နမည်ခေါရင်မထူးနဲ့

သည်ဟု ယိုးစွပ်လာကြသည်။

တစ်ညတွင် မသက်ခင်စာသင်နေစဉ်မှာပင် မိသားစုတစ်စုမှ ၎င်းတို့၏သမီးသေဆုံးရခြင်းသည် မသက်ခင်မှပြုစားသောကြောင့်ဟု ‌စွပ်စွဲပြောဆိုပြီး စာသင်ခန်းထဲမှ အတင်းဓမ္မဆွဲထုတ်ခေါ်ဆောင်သွားကြလေ၏။ နောက်တစ်နေ့တွင်မူ မြို့ပြင်ဖက် တောစပ်နေရာတွင် မသက်ခင်၏အသက်မဲ့နေသောအလောင်းကိုတွေ့လိုက်ကြတော့သည်။

စွပ်စွဲသတ်ဖြတ်ပစ်ကြသည့် သူများကိုတရားဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးပြီးသော်လည်း ထိုညကျောင်း၌ မသက်ခင်၏ဝိဉာဉ်မှာခြောက်လှန့်နေဆဲဖြစ်သည်ဟု ဆိုကြသည်။ မသက်ခင်သေဆုံးပြီး ညကျောင်းကိုမထားရှိတော့ဘဲ ပိတ်လိုက်တော့သည်။

ညကျောင်းမရှိတော့သော်လည်း လွတ်နေသည့်တစ်ထပ်အဆောက်အအုံကြီးတွင် တခါတရံ မိုးလာခိုသည့်သူများရှိ၏။ ထိုသူတို့မှာ ခြောက်လှန့်ခြင်းခံရသဖြင့်ညကျောင်းအနီးပင်ဖြတ်မသွားဝံ့ကြတော့ပေ။ လက်တည့်စမ်းသပ်ချင်ကြသော လူများသည်လည်း ညကျောင်းထဲရောက်လာတတ်သည်။ ၎င်းတို့သည်လည်းပြေးကြရသည်။

ခြောက်လှန့်ခံရသူတို့ပြောပြသည်မှာ ၎င်းတို့သည်စည်းတစ်ဖက်ခြားထားသည့်အမှောင်လောကသို့ရောက်သွားသည်ဟုဆိုသည်။ စာသင်ခန်းထဲ ၎င်းတို့မှာ ဝင်ထိုင်နေကြပြီး မသက်ခင်ကကျောက်သင်ပုန်းပေါ်တွင် လူစာရင်းအတိုကောက်ရေးရန်ရပ်နေသည်။ထို့နောက် စာအုပ်ကိုဖွင့်ကာ အမည်ခေါ်တော့သည်။

အံ့ဩစရာကောင်းစွာ၎င်းတို့အမည်များက ထိုစာအုပ်ထဲရှိ နေသည်ဟုပြောကြသည်။ ထို့နောက်မသက်ခင်က အမည်များကို စတင်ခေါ်တော့သည်။ အထူးသတိပြုရန်မှာ နာမည်ခေါ်လျှင် မထူးမိရန်ဖြစ်သည်။ ထူးမိပါက တပတ်အတွင်း သေဆုံးရတတ်သည်ဟုပြောကြသည်။ ခေတ်ကာလရွေ့လျားလာသည်နှင့်အညီ ထိုအကြောင်းအရာများသည်လည်း အမျိုးမျိုးပြောင်းလဲကာ မည်သည့်အရာကအမှန်၊ မည်သည့်အရာကအမှားမှန်း သေချာစွာမသိကြတော့ချေ။

ယခုအခါတွင်တော့ ထိုနေရာကို တက္ကသိုလ်ကျောင်းကြီးဆောက်လုပ်ကာ ကျောင်းသားကျောင်းသူ ‌များစွာ တက်ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော်အဘယ်အကြောင်းကြောင့် ထိုအဆောင်အားအသုံးမပြုသနည်းကိုမူ မည်သူမှမသိကြပေ။ တခါကလည်း အဆောင်ကြီးကို ဖျက်ကာအသစ်ပြန်လည်ဆောက်မည်ဟု သတင်းထွက်ခဲ့သေး၏။ သို့သော်နောက်ဆုံး
မဖျက်တော့ဘဲ ထားမြဲထားဆဲ။ ထို့ကြောင့်လည်းကျောင်းသားအသစ်တစ်သုတ်ဝင်လာတိုင်း ထိုအဆောင်အကြောင်းကအသစ်ပြန်လည်ဖြစ်ရခြင်းလည်းဖြစ်တော့သည်။

ထိုကဲ့သို့အကြောင်းတရားများကြောင့် လေ့လာစမ်းသပ်ချင်သူကျောင်းသားများစွာပေါ်ထွက်လာခဲ့ရသည်။ ခန်းဖြိုးပိုင်တို့ ရှေ့စီနီယာ ကျောင်းသားများလည်း စမ်းသပ်ခဲ့ဖူးသည်။ အချို့ကလည်း တွေ့သည်ဟုဆိုသည်။ အချို့ကလည်း မည်သည်မှမဟုတ် လျှောက်ပြောခြင်းသာဖြစ်သည်ဟုဆိုသည်။ တိတိကျကျရေရေရာရာ ဘာမှမရှိချေ။ထို့ကြောင့် ခန့်ဖြိုးပိုင်တို့လည်း သက်သေပြနိုင်ရန်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်တော့သည်။

၎င်းတို့သည် ခိုးကြောင်ခိုးဝှက်ဖြင့် ညကျောင်းအဆောင်အနီးသို့တိုးကပ်လာကြသည်။ အဆောင်တံခါးပေါက်ရှိငွေရောင်သော့အိမ်ကြီးကို အသင့်ယူလာ
သည့် တူဖြင့်ရိုက်ဖွင့်လိုက်၏။ သို့သော်သော့မှာမပျက်ပေ။ နောက်ဆုံး တံခါးပတ္တာပါဖျက်ပစ်လိုက်တော့သည်။ တံခါးကိုဖြည်းဖြည်းချင်းဆွဲဖွင့်သည့်အခါ သံချေးတက်နေသည့်တံခါးဂျိတ်ဆီမှ “ကျိ ကျိ”မြည်သံက စိတ်လှုပ်ရှားဖွယ်ကောင်းနေသလိုလို။ တံခါးဖွင့်သည်နှင့် စိုထိုင်းထိုင်းညှီစို့စို့အနံ့က အရင်ဦးဆုံးထွက်ပေါ်လာလေသည်။

” ဘာနံ့ကြီးလဲဟာ ”

” တိုးတိုးပြောစမ်းပါကွ ”

အောင်ငြိမ်းချမ်းမှာ အနံ့အသက်ကိုမခံနိုင်သဖြင့်အော်မိသဖြင့် သူငယ်ချင်းများက သတိပေးနေရသည်။ခိုးလုပ်ရသည့်အတွက် လူမိမည်လည်းစိုးသဖြင့်လည်း ကျီးကန်းတောင်းမှောက်ကြည့်ရသေးသည်။ ကျောင်းအပြင်ဖက်ဆီမှ ဆွဲဆွဲငင်ငင်အူနေသည့် ခွေးအူသံနှင့်ပုစဉ်းအော်သံမှအပ တစ်ကျောင်းလုံးတိတ်ဆိတ်နေ၏။ အားလုံးအထဲဝင်မည်ပြင်စဉ်ခန့်ဖြိုးပိုင်မှ အမြန်လှမ်းတားလာသည်။

“မင်းတို့ကို ပြောဖို့တခုကျန်သေးတယ် ”

” ဘာလဲ ”

” ဒီအဆောင်ထဲဝင်မယ်ဆိုရင် အဆောင်အပြင်ဖက်မှာ စီးလာတဲ့ဖိနပ်ကို မှောက်ထားရမယ်တဲ့ ”

စည်သူဟိန်းက တအံ့တဩဖြင့်ကြည့်နေသည်။ နိုင်ကိုကသိချင်သဖြင့်ပြန်မေး၏။

” ဘာလို့မှောက်ရတာလဲ ”

” ငါလည်းသေချာမသိဘူး…ဒါကိုလူတိုင်းသိတာမဟုတ်ဘူးနော်‌ေဟ့ရောင်… ငါသေချာစုံစမ်းထားတာ…ဖိနပ်မှောက်ထားမှ တွေ့ရတယ်တဲ့ ”

” မှောက်ဆိုလည်းမှောက်ခဲ့တာပေါ့ကွာ ”

သူငယ်ချင်းလေးယောက်မှာ အဆောင်အပြင်ဖက်၌စီးလာသည့်ဖိနပ်များကို ချွတ်ပြီး မှောက်ထားခဲ့တော့၏။ ထို့နောက်အဆောင်ထဲဝင်ကာ အဆောင်တံခါးကိုအသာလေးပြန်စေ့ထားခဲ့လေသည်။ ပါလာသည့်လက်နှိပ်ဓါတ်မီးအသေးများကို တစ်ယောက်တစ်ခုကိုင်ကာ အဆောင်ထဲလေ့လာကြည့်နေကြသည်။

အဆောင်အထဲတွင် ထူးထူးခြားခြားမည်သည်မှမရှိပေ။ စာသင်ခန်းပြုလုပ်ထားသဖြင့် ဟောခန်းကြီးကိုအခန်းများကန့်ထားပြီး ကာထားသည်။ ပြူတင်းပေါက်မှန်များလည်း နှစ်ကာလကြာရှည်ပြီဖြစ်၍ မှန်ကွဲသည့်နေရာကကွဲ၊မှန်ပင်မရှိတော့သည့်နေရာလည်းရှိသည်။ အထဲစရောက်ရောက်ချင်း ထိတ်လန့်သလိုဖြစ်နေကြသော်လည်း မည်သည်မှထူးထူးခြားခြားမတွေ့သဖြင့် မကြောက်ကြတော့ချေ။

လာမိတာတောင်မောသည်ဟုတေွးနေမိကြသည်။ ဆယ်မိနစ်ခန့်လျှောက်ကြည့်ပြီး မည်သည်မှမတွေ့သဖြင့် တစ်ယောက်နှင့်တစ်ယောက်စနောက်ကြတော့၏။ နိုင်ကို ကအခန်းများထဲအရင်ပြေးကာ စာသင်ခုံအပျက်များကြား ပုန်းအောင်းနေပြီး ” ဘွားကနဲ” ပေါ်လာသည့်ပုံဖြင့်အရင်စနောက်သည်။ အောင်ငြိမ်းချမ်းကလည်း အားကျမခံ စားပွဲခုံပေါ်မတ်တပ်ရပ်ကာ သရဲပုံစံလုပ်ပြသည်။

အားလုံးက တဝါးဝါးသဘောကျစွာအော်ရယ်မိလိုက်ကြ၏။ ၎င်းတို့ရယ်မောနေစဉ် အဆောင်အပြင်ဖက်မှ ‌လမ်းလျှောက်လာသံကိုကြားမိလိုက်ကြလေသည်။

” ဟေ့ရောင်တွေ…ရှုးတိုးတိုး… လူလာနေပြီဟ ”

” ဒုက္ခပဲ … ပုန်း… ပုန်း ”

သူငယ်ချင်းများမှာ လူမိမည်စိုးသဖြင့် စာသင်ခုံအောက်ဝင်ပုန်းကြ၏။ တစ်ယောက်တစ်နေရာဖြစ်သည်။ ခြေသံမှာ တံခါးပေါက်တည့်တည့်၌ရပ်သွားပြီး တံခါးကိုဆွဲဖွင့်လိုက်လေသည်။ တံခါးဖွင့်လိုက်သည်နှင့် ဖယောင်းတိုင်မီးကြီးကိုင်ကာ ဝင်လာသောမိန်းမတစ်ယောက်၏ ခြေအစုံကိုအားလုံးလှမ်းမြင်
လိုက်ကြတော့သည်။

ထိုမိန်းမသည် ဖယောင်းတိုင်ကြီးတစ်တိုင်သာယူလာသော်လည်း တစ်ခန်းလုံးလင်းနေသလိုပင်။ အဆောင်တစ်ခုလုံးဝါဝါထိန်ထိန်လင်းလာသည်။ ထို့နောက်ခြေသံများထပ်မံကြားရပြီး ကျောင်းသား ကျောင်းသူများဝင်လာကြသည်။ ခန့်ဖြိုးပိုင်တို့မှာ ပုန်းအောင်းနေရာမှ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိကြ၏။နားမလည်နိုင်စွာဖြင့်တွေဝေနေကြစဉ် စားပွဲပေါ်သို့ကြက်မွှေးဖြင့်ရိုက်လိုက်သံအားကြားလိုက်ရသည်။

” ပုန်းမနေကြနဲ့ … ထွက်လာခဲ့… စာသင်မယ် ”

ပထမဆုံးဝင်လာသည့်မိန်းမသည် ဆရာမ မသက်ခင်ဖြစ်ဟန်တူသည်ဟု တွေးမိသည်နှင့် ခန့်ဖြိုးပိုင်တို့မှာခေါင်းနဘန်းကြီးလာသလိုလို၊ ကျောရိုးတွင်းမှ အေးစိမ့်လာသလိုလို၊ ဆံပင်များအချောင်းလိုက်ထောင်လာသလိုလို ဖြစ်ပေါ်လာသည်။ ကြောက်ရွံ့ထိတ်လန့်မိသော်လည်း ၎င်းတို့အားထွက်လာရန်ခေါ်နေသဖြင့်ကြောက်ကြောက်လန့်လန့်နှင့် ထွက်လာကြတော့သည်။

” ဘာရပ်ကြည့်နေကြတာလဲ … ကိုယ့်ခုံကိုယ်ထိုင်
ကြလေ ”

ဆရာမ မသက်ခင်က ပြောသော်လည်း ၎င်းတို့ခုံမည်သည့်ခုံမှန်းမသိပေ။ ကြုံရာဝင်ထိုင်လိုက်ကြသည်။‌မသက်ခင်မှာ ၎င်းတို့လေးယောက်အား စူးစိုက်ကြည့်နေသည်ကိုမြင်သည့်အခါ အလွန်ပင်အသည်းငယ်လာမိသလိုဖြစ်လာသည်။ နှလုံးကတဒုတ်ဒုတ်ခုန်နေသံကိုအပြင်ဖက်မှပင်ကြားနေကြသည်။ တကယ့်နဖူးတွေ့၊ဒူးတွေ့ကြုံရသည့်အခါ ဇောချွေးများပျံကာ တုန်ယင်နေကြလေတော့သည်။ ‌

မသက်ခင်မှာ အရပ်မနိမ့်မမြင့်နှင့် အသားညိုညိုဖြစ်သည်။ ဆံပင်ဘေးနှစ်ဖက်ကို ဆံညှပ်ဖြင့်ညှပ်ထားကာကျောနောက်ဖက်သို့ဖြန့်ချထား၏။ အရှေ့ဆံပင်ကိုအတိညှပ်ထားလေသည်။ သူမ၏ဘယ်ဖက်ရင်ဘတ်၌ နှင်းဆီပန်းပုံရွှေရောင်ရင်ထိုးတစ်ခုလည်းတပ်ထားသည်။ သူမက ခန့်ဖြိုးပိုင်တို့ကို မနှစ်လိုသည့်ဟန်ဖြင့်တချက်ကြည့်ပြီး စာအုပ်ကိုကောက်ကိုင်လိုက်သည်။အခန်းထဲရှိ ကျောင်းသားကျောင်းသူများကလည်းအတောင့်လိုက်ထိုင်နေကြ၏။

” နာမည်ခေါ်မယ် ”

တခန်းလုံးအပ်ကျသံပင်မကြားရပေ။ စည်သူဟိန်းက သတိပေးသလို အသံခပ်တိုးတိုးဖြင့်ပြောသည်။

” မထူးကြ‌နဲ့နော် ”

စည်သူဟိန်းစကားသံဆုံးသည်နှင့် မြေဖြူခဲဖြင့်ကောက်ပစ်လာသည်။

” စကားမပြောရဘူးဆိုတာ မသိဘူးလား ”

မသက်ခင်မှာ အသံနက်ကြီးဖြင့်အော်ကာ မြေဖြူခဲဖြင့်‌ဆက်တိုက်ကောက်ပစ်သည်။ အားလုံးကြောက်ရွံ့သဖြင့် မလှုပ်ရဲကြတော့ပေ။ မသက်ခင်ကတော့စည်သူဟိန်းအား စားမတတ်ဝါးမတတ်စိုက်ကြည့်နေသည်။ စည်သူဟိန်းမှာ နဖူးပေါ်မှချွေးစေးများပင်စီးကျလာလေတော့၏။ အတော်ကြာစိုက်ကြည့်ပြီးမှမသက်ခင်က အေးစက်စက်အသံဖြင့်ဆက်ပြောသည်။

” ခုံနံပါတ် တစ် မောင်နိုင်ကို ”

နိုင်ကိုမှာ သူ၏အမည်ကိုခေါ်လိုက်သဖြင့် အလွန်ကြောက်လန့်ကာ အသံထွက်ငိုလာသည်။ ကြောက်လည်းကြောက် ၊ ထူးလည်းမထူးရဲ ဘဲခုံတွင်ထိုင်ရင်းတုန်နေ၏။

” ခုံနံပါတ် တစ် မောင်နိုင်ကို … မရှိဘူးလား ”

ဆရာမ မသက်ခင်အသံက ကြောက်မက်ဖွယ်ကောင်းနေသလို နိုင်ကိုအားစိုက်ကြည့်ရင်း အော်မေးနေသည်။ နိုင်ကိုမှာ တသိမ့်သိမ့်ရှိုက်ငိုနေရင်း သူ၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့်ပိတ်ထား‌ခဲ့သည်။ မသက်ခင်မှာ နိုင်ကို အနီးသို့ ခြေမလှမ်းဘဲ လေထဲရွေ့လာနေသည်။

” နိုင်ကို ကျောင်းမလာဘူးလား ”

နိုင်ကိုဘေးသို့ရပ်ကာ ခေါင်းငုံလာရင်းမေးနေသည်။နိုင်ကိုတော့မည်သို့နေမည်မသိ။ ကျန်သုံးယောက်မှာထွက်ပြေးဖို့ ကြိုးစားသော်လည်း ထိုင်ခုံမှရွေ့မရနေချေ။ လှုပ်မရဘဲ အတောင့်လိုက်ထိုင်နေရသလိုဖြစ်နေရသည်။ နိုင်ကိုမှာ ပါးစပ်ကိုလက်နှစ်ဖက်ပိတ်ထားရာမှ မျက်ရည်ကျလာသည်။ မသက်ခင်မှာ နိုင်ကိုဘေး၌ဖြည်းဖြည်းချင်းတပတ်ပတ်ကြည့်‌နေသည်။ထို့နောက် ခြေမလှမ်းဘဲ လေထဲရွေ့ကာစားပွဲနားသို့ပြန်သွား၏။ စာအုပ်ထဲတွင် တစုံတရာရေးမှတ်နေသည်။

” ခုံနံပါတ် နှစ် မောင်အောင်ငြိမ်းချမ်း ”

မသက်ခင်အသံကြားသည်မှာ သေမင်းခေါ်သံကဲ့သို့ခံစားနေကြရသည်။ အောင်ငြိမ်းချမ်းမှာ မျက်လုံးစုံမှိတ်ပြီး တုန်နေသည်။

” ခုံနံပါတ် နှစ် မောင်အောင်ငြိမ်းချမ်း ”

မသက်ခင်မှာ ထပ်မံခေါ်လာသည်။ အောင်ငြိမ်းချမ်းမှာ မထူးမိအောင်ဂရုစိုက်နေပုံရ၏။ စိတ်ကိုအတော်တင်းထားသည့်ပုံပင်။ မသက်ခင်ကလည်း အောင်
ငြိမ်းချမ်းအနီး ရွေ့လာကာ

” အောင်ငြိမ်းချမ်း ဒီနေ့ကျောင်းမလာဘူးလား ”

အောင်ငြိမ်းချမ်းကိုငုံ့ကြည့်ကာ အေးစက်စက်အသံဖြင့်မေးပြန်သည်။ အားလုံးမှာကြောက်ရွံ့နေကြသည့်ကြားမှ မထူးမိအောင်သတိထားနေရသည်။မသက်ခင်ပြန်ထွက်သွားပြီး စာအုပ်ထဲရေးမှတ်နေ၏။

” ခုံနံပါတ် သုံး မောင်စည်သူဟိန်း ”

စည်သူဟိန်းမှာ အတောင့်လိုက်ကြီးဖြင့် ရှေ့တည့်တည့်ကိူကြည့်နေသည်။ မသက်ခင်ကို မကြည့်ရဲပေ။မသက်ခင်မှာစည်သူဟိန်းနားပတ်နေ၏။ မထူးသည့်အခါ မကျေနပ်သလိုကြည့်ပြီး စာအုပ်ထဲရေးမှတ်နေသည်။ ထို့နောက်နောက်ထပ်နာမည်ထပ်ခေါ်၏။ ယခုအခါ ခန့်ဖြိုးပိုင်သာကျန်သည်ဖြစ်၍ သူသည်အလွန်ထိတ်လန့်နေချေပြီ။

” ခုံနံပါတ် လေး မောင်ခန့်ဖြိုးပိုင် ”

ခန့်ဖြိုးပိုင်လည်း ပါးစပ်ကိုတင်းတင်းစေ့ထား၏။ ပြန်မထူးမိစေရန် စိတ်ကိုတင်းထားလေသည်။ မသက်ခင်က ဖြည်းဖြည်းချင်းတိုးကပ်လာလေပြီ။

” ဘယ်သူမှကျောင်းမလာကြဘူးလား ”

သူမ၏အသံမှာ အလွန်ပင်အေးစက်စက်နိုင်ပြီး ကျောချမ်းဖွယ်အတိဖြစ်၏။ သူငယ်ချင်းလေးယောက်သားတုပ်တုပ်မလှုပ်ရဲကြပေ။ မသက်ခင်မှာ ၎င်းတို့လေးယောက်ကို စေ့စေ့လိုက်ကြည့်နေသည်။ ထို့နောက်မြေဖြူခဲဖြင့် ကျောက်သင်ပုန်းထောင့်တွင် စာရေးလိုက်သည်။

” ၄/၃၂ ”

ဆိုလိုသည်က ကျောင်းသားဦးရေ ၃၂ တွင် ၄ယောက်ပျက်ကွက်သည်ဟူသည့်အဓိပ္ပါယ်ပင်။ ထို့နောက်၎င်းတို့၏အမည်များကို အောက်တွင် ရေးနေသည်။ လေးယောက်နာမည်များတန်းစီရေးနေစဉ် ကျန်ကျောင်းသားကျောင်းသူများက ၎င်းတို့ဖက်လှည့်ကြည့်လာကြသည်။ ခန္ဓာကိုယ်မလှည့်ဘဲ ခေါင်းများသာလှည့်လာကြ၏။

ခန့်ဖြိုးပိုင်တို့မှာ နှုတ်မှအာစေးမိထားသလိုအော်၍မရလာတော့ဘဲဖြစ်နေသည်။ ထို့ပြင်ခန္ဓာကိုယ်လည်းလှုပ်၍မရနေပေ။ မသက်ခင်က နာမည်များရေးပြီးသည်နှင့် ဖြည်းဖြည်းချင်းလှည့်လာသည်။

” ပျက်တဲ့ကလေးတွေကို ကျောင်းလာတက်ဖို့ခေါ်ရမယ် ”

ဟုဆိုပြီး ၎င်းတို့အနီးသို့ လမ်းမလျှောက်ဘဲထပ်မံရွေ့လာသည်။

” မောင်နိုင်ကို ”

နိုင်ကိုဘေးတွင်ရပ်ကာ ခေါ်လာ၏။ နိုင်ကိုမှာ မျက်နှာဇီးရွက်လောက်သာကျန်တော့သည်။ တကိုယ်လုံးလည်းချွေးများဖြင့်စိုရွှဲနေလေသည်။

” ဘာလဲ… မထူးကြဘူးပေါ့ ”

မသက်ခင်ကဒေါသထွက်လာဟန်ရှိသည်။

” နိုင်….ကို ”

ရုတ်တရက် တံခါးအပြင်ဖက်ဆီမှ နိုင်ကို၏ အမေအသံကိုကြားလိုက်ရတော့သည်။ ထိုအခါနိုင်ကိုမှာထိတ်လန့်သွားပြီး ပြန်ဖြေမိ၏။

” ဗျာ…အမေ ”

မသက်ခင်က ပြုံးစိစိဖြင့်ကြည့်လာသည်။ ထိုအခါမှ အသံသည်အမှန်တကယ်မဟုတ်မှန်းရိပ်မိတော့သည်။ နိုင်ကိုမှာ ပြန်ထူးမိသဖြင့် အလွန်ကြောက်
လန့်သွားပြီး ထပြေး၏။ တံခါးကိုအထဲမှတွန်းဖွင့်သော်လည်း တံခါးကမပွင့်ပေ။ မသက်ခင်က ကျောက်သင်ပုန်းနားသွားကာ နိုင်ကို အမည်ဘေးတွင် စာရေးလိုက်သည်။

” မောင်နိုင်ကို ( ကျောင်းသားအသစ် ) ”

ထိုစာမြင်ပြီး အားလုံးလန့်ဖျပ်ကုန်ကြ၏။ မည်သည့်အရာများဆက်ဖြစ်မည်မသိ။ အလွန်ပင်နောင်တရနေမိကြသည်။ ထိုစဉ် နိုင်ကို၏ တံခါးထုသံကြောင့်လားမ‌ဆိုသာပေ။ အခန်းအပြင်မှ ” ဝုန်းကနဲ ” တံခါးဆွဲဖွင့်သံကြားပြီး တစ်ခန်းလုံးမှောင်သွားတော့သည်။

” မင်းတို့ဘယ်သူတွေလဲ … ဘာလို့ဒီထဲရောက်နေတာလဲ ”

၎င်းတို့၏ကယ်တင်ရှင် ကျောင်းအုပ်နှင့် ကျောင်းစောင့်တို့ဖြစ်နေသဖြင့် ဝမ်းသာအားရပြေးထွက်မိကြလေတော့သည်။ ကျောင်းအုပ်ကမေးသော်လည်းပြန်မဖြေနိုင်သေးဘဲ တုန်ယင်နေသည်။ ကျောင်းအုပ်လည်းရိပ်မိဟန်ရသည်။ ၎င်းတို့ကို ရုံးခန်းသို့ခေါ်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်မေးမြန်းတော့သည်။ ခန့်ဖြိုးပိုင်တို့လည အစအဆုံးဇာတ်ရည်လည်အောင်ပြန်ပြောပြကြသည်။

ကျောင်းစောင့်မှာ ကျောင်းအုပ်ကို ခပ်တိုးတိုးပြောနေ၏။ ကျောင်းအုပ်ကြီးကလည်း စိတ်ပူနေဟန်ရသည်။

” ရော့… ဒီလက်ဖွဲ့ကြိုးတွေလွယ်ထားကြ…ဒီကိစ္စကိုဘယ်သူ့မှမပြောမိစေနဲ့ ကြားလား ”

ဟုသတိပေးကာ ပြန်ခိုင်းလာသည်။ လေးယောက်သားအိမ်သို့ပြန်ပြေးကြတော့သည်။ ထိုကိစ္စဖြစ်ပြီးဖျားသူကဖျားသည်။ ကယောင်ကတမ်းဖြင့်ငေါင်တောင်တောင်ဖြစ်သူကဖြစ်သည်။ အဆိုးဆုံးမှာနိုင်ကိုသည် အိမ်ရှိ အုတ်ကန်ထဲသို့ပြုတ်ကျသွားခြင်းပင်ဖြစ်သည်။ မိဘများကအချိန်မှီတွေ့သဖြင့် အသက်မသေခဲ့ခြင်းပင်။

နိုင်ကိုပြောပြသည်က မသက်ခင်အသံဖြင့် ရေလှောင်အုတ်ကန်ကြီးသို့သွားရန်ခိုင်းစေသံကြားပြီး မည်သည်မှမမှတ်မိတော့ဟုဆိုသည်။ ကျောင်းအုပ်ပေးလိုက်သောအဆောင်ကြောင့်ပင်လော၊ မိဘများတွေ့၍လောမပြောနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် အသက်မသေခဲ့ရခြင်းဖြစ်သည်။

ထိုကိစ္စဖြစ်ပွားပြီး ညကျောင်းအဟောင်းတစ်ထပ်ဆောင်အား ပြန်လည်ပြုပြင်ကာ ကျောင်းဓမ္မာရုံအဖြစ်ပြောင်းလဲခဲ့တော့သည်။ သို့သော် ကျောင်းထဲ၌ ပြောစမှတ်တွင်ကျန်နေသည်က ” နာမည်ခေါ်ရင်မထူးကြေး ” ဟူ၍ဖြစ်လေတည်း။

Sincerely Credit To Writer – သော်တာလမင်းစန္ဒာ