ ဘယ်မလဲကွ”
ဦးဘသာပြောမှ ကျုပ်လည်း သတိရသွားတယ်၊ ဒါနဲ့ အိမ်ကိုအမြန်ပြန်ပြေးရတာပေါ့ဗျာ၊ နေ့လည်လောက်ကျတော့ အဖေက အိမ်ကိုပြန်လာတယ်ဗျ။
“ငါဆေးနည်းကောင်းတစ်ခုရခဲ့တယ်ကွ၊ ဆရာတော်ပြောလိုက်တာက ကြက်သွန်ဖြူဥတစ်လုံးနဲ့ ပျားရည်နဲ့ရောပြီးစားရင် ယောက်ျားတွေအားကောင်းသတဲ့ကွ၊ ကဲ မသန်းရေ၊ မနက်ကခြစ်ထားတဲ့ သစ်ခေါင်းပျားရည်ပုလင်းပေးစမ်းကွာ”
ကျုပ်လည်း မအူမလည်နဲ့ ခြံထဲဆင်းလာတော့တယ်၊ အမေက မိးဖိုချောင်ထဲလှည့်ပတ်ကြည့်ရင်း
“မရှိတော့ဘူးတော့၊ မနက်တုန်းကတင် ကြောင်အိမ်ပေါ်မှတင်ထားလိုက်တာပါ၊ အခုဘယ်ရောက်သွားသလဲမသိဘူး”
“ဟာ၊ ဟုတ်ရဲ့လား၊ ပျားရည်ပုလင်းက ကြောင်အိမ်ပေါ်ကနေ ခြေထောက်ပေါက်ပြီး လျှောက်သွားပါ့မလားကွ၊ သေချာရှာကြည့်စမ်းပါအုံး”
ကျုပ်လည်း ခြံပြင်ကို အမြန်ပြေးထွက်လာခဲ့တာပေါ့ဗျာ၊ အဲဒီ ပျားရည်တစ်ပုလင်း ဘယ်ကိုရောက်သွားသလဲဆိုတာတော့ ကျုပ်ကို မမေးနဲ့ဗျို့။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply