ညောင်မျိုပင်ကသရဲမ

နိုင်ကြီးရောက်လာတယ်…

တဖျောက်ဖျောက်မြည်နေတဲ့ ခြေသံကို ကြားရတယ်…

ကြားရတဲ့ဘက် ဓါတ်မီးကို ဝေ့ထိုးလိုက်တယ်…

မဲမဲအရိပ်တရိပ်ခုန်သွားတာ တွေ့လိုက်တယ်…
မဲမဲအရိပ်ကြီးခုန်တဲ့ဘက် ဓါတ်မီးကို လိုက်ထိုးလိုက်တယ်။

ခွေးနက်ကြီးတစ်ကောင် သစ်လုံးပေါ်မှာ
ဆောင့်ကြောင့်ထိုင်ပြီး သူ့ဘက်ကို လှည့်ကြည့်နေတယ်။

ညဉ့်အခါခွေးတွေ ကြောင်တွေကို ဓါတ်မီးနဲ့
ထိုးကြည့်ရင် မျက်လုံးစိမ်းစိမ်းတွေ တွေ့ရတယ်။

ဒီခွေးကြီးနက်ကြီးရဲ့ မျက်လုံးတွေကတော့
မီးကျီခဲတွေလို နီရဲလို့ …

နိုင်ကြီး ဓါတ်မီးကို သေနတ်နဲ့ ပြောင်းကာအောက်က
ကပ်ကိုင်လိုက်တယ်…

ခွေးနက်ကြီးရဲ့ နီရဲနေတဲ့ မျက်လုံးနှစ်လုံးကြား
အလယ်တည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တယ်…

ထိုးထားတဲ့ ဓါတ်မီးရောင်အောက်မှာ ခွေးနက်ကြီးက
သူ့ကို စိုက်ကြည့်နေတယ်။

နိုင်ကြီး သေနတ်မောင်းဖြုတ်ဖို့ လက်ညှိုးကွေးမယ်အလုပ်မှာပဲ
မယုံနိုင်စရာ မြင်ကွင်းကို ဓါတ်မီးအလင်းရောင်အောက်မှာ
မြင်လိုက်တယ်…

အစွယ်တွေဖြဲပြနေတဲ့ ခွေးနက်ကြီးနေရာမှ ာ
ဆံပင်ရှည် စုတ်ဖွားနဲ့ မိန်းမတစ်ယောက်ဖြစ်နေတယ်…

မျက်နှာရဲ့ နေရာတော်တော်များများကို ဆံပင်တွေ
ဖုံးနေတယ်။သစ်တုံးပေါ်မှာ စောင့်ကြောင့်ထိုင်နေတယ်။

“ဘာလဲဟ…”

နိုင်ကြီး စိတ်ထဲမှာ ထင့်ခနဲဖြစ်သွားတယ်…

ဒါပေမယ့် သူက ကြောက်တတ်တဲ့ လူစားမဟုတ်ဘူး…

လေသေနတ်နဲ့ ချိန်ထားပေမယ့် မိန်းမတစ်ယောက်ဆိုတဲ့
အသိကြောင့် သေနတ်မောင်းခလုတ်မဖြုတ်ဘူး။

ကြည့်နေတုန်းမှာပဲ ထိုင်နေတဲ့ မိန်းမဟာ
အရပ်ကြီး ရှည်ထွက်နေတယ်…

မြင်ကွင်းက တော်ရုံလူ သွေးပျက်ပြီး
ရူးသွားနိုင်တဲ့ မြင်ကွင်းမျိုး။

နိုင်ကြီး မော့ကြည့်မော့ကြည့်ရင်းနဲ့ ဝါးတစ်ပြန်လောက်ထိ
ရှည်ထွက်လာတယ်။

အဲဒီကနေ ဆက်မရှည်တော့ပဲ ပြန်ပြီးအရပ်ကို တိုလာတယ်။

နိုင်ကြီးသိလိုက်ပြီ။ ဒါသရဲမပဲ။

လေသေနတ်ခလုတ်မောင်းကို ဖြုတ်လိုက်တယ်…

ဖောင်းကနဲ အသံနဲ့ ခဲကျည်ထွက်သွားတယ်။

သစ်ပင်ပေါ်က ငှက်ကလေးကိုတောင် ခေါင်းကိုမှ
ရွေးပစ်တတ်တာ။ မမှန်စရာ မရှိဘူး။

ဒါပေမယ့် သရဲမက အဲဒီသစ်တုံးပေါ်မှာ မရှိတော့ဘူး။
နောက်ဘက်ခပ်လှမ်းလှမ်းက သစ်တုံးပေါ်ရောက်နေတယ်…

“တွေ့ကြသေးတာပေါ့သရဲမရယ် ။ နင်ကပဲ ခြောက်နိုင်မလား
ငါကပဲ ပစ်နိုင်မလားဆိုတာ”

နိုင်ကြီးကြုံးဝါးပြီး သေနတ်မောင်းဆွဲတယ်။

ကျည်ဖြည့်တယ်။သေချာချိန်ပြီး ပစ်တယ်။

သရဲမက နောက်ထပ်သစ်တုံးတစ်တုံးပေါ်ကို
ဆောင့်ကြောင့်ထိုင်ရက်ရောက်နေပြန်တယ်…

နိုင်ကြီးက လေသေနတ်နဲ့ ပစ်လိုက်
သရဲမကနေရာပြောင်းသွားလိုက်နဲ့
တဖြည်းဖြည်း ခြံကြီးအပြင်ဘက်ရောက်လာတယ်…

နိုင်ကြီးက ဓါတ်မီးနဲ့ မပြတ်လိုက်ထိုးရင်း
လေသေနတ်နဲ့ လိုက်ပစ်နေတယ်။

သရဲမက လယ်ကန်သင်းပေါ် စောင့်ကြောင့်ထိုင်ရင်း
တစ်နေရာပြီး တစ်နေရာပြောင်းနေတယ်…

နိုင်ကြီး ရုတ်တရက် သတိပြုမိလိုက်တယ်…

သရဲမ နေရာရွှေ့နေတာက အနောက်ဘက်
ကန်ပျက်ဆီကို လမ်းကြောင်းပြနေတယ်…

ကန်ပေါင်က ညောင်မျိုပင်မှာ သရဲမရှိတယ်။
ညမှောင်တာနဲ့ ဘယ်သူမှ မဖြတ်ရဲဘူး…

ညောင်ကိုင်းပေါ်မှာ အတည့်တစ်မျိုး
စောက်ထိုးတစ်မျိုး လမ်းလျှောက်ပြတယ်။
တွဲလောင်းခိုပြတယ်…

နွားလှည်းနဲ့ ဖြတ်ရင်လည်း ညောင်မျိုပင်နားရောက်တာနဲ့
နွားတွေ ထိန်းမရတော့ဘူး။ ဝရုန်းသုန်းကား
ကန်သင်းပေါ်တက် ပြေးလို့ပြေး
နောက်လှည့်ပြီးဆွဲပြေးလို့ ဆွဲပြေးနဲ့။

သားစိမ်းငါးစိမ်းအမဲသားတွဲ ဝက်သားတွဲပါလို့ကတော့
အတင်းကို လိုက်လုတတ်တယ်။

ဒီလို သောင်းကျန်းတဲ့သရဲမ။

ခုလည်း နိုင်ကြီးကို သူ့ပိုင်နက်ထဲထိ မျှားခေါ်နေလေရဲ့။

ကန်ပျက်ညောင်မျိုပင်နားရောက်ဖို့ လယ်နှစ်ကွက်သာသာ
အလိုမှာ နိုင်ကြီးသရဲမနောက်ကို ဆက်မလိုက်တော့ဘူး…

နောက်ကြောင်းပြန်လှည့်ခဲ့တယ်…

သရဲမငုတ်တုတ်မေ့ကျန်ခဲ့တယ်…

သစ်စက်ဟောင်းခြံကြီးထဲက ဖြတ်ပြီး
ရွာလယ်လမ်းအတိုင်း နိုင်ကြီး သူ့အိမ်ကို ပြန်ခဲ့တယ်…

“တော်…ဘယ်နှစ်ကောင်ရခဲ့လဲ…”

နိုင်ကြီးမိန်းမ မသီက ဆီးမေးတယ်။

“ဘယ်…ညောင်မျိုပင်က သရဲမနဲ့တွေ့လို့
လေသေနတ်နဲ့ လိုက်ပစ်နေတာ။
ငှက်တောင်မပစ်ခဲ့ရဘူး…”

“ငှက်မရလို့တော့ မဖြစ်ဘူး ။ အလှကြီးယောင်္ကျား
ရန်ကုန်မှာ ငှက်ကြော်လက်ဆောင်ယူသွားချင်လို့တဲ့။
ပိုက်ဆံတောင် ပေးသွားပြီးပြီ။ လာ ကျုပ်ရော လိုက်မယ်”

နိုင်ကြီးသရဲ မကြောက်ပေမယ့်
မိန်းမစိတ်ဆိုးမှာတော့ ကြောက်တယ်။

လေသေနတ်နဲ့ ဓါတ်မီးဆွဲပြီး မိန်းမနောက်က လိုက်ခဲ့ပြန်ပါတယ်…

XXxXXXXX

“အဘဆရာ…ထပါဦး …အဘဆရာထပါဦး…”

နိုင်ကြီး အဘဆရာအိမ်ထရံပုတ်ပြီး အတင်းနှိုးတယ်…

အဘဆရာထွက်လာတယ်…

“ဟ…ဘာဖြစ်လို့လဲကွ နိုင်ကြီးရ”

“ကျုပ်မိန်းမသရဲကပ်လို့။လိုက်ခဲ့ပေးပါဦး အဘဆရာ…”

“မင်းဒို့က ညကြီးနက်မှ ဘယ်ကိုသွားကြတာတုန်း
နိုင်ကြီးရ…”

“ငှက်ပစ်သွားတာ အဘဆရာရေ…”

“မင်းဒို့ လင်မယားကတော့ကွ…”

အဘဆရာ ဒီလောက်ပဲ ပြောတယ်။

နိုင်ကြီးတို့လင်မယားက လွှတ်သဘောကောင်းတယ်။

လူကြီးသူမလည်း ရိုသေလေးစားမှုရှိတယ်။

အလှူအဒါန်းလည်း လုပ်လေ့ရှိတယ်။

ပြောစရာဆိုလို့ တစ်ခုပဲရှိတယ်။

အကုသိုလ် အလုပ်ဆို နှစ်ယောက်စလုံး သိပ်ဝါသနာပါတယ်။

အကျိုးကလည်း ပေးတယ်။

ကြက်မွေးကြက်ဖြစ် ဝက်မွေးဝက်ဖြစ်
ဘာမွေးမွေး စီးပွားဖြစ်တဲ့လင်မယား။

ဒါကြောင့် မပြောတော့တာ။

စီးပွါးဖြစ်နေတဲ့ အလုပ်ကို အပြစ်ပြောရင်
မုန်းတာပဲ အဖော်တင်မယ်…

ပြုပြင်နိုင်သေးမှာ မဟုတ်ဘူးဆိုတာ
အဘဆရာနားလည်ပြီးသား…

“ငှက်ပစ်ပြီး ပြန်လာတော့ အကောင်းပဲ။
အိမ်ခြံဝရောက်မှ ဝူးဝူးဝါးဝါး ဖြစ်နေတော့တာပဲ အဘဆရာ။
သူ့ ပါးစပ်မှာလည်း ငှက်မွှေးတွေရော
သွေးတွေရော ပေနေတယ်။
လမ်းမှာကတည်းက အစိမ်းစားလာတာနဲ့တူတယ်။
သရဲကပ်တာနဲ့ တူတယ်ဆိုပြီး အဘဆရာလာပင့်တာ…”

နိုင်ကြီးက လမ်းသွားရင်း ပြောပြတယ်…

အိမ်ရောက်တော့ မသီကို ဘုရားစင်ရှေ့မှာ
မိန်းမနှစ်ယောက်က ချုပ်ထားပေးတယ်…

အဘဆရာထိုင်လိုက်တာနဲ့ မသီမျက်တောက်နီကြီးနဲ့
စူးစူးစိုက်စိုက်ကြည့်တယ်…

ခဏနေရင်တော့ ခပ်သြသြ အသံကြီးနဲ့ ဟားတိုက်ရယ်တယ်…

ရုန်းတယ်…ကန်တယ်…ကြမ်းတယ်…

အဘဆရာသိလိုက်ပြီ။ ဒါ သရဲ စီးခံနေရတာ။
အဘဆရာ ဘုရားပန်းအိုးထဲက ရေကို
ကြေးဖလားထဲ ထည့်တယ်…

ဘုရားကန်တော့ပြီး ဂါထာစုတ်တယ်။

အဲဒီအချိန်မှာ မသီဝူးဝူးဝါးဝါးတွေအော်ပြီး
ဝုန်းဒိုင်းကြဲနေတယ်…

မိန်းမကြီးနှစ်ယောက် မနည်းထိန်းနေရတယ်…

အဘဆရာ ဖန်ခွက်ထဲက ရေမန်းနဲ့ မသီကို တောက်တယ်…

“ဟဲ့ကောင်မ ငါ့ကိုဘာမှတ်နေလဲ ။နင် ဂျွမ်းပြန်သွားချင်လို့လား
နင်ဘယ်ကလဲ ပြောစမ်း…”

ဒီတော့မှ မသီလက်အုပ်လေးချီတယ်…

“ညောင်မျိုပင်ကပါ…”

“နင် အကုသိုလ်ကြီးလွန်းလို့ သရဲမ ဖြစ်နေတာ။
မသီကို ဘာလို့ ဒုက္ခရောက်အောင် လုပ်ရတာလဲ”

“သူ့လင်ကို မကျေနပ်လို့… ”

“သူ့လင်က နင့်ကို ဘာလုပ်လို့လဲ”

“လေသေနတ်နဲ့ လိုက်ပစ်ပါတယ်…”

အဘဆရာ မျက်လုံးပြူးသွားတယ်…

“ဟင် ဟုတ်လားနိုင်ကြီး မင်းကလေသေနတ်နဲ့
လိုက်ပစ်တာဆို”

“သူက ခြောက်တာကိုး အဘဆရာရဲ့”

“ကဲ ကဲ ဟုတ်ပြီ နိုင်ကြီးက နောက်ကို လေသေနတ်နဲ့
မပစ်နဲ့ ။ နင်ကလည်း လူတွေကို ကြောက်အောင်
မခြောက်နဲ့တော့။ မနက်ဖြန်ညနေ နေဝင်တာနဲ့ နင့်ကို
အမဲသား ငါးဆယ်သားလာ ကျွေးလိမ့်မယ် ကြားလား
…အခု နင်စားထားတာတွေ ပြန်အန်ထုတ်စမ်း”

အဘဆရာ အမိန့်ပေးလိုက်တာနဲ့ မသီ ဝေါ့ခနဲ ဝေါ့ခနဲ
ထိုး ထိုးအန်တယ်…

ဝါးစားထားတဲ့ ငှက်သားတွေ ငှက်တောင်တွေနဲ့
ငှက်မွှေးတွေ အန်ဖက်တွေနဲ့ ရောပြီး
ထွက်ကျလာတယ်…

ခဏနေတော့ သရဲမထွက်သွားတယ်…

မသီလည်း မျက်လုံးပြူးလေးနဲ့ ။
ဘာဖြစ်နေကြတာလဲ အကြည့်နဲ့
သူ့ကိုဝိုင်းကြည့်နေတဲ့ သူတွေကို
ကြည့်နေတယ်။

“မင်းတို့ လင်မယား ဘယ်ကိုသွားပြီး
ငှက်ပစ်ကြတာလဲ”

“ညောင်မျိုပင်မှာ သွားပစ်ကြတာပါ…”

“နိုင်ကြီး မင်းတော်တော်မိုက်တဲ့ကောင်ပဲ
တကယ့်အဓိကရနေရာကိုမှ ငှက်သွားပစ်ရတယ်လို့
သွားချင်လဲ ကိုယ့်ဖာသာ သွားပေါ့။
ဘာလို့ မိန်းမ ခေါ်သွားရတာလည်း…”

“မဟုတ်ဘူးအဘဆရာ ညောင်မျိုပင်ငှက်ပစ်ဖို့
သူခေါ်သွားလို့ ကျနော်လိုက်ရတာပါ”

“ဟေ…ဟုတ်လား”

အဘဆရာ ဘာမှ မပြောနိုင်တော့ဘူး။
ကွမ်းတစ်ယာယာ စားပြီးပြန်သွားတယ်။

XXXXX

နောက်နေ့ နေဝင်တာနဲ့ နိုင်ကြီး ညောင်မျိုပင်အောက်
ရောက်လာတယ်…

ပါလာတဲ့ အမဲသားတွဲကို ကိုင်းတစ်ကိုင်းမှာ
ချိတ်လိုက်တယ်…

“ကဲ…သရဲမရေ စားဟဲ့ ။ မျိုဟဲ့ ။
ငါက သထာလို့ ကျွေးတာ မဟုတ်ဘူး။
နင့်ကို ကြောက်လို့လည်း မဟုတ်ဘူး။
အဘဆရာက ကျွေးခိုင်းလို့ ကျွေးရတာ။
နောက်ဆို ငါ့ကို တွေ့ရင် ဝေးဝေးရှောင်။
မရှောင်လို့ တွေ့ရင်တော့ သေနတ်နဲ့ ပစ်မှာပဲ။
ငါ့မိန်းမ ကြောက်အောင်ခြောက်ဖို့လည်း
မစဉ်းစားနဲ့ …ဒီတစ်ခါခြောက်ရင်
အမဲသားတော့ မစားရဘူး။
နင့်ညောင်မျိုပင်ကို အမြစ်ကလှဲပြီး
မီးဆိုက်ပစ်မယ် ကြားလား”

ပြောပြီးတာနဲ့ နိုင်ကြီးညောင်မျိုပင်ကနေ
ပြန်သွားတယ်…

မမြင်ရလို့သာပေါ့။

ညောင်မျိုပင်က သရဲမ
ဒေါသတွေက ထွက်ပြီး
စွေ့စွေ့ ခုန်နေမှာ သေချာတယ်…

ပြီးပါပြီ

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)အားလေးစားလျက်