ကနေဇာတ်လမ်းစလိုက်ကြစို့ဗျာ။
ဒေါ်မယ်အိုက ကျုပ်ထက်ငါးနှစ်ကြီးတယ်.. ကျုပ်အသက်၁၀နှစ်မှာ သူက၁၅နှစ်ရှိပြီဗျ။ ကျုပ်အဖေကသူတို့အိမ်မှာ သူရင်းငှါးလုပ်ရင်းကနေ ပိုးထိဆုံးသွားတော့ မိဘမဲ့တစ်ကောင်ကြွက်ကျုပ်ကို သူတို့ကခေါ်ထားတယ်လေ။ နေစရာ၊ စားစရာပေးတဲ့အပြင် မုန့်ဖိုးပါပေးသေးတာ။ ဒေါ်မယ်အိုရဲ့မိဘနှစ်ပါးကလည်း အတော်လေးသဘောကောင်းရှာပါတယ်။ အင်း ဒီလိုနဲ့ တဖြည်းဖြည်းအရွယ်ရောက်လာကြတော့ အစ်မမယ်အိုက အတော်ကလေးလှလာတယ်ဗျ။ ရွှေငွေလေးကလည်းရှိ ရုပ်ကလေးကလည်းရှိဆိုတော့ ရွာကကာလသားတိုင်းလိုလို အစ်မယ်အိုအိမ်ရှေ့ သီချင်းကလေးငြီးရင်း ချစ်တေးဆိုတာပေါ့ဗျာ။
ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ဆုံမိရင်လည်း ပြဿနာတက်တာတောက်လျှောက်ပဲ။ ဒါပေမဲ့ အစ်မမယ်အိုက မာနကြီးတယ်။ ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့တဲ့ ရွှေဘုံပေါ်ကမင်းသမီးဆိုတော့ တော်ရုံယောကျ်ားကို အစ်မမယ်အိုက စိတ်မဝင်စားဘူး။ ငယ်ငယ်တည်းက ဂုဏ်ဂုဏ်ခြင်းထပ်မှမြတ်တယ်ဆိုတဲ့ သူ့အဘွားရဲ့ ရိုက်သွင်းခံရတဲ့စကားတွေလည်းပါတာပေါ့။ အစ်မမယ်အိုရဲ့ ကံဆိုးမှုက သူ့မင်္ဂလာဆောင်ကနေ စတော့တာပါပဲဗျာ။”
ကပ္ပိယကြီးဟာ သစ်ရွက်တွေကြွေကျတာကိုကြည့်ရင်း လေသံကိုတိုးလျော့သွားကာ ကြာညောင်းခဲ့သောအတိတ်ဆီကို သူ၏အတွေးများက ရောက်ရှိသွားခဲ့လေ၏။
&&& &&&
အဲဒီတုန်းက ကျုပ်ကိုမောင်ကျောက်လို့ပဲ အစ်မမယ်အိုကခေါ်တာ။ သူမင်္ဂလာဆောင်မဲ့သူက တစ်ဖက်ရွာကသူဌေးသား ကိုသာဓုနဲ့ပေါ့။ ကျုပ်လည်းသူတို့မင်္ဂလာဆောင်မှာ ဦးစီးဦးဆောင်ကူညီလုပ်ကိုင်ပေးနေတာပေါ့ဗျာ။ ကျုပ်ကမဏ္ဍပ်ထဲမှာ လုပ်ကိုင်နေတုန်း အစ်မမယ်အိုခေါ်တယ်ဆိုလို့ အိမ်ထဲကို ချွေးသံတရွဲှရွဲှနဲ့ဝင်သွားတယ်ဗျ။ အစ်မမယ်အိုက အဖြူရောင်ဝမ်းဆက်ကလေးဝတ်ပြီး ခေါင်းမှာစံပယ်ပန်းကလေးသီထားတာ လှမလှချက်ဗျာ။ သူကမှန်ကြည့်ပြီး ဆံထုံးကိုသေချာလုပ်နေတုန်း ကျုပ်ကသူနဲ့မလှမ်းမကမ်းမှာရပ်လိုက်တယ်ဗျ။
”အစ်မမယ်အို ကျုပ်ကိုခေါ်တယ်ဆိုလို့ ဘာများခိုင်းမလို့လဲအစ်မ။”
အစ်မမယ်အိုက ကျုပ်ကိုကြည့်ပြီး ခေါင်းကိုလာပုတ်တယ်။
“ကောင်စုတ်ကလေး ကို့အစ်မမင်္ဂလာဆောင်တော့မဲ့ဟာကို မင်္ဂလာဆုတောင်းစကားလေးပြောအုံးလေ။ ငါ့မောင်ဆီက မင်္ဂလာဆုတောင်းစကားသံကို ငါအရင်ကြားချင်လို့ ခေါ်လိုက်တာ။”
ကျုပ်မှာအစ်မမယ်အိုစကားကြားပြီး မျက်ရည်ကိုဝဲသွားတယ်ဆရာသူရရယ်။ ကျုပ်က ကျုပ်ကိုကျုပ် သူတို့အိမ်မှာ အခိုင်းအစေအဖြစ်နဲ့ပဲနေရတယ်ဆိုပြီး ဂုဏ်ငယ်ခဲ့တာပေါ့ဗျာ။ အခုသူက ကျုပ်ကိုသူ့မောင်အရင်းလိုသဘောထားကြောင်းပြောတော့ ကျုပ်မှာ ဝမ်းသာပီတိမျက်ရည် အဲဒီတစ်ခါပဲကျဖူးတယ်။ ငိုနေတဲ့ကျုပ်ကို အစ်မမယ်အိုကကြည့်ုပြီး ..
“ဟော ခန္ဓာကိုယ်ထွားသလောက် အသဲကလည်းနုပါ့။ ကဲကဲ နောက်မှငိုစမ်းပါမောင်ကျောက်ရယ် မင်္ဂလာအချိန်နီးပြီ အစ်မကို မင်္ဂလာဆုတောင်းလေးပေးပါအုံး။”
“ကျုပ်… ကျုပ်ပေးတတ်သလိုပဲ ပေးမယ်နော်အစ်မမယ်အို… အစ်မမယ်အိုရဲ့ မင်္ဂလာဆောင်တဲ့နေ့ကစပြီး ရာသက်ပန်ပျော်ရွှင်ရပါစေဗျာ။”
“ငါ့မောင်ပေးတဲ့ဆုနဲ့ပြည့်ပါစေကွယ်.. ရော့ ဒါကမင်းကိုအစ်မပေးတာ။ ငြင်းမယ်မကြံနဲ့နော် မင်္ဂလာရှိတဲ့နေ့မှာ အစ်မစကားမှန်သမျှကို မင်းနားထောင်ရမယ်။”
“ဟုတ်..ဟုတ်အစ်မ။”
သူကျုပ်ကိုမုန့်ဖိုးပေးပြီးအပြင်ထွက်သွားတယ်။ ကျုပ်လည်းအိမ်ထဲကပြန်ထွက်ပြီး လူတွေကိုပြန်ဧည့်ခံကျွေးမွေးတာပေါ့ဗျာ။ သတို့သားနဲ့သတို့သမီးလည်း လိုက်ဧည့်ခံနေတာပေါ့။ နေ့ခင်း၁၁လောက်ရှိမယ်ဗျ။ အရင်ကျောင်းထိုင် ဘဘုန်းကြီးကို ကျောင်းမှာ ကျုပ်တို့ဆွမ်းကပ်နေတုန်း နွားနှစ်ကောင်က ကျောင်းထဲကိုဝင်လာတယ်ဗျ။ ပြီးတော့ ကျောင်းဆောင်ကို ခေါင်းနဲ့ပြေးပြေးဆောင့်တာဗျို့။ ကျုပ်တို့လည်းထွက်ကြည့်တာပေါ့ဗျာ။ နွားနှစ်ကောင်လုံးက ဂုတ်ကနေမဲပြီး ကျန်တာကအဖြူဗျ။ ဘယ်ကနွားတွေမှန်းလည်းမသိဘူး၊ ကျောင်းဆောင်ကအုတ်နဲ့လုပ်ထားတာဆိုတော့ နွားနှစ်ကောင်လုံး ခေါင်းတွေကွဲပြီးသေပါလေရောလား။ ကျုပ်တို့လည်း ဘာမှလုပ်ရတာမှမဟုတ်တာ။ ဒီအတိုင်းပဲရပ်ကြည့်နေခဲ့ရတာပေါ့ဆရာလေးရယ်။ ဘဘုန်းက ဒါကိုကြည့်ပြီး အစ်မမယ်အိုကိုပြောတယ်ဗျ။
“အတိတ်တဘောင် နမိတ်ဆောင်တဲ့ ဒါယကာမလေးရဲ့။ မင်္ဂလာယူနေကြတဲ့အချိန်မှာ ဘယ်ကလာမှန်းမသိတဲ့နွားနှစ်ကောင်က ကျောင်းဆောင်ကိုခေါင်းနဲ့ဆောင့်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်။ နွားဆိုတာကလည်း စနေနံဆိုတော့ ဒါယကာမလေးတို့မိသားစုတော့ စနေဂြိုလ်ခိုက်တော့မယ်ထင်တယ်။ ကုသိုလ်ကောင်းမှုများများပြုလုပ်ပြီး ဘာဝနာတရားများများအားထုတ်ကြတော့။”
“တင်ပါ့ဘုရား။”
ဘဘုန်းဒီလိုမိန့်တာကို ကိုသာဓုကမယုံဘူးဗျ။ အစ်မမယ်အိုရဲ့ မိဘနှစ်ပါးကိုတောင် တိုက်ဆိုင်သွားတာပါပြောနေသေးတာ။ အင်း ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးနောက်တစ်ရက်မှာ အစ်မမယ်အိုရဲ့ဖခင် မြို့တက်ပြီး ကုန်တွေသွားအပို့ လမ်းမှာဓားပြတိုက်ခံရပြီး ဆုံးရှာလေတယ်။ အို ဘယ်ပြောကောင်းမလဲ အစ်မမယ်အိုနဲ့သူ့အမေခမျ ရွှေတောင်ကြီးပြိုသလိုပဲ ငိုလိုက်ကြတာ။ ကျုပ်လည်းစိတ်မကောင်းတဲ့ကြားက မနည်းနှစ်သိမ့်ပေးရတယ်။ အသုဘမဏ္ဍပ်ထိုးတော့လည်း ထပ်ငိုကြတာပေါ့ မနေ့ကမင်္ဂလာမဏ္ဍပ်ထိုးပြီး ဒီနေ့အသုဘမဏ္ဍပ်ထိုးကြရတာဆိုတော့ သူတို့တွေအတော်ဝမ်းနည်းရှာတာကို။
အလောင်းမြေချပြီးလို့ နောက်တစ်ရက်ကြ အစ်မမယ်အိုကို သူ့ဖခင်ဝင်ပူးတယ်ဗျ။ အစ်မမယ်အိုအမေကလည်း ငိုယိုပြီးရှင်ဘယ်လိုဖြစ်တာတုန်းမေး.. ဘေးကလူတွေကလည်း သတ်သွားတာ ဘယ်သူတွေလဲဝိုင်းမေးကြတာ။ အစ်မမယ်အိုဖခင်က ဘာမှပြန်မဖြေပဲ “ငါတို့မိသားစု ဂြိုလ်ဆိုးဝင်ပြီ ဂရုစိုက်ကြ။”လို့ပြောပြီး ပြန်ထွက်သွားတာ။ တစ်ရွာလုံးကလည်း ဘဘုန်းဟောတာ မှန်နေပြီဘာညာပေါ့ဗျာ။
အသုဘရက်လည်ပြီးလို့နောက်တစ်ရက်မှာ အစ်မမယ်အိုနဲ့သူ့ယောက်ျားကိုသာဓုတို့က တစ်ဖက်ရွာက ကိုသာဓုအိမ်ကိုအလည်သွားကြတယ်ဗျ။ အဲဒီမှာ ကျုပ်ကိုလည်း အစ်မမယ်အိုမိခင်က လယ်ထဲကိုပျိုးနှုတ်ခိုင်းထားလို့သွားနေရတာ။ ဖြစ်ချင်တော့ နေ့လယ်ခင်းကြီးဗျ။ တစ်ရွာလုံးလယ်ထဲဆင်းချိန်ကြီးပေါ့ဗျာ။ အစ်မမယ်အိုရဲ့မိခင်က ဟင်းအိုးကိုဒီအတိုင်းထားပြီး သူ့အမေကို ဆေးသွားတိုက်ရင်းကနေ စကားတွေဖောင်ဖွဲ့ပြောနေတာ။ ဟင်းအိုးကနေတဆင့် အိမ်တိုင်ကိုမီးစွဲပြီး ထလောင်ပါလေရောလား။ ကျွန်းထရံကာအိမ်ဆိုတော့ အို လောင်လိုက်တဲ့မီးဗျာ။ အစ်မမယ်အိုရဲ့အဘွားနဲ့အမေ မီးထဲပါပြီးဆုံးပါလေရောလား။
အစ်မမယ်အိုခမျ သိသိခြင်း သူ့အဘွားနဲ့အမေရဲ့ မီးလောင်ထားတဲ့အလောင်းတွေကြည့်ပြီး မပဋာမြေလူးအရူးမီးဝိုင်းဖြစ်ပြီး ထမီတောင်မနိုင်ပဲ ရူးရှာပါလေရောဆရာလေးရယ်။ ကျုပ်မလည်း ကျုပ်မှီခိုအားထားရတဲ့မိသားစုဒီလိုဖြစ်တော့ တော်တော်ကို စိတ်သောကရောက်ရတယ်။ အစ်မမယ်အိုကို ဂရုစိုက်ပေးဖို့ ကိုသာဓုကကျုပ်ကိုတာဝန်ပေးတယ်ဗျ။ သူ့အနေနဲ့ကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ မအားရှာဘူး။ အစ်မမယ်အိုကို ကိုသာဓုက အတော်တော့ဆေးပြန်ကုရှာသားဗျ။ ဒါပေမဲ့လို့ အစ်မမယ်အိုက ပြန်ကောင်းမလာပါဘူးဗျာ။ လတောင်မကြာပဲရက်ပိုင်းအတွင်းမှာ မိသားစုဝင်တွေအကုန် ဆုံးရှုံးလိုက်ရတာဆိုတော့ သည်းခြေပျက်ပြီးရူးသွားတယ်လို့ ဆေးဆရာတွေအကုန်လုံးက တစ်လေသံတည်းထွက်တာဗျ။
ဒီလိုနဲ့ရက်တွေလတွေကြာတော့ အစ်မမယ်အိုဗိုက်က သိသိသာသာပူလာတယ်။ ကျုပ်လည်းသေချာတပ်အပ်မသိပေမဲ့ ကိုသာဓုကို အစ်မမယ်အိုမှာ ငန်းဥ(ကိုယ်ဝန်)ရှိနေပြီလားမဆိုနိုင်ဘူးနော်လို့ ပြောတော့ ကိုသာဓုက လက်သည်ခေါ်ပြတယ်ဗျ။ ငန်းဥရှိတာသေချာသွားတော့ ကိုသာဓုခမျှ ဝမ်းသာလွန်းလို့ထတောင်ခုန်တယ်ဗျို့။ ကျုပ်ပြောဖို့ကျန်ခဲ့တာဆရာလေးရေ။ အစ်မမယ်အိုရဲ့ မိဘနှစ်ပါးနဲ့အဘွားက မကျွတ်ဘူးထင်တယ်ဗျ။ ညတိုင်းလိုလို လမ်းလျှောက်သံတွေ ချောင်းဟန့်သံတွေ အရိပ်တွေကို ဟိုဟိုဒီဒီ မြင်ရတွေ့ရကြားရတယ်။ ကျုပ်လည်းအစကကြောက်ပေမဲ့လို့ နောက်ကြရိုးသွားတာပါပဲ။
အစ်မမယ်အို ၉လလွယ်၁၀လဖွားလို့ မွေးတဲ့နေ့က ရွာလိုက်တဲ့မိုးဗျာ ကောင်းချက်ကတော့ တောင်ကျရေပါစီးတယ်ဗျ။ အစ်မမယ်အိုမီးဖွားခန်းထဲ မွေးတဲ့နေ့ ကိုသာဓုကမြို့တက်ပြီး ကုန်သွားပို့နေတာဗျ။ ကျုပ်လည်းအစ်မမယ်အိုအတွက် ရသမျှဘုရားဂုဏ်တော်ရွတ်ဖတ်နေတာပေါ့ဗျာ။ အစ်မမယ်အိုက အမွှာပူးမိန်းကလေးနှစ်ယောက်ကို မွေးတာဗျ။ ရှာမှရှားတဲ့ အမွှာလေးမွေးတော့ ကျုပ်ရောလက်သည်ရော ပျော်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်ကို လက်သည်အဒေါ်ကြီးက ကလေးလာပြနေတုန်း အစ်မမယ်အိုကအခန်းထဲကနေ “ဟုတ်.. ဟုတ်ကဲ့အမေ. ဒါဆိုသမီးက အမေတို့နဲ့တူတူလိုက်နေရမှာပေါ့… ဟုတ်လိုက်ခဲ့မယ်အဖေ..သမီးလာပြီနော် သမီးလာပြီ။” လို့အသံကြားတာနဲ့ လက်သည်နဲ့ကျုပ် မျက်လုံးကိုပြူးပြီး အထဲကိုကမန်းကတန်းပြေးဝင်ကြည့်တာ အစ်မမယ်အိုက မျက်လုံးပွင့်လျှက် ဆုံးရှာပြီဆရာလေးရယ်။
ကျုပ်မှာ မိခင်နို့တောင် မစို့ရှာရသေးတဲ့ ကလေးတွေကိုကြည့်ပြီး ယောက်ျားကြီးတန်မဲ့ ချူံးပွဲချငိုမိတယ်။ အစ်မမယ်အိုကို ဆောင်ကလေးအုပ်ပြီး ကိုသာဓုပြန်လာရင် ငါတော့ဘယ်လိုပြောရမလဲဆိုပြီး အိမ်တိုင်မှီပြီးစဉ်းစားနေတုန်း မိုးလေးနည်းနည်းစဲသွားတော့ ရွာထဲက ကာလသားတစ်ယောက်ပြေးလာတယ်ဗျ။
“ကိုမောင်ကျောက် ကိုမောင်ကျောက်။”
“ဘာတုန်း မြသိန်းရယ်… မင်းဟာကအမောတကောနဲ့။”
“ကျုပ်.. ကျုပ်ကိုသာဓုအလောင်းကို ချောင်းစပ်မှာတွေ့ခဲ့လို့ဗျ။”
“ဘာ။!!”
ကျုပ်လည်း ချောင်းစပ်ကိုပြေးတာပေါ့ ဆရာလေးရယ်။ မြသိန်းပြောသလိုပဲကိုသာဓုအလောင်းကို တွေ့ရတယ်ဗျ။ ကိုသာဓုက တောင်ကျရေကျနေတာကို သူ့မိန်းမဒီနေ့မွေးမှာဆိုပြီး အတင်းချောင်းကိုဖြတ်ကူးတာတဲ့ဗျ။ ရေထဲကိုဗွမ်းခနဲခုန်အဆင်း တောင်ကျရေက အားနဲ့ဆောင့်အဝင်ဆိုတော့ လူကရေနဲ့လွင့်ပါသွားပြီး ကျောက်တုံးနဲ့ခေါင်းရိုက်မိပြီးဆုံးရှာတာဗျ။ ရေကူးကျွမ်းကျင်တဲ့ကျုပ်တို့ရွာသားတွေ အမြန်ဆင်းရှာလို့ အလောင်းကိုပြန်ရတာဗျို့။ မဟုတ်လို့ကတော့ ကိုသာဓုကို အလောင်းတောင်ပြန်မရလောက်ဘူး။
အင်း ကျုပ်လည်းသူတို့လင်မယားအလောင်းကို အတူတူဘေးခြင်းယှဉ်မြုပ့်ပေးခဲ့တယ်ဗျ။ မွေးခါစကလေးနှစ်ယောက်ကိုလည်း ရွာထဲကမိခင်တွေက သနားလို့ဆိုပြီး တစ်နေ့ကိုတစ်ယောက်နို့ချိုတိုက်ကျွေးခဲ့ကြတယ်။ ကိုသာဓုတို့ပိုင်တဲ့လယ်မြေယာအိမ်တွေ ဝိုင်းတွေကို ကိုသာဓုတို့အမျိုးဘက်က သိမ်းသွားတယ်ဗျ။ တစ်နေ့တော့ ဒီကလေးနှစ်ယောက်ကို ကိုသာဓုဘက်ကအမျိုးသမီးတစ်ယောက်က စောင့်ရှောက်မယ်ဆိုပြီး ခေါ်သွားတယ်ဗျ။ ကျုပ်လည်း ကျုပ်နဲ့နေတာထက်စာရင် ဒီကလေးတွေ သူ့ဆွေမျိုးတွေဆီမှာနေတာ ပိုကောင်းပါတယ်လေဆိုပြီး ထည့်ပေးလိုက်တာ နောက်တစ်ပတ်လောက်ကြာတော့ ခေါ်သွားတဲ့အမျိုးသမီး ပိုးထိပြီးဆုံးဆိုပဲဗျ။ အဲဒီမှာ ဒီကလေးတွေကဂြိုလ်ဆိုး၊ သူတို့ကြောင့် လူတွေသေရတာဆိုပြီး အထင်အမြင်လွဲမှားကုန်တယ်။
ပြီးတော့ ဒီရွာကိုကလေးနှစ်ယောက် ပြန်လာပို့တာဗျ။ အဲဒီတုန်းက ကျုပ်ကလည်း ကလေးတွေထည့်ပေးပြီးကတည်းက ဥူးပဇင်းဝတ်နေတာ။ ကလေးတွေလာပြန်ထည့်ပေးတော့ ကျုပ်မှာဘာလုပ်လို့လုပ်ရမှန်းမသိလို့ ဆရာတော်ကြီးကိုလျှောက်တင်လိုက်တယ်လေ။ ဆရာတော်ကြီးက ကလေးတွေကိုအရွယ်ရောက်သည်အထိ ကျောင်းမှာနေကျောင်းမှာစားဖို့ ခွင့်ပြုပေးတယ်ဗျ။ ကျုပ်လည်း ကလေးတွေကိုဒီကျောင်းမှာပဲ ပြုစုစောင့်ရှောက်လာတာပေါ့။ ကျုပ်စကားအရမ်းရှည်သွားတော့ ဆရာလေးစိတ်မပါတော့ဘူးထင်တယ်။ ဒီလိုမှလည်းဇာတ်ရည်ကလည်မှာကိုဗျ။ ကဲပါလေ အတိုချုပ်ကြပါစို့။
ကျုပ်က ဒီကလေးမနှစ်ယောက်ရဲ့ နာမည်ကို သူတို့အမေနာမည်ပါအောင် အကြီးမကိုမယ်ဖော့၊ အငယ်မကိုမယ်ကျော့ဆိုပြီးပေးလိုက်တယ်ဗျ။ မယ်ဖော့နဲ့မယ်ကျော့က အတော်ထူးဆန်းတဲ့ကလေးတွေဗျ။ သူတို့ခေါင်းမှာ ငယ်ငယ်ကဂတုံးရိတ်တော့ အနီရောင်အဝိုင်းအကွက်ကြီးကြီးတစ်ခုစီ တွေ့ရတယ်။ နွေရာသီပူလို့မလို့ ကျုပ်ကဂတုံးရိတ်ပေးပေမဲ့ ကလေးနှစ်ယောက်ကို ကလေးအချင်းချင်းတင်မက လူကြီးတွေကပါ ထိပ်နီအကွက်နဲ့ဒီအမွှာ ဘယ်များသွားကြမတုန်းဆိုြ့ပီး ဝိုင်းစကြတာဗျို့။ ကလေးဆိုတော့ ရှက်ပြီး နောက် ကျုပ်ကိုဂတုံးမတုံးပေးဖို့ ငိုယိုပြောကြတော့တာပေါ့။
ကျုပ်လည်းအဲဒီကတည်းက ဂတုံးမတုံးပေးတော့ပါဘူး။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်ပြီး အပျိုဖော်လေးစဝင်တော့ မယ်ဖော့နဲ့မယ်ကျော့ကို ကျုပ်အသိ လယ်ပိုင်ရှင်ထံမှာ ကောက်စိုက်ပျိုးနှုတ်ဖို့ အလုပ်သွားအပ်ပေးခဲ့တယ်။ လယ်ပိုင်ရှင်ကလည်း ကျုပ်ကိုယုံတော့ ကလေးတွေကိုကြည်ကြည်ဖြူဖြူပဲလက်ခံပါတယ်။ ဒါပေမဲ့လို့ မယ်ဖော့နဲ့မယ်ကျော့ အလုပ်စလုပ်တဲ့ရာသီမှာ အဲဒီလယ်ပိုးကျပြီး အရှုံးပေါ်ရောဗျို့။ လယ်ပိုင်ရှင်ကလည်း ကောလဟာလသတင်းသဲ့သဲ့အဖြစ် ကြားထားတာရှိဆိုတော့ ဒီမယ်ဖော့နဲ့မယ်ကျော့ကို အလုပ်ထုတ်ပြစ်လိုက်တယ်ဗျ။
မယ်ဖော့နဲ့မယ်ကျော့ကိုလည်း “ဂြိုလ်ဆိုးညီအစ်မ နင်တို့ငါ့လယ်နားကနေတောင် ဖြတ်မလျှောက်နဲ့”လို့ စကားလုံးအကြမ်းကြီးတွေနဲ့ ငေါက်ငမ်းနှင်ထုတ်တော့ မယ်ဖော့နဲ့မယ်ကျော့ခမျှ ကျုပ်ဆီလာပြီးခြေသလုံးဖက်ငိုကြတယ်။ အင်း ကျုပ်လည်း သူတို့အတွက် ဘာလုပ်ရမယ်မှန်းမသိဖြစ်နေချိန် ကိုသာဓုရဲ့ အမေ၊ ဒီကလေးမနှစ်ယောက်ရဲ့ အဖွားဖြစ်သူရောက်လာပြီး ခေါ်သွားပြန်ရောဗျို့။ အင်း ကျုပ်လည်းကလေးတွေကို ကောင်းစားစေလိုစိတ်နဲ့ ထည့်ပေးမိလိုက်ပြန်တယ်ဗျ။
ဒီလိုနဲ့ ကလေးတွေကိုထည့်ပေးပြီးလို့ သုံးနှစ်အကြာမှာ မယ်ဖော့နဲ့မယ်ကျော့တို့ ကျုပ်ဆီပြန်ရောက်လာတယ်။ ဒီတစ်ခါပြန်ရောက်လာတာ အကောင်းတိုင်းမဟုတ်ဘူး ဆရာလေးရေ ရောဂါဗလပျစ်နဲ့ နူနာဝဲစွဲပြီးရောက်လာတာ။ ကျုပ်လည်း ဘယ်လိုဖြစ်တာတုန်းအကျိုးအကြောင်းမေးကြည့်တော့ ကလေးတွေကို ခေါ်သွားတဲ့အဖွားက သူတို့ရောက်ပြီးနှစ်ပတ်အကြာမှာ ညကြီးမင်းကြီးပူလို့ဆိုပြီးရေထချိုးတာ လေဖြန်းသွားတာဗျို့။ ဒါကိုအရင်ကတည်းက မကြည်ဖြူတဲ့အဲဒီအိမ်ကသူတွေက ကလေးမနှစ်ယောက်အပေါ် အမြင်စောင်းသွားကြတာပေါ့။
ဆူငေါက်ရိုက်နှမ်းလို့ပြန်လွှတ်ရင် အကောင်းသားဗျာ။ အခုဟာက ကလေးတွေကို ထမင်းထဲမှာအပင်းထည့်ပြီး နူနာဝဲစွဲအောင်လုပ်ပြစ်တာဆိုပဲဗျ။ ကလေးတွေကလည်း နူနာဝဲစွဲလာတော့ အဲဒီအိမ်ကလူတွေက ရွံရှာလာတယ်။ ပြန်တော့မလွှတ်သေးပဲ အမျိုးမျိုးနှိပ်စက်ကြတာဗျ။ အငယ်မလေးမယ်ကျော့မျက်လုံးဆို သူတို့ရိုက်တဲ့တုတ်နဲ့ထိပြီး မျက်လုံးတစ်ဖက်ကွယ်ရှာတယ်။ ကလေးတွေက နောက်ကြမှ သူတို့ကိုဒီအိမ်ကလူတွေ အပင်းထည့်ပြီး အနူဖြစ်အောင်လုပ်လိုက်တယ်ဆိုတာ သိဆိုပဲဗျ။ သိသိခြင်းအလွန်မုန်းတီးပြီး ကလေးတွေကပြန်အငြိုးတေးဖွဲ့လာတယ်ဗျ။
ကျုပ်ဆီပြန်လာပြီး ကျုပ်ကိုကန်တော့ ဆရာတော်ကြီးကိုကန်တော့ပြီး တပည့်တော်မတို့ သီလကိုမစောင့်ထိန်းနိုင်တော့ပါဘုရားလို့ ပြောကြတယ်။ ကျုပ်ကလည်းအကျိုးအကြောင်းမေးတော့ ဘာမှမပြောပဲ ခရီးသွားတော့မှာမလို့ လာကန်တော့တယ်ဆိုတယ်။ အင်း ကျုပ်လည်းသူတို့ညီအစ်မကိုသနားလို့ဆိုပြီး ငွေတစ်ရာတောင်ထုတ်ပေးလိုက်သေးတယ်။ ငွေတစ်ရာပေးပြီးတော့ သူတို့ထွက်သွားကြရောပေါ့ဗျာ။
အင်း ဒီလိုနဲ့ သူတို့ထွက်သွားအပြီးငါးနှစ်အကြာမှာ မိုးတွေအုံ့နေတဲ့နေ့တစ်နေ့ပေါ့။ တစ်ဖက်ရွာကို ဝုန်းခနဲဆိုပြီး မိုးကြိုးပစ်လိုက်တဲ့အသံက အကျယ်ကြီးဗျို့။ ကျုပ်လည်းဟိုဘက်ရွာကို ဆွမ်းချိုင့်လိုက်ရင်း စုံစမ်းတော့ ကိုသာဓုတို့အစ်မလင်မယားအိမ်ကို မိုးကြိုးပစ်တာ အိမ်မီးလောင်ပြီး တစ်မိသားစုလုံးအကုန်သေကုန်ကြဆိုပဲဗျ။ ကျုပ်လည်း သဘာဝဘေးအန္တရာယ်ကြောင့်ဆိုပြီး ရိုးရိုးသေတယ်ထင်တာဗျို့။ ဒီလိုနဲ့ တစ်ညကြတော့ ကျုပ်အိပ်မက်ထဲမှာ ခတ်ဝဝမိန်းကလေးနှစ်ယောက်ကိုမက်တယ်။ သူတို့က မယ်ဖော့နဲ့မယ်ကျော့ပါဆိုပြီး ကျုပ်ကိုအတင်းဖက်တာဗျ။
ကျုပ်လည်း သမီးအရင်းမဟုတ်ပေမဲ့ သမီးအရင်းလိုမေတ္တာရှိတာကို။ ကျုပ်လည်းဖက်ပြီး သမီးတို့အဆင်ပြေလားဘာညာမေးတာပေါ့။ ကလေးတွေက အဆင်ပြေတယ်လို့ပြောတယ်ဗျ။ ကျုပ်သူတို့လက်ကိုကြည့်တော့ ပတ်တီးစီးထားတုန်းပဲ။ ကျုပ်ကလက်တွေကိုကြည့်တာ သူတို့မြင်ပြီး ဟုတ်တယ်အဘ သမီးတို့အနူရောဂါကဒီတစ်သက်ပဲတဲ့ သူတို့ကိုလုပ်တဲ့စုန်းက အပင်းကိုပြန်မနှုတ်တတ်ဘူးဆိုပဲ။ သူတို့ညီအစ်မလည်း အခုစုန်းဖြစ်နေပြီး အပင်းကိုနှုတ်ဖို့ကြိုးစားပေမဲ့ အပင်းကလုပ်တဲ့သူကိုယ်တိုင်ထုတ်မှရမဲ့အပင်းတဲ့။ သူတို့ညီအစ်မက အခု သူတို့မကျေနပ်တဲ့သူတွေကိုကလဲ့စားပြန်လာချေတယ်လို့ပြောပြီး မီးလုံးကြီးတွေအဖြစ်ပြောင်းပြီး ပြန်သွားကြတယ်။
ကျုပ်လည်းအိပ်မက်ကနိုးတော့ ဆရာတော်ကြီးလည်းနိုးလာတယ်။ ဆရာတော်ကြီးက သူလည်းကျုပ်အိပ်မက်မက်သလိုမက်တာပဲတဲ့ဗျ။ အင်း ကျုပ်လည်းဒီညီအစ်မနှစ်ယောက်ကို စုန်းဘယ်ဖြစ်စေချင်ပါ့မလဲဗျာ။ စိတ်ထဲမကောင်းဘူးပေါ့။ ဒီအိပ်မက်ကိုမက်ပြီး တစ်လလောက်နေတော့ တစ်ဖက်ရွာက ကိုသာဓုရဲ့အဒေါ်လင်မယားမိသားစု တစ်အိမ်လုံးသွေးအန်ပြီး ဆုံးကြတယ်ဆိုပဲဗျ။ မယ်ဖော့နဲ့မယ်ကျော့ကိုလည်း ရွာထဲမှာတွေ့ရတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ တချို့က မယ်ဖော့နဲ့မယ်ကျော့ သူ့ကိုလုပ်တဲ့သူတွေကို ပြန်ပြီးလက်စားလိုက်ချေနေတာတဲ့ဗျ။
ကျုပ်လည်း မယ်ဖော့နဲ့မယ်ကျော့ကို ပြောဆိုဆုံးမဖို့ လိုက်ရှာသေးတယ်။ ဘယ်မှာမှရှာမတွေ့ဘူး။ နောက်တော့အိပ်မက်ထက်ပေးတယ်ဗျ။ ကျုပ်လည်းပြောဆိုဆုံးမပေမဲ့ သူတို့ကကျုပ်ကို သူတို့ညီအစ်မကိုလိုက်မရှာဖို့ပြောတယ်။ သူတို့ကိုလုပ်တဲ့စုန်းနဲ့ ကလဲ့စားလည်းချေပြီးပြီမို့ လာနှုတ်ဆက်ကြတာတဲ့။ ကျုပ်လည်းရင်ထဲဝမ်းနည်းသွားပြီး ကလေးတွေကိုဖက်ငိုတာပေါ့ဗျာ။ အဲဒီနေ့ညကနောက်ဆုံးအိပ်မက်မက်ပြီး အဲဒီကတည်းက မယ်ဖော့နဲ့မယ်ကျော့သတင်း မကြားရတော့တာ အခုထိတိုင်အောင်ပဲဆရာလေးရေ။ ကျုပ်စကားပြောရှည်သွားတော့ ဆရာလေးပျင်းနေပြီထင်တယ်။
ဦးကျောက်စိန်၏စကားကြောင့် သူရသည် ခေါင်းကိုရမ်းကာ”ကျွန်တော်မပျင်းပါဘူးကပ္ပိယကြီးရယ်.. သိချင်တာကိုသိလိုက်ရတဲ့အတွက် ကျေနပ်ပါတယ်။ လူဆိုတာက သူတို့သိချင်တာပြောပြတဲ့သူရဲ့စကားကို ဘယ်တုန်းကပျင်းတယ်ရှိလို့လဲ။” ဟုပြောလိုက်လေ၏။
“ဆရာလေးရေ စကားပြောကောင်းနေတာနဲ့ နေတောင်အတော်မြင့်ပြီဗျ။ ကျုပ်လည်း လုပ်စရာရှိတာလေးသွားလုပ်လိုက်အုံးမယ်။”
“ကောင်းပါပြီဗျာ။ ကျွန်တော်လည်းပြန်လိုက်ပါအုံးမယ်။”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာလေး။”
ဤသို့ဖြင့် သူရသည် ကိုစောအိမ်ကိုပြန်လာခဲ့လေ၏။ ကိုစော၏အိမ်ဝိုင်းအရှေ့ကို ရောက်သောအခါ၌ သူရသည်အထဲကိုဝင်ခဲ့ကာ ကွပ်ပျစ်ပေါ်၌ တင်ပုလ္လင်ချိတ်၍ ရေနွေးကြမ်းသောက်ပြီး တစ်စုံတရာအားတွေးတောကြံဆနေ၏။ ထိုအချိန်၌ စောသနှင့်ခွန်းသတို့သည် အိမ်ထဲကနေ ထွက်လာခဲ့ကြ၏။
“ဆရာတောင်ပြန်ရောက်နေပြီပဲ။”
“ကျွန်တော်တို့က ဆရာ့ဆီတောင်လိုက်လာတော့မလို့ဗျ။”
“ငါလည်းကပ္ပိယကြီးနဲ့ပြောနေတာ နည်းနည်းကြာသွားတာ။ ဒါနဲ့ ကိုစောနဲ့သူ့တပည့်တွေမတွေ့ပါ့လား ဘယ်သွားကြတုန်း။”
“ဟိုဘက်ရွာကသူတို့လယ်တွေကို သူရင်းငှါးချထားတာ သွားကြည့်မယ်ပြောသွားတယ်ဆရာ။ ”
“အေးအေး။ မင်းတို့ ဒီရွာနဲ့ပတ်သက်ပြီး ဘာတွေအာရုံရသေးလဲ။”
“ကျွန်တော်တို့ဆရာ့ကို အဲဒါပြောချင်နေတာ။ ဒီကနေ့မနက်ပိုင်း တရားထိုင်နေတုန်း ဒီရွာမြောက်ဘက်အပိုင်းကနေ ပညာစက်တစ်ခုကို လွှတ်ထုတ်နေတာ အာရုံရလိုက်တယ်ဆရာ။ အမြင်အာရုံထဲမှာလည်း ရုပ်ချင်းအတော်တူနေတဲ့ မိန်းမနှစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ပါးရိုက်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။”
“အင်း ငါထင်ထားသလိုပဲ ဒီပေလွှာကို ကာကွယ်ဖို့ အထက်ပုဂ္ဂိုလ်ကြီးများက ငါတို့ကိုဒီရွာစေလွှတ်တာပဲ။”
“ဆရာပြောတာ တပည့်တို့နားမလည်ဘူး။ သေချာရှင်းပြပေးပါ့လား။”
“ဟင်္သာမဆင်းတဲ့ကျေးတော်ရွာဆိုပြီး ဒီရွာနာမည်ကို ကြားကတည်းက မင်းတို့စိတ်ထဲထူးဆန်းမနေဘူးလား။”
“ဟုတ်ဆရာ။ အများနဲ့မတူပဲထူးဆန်းနေလို့ စိတ်ထဲတော့တစ်မျိုးဖြစ်မိတယ်။”
“ငါအတိုချုပ်ရှင်းပြမယ်။ ဟင်္သာမောင်နှံကို ထောင်ဖမ်းတဲ့ မုဆိုးမိုက်ကန်းဆိုတာ ဒီရွာကိုတည်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ရိုးရိုးလူတစ်ယောက်မဟုတ်ဘူး။ ကဝေပျံကိုတောင် လက်ယက်ခေါ်ပြီး ပါးရိုက်နိုင်တဲ့အထိ အဆင့်ရှိတယ်။ စုန်းလည်းမဟုတ်သလို၊ ကဝေလည်းမဟုတ်ဘူး။ မှော်အောင်ထားတဲ့ လူတစ်ယောက်ပဲ။ ဟင်္သာမောင်နှံကို ဖမ်းပြီး မှော်တစ်ခုအဆင့်တက်ဖို့အတွက် ဟင်္သာမောင်နှံကို ဖမ်းပေမဲ့ ရသေ့ကြီးတစ်ပါးရဲ့ အကာကွယ်မန္တာန်ကို ရနေတဲ့ဒီဟင်္သာမောင်နှံကို မဖမ်းနိုင်ခဲ့ဘူး။ ရက်ရှည်လများကြာတော့ ဒီရွာရဲ့ချောင်းစပ်ကိုဟင်္သာတွေအရင်ကဆင်းပေမဲ့ နောက်ကြဟင်္သာတွေမဆင်းတော့လို့ ဟင်္သာမဆင်းတဲ့ကျေးတော်ရွာလို့ပဲ အလွယ်ခေါ်ခဲ့ကြတယ်။ မုဆိုးမိုက်ကန်းခေါ် ဒီမှော်ဆရာက သူသေလွန်တဲ့နောက်မှာ လူတစ်သန်းမှာတစ်ယောက်မရှိနိုင်တဲ့ သူ့မှော်ပညာတွေကို ပေလွှာထဲမှာထည့်ရေးသားပြီး ဒီရွာနဲ့မနီးမဝေးက သိုက်နန်းတစ်ခုထဲထည့်ခဲ့တယ်ဆိုတဲ့ ကောလဟာလသတင်းက ပညာသည်တွေကြား အတော်ရေပန်းစားခဲ့တယ်။ ဒီပေလွှာကလည်း အမှန်တကယ်ရှိနေတာကြောင့် အထက်ပုဂ္ဂိုလ်ကြီးများက မကောင်းတဲ့ပညာသည်တွေလက်ထဲ ပါမသွားအောင် အထူးဂရုစိုက်ခဲ့ကြတယ်။
သိုက်နန်းကိုလည်း ရွာရဲ့အထင်ကရတစ်ခုဖြစ်ခဲ့တဲ့ ညောင်ပင်ကြီးရဲ့အောက်မှာ ရွေ့ပြောင်းပြီး အစောင့်အကြပ်များစွာနဲ့ထားခဲ့ကြတယ်။ ဒါပေမဲ့ ဒီပေလွှာကိုလိုချင်ကြတဲ့ ပညာသည်တွေက ဘာကိုမှအမှုမထားပဲ ဒီရွာကိုရောက်လာကြတယ်။ ဒီအတွက်ကြောင့် ငါတို့ကိုအထက်ပုဂ္ဂိုလ်များက ဒီရွာကိုစေလွှတ်ရခြင်းပဲ။ မင်းတို့ရဲ့ပြောပြချက်အရဆိုရင် ဒီပေလွှာကိုယူဖို့ကြိုးစားတဲ့ပညာသည်က ရောက်လာပြီထင်တယ်။ ငါတို့အနေနဲ့ ဒီပေလွှာကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ကဲလာ ငါတို့မြောက်ဘက်ပိုင်းကိုသွားကြည့်ကြရအောင်။”
စိတ်မြန်လက်မြန်ရှိသောသူရသည် ဆေးလွယ်အိတ်ကိုပင်ထား၍ ဝိုင်းဝကိုပင်ရောက်ရှိသွားလေ၏။ စောသက သူ၏လွယ်အိတ်နှင့် ဆရာသခင်ဖြစ်သူလွယ်အိတ်ကိုပါသယ်၍ အနောက်ကနေလိုက်ပါလာခဲ့၏။ ခွန်းသကလည်း သူ၏လွယ်အိတ်ထဲကနေ အကာကွယ်အင်းတော်ကြီးကို အဆင်သင့်ရှိစေရန် နှုတ်ကနေတတွတ်တွတ် ဂါထာမန္တာန်ရွတ်၍ အင်းကိုနှိုးရင်းလိုက်လာခဲ့၏။ သူရတို့ဆရာတပည့်တွေ ရွာမြောက်ဘက်ပိုင်းကိုလျှောက်လာရင်း ရွာတံခါးဝအစပ်သို့ ရောက်ရှိလာခဲ့၏။ သူရသည် အာရုံကိုဖြန့်ကြည့်သောအခါ ရွာနှင့်မနီးမဝေးက ကိုင်းတောအစွန်၌ ပညာသည်များ၏ ပညာစက်များကိုအာရုံ၌ခံစားမိလိုက်၏။
ကိုင်းတောများကိုဖြတ်တော့မည့်အချိန် သူရ၏အကြားအာရုံ၌ မိန်းမနှစ်ယောက်၏ ငြီးငြူသံကိုကြားလိုက်ရ၏။ သူရသည် အမြင်အာရုံကိုဖွင့်၍ ရှာကြည့်သောအခါ ရွာတံခါးမြောက်ဘက်က ညောင်ပင်ကြီးခြေရင်း၌ ရုပ်တင်မက၊ ကိုယ်ခန္ဓာအချိုးအစားပါတူသော မိန်းမနှစ်ဦးကိုတွေ့လိုက်ရ၏။ သူတို့သည်လည်း ပညာသည်များဖြစ်မှန်းသူရသိလိုက်၏။ ကိုင်းတောများကိုမဖြတ်သေးပဲ ထိုမိန်းမနှစ်ဦးဆီသို့ ခြေဦးပြန်လှည့်လိုက်၏။
“သင်တို့က စုန်းပညာသည်များဖြစ်ပါလျှက်နဲ့ ဘယ်လိုကြောင့်အခုလိုချုပ်နှောင်ခံထားရတာလဲ။”
“ငါတို့ထက် အဆင့်မြင့်တဲ့ကဝေက ဒီရွာရဲ့သိုက်နန်းမှာရှိတဲ့ပေလွှာကိုယူချင်တာနဲ့ ငါတို့ကိုချုပ်ခဲ့တာပဲ။”
“ဟုတ်တယ်။ ငါတို့က ဒီရွာကမယ်ဖော့နဲ့မယ်ကျော့လို့ခေါ်တဲ့ အမွှာညီအစ်မပဲ။ ကလဲ့စားချေဖို့အတွက်နဲ့စုန်းပညာသင်ယူခဲ့ပေမဲ့ ကလဲ့စားချေပြီးတဲ့နောက်မှာ ငါတို့ကိုရသေ့တစ်ပါးက ဒီရွာကိုစောင့်ရှောက်ဖို့တာဝန်ပေးလို့ စောင့်ရှောက်နေခဲ့တာ။ မနေ့က ဟိုကဝေကောင်ရောက်လာပြီး ငါတို့နဲ့ပညာပြိုင်တယ်။ ငါတို့ရှုံးတာနဲ့ ပါးနားရိုက်ပြီး ဒီမှာချုပ်ထားခဲ့တာပဲ။”
”နင်တို့ဆီကနေ ထွက်နေတဲ့ကိုယ်ရောင်ကိုယ်ဝါတွေက အဆင့်မြင့်တဲ့ပညာသည်ဆိုတာဖော်ပြနေတယ်။ ပြီးတော့ မျက်လုံးနဲ့ဥပဓိရုပ်အသွင်က စိတ်ထားကောင်းပုံကိုညွှန်ပြနေတဲ့အတွက် နင်တို့အနေနဲ့ ငါတို့ကိုကူညီနိုင်ရင် ကူညီပေးပါ။”
သူရသည် စုန်းအမွှာညီအစ်မ၏ စကားပြောပုံဆိုပုံနှင့် ချင့်ချိန်တွေးတောစဉ်းစားတတ်သည့် ဉာဏ်စွမ်းရည်များကြောင့် သဘောကျကာပြုံးမိသွားလေ၏။
“ကျွန်ုပ်က ဒီရွာကိုကူညီဖို့နဲ့ ပေလွှာကိုကာကွယ်ဖို့ရောက်လာတာမလို့ သင်တို့အနေနဲ့စိတ်ချပါ။ ကျွန်ုပ်အသက်ပေးရမယ်ဆိုရင်တောင် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မှာပါ။ ”
သူရသည် အထက်ပါအတိုင်းပြောပြီးသည့်နောက် သူ၏ညာလက်ညိုးထိပ်က ရွှေရောက်စက်လုံးလေးနှင့် စုန်းအမွှာညီအစ်မကို ချုပ်နှောင်ထားသော ချည်မန်းကွင်းအား ထိလိုက်ရာ၌ ချည်မန်းကွင်းများသည် ပြတ်တောက်သွားကာ ပျောက်ကွယ်ကုန်၏။ စုန်းအမွှာညီအစ်မသည် သူရကိုကျေးဇူးတင်နေခိုက် ကိုင်းတောထဲကနေ လူငါးယောက် ထွက်လာခဲ့ကြ၏။ အလယ်ကလူသည် သျှောင်တစောင်းနှင့်ခေါင်းပေါင်းထားကာ တိုင်ပုံအင်္ကျီအနက်နှင့် ပုဆိုးကွက်ထောက်ကြီးကိုဝတ်၍ ချည်လွယ်အိတ်တစ်လုံးကိုလွယ်ထား၏။ ထိုသူဆီကနေ အားပြင်းသည့်ဓာတ်များခံစားမိသောကြောင့် ဤသူသည်ခေါင်းဆောင်ဖြစ်ကာ တော်ရုံပညာသည်မဟုတ်မှန်း သူရခန့်မှန်းမိ၏။ စောသသည် သူရအား လွယ်အိတ်ကိုတရိုတသေကမ်းပေးလိုက်လေ၏။
“ဟေ့ ဟိုကလေးသုံးယောက် ဘာဝင်ရှုပ်တာလဲ။ ငါလုပ်ရင်အကုန်သေကုန်တော့မှာပါပဲ ဒီစောက်ကလေးတွေကတော့။”
သူတို့အား လှမ်းမာန်လိုက်သော သူ၏စကားကြောင့် သူရသည် အရှေ့ကိုထွက်လာခဲ့၏။
“မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားတဲ့။ ဒီစကားလေးကြားဖူးပါသလားဦးကြီး။”
“သက်ငယ်စကားသက်ကြီးကတော့ နားမထောင်နိုင်ဘူးမောင်ရင်ရေ။ မောင်ရင့်အနေနဲ့ ကျုပ်သွားမယ့်လမ်း ဝင်ရှုပ်ရင်တော့ အဆုံးသတ်ပေးရလိမ့်မယ်နော်။”
“ခြိမ်းချောက်စကားတွေအသုံးမဝင်ဘူးဦးကြီး။ ကြောက်တတ်ရင်လည်း ကျုပ်ဒီလမ်းကို အစဆုံးလျှောက်မနေဘူး။ မှော်ပေလွှာကိုယူဖို့ကြိုးစားနေတာဆိုရင် လာရာလမ်းအတိုင်းလှည့်ပြန်သွားပါ။ မှော်ပေလွှာနဲ့ ဒီရွာဟာ အခုကျုပ်ကာကွယ်မှုအောက်မှာပဲ။”
“ဟင်းဟင်း ပညာလေးမဆိုသလောက်တတ်ပြီး ဟိတ်ဟန်လုပ်ပြနေရုံနဲ့ ငါကလည်းအထင်မကြီးဘူးကွ။ ငါ့ငယ်ကျွန်တွေ ရှေ့ကသကောင့်သားတွေကို မင်းတို့ပညာပြလိုက်စမ်း။”
ထိုလူကြီး၏အမိန့်ရတာနဲ့ သူ၏ဘေးက ယောက်ျားလေးဦးသည် စက်ကြိုးအနီရောင်များဖြင့် ပစ်လိုက်ကြ၏။ သူရအနားသို့မရောက်မီ ခွန်းသနှင့်စောသက အကာအင်းနှင့်ကာလိုက်ကြသလို စုန်းအမွှာညီအစ်မကလည်း သူတို့ပညာစက်များနှင့် ပြန်ပစ်လိုက်ကြ၏။ ထိုအခါ တစ်ဖက်ကိုလေးဦးစီ မျက်နှာခြင်းဆိုင်သွားကြကာ မျှမျှတတယှဉ်ပြိုင်ကြပေသည်။ စုန်းအမွှာညီအစ်မပစ်လိုက်သော ပညာစက်များကို တစ်ဖက်ရန်သူများက ပြန်ကာ၍ ပညာစက်နှင့်ပြန်ပစ်သောအခါ စောသနှင့်ခွန်းသက ပြန်ကာထား၏။ ပညာစက်များနှင့်တိုက်ခိုက်ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် မထိခိုက်သေးပေ။
ထိုအခါ တစ်ဖက်ရန်သူလေးဦးသည် အင်္ကျီများကိုချွတ်၍ နောက်ကျွမ်းထိုးကာ လူ့ခါးစောင်းမျှရှိသော အစွယ်တကားကားနှင့် ခွေးနက်ကြီးများအသွင်ပြောင်းသွားလေ၏။ စောသနှင့်ခွန်းသကလည်း ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်၍ နောက်ကျွမ်းပစ်လိုက်ရာ ကိုးတောင်ကျားများဖြစ်သွားသလို၊ စုန်းအမွှာညီအစ်မကလည်း လင်းတအသွင်ပြောင်း၍ တိုက်ခိုက်ကြကုန်၏။ ခွေးနက်ကြီးများနှင့် ကျားနှစ်ကောင်က မြေပြင်၌အသည်းသန် တိုက်ခိုက်နေကြချိန် လင်းတနှစ်ကောင်က ခွေးနက်ကြီးများအပေါ်ကနေ အလျှင်မြန်ပျံသန်း၍ ခြေသည်းနှင့်ကုတ်သွားလိုက်၊ နှုတ်သီးဖြင့်ဆိတ်လိုက် တိုက်ခိုက်လေ၏။
ထိုအခိုက် ခွေးနက်နှစ်ကောင်က လင်းတများမြေပြင်ကိုဆင်းလာအဝယ် ခုန်အုပ်တော့မည့်အချိန် ကျားနှစ်ကောင်သည် တစ်ချက်ဟိန်း၍ မြေကြီးကိုသူတို့၏လက်နှစ်ဖက်နှင့် ဆောင့်ချလိုက်ရာ အလွန်ပြင်းထန်သော အစွမ်းတစ်ခုက ဝုန်းခနဲဆောင့်ဝင်သွားပြီး ခွေးနက်လေးကောင်ပါမက လင်းတများပါ လွင့်စင်သွားကာ မူလအသွင်ပြန်ပြောင်းသွားကြကုန်၏။ ကျားနှစ်ကောင်သည် နောက်ကျွမ်းပြန်ပစ်၍ လူပုံစံပြောင်းကာ စုန်းအမွှာကိုဘေးကကြည့်နေရန် ပြောလိုက်၏။ ရန်သူလေးဦးသည် ပါးစပ်ကနေ သွေးစများထွက်လာကြလေ၏။ စောသနှင့်ခွန်းသ၏ အစွမ်းကိုသိသွားကာ စုပေါင်းတိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
လေးဦးစလုံး စုဝေး၍ထိုင်လိုက်ကာ မန္တာန်တစ်ပုဒ်ကိုအတူတူရွတ်ဖတ်လိုက်ကြချိန်၌ သူတို့၏ခန္ဓာကိုယ်ကနေ အခိုးအငွေ့တန်းကြီးတွေပေါ်လာကာ ဝုန်းခနဲဆိုသလို ဦးခေါင်းလေးလုံးနှင့် ဧရာမခွေးနက်ကြီးအဖြစ် ပြောင်းသွားလေ၏။ စောသနှင့်ခွန်းသသည် အနည်းငယ်အံ့ဩရုံကလွဲ၍ ထိန်လန့်ခြင်းမရှိပေ။ စောသနှင့်ခွန်းသသည် အသင့်အနေထားနှင့်နေလိုက်၏။ ခွေးနက်ကြီးပြေးဝင်တိုက်ခိုက်ချိန်၌ ဘေးနှစ်ဖက်ခွဲရှောင်တိမ်းလိုက်ကာ အင်းချပ်နှစ်ချပ်ဆီ လေပေါ်ပစ်တင်ပြီး ခွေးနက်ကြီးဆီလက်ညိုးညွှန်လိုက်ရာ၌ အင်းချပ်ထဲကနေ မီးတောက်နေသော လှံများ တစ်စင်းပြီးတစ်စင်းထွက်လာကာ ခွေးနက်ကြီး၏ လည်၊ ဂုတ်စသည့် ကိုယ်ခန္ဓာအဓိကနေရာများကို စိုက်ဝင်ကုန်၏။
ခွေးနက်ကြီးသည် အားအကုန်ရုန်းသော်လည်း မလှုပ်နိုင်ပဲရှိနေချိန်၌ စောသနှင့်ခွန်းသသည် မူလပြန်အင်းကို ပြိုင်တူပစ်လွှတ်လိုက်ကြရာ ခွေးနက်ကြီးသည် ဝုန်းခနဲကွဲထွက်သွားကာ ရန်သူလေးဦးကလည်း ဘေးတစ်ဖက်စီကိုလွင့်စင်လာပြီး သေဆုံးကုန်ကြ၏။ တပည့်များသေဆုံးတာကို မြင်၍ သျောင်တစောင်းနှင့်လူကြီးသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ဖနောင့်ကိုပေါက်ချလိုက်ချိန်၌ ကိုင်းတောထဲကနေ သရဲတစ္ဆေမှင်စာများ အုပ်စုလိုက်ကြီးထွက်လာကြ၏။
“ဟဲ့နာနာဘာဝတွေ ရှေ့ကခွေးကောင်တွေကို သတ်ကြစမ်း။”
သရဲတစ္ဆေများသည် ထိုသူ၏အမိန့်သံအဆုံး၌ ပြေးလာကြချိန်တွင် သူရသည် ညာလက်ညိုးနှင့် သူတို့၏အလယ်တွင် စည်းတစ်ခုတားထားလိုက်ရာ သရဲတစ္ဆေများမှာ ထိုစည်းကိုကျော်ဖို့ပင်မပြောနှင့် အနားတောင်မကပ်ရဲကြပေ။
“အောက်လက်ငယ်သားတွေကိုပဲ တိုက်ခိုင်းနေပုံထောက်တော့ ဦးကြီးက ကျုပ်ကိုကိုယ်တိုင်မတိုက်ရဲဘူးထင်တယ်။”
“ဘာကွ!! မင်းလိုငချွတ်ကလေးကိုတိုက်ဖို့ ငါ့အဆင့်နဲ့မတန်လို့နားလည်လား။ မင်းကသိပ်သေချင်နေမှတော့လည်း ငါကိုယ်တိုင် သတ်ပေးမယ်ဟေ့။”
ထိုလူကြီးက ဤသို့ပြောဆိုပြီး သူ၏လက်သီးကိုဆုပ်ကာ အစိမ်းရောင်ပညာစက်ကို စုစည်းနေ၏။ နေအလင်းရောင်၏အောက်မှာ ထိုလူကြီး၏ပညာစက်က အရောင်တလတ်လတ်တောက်ပနေသည်။ ထိုလူကြီးသည် ပညာစက်ကိုစုပြီးတာနှင့် သူရထံကိုပစ်လွှတ်လိုက်၏။ သူရသည် ညာလက်ကိုဆန့်၍ ကာလိုက်သောအခါ ရွှေအိုရောင်အကာရံတစ်ခုပေါ်လာခဲ့၏။ အစိမ်းရောင်ပညာစက်က ရွှေအိုရောင်အကာရံကိုထိမှန်သွားကာ ဒိန်းခနဲဆိုသံနှင့်အတူ မီးများဖွာထွက်သွားကာ ပညာစက်များက ဘေးကိုပျံ့ကြဲပြီး သစ်ပင်များကို ထိမှန်သောအခါ သစ်ပင်များသည် မီးလောင်ကျွမ်းကုန်ကြသည်။
ထို့နောက် လူကြီးသည် သူ၏လွယ်အိတ်ထဲကနေ သစ်သားဖြင့်ပြုလုပ်ထားသော နွားနက်ကိုးကောင်တိတိကို လှည်းဆွဲခိုင်းထားသောအရုပ်အားထုတ်လိုက်လေ၏။ မြေပြင်ပေါ်သို့ အသာယာချ၍ လက်အုပ်ချီကာ ဂါထာ၊ မန္တာန်တစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်နေလေ၏။
“လှည်းဆွဲနွားနက် မြင်ရုံနဲ့ မသေရုံတမယ်သာ ရှိလိမ့်မယ်တဲ့။”
သူရ၏ စကားကို စောသနှင့်ခွန်းသက ကြားသွားကာ မေးကြလေ၏။
“ဒီစကားက ဘာအဓိပ္ပါယ်လဲဆရာ။”
“အဓိပ္ပါယ်က သာမန်တိုက်နွားတွေထက် အဆတစ်ရာကြမ်းတဲ့ နွားနက်ကိုးကောင်အတိုက်ပေါ့ကွာ။ လှည်းဆွဲထားတယ်ဆိုတာကလည်း လှည်းပေါ်မှာ ကျွဲမိစ္ဆာကိုတင်ထားရလို့ပဲ။ တစ်နည်းအားဖြင့် ကျွဲမိစ္ဆာအတိုက်လို့လည်း ခေါ်ကြတယ်။ တော်ရုံပညာသည်က ဒီအစီအရင်ကို ပြုလုပ်နိုင်မှာမဟုတ်ဘူး။ စောသ၊ ခွန်းသ စုန်းအမွှာကိုခေါ်ပြီး ဒီနေရာနဲ့ ခတ်ဝေးဝေးကိုသွားကြတော့ မင်းတို့ဒီအစီအရင်ကိုမခုခံနိုင်ဘူး။”
စောသနှင့်ခွန်းသက စုန်းအမွှာကိုခေါ်၍ အဝေးကနေ စောင့်ကြည့်နေကြ၏။ ထိုလူကြီး၏ ဂါထာမန္တာန်အဆုံး၌ သာမန်နွားတွေထက် ကျယ်လောင်သော နွားအော်သံကြီးများထွက်ပေါ်လာကာ လှည်းဆွဲထားသည့်နွားနက်ကိုးကောင် အရုပ်လေးက တဖြည်းဖြည်း ကြီးထွားလာလေ၏။ ထိုအရုပ်က ကြီးထွားတာရပ်တန့်သွားချိန် အနီရောင်အလုံးတစ်ခုက လှည်းပေါ်၌ လာနားပြီး ဖျောက်ခနဲပျောက်ကွယ်သွား၏။ သူရသည် စိတ်ထဲ၌ “အင်း ကြည့်ရတာတော့ နွားနက်မိစ္ဆာကို မခေါ်ယူနိုင်သေးပုံပဲ။ ဒါပေမဲ့ ဒီနွားနက်ကိုးကောင်ကလည်း အတော်ကြမ်းတမ်းတယ်။ သေချာမကိုင်တွယ်နိုင်ရင် တခြားသူတွေပါ အန္တရာယ်ရှိတယ်။”ဟု တွေးမိလိုက်၏။
“ဟဲ့ တိုက်စမ်း။!!”
ထိုလူကြီးအမိန့်သံအဆုံးမှာ နွားနက်ကိုးကောင်က သူရဆီကို တရကြမ်းပြေးဝင်ခွေ့ကြလေ၏။ နွားတွေ၏ ခွာသံနှင့် လှည်းဘီးသံတို့ကြောင့် ဆူညံသွားလေ၏။ သူရသည် လက်သီးဆုပ်ကာ ရွှေရောင်ပညာစက်ကိုစု၍ ပစ်လိုက်သောအခါ နွားများသည်အနောက်ကို လန်သွားကာ ပြန်ဆုတ်သွားကြ၏။ ထို့နောက် နောက်တစ်ကြိမ်ပြေးဝင်ခွေ့ကြလေ၏။ သူရဆီကိုတည့်တည့်ဝင်ခွေ့ချိန် လက်တစ်ကမ်းအကွာအရောက်၌ သူရကရုတ်ချည်းပျောက်ကွယ်သွားကာ အခြားနေရာ၌ ပြန်ပေါ်လာ၏။ နွားတွေကအရှိန်လွန်ပြီး သစ်ပင်ကိုဝင်ခွေ့မိရာ သစ်ပင်သည် ထက်ပိုင်းကျိုးကျသွားလေ၏။
နွားများသည် စိတ်ဆိုးမာန်ဆိုးနဲ့ သူရဘက်ကိုပြန်လှည့်ကာ ဝင်ခွေ့ကြပြန်၏။ သူရသည် လက်ကိုဆန့်၍ ကာလိုက်သောအခါ ရွှေအိုရောင်အကာရံကို ဒုန်းခနဲမြည်အောင် ဝင်ဆောင့်ကြလေ၏။ နွားများသည် ခေါင်းကိုခါရမ်းလိုက်ကာ အကာရံကိုနောက်တစ်ကြိမ် ဝင်ဆောင့်ကြပြန်၏။” ဒုန်း”ဆိုသည့်အသံက ကျယ်လောင်စွာထွက်ပေါ်သွား၏။ သူရသည် လွယ်အိတ်ထဲကနေ မူလပြန်အင်းကိုထုတ်၍ လှည်းပေါ်သို့လှမ်းပစ်လိုက်၏။ ထိုအခါနွားများသည် ဘေးကိုရိမ်းခါနေကြ၏။ ဝုန်း..ဝုန်းဆိုသည့်အသံနှင့်အတူ လှည်းကြီးဟာလည်း မီးလောင်နေ၏။ ထို့နောက် ကြိုးများမှတဆင့် နွားတွေပါမီးစွဲသွားသည့်အခါ နွားများသည် ခြေဦးတည့်ရာပြေးကြချိန် သူတို့အားစီရင်သည့်ပညာသည် သျှောင်တစောင်းနှင့်လူကြီးကို ဝင်ခွေ့မိကြ၏။
သျှောင်တစောင်းနှင့်လူကြီးသည် ကို့အတက်ကိုစူး၍ နွားတစ်ကောင်၏ ချို၌ ဝမ်းဗိုက်ကိုထုတ်ခြင်းပေါက်ကာ ကပ်ပါသွားခဲ့၏။ ထို့နောက် မီးသည် ထိုလူကြီးကိုပါလောင်၍ နောက်ဆုံး လှည်းဆွဲထားသည့်နွားနက်ကိုးကောင်အပြင် ထိုလူကြီးပါ ပြာအဖြစ်ကို ရောက်ရှိသွားကြလေ၏။ အဝေးကနေ စောင့်ကြည့်နေသော စောသနှင့်ခွန်းသလည်း သူရအနားကိုပြန်လျှောက်လာကြသလို စုန်းအမွှာကလည်း အနောက်ကနေ လိုက်ပါလာခဲ့၏။
“ကို့အတက်ကိုစူးပြီး မကောင်းတဲ့ပညာသည်တစ်ယောက်တော့ ငရဲကျသွားပြန်ပြီစောသနဲ့ခွန်းသရေ။”
သူရသည် စုန်းအမွှာကို လှည့်ကြည့်ကာ..
“သင်တို့အကြောင်းကို ကပ္ပိယကြီးပြောပြလို့ ကျွန်ုပ်သိသင့်တန်သလောက်သိထားပါတယ်။ သင်တို့က အခုဘယ်မှာနေကြတာလဲ။”
“ကျွန်မတို့ ဒီရွာထဲမှာပဲ ရုပ်ဖျက်ပြီးနေထိုင်ပါတယ်ဆရာလေး။ ဒါကြောင့်လည်း ရွာကို အနီးကပ်ကာကွယ်နိုင်တာပါ။”
“ဒီပညာတတ်သူခြင်းတူတာတောင် သင်တို့ကပိုပြီးမွန်မြတ်ပါတယ်။ သင်တို့ရဲ့ပညာကို ကျွန်ုပ်မနှုတ်ယူပေမဲ့ ဒီပညာနဲ့သူတစ်ပါးကို ထိခိုက်နစ်နာအောင်မလုပ်ဘူးဆိုတဲ့ကတိပေးပါ။”
“ကျွန်မတို့ကတိပေးပါတယ်ဆရာလေး။”
“ကောင်းပြီ။ ဒီအတွက် သင်တို့ကို ကျွန်ုပ်ကဆုချခဲ့ပါ့မယ်။ သင်တို့ရဲ့လက်ကိုဆန့်လိုက်ပါ။”
ထိုအခါစုန်းအမွှာညီအစ်မသည် ပုဆိုးစနှင့်ပတ်စီးထားသော သူတို့လက်နှစ်ဖက်ကို ဆန့်လိုက်ကြလေ၏။ သူရသည် မန္တာန်တစ်ပုဒ်ကို ရွတ်ဖတ်၍ သူတို့၏လက်အပေါ်ကနေ အောက်ထိဆွဲသပ်ချပေးလိုက်လေ၏။ ခဏအကြာ၌ “သင်တို့ရဲ့ နူနာရောဂါအရှင်းပျောက်သွားပါပြီ။ ရှေ့လျှောက် ကောင်းကောင်းမွန်မွန်နေထိုင်ကြပါ။”ဟု သူရကပြော၍ တစ်ဖက်သို့လှည့်ကာ ထွက်သွားလေ၏။ စုန်းအမွှာညီအစ်မသည် ပတ်တီးကိုဖြည်၍လက်ကိုကြည့်လိုက်ရာ မိမွေးတိုင်းဖမွေးတိုင်း အကောင်းဖြစ်နေတာကို မြင်၍ ဝမ်းသာပီတီဖြစ်ကာ သူရ၏ကျောပြင်ကို ထိုင်ရှိခိုးလိုက်ကြလေတော့သတည်း။
~~~~
ပြီးပါပြီ။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Leave a Reply