မကျွတ်နိုင်ရှာသောအစွဲကြီးသူ

သူမတွင် ပန်းနာရင်ကျပ်ရောဂါက ရှိနေပြန်သည်။
ထိုရောဂါအတွက် ဆေးဘူးကလည်းအမြဲဆောင်ထားရသည်။
နောက်ပိုင်းတွင်တော့ ထိုရောဂါအတွက် ဆေးဘူးကိုပင်ပုံမှန်မဝယ်နိုင်တော့ချေ။
တစ်ရက်တွင်တော့ မသက်နှင်း၏အိမ်သို့ယောက္ခမဖြစ်သူ ဒေါ်တင့်ရောက်လာသဖြင့် နှစ်ယောက်သားစကားစမြည်ပြောဆိုကြသည်။
ယင်းသို့ပြောကြရင်းဖြင့် ဒေါ်တင့်က မသက်နှင်း၏ဗိုက်ကိုကြည့်လေရင်း
“ဟဲ့ နင်မွေးတော့မယ်မဟုတ်လား။အိမ်ထဲမှာပဲကုပ်မနေနဲ့။လမ်းလေးဘာလေးထွက်လျှောက်။အားရှိမယ့်အစားအစာလေးဘာလေးလည်းစားအုံး။
“ဪ။စားချင်တာပေါ့အမေရယ်။အဆင်မှမပြေတာ”
ထိုစကားကြောင့် ဒေါ်တင့်လည်းစိတ်မကောင်းဖြစ်သွားရသည်။
စင်စစ်သော်လည်း အားရှိမည့်အစားအစာကိုစားခိုင်းရသည်မှာလည်း စေတနာဖြင့်စကားအဖြစ်သာပြောရခြင်းဖြစ်လေပြီး
အဆင်မပြေဖြစ်နေသည်ကို ဒေါ်တင့်ကိုယ်တိုင်လည်း သိရှိထားလေသည်။
သို့သော်လည်း စိတ်မကောင်းဖြစ်ရုံမှအပ မည်သို့မှ မတတ်နိုင်ချေ။
ဒေါ်တင့်က
“အေးဟယ်။ငါတို့လည်းအဆင်ကမပြေဘူး။မဟုတ်ရင် ကလေးအတွက်ကျွေးတာ မွေးတာကအစအကုန်တာဝန်ယူပါတယ်ဟယ်”
“ဟုတ်။အမေ့စေတနာတွေကို သမီးသိပါတယ်”
ဟုတ်သည်။မသက်နှင်း သားကြီးနှင့်
သမီးငယ်လေးကိုမွေးတော့ ဒေါ်တင့်၏အိမ်တွင်သာမွေးခဲ့သည်။
ထိုစဉ်က ဤတောငယ်လေးထဲသို့မည်သူမှ
အိမ်ဆောက်ကာအခြေမချကြသေးချေ။
နေထိုင်ရေးခက်ခဲသည့်ကာလမို့ မသက်နှင်းတို့လင်မယားလည်း ဒေါ်တင့်၏အိမ်တွင်သာနေကြရသည်။
ဒေါ်တင့်တို့မိသားစုမှာတော့
ထိုက်သင့်သလောက်အဆင်ပြေနေခဲ့သည်မို့ မသက်နှင်း ကိုယ်ဝန်ဆောင်ချိန်ရော မီးဖွားချိန်မှာပါ အားအင်ပြည့်မည့်အစားအစာတွေကိုဝယ်ယူကျွေးခဲ့သည်။
ယခုမူ သူသူကိုယ်ကိုယ်အဆင်မပြေသည့်ကာလဖြစ်နေသည်မို့ ကူညီဖို့ရာ မတတ်နိုင်ချေ။
ဒေါ်တင့်က အိမ်ပြန်ဖို့ရာ
ထရံထက်တွင်ချိတ်ထားသည့်နာရီကိုတစ်ချက်မော့ကြည့်လိုက်သည်။
နာရီကရပ်တန့်နေလေသည်။
“ဟဲ့ ညည်းနာရီက မသွားပါလား။ပျက်နေတာလားအေ့”
“ဟုတ်တယ်အမေ။ပျက်နေတာကြာပြီ။ပိုက်ဆံမရှိလို့မပြင်ဖြစ်သေးဘူး”
“အင်း အခုလောက်ဆို ဆယ်နာရီတော့ကျော်လောက်ပြီထင်တယ်။ငါပြန်လိုက်အုံးမယ်အေ။အိမ်မှာထမင်းမချက်ရသေးဘူး”
“ဟုတ်။ဒါနဲ့အမေ့ကိုပြောရအုံးမယ်”
“ပြောလေ”
“တကယ်လို့ သမီးသေသွားရင် ကလေးတွေကိုအမေခေါ်ပြီးစောင့်ရှောက်ပေးပါ။အမေ့ဆီမှာဆိုရင် သမီးစိတ်ချတယ်”
ထိုစကားကြောင့် ဒေါ်တင့်လည်း လန့်ဖျပ်သွားရသည်။
“ဟယ် သက်နှင်းမပြောကောင်း မဆိုကောင်း။နင်ဘာတွေပြောနေတာတုံး”
“ဘာမှမဟုတ်ပါဘူးအမေရယ်။ဒီအတိုင်းပဲပြောကြည့်တာပါ”
“မပြောနဲ့အေ။ငါကြက်သီးထတယ်”
ပြောပြီးနောက် ဒေါ်တင့်လည်း မသက်နှင်း၏အိမ်မှပြန်လာခဲ့သည်။
နောက်တစ်နေ့တွင်တော့ မသက်နှင်းသည်
ရပ်ကွက်ထဲမှ ဒေါ်တင့်၏အိမ်ဘက်သို့လမ်းလျှောက်ထွက်လာခဲ့သည်။
သို့ဖြင့်ထိုအိမ်၏ခြံဝသို့ရောက်လာခိုက်တွင် အိမ်ထဲသို့မဝင်သေးဘဲ အိမ်ထဲသို့လှမ်းကြည့်လိုက်ရာ ယောင်းမဖြစ်သူနွယ်အေးကိုသာတွေ့ရသည်။
နွယ်အေးကလည်း မသက်နှင်းကိုမြင်တော့ ချက်ချင်းမောင်းထုတ်သည်။
“ဘာလာလုပ်တာလဲ။ကလေးမွေးမှာဆို ဒီအိမ်မှာလာမမွေးနဲ့။ကိုယ့်အိမ်ကိုယ်ပြန်မွေး။နင့်ဒုက္ခငါတို့မခံနိုင်ဘူး”
ယင်းသို့ပြောဆိုမောင်းထုတ်လေတော့ အလွန်အမင်းစိတ်ထိခိုက်သွားလေတော့သည်။
ထို့နောက်ချက်ချင်းပြန်လှည့်လာပြီး စိတ်ထဲတွင်လည်း
“ဪ ပြောရက်လိုက်တာ။နှိမ်ရက်လိုက်တာ”ဟုထပ်ခါထပ်ခါညည်းညူရေရွတ်နေလေတော့သည်။
သို့ဖြင့်တောအစပ်သို့ရောက်လာခိုက် ဗိုက်ကအသည်းအသန်နာလာသလို၊လူကလည်း အမောဖောက်လာသည်။
ထို့နောက် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ ဗိုက်ကိုလက်ဖြင့်ဖိထားရင်း အော်ဟစ်နေလေတော့သည်။
“အား အ‌မလေး အမလေး ”
ယင်းသို့အော်ဟစ်နေသည်ကို လမ်းသွားလမ်းလာသူတွေလည်းတွေ့သည့်နောက် အထိတ်တလန့်ဖြစ်ကာ ပြေးလာကြတော့သည်။
“ဟဲ့ သက်နှင်း ဘာဖြစ်တာလဲ”
“ဗိုက်နာလို့ရှင့် ‌ပြီးတော့ မော မောတယ် မော”
မသက်နှင်း စကားဆုံးဆောင်မပြောနိုင်တော့ချေ။
လူက ဟောဟဲလိုက်နေသည်။
“ဟာ ဒုက္ခပါပဲ။အမောကဖောက်နေပြီ”
“မွေးလည်းမွေးတော့မယ်ထင်တယ်”
၎င်းတို့လည်း တစ်ယောက်တစ်ပေါက်ပြောဆိုကြပြီး ကိုမိုးညိုကိုပြေးခေါ်သူကခေါ်၊ မသက်နှင်းကိုဆေးရုံသို့ပို့ရန် ဆိုက်တွဲပြေးငှားသူကငှားဖြင့် ပျာယာခတ်နေကြတော့သည်။
နောက်ဆုံးတွင်တော့ မသက်နှင်းဆိုက်တွဲပေါ်သို့ရောက်လာသည့်အခါမှာမူ လူက မျက်ဖြူပင်ဆိုက်နေလေပြီ။
“မောင်းပါဟ ဆေးရုံကြီးကို မြန်မြန်လေး”
လူကြီးတစ်ဦးကထိုသို့လောတော့ ဆိုက်တွဲသမားလည်းအရှိန်တင်ပြီးမောင်းလေတော့သည်။
သို့သော် ဆေးရုံစို့မရောက်ခင် မီးပွိုင့်တစ်ခုမှာပင် မသက်နှင်းငြိမ်ကျသွားသည်။
“ဟာ သေပြီထင်တယ်ဟ”
“ဆိုက်တွဲမောင်းသူရော ကိုမိုးညိုပါထိတ်လန့်သွားကြသည်။
ထို့နောက် မသက်နှင်းကို အကြိမ်ကြိမ်အခါခါခေါ်ကြည့်သည်။
မသက်နှင်းကာ တုတ်တုတ်မျှမလှုပ်တော့ချေ။
ဆိုက်တွဲသည် ဆေးရုံသို့ရောက်သည့်အခါတွင်တော့ ဆရာဝန်လည်းမသက်နှင်းကို သေချာစစ်ပြီး အမှန်တကယ်သေဆုံးပြီဖြစ်ကြောင်းအတည်ပြုလေသည်။
ဆရာဝန်၏အတည်ပြုချက်ရပေမင့် ငွေကြေးမတတ်နိုင်သည်မို့ ရင်ခွဲရုံက
ဗိုက်ထဲမှကလေးကိုတော့ ခွဲထုတ်မပေးကြချေ။
ထိုအခါ ကိုမိုးညိုတို့လည်း မသက်နှင်း၏အလောင်းကိုစိတ္တသုခ လူမှုကူညီရေးအသင်းကားဖြင့် ရပ်ကွက်ထဲသို့ပြန်သယ်လာခဲ့ကြရသည်။
ထိုသတင်းက အုတ်အော်သောင်းနင်းဖြစ်သွားတစ်ရပ်ကွက်လုံးကို စိတ်မကောင်းဖြစ်စေလေတော့သည်။
ထို့နောက်ကပ်ကွက်လူကြီးက
“ဒါမျိုးက မဖြစ်သင့်ပါဘူး။လူကြားလို့လည်းမကောင်းဘူး။ဒီတော့ဗိုက်ထဲက ကလေးကိုတော့ ခွဲထုတ်ဖို့ငါတို့တတ်နိုင်သမျှကူကြရအောင်”
ယင်းသို့ဆိုပြီးနောက် သူကိုယ်တိုင်လည်း တတ်နိုင်သမျှကူငွေထည့်သလို
ရပ်ကွက်ထဲကလူတွေဆီလှည့်လည်အကူအညီတောင်းပြီး ရလာသည့်ပိုက်ဆံတွေကိုစုကာ မသက်နှင်း၏အလောင်းကိုရင်ခွဲရုံသို့ပြန်ပို့ပြီး ကလေးကိုခွဲထုတ်စေလေသည်။
ပြီးနောက် အလောင်းနှင့်ကလေးကို
လူမှုကူညီရေးအသင်းကားဖြင့် ရပ်ကွက်ထဲသို့ပြန်သယ်လာခဲ့တော့သည်။
ပြီးနောက် မသက်နှင်း၏နာရေးကိစ္စ၊ရက်လည်ဆွမ်းသွပ်ကိစ္စတို့ပြုလုပ်ရာတွင်လည်း ငွေကြေးခက်ခဲသည်မို့ရပ်ကွက်လူကြီးကပဲဦးဆောင်ကာ ဖိဖိစီးစီးပြုလုပ်ပေးသဖြင့်အဆင်ပြေချောမွေ့သွားလေတော့သည်။
သို့သော် ရက်လည်ပြီးသည့်နောက်တစ်နေ့မှာပင် မသက်နှင်း၏ခြောက်လှန့်မှုက စတင်လာတော့သည်။
+++++++++++++++++++++++
တစ်နေ့တွင်တော့ ရပ်ကွက်ထဲမှ ယဉ်ယဉ်ထွေးသည် ကိုမိုးညို၏အိမ်သို့လာလည်သည်။
အိမ်တွင်ကိုမိုးညိုရှိမနေဘဲ သားကြီးဖိုးကာ
နှင့်သမီးငယ်မအိသာရှိနေသည်။
ဖိုးကာက
“မကြီး အလည်လာတာလား”
“အေး။ငါလည်းပျင်းလို့ဟ။နင်တို့အဖေအလုပ်သွားနေတာလား”
“ဟုတ်တယ်ဗျ။အိမ်ပေါ်တက်ပြီး ရေနွေးသောက်လေ။မနက်က အဖေတည်ထားခဲ့တယ်”
“ကောင်းတာပေါ့ဟယ်”
မယဉ်ယဉ်ထွေးလည်း ဖိုးကာတို့မောင်နှမနှင့်အတူ အိမ်ပေါ်သို့တက်လိုက်သည်။
အိမ်ပေါ်သို့ရောက်သည့်အခါတွင်တော့
မောင်နှမနှစ်ယောက်ကမီးဖိုချောင်ထဲဝင်သွားကြသလို ယဉ်ယဉ်ထွေးလည်း
ဧည့်ခန်းထဲတွင်ထိုင်ကာ ရေနွေးကြမ်းလာချအပေးကိုစောင့်နေလိုက်သည်။
ထိုအခိုက် ထရံတွင်ချိတ်ထားသည့် နာရီက ရပ်နေရာမှ ရုတ်တရက်ကြီး
‘တဂျီဂျီ’မြည်ကာ ထလည်လေတော့သည်။
ယဉ်ယဉ်ထွေးလည်း ထိုနာရီကိုတအံ့တဩဖြင့်ကြည့်နေမိသည်။
ယင်းအခိုက်မှာပင် အနောက်မှ
တစ်စုံတစ်ယောက်က သူမ၏ ဆံပင်ကိုဆွဲချလိုက်သည်။
“အား”
ယဉ်ယဉ်ထွေး အနောက်သို့လန်ကျသွားသည်။
ပြီးနောက် ရုတ်ချည်းပြန်ထကာ ဆံပင်ဆွဲသူကိုကြည့်လိုက်ရာမည်သူမှရှိမနေပါချေ။
ထိုအခါ ယဉ်ယဉ်ထွေးလည်း သရဲခြောက်နေသည်ဆိုတာ သိလိုက်ရသည့်နောက် အိမ်ပေါ်မှ ဒရောသောပါး ဆင်းပြေးလေတော့သည်။
+++++++++++++++++++++++
ယဉ်ယဉ်ထွေးတစ်ယောက် ကိုမိုးညို၏အိမ်တွင် သရဲခြောက်ခံရသည့်အဖြစ်အပျက်က တောထဲမှအိမ်တွေတွင်သာမက ရပ်ကွက်အတွင်းသို့ပါ တမုဟုတ်ချင်းပြန့်သွားတော့သည်။
ထို့ကြောင့် ကိုမိုးညို၏အိမ်ကို အမြဲလာလည်တတ်သည့်ရပ်ကွက်ထဲမှ
လူတွေပင် အလာကျဲသွားတော့သည်။
မသက်နှင်းက မကျွတ်မလွတ်ဘဝဖြင့်ခြောက်လှန့်သည်ဆိုတော့ ကိုမိုးညို၏မိခင်ဒေါ်တင့်လည်း ကလေးတွေကိုစိတ်မချတော့ဘဲ ကိုမိုးညို၏အိမ်သို့လိုက်နေပေးတော့သည်။
တစ်နေ့သော မနက်တွင် မအိသည် ပိုက်ဆံတစ်သောင်းတန်ကို ကိုင်ပြီး ဒေါ်တင့်ကိုပေးသည်။
ဒေါ်တင့်လည်းတအံ့တဩဖြစ်ကာမေးတော့သည်။
“ဟဲ့ ငါ့မြေးဒီပိုက်ဆံ ဘယ်က ရတာလဲ”
“သမီးကောက်ရတာ”
“ဘယ်နားကလဲ”
“အိမ်ရှေ့ကပဲ။သမီးတစ်ယောက်တည်းထွက်ဆော့နေတုန်းကောက်ရတာ။အနားမှာဘယ်သူမှလည်းမတွေ့ဘူး”
“ကဲ ဒါဖြင့် ဒီပိုက်ဆံအဖွားသိမ်းထားလိုက်မယ်။ငါ့မြေးမုန့်စားချင်ရင်အဖွားကိုပြော ကြားလား”
“ဟုတ် အဖွား”
မအိဆော့ကစားရန်အတွက် ခြံအပြင်ဘက်သို့ပြန်ပြေးသွားသည်။
ဒေါ်တင့်လည်း မအိပေးသည့်ပိုက်ဆံကိုအိတ်ကပ်ထဲထည့်ကာ ဆွဲခြင်းယူပြီး ဈေးဝယ်ရန်ထွက်လာခဲ့တော့သည်။
နောက်သုံးရက်ခန့်အကြာတွင်လည်း မအိသည် ပိုက်ဆံတစ်သောင်းတန်တစ်ရွက် ထပ်မံကောက်ရပြန်သည်။
ဒေါ်တင့်လည်း ထိုပိုက်ဆံဖြင့် ဆတ်၊ဆီ စသည်တို့ကိုဝယ်ထားလိုက်သည်။
နောက်ပိုင်းတွင်လည်း တစ်သောင်းတန် ငါးထောင်တန် စသည်တို့ကို
၃ရက်ခြား၊၄ရက်ခြားဆိုသလို ကောက်တွေ့နေသဖြင့် မအိ၏အဖြစ်က တစ်ရပ်ကွက်လုံးသတိထားမိစရာဖြစ်လာသည်။
ပြီးနောက် အားလုံးက ထပ်တူမှတ်ချက်ပြုကြသည်။
ယင်းမှာ မသက်နှင်းက ကျန်ရစ်သူမိသားစုကိုကူညီပေးနေသည်ဟူ၍ဖြစ်သည်။
+++++++++++++++++++++++
တစ်ည။မီးပျက်နေသည်မို့ ဒေါ်တင့်တို့မိသားစုလည်း ဖယောင်းတိုင်ထွန်းကာ ညစာကိုခပ်စောစောစားပြီး အိပ်ခန်းထဲဝင်အိပ်ကြသည်။
အိပ်ခန်းထဲတွင် အထက်အောက် နှစ်ဆင့်ပြုလုပ်ထားသည့်ပြတင်းပေါက်လည်းရှိနေပါသေးသည်။
ယခုကဲ့သို့ပူလောင်အိုက်စပ်သည့်ရာသီဆိုလျှင်လေဝင်လေထွက်ကောင်းရန် နှစ်ခုစလုံးကို ဖွင့်ထားရသည်။
ယင်းအခိုက်တွင် မြေးမငယ် မအိ
သည် အောက်ပြတင်းပေါက်ကိုချက်ချင်းပိတ်ပစ်လိုက်သည်။
ထိုအခါ ဒေါ်တင့်က
“ငါ့မြေး။လေဝင်အောင် ဖွင့်ထားတာလေ။ဘာလို့ပိတ်လိုက်တာတုံး”
ယင်းသို့မေးတော့
“အမေ့ကို မြင်နေရလို့။အမေက ကလေးလေးကိုပွေ့ချီပြီး သမီးတို့ကို ရပ်ကြည့်နေတာ။ညတိုင်းပဲ သမီးကြောက်တယ်”
ထိုစကားကြောင့် ဒေါ်တင့်လည်း ကြက်သီးတဖြန်းဖြန်းထသွားရတော့သည်။
ထို့နောက် အထက်ပြတင်းပေါက်ကိုပါ အလျင်အမြန်ထပိတ်လိုက်ရလေတော့သည်။
+++++++++++++++++++++++++
နောက်တစ်ညတွင်လည်း ဒေါ်တင့်သည်
ရင်တွေပူလာသဖြင့်ရေထသောက်ခိုက် ခြံဝင်းထဲတွင် အမျိုးသမီးတစ်ယောက်၏စကားသံကိုမပီမသကြားနေရလေသည်။
ဒေါ်တင့်လည်းမျက်မှောင်ကုပ်ကာ ထရံပေါက်မှချောင်းကြည့်လိုက်ရာ မသက်နှင်း၏ခြေထောက်နှစ်ချောင်းကိုမြင်လိုက်ရသည်။
အပေါ်ပိုင်းကတော့ ပျောက်ကွယ်လျက်ရှိနေသည်။
ထိုအခါ ဒေါ်တင့်လည်း အိပ်ခန်းထဲသို့ချက်ချင်းဝင်လိုက်ရတော့သည်။
ပြီးနောက် သားဖြစ်သူ ကိုမိုးညိုကိုပြန်လည်ပြောပြချင်သော်လည်း မြေးနှစ်ယောက်လည်းရှိနေသည်မို့ ကြောက်လန့်နေမည်စိုးသောကြောင့် မပြောဖြစ်တော့ချေ။
သို့သော် နောက်တစ်နေ့မနက်တွင်တော့ ဖွင့်ပြောဖြစ်တော့သည်။
“သား မင်းမိန်းမ ဒီရက်ပိုင်း တောက်လျှောက်ခြောက်နေတယ်။ညတုန်းကလည်း အမေသူ့ကိုခြေထောက်ပဲမြင်ရတယ်။လူကပျောက်နေတယ်။ကလေးတွေကြောက်မှာစိုးလို့အမေချက်ချင်းပြန်မပြောတာ”
ထိုစကားကြောင့် ကိုမိုးညိုလည်း မျက်ခုံးပင့်သွားပြီး
“အမေသူ့ခြေထောက်ကိုမြင်ရတယ်ဟုတ်လား။သားလည်း ညက အပေါ့သွားရင်းမြင်လိုက်ရတယ်အမေ။ခြေထောက်ချည်းပဲ။လူကိုမတွေ့ရဘူး”
ဒေါ်တင့်လည်းပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ပြီးနောက်
“မြေးမလေးဆိုလည်း ညတိုင်းကိုမြင်နေရတာ။သူ့ကျတော့ လူတစ်ကောင်လုံးကိုမြင်နေရတာ။ကြာရင်မလွယ်ဘူး”
“ဒါဆိုဘယ်လိုလုပ်မလဲအမေ”
“မင်းတို့သားအဖသုံးယောက်စလုံး အမေ့အိမ်ကိုပဲလိုက်နေကြပေါ့။ရှင်းရှင်းပြောရရင် အမေလည်း ဒီမှာမနေရဲတော့ဘူး”
“ဟုတ် အမေ။ကျွန်တော်တို့ ဒီနေ့ပဲပြောင်ူကြတာပေါ့”
ထို့နောက် ကိုမိုးညိုတို့သားအဖသုံးယောက်လည်း ပစ္စည်းပစ္စယတွေကိုအကုန်သယ်ကာ မိခင်ကြီးဒေါ်တင့်၏အိမ်သို့ပြောင်းရွေ့နေထိုင်လေတော့သည်။
တောထဲမှအိမ်ကိုလည်း ဤအတိုင်းသာပစ်ထားလိုက်ကြသည်။
ပြန်ရောင်းလို့လည်း မရပါ။
အဘယ်ကြောင့်ဆိုသော် ရပ်ကွက်ထဲမှလူတွေ ဤတောထဲအိမ်တွေဆောက်တော့ ရပ်ကွက်လူကြီးက တစ်ပြားတစ်ကျပ်မှမယူဘဲ ကြည်ကြည်ဖြူဖြူခွင့်ပြုထားပေမင့် အကွက်ရိုက်ပြီးပြန်ရောင်းတာမျိုး၊
အိမ်ဆောက်ပြီးအငှားချတာမျိုး၊ပြန်ရောင်းတာမျိုးတို့ကိုမပြုလုပ်ဖို့တားမြစ်ထားခြင်းကြောင့်ဖြစ်သည်။
ကိုမိုးညိုတို့သားအဖတွေ မိခင်ကြီး၏အိမ်သို့ပြောင်းရွေ့သွားပြီးသည့်နောက် တောထဲမှအိမ်ဆီသို့တစ်ခေါက်တလေမှမသွားဖြစ်တော့ပါ။
ထို့ကြောင့် ထိုအိမ်သည် လူသူမရှိတော့ဘဲ တိတ်ဆိတ်ခြောက်သွေ့နေလေတော့သည်။
သို့သော် ထိုအိမ်နှင့်ကပ်လျက်ဖြစ်သောအိမ်နီးနားချင်းတွေကမူ ညစဉ်ညတိုင်း ထိုအိမ်ကြီးထဲမှ ကလေးငိုသံကိုလည်းကောင်း၊မသက်နှင်း၏ကလေးချော့သံကိုလည်းကောင်း ကြားကြရသည်ဟုဆိုကြပြန်လေသည်။
လင်ယောက်ျားနှင့် သားသမီးနှစ်ယောက်အပေါ်သံယောဇဉ်ကြီးမားကာ စိတ်မချနိုင်ဘဲဖြစ်နေသည့် မသက်နှင်းတစ်ယောက် မည်သည့်အချိန်မှကျွတ်လွတ်ရှာမည်လည်း မသိရပါ။
ဤသည်မှာ ထိုရပ်ကွက်ထဲမှ ဖြစ်ပျက်သွားသည့် ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါလေတော့သည်။
အားလုံးအေးချမ်းပါစေ•••။
ဆရာဆွေ(တောင်တွင်း)
စာရေးသူရဲ့pageပါ။ပရလောကဝတ္ထုတွေဖတ်ရတာကြိုက်ရင် like follow လုပ်ထားပါခင်ဗျ