ယောက် တစ်ယောက်ကိုတစ်ယောက်တွဲရင်း အိမ်ကို လျှောက်လာခဲ့ကြသည်။
“ဟေ့ကောင်တင်စိန် မင်းဘယ်လိုထင်လဲ။”
“ဘာကိုတုန်းချဉ်မောင်ရ မင်းဟာကအရင်းမရှိအဖျားမရှိနဲ့။”
“အောင်ဘုတို့ ပြောတာကိုကွ။ ဒီကောင်တွေက ယောက်ျားကြီးတွေဖြစ်ပြီးတော့ ကြောက်တတ်လိုက်တာလွန်ရောပဲ။ သူတို့ပြောတာတွေကလည်း စိတ်ကူးယဉ်တာလိုလိုဘာလိုလိုနဲ့။ အလကားဖွတ်တွေ။”
“ငါလည်းသူတို့ပြောတာ မယုံပါဘူးကွာ တို့လည်းညကြီးသန်းခေါင်ရွာအပြင်ထွက်နေကြပါ ဘယ်တုန်းက သရဲအခြောက်ခံရဖူးလို့လဲ ဒီကောင်တွေလိမ်စင်ပြီးပြောတာ။”
“ဒါဆိုရင် မင်းနဲ့ငါ ဟိုဘက်ရွာကို ဖဲသွားရိုက်မလား။”
“စိန်လိုက်လေ ချဉ်မောင်ရာ ဖဲရိုက်ရမယ်ဆိုလို့ကတော့ သင်္ချိုင်းကုန်းလည်းဖြတ်သွားရဲတယ်။”
“ကဲဒါဆိုသွားမယ်ကွာ။”
ချဉ်မောင်နှင့်တင်စိန်တို့ တဖက်ရွာကိုဖဲရိုက်သွားရန် ရွာအပြင်ကိုဦးတည်လာခဲ့လေ၏။ ရွာအပြင်ကိုရောက်တာနှင့် လေတစ်ချက် ဝေ့တိုက်သွားကာ ဘယ်ကနေအူမှန်းမသိသော ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်အူသံကြီးကို ကြားလိုက်ရလေသည်။ သို့သော် ရေချိန်ကိုက်နေပြီဖြစ်သော သူတို့နှစ်ဦးကတော့ ထိုအရာများကို ဂရုစိုက်ပုံမရပဲ သွားစရာရှိတာ သွားနေကြ၏။
ထိုစဉ်…..
“ရှပ်…ရှပ်..ရှပ်..။”
ဆိုသည့်အသံနှင့်အတူ သူတို့နှစ်ယောက်အနောက်ကနေ တစ်ယောက်ယောက် ကပ်လိုက်လာသလို တင်စိန်တစ်ယောက်သတိထားမိလိုက်သည်။ သူနောက်သို့လှည့်မကြည့်ပဲ ဆက်လျှောက်လာစဉ် ကြက်သီးမွေးညှင်းများထလာကာ ကျော်ရိုးတလျှောက်အေးစိမ့်သွား၏။ ချွေးများပျံလာကာ ချဉ်မောင့်ကိုလှည့်ကြည့်လိုက်သည်။ ချဉ်မောင်ကတော့ ဘာကိုမှဂရုမထား သူ၏လက်ကျန်ပုလင်းကိုဖြတ်နေသည်။
တင်စိန်တစ်ယောက် ချဉ်မောင့်အနားကိုတိုးကပ်သွားကာ နောက်ကို ဖြည်းဖြည်းခြင်းလှည့်ကြည့်လိုက်သောအခါ ဆံပင်များထောင်တက်သွားသလိုခံစားရကာ မျက်လုံးမျက်ဆံပြူး၍ ကြောက်စိတ်ကြောင့် မေးများတဆတ်ဆတ်တုန်တက်လာသည်။ သူမြင်လိုက်ရတာက အနီရောင်ဝမ်းဆက်နှင့်မိန်းမတစ်ယောက်ကို။
အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ပြီး မျက်နှာကမီးလောင်ဖုများအပြင် ဓားအရာကြီးတစ်ခုပါရှိသောကြောင့် လရောင်အောက်၌ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ပတ္တမြားကဲ့သို့ နီရဲတောက်နေသော မျက်လုံးအစုံနှင့် ခြေထောက်မလှုပ်ပဲ တင်စိန်တို့အနောက်ကနေ တဖြည်းဖြည်းလိုက်လာနေခြင်းဖြစ်၏။
ထိုအရာကိုမြင်သွားသော တင်စိန်က အူတွေအသဲတွေဗျောင်းဆန်သွားကာ “သ…သရဲ!!။” ဟုအော်ကာ ခြေဦးတည့်ရာပြေးလေတော့သည်။
“ဟာ ဟေ့ကောင်တင်စိန် ဘာဖြစ်တာတုန်းဟ။ ဒီကောင်ဘာလဲ။”
ချဉ်မောင်က ယိုင်တိယိုင်တိုင်နဲ့လျှောက်နေချိန် သူ၏ဘေးကို တစ်ယောက်ယောက်ကပ်လာလေသည်။ ချဉ်မောင်လှည့်ကြည့်လိုက်သည့်အခါမှာတော့ ကြောက်မက်ဖွယ်ရာအဆင်းနှင့် မိန်းမတစ်ဦးကိုမြင်လိုက်ရသည်။ ချဉ်မောင်သည် အသံကုန်ခြစ်၍အော်ကာ ပြေးမည်အပြု ထိုမိန်းမက ဂုတ်ကိုဆွဲမလိုက်သောအခါ ကလေးတစ်ယောက်သဖွယ် ယက်ကန်ယက်ကန်နှင့် လက်ထဲကိုပါသွားလေသည်။
“ဒီနေ့ညတော့ နင်ကငါ့အစာပဲ ….. ဟားဟားဟားဟား…။”
ဝမ်းခေါင်းအသံကြီးနှင့် အော်လိုက်သော ထိုမိန်းမ၏အသံက ကွင်းပြင်ကြီးတစ်လုံးကိုဖုံးလွှမ်းသွားကာ အိပ်တန်းဝင်သောငှက်များပင် ထပျံသွားကြလေ၏။ ထိုမိန်းမသည် သူ၏လက်သည်းအရှည်ကြီးများနှင့် ချဉ်မောင်၏ ဝမ်းဗိုက်ကိုထိုးဖောက်ကာ အူတွေကိုထုတ်ယူလိုက်သောအခါတွင်တော့ ချဉ်မောင်တစ်ယောက် ငြိမ်ကျသွားကာ သေဆုံးသွားလေ၏။ ထိုမိန်းမကတော့ ချဉ်မောင်၏ ဝမ်းတွင်းကလီစာများကို စိတ်တိုင်းကျ အကုန်စားပြီးချိန်၌ မီးတောက်တစ်လုံးအဖြစ်ပြောင်းသွားကာ ကောင်းကင်ပျံတက်သွားခဲ့လေ၏။
+++ +++
နံနက်မိုးလင်းသောအခါ လယ်ထဲကိုဆင်းသည့် ရွာသားများက ချဉ်မောင်၏အလောင်းကိုတွေ့၍ ရွာလူကြီးအား အကြောင်းကြားပြီးလာကြည့်လေသည်။ ရွာရှိလူအများလည်း စုစုရုံးရုံးနှင့် လိုက်လာခဲ့ကြလေ၏။ ချဉ်မောင်က ရုပ်ပျက်ဆင်းပျက်နှင့်သေပုံကိုကြည့်၍ လူအများသနားနေကြသည်။ သူ၏မိခင် ဒေါ်ရွက်စိမ်းက ချဉ်မောင်၏အလောင်းကိုဖက်၍ ရင်ထုမနာအော်ဟစ်ငိုကြွေးနေလေ၏။
“အမလေးသားကြီးရယ် အဖြစ်ဆိုးလှချည်လား။ ရှိတာမှဒီသားအမိနှစ်ယောက်တည်း သားကအခုလိုရုတ်တရက်ထွက်သွားတော့ အမေကဘယ်လိုကျန်ရစ်ခဲ့ရမလဲသားရယ်။ မင်းအမေ့ကိုစနေတာမဟုတ်လားဟင် သားကြီး မင်းအမေ့ကိုစနေတာပါလို့ ထပြောစမ်းပါသားရယ်။ သားကြီး..အမေ့သားကြီး အီးဟီးဟီးဟီး..။ ငါ့သားကြီးရယ် ဘယ်လိုများဖြစ်ရတာတုန်းကွယ် အမေ့ရဲ့ဆုံးမမှုညံ့ဖျင်းလို့ ငါ့သားကြီးအခုလိုသေရတာ အမေ့ကြောင့်ပါကွယ်။ အမေဟာ အမေဖြစ်ဖို့ မထိုက်တန်ပါဘူးသားရေ….သားရဲ့..။ အီးဟီးဟီးဟီး…။”
“ဒီလိုလည်းဘယ်ဟုတ်မလဲ ဒေါ်ရွက်စိမ်းရယ် တရားနဲ့သာဖြေပါဗျာ။ လူဆိုတာသေမျိုးကြီးပါပဲ။ ရေနစ်သူကို ဝါးကူထိုးတာမဟုတ်ပေမဲ့ ထုံးတန်းအစဉ်အလာအရ ခင်ဗျားသားကို နေ့ခြင်းသဂြိုလ်မှရမယ် ခင်ဗျားအနေနဲ့ခွင့်ပြုပေးပါ။”
“ကျွန်မနားလည်ပါတယ်သူကြီးမင်းရယ် သူကြီးဝတ္တရားတိုင်းသာလုပ်ပါ ကျုပ်သားလေးကို ဘယ်သူသတ်တာလဲဆိုတာတော့စုံစမ်းပေးပါနော်။”
“ကျုပ်အစွမ်းကုန်စုံစမ်းပေးပါ့မယ်ဒေါ်ရွက်စိမ်း စိတ်ချပါ။ ကဲ သာခင်တို့မြဒင်တို့ မင်းတို့သူငယ်ချင်းအလောင်းကို သုဿာန်သယ်ခဲ့ကြကွာ။ မီးသဂြိုလ်ဖို့လည်းထင်းရှာခဲ့ကြ။ ”
သူကြီးက ဤကဲ့သို့ပြောအပြီးမှာတော့ ရွာရှိကာလသားများက ထင်းရှာသူကရှာ၊ အလောင်းသယ်သူကသယ်နှင့် အလုပ်ရှုပ်သွားကြ၏။ ထို့နောက် ချဉ်မောင့်အလောင်းကို ကောင်းကောင်းမွန်မွန်သဂြိုလ်ပြီးသောအခါ သူကြီးအိမ်၌ လူအကုန်စုဝေးကြလေသည်။ အကုန်လုံးက အတွေးကိုယ်စီနှင့်ညိမ်သက်နေသော်လည်း ဒေါ်ရွက်စိမ်း၏ရှိုက်သံက တစ်ခါတစ်ခါထွက်လာလေ၏။
ထို့နောက်သူကြီးကချောင်းဟန့်လိုက်လေသည်။
“အဟမ်း!!… ကဲအခု ချဉ်မောင်သေဆုံးပုံက လုံးဝရုပ်ပျက်ဆင်းပျက်ပဲ။ ဗိုက်ထဲက ကလီစာတွေမရှိပဲသေတာဆိုတော့ အတော်လည်းထူးဆန်းတယ်။ ကျုပ်အနေနဲ့ကတော့ လုံးဝမစဉ်းစားတတ်အောင်ပဲ။ ချဉ်မောင်ကိုနောက်ဆုံး အသက်ရှင်လျှက်တွေ့လိုက်တဲ့သူရှိလား။”
ကိုသာနုကထလာကာ…
“ကျုပ်ဆိုင်မှာချဉ်မောင်နဲ့တင်စိန် မနေ့က ညလောက်ထိ ထန်းရည်သောက်ပြီးမှ ပြန်သွားတာပါသူကြီး။”
“တင်စိန် ဟုတ်သားပဲ။ တင်စိန်ဘယ်မှာလဲ။ ဒေါ်စိန်တုတ် ခင်ဗျားသား တင်စိန်ဘယ်မှာလဲ။”
ထိုအခါဒေါ်စိန်တုတ်က မျက်နှာငယ်လေးနဲ့ထလာ၏။
“သူကြီးရယ် ကျွန်မသားကတော့ ဒီလိုလုပ်မယ်မထင်ပါဘူး။ ဒေါ်ရွက်စိမ်းသားနဲ့ ကျွန်မသားက ငယ်ပေါင်းကြီးဖော်တွေပါ။”
“ကျုပ်မေးတာက ခင်ဗျားသားဘယ်မှာလဲ။”
“မ..မသိပါဘူးသူကြီးရယ် မနေ့ညကလည်း ပြန်မအိပ်ပါဘူး။”
“ဟင်း…ခက်တော့နေပြီ။ ခင်ဗျားသားက ချဉ်မောင်သေတဲ့နေ့ကြမှ ရွာမှာမရှိဘူး။ နောက်ဆုံးချဉ်မောင်နဲ့အတူ တွေ့လိုက်ရတာကလည်း ခင်ဗျားသားနဲ့ဗျ အတော်မသင်္ကာစရာကောင်းနေပြီ။ စံခင်နဲ့သံခဲ။”
သူကြီးကသူ၏လက်စွဲတော်တပည့်နှစ်ယောက်ကိုခေါ်လိုက်လေသည်။
“မင်းတို့နှစ်ယောက်ဟိုဘက်ရွာကိုသွားစမ်း တင်စိန်ကိုရှာ။ တွေ့တာနဲ့ဂုတ်ကဆွဲပြီး ငါ့ဆီခေါ်လာခဲ့စမ်း။ ဂလံဂဆန်လုပ်ပြီး မလိုက်ရင် ငါ့အမိန့်နဲ့ရိုက်ပုတ်ခေါ်ခဲ့ကွာ။”
”ဟုတ်ကဲ့ပါသူကြီး။”
ထိုအခါဒေါ်စိန်တုတ်က ပျာပျာသလဲ…
“အဲဒီလိုမျိုးတော့မလုပ်ပါနဲ့လားသူကြီးရယ် ကျွန်မတောင်းပန်ပါတယ်။”
“ကျုပ်တာဝန်အရမလို့ ဘယ်သူ့မျက်နှာမှမထောက်နိုင်တာ ခွင့်လွှတ်ဗျာဒေါ်စိန်တုတ်။ စံခင်နဲ့သံခဲ မြန်မြန်သွားကွာ။”
“ဟုတ်ကဲ့သူကြီး။”
ထို့နောက် နေ့လယ်မွန်းတည့်သည့်အခါ၌ စံခင်တို့နှင့်အတူ တင်စိန်တစ်ယောက်ပါလာခဲ့သည်။ သို့သော် ပုံမှန်အခြေအနေတိုင်းတော့မဟုတ်ပေ။ မျက်လုံးပြူးကြီးနှင့် ဟိုဟိုဒီဒီလျှောက်ကြည့်ကာ တစုံတရာကိုကြောက်နေပုံရလေသည်။ သူကြီးနှင့်ကာလသားများကိုလည်း မှတ်မိပုံမရချေ။
“ဟေ့ကောင်တင်စိန်။ မင်းမနေ့ညက ဘာတွေလုပ်ခဲ့လဲဆိုတာ ပြောစမ်းဟေ့ကောင်။”
သူကြီး၏ အမေးကို တင်စိန်ကပြန်မဖြေ။
“ဟေ့ကောင်ငါမေးနေတာ မကြားဘူးလား ငါထလုပ်ရင်ဒီကောင်သေတော့မယ်။”
ထိုအခါ သံခဲက သူကြီးကိုပြေးဆွဲလိုက်၏။
“သူကြီးစိတ်လျှော့ပါ။ ကျွန်တော်တို့ဒီကောင့်ကို ဟိုဘက်ရွာရဲ့ချုံတွေကြားမှာ တွေ့ခဲ့တာ ဘာမေးမေးပြန်မဖြေဘူး။ ပြီးတော့သူ့ပုံစံကြည့်ရတာမူမမှန်ဘူးသူကြီး။”
“ဟေဟုတ်လား။ ဒါဆိုလည်းကွာ ဘာမှမေးမရလည်း ထိပ်တုံးတော့ခတ်ထားရမှာပဲကွ ဒီအချိန်မှာ သူက မသင်္ကာစရာအကောင်းဆုံးလူဖြစ်နေတယ်။”
“ဟုတ်ကဲ့သူကြီး ဒီကောင့်ကိုကျွန်တော်ထိပ်တုံးခတ်ထားလိုက်မယ်။”
သည်လိုဖြင့် ညချမ်းအချိန်အခါကို ရောက်ရှိချိန်၌ ရွာ၏ကာလသားများက အလှည့်ကျကင်းစောင့်ရန် ကင်းတဲကိုယ်စီသွားကြလေ၏။ ရွာအရှေ့ကင်းတဲကိုစောင့်သော ထွန်းနိုင်သည် တစ်ယောက်တည်း စောင့်ရလေသည်။ သူ၏ညီမင်းနိုင်က သည်ကနေ့မှ နေမကောင်းဖြစ်နေသောကြောင့် သူတစ်ဦးတည်းသာ ကင်းတဲပေါ်ရှိ၏။
သိပ်မကြောက်တတ်သော်လည်း ချဉ်မောင်က အစိမ်းသေဖြစ်တာကြောင့် သူ့အားလာခြောက်မလားဟူ၍ အနည်းငယ်တော့ လန့်မိလေသည်။ ကြောက်စိတ်ကိုဖျောက်၍ အရက်တစ်ခွက်ကိုမော့လိုက်ကာ လမ်းလျှောက်နေလိုက်သည်။ ထိုအချိန်၌ ကောင်းကင်ကနေ ငှက်ဆိုးတစ်ကောင်က အော်မြည်ကာ ပျံသန်းသွားလေ၏။
ရွာထဲ၌ရှိသောခွေးများကလည်း သည်ကနေ့ အိမ်အောက်ကိုအတင်းတိုးဝင်ကာ အမြှီးကုပ်၍ ညိမ်နေကြသည်။ မကြာပါ လေပြင်းတစ်ခုရုတ်တရက်တိုက်လာကာ ထွန်းနိုင်၏ကျောဘက်ကနေ မိန်းမတစ်ယောက်ရောက်လာလေ၏။ ထွန်းနိုင်တစ်ယောက် အနောက်ကိုလှည့်အကြည့်မှာတော့ ရုပ်ပျက်ဆင်းပျက်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထွန်းနိုင်အော်ချိန်တောင်မရပေ။ ထိုမိန်းမက သူ၏လက်သည်းအရှည်ကြီးများနှင့် ထွန်းနိုင်လည်ချောင်းကိုထိုးဖောက်၍ သတ်ပြစ်လိုက်သည်။
ထို့နောက် ထိုမိန်းမက ထွန်းနိုင်၏ဗိုက်ကိုခွဲ၍ ဝမ်းတွင်းကလီစာများကို မြိန်ရေယှက်ရေစားသောက်နေ၏။ ထိုအချိန်၌ ကင်းလှည့်အဖွဲ့ရောက်လာပြီး ထိုမိန်းမကိုမြင်သွားကာ မျက်လုံးမျက်ဆန်ပြူး၍ အံ့ဩမှုနှင့်အကြောက်တရားက ရောထွေးကုန်ကြသည်။ အနည်းငယ်အသက်ကြီးသော လူကြီးတစ်ယောက်က သူ၏လည်ပင်းက ပရိတ်ကြိုးကိုဖြုတ်၍ ထိုမိန်းမဆီပစ်ကာ …
“ဟေ့မိစ္ဆာမ ထွက်သွားစမ်း။ ရော့ကွာ။”
ထိုသို့ပြောပြီး ပရိတ်ကြိုးပစ်လိုက်သည့်အခါ ထိုမိန်းမက အနောက်ကို တစ်လံလောက်ခုန်ဆုတ်သွား၏။
“ငါ့ကို မထိလေးစားလုပ်တဲ့နင်တို့ ထမင်းဝအောင်စားထားဟေ့။!!”
ထိုမိန်းမက အသံနက်ကြီးနှင့်အော်၍ မီးလုံးကြီးအဖြစ်ပြောင်းသွားကာ ကောင်းကင်ပေါ်ပျံတက်သွားခဲ့လေသည်။ ထိုအခါမှ ကာလသားတွေလည်း ထွန်းနိုင်အလောင်းနားကိုကပ်လာကြကာ ကင်းတဲပေါ်မရွေ့ကြ၏။ သူကြီးကိုအကြောင်းကြားသူနှင့် ရပ်ရွာအကြောင်းကြားသူများနှင့် ထိုနေ့ညက အတော်ကိုဆူဆူညံညံဖြစ်သွားခဲ့လေ၏။
နံနက်မိုးလင်းသောအခါ သူကြီးအိမ်တွင် ရပ်မိရပ်ဖများနှင့် ကာလသားများ စုဝေးနေကြ၏။
“သူကြီးရေ ကျုပ်တို့ရွာတော့ ကံကြမ္မာဆိုးဝင်ပြီနဲ့တူတာပဲ။ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ဒီမိစ္ဆာမက ကျုပ်တို့ရွာကို ဒုက္ခပေးနေပြီ။”
“ဒီက ကိုမင်းဒင်ပြောသလိုပဲသူကြီး ကျုပ်တို့ရွာတော့ ဒုက္ခရောက်နေပြီ။ ကျုပ်အထင်တော့ ချဉ်မောင့်ကိုသတ်တာလည်း ဒီမိစ္ဆာမပဲဖြစ်မယ်နော်။ ”
ထိုအခါသူကြီးသည်..
“ကိုဘရင်တို့ပြောတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့လို့ ဒီကိစ္စတွေကြ ကျုပ်တို့ကဘာမှမှမလုပ်တတ်ကြတာ။ စုန်း၊ တစ္ဆေ၊ သရဲဆိုတာ ကျုပ်တို့ကပုံပြင်လောက်ကြားဖူးကြတာလေ။ ဒီလိုလက်တွေ့ကြုံတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ပြီဗျာ။ အကြံဉာဏ်လေးဘာလေးရှိရင်လည်း ပေးကြပါအုံး။”
“ကဲ ဒီလိုဆိုရင်လည်း သူကြီးရယ်။ ရွာဦးကျောင်းဆရာတော်ကြီးကိုပဲ လျှောက်ပြီး အန္တရာယ်ကင်း ပရိတ်ပဌာန်းရွတ်ဖတ်ကြမလား။”
“ကိုမင်းဒင်ပေးတဲ့အကြံမဆိုးဘူး ကျုပ်လည်းဒါကို စဉ်းစားမိသားဗျ။”
“ဒီလိုဆိုလည်း အချိန်ဆွဲမနေတော့ဘူး။ အခုပဲဆရာတော်ကြီးဆီ သွားလျှောက်ကြရအောင်။ ကာလသားတွေပါလိုက်ခဲ့ စီစဉ်စရာရှိတာစီစဉ်ရအောင်လို့။”
ဤသို့ဖြင့် သူကြီးကဦးဆောင်၍ ရွာဦးကျောင်းကိုရောက်ရှိလာကြလေ၏။ ကျောင်းပေါ်၌ထိုင်နေသော ဆရာတော်ကြီးဦးသောဘိတတွေ့သာအခါ…
“ဟော ဒကာကြီးတို့ လူတွေလည်းများလှချည်လား။ ဘာများဖြစ်လာကြတုန်း။”
“ဒီလိုပါဘုရား။ ရွာကအဖြစ်ပျက်တွေကိုလည်း အရှင်ဘုရားကြားသိလောက်ရောပေါ့။ တပည့်တော်တို့အနေနဲ့ မစွမ်းသာလို့ အရှင်ဘုရားဆီ တစ်ရွာလုံးကို အန္တရာယ်ကင်း ပရိတ်ပဌာန်းရွတ်ဖတ်ပေးဖို့ လာရောက်တောင်းပန်လျှောက်ထားတာပါဘုရား။”
“အင်း လောကီကိစ္စတွေနဲ့ မပတ်သက်ချင်ပေမဲ့လည်း လူတွေအသက်ဆုံးရှုံးတာကြားသိရတော့ ဘုန်းဘုန်းလည်း စိတ်မကောင်းပါဘူး။ ဒကာကြီးတို့စီစဉ်စရာရှိတာစီစဉ်လိုက်ပါ။ ဘုန်းဘုန်းကျောင်းကသံဃာတွေနဲ့ ပဌာန်းရွတ်ဖတ်ပေးပါ့မယ်။”
“တင့်ပါ့ဘုရား တပည့်တော်တို့ စီစဉ်ပြီးတာနဲ့ အရှင်ဘုရားကို လာပင့်ပါ့မယ်ဘုရား။”
“ကောင်းပါပြီဒကာကြီး။”
ဆရာတော်ကြီးအားကန်တော့၍ သူကြီးတို့သည် စီစဉ်စရာရှိတာများ စီစဉ်ပြီးသောအခါ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃားများအား ပင့်ဆောင်၍ တစ်ရွာလုံးကို အန္တရာယ်ကင်းပဌာန်းရွတ်ဖတ်ကာ ရွာအဝင်ပေါက်များကို ပရိတ်ချည်၊ ပရိတ်ရေမန်း တားခဲ့ကြလေ၏။ ဤသို့ဖြင့် ညရောက်လေသောအခါ သက်ကြီးခေါင်းချချိန်၌ စူးစူးဝါးဝါး အော်ဟစ်အသံကြီး တစ်သံကို တစ်ရွာလုံးကြားလိုက်ကြရသည်။
လက်နှိပ်ဓာတ်မီး ကိုယ်စီကိုယ်ငှကိုင်ကာ ရွာလမ်းမပေါ်ထွက်လာကြလေသည်။
“ဘာဖြစ်ကြတာလဲဟေ့ ငါအော်သံကြီးကြားလိုက်လို့။”
“သူကြီးရေ ဒီမှာ အရက်သမားငထင် အူပွင့်ပြီးသေနေလို့ဗျ။”
“ဟေ!!။”
ဤသို့ဖြင့် မိုးတကောင်းကျေးရွာလေးမှာ တစ်နေ့ကို လူတစ်ယောက်နှုန်းနှင့် သေနေကြ၏။ ညဘက်လူခြေတိတ်ချိန် အိမ်အပြင်သို့မထွက်သော်လည်း တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြ၏။ ပဌာန်းများရွတ်၊ ကမ္မဝါများ ဖတ်ပါသော်လည်း ထိုမိစ္ဆာမ ရန်ကနေမလွတ်ကြသေးပေ။ သူကြီးဦးမင်းအောင်တစ်ယောက် ညစဉ်အိပ်မပျော်ပဲ ရွာအတွက်စိတ်မချမ်းမြေ့ဖွယ်ရှိကာ တစ်ည၌ ဘုရားရှိခိုးရင်း ရွာအားကယ်တင်မည့်သူ အမြန်ဆုံးရောက်လာပါစေဘုရားဟု ဆုတောင်း၍ အိပ်ရာဝင်ခဲ့လေ၏။
သူအိပ်ရာဝင်၍ အိပ်ပျော်သွားချိန်၌ ရွာ၏အနောက်ဘက် တောစပ်ခြေရင်းက ဇရပ်ဟောင်းတစ်ခုပေါ်၌ ယောဂီရောင်အထက်အောက်ဝတ်ဆင်၍ တရားထိုင်နေကြသော လူငယ်သုံးယောက်ကို တွေ့မြင်လိုက်ရလေသည်။ ထိုစဉ် သူ၏ဘေးကို ရှေးအဝတ်အစားများနှင့် လူတစ်ယောက်ရောက်လာခဲ့သည်။
“အူစုံစားကဝေမရဲ့ဝိဉာဉ်လက်ကနေ ရွာကိုကယ်တင်မယ့်သူတွေပဲ မောင်မင်းအောင်။”.
လူစိမ်းက သူမွေးမှသူ့သားအရွယ်လောက်ရှိသည့်အတွက် မောင်မင်းအောင်ဟုခေါ်ခံရသောကြောင့် သူကြီးဦးမင်းအောင် ဒေါပွသွား၏။
“ရွာကိုကယ်တင်မဲ့သူတွေလို့ပြောပြတာ ကျေးဇူးတင်ပါတယ်။ မောင်ရင်က ကျုပ်မွေးရင် ကျုပ်သားအရွယ်ပဲ ရှိတာကို ကျုပ်ကိုမောင်မင်းအောင်လို့ခေါ်တာအရမ်းရိုင်းတယ်။”
လူစိမ်းက ခတ်ပြုံးပြုံးအနေထားနှင့်..
“ကျွန်ုပ်ရုပ်ရည်ကြောင့် မောင်မင်းအောင်အထင်လွဲတာ ကျွန်ုပ်ခွင့်လွှတ်ပါတယ်။ ကျွန်ုပ်က မောင်မင်းအောင်အဘိုးရဲ့အဖေလက်ထပ်ကတည်းကရှိတဲ့ ဒီရွာတော်ရှင် ဘိုးပြုံးပါပဲ။”
“ဗျာ!!။”
သူကြီးဦးမင်းအောင်တစ်ယောက် ဗျာခနဲအသံထွက်၍ အိပ်မက်ကနေနိုးလာခဲ့သည်။ အိပ်မက်ကိုပြန်စဉ်းစားကာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ရွာအနောက်ဘက်က တောခြေရင်းဘေးတွင်ရှိသည့် ဇရပ်ဟာင်းဘက်ကို တစ်ယောက်တည်းထွက်လာခဲ့သည်။ အချိန်က ရောင်နီပျိုးစဖြစ်သော်လည်း အနည်းငယ်လင်းသောကြောင့် လမ်းကိုကောင်းစွာမြင်နေရ၏။
သူကြီးဦးမင်းအောင် ဇရပ်ဟောင်းကြီးကို အဝေးကနေလှမ်းမြင်နေရလေပြီ။ ဇရပ်ပေါ်၌ ဖယောင်းတိုင်များထွန်းထားကာ လူငယ်တစ်ယောက်က တရားထိုင်နေပြီး သူ၏အနောက်၌ ကျန်သည့်နှစ်ယောက်က အိပ်နေကြလေ၏။ ဦးမင်းအောင် ဇရပ်နှင့် အနီးကိုရောက်သွားသည့်အခါ၌ တရားထိုင်နေသော လူငယ်ထံကနေ မေတ္တာပို့အမျှဝေသံကြားလိုက်ရသောကြောင့် သာဓုသုံးကြိမ်ခေါ်လိုက်မိသည်။ ထို့နောက် ဇရပ်ပေါ်ကို သူတက်လာခဲ့လေ၏။
ထိုလူငယ်၏ မျက်နှာကိုသူမြင်ရသောအခါ ရင်ထဲတွင် အေးချမ်းမှုကိုခံစားလိုက်ရ၏။ ဥပဓိရုပ်မှာ တည်ကြည်ခန့်ညား၍ မျက်လုံးများက လင်းယုန်ငှက်လို စူးရှတာကို သတိထားမိလိုက်သည်။ ထိုလူငယ်က ဦးမင်းအောင်ကိုမြင်တာနှင့် သူ၏ပါးချိုင့်သေးလေးများပေါ်သည်အထိ ပြုံးပြလေ၏။ ဦးမင်းအောင်က စတင်မိတ်ဆက်လိုက်၏။
” ဦးက ဒီရွာသူကြီး ဦးမင်းအောင်ပါ။ မောင်ရင်တို့ကို ဒီနယ်မှာတစ်ခါမှမတွေ့ဖူးဘူးနော်။ ဘယ်ရွာကလဲ။”
“ကျွန်တော့်နာမည်က သူရလို့ခေါ်ပါတယ်သူကြီး။ မဟာဂန္ဓာရီပညာရပ်ကို သင်ကြားပြီး နယ်လှည့်ဆေးကုနေတဲ့ ဆေးဆရာတစ်ယောက်ပါ။”
ဦးမင်းအောင်တစ်ယောက် သူ၏အိပ်မက်က မှန်နေတာကို သိရှိသွားကာ အားကိုးတကြီးနှင့် ထိုလူငယ်၏ဘေးကို ဝင်ထိုင်၍ သူတို့ရွာ၏ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။ ထိုလူငယ်က အဖြစ်အပျက်အစဆုံးကို နားထောင်ပြီး ခေါင်းညိမ့်ကာ…
“စိတ်ချပါ ကျွန်တော်သူကြီးတို့ရွာရဲ့ အခက်ခဲကို ကူညီဖြေရှင်းပေးပါ့မယ်။ သူကြီးပြန်နှင့်ပါ ကျွန်တော်နေ့လယ်မွန်းတည့်ရင် ကျွန်တော့်တပည့်နှစ်ယောက်နဲ့အတူ သူကြီးအိမ်လာခဲ့ပါ့မယ်။”
“ကောင်းပါပြီငါ့တူ ရွာထဲကိုဝင်တာနဲ့ ဘယ်သူ့မေးမေးသူကြီးအိမ်ဆိုတာနဲ့သိကြပါတယ်။”
“ဟုတ်ကဲ့ပါသူကြီး။”
သူကြီးဦးမင်းအောင်ပြန်သွားချိန်၌ သူရတစ်ယောက် လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်ပြီး လေပေါ်ကိုပစ်တင်လိုက်၏။ အင်းထဲကနေ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာကာ သူရကိုအရိုသေပြုပြီး ပျောက်သွားလေ၏။ နေထန်းတဖျားအကျော်၌ စောသနှင့်ခွန်းသတို့က အချုပ်အင်းကို ရေးဆွဲနေကြချိန် ဂိုဏ်းစောင့်ပုဂ္ဂိုလ်က ပြန်ရောက်လာသည်။ သူရ၏အရှေ့၌ ထိုပုဂ္ဂိုလ်ကထိုင်လိုက်ကာ…
“ဒီမိစ္ဆာမက ပုဂံခေတ်က ကျွန်ယုံတစ်ယောက်ပဲဆရာလေး။ သံကတော်တစ်ယောက်ဆီမှာပညာသင်ပြီး ပညာရဲ့အစွမ်းတွေကို ဒဏ်မခံနိုင်လို့ သူ့ခန္ဓာကိုယ်က မီးလောက်ပြီးပျက်ဆီးသွားတယ်။ ဝိဉာဉ်အဖြစ်နဲ့ ဆိုးသွမ်းနေလို့မလို့ မြောက်ဘက်ရှင်မကိုယ်တိုင် သူ့ကိုချိတ်ပိတ်ခဲ့တာ။ နှစ်ပေါင်းများစွာကြာတော့ မထင်မှတ်ပဲ အခုသူလွတ်လာတယ်။ သူလူပြန်ဖြစ်ဖို့အတွက် လူအယောက်တစ်ရာရဲ့ အူအစုံကိုစားပြီး လူထုံကူးလိမ့်မယ်ဆရာလေး။”
“အင်း သူ့တစ်ယောက်ကောင်းဖို့အတွက် လူပေါင်းများစွာရဲ့အသက်သွေးကြော ပေးရမယ်ဆိုတာ ကောင်းတဲ့လုပ်ရပ်မှမဟုတ်တာ။ သဘာဝတရားကြီးကိုလည်း ဆန့်ကျင်နေတာကြောင့် သူ့ကိုငရဲပို့မှရမယ်။ သူကအခု ဘယ်မှာပုန်းအောင်သလဲ သိလား။”
“ဟုတ်ကဲ့ဆရာလေး။ ဝိဉာဉ်ဖြစ်တာကြောင့် နေရောင်ထိမရလို့ သူကအခု ကျတ်တစ္ဆေတွင်းမှာ ပုံးအောင်နေပါတယ်။ ညညကြမှ အပြင်ထွက်လာပြီး လူတွေကို အိမ်အပြင်ထွက်အောင် စိတ်ညို့ပါတယ်။ အပြင်ထွက်လာမှ သတ်ဖြတ်စားသောက်နေပါတယ်။”
“ကောင်းပါပြီ သင့်ဘုံဌာနကိုပြန်လို့ရပြီ။”
ထိုပုဂ္ဂိုလ်ပျောက်ကွယ်သွားချိန်၌ သူရသည် သူ၏တပည့်နှစ်ဦးကိုခေါ်၍ မိုးတကောင်းကျေးရွာသူကြီး ဦးမင်းအောင်အိမ်ကို ထွက်လာခဲ့လေ၏။ သူကြီးအိမ်ဝိုင်းထဲကိုဝင်တာနှင့် အသက်ခတ်ကြီးကြီးလူနှစ်ယောက်က သူကြီးနဲ့စကားပြောနေတာကို တွေ့လိုက်ရသည်။
“ငါ့တူတို့တောင်ရောက်လာပြီပဲ။ ထိုင်ပါကွာထိုင်ပါ။”
သူရတို့ဆရာတပည့်သုံးယောက်က သူကြီးဘေးမှာ ဝင်ထိုင်လိုက်ကြသည်။
“ငါ့တူတို့ထမင်းစားဖို့ ဦးပြင်ထားတယ်ကွဲ့။ စားကြတော့မလား။”
“နေပါစေသူကြီး ကျွန်တော်တို့စားခဲ့ပါပြီ။ သူကြီးကိုတစ်ခုပြောစရာရှိသေးတယ်။ ဒီနေ့ည ကျွန်တော်တို့ ဒီကဝေမကို နှိမ်နင်းတဲ့အခါမှာ ရွာထဲကလူတွေကို အိမ်ထဲကအိမ်အပြင်မထွက်စေချင်ဘူး။ ပြီးတော့ သတ္တိကောင်းကောင်းလူတစ်ယောက်ကို ရှာပေးနိုင်မလား။”
“ရပါတယ်ငါ့တူ ဦးအနေနဲ့ဒီလောက်တော ကူညီပေးနိုင်ပါတယ်။ ဟေ့ သံခဲရေ ။
“ဗျာ သူကြီး။”
“ရွာထဲက တုတ်ကြီးကိုသွားခေါ်ခဲ့စမ်းကွာ။ ငါခေါ်ခိုင်းတာလို့ပြောလိုက်။”
“ဟုတ်ဟုတ်သူကြီး။”
သံခဲထွက်ပြီးခဏအကြာ၌ အရပ်ပုပု ဗလကောင်းကောင်းနှင့် လူတစ်ယောက်ပါလာခဲ့သည်။ သူရ က ထိုလူ၏ရုပ်လက္ခဏာကိုကြည့်၍ အလွန်သတ္တိကောင်းမည့်သူဟု သိလိုက်၏။ ထို့နောက်သူရက တုတ်ကြီးဆိုသူကို ညသန်းခေါင်ကြ ကဝေမကို မျှားဖို့သူလုပ်ပေးရမည်ဟုပြောကာ လုပ်နိုင်မလုပ်နိုင် မေးလိုက်လေ၏။
“ကျုပ်လုပ်နိုင်ပါတယ်ဆရာလေး။ ကျုပ်က ဒီမိစ္ဆာမကို သတ်ချင်နေတာ။ သရဲနဲ့လူဖြစ်နေလို့သာ ငြိမ်နေတာ။ အခုလိုကူညီခွင့်ရတာ ကျုပ်အရမ်းဝမ်းသာတယ်။”
“ကောင်းပါပြီဗျာ ကိုတုတ်ကြီးရဲ့အသက်ကို ကျွန်တော်အာမခံပါတယ်။ ကိုတုတ်ကြီးဆံချည်တစ်မျှင်မထိခိုက်စေရပါဘူး။”
“ဟုတ်ကဲ့ပါဆရာလေး။”
ဤသို့ဖြင့် သူရတို့သည် နေ့လယ်ထမင်းစားသောက်ပြီးချိန်ကစ၍ သထမထိုင်လိုက်ကြ၏။ ညသန်းခေါင်ကိုမရောက်ခင် ကိုတုတ်ကြီးကို ကျော၌ ကိုယ်လုံအင်းကပ်ပေးထားလိုက်သည်။ သန်းခေါင်ယံအချိန်ကျတာနှင့် ကိုတုတ်ကြီးက ရွာအပြင်ကို ကြွက်ထိုးမည့်ပုံစံနှင့် ထွက်လာခဲ့သည်။ ကိုတုတ်ကြီးနှင့်မလှမ်းမကမ်းကနေ သူရတို့လိုက်လာခဲ့၏။ မကြာပါ လေပြင်းတစ်ချက်ဝေ့တိုက်သွားချိန်၌ ကောင်းကင်ကနေ လာနေသော မီးလုံးကြီးကို သူရတွေ့လိုက်ရ၏။
ကိုတုတ်ကြီးကိုမြင်သွားပုံရ၏။ တရှိန်တိုးအောက်ကိုဆင်းလာကာ လေပေါ်မှာတင် မိန်းမအသွင်ပြောင်းသွားပြီး လက်သည်းများနှင့် ကိုတုတ်ကြီးကို သတ်ဖို့လုပ်လိုက်၏။ သို့သော် ကိုတုတ်ကြီး၏ ကျောဘက်က ကိုယ်လုံအင်းကနေ အကာရံတစ်ခုထွက်လာကာ ကာပေးထားခဲ့သည်။ ထိုမိန်းမ၏ လက်သည်းနှင့် အကာရံထိသောအခါ ဝုန်းခနဲဆိုသလို ထိုမိန်းမက အနောက်ကိုတစ်လံလောက်လွင့်သွားကာ ပြုတ်ကျလေ၏။
သူရတို့လည်း ပုန်းနေရာကနေထွက်လာကာ ကိုတုတ်ကြီးကို အနောက်ဆုတ်ခိုင်းလိုက်၏။ သူရတို့ကိုမြင်တာနှင့် ကဝေမက ဒေါသတကြီးထလာခဲ့သည်။
” ဟဲ့အကောင်တွေ နင်တို့နဲ့ဘာဆိုင်လို့ ဝင်ရှုပ်တာလဲ။ သေချင်နေတာလား သောက်ကလေးတွေ။”
“လောကရဲ့ သဘာဝတရားကြီးကို ဆန့်ကျင်ပြီး လူ့အသက်ကို သတ်နေတဲ့ သင့်လိုမိစ္ဆာတွေကို နှိမ်နင်းဖို့ ကျွန်ုပ်တို့ကတာဝန်ပေးခံထားရတာ။ သင့်ရဲ့ လုပ်ရပ်တွေကို ရပ်တန်းကမရပ်ရင် ကျွန်ုပ်သင့်ကို မဟာအဝီစိငရဲထိ ပို့ရလိမ့်မယ်။”
“ဟားဟားဟားဟား ငါမွေးရင်ငါ့သားအရွယ်တောင်မရှိတဲ့ကောင်ကို ငါကကြောက်မယ်ထင်နေလားဟေ့။ ဟဲ့ ကွင်းပိုင်ကြီးငတေ ဒီသူတောင်းစားတွေကို လာသတ်စမ်း။”
ထိုကဝေမ၏ အမိန့်စကားသံအဆုံး၌ ထန်းပင်လောက်ရှိသောအရပ်နှင့် ခန္ဓာကိုယ်က ရာဝင်အိုးလောက်ရှိသော ကွင်းပိုင်ကြီးက သူရတို့ဆီကို ပြေးဝင်လာ၏။ သူရသည် ကွင်းပိုင်ကြီးသူ့အနားရောက်လာသည့်အခါ၌ ညာလက်ကိုဆန့်တန်း၍ တွန်းထုတ်လိုက်သောအခါ ကွင်းပိုင်ကြီးငတေက အနောက်ကို ပစ်လဲကျသွား၏။
“သင့်အနေနဲ့ သူ့ကိုကြောက်စရာမလိုပါဘူးငတေ သူခိုင်းတဲ့အတိုင်းလုပ်ရင် သင်ပဲအကုသိုလ်ပိုများနေမယ်။”
သူရစကားကြောင့် ကွင်းပိုင်ကြီးက ခေါင်းညိမ့်ကာ ပျောက်သွားသောအခါ ကဝေမက တောက်ခတ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူး၍ အနီရောင်ပညာစက်နှင့် သူရကိုပစ်လွှတ်လိုက်သည်။ သူရသည် ညာလက်နှင့် ကဝေမပညာစက်ကို ကာလိုက်ကာ ဘေးကို လွှဲချလိုက်၏။ ကဝေမသည် ကောင်းကင်ပေါ်ကို မော့၍ ပါးစပ်ဟကာ တစ်တောင်ခန့်မျှ လေပေါ်ကိုမြောက်သွားလေ၏။
“သူ့ရဲ့ပညာဘူးကို သူကိုယ်တိုင်အပြင်ထုတ်နေတာ။ ပညာဘူးကိုအပြင်ထုတ်ပြီး လက်မှာကိုင်တိုက်တဲ့စက်တွေက အရမ်းပြင်းလိမ့်မယ်။ မင်းတို့အကာအင်းတွေထုတ်လိုက်ကြ။”
သူရစကားကြောင့် စောသနှင့်ခွန်းသက အကာအင်းများအမြန်ထုတ်ကာ ကာလိုက်ကြသည်။ ကဝေမသည် ပညာဘူးထွက်လာတာနှင့် သူရပြောသလို လက်မှာကိုင်ပြီး ဘောလုံးတစ်လုံးစာခန့်ရှိသော ပညာစက်ကြီးကိုပစ်လွှတ်လိုက်၏။ ကဝေမ၏ပညာစက်နှင့် စောသနှင့်ခွန်းသကာရံထားသောအကာတို့ ထိမိသောအခါ၌ ဝုန်းခနဲဆိုသလို မီးလုံးကြီးထတောက်ကာ စောသနှင့်ခွန်းသလည်း အနောက်ကို အနည်းငယ်ရွေ့သွားသည်။
သူရသည် လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်၍ စုန်းမထံကိုပစ်လွှတ်လိုက်သည်။ စုန်းမက သူရ၏ အင်းကိုမြင်တာနှင့် သူ၏ပညာစက်နှင့်ပြန်ပစ်လိုက်သည်။ အင်းချပ်ကလေးနှင့် ကဝေပညာစက်တို့ ထိမှန်သောအခါ ပြင်းထန်သောတွန်းကန်အားနှင့်အတူ ပေါက်ကွဲသွားလေ၏။ ကဝေမက လေပေါ်ကနေ အောက်ပြန်ကျလာသည်။
“ဟင်းဟင်း နင်တို့ ပညာကမခေဘူးပဲ။ ဒီလိုဆိုတော့လည်း ငါ့ပညာအကုန်ထုတ်တိုက်ရတော့မှာပေါ့။ သေဖို့သာပြင်ထားကြဟေ့။”
ကဝေမက ဤကဲ့သို့ပြောပြီး သူ၏ပညာဘူးကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်ကာ ဂါထာတစ်ပုဒ်ကိုရွတ်ဖတ်နေသည်။ သူရက အခြေအနေကို သဘောပေါက်သွားကာ ရှေ့ကိုတိုးလာပြီး သူ၏တပည့်များကိုလက်ကာပြလိုက်၏။ လွယ်အိတ်ကိုချွတ်ကာ စောသကိုပေး၍ သူရက မျက်လုံးအစုံမှိတ်ပြီး တတိယမျက်လုံးကိုဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို သူရ၏ခန္ဓာကိုယ်ကို ရွှေအိုရောင်အလင်းတန်းများက ကာရံသွားလေ၏။
ကဝေမက သူ၏ဂါထာအဆုံးတွင် လက်ထဲက ပညာဘူးထဲကနေ ပညာစက်ပေါင်းများစွာထွက်လာကာ ကဝေမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ဟားတိုက်ရယ်မော၍ စိမ်းပုပ်ရောင် ပညာစက်နှင့်သူရထံပစ်လွှတ်၏။ သူရက လက်နှစ်ဖက်ကို စက်ဝိုင်းသဏ္ဍန်လှည့်၍ ရွှေအိုရောင်ပညာစက်နှင့် ကာလိုက်သည်။ ထို့နောက် ကဝေမက လက်သီးဆုပ်၍ ဖြန့်ချလိုက်ချိန် မီးတောက်များပေါ်လာကာ သူရထံကို ပစ်လွှတ်လေ၏။
သူရသည် လက်နှစ်ဖက်လုံးကိုအားယူ၍ ရှေ့ကိုတွန်းထုတ်လိုက်သောအခါ လေပြင်းတစ်ခုက ဝုန်းဆိုတိုက်သွားကာ မီးတောက်များငြိမ်းသွားလေသည်။ ကဝေမသည် အလွန်ဒေါသထွက်လာပုံရ၏ သူ၏မျက်လုံးကနီရဲတောက်လာကာ ခန္ဓာကိုယ်ကိုလွှမ်းခြုံထားသောပညာစက်များကလည်း အနီရောင်ပညာစက်များအဖြစ်ပြောင်သွားလေ၏။ ပညာစက်အကုန်ထုတ်ပြီဆိုတာ သိလိုက်ရတာနှင့်သူရသည် သူ၏ညာလက်ညိုးနှင့် လေပေါ်မှာ ကဝေပညာစက်ဖျက်အင်းတော်ကြီးကို ရေးဆွဲလိုက်လေ၏။
ကဝေမက ပညာစက်အကုန်စု၍ ပစ်လွှတ်လိုက်တာနှင့် သူရကလည်း ရွှေရောင်တောင်နေသော ကဝေစက်ဖျက်အင်းတော်ကြီးကို ပြန်ပစ်လိုက်လေသည်။ ကဝေပညာစက်များကြားထဲ အင်းတော်ကြီးက တိုးဝင်သွားကာ ဝုန်းခနဲဆိုသောအသံနှင့် စက်တွေအကုန်ပျောက်၍ ရွှေအိုရောင်အလင်းတန်းများက ကဝေမကို ထိမှန်ကုန်ကြလေသည်။ ကဝေမသည် မျက်လုံးမျက်ဆန်ပြူးကာ သူ၏ခန္ဓာကိုယ်က တခဏအတွင်းမှာပင်မီးများတောင်လောင်သွားပြီး မြူမှုန်များအဖြစ်ပျောက်သွားလေ၏။
သူရသည် အူစုံစားကဝေမကိုနှိမ်နင်းပြီးတာနှင့် ကိုတုတ်ကြီးကို ရွာသို့ပြန်လည်စေလွှတ်လိုက်၏။ ကဝေမကို အသေချာနှိမ်နင်းပြီးတာမို့ စိတ်ချလက်ချနေကြရန်မှာကြားကာ ကိုတုတ်ကြီး၏ ကျောက ကိုယ်လုံအင်းကိုခွာ၍ ဆရာတပည့်သုံးဦးက မဟာဂန္ဓာရီခရီး ပြန်စခဲ့တော့လေသတည်း။
~~~~
ပြီးပါပြီ။
လေးစားလျှက်
မိုးထွန်း(မကွေး)
Leave a Reply