ဂေါမတီဒေဝီနှင့်ကျွန်ုပ်

”ဟု ပြန်၍ မေးလိုက်ရာ ထိုလူငယ်က ခြောက်ကပ်ကပ် ရယ်သံကြီးဖြင့် …

“ဟင်း….ဟင်း….ဟင်း”ဟု ရယ်မောလိုက်လေ၏။

ထိုသို့ ရယ်မောပြီးနောက် ဆေးလိပ်မီးခိုးများကို မျက်နှာကြက်ဆီသို့ မှုတ်ထုတ်ကာ ကျွန်ုပ် ၏ ရှေ့သို့ ၄င်းလက်ဝါးကြီးကို ထိုးပေးပြီးလျှင်..
“ပြီးတော့ ကျွန်တော့်ရဲ့ လက်မှာ သူတပါးသားမယားကို ကြာခိုမယ့် အလွန်ယုတ်မာတဲ့ လမ်းကြောင်းကော ပါသလား ဆရာရယ်။ စစ်ဆေးပေးပါဦး”ဟု ဆိုသဖြင့် ကျွန်ုပ်သည် ထိုလူငယ်၏လက်ကို ဆွဲယူ ကြည့်မိလေ၏။ ၄င်း၏လက်သည် လူသေကောင်၏လက်ကို ကိုင်ရသကဲ့သို့ အေးစက်၍ နေလေ၏။ အေးလွန်းသောကြောင့် ရေများပင် ထွက်နေသည်ဟု ထင်မှတ်မိသဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏လက်ကို အနီးရှိအဝတ်ဖြင့် သုတ်မိနေသေးတော့၏။

ထို့နောက် ကျွန်ုပ်က “ခင်ဗျားရဲ့ လက်မှာ အဲဒီလက္ခဏာမျိုး မပါပါဘူး ဒါပေမဲ့ အချစ်ကိစ္စနဲ့ပတ်သက်လာရင် စိတ်ကူး သိပ်ယဉ်တယ်။ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး ဒုက္ခတွေ့တတ်တဲ့ အချက်က တော့ နှလုံးလမ်းကြောင်းဟာ ပုံမှန်အတိုင်းရှိနေပြီး ဉာဏ်လမ်းကြောင်းက အလွန်အင်မတန် နိမ့်ကျနေတဲ့ အချက်ပါပဲ”ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုသူငယ်က..

“မှန်လိုက်တာ ဆရာရယ်။ ဒါကြောင့်လည်း လူတွေက ပြောပြောနေကြတာကိုး”ဟု ပြောဆိုရေရွတ်၍ တမီလ်လူငယ်သည် ကျွန်ုပ်အား စေ့စေ့ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေလေတော့၏။

ထို့နောက် ၄င်းက …
“သူ့နာမည်က ဂေါမတီလို့ ခေါ်တယ်။ အရှည်ခေါ်ရရင် တော့ ဂေါမတီဒေဝီပေါ့ ဆရာရယ်။ သူကလည်း တမီလ် အမျိုးသမီးပါပဲ။ သူ့ကို ကျွန်တော် စွဲလမ်းခဲ့တဲ့ စိတ်ဟာ ကျွန်တော့်ကို ဒုက္ခပေးနေပါပြီခင်ဗျာ”
ဟု ပြောဆိုကာ ခေါင်းကို ငိုက်စိုက်ချလိုက်လေတော့၏။

ထိုအခါ ကျွန်ုပ်လည်း စီးကရက်တလိပ်ကို ထုတ်၍ မီးညှိရှိုက်ဖွာပြီးလျှင်… ““လုပ်စမ်းပါဦး”ဟု ပြောလိုက်ရာ တမီလ်လူငယ်က …

“ကျွန်တော့်နာမည်က ဂင်္ဂါဂျစ်တီလို့ခေါ်တယ်။မီးရထား စက်ခေါင်းမောင်းတဲ့ အလုပ်ကိုလုပ်တာ ခြောက်နှစ်ရှိပါပြီ။ အခု ကျွန်တော့်အသက် နှစ်ဆယ့်ခြောက်နှစ်ပါ။ အရင်က သာစည် လိုင်းမှာ မီးရထားစက်ခေါင်း မောင်းပါတယ်။ ပြီးခဲ့တဲ့လေးနှစ် လောက်က ကျွန်တော် အလုပ်ပြောင်းခဲ့ရပါတယ်။ ပြောင်းရတဲ့ နေရာက မလွှကုန်းစက်ခေါင်းရုံမှာပါ။ နေတဲ့နေရာက မလွှကုန်း မီးရထားကွာတာထဲမှာပါ”ဟု ပြောဆို၍ ခေတ္တအမောဖြေလိုက်၏။

ကျွန်ုပ်လည်း ရေနွေးကြမ်းကိုငဲ့၍ ဂင်္ဂါဂျစ်တီဘက်သို့ ပေးလိုက်လေ၏။ ဂင်္ဂါ ဂျစ်တီလည်း ကျွန်ုပ်ပေးသော ရေနွေးကြမ်းကို ရှူးခနဲမှုတ်၍ သောက်လိုက်ပြီးလျှင် ဆက်၍ပြောပြန်လေ၏။

“ကျွန်တော် မလွှကုန်းစက်ခေါင်းရုံကိုရောက်လာပြီး တနှစ်လောက်အကြာမှာ ကျွန်တော်နဲ့အတူ စက်ခေါင်းမောင်းတဲ့ မန္ဒူရောက်လာပါတယ်။ သူက ကျွန်တော်နဲ့အတူ အလုပ်လုပ် တုန်းက လူပျိုပါ။ ကျွန်တော် မလွှကုန်းကိုပြောင်းလာတဲ့အခါမှပဲ အိမ်ထောင်ကျပါတယ်။ သူမိန်းမနာမည်က …”

ဟု ဆိုကာ စကားကို ခေတ္တရပ်ထားလိုက်ပြီးလျှင် ဆို့နှင့် သော လေသံကြီးဖြင့် ..
“ဂေါမတီဒေဝီ”တဲ့။

ထိုအခါ ကျွန်ုပ်က …
“တော်တော်တော့ စိတ်ဝင်စားစရာကောင်းမယ့် သဘော ရှိတယ်။ ဆက်စမ်းပါဦး”ဟု ပြောဆို၍ မီးလင်းဖို၌ မီးသွေးများ ထပ်၍ထည့်လိုက်လေ၏။

““ဂေါမတီကို ကျွန်တော် အရင်က မတွေ့ဖူးပါဘူး။ မန္နူနဲ့အိမ်ထောင်ကျပြီး မလွှကုန်းကိုရောက်လာမှသိတာပါဆရာ ရယ်။ တကယ်ပြောရရင် သူဟာအင်မတန်ရိုးသားတဲ့မိန်းကလေး ပါ။ သူတို့လင်မယားရောက်လာတဲ့ အချိန်တုန်းက ကျွန်တော်တို့ မလွှကုန်းမီးရထားကွာတာမှာ အခန်းလွတ်မရှိတဲ့ သူတို့ဟာ ကွာတာထဲမှာ မနေရပါဘူး။ မလွှကုန်းဘူတာနဲ့ သိပ်ပြီးမဝေးတဲ့ ပုသိမ်ညွန့်ဆိုတဲ့ရပ်ကွက်မှာ မန္နူတို့လင်မယားဟာ အိမ်ကလေး ငှားနေကြပါတယ်။ ငှားနေတယ်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်ကလေး ပါခင်ဗျ။ အိမ်ရှေ့မှာလည်း မြေပိုကလေး တော်တော်ကျန်တယ်”
ဟု ဂင်္ဂါဂျစ်တီက ရှည်လျားစွာပြောဆိုပြီးလျှင် ဆေးလိပ် ကို ဖွာလေ၏။

“ဆက်ပြီးပြောစမ်းပါဦး” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဂင်္ဂါဂျစ်တီက…
“ပြောပါ့မယ် ဆရာရယ်။ ပြောချင်လို့ကို ဆရာ့ဆီလာခဲ့ တာပဲဥစ္စာ”ဟု ပြောဆိုပြီးလျှင် သက်ပြင်းတချက်ကို “ဖူး”ခနဲ မှုတ်ထုတ်လိုက်လေ၏။

ထို့နောက် ဂင်္ဂါဂျစ်တီက အောက်ပါအတိုင်း ဆက်လက် ၍ ပြောဆိုပြန်လေ၏။
“ကျွန်တော်နဲ့ မန္နူနဲ့ကလည်း ရှမ်းပြည်မှာကတည်းက စက်ခေါင်းမောင်းဖက်ဆိုတော့ အတော်ပဲ ခင်မင်ကြပါတယ်။

သူတို့ပြောင်းလာတာကို ကျွန်တော်ဟာ အတော်ပဲ ဝမ်းသာမိပါ တယ်။ အလုပ်အားတဲ့ ညတွေဆိုရင် သူတို့အိမ်ကိုပဲ သွားပြီး လည်လေ့ရှိပါတယ်။ လူမျိုးချင်းလည်း တူကြဆိုတော့ တဦးနဲ့ တဦး အတော်ပဲ ခင်မင်ကြပါတယ်။ ကျွန်တော်တို့အချင်းချင်း တွေ့ရင် တမီလ်စကားနဲ့ပဲ ကျွန်တော်က ပြောပေမဲ့ မန္နူကတော့ အင်္ဂလိပ်လိုပဲ အပြောများတယ်ခင်ဗျ။

အင်္ဂလိပ်စကားပြောလည်း ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ အတော့်ကို ကောင်းတယ်။ အလုပ်အားတာနဲ့ ကျွန်တော်ဟာ မန္နူတို့အိမ်ကို ရောက်နေပြီ ခင်ဗျာ။ သူတို့အိမ်ကလေးကလည်း ရပ်ကွက်ရဲ့ အစွန်ပိုင်းတော်တော်ကျတယ်ခင်ဗျ။ ရထားလမ်းဘေးကို ကပ်နေတာပဲ။ ရထားလမ်းနဲ့ ဘယ်လောက်နီးသလဲဆိုရင် မန္နူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့ မန် ကျည်းပင် က အကိုင်းအချို့ကို မီးရထားပေါ်ကနေ လှမ်းပြီး ကိုင်မယ်ဆိုရင်တောင် ကိုင်လို့ရပါတယ်။

“ကျွန်ုပ်လည်း ဂင်္ဂါဂျစ်တီ၏ ဇာတ်လမ်းခင်းကျင်းနေပုံကို စိတ်ဝင်စားစွာ နားထောင်နေမိလေ၏။ ဂင်္ဂါဂျစ်တီလည်း ဆေးလိပ်ကို အနည်းငယ်ဖွာပြီးနောက် ဆက်၍ပြောပြန်လေ၏။

“ကျွန်တော့်ရဲ့ အလုပ်တာဝန်က မလွှကုန်းစက်ရုံမှာရှိတဲ့ ရထားတွဲလွတ်တွေကို ရှန်တိန်လုပ်ပေးရပါတယ်။ ကျွန်တော် ရှန်တိန်လုပ်တဲ့ ရထားလမ်းဘေးမှာပဲ မန္နူတို့အိမ်ကလေးဟာ ရှိပါတယ်။ အဲဒီ အိမ်နားရောက်လာရင် ကျွန်တော်က ဥသြကို တူ…တူ…တူ လို့ သုံးချက်ဆွဲပါတယ်။ တခါတလေ မန္နူးတို့ အိမ်ရှေ့မှာပဲ မီးရထားကိုရပ်ပြီး မန္နူးတို့အိမ်မှာ ရေဝင်သောက် တယ်။ ကွမ်းဝင်စားတယ်ခင်ဗျ။ မန္နူးရဲ့ မိန်းမ ဂေါမတီဟာလည်း ၊ အတော်ကိုပဲ စိတ်ကောင်းစေတနာကောင်းရှိတဲ့ မိန်းမတဦး ဖြစ်တဲ့ အတွက် ကျွန်တော်ရောက်သွားတဲ့ အခါတိုင်းမှာ ပူတီ ဖြစ်စေ၊ ချာပါတီ ဖြစ်စေ၊ နွားနို့ဖြစ်စေ ကျွေးမွေးလေ့ရှိပါတယ်”

ထိုအခါ၌ ကျွန်ုပ်က… “အဲဒီမှာ ဇာတ်လမ်းစကြတယ်ဆိုပါတော့”ဟု ဝင်၍ပြောလိုက်ရာ ဂင်္ဂါဂျစ်တီသည် ကျွန်ုပ်အား မျက်လုံးပြူး၍ ကြည့်ပြီးလျှင်

“ဆရာက ကြိုးချင်းထား ကြိုးချင်းငြိဆိုတဲ့ သဘောမျိုး ပြောချင်တာလား”ဟု ပြန်၍ မေးလိုက်လေ၏။

ကျွန်ုပ် တစုံတရာပြန်၍ ပြောဆိုခြင်းမပြုသောအခါ၌ ၄င်းက အောက်ပါအတိုင်း ဆက်၍ ပြောပြန်လေ၏။
“ဂေါမတီဒေဝီဟာ ဉာဏ်ပညာဗဟုသုတနဲ့ ပြည့်စုံတယ် ခင်ဗျ။ ညည စကားဝိုင်းမှာ သူ့ယောက်ျားမန္နူးနဲ့ကျွန်တော့်ကို အလွန်အင်မတန် မှတ်သားစရာကောင်းတဲ့ အဝေရာမင်းသမီးတို့ စကားနည်းသော ဒါရဏီမင်းသားတို့ ဆိုတဲ့ ပုံပြင်တွေ၊ ပြီးတော့ ပဟေဠိတွေ ပြောပြတယ်ခင်ဗျ။ ဂေါမတီဟာ အချက်အပြုတ် လည်း ကောင်းတယ်။ အလွန်လည်း သန့်ရှင်းတဲ့ မိန်းကလေးခင်ဗျ။ ဉာဏ်လည်းအလွန်ထက်တယ်။ သူက ကျွန်တော်နဲ့ မန္နူးကို ပဟေဠိဝှက်လိုက်ရင် ကျွန်တော်တို့နှစ်ယောက်ဟာ မဖြေနိုင်ဘူးခင်ဗျ။

ကျွန်တော်တို့နှစ်ယောက်ဝှက်တဲ့ ပဟေဠိကိုတော့ သူက ဖြေနိုင်တာချည်းပဲ။ အဲဒီလိုနဲ့ပဲ ခင်ခင်မင်မင်နေလာခဲ့ကြပါ တယ်။ နောက်တော့ မန္နူးဟာ ပျဉ်းမနား-ရန်ကုန်သွားတဲ့ ရထား စက်ခေါင်းကို မောင်းရတဲ့ အလုပ်ကို ပြောင်းသွားပါတယ်။ ကျွန်တော်ကတော့ တွဲလွတ်တွေကို ရှန်တိန်လုပ်နေရတုန်းပဲခင်ဗျ။

မန္နူးဟာ ဒီလိုနေ့ကနေပျဉ်းမနားကို စက်ခေါင်းမောင်းပြီးသွားရင် နောက်တနေ့ကျမှ ရန်ကုန်ကို ပြန်ရောက်ပြီး အိမ်ပြန်ခွင့်ရပါ တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရထားတွဲလွတ်တွေ ရှန်တိန် ထိုးရင်း သူ့အိမ်ရှေ့ကိုနေ့တိုင်းရောက်တယ်ခင်ဗျ။ ရောက်တဲ့အခါ တိုင်းမှာ သူ့အိမ်ရှေ့မှာ ရထားကို ရပ်ထားပြီး သူ့အိမ်ကို ဝင်လေ့ရှိတယ်ခင်ဗျ။ အဲဒီလိုဝင်လေ့ရှိတဲ့အခါတိုင်းမှာလည်းပဲ မန္နူးရဲ့မိန်းမ ဂေါမတီက ကျွန်တော့်ကို ဘာစားမလဲလို့ မေးလေ့ရှိတယ်။ နွားနို့နဲ့ ချာပါတီယူလာပြီး ကျွေးလေ့ရှိတယ်။

ကျွန်တော်ကလည်း ဂေါမတီကျွေးတဲ့ ချာပါတီနဲ့ နွားနို့ကို စားသောက်ပြီးရင် စက်ခေါင်းပေါ်ပြန်တက်ပြီး တူ..တူ..တူ..လို့ ဥဩသုံးချက်ဆွဲ ကာ မောင်းထွက်သွားလေ့ ရှိပါတယ်။ အဲဒီအခါမျိုးမှာ ဂေါမတီ ဟာ ကျွန်တော့်ကို ပြတင်းပေါက်ကနေ လက်ကလေးဝှေ့ယမ်း ပြရင်း ကျန်နေရစ်လေ့ရှိပါတယ်။ တခါတလေမှာ ကျွန်တော် ဟာ ညပိုင်းကျမှ ရထားတွဲတွေကို ရှန်တိန်လုပ်ရပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်တော့်ရထားလာပြီဆိုတာကိုသိရင် ဂေါမတီဟာ မှန်အိမ်ကလေးမြှောက်ပြပြီးရင် သူတို့အိမ်ရှေ့က မန်ကျည်း ပင်ကြီးမှာ မှန်အိမ်လေးကို သံချိတ်နဲ့ ချိတ်ထားပေးလေ့ ရှိပါတယ်”

ထိုအခါ ကျွန်ုပ်သည် အနီးရှိ ဓာတ်ဘူးအတွင်းမှ လက်ဖက်ရည်အချိုကို ငဲ့၍သောက်ပြီးလျှင် တမီလ်လူမျိုး ဂင်္ဂါဂျစ်တီပြောသောဇာတ်လမ်းကို ဆက်လက်၍ နားထောင်နေမိ လေ၏။ ထိုအခါ၌ ဂင်္ဂါဂျစ်တီကလည်း အောက်ပါအတိုင်း ဆက်၍ ပြောပြန်လေ၏။

“မှောင်ကြီးထဲမှာ ကျွန်တော်ရထားမောင်းလာတာကို ဂေါမတီက ဘယ်လိုသိသလဲလို့ ဆရာက မမေးဘဲကိုး။ သိတာ က ဒီလိုပါခင်ဗျား။ ကျွန်တော့်ရဲ့ ဥသြဆွဲပုံကို သူဟာ ကျက်မိ နေပြီလေ။ အဲဒီလိုကနေစပြီး ကျွန်တော်ရထားမောင်းသွားလို့ ဂေါမတီတို့အိမ်နားရောက်တဲ့အခါမှာ ဂေါမတီကို ပြတင်းပေါက် နားမှာ ရပ်နေတာကို ဖြစ်ဖြစ်၊ အိမ်ရှေ့မြေကွက်လပ်ကလေးမှာ တံမြက်စည်းလှည်းနေတာကိုဖြစ်ဖြစ် မတွေ့ရရင် ကျွန်တော့်ရင် ထဲမှာ တမျိုးကြီးဖြစ်လာတော့တာပဲ။

ဟာတာတာကြီးလိုလို တစ်ဆို့ဆို့ကြီးလိုလို ခံစားရပါတယ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ သူတပါးမယားကို ပြစ်မှားလိုစိတ်မရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ သူတပါးသားမယားဖြစ်တဲ့ ဂေါမတီကို ကျွန်တော်ချစ်မိလျက် သား ဖြစ်နေပါပြီဆရာရယ်။ ဒါကြောင့် ရပ်တန်းက ရပ်ရင် တော်မယ်ဆိုပြီး ကျွန်တော်ဟာ အစီအစဉ်တခုကို ဆွဲရပါတယ်။

အဲဒါက ဘာလဲဆိုရင် ကျွန်တော့်အထက်လူကြီးကို သွားတွေ့ပြီး ကျွန်တော့်ကို တွဲလွတ်တွေ ရှန်တိန်လုပ်ပေးရတဲ့ တာဝန်ကပြောင်းပေးဖို့ပြောခဲ့ပါတယ်။ ကျွန်တော့် အထက်လူကြီးကလည်း အလွန်ပဲ သဘောကောင်းပါတယ်။ အဲဒီအလုပ်ကနေပြောင်းပြီး အင်းစိန်-ရန်ကုန် လော်ကယ်ရထားစက်ခေါင်းမောင်းဖို့ ပြောင်းပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဂေါမတီ ဆီကို မရောက်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ တစ်ဆို့ဆို့ကြီး ရှိနေတုန်းပါပဲခင်ဗျ”

တမီလ်အမျိုးသားလူငယ် ဂင်္ဂါဂျစ်တီသည် ခေတ္တရပ်နား ၍ ဆေးလိပ်ကို မီးတို့လိုက်ပြီးလျှင် အနည်းငယ်ရှိုက်ဖွာလေ၏။ ထို့နောက် အောက်ပါအတိုင်း ဆက်၍ပြောပြန်လေ၏။

“အဲဒီလိုနဲ့ တနေ့မှာ ကျွန်တော့်ဆီကို မန္နူးရောက်လာ တယ်။ ပြီးတော့ သူက “ဟေ့ကောင် ဂင်္ဂါဂျစ်တီ။ မင်းဟာ အတော်ယုတ်မာတဲ့ အကောင်ပဲ။ မင်းနဲ့ ငါ့ မိန်းမ ဂေါမတီ ဘယ်အခြေ ဆိုက်နေကြပြီဆိုတာ ကွာတာတခုလုံးတောင် မဟုတ်ဘူးကွ။ ငါတို့ရပ်ကွက်တခုလုံးပါ ပြောနေကြပြီ။ မင်းလို သစ္စာမဲ့တဲ့ ကောင်ကို လက်စားချေမယ်” လို့ပြောပြီး ပြန်ထွက် သွားပါတယ်။ ကျွန်တော်လည်း ဘယ်လိုပြန်ပြောရမှန်းမသိဘဲ ပါးစပ်ဟလျက်သား ကျန်နေခဲ့ပါတယ်။ နောက်တနေ့မနက်မှာ ကျွန်တော်ဟာ မီးရထားမောင်းဖို့ ထွက်လာခဲ့ပါတယ်။ စက်ခေါင်းရုံရောက်တော့ လူတွေကျွက်စီကျွက်စီဖြစ်နေတာနဲ့ဘာဖြစ်တာလဲဆိုပြီးသွားမေးတော့ အဲဒီလူတွေကမင်းသူငယ်ချင်း မန္နူးနဲ့ သူ့မိန်းမ ကုလားမလေးဟာ ဒီမနက် ၄ နာရီလောက်က ဆုံးသွားကြပြီလို့ ပြောပါတယ်။

ဒါနဲ့ ကျွန်တော်လည်း “ဟင်” လို့ တချက်ရေရွတ်ပြီး ရထားလမ်းအတိုင်း ဇလီဖားတုံးတွေကို တခုပြီးတခုနင်းပြီး မန္နူးတို့အိမ်ဆီကို ပြေးခဲ့ပါတယ်။ မန္နူးတို့ အိမ်ကလေးကိုရောက်တော့ ကျွန်တော်ဟာ အလွန်ပဲမောဟိုက်နေ ပါတယ်။ မန္နူးတို့အိမ်ကလေးရဲ့ ရှေ့မှာလည်း လူတွေအုံနေတယ် ခင်ဗျ။ ပြီးတော့ ဂါတ်က လူတွေလည်း ရောက်နေတယ်။ ကျွန်တော်ဟာ အဲဒီလူအုပ်ကိုတိုးပြီး အိမ်ကလေးထဲကို ဝင်သွား ပါတယ်။

အထဲလည်းရောက်ရော မပြောပါနဲ့တော့ ဆရာရယ် မြင်လို့ မကောင်းပါဘူး။ မန္နူးနဲ့ ဂေါမတီဟာ သွေးအိုင်ထဲမှာ သေဆုံးနေတာကို တွေ့ရတော့တာပဲ။ ကျွန်တော်ဟာ ရင်ထဲမှာ ဆို့ပြီး ဂေါမတီနားမှာ ခွေလဲကျသွားပါတယ်။ အဲဒီနားက လူတချို့က ကျွန်တော့်ကို “အလကားကောင်။ လူယုတ်မာ။ ဒင်းကြောင့် ဒီလိုဖြစ်ရတာ”ဆိုပြီး ကန်ကျောက်ရိုက်နှက်ကြ ပါသေးတယ်။ ကျွန်တော် ကျိန်တွယ်ပြောဝံ့ပါတယ်ဆရာရယ်။ ဂေါမတီကို ကျွန်တော် လက်ဖျားနဲ့တောင် မထိခဲ့ဖူးပါဘူး”

ဂင်္ဂါဂျစ်တီသည် စကားကိုရပ်လိုက်ပြီးနောက် မျက်နှာကို လက်ဝါးနှင့် အုပ်၍ ငိုကျွေးလေတော့၏။ ထို့နောက် ၄င်းက –

“ဒါကြောင့် ဆရာ့ကိုမေးတာပါ။ သေပြီးတဲ့လူ ပြန်လာ နိုင်သလားလို့”
ဟု ဆိုလေ၏။

“မလာနိုင်ပါဘူး ဂင်္ဂါဂျစ်တီရယ်” ဟု ကျွန်ုပ်က ပြန်၍ ဖြေလိုက်မိလေ၏။

““ဒီလိုပါဆရာရယ်။ မန္နူးသေသွားတဲ့အခါမှာ သူ့ရဲ့ နေရာမှာ ကျွန်တော်အလုပ်ဝင်လုပ်ရပါတယ်။ မမောင်းခဲ့တဲ့ ရန်ကုန်-ပျဉ်းမနားသွား မီးရထားစက်ခေါင်းကို ကျွန်တော်မောင်း ခဲ့ရပါတယ်။ တခါတခါမှာ အထူးသဖြင့် အန္တရာယ်ရှိတဲ့ လမ်းကွေ့တွေ၊ တံတားတွေပေါ်ရောက်တဲ့အခါတိုင်း စက်ခေါင်း လီဘာကို ကျွန်တော်က လျှော့သော်လည်း လီဘာက
မလျှော့ဘဲ တစုံတယောက်က လီဘာကို တင်လိုက်သလို မကြာခဏ ဖြစ်လေ့ ရှိပါတယ်။ ဒါကြောင့်
မန္နူးဟာ ကျွန်တော့်ကို လာပြီး နှောင့်ယှက်နေသလားလို့ သံသယဖြစ်မိပါတယ်။ ဒီအတွက် ဆရာ့ဆီကို လာပြီးမေးတာပါ။

ကျွန်တော်ထင်တာတော့ တနေ့နေ့မှာ ကျွန်တော်မောင်းတဲ့ မီးရထားဟာ မှောက်လိမ့်မယ် လို့ ထင်တာပါပဲ။ ဒါ့ကြောင့် အဝေးပြေးရထားစက်ခေါင်းကို ကျွန်တော် မမောင်းတော့ပါဘူး။ အရင်ကလိုပဲ မလွှကုန်းဘူတာ အနားမှာ တွဲလွတ်တွေကို ရှန်တိန်လုပ်နေပါတယ်။ ဂေါမတီတို့ အိမ်နားကိုရောက်ရင်တော့ ရင်ထဲမှာ ဆို့နင့်နင့်ကြီး ဖြစ်တုန်းပဲ ခင်ဗျ”ဟု ဂင်္ဂါဂျစ်တီက ပြောဆို၍ ထိုင်ရာမှ ထလိုက်လေ၏။

ထိုအခါ၌ ကျွန်ုပ်က…
“မင်းစိတ်ထင်လို့ပါကွာ။ ဒါတွေကို အစွဲအလမ်းမထား ပါနဲ့။ သေပြီးတဲ့ လူဟာ ဘယ်တော့မှ ပြန်မလာနိုင်ပါဘူးကွ”ဟု ပြောဆိုလိုက်မိလေ၏။

“ကျေးဇူးတင်ပါတယ် ဆရာ။ မလွှကုန်းဘက်ရောက်ရင် လည်း ကျွန်တော့်ဆီကို လာလည်နိုင်ပါတယ်။ ကျွန်တော်ကတော့ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်နေလို့ ဘယ်ကိုမှ မသွားဘူး ခင်ဗျ”
ဟု ဆိုကာ တမီလ်လူငယ်ကလေး ဂင်္ဂါဂျစ်တီသည် ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားလေတော့၏။

များမကြာမီ၌ပင် ကျွန်ုပ်သည် ရထားလမ်းဘေးတွင် ပေါက်ရောက်သော ဆေးပင်တမျိုးယူရန်အတွက်
မလွှကုန်း မီးရထားကွာတာအနီးသို့ ရောက်ရှိခဲ့လေ၏။ ထိုအခါ၌ တမီလ် လူမျိုးဂင်္ဂါဂျစ်တီကိုသတိရသဖြင့် ၄င်းအလုပ်လုပ်သည်ဆိုသော စက်ခေါင်းပြင်ရုံသို့သွားရောက်ကာ ၄င်းနှင့် တွေ့ဆုံစကားပြောဆို မည်ဟု ရည်ရွယ်၍ ရထားလမ်းအတိုင်း တွဲပြင်ရုံဘက်ဆီသို့လျှောက်လာခဲ့လေ၏။ တွဲပြင်ရုံသို့ရောက်လျှင် “တိုင်းကီပါ”ခေါ် အချိန်မှတ်စာရေးနှင့်တွေ့ဆုံကာ..

“ဒီမှာမိတ်ဆွေ။ ခင်ဗျားတို့ဆီမှာ စက်ခေါင်းမောင်းတဲ့ တမီလ်လူမျိုး ဂင်္ဂါဂျစ်တီဆိုတာ ရှိတယ်မဟုတ်လား”

ဟု မေးလိုက်ရာ ထိုစာရေးက.

. “ဘာကိစ္စလဲ ဆရာမင်းသိင်္ခ” ဟု ပြန်၍ မေးလေ၏။

“ဪ…မိတ်ဆွေကြီးက ကျွန်တော့်ကို သိတယ်ကိုး” ဟု ကျွန်ုပ်က ပြန်၍ပြောရာ ၄င်းတိုင်းကီပါက…

“သိပါတယ် ဆရာရယ်။ ကျွန်တော် ဆရာ့ဆီကို လက္ခဏာကြည့်ဖို့ ရောက်ဖူးတာပဲ”ဟု ပြောလေ၏။

“စိတ်မဆိုးပါနဲ့ မိတ်ဆွေရယ်။ ကျွန်တော်က သတိမေ့ တတ်လို့ပါ”ဟု ကျွန်ုပ်က ပြောလေ၏။

“မဆိုးပါဘူး ဆရာရယ်။ ဒါနဲ့ စောစောက ဆရာမေး တာ ဘယ်သူခင်ဗျ”ဟု ၄င်းက ပြန်၍ မေးလေ၏။

“စက်ခေါင်းမောင်းတဲ့ ဂင်္ဂါဂျစ်တီဆိုတဲ့ သူငယ်လေးကို မေးတာပါ”ဟု ကျွန်ုပ်က ပြန်၍ ပြောလေ၏။

“နေပါဦးဆရာရဲ့။ အဲဒီဂင်္ဂါဂျစ်တီနဲ့ ဆရာနဲ့ ဘယ်လိုများ ပတ်သက်လို့တုံး”
ဟု ထိုသူက ပြန်၍မေးလေ၏။

“ဒီလိုပါ။ ပြီးခဲ့တဲ့ စနေနေ့ညက ကျွန်တော့်ဆီမှာ သူလာပြီးလက္ခဏာကြည့်တယ်လေ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၄င်းက

.. “ဆရာ နာမည်အမှတ်မှားနေပြီထင်တယ်” ဟု ဆိုလေ၏။

“မမှားပါဘူးခင်ဗျ။ သူ့နာမည်က ဂင်္ဂါဂျစ်တီတဲ့။ သူ့ သူငယ်ချင်းက မန္နူးတဲ့”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၄င်းအချိန်မှတ်စာရေး သည် ကျွန်ုပ်အား မျက်လုံးပြူး၍ ကြည့်လေ၏။

ထိုအခါ၌ ကျွန်ုပ်က .. ၊
“ဂင်္ဂါဂျစ်တီနဲ့ သူငယ်ချင်း မန္နူးရဲ့ မိန်းမနာမည်ကို တောင် ပြောနိုင်သေးတယ်။ ဂေါမတီတဲ့”ဟု ပြောလိုက်ရာ အချိန်မှတ်စာရေးမှာ ပါးစပ်ကြီးဟ၍ ကြက်သေသေ၍ နေလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က..
“ဘယ်လိုဖြစ်တာလဲ မိတ်ဆွေရယ်။ ကျုပ်မေးတဲ့ စက်ခေါင်းမောင်းသမား ဂင်္ဂါဂျစ်တီဆိုတာ ရှိတယ်မဟုတ်လား”ဟု ထပ်၍ မေးလိုက်ရာ ထိုလူက ..

“ကျွန်တော် ကောင်းကောင်းသိပါတယ် ဆရာရယ်” ဟု ပြန်၍ ပြောလေ၏။

“သိရင် ပြောလေဗျာ”ဟု ကျွန်ုပ်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်ရာ ၄င်းအချိန်မှတ်စာရေးက …
“ဆရာပြောတဲ့ စက်ခေါင်းမောင်းသမား ဂင်္ဂါဂျစ်တီ ရထားမှောက်လို့သေတာ သုံးနှစ်လောက်ရှိပြီခင်ဗျ။ မသေခင်မှာသူ့သူငယ်ချင်း မန္နူးရဲ့မိန်းမ ဂေါမတီဆိုတဲ့ ကောင်မလေးနဲ့တောင် ဘာလိုလို အပုပ်နံ့ထွက်လာသေးတယ်။ အဲဒီလင်မယားက ဂင်္ဂါဂျစ်တီထက် တလလောက်စောပြီး သေကြတယ်လေ”ဟု ပြောလိုက်ရာ ကျွန်ုပ်သည်

“ဗျာ”

ဟု ယောင်ယမ်း၍ ရေရွတ်မိလေတော့သတည်း။

#မှတ်ချက်။
လွန်ခဲ့သော သုံးနှစ်ခန့်က သေဆုံးသွားပြီဖြစ်သော တမီလ်အမျိုးသားဂင်္ဂါဂျစ်တီသည် ပြီးခဲ့သောတပတ်ကျော်ကျော် လောက်က ကျွန်ုပ်၏အိမ်သို့လာ၍ ကျွန်ုပ်နှင့်အတူ တနာရီ ကျော်ကျော် စကားပြောသွားခဲ့သည်ဟု ကျွန်ုပ်မယုံကြည်ပါ။
တစုံတယောက်သောလူနောက်လူပြောင်တဦးသည် ကျီစယ် လိုသော သဘောဖြင့် ဂင်္ဂါဂျစ်တီ၏ နာမည်ကိုသုံးကာ လာရောက် နောက်ပြောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်မှတ် ပါသည်။

စာရေးသူ
သဗ်ဗသေတ်တာ ကမ်မသကာ
မင်းသိင်္ခ