ရန်ငြိုး

ချိုးလိုက်ပြီး မြှားတံလာရာသို့ ပြေးလိုက်မည် ပြုစဉ်

    “လူလေး လိုက်မနေပါနဲ့ “

    “ဒီလူမှားပြီး ပစ်တာတော့မဟုတ်ဘူး အဘ တမင်ပစ်တာ “

    “အင်း သိတယ် ထားလိုက်ပါ နောက်ထပ် အနှောက်အယှက်တွေ ပေါ်လာဦးမှာ လူလေး  “

    “ဘယ်သူတွေကများ ကျနော်တို့ကို နှောက်ယှက်နေတာလဲ အဘရာ “

   “လူလေး မကြာခင် သိလိမ့်မယ် “

    ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး အေးဆေးတည်ငြိမ်စွာ နှင့် လမ်းဆက်လျှောက်နေလေသည်။သူရိယ နားမလည်နိုင်ဖြစ်ပြီး ဦးဖိုးဝေ၏နောက်မှသာ လမ်းလျှောက်လိုက်သွားပါတော့ သည် ။

    နှစ်နာရီမျှ တောလမ်းလေးအတိုင်း လမ်းလျှောက်သွားရာ မကြာသောအချိန်တွင် ရွာလေးတရွာသို့ ရောက်ရှိလာသည်။ဦးဖိုးဝေတို့ ထိုရွာလေး အနားရောက်ချိန်တွင်တော့ ကျီးကန်းအုပ်စုလိုက် တအားအား အော်ကာ ထပြန်သွားလေ၏။ထိုကျီးအုပ်စုသည် အကောင်ပေါင်းမြောက်များစွာဖြစ်၍ သာမာန်လူများအဖို့ လန့်ဖျန့်သွားနိုင်သည်။ ဦးဖိုးဝေသည် သူ၏နောက်တွင်ရှိသော သူရိယအား

    “လူလေး မင်းဒီရွာကို ကြည့်တော့ ဘာမြင်လဲ “

    “ကျနော်ရဲ့ မြင်ကွင်းထဲမှာတော့ ရွာကို အမဲရိပ်တွေ သမ်းနေ တာတွေ့တယ် အဘ “

    “အင်း ဒီရွာက ပညာသည်တွေ ဖန်တီးထားတဲ့ရွာပဲ အဘတို့ မသိသလိုပဲ ဟန်ဆောင်နေကြမယ် “

    “ဘာလို့လဲ အဘ “

    “အဘတို့ကို ရန်ပြုချင်တဲ့သူကို တွေ့ ချင်လို့ပေါ့ကွယ် “

    ဦးဖိုးဝေသည် ထိုသို့ပြောပြီး ရွာထဲသို့ ဝင်သွားလိုက်လေသည်။ရွာထဲသို့ရောက်သောအခါ လူရိပ်လူယောင်ပင် မတွေ့ရပေ။သာမာန်ရွာများဆိုလျှင် ကလေးငိုသံ ကလေးချော့သံ နွားမောင်းသံ နှင့် စကားပြောသံများ  ဆူညံနေကြမည်ဖြစ်ပြီး ယခုမူ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။သို့ပေမဲ့ ဦးဖိုးဝေ နှင့် သူရိယသည် လှမ်းနေသောခြေလှမ်းတို့အား  မရပ်တန့်ပဲ ရွာလယ်လမ်း အတိုင်းလျှောက်သွားနေရာ မကြာသောအချိန်တွင် အသက် အရွယ်ကြီးရင့်နေပြီဖြစ်သော မိန်းမကြီးလေးယောက် ရှေ့နှစ်ယောက် နောက်နှစ်ယောက်ဖြင့် ရှေ့နောက်ညှပ်ကာ ဦးဖိုးဝေတို့အား လမ်းပိတ်ထားလိုက်သည်။ထိုအခါ ဦးဖိုးဝေသည် သူ၏ မျက်နှာချင်းဆိုင်တွင်ရှိနေသော မိန်းမကြီးအား

    ” နင်တို့က ဘာကြောင့် ငါတို့လမ်းကို ပိတ်ရတာလဲ “

    “ဟီး ဟီး အခု နင်တို့ ငါ့တို့ရဲ့ ပိုင်နက်ထဲကို ရောက်နေပြီလေ “

    “နင့်ပိုင်နက်လို့ ဘယ်သူက သတ်မှတ်ပေးထားတာလဲ “

    “ဒီရွာက ကဝေပျံညီမလေးဖော်ရဲ့ရွာပဲ အဲ့တော့ ငါတို့က ကဝေပျံလေးဖော် ဖြစ်တဲ့အတွက် ငါတို့ပိုင်နက်ပေါ့ “

    “နင်တို့ကဘာလို့ ငါတို့ကို ဒုက္ခပေးချင်နေတာလဲ နေပါဦး ငါ့ကို ဒူးလေးနဲ့ ချောင်းပစ်တာလည်း နင်တို့ လူတွေပဲမလား ”

    “ဟုတ်တယ် ငါတို့ပဲ  နင့်ကို တွေ့ရာနေရာမှာ သတ်ဖို့ မမလေး က အမိန့်ပေးထားတယ် “

    “နေပါဦး ဘာလို့ ငါတို့ကို ဒုက္ခပေးချင်နေတာလဲ  “

    “အဲ့တာတွေ မေးမနေနဲ့ ရော့ “

    မျက်နှာချင်းဆိုင်မှ မိန်းမကြီးနှစ်ယောက် နှင့် သူ‌တို့ ကျော နောက်မှ မိန်းမကြီး နှစ်ဦးသည် သူတို့၏ ပါးစပ်များကို ဟပြီး လေမှုတ်သကဲ့သို့ မှုတ်လိုက်ရာ  ပါးစပ်ထဲမှအပြာရောင် မီးလျှံများသည် ဦးဖိုးဝေ နှင့် သူရိယဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာလေသည်။ထိုမီးလျှံများသည် ဦးဖိုးဝေတို့ အနား ရောက်သောအခါ ထပ်ပြီးမတိုးလာပဲ ရပ်တန့်နေသည်။ဦးဖိုးဝေသည် တောက်တချက်ကို ခေါက်ကာ

    “တောက် ဒင်းတို့က ငါ့ကို မေတ္တာပျက်အောင် လုပ်နေတာပဲ  ကဲ တန်ပြန်စေ “

    ဦးဖိုးဝေ၏ စကားဆုံးသည် နှင့် မီးလျှံများသည် တဖြည်း ဖြည်းလေနှင့် ပင့်လိုက်သည့်အလား နောက်သို့ ပြန်သွားကာ  ကဝေမကြီး လေးယောက်တို့အား လောင်မြိုက်ကုန်သည်။ထိုအခါ ကဝေမကြီးများသည် ကြောက်လန့်တကြား အော်ဟစ်ရင်း ဒူးထောက်ကာ တောင်းပန်လေတော့သည် ။

    ” တောင်းပန်ပါတယ်  ကျမတို့ကို ခွင့်လွှတ်ပါ “

    “တောင်းပန်ပါတယ် ကျမတို့ အတတ်တွေကို ပြန်ရုတ်သိမ်း လို့ မရတော့ဘူး “

    “‌နင်တို့ ငါ့ကို တိုက်ခိုက်ခိုင်းတဲ့သူကို ကယ်ခိုင်းကြ ငါတို့ သွားတော့မယ်”

    ဦးဖိုးဝေ နှင့် သူရိယသည် ထိုကဝေမကြီးများ၏ ဘေးမှ ရှောင်ကွင်းသွားလိုက်လေသည်။ဦးဖိုးဝေတို့ သွားသောအခါ  ကဝေမကြီးများသည် နောက်တွင်ကျန်ခဲ့ပြီး သူတို့၏ ပါးစပ်မှ ထွက်သော မီးများလောင်မြိုက်ခံနေရ၍  ဝေဒနာကို ကြိတ်မှိတ် ခံစားရင်း အော်ဟစ်အကူအညီတောင်း နေလေသည်။

    “ဆရာကြီး ကျမတို့ကို မထားခဲ့ပါနဲ့ ကျမတို့ သေရပါလိမ့်မယ် “

    ငိုယိုပြီး အော်ဟစ်အကူအညီတောင်းနေသော ကဝေမကြီး များကို ဦးဖိုးဝေသည် နောက်ပြန်လှည့်ကြည့်ကာ

    “နင်တို့ကို ဘယ်သူခိုင်းတာလဲ “

    “မမလေး မယ်တင် ခိုင်းတာပါ “

    “မယ်တင် သူက ဘာလဲ “

    ” ကဝေပါပဲ သူရဲ့အဖေ ဦးလောဘကို ဆရာကြီးတို့ ရူးအောင်လုပ်တာ မကျေနပ်လို့ သူ့လက်အောက်က စုန်း၊ကဝေ အောက် လမ်းတွေကို ဆရာကြီးတို့ကို တွေ့ရင် သတ်ဖို့ အမိန့်ပေးထားပါတယ် “

    “သူဘယ်မှာနေတာလဲ ပြောစမ်း “

    “ကျမတို့လည်း မသိပါဘူး ဒီရွာကို အမိန့်နဲ့ လာတာပါ “

    ဦးဖိုးဝေသည် မည်သည့်စကားမှ ထပ်မပြောတော့ပဲ လက်ကို သာ ဝေ့ယမ်းလိုက်၏။ထိုအခါ ကဝေမကြီးများ လောင်မြိုက်နေသော မီးတို့သည် ရေနှင့်ဖြန်းလိုက်သကဲ့သို့ ငြိမ်းသတ်သွားပြီး ကဝေမကြီးတို့မှာလည်း ချက်ခြင်း အရိပ်သဏ္ဍန်ပြောင်းကာ ပြေးလေ၏။ရွာလေးသည်လည်း တဖြည်းဖြည်း အိမ်များပျောက်ကွယ်ကာ   ကျတ်တီးကုန်းအဖြစ် ချက်ခြင်း ပြောင်းလဲ သွားပါတော့သည် ။

    ◾အခန်း (၃)

    အချိန်သည် ညနေအချိန်ခါဖြစ်၍ နေလုံးကြီးသည် တောင်စွယ်အတွင်း ကွယ်ပျောက်ရန် တဖြည်းဖြည်းတိုးဝင်သွားကာ နေ၀င်ရန်အားပြုနေလေသည်။ထိုအချိန်တွင် ဦးဖိုးဝေ နှင့် သူရိယသည်  ရွာလေးတရွာသို့ ထပ်မံ ရောက်ရှိလာပြန်သည်။ ရွာထဲသို့ဝင်လိုက်သည်နှင့် တုတ်၊ဓား၊လှံတန်၊ဒူးလေး ကိုင်ထားသော ရွာသားများ၏ ဝိုင်းထားခြင်းကို ရင်ဆိုင်လိုက်ရသည်။ထိုလူများကြည့်ရသည်မှာ သာမာန် အရပ်သားများသာဖြစ်ပြီး မည်သည့်ပညာမှတတ်ဟန် မရှိပေ။ရွာသားများထဲမှရုပ်ရည်အကျည်းတန်လွန်းလှသော သူတယောက်သည် ဦးဖိုးဝေတို့အား သူ၏ လက်ထဲမှ ဓားနှင့် ချိန်ရွယ်ပြီး ခပ်မာမာ စကားဆိုလေသည်။

    “ဟေ့ ခင်ဗျားတို့က ဦးဖိုးဝေ နဲ့ သူရိယလား “

    “ဟုတ်တယ် ”

    “ဟုတ်တယ်ဆိုရင်တော့ ခင်ဗျားတို့ကို ကျုပ်တို့ဖမ်းရလိမ့်မယ် “

    “ဘာကိစ္စလဲကွ “

    “ပြန်မမေးနဲ့ “

    လက်နက်များကိုင်ဆောင်ထားသော ရွာသားများသည်  ဦးဖိုးဝေ နှင့် သူရိယ အနားသို့ ကပ်လာလေသည်။ထိုအခါ သူရိယသည် ပြန်လည်တိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ် ဦးဖိုးဝေမှ လက်ကို ဆွဲထားလိုက်ပြီး ပြန်မခုခံစေရန် တားဆီးလိုက်သည်၊၊ရွာသားများသည် သူတို့အား ကြိုးများဖြင့် တုပ်နှောင်လိုက်ကြသည်။ သူရိယမှာ သူ၏ အဘဖြစ်သူသည်  ရွာသားများ၏ ဖမ်းဆီးခြင်းကို အဘယ်ကြောင့် အသာတကြည်ခံလိုက်ရသနည်း ဆိုသည်ကို တွေးမရဖြစ်နေသည်။ရွာသားများသည် ဦးဖိုးဝေ နှင့် သူရိယအား တနေရာသို့ တွန်းထိုး၍ ခေါ်သွားကြပါတော့သည် ။

       ‌ရွာသားများသည် သူတို့ ရွာတွင် နတ်ဘုရားတမျှ ကိုးကွယ်သော မယ်တင်၏ ခိုင်းစေမှုဖြင့် ဦးဖိုးဝေ နှင့် သူရိယအား ဖမ်းဆီးလာခြင်းဖြစ်၏။ရွာသားများသည် ကဝေများကပင် ဖမ်းဆီးမရသော လူနှစ်ယောက်အား လွယ်လွယ်ကူကူ ဖမ်းဆီး လာနိုင်၍ သူတို့ အချင်းချင်းဂုဏ်ယူဝင့်ကြွားစွာ စကားဆိုနေသေး၏။

    “မမလေးမယ်တင်ရဲ့ တပည့်တွေကလည်း တို့လို သာမာန် ရွာ‌သားတွေလောက်တောင် အသုံးမကျပါလားဟ”

    “အေးလေ သူတို့က ဒီအဖိုးကြီး နဲ့ ဒီကောင်လေးကိုတောင် မဖမ်းနိုင်ဘူးတဲ့လား တော်တော်ကို အသုံးမကျတဲ့ ပညာသည် တွေပါကွာ “

    “ဖမ်းတာက ဟုတ်ပါပြီ အခု ငါတို့က ဒီလူကြီးနဲ့ ကောင်လေးကို ဘယ်ကို ပို့နေတာလဲ “

    “ဘယ်ရှိမှာတုန်းဟ မမလေးမယ်တင်ဆီကိုပေါ့ “

    “အေးကွာ မမလေး ခိုင်းတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းရတာ ငါ ဂုဏ်ယူတယ်ကွာ “

    “မမလေးက တို့တရွာလုံးကို စောင့်ရှောက်နေတာပဲ အဲ့ဒီတော့ သူ့အတွက် ငါတို့က အသက်သေသေ အရည်ခမ်းခမ်း တာဝန်ထမ်းနေရမှာပဲ “

     ဦးဖိုးဝေသည် လမ်းလျှောက်ရင်း အချင်းချင်းပြောနေသော ရွာသားများ၏ စကားများကို နားထောင်ကာ စိတ်ဝင်စားနေမိ သည်။မယ်တင်ဆိုသော ပညာသည် သည် အဘယ်ကြောင့်  သာမန်ရွာသားများ၏ လေးစားမှုကို ရနေသနည်းဟု တွေးမိရာမှ စိတ်၀င်စားလာသည်။ထို့နောက် တဖြည်းဖြည်း မိုးချုပ်လာရာ ရွာသားများသည် အသင့်ယူဆောင်လာခဲ့သော မီးတုတ်များကို ထွန်းညှိလိုက်ပြီး ခရီးဆက်လေသည်။ဤသို့ဖြင့်လက်နက် ကိုင်ဆောင်ထားသော ရွာသားများသည် ဦးဖိုးဝေ နှင့် သူရိယအား ကြိုးတုတ်ကာ မီးရောင်တဝင်းဝင်းဖြင့် မယ်တင်ရှိသော နေရာသို့ ခရီး ဆက်နေကြပါတော့သည် ။

    ◾အခန်း (၄)

        ဦးဖိုးဝေ နှင့် ရွာသားများသည် နောက်ထပ် ရွာလေးတရွာသို့ ရောက်ရှိလာပြန်သည်။ထိုရွာသည် ထူးထူးခြားခြားပင် တရွာလုံး ကြခတ်ဝါးများဖြင့် ကာရံထားပြီး အပေါက်ဝတွင်  ရုပ် ရည်ခက်ထန်ကြမ်းတမ်းသော လူကြီးနှစ်ဦးသည်တောင်ဝှေးတယောက် တချောင်းဆီကိုင်ဆောင်ပြီး စောင့်နေ၏။ရွာသားများ သည်  ရွာအဝင်ရောက်သောအခါ ရပ်တန့်လိုက်ပြီး

    “ရွာစောင့်ကြီးတို့ ကျုပ်တို့က မမလေး လိုချင်တဲ့ လူနှစ်ယောက်ကို ဖမ်းလာတယ် “

    “မင်းတို့က တာပိုးရွာသားတွေလား “

    “ဟုတ်ပါတယ် ကျုပ်တို့က တာပိုးရွာသားတွေပါ ရွာထဲကို မမလေး လိုချင်တဲ့သူနှစ်ယောက် ဝင်လာလို့ အသင့်စောင့်ပြီး ဖမ်းလာခဲ့တာ”

    “ဟေး ဟုတ်ရော ဟုတ်ရဲ့လား စေတလုံးပိုင်က ဒီလောက်တောင် ဖမ်းဖို့လွယ်မှာတဲ့လား ဘယ်မှာလဲ ပြစမ်း”

    “ရွာသားများသည် ကြိုးတုပ်ထားသော ဦးဖိုးဝေ နှင့် သူရိယ အား လက်ညှိုးညွှန်ပြီး ပြလိုက်ချိန်

    “ဟေ့ ဟိုလူကြီး နဲ့ ကောင်လေး ဘယ်ရောက်သွားတာလဲ ဟိုကောင် လှမြင့် နဲ့ အောင်သောင်း မင်းတို့သေချာ မကြည့်ထားဘူးလား “

    “ကြည့်နေတာပဲ ကြည့်နေရင်းနဲ့ကို ဒီကြိုးပဲ ကျန်တော့တာဗျ”

    “ဟာ ဒုက္ခပါ ပဲ “

    တာပိုးရွာသားတယောက်သည် စိတ်ညစ်သည့်ဟန်ဖြင့် ညည်းညူနေစဉ် ရွာစောင့်ကြီးမှ ရွာတံခါးကို အတင်းပိတ်လိုက်ပြီး

    “ဟေ့ကောင်တွေ မင်းတို့ကို စေတလုံးပိုင်က လှည့်စားသွားတာ သူက ဒီနေရာကို သိချင်လို့ လိုက်လာတာပဲကွ အခုဘယ် ရောက်သွားပြီလဲ မင်းတို့ ရွာအပြင်ဘက် လိုက်ရှာကြစမ်း “

    တာပိုးရွာသားများသည်လည်း သူ့တို့ အပြစ်နှင့် သူတို့မို့  ရွာအပြင်သို့ မီးတုတ်တဝင်းဝင်းနှင့် လိုက်ရှာနေသည်။ ရွာစောင့်ကြီး နှစ်ယောက်အနက် တယောက်သည် ရွာလည်လမ်းအတိုင်း အပြေးတပိုင်းနှင့် တနေရာသို့ သွားနေသည်။ထိုသူမသိသည်က သူ၏ နောက်တွင် ဦးဖိုးဝေ နှင့် သူရိယတို့ လိုက်ပါလာခြင်းကိုပင် ဖြစ်သည် ။

    ◾အခန်း (၅)

     ရွာစောင့်ကြီးသည် သူ၏ တောင်ဝှေးကြီးကိုကိုင်ကာ ရွာလမ်းအတိုင်းသွားနေရင်း ရေနံချေးများမဲနက်နေအောင် သုတ်လိမ်းထားသော အိမ်ကြီးတအိမ်၏ရှေ့ရောက်သောအခါ ရပ်တန့်လိုက်လေသည်။ထိုရွာစောင့်ကြီး ရပ်တန့်လိုက်သည်နှင့်  အိမ်ရှေ့ရှိ ကညင်ဆီမီးတိုင်များသည် အလိုအလျောက် မီးများထွန်းလင်းလာပြီး အိမ်ပေါ်မှ သာမာန်တောသူတယောက်ကဲ့သို့ ဝတ်စားထားသော အမျိုးသမီးကြီးတယောက်ဆင်းလာကာ

    “ရွာစောင့်ငချက် ဘာကိစ္စကြောင့် အိမ်တော်ကို လာရတာလဲ “

    “မမလေးကို သတင်းပို့ပေးပါ ဦးဖိုးဝေ နဲ့ ကောင်လေးတယောက်ကို ‌တာပိုးရွာသားတွေ ဖမ်းပြီးလာပို့တာ ရွာအဝင်ဝမှာ ဖမ်းထားတာကနေ လွတ်ပြီး ပျောက်နေလို့ ဆိုတာ “

    “ဟဲ့ တာပိုးရွာသားတွေက ဒီလူတွေကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ “

    “အဲ့တာတော့ ကျုပ်လည်း မသိဘူး သူတို့ဖမ်းလာတဲ့ သူတွေကို ပြခိုင်းတော့ ကြိုးပဲ ရှိတော့တယ် ရွာသားတွေကို ရွာအပြင်မှာ ရှာခိုင်းထားတယ်”

    “တာပိုးသားတွေကတော့ လုပ်လိုက်ရင် အရမ်းချည်းပဲ မမလေးကို သွားပြောလိုက်ဦးမယ် နင် ဒီမှာစောင့် “

    “အမျိုးသမီးကြီးသည် အိမ်ပေါ်သို့ ပြာရီးပြာယာ တက်သွားလေ၏။ထို့နောက် မကြာလှသော အချိန်တွင် မယ်တင်ဟု အမည်ရသော ကဝေမိန်းမပျိုလေး နှင့် တခြားသော သူ၏ လူယုံပညာသည် ဆယ်ယောက်ခန့်ပါ အိမ်ပေါ်မှ ဆင်းလာကြသည်။မယ်တင်သည် ရွာစောင့်ငချက်ကို တချက်ကြည့်ကာ

    “ငချက် နင်ပြောတာ သေချာလား ဖိုးဝေ နဲ့ သူရိယ ငါ့ရွာအနားမှာ ပျောက်သွားတယ်ဆိုတာ “

    “ဟုတ် ဟုတ်ပါတယ် “

    “တယ် ရာဇဝင် ရိုင်းလိုက်တာ ငါ့ကိုများ ပမာမခန့်၊ငါ့ရွာနားထိ ဒင်းတို့က လာဝံ့တယ်ပေါ့ ငါ့အဖေကိုလည်း ရူးအောင်လုပ်တဲ့ လူယုတ်မာတွေ ဒင်းတို့ နှစ်ယောက်ကို တွေ့ရင် အသေသတ်ပစ်မယ်  “

    မယ်တင်သည် ဒေါသထွက်လွန်း၍ သူမ၏ ရှည်လျားလှသော ဆံပင်များသည် လေပေါ်ဝဲပျံနေသလို မျက်လုံးတို့သည် လည်း ကြည်လင်မနေတော့ပဲ မဲနက်လာလေသည်။မယ်တင် ထိုသို့ဖြစ်လာသောအခါ အနားတွင်ရှိသော ပညာသည်များ သည် မြေကြီးပေါ်တွင် ဒူးထောက်ထိုင်လိုက်ကြပြီး ခေါင်းကို ငုံ့ထားကြလေသည်။ထိုစဉ် ရွာလမ်းတ‌နေရာ အမှောင်ထုထဲမှ ဦးဖိုးဝေ နှင့် သူရိယသည် ဘေးချင်းယှဉ်ပြီး လမ်းလျှောက်လာရင်း မယ်တင် တို့နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ကာ

     “နင့်အဖေက မကောင်းမှု့ပြုနေလို့ငါတားတာ ရူးတာ ငါနဲ့မဆိုင်ဘူး သူ့ရဲ့လောဘကြောင့် သူရူးသွားတာ “

    ကဝေမယ်တင် နှင့် တခြားသောပညာသည်များသည် ဦးဖိုးဝေ နှင့် သူရိယအား ရုတ်တရက် မြင်တွေ့ ရသောအခါ အံ့ဩ၍ ငေးကြောင် ကြည့်နေကြသည်။သို့သော် မယ်တင်၏ အသံကြောင့် ချက်ခြင်း သတိပြန်ဝင်လာကာ

    “ဟဲ့ အားလုံးပဲ ဖိုးဝေ နဲ့ ကောင်လေးကို အသေသတ်စမ်း ငါ့အဖေကို ရူးအောင်လုပ်ခဲ့တဲ့ ကောင်တွေကို အရှင်မထားနဲ့ “

    “စိတ်ချပါ မမလေး”

    ပညာသည်များသည် သူတို့၏သခင်မမှ အမိန့်ပေးလိုက်သည် နှင့် အမျိုးမျိုးသောပညာရပ်များဖြင့် ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက်လေသည်။သူတို့၏ ပညာရပ်များသည် ထူးဆန်းလွန်းလှပေသည်။တချို့သည် ဆံစများကို နှုတ်ပြီး ပစ်လွှတ်လိုက်ရာ ထိုဆံစများမှ တဖျပ်ဖျပ် အရောင်လက်နေသည့် နှစ်ဖက်အသွားရှိဓားများ ဖြစ်သွားကာ ဦးဖိုးဝေ နှင့် သူရိယ ထံတိုးဝင်လာသည်။ထိုအခါ ဦးဖိုးဝေမှ တောက်တချက် ခေါက်လိုက်သည်နှင့် ထိုနှစ်ဖက်အသွားရှိသော ဓားများ သည် ရုတ်ချည်းဆံစအဖြစ် ပြန်ပြောင်းသွားကြသည်။ပညာ သည်ယောက်ျားသားများသည်လည်း  သူတို့၏ လက်ကို ဆန့်တန်းလိုက်သည့်အခါ အရိပ်များပမာ ပြောင်းလဲကုန်၍ ဦးဖိုးဝေ နှင့် သူရိယ၏ ခန္ဓာကိုယ်ကို ဖောက်၀င်ရန် ကြိုးစားလာကြသည်။သို့ပေမဲ့ ဦးဖိုးဝေ၏ ဟဲ့ ဆိုသောစကားတလုံး အဆုံးတွင်  ‌ထိုယောကျာ်းပညာသည်များသည် ‌  ဦးဖိုးဝေ၏ ‌အရှေ့တွင် ဒူးထောက်ကြကုန်သည်။ဦးဖိုးဝေသည် မိန်းမပျိုမယ်တင်အား

    “မိန်းကလေး ဆက်ပြီးမမိုက်ပါတော့နဲ့ ငါက နင်ရဲ့အဖေကို အကြောင်းမဲ့ဆုံးမတာ မဟုတ်ဘူး နင့်အဖေက ပညာရပ်ကို သုံး ပြီး လူတွေ အကျိုးကို ဖျက်စီးနေလို့ ငါတားပြီး ပညာရပ်တွေနှုတ်တာ ရူးတာက ငါ့နဲ့ မဆိုင်ဘူး”

    “တော်စမ်း နင်လုပ်တာ ငါ့အဖေက သူ့ဘာသာအရောင်းအ ဝယ်လုပ်ပြီး စီးပွားရှာနေတာ အခု ငါ့အဖေက ဘယ်သူကိုမှ မမှတ်မိတော့ဘူး “

    “မိန်းကလေး အတ္တတွေ လျှော့စမ်း နင့်အဖေ ပညာရပ်တွေ အသုံးချပြီး လူတွေကို ဒုက္ခပေးနေတာ နင် မသိဘူးလား ဒါမှမဟုတ် နင်ကိုယ်တိုင်ပါ အလိုတူ အလိုပါ လူတွေကို ဒုက္ခပေးနေတာလား “

    “တော်စမ်း အဖိုးကြီး နင်က အစွမ်းထက်နေတော့ ငါ့လူတွေ မနိုင်ဘူးပေါ့ ငါ့ပညာတွေကိုတော့ ခံနိုင်အောင် ကြိုးစားစမ်း”

    “မိန်းကလေး သင် ထပ်ပြီးမမိုက်ပါ နဲ့ ငါ့ကို နင့်ဘယ်လိုမှ မယှဉ်နိုင်ဘူး “

    “တော်စမ်းပါ ငါ သေခဲ့ရင်တောင် နင်တို့ကိုပါ အပါခေါ်သွားမယ် “

    “တယ်လည်းအညှိုးကြီးတဲ့ မိန်းကလေးပါလားကွယ် “

    ဦးဖိုးဝေသည် ထိုမျှသာပြောပြီး မယ်တင်အား ကြည့်နေလေသည်။အခြားပညာသည်များမှာ ဒူးထောက်သူက ထောက်နေရပြီး တချို့အမျိုးသမီးများမှာ ကြောက်၍ ထွက်ပြေးသွားပြီ ဖြစ်သည်။မယ်တင်သည် ဆံပင်များ လေပေါ်ပျံဝဲလာပြီး မျက်လုံးများမဲနက်ကာ  ပါးစပ်မှ အသံခပ်ကျယ်ကျယ်ဖြင့်

    “ဟဲ့ နတ်စိမ်းတွေ ဒီကောင်ကို အသေတိုက်စမ်း “

     မယ်တင်၏ စကားဆုံးသည်နှင့် ကိုးတောင်မျှ ရှည်လျားကြီးမားသောကျားဝါကြီးတကောင်သည် အမှောင်ရိပ်ထဲမှ ရုတ် ချည်းထွက်လာပြီး ဦးဖိုးဝေတို့ အနားတွင် မာန်ဖီပြီး ဘယ်ပြန် ညာပြန် လမ်းလျှောက်နေလေသည်။မကြာသောအချိန်တွင် ကျားကြီး၏ဘေးတွင် ပိုးပဝါတထည်ကို ခေါင်းတွင် စီးထားပြီး ပိုးသားအင်္ကျီနှင့် တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ထားသောပုဂ္ဂိုလ်တယောက် ပေါ်လာသည်။ထိုပုဂ္ဂိုလ်ပေါ်လာသည် နှင့် ကျားကြီးသည် အနားသွားကာ ကြောင်လေးတကောင်လို ပွတ်သီးပွတ်သပ်လုပ်နေလေ၏။ထိုပုဂ္ဂိုလ်သည် ဦးဖိုးဝေကိုမြင်သည်နှင့်

    “စေတလုံးပိုင် အရှင်ပါလား ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာပါလဲ “

    “ကျုပ်က အသင့်ကို မေးရမှာ အသင်က ဒီကို ဘာလို့ ရောက်နေတာလဲ “

    “ကဝေတွေက ကျုပ်တို့လို အဆင့်နိမ့်နတ်တွေကို ခိုင်းနိုင်စွမ်း ရှိပါတယ် ဆင့်ခေါ်လို့ လာရတာပါ “

    “သင့်ကို ခေါ်တာ ကျုပ်နဲ့တိုက်ခိုင်းဖို့ပဲ ကဲ တိုက်မှာလား “

    ” မလုပ်ဝံ့ပါဘူး စေတလုံးပိုင်  “

    ထို့နောက် ပိုးသားအင်္ကျီဝတ်ပုဂ္ဂိုလ်သည် မယ်တင်၏ဘက်ကို လှည့်ကာ

    “စေတလုံးပိုင်ကိုတော့ ကျုပ်တိုက်နိုင်မစွမ်းပါဘူး သင် အပြစ်ပေးလည်းခံရမှာပဲ ဒီစေတလုံးပိုင်ကိုက ကျုပ်တို့လို နတ် စိမ်းမဆိုထားနဲ့ အလယ်အလတ်ဘုံက နတ်ကောင်းတွေတောင် မနိုင်ပါဘူး “

    နတ်စိမ်းသည် ထိုမျှသာပြောပြီး တဖြည်းဖြည်းပျောက်ကွယ် သွားလေသည်။ကျားကြီးသည်လည်း အမှောင်ရိပ်ထဲသို့ ခုန်ဝင် ရင်း ပျောက်ကွယ်သွားလေတော့သည်။မယ်တင်သည် အခြေ အနေမဟန်မှန်း ရိပ်စားမိသည်နှင့်  ခြေကိုတချက် ဆောင့်လိုက် ရာ  အမဲအရိပ်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး အပေါ်သို့ တက်ရောက် ပျောက်ကွယ်သွားပါလေတော့သည် ။

    ◾အခန်း (၆)

    ‌ ရွာအပြင်သို့ ဦးဖိုးဝေ နှင့် သူရိယ ထွက်လာကြသောအခါ တာပိုးရွာသားများသည် ရွာအပြင်တွင် ရှိမနေတော့ပါ။အခြေ အနေမဟန်မှန်းသိသော ရွာစောင့်ကြီးတယောက်မှ ရွာသားများကို ပြန်ခိုင်းခြင်း ဖြစ်၏။ရွာစောင့်ကြီးသည်လည်း ဦးဖိုးဝေ နှင့် သူရိယ၏ အစွမ်းကို သိ၍  အမှောင်ရိပ်ကျသော တနေရာတွင် ပုန်းအောင်းနေလေသည်။ဦးဖိုးဝေသည် ရွာအထွက်နားအရောက်တွင် လှမ်းနေသောခြေလှမ်းကို ရုတ်ချည်းရပ်လိုက်ပြီး

    “ကဲ ဒီနားက ပုန်းနေတဲ့ ရွာစောင့်ကြီး ထွက်လာနိုင်မလား “

    ရွာစောင့်ကြီးသည် သူ့အားခေါ်နေသော ဦးဖိုးဝေ၏ အသံ ကြောင့် ဆက်လက်ပုန်းအောင်းမနေရဲတော့ပဲ ရွာအဝင်ဝ မီးတိုင်များ ထွန်းထားသည့် နေရာသို့ ထွက်လာလေသည်။

    “ကျုပ်ကို ချမ်းသာပေးပါ ”

    “သင့်ကို  ထိခိုက်အောင် ကျုပ် ဘာမှမလုပ်ဘူး ကျုပ်မေးတာလေးပဲ ဖြေပါ”

    “မေး မေးပါ ကျုပ် သိသလောက်ဖြေပါ့မယ် “

    “မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ်လို လူမျိုးလဲ “

    “ရူးသွားတဲ့ ဆရာကြီးကို ပြောတာလား “

    “မဟုတ်ဘူး မိန်းကလေးကို ပြောတာ “

    “သူက ဆရာကြီးရဲ့သမီးပါ ဆရာကြီးထက်ကို ပိုအစွမ်းထက်ပါတယ် သူက ကဝေမြောက်စုန်းလေ ဒါပေမဲ့ ကဝေမြောက်စုန်း အချင်းချင်းထက် သူက ပိုအစွမ်းထက်နေတယ် ”

    “ဟုတ်ပြီ သူက သာမာန်ရွာသားတွေ နဲ့ ဘယ်လို ပတ်သတ်နေတာလဲ ငါတို့ကို ဖမ်းခဲ့တဲ့သူတွေက ပညာသည် မဟုတ်ဘူး “

    “မမလေးက ဒီနယ်ကရွာတွေ အတော်များများကို သူရဲ့အစွမ်းတွေသုံးပြီး နတ်တွေကို ကူညီခိုင်းထားတာ ရှိတယ်။ ပြီးတော့ အိပ်မက်ပေးပြီး သူ့ကို ကိုးကွယ်ဖို့ ခိုင်းထားတာ “

    “အင်းသိပြီ ငါ့အထင် မင်းတို့တွေ မိန်းကလေးကို အတော် ကြောက်ပုံပဲ ဘာကြောင့် အဲ့လောက် ကြောက်ရတာလဲ “

    “မကြောက်လို့ မရပါဘူး အစွမ်းထက်သလောက် ဒေါသကြီးပြီး လက်မြန်ပါတယ် သူက စိတ်မထင်ရင် ဦးခေါင်းကို ဖိပြီး သတ်သလို  သေတဲ့သူကိုလည်း စားတတ်ပါတယ်။သူကအသွေး၊အသား၊အရိုးကို အတော်ကြိုက်ပါတယ် သူ့လက် အောက်ရွာက လူတွေ အစိမ်းသေ သေရင် အလောင်းကို မမြုပ် ပဲ ဒီကို ပို့ရပါတယ် “

    “ဒါဆို သူက တကယ့်ကို ကဝေမြောက်စုန်းအစစ်ကိုး လူတွေ အတွက် အတော်ကိုအန္တရာယ်များတာပဲ အခု ဘယ်ပြေးသွားတာ ဖြစ်နိုင်မလဲ “

    “သူက ပညာသည်တွေထက်  ရွာသားတွေကို ပိုအားကိုးပါတယ် ကျုပ်အထင် ကျွန်းလှရွာကို သွားတာဖြစ်လိမ့်မယ်။အဲ့ဒီ ရွာမှာ သူအတွက်ဆို အသက်ပေးမဲ့ လူဆိုးလူမိုက်တွေပေါတယ် “

    “အဲ့ဒီရွာက ဘယ်လောက်ဝေးသလဲ “

    “တရက်လောက်တော့ သွားရမယ် ထင်တယ် “

    “ဟုတ်ပြီ မင်းလည်း ဆက်မမ်ိုက်နဲ့တော့ ငါတို့ ဒီကဝေမြောက်စုန်းကို နှိမ်နှင်းတော့မယ် “

     ဦးဖိုးဝေ နှင့် သူရိယသည် ရွာစောင့်ကြီးကို ထားခဲ့ကာ အမှောင်ရိပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည်။

    ဦးဖိုးဝေ နှင့် သူရိယသည် ကြယ်ရောင်ကို အားကိုးပြီး သူတို့၏ ပညာရပ်များကို အသုံးမပြုဘဲ လမ်းလျှောက်နေကြသည်။ထို့နောက် အတန်ကြာ စကားမပြောပဲနေရာမှ သူရိယ စကားဆိုလာသည်။

    “အဘ ဒီလောက်ဆိုးတဲ့ ကဝေမကို ရွာသားတွေက ဘာလို့ ကိုးကွယ်နေကြတာလဲ “

    “သူရဲ့ အစွယ်ကို ထုတ်မပြလို့ပေါ့ကွယ် “

    “ဒီကဝေမက လူသားပါ စားတယ်ဆိုတော့ တော်တော်ကို ဆိုးတာပဲ “

    “ကဝေမြောက်စုန်းတွေက လူအသွေးအသားနဲ့ အရိုးကို ကြိုက်တယ် လူလေးရဲ့ “

    “ဒီကဝေမကို တွေ့ရင် ကျနော်တို့ သတ်ရမှာလား အဘ “

    “သူ့ရဲ့ ပညာတွေကို နှုတ်ရမှာပေါ့ “

    “ကျုပ်ကတော့ အစောကတည်းက ဒီကဝေမကို ဖမ်းချင်တာ အဘက လွှတ်ပေးလိုက်လို့ “

    “တခြား အဆက်အစပ်တွေ ရှိသေးတယ် လူလေး အခုကိစ္စက သိပ်ပြီး မရိုးရှင်းဘူး “

    ဦးဖိုးဝေတို့ စကားပြောရင်း လမ်းလျှောက်နေစဉ် အမှောင် ရိပ်ထဲမှ နေ၍ ရုတ်တရက် မီးများထွန်းလင်းလာကာ ဦးဖိုးဝေ တို့အား ဝိုင်းထားလေသည်။ထိုသူများသည် အခြားမဟုတ်ဘဲ တာပိုးရွာသားများဖြစ်သည်။တာပိုးရွာသားမျာသည် ဦးဖိုးဝေ နှင့် သူရိယကို ပြန်ဖမ်းကာ

    “ဟေ့ကောင်တွေ ဒီလူတွေကို ကြိုးနဲ့ ချည်ပြီး သေချာဖမ်း ခုနကလို လွတ်လို့ မဖြစ်တော့ဘူး ရွာကို ဖမ်းခဲ့ ရွာရောက်မှ သံ အချုပ်ခန်းထဲ ထည့်မယ် “

    အမှတ်မရှိသော ရွာသားများသည် ဦးဖိုးဝေ နှင့် သူရိယကို ဖမ်းထားလိုက်ကြပြန်သည်။ထို့နောက် ကြိုးဖြင့်တုပ်ကာ သူတို့ ၏ ရွာသို့ခေါ်လာရင်း အချင်းချင်းစကားဆိုနေပြန်သည် ။

    “ဒီလူတွေက တို့ကိုတော့ ရန်မပြုဘူး အစောက ငါတို့ မြင် ရတာ‌တော့ ဟိုကဝေတွေက ဒီလူကြီးကို ကြောက်နေတာ မဟုတ်လား သူက ငါတို့ကိုတော့ ဘာမှပြန်မလုပ်ဘူး “

    “ဟုတ်တယ် ငါလည်း ထူးတယ်လို့ ထင်နေတာ “

    ရွာသားများထံမှ ခေါင်းဆောင်ဖြစ်ဟန်တူသူသည် ဦးဖိုးဝေတို့ အနားသို့လာကာ

    “ဟေ့လူကြီး ကျုပ် မေးစရာ ရှိတယ် ခင်ဗျားက ကဝေတွေ စုန်းတွေကိုတောင်နိုင်တာ ကျုပ်တို့ကို ဘာလို့ မတိုက်ခိုက်တာလဲ “

    “မင်းတို့က သာမာန်လူတွေမို့ပေါ့ “

    “ဟာ မဟုတ်သေးပါဘူး စုန်းကဝေတွေကတောင် ကျုပ်တို့ကို အပေါ်ဆီးက ဆက်ဆံတာ ခင်ဗျားဆို စုန်းကဝေတွေကိုတောင် နိုင်တာ ကျုပ်တို့ကို မနိုင်စရာ‌အကြောင်းမရှိဘူး ဘာလို့ ကျုပ်တို့ကို ပြန်မတိုက်တာလဲ “

    “ငါပြောပြီးပြီကော မင်းတို့က သာမာန်လူတွေ မို့လို့ပဲလို့ “

    “သာမာန်လူဆိုတော့ ဘာဖြစ်လို့လဲ “

    “ငါတို့က အထက်လမ်းဆရာတွေ သာမာန်လူတွေကို ပညာ နဲ့ မတိုက်ခိုက်ဘူး”

    “ကျုပ် ဘာမှနားမလည်တော့ဘူး ခင်ဗျားတို့ နှစ်ယောက်ကို ကြည့်ရတာလည်း လူယုတ်မာပုံတွေတော့ မပေါ်ဘူး အဲ့တာကို ဘာလို့ မမလေးက ရန်ပြုချင်နေတာလဲ “

    “ငါတို့က လူကောင်းဆို မင်းတို့ မမလေးက မကောင်းတဲ့လူ လို့ မင်းတို့ မတွေးမိဘူးလား “

    “ဟ မဖြစ်နိုင်တာ ကျုပ်တို့ရွာက လူတွေ ကျန်းမာရေး ပြန်ကောင်းလာတာ သူ့ကျေးဇူးကြောင့်ဗျ “

    “ကဲပါ ငါတို့ကို မင်းတို့ရွာဆီကို ဖမ်းခေါ်တာ မဟုတ်လား မြန်မြန်သာ သွားကြစို့ “

    ဦးဖိုးဝေ၏ စကားကြောင့် တာပိုးရွာသားများ မည်သည့်စကားမှ ထပ်မပြောတော့ပဲ ဂရုတစိုက် နှင့် သူတို့၏ ရွာသို့ ဦးဖိုးဝေ နှင့် သူရိယအား ကြိုးတုပ်ကာ ခေါ်ပြီး သွားနေပါကြတော့သည် ။

    ◾ဦးဖိုးဝေ နှင့်ရန်ငြိုးသည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း