လူသားစားငထွား

ဟင်းအကျန်များသာ စားရလေသည်။

ဒေါ်မြတို့က အမျိုးတောင့်သည်။ အကုန် အိမ်အောက်မှ ထွက်လာကြပြီး အိမ်ရှေ့မြေကွက်လပ်တွင် ဒူးထောက် ထိုင်လိုက်ကြသည်။ ဓါးပြများက သေနတ်ဖြင့် ချိန်ထားသည့်သူက ချိန်ထားသည်။ မောင်စိန်လဲ နောက်ဆုံးတွင် ဝင်ထိုင်လိုက်လေသည်။

“ကဲ ဒေါ်မြ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ကျုပ်တို့ကို ငွေတွေနဲ့ စားဖို့ရိက္ခာတွေလိုချင်တယ်” ဓါးပြ ဗိုလ်ကပြောလိုက်သည်။

ဒေါ်မြကတော့ မျက်ရည် စမ်းစမ်းဖြင့်

“ရိက္ခာတွေ လိုတယ်ဆို စပါးတွေသာ ယူသွားပါ။ ငွေတွေလဲ ပေးပါ့မယ် လူကိုတော့ ချမ်းသာပေးပါ” ဒါ်မြက ပြောလိုက်လေသည်။ ထို့နောက် ချွေးခံအကျီအိတ်ထဲမှ ငါးဆယ်တန်တစ်ရွက်ကို ထုတ်လိုက်ပြီး ဓါးပြဗိုလ် လက်ထဲကို ထည့်ပေးလိုက်လေသည်။

“ဒါပဲလား” ဓါးပြဗိုလ်က ပြောလိုက်လေသည်။

“ဒါပဲယူသွားကြပါရှင် ကျွန်မတို့လဲ ခေတ်အခြေအနေမကောင်း စီးပွားရေးမကောင်း၊ အိမ်မှာလဲ စားမယ့် ပါးစပ်ပေါက်တွေက များလို့ လို့” ဒေါ်မြက ပြောလိုက်လေသည်။

“ကဲ ငါ့တပည့်တို့ ထုံးစံအတိုင်းလုပ်ရအောင်” ဓါးပြဗိုလ်က ပြောလိုက်လေသည်။ ဓါးပြများသည် အိမ်ထဲသို့ဝင်ရောက်ကာ တန်ဖိုးရှိသည့် ပစ္စည်းမှန်သမျှကို အသင့်ယူလာသော ဂုန်နီအိတ်များထဲ ထည့်လေသည်။ စပါးများကိုလဲ ဂုန်နီအိတ်ကြီးထဲ ထည့်ကြပြီး မြင်းနောက်တွင် တင်ဆောင်လိုက်ကြသည်။

“ရိက္ခာတွေက မလောက်သေးဘူးကွ” ဓါးပြဗိုလ်က ပြောလိုက်လေသည်။ သို့နှင့်စပါးများကို အိတ်များဖြင့်ထပ်ထည့်ကြလေသည်။

“ဗိုလ်ကြီး မြင်းတွေက မသယ်နိုင်တော့ဘူး” ဓါးပြတစ်ယောက်က ပြောလေသည်။ ဗိုလ်ကြီးက ဒေါ်မြဖက်လှည့်လိုက်၍

“ကျုပ်တို့ကို စပါးတွေ သယ်ဖို့ လူနှစ်ယောက်လောက် ထည့်ပေးနိုင်မလား” ဒေါ်မြကိုပြောလိုက်လေသည်။

များသောအားဖြင့် ဓါးပြများ၊ ကွန်မြူနစ်များက ပေါ်တာဆွဲသွားသောသူများကို သတ်ပစ်ခဲ့ကြတာများသည်။ အလွန်ကံကောင်းသည့်သူမှ ထွက်ပြေးလွတ်မြောက်တတ်ကြလေသည်။ ဓါးပြများသည် သူတို့ ခိုင်းလိုရာခိုင်းပြီးလျှင် ထိုသူများကို တောထဲတွင်ပင် ပစ်သတ်ခဲ့ကြလေသည်။
ယခုလဲ ဒေါ်မြဆီမှ လူနှစ်ယောက်တောင်းလေသည်။ ဒေါ်မြသည် ကြာကြာ မစဉ်းစားလိုက်ရပေ။
“မောင်စိန်နဲ့ မောင်ပိန် မင်းတို့ နှစ်ယောက် လိုက်ပို့လိုက်ကြ” ဒေါ်မြက ပြောလေသည်။ မောင်စိန်ကော မောင်ပိန်ပါ ဒေါ်မြထံတွင် ကျွန်ခံနေကြသည့် သူများဖြစ်သည်။ ထို့အတွက်ကြောင့် ဒေါ်မြက သူတို့အား သိပ်ပြီး စိုးရိမ်ပုံမပေါ်။

မောင်စိန်လဲ အလွန်ခံပြင်းသွားလေသည်။ သူ့အပေါ်တစ်ဘဝလုံး ယုတ်မာခဲ့သည်သာမက ယခုလဲ ပြန်လမ်းမရှိသည့် သေလမ်းသို့ ပို့လိုက်လေပြီ။ မောင်စိန်နှင့် မောင်ပိန်တို့ကို စပါးအိတ်ကြီးများ ထမ်းခိုင်းကာ ဓါးပြ အဖွဲ့က သေနတ်နှင့်ချိန်ပြီး ခေါ်သွားလေသည်။ ဓါးပြများက ရွာထဲမှ အေးအေးလူလူပင်ထွက်သွားကြသည်။ ရွာပြင် အတော်ကလေးလှမ်းမှ ရွာထဲတွင် မီးအိမ်အလင်းရောင်လေးများ မှိတ်တုပ် မှိတ်တုပ်လင်းလာသည်ကို မောင်စိန်တွေ့လိုက်ရလေသည်။

အလယ်ရိုးမတောင်ကြီးကို တက်လာပြီး တောင်ခါးပန်းတစ်ခုကို ရောက်လာကြသည်။ ဓါးပြဗိုလ်က မြင်းကို ရပ်လိုက်ပြီး သူတို့ နှစ်ဦးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ကဲ မင်းတို့ ဒီလောက်ဆိုရပြီ ပြန်တော့”
ဓါးပြဗိုလ်ကပြောလိုက်သည်။ မောင်စိန်နှင့် မောင်ပိန်လဲ စပါးထုပ်ကြီးများကို ပစ်ချလိုက်ကြသည်။ တစ်ညလုံး ထမ်းလာရသဖြင့် ခါးတွေနာနေသည်။

“ကျွန်တော် မပြန်တော့ဘူး ကျွန်တော့်ကို ဓါးပြအဖြစ်လက်ခံပေးပါ ဗိုလ်ကြီး” မောင်စိန်က ပြောလိုက်သည်။ မောင်ပိန်က မျက်လုံးပြူးသွားသည်။

“ဟား . . ဟား မင်းက ဘာလို့ ဓါးပြဖြစ်ချင်တာလဲကွ ပြောစမ်းပါဦး” ဓါးပြဗိုလ်က ရယ်ရင်းမေးလိုက်သည်။

“ဒေါ်မြဆိုတဲ့ အဖွားကြီးအိမ်မှာ ကျွန်ခံတာထက် ဒီတောထဲမှာ နေပြီး ဓါးပြလုပ်တာကမှ ပိုနေပျော်ပါဦးမယ်”
မောင်စိန်ကပြောလိုက်သည်။ ဓါးပြဗိုလ်က ရယ်မောလိုက်ပြီး

“မင်းကို ငါ ဓါးပြအဖြစ် လက်မခံဘူးဆိုရင်ကော” ဓါးပြဗိုလ်က မေးလိုက်သည်။

“ဒါဆိုလဲ ကျွန်တော့်ကို ဒီနေရမှာပဲ ပစ်သတ်လိုက်ပါတော့၊ ကျွန်တော် ဝဋ်ကျွတ်သွားတာပေါ့” မောင်စိန်ကပြောရင်း ရင်ကော့ပေးလိုက်သည်။

“ဟား . . ဟား ကောင်းပြီကောင်လေး မင်းဆန္ဒကို ငါဖြည့်ပေးရတာပေါ့”
ဓါးပြဗိုလ်က ပြောဆိုလိုက်ပြီး ခါးကြားမှ ခြောက်လုံးပြုးသေနတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် မောင်စိန်ကို ချိန်လိုက်လေသည်။ မောင်စိန်ကလဲ တခြားမစဉ်းစားတော့ပဲ မျက်လုံးကိုသာ တင်းတင်းမှိတ်ထားလိုက်လေသည်။

“ဒိုင်း”
သေနတ်သံတစ်ချက်က တောင်ကြောပေါ်တွင် ပဲ့တင်ထပ်သွားလေသည်။

မောင်စိန်က မှိတ်ထားသော မျက်လုံးများကို ဖွင့်မကြည့်ရဲသေးပေ။ သူ့ကိုယ်ပေါ်တွင် နာကျင်မှု ဝေဒနာကို လိုက်ရှာနေသည်။ ထို့နောက် အတန်ကြာမှ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးကို စမ်းကြည့်လိုက်သည်။

“ငါ ဘာမှ မဖြစ်ဘူးပဲ” မောင်စိန်က ရေရွတ်လိုက်လေသည်။

“တော်တယ်ကောင်လေး၊ မင်းစမ်းသပ်တာအောင်မြင်သွားပြီ မင်းလိုသတ္တိရှိတဲ့လူကို တို့ဓါးပြအဖွဲ့က ကြိုဆိုပါတယ်” ဓါးပြဗိုလ်ကပြောလိုက်သည်။ ထို့နောက် မောင်ပိန်ဘက်ကို ကြည့်လိုက်လေသည်။

“မင်းကော မပြန်သေးဘူးလား၊ ငါစိတ်ကောင်းဝင်နေတုန်း ပြန်ခိုင်းတာနော်” ဓါးပြဗိုလ်က မောင်ပိန်ကိုကြည့်ပြီးပြောလိုက်သည်။ မောင်ပိန်ကလဲ ကြောင်နေရာမှ သတိဝင်၍ ခေါင်းကိုညိတ်လိုက်သည်။ ထို့နောက် ထိုနေရာမှ တစ်ဟုန်ထိုးပြေးထွက်လိုက်လေသည်။

ဓါးပြဗိုလ်က မောင်ပိန်၏ နောက်ကျောကို ကြည့်နေရင်း ရေရွတ်နေလေသည်။

“တစ် . . . နှစ်. . . .သုံး”
ထို့နောက် မောင်ပိန်အား သေနတ်ဖြင့် ပစ်ခတ်လိုက်လေသည်။

“ဒိုင်း”
သေနတ်သံတစ်ချက် ဟိန်းထွက်သွားသည်။ မောင်ပိန်မှာ အရှေ့သို့ ပစ်လဲသွားလေသည်။ သူ၏ ကျောကို ကျည်ဆံဖောက်ဝင်သွားပြီး ရင်ဖက်တွင် ကျည်ပွင့်ထွက်နေပြီး ကလီစာများက ဖွာလန်ကျဲသွားသည်။ မောင်ပိန်သည် ချက်ခြင်းတော့ မသေသေးပေ။ လူးလွန့်နေလေသည်။

“ငါပြောသားပဲ ငါစိတ်ကောင်းဝင်နေတဲ့အချိန်ပြေးပါဆို . . . ဟား . . .ဟား”

ဓါးပြဗိုလ်ကပြောရင်းဖြင့် သေနတ်ကို ခါးကြားပြန်ထိုးလိုက်သည်။ ထို့နောက် မောင်စိန်လဲ စပါးအိတ်ကြီးထမ်းကာ ဓါးပြများနှင့်အတူ တောထဲသို့ ဆက်လိုက်ခဲ့လေသည်။

တောင်စွယ်ကြီးတစ်ခုကို ကျော်ဖြတ်ပြီးသည့်အချိန်တွင် လျှိုကြီးတစ်ခုကို တွေ့လေသည်။ လျှိုထဲတွင် မြေပြန့်ပြီး ဝါးရုံပင်များက ထူထပ်နေသည်။ အနီးရောက်သောအခါ ထိုဝါးရုံပင်များကြားတွင် ဝါးအိမ်လေးများ ထိုးထားသည်ကို တွေ့ရသည်။ ထိုနေရာသည် ဓါးပြများ စခန်းချရာ စခန်းဖြစ်သည်။ ဓါးပြ ဆယ်ယောက်ခန့်က စခန်းထဲမှ ပြေးထွက်လာကာ ကြိုဆိုကြသည်။ မြင်းများကို ဆွဲခေါ်သွားပြီး မြင်းဇောင်းထဲသို့ ပို့လိုက်ကြသည်။

(၂)

ညရောက်ပြီ။ တဲအိမ်လေးများရှေ့ မြေကွက်လပ်ကြီးတွင် မီပုံကြီးများကို ဟီးနေအောင် ဖိုထားလေသည်။ ထို့နောက်မြေပြင်တွင် ငှက်ပျောဖက်များကို ခင်းလိုက်ကြသည်။ မြေအိုးများဖြင့် ချက်လုပ်ထားသော ထမင်းများကို ထိုငှက်ပျောရွက်များပေါ်တွင် တစ်ပုံချင်းစီ ပုံလိုက်ကြသည်။ ထို့နောက် ဆားများကို လက်ဖြင့်ခပ်ကာ ထမင်းပေါ်ဖြူးလိုက်ကြသည်။ ထို့နောက် ဟင်းရွက်ပြုတ်များကို လိုက်ပြီးထမင်းပုံများဘေးတွင် ပုံပေးလိုက်ကြသည်။ ဗိုလ်ကြီးက ထမင်းစားနိုင်ပြီလို့ ပြောလိုက်သည်နှင့် ဓါးပြများသည် ထမင်းပုံများရှေ့ထိုင်ကာ အလုအယက်စားသောက်ကြလေတော့သည်။

ယခု ထမင်းတစ်နပ်သည် မောင်စိန်ဘဝတွင် စားခဲ့ရသမျှ ထမင်းများအနက် အဆိုးဆုံးဖြစ်သည်။ ဆန်မှာလဲ ပြောင်စင်အောင် မဖွပ်ထားသဖြင့် စားရတာ မာပြီး ကြမ်းထော်နေလေသည်။ ဟင်းရွက်ပြုတ်များမှာလဲ ဘာဟင်းရွက်တွေ ပြုတ်ထားသလဲမသိပေ။ ပြီးနောက် ထမင်းကို ဆားဖြင့်သာ ကြိတ်မှိတ်ပြီး စားရသည်။ အနားတွင်ရှိသော ရေအိုးမှ ဝါးဆစ်ဗူးဖြင့် ရေသောက်ပြီး မျောချရလေသည်။ ဓါးပြဗိုလ်ကြီးကတော့ သူတို့နှင့် အတူတူမစား။ တဲတစ်ခုအတွင်းဝယ် ဒေါင်းလန်းအဟောင်းတစ်ခုဖြင့် ထမင်းပို့ပေးရလေသည်။

“ထမင်းကလဲ စားမကောင်းလိုက်တာ၊ ဒေါ်မြအိမ်က စားကြွင်းစားကျန်ကတောင် ဒီထက်ကောင်းသေး” မောင်စိန်က ညည်းညူလိုက်လေသည်။

ညအိပ်သောအခါ အတန်းလိုက်ကြီးဆောက်ထားသည့် ဝါးတဲကြီးတွင် စုပြုံပြီး အိပ်ကြလေသည်။ အဝတ် တစ်ထည် ကိုယ်တစ်ခုနှင့် မောင်စိန်မှာတော့ သူဝတ်ထားသည့် ပုဆိုးစုတ်ကလေးကို ခြုံပြီး အိပ်ရလေသည်။

မိုးလင်းပြီ။
မောင်စိန်တို့ ဓါးပြတွေ ထိုနေ့က အလုပ်မရှိ၊ ဓါးပြအချို့ကတော့ ညက တိုက်၍ရလာသည့် ရွှေတိုငွေစများ ပစ္စည်းများကို သွားရောက် ထုခွဲရောင်းချကြပြီး လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် အရက်များဝယ်လာကြမည်ဖြစ်သည်။ မောင်စိန်လဲ အနီးအနားရှိ စမ်းချောင်းလေးနှင့် ရေတံခွန်ငယ်လေးတွင ်ရေချိုးလိုက်လေသည်။ ဝတ်စရာအဝတ်အစားအပိုမပါသဖြင့် ကိုယ်တုံးလုံးချိုးရလေသည်။ ပြီးမှ အဝတ်အစားများပြန်ဝတ်ရသည်။

ရေတံခွန်ကပြန်လာပြီး ဝါးရုံအောက်တွင် ထိုင်နေသည်။ ထိုစဉ် ဓါးပြဗိုလ်ကြီးသည် သူ့ဆီ လမ်းလျှောက်လာလေသည်။

“ဘယ်လိုလဲ ကောင်လေး ညက အဆင်ပြေရဲ့လား”

“ပြေပါတယ်ဗျာ တစ်ခုပဲရှိတယ် စားရတာအဆင်မပြေဘူးဗျ” မောင်စိန်က ပြောလိုက်လေသည်။

“ဘယ်လို အဆင်မပြေတာလဲ”

“ဒီမှာ ဟင်းချက် ထမင်းချက်တာ ဘယ်သူချက်တာလဲ” မောင်စိန်က မေးလိုက်သည်။

“ဒီလိုပဲ စခန်းမှာရှိတဲ့သူချက်တာပေါ့ကွာ”

“ဒါဆို ကျွန်တော် ချက်ပေးရမလား၊ ကျွန်တော်က ရွာမှာ အိုးသူကြီးအကူလုပ်ဖူးတယ်” မောင်စိန်ကပြောလိုက်လေသည်။ ဓါးပြဗိုလ်လဲ မျက်လုံးများ အရောင်လက်သွားလေသည်။

“ကောင်းတာပေါ့ ဒါပေမယ့် မင်းအရည်အချင်းကို စမ်းသပ်ရမယ်”

မောင်စိန်က ခေါင်းညိတ်လိုက်လေသည်။

“ဘသော်ရေလာဟေ့ ဒီကောင်လေးကို ထမင်းဟင်းချက်တဲ့နေရာ ခေါ်သွားပြလိုက်” ဘသော် ဆိုသူကပြေးလာသည်။

“နေပါဦးကောင်လေး ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်သလဲ”

“ကျွန်တော့် နာမည် မောင်စိန်ပါ”

“အေး ငါ့နာမည်မှတ်ထား ငါ့နာမည်က ငထွားတဲ့”
မောင်စိန်လဲ ခေါင်းညိတ်လိုက်လေသည်။ ငထွားမှာနာမည်အတိုင်း အသားမဲမဲ ထွားထွားကြိုင်းကြိုင်းနှင့်ဖြစ်သည်။ မျက်နှာတွင် ကျောက်ပေါက်မာတွေများပြီး ဗြုပ်ထနေလေသည်။ မှုတ်ဆိတ်မွှေးတွေနှင့် ပါးသိုင်းမွှေးတွေက ထူလဗြစ်။

မောင်စိန်လဲ ထမင်းချက်ရန်ပြင်လေသည်။ စပါးများကို ဓါးပြ နှစ်ယောက်အား ဘသော်က ဖွပ်ခိုင်းလေသည်။ ထို့နောက် မောင်စိန်ကလဲ ထမင်းအိုးတည်လိုက်သည်။ ထမင်းအိုးမှာ မြေအိုးများဖြစ်သောကြောင့် မြေအိုးများကို ထင်းမီးနှင့် တန်းစီပြီး တည်လိုက်လေသည်။ ထို့နောက် ထမင်းများကို ရေခမ်းချက်လိုက်လေသည်။ ထမင်းချက်ပြီးသော် ဟင်းက မရှိပေ။ ဘသော်က ဓါးပြ သုံးယောက်ကို ဟင်းစားရှာလာခိုင်းသည်။ ယုန်တစ်ကောင်နှင့် ဘာရွက်တွေမှန်းမသိ၊ တွေ့တာတွေ ခူးလာလေသည်။ မောင်စိန် အလွန်စိတ်ပျက်သွားလေသည်။

“နေပါဦး ယုန်က တစ်ကောင်ထဲလား” မောင်စိန်က မေးလိုက်လေသည်။

“အဲဒီယုန်က ဓါးပြဗိုလ် ငထွားအတွက်ကွ၊ သူက ထမင်းစားရင် အသားမပါရင် ဘယ်တော့မှမစားဘူး၊ အေး အသားမပါပဲ ထမင်းစားရတဲ့ရက်ဆို အဲ့ရက် ထမင်းချက်တဲ့လူကို သေနတ်နဲ့ ပစ်သတ်လိုက်တာပဲ” ဘသော် က ပြောလိုက်လေသည်။ မောင်စိန်က တံထွေးကို ဂလုကနဲ မြိုချလိုက်သည်။

“ငါကလဲ နည်းနည်းပါးပါး ချက်တတ်ပြုတ်တတ်တော့ အခုလောလောဆယ် ချက်ပြုတ်ရေး တာဝန်ခံက ငါပဲဖြစ်နေတာပေါ့” ဘသော်က ပြောသည်။ ရှေးက မြန်မာ အမျိုးသားများမှာ ထမင်းဟင်း မချက်ပြုတ်တတ်ကြပေ။ အနည်းအကျဉ်းသာ ချက်ပြုတ်တတ်ကြသည်။ မောင်စိန်မှာ ရွာမှ သာရေး၊ နာရေးများတွင် ဝိုင်းဝန်းကူညီပေးဖူးသဖြင့် ချက်တတ်ခြင်းဖြစ်သည်။

ထမင်းကျက်တော့ ယုန်ကို ဘသော်က ကင်နေလေသည်။ မောင်စိန်ကတော့ ဓါးပြတစ်ယောက်ခေါ်ကာ တောထဲ ဟင်းစားရှာထွက်ခဲ့လေသည်။ ဝါးရုံပင်များရောက်သော် မျှစ်များကိုတွေ့သဖြင့် မျှစ်နုလေးများကို အတူ ဖြတ်ကြလေသည်။ စခန်းရောက်တော့ ထိုမျှစ်နုလေးများကို အတုံးလေးများတုံးပြီး အိုးထဲထည့်ပြီး ရေလုံပြုတ်ကာ ဆားများခတ်လိုက်လေသည်။ ထိုနေ့လည်စာကတော့ တစ်မျိုးစားကောင်းနေသည်။ ဓါးပြဗိုလ်ကလဲ သဘောကျနေသည်။

“ကောင်းတယ်ကွာ ငါတို့လဲ တစ်ခါလာ အရွက်ပြုတ်တွေနဲ့ပဲစားနေရတာ” ဓါးပြဗိုလ် ငထွားက ပြောလေသည်။

သို့ဖြင့်ထမင်းချက်ပြုတ်ရေး တာဝန်မှာ ဘသော်ရယ်၊ မောင်စိန်ရယ်အပေါ် အလိုလိုရောက်လာခဲ့လေသည်။

နောက်တစ်ရက်တွင် ဓါးပြတိုက်ရန် အစီအစဉ်ရှိလေသည်။ ကသစ်ဝိုင်းရွာသို့ ဓါးပြတိုက်ကြမည်ဖြစ်သည်။ ငထွားကတော့ မောင်စိန်ကို မလိုက်ခိုင်းပေ၊ သို့သော် မောင်စိန်ကလဲ လိုက်ချင်နေသည်။။ ထို့ကြောင့် မောင်စိန်ကို မြင်းတစ်ကောင်ပေးကာညနေတွင် ဓါးပြတိုက်ထွက်ခဲ့ကြလေသည်။ ထုံးစံအတိုင်းပင်၊ ဓါးပြအဖွဲ့မှ သတင်းပေးက ပေးထားသော သတင်းအရ အတန်ငယ် ချမ်းသာသော အိမ်တစ်အိမ်ကို တိုက်ကြလေသည်။ အိမ်တွင်းရှိ အဖိုးတန် ပစ္စည်းများအား ယူကြလေသည်။ မောင်စိန်ကတော့ ဂုန်နီအိတ်ကိုင်ကာ အိမ်နောက်ဖေးမီးဖိုသို့ဝင်ခဲ့ပြီး ဟင်းချက်စရာ ပစ္စည်းများကို ယူလေသည်။

စခန်းရောက်တော့ တိုက်ရာပါပစ္စည်းများကို စုပုံ၍ ဝေခွဲကြလေသည်။ ထိုအချိန်တွင် မောင်စိန်မှာ ကြက်သွန်ဖြူများ၊ ကြက်သွန်နီများ၊ ငရုတ်သီးများသာ ပါလေသည်။ ဓါးပြများအားလုံးက ရယ်မောကြလေသည်။ မောင်စိန်ကတော့ မျက်နှာလေးအောက်ချထားလေသည်။

နောက်နေ့တွင် ထုံးစံအတိုင်း ချက်ပြုတ်ရလေသည်။ ဟင်းအတွက် တောဝက်တစ်ကောင် ပစ်ခတ်ရလေသည်။ တောဝက်မှာသေးငယ်သောကြောင့် ဓါးပြဗိုလ်အတွက် ထားလိုက်ရလေသည်။ မောင်စိန်က ဝက်သားကို ကြက်သွန် ငရုတ်သီးထောင်းကာ ဝက်ဆီဖြင့်ပင် ဆီပြန်လေးချက်လိုက်သည်။ တောဝက်မှာ အဆီနည်းသော်လဲ ချက်၍ ရ၍ တော်သေးသည်။ ထို့နောက် မျှစ်နှင့်ချဉ်ဟင်းတစ်ခွက်ချက်သည်။ ထမင်းစားတော့ ငထွား၏ တဲလေးထဲသို့ ဒေါင်းလန်းလေးကိုင်ပြီး ဝင်ခဲ့လေသည်။

ငထွားမှာ ဒေါင်းလန်းထဲမှ ထမင်းများကို ခေါင်းမဖော်တမ်း အားရပါးရစားလေသည်။

“ကောင်းလိုက်တာကွာ ငါ့မှာ တစ်ခါလာလဲ အသားကင်၊ အသားခြောက်၊ အသားမီးဖုတ်ကြီးဘဲ စားနေရတာများတယ်” ငထွားက လက်ကို မဆေးပဲ လျှက်နေသေးသည်။

“မောင်စိန် မင်းတော်တယ်၊ မင်းကို ဝေစုများများပေးမယ်၊ ငါ့ကို အခုလိုပဲ ချက်ကျွေးစမ်းပါ” ငထွား၏ စားတော်ကဲ ဘဝသို့ မောင်စိန်ရောက်လာပြီဖြစ်သည်။

နောက်ပိုင်း ဓါးပြတိုက်ရာပါ ပစ္စည်းများ ထုခွဲသည့်အခါ နီးစပ်ရာ မြို့များသို့ မောင်စိန်လဲ လိုက်ပါရလေသည်။ ထို့နောက် ဟင်းချက်စရာများ၊ အမွှေးအကြိုင်များ၊ ဆီများ ငပိများ ဝယ်ယူရလေသည်။ မောင်စိန်မှာ နောက်ပိုင်းတွင် ဓါးပြစခန်းတစ်ခုလုံး ချက်ကျွေးစရာမလိုတော့ ငထွားကိုသာ ပင်တိုက်ချက်ကျွေးရလေသည်။

ထိုနေ့က ဖြစ်ချင်တော့ ကံဆိုးမည့်နေ့။
ဓါးပြများ တောလိုက်သွားရာတွင် ဘာအသားမှ မရခဲ့ပေ။ မောင်စိန် ပြဿနာတက်ပြီ။ အသားဟင်းမပါလျှင် ငထွားက ဟင်းချက်သည့်သူကို သတ်ကြောင်း ဘသော်က တစ်ခါပြောဖူးသည်။ မောင်စိန်ကြံရာမရဖြစ်လာသည်။ ထမင်းစားချိန်က ရောက်တော့မည်။ ဒါနဲ့ ဓါးပြတစ်ယောက်ကို ခေါ်ပြီး တောထဲထပ်ဝင်ခဲ့သည်။ တောထဲမှာ တစ်နာရီခန့်ကြာနေပြီဖြစ်သည်။ အသားမပြောနှင့် ဖွတ်၊ ပုတက် နှင့် ငှက်တောင် တစ်ကောင်မှ မတွေ့ရ။ မောင်စိန် အကြံအိုက်နေပြီ။ မကြာမီ အကြံတစ်ခုရလိုက်သည်။ သို့သော် ထိုအကြံကို အကောင်အထည်ဖော်ရန် လက်တွန့်နေသည်။

မောင်စိန်နှင့် အတူပါလာသည့် ဓါးပြမှာ ကြိုးစားပြီး တောင်ပို့တစ်လုံးကို ရှာကြည့်နေသည်။ မိုးကလဲ သည်းနေသည်။ ထိုစဉ်မောင်စိန်က လက်ထဲမှ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်နေသော ဓါးပြအား အသာချဉ်းကပ်သွားသည်။ ပြီးနောက် ဓါးဖြင့် ထိုဓါးပြ၏ ဇက်ပိုးကို အားကုန်ခုတ်ချလိုက်လေတော့သည်။

“လုပ်ကြပါဦး ဓါးပြတစ်ယောက် ချောက်ထဲခြေချော်ကျသွားလို့” မောင်စိန်က အော်ပြီး စခန်းထဲပြေးဝင်လာသည်။

“ဘယ်သူလဲကွ” ဘသော်က မေးလိုက်သည်။

“ကျွန်တော်နဲ့ အတူဟင်းစားလိုက်ရှာတဲ့ တစ်ယောက်လေ”

“အော် ဒါဆို မောင်ခွေးဖြစ်မယ်၊ လာတို့တွေ သွားရှာကြစို့” ဓါးပြ များစခန်းထဲမှ ထွက်သွားကြသည်။
မောင်စိန်ကတော့ ပုဆိုးနှင့်ကွယ်ဝှက်ယူလာခဲ့သည့် လူလက်ပြတ်ကြီးကို ထုတ်လိုက်သည်။ လက်မောင်းသားများကို ထွင်ပြီး ချက်ပြုတ်လိုက်သည်။

“ထမင်း မကျက်သေးဘူးလားကွ ဟေ” ငထွားက ဟင်းချက်သည့် တဲထဲသို့ ဝင်လာလေသည်။ မောင်စိန်ကလဲ တုန်ယင်နေသည်။

“ဟုတ် ပြီးတော့မှာပါ ဗိုလ်ကြီးအတွက် အကောင်းဆုံး ချက်ပြုတ်ပေးနေလို့ နဲနဲကြာနေတာပါ” မောင်စိန်ကပြောလိုက်သည်။

“အင်းလေ လက်ဖက်ကောင်းစားချင်ရင်တော့ ပလောင်တောင်တက်နှေးရမှာပေါ့ မဟုတ်ဖူးလား” ငထွားကပြောပြီး သူ့တဲကို ပြန်သွားလေသည်။

မကြာမီ မောင်စိန်လဲ ဒေါင်းလန်းလေးကိုင်ပြီး ငထွားတဲထဲသို့ပြေးသွားလေသည်။

“ဟာ ဒီနေ့ဟင်းက သိပ်မွှေးပါလား ဘာသားတုန်းဟ”

“ဟို . . ဟိုလေ ယုန် . .ယုန်သားပါ” ပြောရင်းဆိုရင်း ငထွားက စားလေသည်။

“အားပါးပါး စားလို့ကောင်းလိုက်တာ အသားက နူးပြီးအိနေတာပဲ၊ ငါယုန်သားစားဖူးတာပဲ ဒါပေမယ့် ဒီလိုယုန်သားမျိုး တစ်ခါမှ မစားဖူးဘူးကွာ” ငထွားကပြောရင်းဆိုရင်း ပလုပ်ပလောင်းနှင့် စားသောက်နေလေသည်။

“ဟို . . ဟို အဲဒါကလဲ ယုန်သားထက်အမွှေးအကြိုင်တွေ ကောင်းလို့နေမှာပါ” မောင်စိန်ကပြောလိုက်လေသည်။

ပြီးနောက် စားပြီးသား ဒေါင်းလန်းလေးကို ကိုင်ပြီး တဲအပြင်ထွက်ခဲ့လေသည်။ တဲအပြင်တွင် ဘသော်က စောင့်နေလေသည်။

“တော်ပါသေးရဲ့ ငါကမင်းကို သတ်လိုက်ပြီလို့တောင်ထင်နေတာ” ဘသော်ကပြောလေသည်။

“ဘယ်ကလာ သတ်ရမှာလဲ ဘသော်ရဲ့”

“မဟုတ်ဖူးလေ ဒီနေ့ဘာအသားမှ မရတာ”

“မဟုတ်ဘူး ကျွန်တော် တောထဲနောက်တစ်ခါသွားတော့ ယုန်တစ်ကောင်ဖမ်းမိလို့” ဘသော်က ဘာမှမပြောပဲ မောင်စိန်ကို ကြည့်နေသည်။

“ဒါနဲ့ မောင်စိန်ရေ မောင်ခွေးအလောင်းကိုလဲ ရှာမတွေ့ဘူး” ဘသော်ကပြောလေသည်။

“ချောက်ထဲကျသွားတာဆိုတော့ ချောက်အောက်ဆင်းရှာမှ ရမှာပေါ့ဗျာ” မောင်စိန်က ပြောရင်း လှည့်ထွက်သွားလေသည်။

ထိုညက မောင်စိန် အိပ်မက်ဆိုးတွေမက်သည်။ အိပ်မက်ထဲတွင် မောင်ခွေးက သူ့ကို ဓါးနဲ့ ခုတ်သတ်ပြီး အပိုင်းပိုင်းလှီးဖြတ်နေသည်။ ထို့နောက် သူ့အသားတွေကို ဟင်းချက်ပြီး ငထွားနှင့် စခန်းမှ ဓါးပြများက မြိန်ရေရှက်ရည် စားသောက်နေကြလေသည်။

(၃)

နောက်တစ်နေ့။
ထိုနေ့က ရစ်များဖမ်းမိလေသည်။ မောင်စိန်လဲ ရစ်များကို ချက်ပြုတ်ပေးလိုက်လေသည်။ သို့သော် ထမင်းဝိုင်းတွင် ငထွားက စားမကောင်းဟုပြောသည်။

“မနေ့ကလို ယုန်သားလေးစားချင်လိုက်တာကွာ၊ ငါ့ကို အဲ့ယုန်သား နေ့တိုင်းချက်ကျွေးပါ” ငထွားကပြောလေသည်။

“ဟုတ် ဟုတ်ကဲ့ ဗိုလ် . . ဗိုလ်ကြီး”

ညနေစောင်းတော့မည်။ မောင်စိန်က အခြေအနေကြည့်ပြီး တောထဲပြေးဝင်ခဲ့သည်။ ထို့နောက် သူမှတ်သားထားသည့် တောင်ပို့အောက်ခြေကို တူးထုတ်လိုက်သည်။ ရွှံ့မြေများဖြစ်သည်က တစ်ကြောင်း၊ မနေ့က မိုးများရွာပြီး မြေပျော့နေသည်က တစ်ကြောင်းမို့ အသာလေး မောင်ခွေး၏ အလောင်းကို တူးဖော်ရရှိလေသည်။ မောင်စိန်သည် အလောင်း၏ လက်တစ်ဖက်အား ထပ်ပြီးဖြတ်လိုက်သည်။ ထို့နောက် အနီးရှိဝါးပင်မှ အဖတ်များဖြင့် ထုတ်ပိုးလိုက်သည်။ ထို့နောက်အလောင်းကို တောင်ပို့အောက်ခြေတွင် ပြန်မြှုပ်လိုက်ပြီး စခန်းသို့ ပြန်လာခဲ့လေသည်။

စခန်းအတွင်း ထမင်းချက်သည့်တဲတွင် ဘသော်ရှိနေသည်။

“မောင်စိန် မင်းဘာတွေ ယူလာတာလဲ”

“ဟို ဟို မျှစ်တွေချိုးလာတာပါ” မောင်စိန်က တုန်တုန်ယင်ယင်ပြန်ဖြေလေသည်။

ထို့နောက်ထမင်းဟင်းချက်သည့်တဲထဲတွင် မောင်စိန်အလုပ်များနေသည်။ ဘသော်ကလဲ မောင်စိန်နားတွင် ရစ်သီရစ်သီလုပ်နေသည်။ ညစာစားချိန်ရောက်တော့ မောင်စိန်က ဒေါင်းလန်းလေးကိုင်ပြိး ငထွား၏ တဲထဲသို့ ဝင်ခဲ့သည်။ ထို့နောက် ဘသော်ကပါတဲထဲလိုက်ဝင်လာလေသည်။

“ဘယ်လိုလဲ ငါမှာတဲ့ ယုန်သားရရဲ့လား” ငထွားက မေးလိုက်သည်။ မောင်စိန်က ခေါင်းညိတ်ပြလိုက်သည်။

“ငထွားက ထမင်းကို အားရပါးရစားသောက်နေသည်။ ဘသော်ကလဲ ဘေးနားမှာနေ၍ အရိပ်အကဲကြည့်နေလေသည်။

“မောင်စိန် . . မင်းချိုးလာတဲ့ မျှစ်တွေ မပါပါလား” ဘသော်က မေးလိုက်သည်။ မောင်စိန်မျက်နှာပျက်သွားလေသည်။

“ဟို ဟို မျှစ်တွေကလေ ခါးနေလို့ပါ” မောင်စိန် ကပြောလိုက်သည်။

ငထွားထမင်းစားပြိးတော့ မောင်စိန်နှင့် ဘသော်က တဲထဲမှပြန်ထွက်လာကြသည်။ ထို့နောက် ထမင်းဟင်းချက်သည့် တဲလေးအတွင်းကို ဝင်လိုက်ကြသည်။ ပတ်ဝန်းကျင်က မှောင်မဲနေသည်။ ဓါးပြများက အနားယူနေပြီဖြစ်သည်။

“မောင်စိန် မင်းငါ့ကို မှန်မှန်ပြောစမ်း မင်းဘာသားတွေ ချက်တာလဲ” ဘသော်ကမေးလိုက်လေသည်။ မောင်စိန်ပူထူသွားသည်။

“ကို . . . ကိုဘသော်ကလဲ ကျွန်တော်ချက်တာ ယုန်သားပါ” မောင်စိန်ကပြန်ပြောလိုက်လေသည်။ ဘသော်က ခေါင်းကို တွင်တွင်ခါလိုက်သည်။

“မဟုတ်ဘူး မောင်စိန်၊ မင်းသူများကို ပဲ ညာချင်ညာလို့ရမယ် ငါ့ကိုတော့ ညာလို့မရဘူး၊ ငါသိသလောက်ကတော့ ဒီနေ့ ယုန်သားမရဘူးနော်” ဘသော်က ပြောလိုက်သည်။

“ပြီးတော့ မောင်ခွေးပျောက်တာကလဲ ထူးဆန်းနေတယ်။ အဲဒီချောက်က ပြုတ်ကျဖို့မလွယ်ဘူးကွ၊ တစ်ယောက်ယောက်တွန်းချမှ ဒါမှမဟုတ် မူးနေတဲ့လူမှပဲ ပြုတ်ကျမယ်”

မောင်စိန်က ပြာယာခတ်သွားသည်။ ထို့နောက်
“ကိုဘသော်ကြီး ဘယ်သူကိုမှ မပြောပြနဲ့နော်” ဟုအစချီကာ ဖြစ်သမျှ အကြောင်းတွေကို ပြောပြလိုက်သည်။

ဘသော်မျက်လုံးပြူးသွားသည်။

“မင်းကွာ . . ကိုယ်လူအချင်းချင်းကို လုပ်ရက်တယ်၊ ဒီကိစ္စဗိုလ်ကြီးသိရင် မင်းကိုဘာလုပ်မယ်ထင်လဲ”

“ကိုဘသော်ဗျာ ကျေးဇူးပြုပြီး ဗိုလ်ကြီးကို မပြောပါနဲ့၊ ဗိုလ်ကြိးသိသွားရင် ကျုပ်သေမှာ၊ ကျုပ်လဲ သေမှာကြောက်လို့ သွေးရူးသွေးတန်းနဲ့ လုပ်မိတာပါဗျာ၊ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။” မောင်စိန်က ပြောလိုက်လေသည်။

“အေးကွာ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပဲ ငါလဲ ဘယ်သူ့ကိုမှ မပြောပါဘူး၊ ဒါပေမယ့် မင်းနှုတ်ပိတ်ခတော့ ပေးရမယ်”

“ဘယ်လောက်လဲ”

“မင်းရတဲ့ ဝေစု တစ်ဝက်ကို ငါ့ကိုပေးကွာ” မောင်စိန်ခက်ပြီ၊ သို့ပင်မယ့် အသက်ထက်ငွေကြေးက တန်ဖိုးမကြီးသောကြောင့် ခေါင်းညိတ်လိုက်လေသည်။

ဓါးပြတိုက်ပြီးသောအခါ တိုက်ရာပါပစ္စည်းများကို စုပုံလေသည်။ ထို့နောက် အညီအမျှ အပုံတွေခွဲလိုက်သည်။ ဗိုလ်ကြီးက သုံးပုံယူသည်။ ကျန်သည့်အပုံတွေကတော့ တစ်ယောက်တစ်ပုံယူကြရသည်။ သူတို့ ဓါးပြတိုက်ပြီး ဝေစုခွဲသည့်အခါ ဘယ်တော့မှ ကတောက်ကဆ မဖြစ်ကြပေ။

နောက်တစ်နေ့ရောက်သောအခါ ဟင်းစားရှာရန် မောင်စိန်နှင့် ဘသော် အတူတူ သွားကြလေသည်။ တောထဲရောက်တော့ ဝါးရုံပင်ရိပ်အောက်ရှိ တောင်ပို့ကြီးတစ်ခု၏ အောက်ခြေကို မောင်စိန်က တူးလိုက်သည်။ အထဲတွင် မောင်ခွေးအလောင်းကြီးထွက်လာလေသည်။ မောင်ခွေးမှာ ရုပ်မပျက်သေးပေ။ ဝါးရုံပင်အရိပ်နှင့် ခြတောင်ပို့က အေးနေသဖြင့် အထားခံခြင်းဖြစ်ပေမယ်။

“မင်းကွာ ငါရွံလိုက်တာဝေါ့”
ဘသော်က ပြောပြီး အန်နေသည်။ မောင်စိန်က အချိန်မဆွဲတော့ပဲ ပေါင်သားများကို ဖြတ်ထုတ်လိုက်သည်။ ထို့နောက် ဖက်များဖြင့် ပတ်ကာ စခန်းသို့ ပြန်ယူခဲ့ကြလေသည်။

“ဒီနေ့ အရမ်းစားလို့ကောင်းတယ်ကွာ ဘာသားတုန်းကွ၊ အသားတွေကလဲ ကြီးတယ်” ငထွားကပြောလိုက်လေသည်။

“ဂျီ . . ဂျီငယ်ရဲ့ အသားပါ” မောင်စိန်က ထင်ရာလျှောက်ပြောလိုက်လေသည်။

“စားလို့ကောင်းလိုက်တာကွာ ညနေစာဖယ်ထားတာရှိသေးလား ရှိသေးရင် ငါ့ကိုကျွေးပါဦး” မောင်စိန်ခေါင်းကုတ်လိုက်သည်။

ထိုနေ့လည်က ငထွားစားလိုက်သဖြင့် မောင်စိန်ယူလာသော မောင်ခွေး၏ ပေါင်ကြီးမှာအကုန်ကုန်သွားလေသည်။ ညနေရောက်တော့ ဘသော်နဲ့ အတူတူ နောက်တစ်ပေါင်သွားပြီး ထပ်ဖြတ်ကြလေသည်။

နှစ်ရက်ခန့်ကြာသောအခါ မောင်ခွေးမှာ အသားများကုန်သွားလေသည်။ ကလီစာတွေကလဲ ပုတ်ပွနေပြီဖြစ်၍ စားမရတော့။ မောင်စိန်နှင့် ဘသော် ခေါင်းချင်းဆိုင်လိုက်ကြသည်။

“ကိုဘသော် အသားတွေကုန်ပြီ ဘယ်လိုလုပ်ကြမလဲ” ဘသော်က အနည်းငယ်စဉ်းစားလိုက်သည်။

“ဟုတ်ပြီ အကြံရပြီ၊ မနက်ဖြန် ဓါးပြတိုက်ဖို့ရှိတယ်မလား၊ ရွာက လူတစ်ယောက်ကို ခေါ်လာကြမယ်၊ ဗိုလ်ကြီးက သူ့ကို သတ်ပစ်မှာပဲ။ အဲလိုသတ်ပစ်ပြီးရင် ငါတို့က အဲ့လူအလောင်းကို သွားပြန်ယူမယ် ဘယ့်နှယ့်လဲ” ဘသော်က ပြောလိုက်သည်။ မောင်စိန်လဲ သဘောတူလိုက်သည်။ ထိုနေ့အတွက်ကတော့ မောင်ခွေးအလောင်းမှ ကျန်သည့်အသားများကို ခြစ်ပြီးယူခဲ့ရလေသည်။

ထိုနေ့ည ဗူးတောင်းရွာသို့ ဓါးပြသွားတိုက်ကြလေသည်။ ထုံးစံအတိုင်း ရွာမှ လူတစ်ယောက်ကို ခေါ်လာခဲ့သည်။ သေမှာသိသဖြင့် ရွာက အဖိုးကြီးတစ်ယောက်သာ လိုက်လာလေသည်။ အဖိုးကြီးလိုက်လာသည်ကို မောင်စိန်နှင့် ဘသော်တို့က သဘောမတွေ့။ အဖိုးကြီးမှာ အသားနည်းပြီး အလွန်ပိန်လှီနေသည်။ ဒီလိုနှင့် အဖိုးကြီးကို ရိက္ခာထုပ် ထမ်းခိုင်းပြီး တောင်စောင်းတစ်နေရာသို့ရောက်လာလေသည်။ ငထွားက မြင်းကို ရပ်လိုက်ပြီးနောက် အဖိုးကြီးဘက် လှည့်လိုက်သည်။

“ကဲ အဖိုးကြီး ရိက္ခာအိပ်ကြီးဒီမှာချထားခဲ့ ခင်ဗျားပြန်တော့”
ဟုပြောလိုက်သည်။ အဖိုးကြိးကလဲ ဝမ်းမြောက်စွာဖြင့် ခြေကုန်သုတ်ပြေးလေသည်။
ငထွားသည် အဖိုးကြီး၏ ကျောကုန်းကို အတန်ကြာကြည့်နေသည်။ ထို့နောက်

“ကဲ သွားကြမယ်ဟေ့”
ဟုပြောပြီး မြင်းကိုလှည့်လိုက်လေသည်။

မောင်စိန်နှင့် ဘသော် နှစ်ယောက်စလုံး မျက်နှာပျက်သွားကြသည်။ မောင်စိန်က ငထွားနားကို ကပ်ပြီးမေးလိုက်လေသည်။

“ဗိုလ်ကြီး အဖိုးကြီးကို မသတ်ဘူးလား”

“အေး ငါဒီနေ့ လူသတ်ချင်စိတ်မရှိလို့”
ငထွားကပြောလိုက်သည်။ မောင်စိန်နှင့် ဘသော်တို့ ခေါင်းကုတ်လိုက်ကြသည်။

စခန်းပြန်ရောက်ပြီ။

“ကို ဘသော် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

“အိုကွာ ဘယ်လိုလုပ်စရာ ရှိမလဲ ဗိုလ်ကြီးကို အမှန်အတိုင်းပြောလိုက်ကြရုံပေါ့”

“ဒါက မင်းကိစ္စလေကွာ ငါ့ကိစ္စမှ မဟုတ်တာ” ဘသော်က ဆက်ပြောလေသည်။ မောင်စိန်ပူထူသွားသည်။

“လုပ်ပါဦး ကိုဘသော်ရယ် ဗိုလ်ကြီးသိရင် ကျွန်တော့်ကို သတ်မှာဗျ ကျွန်တော့်ကို ကူညီပါအုံး” မောင်စိန်က ပြောလိုက်လေသည်။

“အေးကွာ ဒါဆိုလဲ ကူညီပေးမယ် ဒါပေမယ့်”

“ဒါပေမယ့် ဘာဖြစ်လဲ”

“မင်းရထားတဲ့ ဝေစုအကုန် ငါ့ကိုပေးရမယ်” ဘသော်က ပြောလိုက်သည်။ ဘသော်က မောင်စိန်ကို တမင်ငွေညှစ်နေခြင်းဖြစ်သည်။ မောင်စိန်လဲ သိသည်။ သို့သော် မတတ်နိင်တော့ ထမင်းစားချိန် နီးလာလေပြီ။

ဘသော်က မောင်စိန်ကို သူ့အကြံပြောပြလေသည်။ တောထဲကို သူရယ် ဘသော်ရယ် နောက်ဓါးပြ တစ်ယောက်ရယ် ခေါ်သွားကြမည်။ နောက်ပြီး တောထဲရောက်လျှင် ထိုဓါးပြကို သူတို့နှစ်ယောက် ရှင်းပစ်ရန်ဖြစ်သည်။ ပြီးလျှင်ထိုဓါးပြကို တောင်ပို့အောက်ခြေတွင် မြှုပ်ကြမည်ဟု တိုင်ပင်ထားသည်။

ထို့နောက် ဘသော်ရယ်၊ မောင်စိန်ရယ်၊ စခန်းမှ မောင်အေးရယ် သုံးယောက်သား တောထဲထွက်လာခဲ့ကြသည်။

“မောင်အေးရေ မင်းဟိုဖက်ကို သွားရှာ၊ ငါနဲ့ မောင်စိန်က ဒီဖက်ခြမ်းကို သွားကြည့်မယ်”
ဘသော်က မောင်အေးကိုပြောလိုက်လေသည်။ မောင်အေးကလဲ ဘသော်ပြောလိုက်သည့်ဖက်ကို ထွက်ခဲ့သည်။

“ဒီကောင် ခပ်လှမ်းလှမ်းရောက်မှ ငါတို့ ဒီကောင့်နောက်ကို လိုက်သွားပြိး ရှင်းပစ်ကြတာပေါ့”

ဘသော်က ပြောလိုက်သည်။ ခဏကြာတော့ ဘသော်က အရှေ့က မောင်စိန်က အနောက်ကနေ၍ မောင်အေးသွားသည့်ဖက်သို့ လိုက်သွားကြလေသည်။ စမ်းချောင်းလေးနှင့် ရေတံခွန်လေးအနားရောက်လာသည်။ ရေစီးကျသံတွေက ဆူညံနေသည်။ ထိုစဉ် ဘသော်သည် သူ၏ နောက်ကျောမှ ပူခနဲခံစားလိုက်ရသည်။ မျက်လုံးများ ပြာဝေလာပြီး လဲကျသွားလေသည်။ သူသည် လဲကျရင်း ပက်လက်လှန်လိုက်သည်။ ပက်လက်လှန်လိုက်တော့ သူ့အပေါ်တွင် မောင်စိန်က မိုးပြီးကြည့်နေလေသည်။

“မောင်စိန် မင်းမဟုတ်တာ မလုပ်နဲ့နော် မင်းငါ့ကို သတ်လို့မရဘူး၊ ငါသေသွားရင် မင်းကိစ္စတွေ ဗိုလ်ကြီးသိသွားလိမ့်မယ်” ဘသော်က ပြောလိုက်လေသည်။

မောင်စိန်က ရယ်မောလိုက်လေသည်။

“ခင်ဗျား သေမှာ ကြောက်လို့ လျှောက်ပြော မနေနဲ့ ခင်ဗျားသေရင် ကျုပ်အေးပြီ” မောင်စိန်က ပြောရင်း ဓါးကို ထုတ်လိုက်သည်။

“ကယ်ကြပါဦး”

ဘသော်က အသံကုန်ဟစ်အော်လိုက်သည်။ မောင်စိန်က ဘသော်၏ ခေါင်းကို ဓါးဖြင့်ခုတ်ဖြတ်လိုက်လေတော့သည်။ ဘသော်၏ အော်သံမှာ ချောင်းရေစီးသံ ရေတံခွန်အသံများကြား ပျောက်ကွယ်သွားလေသည်။

“ဘာ ဘသော်ပျောက်သွားလို့ ဟုတ်လား”

ငထွားက ထမင်းစားရင်း ပလုပ်ပလောင်းဖြင့် အော်လိုက်လေသည်။

“ဟုတ်တယ် ဗိုလ်ကြီး ဟင်းစားသွားရှာရင်း လူခွဲပြီးသွားကြတာ မောင်အေးနဲ့ ကျွန်တော်က ပြန်ရောက်ပြီး ဘသော်က ပြန်မလာလို့” မောင်စိန်ကပြောလိုက်သည်။
ငထွားကတော့ ထမင်းစားမပျက်ပေ။
“တောထဲ လမ်းပျောက်သွားတာဖြစ်မယ်” ငထွားက ပြောရင်း မဆလာနိုင်နိုင်အုပ်ထားသော အသားဟင်းကို စားလိုက်ပါတော့သည်။

ထမင်းစားပြီးတော့ မောင်စိန်က တဲအပြင်သို့ လှမ်းထွက်လိုက်လေသည်။ ထိုအခါ ဖိုးကျော်က တဲအပြင်ရောက်နေသည်။

“ဗိုလ်ကြီး ဘသော်က မှာသွားတာရှိလို့” ပြောရင်း တဲအတွင်းဝင်လိုက်ရန် ပြင်လိုက်လေသည်။ ဖိုးကျော်လက်တွင်လဲ အဝတ်စဖြူတစ်ခုကိုင်ထားပြိး ထိုအဝတ်စတွင် မီးသွေးများဖြင့် စာများရေးသားထားလေသည်။ မောင်စိန်ကလဲ ဖိုးကျော်ကို တားလိုက်လေသည်။

“အဲဒါဘာရေးထားတာလဲ ကျွန်တော့်ကိုပြပါ”

“ဒီမှာ ဘသော်က ငါ့ကို မှာသွားတယ်၊ သူတစ်ခုခုဖြစ်သွားရင် ဒီစာတွေကို ဗိုလ်ကြီးကို ပေးလိုက်ပါလို့ ပြောသွားတာပဲ”

“ကျွန်တော် ဖတ်ချင်တယ်”

မောင်စိန်ကပြောလိုက်သည်။ ထို့နောက် ဓါးပြတိုက်တုန်းက ရလာသော လက်စွပ်တစ်ကွင်းကို ဖိုးကျော်ကို ပေးလိုက်သည်။ ဖိုးကျော်ကလဲ အဝတ်စကို မောင်စိန်ကိုပေးလိုက်သည်။

“ဗိုလ်ကြီး မောင်စိန်က မောင်ခွေးကိုသတ်တယ်၊ ပြီးတော့ လူသားတွေကို ဗိုလ်ကြီးကို ချက်ကျွေးနေတယ်” ဟု မညီမညာရေးသားထားလေသည်။ ဖိုးကျော်ကတော့ စာကိုစိတ်မဝင်စား တစ်ဖက်သို့လှည့်ကြည့်နေလေသည်။

“ကိုဖိုးကျော် ဒီစာကို ဗိုလ်ကြီးဆီ မပြပါနဲ့။ ကျွန်တော့်ရဲ့ ဝေစု တစ်ဝက်ကို ခင်ဗျားကိုပေးပါ့မယ်”

မောင်စိန်ကပြောလိုက်သည်။ ဖိုးကျော်ကလဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မောင်စိန်သည် ထမင်းချက်သည့်တဲကလေးအတွင်း ဝင်လိုက်သည်။ ထို့နောက် မီးတစ်ပိုင်းတစ်စရှိနေသေးသော ထင်းမီးပုံအတွင်းသို့ ပစ်ထည့်လိုက်လေသည်။
လူသားစား ငထွား (အပိုင်း(၂))(ဇာတ်သိမ်း)

ဘသော်လဲ သုံးရက်ခန့်အကြာတွင် စားစရာ အသားမရှိတော့ပေ။ ကလီစာများပါ ငထွားကို ချက်ကျွေးရသေးသည်။ ငထွားကလဲ နောက်ပိုင်းအစားကျူးလာသည်မို့ လူသားများအကုန်မြန်လာသည်။ မောင်စိန်လဲ ကြံရပြန်သည်။ ဒီတစ်ခေါက် မြို့ကိုဆင်းကြတော့ မောင်စိန်လဲ လိုက်ပါလာသည်။ သူ့ဝေစု ပစ္စည်းများကို ထုခွဲရောင်းချရသည်။ ထို့နောက် မောင်စိန်သည် ဈေးထဲဝင်ကာ ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။

ထို့နောက် ဗမာဆေးဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဝမ်းနှုတ်ဆေးများကို ဝယ်ယူလိုက်လေသည်။ ပြီးတော့ ဓါးပြများနှင့်အတူ ပြန်လာခဲ့ကြသည်။ စခန်းပြန်ရောက်တော့ ထမင်းချက်ဖို့အရေး ပြင်ဆင်ရသည်။ ဘသော်အသားများ အနည်းငယ်သာရှိတော့သည်။ မကြာမီ ဖိုးကျော်က ထမင်းချက်သည့်တဲထဲသို့ ဝင်လာလေသည်။ မောင်စိန်လဲ သူရခဲ့သည့်ငွေများကို ဖိုးကျော်ဆီသို့ပေးလိုက်ရလေသည်။ ဖိုးကျော်က ငွေတွေကိုရေတွက်ရင်း ပြုံးနေလေသည်။

ထိုနေ့မနက်ထမင်းစားပြီးတော့ ဖိုးကျော်ကို မောင်စိန်က လက်ယက်ခေါ်လိုက်လေသည်။ ဖိုးကျော်ကလဲ ထမင်းချက်သည့်တဲထဲသို့ ပြေးလာလေသည်။ မောင်စိန်သည် ဈေးမှ ဝက်သားအနည်းငယ်ဝယ်လာသဖြင့် ဝက်သားဟင်းကို မဆလာနိုင်နိုင်နှင့် ချက်ထားလေသည်။

“ရော့ ဖိုးကျော် မင်းစားဖို့”
မောင်စိန်က ဝက်သားဟင်းတွေ ဖိုးကျော်ကို မြေအိုးအဖုံးထဲ ထည့်ပြီးပေးလိုက်လေသည်။

“ဟာ ဝက်သားဟင်းတွေပါလား၊ နိပ်တာပဲ”

“အေး မင်းနဲ့ငါက ရှေ့လျှောက်လက်တွဲရမှာဆိုတော့ မင်းကိုသီးသန့်ကျွေးတာ တစ်ခြားလူတွေကို မပြောနဲ့နော်”

မောင်စိန်က ဖိုးကျော်ကို တိတ်တဆိတ်မှာရသည်။

ထို့နောက်ဖိုးကျော်က ဝက်သားဟင်းများကို အငမ်းမရစားလေသည်။ သူတို့စခန်းတွင် များသောအားဖြင့် ချဉ်ရည်ဟင်းနှင့် ငါးခြောက်များသာ စားရလေသည်။ အသားဆိုသည်မှာလဲ အမဲလိုက်၍ တောကောင်ကြီးများရမှ စားရလေသည်။ ဖိုးကျော်လဲ ငတ်ငတ်နှင့် ဝက်သားဟင်းများကို ထမင်းအနည်းငယ်နှင့်လူးပြီး ပြောင်စင်အောင်စားလိုက်လေသည်။ မောင်စိန်ကတော့ ဖိုးကျော်အားရပါးရစားသောက်နေသည်ကို ထိုင်ကြည့်ရင်း ပြုံးနေလေသည်။ မောင်စိန်က ဝမ်းနှုတ်ဆေးများ အလွန်အကျွံ့ထည့်ပြီး ကျွေးမှန်းကို ဖိုးကျော်မရိပ်မိချေ။

ညနေရောက်တော့ ဇတ်လမ်းစလာပြီ။ ဖိုးကျော်မှာ အိမ်သာခဏခဏတက်နေရသည်။ တောထဲတွင်မို့ အိမ်သာဟူ၍ သတ်သတ်မှတ်မှတ်မရှိ။ နီးစပ်ရာ တောစပ်တွင် ထိုင်၍ ကိစ္စပြီးရလေသည်။ ဖိုးကျော်မှာ တစ်နာရီအတွင်း ဆယ့်ငါးခါလောက် သွားလိုက်သောအခါ လူက ဖြူဖတ်နေပြီ၊ မျက်နှာမှာသွေးမရှိတော့။ ထိုညတွင်ပင် ဖိုးကျော်သေဆုံးလေသည်။ ဓါးပြများက အလွန်စိတ်မကောင်းဖြစ်ကြသည်။ သူတို့ ဓါးပြအဖွဲ့လဲ တစ်ယောက်ပြီးတစ်ယောက် နည်းအမျိုးမျိုးဖြင့် သေဆုံးနေကြသဖြင့် ဓါးပြများ ကြောက်ရွံ့လာကြသည်။

ဖိုးကျော်ကို တောထဲသယ်သွားပြီး မြေပြန့်သော တစ်နေရာတွင် မြှုပ်နှံပေးလိုက်ကြသည်။ သစ်ကိုင်းများဖြင့် မှတ်တိုင်လေးတစ်ခုရိုက်ပေးလိုက်ကြသည်။ ဖိုးကျော်၏ ပိုင်ဆိုင်သော ဝေစုများကိုတော့ ငထွားက သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ဓါးပြများကို ပြန်ပြီးခွဲဝေပေးလိုက်လေသည်။

နောက်တစ်နေ့ရောက်တော့ မောင်စိန်က တောထဲတစ်ယောက်ထဲဝင်ပြီး ဖိုးကျော်အလောင်းကို သွားတူးကာ တောင်ပို့ခြေရင်းတွင် မြုပ်နှံလိုက်လေသည်။

“အင်း ဒီတစ်ယောက်လဲ အနည်းဆုံးခံလှ သုံးရက်ပေါ့” မောင်စိန်က ညည်းတွားလိုက်လေသည်။

နောက်တစ်နေ့ ထမင်းစားချိန်ရောက်တော့ မောင်စိန်က ထုံးစံအတိုင်း ငထွားတဲထဲဝင်ခဲ့သည်။ ငထွားမျက်နှာမှာ တင်းမာနေသည်။ ခြောက်လုံးပြုးသေနတ်ကိုလဲ အနားတွင် ချထားလေသည်။ မောင်စိန်ကလဲ ကုပ်ကုပ်ကလေးဖြစ်သွားပြီး ဒေါင်းလန်းလေးကို ငထွားရှေ့ချပေးလိုက်လေသည်။

“ဒါ ဖိုးကျော်ရဲ့ အသားလား”

ငထွားကပြောလိုက်လေသည်။ မောင်စိန်မှာ အလွန်တုန်လှုပ်သွားလေသည်။

“ဗိုလ် . . . ဗိုလ်ကြီး ဘယ်လိုပြော. . .”
မောင်စိန်က စကားတွေ မထွက်တော့။ ငထွားက အနားမှ သေနတ်ကိုယူလိုက်ပြီး မောင်စိန်ကို ချိန်လိုက်လေသည်။

“မင်း လူသားတွေချက်နေတယ်လို့ ဘသော်က စာရေးထားတာ ဖိုးကျော်က ငါ့ကိုပြခဲ့ပြီးတာကြာပြီ”

ငထွားကပြောလိုက်သည်။ မောင်စိန်ဒူးတွေတုန်သွားသည်။ သူသေချာပြန်စဉ်းစားကြည့်တော့ ဖိုးကျော်က ထမင်းစားပြီး သူပြန်ထွက်လာမှ ဗိုလ်ကြီးရဲ့တဲထဲဝင်ဖို့လုပ်တာ တခြားလုပ်တာမဟုတ် သူမြင်အောင် တမင်သက်သက်လုပ်ချင်းဖြစ်သည်။ သူ့ဆီက ငွေညှစ်မယ်လို့ ကြိုပြီးကြံစည်ထားသောကြောင့်ဖြစ်သည်။

“ဗိုလ် . . ဗိုလ်ကြီးရယ် ကျွန်တော့်ကို မသတ်ပါနဲ့”
မောင်စိန်ကပြောရင်း လက်အုပ်ချီလိုက်သည်။ ငထွားက သေနတ်ကို ပြန်ချလိုက်သည်။

“မင်းကိုလဲ ငါသတ်ဖို့ စိတ်ကူးမရှိပါဘူး၊ မင်းကိုသတ်လိုက်တော့ ငါ့ကိုဘယ်သူချက်ကျွေးတော့မှာလဲ”

ငထွားကပြောလိုက်ရင်း အသားဟင်းဖတ်ကို ကောက်ဝါးလိုက်သည်။

“ဒါ . . .ဒါ ဆို ဗိုလ်ကြီးက”

“မင်းက ဟင်းချက်ဖို့သာ တာဝန်ယူ၊ အသားရဖို့ ငါတာဝန်ယူတယ်” ငထွားကပြောလိုက်လေသည်။

မောင်စိန်လဲ ဒီတော့မှ သက်ပြင်းချနိုင်လေသည်။

“ဒါပေမယ့် မင်းအရင်ကထက် များများပိုချက်ကွာ၊ ငါစားရတာမဝဘူး” ငထွားကပြောလိုက်သည်။ မောင်စိန်ကလဲ ခေါင်းညိတ်လိုက်လေသည်။

သူတို့ပြောနေသည်ကို တဲနံရံနားတွင် ကပ်ပြီးနားထောင်နေသူတစ်ဦးရှိနေသည်ကိုတော့ သူတို့သတိမထားမိကြပါ။

ဖိုးကျော်၏ အလောင်းမှာ နှစ်ရက်ဖြင့်ပင် ကုန်သွားလေသည်။ ယခုတော့ နံရိုးများ၊ အရိုးများကိုပါ စွပ်ပြုတ်လုပ်ပြီး ချက်ပေးရလေသည်။ ငထွားမှာလဲ တဖြည်းဖြည်း လူနှင့်မတူတော့ပဲ ဘီလူးကြီးနှင့်တူလာလေသည်။ အထူးသဖြင့် လူသားဟင်းများ စားသုံးသည့်အခါ အငမ်းမရစားသောက်တတ်သည်။

“ဗိုလ်ကြီး အသားက ကုန်ပြီ။ နက်ဖြန်စားစရာမရှိတော့ဘူး” မောင်စိန်ကပြောလိုက်သည်။ ငထွားက လက်ဖျံရိုးကြီးကို စုပ်နေလေသည်။

“ရတယ် မပူနဲ့ ငါစီစဉ်ပေးမယ်” ငထွားကပြောဆိုလိုက်ပြီး စားမြဲအတိုင်းဆက်စားနေလေသည်။

နောက်တစ်နေ့မိုးသောက်ပြီ။

ဗိုလ်ကြီးက ဓါးပြတွေအားလုံးကို မြေကွက်လပ်တွင် စုခိုင်းထားလိုက်ကြသည်။ ထို့နောက်

“ညက ငါ့ရဲ့ ရတနာထုပ်ပျောက်သွားတယ် မင်းတို့ထဲက ဘယ်ကောင်ယူသွားလဲကွ”

ငထွားက သေနတ်တကားကားဖြင့်ပြောလိုက်သည်။ ထို့နောက် စီစဉ်ထားသည့်အတိုင်း ဓါးပြများအိပ်သည့် တဲအိမ်အတွင်းဝင်ရှာလေသည်။ ဖိုးစီ ဆိုသော ဓါးပြတစ်ယောက်၏ အဝတ်ထုတ်ထဲတွင် ရတနာထုပ်ကိုတွေ့လေသည်။

“ကျွန် . . ကျွန်တော်မယူပါဘူးဗျာ” ဖိုးစီက ငြင်းလေသည်။

“ဒီမယ် ဖိုးစီ၊ ငါတို့က ဓါးပြတွေ၊ တစ်လှေထဲစီး တစ်ခရီးထဲသွားနေကြတဲ့သူတွေ အချင်းချင်း မင်းဒီလိုမလုပ်သင့်ဘူး၊ မင်းကိုငါခွင့်မလွှတ်ဘူး” ငထွားက ဒေါနှင့်မောနှင့် ပြောလိုက်ပြီး ဖိုးစီ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်လိုက်လေသည်။

“ဒိုင်း” ဖိုးစီခေါင်းမှာပေါက်သွားပြီး ဦးနှောက်များမှာ မြေပေါ်တွင် ပြန့်ကျဲနေလေသည်။ ခန္ဓာကိုယ်က ချက်ခြင်းမသေသေးပဲ လက်လှုပ်ခြေလှုပ်ဖြင့် အကြောဆွဲနေလေသည်။

“ဒီအချိန်က စပြီး ငါသတိပေးလိုက်မယ်၊ တို့အဖွဲ့သားတွေ အချင်းချင်း ခိုးတာဝှက်တာ၊ လုတာယက်တာလုပ်ရင် အဲ့ဒီလူကို ငါသတ်ပစ်မယ်” ငထွားက ပြောဆိုကာ ရတနာထုပ်ကို ကောက်ပြီးနောက် တဲထဲဝင်သွားပါတော့သည်။

ဓါးပြတွေလဲ တစ်ယောက်တစ်ခွန်း တီးတိုးပြောနေကြသည်။ ဖိုးစီ၏ အလောင်းကိုတော့ ဖိုးကျော်မြှုပ်ခဲ့သော နေရာဘေးတွင် မြှုပ်နှံပေးလိုက်ကြပါတော့သည်။

ထိုနေ့နေ့လည်တွင် မောင်စိန်နှင့် ဗိုလ်ကြီးသည် တောထဲအတူဝင်ခဲ့ကြလေသည်။ ပြီးနောက် သူတို့နှစ်ဦးသည် ဖိုးစီအလောင်းကို ပြန်ဖော်လိုက်ကြလေသည်။ ပြီးတော့ မြေကြီးတွေကို ဟန်မပျက် ပြန်ဖုံးခဲ့ကြလေသည်။ အလောင်းကို တောင်ပို့ကြီးဆီသယ်လာလေသည်။ တောင်ပို့အောက်ခြေတွင် အခြားသူများ၏ အရိုးများက ပုံနေလေသည်။ မောင်စိန်က ဖိုးစီအလောင်းကိုချပြီး လှီးဖြတ်ရန်ပြင်လိုက်လေသည်။

“မောင်စိန် ငါမစောင့်နိုင်တော့ဘူးကွာ မီးမွှေးလိုက်စမ်း”
ငထွားက ပြောလိုက်လေသည်။ မောင်စိန်လဲ မီးပုံတစ်ခုကို အမြန်ဖိုပေးလိုက်ရသည်။

“မောင်စိန် မင်းက အသားနွှာပေးကွာ ငါမီးကင်ပြီးစားမယ်”
ငထွားကပြောရင်း ဝါးတစ်လုံးကို ခုတ်ကာ အချောင်းကလေးအဖြစ်ခွဲနေလေသည်။ မောင်စိန်ကလဲ ဖိုးစီ၏ ပေါင်သားများ၊ ခြေသလုံးသားများကို လှီးဖြတ်ပေးလေသည်။ ငထွားက တုတ်ချောင်းများဖြင့်ထိုးကာ မီးပုံတွင် မီးကင်နေသည်။ လူသားနံ့က မွှေးပျံ့နေလေသည်။ ငထွားသည် ကင်ထားသည့် အသားများကို ပူပူလောင်လောင်ကြီးပင် တဖူးဖူးမှုတ်ကာ စားသောက်တော့သည်။ ငထွားစားသည်မှာ မြန်သည်။ မောင်စိန်က လှီးဖြတ်နေရသည်မှာ ကြာနေလေသည်။

“မောင်စိန်ရာ ကြာလိုက်တာ ပေးငါ့ကို အဲ့ဒီလက်ကြီးပေးစမ်း”

ငထွားကပြောလိုက်သည်။ မောင်စိန်က ဖိုးစီ၏ ညာဖက်လက်ကို တံတောင်ဆစ်မှ ဖြတ်လိုက်သည်။ ပြီးနောက် ငထွားကိုပေးလိုက်သည်။ ငထွားက လက်ကြီးကို လက်ချောင်းများမှကိုင်၍ မီးပုံတွင်မီးပြနေသည်။ အသားပါးပါးမဟုတ်သဖြင့် တော်ရုံတန်ရုံနှင့် မကျက်ပေ။ ငထွားမှာ စိတ်မရှည်တော့။ လူလက် မကျက်တကျက်ကြီးကိုပင် ကိုက်စားလေတော့သည်။ မောင်စိန်မှာ အလွန်ကြောက်နေလေသည်။ ငထွားစားဖို့ အလျဉ်မီစေရန် အသားများကို ဖြတ်တောက်လိုက်လေသည်။

စားသောက်ပြီးနောက် စခန်းသို့ပြန်ခဲ့ကြသည်။ ဖိုးစီအလောင်းမှာလဲ အသားနေရာတော်တော်များများကုန် လေသည်။ မောင်စိန်လဲ သက်ပြင်းချလိုက်သည်။ ညနေဘက်ကျတော့ ငထွားကတောထဲကို တစ်ယောက်ထဲ ဝင်သွားတာတွေ့လိုက်သည်။ ဖိုးစီအလောင်းကို သွားဖော်စားခြင်းဖြစ်မည်။ မောင်စိန်က လိုက်မသွားဝံ့တော့။ အသားမလောက်၍ သူ့ကိုပါ ဖမ်းပြီး စားနေလျှင် ဒုက္ခရောက်မည်။

ထိုညက မောင်စိန်တော်တော်နှင့် အိပ်မပျော်၊ ဘယ်နေ့သူ့အလှည့်ရောက်မလဲပဲတွေးနေရသည်။ အိပ်ပျော်ပြန်တော့လဲ အိပ်မက်ဆိုးများမက်လေသည်။ အိပ်မက်ထဲတွင် ငထွားက ဆံပင်ဖားလျားဖြင့် အစွယ်ကြီးများက ထွက်နေသည်။ ထို့နောက် မောင်စိန်ကို အစိမ်းလိုက်ပင် ကိုက်ဖြတ်စားသောက်ပါတော့သည်။

“အောင်မယ်လေး”

မောင်စိန်လန့်နိုးသွားသည်။ အာရုဏ်တောင် တက်တော့မည်။ မောင်စိန်ဆက်မအိပ်ရဲတော့၊ မကြာမီ မနက်မိုးလင်းတော့သည်။ မနက်ရောက်တော့ ငထွားက မောင်စိန်ကိုခေါ်သည်။

“မောင်စိန် လာကွာ တို့တောထဲသွားရအောင်”

“တခြားသူတွေကော မခေါ်တော့ဘူးလား ဗိုလ်ကြီး” မောင်စိန်က မေးလိုက်လေသည်။

“မခေါ်တော့ဘူးကွာ မင်းနဲ့ငါ နှစ်ယောက်ထဲသွားကြမယ်”

“ဟို ဟို ဘာကိစ္စလဲ ဗိုလ်ကြီး”

“အသားရအောင်လုပ်ဖို့ နည်းလမ်းလေး မင်းနဲ့ငါ တိုင်ပင်ချင်လို့”
ငထွားကပြောလိုက်သည်။ မောင်စိန်က တံထွေးမျိုချလိုက်သည်။ သူ့နဖူးတွင်တော့ ချွေးစေးများ ပြန်လာလေသည်။

တောထဲမသွားခင် မောင်စိန်က သူ့ဝေစုထဲမှ လက်ဝတ်လက်စားများကို ဝတ်ဆင်လိုက်သည်။ မြနှင့်ပြုလုပ်ထားသော ရွှေလက်စွပ်တစ်ကွင်းနှင့် ပတ္တမြားနှင့် ရွှေကွပ်ထားသော လက်စွပ်ကို ဝတ်လိုက်သည်။ ခါးပုံစအတွင်းတော့ ပိုက်ဆံငွေစက္ကူများကို ထည့်လိုက်သည်။ ထို့နောက် တောထဲသို့ ငထွားနှင့်အတူလိုက်ပါလာလေသည်။

တောထဲသွားကြတော့ မောင်စိန်က အရှေ့ကနေမသွားရဲ၊ ငထွားကို ရှေ့ကနေသွားခိုင်းပြီး သူက နောက်ကနေ ကုပ်ချောင်းကုပ်ချောင်းဖြင့်လိုက်ခဲ့လေသည်။ ငထွားခါးတွင် ချိတ်ထားသော ခြောက်လုံးပြုးသေနတ်ကလဲ လမ်းသွားတိုင်း လှုပ်နေပြီး သူ့ကို နှုတ်ဆက်သလိုဖြစ်နေသည်။ ထို့နောက် ခါးဘယ်ဖက်တွင် ချိတ်ထားသော ဓါးမြှောင်ကလဲ မောင်စိန်ကို ပြုံးပြနေသလို ခံစားရသည်။ တောထဲသွားရင်း တောင်ကျချောင်းလေးနှင့် ရေတံခွန်နေရာလေးကို ရောက်လာလေသည်။ ထိုနေရာလေးမှာ သူဘသော်ကို သတ်ခဲ့သည့် နေရာဖြစ်သည်။

စမ်းချောင်းနှင့် ရေတံခွန်ရေကျသံတွေက ဆူညံနေသည်။ မောင်စိန်ကလဲ ကြောက်ဒူးတွေတုန်လာလေသည်။ ငထွားက စမ်းချောင်းဘေးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် မောင်စိန်ကို လှည့်ကြည့်လိုက်သည်။ မောင်စိန်ကလဲ ငထွားကို အကဲခတ်လိုက်သည်။ ငထွားသည် ရုတ်တရက် သူ့ခါးက ခြောက်လုံးပြုးကို လက်ကိုလှမ်းလိုက်သည်။ မောင်စိန်လဲ တွေဝေမနေတော့၊ ဘာလုပ်ရမည်ဆိုသည်ကို သူသိလိုက်သည်။ ထို့ကြောင့် ဘေးနားရှိ စမ်းချောင်းလေးထဲကို ခုန်ဆင်းလိုက်သည်။ မောင်စိန်ရေအောက်ကို ဗွမ်းကနဲ ကျသွားလေသည်။

မောင်စိန် ရေအောက်က ပြန်ပေါ်လာတော့ သေနတ်သံ သုံးလေးချက်ကိုကြားလိုက်ရသည်။ ချောင်းကမ်းစပ် အတော်ဝေးဝေးတွင် ငထွားက သေနတ်ကိုင်ပြီးရပ်နေလေသည်။ ချောင်းကလေးက တောင်ကျချောင်းကလေးမို့ ရေစီးသန်လှသည်။ ထို့နောက် မကြာမီတွင် ရေတံခွန်လေးအောက်သို့ မောင်စိန်ပြုတ်ကျသွားလေတော့သည်။ ရေတံခွန်လေးမှာ သိပ်မမြင့်ပါ။ တောင်ကျချောင်းဖြစ်သည့်အတွက် သစ်မြစ်များ၊ ဝါးများနှင့် ချောင်းတစ်လျှောက် မောင်စိန် တိုက်သွားလေသည်။ မောင်စိန်တစ်ကိုယ်လုံး စုတ်ပြတ်နေသည်။ သွေးတွေကလဲ ထွက်နေသည်။ စမ်းချောင်းကလေးက ဆက်လက်စီးဆင်းသွားပြီး အရှိန်နည်းသွားလေသည်။ ထိုနေရာမှာတောစပ် ဖြစ်ပြီး မလှမ်းမကမ်းတွင် ရွာလေးတစ်ရွာကို တွေ့လိုက်ရလေသည်။

မောင်စိန်က လူးလဲထလိုက်ပြီး ရွာဆီသို့ပြေးသွားလေသည်။ အကျီများမှာ စုတ်ပြဲနေသည်။ ရွာရောက်တော့ မောင်စိန်က ခါးပုံစထဲမှ ငွေစက္ကူများဖြင့် အဝတ်အစား ဖိနပ်နှင့် စားစရာများ ဝယ်လိုက်လေသည်။ ငွေစက္ကူများမှာ ရေတွေစိုနေသော်လဲ မပြဲသေးပေ။ မောင်စိန်က ရွာမှ ထမင်းခြောက်များ၊ ပဲလှော်များနှင့် အဝတ်အစားတစ်ချို့ကို ဝယ်ယူလိုက်ပြီး ပုဆိုးတစ်ခုအတွင်းထည့်ကာ ကျောတွင်ချည်လိုက်သည်။ ထို့နောက် ထိုရွာကလေးမှ ပြေးထွက်လာခဲ့လေသည်။

မောင်စိန်ကပြေးရင်း ရွာနှင့်အတော်ဝေးဝေးကို ရောက်နေပြီဖြစ်သည်။ ရွာကိုလှမ်းကြည့်တော့ ရွာနှင့်ခပ်လှမ်းလှမ်းတွေ မြင်းအုပ်တွေ ဒုန်းစိုင်းပြီးပြေးနေသည်ကိုမြင်လိုက်ရသည်။ သေချာပြီ၊ ဓါးပြတွေ သူ့ကိုလိုက်ဖမ်းကြခြင်းဖြစ်မည်။ မောင်စိန်က ဆက်မပြေးတော့ပဲ ဖုန်လမ်းဘေးရှိ ခြုံပုတ်အသေးလေးတစ်ခုထဲသို့ လှဲအိပ်ချလိုက်သည်။ ထိုနေရာတစ်ဝိုက်မှာ ကွင်းပြင်ကြီးဖြစ်သဖြင့် မောင်စိန်ဆက်ပြေးနေပါက သူ့ကို အထင်းသားမြင်ရမည်ဖြစ်သည်။ ထို့ကြောင့်လမ်းဘေးချုံပုတ်လေးတွေထဲတွင် ဝပ်နေလိုက်သည်။

ချုံပုတ်ကလေးတွေမှာ လူကြီးဒူးဆစ် သာသာမြင့်သည်။ သို့သော် အချို့နေရာများတွင်အလွန်ထူထပ်လေသည်။ မကြာခင် မြင်းတွေ ဒုန်းစိုင်းပြီး ရောက်လာကြသည်။ မောင်စိန်ကလဲ ချုံပုတ်များအတွင်း ပြားနေအောင်ဝပ်ထားလိုက်သည်။ ဓါးပြတွေ ကျော်လွန်သွားတာတောင် မထရဲသေးပေ။ ချုံပုတ်များ အကာအကွယ်ယူကာ တွားသွားနေရသည်။ ဓါးပြတွေလဲ ခေါက်တုန့်ခေါက်ပြန် ထိုနေရာကို ရှာနေကြသည်။ မောင်စိန်လဲ ထိုညအဖို့ ထိုချုံပုတ်များအတွင်းတွင် ဝပ်ပြီးဖြတ်သန်းလိုက်ရသည်။

နောက်နေ့တွင် ဓါးပြများ လာမလားလို့ စောင့်ကြည့်သေးသည်၊ သို့ရာတွင် ဓါးပြများမလာတော့။ ထိုတော့မှ မောင်စိန်လဲထပြီးပြေးရတော့သည်။ ထမင်းခြောက်များနှင့် ပဲလှော်များကိုသာ စားပြီးပြေးရလေသည်။ မောင်စိန်က ပျဉ်းမနားရောက်တော့ ရထားစီးပြီး အောက်ပြည်အောက်ရွာသို့ အခြေချရန် အပြီးတိုင် ထွက်ခွာခဲ့ပါတော့သည်။

နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဦးမောင်စိန်မှာလဲ ထားဝယ်မြို့တွင်အခြေခြရင်း ဆုံးပါးသွားခဲ့လေသည်။ ထားဝယ်သူတစ်ယောက်နှင့် အကြောင်းပါပြီး သားသမီး၊ မြေးများရခဲ့လေသည်။ ဦးမောင်စိန်ဆုံးပြီးတော့ ပစ္စည်းတွေကျန်ခဲ့လေသည်။ လူပျိုပေါက်အရွယ် ဦးမောင်စိန်မြေးလေးက သူ့အဖိုး၏ စာအုပ်စင်အား မွှေနှောက်လေသည်။ ထိုသို့မွှေနှောက်ရာမှ ရှေးကျပြီး စာရွက်များဝါထိန်နေသော ဗလာစာအုပ်ကလေးတစ်အုပ်ကို တွေ့လိုက်လေသည်။ ထိုစာအုပ်အတွင်း သူ့အဖိုးဦးမောင်စိန်က သူကြုံတွေ့ခဲ့ရသည့် ဘဝတစ်စိတ်တစ်ပိုင်းကို ခဲတံဖြင့် လက်ရေးကြမ်းကြမ်းဖြင့်ရေးသားထားလေသည်။ စာအုပ်အဖုံးတစ်နေရာတွင်တော့ ခဲတံဖြင့် ရေးသားထားသည့် အလွန်မှိန်နေသော စာတစ်ကြောင်းကို တွေ့ရလေသည်။

“လူသားစား ငထွား”

ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်