တောင်မနေရဲဘူးအစ်မရဲ့…”
“ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့
ဘာဆိုင်လို့တုန်း….”
“မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…”
ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး…
“လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း
အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ
နိုးလို့ကိုမရပါဘူးဗျာ…”
“ဟယ်…ဘယ်လိုကြီးတုန်း…”
“အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…”
ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့…
ဘွားမယ်စိန်က …
“အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး”
“ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့”
” သူကောလိုက်သွားတာဆိုတော့
အခုသူရောဘယ်လိုအခြေအနေရှိလဲ မောင်ဘစီရဲ့”
“အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ”
“အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့…
သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့”
“သြော်…ဟုတ်ဘွား…။ဒါဆို ကျုပ်တို့ မုဆိုးဦးခိုကိုသွားခေါ်ပြီးဘွားဆီလာခဲ့ပါ့မယ်”
“အေးအေး…ဘွား အိမ်ကနေပဲစောင့်နေမယ်”
ဦးဘစီတို့သုံးယောက်ဟာ ရွာနောက်ပိုင်းရှိ မုဆိုးဦးခို၏အိမ်ဆီသို့ထွက်သွားတော့လေသည်။
ကျန်ရစ်ခဲ့သောဒေါ်ဝင်းက မိခင်ဖြစ်သူ ဘွားမယ်စိန်အား…
“အမေ…ဇော်လတ်ဘာဖြစ်တယ်လို့အမေထင်လဲ”
” အကြောင်းရင်းမှသေချာမသိသေးတာငါ့သမီးရယ်…။အမေလည်းဘယ်သိဦးမတုန်း….”
“ကျုပ်တော့လေ အမေ့လိုပညာတွေတတ်ချင်လိုက်တာတော်။အမေက ကျုပ်ကိုကျဘာလို့မသင်ပေးတာလဲတော့”
ဒေါ်ဝင်းပြောလေတော့…ဘွားမယ်စိန် ဒေါ်ဝင်းအားစိုက်ကြည့်လိုက်ပြီး…
“မိဝင်း ညည်းအေ…
ငါ့အကြောင်းကိုမသိတာလည်းမဟုတ်…။
ဒီပညာထက်ဘုရားတရားကိုသာ
ညည်းသေချာလုပ်စမ်းပါအေ…”
“ဟုတ်ပါပြီအမေရယ်…အမေ့ကို ကျုပ်ပြောမရတာသိပါတယ်…။တော်ပြီ သမီးညနေစာပဲသွားချက်နေတော့မယ်”
ဟုဒေါ်ဝင်းကပြောရင်းကွပ်ပျစ်ထက်မှဆင်းသွား
တော့လေသည်။
ဘွားမယ်စိန်ကတော့ အကြမ်းရေသောက်ရင်းထိုင်နေခဲ့တော့၏။
######
တစ်မနက်လုံးရွာဟန်ပြနေသောမိုးတိမ်များသည် တဖွဲဖွဲဖြင့် သာရွာနေလေပြီ။
ထိုသို့ရွာခြင်းကို မြေသိပ်မိုးဟုသာခေါ်ကြ၏။
မိုးဖွဲများရွာနေသည့်ကြားမှ ဦးဘစီတို့သုံးဦးနှင့်အတူ ဒေါင်ကောင်းကောင်းအသားညိုညိုလူကြီးတစ်ယောက်တို့
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့ကြလေသည်။
“ဟဲ့…မောင်ဘစီ…
မိုးတွေရွာနေတာကို
အလောတကြီးလာကြရတယ်လို့ကွယ်…”
ဘွားမယ်စိန်က ဆီးကြိုပြောလိုက်လေတော့ အဝတ်အစားများ၌ စွဲကပ်နေသော မိုးရေစက်များကိုခါရင်း ဦးဘစီက…
“မိုးကနည်းပါတယ်ဘွားရယ်…ဟိုကလူအတွက်သာ
အဖြေမပေါ်ရင်ပိုခက်မှာဗျ…ကဲ…ဦးခို ဝင်ထိုင်ဗျာ…။
ဘွားမေးတာလေးသာ ဦးခိုသိသမျှဖြေပေးပေါ့…”
ဟုပြောလိုက်တော့၏။
ထိုသို့ဖြင့်ကွပ်ပျစ်ထက်၌ မုဆိုးကြီးဦးခိုရယ်…ဘွားမယ်စိန်ရယ်…
ဦးဘစီတို့သုံးဦးရယ်
ဝိုင်းဖွဲ့လို့ထိုင်ကြလေသည်။
ဘွားမယ်စိန်၏ကွပ်ပျစ်သည် ဝါးများဖြင့်အခိုင်အမာ ပြုလုပ်ထားပြီး အကျယ်အနေဖြင့်လည်း လူဆယ်ဦးမျှ တန်းစီကာ အိပ်လို့ရပေသည်။
ယခုမုဆိုးကြီးဦးခိုနှင့်မျက်နှာခြင်းဆိုင်ထိုင်နေသော ဘွားမယ်စိန်က…
“ကဲ…မင်းတို့တောတက်တုန်းက ဘာတွေများအထူးအဆန်းကြုံခဲ့သတုန်း မောင်ခို”
“ကျုပ်တို့တောတက်တုန်းက ကြုံခဲ့တာက…ကျုပ်အတွက်တော့မထူးဆန်းပေမယ့် ဇော်လက်အတွက်ကထူးဆန်းသွားတယ်ဘွား…။
ဘာလို့ဆိုဇော်လတ်နဲ့ကျုပ်ကတောတက်တာတူပေမယ့်…
သူကထင်းခုတ်ယုံသာပဲလေ…
ကျုပ်ကတောကောင်ရှာဘာရှာဆိုတော့ မတူဘူးမလား…။ဒီတစ်ခေါက်တောတက်တော့
သူနဲ့အတူတက်ကြ မယ်ဆိုပြီးတိုင်ပင်ခဲ့လိုက်တယ်………”
ထိုသို့ဖြင့် ဘွားမယ်စိန်နှင့်ဦးဘစီတို့သုံးဦးသည် မုဆိုးကြီးဦးခိုပြောပြမည့်အကြောင်းအရာ
များအားစိတ်ဝင်တစားနားထောင်ကြတော့၏။
###
“ဦးခို…ကျုပ်ထင်းတွေတော့ ဒီတစ်ခေါက် ခင်ဗျားကူခုတ်ပေးတော့အတော်များတယ်ဗျ…”
“အေးလေ…မင်းအလုပ်ပြီးမှ ငါ့အလုပ်စရမယ်မလား…။မနက်ဖြန်ကျရင်တော့ဖြင့် တောကောင်ကြီးကြီးတစ်ကောင်လောက် ရှာပစ်မယ်ကွာ”
ဇော်လတ်၏စကားအား ဦးခိုကခွန့်တုန့်ပြန်လိုက်သည်။
တောအတွင်းရောက်သည့်ရက်၌ ဇော်လတ်အတွက်ထင်းများကူခုတ်ပေးရာ တစ်နေကုန်သွားခဲ့လေသည်။
နောက်ရက်မှာတော့ဖြင့် အမဲစလိုက်ဖို့ရန် ဦးခိုဆုံးဖြတ်လိုက်တော့၏။
နောက်တစ်နေ့ရောက်လေတော့ဖြင့်…
“ဦးခို…ဟိုမှာ သမင်ကြီးဗျ….”
ဇော်လတ်ပြသည့်နေရာအား ခြုံအကွယ်မှကြည့်လိုက်လေသည်။
ဟုတ်ပေသည်။
နည်းသည့်အကောင်ကြီးမဟုတ်။
ဆူးဖြိုးပြီး လှလိုက်သည့် ဦးချိုကြီးနှင့်….။
သူတို့နှစ်ယောက်ခြုံများကြားမှ မလှုပ်ရှားမိအောင်အသာငြိမ်နေကြ၏။
သမင်ကြီးသည် ကျီးကန်းတောင်းမှောက်မျက်လုံးအစုံဖြင့်ကြည့်နေရင်းမှ
အရွက်များအားစားသုံးနေခဲ့သည်။
တစ်မနက်လုံးနေ၍တောကောင်တစ်ကောင်မရသေးသော ဦးခိုတစ်ယောက် ယခုသမင်ကြီးအား အလွတ်မပေးနိုင်တော့ပေ။
မနက်ပိုင်းကတော့ဖြင့် တောကြက်နှစ်ကောင်ရသော်လည်း သားကောင်ကြီးသာရချင်သည့်ဦးခိုက
ထိုတောကြက်နှစ်ကောင်အား ဇော်လတ်ကိုသာပေးလိုက်တော့၏။
ထိုသို့သမင်ကြီးအား ဦးခိုသူ၏လက်စွဲတော်ဒူးလေးဖြင့်ချိန်တွယ်ရင်းမှ…
“ဝီးးးး……..”
“စွပ်….”
“ဘုန်းး….”
ဦးခိုပစ်လိုက်သော ပစ်ချက်သည် သမင်ကြီး၏ နှလုံးတည့်တည့်နေရာဆီသို့ထိမှန်၍သွားလေတော့သည်။
ဒဏ်ရာကြောင့်အော်သံပင်မထွက်နိုင်သောသမင်ကြီးခမြာ နေရာ၌ပင် သေဆုံးသွားခဲ့တော့၏။
သမင်တစ်ကောင်ရလိုက်သည်မို့ ဦးခိုသူ၏ဓားဖြင့် သမင်ကြီး၏ဦးခေါင်းအားဖြတ်လိုက်လေသည်။
ဦးခိုလုပ်သမျှအားဇော်လတ်ငေးကြည့်ရင်း…
“ဘာလုပ်မလို့လဲဦးခို…”
“မင်းမသိပါဘူးဇော်လတ်ရာ…တစ်ခုခုအမှောင့်ကြုံရင်ကျွေးဖို့လုပ်နေတာကွ……..”
ထိုသို့ဖြင့် ဦးခိုက သူ၏ သမင်ကြီးကိုထမ်းရင်း…
ဇော်လတ်က ကြက်နှစ်ကောင်ကိုဆွဲရင်း တောထဲမှဆင်းဖို့ရန် ပြင်ဆင်ကြလေသည်။
ဇော်လတ်ခုတ်ထားသောထင်းများသည်က တောစပ်ရှိ အိမ်တစ်ခု၌ သွားရောက်အပ်ထားခဲ့ပြီးဖြစ်၍ သယ်ယူစရာမလိုတော့ပေ။
ထိုသို့တောထဲမှ ပြန်ထွက်ဖို့ပြင်နေကြစဥ်…
“ဝုနွးးးးးး………”
“ဝေါ……ဝေါ……..”
လေသံမိုးသံများထွက်ပေါ်လာလေသည်။
တောထဲရှိအပင်ကြီးများခါရမ်းနေခဲ့ပြီး အသံများသည်လည်းဆူညံလို့နေ၏။
ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေကြောင့် ဦးခိုတို့ ရှေ့သို့ဆက်မသွားဖြစ်ကြသေး။
ခဏမျှကြာလေတော့ ထိုလေသံမိုးသံများပျောက်ကွယ်သွားတော့သည်။
လေသံမိုးသံများတိတ်လေတော့ ထိုနေရာမှ နှစ်ယောက်လုံးအလျင်အမြန် ထွက်လာကြတော့၏။
သို့သော်သူတို့နှစ်ဦး၏ နောက်ဆီမှ…
“ဝုန်း….”
“ဝုန်း….”
“ဝုန်း……”
သစ်ပင်ပြိုလဲသံများထွက်ပေါ်လာ၏။
သို့သော် မည်သည့်သစ်ပင်မှမလဲပေ။
“ဟာ…မဖြစ်ဘူးဟေ့…စားချင်လို့ထင်တယ်….”
“ဘာလုပ်မလို့လဲ ဦးခို….”
ဦးခိုကိုဇော်လတ်မေး၏။
ဦးခိုကဇော်လတ်အမေးအားမဖြေသေး…။
သူဆွဲလာသော သမင်ခေါင်းပြတ်ကြီးအား နောက်သို့လှမ်းပစ်ကာ…
“စားပါ…သောက်ပါခင်ဗျာ….။လူကိုတော့မနှောက်ယှက်ပါနဲ့……”
ဟုပြောလိုက်ပြီး ထိုနေရာမှ ခပ်သွက်သွက်
ထွက်လာခဲ့တော့၏။
ထိုအခါမှ အစောကသစ်ပင်လဲသံများသည်မကြား
ရတော့ပေ။
သမင်ခေါင်းပြတ်ကြီးအားစားသောက်နေသော…
“ဂျွတ်….ကလု့….ဂျွပ်…………”
အသံများသာကြားရ၏။
နှစ်ဦးသားတောစပ်သို့ရောက်ခါနီး၌
ဇော်လတ်က…
“ဦးခို…လိုက်လာပြန်ပြီဗျ…”
“ဟေ…မလိုက်လာတော့ပါဘူးဟ”
“မဟုတ်ဘူး အသံတွေကျုပ်ကြားနေရတယ်…လိုက်လာတယ်ဗျ….”
“ဟာ…ဒါဆို မင်းကြက်တစ်ကောင်ကျွေးထားခဲ့လိုက်ဇော်လတ်…။မင်းဆီကစားချင်လို့ထင်တယ်ကွ”
ဦးခိုသူ၌က ထိုအသံများအားမကြားရပေ။
သို့ကြောင့်ဇော်လတ်အားပြောလေတော့…
“အာ…တောစပ်လည်းရောက်ပြီ မကျွေးတော့ဘူးဗျာ…”
“ဟ…ဒီလိုလုပ်လို့မရဘူးလေ…
မကျွေးရင်မင်းဘေးတွေ့လိမ့်မယ်ဇော်လတ်…
တို့တွေကဒီတောနဲ့ကင်းတဲ့သူတွေမှမဟုတ်တာကွာ…”
“ဘာဖြစ်ဖြစ်ဗျာ….”
ဟုဇော်လတ်ကဆိုပြီး တောပြင်သို့အရင်ထွက်သွားတော့လေသည်။
####
“အဲ့ကတည်းက…ကျုပ်ဇော်လတ်နဲ့
မဆုံရသေးဘူးဘွားရယ်။ဒီကောင်ဘာမှမဖြစ်ဘူးထင်တာ…ခုတော့ကိုဘစီတို့ပြောမှကျုပ်သိရတာဗျာ…”
ဦးခိုပြောပြသည်များကို ဦးဘစီတို့သုံးဦးနားထောင်ရင်းကြက်သီးများပင်ထမိကြ၏။
ဘွားမယ်စိန်ကတော့…
“အင်း…ဒီကောင်လေး တောထဲမှာအမှားလုပ်ခဲ့တာပဲ…
ဒါဆိုရင်တော့ သူအခုဖြစ်နေတဲ့
အကြောင်းက
သူ့နောက်ဆီကိုမကျေမနပ်လိုက်လာတဲ့
သူ ကြောင့်ပဲကိုး….”
“ဒါဆို…အဆင်ပြေပါ့မလားဘွား…။ဇော်လတ်ကိုယ်တိုင်ကအမှားလုပ်ထားတော့…”
ဦးဘစီ၏အမေးအား ဘွားမယ်စိန်က…
“အမှားလုပ်ထားတာဆိုပေမယ့် လူလေကွယ်…အမှားနဲ့ဘယ်ကင်းမတုန်း တစ်ဖက်ပုဂ္ဂိုလ်ကခွင့်လွှတ်ဖို့သာလိုတာ…
သူခွင့်မလွှတ်ရင်လည်း ဇော်လတ်ကို ကယ်ရမှာကဘွားတာဝန်လေ…အဲ့တော့…
ဘွားပေးလိုက်မယ့်အရာကို ဇော်လတ်စားမယ့်အစာထဲကိုထည့်ပေးလိုက်ကြားလား
မောင်ဘစီ…”
“ဟုတ်ကဲ့ဘွား…ကျုပ်ဘွားခိုင်းသလိုလုပ်ပေးပါ့မယ်…”
“အေးအေး…ညကျရင်တော့ဘွားလာခဲ့ပါ့မယ်…။မလာခင်တော့ မင်းတို့ဘက်က အရက်တစ်ပုလင်းနဲ့အသားကြော်ငါးကြော်တစ်ဗန်းကို
ပြင်ဆင်ထားပေး…အဲ့တာကိုလည်း
ဘွားတောင်းမှသာယူပေးနော်…
ဇော်လတ်ရှေ့ထုတ်မထားလေနဲ့ဦး…”
ထိုသို့ဖြင့် ဘွားမယ်စိန်တစ်ယောက်ဦးဘစိအား
မှာကြားလိုက်လေတော့သည်။
***
နေ့ခင်းမှဥတုကြောင့်ထင်သည် လသည်ခပ်ရေးရေးသာပေါ်ပြီး
တိမ်မျှင်းဝိုးတိုးဝါးတားကြား၌ ခပ်မှိန်မှိန်သာထွန်းလင်းလို့နေရှာသည်။
ထိုခပ်မှိန်မှိန်အလင်းရောင်အောက်တွင်တော့ ဘွားမယ်စိန်နှင့်ဒေါ်ဝင်းတို့သားအမိနှစ်ယောက် ဇော်လတ်၏အိမ်ရှိရာရွာလယ်ပိုင်းဆီသို့ လျှောက်လှမ်းလာခဲ့ကြလေသည်။
ရွာလယ်ပိုင်းဇော်လတ်တို့အိမ်ဆီသို့ရောက်တော့…
“ပူတယ်ဟဲ့….မသာတွေ…မသာမတွေ…
အမလေး…အား…ပူလိုက်တာ….ဟင်းးးးး….ဟင်းးးးး..
ငါ့ကိုဘယ်သူလုပ်တာလဲ……..”
“ဝုန်း…..”
“ဘုန်း…..”
“အမလေး….နောက်ဆုတ်ကြပါဟ…
လူတွေမှန်ကုန်တော့မယ်”
“ကြောက်စရာကြီးပါလားဟယ်…ထိန်းကြပါဦးလား”
” သေအောင်လို့ထိန်းရမှာလားဗျ…
ဒီလောက်ကြမ်းနေတာကို”
ဇော်လတ်အိမ်၌ရွာသူ၊ရွာသားများ စုရုံးနေ၏။
ဒေါသတကြီးအော်ဟစ်နေသော ဇော်လတ်ကိုနောက်ဆုတ်နောက်ဆုတ်ဖြင့် ဝိုင်းကြည့်နေကြလေသည်။
“ကိုဇော်လတ်ရယ်…တော်ဘာဖြစ်နေတာလဲ…။ကျုပ်တော့်မိန်းမမိဇယ်ပါတော့….အီး….ဟီး…ဟီး….”
“မသာမ…ငါ့နားလာမငိုနဲ့…
နင်လင်ကောနင်ကောသေမယ်သာမှတ်…ငါ့ကိုပူလောင်နေအောင်နင်တို့လုပ်တာမလား….ဟမ်….လာစမ်း…..”
“အမလေး…..ကယ်ကြပါဦး…..”
“ဟဲ့…လည်ပင်ညှစ်ကုန်ပြီလုပ်ကြပါဦး….”
“ဆွဲကြစမ်းပါဟဲ့…..”
“သေတော့မှာပဲ….”
ပြောလည်းပြော မိဇယ်၏လည်ပင်းအားထညှစ်လေရာ ဘေးရှိလူများဝိုင်းဆွဲ ကြလေသည်။
သို့သော် ဇော်လတ်၏အားကြောင့်မည်သူမှဆွဲ၍မရခဲ့…။
ထိုစဥ် ဇော်လတ်၏လက်များရုတ်တရက်ပြေလျော့လာလေသည်။
နံဘေးကိုလည်းကျီးကန်းတောင်းမှောက်လိုက်ကြည့်ပြန်၏။
ရွာသားများကတော့ဇော်လတ်၏အလှစ်၌ မိဇယ်အား ဘေးသို့ သယ်မသွားကြတော့သည်။
“ဟယ်…ဘွားမယ််စိန်ရောက်ပြီ….”
“ဘွားကိုဘေးဖယ်ပေးလိုက်ကြဦး…”
ဘွားမယ်စိန် သူ၏ တောင်ဝှေးကြီးကိုထောက်၍ လူများကြားမှဇော်လတ်ထံသို့တန်းမတ်စွာလျှောက်လာခဲ့လေသည်။
ဇော်လတ်ကတော့ ဘွားမယ်စိန်အား အံကိုကြိတ်ပြီး မျက်လုံးပြူးကြီးများဖြင့်စိုက်ကာကြည့်နေ၏။
ထိုသို့ကြည့်နေရင်း…
“ခင်ဗျားကြောင့်ကို…ခင်ဗျားက ကျုပ်ကိုမတောက်တခေါက်ပညာနဲ့လာစမ်းတာကိုး…ဟားးးး….ဟားးးး…ဟားးးးး….ဟားးးးး…..
မသာမကြီး….သေပန်းပွင့်ချင်တာထင်တယ်”
“အားလုံးနောက်ဆုတ်ကြစမ်း….”
ဘွားမယ်စိန် ဘေးရှိလူများကိုပြောလိုက်သည်။
ထိုစဥ်ဇော်လတ်က…
“သေပေတော့….နင်လိုဟာမက
ငါ့လိုကောင်ကိုစမ်းရတယ်ပေါ့…..လာစမ်း…..”
ဇော်လတ်ဘွားမယ်စိန်ထံပြေးဝင်လာ၏။
လက်ကြီးကိုရှေ့သို့ပစ်ပြီးဘွားမယ်စိန်အား ဂုတ်ချိုးသတ်ဖို့ရန်ပြင်ဆင်ကာပြေးဝင်လာသည့်ဇော်လတ်ကြောင့် ဘေးရှိသူများအသံပင်မထွက်နိုင်ကြ။
“ဘုန်း……”
“ဝုန်း……”
“အမလေးဗျ………”
ဘွားမယ်စိန်ပြေးဝင်လာသော ဇော်လတ်အား သူ၏လက်စွဲတော်တောင်ဝှေးဖြင့် စီးကြိုကာဇော်လတ်၏ဆန့်တန်းထားသောလက်များကိုရိုက်ချလိုက်သည်။
ပြီးနောက်တစ်ဆက်တည်းမှာပင် ဟန်ချက်ပျက်သွားသောဇော်လတ်၏ကျောပြင်အား တောင်ဝှေးဖြင့်နောက််တစ်ဖန်ရိုက်ချလိုက်တော့၏။
“အမလေးးးးးးး……..နာလိုက်တာ….
ကျုပ်ကိုယ်ကြီးထဲကနာလိုက်တာဗျ…….”
ဇော်လတ် လဲကျသွားပြီးနောက် နာကျင်စွာအော်ဟစ်နေလေသည်။
” အီးးးးး….ဟီးးးး…..ဟီးးးး……အီးး……
နာလိုက်တာ….”
လူးလိမ့်ကာငိုကြွေးနေသောဇော်လတ်၏ပြောင်းလဲသွားသောအခြေအနေကြောင့်
အားလုံးကတအံ့တသြဖြစ်နေလေပြီ။
ဇော်လတ်အော်ဟစ်ငိုကြွေးနေသည်မှာမျက်နှာတစ်ခုလုံးတွင် နှပ်များ၊မျက်ရည်များရောထွေးနေလေသည်။
ဘွားမယ်စိန်ကတော့ သက်ပြင်းသဲ့သဲ့ချပြီးရပ်ကြည့်နေလေသည်။
“ဘွား….ဘွား….ကျုပ်ကို…ကျုပ်ကိုခွင့်လွှတ်ပါ…
ကျုပ်ပြန်ချင်တယ်…
ကျုပ်ဒီကိုယ်ထဲကလည်းထွက်မရတော့ဘူး…ကျုပ်ကိုကယ်ပါဘွားရယ်….”
“အင်းးးးးးး…..နင်ဘယ်ကအကောင်လဲဆိုတာ
တော့ငါမသိဘူး…။နင်ဒီကလေးဆီကဘာကိုမကျေနပ်နေတာလဲ…။
ဒီကလေးကိုမကျေနပ်ရတဲ့အကြောင်းတွေ ဘွားကိုပြောပြစမ်း….”
“ဟုတ်…ဟုတ်….ကျုပ်က…
ကျုပ်ကတောထဲကတစ္ဆေပါ…
ကျုပ်အစာတောင်းတာကိုမပေးလို့
ကျုပ်သူ့နောက်ကလိုက်လာတာပါ….”
“ဒါဆို…အခု ဒီကလေးကိုယ်စား ဘွားတောင်းပန်ပေးမယ်…
စားချင်တဲ့အစားလည်းကျွေးမယ်…
မင်းနေရာလည်းမင်းပြန်စေရမယ်..
ဒါပေမယ့်နောက်နောင်ဒီကလေးကိုဆက်ပြီးထိခိုက်ရင်တော့ ဘွားကမင်းကိုအပြစ်ပေးရလိမ့်မယ်နော်…”
“ဟုတ်…ဟုတ်ကဲ့…..ကျုပ်…ကျုပ်နားထောင်ပါ့မယ်….”
“ကဲ…လာ…မင်းအစာကိုတောစပ်မှာဒီကလေးကိုယ်
တိုင်တောင်းပန်ရင်းလာကျွေးလိမ့်မယ်…
ဘုရားကိုဦးတိုက်ပြီးတပည့်တော်မရဲ့ ပညာတွေပြန်သိမ်းပါတယ်…..”
ဟုပြောရင်း ဇော်လတ်၏ခေါင်းအားလက်ဖြင့်သုံးကြိမ် သက်ချလိုက်တော့လေသည်။
ထိုအခါမှဇော်လတ်ခန္ဓာကိုယ်သည်ပျော့ခွေ၍လဲကျသွားတော့၏။
“သူ့ကိုထူထားကြ…နောက်ပြီးတော့
ရေတစ်ခွက်ယူခဲ့ပေးဘွားဆီကို”
ဟု
ဘွားမယ်စိန်ပြောလိုက်လေရာ ဦးဘစီကကိုယ်တိုင်ထ၍ရေခပ်ပေး၏။
ဘွားမယ်စိန်လက်ထဲသို့ရေခွက်ရောက်လေတော့…
“ဘုရားဆေး….တရားဆေး…သံဃာဆေး……”
ဟုဆိုကာ ဇော်လတ်၏
ကိုယ်အားရေများဖြန်းပတ်ပေးလေသည်။
ထိုအခါမှ ဇော်လတ်သတိပြန်ရလာလေသည်။
သတိရသော်လည်းတောကြီးတစ္ဆေပူးကပ်ခြင်းအား
ဇော်လတ်တစ်ယောက်မသိခဲ့။
ဘေးရှိလူများဝိုင်းပြောလေမှသာမိမိအဖြစ်ကိုသိရှိပြီး ဘွားမယ်စိန်အားထိုင်ကန်တော့ရှာ၏။
“ကဲ….မောင်ဘစီ…ဘွားပြောတာတွေစီစဥ်ထားလား”
“ဟုတ်ဘွား….ကျုပ်စီစဥ်ထားပါတယ်…”
“အင်း…ဒါဆို…မောင်ဇော်လတ်နဲ့သွားကြ..
နောက်နောင်ဒီလိုအမှားမျိုးမလုပ်တော့ကြောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို အစားအသောက်များနဲ့လာရောက်တောင်းပန်ပါတယ်
ဆိုပြီးပြောခဲ့…ပြောပြီးရင်တော့ဖြင့်
အစားအသောက်တွေကို ငပျောဖက်နဲ့သေချာချပြီး ရွာထဲ ပြန်ဝင်လာခဲ့ကြပေတော့ကွယ်….
ကဲဘွားပြန်တော့မယ်….”
ဟုမှာကြားပြီးနောက် ဘွားမယ်စိန်တို့သားအမိအိမ်သို့ပြန်သွားကြတော့၏။
တစ်ဖက်မှာလည်းဦးဘစီဦးဆောင်၍တောကြီးတစ္ဆေအားသွားရောက်တောင်းပန်ကြတော့လေသည်။
ပြီးပါပြီ။
Leave a Reply