ဝိဥာဥ်နှင်ပွဲ

ဘူးဟာ ၊ သူငယ်ငယ်လေးကတည်းက သူ့မိဘတွေဟာ ပိုးထိပြီး ဆုံးသွားကြတာ ”

” အို …”

” ပထမတော့ ရွာထဲက သူ့အမေရဲ့ညီမ သူ့အဒေါ်အိမ်မှာနေသေးတယ် ၊ နောက်ပိုင်း သူ့မိဘတွေထားခဲ့တဲ့ ရွာပြင်စပ်က လယ်ကွင်းထဲမှာ အဖော်ကောင်းတာနဲ့ တဲလေးထိုးပြီး တစ်ယောက် တည်းထွက်နေတယ် ၊ ဘေးနားမှာလည်း တဲ ၅ လုံးမကရှိတယ် ၊ အစ်ကိုမောင်နဲ့မြညိုကို စာပေး စာယူလုပ်ပေးခဲ့တာက ဘုန်းကြီးကျောင်းသား မောင်ဖြူး ၊ သူက တစ်ခါတစ်ခါလည်း ရွာထဲကလူတွေရဲ့ နွားကို အခစားနဲ့လိုက်ကျောင်းပေးတတ်တယ် ၊ တစ်နေ့… အစ်ကိုမောင်ပေးတဲ့စာကို မောင်ဖြူးယူလာပြီး မြညိုကို ပေးသတဲ့။

သို့ …

အသက်သမျှ ချစ်ရပါသော ချစ်ဆုံးညို ၊ အစ်ကို လူကိုယ်တိုင်နှုတ်မဆက်နိုင်တာ ခွင့်လွှတ်ပါနော် ၊ ဒီနေ့ညနေပဲ ကိုမောင် ဦးလေးနဲ့မြို့ကို လိုက်သွားပြီ ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ရွာထဲက ကိုကြီးပါနဲ့ ကိုယ့်ညီဝမ်းကွဲအောင်ဖေလည်း ပါတယ်။ မြို့က အဖေ့ညီ ၊ ကိုယ့်ဦးလေး ကားဝပ်ရှော့မှာ အလုပ်တွေအရေးကြီးနေလို့တဲ့။ လစာရမှာလေ။ ကိုယ်ကတော့ ဝမ်းသာတယ် ၊ လစာရရင် အဖေ အမေတို့ကို တစ်ဝက်ပေးပြီး တစ်ဝက်ကို ကိုယ်တို့ မင်္ဂလာဆောင်ဖို့စုရမယ်လေနော်။ ကိုယ့်မင်္ဂလာကိစ္စကို မိဘတွေဆီမှာ လက်ဝါးမဖြန့်ချင်တဲ့ကိုယ့်ဆန္ဒ ပြည့်တာပေါ့ကွာ။

ညိုလေး ကိုယ့်ကို နားလည်ပေးပါနော်။ လူကြုံတိုင်း စာရေးမယ်။ တူနှစ်ကိုယ်နီးရဖို့အရေး တွေးပြီး ကိုမောင်အလုပ်ကို ကြိုးစားလိုက်ဦးမယ်ကွာ။ ညိုလည်း ကိုယ်တို့ရှေ့ရေးတွေးပြီး ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်ထားနော် ၊ သစ္စာရှိစွာနဲ့ စောင့်နေပါလို့ မှာချင်တယ်ကွာ… ဒါပဲနော် ။

ညို့ကိုလွမ်းပြီး သစ္စာရှိနေမယ့်… အစ်ကိုမောင်

စာဆုံးသွားသည်။ မြညို ချစ်သူစာလေးကို တယုတယခေါက်ရင်း လယ်ကွင်းအဝေးရှုမျှော်ခင်းများဆီသို့ မျှော်ငေးကြည့်ရင်း သူမပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက် လိမ့်ဆင်းလာသည်။ မသွားပါနဲ့ ၊ မြညိုတစ်ယောက်တည်း အားငယ်တယ်ကိုရယ်လို့တောင် မပြောလိုက်ရပါလား။ အင်းပေါ့လေ တကယ်တော့ မြညိုနဲ့ ကိုမောင်က ပိုင်ပိုင်နိုင်နိုင်စာချုပ်စာတမ်းနဲ့ တရားဝင်လက်ထပ်ထားတဲ့သူမှ မဟုတ်ဘဲ ၊ တားပိုင်ခွင့်ရှိပါ့မလား…ဟင်း။

ဘာကြောင့်မှန်းမသိ ၊ မြညိုရင်ထဲ လွန်မင်းစွာ အားငယ်စိတ်တွေ လှိမ့်ဝင်လာ၏။ အဝေးတစ်မြေသို့ ထွက်ခွာသွားသည့် ချစ်သူကို ပိုလို့ တမ်းတလွမ်းမိရသည်။ စိတ်ကို မထိန်းနိုင်လို့ အိပ်ရာထဲပြေးဝင်လို့ ဟီးချငိုမိရသည်။ အသံကိုတောင် ချုပ်တီးမရ။

” ဟီး ဟီး ဟင့် ဟင့် ဟီး ”

” ဟဲ့…မြညို ဘာဖြစ်တာလဲ ၊ သြော် ဒီကလေးမ ၊ ဟင်…မျက်နှာတွေလည်းရဲလို့ မှန်း ”

မြညိုအဒေါ် ဒေါ်ထွေးတင် မြညိုနဖူးသို့ စမ်းလိုက်၏။

” ဟယ်…ကိုယ်တွေ ပူခြစ်နေတာပါလား ၊ တန်တော့ မနေ့က နေ့လယ်နေပူကြီးမှာ ကွင်းထဲဆင်းပြီး ပြန်ရောက်ရောက်ချင်း ခေါင်းလျှော်ရေချိုးတယ် ထင်တယ် ”

မြညိုခေါင်းညိတ်ပြ၏။ ဒေါ်ထွေးတင် မြညို အိပ်ရာနံဘေးမှ ခြင်လေးထဲရှာဖွေကြည့်လိုက်၏။

” အင်း…အတော်ပဲ ၊ ဒီမှာ ဆရာမောင် ဆေးနီမှုန့် ၊ အဲဒါ ကိုယ်ပူကျတယ် ၊ ဒီမှာ ဒေါ်လေး ဖျော်ပေးမယ် သောက်နော် ၊ သောက်ပြီး စောင်ခြုံထား ၊ လေတိုက်မခံနဲ့ ချွေးထွက်ပါစေ ၊ ချွေးထွက်မှ ပျောက်မှာ ၊ ကဲ ဆန်ပြုတ်ပြုတ်မှပဲ ၊ ထမင်းစားလို့တော့ မရဘူး ၊ အသာလေးမှေးနေနော် ၊ အိပ်ပျော်ရင်လည်း အိပ်လိုက် ၊ ဆန်ပြုတ် ပြန်ပြုတ်လိုက်ဦးမယ် ၊ အကြောင်းရှိရင် လှမ်းခေါ်နော် ”

ဒေါ်ထွေးတင်မှာ မြညိုမိခင်၏ညီမဖြစ်၏။ ရွာထဲ အိမ်ရှိလျက်နှင့် တမင် လယ်ထဲ၌နေချင်သည်မို့ တူမဖြစ်သူပါအဖော်ရစေဖို့ မြညိုတဲ ခေါင်းရင်း၌ တဲထိုးနေသူဖြစ်၏။

×××××××××××××××

မြနှောင်းညို

အသက်(၂၀)

” ဟီး…ဖြစ်ရလေ တူမရယ် ”

သုံးရက်ပင် မခံ ၊ ဆေးဆရာပင့်ချိန် မရလိုက် ၊ ရေချိုးမှား၍ မြညိုဆုံးတော့၏။ မြညိုဆုံးသည်ကို မြို့၌ အလုပ်လုပ်နေသည့် မြညိုချစ်သူ သက်မောင်သို့ အသိမပေးဘဲ ဖုံးကွယ်ထားရန် သက်မောင်မိဘများက ပြောကြားထား၍ မည်သူမျှအသိမပေးရဲ။ သက်မောင်မှာ ချစ်သူဆုံးသည်ကိုမသိ ၊ လူကြုံတိုင်း စာရေး၏။

နွားကျောင်းသားလေး မောင်ဖြူး သူ့တာဝန်ကျေ၏။ လက်ထဲစာရောက်တိုင်း မမြညိုတဲလေးပေါ် သွားတင်ထား၏။ မြညိုမှာ မကျွတ်မလွတ် ဝိညာဉ်ဘဝနှင့် လှုပ်ရှားသွားလာနေသည်မို့ ဒေါ်ထွေးတင်မှအစ အခြားတဲများကပါ မနေဝံ့ကြတော့ဘဲ တဲများ ဒီအတိုင်းထားကာ ရွာထဲ ပြန်နေကြတော့၏။

ညိုလေးရေ…

ခုတလော ကိုယ် ညို့ကို အရမ်းလွမ်းတာပဲကွာ ၊ တူနှစ်ကိုယ်နီးရဖို့ ကိုယ့်ရည်ရွယ်ချက်တွေ ပြည့်တော့မှာမို့ ညို့ကို ပိုလွမ်းနေမိသလား မသိတော့ပါဘူးကွာ။ တို့တွေ လက်ထပ်ကြဖို့ရက် နီးလာပြီ သိလား။ ကိုယ့်ဦးလေးပေးတဲ့လစာက မှန်းထားတာထက် ပိုတယ်ကွာ ၊ ကိုယ်တွေးထားတာက ကိုယ်တို့လက်ထပ်ဖို့ ၂ နှစ်လို့ မှန်းထားတာ အခုတစ်နှစ်တောင်မပြည့်သေးဘူး ကိုယ့်ရည်ရွယ်ချက် ပြည့်နေပြီ။ ညို ဝမ်းမသာဘူးလားဟင် ၊ ဒီလကုန်ရင် ကိုယ်ပြန်လာမယ် ၊ ညိုနဲ့ လက်ထပ်မယ် ၊ ပြီးတာနဲ့ ညို့ကိုပါခေါ်ပြီး ဦးလေးဆီမှာ အလုပ်လာလုပ်ကြမယ်နော်။ အဲဒီကျ ဒွေးလေးချက်တဲ့ထမင်း မစားတော့ဘူး ၊ ကိုယ့်ဘဝအတွက် စားဖိုမှူးအသစ် ပြောင်းပြီး ညို့ကို ခန့်မယ်နော် ဟား ဟား ၊ ကိုယ့်ကို ညိုချက်ကျွေးရမယ် ၊ မှတ်ထားနော် ၊ ဒီလကုန် ကိုယ်ပြန်လာမယ် ၊ လူကြီးစုံရာနဲ့လက်ထပ်မယ် ၊ စောင့်မျှော်နေတော့နော်။

ချစ်ရလွန်းသူ….ကိုမောင်

×××××××××××××××

” မြညို ဆုံးပြီ…သား ”

” ဟာ…မဟုတ်တာ မပြောကောင်း မဆိုကောင်း ဖွ…ဖွ ”

” သားအမေပြောတာ ဟုတ်တယ်သား… သား ရွာကထွက်သွားပြီး တစ်ပတ်တောင် မကြာဘူး… ဆုံးတာ ”

” ဟာ … ဟုတ်လို့လား ၊ ဘယ်လိုဖြစ်ရတာလဲ ”

” ရေချိုးမှားတာ သားရဲ့ ၊ ဖြစ်ပြီး သုံးရက်တောင် မခံဘူး ဆုံးတာ ”

မိဘများစကားက သက်မောင်နားထဲ မယုံနိုင်စရာ။ ညနေ ၅ နာရီကျော်မှပြန်ရောက်လာသည်မို့ ပစ္စည်းများပင် နေရာမချအား ရေမိုးချိုးပြီးသည်နှင့် ထမင်းစားဖို့စိတ်မကူး ၊ ကပျာကယာ အဝတ်လဲ၍ ချစ်သူမြညိုရှိရာ ရွာပြင်ဘက်သို့ ထွက်ကာ လှမ်းမျှော်ကြည့်လိုက်၏။ သက်မောင်ရင်ထဲ ထိတ်ခနဲ ဝမ်းသာသွားသည်။

ဟင် … အဖေနဲ့အမေပြောတော့ မြညို ဆုံးပြီဆို။ ခု မြညိုတဲရော တခြားတဲတွေမှာပါ မီးတွေကို လင်းထိန်လို့ ၊ လူမရှိဘဲ မီးလင်းပါ့မလားလေ။ အင်း အဖေတို့အမေတို့ ငါ့ကို အချစ်စမ်းပြီး နောက်လိုက်တာထင်တယ် ဟင်း ဟင်း။ သက်မောင် အတွေးများနှင့်ဝမ်းသာအားရ ချစ်သူတဲရှိရာ ခြေလှမ်းကျဲကြီးများနှင့် လှမ်းခဲ့တော့၏။

” ဟော… ကို ကိုမောင်ပြန်ရောက်လာပြီ ၊ ဝမ်းသာလိုက်တာ ကိုမောင်ရယ် ”

” လွမ်းလိုက်ရတာ ညိုရယ် ”

သက်မောင် ချစ်သူကို ဝမ်းသာအားရ လှမ်းဖက်မည့်ဟန်ပြင်၏။ လုံးဝဖက်မရ ၊ မြညို နောက်ဆုတ်သွား၏။

” ဘာဖြစ်တာလဲ ညို ”

” မြညိုဟာ မြန်မာမိန်းကလေးပါ ကိုမောင် ၊ မြန်မာမိန်းကလေးဆိုတာ လက်မထပ်ရသေးတဲ့ ပုရိသယောက်ျားလေးနဲ့ လက်ပွန်းတတီးမနေရဘူး ရှင့် ဟင်း ဟင်း ဟင်း ”

” ဟာကွာ … တိုလိုက်တာ ဟွန်း ”

သက်မောင် မချင့်မရဲပြော၍ မြညိုနောက်မှ တဲပေါ်သို့လှမ်းတက်၏။ တဲလေးချိုးချိုးချွတ်ချွတ်အသံမြည်၍ သိမ့်ခနဲလှုပ်ခါသွားသည်။

” ညို့တဲလေး သိပ်မခိုင်ချင်တော့ဘူးနော် ”

” ဒီအတိုင်းထားခဲ့ရမှာပဲလေ ၊ ကိုယ်နဲ့ လက်ထပ်ပြီးရင် ညို့ကို မြို့ခေါ်သွားမှာဆို ၊ ညိုလေ…ညို သိပ်ဝမ်းသာတာပဲ သိလား ၊ ဟိ ဟိ ဟိ ”

” ဟင် ”

ဝမ်းသာလွန်း၍ ရယ်လိုက်သည့်မြညို မျက်ဝန်းများအဆတမန်ပြူးထွက်လာကာ ပါးစပ်မှာလည်း ရှိသင့်သည်ထက် သုံးဆခန့်ပိုပြဲကာ သာမန် သွားများမဟုတ်သည့် သွားကြီးများပေါ်လာသည်မို့ သက်မောင်တစ်ကိုယ်လုံး ကြက်သီးများထ၍ ကြောက်စိတ်များဝင်လာ၏။ အဖေတို့အမေတို့ပြောတာ မှန်နေပြီထင်တယ်။ ငါ ငါ ဘယ်လိုလုပ်ရမလဲ။ သက်မောင်တစ်ကိုယ်လုံး ကြောက်စိတ်နှင့် ဇောချွေးများပြန်လျက် တွေးရင်းနှင့် အကြံတစ်ခုပေါ်လာသည်။ လွယ်အိတ်ထဲမှ ဆေးလိပ်ကိုထုတ်၍ သောက်မည့်ဟန်ပြုပြီးမှ မတော်တဆ အောက်လွတ်ကျဟန်ပြု၏။

” ကိုမောင် နေ…ညိုကောက်ပေးမယ် ”

မြညိုလက်ကြီးများ အဆမတန်ရှည်ထွက်လာကာ အောက်ကျသွားသည့်ဆေးလိပ်ကိုကောက်ဖို့ရာ ကြမ်းကိုဖြဲ၍ ခေါင်းငုံ့လိုက်၏။ အခွင့်အရေးကို အလွတ်မပေး ၊ သက်မောင် တဲပေါ်မှခုန်ချ၍ ရွာဘက်သို့ ပြေးထွက်ခဲ့တော့၏။ တဲများ၌ လူများရှိ မနေကြ ၊ ရှိဟန်ဆောင်ပြီး မီးများကို မှောင်သည်နှင့် မြညိုဝိညာဉ်က လိုက်ထွန်းထားခြင်းဖြစ်သည်။

” ဟင့်အင်း…ကိုမောင် ၊ ကိုမောင် ထွက်မပြေးရဘူး…ညိုနဲ့နေရမယ် ၊ ညိုတို့လက်ထပ်ကြမယ်လေ ၊ ပြီးရင် ကိုမောင် ညို့ကိုခေါ်သွားမှာဆို ၊ ညို လိုက်ခဲ့မှာပေါ့ ”

ကြောက်လန့်တကြားပြေးနေသည့်သက်မောင် ညို့အသံကို အနီးကပ်ကြားလိုက်ရသည်မို့ ရွာထဲ အဝင် အကိုင်းအခက်များဝေဖြာနေသည့် ကုက္ကိုပင်ကြီးထက်သို့ ကုတ်တက်လိုက်၏။ အပင်ဖျားသို့ရောက်အောင် တက်ခဲ့၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ သက်မောင် ပို၍တုန်လှုပ်သွားသည်။ မြညိုမှာ ထန်းသီးလုံးခန့်ရှိ နီရဲနေသည့်မျက်လုံးအစုံဖြင့် သက်မောင်ရှိရာ မော့ကြည့်နေ၍ပင် ။ သက်မောင် ဒူးများတုန်လာသည်။ ဘာမှမစဉ်းစားတော့ ၊ ကိုင်ထားသည့် ကုက္ကိုကိုင်းကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အသံကုန်ခြစ်လျက် ဝမ်းခေါင်းသံကြီးနှင့် အသံကုန် အဆက်မပြတ် ကြုံးအော်လိုက်တော့၏။

” အဖေတို့…အမေတို့ သားကို ကယ်ကြပါအုံး…လုပ်ကြပါအုံး ၊ လာကြပါအုံးဗျို့ ”

ထိုအသံကို သက်မောင်မိဘများပါမက တစ်ရွာလုံးကြား၏။ လမိုက်ညမို့ အပြင်တွင် အလင်းရောင်ကမရှိ။ သက်မောင်မိဘများနှင့် ရွာသားများ ဓာတ်မီးကိုယ်စီနှင့် အသံကြားရာ ကုက္ကိုပင်ကြီးအောက်သို့ ရောက်လာကြ၏။

” အဖေ…အမေ သားဒီမှာ…ဒီမှာ ”

” ဟင်…သား အမလေးလုပ်ကြပါအုံး ”

ကုက္ကိုပင်ပေါ်မှသားကို လက်နှိပ်ဓာတ်မီးထိုးကြည့်၍ သက်မောင်မိခင်က ပျာယာခတ်သွား၏။

” ဟေး ငမောင်…စိတ်ကို အေးအေးထား ၊ တို့တွေအားလုံး အောက်မှာရှိတယ်…ဖြည်းဖြည်း တွယ်ဆင်းခဲ့ ”

” သား ဘာမှမကြောက်နဲ့ ၊ အဖေတို့ရှိတယ် ”

လက်နှိပ်ဓာတ်မီးရောင်များ သက်မောင်ရှိရာ ဖြာကျလာ၏။ သက်မောင် ကုက္ကိုပင်ပေါ်မှ တွယ်ဆင်းခဲ့၏။ နောက်ဆုံး ကုက္ကိုပင်ခြေသို့ရောက်သော် သက်မောင်တစ်ကိုယ်လုံးပျော့ခွေညွှတ်ကျကာ လဲသွားသည်မို့ အားလုံး ဖေးမ၍ အိမ်ရှိရာအရောက် ထမ်းခေါ်လာရတော့သည်။ ခွေးအူသံများ ရွာထဲမှာ ဆူညံနေ၏။

” ဟေ့…ဒီမိန်းကလေးကို ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး ၊ နားလည်တဲ့ အကောင်းဆုံးဆရာနဲ့ ပွဲနဲ့လမ်းနဲ့ သံဃာတော်တွေပါပင့်ပြီး နှင်ထုတ်ရတော့မယ် ”

” ဟုတ်တယ် ၊ သနားလို့ နေပါစေဆိုပြီး ဒီအတိုင်းထားတာ ၊ နို့ နေပါအုံး…ငမောင်မြို့က ဘယ်အချိန်ပြန်ရောက်တာတုန်း ”

” ဒီနေ့ပဲ…မိုးချုပ်ခါနီး ညနေ ၅ နာရီလောက်က ”

” အစ်ကိုတို့ အစ်မတို့က ပြောမပြဘူးလား ဆုံးတာကို…”

” ပြောပါ့ ၊ ပြောတာကို မယုံဘူး…ရေချိုးပြီး အခန်းထဲမှာပဲရှိနေတယ်မှတ်တာ ၊ ထွက်သွားတာ မသိလိုက်ဘူးလေ…”

” ဟင်း…ကြောက်တယ် ၊ ကြောက်တယ် ”

” သားလေး…အမေတို့ရှိတယ်လေ ၊ ဘာမှ မကြောက်နဲ့နော် ”

သက်မောင်မှာ ချက်ချင်းလူမမာကြီးလိုဖြစ်ကာ အိပ်ရာထဲလဲတော့၏။ ထလိုက်သည်နှင့် ဒူးများ တဆတ်ဆတ်တုန်နေသည်မို့ လမ်းလျှောက်ဖို့ရာပင် အခက်အခဲဖြစ်နေတော့၏။ နားလည်သည့် ဆရာကို အိမ်မှာအနီးကပ် ပင့်ထားသည့်ကြားထဲ ညည လန့်အော်နေသေး၏။ သက်မောင်မိဘနှင့် ရပ်မိရပ်ဖများ ၊ ရွာသားများတိုင်ပင်၍ မြညို “ဝိညာဉ်နှင်ပွဲ” လုပ်ကြဖို့ အစီအစဉ်များဆွဲကြရတော့သည်။

×××××××××××××××

ကြောက်တယ် ၊ ကြောက်တယ်တဲ့လား ကိုမောင်ရယ် ၊ ညို့မှာဖြင့် ချစ်လိုက်ရတာ ၊ မြို့ခေါ်ရင်တောင် လိုက်ဖို့အဆင်သင့်ပါ။ ကိုမောင် ညို့အပေါ် သစ္စာပျက်လို့ မချစ်တော့ပြီလား…။ ဟင် ဟိုမှာ ရွာထဲက လှည်းတွေမနည်းဘူး ထွက်လာကြပါလား။ ဟော…ငါ့တဲဆီလာနေကြတာပဲ ၊ ဟင် လူတွေလည်း မနည်းပါလား ၊ ရှေ့ကလှည်းက ကလဖျင်းမိုးကာအပြည့်နဲ့ ၊ နောက်လှည်းက အိုးကြီး အိုးငယ် မိုးဗြဲဒယ်ကြီးတွေနဲ့ ၊ အို ဟိုနောက်လှည်းက ဓာတ်ခွက်ကြီးနှစ်လုံးနဲ့ ၊ ဘာလဲ အသံချဲ့စက်ပါ ဖွင့်ကြအုံးမှာလား။ ဟော ပြောရင်းဆိုရင်း ငါ့တဲရှေ့မှာ ကလဖျင်းထိုးနေကြပြီ။ စက်ဖွင့်ဖို့ တချို့က ပြင် ၊ တချို့က ချက်ပြုတ်ဖို့ပြင် ၊ လှည်းပေါ်က အိုးတွေချနဲ့ ၊ မြန်လိုက်ကြတာ။ ဟောဟိုမှာ ဒေါ်လေးတောင် ပါတာပဲ။ ငါ့တဲပေါ်က ဘုရားစင်လေးကို သန့်ရှင်းရေးလုပ်လို့ ပန်းကပ်မလို့ပြင်နေတာပဲ။ သူတို့ ဘာလုပ်ကြမလို့ပါလိမ့်။ ဇယ်ဆက်သလို အလုပ်လုပ်နေတဲ့သူတွေထဲမှာ ကိုမောင်က ဘာဖြစ်လို့ ပါမလာရတာလဲ။ ဒီလောက် တစ်ရွာလုံးနီးပါး ရောက်လာတာကို ၊ ကိုမောင်ဘာဖြစ်လို့ လိုက်မလာရတာလဲ။ ကိုမောင့်ကို တွေ့ချင်လိုက်တာ ၊ လွမ်းလိုက်တာ ကိုမောင်ရယ်။

တဲလေးအနောက်ဘက်ထောင့်က ချုံပုတ်လေးနားထိုင်ရင်း မြညိုဝိညာဉ်မလေး မျက်နှာငယ်လေးနှင့် လူများလုပ်သမျှ ငေးနေရှာသည်။ အသံချဲ့စက်က တစ်ညလုံးဖွင့်သလို ရွာလူကြီးများ တဲပေါ်ထိုင်နေသလို ချက်ပြုတ်သူများ တစ်ညလုံး မအိပ်သည်မို့ မြညို တဲပေါ်တက်မရ။ သည်လိုနှင့် မနက် ၄ နာရီ ဗြောခေါက်တော့၏။

ဟင် … လှည်းတွေဝင်လာပြန်ပြီ ၊ အို … ရွာဦးကျောင်းဆရာတော်နဲ့ သံဃာတော်တွေပါလား။ ဟော ဟိုမှာ ကိုမောင်မိဘတွေ ၊ ဟင်-နောက်မှာ ကိုမောင်…ကိုမောင်ပါလား။ မြညို ရင်ထဲ ထိတ်သွား၏။ မြညိုနဲ့ကိုမောင့်ကို မင်္ဂလာများဆောင်ပေးကြမလို့လား။ ဝမ်းသာရမှာလား ၊ ဝမ်းနည်းရမှာလား မခံစားတတ်တော့ဘူး ကိုမောင်ရယ်။ အားလုံးထဲမှာ ချစ်သူကိုမောင့်မျက်နှာကို မြညို သေချာ စူးစိုက်ကြည့်လိုက်သည်။

ဟင်…ကိုမောင် အတော်ပိန်သွားတာပဲ။ မျက်နှာလည်းမကောင်းဘူး ၊ နေလို့မှကောင်းရဲ့လား ချစ်သူရယ်။

သက်မောင်နံဘေးဝင်ထိုင်ဖို့ကြိုးစားသည့် မြညို ၊ သက်မောင်နံဘေး၌ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်းစနှင့် ဆေးဆရာကြီးကြောင့် ချစ်သူနားကပ်ဖို့ရာ အခွင့်မသာ။ ရွာဦးကျောင်းဆရာတော်နှင့် သံဃာတော်များ ကမ္မဝါစာရွတ်လေပြီ။

ဟင်-အို ကြောက်တယ် ၊ ကြောက်တယ်။ ဘုန်းတော်ကြီးများ အဆက်မပြတ်ရွတ်၏။ မြညိုတစ်နေရာတည်းရပ်မနေသာ။ မလှမ်းမကမ်းသို့ ပြေးထွက်ခဲ့၏။ ထိုစဉ် –

” ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားသည့် ဒကာမလေးမြနှောင်းညို….”

ဟင်…ရွာဦးကျောင်းဆရာတော် ငါ့ကို ခေါ်နေတာပဲ။ ပြေးနေရာမှ မြညိုခြေလှမ်းတန့်၍ နားထောင်လိုက်၏။

” ကြားရာအရပ်က နာခံပါ ၊ ဒကာမလေးနဲ့ ဒီရွာမှာရှိတဲ့ မောင်သက်မောင်တို့ဟာ ဘဝချင်းခြားသွားပြီးဖြစ်တဲ့အတွက် မင်းတို့နှစ်ဦးကြား ထားရှိနေတဲ့ သံယောဇဉ်ကို ဖြတ်ပါ ၊ သင့်တော်ရာသွားပါ ၊ သံယောဇဉ်ကိုဖြတ်ပြီး သင့်တော်ရာသွားပါ ”

အို…ဟင့်အင်း ၊ ဟင့်အင်း မသွားပါရစေနဲ့ ၊ ကိုမောင့်ကိုချစ်တယ် ၊ သူနဲ့ပဲနေမယ် ၊ မသွားပါရစေနဲ့ ၊ မသွားပါရစေနဲ့ … ဟီး ဟီး ဟီး ”

ဆရာတော်စကားကို ရွာထဲမှ အပျိုကြီး မဝိုင်းသို့ဝင်ပူး၍ လူးလှိမ့်ငိုယိုကာ ဝိညာဉ်မလေးမြညို အသနားခံ၏။ သက်မောင်ဘေးမှဆရာကြီး ဝင်ပြော၏။

” ဘယ်ရမလဲ ၊ အတူနေလို့မရဘူး ၊ မင်းနဲ့ မောင်သက်မောင်ဟာ ဘဝချင်းခြားသွားပြီလေ ၊ အဲဒါကို သဘောပေါက်မှပေါ့ ”

” မခွဲနိုင်ဘူး…မခွဲနိုင်ဘူး ၊ ဟီး ဟီး ”

” မခွဲနိုင်လို့မရဘူး ခွဲရမယ် ၊ ဘဝချင်းက မတူတော့ဘူးလေ ၊ တောင်းပန်နေတုန်း အသာတကြည် လက်ခံနော် ၊ ဆိုင်ရာပိုင်ရာတွေအပ်ပြီး ဒဏ်ရိုက်ခိုင်းလိုက်မယ်…ဘာမှတ်လဲ ”

” အို မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ ဟီး ”

” မလုပ်ပါနဲ့ဆို မလုပ်ဘူး ၊ မင်းဆန္ဒနဲ့မင်း အေးအေးဆေးဆေး ထွက်သွားပေး ၊ မောင်သက်မောင်နဲ့ ဒီရွာကို လုံးဝဒုက္ခမပေးတော့ပါဘူး ၊ တဝဲလည်လည်လုပ်မနေဘဲ တခြားအဝေးကြီးကို ထွက်သွားပေးပါ့မယ်လို့ ဝန်ခံကတိပေး ”

” အို…ကိုမောင်နဲ့အဝေးကြီးကို ဘယ်ဖြစ်ပါ့မလဲ ဟီး ဟီး ”

” မဖြစ်လို့မရဘူး ၊ မင်းတို့က ဘဝချင်းမှ မတူတော့တာ ၊ ကြာတယ်ဟေ့ မြန်မြန်ကတိပေး ”

” ဟီး ဟီး ကိုမောင်….ကိုမောင်ရေ ”

” ဘာလဲ ၊ မောင်သက်မောင်နှုတ်က မင်းကို အဝေးသွားဖို့ပြောတာ မင်းကြားချင်သေးလို့လား ”

လျင်မြန်စွာ ခေါင်းကို တဆတ်ဆတ်ညိတ်ပြလေ၏။

” ကဲ…မောင်သက်မောင် ၊ ဘဝချင်းမတူတော့လို့ သင့်တော်ရာအဝေးသွားပါတော့လို့ မင်း နှုတ်က ပြောတော့ကွာ ”

” ဟင့်အင်း…မပြောပါရစေနဲ့ ၊ မပြောရက်ဘူး…မပြောပါရစေနဲ့ ”

” သား…ပြောရမယ်လေ ”

” ဟုတ်တယ်…မပြောလို့မရဘူး ငါ့သား ”

” ငမောင်…မင်းပြောရမယ် ၊ ဒီပွဲကို တကူးတက လုပ်တာ ဘာကြောင့်လဲ ၊ မင်းအဲဒါ သိထား ”

” ဟုတ်တယ် သူငယ်ချင်း ”

” ပြောပါ ၊ ပြောလိုက်ပါ မောင်သက်မောင် ဒါမှ သူ့ဘဝလေး ရှေ့ဆက်သွားလို့ရအောင် ပြောလိုက်ပါကွာ ”

” ပြောလိုက်ပါ သားရယ် ”

ကျလာသည့်မျက်ရည်များကို လက်ခုံနှစ်ခုနှင့် ဘယ်ညာသုတ်၍ စကားပြောဖို့ သက်မောင် အားယူ၏။ သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေ၏။ နောက်ဆုံး သက်မောင်နှုတ်မှ အက်ကွဲသံကြီးပေါ်လာ၏။

” ညို…ညိုနဲ့ ကိုယ့်ဘဝက ခြားသွားပြီလေ ညိုရဲ့ ”

သက်မောင်၏ ထစ်ထစ်ငေါ့ငေါ့စကားများကို နားထောင်ရင်း တချို့မျက်ရည်မဆည်နိုင်တော့။

” ကိုမောင်….ကိုမောင်ကပါ ညို့ကိုနှင်ပြီပေါ့လေ ၊ ဟင့်…ရက်စက်လိုက်တာကိုမောင်ရယ် ၊ ဟင့် ဟင့် ”

” နှင်တာမဟုတ်ဘူး ညို ၊ ညို့ကိုချစ်တယ် ၊ ဘဝချင်းမတူတော့လို့ မလွှဲသာလို့ခွဲရတာပါညို ၊ ညိုနဲ့ကိုယ် ခုဘဝမှာ ဘဝချင်းခြားလို့ မဆုံးရတော့ပေမယ့် နောင်ဘဝမှာ သေတပန် သက်တစ်ဆုံး ပေါင်းရပါစေလို့ ညိုဆုတောင်းလေ ကိုယ်လည်း ဆုတောင်းမယ် ၊ နောက်ပြီး ညို့ကို ကိုယ် ကတိတစ်ခုပေးမယ် ”

ဘာများလဲဟု မိဘများနှင့် ရွာသားများ စိတ်ဝင်စားစွာ နားထောင်နေကြ၏။

” အခုဘဝမှာ ကိုယ်ဟာ ညိုကလွဲပြီး ဘယ်မိန်းကလေးမှ လက်မထပ်ဘူးလို့ ကတိပေးတယ် ညို ”

” အို….သား ”

” ဟင် …”

” သားရဲ့ကတိလေးတစ်ခုကိုယူပြီး သူ စိတ်ချမ်းသာပါစေ အမေရယ် ၊ သားလူပျိုကြီးဘဝနဲ့ တစ်သက်လုံးနေတော့မယ် ၊ ညိုရေ….ညို့ကိုပေးတဲ့ကတိ တစ်သက်လုံးတည်စေရမယ်လို့ သစ္စာဆိုပါတယ် ၊ ညို့ဘဝ ရှေ့ဆက်သွားတော့နော် ၊ စိတ်အေးအေးထားပြီး သွားတော့နော် ”

” ဟင့် ဟင့် ဟင့်…”

ငယ်ရွယ်သူမိန်းကလေးများနှင့် ကာလသားများ မျက်ရည်မဆည်နိုင်တော့။ မြညိုဝိညာဉ် ဝင်ပူးနေသည့် အပျိုကြီးမဝိုင်း တိတ်ဆိတ်စွာနားထောင်နေ၏။

” ကဲ…ဒီလောက်ကတိပေးနေမှတော့ ကျေနပ်တော့ဟေ့ ၊ မင်းဘဝ စိတ်ချမ်းသာစွာနဲ့ သွားတော့ သွားတော့ သွားတော့…”

ဆရာကြီးက အမွှေးရည်ဆွတ်ထားသည့် သပြေခက်နှင့် အပျိုကြီးမဝိုင်းကိုပက်၍ ကောင်းမွန်စွာပြော၏။ ချစ်သူကတိစကားကြောင့် ကျေနပ်သွားသည်ထင့် ၊ အပျိုကြီးမဝိုင်း တဆတ်ဆတ်တုန်နေရာမှ ပျော့ခွေညွှတ်ကျသွား၏။ အတန်ကြာမှ သတိဝင်လာ၏။ နောက်ဆုံး ပစ္စည်းများသိမ်း၍ လှည်းပေါ်တင်အပြီး မြညိုတဲလေးကိုပါ မီးရှို့ခဲ့ကာ ရွာဘက်သို့ပြန်ခဲ့တော့၏။

×××××××××××××××

” သနားစရာ ကောင်းလိုက်တာ ”

” ဟုတ်တယ် ၊ အဲဒီတုန်းက ကွင်းထဲပါသွားသူမှန်သမျှ ဘယ်သူမှမျက်ရည်မဆည်နိုင်ကြဘူး ၊ အဲဒီတုန်းက ငါက ကလေးပဲရှိသေးတာဟ ”

” သူရဲ့ရုပ်ရည်နဲ့ အခု သူ့ကို စိတ်ဝင်စားတဲ့သူ မရှိဘူးလား ”

” ရှိတာပေါ့ ၊ ဒါပေမဲ့ ရာဇဝင်ကို သိထားကြလို့ ဘယ်သူမှ စကားမစရဲဘူး ၊ မိဘတွေ သဘောတူလို့ ပေးစားကြဖို့ပြောပြန်တော့ အစ်ကိုမောင်ကိုယ်တိုင်က လက်မခံဘူးလေ ”

” သြော်…ရုပ်ချောချောကြီး ၊ ဒီအတိုင်းထားရတာ နှမြော်စရာ ”

” ဟား ဟား ဟား ဟား ”

မိန်းကလေးများကို တစ်ချက်မော့မကြည့် ၊ အလုပ်ပြီးသည်နှင့် ပြန်သွားတော့၏။

” ဟေ့…နင့်အစ်ကို လူပျိုကြီး ထမင်းစားမသွားဘူးလား ”

” ဟင့်အင်း သူက ဘယ်အလှူမှာမှ ထမင်းမစားဘူး ၊ အလုပ်ပြီးတာနဲ့ပြန်တာပဲ ”

” သြော်…တော်တော်ကတိတည်တဲ့ နင့် အစ်ကိုလူပျိုကြီးပဲနော် ”

ပြီးပါပြီ။