ညောင်ပင်အောက်ကသွေးပျက်ဖွယ်ရာည

တောင်စဉ်ရေမရ လျောက်တွေးနေခဲ့စဉ် ရုတ်တရက် နားထဲသို့ အသံတစ်သံက တိုးဝင်လာခဲ့လေသည်။

“အစ်ကိုကြီး… အစ်ကိုကြီး… ဘာထိုင်လုပ်နေတာလည်း ရှင့်”

တစ်ယောက်ထဲ အေးအေးဆေးဆေး ရှိနေစဉ် ရုတ်တရက် အမျိုးသမီး တစ်ယောက်၏ အသံကြောင့် သူလည်း လန့်သွားမိသည်။ ထို့နောက် ခေါ်သံကြားရာသို့ မဝံ့မရဲနှင့် လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ …

“ဟင်… ဘယ်သူတုန်းဟ”

ဆိုကာ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားမိသည်။ တွေ့လိုက်ရသည်က မိန်းမပျိုလေး တစ်ယောက်ပင် ဖြစ်သည်။ အသားဖြူဖြူ မျက်လုံးမျက်ခုံး ကောင်းကောင်းနှင့် ဆံပင်ရှည်ရှည် မိန်းမပျိုလေး တစ်ယောက်ပင်။

သူလည်း ခုလို တိတ်ဆိတ်ပြီး လူသူပြတ်လတ်တဲ့ နေရာမှာ ချောချောလှလှ မိန်းကလေးကို ရုတ်တရက် တွေ့လိုက်ရတာ ဆိုတော့ အံ့ဩလျက် ငေးကြည့်နေ မိလေသည်။ ထို့ကြောင့်ပင် ထိုမိန်းကလေးက ပြုံးပြလျက် စကားကို စတင်ပြောလိုက်လေသည်။

“ကျမ ခေါ်တာပါ အစ်ကိုကြီးရဲ့… ပွဲဈေးမသွားဘူးလား ဒီမှာ တစ်ယောက်ထဲ သရဲ မကြောက်ဘူးလား”

ဟူ၍ စနောက်သံဖြင့် ပြောလိုက်လေပြီး တခစ်ခစ်နဲ့ပင် ရယ်နေသေးသည်။

“ဟင်… အင်း အင်း”

ရုတ်တရက်ဆိုတော့ ထွန်းမောင်လည်း ကြောင်သွားပြီး ဘာဖြေလို့ ဖြေလိုက် မှန်းပင် မသိလိုက်ပေ။ နောက်မှ သတိရလာကာ …

“​ဪ.. အေး ဟုတ်တယ် ညီမလေးရဲ့.. မသွားချင်လို့ ဒီမှာထိုင်နေတာပါ.. ဒါထက် ဒီက ငါ့ညီမရော ဒီမှာ ဘာလုပ်နေတာလည်း”

ဒီလို မေးလိုက်တဲ့အခါ ထိုမိန်းကလေးက သူနဲ့မနီးမဝေးမှာ အသာအယာ ထိုင်ချလိုက်ပြီး ပွဲဈေးတန်းဘက်ကို ငေးကြည့်လျက်..

“ကျမက မိုးခိုရွာကလေ.. ဒီကို လာတာကတော့ အဖော်တွေနဲ့ လာတာပါ.. ပွဲခင်းထဲမှာ လူစုကွဲသွားလို့ ဒီမှာ လာစောင့်နေတာ.. ပြန်ရင်လည်း ဒီလမ်းကပဲ ပြန်ရမှာဆိုတော့ သူတို့နဲ့တွေ့မှာပါ”

ထိုအခါမှ သူလည်း ထိုမိန်းကလေးက မိုးခိုရွာကမှန်း သိလေသည်။ မိုးခိုရွာက ဒီကနေဆိုလျင် သိပ်တော့ မဝေးတော့ပေ။ ဒါ့ကြောင့် ထွန်းမောင်လည်း ပျင်းပျင်းရှိလာတာနဲ့ စကားရှာပြီး ပြောလိုက် တော့သည်။

“ဒါနဲ့.. ဒီကညီမ နာမည်က …”

“ကျမနာမည်က မြနှင်းပါ.. အစ်ကိုကြီးကရော”

“အစ်ကိုကြီးက ထွန်းမောင်ပါ.. ဒီရွာကပဲလေ”

ထွန်းမောင်လည်း ဒီလိုအဖော်ရပြီဟု တွေးကာ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ အပြန်လှန် ပြောဖြစ်ကြလေသည်။ ရီစရာ မောစရာတွေ ပြောလိုက်။ ရွာအကြောင်းတွေပြောလိုက်။ ကိုယ့်အကြောင်း ကိုယ်ပြောပြကြလိုက်နဲ့ ခနအကြာမှာပဲ သူတိုတွေလည်း ရင်းနှီး သွားကြလေသည်။ ဒီလိုရှိနေရင်း ခနအကြာမှာပဲ မြနှင်းက..

“အစ်ကိုရေ ခနနေ ညီမအဖော်တွေ ပြန်လာကြတော့မယ်”

“အင်း အဲ့ဒီတော့..”

“​ဪ.. အစ်ကို့ကို တွေ့သွားရင် ညီမကို ဆူကြမှာပေါ့.. ဒီတော့ အစ်ကိုလည်း အိမ်ပြန်တော့ မနက်ဖြန် ညကျရင်လည်း ညီမတို့ ပွဲလာအုန်းမှာပဲ ဒီမှာပဲ စောင့်နေလေ စကားပြောကြတာပေါ့”

ဒီလို ကြားလိုက်ရတော့ သူလည်း အရမ်းပျော်သွားမိသည်။ အခုတောင် မြနှင်းနဲ့ စကားပြောရတာ အရမ်းကို ပျော်နေခဲ့သည်ပဲ။ ထွန်းမောင်လည်း မနက်ဖြန်အတွက် ရင်ခုန်လျက် အိမ်ကိုပင် တစ်ချိုးထဲ ပြန်လာခဲ့လေတော့သည်။

*****

နောက်တစ်နေ့ မနက်စောစောမှာတော့ ထွန်းမောင်အိမ်ကို မြင့်အောင် တစ်ယောက် ရောက်လာပြီး..

“ဟေ့ကောင်.. ညက ဘယ်အချိန် ပြန်သွားတာလည်း ငါတို့ကို တောင် မစောင့်ဘူး”

ဆိုပြီး မြင့်အောင်က ဒီလို အပြစ်တင်စကား ဆိုလာပေမဲ့ ထွန်းမောင်ကတော့ ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်နေတဲ့အတွက် ရီကျဲကျဲသာ လုပ်ရင်း…

“ဒီလိုပါပဲကွာ.. ငါမနေချင်တော့လို့ ပြန်သွားတာပါ”

ထိုအခါ မြင့်အောင်လည်း ဘာမှ ဆက် မပြောတော့ပဲ လေသံ အေးအေးနှင့်သာ ပြန်ပြောလိုက်လေ၏။

“အေးပါကွာ.. ထားပါတော့.. ဒီညရော မင်းလိုက်ခဲ့အုန်းမှာလား”

ထိုအခါ ထွန်းမောင်လည်း ခေါင်းခါယမ်းလျက်..

“ဟင့်အင်း.. မလိုက်တော့ဘူးကွာ မင်းတို့ပဲသွားကြပါတော့.. ငါလိုက်လည်း ပွဲဈေးအထိမှ မရောက်တာပဲ”

“အေး.. ဒါဆိုလည်း ပြီးရော”

ဆိုကာ မြင့်အောင်လည်း ထွန်းမောင် မလိုက်ဘူးဆို၍ မကျေမနပ် ဖြစ်ကာ ပြန်သွားတော့လေသည်။ ထွန်းမောင်မှာတော့ မြနှင်းနဲ့ ဆုံဆည်းမှုလေးကို တွေးကာ ရင်ခုန်သလိုလိုတောင် ဖြစ်ချင်လာခဲ့လေသည်။

သူလည်း အခုဆို အသက်ပင် ၃၀ နားကပ်နေချေပြီ။ ရည်းစားဆိုတာ လုံးဝမထားဖူးခဲ့ပေ။ ယခုမှ မြနှင်းဆိုသည့် မိန်းကလေးနဲ့ တွေ့တဲ့အခါ ပျော်လည်း ပျော်ခဲ့ရပြီး ရင်ထဲမှာလည်း မတွေ့ရမနေနိုင်အောင်ပင် ဖြစ်လာမိသည်။

“ငါ့နှလုံးသားတွေ အရည်ပျော်ကုန်ပြီ မြနှင်းလေးရေ…”

ဟုသာ တီးတိုး ရေရွတ်နေမိတော့လေသည်။

*****

ညရောက်လာတဲ့အခါ ထွန်းမောင်လည်း ရေမိုးချိုးကာ ခြံထဲရှိ ကွပ်ပစ်ပေါ် ထိုင်နေတုန်းမှာ မြင့်အောင်နဲ့ လှပိုတို့ နှစ်ဦးက သူတို့နဲ့ လိုက်လို လိုက်ငြား လာရောက် ခေါ်နေသေးသည်။ သို့ပေမဲ့ ထွန်းမောင်ခမြာ မလိုက်တော့ဘူးဟု ပြောလိုက်လေတဲ့အခါ သူတို့နှစ်ယောက်ထဲပင် ထွက်လာခဲ့တော့သည်။ ထွန်းမောင်၏ အဖေနဲ့ အမေကတော့ အိမ်ထဲမှာ ထမင်းစားနေကြ၍ သူတို့ပြောသည့် စကားတွေကိုတော့ မကြား။

“ဒီကောင်ကလည်းကွာ.. လူပဲ လူစုစုရှိနေတဲ့ နေရာသွားတာ ဘာဖြစ်သွားမှာ ကျနေတာပဲ”

လှပိုက ဒီလိုမျိုး မကျေမနပ်ဖြင့် ပြောလိုက်တဲ့အခါ မြင့်အောင်မှ..

“ထားလိုက်ပါတော့ကွာ.. လူတစ်ကိုယ် စိတ်တမျိုးပဲဟာ.. သူမှ မလိုက်ချင်တာပဲ အတင်းမခေါ်ပါနဲ့ကွာ.. တခြားနေရာတွေ မှာတော့ ဒီကောင်ကြီးက စိတ်ကောင်းပါတယ်”

“မဟုတ်ပါဘူး.. ငါက မကျေနပ်လို့ ပြောတာမဟုတ်ပါဘူးကွာ.. သူပါတော့ ငါတို့ သူငယ်ချင်းသုံးယောက် ပိုပြီး ပျော်စရာကောင်းတာပေါ့”

ဒီလို ပြောကြဆိုကြရင်း မြင့်အောင်နဲ့ လှပိုတို့ နှစ်ယောက်လည်း ပွဲဈေးသို့ လျောက်လှမ်း လာကြတေ့လေသည်။

ထွန်းမောင်မှာတော့ မြင့်အောင်တို့ ထွက်သွားလေတော့မှ သူလည်း ခြေလှမ်းတွေ တပြင်ပြင် ဖြစ်နေရချေပြီ။ စိတ်ထဲမှာတော့ ညက တွေ့ခဲ့သူ မြနှင်းနဲ့လည်း ထပ်ပြီးတွေ့ချင်နေမိခဲ့သည်။

“အင်း… ဒီနေ့က ဘုရားပွဲ ဒုတိယညပဲ မနက်ဖြန်ညဆိုရင် ပွဲက ပြီးပြီ.. ဒီတော့ ဒီညကို အခြေနေကြည့်ပြီး မြနှင်းကို ဖွင့်ပြောလိုက်တော့မယ်”

စသဖြင့် တွေးနေပေမဲ့ ခနအကြာမှာ ထပ်မံ တွေးမိလိုက်ပြန်သည်။

“မြနှင်းနဲ့က ညကမှတွေ့ဖူးတာဆိုတော့ ဒီလို ပြောလိုက်လို့ ကောင်းပါ့မလား.. စိတ်ဆိုးသွားရင်တော့ အခက်ပဲ”

ထွန်းမောင်လည်း ဒုတိယံမိ ထပ်တွေးမိပြန်သည်။ စိတ်ထဲမှာလည်း လှုပ်ရှားနေကာ ဖွင့်ပြောဖို့ မပြောဖို့ကို ချီတုန်ချတုန် ဖြစ်နေမိလေသည်။ ပြောကလည်းပြောချင် ဒါပေမဲ့ ကြောက်နေပြီး စိုးရိမ်စိတ်ကလည်း ရှိနေတာဆိုတော့ တော်တော်လေး တွေးမရပေ။ နောက်ဆုံးမှာတော့ မထူးတော့ဘူး ပြောလိုက်တော့မယ် ဟူ၍သာ အဖြေထွက်ခဲ့ပြီး..

“ဟုတ်တယ်… ဘာပဲဖြစ်ဖြစ် ဖွင့်ပြောလိုက်တာပဲ ကောင်းပါတယ်”

ထွန်းမောင်လည်း စိတ်ထဲမှာ ထိုသို့ တွေးနေမိခဲ့လေသည်။ သူလည်း ထိုမိန်းကလေးကို ချစ်နေခဲ့သည်မှာ သေချာနေပြီ။ ထိုစိတ်တွေနှင့် ထွန်းမောင်ခမြာ ပွဲဈေးတန်း မရောက်ခင်နားက ညောင်ပင်ကြီးဆီသို့ လျောက်လာ နေခဲ့လေသည်။ ညောင်ပင်ကြီးဆီကို ရောက်တဲ့ အခါမှာတော့ ဘယ်သူ့ကိုမှ မတွေ့ရသေးပေ။

“ဟင်.. မြနှင်းလည်း မရောက်သေးပါလား.. ဘာများဖြစ်လို့ပါလိမ့်”

ဆိုကာ ဟိုဟိုဒီဒီပင် လိုက်ကြည့်နေမိသည်။ အရိပ်ယောင်တောင် မတွေ့ရသေးပေ။ ဒီတော့ သူလည်း ရင်ထဲမှာ ဟာတာတာနဲ့ တမျိုးကြီးပင် ခံစားလာရလေ၏။ ထို့ကြောင့် ညောင်ပင်ကြီးရဲ့ ခြေရင်းမှာ စိတ်ညစ်ညစ်နှင့် ထိုင်လိုက်ကာ ငေးငေးငိုင်ငိုင်ပင် ပွဲဈေးတန်းက မီးရောင်တွေကို ငေးကြည့်နေမိလေသည်။ ထိုအချိန်မှာပဲ..

“ဟိတ်…”

ဆိုသည့် အသံနဲ့အတူ သူ့ရဲ့ကျောကုန်းကို လူတစ်ယောက်က ရုတ်တရက် လာပုတ်လိုက်လေသောကြောင့် လန့်သွားမိကာ အနောက်ကို လှည့်ကြည့်လိုက် မိလေတော့ တွေ့လိုက်ရသည်က မြနှင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူလည်း အံ့ဩသွားမိတော့၏။ စောစောတုန်းက အပင်ကြီးရဲ့ ပတ်ချာလည်ကို လိုက်လံ ကြည့်လိုက်သေးသည် မဟုတ်ပါလား။ အဲ့ဒီတုန်းကတော့ ဘယ်သူ့ကိုမှ မတွေ့ရခဲ့ပေ။ ဒီတော့ ထူးဆန်းသလို ဖြစ်နေပြီး..

“ဟင် မြနှင်းပါလား.. ဘယ်တုန်းက ရောက်နေတာလည်း”

ထိုအခါ မြနှင်းက ပြုံးစိစိနဲ့ လုပ်လိုက်ပြီး..

“ရောက်နေတာ နည်းနည်းတောင် ကြာနေပါပြီ.. အစ်ကိုလာတာကို တွေ့လိုက်လို့ ပုန်းနေပြီး နောက်လိုက်တာ”

“​ဪ.. မြနှင်းရယ် အစ်ကိုဖြင့် မြနှင်း မလာတော့ဘူးလားလို့ ဝမ်းနည်းနေတာ.. အခုတော့ ပျော်သွားပြီသိလား”

ဆိုကာ ခပ်ပြုံးပြုံးလေးဖြင့် ပြောလိုက်လေတော့ မြနှင်းက သူ့ကို မျက်စောင်းခဲကြည့်ပြီး..

“အံမယ်.. စကားတွေ တတ်နေလိုက်တာ”

ဆိုကာ ပြုံးစိစိလုပ်ရင်း ပြန်ပြောလိုက်လေတော့ လူပျိုကြီး ထွန်းမောင်ခမြာ ရင်ထဲမှာ ဆူပူသွားပြီး မထူးတော့ဘူးဟု တွေးကာ အရဲစွန့်လျက် ချစ်တယ်ဟူ၍ ပြောလိုက်လေတော့သည်။

ထွန်းမောင်က ထိုသို့ ရုတ်တရက်ပြောလိုက်လေတော့ မြနှင်းလည်း ရှက်ရှက်နှင့် ညောက်ပင်ဘက်ကို ထွက်ပြေးတော့လေ၏။ ဒီအခါမှာတော့ ထွန်းမောင်လည်း မြနှင်းကို လိုက်ဖမ်းရင်း..

“မြနှင်းရယ် အစ်ကို့ကို စိတ်မဆိုးပါနဲ့.. အစ်ကို တကယ်ပြောတာပါ.. မြနှင်း လက်ခံမယ်ဆိုရင် အစ်ကို လက်ထပ်ချင်ပါတယ်”

ထိုအခါ မြနှင်း၏ မျက်နှာမှာ အနည်းငယ် ဆွေးငယ်သလို ဖြစ်သွားလေပြီး..

“အစ်ကိုရယ်.. အကိုက ညီမအကြောင်းကို ဘယ်လောက်သိလို့လည်း.. ညီမအကြောင်းသာ အစ်ကိုသိရင် အစ်ကိုထွက်ပြေးမှာပါ”

“ဟာ.. မြနှင်းကလည်း အစ်ကိုက ဘာလို့ ထွက်ပြေးရမှာလည်း.. အစ်ကို တကယ်ပြောတာပါ မြနှင်း.. အစ်ကို့ မေတ္တာကို လက်ခံပါနော်”

မြနှင်းလည်း အနည်းငယ် စဉ်းစားနေပြီး ခဏအကြာမှာတော့ ထွန်းမောင်ဘက်ကို လှည့်ကာ..

“တကယ်တော့လေ ညီမလည်း အစ်ကိုကို မေတ္တာရှိပါတယ်”

“ဟင်.. တကယ်လား မြနှင်း.. အစ်ကို ဝမ်းသာလိုက်တာ”

ထွန်းမောင်လည်း ယခုမှပင် ရင်ထဲက အလုံးကြီး ကျသွားလေ တော့သည်။ ထို့နောက် မှာတော့ ပူပူနွေးနွေး ချစ်သူနှစ်ယောက် ဖြစ်တဲ့ သူတို့တွေလည်း စကားတွေ တွတ်ထိုးကာ ပြောမဆုံး နိုင်အောင် ဖြစ်ခဲ့လေသည်။

ထွန်းမောင်ကတော့ မြနှင်းကို လက်ထပ်ဖို့ အကြောင်းကို ပြောမိလေတိုင်း မြနှင်းကတော့ စကားလမ်းကြောင်း လွှဲသွား တတ်တာကို သတိထားမိ လာလေသည်။ သို့ပေမဲ့ သူမ,ခမြာ ရှက်နေ၍ပဲ ဖြစ်မယ်ဟု တွေးပြီး ထွန်းမောင်လည်း ဘာမှတော့ မပြောရှာခဲ့ပေ။

*****

ထိုအချိန်မှာတော့ မြင့်အောင်နှင့် လှပိုတို့နှစ်ဦးက အိမ်ကို ခဏပြန်လာချိန်နဲ့ တိုက်ဆိုင်သွားပြီး ညောင်ပင်နားသို့ ရောက်လာတာကိုတော့ ထွန်းမောင်တစ်ယောက် မသိခဲ့ပေ။

“ဟေ့ လှပို.. ဟိုမှာ ထွန်းမောင်ပါလားဟ.. ညောင်ပင်နားမှာ ဘာထိုင်လုပ်နေတာလည်း မသိဘူး”

မြင့်အောင်ရဲ့ စကားအဆုံးမှာ လှပိုလည်း ညောင်ပင်အောက်ခြေနားကို ကြည့်လိုက် မိရာ ထွန်းမောင် ထိုင်နေတာကို တွေ့နေရလေသည်။ သူတို့လည်း ဒီကောင်လည်း ဘာထိုင် လုပ်နေတာလည်းဆိုကာ သေချာ ကြည့်လိုက်တဲ့အခါ..

“ဟာ.. လှပို သေချာကြည့်စမ်းပါကွ.. ဒီကောင် တစ်ယောက်ယောက်နဲ့ စကားပြောနေသလိုပါလား..”

မြင့်အောင်က လေသံတီးတိုးဖြင့် လှပိုကို ပြောလိုက်ကာ ထွန်းမောင်ဆီသို့ လက်ညှိုးထိုး ပြလိုက်သည်။ ဒီတော့ လှပိုလည်း သေသေ ချာချာ ကြည့်လိုက်ပြီး အထိတ်တလန့်ဖြင့် ရေရွတ်လိုက် မိသည်။

“ဟာ.. အေးဟ.. ဒီကောင် ဘာကြောင်နေတာလည်း မသိဘူး.”

လှပိုလည်း ထိုသို့ ရေရွတ်လိုက်ပြီး သေချာကြည့်မိချေရာ တစ်ခုခုကို တွေ့လိုက်ဟန်ဖြင့်..

“နေဦး မြင့်အောင်.. ဒီကောင် တစ်ယောက်ထဲ ပြောနေတာ မဟုတ်ဘူးကွ.. တစ်ယောက်ယောက်နဲ့ ပြောနေသလိုပဲ.. ပြီးတော့ သူ့ဘေးမှာ အရိပ်လိုလို ပုံစံတစ်ခုကို တစ်ချက်တစ်ချက် တွေ့လိုက်သလိုပဲ”

ဒီတော့ မြင့်အောင်လည်း အသေအချာပင် ထပ်မံ၍ ကြည့်နေမိပြီး..

“အေးဟ.. ဟုတ်တယ် တစ်ယောက်ယောက်နဲ့ ပြောနေသလို ပြောနေတာကွ.. ဘေးမှာလည်း အရိပ်တစ်ခုခု ပေါ်ပေါ်လာသလိုပဲနော်”

ထိုအချိန် ထွန်းမောင်ကတော့ မြနှင်းနဲ့ စကားတွေ အပြန်လှန် ပြောရင်း မြနှင်းရဲ့ ဦးခေါင်းထိပ်ရှိ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်လိုက် မိလေသည်။ ထိုအခါမှာ မြင့်အောင်တို့နှစ်ဦး မြင်လိုက်ရသည်က..

“ဟာ.. ဟိုမှာ ထွန်းမောင် လက် မြှောက်ပြီး တစ်ခုခုကို ပွတ်သပ်နေသလိုပဲ”

“အေးဟ.. ဟုတ်တယ်ဟေ့ သေချာနေပြီ မြင့်အောင်.. ဒီကောင် တစ်ခုခုဖြစ်နေပြီ.. ငါ.. ငါတို့ ဘာလုပ်ကြမလည်း”

လှပိုလည်း ထွန်းမောင်ကို ထိုသို့ တွေ့လိုက်တော့ ထိတ်လန့်ကာ ပြောလိုက်လေသည်။ မြင့်အောင်ကတော့ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

“လှပို ငါတို့ အိမ်ကို အရင်ပြန်မယ်.. ပြီးတော့ ဘုရားစင်ပေါ်က ရေမန်းနဲ့ ဒီကောင့်ကို ပက်ရမယ်.. ဟုတ်တယ်မလား ဒါတစ်ခုခု ဖြစ်နေတာ သေချာတယ်ကွ”

“အေး အေး.. ကောင်းတယ်.. လာ.. လာ.. မြန်မြန်သွားကြမယ်”

မြင့်အောင်နဲ့ လှပိုတို့ နှစ်ယောက်လည်း ညောင်ပင်နားကနေ မဖြတ်တော့ပဲ ခပ်ဝေးဝေးကနေ အိမ်သို့ အလျင်အမြန် ပြန်ပြေးကာ ရေမန်းဗူးကို ယူလာခဲ့လေသည်။ ထိုအကြောင်းကို တခြားဘယ်သူ့ကိုမှ မပြောပြမိခဲ့ပေ။

သူတို့နှစ်ဦးလည်း ညောင်ပင်ကြီးဆီသို့ ပြန်ရောက်တဲ့ အခါမှာလည်း ထွန်းမောင်ကို တစ်ယောက်ယောက်နဲ့ စကားတွေ ပြောနေသည်ကိုပဲ တွေ့နေရ၍ သူတို့လည်း စိုးရိမ်သွားကာ ရေမန်းဗူးကို အမြန်ဖွင့်လျက် ညောင်ပင်ရဲ့ တဖက်ခြမ်းကနေ အသာလေး ချဉ်းကပ်သွားပြီး ထွန်းမောင်ကို ရေမန်းနှင့် လှမ်းပက်လိုက် လေတော့သည်။ ထိုအခါ ထွန်းမောင်လည်း အလန့်တကြား ထအော် လိုက်လေသည်။

“ဟ.. ဘာတွေလည်းဟ… ရေတွေပါလား.. ဘယ်သူ ပက်လိုက် တာလည်း”

ထွန်းမောင်က မိမိကိုယ်ပေါ်ကို ရုတ်တရက် ရေတွေ လာစင်လေတော့ ထအော်လိုက် မိသည်။ ထိုအချိန် မြနှင်းကတော့ ထိတ်လန့်တကြား ဖြစ်သွားကာ..

“အား.. ပူတယ်.. ပူတယ်.. ဘာလုပ်တာလည်း ပူလိုက်တာ”

ဟု ဆိုလျက် မျက်နှာကြီး နီမြန်းသွားကာ ထအော်တော့လေ၏။ ဒီတော့ ထွန်းမောင်လည်း မြနှင်း၏ အော်သံကြောင့် ရုတ်တရက် ကြောင်စီစီ ဖြစ်သွားတော့သည်။ ဒီလို ရေအနည်းငယ် စိုသွားသည်ကို မြနှင်းက မျက်စိမျက်နှာပျက် ဖြစ်ကာ ပူတယ်လို့ အထိတ်တလန့် အော်လိုက်တာကိုပင်။ ရေလေးနည်းနည်း စိုတာကို ဘာလို့ ပူတယ်လို့ ထမအော်သင့်ပေ။ ဒီတော့ အတွေးနဲ့အတူ မြနှင်းကို လှည့်ကြည့်မိလိုက် လေတဲ့ အခါမှာတော့..

“ဟင်.. မြနှင်းလည်း မဟုတ်ပါလား.. ဘာကြီးလည်းဟ”

ဆိုကာ ရုတ်တရက် အော်ဟစ်လိုက်ပြီး ​ထွန်းမောင်တစ်ယောက် အလန့်ကြားပင် ဖြစ်သွားရတော့သည်။ မြင့်အောင်နဲ့ လှပိုမှာလည်း ထွန်းမောင်ဘေးကို ကြည့်မိလိုက်လေတော့ ရုတ်တရက် လန့်သွားကာ ကြောက်လန့် တကြားပင် အော်ဟစ်လိုက်လေတော့သည်။

“အား.. သရဲ သရဲ.. အမယ်လေးဗျာ သရဲမကြီး လုပ်ကြပါအုန်းဗျ”

ထိုသို့ အော်ဟစ်လျက် ထွက်ပြေးတော့လေသည်။ ထွန်းမောင် ခမြာမှာလည်း ရင်တွေ တဒုန်းဒုန်းခုန်ကာ ကြက်သီးတွေလည်း တဖြန်းဖြန်းပင် ထမိတော့လေသည်။ မြင်လိုက်ရသည်မှာတော့..

ထွန်းမောင်ဘေးရှိ မြနှင်းမှာတော့ စောစောက မြနှင်းပုံစံမဟုတ်တော့ပဲ မျက်နှာတစ်ခြမ်းက အသားတွေပဲ့ကျနေပြီး မျက်လုံးတစ်ဖက်က ဟောက်ပက်ကြီး ဖြစ်နေလေပြီး အသားတွေပဲ့ကျနေသည့် မျက်နှာတစ်ခြမ်းမှ သွားချွန်ချွန်များကလည်း အတိုင်းသားပင် ပေါ်ထွက်နေလေသည်။

ခန္ဓာကိုယ်မှာလည်း အမွေးအမြှင်တွေနဲ့ ဖုံးလွှမ်းနေပြီး ဆံပင်ကလည်း ဖားယားချထားသည့် ထိတ်လန့်ဖွယ်ရာ ပုံသဏ္ဍာန်မျိုးဖြင့် သရဲမကြီး တစ်ကောင်ကို မြင်လိုက်ရခြင်း ဖြစ်လေသည်။ ဒီတော့ သုံးယောက်သား ခေါင်းတွေကြီးလာခဲ့ကြပြီး ထွက်ပြေးကြလေတော့ သည်။ ထိုအခါမှာတော့ ထိုညောင်ပင်အောက် မှ အကောင်ကြီးထံမှ အက်ကွဲကွဲ အသံကြီးဖြင့် လှမ်းပြောလိုက်တာကို ကြားလိုက်ရသည်။

“ဟဲ့ ထွန်းမောင် နင်ပြန်လာခဲ့လေ.. ထွန်း.. မောင်.. နင်.. ပြန်.. လာ.. ခဲ့.. နော်..”

ဟုဆိုကာ အသံဩဩ အက်အက်ကြီးဖြင့် အော်ပြောလိုက် လေတဲ့ အခါမှာတော့ ထွန်းမောင်တို့ လူစုလည်း အနောက်ကို ပြန်လှည့် မကြည့်နိုင်တော့ပဲ တချိုးထဲပင် လစ်ပြေးကြတော့လေသည်။ သူတို့တွေရဲ့ စိတ်ထဲမှာလည်း ပြောမပြတတ်အောင် ကြောက်ရွံထိတ်လန့်နေခဲ့ပြီး ကြက်သီးတွေကလည်း တဖြန်းဖြန်းပင်။ ခေါင်းတွေလည်း ကြီးပြီး ကျောထဲမှာစိမ့်ပြီး ကြောက်ရွံနေခဲ့ကြလေ၏။

*****

အဲ့ဒီ နောက်ပိုင်းမှာတော့ ထွန်းမောင်၊ မြင့်အောင်နှင့် လှပိုတို့ သုံးဦးစလုံးပင် အသီးသီးပင် ဖျားကုန်ကြလေတော့သည်။ ထိုအခါ သူတို့ရဲ့ မိဘတွေမှာလည်း အံ့ဩမဆုံး။ သုံးယောက်လုံးလုံး ပြိုင်တူပင် ဖျားကုန်ကြတဲ့ အတွက်ပင် ဖြစ်လေသည်။

ထွန်းမောင်ကတော့ ထိုအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ တောင်းပန်ထားသည့် အတွက် သူတို့သုံးယောက်လည်း မပြောပြဖြစ်ခဲ့ပေ။ မိဘတွေခမြာ သူတို့အတွက် စိတ်ပူမည်စိုးရယ် အပြစ်တင်မှာ စိုးတာရယ်ကြောင့် ထိန်ချန်ခဲ့ခြင်းပင်။

နှစ်ရက်လောက်ပင် ဆေးကုခဲ့မှ နေကောင်းလာခဲ့ရတော့သည်။ ထိုအချိန်မှစပြီး ထိုညောင်ပင်အောက်ကို သူတို့တွေလည်း ယောင်လို့တောင် မသွားတော့။ ထွန်းမောင်၏ အတွေးကတော့ အကယ်၍များ မြင့်အောင်နှင့် လှပိုတို့ လိုက် မလာခဲ့ရင် သူ့ခမြာ ဘာဖြစ်သွားမလည်း ဆိုတာကို တွေးမိနေရင်း ပို၍ပင် ထိတ်လန့်ခဲ့ရတော့သည်။

*********
..ပြီးပါပြီ..

စာရေးသူ လင်းစက်ရာအားလေးစားလျက်