ကြည့်နေတယ်။
“အလတ်ကောင်၊ မင်းဟာက ထမင်းလား၊ မုန့်စိမ်းပေါင်းကြီးလား”
ထမင်းတွေ အပွက်လွန်ပြီး စေးကပ်သွားတာဆိုတော့ ထမင်းစေ့တွေပျောက်ပြီးတော့ ထမင်းက မုန့်စိမ်းပေါင်းတုံးကြီးလိုဖြစ်နေပါရောဗျာ၊ ထမင်းကိုယောက်မနဲ့ခူးထားတော့ ပန်းကန်ထဲမှာ အတုံးလေးတွေဖြစ်နေတာပေါ့။
“ဟာ အဖေကလည်းဗျာ၊ အတုံးလေးတွေဆိုတော့ နယ်ဖတ်စရာမလိုတော့ဘူးပေါ့၊ လက်နဲ့ကိုင်ပြီးတော့ ဟင်းနဲ့တို့ပြီး စားရုံပဲ”
အဖေ့မျက်နှာက ရှုံ့မဲ့သွားတယ်၊ ဒါပေမယ့် ကျုပ်ကိုဘာမှတော့မပြောဘူးဗျ၊ အကိုကြီးကတော့ ဟင်းချေးမများတက်ဘူးဗျ၊ ကျုပ်ကြော်ထားတဲ့ ကြက်ဥကြော်ကို တစ်ဖဲ့ဖဲ့လိုက်ပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်ပြီး ဝါးလိုက်တာပဲ။
“အား . . . ခါးလိုက်တာ ထွီ”
အကိုကြီးက သုံးလေးချက်ဝါးပြီးတာနဲ့ တခြားဘက်ကိုလှည့်ပြီးထွေးထုတ်လိုက်တာပဲဗျာ၊ နောက်တော့ ကျုပ်ကိုလှည့်ကြည့်တယ်။
“အလတ်ကောင်၊ ကြက်ဥကို ဘယ်လိုကြော်ထားတာလဲ”
ကျုပ်ကတော့ ကိုယ့်အကြောင်းကိုယ်သိတာမို့ ဘာမှမပြောဘဲနဲ့ ရယ်ကျဲကျဲနဲ့ကြည့်နေတာပေါ့ဗျာ၊ အကိုကြီးက ပန်းကန်ပေါ်က ကြက်ဥကြော်အချပ်ကြီးကို လက်နဲ့ကိုင်ပြီး တစ်ဖက်ကိုဆွဲလှန်လိုက်တယ်ဆိုရင်ဘဲ မည်းတူးပြီးချပ်ပြားကြီးဖြစ်နေတဲ့ ကြက်ဥကြော်တစ်ဖက်ခြမ်းကို တွေ့သွားပါရော။
“ဟဲ့ကောင်ရာ၊ ဟိုဘက်အခြမ်းက ဒယ်အိုးဖင်ကြီးလိုဖြစ်နေပါရောလားကွ”
“ဟဲ . . . ဟဲ၊ မီးပြင်းသွားတော့ ကြက်ဥကြော်တွေ တူးသွားတာအကိုကြီးရ၊ ဒါပေမယ့်မပူပါနဲ့၊ ဒီဘက်အခြမ်းကို ဟောဒီလိုအပေါ်ယံကလေး လက်နဲ့ခြစ်ယူပြီး စားလို့ရပါတယ်”
ကျုပ်လည်း ကြက်ဥရဲ့မကျက်တကျက်ဖြစ်နေတဲ့အခြမ်းကို လက်ချောင်းလေးတွေနဲ့ခြစ်ပြီးတော့ ကလော်စားပြလိုက်သေးတာပေါ့၊ လက်ချောင်းနဲ့ခြစ်ရင်း တူးနေတဲ့အပိုင်းအစတွေပါလာလို့ ပါးစပ်ထဲမှာ ခါးသွားတာပဲဗျာ၊ ချက်ချင်းထွေးထုတ်ချင်ပေမယ့် ကိုယ်ချက်ထားတဲ့လက်ရာဆိုတော့လည်း ဘာမှမပြောတော့ဘဲ ကြိတ်မှိတ်ပြီးမြိုချလိုက်တာပေါ့ဗျာ။
အငယ်မက အတုံးလိုက်ဖြစ်နေတဲ့ ထမင်းတုံးပေါ်ကို ခရမ်းချဉ်သီးငါးပိချက် တစ်ဇွန်းခပ်ပြီး ဆမ်းလိုက်တယ်၊ ပြီးတော့ ထမင်းတုံးလေးကို လက်နှစ်ချောင်းနဲ့ကိုင်ပြီး အသာကိုက်ဝါးလိုက်တယ်ဗျ။
“အောင်မယ်လေး၊ ငန်လိုက်တာ ထွီ . . . ထွီ”
တစ်အိမ်လုံးက ကျုပ်ကိုဝိုင်းကြည့်တာပေါ့ဗျာ၊ ကျုပ်လည်း ခရမ်းချဉ်သီးငါးပိချက်ကို လက်ညိုးနဲ့တို့ပြီးတော့ ပါးစပ်ထဲထည့်လိုက်တယ်။
“မဆိုးပါဘူးအငယ်မရ၊ ငါးပိချက်ချက်နေရင်း ဆားကိုထည့်ပြီးပြီလား၊ မထည့်ရသေးဘူးလားဆိုတာ မသေချာတာနဲ့ နှစ်ခါထည့်လိုက်မိတာ၊ မဆိုစလောက်လေးငန်တာပါ၊ ထမင်းနဲ့တွဲစားရင်အတော်ပဲ”
မဆိုစလောက်ငန်တယ်သာပြောတာ ကျုပ်လက်ရာကိုကျုပ်သိနေပြီ၊ ခရမ်းချဉ်သီးငါးပိချက်က ငန်လွန်းလို့ လည်ချောင်းထဲကိုမြိုချလိုက်တာတောင် အာခေါင်ခြောက်ပြီးတော့ ရေကချက်ချင်းဆာလာတာဗျာ၊ သူတို့မရိပ်မိအောင်လို့ မသိမသာလေးထပြီးတော့ ရေအိုးကနေ ရေသုံးခွက်လောက် ဆက်တိုက်သောက်ချလိုက်မှာပဲ ရေငတ်ပြေသွားတော့တယ်၊ နောက်တော့အငယ်မ ထမင်းပန်းကန်ကိုင်ပြီးတော့ မတ်တပ်ရပ်လိုက်တယ်။ အဖေက အငယ်မကိုကြည့်ပြီး
“ဟဲ့ အငယ်မ၊ ဘယ်သွားမလို့လဲ”
“ဘယ်သွားရမလဲအဖေရ၊ အကိုလတ်ချက်တဲ့ဟင်းတွေက စားလို့မှမရတာ၊ ဒီတော့ ဒီထမင်းပြဲပြဲလေးကိုပဲ ဆီနဲ့ဆားနဲ့နယ်ပြီး မြေပဲဆန်ကြော်လေးနဲ့ပဲ စားတော့မယ်”
အဖေက ခေါင်းညိတ်ပြီးတော့
“အေးကောင်းတယ်၊ ရော့၊ ငါ့လဲနယ်ပေးစမ်း”
အဖေကပါ သူ့ထမင်းပန်ကန်ကို အငယ်မကိုလှမ်းပေးလိုက်တယ်၊ နို့ညှာညီမကတော့ ကျုပ်ချက်ထားတဲ့ ထမင်းတုံးကို ဒီအတိုင်းကိုက်စားနေတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး
“နောက်ဆို ထမင်းအိုး အပြဲလွန်သွားရင် အိုးကြီးကြီးနဲ့လှယ်ပြီး ဆန်ပြုတ်သာပြုတ်လိုက် အကိုလတ်ရေ၊ ဆန်ပြုတ်ဖြစ်သွားရင်တောင် ဒီထက်စားကောင်းအုံးမယ်”
ကျုပ်လည်းအကြံရသွားတာပေါ့။
“အေးဟ၊ ဆန်ပြုတ်ဆိုရင် ဟင်းချက်စရာလည်းမလိုတော့ဘူး၊ ဆားခတ်သောက်ရုံပဲ၊ အေး . . . နင်ပြောတဲ့အကြံကောင်းတယ်”
ကျုပ်ပြောနေတုန်းရှိသေးတယ် အဖေ့အရှေ့နားက ရေနွေးကြမ်းပန်းကန်လုံးက ကျုပ်ဆီကိုပျံထွက်လာတာပေါ့ဗျာ၊ ကျုပ်လည်း အရှောင်အတိမ်းက ကျွမ်းပြီးသားဆိုတော့ ချက်ချင်းငုံ့ရှောင်လိုက်တာပေါ့။ အဖေက ဒေါ်သထွက်ထွက်နဲ့
“ဟေ့ကောင်၊ အဲဒါမင်းကို တမင်ရွဲ့ပြောနေတာကွ”
“ဟာ အဖေကလည်း၊ တစ်ခါတစ်လေတော့ အဆင်မပြေတာလေးတွေ ရှိမှာပေါ့ဗျ၊ မပူနဲ့၊ ညစာကိုတော့ အဖေတို့စိတ်တိုင်းကျ စပါယ်ရှယ် . . .”
“တော်စမ်း၊ နောက်ဆို မင်းထမင်းချက်ဖို့မပြောနဲ့ မီးဖိုနားတောင်မသီနဲ့ကွာ၊ ချက်ဖို့ပြုတ်ဖို့ကို အရီးပြုံးကို အကူအညီတောင်းလိုက်မယ် . . . မင်းချက်တာသာ ဆက်စားလို့ကတော့ ငါတော့ သွေးတိုးပြီးသေမှာပဲ”
အဖေက ဒေါသထွက်ထွက်နဲ့ ထမင်းဝိုင်းက ထထွက်သွားတယ်ဗျ၊ ဒီလိုနဲ့ ကျုပ်လည်း တစ်မနက်နဲ့တင် အိမ်ရဲ့စားဖိုမှူးရာထူးကနေ ပြုတ်သွားပါရောလားဗျာ။
(၂)
“စုန်းတွေက ဖျားတတ်တယ်လား၊ ကျုပ်ကြားဖူးတာကတော့ စုန်းဆိုတာ မဖျားဘူး၊ မနာဘူးဆို”
ကျုပ်မေးလိုက်တော့ ဦးဘသာက ကျုပ်ကိုမျက်စေ့မှေးပြီးကြည့်တယ်ဗျ။
“မင်းကတော့ ဘယ်က ပုံပြင်တွေဖတ်မိပြန်ပြီလဲမသိပါဘူးကွာ၊ မှတ်ထားကွာ၊ စုန်းဆိုတာလည်း အသွေးအသားနဲ့ဖွဲ့စည်းထားတာပဲ၊ ခန္ဓာရှိရင် ဝေဒနာရှိတယ်ကွ၊ စုန်းမပြောနဲ့ မင်းတို့ဘုရားတောင်မှ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့ မကင်းလို့ သမားတော်ဇီဝက က စောင့်ရှောက်ပေးရတယ်ဆို”
ဦးဘသာက ကျုပ်ကိုခပ်ပြတ်ပြတ်ပဲပြောတာ၊ သူလည်း နေမကောင်းဖြစ်နေတာကိုးဗျ၊ ကျုပ်လည်း သူ့ကိုမျက်နှာလုပ်ချင်တော့ ကျုပ်ချက်ထားတဲ့ ထမင်းဟင်းလေးတွေပို့ပေးတာပေါ့၊ တစ်ယောက်တည်းနေတဲ့လူက ဖျားနေတာဆိုတော့ ဘယ်ချက်ပြုတ်စားနိုင်ပါ့မလဲဗျာ။ အိမ်မှာလည်း စားတဲ့လူမှ မရှိတာကိုး။
“ဒါနဲ့ မင်းအမေရာ မမာဘူးဆိုကွ”
“ဟုတ်ပါ့ဦးဘသာရာ၊ အမေလည်း သွေးနဲ့သားနဲ့တည်ဆောက်ထားတာမို့ ဖြစ်မှာပေါ့”
“အေးအေး၊ ငါအိပ်လိုက်အုံးမယ်၊ မင်းပြန်တော့”
ဦးဘသာက ကျုပ်ကိုအတင်းနှင်လွတ်တယ်ဗျ၊ ကျုပ်လည်း သူ့ကိုမျက်စောင်းထိုးကြည့်လိုက်တော့ ဦးဘသာက
“မင်း ငါ့အနားရှိနေရင် ငါစကားတွေအများကြီး ပြောရလွန်းလို့ပါကွာ၊ ငါတောင်းပန်ပါတယ်၊ သွားပါတော့”
ကျုပ်ကိုတောင်းတောင်းပန်ပန်နဲ့ ပြောနေတော့တာပဲ၊ ကျုပ်လည်း သူ့ကိုသနားသွားတာနဲ့ ထမင်းခွက်၊ ဟင်းခွက်တွေချပေးခဲ့ပြီးတော့ ထသွားတာပေါ့ဗျာ။
(၃)
“ချမ်းတယ် . . . ချမ်းတယ်”
ညနေငါးနာရီလောက်ရောက်တော့ အမေက တုန်နေတာပဲဗျ၊ ကျုပ်တို့လယ်ထဲက ပြန်လာတဲ့အချိန်ပေါ့၊ အငယ်မကတော့ အမေ့ကိုအနီးကပ်ပြုစုနေတယ်၊ ကျုပ်အိမ်ပေါ်တက်ပြီး အမေ့ကိုကြည့်လိုက်တော့ အမေက အတော်ကိုချောင်ကျနေတာပဲဗျာ၊ မျက်လုံးကိုပြူးထွက်နေတာပဲ၊ သုံးလေးရက်အတွင်း အမေအတော်ကျသွားတာပဲ။ တစ်ကိုယ်လုံးကတော့ ကျသွားပေမယ့် အမေ့ဗိုက်က ပူလို့ဗျ။
“ဟဲ့အငယ်မ၊ အမေ့ကိုဆေးတိုက်ပြီးပြီလား”
“တိုက်တော့တိုက်တယ်၊ အမေက ဘာမှစားလို့ သောက်လို့မရဘူး၊ ရေတိုက်ရင်တောင် အန်အန်ထွက်နေတာ”
ဒီအချိန်မှာပဲ အမေ့ဘက်က အမျိုးတော်တဲ့ အရီးပြုံးက အိမ်ပေါ်ကိုတက်လာခဲ့တယ်ဗျ၊ လက်ထဲမှာလည်း ဆန်ပြုတ်တစ်ခွက်ကိုင်လို့ပေါ့ဗျာ။ ပြီးတော့ အမေ့ရှေ့မှာဝင်ထိုင်တယ်။
“အစားတစ်ခုခုတော့ ဝင်အောင်စားလိုက်မသန်း၊ အစာမဝင်ရင် နင်လဲသွားမှာပေါ့”
အရီးပြုံးက ဆန်ပြုတ်တစ်ဇွန်းခပ်လိုက်ပြီးတော့ တဖူးဖူးမှုတ်လိုက်တယ်၊ ဆန်ပြုတ်က ကြက်သားနဲ့ပြုတ်ထားတာမို့လို့ အဆီလေးတွေဝေ့ပြီးတော့ မွှေးနေတာပဲဗျာ၊ အပေါ်ကနေ ဆီချက်မွှေးမွှေးကလေးလည်း ဆမ်းထားတာကိုး။ နောက်တော့ အရီးပြုံးက ဆန်ပြုတ်ဇွန်းကို အမေ့ကိုလှမ်းခွံ့တယ်၊ အမေက ပါးစပ်ကိုယဲ့ယဲ့ကလေးဟပြီးတော့ ဆန်ပြုတ်ကိုရှူးခနဲသောက်လိုက်တယ်ဗျ။
“ကောင်းလိုက်တာ အရီးပြုံးရယ်”
“ကောင်းရင်များများသောက်၊ ဒီတစ်ပန်းကန်တော့ ဝင်အောင်သောက်”
အရီးပြုံးက ဆန်ပြုတ်နောက်တစ်ခွက်ခပ်နေတုန်းရှိသေးတယ် အမေက ဝေါ့ခနဲပျို့တက်လာပြီး ဆန်ပြုတ်တွေကို ပြန်အန်ထုတ်လိုက်တာပဲဗျာ။ ဆန်ပြုတ်တွေရော၊ ရေတွေရောပါတယ်၊ အရီးပြုံးလဲ ပေကျံကုန်တာပေါ့။ အငယ်မက ရေတစ်ခွက်ယူလာပြီး အမေ့ကိုတိုက်တယ်။ အမေက ရေတစ်ကျိုက်မော့သောက်လိုက်ပြီးတော့ ခုနကအတိုင်း ပြန်အန်ထုတ်ပါရောဗျာ။
“ဟဲ့မသန်း၊ ညည်းမစားနိုင်ဘူးလား”
“ဆာတော့ဆာတယ် အရီးပြုံးရယ်၊ ဒါပေမယ့် စားတိုင်းအန်၊ သောက်တိုင်းအန်နေတာဆိုတော့ မစားချင်၊ မသောက်ချင်တော့ပါဘူးရှင်၊ အန်ရတာလည်း ပင်ပန်းလိုက်တာ”
အမေ့အန်ဖတ်တွေပေသွားတဲ့ အဝတ်အစားတွေကိုလဲပေးပြီးတော့ အမေလည်းပြန်လှဲပြီးအိပ်သွားတာပေါ့ဗျာ၊ ကျုပ်ဖြင့် အမေ့ကိုကြည့်ပြီး စိတ်တောင်မကောင်းဘူး၊ အမေ့လက်ကလေးတွေဆိုလည်း ပိန်ပိန်ကလေးပဲရှိတော့တာ၊ ဒါတောင်မှ ဖျားတာက သုံးရက်လောက်ရှိသေးတာဗျ။
ကျုပ်လည်းစိတ်ညစ်ညစ်နဲ့ အိမ်ပေါ်ကဆင်းလာတော့ ဆန်ပြုတ်အနံ့ကမွှေးနေတာပဲဗျာ၊ ဘေးဘီကိုကြည့်လိုက်တော့ လူလည်းရှင်းနေတာနဲ့ မီးဖိုချောင်ထဲဝင်ပြီးတော့ တစ်လုံးချိုင့်ကလေးထဲကို ဆန်ပြုတ်တွေခပ်ထည့်တာပေါ့ဗျာ၊ ဘယ်သူ့အတွက်လဲ ဆိုတာတော့ ခင်ဗျားတို့လည်းသိမှာပါ။ ပြီးတာနဲ့ ဆန်ပြုတ်ချိုင့်ကလေးကို အသာဖွက်ကိုင်ပြီးတော့ အိမ်ထဲကနေ အပြေးထွက်ခဲ့တာပေါ့၊ ကျုပ်ခြံထဲကနေထွက်တော့ အရီးပြုံးက လှေကားကနေဆင်းလာတယ်။ ကျုပ်လည်း မျက်နှာပူတာနဲ့ ခြံထဲကနေ အမြန်ပြေးခဲ့တာပေါ့ဗျာ။
“ရော့ ဦးဘသာစားဖို့ ကျုပ်ပြုတ်လာခဲ့တာ”
ဦးဘသာက လှဲနေရာကနေ ငုတ်တုတ်ထိုင်လိုက်တယ်ဗျ၊ နောက်တော့ ကျုပ်ကိုင်လာတဲ့ တစ်လုံးချိုင့်ကလေးကိုကြည့်တယ်။
“မင်းချက်လာတာဆိုရင်တော့ မစားတော့ပါဘူးကွာ”
“ဟာ၊ ဦးဘသာကတော့ စားစမ်းပါဗျ”
“တော်စမ်းပါကွာ၊ မနက်ကလည်း ထမင်းဟင်းတွေချက်လာတယ်ဆိုလို့ ငါ့မှာ ဗိုက်ဆာဆာနဲ့စားလိုက်တာ၊ မြိုလို့တောင်မရဘူးကွာ၊ ဒါနဲ့ ပန်းကန်ပြားစုတ်ထဲထည့်ပြီး ဂုတ်ကျားကိုကျွေးတာ ငတ်ပြတ်နေတဲ့ ဂုတ်ကျားတောင်မှ မင်းထမင်းကိုမစားဘူးကွ”
ကျုပ်လည်း ရယ်ကျဲကျဲပဲ လုပ်ရတာပေါ့ဗျာ။
“ဦးဘသာကလည်း ကျုပ်က စားစေချင်လို့ပေးတာပါဗျ၊ ရော့ ဒီမှာဆန်ပြုတ်ဗျာ”
ဆန်ပြုတ်ချိုင့်ကိုဖွင့်လိုက်တော့ အနံ့ကမွှေးထွက်လာတာဗျ၊ ဦးဘသာလည်း နှုတ်ခမ်းသပ်ပြီးတော့ ဆန်ပြုတ်ချိုင့်ကိုငေးကြည့်တယ်။
“ဒီလောက်မွှေးကြိုင်နေတာဆိုတော့ သေချာပေါက် မင်းလက်ရာမဖြစ်နိုင်ဘူး”
“ဟီး၊ ဒါက အရီးပြုံးလက်ရာ”
ဦးဘသာက ဇွန်းတစ်ချောင်းသွားယူပြီးတော့ ဆန်ပြုတ်တွေကို အားရပါးရခပ်သောက်တာပဲဗျာ၊ သူ့ပုံစံကြည့်ရတာ အနှစ်နှစ်အလလက ငတ်ပြတ်နေတဲ့လူလိုပဲ၊ တစ်လုံးချိုင့်ထဲက ဆန်ပြုတ်တွေ အကုန်ကုန်အောင်ကို သောက်ထည့်လိုက်တာ၊ ဆန်ပြုတ်ကုန်သွားတော့ ချိုင့်ထဲကို ရေထည့်ပြီးတော့ ရေနဲ့ကျင်းပြီး သောက်လိုက်သေးသဗျ။
“ကောင်းလိုက်တာ၊ မပြုံးလက်ရာ ဒီလောက်ကောင်းမှန်း ငါမသိခဲ့ဘူး”
“စားပါ၊ စားပါ၊ ဒီဆန်ပြုတ်က အမှန်တော့ အမေ့အတွက်ပြုတ်ထားတာ၊ အမေက ဆန်ပြုတ်မပြောနဲ့ ရေတောင်မြိုချမရဘူးဗျာ”
ဦးဘသာက တစ်ချက်တွေးသွားတယ်ဗျ။
“ရေတောင်မြိုမရဘူးတဲ့လား”
ကျုပ်ကိုပြန်မေးတော့ ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။
“ဒါပေါ့၊ ဆန်ပြုတ်တစ်ဇွန်းစားရင်လည်းအန်၊ ရေတစ်ကျိုက်လောက် သောက်ရင်လည်းအန်၊ ဆေးတောင်သောက်လို့ မရဘူးတဲ့ဗျာ”
“မင်းဟာက ရိုးရဲ့လားကွ”
ကျုပ်လည်း ဦးဘသာကို မျက်စောင်းထိုးလိုက်ပြီး
“ဦးဘသာက ပြောလိုက်ရင်တော့ အမြဲတမ်း၊ ရိုးရဲ့လား၊ ရိုးရဲ့လားနဲ့”
“အေး၊ ငါကလည်း ထူးဆန်းလို့မေးကြည့်တာပါကွာ၊ ဒါနဲ့အခုရက်ပိုင်းမှာ မင်းအမေဘာတွေဖြစ်ခဲ့သေးသလဲ”
ကျုပ်လည်းခေါင်းခါလိုက်ပြီးတော့
“မဖြစ်ပါဘူး၊ အေးဆေးပါပဲ၊ ကဲ ဦးဘသာ ကျုပ်သွားတော့မယ်၊ ဦးဘသာသာ ဆေးကုတတ်လို့ကတော့ ကျုပ်အမေကို ဦးဘသာနဲ့ပဲ ကုပစ်လိုက်ချင်တယ်၊ ခက်တာ ဦးဘသာက ကိုယ့်ဟာကိုယ်တောင် အဖျားကိုမကုနိုင်ဘူးမဟုတ်လား”
ကျုပ်လည်း တမင်ခနဲ့ပြောပြီးတော့ တစ်လုံးချိုင့်ကလေးကိုင်ပြီး ဦးဘသာခြံထဲကနေထွက်လာခဲ့တာပေါ့ဗျာ။
(၄)
“အိမ်မှာထူးဆန်းတာတွေ ဖြစ်နေပြီ”
ကျုပ်ခြံထဲဝင်လိုက်တော့ အရီးပြုံးက အိမ်ရှေ့ခန်းမှာပြောနေတယ်ဗျ၊ အဖေကလည်း သူ့ကိုကြည့်လို့ပေါ့။
“ဘာတွေဖြစ်နေတာလဲဗျ”
“ဘာဖြစ်ရမလဲ သူကြီးရဲ့၊ ညနေက ကျုပ်ဆန်ပြုတ်တွေ တစ်အိုးကြီးပြုတ်ထားတာ၊ အခု တစ်ဝက်လောက်ပဲကျန်တော့တယ်”
“တစ်ယောက်ယောက်သောက်သွားတာဖြစ်မှာပေါ့ဗျာ”
အရီးပြုံးက မယုံချင်ဘူးဗျ။
“မဖြစ်နိုင်ပါဘူး သူကြီးရယ်၊ ဒီအိမ်မှာ ကျုပ်တို့အမြဲရှိနေတာပဲ၊ သေချာပါတယ်၊ ဒါသရဲတွေဘာတွေ သောက်သွားတာဖြစ်မှာ”
“သရဲသောက်တာမဟုတ်ဘူးဗျို့၊ စုန်းသောက်တာဗျ”
ကျုပ်လည်း ချိုင့်ကလေးဆွဲပြီး အဖေ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တော့ အရီးပြုံးက တအံ့တဩနဲ့
“ဟယ်၊ စုန်းတဲ့လား၊ ပြောစမ်း ဘယ်ကစုန်းလဲ”
“ဦးဘသာပေါ့ဗျာ၊ သူလည်းဖျားနေတယ်မဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ဆန်ပြုတ်ခပ်ပြီး သူ့ကိုသွားပို့လိုက်တာ၊ ကဲ ရှင်းပြီလား”
ကျုပ်ပြောတော့မှ အရီးပြုံးက ကျုပ်ကိုမျက်စောင်းထိုးတယ်၊ နဂိုကတည်းက အဖေက အရီးပြုံးနဲ့ သိပ်စကားကြောမတည့်ဘူးမဟုတ်လား၊ ဒါနဲ့ အဖေက ကျုပ်ကိုကြည့်ပြီးတော့
“ဦးဘသာအတွက် ပို့မယ်လို့ပြောရင် ငါတို့က တားမလားကွ၊ တကယ်ဆိုရင်တော့ မင်းဆန်ပြုတ်သွားပို့မယ်ဆိုတာကို တစ်ယောက်ယောက်ကိုတော့ ပြောသင့်တာပေါ့၊ အခုတော့ တစ်ချို့တွေက ထင်ချင်ရာတွေ ထင်ကုန်ပြီမဟုတ်လား”
အဖေက အရီးပြုံးကိုစောင်းငဲ့ကြည့်ပြီးပြောလိုက်တော့ အရီးပြုံးက အဖေ့ကိုမျက်စောင်းလှမ်းထိုးပြီးတော့ အိမ်ပေါ်တက်သွားတာပဲဗျာ။
“ဒါနဲ့အဖေ၊ အမေ မသက်သာရင် ဘယ်လိုဆက်လုပ်မလဲ၊ အစားမဝင်၊ ရေမဝင်နဲ့ဆိုတော့”
အဖေက သက်ပြင်းချပြီး
“အေး၊ ငါအားလုံးတွေးထားပြီးသားပါ၊ မနက်ဖြန်မှ အခြေအနေမဟန်လို့ကတော့ ဆေးရုံတင်ရမယ်ကွ”
ကျုပ်လည်းခေါင်းညိတ်ပြီး ထိုင်ခုံကနေထဖို့လုပ်လိုက်တယ်။ ဒါပေမယ့် ကျုပ်ခေါင်းထဲ သတိတစ်ခုရလိုက်တယ်။
“ဪ၊ ဒါနဲ့အဖေ၊ အမေက အခုရက်ပိုင်းအတွင်း ဘာတွေထူးခြားသေးသလဲ”
အဖေက တစ်ချက်စဉ်းစားပြီးတော့
“ဘာထူးခြားသလဲဆိုတော့ . . . .၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ဒေါ်ကြွယ်တို့သားအမိတွေနဲ့ ရန်ဖြစ်ကြသေးတယ်ကွ”
“ဟင်၊ ကျုပ်လည်းမသိရပါလား”
“မင်းက အဲဒီတုန်းက ပြန်မှမရောက်သေးတာ”
“ဘာလို့ဖြစ်တာလဲဗျ”
“သူ့ကြောင့်တော့မဟုတ်ပါဘူး၊ သူ့တူမက ဒေါ်ကြွယ်တို့သားအမိကို ပိုက်ဆံချေးတယ်တဲ့ကွာ၊ ပိုက်ဆံပြန်တောင်းတော့ သမီးကလည်း အမေလိုလို၊ အမေကလည်း သမီးလုပ်တာလိုလို လွှဲချနေတာတဲ့၊ ဒါနဲ့ မင်းအမေက သူ့တူမကိုယ်စား လူမိုက်သွားလုပ်ပေးတာပဲဟေ့၊ အဲဒီမှာ ဆဲကြဆိုကြနဲ့ ရန်တွေဖြစ်ကြတာပေါ့”
ဒီအချိန်မှာပဲ အိမ်ပေါ်ထပ်က အော်သံတွေကြားရတယ်ဗျ၊ ပြီးတော့ အရီးပြုံးက ကြောက်လန့်တကြားနဲ့ အိမ်ပေါ်ကနေပြေးဆင်းလာတယ်။
“မသန်းက အပမှီနေတာ သူကြီး၊ သူ့ကို ပယောဂ ဝင်နေတာဖြစ်မယ်”
အဖေနဲ့ကျုပ်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တာပေါ့ဗျာ၊ အရီးပြုံးကဆက်ပြီး
“ဒါမျိုးကတော့ မှတ်ကြီးက ကျွမ်းတယ်ဟဲ့၊ မှတ်ကြီးကို သွားပင့်ချေ”
ကျုပ်က ဦးမှတ်ကြီးအကြောင်းသိနေတာဆိုတော့ သွားမပင့်ချင်ဘူးဗျာ၊ ဒါနဲ့ အဖေ့ကိုကြည့်လိုက်တယ်၊ အဖေကလည်း ကျုပ်အကြည့်ကိုနားလည်မှာပါ၊ ဒါပေမယ့် အဖေက စကားများများမပြောချင်လို့ထင်ပါတယ်။
“အလတ်ကောင်၊ ဦးမှတ်ကြီးကို သွားပင့်ကွာ”
အဖေ့စကားကြားတော့ ကျုပ်လည်း မငြင်းသာတော့ဘဲ ဦးမှတ်ကြီးအိမ်ကို အမြန်ပြေးခဲ့ရတာပေါ့ဗျာ။
“ဦးမှတ်ကြီး . . .ကျုပ် . . . ကျုပ်အမေ အပမှီနေလို့ဗျ”
ကျုပ်လည်း ဦးမှတ်ကြီးအိမ်ထဲကိုပြေးဝင်လိုက်ပြီးတော့ အမောတကောနဲ့ ပြောလိုက်တော့ ဦးမှတ်ကြီး က ရေနွေးသောက်မပျက်ဘူးဗျာ။
“မင်းတို့ ဘသာကို သွားမခေါ်ဘူးလား”
“ဦးဘသာကြီးက နေမကောင်းဘူးဗျ”
ဦးမှတ်ကြီးလည်း အဲဒီတော့မှ ပုဆိုးပြင်ဝတ်ပြီးတော့ နံရံမှာအသင့်ချိတ်ထားတဲ့ သူ့ရဲ့ဆေးကုတဲ့လွယ်အိတ်ကိုဖြုတ်လိုက်ပြီးတော့ ဘုရားကျောင်းဆောင်ပေါ်က ကြိမ်လုံးတစ်လုံးကိုဆွဲရင်း ကျုပ်နောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ မတတ်တခေါက်တတ်တဲ့ ဦးမှတ်ကြီးကို ဆရာတင်ပြီး ပြေးခေါ်ရတာက အောက်ကျမှန်းတော့သိပေမယ့် ကျုပ်မှာလည်းအဖေ့အမိန့်အရမဟုတ်လား၊ နောက်ပြီး ကိုယ့်အမေဖြစ်နေတာဆိုတော့လည်း သူ့ကိုမျက်နှာငယ်နဲ့သွားခေါ်ရတာပေါ့ဗျာ။
ကျုပ်လည်း ပြန်လာရင်း ဦးဘသာအိမ်ရှေ့ရောက်တော့ ဦးဘသာအိမ်ထဲမှာ မီးလင်းနေတာတွေ့တာနဲ့ အိမ်ကိုမပြန်တော့ဘဲ ဦးဘသာအိမ်ကိုဝင်လိုက်တာပေါ့ဗျာ၊ ပယောဂဆိုရင် ဦးမှတ်ကြီးက နိုင်မှမနိုင်တာ၊ ဦးဘသာကပဲ လုပ်ပေးနေကျဆိုတော့ ကျုပ်လည်း သူ့ကိုအားကိုးမိတာပေါ့။
“ဦးဘသာ . . . ဦးဘသာ”
“အလတ်ကောင်ပါလား၊ အမောတကောနဲ့ ဘာဖြစ်လာတာလဲ”
“ကျုပ်အမေကို အပမှီတယ်ဆိုလို့ဗျ”
ဦးဘသာအိမ်ပေါ်တက်လိုက်တော့ ဦးဘသာက အိပ်မလို့ပြင်နေတယ်တူပါရဲ့ဗျာ၊ အချိန်ကတော့ စောသေးတယ်ဗျ၊ ခြောက်နာရီကျော်လောက်ပဲရှိအုံးမယ်။
“မင်းပြောတော့ ရိုးပါတယ်ဆို”
“အခုတော့ မရိုးဘူးဗျ၊ အမေက ဘာစားစား ဘာသောက်သောက်မဝင်ဘူး၊ နောက်ပြီး အခုတော့ သရဲပူးသလိုလို ကပ်သလိုလိုဖြစ်နေတယ်တဲ့၊ ပြီးတော့လည်း လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြောက်ပိုင်းက ဒေါ်ကြွယ်တို့သားအမိနဲ့ ရန်တွေဖြစ်ကြတယ်ဆိုပဲ။
ကျုပ်ပြောလိုက်တာနဲ့ ဦးဘသာက ချက်ချင်းခေါင်းထောင်လာပြီးတော့ ငုတ်တုတ်ထိုင်ချလိုက်တာပဲ။
“အခုမင်းတို့ဘယ်လိုလုပ်ကြမလဲ”
“အရီးပြုံးနဲ့ အဖေက ဦးမှတ်ကြီးကို ပြေးခေါ်ခိုင်းတာနဲ့ ကျုပ်လည်းအခုပြေးခေါ်ပြီး ပြန်လာတာ”
ဦးဘသာက မျက်နှာမဲ့လိုက်ပြီး
“မှတ်ကြီးက မကြွယ်ကို ဘယ်နိုင်မှာလဲကွ”
ကျုပ်လည်း မျက်လုံးပြူးသွားတယ်။
“ဒါဆို မကြွယ်က စုန်းလား”
ဦးဘသာ မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ၊ သူ့ပါးစပ်က လွတ်ခနဲထွက်သွားတာကိုး၊ နောက်တော့ သူလည်းခေါင်းညိတ်လိုက်တယ်။
“မင်းကိုငါတစ်ခါပြောဖူးသားပဲ၊ တို့ရွာမှာ စုန်းအတတ်တွေတတ်ပေမယ့် စုန်းလို့လူသိမခံတဲ့လူတွေ အများကြီးရှိတယ်ဆိုတာလေကွာ”
ကျုပ်လည်း ဦးဘသာအနားကို ပြေးထိုင်လိုက်တယ်။
“ဟာ၊ ဒါဆို မကြွယ်ကစုန်းမကြီးပေါ့၊ လုပ်စမ်းပါဗျာ၊ ကျုပ်အမေကို ကယ်ပေးပါ”
“အေးပြီးရော၊ မင်းအိမ်မှာ မှတ်ကြီးရှီတယ်ဆိုတော့ ငါမလိုက်တော့ဘူး၊ ငါလည်းနေမကောင်းဘူးဆိုတော့ ဒီကနေလှမ်းကုပေးမယ်၊ လာ ဒီနားထိုင်၊ ဟိုဖက်ကိုလှည့်စမ်း”
ကျုပ်လည်း သူထိုင်နေတဲ့ဖျာပေါ်ကိုတက်ထိုင်ပြီးတော့ သူလှည့်ခိုင်းတဲ့အတိုင်း သူ့ကိုမျက်နှာမမူဘဲနဲ့ လမ်းပေါ်ကိုမျက်နှာမူပြီး ထိုင်လိုက်တယ်၊ သူနဲ့ဆိုဘေးစောင်း အနေအထားဖြစ်နေတာပေါ့ဗျာ၊ ဦးဘသာက ကျုပ်နဖူးကို သူ့လက်ဝါးနဲ့အုပ်ပြီးတော့
“မင်းကို အောက်ဝိဇ္ဇာ၊ ကဝေဝိဇ္ဇာ တွေရဲ့ အမြင်ဓါတ်ဖွင့်ပေးမယ်နော်၊ မင်းမျက်လုံးကိုမှိတ်ထား၊ ပြီးရင် မင်းတို့အိမ်ကို အာရုံပြုထား”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့ မျက်လုံးမှိတ်ထားလိုက်တယ်၊ ဦးဘသာက ကျုပ်နဖူးကိုလက်နဲ့ခပ်ဖွဖွအုပ်ထားရင်း
“ကာကနီလေးဖော်၊ ဇော်ဂနီလေးပါး၊ ကတော်ကိုးပါးနှင့် ခုနစ်ထွေကဝေမျိုးတို့ အမြင်ဓါတ်ဖွင့်ပေးပါ၊ အမြင်ဓါတ်ဖွင့်ပေးပါ၊ အမြင်ဓါတ်ကိုဖွင့်ပေးကြပါ”
ဥိးဘသာက အဲဒီလိုပြောလိုက်ပြီးတော့ ကျုပ်နဖူးကိုလက်ဝါးနဲ့ ဖြန်းခနဲရိုက်လိုက်တယ်ဆိုရင်ပဲ ကျုပ်ကိုယ်လုံးကြီးက လေပေါ်လွင့်ထွက်သွားသလိုလို၊ ရေထဲမှာ မြောနေသလိုလိုကြီးဖြစ်သွားတယ်။ ကျုပ်မျက်လုံးထဲမှာလည်း မြို့ကြီးတွေရော၊ တောင်ကြီးတွေ၊ သစ်တောကြီးတွေ၊ နောက်ပြီးတော့ လူတွေရော အစုံပဲမြင်တွေ့နေရတယ်ဗျ။
“အာရုံပြုထား၊ မင်းရဲ့အိမ်ကို အာရုံပြုထား”
ကျုပ်လည်း အိမ်အကြောင်းကိုစဉ်းစားလိုက်တာနဲ့ ပတ်ဝန်းကျင်က မြင်ကွင်းတွေက အကုန်လုံးပြောင်းလဲသွားပြီးတော့ ကျုပ်တို့ခြံရှေ့ကိုရောက်သွားတယ်ဗျ။
“မင်းအမေကိုကြည့်ဟေ့”
ကျုပ်လည်း ခြံထဲကနေပြီး အိမ်ထဲကိုဆက်သွားလိုက်တယ်၊ လမ်းလျှောက်သွားရတာနဲ့မတူဘဲ လေပေါ်မှာလွင့်သွားသလိုလို ရွေ့ပြီးရောက်သွားတာဗျ၊ အိမ်ပေါ်ကိုလှမ်းတက်မယ်လုပ်တော့ လှေကားရင်းမှာ လူကြီးတစ်ယောက်မတ်တပ်ရပ်နေတယ်။
“ဟေ့ကောင်လေး နေအုံး”
ကျုပ်ကိုအော်လိုက်တော့ ကျုပ်အရှေ့ဆက်သွားမရဘဲ တစ်ခုခုနဲ့တိုက်နေသလို တစ်နေတယ်ဗျ၊ ဒီလူကြီးက ကျုပ်ကိုအသေအချာကြည့်တယ်၊
“ဪ၊ မင်းက ဒီအိမ်ကပဲ”
အဲဒီလိုပြောပြီး ပျောက်သွားတာဗျာ၊ မျက်စိရှေ့တင်ပဲ ဘယ်ရောက်သွားမှန်းမသိဘူး၊ နောက်တော့ ကျုပ်လည်း လှေကားအတိုင်းအိမ်ပေါ်တက်လိုက်တယ်၊ အိမ်ဦးခန်းမှာ ဦးမှတ်ကြီးကထိုင်နေတယ်၊ အမေ့ကို လူတွေဝိုင်းထားတာတွေ့တယ်။
“မင်းအမေကိုသေချာကြည့်စမ်း ဘာမြင်လဲ”
ကျုပ်လည်း အမေ့ကိုသေသေချာချာစိုက်ကြည့်လိုက်တယ်ဗျ။
“မြင်တယ်၊ မြင်တယ် ဦးဘသာ၊ အမေ့ရဲ့လည်ပင်းနားမှာ အနက်ရောင်တွေတွေ့တယ်၊ နောက်ပြီးတော့ ခြေထောက်မှာလည်းတွေ့တယ်”
ဒီအချိန်မှာ ဦးမှတ်ကြီးက အမေ့ဗိုက်ကြီးကိုလှန်ပြီးကြည့်လိုက်တာပဲဗျာ၊ ကျုပ်ကြည့်လိုက်တော့ အမေ့ဗိုက်ထဲမှာလည်း အနက်ရောင်အမှုန်လေးတွေလိုလို အရာတွေက စုနေတာပဲ။
“ဗိုက်ထဲမှာတွေ့တယ်၊ အနက်ရောင်အမှုန်လေးတွေဦးဘသာ၊ မသိရင် ခဲတံကို ဓါးနဲ့ခြစ်လိုက်တဲ့အခါ ကျလာတဲ့အမှုန်မျိုးလေးတွေ”
“အဲဒါ မင်းအမေကို တိုက်ထားတာပဲကွ၊ အစာပိတ်၊ သွေးပိတ်၊ လေပိတ်လုပ်တယ်လို့ခေါ်တယ်၊ ဒါကြောင့် မင်းအမေက ဘာမှစားလို့သောက်လို့မရတာပေါ့ကွာ”
“ဟုတ် . . . ဟုတ်မယ်ဗျ”
“မျက်လုံးမဖွင့်နဲ့အုံးအလတ်ကောင်၊ ဒါဆိုရင် မင်းခြံထဲမှာ တစ်ခုခုတော့ရှိလောက်တယ်၊ မင်းခြံထဲကို သေသေချာချာကြည့်စမ်းကွာ”
ကျုပ်လည်း လိုက်ကြည့်တာပေါ့ဗျာ၊ အိမ်ပေါ်မှာတော့ ဦးမှတ်ကြီးနဲ့ အမေတို့က အလုပ်တွေရှုပ်နေတယ်၊ ကျုပ်ခြံထဲကိုဆင်းလာပြီး အိမ်ရှေ့တွေ အိမ်နောက်တွေကို သေသေချာချာကြည့်တယ်ဗျ။ ဒါပေမယ့် ဘာမှထူးခြားတာကိုမတွေ့ရဘူး၊ ဒါပေမယ့် ခြံတံခါးနားရောက်တော့ ထူးခြားတာတစ်ခုတွေ့လိုက်ရတယ်ဗျ။ ခြံတံခါးအဝင်အထွက်နားလောက်မှာ ခုနကမြင်ရတဲ့ အနက်ရောင်အမှုန်လေးတွေ အများကြီးစုနေပါရော။
“တွေ့ပြီ၊ ဦးဘသာ၊ တွေ့ပြီ၊ ခြံတံခါးအောက်နားမှာ ခုနကလို အနက်ရောင်အမှုန်တွေ အများကြီးပဲ”
“အေး၊ အဲဒီနေရာကို သေသေချာချာမှတ်ထားနော်”
“ဦးဘသာ ကျုပ် . . ကျုပ်တခြားနေရာတွေကို သွားကြည့်ချင်သေးတယ်”
“တော်စမ်းပါကွာ၊ အမြင်ဓါတ်ရတယ်ဆိုတိုင်း လျှောက်မကြည့်ရဘူးကွ၊ မြင်တာတွေများရင် မကောင်းဘူး၊ ကဲ ငါမင်းကိုအမြင်ဓါတ်ထုတ်ပေးပြီဟေ့”
ဦးဘသာက ပြောပြောဆိုဆိုနဲ့ ကျုပ်ရဲ့နဖူးကိုထိထားတဲ့လက်ဖဝါးကို ဖြုတ်လိုက်ပြီးတော့ ကျုပ်နောက်စေ့ကို လက်ဖဝါးနဲ့ဖြန်းကနဲရိုက်ချလိုက်တာပဲဗျာ၊ ကျုပ်ကိုယ်လုံးက အရှေ့ကိုကိုင်းကျသွားပြီးတော့ ကျုပ်နဖူးက ဖျာနဲ့ထိသွားတယ်၊ ကျုပ်ကိုတစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလိုဖြစ်ပြီးတော့ ကျုပ်လည်းမျက်လုံးတွေပွင့်သွားတာပေါ့ဗျာ၊
ထိုင်မယ်လို့လုပ်ပေမယ့် ကျုပ်ကိုယ်ကျုပ် သိပ်ပြီးထိန်းချုပ်မရသေးဘူးဗျ။ ကျုပ်လက်တွေကိုလည်း ခံစားလို့မရသေးဘူး၊ ဦးဘသာက ကျုပ်ပုခုံးကိုအသာဆွဲထူတယ်။ ဒီတော့မှ ကျုပ်လည်း ပြန်ပြီးလှုပ်ရှားလို့ရတယ်ဗျ။
“မင်းအခုလုပ်ရမှာက အိမ်ကိုပြန်ပြီး အဲဒီနေရာကို တူးသာကြည့်တော့ကွာ၊ ငါကတော့ မကြွယ်နဲ့ရှင်းလိုက်မယ်”
“ဒါနဲ့ ခုနက ကျုပ်ဘာဖြစ်နေတာလဲ၊ ကျုပ်ကိုယ်ကျုပ် ထိန်းလို့မရတော့ဘူး”
“ဘဝင်ကျသွားတာကွ၊ နတ်ပဲဖြစ်ဖြစ်၊ စုန်းပဲဖြစ်ဖြစ် လူတစ်ယောက်ကိုပူးချင်ကပ်ချင်တယ်ဆိုရင် အဲဒီလူရဲ့အသိစိတ်ကို ဘဝင်ထဲကျသွားအောင်အရင်လုပ်ရတယ်၊ ဘဝင်ကျသွားတော့မှ ဝင်ကပ်ပြီး အဲဒီလူကို စေခိုင်းလို့ရတာကွ”
“ဘဝင်ကျတယ်ဆိုတာဘာလဲဗျ”
“မင်းကလည်း စကားရှည်လိုက်တာကွာ၊ အဲဒီအကြောင်းတွေ နောက်တော့မင်းကိုပြောပြပါ့မယ်၊ အခုက အရေးကြီးတယ်၊ မှတ်ကြီးက မင်းအမေကို ကြိမ်လုံးနဲ့သိမ်းကြုံးမရိုက်ခင်၊ မင်းက အိမ်ကိုပြန်ပြီး ခုနက မင်းမှတ်ထားတဲ့နေရာကို အသေအချာတူးပေတော့”
ကျုပ်လည်း ဦးဘသာအိမ်ကနေပြေးဆင်းခဲ့တယ်ဗျ၊ ကျုပ်တို့ခြံထဲကိုပြေးဝင်လိုက်ပြီး အိမ်ခြေရင်းမှာထောင်ထားတဲ့ တူရွင်းငန်းပြားကိုဆွဲယူလိုက်တယ်၊ အိမ်ကလူတွေကတော့ အိမ်အပေါ်ထပ်မှာ စုနေကြတယ်ထင်ပါရဲ့၊ ကျုပ်လည်းခြံရှေ့ကိုလာပြီးတော့ ခုနက ကျုပ်တွေ့ထားတဲ့နေရာကို အသေအချာတူးတော့တာပဲဗျာ၊ မိုးရာသီဆိုတော့ မြေကနည်းနည်းပျော့နေတာဆိုတော့ တူးရတာတော့ သိပ်မခက်ဘူးဗျ၊ တူးရင်းနဲ့ တစ်ထွာလောက်နက်တော့ မြေကြီးထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ကျုပ်လည်း လက်နဲ့နှိုက်လိုက်တယ်၊ ပန်းကန်ကွဲလိုမျိုး အနက်ရောင်အကွဲစလေးတစ်ခုဗျ၊ အနက်ရောင်ကတော့ ပြောင်နေတာပဲဗျာ၊ အဲဒီအကွဲJစလေးမှာလည်း တစ်ခုခုနဲ့ခြစ်ထားသလိုပဲ၊ အဖြူရောင်လေးတွေလည်းတွေ့တယ်၊ ကျုပ်အထင်တော့ အင်းတစ်မျိုးပဲဖြစ်မယ်ဗျ။
ဒါနဲ့ ကျုပ်လည်း တူရွင်းငန်းပြားကိုချထားပြီးတော့ အဲဒီအပြားလေးကိုင်ပြီး ဦးဘသာအိမ်ကိုပြေးခဲ့တာပေါ့ဗျာ၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက ငုတ်တုတ်ထိုင်နေတယ်ဗျ၊ ကျုပ်လည်း သူ့အနားသွားလိုက်ပြီး
“ဦးဘသာ၊ ဟောဒီမှာကြည့် ဘာလေးလဲမသိဘူး”
ဦးဘသာက ကျုပ်ဆီက အပြားလေးကိုလှမ်းယူပြီးတော့ ဆီမီးခွက်အလင်းရောင်နဲ့ သေသေချာချာကြည့်တယ်။
“ဟောဒါက သိမ်ဝင်သပိတ်ကွဲပေါ့၊ အဲဒီအပေါ်မှာ သံစူးနဲ့ခြစ်ပြီး အင်းချထားတာပဲ၊ ပြီးတော့ အင်းကို ထုံးနဲ့ပွတ်လိုက်တော့ အခုလိုမျိုးဖြူဖြူစာလုံးလေးတွေဖြစ်သွားတာပေါ့ကွာ၊ အင်းကတော့ အမြင့်စားပဲကွ၊ ဒီအင်းကို ကိုးခမ်းအင်းလို့ခေါ်တယ်”
“ကိုးခမ်းအင်းတဲ့လား”
“အလွယ်ပြောရရင် ကိုးရက်မြောက်တဲ့နေ့မှာ အရာအားလုံးခမ်းခြောက်ပြီး သေဆုံးသွားစေတဲ့အင်းပေါ့ကွာ”
“ဘုရား . . . ဘုရား၊ အခု အမေက သုံးရက်လောက်ရှိပြီ”
“မကြွယ်လက်ချက်ပေါ့ကွာ၊ ခုနကပဲ ငါသူနဲ့စကားပြောပြီးပြီ၊ သူက မင်းအမေကို မကျေနပ်လို့ လုပ်လိုက်တာတဲ့၊ မင်းအမေက သိပ်ဆဲတော့ သူ့ကိုရွာထဲပတ်ဆဲတာကို မကျေနပ်တာတဲ့ကွာ၊ ငါထင်ပါတယ်၊ မင်းအမေ မသန်းက စကားသိပ်ကြမ်းတာဆိုတော့ တစ်နေ့သူများလုပ်တာခံရအုံးမယ်လို့”
“ဟုတ် . . . ဟုတ်ကဲ့”
“မကြွယ်က ငါ့ကိုမနိုင်မှန်းသိတော့ လျှောချသွားတယ်၊ ငါ့အထင် ခေါစာလောက်နဲ့ ပြီးသွားလိမ့်မယ်ထင်တယ်၊ ဒါပေမယ့် ဒီအင်းကတော့ မကြွယ်လုပ်တာမဖြစ်နိုင်ဘူးကွ၊ အဆင့်မြင့်တဲ့အောက်လမ်းဆရာတစ်ယောက် လုပ်ထားတာပဲနေမှာ”
“ဒါဆို ဦးဘသာဘယ်လိုလုပ်မလဲ”
ဦးဘသာက ပြုံးရင်းကျုပ်ကိုကြည့်တယ်။
“မင်းအမေအတွက် မင်းလက်တုံ့မပြန်ချင်ဘူးလား”
ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့၊ ဦးဘသာက ကျုပ်ကိုသူ့အိမ်ကြွက်လျှောက်ပေါ်တင်ထားတဲ့ ဘူးတစ်ခုထဲက သံချောင်းတစ်ချောင်းယူခိုင်းလိုက်တယ်ဗျ၊ အဲဒီဘူးထဲမှာ အိမ်ရိုက်သံတွေ ဆိုဒ်စုံ သိမ်းထားတာပဲ၊ ကျုပ်လည်း နှစ်လက်မသံတစ်ချောင်းယူပေးလိုက်တယ်၊ ဦးဘသာက အဲဒီသပိတ်ကွဲလေးကို ပြောင်းပြန်လှန်ပြီးတော့ အင်းတွေမရေးထားတဲ့ဘက်မှာ အင်းတစ်ကွက်ကို သံချောင်းနဲ့ခြစ်ပြီးဆွဲတယ်ဗျ၊ ပြီးတော့ ကွမ်းအစ်ထဲက ထုံးဘူးဖွင့်ပြီး အင်းကွက်ကို ထုံးနဲ့ပွတ်တယ်၊ နောက်တော့ သူ့အင်္ကျီစနဲ့ ထုံးတွေကိုပွတ်လိုက်တော့ သံကြောင်းခြစ်ထား အခြစ်ရာတွေထဲ ထုံးတွေဝင်ပြီးတော့ အင်းက ထင်းသွားတာပေါ့ဗျာ၊ ဦးဘသာက သပိတ်ကွဲကို လက်ပြန်ကိုင်ပြီးတော့ မန်းမှုတ်ပြီး လက်ပြန်လက်ဝါးနဲ့ တဖန်းဖန်းရိုက်တယ်၊ ပြီးတော့ ကျုပ်ကို အဲဒီသပိတ်ကွဲကိုလက်ပြန်ပေးတယ်။
“အဲဒီသပိတ်ကွဲကို ရေစိမ်ရင် လုပ်တဲ့လူ စိုတယ်၊ မီးနဲ့ပြရင် လုပ်တဲ့လူပူတယ်ကွ၊ မင်းအမေကိုလုပ်ထားတဲ့လူကို မင်းနည်းနည်းပါးပါးလုပ်ပြလိုက်စမ်းကွာ၊ နှိပ်စက်ပြီးပြီဆိုရင်တော့ သပိတ်ကွဲကို ရွာအပြင်က ရိုးချောင်းထဲကိုဖြစ်ဖြစ် စွန့်ပစ်လိုက်ပေါ့”
ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒီလိုယုတ်မာတဲ့လူကို နိုင်မယ့်နည်းလမ်းရပြီမဟုတ်လားဗျ၊ ဒါနဲ့ အဲဒီသပိတ်ကွဲကို ကိုင်ပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ ရေဖလားနဲ့ရေတစ်ခွက်ခပ်ပြီးတော့ သိမ်ဝင်သပိတ်ကို ရေဖလားထဲနှစ်တယ်ဗျ၊ တစ်ဖက်က လူယုတ်မာ ဖြစ်သွားမယ့်ရုပ်ကိုကြည့်ပြီး စိတ်ထဲပျော်နေတာပေါ့ဗျာ။
“စိုစမ်း၊ စိုစမ်း၊ အေးစမ်းကွာ”
ကျုပ်လည်း ပျော်ပျော်ရွှင်ရွင်နဲ့ သပိတ်ကွဲကို ရေထဲနှစ်လိုက်၊ ပြန်ဆယ်လိုက်လုပ်နေတယ်၊ ပြီးတော့ မီးကင်သွားဖို့ အကြံရတာနဲ့ သပိတ်ကွဲကို ယူပြီး မီးဖိုချောင်ထဲပြေးဝင်ခဲ့တာပေါ့ဗျာ။
မီးဖိုထဲကို ထင်းတုံးသုံးလေးတုံးထည့်လိုက်တယ်ဗျ၊ မီးက ဟုန်းခနဲတောက်လာတယ်ဆိုရင်ပဲ သပိတ်ကွဲကို မီးညှပ်နဲ့ကိုင်ပြီးတော့ မီးတောက်အပေါ်ကိုတင်ပြီး မီးကင်တာပေါ့ဗျာ။
“ဟား၊ ဟား သေစမ်း၊ သူများကိုမကောင်းကြံတဲ့ကောင်၊ သေစမ်း”
ကျုပ်ရယ်နေတဲ့အချိန်မှာပဲ အရီးပြုံးက မီးဖိုခန်းထဲ ဗြုန်းစားကြီးဝင်လာတယ်။
“ဟဲ့ အလတ်ကောင်၊ ဘာလုပ်နေတာလဲ”
ကျုပ်လည်း လန့်လန့်နဲ့ မီးညှပ်ကိုချလိုက်တော့ သပိတ်ကွဲက ထင်းမီးထဲကို ကျသွားတာပေါ့ဗျာ။
“ဟို . . . ဟိုလေ”
ကျုပ်လည်းပြန်ကောက်ဖို့လုပ်နေတယ်၊ ဒါပေမယ့် အရီးပြုံးက ကျုပ်ကိုတွန်းဖယ်ပြီးတော့
“ဘာမှမလုပ်ရင်လည်း ဖယ်စမ်းဟာ၊ နင့်အမေကိုဖမ်းစားတဲ့စုန်းက အမဲသားတောင်းတာ၊ အမဲသားမရှိဘူးဆိုတော့ ကြက်ဖို၊ ကြက်မနဲ့ အခုချက်ခြင်း ခေါ်စာချပေးရမယ်ဆိုလို့ ငါချက်ရအုံးမယ်၊ ကဲ လက်စနဲ့၊ နင်အိမ်နောက်ဖေးဝင်ပြီး ကြက်ဖိုတစ်ကောင်၊ ကြက်မတစ်ကောင် ဆွဲခဲ့ဟာ”
ကျုပ်လည်း ငြင်းမရတော့ဘဲ အိမ်နောက်ဖေးကိုဝင်လိုက်တယ်၊ အိပ်တန်းတက်နေတဲ့ ကြက်ဖနဲ့ ကြက်မတစ်ကောင်ကိုဆွဲပြီးတော့ ဘ၀ပြောင်းပေးလိုက်တာပေါ့ဗျာ၊ နောက်တော့ ရေနွေးနဲ့အမွှေးနှုတ်ပေးလိုက်တယ်၊ ကြက်ဖို၊ ကြက်မကို ကလီစာတွေမထုတ်ဘဲနဲ့ မကျက်တကျက်ဖြစ်အောင် မီးမြှိုက်ပေးရတယ်၊ အရီးပြုံး မီးမြှိုက်ပြီးတော့ ကျုပ်လည်း ထင်းမီးဖိုထဲသွားပြီး သိမ်ဝင်သပိတ်ကွဲကိုရှာပေမယ့် မတွေ့တော့ပါဘူးဗျာ။
ခေါပန်းတောင်းထဲကို ဖက်ခင်းပြီးတော့ ထမင်းထည့်ဖို့လုပ်တယ်၊ ကျုပ်လည်းအကြံရသွားတာနဲ့။
“အရီးပြုံး မနက်က ကျုပ်ချက်ထားတဲ့ ထမင်းတွေရှိသေးတယ်မဟုတ်လား”
“ရှိပါ့အေ၊ ဘယ်သူမှစားမရတော့ အိုးလိုက်ကြီးကို ကျန်နေသေးတာ”
“ဒါဆိုအတော်ပဲဗျာ၊ စားမရမယ့်အတူတူ အဲဒီထမင်းတွေကို ခေါ်စာပစ်လိုက်ရအောင်”
အရီးပြုံးကလည်း ခေါင်းညိတ်ပြီးတော့ ကျုပ်ချက်ထားတဲ့ မုန့်စိမ်းပေါင်းနဲ့တူတဲ့ ထမင်းခဲကြီးကို ခေါပန်းတောင်းထဲထည့်ပြီးတော့ အပေါ်က ကြက်ဖို၊ ကြက်မ မီးမြှိုက်ထားတာတင်ပြီးတော့ ကျုပ်ကိုလှမ်းပေးတယ်။
“ဗျာ၊ ကျုပ်သွားရမှလား”
“အေးပေါ့၊ နင်က ယောက်ျားလေးပဲ၊ ဒီခေါပန်းတောင်းကို ပုစိုးစနဲ့အုပ်သွား၊ ရွာအဝင်လမ်းလေးခွဆုံမှာ ချထားခဲ့၊ ဟုတ်ပြီလား”
“ကျုပ်လည်း ခေါပန်းတောင်းရွက်ပြီးတော့ ခြံထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ခြံကအထွက်မှာ ကျုပ်တူးထားတဲ့ မြေကျင်းကြီးကို မနည်းရှောင်ခဲ့ရသေးတယ်၊ ညက တော်တော်မှောင်နေပြီဗျ၊ ခုနစ်နာရီကျော်နေလောက်ပြီပေါ့၊ ရွာလမ်းမှာ လူသူမရှိတော့ဘူး၊ ကျုပ်လည်း ခေါပန်းတောင်းရွက်ပြီးတော့ ရွာထိပ်ကိုလာခဲ့တယ်၊ ရွာတော်ရှင်နန်းမှာ ဆီမီးခွက်ကလေးသုံးခွက်ထွန်းထားတယ်ဗျ၊ ကျုပ်လည်း လမ်းလေးခွဆုံမှာ ခေါပန်းတောင်းကြီးချခဲ့ပြီးတော့ ပြန်လှည့်ပြေးတာပေါ့။
ဒါပေမယ့် ဒီခေါပန်းတောင်းကို ဘယ်သူလာစားမလဲဆိုတာလည်း ကျုပ်သိချင်သေးတယ်၊ ဒါနဲ့ ဝေးဝေးကိုမသွားဘဲနဲ့ ရွာတော်ရှင်နတ်နန်းအနောက်က ချုံထဲမှာ ပုဆိုးခြုံပြီးပုန်းနေလိုက်တာပေါ့ဗျာ။ နတ်နန်းအနောက်က မှောင်ရိပ်ကျနေပေမယ့် လမ်းလေးခွဆုံနေရာကတော့ ဆီမီးအလင်းရောင်နဲ့ အတိုင်းသားမြင်နေရပါတယ်။
မကြာပါဘူးဗျာ၊ ခွေးကြီးတစ်ကောင် ရွာထဲကနေထွက်လာတယ်၊ ကျုပ်တို့မြင်ဖူးတဲ့ ခွေးပုံစံမဟုတ်ဘူးဗျ၊ လူကြီးခါးစောင်းလောက်ရှိတဲ့ခွေးကြီးက တစ်ကိုယ်လုံးကို မဲနက်နေတာပဲဗျာ၊ နောက်တော့ ခေါပန်းတောင်းကိုနမ်းကြည့်တယ်၊ အပေါ်မှာတင်ထားတဲ့ ကြက်ဖို၊ ကြက်မကို ကိုက်ကိုက်ပြီး ဝါးစားတာ မြန်လိုက်တာဗျ၊ ကြက်တစ်ကောင်လုံးကို ကိုက်စားတာ သုံးမိနစ်တောင်မကြာပါဘူး၊ ကြက်နှစ်ကောင်လုံးစားပြီးတော့ ထမင်းတုံးကြီးကို တစ်ချက်ကြည့်ပြီး အနံ့ခံတယ်ဗျ၊ ပြီးတော့ အဲဒီထမင်းတုံးကြီးကို ကိုက်ဝါးကြည့်တယ်၊ သုံးလေးချက်လောက်ဝါးပြီးတော့ ထမင်းတုံးကို ထွီခနဲ ထွေးချပြီးတော့ ရွာထဲကို အေးအေးလူလူလမ်းလျှောက်ပြီး ပြန်ဝင်သွားတော့တာပါပဲဗျာ။ ကျုပ်လည်း ခွေးကြီးကိုကြည့်ပြီး ရယ်ချင်နေတာ မနည်းအောင့်ထားရတယ်။ ဒါဆိုရင်တော့ ဦးဘသာပြောတာမှန်တယ်ဗျ၊ ကျုပ်ချက်တဲ့ထမင်းကို ခွေးကျွေးတာတောင် မစားဘူးလို့ပြောတယ်မဟုတ်လားဗျာ။
ကျုပ်လည်း အားလုံးရှင်းသွားတော့မှ ရွာထဲကိုပြန်ဝင်လာခဲ့တယ်၊ ကျုပ်ခြံထဲကိုဝင်ခဲ့ပြီး ခြေလက်ဆေးနေတဲ့အချိန်မှာ အိမ်ပေါ်ကနေ ဆေ းဆရာဦးမှတ်ကြီးနဲ့ အဖေကဆင်းလာတယ်ဗျ၊ အမေက ချက်ချင်းသက်သာသွားတယ်ဆိုပဲ၊ ဦးမှတ်ကြီးကတော့ သူကုပေးခဲ့တာဆိုပြီးတော့ စကားတွေကြွယ်နေတာပေါ့ဗျာ၊ အဖေကလည်း ဦးမှတ်ကြီးကို ဆေးဖိုးငွေတွေကန်တော့လိုက်သေးတယ်ဗျ။
ဒါနဲ့ ဦးမှတ်ကြီးက အဖေတို့ကို နှုတ်ဆက်ပြီးတော့ ခြံထဲကနေထွက်သွားတယ်ဗျ၊ ဒါပေမယ့် ခြံတံခါး၀မှာ ကျုပ်တူးထားတဲ့မြေကျင်းကြီးကို မမြင်မစမ်းနဲ့နင်းမိပြီးတော့ ခြေခေါက်ပြီး မှောက်ခုံကြီးလဲပါရောလား။ ကျုပ်လည်း ရယ်ချင်တာနဲ့ တဟားဟားနဲ့ရယ်ချလိုက်တာဗျာ၊ ဦးမှတ်ကြီးကတော့ အမြန်ပြန်ကုန်းထတယ်။
“ဟင်း၊ ဒီစုန်းကတော့ ငါ့ကိုစိမ်ခေါ်နေပြီ၊ ငါ့ကိုစိန်ခေါ်နေပြီကွ”
အဲဒီလိုကြိမ်းမောင်းပြီးတော့ ခြေထောက်ထော့ကျိုးထော့ကျိုးနဲ့ ရွာလမ်းအတိုင်းလျှောက်သွားတော့တာပဲဗျာ၊ တစ်ထွာလောက်နက်တဲ့ကျင်းထဲကျတာဆိုတော့ သူ့ခြေထောက်တော့ တော်တော်နာသွားမှာပဲဗျာ။
အမေက ချက်ချင်းပြန်ကောင်းသွားတယ်၊ ဦးဘသာပြောသလို အစာပိတ်၊ သွေးပိတ်၊ လေပိတ်တွေ မရှိတော့လို့ ဆန်ပြုတ်တွေစားတာ မနည်းဘူးဗျာ၊ အမေစားတာတွေ့တော့ ကျုပ်တို့လည်းစိတ်ချမ်းသာရတာပေါ့။
ညရောက်တော့ အိပ်မက်ထဲမှာ လူကြီးတစ်ယောက်က ကျုပ်ဆီကိုလမ်းလျှောက်လာတယ်ဗျ၊ တစ်ကိုယ်လုံးလည်း အရေပြားတွေက ပျော်ကျနေပြီး မီးတွေလဲကျွမ်းနေတာ ကြောက်စရာကြီးဗျာ၊ ဆံပင်တွေ၊ မျက်ခုံးမွှေးတွေမရှိတော့ဘဲ မျက်နှာက ပြောင်ကြီးဖြစ်နေတာဗျ။ ကျုပ်ကိုလည်း မျက်လုံးကြီးပြူးပြီးကြည့်နေတော့တာ။
“ငါ့ကို မီးရှို့သတ်တဲ့ကောင်၊ မင်းကိုငါ အရှင်မထားဘူး၊ ငါလာနေပြီ၊ မင်းဆီကိုငါလာနေပြီကွ”
ပြောရင်းဆိုရင်း သူ့ကိုယ်လုံးမှာ မီးတွေလောင်လာတယ်ဗျ၊ နောက်တော့ အဲဒီလူကြီးက မီးတောက်မီးလျှံတွေကြားမှာ လူးလွန့်ရင်း အသံနက်ကြီးနဲ့ အော်ဟစ်နေတာပဲဗျာ။ အဲဒီလူကြီးမီးလောင်နေတာကိုကြည့်ရင်း ကျုပ်လည်းကြောက်ကြောက်နဲ့ လန့်နိုးသွားပါရော။
“ဘုရား . . . ဘုရား”
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply