ဘုရားပျံ ရသေ့ကြီး

ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး၊ ဒီအတိုင်း ဘုရားပျံဂိုဏ်းဆိုတဲ့ နာမည်ကိုပဲသိကြတာ”

“သူတို့က ဘာဖြစ်လို့လှို့လှို့ဝှက်ဝှက်လုပ်နေရတာလဲဗျာ၊ မကောင်းတာတွေ လုပ်နေလို့များလား”

“ဒီလိုတော့မဟုတ်ဘူးကွ၊ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ဘုရားပျံဂိုဏ်းရဲ့ရပ်တည်ချက်ပဲကွ၊ အထက်လမ်းဂိုဏ်းတွေက များသောအားဖြင့်တော့ ဂိုဏ်းထောင်မယ်၊ ကျင့်စဉ်ပညာရပ်တစ်ခုကို လိုက်စားကြမယ်၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးမယ်ဆိုတာလောက်ပဲကွ၊ ဂိုဏ်းကိုမထိသရွေ့ကတော့ ရန်မရှာဘူးပေါ့ကွာ၊ ဒီလိုဂိုဏ်းတွေကို တို့အထက်လမ်းပညာမှာ ခုခံရေးဂိုဏ်း၊ ကာကွယ်ရေးဂိုဏ်းလို့ခေါ်သကွ”

“ဒါပေမယ့် ဘုရားပျံဂိုဏ်းကတော့ အထက်လမ်းလောကရဲ့ တစ်ခုတည်းသော တိုက်ခိုက်ရေးဂိုဏ်းကွ၊ ဂိုဏ်းရဲ့ဆောင်ပုဒ်ကလည်း မကောင်းသူပယ်မတဲ့ကွာ၊ ဒါကြောင့် ဂိုဏ်းကိုထိထိမထိထိ၊ စုန်း၊ ကဝေ၊ အောက်လမ်းဆိုတဲ့လူတွေကို လိုက်လံပြီးတော့ ဖယ်ရှားရှင်းလင်းနေတဲ့ဂိုဏ်းတစ်ခုပဲ၊ ဒါကြောင့်လည်း ဘုရားပျံတွေက လှို့လှို့ဝှက်ဝှက်နေကြရတာ၊ ငါကြားဖူးတာကတော့ ဘုရားပျံဂိုဏ်းသားဆိုရင် အောက်လမ်းတွေ၊ စုန်း၊ ကဝေတွေက အသေရရအရှင်ရရ အမဲဖျက်မယ်ဆိုပြီး လိုက်ရှာဖွေနေကြတယ်ဆိုပဲကွ”

ကျုပ်လည်း ဒီတော့မှ ခေါင်းညိတ်မိတယ်ဗျ၊ ဘိုးတော်ပြူးပြောတဲ့အတိုင်းဆိုရင် ထူးတာတော့အမှန်ပဲ။ ကျုပ်စဉ်းစားနေတုန်း ဘိုးတော်ပြူးက ဆက်ပြောတယ်။

“ဘုရားပျံဂိုဏ်းသားတစ်ယောက်က စုန်းတစ်ထောင်နဲ့ညီတယ်လို့တော့ ပြောကြသကွ၊ သူတို့ပညာရပ်ကလည်း သိပ်စွမ်းတယ်ဆိုသကွာ”

“နေစမ်းပါအုံး ဘိုးတော်ပြူးရ၊ သူတို့က ဘာဖြစ်လို့ အားအားနေရင်း စုန်းတွေ၊ ကဝေတွေ၊ အောက်လမ်းတွေကို လိုက်နှိမ်နင်းနေရတာလဲ”

“ဒါကလည်း သူတို့ရဲ့ခံယူချက်ပေါ့ကွာ၊ သူတို့ခံယူချက်အရ မကောင်းမှုလုပ်တဲ့လူတွေ ဒီမြေမှာမရှိစေရဘူးဆိုပြီးတော့ နှိမ်နင်းခဲ့တာကွ၊ သူတို့ကြောင့်လည်း အခုပြည်မြို့ကြီးက သန့်ရှင်းသွားခဲ့တာပဲ”

“ဘယ်လိုဖြစ်ခဲ့လို့လဲဗျ”

“ပြောရမယ်ဆိုရင်တော့ ဟောဒီပြည်မြို့က အရင်ကိုလိုနီခေတ်တွေကဆို အောက်လမ်းတွေရော၊ အထက်လမ်းတွေရော ဂိုဏ်းပေါင်းစုံနဲ့ ခြေချင်းလိမ်နေတဲ့မြို့ပဲကွ၊ စုန်း၊ ကဝေကြီးတွေကလည်း ပေါ်ပေါ်တင်တင်ပဲ စုန်းသိုက်၊ ကဝေသိုက်တွေ ထောင်ကြတယ်၊ အောက်လမ်းဆရာကြီးတွေဆိုရင်လည်း အိမ်ရှေ့မှာ ဆိုင်းဘုတ်တင်ပြီးတော့တောင်မှ အောက်လမ်းဂိုဏ်းတွေထောင်ကြတာကွ၊ ဘုရားပျံတွေ ပြည်မြို့ကိုရောက်တယ်လို့ သတင်းကြားပြီးတော့မှ ဒီမြို့က အောက်လမ်းဂိုဏ်းတွေအကုန်ပြုတ်၊ စုန်းသိုက်၊ ကဝေသိုက်တွေ အကုန်ပြောင်ကုန်ကြသတဲ့၊ အခုဆိုရင် ဘယ်သူကမှ ကျွန်တော်စုန်းပါဆိုပြီး ပေါ်ပေါ်ထင်ထင်မနေရဲတော့ဘူး၊ အောက်လမ်းဆရာတွေလည်း ပေါ်ပေါ်ထင်ထင် ဂိုဏ်းတွေမထောင်ရဲတော့ဘူးကွ၊ အဲဒါ ဘုရားပျံတွေကိုကြောက်လို့ပေါ့ကွာ”

“အင်းဗျာ၊ ဒီလိုဆိုတော့လည်း တစ်ခုတော့ကောင်းသွားတယ်မဟုတ်လား”

“ဒါပေါ့ကွ၊ ဘုရားပျံတွေက ပညာလည်းစွမ်းသလို သိပ်ရက်စက်ကြမ်းကြုတ်တယ်ဆိုပဲ၊ သူတို့ကတော့ ပြတ်သားတယ်လို့ပြောတာပဲကွ၊ စုန်းကဝေဆိုလို့ကတော့ မွေးကင်းစကလေးကိုတောင် ချမ်းသာမပေးတတ်ဘူးတဲ့ကွာ၊ စုန်းသိုက်ရှေ့ကို ဘုရားပျံတစ်ယောက် ရောက်လာပြီဆိုရင်တော့ အဲဒီစုန်းသိုက်တစ်သိုက်လုံး ဇီဝိန်ချုပ်ရတော့တာပဲတဲ့ဟေ့”

“ဒါကြောင့်လည်း သူတို့က မထင်မရှားနဲ့နေတာကိုး၊ စုန်းတွေ၊ ကဝေတွေကလည်း ဘုရားပျံတွေကို ဘယ်ကျေနပ်မှာလဲနော်”

“ဒါထက် တစ်ခုထူးဆန်းတာရှိသေးတယ်ကွ၊ ဘုရားပျံတွေရဲ့ ဆောင်ပုဒ်က မကောင်းသူပယ်ဆိုတာပဲ၊ ကောင်းသူကယ်ဆိုတဲ့အလုပ်ကို သူတို့မလုပ်ဘူး၊ ဆိုလိုချင်တာကကွာ ဘုရားပျံတွေက စုန်းတွေနဲ့လိုက်ပြီးတိုက်ခိုက်နေတယ်ဆိုပေမယ့် စုန်းပြုစားထားတဲ့လူတွေဘာတွေကို ဆေးမကုဘူး၊ မကယ်ဘူးလို့ပြောကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မကောင်းသူပယ်ရုံပဲမို့လို့တဲ့လေ”

“ဒါကျတော့ အစွန်းရောက်လွန်းရာကျသွားပြီဗျ”

“အေး၊ ဒါကြောင့် မင်းကိုဘုရားပျံရသေ့ကြီးက ကယ်ခဲ့တယ်ဆိုတာကို ငါအံ့သြနေတာပေါ့ကွာ၊ တကယ်သာဆိုရင်တော့ မင်းက ဘုရားပျံတွေကယ်ခဲ့တဲ့ ပထမဆုံးလူတစ်ယောက်ဖြစ်မှာပဲဟေ့၊ ဒါပေမယ့် လှို့လှို့ဝှက်ဝှက်နေကွ၊ မင်းသာဘုရားပျံနဲ့တွေ့ဖူးတယ်လို့ သတင်းပေါက်ကြားသွားလို့ကတော့ စုန်းတွေ၊ ကဝေတွေ မင်းအနောက်ကိုလိုက်လာကြလိမ့်မယ်ကွ”

ကျုပ်နေကောင်းသွားပြီဆိုတော့ ဘိုးတော်ပြူးတို့က ဆရာတော်ကိုဦးချပြီး ပြန်သွားကြတော့တယ်၊ ကျုပ်လည်း ဘုရားပျံရသေ့ကြီးပြောခဲ့တဲ့ တစ်နေ့ပြန်တွေ့မယ်ဆိုတဲ့စကားကို မပြောပြတော့ပါဘူးဗျာ၊ ဘိုးတော်ပြူးပြောတဲ့အတိုင်းဆိုရင် ဘုရားပျံနဲ့တွေ့ရတာကိုက အန္တရာယ်ရှိနေတယ်မဟုတ်လားဗျာ။

(၂)

“ဒကာကြီးနေကောင်းသွားပြီဆိုတော့ ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်လို့ စိတ်ကူးထားသလဲ”

ဆရာတော်က ကျုပ်ကိုမေးတယ်ဗျ၊ ကျုပ်လည်းလက်အုပ်ချီပြီး

“တင်ပါ့ဘုရား၊ တပည့်တော် ပြည်တော်ဝင်အဓိဌာန်ကို ဆက်ကျင့်ပါမယ်ဘုရား၊ အရှင်ဘုရားဆီမှာ ရက်ပိုင်းလောက်နေပြီးတော့ ရွှေဆံတော်ဘုရားမှာဆက်ကျင့်ပါမယ်၊ ဒါပြီးရင်တော့ မြင်ဗာဟုဘုရားကိုသွားရမှာမို့ တပည့်တော် ဒီကနေထွက်သွားပါ့မယ်”

ဆရာတော်က ခေါင်းညိတ်ရင်း

“အင်းလေ၊ ဒကာကြီးလျှောက်လှမ်းမယ့်လှမ်းမှာ နောက်ထပ်ဘေးအန္တရာယ်တွေ မတွေ့တော့ဘဲ ထူးခြားတဲ့ကျင့်စဉ်တွေကို အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံနိုင်ပါစေလို့ ဦးဇင်းဆုတောင်းပေးလိုက်ပါတယ်”

“တင်ပါ့ုဘုရား၊ တပည့်တော်လည်း အရှင်ဘုရားကျေးဇူးကို တစ်သက်မမေ့ပါဘူးဘုရား”

“ဦးဇင်းကတော့ ဒကာကြီးနေပြန်ကောင်းသွားတာကိုကြည့်ပြီး ပီတိဖြစ်မိပါတယ်”

“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်ကို အရှင်ဘုရားကပဲ ကယ်တင်ခဲ့တာပဲ၊ ဘုရားပျံရသေ့ကြီးက ဘယ်လိုပဲ ကုသပေးတယ်ဆိုအုံးတော့၊ အရှင်ဘုရားသာ တပည့်တော်ကို ကျောင်းကိုခေါ်မလာခဲ့ရင် တပည့်တော်က ဘုရားခြေရင်းမှာတင် အသက်ဆုံးနေလောက်ပါပြီဘုရား”

နေ့လည်ရောက်တော့ ကျုပ်ဘုရားပေါ်ကိုတက်သွားဖြစ်တယ်၊ ဘုရားကိုကျကျနနရှိခိုးပြီးတော့ ညောင်ပင်ကြီးအနားမှာထိုင်ရင်း ပုတီးစိပ်နေမိပါတော့တယ်ဗျာ၊ ပုတီးစိပ်ရင်း ဘယ်လိုဖြစ်တယ်တော့မသိဘူး၊ ဦးဖိုးထူးကို တော်တော်လေးသတိရလာတယ်ဗျ၊ ဦးဖိုးထူးအကြောင်းတွေ ခေါင်းထဲကိုပြန်ပေါ်လာခဲ့တယ်၊ ဒါနဲ့ ကျုပ်လည်းနောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့တယ်။

“ဦးဖိုးထူးက င့ါအပေါ်ကျေးဇူးရှိခဲ့ဖူးတယ်၊ ဒီတော့ ကျေးဇူးပြန်ဆပ်ရမယ်၊ ဦးဖိုးထူးအသိတရားရပြီး အမြင်မှန်အောင်လို့ နောက်ဆုံးတစ်ခေါက်အနေနဲ့ သွားပြောကြည့်ရမယ်၊ ဒီတစ်ခါပြောလို့မရတော့ဘူးဆိုရင်တော့ ဦးဖိုးထူးကိုငါ ဥပေက္ခာပြုလိုက်တော့မယ်”

အဓိဌာန်ပြီးသွားတာနဲ့ ကျုပ်လည်း ဘုရားပေါ်ကနေဆင်းပြီး ဦးဖိုးထူးတို့ဂိုဏ်းဘက်ကိုခြေဦးလှည့်ခဲ့ပါတော့တယ်။

လူတရုံးရုံးနဲ့ရှိနေတတ်တဲ့ ဦးဖိုးထူးတို့ဂိုဏ်းက အခုတော့တိတ်ဆိတ်နေသဗျ၊ နဂါးနိုင်ဆရာကြီး ဦးဖိုးထူးဆိုတဲ့ ဆိုင်းဘုတ်ကြီးကတော့ အကြီးကြီးတပ်ထားလို့ဗျာ၊ ခြံအဝင်ဝနားမှာလည်း ဦးဖိုးထူးက နဂါးကြီးကို ခြေထောက်နဲ့တက်နင်းထားတဲ့ ပန်းချီပုံကြီးကိုလည်း ချိတ်ထားသေးတယ်၊ ခြံဝရောက်တော့ ထူးထူးဆန်းဆန်း ခြံတံခါးကပိတ်ထားသဗျာ။ ကျုပ်လည်း ခြံရှေ့ရပ်လိုက်ပြီး

“ဦးဖိုးထူး၊ ဗျို့၊ ဘယ်သူမှမရှိဘူးလား”

ကျုပ်အော်ခေါ်ပေမယ့် အထဲကဘာအသံမှမကြားရဘူးဗျ၊ ဦးဖိုးထူးက လက်ဖွာတဲ့သူပီပီ ပုံမှန်ဆိုရင်တော့ ဂိုဏ်းထဲမှာ ဂိုဏ်းသား ငါးဆယ်လောက်ကတော့ အမြဲရှိနေတတ်တယ်မဟုတ်လား၊ အခုလိုတိတ်ဆိတ်နေတာ တစ်ခုခုတော့ထူးခြားပြီလို့ တွေးလိုက်ပြီး ခြံတံခါးကိုအသာတွန်းကြည့်လိုက်တယ်ဗျ၊ ခြံတံခါးက စေ့ရုံကလေးစေ့ထားတာဆိုတော့ အသာလေးပွင့်သွားသဗျာ၊ ဒါနဲ့ကျုပ်လည်း အထဲကိုဝင်ခဲ့တော့တာပေါ့။

လှေကားအတက် ဖိနပ်ချွတ်မှာတော့ ဖိနပ်တွေအများကြီးချွတ်ထားတာတွေ့သဗျ၊ ဒါဆိုရင် ကြိမ်းသေပေါက် ဦးဖိုးထူးလူတွေရှိရမယ်လို့မှန်းပြီး အိမ်ပေါ်ကိုတက်ခဲ့တော့ အိမ်ထဲကနေ လူတစ်ယောက်က သုတ်သီးသုတ်ပြာနဲ့ပြေးထွက်လာသဗျာ။ ကျုပ်လည်း သူ့ကိုမေးကြည့်မယ်လို့လုပ်တုန်း အဲဒီလူရဲ့ပါးစပ်ကနေ သွေးတွေဖွီးခနဲ ပန်းထွက်လာပြီးတော့ အဲဒီလူလည်း ဖိနပ်ချွတ်နေရာပေါ် လဲကျသွားပါရော၊ ကျုပ်ဒီလူကိုပြေးပွေ့လိုက်တော့ လူက သတိမလည်တော့ဘူးဗျ၊ သွေးတွေအန်ထားလို့ သူဝတ်ထားတဲ့အင်္ကျီအဖြူက အနီရောင်ရဲရဲနီနေသဗျာ။

“ဟေ့လူ၊ ဟေ့လူ . . . သတိထားပါအုံးဗျာ”

ကျုပ်ခေါ်နေပေမယ့် ဒီလူကဘာမှမသိတော့ပါဘူးဗျာ၊ ဒီလူကိုကြည့်ရင်း ကျုပ်စိတ်ထဲ ထိတ်ခနဲဖြစ်သွားသဗျ။

“ဟာ၊ ဦးဖိုးထူး၊ ဦးဖိုးထူးတော့ တစ်ခုခုဖြစ်ပြီထင်ပါရဲ့”

ဒါနဲ့ ဒီလူကိုအသာချပြီးတော့ အိမ်ထဲကိုဆက်ဝင်လာခဲ့တယ်၊ အိမ်ထဲရောက်တော့မှ ကျုပ်တော်တော်ထိတ်လန့်သွားသဗျာ၊ အိမ်အောက်ထပ်ကြမ်းပြင်မှာ လူတွေလဲကျနေတာ မြင်မကောင်းဘူးဗျ၊ သွေးတွေဆိုရင်လည်း အိုင်ထွန်းနေတာ မနည်းဘူးဗျာ၊ လူတွေက ပက်လက်တွေရော၊ မှောက်ခုံတွေရော၊ ဘေးစောင်းတွေရော ပို့လို့ပက်လက် လန်နေကြတယ်၊ အောက်ထပ်တင် လူသုံးဆယ်လောက်ရှိမဗျ၊ ကျုပ်လည်း လှေကားပေါ်ကိုပြေးတက်လာခဲ့တယ်၊ လှေကားခွင်ရောက်တော့ ကောင်လေးတစ်ယောက်က နံရံကိုမှီပြီးတော့ ငုတ်တုတ်ထိုင်နေသဗျာ၊ ဒီကောင်လေးကိုကျုပ်သိပါတယ်၊ ဒီကောင်လေးက ဦးဖိုးထူးကိုမြှောက်စားနေတတ်တဲ့ကောင်လေးပါ။

“ဟေ့၊ ဟေ့၊ ဘာဖြစ်တာလဲ”

ကျုပ်ဒီကောင်လေးပုခုံးကိုပုတ်လိုက်တယ်ဆိုရင်ပဲ ဒီကောင်လေးပါးစပ်ကနေ သွေးတွေရော၊ သလိပ်တွေရော ထွေးအန်ပြီးတော့ မျက်ဖြူဆိုက်ပြီး ဇက်ကျိုးကျသွားတာပါပဲ၊ ဒါနဲ့ ကျုပ်အိမ်ပေါ်ကိုပြေးတက်လိုက်တယ်၊ အိမ်ပေါ်ထပ် ဦးဖိုးထူးထိုင်လေ့ရှိတဲ့အခန်းကျယ်ကြီးမှာလည်း သူ့တပည့်တွေက ပြည့်နှက်လို့ဗျ၊ အားလုံးကလည်း ကြမ်းပြင်ပေါ်လဲကျပြီးတော့ တစ်ချို့ဆိုရင် ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေကြသေးသဗျာ။ ဦးဖိုးထူးကတော့ သူထိုင်တဲ့ပလ္လင်လိုလိုခုံကြီးပေါ်မှာထိုင်နေသဗျ၊ ဦးဖိုးထူးအရှေ့မှာတော့ ရသေ့ကြီးက မတ်တပ်ရပ်နေသဗျာ။

“ဟာ၊ ဘုရားပျံရသေ့ကြီး”

ကျုပ်လည်း အော်ပြီးတော့ပြေးသွားလိုက်တယ်၊ ရသေ့ကြီးက ဦးဖိုးထူးအရှေ့မှာရပ်နေရင်း

“ဟေ့ကောင်၊ မင်းရဲ့လုပ်ရပ်တွေအတွက် မင်းတောင်းပန်ရမယ်”

ဦးဖိုးထူးကတော့ ခပ်ချေချေပဲဗျ။

“အို၊ ငါကဘာလို့မင်းကိုတောင်းပန်ရမှာလဲ ရသေ့စုတ်ရဲ့”

“မင်းဒီမှာလာပြီးတော့ အောက်လမ်းဂိုဏ်းထောင်လို့မရဘူးကွ”

ဦးဖိုးထူူးက ဘာမှမပြောဘဲ ရသေ့ကြီးကိုစိုက်ကြည့်နေသဗျာ၊ ကျုပ်လည်း ဦးဖိုးထူးအရှေ့မှာ မတ်တပ်ရပ်လိုက်ရင်း

“ရသေ့ကြီးရာ ဦးဖိုးထူးကိုတော့ ချမ်းသာပေးပါဗျာ”

ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း

“အောင်ရှိန်၊ မင်းငါ့ရှေ့မှာလာမရပ်နဲ့၊ ငါ့ကိုမင်းဘယ်လောက်တားတား ငါရပ်တန့်မှာမဟုတ်ဘူးကွ၊ ဒီကောင်က အောက်လမ်းကောင်၊ အောက်လမ်းဝိဇ္ဇာတွေနဲ့ ပေါင်းပြီး အောက်လမ်းအစွမ်းတွေနဲ့ ဂိုဏ်းထောင်ထားတဲ့ကောင်ကွ”

“တစ်ခုခုအထင်လွဲနေတာထင်ပါတယ် ရသေ့ကြီးရာ၊ ဦးဖိုးထူးက မရွှေတောင်နဲ့ပူးပေါင်းတာတော့မှန်ပါတယ်ဗျ၊ လူတွေကိုတော့ သူ့ပညာနဲ့ကုသပေးခဲ့တာ အများကြီးပဲမဟုတ်လား”

ရသေ့ကြီးက ဒေါသထွက်ထွက်နဲ့

“ဒီမယ်အောင်ရှိန်၊ လူ့ကိုယ်ကထွက်တဲ့ ညစ်ပတ်တဲ့ဆီးကို ဆေးအဖြစ်နဲ့ကုတယ်ဆိုတာ ကောင်းတဲ့ပညာလို့မင်းထင်နေသလားကွ၊ အဲဒါ အောက်လမ်းပညာတစ်မျိုးပဲ”

ကျုပ်တောင်တော်တော်အံ့သြသွားတယ်။ ဒါနဲ့ဦးဖိုးထူးဘက်ကိုလှည့်လိုက်ပြီး

“ဦးဖိုးထူး၊ ရသေ့ကြီးပြောတာ တကယ်လားဗျာ”

“ဟား၊ ဟား အောင်ရှိန်၊ ဒါမင်းလက်ချက်တွေမဟုတ်လား၊ မင်းအခုမှလာပြီးတော့ ဖြူစင်ချင်ယောင်မဆောင်နဲ့ကွ”

ဦးဖိုးထူးကတော့ ကျုပ်ကိုအထင်လွဲနေပါပြီဗျာ။

“ကျုပ်ဘာမှမသိဘူးဦးဖိုးထူး၊ ကျုပ်ဒီနေ့လည်က ပုတီးစိပ်ရင်း ဦးဖိုးထူးကိုစိတ်ထဲသတိရလာလို့ ဦးဖိုးထူးဆီကိုလာခဲ့တာ”

ဦးဖိုးထူးက ဟက်ဟက်ပက်ပက်ရယ်ပြီးတော့

“ရယ်ရတယ်ကွာ၊ အောင်ရှိန်၊ အောင်ရှိန်၊ မင်းက လူတွေရှေ့မှာကျတော့ သိပ်ပြီးတော့ သူတော်ကောင်းပုံစံဖမ်းတာပဲကွနော်၊ မင်းက နာမည်မကြီး၊ ငွေမရလို့ ငါ့ကိုမနာလိုဖြစ်နေတယ်ဆိုတာ ငါသိပါတယ်၊ အခုလည်း မင်းကဒီရသေ့ကြီးကို ငါ့ဆီကိုလွှတ်ပြီးတော့ ငါ့ဂိုဏ်းကိုဖြိုခွဲချင်တာမဟုတ်လား”

“ဦးဖိုးထူးရာ ခင်ဗျားဘာတွေလျှောက်ပြောနေတာလဲ”

ရသေ့ကြီးက

“ဖယ်စမ်းအောင်ရှိန်၊ ဒီအောက်လမ်းကောင်ကတော့ အဝိဇ္ဇာအမှောင်ဖုံးပြီး ဘာကိုမှမမြင်နိုင်တော့ဘူး၊ ငါသူ့ကိုရှင်းရမယ်ဟေ့၊ တခြားဂိုဏ်းသားတွေက ပမွှားလေးတွေပါ၊ ဒီကောင်က အောက်လမ်းဂိုဏ်းထောင်ထားတဲ့ ဂိုဏ်းချုပ်၊ ဒီကောင့်ကိုအလွတ်ပေးလို့မဖြစ်ဘူး”

“ကျုပ် ဦးဖိုးထူးကို ဖြောင်းဖျကြည့်ပါအုံးမယ် ရသေ့ကြီးရာ၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဗျ”

ကျုပ်လည်း ဦးဖိုးထူးဘက်ကိုလှည့်ပြီး

“ဦးဖိုးထူး၊ ခင်ဗျားအသိတရားရပါတော့ဗျာ၊ ခင်ဗျားမှာလည်း အထုံပါရမီတွေရှိသားပဲဗျ၊ အခုအသိတရားရပြီးတော့ မကောင်းတဲ့အတတ်ပညာတွေကို စွန့်လွှတ်လိုက်ပါတော့ဗျာ၊ ကျုပ်နဲ့အတူတူ ကျင့်စဉ်တွေပြန်ကျင့်လို့ ရပါသေးတယ်ဗျာ”

“ဘာလဲမောင်ရှိန်၊ မင်းကငါ့ကို မင်းတပည့်လုပ်ခိုင်းအုံးမလို့လားကွ”

“မဟုတ်ပါဘူး ဦးဖိုးထူးရာ၊ လူဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်ကို ကောင်းလားမကောင်းဘူးလားဆိုတာ ချင့်ချိန်ရတယ်ဗျ၊ ကိုယ်လျှောက်နေတဲ့လမ်း၊ ကိုယ်လုပ်နေတဲ့အရာက မကောင်းဘူးဆိုတာသိရင် ရပ်တန်းကနေရပ်လိုက်ရတယ်ဗျ၊ အခုဦးဖိုးထူးလည်း မီပါသေးတယ်ဗျာ၊ ဦးဖိုးထူးလုပ်နေတာတွေကို ရပ်တန်းကနေရပ်လိုက်ပြီးတော့ ပြန်လှည့်လို့ နောက်မကျသေးပါဘူးဗျာ”

“ဒီမှာမောင်ရှိန်၊ ငါပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်၊ အထက်ဝိဇ္ဇာတွေဆိုတာကို ငါမယုံတော့ဘူးကွ၊ ဒီအထက်ဝိဇ္ဇာဆိုတဲ့ကောင်တွေက အလကားလေကြီးလေကျယ်ပြောနေတဲ့ကောင်တွေ၊ ငါနှစ်ပေါင်းများစွာ ဂန္ဓာရီလှည့်လာပေမယ့် ငါ့ကိုအစွမ်းတစ်ခုတစ်လေတောင်မှ ပေးတာမှမဟုတ်ဘဲကွာ၊ အခုတော့ မရွှေတောင်နဲ့ငါနဲ့တွေ့တယ်၊ မရွှေတောင်က ငါ့ကိုအစွမ်းတွေပေးတယ်၊ ဒါကြောင့် ငါအရမ်းစွမ်းသွားပြီကွ၊ မင်းနဲ့ငါတောင်မတူတော့ဘူးမောင်ရှိန်၊ မင်းမှာဘာအစွမ်းရှိလို့လဲ၊ မင်းလိုဘာမဟုတ်တဲ့ကောင်ပြောတဲ့စကားကို ငါကနားထောင်နေရမှာလဲ”

ဦးဖိုးထူးက ရသေ့ကြီးကိုကြည့်ပြီး

“ကဲရသေ့စုတ်၊ ငါကမင်းလက်ခုပ်ထဲက ရေဖြစ်နေပြီပဲ၊ ဒီတော့မင်းအခု ငါ့ကိုသတ်ချင်ရင်သတ်လိုက်စမ်းပါ”

“ကဲအောင်ရှိန်၊ သူ့ဆန္ဒကိုမင်းသိနေပြီမဟုတ်လား၊ မင်းငါ့အရှေ့နေဖယ်လိုက်တော့”

ကျုပ်လည်း ဦးဖိုးထူးကိုနှမြောပေမယ့်လည်း ဘယ်တတ်နိုင်တော့မလဲဗျာ၊ ကျုပ်ဆုံးဖြတ်ထားတဲ့အတိုင်း နောက်ဆုံးအကြိမ်အဖြစ် ကျုပ်သူ့ကိုကယ်ခဲ့တာပဲ၊ ကယ်လို့ရတာ မရတာကတော့ သူ့ရဲ့ကံပေါ့ဗျာ၊ ဒါနဲ့ ဦးဖိုးထူးအရှေ့က ဘေးကိုဖယ်ပေးလိုက်တော့တယ်၊ ရသေ့ကြီးက ဦးဖိုးထူးကို လက်ညှိုးနဲ့ထိုးပြီး မျက်လုံးနဲ့လည်း စူးစူးစိုက်စိုက်ကြည့်နေတယ်ဗျ၊ ဦးဖိုးထူးက ထပြီးအော်တော့တာပဲဗျာ၊ တစ်ကိုယ်လုံးလည်း လူးလွန့်နေတာပါပဲ၊ ဦးဖိုးထူးဗိုက်ပူပူကြီးမှာ ဥသျှစ်သီးလိုမျိုး အဖုကြီးတွေထွက်လာပြီးတော့ အဖုကြီးတွေက ဗိုက်ထဲမှာလှည့်လည်နေတာကို အတိုင်းသားမြင်နေရတယ်ဗျ။

နောက်တော့ ဝေါ့ခနဲအန်ချလိုက်တာ ဆီးသီးလောက်ရှိတဲ့အနက်ရောင်အလုံးတွေ ထွက်ကျလာတာပါပဲ၊ ဦးဖိုးထူးက အတော်နာနာကျင်ကျင်နဲ့ ညည်းနေသဗျ၊

“မောင်ရှိန်၊ ငါ့ကိုကယ်ပါအုံးကွာ၊ ငါ့ကိုကယ်ပါအုံး”

ရသေ့ကြီးက လက်ကာပြပြီးတော့

“တွေ့လားအောင်ရှိန်၊ တစ်ချို့လူတွေက သနားကြင်နာမှုနဲ့မထိုက်တန်ဘူးကွ၊ ဒီလိုလူမျိုးတွေနဲ့တွေ့တဲ့အခါ မင်းပြတ်သားနိုင်မှရမယ်၊ ဒါကိုတစ်ချို့က ရက်စက်တယ်ဆိုပြီး ခေါင်းစဉ်တပ်ကြသကွ၊ တကယ်တော့ ရက်စက်တာနဲ့ ပြတ်သားတာနဲ့ကမတူဘူး”

ရသေ့ကြီးက ဦးဖိုးထူးကိုလက်ညှိုးတစ်ချက်ထပ်ထိုးလိုက်တော့ ဦးဖိုးထူးက အော်ဟစ်ရင်း သူ့လည်ပင်းအတိုင်း ခုနကအလုံးကြီးက အထက်ကိုဆန်တက်လာတာပါပဲဗျာ၊ ဒီတစ်ခါအန်လိုက်တော့ အနီရောင်အလုံးတွေထွက်လာသဗျ။ ဦးဖိုးထူးလည်း မျက်ဖြူကိုလန်ရောဗျို့။

“ရက်စက်တယ်ဆိုတာ ကိုယ်နဲ့မသိတဲ့လူ၊ မဆိုင်တဲ့လူမျိုးကို တမင်ညှင်းပန်းနှိပ်စက်တာမျိုးကွ၊ ဒါပေမယ့် မင်းရဲ့ရန်သူနဲ့တွေ့တဲ့အခါ မင်းပြတ်သားရမယ်၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မင်းရဲ့ဆုံးဖြတ်ချက်က ခိုင်မာရမယ်အောင်ရှိန်ရေ”

(၃)

ဒီအချိန်အခန်းထဲကနေ မိန်းမတစ်ယောက်ထွက်လာသဗျာ၊ အဲဒီမိန်းမက ဦးဖိုးထူးတစ်ခါတုန်းက ကုသပေးထားတဲ့ ဦးဘောဂရဲ့သမီးအကြီးဗျ၊ သူယူထားတဲ့ သူ့မိန်းမပေါ့ဗျာ၊ အဲဒီမိန်းမက ထွက်လာတာနဲ့ ကျုပ်တို့ဆီကို ရွှေရောင်တလက်လက်ဝင်းလက်နေတဲ့အရာနဲ့ လှမ်းပစ်သဗျာ၊ ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း

“အောင်ရှိန်၊ သတိထား”

အမှတ်တမဲ့ဆိုတော့ ကျုပ်လည်း အံ့အားသင့်ပြီးငေးကြည့်နေမိတာပေါ့ဗျာ၊ ရသေ့ကြီးက ကျုပ်အရှေ့ကိုလွှားခနဲခုန်ဝင်လာပြီးတော့ သူ့သင်္ကန်းစနဲ့ ကျုပ်အရှေ့ကိုကာပေးလိုက်တယ်၊ သင်္ကန်းစကိုပြန်သိမ်းလိုက်တဲ့အခါမှာတော့ သင်္ကန်းစမှာ ရွှေရောင်အပ်ကလေးတွေက စိုက်ဝင်နေသဗျ။ ရသေ့ကြီးရဲ့သင်္ကန်းမှာလည်း အင်းကွက်တွေဆွဲထားတာ မနည်းဘူးဗျာ၊ တွန့်လိမ်တွန့်လိမ်နဲ့ စာတွေလည်းအများကြီးပဲဗျ၊ ရသေ့ကြီးက ရွှေအပ်ကလေးတွေကိုကြည့်လိုက်ပြီးတော့

“မင်းရဲ့ရွှေအပ်ပျံလောက်နဲ့ ငါ့ကိုတိုက်လို့ရမယ် ထင်နေတာလားကွ”

ရသေ့ကြီးက သင်္ကန်းစကိုတစ်ချက်ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ သူ့သင်္ကန်းစမှာကပ်နေတဲ့ ရွှေအပ်ကလေးတွေက ပြုတ်ထွက်ပြီးတော့ ဦးဖိုးထူးမိန်းမဆီကို ပျံဝင်သွားပါရောဗျာ၊ ဦးဖိုးထူးမိန်းမက အဲဒီရွှေအပ်ကလေးတွေကို လက်ဝါးနဲ့ခံတယ်ဗျ၊ သူ့လက်ဝါးက လက်ချောင်းတွေကြားထဲမှာ ရွှေအပ်ကလေးတွေကို ညှပ်ထားလိုက်ပါရော။ နောက်တော့ ရသေ့ကြီးကိုကြည့်ပြီး တဟင်းဟင်းနဲ့ရယ်တယ်ဗျ။

“ကျုပ်လက်နက်နဲ့ ကျုပ်ကိုပြန်လုပ်လို့ရမယ်များ ထင်နေသလား ရသေ့ကြီး”

မိန်းကလေးက ပြောပြောဆိုဆိုနဲ့ သူ့လက်ဝါးကို လက်သီးဆုပ်လိုက်တယ်ဗျ၊ ပြီးတော့လက်သီးဆုပ်ကိုနည်းနည်းဖွလိုက်တဲ့အခါ လက်သီးဆုပ်ထဲကနေ အနက်ရောင်သဲမှုန်တွေက ကြမ်းပြင်ပေါ်ကို ကျလာသဗျာ၊ ခုနက လက်ထဲမှာလည်းဘာမှမရှိဘဲ အခုကျတော့ လက်သီးဆုပ်ထဲကနေ သဲတွေထွက်လာသဗျ၊ သစ်သားကြမ်းခင်းပေါ်ကို အနက်ရောင်သဲမှုန်တွေကျပြီးတော့ အဲဒီသဲတွေက ကျုပ်တို့ဆီကို တဖြောဖြောနဲ့ပြေးလာသဗျာ။

ဘုရားပျံရသေ့ကြီးက ကျုပ်ကိုအနောက်ဆုတ်ခိုင်းလိုက်ပြီး သူ့သင်္ကန်းစကြီးနဲ့ သဲတွေကိုယပ်တောင်နဲ့ခပ်သလို လှမ်းပြီးခတ်လိုက်တယ်ဆိုရင်ဘဲ ပြေးလာတဲ့သဲတွေအကုန်လုံးက အနောက်ကိုပြန်လွင့်သွားသဗျာ၊ ဟိုမိန်းမကလည်း မရပ်သေးပါဘူး၊ သူ့လက်ထဲက ဒီထက်များတဲ့သဲတွေကို ထုတ်ချတယ်ဗျ၊ သဲတွေက တခါပြန်ပြီးပြေးလာပြန်ပါရော၊ ကြမ်းပြင်ပေါ်မှာပြေးနေတဲ့သဲတွေက ရသေ့ကြီးခြေထောက်အနားမှာစုသွားတယ်ဗျ၊ နောက်တော့ ရသေ့ကြီးရဲ့ ခြေထောက်ကနေတစ်ဆင့် သဲမှုန်တွေက ကုပ်တက်သွားတယ်၊ ရသေ့ကြီးက လက်ဝါးတစ်ဖက်ကိုဖြန့်လိုက်တော့ အဲဒီသဲမှုန်တွေက ရသေ့ကြီးလက်ဝါးပေါ်မှာ အပုံကြီးလိုက်ဖြစ်သွားတော့တာပဲဗျာ။

သဲတွေအကုန်စုသွားတာနဲ့ ရသေ့ကြီးက သဲပုံကိုလေနဲ့မှုတ်ထုတ်လိုက်တယ်ဆိုရင်ပဲ သဲမှုန်ကလေးတွေက ပြာမှုန့်တွေလိုမျိုး အဖြူရောင်တွေဖြစ်သွားပြီးတော့ ဟိုမိန်းမဆီကိုလွင့်စင်သွားတော့တာပါပဲ၊ ဟိုမိန်းမက လက်ကိုဝှေ့ယမ်းပြီးတော့ ဒီပြာမှုန့်လိုအမှုန့်တွေကို အသာပြန်သိမ်းလိုက်တယ်။ နောက်တော့ ရသေ့ကြီးကိုကြည့်လိုက်ရင်း

“ရှင်လည်း ကျုပ်ကိုမနိုင်သလို၊ ကျုပ်ကလည်း ရှင့်ကိုမနိုင်ပါဘူး ရသေ့ကြီး”

“မင်းအဆင့် မင်းသိရင်ပြီးတာပဲမရွှေတောင်”

ကျုပ်ဖြင့်မျက်လုံးပြူးသွားတယ်။

“ခင်ဗျား၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ မရွှေတောင်ဖြစ်သွားတာလဲ”

ကျုပ်တအံ့တသြနဲ့မေးတော့ ဦးဖိုးထူးမိန်းမကောင်မလေးက တခစ်ခစ်နဲ့ရယ်တယ်ဗျ၊ ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း

“ဒီမိန်းကလေးမှာ သူ့ရဲ့ပင်ကိုယ်အသက်မရှိတော့ဘူး၊ သူ့အသက်နေရာမှာ မရွှေတောင်ရဲ့နာမ်တစ်ခုက ကိန်းနေပြီကွ”

“ဟာ၊ ဒါဆို ဦးဖိုးထူးက သူ့ကိုကုပေးခဲ့တာက . . . .”

ဒီအခါ မရွှေတောင်က

“ဟုတ်ပါတယ်ရှင်၊ ဒီမိန်းကလေးရဲ့အသက်ကိုနှုတ်ယူပြီး ကျုပ်ကဝင်နေတာပါ မောင်ကြီးရဲ့”

“ကျုပ်ထင်တော့ထင်ပါတယ်ဗျာ၊ ဒီမိန်းကလေးကို ဆရာတွေလက်လျှော့ထားတာကြာပြီ ဦးဖိုးထူးကုမှပျောက်တယ်ဆိုကတည်းက တစ်ခုခုထူးခြားနေပါတယ်လို့ ထင်သားပဲ”

မရွှေတောင်က ရသေ့ကြီးကိုမျက်စောင်းထိုးလိုက်ပြီးတော့

“ကဲ ရသေ့ကြီး၊ ကျုပ်တစ်ခုပဲတောင်းဆိုချင်တယ်၊ ဒီ ဖိုးထူးဆိုတဲ့ ကျုပ်တပည့်ကိုအခုချက်ချင်းလွှတ်လိုက်ပါ”

“ဒီလိုအောက်လမ်းကောင်ကို ငါကအလွတ်ပေးမယ်လို့ နင်ထင်နေသလား”

ရသေ့ကြီးက ဦးဖိုးထူးကိုလက်ညှိုးပြန်ထိုးလိုက်တော့ ဦးဖိုးထူးက အော်ပြန်ရောဗျာ။

“ကောင်းပြီ၊ ရှင်တို့သူ့ကိုသတ်ရင် လူတစ်ယောက်ပြန်ပြီးသေရမယ်”

ရသေ့ကြီးက မရွှေတောင်ကိုတောင်မကြည့်ဘဲနဲ့

“ဘယ်သူပဲသေသေ ငါဂရုမစိုက်ဘူး”

ကျုပ်ကတော့ စိတ်ဝင်စားသွားတယ်။

“ခင်ဗျားပြောတာဘယ်သူလဲ”

“တောရကျောင်းဆရာတော် ဦးနာရဒ”

ကျုပ်ခေါင်းတွေပူထူသွားတယ်ဗျာ။

“မဖြစ်နိုင်ဘူး၊ ဆရာတော်ကိုခင်ဗျားက ဘယ်လိုလုပ်ပြီး သတ်လို့ရမှာလဲ”

“ဟား၊ ဟား ညကမောင်စံဆီကို ငါ့တပည့်လွတ်လိုက်ကတည်းက အဲဒီဘုန်းကြီးရဲ့ ဝမ်းဗိုက်ထဲကို စက်လက်နက်တွေထည့်ထားပြီးသား၊ ကျုပ်က ပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်တတ်တယ်မောင်ကြီး၊ ဖိုးထူးသေရင် ဆရာတော်လည်းသေရမယ်”

ကျုပ်စိတ်တွေထွေပြားသွားတယ်၊ ဘာပဲပြောပြော ဆရာတော်က ကျုပ်ရဲ့အသက်သခင်ကျေးဇူးရှင်မဟုတ်လား။ ရသေ့ကြီးက

“မင်းစိတ်တွေ မထွေပြားနဲ့အောင်ရှိန်၊ မကောင်းတဲ့အောက်လမ်းသမားတွေနဲ့ ဘယ်တော့မှ အပေးအယူမလုပ်နဲ့”

“ဒီလိုတော့ မလုပ်ပါနဲ့ရသေ့ကြီးရာ ဆရာတော်က ကျုပ်ရဲ့အသက်သခင် ကျေးဇူးရှင်ဗျ”

ရသေ့ကြီးက ကျုပ်ကိုလှည့်ကြည့်ပြီးတော့

“ဟ၊ မင်းကိုငါဆေးကုပေးထားတာလေကွာ”

“ရသေ့ကြီးဆေးကုပေးတာမှန်ပါတယ်၊ ဒါပေမယ့် ဆရာတော်သာ ကျုပ်ကိုမကယ်တင်ခဲ့ဘူးဆိုရင် ရသေ့ကြီးနဲ့တွေ့မှာတောင်မဟုတ်ဘူး၊ ဆရာတော်က ကျုပ်ကိုသူ့ကျောင်းခေါ်သွားပြီးတော့ ဗိန္ဓေဆရာတွေနဲ့ကုသပေး၊ ဘိုးတော်တွေခေါ်ပြီးတော့ ကုသပေးခဲ့တယ်မဟုတ်လား၊ ဒါကြောင့် ကျုပ်အပေါ်မှာ ကျေးဇူးအများကြီးရှိပါတယ်ဗျာ”

ရသေ့ကြီးတွေဝေသွားတယ်။

“ကျေးဇူးပြုပြီး ဦးဖိုးထူးကိုလွှတ်လိုက်ပါဗျာ၊ ကျုပ်ကြောင့် ဆရာတော်သေရတာမျိုး ကျုပ်အဖြစ်မခံနိုင်ဘူး”

ရသေ့ကြီးက ဟိုမိန်းကလေးကိုကြည့်ပြီးတော့

“ကောင်းပြီ၊ ဖိုးထူးကိုလွတ်ပေးမယ်၊ ဒါပေမယ့် နင်ကအရင် ဆရာတော်ကိုလွှတ်ပေးရမယ်”

မိန်းကလေးက သူ့လက်ဝါးကိုဖြန့်လိုက်တဲ့အခါ လက်ဝါးထဲမှာ ဆီးသီးလုံးလောက်ရှိတဲ့ ဆေးလုံးကလေးတစ်လုံးပေါ်လာတယ်ဗျာ။

“အဲဒီဆေးလုံးကို အဲဒီဘုန်းကြီးကိုတိုက်လိုက်ရင် အဲဒီဘုန်းကြီးပြန်ကောင်းသွားလိမ့်မယ်”

ပြောပြောဆိုဆိုနဲ့ ကျုပ်ဆီကိုဆေးလုံးလှမ်းပစ်ပေးပါရောဗျာ၊ ကျုပ်လည်း ဆေးလုံးကိုဖမ်းဖို့လုပ်တာပေါ့၊ ဒီအခါရသေ့ကြီးက

“အောင်ရှိန်၊ သတိထား”

အဲဒီလိုပြောပြီးတော့ ဆေးလုံးကို သူကလှမ်းဖမ်းလိုက်တယ်ဗျ၊ ဆေးလုံးက ရသေ့ကြီးလက်နဲ့ထိမိတာနဲ့ ဝုန်းခနဲပေါက်ကွဲသွားပါရော၊ ပေါက်ကွဲအားပြင်းလို့ ကျုပ်ရော ရသေ့ကြီးရော အနောက်ကိုလွင့်ထွက်သွားကြတယ်၊ အိမ်ထဲမှာလည်း မီးခိုးငွေ့တွေမွန်ထူပြီးကျန်နေခဲ့တယ်ဗျ၊ ကျုပ်တို့ထကြည့်လိုက်တော့ ဦးဖိုးထူးလည်းမရှိတော့သလို၊ ဟိုမိန်းကလေးလည်းမရှိတော့ဘူး။

“ဟင်၊ သူတို့ဘယ်ရောက်သွားတာလဲ”

ရသေ့ကြီးက တောင်ဝှေးအားပြုပြီးတော့ ကုန်းထရင်း

“သွားပြီ၊ ပြေးပြီပေါ့ကွာ”

“ဒါနဲ့ ဒီလူတွေကိုဘယ်လိုလုပ်ကြမလဲဗျာ”

ကျုပ်လည်း လဲကျနေတဲ့လူတွေကို လက်ညှိုးညွန်ပြလိုက်တယ်၊ ရသေ့ကြီးက

“ပူမနေပါနဲ့ကွာ၊ ဒီလူတွေကို ငါမသတ်ပါဘူး၊ သူတို့ကိုယ်ထဲကိန်းအောင်းနေတဲ့ အောက်လမ်းအတတ်ပညာတွေကိုဖျက်ဆီးလိုက်တာပါ၊ နောက်တစ်နာရီ နှစ်နာရီလောက်ဆိုရင် သူတို့သတိရလာပြီးတော့ အားလုံးကောင်းသွားပါလိမ့်မယ်”

ရသေ့ကြီးက အိမ်ပေါ်ကနေဆင်းဖို့ပြင်နေတယ်ဗျ။

“ဒါနဲ့ ဘယ်ကိုသွားမလို့လဲရသေ့ကြီး”

“မင်းရဲ့ဆရာတော် ဘယ်လိုအခြေအနေရှိသလဲဆိုတာ သွားကြည့်မလို့ဟေ့”

ကျုပ်လည်း ရသေ့ကြီးအနောက်က လိုက်ဆင်းရင်း

“တကယ်ဖြစ်ချင်မှလည်းဖြစ်မှာဗျ၊ ကျုပ်ကိုတမင်ခြောက်လှန့်ချင်လို့ မရွှေတောင်က ခြိမ်းခြောက်ပြောတာများလားပဲ”

“အေး၊ မင်းပြောသလိုပဲဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်”

ကျုပ်နဲ့ရသေ့ကြီးလည်း တောရကျောင်းကလေးဆီကို အပြေးတစ်ပိုင်းနဲ့လာခဲ့ကြတာပေါ့ဗျာ၊ တောရကျောင်းကလေးထဲကိုလှမ်းဝင်ပြီးတော့ ကျောင်းပေါ်ကိုပြေးတက်လိုက်တယ်ဗျ၊ ဆရာတော်က ကျွန်းကုတင်ကြီးတစ်ခုပေါ်မှာ လှဲလျောင်းနေပြီးတော့ အနားမှာမောင်စံက ထိုင်လို့ဗျ။ ကျုပ်လည်းသိချင်တာနဲ့

“မောင်စံ၊ ဆရာတော်၊ ဆရာတော်ရော”

မောင်စံက ကျုပ်တို့ဖက်ကိုလှည့်ပြီးတော့ ငိုမဲ့မဲ့မျက်နှာနဲ့

“ဆရာတော် ပျံလွန်တော်မူသွားပြီဗျ”

ကျုပ်ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို ခံစားလိုက်ရပြီးတော့ ကျုပ်လည်း ဖင်ထိုင်လျက်သားလဲကျသွားတယ်၊ ရသေ့ကြီးကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး

“အဲဒါပဲ အောင်ရှိန်ရ၊ အောက်လမ်းသမားတွေနဲ့ ဘယ်တော့မှအပေးအယူမလုပ်နဲ့လို့ ငါပြောခဲ့တယ်မဟုတ်လား”

ရသေ့ကြီးက ပြောဆိုပြီးတော့ လှည့်ထွက်သွားတယ်၊ ကျုုပ်လည်း ရသေ့ကြီးဘက်ကိုလှည့်လိုက်ပြီး

“ရသေ့ကြီး၊ ဘယ်သွားမလို့လဲ”

“လွှတ်သွားတဲ့ ဟိုနှစ်ကောင်ကို ရေဆုံးမြေဆုံး လိုက်ရှာရမှာပေါ့ကွာ”

ရသေ့ကြီးက ပြောပြီးတော့ ကျောင်းပေါ်ကဆင်းသွားပါရောဗျာ၊ ကျုပ်လည်း ဆရာတော်အနားကိုကပ်လိုက်ပြီး ငြိမ်သက်နေတဲ့ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပွေ့ဖက်လိုက်တော့တယ်။

“ဆရာတော် အခုလိုဖြစ်ရတာကျုပ်ကြောင့်ပါ၊ ကျုပ်ကိုကယ်တင်ခဲ့လို့ ဆရာတော်အခုလိုဖြစ်ရတာ”

ကျုပ်လည်း ယောက်ျားကြီးတန်မဲ့ ငိုယိုနေမိပါတော့တယ်ဗျာ၊ ငိုယိုရင်းကမှ စိတ်ထဲဒေါသတွေ ထွက်လာပြီးတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။

“ကျုပ်မကျေနပ်ဘူး၊ မရွှေတောင်၊ ခင်ဗျားကိုကျုပ်လိုက်ရှာမယ်၊ ခင်ဗျားကိုရှာပြီးတော့ ကျုပ်လက်စားပြန်ချေမယ်”

ကျုပ်လည်း အံကြိတ်ပြီးတော့ ဆရာတော်အိပ်နေတဲ့ကုတင်ကို လက်သီးနဲ့သုံးလေးချက်လောက် ထိုးလိုက်မိပါတော့တယ်။ ဆရာတော်ကတော့ ပြုံးပြုံးလေးနဲ့ ငြိမ်သက်လို့ရယ်ဗျ။

ပြီးပါပြီ

စာရေးသူ အဂ္ဂဇော်အားလေးစားလျက်