ဇရပ်အိုမှတစ်ညတာ

တည်းသာ ရှိသည်။
“တောက် . . . မိုးကလဲကွာ”
ထိုသို့ရေရွတ်လိုက်ပြီးတော့ လမ်းလျှောက်နေသည့် ခြေလှမ်းကို အရှိန်မြှင့်လိုက်တော့သည်။ မိုးသားများက တရိပ်ရိပ်နီးကပ်လာပြီဖြစ်သည်။ မောင်ကင်းကလဲ အပြေးတစ်ပိုင်းလမ်းလျှောက်လာလေရာ မြို့အထွက် သုသန်ကလေးကို ကျော်လွန်ပြီးသည့်အခါတွင်တော့ ကားလမ်းမကြီးတွင် လူပြတ်သွားပြီဖြစ်သည်။
ကားလမ်းနံဘေးတွင် ကွင်းပြင်များ၊ မြေရိုင်းများ၊ တောအုပ်ငယ်ကလေးများသာရှိတော့သည်။ ထိုတာလမ်းမကြီးက ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုးဝေးဝေးတွင် ကျေးရွာကလေးများကို မီးတလက်လက်နှင့် လှမ်းမြင်နေရလေသည်။
“ဝေါ . . .ဝေါ””
လမ်းလျှောက်နေရင်း တိမ်သားလိပ်က သူ့ကိုဖုံးအုပ်သွားလေသည်။ ထို့အတူ မိုးကလဲ အော်သံကြီးပေးကာ ပြေးလာတော့သည်။ ပတ်ဝန်းကျင်က ချက်ချင်းမှောင်မိုက်သွားသည်မို့ မောင်ကင်းက လက်နှိပ်ဓါတ်မီးကိုဖွင့်လိုက်ပြီးနောက် လွယ်အိတ်ကိုရင်ဘတ်တွင်ပိုက်ကာ ပြေးရတော့သည်။ သို့သော် မိုး၏ အမြန်နှုန်းကို မောင်ကင်းလိုက်မမီတော့ မိုးက သည်းကြီးမည်းကြီးရွာချလေတော့သည်။
“တောက်”
မိုးကလဲရေပါလွန်းသဖြင့် ဆယ်မိနစ်ခန့်ရွာချလိုက်သောအခါ တာလမ်းမကြီးတစ်ခုလုံး ရေလွှမ်းသွားတော့သည်။ ဗွက်တွေပေါက်နေချေပြီ၊ ရွာရောက်ဖို့ကလဲ အတော်လိုသေးသည်။ ပုံမှန်အချိန်ဆို တစ်နာရီသာသာလျှောက်ရဦးမည်ဖြစ်သည်။ သို့သော် ဒီလိုမိုးရွာမှုမျိုးနှင့်ဆို နှစ်နာရီတောင်ရောက်ရန်မသေချာလှပေ။
လမ်းက ရေတွေနှင့်လျှောက်ရခက်လာလေသည်။ တစ်ကိုယ်လုံးလဲ မိုးမိပြီး ကြွက်စုတ်ဖြစ်နေပြီ၊ မိုးသည်းလွန်းသဖြင့် လမ်းကိုလဲ သိပ်မမြင်ရတော့ ဓါတ်မီးကလဲ သိပ်မတိုးတော့ပေ။
“တစ်နေရာ မိုးခိုမှထင်တယ်”
သူတွေးလိုက်မိသည့်အတိုင်း အရှေ့တွင် ရွာနှစ်ရွာသို့သွားသည့် လမ်းခွဲကလေးတစ်ခုရှိသည်။ ထိုလမ်းခွဲကလေးအလယ်တွင် ဇရပ်ကလေးတစ်ဆောင်ရှိသည်။ ဇရပ်အနီးတွင် သရက်ပင်ကြီးတစ်ပင်လဲရှိသည်။ ခရီးသွားများ နားနေနိုင်ရန်အတွက် ရည်ရွယ်ပြီးဆောက်ပေးထားခြင်းဖြစ်သည်။
မောင်ကင်းလဲ ထိုဇရပ်အတွင်း ဝင်သင့်မဝင်သင့်ကို သေချာစဉ်းစားလိုက်သည်။ မိုးကလဲ တော်တော်သည်းနေသည်မို့ မိုးစဲသည့်အချိန်ကို ဇရပ်အတွင်းဝင်ကာ စောင့်လိုက်မည်၊ မိုးစဲသွားမှ ရွာသို့ပြေးမည်ဟုဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဇရပ်ကလေးအပေါ်သို့ပြေးတက်လိုက်သည်။
ဇရပ်ကလေးမှာ အနည်းငယ်မြင့်မြင့်ဆောက်လုပ်ထားပြီး အုတ်လှေကားသုံးထစ်နှင့်တက်ရသည်။ အကာအရံဟူပြီး ကြီးကြီးမားမားမရှိဘဲ ဒူးလောက်သာသာ သစ်သားချောင်းကလေးများကို ဘောင်အဖြစ်ပတ်ပတ်လည်ရိုက်ထားလေသည်။ နှစ်ပင်ခန်းရှိသည့် ဇရပ်ကလေးဖြစ်သည်မို့ အတန်ငယ်ကျယ်ဝန်းသည်ဟု ပြောရမည်။
ဇရပ်ပေါ်တက်လိုက်ပြီး တိုင်တစ်ခုကိုမှီလိုက်ကာ လမ်းမဘက်သို့ ငေးကြည့်နေမိသည်။ ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှမရှိပေ။ ဇရပ်အတွင်းတွင်လဲ မှောင်မဲနေသည်။ မိုးက အတော်ကောင်းသည်။ လေရောမိုးရော ချသည်မို့ သရက်ပင်ကြီးက တရှဲရှဲနှင့် ယိမ်းထိုးနေသည်မှာ မကောင်းဆိုးဝါးကြီးတစ်ကောင် က နေသလိုဖြစ်နေသည်။ ထို့အတူ ဇရပ်ခေါင်မိုးရှိ သွပ်ပြားတစ်ချို့မှာ သံတွေကွာပြီး တဒိုင်းဒိုင်းနှင့် လေတိုက်တိုင်း ဆူညံနေတော့သည်။
မောင်ကင်းက သရဲတော့ကြောက်တတ်သည်။ ရွာလမ်းမှာ အမြဲသွားလာနေဖူးသော်လည်း ယခုလိုညနက်မှတော့ တစ်ခါမှ မသွားဖူးသေးပေ။ ညနက်မှ ထွက်လာခဲ့သည့် ကိုယ့်ကိုကိုလည်းအပြစ်တင်နေမိသည်။ လက်တွင်ပတ်ထားသည့် ဒီဂျစ်တယ် လက်ပတ်နာရီကလေး၏ မီးထွန်းသောခလုပ်ကို နှိပ်လိုက်ပြီး နာရီကိုကြည့်လိုက်တော့ အချိန်က ည ၇နာရီကျော်ကျော်ကလေးသာရှိသေးသည်။ မောင်ကင်းလဲ မိုးစဲရန်သာ ဆုတောင်းနေမိသည်။
ထိုစဉ်မောင်ကင်း၏ ပုခုံးအပေါ်အေးစက်သည့် လက်ကြီးတစ်ခုက လာပုတ်ခတ်လိုက်သည်။ မောင်ကင်းလဲ သူ့ပုခုံးအပုတ်ခံရသည်ကို သိလိုက်ပါသည်။ သို့သော်လှည့်မကြည့်ရဲသေး။ သေချာသည်ကတော့ သရဲလက်ကြီးတစ်ခုဖြစ်သည်ကို သိလိုက်သောကြောင့်ဖြစ်သည်။
သူလှည့်မကြည့်သဖြင့် လက်ကြီးက သူ့ကိုနောက်တစ်ချက်ထပ်ပုတ်လိုက်သည်။ လက်ဖဝါးကြီးက အေးစက်ပြီးကြမ်းတမ်းလှသည်။
“ဟေ့ကောင် မောင်ကင်း”
သူ့နာမည်ခေါ်သံကြားတော့ မောင်ကင်းက တုန်တက်သွားသည်။ ကြည့်စမ်း။ သရဲကြီးက သူ့နာမည်ကို ပါသိနေသည်။
“မောင်ကင်း . . . မောင်ကင်း””
မောင်ကင်းလဲ ကြောက်ကြောက်နှင့် လှည့်ကြည့်မိလိုက်သည်။ သူ့နောက်တွင် လူမည်းမည်းကြီးက ငုတ်တုတ်ထိုင်နေလေသည်။ ထိုလူမည်းမည်းကြီးမှာ လူကောင်ထွားထွားနှင့် ၀၀ကြီးဖြစ်ကာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေလေသည်။
“ခင် . . . ခင်ဗျာ”
“မင်းဘာဖြစ်နေတာလဲ ငါပါကွ”
ဒီတော့မှမောင်ကင်းက လက်နှိပ်ဓါတ်မီးဖြင့် ထိုးလိုက်မိသည်။
“အို . . . ဦးဝက်ကြီးပါလား”
ဦးဝက်ကြီးက မောင်ကင်းနှင့် ဆွေမျိုးမကင်းတော်သူဖြစ်သည်။ ရွာတွင်လူမိုက်ဖြစ်သည်။ အသားမည်းမည်း လူကောင်က ထွားထွားနှင့်ဖြစ်ပြီး ဝလွန်းသည်မို့ ဦးဝက်ကြီးဟုသာ ရွာမှလူများက ခေါ်ကြသည်။ မောင်ကင်းနှင့်လဲ အတော်ရင်းနှီးပါ၏။
“လန့်သွားတာပဲဗျာ . . . ဒါနဲ့ ဦးဝက်ကြီးက အမှောင်ကြီးထဲဘာထိုင်လုပ်နေတာလဲ”
“အမှောင်ထဲဆို ငါ့မှာ လက်နှိပ်ဓါတ်မီးမှ မပါဘဲကွ”
ဟုတ်တော့လဲဟုတ်သည်။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မောင်ကင်းကလဲ သရဲကြောက်ပြီး ဇရပ်အတွင်းသို့ ဝေ့ဝိုက်မကြည့်သည်မို့ ဇရပ်အတွင်းရှိ ဦးဝက်ကြီးကို မမြင်လိုက်ချေ။
“နေပါဦး မိုးချုပ်နေပြီ မင်းက ဘယ်ကပြန်လာတာလဲကွ”
“ဝါဆိုသင်္ကန်းကပ်၊ ညနေတော့ ရွှေရင်မျှော်ဘုရားဖူးပြီး မနက်ဖြန် ဝါဆိုပန်းခူးအမီရွာပြန်လာတာပဲ ဦးဝက်ကြီးရေ၊ ဒါနဲ့ ဦးဝက်ကြီးကကော ဘာလုပ်နေတာလဲ”
“ငါလဲ ရွာပြန်မလို့ကွ”
“ဒါနဲ့ မင်းလွယ်အိတ်ထဲ ဘာတွေပါလဲကွ မှန်းစမ်းကြည့်ရအောင်”
ဦးဝက်ကြီးက သူ့လွယ်အိတ်ကိုလုယူလိုက်ပြီးမွှေနှောက်ကြည့်လိုက်သည်။ လွယ်အိတ်ထဲမှ ဓါးမြှောင်ကိုမြင်တော့ ဦးဝက်ကြီးက တစ်ချက် ထိတ်လန့်သွားလေသည်။
“ဒီပုဝါကလေး လှသားဟ၊ အေးမူဖို့ထင်တယ်”
“ဟီး . . . ဦးဝက်ကြီးကလဲ သိရဲ့သားနဲ့”
“အေးမူက ငါ့မိန်းမဘက်က အမျိုးကွ၊ ဒါနဲ့မင်း အေးမူကို အတည်ကြံတာလား”
မောင်ကင်း ခေါင်းညိတ်လိုက်သည်။
“အတည်ဗျ”
“အေးပါကွာ ၊ ကောင်မလေးက ဖတဆိုးလေးပါ၊ မင်းနောက်ပိုင်း သူ့ကိုသေချာဂရုစိုက်ပါကွာ၊ ဒါနဲ့ မင်းဆီမှာ စားစရာလေးဘာလေးမပါဘူးလား၊ ငါဗိုက်ဆာလို့ကွ”
“မပါဘူးဗျ”
ဦးဝက်ကြီးမျက်နှာမှိုင်ကျသွားလေသည်။
“ဒါနဲ့မင်းရောက်လာတော့ ငါအားရှိသွားတယ်သိလား”
“ဘာလို့လဲဗျ”
“ဒီဇရပ်က သရဲအရမ်းခြောက်တယ်လေကွာ”
ထိုင်နေသည့် မောင်ကင်း ကြက်သီးများတဖြန်းဖြန်းထလာလေသည်။ အပြင်တွင်လဲ မိုးက သည်းထန်နေဆဲဖြစ်သည်။
“သ . . . သရဲရှိတယ် . . . ဟုတ်လား”
“အေးကွ၊ အရင်တုန်းက ဓါးပြတွေက တို့ရွာက ဦးဖိုးမှန်တို့အိမ်ကို ဓါးပြတိုက်ပြီး သူတို့တစ်မိသားစုလုံးကို ဒီသရက်ပင်မှာ ကြိုးတုတ်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလေ”
“အင်း . . . ကြား . . . ကြားဖူးတယ်၊ အဲဒါကြာပါပြီ”
“နောက်ပြီး ဓါးပြအေးမောင်ကော မင်းကြားဖူးတယ်မလား”
“ဓါးပြအေးမောင်ကို ရဲတွေလိုက်တာ နောက်ဆုံးဒီသရက်ပင်နားအရောက်မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြရင်း သေသွားတယ်ဆိုတာမလား . . .”
“အေး. . . အဲ့ အေးမောင်က မကျွတ်ဘူးကွ”
“ဂလု”
မောင်ကင်းက တံတွေးကို မြိုချလိုက်သည်။
“နေပါဦး . . . ဦးဝက်ကြီးက ကျွန်တော့်ကို ကြောက်အောင်ချောက်နေတာလား၊ ကျွန်တော်က သရဲမကြောက်တတ်ဘူးဗျ . .ဟင်း . . ဟင်း”
မောင်ကင်းက သူမကြောက်တတ်ဘူးဟု လိမ်သာပြောလိုက်ရသည်။ စိတ်ထဲတွင်တော့ အလွန်ကြောက်နေပြီဖြစ်သည်။
ဦးဝက်ကြီးနှင့် ဟိုပြောသည်ပြောပြောရင်း အချိန်တွေကုန်ခဲ့သည်။ လက်က နာရီက ကိုးနာရီကျော်နေပြီဖြစ်သည်။ မိုးက စဲသွားလိုက်၊ မောင်ကင်းပြန်မည်လုပ်လျှင် ပြန်သဲလာလိုက်ဖြစ်နေသည်။
“တို့တော့ ဒီည ဒီမှာပဲ တစ်ညနားရမလားမသိပါဘူးကွာ”
“အို ဘာလို့လဲဗျ၊ မိုးစဲရင် အတူတူပြန်ကြမယ်လေ”
ဦးဝက်ကြီးက ခေါင်းခါလိုက်သည်။
“ဒီမိုးနဲ့ဆို ရွာအဝင် သမန်းချောင်းက ရေလျှံနေမှာကွ”
သူပြောမှ စဉ်းစားမိသည်။ သမန်းချောင်းဆိုသည်က ရွာအဝင်နားတွင်ရှိသည်။ ချောင်းတံတားက ဝါးနှင့်သာ မခိုင်မခန့်ကလေးပြုလုပ်ထားသည်။ ထိုတံတားကလေးမှ လူများသွားကြသည်။ လှည်းသမားများကတော့ ရွာကိုပတ်ပြီးတော့ ရွာနောက်ဖက်မှ ပတ်ဝင်ကြသည်များသည်။ ထိုအတိုင်းရွာကိုပတ်နေလျှင် အချိန်ကြာသည်မို့ လမ်းလျှောက်သူများက သမန်းချောင်းကိုသာဖြတ်ပြီးသွားကြရသည်။
သမန်းချောင်းက မိုးများလျှင် ရေကြီးသည်။ ရေစီးကလဲ အလွန်သန်သည်။ ခုမိုးအတိုင်းဆို သမန်းချောင်းရေပြည့်နေပြီဖြစ်သည်။
“ဒါဆိုလဲ ဦးဝက်ကြီးရာ ဒီမှာ တစ်ညနားပြီး အာရုံမတက်ခင်ပြန်တာပေါ့”
ရေစိုနေသည့်အဝတ်များကို ရေညှစ်ချလိုက်သည်။ လွယ်အိတ်အတွင်းမှ အလှူမတိုင်ခင်ဝတ်ထားသည့်နေ့က အဝတ်များက ကြွပ်ကြွပ်အိတ်နှင့်ထုတ်ထားသဖြင့် မိုးမစိုပေ။ နံစော်နေသော်လည်း ထိုအဝတ်များကိုသာ ပြန်လဲပြီးဝတ်လိုက်သည်။ ဇရပ်တစ်ချို့နေရာတွင် ခေါင်မိုးပေါက်နေသဖြင့် ရေက တစ်ဒေါက်ဒေါက်ကျနေလေသည်။
ညသန်းခေါင်ကျော်ပြီ။ မိုးကစဲသွားသော်လည်း တဖွဲဖွဲကျနေလေသည်။ ထိုအချိန်မှတော့ ရွာကိုမပြန်ချင်တော့။ အဘယ့်ကြောင့်ဆိုသော် ရွာမရောက်ခင် တောတန်းကလေးများကိုဖြတ်ရဦးမယ်ဖြစ်ပြီး ထိုတောတန်းကိုဖြတ်ရသည်ထက် ယခုဇရပ်တွင် ဦးဝက်ကြီးနှင့် အတူတူနေရသည်ကို ပိုပြီးလုံခြုံသည်ဟု ခံစားမိလိုက်သည်။
မောင်ကင်းက အိပ်မပျော်သဖြင့် တောင်တွေးမြောက်တွေး စဉ်းစားနေသော်လည်း ဦးဝက်ကြီးက တစ်ခေါခေါနှင့် အိပ်မောကျနေလေသည်။
ထိုစဉ် ခေါင်းမိုးပေါ်တွင် တဒုန်းဒုန်းနှင့် အသံကြားရလေသည်။ မောင်ကင်းလဲ ကြောက်လန့်ပြီး မျက်လုံးပြူးကြည့်နေလိုက်သည်။
“ဟေ့ကောင် အေးမောင် ငြိမ်ငြိမ်နေနော်”
ဦးဝက်ကြီးအော်လိုက်သည့်အခါ ထိုအသံသည် တိတ်သွားလေတော့သည်။
“ဟာ . . . ဦးဝက်ကြီးကလဲ သစ်ကိုင်းနဲ့ ခေါင်မိုးနဲ့ ရိုက်တာဖြစ်မှာပါ”
“မဟုတ်ဘူး မောင်ကင်း အဲဒါအေးမောင် ငါတို့ကိုနှောင့်ယှက်ချင်နေတာ၊ အေးမောင် ဟေ့ကောင် မင်းနဲ့ငါရန်မဖြစ်ချင်ဘူးကွာ အေးဆေးနေ”
ထိုနောက်ပိုင်း ဘာသံမှမကြားတော့။ မောင်ကင်းကတော့ ဦးဝက်ကြီးက သူ့ကြောက်အောင်တမင်လုပ်နေသည်ဟု ယူဆလိုက်သည်။
အိပ်မပျော်ဘဲ မနက်သုံးနာရီခန့်ထိုးပြီဖြစ်သည်။ ညတုန်းက ရွာထားသည့်မိုးသည် သူမဟုတ်သလို ငြိမ်သက်နေလေသည်။ ဖားတစ်ချို့အော်မြည်သံများသာ ပတ်ဝန်းကျင်တွင်ကြားနေရသည်။ မောင်ကင်းက ထိုဇရပ်တွင် ထပ်မနေချင်တော့။
“ဦးဝက်ကြီး ပြန်မယ်ဗျာ”
“အေး ကောင်းသားပဲ”
သူတို့နှစ်ဦး ဇရပ်ပေါ်မှဆင်းပြီး ရွာဆီသို့လျှောက်ခဲ့ကြသည်။ မနက်သုံးနာရီဆိုသော်လည်း မှောင်မည်းနေတုန်းရှိသေးသည်။ မောင်ကင်း၏ ဓါတ်မီးကိုအားပြုပြီးပြန်ခဲ့ကြသည်။ နှစ်ယောက်မို့ စကားတပြောပြောနှင့် ရွာကိုရောက်မှန်းမသိရောက်လာသည်။ နံနက်လေးနာရီကျော်ပြီဖြစ်သည်။ အလင်းရောင်တစ်ချို့အရှေ့ဘက်တွင် ထွက်ပေါ်လာသည်။ ရွာမဝင်ခင် သမန်းချောင်းနားအရောက် ညောင်ပင်ကြီးနားတွင် ဦးဝက်ကြီးက ရပ်ပြီးနေခဲ့သည်။
“သွား မောင်ကင်း မင်းသွားနှင့်တော့”
“ဦးဝက်ကြီးကော ရွာထဲမလိုက်ဘူးလား”
“အေး ငါလုပ်စရာရှိသေးလို့”
သမန်းချောင်းတံတားကလေး၏ ကြမ်းပြင်ကိုရေတွေဖုံးနေသေးသည်။ ညကဆို တံတားတစ်ခုလုံးရေဖုံးနေမည်ဟု ခန့်မှန်းရသည်။ မောင်ကင်းလဲ လမ်းလျှောက်လာခဲ့ပြီး တံတားကျော်သည့်အခါ ဦးဝက်ကြီးကိုလှည့်ကြည့်လိုက်သည်။ ဦးဝက်ကြီးက ညောင်ပင်ခြေရင်း ညောင်မြစ်တစ်ခုတွင် ထိုင်နေလေသည်။
ရွာထဲဝင်တော့ ရွာမှ အိမ်များက နိုးနေကြပြီဖြစ်သည်။ ဝါဆိုပန်းခူးအတွက်ရော၊ ဆွမ်းလောင်းရန်အတွက်ပါ အချို့အိမ်တွေက ပြင်ဆင်နေပြီဖြစ်သည်။ မောင်ကင်းအိမ်မရောက်ခင် ဦးဝက်ကြီးအိမ်ရှေ့မှဖြတ်ရသည်။ ဦးဝက်ကြီးအိမ်တွင် လူတွေစည်ကားနေသည်။ မောင်ကင်းလဲအိမ်ထဲသို့လှမ်းဝင်လိုက်သည်။
သူဝင်လာတာမြင်တော့ ဦးဝက်ကြီးမိန်းမက သူ့ကိုလှမ်းကြည့်လိုက်သည်။
“ဟဲ့မောင်ကင်း နင်ဦးဝက်ကြီးနဲ့တွေ့သေးလား”
“တွေ့တယ်လေ၊ လမ်းခွက ဇရပ်မှာတောင် တစ်ညလုံးအတူတူတည်းခဲ့သေးတယ်၊ ခုရွာကိုတောင် အတူတူပြန်လာကြတာ”
“ဟုတ်လား ဘယ်မှာလဲ”
“မသိဘူးဗျ၊ လုပ်စရာရှိတယ်ဆိုပြီး ရွာပြင်ညောင်ပင်ကြီးဆီမှာ ထိုင်နေတယ်၊ ဒါနဲ့ ဘာဖြစ်လို့လဲ”
“နင့်ဦးဝက်ကြီး ညက ပြန်မလာလို့လေ”
“ဪ . . . ဒါဆိုသူလဲ မြို့သွားတာဖြစ်မယ်၊ ကျွန်တော်နဲ့တစ်ညလုံးရှိခဲ့တာ”
ထို့နောက်မောင်ကင်း ကအိမ်သို့ပြန်လာသည်။ ညကကြုံတွေ့ခဲ့သည့်အကြောင်း အမေ့ကိုပြောလိုက်တော့ အမေကစိတ်ပူသွားသည်။
“သားရယ် နောက်ဆို အဲဒီလိုအချိန်မတော်မသွားပါနဲ့”
မောင်ကင်းက ရေမိုးချိုးလိုက်ပြီးနောက် ခဏအိပ်ရန်စိတ်ကူးသည်။ ဝါဆိုပန်းခူးက နေ့လည်လောက်မှလုပ်မည်ဆိုတော့ မနက်ပိုင်းအိပ်ချိန်အနည်းငယ်ရလေသည်။
“ဟဲ့သား . . . ထဦး”
အမေနှိုးလိုက်တော့မှ အိပ်ချင်မူးတူးနှင့်ထလိုက်သည်။
“ဦးဝက်ကြီးဆုံးပြီတဲ့”
“ဟင်”
ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင်သေးပေ။ သို့သော် အမေပြောသည်မို့သာယုံလိုက်ရသည်။ အမေက စနောက်ပြီးတော့တောင် မဟုတ်သည့်စကားမပြောပေ။
“ဘယ်လိုဖြစ်တာလဲအမေ၊ ညကတောင် အကောင်းကြီးရှိသေး၊ ဒီမနက်တောင် အတူတူရွာပြန်လာကြတာ”
“မဖြစ်နိုင်ဘူးသားရဲ့၊ ညက ဆုံးတယ်ပြောတာပဲ”
“ဘယ်လို . . .”
“ဟုတ်တယ်၊ သားက သူ့မိန်းမကိုပြောလို့ သူတို့တွေထွက်ရှာတော့ ရွာပြင်မှာလဲမတွေ့ဘူးတဲ့။ ဒါနဲ့ လမ်းနှစ်ခွ ဇရပ်ကိုသွားကြည့်တော့ ဇရပ်ဘေးနားက မြောင်းကြီးထဲမှာ မှောက်ခုံကြီးသေနေသတဲ့”
“ဘုရား . . . .”
မောင်ကင်း မယုံကြည်နိုင်သေးပေ။ ထို့ကြောင့် ဦးဝက်ကြီးအိမ်ဘက်သို့ပြေးလာခဲ့သည်။ ဦးဝက်ကြီးအလောင်းကို အိမ်ရှေ့ခန်းတွင်တွေ့တော့မှ ယုံလိုက်ရတော့သည်။
“ဘယ် . . . ဘယ်လိုဖြစ်တာလဲ”
“ဆရာဝန်ပြောတော့ ဦးဝက်ကြီးမှာ နှလုံးသွေးကြောကျဉ်းပြီး အဆီတွေလဲများနေတယ်တဲ့။ ဦးနှောက်သွေးကြောကို အဆီခဲပိတ်တာ၊ အဲဒီမှာသူကလဲ လမ်းဘေးမြောင်းထဲကျပြီး သေသွားတာတဲ့”
ဦးဝက်ကြီးမိန်းမကပြောရင်း ငိုနေတော့သည်။ မောင်ကင်း ညက ကြုံခဲ့သည့်အဖြစ်ကို မယုံနိုင်သေး။
“ဟုတ်မယ်၊ ညက မှောင်လဲမှောင်နေတာနဲ့ ငါလဲ မြောင်းထဲဓါတ်မီးထိုးမကြည့်မိဘူး၊ ဒါ . . . ဒါဆိုရင် ငါတွေ့ခဲ့တဲ့ ဦးဝက်ကြီးက သရဲကြီးပေါ့”
ပြန်တွေးမိပြီးနောက် ကျောများချမ်းတက်လာလေသည်။
ဦးဝက်ကြီးမှာ သေနေသည့်ကြားထဲမှ သူကြောက်တတ်သည်ကိုသိပြီး တစ်ညလုံးအဖော်အဖြစ်နေပေးရုံမက ရွာသို့ပါအဖော်လိုက်ပြီးပို့ပေးသည့် ဦးဝက်ကြီးကို မြင်ယောင်ရင်း မောင်ကင်းတစ်ယောက် မျက်ရည်ကျမိတော့သည်။
နှစ်တွေအတော်ကြာခဲ့ပြီ၊ မောင်ကင်းလဲ အေးမူနှင့်ပင် အိမ်ထောင်ကျသည်။ ဦးဝက်ကြီးက သူ့တူမကို သူ့ကိုအပ်ခဲ့သည့် သဘောပြောခဲ့သည်ကို ပြန်ကြားယောင်မိသည်။ ယခုကလေးပင် နှစ်ယောက်ရနေပြီဖြစ်သည်။
ယခုဆိုလျှင် နှစ်တွေကြာခဲ့ပြီ၊ မြို့နေရွာသို့ ဆိုင်ကယ်နဲ့ ရွတ်ကနဲ၊ ထော်လာဂျီနှင့် ရွတ်ကနဲ သွားနိုင်နေပြီမို့ ထိုလမ်းနှစ်ခွဆုံကလေးတွင် ဇရပ်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ လမ်းနှစ်ခွဆုံအနီးတွင်လဲ အရက်ဆိုင်များ၊ ဈေးဆိုင်များနှင့် စည်ကားနေလေသည်။ သို့သော် ဇရပ်မရှိတော့ပေမယ့် သရက်ပင်ကြီးကတော့ ထီးတည်းကြီး ကျန်နေသေးသည်။
ထိုအနားသို့ လမ်းကြုံဖြတ်မိတိုင်း မောင်ကင်းက သရက်ပင်ကြီးကို မော့မော့ကြည့်မိသည်။ ထိုမိုးရွာသည့် ဝါဆိုလပြည့်နေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို စိတ်ထဲစွဲကျန်နေသေးသည်။ ထို့အပြင် လူမိုက်ကြီးဖြစ်ပေမယ့် သူ့အပေါ်ချစ်ရှာတဲ့ဦးဝက်ကြီးကိုလဲ ပြန်ပြောင်းသတိရမိသည်။
“ဦးဝက်ကြီးရေ ကောင်းရာမွန်ရာ ဘဝမှာ အေးအေးချမ်းချမ်းနေနိုင်ပါစေ “
ဟုသာ သရက်ပင်ကိုကြည့်ရင်း ဆုတောင်းနေမိတော့သည်။
ပြီးပါပြီ။
အဂ္ဂဇော်