သုံးဘဝဝဋ်ကြွေး

ပြန်ပြောင်း သတိရလာလေတော့သည်။

#####

အခန်း ( ၂)

“ဟေ့ကောင် မောင်စံ တို့ ဒီ တစ်ပွဲတော့ နိုင်မှ ဖြစ်မှာကွ ၊ ပြီးတော့ အဲ့ဘက်ရွာက ကောင်တွေက သူတို့ကြက် နိုင်ပါ များတော့ ဖင်ခေါင်းကြယ်နေတာကွာ၊ ဒီတစ်ခါတော့ ရှုံးလို့ မဖြစ်ဘူးကွ”

“အေးပါ ငညိုရာ ၊ ငါ့ ကြက်ဖကြီး မြစိမ်းကို ငါယုံပါတယ်ကွ ၊ ဒီတစ်ခါတော့ နိုင်စေရမယ် ၊ မနိုင်လို့လည်း မရဘူးကွ ၊ ငါလည်း အတော် ထိနေပြီ”

ကြက် တစ်ယောက် တစ်ကောင် ပွေ့ကာ တစ်ဖက်ရွာသို့ ကြက်တိုက် ထွက်လာရင်း လမ်းမှာ ကျွန်တော် နှင့် ငညို တို့ ပြောနေကြခြင်းဖြစ်သည်။

ကျွန်တော်သည် မိခင်အိုကြီးနှင့်အတူနေထိုင်ကာ
မပြေလည်သော အိမ် စီးပွားရေးကို ကြက်တိုက် လောင်းကစားလုပ်ကာ ရှာသော လောင်းကစားသမားတစ်ယောက်ဖြစ်သည်။

ငညိုကတော့ အိမ်ထောင်ကျကာ စီးပွားရေး အတန်အသင့် ချောင်လည်သည်ဟု ဆိုရပေမည်။ငယ်ကပင် ပုခုံးဖက် ပေါင်းလာခဲ့သော သူငယ်ချင်းများ ဖြစ်တာကြောင့် ကြက်တိုက်လည်း နှစ်ယောက် ပေါင်း တိုက်လေ့ရှိသည်။

ကြက်ပွဲရှိရာ တစ်ဖက်ရွာသို့ ရောက်သောအခါ
ကျွန်တော့် ကြက်ဖကြီးနှင့် တစ်ဖက်ရွာက ကြက်ဖကြီးအား သတ်ကွင်းထဲ သို့ ချကာ လွှတ်လိုက်လေတော့သည်။

“လုပ်ထားကွ နက်ပြာ ကြီး၊ ဖေ့သားကြီး ခုန်ပြီး ချပြစ်လိုက်စမ်း”

တစ်ဖက်ရွာသားတို့၏ ၎င်းတို့ကြက်ကြီးအား အားပေးသံတို့ကြောင့် ကျွန်တော်နှင့် ငညိုသည်လည်း မနေနိုင်တော့ကာ မြစိမ်း ကြီးအား ရေများဖြင့် တစ်ဖူးဖူး မှုတ်ကာ

“လုပ်လိုက်စမ်း မြစိမ်းကြီး၊ ခွပ်ပြစ်လိုက်စမ်း သားကြီး ၊ အေးဆေးပါကွ မင်း ချနိုင်ပါတယ်”

သူ့ကြက် ကိုယ့်ကြက် အားပေးသည့် အသံတွေနှင့် အတူ အလွန်စည်းကားသော ကြက်ဝိုင်းတွင် လူကြီး လူငယ် စုံလှသည်။ တစ်ဖက်ကြက်၏ ပညာသား ပါ ပါ ခွပ်ချက်တွေ အောက်တွင် ကျတော့်ကြက် မြစိမ်းကြီးမှာ အလူးအလဲ ခံနေရတော့သည်။

နောက်ဆုံးတွင်တော့ ​မည်သို့မျှ မဟန်နိုင်တော့ပဲ မြစိမ်း ကြီး ထွက်ပြေးလေတော့သည်။ ဟေးခနဲ အော်သံတွေနှင့်အတူ တစ်ဖက်ရွာသားများများ၏ စောင့်ကြွားကြွား အကြည့်တွေကြောင့် ကျွန်တော် ဒေါသဖြစ်လာကာ မြစိမ်းကြီးအား အနီးအနားတွင်ရှိသော သစ်ပင် တစ်ပင်နှင့် ရိုက်ပြစ်ကာ သတ်လိုက်တော့သည်။

“ဟာ မောင်စံ မင်း ဘယ်လိုလုပ်လိုက်တာလဲ “

“သတ်လိုက်တာလေကွာ ငညိုရ ၊ စောက်သုံး မကျတဲ့ ကြက်ကွာ ။ ငါ့မှာ ရှိသမျှ အကုန်လောင်းလိုက်တာကွ။ ဒီကြက် သေတာတောင် နည်းသေးတယ် ။ လာကွာ ပြန်ကြမယ် ။ မင်းအိမ်ရောက်မှ ဒီကြက်ကို အမြည်း လုပ်ပြီး တစ်ဝိုင်းလောက် ချမယ်ကွာ”

ထိုညက ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် မြစိမ်းကြီးကို အမြည်းလုပ်ကာ မူးအောင် သောက်ကြလေသည်။ အတော်လေး မိုးချုပ်ပြီဆိုမှ

“ငညို ငါပြန်တော့မယ်ကွ”

“ဟ မောင်စံ ပြန်မှာလားကွ ။ ဒီမှာပဲ ညအိပ်ပါလား ။ ငါ့အိမ်မှာ အကျယ်ကြီးပဲလေကွာ”

“နေပါစေ သူငယ်ချင်းရာ။ အိမ်မှာ အမေ့တစ်ယောက်ထဲကွ ။ ငါပြန်မှ ဖြစ်မှာ ။ ခုချိန်ဆို အမေမျှော်နေလောက်ပြီ”

အမေ့ကို သတိရကာ ပြောနေသော ကျွန်တော့် အပြောကြောင့်

“အေးပါကွာ မောင်စံ အဲ့ဒါဆိုလည်း ငါမတားတော့ပါဘူး “

ငညို့ အပြောကို ကျွန်တော်  ခေါင်းညိမ့်ပြလျက်

“ငညို သူငယ်ချင်း တစ်ခုတော့ ကူညီကွာ “

“ဟေ အေး ပြောလေကွာ မောင်စံ အားနာစရာမှ မဟုတ်တာ”

“အေးကွာ ညနေက ငါလည်း ပါသမျှ ကြက်ပွဲမှာ အကုန်လောင်းလိုက်တယ်ကွာ အဲ့ဒါ အိမ်မှာလည်း ဆန်က ပြတ်နေတယ် ငါ့ကို ဆန် တစ်ဇလယ် လောက်ချေးကွာ “

“ဒါများကွာ မင်းကလည်း ဘာမှ အားနာနေစရာမလိုပါဘူး ၊ ခနစောင့်”

ဟု ပြောကာ ငညိုကိုယ်တိုင်ပင် ဆန်တစ်ဇလယ်သွားထည့်လာပြီး ကျွန်တော့်ရှေ့သို့ ချပေးလာလေသည်။

” ကဲ ရော့ ဒီမှာ ဆန်တစ်ဇလယ် ။ ဘာမှ အားနာမနေနဲ့ အဆင်ပြေမှ ဆပ် ။ ကြားလား မောင်စံ”

ငညိုချေးသော ဆန်တစ်ဇလယ်ကို ပိုက်ကာ ကျွန်တော် အိမ်သို့ ပြန်လာခဲ့သည်။

မူးနေသောကြောင့် လမ်းမှန်မှန်လျှောက်နိုင်အောင် ကြိုးစားရင်း တစ်နေရာအရောက်တွင် ကျွန်တော် ခြေသလုံး စူးခနဲ ခံစားလိုက်ရသည် ။ ထိုကြောင့် အောက်သို့ ငုံ့ကြည့်လိုက်လေရာ မြွေတစ်ကောင် လျှောခနဲ ထွက်သွားသည်ကို မြင်လိုက်ရသည်။

မြွေကိုက်ခံရလေပြီ ဟုသော ထိပ်လန့်စိတ်နှင့်အတူ ကျွန်တော့် ခေါင်းထဲ မိုက်ခနဲ ဖြစ်လာလေသည်။ ပြီးနောက်တွင်မူ ငညို့ ဆီမှ ချေးယူလာသော ဆန် တစ်ဇလယ်  အကြောင်းကို တွေးမိကာ ကျွန်တော် လဲကျသွားရင်း မျက်လုံးတွေပြာလာကာ လောကကြီးတစ်ခု လုံး မှောင်အတိကျသွားလေတော့သည်။

######

“လာ လာ နီမောင်လေး ရော့ ရော့ အစာစား”

တစ်ဖြည်းဖြည်း ကြီးမားလာပြီး အတောင်အလက် စုံသလောက်နီးပါးဖြစ်နေသော ကျွန်တော့်ကို ငညိုက အသေအချာ ကြွေးမွေးလေသည်။

“စားထား သားလေးရ ။ ပီးရင်တော့ ဖေကြီးကို ပိုက်ဆံတွေ အများကြီး ရအောင် ရှာပေးရမယ်နော်”

ငညို့စကားကြောင့် ကျွန်တော် ခေါင်ထောင်လျက် အတောင်ပံများ တစ်ဖျက်ဖျက်ရိုက်ကာ
ပြန်ပြောလိုက်လေသည်။

“အောက် အီး အီး အွတ်”

“အေး ဒါမှ ဖေ့သားကြီးကွ”

ဝမ်းသားအားရ အော် ဟစ်လိုက်သော ငညို့စကားကြောင့် ကျွန်တော် ပျော်သွားရသည်။

ကျွန်တော့် ပထမဆုံး တိုက်ပွဲကို ရွာထဲတွင် ရှိသော ရွှေစုပ် ဟု ခေါ်သည့် ကြက်တစ်ကောင်နှင့် ခွပ်ရသည်။

“လုပ်ထား နီမောင် သားကြီးရေ ချထားကွ”

ငညို့၏ အားပေးစကားသံနှင့်အတူ ကျွန်တော် တစ်ဖက်ကြက်ကို အားမာန် ပါ ပါ ခွပ်လိုက်သည်။ တစ်ဖက်ကြက် ယိုင်ထွက်သွားသည်။ တစ်ဖန်ပြန်ပြီး အတင်းလိုက်ခွပ်လေရာ ထိုကြက်မှာ ထွက်ပြေးတော့သည်။

“ဟေး နီမောင်ကြီးကွ ။ ဖေ့သား ကြီး အရမ်းတော်တယ်ကွာ ဒါမှ ဖေ့သားကြီး အစစ်ကွ “

တစ်ဖက်ကြက်ကို နိုင်လိုက်သောကြောင့် ငညိုတစ်ယောက် ပြုံးပျော်ကာ ကျွန်တော့်ကို ကောက်ယူလိုက်ရင်း ဂုဏ်ယူနေသောကြောင့် ကျနော် ကျေနပ်စွာ ပြန်ပြောလိုက်လေသည်။

” အောက် အီး အီး အွတ်”

ထိုအချိန်မှ စကာ ငညိုသည် ကျွန်တော့်အား သေချာ ကျွေးမွေး ပြုစု လေတော့သည်။ ကျွန်တော်သည်လည်း ငညို့အိမ်တွင် ဗိုလ် ဖြစ်ကာ အပျော်ကြီး ပျော်နေခဲ့သည်။

အခန်း(၃)

ကျွန်တော်၏ ဒုတိယမြောက် တိုက်ပွဲမှာ တစ်ဖက်ရွာရှိ စံဖဲ ဟု ခေါ်သော တိုက်ကြက် ကြီးနှင့်ဖြစ်သည်။

“သားကြီး နီမောင် ဘယ်လို ဖြစ်နေတာလဲ ။ လုပ်ထားပါကွ။ ခွပ်ပြစ်လိုက်စမ်း ။ “

တစ်ဖက်ကြက်၏ ခပ်ကြမ်းကြမ်း ခွပ်ချက်တွေအောက် အလူးအလဲ ဖြစ်နေသော ကျွန်တော့် အား ငညို အားမလို အားမရ ဖြစ်ကာ အော်ဟစ်နေလေသည်။

ကျွန်တော် လည်း ငညို့ ၏ မျက်နှာ ကြောင့် ရှိသမျှ အားကုန် ထုတ်ကာ တစ်ဖက်ကြက်ကို တိုက်စစ် ဆင်ရလေတော့သည်။

“ဟေး နီမောင်ကြီးကွ ဖေ့သားကြီး နိုင်ပြီကွ ဟားဟား”

ကျွန်တော့်၏ တိုက်စစ်များကြောင့် တစ်ဖက် ကြက်မှာ မခံနိုင်ပဲ ထွက်ပြေးလေတော့သည်။

ကျနော်သည်လည်း အလွန်ကျေနပ်ပီတိဖြစ်ကာ
ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူနေမိတော့သည်။ ငညိုသည်လည်း ကျွန်တော်အား ကောင်းမွန်စွာ ထားကာ အသေချာ  ကျွေးမွေလျက် ထားလေသည်။ ငညိုသွားလေရာ ကျွန်တော် အား ခေါ်သွားသဖြင့် ဘေးလူများမှ

“ဟ ငညိုရာ မင်းကြက်ကြီးကို နေရာတကာ ခေါ် မနေစမ်းပါနဲ့ကွာ ” ဟု ပြောရသည် အထိပင်။

ထိုအခါ ငညို မှ

” ဟာ ခင်ဗျားတို့ မသိပါဘူး ကျုပ် ကြက်ကြီးက ကျုပ်ကို နှစ်ပွဲတောင် နိုင်အောင် ခွပ်ပေးထားတာဗျ၊ နောက်တစ်ခါကျရင် ကြေးကြီးကြီး ဝိုင်း ကို တိုက်မှာ ။ ထပ်နိုင်အောင် လုပ်ပေးဦးမှာ ဗျ ” ဟု
ပြောပြတော့မှ ကျွန်တော့်တွင် နောက်ထပ် တိုက်ပွဲများ ရှိသေးကြောင်း သိရတော့သည်။ သို့သော် ကျွန်တော် ဂရုမစိုက်ပါ။ နိုင်ကို နိုင်ရမည်ဟု တွေးကာ အတောင်ပံ တစ်ဖျက်ဖျက် ခတ်ရင်း ကြွေးကြော် လိုက်လေတော့သည်။

” အောက် အီး အီး အွတ်”

########

နောက်တစ်ပွဲကား ရွာအနီးနားက မြို့လေးပေါ်သွားရောက်ရလေသည်။ ထိုပွဲတွင် ကျွန်တော် သည် မိုးမှောင် ဟု ခေါ် သော ကြက်ကြီးနှင့် ခွပ်ရမည် ဖြစ်သည်။ ကျွန်တော် မိုးမှောင်ကို အကဲခတ်ကြည့်ရာ ကျွန်တော့်ထက် ပိုမိုကြီးထွားသည်။ ခွန်အား ကောင်းသည်။ ကျွန်တော့် အကြည့်တွေကို မြင်သွားသည် ထင်သည်။ မိုးမှောင် ကျွန်တော်ကို ခပ်မိုက်မိုက်ပင် ပြန်ကြည့်နေလေသည်။

” ကဲ နီမောင် သားကြီးရေ ဒီပွဲက ကြေးများတယ်နော် မင်း နိုင်အောင် ခွပ်ရမယ်”

ငညိုသည် ထိုသို့ ပြောရင်း ကျွန်တော့်အား စည်းဝိုင်းထဲသို့ ချပေးလိုက်သည်။ ပွဲစစချင်းမှာပင် မိုးမှောင် ၏ ခွပ်ချက်တွေကြောင့် ကျွနိတော် ပြာသွားရသည်။ သို့သော်လည်း စိတ်ကို တင်းကာ
ပြန်လည် တိုက်စစ် ဆင်လိုက်လေ သည်။

” လုပ်ထားကွ မိုးမှောင်ကြီး ချထားစမ်း ။ ခွပ်ပစ်လိုက်စမ်း ရှုံးပွဲမရှိ ချန်ပီယံကြီး “

တစ်ဖက်လူများ၏ အားပေးသံတွေကြောင့် ထင်သည်။ မိုးမှောင် ကျွနိတော့်အား ရှိသမျှ အားကုန်ထုတ်ကာ ပြန်လည်တိုက်လေတော့သည်။

ကျွန်တော်သည်လည်း အကောင်းဆုံး အရှောင်အတိမ်းတွေဖြင့် သတိကြီးကြီး ထားပြီး တိုက်ခိုက်လိုက်လေသည်။

စည်းဝိုင်းအတွင်း ဘတစ်ပြန် ကြားတစ်ပြန် တိုက်ခိုက်ရင်း သက်လုံကောင်း၍ ခွန်အားဗလ ကြီးမားသော မိုးမှောင်ကို မယှဥ်နိုင်ပဲ ကျွန်တော် မောလာရသည်။ နောက်ဆုံးတွင်တော့ မိုးမှောင်၏ ပွဲသိမ်းရိုက်ချက်တွေ ကြောင့် ကျွန်တော် ဘယ်လိုမှ မခံနိုင်တော့ပဲ ပြေးရလေတော့သည်။

“ဟာ ဒီ ကြက် ။ ငါ့ လောင်းကြေးတွေ ဆုံးပါပြီကွာ ကဲကွာ “

” ဘုန်း ဘုန်း ”
“စောက်သုံး မကျတဲ့ ကြက် ။ သေစမ်း”

ရှုံးသွားသော ငညိုမှာ ကျွန်တော်အား ကောက်ယူလိုက်ကာ အနားရှိသစ်ပင်ဖြင့် တစ်ဘုန်းဘုန်း မြည်အောင် ရိုက်လေတော့သည်။

မိုးမှောင်ကြီး နှင့် အားကုန် တိုက်ခိုက်ထားရသော ကျွန်တော့်မှာ အသံပင် မထွက်နိုင်ပဲ နာကျင်မှုများနှင့်အတူ မြောနေမိသည်။

“ဘုတ်”

“ကဲဟေ့ မိန်းမရေ ဒီ အသုံးမကျတဲ့ကြက်ကို ညနေစာ လုပ်လိုက်တော့ “

အသက်ငွေ့ငွေ့သာ ကျန်နေသော ကျွန်တော့်ကို စင်တစ်ခုပေါ်တွင် ဘုတ် ခနဲ မြည်အောင် ပြစ်ချလိုက်ကာ ပြောနေသော ငညို၏ စကားများကို ကြားနေရသော်လည်း မျက်လုံးပင် ဖွင့်မကြည့်နိုင်ခဲ့ပါ။ ထိုစဥ်

“ဝူး ပဲ “

စင်ပေါ်တွင် ပြစ်ချခံထားရသော ကျွန်တော့် အနားသို့ နွားမကြီးတစ်ကောင် ရောက်လာကာ နမ်းရှုံ့နေလေသည်။ ထို့နောက်တွင်မူ ကျွန်တော် ဘာမျှ မသိတော့ဘဲ လောကကြီးတစ်ခုလုံး မှောင်အတိ ဖြစ်သွားပြန်လေသည်။

#########

အခန်း (၄)

အမှောင်လောကကြီးထဲမှ ကျွနိတော် သတိပြန်ရလာခဲ့သည်။ ယခုအခါတွင် ကျွန်တော် ကြက်တစ်ကောင် မဟုတ်ပါ ။ နွားပေါက်လေး ဘဝ ရောက်နေရသည်။

“ပဲ ပဲ “

တစ်ပဲပဲ အော်ဟစ်ကာ ကျွန်တော် ခုန်ပေါက် ပြေးလွှားရင်း မိခင် နွားမကြီးဆီမှ နို့လေး စို့လိုက်။ လျှောက်ပြေးလိုက် လုပ်နေမိသည်။

“အဖေ အဖေ နွားမကြီး ကျတဲ့ နွားလေးက ချစ်စရာလေးနော် “

“အေး သမီး ဟုတ်တယ်ကွ “

စကားသံတွေကြောင့် ကျွန်တော် လှည့်ကြည့်လိုက်ရာ ငညိုနှင့် သူ၏ သမီးကို တွေ့ရလေသည်။ မှန်ပေသည်။ ကျွန်တော်သည်ကား ငညို၏ အိမ်တွင်ရှိသော နွားမကြီး ၏ ဝမ်းဗိုက်ထဲ သို့ ပြန်လည်ဝင်စားလာရပြန်လေသည်။

ဤသို့နှင့် အချိန်တို့သည်လည်း ရက်မှ လ၊ လမှ နှစ်သို့တိုင်ခဲ့ပေပြီ ။ ကျွန်တော်သည်လည်း ငညို့အိမ်တွင် နွားပေါက်လေး ဘဝမှ နွားပျိုအရွယ်သို့ ရောက်ခဲ့လေပြီ။

တစ်ခုသော နေ့တစ်နေ့ တွင်တော့ ငညို၏ အိမ်သို့ လူလေးယောက်ခန့် ရောက်လာကြသည်။ ၎င်းတို့ကို ငညိုမှ ဧည့်ခံစကား​ပြော နေလေသည်။ အတန်ကြာသည်အထိ ပြောနေကြ ပြီးနောက် ၎င်းလူအုပ်စု သည် အိမ်ထဲမှ ထွက်လာကာ ကျွန်တော်ရှိရာ တင်းကုတ်သို့ လျှောက်လာလေ သည်။ ထိုသူတို့နှင့်အတူ ငညိုပါ လိုက်ပါလာလေသည်။

“ကဲ နွားလေးရေ မင်းသူတို့နဲ့ လိုက်သွားတော့ကွာ
ငါ မရောင်းချင်ပါဘူး ။ ငွေ လိုနေလို့သာ ရောင်းလိုက်ရတာပါ “

ကျွနိတော်၏ ကျောပြင်ကို သတ်ကာ ပြောနေသော ငညို့စကားများကြောင့် ကျွန်တော့်ကို ထိုလူတို့ထံ ရောင်းလိုက်သည်ဟု သိလိုက်ရလေသည်။
ထိုလူစိမ်းတို့သည်လည်း  ကျွန်တော်၏ ကြိုးကိုကိုင်ကာ အတင်းဆွဲလေတော့သည် ။

ကျွန်တော် မလိုက်ချင်ပါ။ ရုန်းကန်ကြည့်သည်။

“ဖြန်း “

ဖြန်း ခနဲ မြည်သံနှင့်အတူ ကျွန်တော် ကျောပေါ်သို့ ကြိမ်တစ်ချောင်း ရောက်လာသည်။အသည်းခိုက်မတတ် နာကျင်သွားရသည်။ ထို့ကြောင့် ကျွန်တော် မရုန်းဝံ့တော့ပဲ လူစိမ်းတို့ ဆွဲခေါ်ရာနောက် ပါလာခဲ့ရသည်။

ရွာပြင်သို့ ရောက်ပြီး တစ်နေရာ အရောက်တွင်တော့

“ကဲ ဒီလောက်ဆို ရပါပြီကွာ ။ ဒီနေရာမှာပဲ ပေါ်ကြတာပေါ့ “

ထိုလူစိမ်းများထဲမှ တစ်ယောက်က ထိုသို့ ပြောလေရာ ကျွန်တော် အလွန် ကြောက်လန့်သွားမိသည်။ ကျွနိတော် မသေချင်သေးပါ။ ထိုလူစိမ်းတို့အား တောင်းပန်သည့် အကြည့်ဖြင့် ကြည့်ကာ
ကျွန်တော် မျက်လုံးမှ မျက်ရည်များ တစ်သွင်သွင် စီးကျလာလေတော့သည်။သို့သော် ထိုသူတို့ကား ကျွန်တော့် ခံစားချက်ကို သိရှိနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်တော့်အား သတ်ရန် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေကြလေသည်။

ပြီးနောက်တွင်မူ ကျွန်တော် ၏ ခြေထောက် တို့ကို အသေအချာ ချည်နှောင်လေတော့သည် ။ ကျွန်တော် မရုန်းမိ ။ ရုန်းကန်ဖို့လည်း အားမရှိပါ။
ကျွန်တော့်တွင် ဝဋ်ကြွေးများပါလာပါက ဒီမျှနဲ့သာ ကျေပါစေတော့ဟု ဆုတောင်းကာ မျက်စိ စုံမှိတ်ထားလိုက်လေတော့သည်။

ကျွန်တော် ခြေထောက်တို့အား ကြိုးများနှင့် အသေအချာ ချည်ပြီးသည်နှင့် ထိုလူတို့သည် ကျွန်တော့်အား မြေ ပြင်ပေါ်သို့ ဝုန်းခနဲ နေအောင် လှဲချလိုက်လေသည်။

ကျွနိတော်၏ လည်ပင်းတွင် စူးခနဲ ဖြစ်ကာ ပြောမပြနိုင်သော နာကျင်မှု များ ခံစားရလေသည်။ နာကျင်မှုတို့ကြောင့် အသားများ တစ်ဆက်ဆက်တုန်နေကာ မောဟိုက် ပင်ပန်းနွယ်နယ် လာမိသည်။

ထိုစဥှ

“ဟယ် အကို ရယ် သနားပါတယ် နွားလေးက ငယ်ငယ်လေး ရှိသေးတာ ။ အသတ်ခံနေရတယ် ။ သတ်တာ ကလည်း ရက်စက်လွန်းလိုက်တာ ။လည်လှီးသတ်နေကြတာ “

သေအံ့မူးမူး ကျွန်တော့် နားထဲသို့ အမျိုးသမီးတစ်ယောက်အသံ ကြားလေမှ မျက်လုံးကို ဖွင့်ကြည့်မိရာ သားသားနားနား ဝတ်ဆင်ကာ စိတ်ကောင်းရှိမည့် ပုံ ပေါ်ရသော လင်မယားစုံတွဲကို မြင်ရလေသည် ။ ထို့နောက်တွင်မူ ကျွန်တော် ၏ မျက်လုံးများ မှေးစင်းကျလာကာ မှောင်အတိ ဖြစ်သွားရပြန်လေတော့သည်။

#########

“သားရေ ဒီမှာ အဖေ ဘာဝယ်ခဲ့လဲ ကြည့်ပါဦး “

ကစားစရာ အရုပ်လေးတွေကို ချပြရင်း ပြောလာသော အဖေ့ကို ကျွန်တော် တစ်ချက်မျှကြည့်ကာ ဟိုဘက်လှည့်နေလိုက်သည်။

“အကိုရယ် ကလေး က စကားရော ပြောတတ်ရဲ့လား မသိဘူး ။ မွေးကာစ ကနေ ခုထိ ငိုလည်း မငိုဘူး ပြောလည်း မပြောဘူး ဘယ်လိုလုပ်ရမလဲ အကိုရယ် “

ဟုတ်ပါသည် ။ ကျွန်တော်သည်ကား နွားဘဝမှ အသတ်ခံရစဥ် သေခါနီးအချိန် ကျွန်တော့်အား ဂရုဏာသက်စွာ ပြောသွားသော လင်မယားစုံတွဲဆီသို့ စိတ်ဆွဲကာ ယခုတစ်ဖန် သူတို့၏ သားအဖြစ်သို့ ရောက်ခဲ့ရလေသည်။

ကြုံခဲ့ရသော ဝဋ်ကြွေးများကို ပြန်မှတ်မိနေကာ
ထိုဝဋ်ကြွေးများ၏ အကျိုးဆက်ကို ကြောက်လန့်နေမိရင်း စကားပြောဖို့ပင် ကျွန်တော် ထိပ်လန့်နေခဲ့ရသည်။ယခုဘဝရှိ ကျွန်တော်၏ မိဘနှစ်ပါးမှာ အစိုးရ ရုံးဝန်ထမ်းများ ဖြစ်ကာ စီးပွားဥစ္စာ အတော်လေး ချောင်လည်သည်ဟု ဆိုရပေမည်။

” ပြောမှာပါ မိန်းမရဲ့ ။ မစိုးရိမ်ပါနဲ့ အကိုတို့သားက စကားမပြောချင်လို့ မပြောတာပါ ။ ပြောတတ်ပါတယ်ကွ “

ထိုသို့ အမေ့ကို အားပေးရင်း အဖေသည် ကျွန်တော့် ဘက်သို့ လှည့်ကာ

“ကဲ ငါ့သား ငါ့သား ​ဘာဖြစ်ချင်လဲ အဖေ ဘာလုပ်ပေးရမလဲ ။ ဒါပေမဲ့ စကားတော့ ပြောနော် သား “

အဖေ ထို့သို့ ပြောလေမှ ကျွန်တော့်နှုတ်မှ

“ငညို့ ဆန် တစ်ဇလယ် “ဟု ထွက်ကျလာလေသည်။

အဆုံးအစ မရှိသော ကျွနိတော့် စကားကြောင့် အဖေ့မှာ နားမလည်နိုင် ဖြစ်ရကား

“ဟေ ဘယ်လိုလဲ ငါ့သားရ ။ ဘယ်က ငညို့ ဆန်တစ်ဇလယ် လဲ ကွ။ အဖေ့ကို ရှင်းပြပါဦး “

ထိုအခါမှ ကျွန်တော်သည်လည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြ လိုက်ရာ အဖေရော အမေရော ပါးပြင်မှ မျက်ရည်များ စီးကျလာကာ

“သားလေးရယ် အဖြစ်ဆိုးလိုက်တာကွယ် “

“ကဲ ငါ့သား ငါ့သားပေးစရာရှိနေတဲ့ အကြွေးကို အဖေတို့ ပြန်သွားပေးကြမယ် ။ တစ်ဇလယ် မဟုတ်ဘူး သား။  မိန်းမရေ ဆန်တစ်ပိုင်း တင်ကွာ ။ ကဲ ငါ့သား အဖေ့တို့ကို လမ်းပြ”

ကျလာသော မျက်ရည်များကို သုတ်ရင်း အဖေက ကျွန်တော့်ကို ထိုသို့ ပြောလေရာ ကျွန်တော်လည်း သူငယ်ချင်းဖြစ်သူ ငညို့ အိမ်ကို လမ်းညွှန်ရင်း လှည်းနှင့်အတူ လိုက်ခဲ့လေတော့သည်။

ငညိုတို့ အိမ်သို့ ရောက်သောအခါ အဖေသည် လှည်းပေါ်မှ ဆင်းကာ

“အိမ်ရှင်တို့ ဗျို့ အိမ်ရှင်တို့ “

“ဘယ်သူတွေလဲ လာပြီဗျို့ လာပြီ ခနလေးစောင့် “

အိမ်ခြံပေါက်ဝတွင် ရပ်ကာ ခေါ်နေသော အဖေ့ခေါ်သံကြောင့် ဆံပင်ဖြူလက်စ ရှိနေပြီ ဖြစ်သော လူကြီးတစ်ယောက် ထွက်လာလေသည် ။

ကျွန်တော် ထိုလူကြီးအား အသေအချာ ကြည့်လိုက်ရာ

ငညို ။ ဟုတ်သည် ။ ငညိုပင် ဖြစ်နေတော့သည် ။ထိုအခါမှ ကျွန်တော်လှည်းပေါ်မှ ဆင်းကာ

“ငညို ငညို “

ကျွန်တော့် ခေါ်သံကြောင့် ငညို ဇဝေဇဝါ ဖြစ်ကာ
အဖေ့ဘက်သို့ လှည့်ပြီး

“ဒီကလေးက ခင်ဗျား ကလေးလား ရိုင်းလိုက်တာဗျာ ကျုပ်က သူ့အဖေ အရွယ်လောက်ရှိနေပြီ။ ခေါ်တာလည်း ကြည့်ပါဦး ။ ငညို တဲ့ “

အဖေ့ကို ကြည့်ကာ မကျေမနပ်ပြောနေသော ငညိုကို အဖေမှ

“ဒီက မိတ်ဆွေက ကိုညိုလား ။ကျွန်တော့်သား အတွက်တောင်းပန်ပါတယ် ဗျာ။ သူက ထူးခြားတဲ့ ကလေးမို့ပါ ။ “

အဖေအပြောကို ငညို မျက်မှောင်ကြုတ်ကာ

“ဘာထူးခြားတာလဲဗျ “ဟု မေးလေတော့သည်။

ကျွန်တော်သည်လည်း ငညို့ ရှေ့သို့ သွားရပ်ကာ

“ဟေ့ကောင် ငညို့ ငါ့ကို မမှတ်မိတော့ဘူးလား။ငါမောင်စံ လေကွာ “ဟု ပြောလိုက်လေရာ

ငညို အကြည့်တွေ လက်ခနဲ ဖြစ်လာကာ

“ဟာ မောင်စံကြီးလား မင်း မင်းက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ပိုးထိပြီးဆုံးသွားတဲ့ မောင်စံ ပြန်ဝင်စားတာလား “ဟု အံ့သြတကြီး မေးလေတော့သည်။

ထိုအခါမှ ကျွန်တော်က
“ငါ အဲ့ဒီတုန်းက သေ သွားပြီးတော့ မင်းဆီမှာ နီမောင် ဆိုပြီး ကြက်လာဖြစ်သေးတယ်ကွ”

“ဟာ နီ နီမောင် ဒါ ဒါဆို ဟာ တောင်းပန်ပါတယ် ကွာ အဲ့ဒါဆို ငါ ငါ မင်းကို သတ်လိုက်တာပေါ့ကွ “

အတင်းတောင်းပန်ကာ မျက်ရည်များပင် ကျလာသော ငညို့ကို ကြည့်ကာ ကျွန်တော်လည်း မျက်ရည်များကျလာလေတော့သည် ။ ဘေးတွင်ကြည့်နေကြသော ကျွန်တော့် မိဘနှစ်ပါးသည်လည်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြကာ
တစ်ရှုံရှုံ ငိုနေကြတော့သည် ။

“ကဲ ကဲ လာဗျာ အိမ်ထဲ ဝင်ကြရအောင် ။ အပြင်ကြီးမှာ မကောင်းဘူး လာ သူငယ်ချင်း မောင်စံ မင်းလည်း အထဲဝင်ကွာ “

ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်စေကာမူ တစ်ရှုံ့ရှုံ့ငိုနေသော ငညိုဆီမှ  အိမ်ထဲဝင်ရန် ပြောသောအခါမှ ကျွန်တော် တို့ အားလုံး အိမ်ထဲသို့ ဝင်ခဲ့ကြတော့သည် ။

အိမ်ထဲသို့ ရောက်သောအခါ ထိုင်ခုံတွင် ထိုင်ကြရင်း

“ကဲ မောင်စံ သူငယ်ချင်း နောက်ထပ်ရော ဘာတွေ ကြုံရသေးလဲကွာ ငါ ငါ ဝမ်းနည်းလွန်းလို့ပါကွာ “

“အေး ငါ နီမောင်ဘဝကနေ သေပြီးတော့ နောက်ထပ် မင်းအိမ်ကြီးမှာ နွားပေါက်လေး တစ်ကောင်ဖြစ်သေးတယ်ကွ ။ နောက်တော့ မင်းက ငါ့ကို သားသတ် သမားတွေ ဆီကို ရောင်းလိုက်တယ်လေ “

ကျွန်တော့် စကားဆုံးတော့ ငညိုတင်မက ၊ ငညို့မိန်းမနှင့် သမီးပါ အတူ ငိုကြတော့သည်။ သူတို့အား ခွင့်လွှတ်ပါ ဟူ၍လည်း ထပ်ခါထပ်ခါ တောင်းပန်ကြလေသည် ။

ထိုအခါတွင် ကျွန်တော်မှ

“ငါ အကုန်ခွင့်လွှတ်ပါတယ်ကွာ ။ ဖြစ်ခဲ့တာတွေက မင်းတို့အပြစ်မှ မဟုတ်တာ ။မသိလို့ မှားခဲ့ကြတာပဲ ။ငါ့ ဝဋ်ကြွေး ပါလာ လို့ ဆပ် ရတယ်လို့ ငါ့ စိတ်ထဲ ထားပါတယ်ကွာ ။ ငါအခု ဆန်တစ်ပိုင်း ယူလာတယ်ကွာ ။ အဲ့ဒါ ငစံဘဝက ချေးခဲ့တဲ့ ဆန်တစ်ဇလယ် အတွက်ပါ။အတိုးရော အရင်းရော ပေါင်းပြီး တစ်ပိုင်းလုံးလက်ခံပေးပါ သူငယ်ချင်းရာ။ ဝဋ်ကြွေးတွေကို ငါကြောက်နေပါပြီ”

“အေး အေး အေးပါ သူငယ်ချင်းရာ ငါ လက်ခံပါ့မယ်ကွာ ။ မင်းလည်း ဝဋ်ကြွေးတွေ ကုန်အောင် ဆပ်ပြီးပါပြီကွာ “

ထို့ညက ကျွနိတော်တို့ မိသားစု ငညို့အိမ်တွင် အိပ်ကာ စကားတွေ ဖောင်ဖွဲ့နေအောင် ပြောကြသည် ။ နောက်နေ့တွင်တော့ ကျွန်တော်သည်လည်း စိတ်လက်ပေါ့ပါးစွာဖြင့် ယခု ဘဝမှ မိဘများနှင့်အတူ ငညို့အား နှုတ်ဆက်ကာ ပြန်လာခဲ့လေတော့သည် ။

ဤတွင် ကျွန်တော်ရေးသားသော “သုံးဘဝ ဝဋ်ကြွေး (သို့) ငညို့ဆန်တစ်ဇလယ် “အမည်ရှိ ဖြစ်ရပ်မှန် ဂမ္ဘီရ ဝတ္ထုတို တစ်ပုဒ်အား အဆုံးသတ်လိုက်ရပေသည်။ စာဖတ်သူတို့လည်း အကြွေးကင်းကာ ဝဋ်ကြွေးများ ကြေပါစေကြောင်း ဆုတောင်းခြွေလျက် ။

⚜ရဲ ရင့် အ ဂ္ဂါ