ဘီ​ရှော့ဟုမ်းနှင့်ဒေဝီ

လား’ဟု ချိုချိုသာသာ ပြန်ပြောကာ တယောက်တည်း လှုပ်ရှားနေသည်။

       ကိုတင်အေးလည်း စောင်ခေါင်းမြီးခြုံကာ ပြန်အိပ်ပျော်ဖို့ ကြိုးစားရသည်။
သည်အခိုက်အတန့်မှာပင် ရိုးသားသော ဇနီးမယားအကြောင်းကို တွေးနေမိသည်။
မစန်းမြင့်သည် အထက်တန်းလွှာမှ ဆင်းသက်လာသူ မဟုတ်။ မိခင်နှင့်အတူ နယ်မှ ရန်ကုန်ပြောင်းလာပြီး တာမွေမှာ အိမ်လေးတလုံး ငှားကာ အမေကြီးက ဈေးရောင်းသည်။ မစန်းမြင့်က အပ်ချုပ်သင်တန်း တက်သည်။ ကိုတင်အေးလည်း နယ်မှ ကျောင်းလာတက်ပြီး ရန်ကုန်မှာ ခြေချဖို့ ကြိုးစားခဲ့ရသူတယောက်ပါပဲ။ သို့သော် ကိုတင်အေးကတော့ ခေတ်နောက်မကျလှသော မြို့လေးတမြို့မှ အသင့်အတင့် ပြည့်စုံသော မိဘများက ဆင်းသက်သည်။ တက္ကသိုလ်ဘွဲ့ ရသည်အထိ ပညာသင်ရသည်။ ပြီးတော့ အထိုက်အလျောက် ရာထူးလေးလည်း ရခဲ့သည်။
ကိုတင်အေးလို အရာရှိငယ်တယောက်က ရိုးရိုးအေးအေး မစန်းမြင့်လို မိန်းကလေးကို ယူတော့ ပတ်ဝန်းကျင်က နည်းနည်းတော့ အံ့ဩကြသည်ပင်။ သို့သော် မစန်းမြင့်သည် ရိုးဂုဏ်ရှိသူ၊ တက္ကသိုလ်ပညာ မတတ်သော်လည်း လူမှုရေးရာနားလည်သူ၊ သူ့နေရာနှင့်သူ အလိုက်အထိုက် ဝင်ဆန့်အောင်နေတတ်သူ၊ ပြီးတော့ ရုပ်ရည်အားဖြင့်လည်း ယဉ်ကျေး ပြေပြစ်သူ။
ကိုတင်အေးက သူငယ်ချင်းမိသားစု၏အိမ်မှ ရုံးတက်ရင်း တလမ်းတည်းနေ မသန်းမြင့်ကို မြင်တွေ့ စုံမက်ခဲ့သည်။ များမကြာမီ မစန်းမြင့် မိခင်ကြီးဆုံးသွားတော့ သနားစိတ်ပိုကာ လက်ထပ်ယူခဲ့သည်။

         တခြား မိန်းမသားဆိုလျှင်တော့ သည်လောက်ကျပ်တည်းတဲ့အခါမှာ လင်ယောက်ျားကို နားပူနားဆာ လုပ်ကြမှာပဲ။ မစန်းမြင့်က သူ့ဘဝသူ နားလည်သူ၊ အိမ်ထောင်တာဝန်တွေဖြင့် မအားသည့်ကြားက ဝင်ငွေလည်း နည်းနည်းပါးပါးရအောင်ဆိုပြီး ရပ်ကွက်ထဲက ပုဆိုးလေးအစ ဟိုဟို သည်သည် ချုပ်ထည်လေးတွေကိုလည်း လက်ခံကာ စက်နင်းလိုက်သေး သည်။
မီးဖိုချောင်ထဲမှ မစန်းမြင့် အသံဗလံများကို နားစွင့်ရင်း အတွေး ပြတ်ကာ ပြန်လည်အိပ်ပျော်စပြု၏။ ကုတင်ဘေးမှ မီးချောင်း ဖျပ်ခနဲ ပြန်လင်းလာသည့် အချိန်တွင်တော့ နံနက်ခုနစ်နာရီထိုးပြီး မစန်းမြင့်လည်း မှန်ရှေ့ထိုင်ကာ အလှပြင်နေလေပြီ။
“အလို၊ ငါ့မိန်းမ သည်ကနေ့ စိတ်လိုလက်ရ အလှတွေ ဘာတွေ ပြင်လို့ပါလား’
ဆံပင်မတိုမရှည်ကို နောက်တွင်စုသိမ်းပြီး ဆံညှပ်ကြီးကြီး တချောင်းဖြင့် အလွယ်တကူ ညှပ်ကာ အပြင်သွားတတ်မြဲဖြစ်သော မစန်းမြင့်ကို သည်မနက် ထူးထူးခြားခြား ဆံပင်နောက်မှာချကာ ဆံညှပ် လှလှဖြင့် သိမ်းညှပ်ထားသည်ကို ဦးစွာ သတိပြုမိ၏။ တလောကပင် ဘာစိတ်ကူးရသည်မသိ၊ ဆံပင်ကောက်ချင်သည်ဟုဆိုကာ မတိုမရှည် ညှပ်ကောက်ခဲ့ သည်။ သိပ်အကြည့်ရဆိုးအောင်တော့ မလုပ်နဲ့ကွာဟု သူ ပြောခဲ့သည်။ ယခုတော့လည်း ပို၍ ကြည့်ကောင်းလာသလို သူ ထင်မိ၏။

      “အစ်ကိုသမီးက ပြောတယ်။ ကျောင်းကိုလာရင် တောသူကြီးလို လုပ်မလာပါနဲ့ လှလှပပ ပြင်ဆင်လာပါတဲ့၊ သူ့သူငယ်ချင်း အမေတွေက သိပ်လှကြတာတဲ့”
“ဟေ”
ကိုတင်အေး အံ့သြမိသည်။ ဒါ့ကြောင့် သူ့မိန်းမ ဝီရိယကောင်းစွာ စောစောစီးထပြီး အလှပြင်နေတာကိုး။

       “ဟုတ်တယ် ဖေဖေရဲ့၊ မေမေကလေ ကျောင်းကိုလာရင် ဘယ်တော့မှ လှလှဝတ်မလာဘူး၊ ဒါကြောင့် သမီးက လှလှလေးဝတ်လာဖို့ ပြောတာ”
သမီးလတ်က အိပ်ရာမှ ထလာပြီး ပြောနေသေး၏။ ကိုတင်အေးက ကလေးသုံးယောက်လုံးကို ဘိရှော့ဟုမ်းဟု ခေါ်ကြသော နာမည်ကြီး မူလတန်းကျောင်းမှာ ထားခဲ့သည်။ အသင်အပြကောင်း၍ စာမှာနာမည်ကြီးသလို မျက်နှာကြီး မိဘများကြောင့် အပြိုင်အဆိုင် ဝတ်စားကြရာမှာလည်း နာမည်ကြီးသည်။ သားကြီးက လေးတန်းအောင်ပြီး ကျောင်းပြောင်းသွားပြီ။
သည်တုန်းက မစန်းမြင့်မှာ ကလေးအငယ်တွေဖြင့် မအားနိုင်၍ အရေးကြီးသော နေ့ရက်များတွင် ကျောင်းပို့ ကျောင်းကြိုကိစ္စကို သူပဲ လုပ်ပေးခဲ့သည်။ ယခု သမီးအလှည့်မှာ သူ့အမေကိုယ်တိုင် လိုက်သည်။

       “ဟုတ်တယ် အစ်ကိုရဲ့၊ သူတို့ကျောင်းက ကလေးအမေတွေကလေ အပျိုကတောင် အရှုံးပေးရတယ်၊ ပြင်ဆင်ထား ဝတ်စားထားလိုက်တာများ အစ်ကိုရယ်”
ယခု တနှစ် နှစ်နှစ်အတွင်းမှာ မစန်းမြင့် ဝတ်ပုံစားပုံ ပြောင်းလဲ လာတာကို ကိုတင်အေးပြန်လည်စဉ်းစားမိလာသည်။ သူလည်း ခေတ်မျက်စိ ရှိလာတာပဲဟု အောက်မေ့မိခဲ့သည်။ ဪ လက်စသပ်တော့ သမီးရဲ့ ကျောင်းက သင်ပေးတာကိုး။
“ဖေဖေရယ် တခါလောက် သမီးတို့ကို ဖေဖေ့ရုံးက လာကြိုတဲ့ ကားနဲ့ ကျောင်းလိုက်ပို့ပါလား ဟင်”
”ဟုတ်သားပဲ အစ်ကိုရဲ့၊ သူများတွေက သူတို့ယောက်ျား ဘယ် ရုံးမှာလုပ်တယ်။ ဘယ်အရာရှိကြီးဆိုတာ သိပ်ပြောကြတာ၊ ကျွန်မက အဲဒီလိုတော့ မပြောချင်ပါဘူး၊ အစ်ကို တခါလောက် လိုက်ခဲ့ရင် ပြီးတာပဲ”
ကိုတင်အေး ခေါင်းခါယမ်းပြီး ရေချိုးခန်းသို့ ဝင်ခဲ့သည်။ သားအကြီးကိုတော့ ရုံးသွားရင်း လမ်းသင့်သဖြင့် ကားနှင့် ခေါ်သွားတတ်သည်။ သမီးကျောင်းကိုတော့ မလိုက်ဖြစ်။ ကျောင်းကားနှင့်ပဲ သွားစေရသည်။ ရာထူးအဆင့်တက်ခါစ အခွင့်အရေးကိုလည်း လိုတာထက် ပိုမယူဝံ့ပေ။

       ရေချိုးခန်းက ထွက်လာတော့ သားအမိတတွေ တောက်တောက်ပပ ဝတ်စားဆင်ယင်ပြီးကြပြီ။
မစန်းမြင့် ခါးက လုံချည်သည် မကြာခင်က မပူဆာစဖူး ပူဆာ၍ ဝယ်ပေးခဲ့ရသော ပါတိတ်လုံချည်ဖြစ်သည်။ ယခုမှ ပိုသဘောပေါက်လာသည်။
“တနေကုန်စောင့်ရမှာဆိုတော့ သားငယ်ကိုပါ ခေါ်သွားမယ်၊ ထမင်းလည်း သုံးယောက်စာထည့်ရမယ်၊ အစ်ကိုတို့ သားအဖနှစ်ယောက် အတွက်က သည်မှာ”
မစန်းမြင့်သည် ထမင်းဘူးများ၊ ချိုင့်များကိုလည်း ပြင်ဆင်နေသည်။ ပလတ်စတစ်ခြင်းက အသစ်၊ ရေဘူး၊ စောင့်နေစဉ် ခင်းထိုင်ဖို့ ပလတ်စတစ် အခင်း၊ ပြီးတော့ ဓာတ်ဘူး။
“မင်းတို့ စာမေးပွဲသွားဖြေတာကလည်း ပျော်ပွဲစားထွက်သလို ပါပဲလား။ စုံလို့ပါလားကွာ”
“အိုး သူများတွေက နေ့တိုင်း ဒီလိုလာနေကြတာ၊ ကျွန်မတို့က တစ်ခါတလေမှ သွားတာ”
ပြောပြောဆိုဆို မစန်းမြင့်သည် ယခင်တလောက သူတာဝန်ဖြင့် မြိတ်သို့ရောက်စဉ် ဝယ်လာသော စတီးထမင်းချိုင့်ကြီး ထုတ်လာသည်။
စာမေးကတော့ ဖြေနိုင်မည် မဖြေနိုင်မည် မသိရ။ သားအမိတတွေ ပြင်ဆင်နေပုံကိုကြည့်ကာ ကိုတင်အေး စိတ်ပျက်လာသည်။ သို့သော် နောက်ဆုံးတော့ အများဆန္ဒအရ သူတို့တတွေကို ရုံးကလာကြိုသော ကားဖြင့် တင်ကာ ကျောင်းရှေ့အရောက် ပို့ပေးခဲ့ရလေသည်။

                    •••••••••••••••••••••••••••

          ဘယ်လိုပဲပြင်ဆင်လာသည်ဖြစ်စေ အများအလယ်မှာ ယှဉ်လိုက်တော့ မစန်းမြင့်မှာ ဗျိုင်းတို့အလယ်က ကျီးကန်းသဖွယ်ရယ်ပါ။ စာမေးပွဲရက် ဆိုတော့ မိခင်တိုင်းလိုလို လိုက်လာကြတော့ ကျောင်းဝင်းထဲမှာ ဘုရားပွဲတမျှ စည်ကားလှသည်။ ကားတွေ ကျောင်းဝင်းထဲ မဝင်ရလေတော့ ပြည်လမ်း ပေါ် ကားတန်း နှစ်ထပ်သုံးထပ်ဖြစ်နေ၍ ယာဉ်ထိန်းရဲတွေ စောင့်ပေးနေရသည်။ မစန်းမြင့်တို့ သားအမိစီးလာသော ကိုတင်အေး၏ ရုံးကြို လေးဘီးကားလေးသည်လည်း ကားကြီး ကားငယ်တွေကြား တိုးပင် မတိုးသာ၍ နီးရာမှာရပ်ပြီး ခပ်သုတ်သုတ်ဆင်းကြရသည်။ သမီးရဲ့ အတန်းတူ ကလေးအမေတယောက်တလေမျှ တွေ့မလားဟုကြည့်သော်လည်း မည်သူမျှ မတွေ့ရ။
ကလေးတွေကော ကလေးအမေတွေပါ မုန့်ဆိုင်တွေမှာ တိုးဝှေ့နေကြသည်။ ကလေးကို ခြိမ်းခြောက်ပူဆာကာ စာဖိသင်သူက သင်နေဆဲ။ ကလေးတွေမှာ ဂါဝန်ဖားဖား၊ ခြေစွပ်ဖိနပ် စသည်များကြောင့် ချွေးစို့သူ စို့နေကြသည်။

        အချိန်နီး၍ ကျောင်းတံခါးပိတ်မှ ကလေးတွေ ရှင်းသွားပြီး အမေတွေ၏ ပွဲကို စကြရသည်။ နီးစပ်ရာအုပ်စုအလိုက်ပါလာသည့် အခင်းလေးတွေ ဖြန့်ခင်းပြီး ထမင်းချိုင့်ဖွင့်သူ ဖွင့်လေသည်။
စိန်ဂျွန်းဈေးဘက် အဖော်စပ်၍ သွားသူက သွားသည်။ ဝိုင်းဖွဲ့ကာ လက်ဖက်စားသူက စားကြလေသည်။
ခင်ပွန်းသည်အကြောင်း၊ ကားအကြောင်း၊ စိန်အကြောင်း၊ နိုင်ခြားသွားသည့် ဆွေမျိုးရင်းချာတွေအကြောင်း၊ အိမ်ဖော်တွေ မကောင်းကြောင်း၊ ဟိုမင်းသားနှင့် ဟိုမင်းသမီးအကြောင်း၊ နောက်ဆုံးပေါ် အင်္ကျီ၊ လုံချည် များအကြောင်း ရောက်တတ်ရာရာပြောရင်း ကလေးတွေပညာရေးအတွက် အချိန်ကုန်မှန်းမသိ ကုန်စေရသည်။

         မစန်းမြင့်က သူ့ကိုယ်သူ ဘယ်လိုပဲ အဆင့်အတန်းမြင့်အောင် ပြင်ဆင်လာလာ ဩော်… ဓာတ်ခံကိုက ကွဲပြားနေပါကလားဟု တွေးမိ၏။ အစ်ကိုဖတ်တဲ့ စာအုပ်တအုပ်လောက် ဆွဲလာရအကောင်းသားဟု ယခုနေ နောင်တရနေသည်။
ဟိုဘက်က ကလေးအမေတွေက တကျောင်းတည်း ထွက် ငယ်ပေါင်းကြီးဖော်တွေ ဖြစ်ဟန်တူ၏။ “ယူ ပင်စီနဲ့ တွေ့သေးလား၊ ဝပြီး လှနေတယ်ဆရာ၊ သူ ယောက်ျားကတော့ ဟိုတလောက” စသည်ဖြင့် သူတို့ချင်း အချိတ်အဆက်ရှိသော စကားတွေကို ပြောကြသည်။ မစန်းမြင့်မှာ ကိုယ့်ထက်သာသူအပေါ် ဝန်တို မစ္ဆရိယစိတ် မရှိတတ်။ သူတို့ပြောတာတွေ အငေးသားနားထောင်ပြီး လက်သည်း၊ ခြေသည်းကအစ သပ်သပ်ရပ်ရပ် ခြယ်သနိုင်ကြသော သူတို့၏အလှကို ငေးနေမိသည်။

       “ဟေ့၊ ဟိုးဥစ္စာ၊ ဒေဝီမဟုတ်လား။ ဒေဝီက တော်တော်လှတယ်နော်။ ဝတ်ထားတော့ ထင်းနေတာပဲ၊ လှလိုက်တာ”

       သူတို့စကားကို တိတ်တခိုးနားထောင်ရင်း သူတို့ မေးငေါ့ပြရာသို့ မသိမသာ လိုက်ကြည့်မိသည်။ ကလေးအမေတွေထဲမှာ ရုပ်ရှင်မင်းသမီးတမျှ လှသူတွေလည်း ပါသည်ပဲ။ သူတို့ပြောသည့်ဒေဝီက ဘယ်သူပါလိမ့်။ သေသေချာချာကြည့်တော့လည်း ကျောင်းဝင်းထဲကို လမ်းလျှောက်၍ ဝင်လာသူ အမျိုးသမီးတဦးကလွဲ၍ မည်သူ့ကိုမျှ မမြင်ရ။ ကျန်သူတွေက ထိုင်နေကြသည်။ သေချာအောင်ထပ်ကြည့်တော့လည်း ထိုအမျိုးသမီးကိုပဲ ပြောနေကြောင်း သိရသည်။ ထိုအမျိုးသမီးက ပြောလှအောင် မလှ။

         *အေးဟယ်၊ ဒေဝီက လှတယ်နော်၊ ငါလဲ သဘောကျတယ်” မစန်းမြင့် တော်တော်အံ့သြနေသည်။ ရွက်ကြမ်းရေချို၊ မိန်းမ တယောက်ကို ဘာကြောင့်များ သည်လောက်တောင် ချီးမွမ်းနေကြပါလိမ့်။ အနားရောက်လာ၍ သေသေချာချာကပ်ကြည့်တော့လည်း ပို၍ပင် ဆိုးသေး သည်။ မစန်းမြင့် မနေနိုင်။ တစ်စုံတရာ ပြောဆိုချင်သည်။ အနားက အတူထိုင်နေသူ ကလေးအမေကလည်း ခေါင်းငုံ့ပြီး သိုးမွေး ထိုးနေသည်။ ဒေဝီ ဒေဝီဆိုသည့် အသံတွေက ဟိုဘက်ပိုင်းက ပိုကျယ်လောင်လာသည်။

       “ဒေဝီဆိုတာ ဘယ်သူလဲဟင်၊ သူတို့က လှတယ် လှတယ် ပြောနေကြလို့”
သူ့အဖော်မိန်းမက ခေါင်းမော့ကြည့်သည်။ ဟိုဘက်ဝိုင်းကို လှမ်းမြင်သည်။ ပြီးတော့ သဘောကျစွာ ပြုံးလိုက်သည်။

       “အို ဒေဝီဆိုတာ လူနာမည်မဟုတ်ဘူးတော့၊ ဟိုမိန်းမဝတ်ထားတဲ့ လုံချည်ကိုခေါ်တာ၊ အဲဒါ အခုပေါ်တဲ့ ဒေဝီ ပါတိတ်လေ’
မစန်းမြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရှက်လိုက်သည်မှာ မပြောနှင့်။ ကျိတ်ပြီး ရယ်လိုက်မိသည်။ သူ့အဖော်က အေးအေးဆေးဆေး နေတတ်သည့် မိန်းမမို့ တော်ပါသေးရဲ့။

        ဘာပဲဖြစ်ဖြစ် အိမ်ရောက်ရင်တော့ အစ်ကို့ကို ဒေဝီအကြောင်း ပြောပြပြီး နောက်တခါ ဝယ်ပေးဖို့ ပူဆာရပေတော့မည်။

⬛🟥

မိုးမိုး(အင်းလျား)

[အကောက်ခွန်နှစ်လည်မဂ္ဂဇင်း ။ ။ ဒီဇင်ဘာ၊ ၁၉၈၆]