ဆန်ရေတစ်ပေါက်

တွေမနှိမ့်ရဲအောင် လုပ်ပေးရတယ်။

သူတို့တောင်းတဲ့ငွေ ကျုပ်ကဘယ်ကရမလဲ။
အိမ်ပေါင်တဲ့အထဲက ထပ်ယူရတာပေါ့။
ကျုပ်သားရဲ့မင်္ဂလာပွဲက ခမ်းခမ်းနားနားဖြစ်သွားတယ်။
ကျုပ်ကတော့ အတိုးမသတ်နိူင်မရွေးနိူင်တဲ့ အိမ်ကို
ပြန်အမ်းငွေလေးယူပြီးထိုးအပ်လိုက်ရတယ်လေ။
ယောက္ခမအိမ်ကိုပါသွားတဲ့သားက
ကျုပ်အတွက် မယ်မယ်ရရထောက်ပံ့ပေးခဲ့တာမဟုတ်ဘူး။
ကျုပ် ကြည်ရှုဆောင်မခဲ့ တဲ့ တူတော်မောင် က
သူနေတဲ့ တွံ့တေးကိုလာနေဖို့နဲ့ သေသည်အထိပြုစုလုပ်ကျွေးပါ့မယ်ဆိုပြီးလာခေါ်ရှာတယ်။

ကျုပ်မလိုက်နိူင်ခဲ့ဘူးလေ။
အဲ့အချိန်မှာကျုပ်ချွေးမက ကိုယ့်လေးလက်ဝန်
ရှိနေပြီ။
ကျုပ်သားထွန်းလူ ကို ကျုပ်က အသက်သုံးဆယ်ကျော်မှမွေးထားတာ။
ကျုပ်သားကမွေးမယ့် ကျုပ်မြေးကို ကျုပ်ထိန်းကြောင်းချီပိုးချင်တယ်။
ကျုပ်တူနောက်ကိုမလိုက်ပဲ အိမ်ဖိုးငွေပိုလေးတွေကို
သားနဲ့ချွေးမကိုအပ်လို့ သားအိမ်ကိုတက်ခဲ့တယ်။

ချွေးမမိဘတွေက တောင်သာကြတယ်။
ထွန်းလူ တို့လင်မယားကို အိမ်တလုံးပေးထားတယ်။
ကျုပ်လည်း ထွန်းလူ တို့လင်မယားနဲ့အတူနေလိုက်တာပေါ့။
ကျုပ်ချွေးမက ဗိုက်ကလေးဗန်းပြပြီး အိပ်ယာထဲခွေနေတော့တာပဲ။.
ကျုပ်ကတော့ လစာမရတဲ့စားဖိုမှုးထမင်းချက်ရာထူးကိုတန်းရသွားတာပေါ့။

ဘာပဲဖြစ်ဖြစ် ကျုပ်ကျေနပ်ပါတယ်။
ကျုပ်မြေးမလေးကိုကျုပ်အဝချစ်ရတယ်။
ကျုပ်မြေးမလေးကိုတစ်နှစ်ကျော်ကျော်နိူ့ဖြတ်ပြီးကတည်းက ကျုပ်က ညဘက်တွေခေါ်သိပ်တာပေါ့။
အိမ်မှု့ကိစ္စလုပ်ရတာကတမျိုး၊ မြေးဝေယျာဝစ္စလုပ်ရတာကတမျိုးနဲ့ ကျုပ်ဘဝက အနားမရပါဘူး။
ဒါလည်းကျုပ်ကျေနပ်နေတာပဲ။
ကျုပ်သားကသိပ်လိမ္မာရှာတာ။
ရှာရသမျှပိုက်ဆံ မယားလက်ထဲအကုန်အပ်တော့တာပဲ။
ဆယ်ကွေ့တစ်ကွေ့တောင် ကျုပ်အတွက်
အမေသုံးဖို့ဆိုပြီးမပေးလာပါဘူး။
ကျုပ်တူ အောင်သိန်းက ရန်ကုန်လာတိုင်း
ကျုပ်ဆီလာပြီး မုန့်ဖိုးပေးပေးသွားရှာလို့သာပေါ့။
အောင်သိန်းပေးတဲ့ပိုက်ဆံက ကျုပ်သုံးရတယ်
မထင်လိုက်နဲ့ဦး။
ကျုပ်မြေးမလေးကို စားချင်တာ ၊လိုချင်တာဝယ်ပေးလို့ကုန်တာပါရော။

ကျုပ်ဒီနှစ်ပိုင်းတွေ အရင်ကလောက်မသွက်လက်တော့ဘူး။
ကျန်းမာရေး ချုချာလာတယ်။
လက်တွေခြေတွေကလည်း အရင်ကလိုမဟုတ်တော့ပဲလေးလံထိုင်းမှိုင်းလာတယ်။
မကြခဏ ဆိုသလို ဆေးခန်းပြေးရသေးတယ်။
ကျုပ်ချွေးမ နုရီ မျက်နှာမသာယာတော့ဘူး။
ငြိုငြင်နေပုံရတယ်။
ကျုပ်သား ထွန်းလူ ရှေ့ကျတော့တမျိုး၊
ကွယ်ရင်တမျိုး ကျုပ် ကိုဆက်ဆံလာတယ်။

ကျုပ်က အလုပ်လုပ်နေရမှကျန်းမာတဲ့သူ။
နေမကောင်းပေမယ့် မီးဖိုချောင်ထဲ
ကျုပ်ဝင်လုပ်နေတုန်း။
အိမ်ရှေ့၊ အိမ်နောက် အမြင်မတော်တာမှန်သမျှ
ကျုပ်လုပ်နေခဲ့တယ်။
ကျုပ်က ပညာတတ်လည်းမဟုတ်ဘူး။
သာမာန် လူတစ်ယောက် သာဖြစ်တယ်။
ချွေးမနုရီက ပညာတတ်၊ နုရီရဲ့မိဘညီအကိုမောင်နှမတွေကလည်းပညာတက် ရာထူးရာခံရှိသူတွေပေါ့။
ဒါကြောင့်ထင်ပါရဲ့ နုရီက ပညာတတ်မဟုတ်တဲ့
ကျုပ်ကိုနည်းနည်းအထင်သေးနေသလိုပါပဲ။

အို…ဒါတွေတွေးပြီးစိတ်မကောင်း
ဖြစ်နေစရာမလိုပါဘူး။
ကျုပ်မြေးမလေး..စန္ဒာမ ရှိနေရင်ကျုပ်အဖို့
ပြီးပြည်စုံတယ်။
ကျုပ်မသေခင်လေး မြေးမလေးသံယောဇဥ်နဲ့
ဒီအိမ်မှာအဆင်ပြေအောင်နေရမယ်လို့သာ
ကျုပ်တွေးထားတယ်။

တွံတွေးမှာနေတဲ့ တူတော်မောင်အာင်သိန်း က

“အိမ်ဦးခန်းမှာမိဘသဖွယ်တင်ကျွေးထားပါ့မယ်..
လာနေပါအဒေါ်ရာ””
ဆိုတာတောင် ကျုပ်က သွားမနေခဲ့ဘူး။
စိတ်ထဲမကောင်းတာတွေတွေးရင်း
ချွေးမနုရီ စိမ်ထားတဲ့အဝတ်တွေကို
ထလျှော်နေမိတယ်။
အဲ့အချိန်သား ထွန်းလူ အထုပ်အပိုးတချို့နဲ့ပြန်လာတယ်။

“”နုရေ…နု…သမီးလေးရေ စန္ဒာ “”

“”လာပြီ ကိုထွန်းရဲ့..အခန်းထဲမှာနု မီးပူတိုက်နေတာ၊
စန္ဒာ ကလမ်းထိပ်မှာမုန့်သွားဝယ်တယ်။
အထုပ်တွေအပိုးတွေနဲ့..ဘာတွေတုန်း “”

“”ဘာတွေရမလဲ.
နု ပဲ အမေတို့အဖေတို့ကို သွားကန့်တော့ချင်တယ်ဆို။
ဒါက အဖေအတွက်၊ ဒါကအမေ့အတွက်၊ဒါက
အကိုကြီးအတွက်၊ ဒါက နု ဦးလေးအတွက်
အကိုထွန်းအလုပ်ကအခုရက်ပိုင်းမအားတော့ဘူး။
ဒါကြောင့်ပိတ်ရက်လေးမှာဝယ်လာတာ
ညနေသွားကန့်တော့ကြရအောင်””

ကျုပ်..အဝတ်လျှော်နေရာကနေမြင်လည်းမြင်တယ်ကြားလည်းကြားတယ်။
ကျုပ်ရင်ထဲမကောင်းလိုက်တာ။
ဝယ်လာတဲ့အထုပ်တွေထဲမှာ “”အမေ့အတွက်””…ဆိုပြီးပါမလာပါလား။
ကျုပ်စိတ်မကောင်းပေမယ့် မသိသလိုနေပြီး
အဝတ်တွေလှန်းပြီးတာနဲ့အိမ်ထဲဝင်လိုက်တယ်။
အအေးပတ်သွားတယ်ထင်ပါရဲ့…
“”အဟွတ်..အဟွတ်..””…ဆိုပြီးချောင်းကဆိုးလာတယ်။

“”အမေတို့က ဖြစ်ပြီ
ဘယ်သူကခိုင်းနေလို့အလုပ်တွေလျှောက်လုပ်နေတာလဲ။
ပြီးရင် နေမကောင်းဖြစ်။
ဆေးခန်းပြေးရ။ သက်သက်ဒုက္ခရှာနေတာ””

“”ဟုတ်ပ…နု လျှော်မလို့စိမ်ထားတာတွေပါ။
နုအခန်းထဲမှာ မီးပူတိုက်နေတာမသိလိုက်ဘူး။
မသိရင်…နု ကခိုင်းနေသလိုဖြစ်နေပြီ””

ကျုပ်ဘာမှပြန်မပြောပဲ ကျုပ်အခန်းလေးထဲကိုဝင်လာလိုက်တယ်။
ကျုပ် ငိုချင်နေမိတယ်။
ကျုပ်ကိုကန်တော့စေချင်လို့မဟုတ်ဘူး။
လဒ်လာဘ လိုချင်လို့လဲမဟုတ်ဘူး။
ကျုပ် မေတ္တာလိုချင်တာပါ။
မိဘမေတ္တာ က စုန်ရေ..ဆိုရင် သားသမီးကပြန်ပြီးပေးဆပ်လာတဲ့သိတတ်မှု့ ဆန်ရေလေးတစ်စက်ဖြစ်ဖြစ် ကျုပ် လောဘတက်မိတာပါ။
ကျုပ်သဘောထားနုတယ်..ဖြစ်မှာစိုးလို့
အပြင်မထွက်ပဲ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

“”ဟော..သမီးလေးဘယ်တွေသွားနေတာလည်း
အဖိုးတို့အဖွားတို့ကိုသွားကန့်တော့မလို့သမီးရဲ့။
ခဏနားပြီးရေမိုးချိုး ပြင်ဆင်နော်။
ပြီးရင်သွားကြမယ်။
ညကျမှပြန်လာကြမယ်။
အမျိုးတွေကိုပတ်ကန်တော့ကြမယ်လေ””

“”ဟုတ်…ဖေဖေ””

ကျုပ်မြေးလေးအခန်းထဲဝင်လာတယ်။
ကျုပ်အိပ်နေတာကိုလာကြည့်တယ်။

“”အဖွား…အိပ်နေတာလား နေမကောင်းဘူးလား””

“”ကောင်းတယ်မြေးလေး…အဖွားအိပ်ချင်လို့””

“”သမီးတို့ အဖိုးတို့အိမ် ခဏသွားဦးမယ်။
ညမှပြန်လာခဲ့မယ်အဖွား။
ထမင်းစားထားနှင့်နော် “”

“”အေးပါကွယ်….အေးပါ””

သားနဲ့ချွေးမ မိသားတစ်စုထွက်သွားတော့
အိမ်ကလေးထဲမှာကျုပ်တစ်ယောက်တည်းကျန်ခဲ့တယ်။
မနှစ်ကလည်းကျုပ်ကို မကန်တော့ခဲ့ကြဘူး။
တစ်မြန်နှစ်ကလည်း…….
ကျုပ်ကိုယ် ကျုပ်စဥ်းစားတယ်။
ကျုပ်ဟာ မိဘအရာကနေ သားသမီးတွေ
ကြည်ဖြု သဒ္ဓါအောင် မနေတတ် မစားတတ်သူလား။
ကျုပ်..အောက်ခြေသိမ်းလိုက်လုပ်ပေးနေလို့များ
မလေးမစားအထင်သေးနေသလား။
ကျုပ်တကယ့်ကို နားမလည်တော့တာပါ။
ကျုပ်သိတာက ကျုပ်ရင်ထဲမကောင်း
ဖြစ်နေတာပါပဲ။
ကျုပ်ကိုင်တဲ့ခလုတ်ဖုန်းလေးအသံမြည်လာတယ်။

“”အဒေါ်…ကျွန်တော်အောင်သိန်း ပါ။
ဒီရက်ပိုင်းအဒေါ်ဆီလာမလို့ပဲ။
အလုပ်ကလုံးဝမအားဘူး အဒေါ်ရယ်။
ဒါကြောင့်…wavemoney နဲ့ ငွေငါးသောင်းအခုလွဲပေးလိုက်မယ်။
password က(******) အဒေါ်တို့လမ်းထိပ်က
ဆိုင်မှာအခုသွားထုတ်လိုက်နော်
ကျနော်ရန်ကုန်လာမှအဒေါ်ကို ရှစ်ခိုးကန့်တော့မယ်””

“”သာဓု ပါငါတူရယ်””

အဲ့နေ့က တူတော်မောင်ကန့်တော့လို့ငွေငါးသောင်းရခဲ့တယ်။
ကျုပ်ဝမ်းသာတယ် ကျုပ်တကယ်လိုချင်တာမေတ္တာတရားပါ။
ကျုပ်တူလေးက ငွေငါးသောင်းတင်ကန်တော့တာမဟုတ်ဘူး။
မေတ္တာတရားပါထည့်ကန်တော့လိုက်တာ။
ကျုပ်သားနဲ့ချွေးမဆီက မေတ္တာတရားနဲ့ကန်တော့တာလေးလိုချင်လိုက်တာ။

ညရောက်တော့ သားတို့မိသားစုပြန်လာကြတယ်။
ရောက်တယ်ဆိုရင်ပဲ
မြေးမလေးက သူ့အဖေနဲ့အမေကိုမေးတယ်။

“”အဖွားကို ကန့်တော့ရအောင်လေ
အဖွားအတွက်ဘာဝယ်ထားလဲ””

ကျုပ်သားရောချွေးမရောပါးစပ်အဟောင်းသားနဲ့။
မြေးမလေးကိုပြန်မဖြေနိူင်ကြဘူး။
ဘယ်ဖြေနိူင်မလဲ။
ကျုပ်အတွက်ဆိုပြီး ဝယ်ထားတာမှမရှိတာ။
မြေးမလေး မျက်နှာပျက်သွားတယ်။
ကျုပ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရတယ်။
မြေးမလေး အခန်းထဲဝင်သွားတယ်။
စာအိတ်လေးတစ်အိတ်ယူလာတယ်။

“”အဖွား…လာလေ ခေါင်းရင်းမှာထိုင်ပါ
ဒါက သမီးရထားတဲ့မုန့်ဖိုးတစ်သောင်းပါ။
အဖွားကိုကန်တော့ပါတယ်။
အဖွားအပေါ် ကာယကံ၊ဝစီကံ၊မနောကံနဲ့ပြစ်မှားခဲ့သည်များရှိသော်ခွင့်လွှတ်ပါလို့တောင်းပန်ရင်းကန်တော့ပါရစေ””

မြေးမလေးက ဦးချနေပြီမို့ ကျုပ်သားနဲ့ချွေးမလည်း
ထိုင်နေရာကဆင်းပြီးကျုပ်ကို ကုန်းဦးချပါလေရော။
ကျုပ်သားထွန်းလူ လည်း ပိုက်ဆံသုံးသောင်း
ထုတ်ပြီး မြေးမလေးကန့်တော့တဲ့စာအိတ်လေးပေါ်အမြန်တင်လို့ ဒုတိယအကြိမ် ဦးချပြန်တယ်။

“”သား က အမေသုံးချင်တာသုံးလို့ရအောင် ပိုက်ဆံကန့်တော့မှာမို့ ပစ္စည်းမဝယ်ထားတာပါ””

ကျုပ်လည်း သာဓု တွေခေါ်ပြီး ဆုမွန်တွေ
ခြွေပေးလိုက်တယ်။
မြေးမလေး ကြောင့် ကျုပ်သားထွန်းလူ လင်မယားကျုပ်ကိုထ ကန်တော့တာ ကျုပ်သိပါတယ်။
ကိုယ့်စိုက်တာကို ကိုယ်ရိတ်သိမ်းရမယ်မဟုတ်လား။
ကျုပ်ကတော့ ကျုပ်သားထွန်းလူကို
စေတနာမေတ္တာအပြည့်နဲ့သာ ပြုစုပျိုးထောင်ခဲ့တာပါ။
မြေးမလေး ကြောင့်သာမဟုတ်ရင် ဒီတစ်နှစ်လည်း
ကျုပ်ကို ကန်တော့လိမ့်မယ်မထင်ပါဘူး။
မြေးမလေးကြောင့် သူတို့ အသိတစ်ခုလင်းလက်ပြီးကျုပ်ကို ကန်တော့ကြတာ။

ဘာကြောင့်ပဲကန်တော့၊ကန်တော့ ကျုပ်ကျေနပ်တယ်။
ကျုပ်က ဂရုတစိုက်သိတတ်မှု့ကိုလိုချင်နေသူလေ။
မေတ္တာလိုချင်နေသူလေ။
မေတ္တာ အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ကျုပ်လက်ခံပါတယ်။
ကျုပ် အသက်ကြီးပါပြီ။သေခါလည်းနီးပါပြီ။
သံယောဇဉ် ကြိုးတွေအမျှင်တန်းပြီးသံသရာလမ်းကနေ မလွတ်သမျှ ဆန်ရေတစ်ပေါက်မျှဖြစ်ဖြစ်
ကျုပ်သောက်သုံးခွင့်လေးရပါစေ။

ယွန်းနှင်းဆီခိုင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°