စုန်းကိုက်တဲ့ည

အကြွေးတောင်းသဖြင့် ရှက်ရမ်းရမ်းကာ အခြေအနေမှာ တင်းမာသွားကြသည်။

ထိုသတင်းက ဒေါ်သဲဇာနားထဲ ရောက်သွားလေ၏။ ဒေါ်သဲဇာက မကျေမနပ် မျက်ထောင့်နီဖြင့်-

” တက်တိုး ၊ နင်က ငါ့မြေးတွေ ဆင်းရဲလို့ ချိုးချိုးနှိမ်နှိမ်ပြောတာပေါ့လေ ၊ ထမင်းဝအောင်စားထား တက်တိုး ၊ သဲဇာ ဘာကောင်မလဲဆိုတာ အကြောင်းပြရသေးတာပေါ့ ” ဟု ကြိမ်းမောင်းလေသည်။

ထိုပြဿနာသည် သိပ်မကြာလိုက်ပေ။ နှစ်ရက်ခန့်ပဲ ကြာလိုက်သည်။ တိုက်ဆိုင်မှုလော ဖြစ်မည်ထင်သည်။ ဦးတက်တိုးသည် အပြင်းအထန် ဗိုက်အောင့်ကာ မြို့ဆေးရုံသို့ တင်လိုက်ရသည်။ အစာအိမ်ရောင်သလိုလို အူအတက်ပေါက်သလိုလိုဖြစ်ကာ ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး နှစ်ရက် သုံးရက်ခန့်ကြာလျှင် ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။ ပိုက်ဆံလည်း တော်တော်ကုန်သွားသည်။

သည်လိုနှင့် ဦးတက်တိုး၏ အစာအိမ်ဝေဒနာသည် တရှောင်ရှောင်ဖြစ်လာသည်ဆိုရပေမည်။ အင်္ဂလိပ် အနောက်တိုင်းနည်း ၊ မြန်မာနည်းတွေ စုံလင်အောင် ကုသသော်လည်း ရောဂါအခြေအနေက အတိုးအဆုတ်မရှိဘဲ တန့်နေသည်။ လူ့သဘာဝအတိုင်း ဒုက္ခရောက်လာသောအခါ အားကိုးအားထား ရှာလာရလေ၏။ ဗေဒင်မေးခြင်း ၊ ယတြာချေခြင်းများ ပြုလုပ်လေသည်။

ဗေဒင်ကိန်းခန်းအရ ကံနိမ့်နေသည်ဟုဆိုပေရာ ယတြာချေသည့်အနေဖြင့် ကျေးလက်တောရွာ၏ ဓလေ့ထုံးစံအတိုင်း ယတြာခေါစာပစ်ရသည်။ ဦးတက်တိုးသည် လူ့ခွစာဖြစ်သည့်အလျောက် ခေါစာပစ်လျှင် တစ္ဆေသရဲ ၊ စုန်းပြိတ္တာက တိရစ္ဆာန် ယောင်ဆောင်ကာ လာရောက်စားသုံးသည်ကို ကြားဖူးနားဝ ရှိထားသည်။ ထို့ကြောင့် ဝေဒနာခံစားနေရသည့်ကြားမှ ခေါပတောင်းကို လာစားမည့် တိရစ္ဆာန်အား မြင်လိုသိလိုသည့်ဆန္ဒရှိသည်။ ထို့ကြောင့် ည ၉ နာရီ ခေါစာပစ်သောအခါ ချုံကွယ်မှ ချောင်းဖမ်းသည်။

လရောင်မလင်းတလင်းအောက်တွင် ခေါစာတောင်းနှင့် မနီးမဝေး၌ မကျန်းမမာသည့် ခန္ဓာဖြင့် တံတောင်းခန့်တုတ်တိုတစ်ချောင်းကိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။ ဘာကောင်လဲဆိုတာ သိရတာပေါ့။

မကြာပါချေ။ ခေါပတောင်းရှိရာသို့ ဧရာမခွေးနက်ကြီးတစ်ကောင် ရောက်လာတော့သည်။ ထိုခွေးနက်ကြီးကို ရွာထဲတွင် မမြင်ဖူးချေ။ ဦးတက်တိုးသည် အသက်ပင် မရှူနိုင်ဘဲ အံ့သြတကြီး ငေးကြည့်နေမိသည်။ ခွေးနက်ကြီးသည် ရဲတင်းစွာဖြင့်ပင် ခေါပတောင်းတွင်း၌ ထည့်ထားသော အမဲသားခုနစ်တုံး ၊ ငါး …စသည်တို့ကို တစ်ချက်မျှ နမ်းရှုံ့ကာ စတင်စားသောက်တော့သည်။ စားသောက်ပုံက ထူးဆန်းလှသည်။ တိရစ္ဆာန်ကဲ့သို့ မစားဘဲ လူကဲ့သို့စားသောက်ခြင်းပင်တကား။ တိရစ္ဆာန်ပီပီ ပါးစပ်ဖြင့် အားယူမစားဘဲ ခေါပတောင်းတွင်းမှ အမဲသား ငါး အစိမ်းများကို လူတစ်ယောက်ကဲ့သို့ ရှေ့လက်နှစ်ဖက်ဖြင့် ကိုင်ကာ စားသောက်လေသည်။ တစ်ချက် တစ်ချက် လောဘတကြီး အလိုမကျဟန်ဖြင့် မာန်ဖီသည့်အသံကလည်း ခွေးတစ်ကောင် မာန်ဖီသံနှင့် မတူဘဲ လူတစ်ယောက် ညည်းညူသံ ၊ တောက်ခေါက်သံနှင့် တူနေသည်။

ဦးတက်တိုးသည် အသားစိမ်းများကို ရှေ့လက်နှစ်ဖက်နှင့် ကိုင်တွယ်ကာ ဝမ်းခေါင်းကျုတ်သံ ဂရုန်းဂရင်းဖြင့် ဒေါသတကြီး စားသောက်နေသော ခွေးနက်ကြီးကိုကြည့်ရင်း မည်သို့စိတ်ကူးပေါက်သွားသည်မသိ ၊ လက်ထဲတွင် ကိုင်ထားသည့် သစ်သားချောင်းနှင့် ပစ်ထည့်လိုက်လေသည်။ တည့်မတ်စွာ မှန်သွားလေသည်။

” အား…”

သစ်သားချောင်းက ရှေ့လက် ဘယ်ဘက်ကို မိမိရရ ထိသွားကာ ခွေး၏နှုတ်မှ လူအော်သံကို ကြားလိုက်ရသည်။ ဦးတက်တိုး အံ့သြထိတ်လန့်စွာ ကြောင်ကြည့်နေဆဲမှာပင် ခွေးနက်ကြီးသည် အသားတုံးကို ပစ်ချကာ ချုံပုတ်ကြားသို့ ပြေးဝင်ပျောက်ကွယ်သွားတော့သည်။ နောက်တစ်နေ့တွင် ရွာစွန်ရှိ တဲရှေ့၌ ဘယ်လက်ကို ပတ်တီးစည်းနှောင်ကာ မကျေမနပ်ဖြစ်နေသော ဒေါ်သဲဇာကို တွေ့မြင်လိုက်ကြရသည်မှာ မည်သို့သော အကြောင်းတရားကြောင့်မှန်း မည်သူမျှ မသိနိုင်ချေ။

” ကျုပ် လယ်ကန်သင်းပေါ်က ချော်ကျလို့ လက်အဆစ်လွဲသွားတာ ” ဟု ဒေါ်သဲဇာက ဒေါသသံဖြင့် ဖြေလေသည်။ သည်လိုနှင့် ဆယ့်ငါးရက်ခန့်ကြာသွားရာ ဒေါ်သဲဇာ၏လက်မှ ဒဏ်ရာလည်း ပျောက်သွားသည်။ သို့သော် ဦးတက်တိုး၏ဝေဒနာလည်း သက်သာသလိုရှိရာမှ တစ်နေ့တွင် တခြားရွာမှ နွားတစ်ကောင် သေဆုံး၍ အသားဖျက်ကြရာမှ နွားအိုသားဖြစ်သဖြင့် သဘာဝအလျောက် သေဆုံးသည်ဟု ယူဆကာ အသားကို အလုအယက် ဝယ်ကြလေသည်။

ဦးတက်တိုးလည်း ငါးဆယ်သားခန့် အသားတွဲတစ်တွဲရသဖြင့် နှီးကြိုးဖြင့် တုပ်ကာ ဆွဲယူလာခဲ့သည်။ ထိုစဉ် ရွာလယ်တွင် ဒေါ်သဲဇာနှင့် မျက်နှာချင်းဆိုင်တွေ့လေရာ ဒေါ်သဲဇာသည် တစ်ချက်ပြုံးလိုက်ပြီး

” ဟယ်တော် ၊ အမဲသားတွေ စားချင်လိုက်တာ ၊ ကိုတက်တိုး ကျုပ်ကို ပြန်ရောင်းပါလားတော် ၊ အမဲသားက ရခဲလို့ စားချင်လို့ပါ ”

ဦးတက်တိုးသည် မကျေမနပ်ဖြင့် မျက်မှောက်ကျုတ်ရင်း –

” မပေးနိုင်ပါဘူး ၊ ကျုပ်လည်း စားချင်လို့ ခက်ခက်ခဲခဲ ဝယ်လာရတာ ၊ ခင်ဗျားက အဆင်သင့် ၊ ကျုပ်လို လိုက်ရှာဝယ်ပေါ့ဗျ ၊ လွယ်လိုက်တာ ၊ သွားပါဗျာ ”

ဒေါ်သဲဇာကို ရင့်ရင့်သီးသီးပြောကာ နှင်ထုတ်လေသည်။ ဒေါ်သဲဇာသည် ရှက်လည်းရှက် ဒေါသလည်း ထွက်ကာ ဦးတက်တိုး၏မျက်နှာကို အနီးကပ်ပြီး စေ့စေ့စိုက်စိုက်ကြည့်ကာ မျက်ထောင့်နီကြီးဖြင့်-

” တက်တိုး ၊ နင် အမဲသားကို ဝအောင်စားထား ၊ သိလား ၊ ဝအောင် စားထားပါ ”

ပြောဆိုကာ ဦးတက်တိုး၏ ရင်ဘတ်ကို ဆတ်ခနဲ တွန်းလိုက်ပြီး ချာခနဲ လှည့်ထွက်သွားသည်။

လောက၏ဖြစ်ပျက်တံထွာတို့ကား ဆန်းကြယ်လှသည်။ ဦးတက်တိုးမှာ အမဲသားစားပြီးကတည်းကပင် နဂိုမူလ အစာအိမ်ရောဂါက မသက်သာဘဲ ပြန်၍ရောဂါထလာကာ အခြေအနေဆိုးဝါးလာလေသည်။ ဆရာမျိုးစုံနှင့် ကြိုးစားကုသသော်လည်း ရောဂါသက်သာလာခြင်းမရှိဘဲ နောက်ဆုံးအချိန်သို့ ရောက်လာသည်။

ထိုညက ရွာတွင် တစ်ညလုံး ခွေးတွေအူကြသည်။ ကျီးတွေ ပြိုကြသည်။ ည ၉ နာရီခန့်မှစ၍ ရွာ၏အပေါ်မှ ငှက်ဆိုးတွေ ဖြတ်သန်းကာ အော်မြည်ကြကုန်သည်။ ဦးတက်တိုးသည် ညဉ့်နက်လေ ကယောင်ကတမ်းတွေ ပြောဆိုကာ လောကကြီးကို စွန့်ခွာသွားလေတော့သည်။

ရွာ၏ကြေးရတတ်ဖြစ်သည့်အလျောက် ဦးတက်တိုး၏နာရေးကား အလွန်စည်ကားလှပေသည်။ အားလုံးက ဦးတက်တိုး၏နာရေးကို သာမန်မျှသာ ထင်မှတ်ထားကြသည်။ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မည်ပြုရာ ထင်းတုံး ၊ လောင်စာများကို လှည်းပေါ်တင်ရင်း သုဿန်သို့ သွားကြရသည်။ ညနေစောင်းလုအချိန်တွင် ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ကြရာ သုဿန်တွင် ဆွေမျိုးရင်းခြာနှင့် ရင်းနှီးသူ ယောက်ျားသားအချို့သာ ကျန်ရစ်သည်။ လုပ်ရဲကိုင်ရဲသူအချို့က တံစူးဝါးဖြင့် အလောင်းကို နေရာရွှေ့ ၊ ထိုးဆွကြသည်။ မီးပြင်းပြင်းတိုက်ရာ တစ်နာရီကျော် ကြာသည်။

အလောင်းပြာကျပြီး အရိုးကောက်ရန် ပြင်ဆင်ကြသောအခါတွင် အားလုံး အထိတ်တလန့်ဖြစ်စေသည့် အဖြစ်အပျက်ကြီးက ပေါ်လာသည်။

” ဟာ…ဦးတက်တိုး သေရတဲ့တရားခံ ဒီမှာဟေ့ …၊ ကြည့်ကြစမ်းဗျာ ”

အားလုံးက တံစူးဝါးဖြင့် ထိုးနေသော ရွာသားတစ်ဦး ညွှန်ပြရာသို့ ကြည့်လိုက်ကြလေရာ နှီးဖြင့်ချည်နှောင်ထားသော ငါးဆယ်သားခန့် အမဲသားတွဲကြီးတစ်တွဲကို မီးမလောင်ဘဲ အရိုးပုံကြားမှ တွေ့လိုက်ကြလေသည်တကား …။ ။

ပြီးပါပြီ။

ဒဝေသွရဿ

 

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။