ကျပ်တို့လည်ကောက်စိုက်တုန်းက

သုံးလေးရက်ကြာအောင် စိုက်ရတာပေါ့ဗျာ၊ ကျုပ်လည်း ကျုပ်တို့ဆွေမျိုးအိမ်တွေကိုဆင်းပြီးတော့ ကောက်စိုက်သမရှာပေးရတယ်။

ဒါပေမယ့် လယ်တွေအက အပြိုင်စိုက်နေကြတာဆိုတော့ ဟိုလူ့ကိုငှားမရ၊ ဒီလူ့ကိုငှားမရနဲ့ အတော်ကိုတိုင်ပတ်တာဗျ၊ ကျုပ်တို့ဆီမှာတော့ အဲဒီလိုအမျိုးအိမ်တွေကို တစ်ယောက်တစ်လှည့်လိုက်ဆင်းပေးကြတယ်၊ သူ့လယ်စိုက်တဲ့ရက်ဆို ကိုယ်ကဆင်းပေးရတယ်၊ ကိုယ့်လယ်စိုက်တဲ့ရက်ဆိုရင်လည်း သူတို့ဆီက လူက ပြန်ဆင်းပေးရတာပေါ့၊ အဲဒါကို လက်စားလိုက်တယ်လို့ ခေါ်တာပေါ့ဗျာ၊ တစ်ရွာလုံးက အမျိုးတွေချည်းပဲမို့ လူဆယ်ယောက်လောက်ရှာတာ သိပ်မကြာဘူးပေါ့ဗျာ။ လူတွေရတော့ ကျုပ်လည်း အိမ်ကိုပြန်လာခဲ့တယ်ဗျ၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ရေနွေးထိုင်သောက်နေလို့ဗျ။

“ဦးဘသာရော ကောက်စိုက်သမတွေရပြီလား”

ဦးဘသာက အေးအေးလူလူပဲဗျ၊ ခေါင်းကိုအသာညိတ်တယ်။ သူ့လို ရွာထဲအပေါင်းအသင်းသိပ်မရှိတဲ့လူက ဘယ်ကနေများ ကောက်စိုက်သမတွေ ရသလဲဆိုပြီး ကျုပ်လည်း အတော်ကိုထူးဆန်းနေတာဗျ။

“ဒါဆို ဦးဘသာလယ် ဘယ်နေ့စိုက်မလဲ”

“နက်ဖြန်ညစိုက်မယ်”

“ဟာဗျာ၊ ကောက်စိုက်တာ ညဘက်စိုက်လို့ရလို့လား”

“ရတာပေါ့ကွ”

“နေပါအုံး၊ ဦးဘသာက ဘယ်သူတွေခေါ်ထားတာလဲ”

“ငါ့အမျိုးတွေ ခေါ်ထားတာပေါ့ကွာ”

ကျုပ်လည်း ဘာမှဆက်မမေးတော့ဘဲ အိမ်ကိုပြန်လာခဲ့တာပေါ့။ အိမ်ပြန်ရောက်တော့ အဖေက ကျုပ်ကိုဆီးမေးတယ်။

“အလတ်ကောင်၊ လူတွေရခဲ့ရဲ့လား”

“ဆယ်ယောက်ပဲရတယ်ဗျ၊ ဒါတောင် ရွာအရှေ့ပိုင်း၊ အနောက်ပိုင်း အကုန်ပတ်လာခဲ့တာ”

“ဆယ်ယောက်ဆိုရင် ရက်ကြာသွားလိမ့်မယ်ကွ၊ ဒီလိုလုပ်ကွာ ဦးဘတူးအိမ်မှာ ကောက်စိုက်သမတွေရောက်နေတယ်ပြောတယ်၊ သူတို့နဲ့ဈေးစကားပြောပြီးတော့ သွားခေါ်ကြည့်စမ်း”

“ဟုတ်အဖေ၊ ကျုပ်သွားလိုက်မယ်”

“ကျုပ်လဲလိုက်မယ် ကိုခင်မောင်”

“အေးပါ၊ ဒါဆိုရင်လည်းလိုက်ခဲ့၊ ရောက်တုန်းရောက်ခိုက် ရွာမှာလည်ရတာပေါ့ကွာ”

ကျုပ်နဲ့ကျော်လင်းနဲ့လည်း အိမ်ကနေ နောက်တစ်ခေါက်ထပ်ထွက်ရတယ်၊ ရေစောစောရတဲ့ရွာတွေ၊ လယ်သိပ်မရှိတဲ့ရွာတွေက ကောက်စိုက်သမတွေက အလုပ်ပြီးရင် လူလိုတဲ့ရွာတွေကို လိုက်လာပြီး အလုပ်လုပ်တတ်ကြတယ်ဗျ၊ ကိုယ့်ရွာသားချင်းဆိုရင်တော့ ပိုက်ဆံမပေးရပေမယ့် သူတို့လိုကောက်စိုက်သမတွေဆိုရင်တော့ နေ့စားခနဲ့ရှင်းကြရတယ်၊ ဒါနဲ့ မကြာပါဘူး ဦးဘထူးအိမ်ကိုရောက်ခဲ့တယ်၊ ကောက်စိုက်သမ ငါးယောက်လောက်ရှိတယ်ဗျ၊ အားလုံးက အသက်ခပ်ငယ်ငယ်အပျိုကလေးတွေချည်းဘဲ၊ အဖေငှားခိုင်းတဲ့အတိုင်း မနက်ဖြန်အတွင်ငှားလိုက်တာပေါ့ဗျာ၊ ငှားပြုပြီးတော့ ကျုပ်တို့လည်းပြန်လာခဲ့တာပေါ့။

(၂)

ကျော်လင်းက ကျုပ်ထက် အသက်သုံးနှစ်လောက်ငယ်တယ်ဗျ၊ သူ့အဖေက အစိုးရဝန်ထမ်းပဲ၊ သူက မြို့မှာပဲအနေများတယ်၊ ကျုပ်တို့ရွာကိုတော့ ကျော်လင်းက ခဏခဏလာတတ်တယ်၊ အရင်ကနဲ့မတူဘဲ ဒီတစ်ခါကျော်လင်းလာတော့ ကြီးကောင်ဝင်လာပြီး အရပ်ရှည်ရှည်ထွားထွားကြိုင်းကြိုင်းနဲ့ ကြည့်လို့ကောင်းလာတယ်ဗျ၊

ကျုပ်နဲ့အတူတူအိပ်တာဆိုတော့ သူနဲ့ကျုပ်နဲ့ ညလုံးပေါက်စကားတွေပြောပြီး အတော်ညည့်နက်မှပဲ အိပ်ဖြစ်ကြတယ်ပေါ့ဗျာ။

“ဟဲ့အလတ်ကောင်၊ ထတော့လေ၊ ဒီနေ့ကောက်စိုက်ဆင်းမှာသိရဲ့သားနဲ့ နေဖင်ထိုးအောင်အိပ်နေတယ်”

ကျုပ်နိုးလာတော့ ကျုပ်ဘေးမှာအိပ်တဲ့ ကျော်လင်းမရှိတော့ဘူးဗျ၊ ကျုပ်လည်း အိပ်ရာသိမ်းပြီးထလာတော့ သကောင့်သားက ထမင်းစားပွဲမှာတောင်ရောက်နေပြီ၊ ကျုပ်လည်း မျက်နှာသစ်ပြီးတော့ ထမင်းစားပွဲဝင်ထိုင်တယ်။

“ကျော်လင်း၊ ရောက်တုန်းရောက်ခိုက် မင်းလည်းတို့ကောက်စိုက်တာ ဝင်ကြည့်သွားပေါ့ကွာ”

“စိတ်ချပါ ကိုခင်မောင်ရ၊ ကျွန်တော်လည်း ကူလုပ်ပေးမှာပါ”

“ဟကောင်ရ၊ ကောက်စိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးနော်၊ မင်းတို့မြို့သားတွေ လုပ်နိုင်မှာမဟုတ်ပါဘူးကွာ”

“ကိုခင်မောင်ကလည်း ကျုပ်ကိုအထင်သေးလှချည်လား၊ ကိုခင်မောင်ခိုင်းဗျာ၊ ကျုပ်လုပ်မယ်”

ဒီလိုနဲ့ မနက်စာ စားလိုက်တာပေါ့ဗျာ၊ အမေကတော့ အလုပ်အတော်ရှုပ်တယ်၊ ကောက်စိုက်သမတွေစားဖို့အတွက် ထမင်းတွေဟင်းတွေချက်ပြုတ်နေရတယ်၊ကောက်စိုက်လိုက်ပြီဆိုရင် လယ်ရှင်က ချက်ပြုတ်ကျွေးရတာ ထုံးစံအတိုင်းပဲမဟုတ်လားဗျ၊ ဒီတော့ အမေက အိုးကြီးချက်ရတာပေါ့၊ စားမယ့်သူကလည်း ကောက်စိုက်သမတင် ဆယ့်ငါးယောက်၊ အိမ်ကလူနဲ့ဆို အယောက်နှစ်ဆယ်လောက်ရှိတယ်မဟုတ်လား၊ မိန်းကလေးတွေဆိုပေမယ့် တောသူတွေဆိုတော့ အထင်မသေးနဲ့ဗျ၊ ထမင်းတစ်ခါစားရင် နှစ်ပန်းကန်၊ သုံးပန်ကန်လောက် ကုန်အောင်စားတတ်ကြတာ။

“အမေ၊ ဟင်းကောင်းလေးချက်အုံးနော်”

“အေးပါဟယ်၊ ငါက လယ်ရှင်ပဲ ငါသိပါတယ်၊ နင့််ယောက်မတွေစားဖို့ကို နင်ပူမနေပါနဲ့”

ကျုပ်လည်း အမေဟင်းချက်နေတာကို ဝင်ရှုပ်နေတာပေါ့ဗျာ။

“ဒါနဲ့ ဘာသားချက်မှာလဲ”

“ဟဲ့အကောင် အသားငါးတွေရှားနေတာ နင်မသိဘူးလား၊ ဒါကြောင့်် ငါးပိကောင်ကြော်မယ်ဟာ၊ ဒီမှာတွေ့လား”

မိုးဦးကျဆိုရင် အသားငါးရှားတတ်တာ ထုံးစံပဲကိုးဗျ၊ အားလုံးက လယ်စိုက်ဖို့စိုင်းပြင်းနေကြလို့ အသားငါးတွေမရတတ်ဘူးူမဟုတ်လား၊

“ဒါနဲ့အမေ ကောက်စိုက်သမဟင်းရော ပါရဲ့မဟုတ်လား”

“ဟဲ့ အဲဒါက မပါလို့ရမလား”

ကောက်စိုက်သမဟင်းဆိုတာက မန်ကျည်းသီးစိမ်းကို ချက်ထားတဲ့ဟင်းကိုပြောတာပါဗျာ၊ နှမ်းလှော်လေးထောင်းပြီးတော့ မန်ကျည်းသီးစိမ်း မညက်တညက်နဲ့ ငါးပိချက်လိုချက်တာပေါ့ဗျာ၊ ဟင်းအိုးချခါနီး ပင်စိမ်းရွက်ကလေးနိုင်နိုင်အုပ်လိုက်ရင် မွေးနေတော့တာ၊ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာကလို ငါးပိရည်မစားတော့၊ ကောက်စိုက်သမတွေကို အဲဒီမန်ကျည်းသီးစိမ်း ငါးပိချက်ပဲ ကျွေးကြရတာ၊ အဲဒီဟင်းကလည်း ချဉ်ချဉ်၊ ဖန်ဖန်၊ ငန်ငန်ကလေးနဲ့ စားလို့လွှတ်ကောင်းဗျ၊ တခြားဘာဟင်းမှ မပါဘဲနဲ့ကို အဲဒီဟင်းချည်းတင် စားလို့သိပ်ကောင်းတာ၊ ကောက်စိုက်ပြီဆိုရင် အဲဒီဟင်းက မပါမဖြစ်မို့ ကောက်စိုက်သမဟင်းလို့ နာမည်ပေးထားတာကိုး။

ဒီလိုနဲ့ ကောက်စိုက်ဖို့ လယ်ထဲဆင်းခဲ့တာပေါ့ဗျာ၊ လက်စားပေးထားတဲ့အိမ်တွေကလည်း လာကြ၊ နေ့စားငှားထားတဲ့ ကောက်စိုက်သမတွေကလည်း လာကြနဲ့ဆိုတော့ လယ်ထဲဆင်းရတာ တပျော်ကြီးပဲဗျို့။

လယ်ထဲမှာ ပျိုးပင်တွေကိုလည်း နှုတ်ပြီးချပြီးသားအသင့်ပေါ့ဗျာ၊ မနေ့ကတည်းက ကျုပ်နဲ့အကိုကြီးနဲ့ ပျိုးတွေနှုတ်ထားကြတာ၊ ပျိုးခင်းတစ်ခင်းတော့ နှုတ်မပြီးသေးလို့ ချန်ထားတယ်၊ ဒီနေ့ဆက်နှုတ်ဖို့ပေါ့ဗျာ။

ကောက်စိုက်သမတွေကလည်း မခိုမကပ်ဘူးဗျ၊ ကန်သင်းထဲတောင်ရောက်နေကြပြီ၊ ကျုပ်တို့လည်း ပျိုးထုံးတွေထမ်းပြီးတော့ သွားချပေးတာပေါ့ဗျာ။ ဒီလိုနဲ့ မကြာခင်ပဲ ကောက်စစိုက်ကြတော့တာပေါ့။

(၃)

ကောက်စိုက်တယ်ဆိုတာ လူလိုသလောက် လူလည်းသိပ်ညီဖို့အရေးကြီးတယ်ဗျ၊ အပြောလွယ်ပေမယ့် အလုပ်ခက်တာပေါ့ဗျာ၊ ကောက်ပင်ကိုလည်း မြေအခြေအနေကိုကြည့်ပြီး နှစ်ပင်သုံးပင်ကလေ၊ လေးငါးပင်အထိကောက်ရသေးတာ၊ ပြီးတော့ ညီအောင်စိုက်ရတယ်၊ စိုက်တဲ့အခါမှာလည်း စပါးပင်အမြစ်လည်းခိုင်အောင် သိပ်မနက်၊ မတိမ်စိုက်ကြရတာဆိုတော့ လက်မှန်းတည့််ဖို့ကလည်းလိုတယ်၊

ဒါပေမယ့် ရွာသူရွာသားကတော့ ပြောစရာမလိုတော့ပါဘူးဗျာ၊ တဗျပ်ဗျပ်နဲ့ စိုက်ကြတာ သိပ်မြန်တာပဲဗျာ၊ ပြီးတော့ ကြိုးနဲ့တန်းစိုက်စရာမလိုအောင်ကို တန်းနေတာပဲဗျို့၊ ကျော်လင်းက မြို့သားလည်းဖြစ်တဲ့အပြင် အသားခပ်ဖြူဖြူ၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်နဲ့ ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော် သန့်သန့်ကလေးဆိုတော့ ကောက်စိုက်သမတွေကတော့ ကျော်လင်းကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့ဗျာ။

“ကျော်လင်း၊ မင်းပျိုးနှုတ်ကြည့်မလား”

ကျုပ်လည်း ပျိုးနှုတ်ရင်း အပါးခိုချင်တာနဲ့ ကျော်လင်းကိုခေါ်လိုက်တယ်၊ ကျော်လင်းလည်း ပျိုးခင်းထဲဆင်းလာတယ်။

“ပျိုးပင်ကို သေသေချာချာကိုင်ပြီးနှုတ်၊ နှုတ်ပြီးရင် ဟောဒီလိုပျိုးချေးတွေကို ခါချရတယ်၊ တို့ရွာမှာ စကားတစ်ခုရှိတယ်ကွ၊ ပျိုးချေးစင်အောင်မခါတတ်ရင် ယောက်ျားမပီသဘူးတဲ့ကွာ၊ ဘယ်အပျိုမှ မယူကြဘူးကွ”

ကျော်လင်းလည်းလုပ်ကြည့်တယ်၊ ပျိုးနှုတ်တယ်ဆိုတာကလည်း လွယ်တာမှတ်လို့ဗျာ၊ ဒီကောင့်ကို ယောက်ျားမစစ်ဘူးဆိုပြီး နည်းနည်းခြောက်ပေးလိုက်တော့ ဒီကောင်လည်း အားသွန်ခွန်စိုက်လုပ်တာပေါ့၊ နှုတ်ပြီးသား ပျိုးပင်တွေကို ဝါးလုံးတစ်ချောင်းနဲ့ပျိုးထမ်းပြီးတော့ ကောက်စိုက်သမတွေဆီကိုသွားပေးရတာပေါ့၊ ဒါလည်း ကျုပ်မလုပ်ပါဘူးဗျာ၊ ကောက်စိုက်သမလေးတွေ ငေးငေးကြည့်နေတဲ့ ကျော်လင်းကို သွားသွားပို့ခိုင်းတာပေါ့၊ ကျော်လင်းသွားရင် အဲဒီကောင်မလေးတွေက ပြုံးစိစိနဲ့ ဆိုတော့ သူတို့ဟာနဲ့သူတို့တော့ အဆင်ပြေနေတာပေါ့ဗျာ၊ အဲဒီကောက်စိုက်သမကလေးတွေထဲမှာ ဒွေးချောင်းဘက်ကလာတဲ့ ကောက်စိုက်သမကလေးတွေနဲ့ ကျော်လင်းနဲ့ လေပေးဖြောင့််နေတယ်ဗျ။

ဒီလိုနဲ့ နေ့လည်ကိုရောက်ခဲ့ပါရောဗျာ၊ ကျုပ်လည်း ဦးဘသာနဲ့ စကားပြောနေကြတာပေါ့၊

“ကျုပ်တို့လယ်တောင် အတော်စိုက်ပြီးနေပြီ၊ ဒီအတိုင်းဆို မနက်ဖြန်တင်ပဲ စိုက်လို့ပြီးမယ်ထင်တယ်၊ ဦးဘသာရော မစိုက်ဘူးလား”

ဦးဘသာက ကွမ်းမြုံ့နေရင်း

“ညဘက်တော့ စိုက်မယ်လို့ပြောထားတာပဲကိုကွာ”

“လုပ်ပြန်ပြီဦးဘသာရာ၊ ဦးဘသာလယ်က ငါးဧကကျော်တယ်နော်၊ ပြီးတော့ ညဘက်ကြီး ဘယ်သူတွေကများကောက်စိုက်လို့လဲ”

“ဟေးဟေး၊ ဒါကတော့ မင်းသိချင်ရင်လာကြည့်ပေါ့ကွာ၊ ငါကတော့ ဘာမှမပြောတော့ဘူး”

ကောက်စိုက်သမတွေလည်း ဗိုက်ဆာနေလောက်ပြီဆိုတာနဲ့ ကျုပ်လည်း ထမင်းတောင်းကြီးထမ်းပြီး လယ်ထဲဆင်းခဲ့တာပေါ့ဗျာ၊ ကန်သင်းဘေးမှာထိုင်ရင်း ထမင်းတောင်းကြီးဖွင့်ပြီး စားဖို့သောက်ဖို့ပြင်ပေးလိုက်တယ်။

“ငါ့ညီကျော်လင်း၊ မင်းလည်းဝင်စားလေကွာ၊ ငါတို့တောမှာတော့ အခုလိုကန်သင်းဘေးနားထိုင်စားရတာကိုက အရသာတစ်ခုကွ၊ ကောက်စိုက်ပြီးတဲ့အချိန် ရွံ့တွေဗွက်တွေကြားမှာ စားရတာကိုက မြိန်တာကွ၊ ရော့ရော့”

ကောက်စိုက်သမကလေးတွေက ပြုံးရင်းကြည့်နေတာပေါ့ဗျာ၊ မိန်းကလေးတွေဆိုပေမယ့်လည်း အတော်စားနိုင်တယ်၊ မန်ကျည်းသီးငါးပိချက်ကလေးနဲ့ ငါးပိကောင်ကြော်နဲ့ဆိုတော့ ထမင်းကိုထောင်းသွင်းသလိုကို ဝင်တာဗျ၊ တစ်ယောက်ကို နှစ်ပန်းကန်၊ သုံးပန်းကန်လောက်ကိုစားတာ၊ စားသောက်ပြီးတော့ သစ်ပင်ရိပ်မှာထိုင်ရင်း ရေနွေးကြမ်းသောက်၊ ထန်းလျက်ခဲလေးစားရင်း အနားယူနေကြတာပေါ့။

“ဟဲ့ကောင်မလေးတွေ၊ နင်တို့ဘယ်ရွာကလဲ”

“ဒွေးချောင်းကပါဆိုနေ”

ရွာက ကောင်မလေးတွေကိုတော့ ကျုပ်သိပေမယ့် နေ့စားနဲ့ငှားထားတဲ့ကောင်မလေးတွေကို ကျုပ်လည်းမသိတာနဲ့ မေးကြည့်တာပေါ့ဗျာ၊ ကောင်မလေးတွေက ကျော်လင်းနဲ့ကျတော့ လေပေးဖြောင့်ပေမယ့် ကျုပ်နဲ့ကျတော့ ခပ်ဆတ်ဆတ်ရယ်ဗျ။

“နင်တို့နာမည်တွေပြော”

“အောင်မယ်၊ ခင်ဗျားက လူဦးရေစာရင်းကောက်နေတာလား၊ ကျုပ်တို့နာမည်မေးပြီးတော့ ဘာလုပ်မလို့လဲ”

ကြည့်စမ်း၊ ကျုပ်ကိုပါပြန်ပြီး ခံပြောနေသေးတယ်၊ အမှန်ဆို ကျုပ်ကလယ်ရှင်၊ သူတို့ကလူငှားလေ၊ သူတို့က ကျုပ်ကိုလေးစားရမှာပေါ့။

“အေး၊ နင်တို့နာမည်မပြောရင် ညနေကျရင် နေ့စားခမရှင်းပေးဘူး”

ကျုပ်လည်း နိုင်ကွက်ရှိတယ်မဟုတ်လား၊ ဒီတော့မှ ကောင်မလေးတွေက သူတို့နာမည်ကို ပြောကြတယ်၊ နာမည်တွေကတော့ တောနာမည်တွေပါဗျာ၊ မိလုံးတို့၊ လုံးတင်တို့၊ စိန်အေးတို့ပေါ့၊ ဒါပေမယ့် သူတို့ထဲမှာ နည်းနည်းကြည့်ပျော်ရှုပျော်ရှိတဲ့ကောင်မလေးက ပန်းမှုံတဲ့ဗျာ။

“နာမည်လေးက ပန်းမှုံတဲ့လား၊ လှတယ်နော်၊ တွံတေးသိန်းတန်ရဲ့ ကိုရေချမ်းနဲ့ မပန်းမှုံဇာတ်လမ်းထဲက နာမည်လေးနဲ့တူသေးတယ်”

ကျုပ်ပြောလိုက်တော့ ကလေးမက ကျုပ်ကိုမျက်စောင်းထိုးတယ်ဗျ။

“ဟိုလူကြီးနော်၊ ရီးတီးယားတား လာမလုပ်နဲ့ ပန်းမှုံတဲ့၊ လက်စပြင်းတယ်”

“အောင်မယ်၊ ငါ့များ”

ကျုပ်နဲ့သာ စကားကြောမတည့်တာ ဒီကောင်မလေးတွေက ကျော်လင်းနဲ့တော့ တော်တော်လေပေးဖြောင့်တယ်၊ ဒီလိုနဲ့တစ်နေ့လုံးကောက်စိုက်ပြီးတော့ အနောက်ဘက်လယ်ကွင်းတွှေနားကိုရောက်သွားတယ်၊ အဲဒီမှာက လယ်ကွင်းရဲ့တစ်ဖက်မှာ ရိုးချောင်းပဲရှိတော့တယ်၊ ရိုးချောင်းရဲ့အစပ်မှာ မြက်တောကြီးတွေရှိတယ်ဗျ၊ အဲဒီမှာ ကျုပ်ညိမအငယ်မနဲ့ အဲဒီပန်းမှုံဆိုတဲ့ကောင်မလေးနဲ့ ရန်ဖြစ်တော့တာပဲဗျာ၊ မိန်းကလေးတွေဆိုတော့ ကောက်စိုက်ရင်း ရောက်မိရောက်ရာတွေ လျေျာက်ပြောနေရင်း စကားကြောမတည့်တော့ ရန်ထဖြစ်တာပေါ့ဗျာ၊ ဆူညံဆူညံဖြစ်နေတာနဲ့ ကျုပ်လည်း ကန်သင်းဖော်နေလက်စနဲ့ ပေါက်တူးကြီးထမ်းပြီးတော့ ပြေးလာခဲ့တာပေါ့။

“ဟဲ့တော်စမ်း၊ နင်တို့ဘာတွေဖြစ်နေကြတာလဲ”

ကောင်မလေးနှစ်ယောက်က တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုနေတယ်၊ ဒါနဲ့ ကျုပ်ကပဲ ဖြန်ဖြေပေးလိုက်ရတယ်၊ ကျုပ်ညီမကတော့ ကိုယ့်ညီမဆိုတော့ သိပ်မပြောဘူးပေါ့ဗျာ၊ ပန်းမှုံကိုသေချာကြည့်ပြီး

“ပန်းမှုံ၊ နင်လည်းပါးစပ်ပိတ်တော့၊ လုပ်စရာရှိတာလုပ်၊ ဆက်ပြီးရန်ဖြစ်နေမယ်ဆိုရင် ငါနေ့စားခကို နေ့တစ်ပိုင်းဖြတ်မှာနော်”

ဆင်းရဲတဲ့ ကောက်စိုက်သမလေးတွေဆိုတော့လည်း ပိုက်ဆံဖြတ်မှာတော့ ကြောက်တာပေါ့၊ ဒါနဲ့ပဲ ပန်းမှုံက ပါးစပ်ပိတ်သွားတော့တယ်။ သူတို့အနောက်မှာက မိသားစုတွေရှိသေးတယ်ဗျ၊ မပြောလည်ကြလို့သူများရွာကို ကောက်စိုက်အငှားလိုက်ရင်း ရလာတဲ့ပိုက်ဆံတွေကို အိမ်ကိုပြန်ထောက်ကြရတာမဟုတ်လား။ ဒါပေမယ့် ပန်းမှုံက အငယ်မကို မကျေနပ်လို့ မျက်စောင်းထိုးထိုးပြီးတော့ ကြည့်နေသေးတယ်။

ဒီအချိန်မှာပဲ ချုံတောထဲကနေ မြွေကြီးတစ်ကောင် လျှောခနဲထွက်လာတာဗျ၊ မြွေတစ်ကိုယ်လုံးနက်နေပြီးတော့ လက်ကောက်ဝတ်လောက်ရှိမည့်အကောင်ဗျ၊ မြက်တောထဲက ထွက်လာပြီးတာနဲ့ အငယ်မဆီကိုပြေးလာတော့တယ်၊ ကိုက်မည့်ဖြတ်မယ့်ပုံနဲ့ တရှူးရှူးနဲ့အသံပေးပြီးလာတော့ အငယ်မလည်း ကျုပ်အနားကိုတက်ပြေးလာတာပေါ့ဗျာ။

မြွေကြီးက ရွံ့ထဲမှာသွားတာမြန်လိုက်တာဗျာ၊ အငယ်မလည်း ကျုပ်ရပ်နေတဲ့ကန်သင်းပေါ်တက်ပေးလာပါရော၊ မြွေက အလျော့မပေးဘဲ ဆက်လိုက်ပြန်ရောဗျာ၊ ဒါနဲ့အငယ်မက ကျုပ်ဆီကိုပြေးလာတယ်၊ ကျုပ်အနောက်မှာရပ်ပြီး ပုန်းနေတယ်၊ ဒီတော့ မြွေက ကျုပ်ဆီကိုတည့််တည့်ပြေးလာတာပေါ့ဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ လက်ထဲကိုင်ထားတဲ့ ပေါက်တူးနဲ့ မြွေကြီးကို ခုတ်ချထည့်လိုက်တာပေါ့ဗျာ။

ကျုပ်လက်ကလည်း တည့််တည့်ပဲဗျ၊ ကျုပ်ဆီပြေးလာတဲ့ မြွေကြီးရဲ့ ခေါင်းအနောက်ဘက် လည်ပင်းတည့်တည့်ကို ခုတ်မိသွားတာ၊ ကန်သင်းမြေကလည်းပျော့နေတာဆိုတော့ မြွေကြီးရဲ့လည်ပင်းက ပြတ်ထွက်မသွားဘဲ မြေကြီးမှာစိုက်နေတဲ့ ပေါက်တူးမှာ နစ်ဝင်နေတယ်၊ မြေကြီးက လူးလွန့်နေတာပဲဗျာ၊ ကျုပ်လည်း ပေါက်တူးကိုပြန်မချွတ်ဘဲ ဒီတိုင်းကြည့်နေလိုက်တယ်၊ မြေကြီးက ပေါက်တူးလက်ကိုင်ရိုးကို အမြီးနဲ့ပတ်ရင်း လိမ်တွန့်နေပါရော။

ကျုပ်လည်းတော်တော်အံ့သြပြီးတော့ ကြည့်နေမိတာပေါ့ဗျာ၊ ကောက်စိုက်တစ်ဖွဲ့လုံးလည်း မြွေကြီးကို အံ့အားသင်းပြီး ကြည့်နေကြပြန်ရော၊ ခဏကြာတော့မှ မြွေကြီး ရပ်တန့််ပြီးတော့ သေသွားတော့တယ်၊ ကျုပ်လည်း မြွေခေါင်းကို ခြေထောက်နဲ့တို့ကြည့်တော့ မြွေက မလှုပ်တော့ဘူးဗျာ။ အငယ်မဆိုရင်တွေတုန်နေတာပဲ၊ ဒါနဲ့ ကျုပ်လည်း ပေါက်တူးကို သွားပြီးဆွဲချွတ်လိုက်တာပေါ့ဗျာ၊ မြေကြီးရဲ့လည်ပင်းက ပြတ်ဖို့ တဲတဲကလေးပဲ ကျန်နေတော့တာဗျ။ ကျုပ်မြွေကိုကောက်မယ်လုပ်လိုက်တာနဲ့ အဲဒီမြွေကြီးက ထခုန်ပြီးတော့ အငယ်မဆီကိုပြေးသွားတာပဲဗျာ၊ ပြီးတာနဲ့ အငယ်မရဲ့ခြေချင်းဝတ်ကို ဆတ်ခနဲပေါက်ချလိုက်ပါရော။

အငယ်မက အသံကုန်ဟစ်ပြီးအော်ပါရော၊ မြွေကြီးက အငယ်မကိုပေါက်ပြီးတာနဲ့ ဘေးနားကမြက်တောထဲကို ရှောခနဲဝင်သွားတယ်၊ ကျန်တဲ့လူတွေလည်း တုတ်တွေကောက်ပြီးတော့ မြက်တောထဲကိုလိုက်ရှာတာပေါ့ဗျာ၊ လူကြီးခြေသလုံးလောက် ပေါက်နေတဲ့မြက်တောထဲမှာ မြွေကြီးကပျောက်သွားတယ်ဗျ၊ ကောက်စိုက်သမတွေ ဝိုင်းရှာကြတာတောင်မှ လုံးဝမတွေ့တော့ဘူးဗျို့။

အငယ်မ မြွေပေါက်တယ်ဆိုတော့ အရင်ဆုံး ကျုပ်တို့လယ်တဲကိုခေါ်လာခဲ့ကြတယ်၊ ကျုပ်ရင် အငယ်ကောင်ရယ်က၊ အငယ်မကို တွဲပိုးလာကြတယ်၊ ကျန်တဲ့လူတွေကတော့ ကောက်ဆက်စိုက်ကြတာပေါ့ဗျာ။ လယ်တဲရောက်မှ ခြေထောက်တွေဘာတွေ ရေဆေးပြီး မြေကိုက်တဲ့ဒဏ်ရာကို အသေအချာကြည့်ရတာပေါ့ဗျာ၊ မြွေစွယ်ပေါက်ရာလေးနှစ်ခု ပတ်ပတ်လည်မှာ အနက်ရောင်တွေစုပြီးဖြစ်လာတယ်ဗျ၊ မသိရင် သွေးခြေဥသလိုပဲပေ့ါ၊ မကြာပါဘူးအငယ်မ ခြေထောက်က သွေးကြောတွေက အနက်ရောင်ကြီးတွေဖြစ်လာတယ်။ အငယ်မက အသားနည်းနည်းလတ်တယ်ဆိုတော့ သွေးကြောမဲမမဲကြီးတွေဖြစ်သွားတာကို အတိုင်းသားမြင်နေရတာပေါ့ဗျာ။

“အလတ်ကောင် မင်းတို့သုတ်သီးသုတ်ပြာနဲ့ ဘာဖြစ်လာကြတာလဲ”

ဦးဘသာက ကျုပ်တို့တဲထဲကိုဝင်လာတယ်ဗျ၊ ကျုပ်လည်း အငယ်မခြေထောက်ကိုပြလိုက်တယ်”

“အငယ်မကို မြွေပေါက်တာပဲဗျ”

ဦးဘသာက ဒဏ်ရာကိုသေသေချာချာကြည့်ရင်း

“ဘာမြွေလဲကွ”

ကျုပ်လည်း မြွေကြီးကိုသေသေချာချာပြန်စဉ်စားနေမိတယ်၊ မြွေပွေးလဲမဟုတ်၊ ဘာမြွေမှန်းပြောရခက်တဲ့မြွေဗျ၊ မြွေဟောက်လိုလည်း ပါးပျဉ်းမထောင်ဘူး၊ ကျုပ်လည်း ဘာပြောရမှန်းမသိတာနဲ့ ခေါင်းခါပြလိုက်တယ်။

“မြွေကတော့ မြွေအနက်ကြီးဗျ”

“မြွေကိုရော မင်းတို့မတွေ့ခဲ့ဘူးလား”

ကျုပ်တို့လည်း ခေါင်းခါပြလိုက်တယ်၊ ဦးဘသာကြီးက ထူးဆန်းသလိုကြည့်နေရင်း

“မင်းတို့မြွေက ရိုးရိုးတန်းတန်းမြွေရော ဟုတ်ကဲ့လားကွာ၊ မှန်းစမ်း ငါကြည့်စမ်းမယ်”

ဦးဘသာက အငယ်မခြေထောက်ကိုစမ်းကြည့်တယ်ဗျ။

“ပုံမှန်မြွေဆိုရင် လူကိုကိုက်ပြီးရင် သိပ်ဝေးဝေးမပြေးနိုင်ဘူးကွ၊ လူတွေမှာကလည်း လူဆိပ်ဆိုတာရှိတယ်မဟုတ်လား”

“အခုကျတော့ ဘာဖြစ်နေလို့လဲ”

ဦးဘသာက မီးဖိုထဲကနေ မီးသေနေတဲ့ထင်းတစ်ချောင်းကို ကောက်ယူလိုက်တယ်ဗျ၊ ပြိးတော့ မြွေကိုက်ဒဏ်ရာရဲ့ ဘေးနားမှာ အဲဒီထင်းစရဲ့ထိပ်နဲ့ အဝိုင်းပုံလေးဆွဲလိုက်တာပဲ၊ မြွေအစွယ်ရာကို ပတ်ပြီးဆွဲတဲ့သဘောပေါ့ဗျာ၊ အဲဒီလိုဆွဲပြီးတာနဲ့ မြွေစွယ်ရာကို လက်နဲ့သုံးလေးချက်လောက်ရိုက်လိုက်တယ်။

“စုဟဲ့၊ ဒီမှာလာစု”

ဦးဘသာပြောလိုက်တဲ့အခါ အနက်ရောင်သွေးတွေက မြေစွယ်ပေါက်ရာဆီမှာ လာစုတယ်ဗျ၊ အရည်ကြည်ဖုလို အဖုအကြီးကြီးထလာပြီးတော့ ညိုမဲပြီးတက်လာတာပဲဗျာ၊ ဦးဘသာက ဓါးဦးချွန်တစ်လက်တောင်းတယ်ဗျ၊ ကျုပ်တို့လယ်ထဲမှာလည်း ဘာလေးညာလေး စားရအောင်လို့ ဓါးဦးချွန်ကလေးဆောင်ထားတာဆိုတော့ လယ်တဲခေါင်မိုးကြားမှာ ညှပ်ထားတဲ့ ဓါးဦးချွန်ကလေးကို ထုတ်လိုက်တာပေါ့ဗျာ၊ ပြီးတောနဲ့ ဦးဘသာက အဲဒီဓါးဦးချွန်ကလေးကို မီးဖိုမီးနဲ့ကင်ပြီးတော့ အငယ်မခြေထောက်က အဖိုနက်နက်ကြီးပေါ်ကို ထိုးချထည့်လိုက်တယ်။

ရှဲခနဲ အသံကြိးမြည်ပြီးတော့ အငယ်မခြေထောက်က အဖုက ပေါက်ထွက်သွားတာပဲဗျာ အငယ်မဆိုရင်လည်း အော်လိုက်တာမှ ပြောမနေပါနဲ့တော့၊ အရည်နက်နက်ကြီးတွေက မြေပေါ်ကိုကျပြီး မြေပေါ်မှာ အမြှ့ပ်တွေထသွားသေးတယ်၊ ပြီးတော့မှ ဦးဘသာက ကွမ်းရွက်တစ်ရွက်ကို ကြိတ်ချေပြီးတော့ အငယ်မခြေထောက်မှာကပ်ပေးလိုက်တာပေါ့။

“အားလုံးကောင်းသွားလိမ့်မယ်၊ ရွံ့ရေတော့ မထိစေနဲ့ပေါ့ကွာ၊ အိမ်ကိုပြန်နေပေါ့”

ကျုပ်လည်းအငယ်ကောင့်ကို ညီမငယ်နဲ့အတူတူအိမ်ပြန်ဖို့လွှတ်လိုက်တယ်။ ပြီးတော့မှ ဦးဘသာနဲ့ နှစ်ယောက်တည်း လယ်တဲထဲမှာကျန်ခဲ့တာမို့ ဦးဘသာအနားကို ကပ်လိုက်တာပေါ့ဗျာ။

“မင်းဟာက မြွေစုန်းကွ၊ စုန်းတစ်ယောက်ယောက်က တိုက်ထားတဲ့မြွေပဲ”

“ဟုတ်မယ်ဗျ၊ ဒီမြွေကြီးကို ကျုုပ်ကတွေ့လို့ ပေါက်တူးနဲ့ခုတ်လိုက်တာတောင်မှ ဒီမြွေရဲ့ခေါင်းက မပြတ်ဘဲ အငယ်မကိုဆက်ကိုက်တာဗျို့”

ကျုုပ်လည်း ဦးဘသာကို ဖြစ်ရိုးဖြစ်စဉ်တွေကိုပြောပြလိုက်တော့ ဦးဘသာက ခေါင်းညိတ်တယ်။

“အင်း၊ တစ်ယောက်ယောက်တော့ မကျေနပ်လို့လုပ်တာပဲကွ”

ကျုပ်လည်း အသေအချာပြန်စဉ်းစားရင်း

“ဒါဆို ပန်းမှုံဆိုတဲ့ကောင်မလေးများလား၊ အငယ်မက ခုနကလေးတင် အဲဒီကောင်မလေးနဲ့ စကားများခဲ့သေးတယ်”

ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“ဒီကောင်မလေးက ဘယ်ကလဲကွ”

“ဒွေးချောင်းဘက်ကလို့ပြောတာပဲ”

ဦးဘသာက ခေါင်းကိုဆတ်ခနဲညိတ်ရင်း

“အေး၊ ဟုတ်ရင်လည်း ဟုတ်မှာပေါ့ကွာ”

ဒီလိုနဲ့ ညနေရောက်တော့ ကျုပ်တို့ကောက်စိုက်တဲ့လုပ်ငန်းကိုသိမ်းလိုက်တယ်၊ အဖေပိုင်တဲ့လယ်တွေ တော်တော်များများတော့ စိုက်ပြီးသွားပြီဆိုပေမယ့်် နောက်နေ့တစ်ရက်လောက်တော့ ထပ်စိုက်ရအုံးမယ်ထင်ပါ့ဗျာ။

(၄)

ညရောက်တော့ စောစောအိပ်ခဲ့ကြတယ်ဗျ၊ ကျော်လင်းနဲ့လည်း စကားသိပ်မပြောတော့ဘူးလေ၊ ဘာလို့လဲဆိုတော့ ဒီကောင့််ကိုမြန်မြန်အိပ်စေချင်လို့ဗျ၊ ဒီကောင်အိပ်သွားတော့မှ ဦးဘသာကြီး ညဘက်ဘယ်လိုကောက်စိုက်တယ်ဆိုတာ ထကြည့်လို့ရမှာမဟုတ်လား။ ညဆယ်နာရီထိုးတော့ ဒီကောင်လုံးလုံးအိပ်ပျော်သွားပြီ၊ ဒီတော့မှ ကျုပ်လည်း ခြင်ထောင်ထဲကနေ အသာကလေးထွက်ပြီး အိမ်အောက်ကိုခြေသံလုံလုံနဲ့ ဖွဆင်းရင်း ထွက်ခဲ့ရတာပေါ့ဗျာ။

ဦးဘသာအိမ်မှာ လူမရှိတော့ဘူးဗျ၊ ကျုပ်လည်း ရွာပြင်ကိုပြေးလာခဲ့ရင်း လယ်ကွင်းတွေအနားရောက်တော့ လယ်ခင်းထဲကနေ တေးဆိုသံတွေကြားလိုက်ရတယ်ဗျ၊ တေးသံကိုနားထောင်ကြည့်တော့ မိန်းကလေးတွေ သံပြိုင်တေးဆိုနေတဲ့အသံပဲ၊ ကျုပ်အသေအချာနားထောင်ရင်း ကောက်စိုက်သမတွေ တေးဆိုတာမှန်း သိလိုက်တာမို့လို့ အမြန်ပြေးလာခဲ့တာပေါ့ဗျာ။

ထင်တဲ့အတိုင်းပါပဲ၊ ဦးဘသာက သူ့လယ်ထိပ်က ကန်သင်းပေါ်မှာထိုင်လို့ဗျ၊ ကျုပ်ရောက်သွားတော့ ကျုပ်ကိုလှမ်းခေါ်တယ်၊ လကလည်းသာနေတာဆိုတော့ လင်းလင်းထင်းထင်းပါပဲ၊ ကျုပ်လှမ်းကြည့်လိုက်တော့ လယ်ထဲမှာ မိန်းကလေးငါးယောက်က ကောက်စိုက်နေကြတယ်ဗျ၊ သီချင်းလည်း တကြော်ကြော်အော်လို့ပေါ့ဗျာ။

“ဦးဘသာ ဘယ်သူတွေနဲ့စိုက်နေတာတုန်း”

ကျုပ်ပြောလိုက်တာနဲ့ ကောက်စိုက်သမတွေလည်း ရုပ်ချည်းပျောက်သွားတာဗျ၊ သူတို့ကိုင်ထားတဲ့ ပျိုးထုံးတွေဆိုရင်လည်း တဖုတ်ဖုတ်နဲ့ပြုတ်ကျခဲ့ပါရောဗျာ၊ ကျုပ်လည်း လူမဖြစ်နိုင်မှန်းသိလိုက်ပြီလေ၊ ဦးဘသာက လယ်ထဲကိုတစ်ချက်ကြည့်ပြီးတော့ လက်ကိုဝှေ့ယမ်းရင်း

“ဟေး၊ ဘာမှမဖြစ်ဘူး၊ အဲဒါ ငါ့တူ”

အဲဒီလိုပြန်ပြောလိုက်ပြီး သိပ်မကြာပါဘူးဗျာ၊ ကောက်စိုက်သမတွေပြန်ပေါ်လာကြတယ်၊ သူတို့က ကောက်ချက်ကို မှန်မှန်စိုက်သွားတာဗျ၊ ကောက်ပင်တန်းကလေးတွေဆိုရင် ညီနေတာပဲ၊ ကျုပ်တို့အခင်းနဲ့ယှဉ်ရင် အတော်ကြီးကိုကွာတယ်၊ မသိရင် စက်နဲ့စိုက်တာများလားလို့တောင် ထင်ရတယ်ဗျာ။

“ဦးဘသာ အဲဒါဘယ်သူတွေလဲ”

“လှကြီးလယ်က လူတွေပေါ့ကွ”

“နေပါအုံး ဒါဆိုရင် ဒီကောက်စိုက်သမလေးတွေက ဦးလှကြီးလယ်မှာ အစာမှားပြီးသေသွားကြတဲ့ ကောက်စိုက်သမလေးတွေလား”

“သိပ်ဟုတ်တာပေါ့ကွာ”

(ထိုအကြောင်းကို စုန်းထီးကြီးဦးဘသာနှင့် သရဲတွေစောင့်တဲ့လယ် တွင် ဖော်ပြခဲ့ပြီဖြစ်ပါပြီ)

“ဒါနဲ့ ဦးလှကြီးက သေပြီလေ၊ သူတို့က ရှိနေဆဲပဲလား”

“အေးပေါ့ကွ၊ ငါလည်းအရင်နှစ်က ကောက်စိုက်သမတွေကို ကြေးများများခေါ်ပြီး ငှားစိုက်ခိုင်းပေမယ့်၊ ဒီနှစ်ကျတော့ ပိုက်ဆံလည်း သိပ်မရှိတော့တာနဲ့ သူတို့လေးတွေကိုပဲ ခေါ်ခိုင်းဖြစ်တယ်လေကွာ”

“ကောက်စိုက်တာတော့ ဟုတ်ပါပြီဗျ၊ ပျိုးနှုတ်၊ ပျိုးထုံးတာကျတော့ရော”

ကျုပ်မေးလိုက်တော့ ဦးဘသာကြီးက ပျိုးခင်းထဲကိုပြတယ်၊ ပျိုးခင်းထဲမှာ သူရဲကြီးတစ်ကောင် အကြီးကြီးပဲဗျာ၊ လူအရပ်နှစ်ဆလောက်ကိုရှိတာ၊ ပျိုးပင်တွေကို နှုတ်ပြီးတော့ ပျိုးချေးတွေခါချပြီး သူ့ကျောပေါ်ကိုတင်တယ်၊ ပြီးတော့ ကောက်စိုက်သမတွေအနားကို သွားသွားချပေးတယ်ဗျာ။ ဦးဘသာကြီးက သရဲတွေကိုခိုင်းစားတာ သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ၊ ကျုပ်တို့ကြည့်နေရင်း ညသန်းခေါင်လောက်ရောက်တော့ အားလုံးပြီးသွားတော့တာပဲဗျာ၊ ပြီးစီးသွားတော့ ဦးဘသာကြီးက သူယူလာတဲ့တောင်းကြီးထဲက ထမင်းဟင်းတွေထုတ်ပြီးတော့ ဖက်ကြိးတွေခင်းပြီးပုံထားခဲ့လိုက်တယ်၊ ပြီးတော့ ကျုပ်ကိုလက်ကုပ်တယ်။

“သရဲတွေမကြိုက်ဆုံးအရာက သူတို့စားသောက်နေတဲ့အချိန် ကြည့်တာပဲတဲ့၊ ကဲ လာပါကွာ၊ ငါတို့သွားကြစို့”

ကျုပ်လည်း ကြောက်ကြောက်နဲ့အမြန်ထွက်ခဲ့တာပေါ့ဗျာ၊ သရဲတွေထမင်းစားတဲ့ပုံကိုလည်း ပြောပြအုံးမယ်ဗျ၊ ဖက်နဲ့ခင်းထားတဲ့နေရာကို နောက်ပြန်ကြီးတွေ ဆောင့်ကြောင့်ထိုင်ကြတယ်၊ ပြီးတော့ သူတို့လက်ကြီးတွေကို ဖက်အောက်ကနေလျှိုသွင်းပြီးတော့ ဖက်ထဲက ထမင်းတွေကိုလှမ်းနှိုက်တာဗျို့၊ ထမင်းလုပ်ပါလာရင် လက်ကိုဖင်အောက်ကနေပြန်လျှိုထုတ်ပြီးတော့ ပါးစပ်ထဲထည့််ပြီးစားကြတာ။ ကျုပ်နဲ့ဦးသဘာလဲ အဲဒီနေရာကနေ ခပ်မြန်မြန်လစ်ခဲ့တယ်ဗျာ။

ရွာအဝင်လမ်းရောက်တော့ လူနှစ်ယောက်က သုတ်သီးသုတ်ပြာနဲ့ထွက်လာတယ်ဗျ၊ ကျုပ်တို့လည်းထူးဆန်းပြီးကြည့်နေတုန်း သူတို့နှစ်ယောက်နဲ့ဆုံပါရောဗျာ၊ မှောင်နေတော့ သေသေချာချာမမြင်ရဘူးဗျာ၊ ဦးဘသာက လက်ညှိုးထဲက မီးလုံးကလေးတစ်လုံးထုတ်ပြီးတော့ လေထဲတောက်လိုက်တာနဲ့ ပတ်ဝန်းကျင်မှာ ဆီမီးလင်းသလို လင်းသွားတာပဲဗျာ၊

အလင်းရောင်အောက်မျာ မြင်လိုက်ရတာက ကျော်လင်းနဲ့ ပန်းမှုံဗျ။

“ကျော်လင်း၊ မင်းတို့ဘာလုပ်ကြတာလဲ”

ကျော်လင်းက ကျုပ်ကိုမသိသလိုလိုနဲ့ စိုက်ကြည့်နေတယ်ဗျ၊ ဦးဘသာက ပန်းမှုံကိုကြည့်လိုက်ရင်း

“ဟဲ့ကလေးမ နင်ဒါဘာလုပ်တာလဲ”

ပန်းမှုံမျက်နှာထားကတင်းသွားပြီး

“ရှင်တို့ဝင်မရှုပ်ကြနဲ့”

အဲဒီလိုပြောပြီးတော့ ခြေထောက်ကို မြေကြီးနဲ့ဆောင့်ထည့််လိုက်တာဗျ၊ ကျုပ်တို့ရပ်နေတဲ့မြေကြီးက ငလျင်လှုပ်သလိုဖြစ်သွားပြီးတော့ ကျုပ်တောင်မှ ခြေချော်လဲကျသွားတယ်။ ဦးဘသာကတော့ မလဲဘဲ ရပ်နေတယ်ဗျ။

“ညည်းပညာလောက်နဲ့ ငါ့ကိုလာမစော်ကားနဲ့”

ဦးဘသာပြောတုန်းရှိသေးတယ်၊ ပန်းမှုံက ဆီးဖြူသီးလောက်ရှိတဲ့ အလုံးကလေးသုံးလုံးကို မိုးပေါ်ပစ်တင်လိုက်တာနဲ့ ပိတုန်းနက်ကြီးသုံးကောင်အဖြစ်ပြောင်းလဲသွားရောဗျို့၊ ပိတုန်းကြီးတွေက ဦးဘသာကိုတုပ်ဖို့ပြေးလာတယ်၊ ဦးဘသာက လေနဲ့တစ်ချက်မှုတ်လိုက်တော့ အဲဒီပိတုန်းသုံးကောင်က လွင့်ထွက်သွားတာပဲဗျာ၊ ပိတုန်းသုံးကောင်မှာ တစ်ကောင်ကတော့ ကျန်နေခဲ့တယ်၊ နောက်ပြီး ကျုပ်ကိုတုပ်ဖို့ပျံလာတယ်၊ ပျံတဲ့အသံကြီးကတင် တဝီဝီနဲ့သိပ်ကြောက်ဖို့ကောင်းတာပဲဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ဖိနပ်ကိုချွတ်ပြီးတော့ ဖိနပ်နဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တော့ ပိတုန်းက ခပ်လှမ်းလှမ်းက မြေကြီးပေါ်ကိုကျသွားတယ်၊ ကျုပ်လည်း အချိန်ဆွဲမနေဘဲ အဲဒီပိတုန်းကို ကျန်တဲ့ဖိနပ်စီးထားတဲ့ခြေထောက်နဲ့ နင်းထည့်လိုက်တော့ ပိတုန်းက စိစိညက်ညက်ကြေသွားတော့တာပါပဲ၊ ကျုပ်ဖိနပ်ကိုမလိုက်တော့ ပိတုန်းမရှိတော့ပဲ ၊ သွေးဆေးလိုလို၊ လျက်ဆားလိုလို အမှုန့်လေးတွေကို တွေ့ရတယ်။

ဦးဘသာက လက်ကိုလေပေါ်မြှောက်လိုက်တာနဲ့ ပန်းမှုံတစ်ယောကက် ဂုတ်ကိုလူတစ်ယောက်ယောက်က ဆွဲလိုက်သလိုဖြစ်ပြီး လေပေါ်မြောက်တက်သွားတာပဲ၊ ဦးဘသာကို စိမ်းစိမ်းကြီးစိုက်ကြည့်တယ်၊ အတော်ကြာမှ ဦးဘသာက သူ့ထက်စွမ်းတယ်ဆိုတာ သိသွားတယ်ထင်ပါတယ်။

“ကျွန် . . . ကျွန်မတောင်းပန်ပါတယ်ဆရာကြီး”

“နင့်အမတွေကိုတောင်မှ ငါကအနိုင်ယူခဲ့တာ၊ နင့်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်၊ ပြောစမ်း၊ နင်ဘာလို့ ဒီကောင့််ကိုဆေးကျွေးထားတာလဲ”

“သူ့ကိုကျုပ်ချစ်လို့ပါ”

ဦးဘသာက ခါးထောက်ရင်း

“သူကရော နင့်ကိုချစ်လို့လား”

ပန်းမှုံခေါင်းငိုက်စိုက်ကျသွားပြီးတော့ ခေါင်းကိုအသာလေးခါပြတယ်။

“နင့်ကိုမကြိုက်ဘူးဆိုတာသိရက်နဲ့များ ဘာလို့ဒီလိုလုပ်ရတာလဲ”

“သူမကြိုက်ပေမယ့် ကျုပ်ကကြိုက်တယ်၊ သူ့ကိုကျုပ်ရအောင်ယူမယ်”

“တော်စမ်းကလေးမရာ၊ လူတစ်ဖက်သားကို ပညာနဲ့သုံးပြီး ချစ်အောင်လုပ်တယ်ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်၊ ပြီးတော့ ဒီကောင်လေးက မြို့ကလာတဲ့ကောင်လေး၊ ဧည့်သည်လည်း ဧည့်သည်ပဲ၊ နင်သူ့ကိုပြန်လွှတ်ပေးလိုက်ပါ”

“အို . .မလွတ်ဘူး၊ သူ့ကိုကျုပ်ချစ်တယ်”

“ကဲ၊ နင်မလွတ်ရင်တော့ ငါလွှတ်ပေးရလိမ့်မယ်”

ဦးဘသာက အဲဒီလိုပြောပြီးတော့ ကျော်လင်းဆီသွားရင်း ကျော်လင်းရဲ့ပြူးကြောင်နေတဲ့မျက်လုံးတွေကို လက်နဲ့ပွတ်ပေးလိုက်တယ်၊ ဒီတော့မှ ကျော်လင်းလည်း အိပ်နေရာကနေနိုးလာတဲ့လူလို မျက်လုံးကြီးပြူးလာတယ်”

“ကျုပ် . . . ကျုပ်ဘာဖြစ်တာလဲ”

“အေး၊ မင်းကိုမေးစရာရှိလို့ မင်းသူ့ကိုကြိုက်သလား”

ဦးဘသာက လေပေါ်တန်းလန်းကြီးဖြစ်နေတဲ့ ပန်းမှုံကိုလက်ညှိုးထိုးပြီးမေးလိုက်တော့ ကျော်လင်းက အံ့သြနေသေးတယ်။

“မင်းစိတ်ထဲက အမှန်အတိုင်းဖြေနော်ကောင်လေး၊ မင်းသူ့ကိုချစ်သလား၊ ကြိုက်သလား”

ကျော်လင်းက ခေါင်းခါတယ်ဗျ။

“ကျုုပ်နဲ့ နေ့လည်တုန်းကတော့ စကားစမြည်ပြောဖူးတာမှန်ပါတယ်၊ ဒါပေမယ့် ကျုပ်သူ့ကိုမကြိုက်ဘူး၊ ကျုပ်မှာချစ်ရမယ့်သူရှိပြီးသား၊ ကျုပ်နဲ့ကျောင်းအတူတူတက်နေတဲ့ ဝတ်မှုန်နဲ့ ကျုပ်ကြိုက်နေတယ်ဆိုတာ နေ့လည်ကလည်း ခင်ဗျားကိုပြောခဲ့ပြီးသားပဲ”

သူပြောလိုက်တော့ ပန်းမှုံက မျက်ရည်တွေးစီးကျလာတယ်ဗျ။ ဦးဘသာက ပန်းမှုံကိုကြည့်ရင်း

“နင်ကြားတယ်နော်၊ ကာယကံရှင်ရဲ့ ဆန္ဒကို နင်သိပြီးပြီဆိုတော့ နင်ဘာလုပ်ရမလဲဆိုတာ သိမှာပါ၊ ကဲ ပန်းမှုံ၊ နင်သွားတော့”

ဦးဘသာပြောလိုက်တော့မှ ပန်းမှုံတစ်ယောက် မြေကြီးပေါ်ကို ဖုတ်ခနဲကျသွားပြီး ခွေခွေကလေးဖြစ်သွားတယ်၊ နောက်တော့ ပန်းမှုံကခေါင်းခါတယ်။

“ကျုပ်ကို နှင်မထုတ်ပါနဲ့ရှင်၊ ကျု့်ဒီရွာမှာနေရင်း လယ်စိုက်ရအုံးမယ်၊ အိမ်မှာကျန်နေခဲ့တဲ့ အဘွားအတွက် ပိုက်ဆံတွေရှာရအုံးမယ်၊ တကယ်တော့ကျုပ် သူ့ကိုယူမယ်ဆိုတာကလည်း သူ့ကိုချစ်တာထက် သူ့လိုမြို့ကြီးသားကိုယူပြီးတော့ ကျုပ်ဘဝပြောင်းသွားမလားလို့ ကြံခဲ့မိတာပါ ဆရာကြီးရယ်”

“အေး၊ နင်နေချင်တယ်ဆိုရင်နေနိုင်တယ်၊ ဒါပေမယ့် ရွာမှာ နောက်တစ်ခါ ပညာသုံးတာ၊ သူများကို ဒုက္ခပေးတာလုပ်ရင် နင်ငါ့အဆိုးမဆိုနဲ့”

ဦးဘသာက လက်ညှိုုးငေါက်ငေါက်ထိုးပြီးပြောလိုက်တော့မှ ပန်းမှုံက ရွာထဲကိုပြေးဝင်သွားတယ်၊ ကျုပ်လည်း ကျော်လင်းကိုခေါ်ပြီးပြန်ခဲ့ရတာပေါ့ဗျာ၊ ကျော်လင်းကတော့ တကယ့်ကိုကြောင်တောင်တောင်ရယ်ပါ။

“ဒါနဲ့ ကိုခင်မောင်တို့က ဘယ်လိုလုပ်ပြီးတော့ ရွာထိပ်ကိုရောက်နေတာလဲ”

“အဲ . . ဟို . .ဟို”

ကျုပ်လည်း မဖြေချင်တာနဲ့ စကားလမ်းကြောင်းလွှဲရတယ်။

“ဒါနဲ့ မင်းကိုပန်းမှုံကဆေးခတ်တာဆိုတော့ မင်းသူကျွေးတာ ဘာတွေစားမိသေးသလဲ”

ကျော်လင်းက ခေါင်းခါတယ်ဗျ၊ နောက်တော့မှ သေသေချာချာစဉ်းစားပြီး ခေါင်းညိတ်တယ်။

“ကျုပ်မှတ်မိပြီ၊ ကျုပ်တို့ထမင်းစားတုန်းက ကျုပ်က ငရုတ်သီးစပ်စပ်စားချင်တယ်ဆိုတော့ သူက ကျုပ်ကိုငရုတ်သီးတစ်တောင့် ကျွေးတယ်ဗျ၊ ဒါပဲ သူ့ဆီက စားလိုက်မိတာ”

“အေးပေါ့ကွ၊ အစားမတော်တစ်လုပ်ဆိုတာ အဲဒါပဲ၊ ငရုတ်သီးတစ်တောင့််ကြောင့် မင်းပန်းမှုံနဲ့ရတော့မလို့၊ ဒါပေမယ့် ရရင်လည်းမဆိုးပါဘူးကွ၊ ပန်းမှုံက ကြည့်လို့ကောင်းပါတယ်၊ ဟား၊ ဟား”

ကျော်လင်းက ကျုပ်ကိုကြည့်ပြီးတော့

“အောင်မာ၊ ကျုပ်မှာလည်းရည်းစားနဲ့ပါ၊ ကျုပ်ရည်စားဝတ်မှုန်ဆိုရင် ဟောဒီရွက်ကြမ်းရေကျို တောသူမထက် အဆပေါင်းများစွာလှတယ်၊ အိမ်ရောက်တော့ ကိုခင်မောင်ကို ဓါတ်ပုံပြမယ်”

ကျုပ်တို့လည်း အိမ်ကိုအမြန်ပြန်ခဲ့တာပေါ့ဗျာ၊ အိမ်ကလူတွေကတော့ ကျုပ်တို့ကိုတပိုတပါးဆင်းသွားကြတယ်ထင်တာပေါ့၊ ဒီအကြောင်းတွေကို ကျုပ်တို့လည်း အိမ်ကိုမပြောကြေးဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ။

မနက်အိပ်ရာနိုးတော့ ကျော်လင်းက ကျုပ်ကို ဓါတ်ပုံတစ်ပုံထုတ်ပြတယ်၊ သူပြောတဲ့အတိုင်းပဲဗျာ၊ ဓါတ်ပုံထဲက ကောင်မလေးက လှလိုက်တာ၊ ကျုပ်ဖြင့် မင်းသမီးပုံကြီးထုတ်ပြတယ်မှတ်တာ၊ ဓါတ်ပုံအနောက်မှာ ရေးထားတဲ့စာတွေ့မှာ တကယ်မှန်းယုံသွားတာဗျ၊ စာက ဘာရေးထားတာလဲဆိုတော့ “ချစ်ရတဲ့အကို့အတွက်လက်ဆောင် ဝတ်မှုန်” ဆိုပြီးရေးထားတာလေဗျာ၊ ကျုပ်လည်းကျော်လင်းကို ပြေးဖက်လိုက်တော့ ကျော်လင်းက အထူးအဆန်းနဲ့ ကျုပ်လက်ကနေရုန်းတယ်။

“အကိုခင်မောင် ဘာဖြစ်သွားတာလဲ”

“ဟီးဟီး မင်းက ငါ့ထက်သုံးနှစ်ငယ်တယ်ဆိုပေမယ့် ငါ့အတွက်တော့ဆရာပဲကွ၊ ပြောစမ်း၊ မင်း ဒီလောက်လှတဲ့ကောင်မလေးကို ဘယ်လိုများသိမ်းသွင်းလိုက်တာလဲ”

ကျုပ်ပြောတော့ ကျော်လင်းက ကျုပ်လက်ကိုပုတ်ချပြီးတော့ သူ့အင်္ကျီကော်လံစကို လက်နဲ့ထောင်ရင်း

“ဟဲ၊ ဟဲ ဒါကတော့ အထာလေးတွေရှိတာပေါ့ဗျာ”

“အေးကွာ၊ အဲဒီအထာလေးတွေလည်း ငါ့ကိုမျှလှည့််ပါ၊ ငါမင်းကို ဆရာတင်ပါတယ်ကွ”

“အင်းလေ ကိုခင်မောင်သိချင်တယ်ဆိုတော့လည်း သင်ပေးရတာပေါ့ဗျာ”

မနက်စာ စားသောက်ပြီးတာနဲ့ သကောင့်သားက ပြန်မယ်ဆိုပြီးတော့ ထပြန်တော့တာပါပဲဗျာ၊ သူက ဒီရွာမှာ ဆက်မနေချင်တော့ဘူးတဲ့လေ၊ အဖေကလည်း အကိုကြီးကို လှည်းနဲ့လိုက်ပို့ခိုင်းတာပေါ့၊ ကျုပ်တို့ကတော့ ကောက်စိုက်ရအုံးမယ်မဟုတ်လား။ ကျုပ်လည်း သူတို့လှည်းနောက်ကနေ ပြေးလိုက်ရင်း

“ကျော်လင်း၊ ညီလေး၊ ငါ့ကို ပညာတွေသင်ပေးမယ်ဆိုကွ”

ကျော်လင်းကတော့ ကျုပ်ကိုပြုံးပြရင်း သူတို့လှည်းကြီးက ရွာထိပ်ကနေ ထွက်သွားပါရောလားဗျာ။

ပြီးပါပြီ။
ဦးဘသာ