အဝင်သို့ရောက်တော့
လှည်းအထက်မိန့်မိန့်ကြီးထိုင်လိုက်လာသောဘွားမယ်စိန်သည် ရွာဆီကိုတစ်ချက်စူးစိုက်ကြည့်လိုက်ပြီး…
“လှည်းခဏရပ်လိုက်ဦး…”
ဟုပြောလေတော့ မောင်တိုးလည်းချက်ချင်းလှည်းကို
ရပ်လိုက်သည်။
မောင်တိုးနဲ့မောင်အုန်းကဘွားမယ်စိန်ကိုလှည့်ကြည့်နေကြပြီး
ဒေါ်ဝင်းမှ…
“အမေ…ဘာဖြစ်လို့တုန်း”
ဟုမေးလေတော့ ဘွားမယ်စိန်သည်
လက်တစ်ချက်ကာပြလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။
ခဏအကြာမှ မျက်လုံးကိုပြန်ဖွင့်လာခဲ့လေတော့
ရင်တထိတ်ထိတ်ကြည့်နေသော ဒေါ်ဝင်းတို့မှာ
သိချင်လှလေပြီ။
ဘွားမယ်စိန်မှ …
“ဒီရွာမှာ မကောင်းတဲ့အငွေ့အသက်တွေကိုမြင်နေရတယ်…
အင်း…ကြည့်ရတာ…မဖိတ်ပဲလာတဲ့
ဧည့်သည်တစ်ယောက်တော့ရှိနေပုံရတယ်…”
“အမေ…ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
နန်းကြိုင်သည် ဒေါ်ဝင်းရင်ခွင်ထဲတိုး၍ကပ်နေသည်။
မောင်တိုး နဲ့မောင်အုန်းကလည်း အခြေအနေကို
နားထောင်နေကြ၏။
ဒေါ်ဝင်း၏အမေးကိုဘွားမယ်စိန်မှ…
“အမေရှိပါတယ်အေ…ညည်းတို့နေမြဲအတိုင်းပဲနေကြ…
တစ်ခုခုထူးတာနဲ့မောင်တိုးတို့ကနေတစ်ဆင့်
အမေသတိပေးပါ့မယ်”
“ဟုတ်ကဲ့အမေ…ကျုပ်ရင်ထဲမှာတော့ခပ်လန့်လန့်ပဲတော်”
“ကဲ…ကဲ…အလှူအိမ်ကိုသာတန်းမောင်းတော့ကွယ်”
“ဟုတ်ကဲ့ဘွား”
ထိုသို့ဖြင့် ဘွားမယ်စိန်တို့နွားလှည်းလေးသည်
အလှူအိမ်သို့ရောက်ရှိလာခဲ့၏။
သူဌေးဦးမြမောင်ရဲ့အိမ်ဝိုင်းအပြင်၌ ရပ်ထားသော
နွားလှည်းများမှာအတော်များပေသည်။
ရွာနီးချုပ်စပ်မှ ဧည့်သည်များလာရောက်ကြသည်မို့
အလှူအိမ်၌ လူများကတရုန်းရုန်းဖြစ်နေပေသည်။
ဘွားမယ်စိန်တို့နွားလှည်းပေါ်မှဆင်းလိုက်သည်နှင့်
“ဟော…သောင်ထွန်းရွာက ဘွားမယ်စိန်ကြီးလာပြီဟေ့”
ဟုရွာသားတစ်ဦးမှာအော်လိုက်လေတော့
ကျန်သူများ၏အကြည့်များမှာဘွားမယ်စိန်တို့ထံသို့
ရောက်ရှိလာကြသည်။
ဘွားမယ်စိန်ကလည်းအားလုံးကိုပြုံးပြလိုက်၏။
ပြီးနောက်ဧည့်သည်များရှိသော အိမ်၏အပေါ်ထပ်သို့
မိန်းမကြီးသုံးဦးမှလိုက်ပို့လေသည်။
အပေါ်ထပ်၌ သူဌေး…သူကြွယ်များကိုဧည့်ခံပုံရပြီး…
အောက်ထပ်နှင့်ခြံဝိုင်းအတွင်းမှာတော့ ရွာခံများနှင့်
တခြားရွာမှဧည့်သည်များကိုဧည့်ခံပေးကြ၏။
“ဟာ…ဘွားမယ်စိန်တို့ရောက်လာကြပြီပဲဗျ…
လာပါ…ထိုင်ကြပါဦးဗျာ….”
အလှူရှင်ဦးမြမောင်သည် ပြာပြာသလဲထလာပြီး
ဘွားမယ်စိန်တို့ကိုထိုင်စရာညွှန်ပေး၏။
“ထမင်းထည့်ပေးကြလေ…လာကြဒီကို”
ထမင်းထည့်ပေးသော အကူများကိုဘွားမယ်စိန်တို့ဝိုင်း၌
ပြင်ဆင်ပေးစေသည်။
ထမင်းနှင့်ဝက်သားဟင်း၊ပုဇွန်ခြောက်ထောင်း၊ပဲပြုတ်၊
သရက်ချဥ်အပြင် ဟင်းချိုရည်ပန်းကန်များဖြင့်
စုံလင်လို့နေခဲ့၏။
ဒေါ်ဝင်းနဲ့မောင်တိုးတို့အားလုံးလည်းလက်ဆေးလိုက်ပြီး
ထမင်းဝိုင်း၌ခေါင်းမဖော်နိုင်အောင်စားနေခဲ့ကြသည်။
သူဌေးဦးမြမောင်ကတော့နံဘေး၌ပြုံးပြုံးကြီးကြည့်နေလေသည်။
ပုဇွန်ခြောက်ထောင်းနှင့်ပဲပြုတ်ကိုနှယ်၍သရက်ချဥ်လေး
မြုပ်ကာစားနေသောဘွားမယ်စိန်သည် ရုတ်တရက်
အဝင်တံခါးဆီသို့လှည့်ကြည့်လိုက်လေသည်။
အိမ်အပေါ်ထပ်သို့တက်လာသော
လူနှစ်ဦးကိုကြည့်ရင်းသူဌေးဦးမြမောင်အား…
“မောင်ရင်…ဟိုဧည့်သည်များကမောင်ရင့်ရဲ့မိတ်ဆွေတွေလား”
ဟုမေးလေတော့ဦးမြမောင်သည်
အနောက်သို့လှည့်ကြည့်လိုက်ပြီး…
“ဟုတ်ပါ့ဗျာ…မြို့ကဆန်စက်သူဌေးလေး
ကိုရွှေမိုးနဲ့သူ့ဇနီးမယုခင် တို့အတွဲလေဘွားရဲ့…
ခဏဗျာ…ကျုပ်သွားဧည်ခံလိုက်ပါဦးမယ်…
ဟိတ်…မင်းတို့…ဘွားတို့ဝိုင်းမှာလိုတာရှိရင်
ပြင်ဆင်ပေးလိုက်ကြဦးနော်”
သူဌေးဦးမြမောင်သည် ဘွားမယ်စိန်ကိုခွင့်တောင်းကာ
အနားမှထ ထွက်သွားတော့သည်။
ပြီးနောက်အစောကဧည့်သည်များကို
ဧည့်ခံစကားပြောနေခဲ့လေသည်။
ဘွားမယ်စိန်လည်းထိုသူတို့ကိုကြည့်ရင်း
ထမင်းကိုဆက်၍စားနေတော့သည်။
သူဌေးဦးမြမောင်၏ဧည့်သည်ဆန်စက်သူဌေး
ကိုရွှေမိုးကလည်း မျက်လုံးကိုဟိုကြည့်ဒီကြည့်ဖြင့်
ဂဏာမငြိမ် ဖြစ်နေပြန်သည်။
ထမင်းစားသောက်ပြီးနောက်
လက်ဖက်…အချိုတည်းစရာအသီးအနှံများဖြင့်ဧည့်ခံကြ၏။
သူဌေးဦးမြမောင်ကဘွားမယ်စိန်အနီးသို့ရောက်လာပြီး…
“ဘွားတို့ကဘယ်မှာတည်းကြမှာလဲဗျ…
တကယ်လို့တခြားမှာမတည်းချင်ရင်လည်း
ကျုပ်အိမ်မှာပဲတည်းလိုက်ကြပါလားဗျာ”
“နေပါစေမောင်မြမောင်ရယ်…
မင်းလည်းဧည့်သည်တွေများပါတယ်ကွဲ့…။
ဘွားတို့ကမင်းတို့သူကြီးအိမ်မှာပဲ
တည်းဖို့စီစဥ်ထားပြီးသားပါ”
“သြော်…ဟုတ်ကဲ့ဘွားဒီလိုဆိုရင်ဖြင့်
ညကျလည်းလာခဲ့ဦးနော်ဘွား”
“အေးပါကွယ်…”
“ဟာ…ဘွားရောက်နေပြီပဲဗျ”
“သြော်…မောင်ဖိုးမှန်ပါလား”
“ဟော…သူကြီးဦးနောင်ချိုနဲ့ဦးဘစီလည်း
ဒီရောက်နေတာပဲဗျ”
“ကျုပ်တို့သူကြီးက ဒီကို
လာမယ်ဆိုတာလည်းမပြောဘူးဗျာ…
မဟုတ်ရင်ကျုပ်တို့ အတူတူလာလို့ရတာပေါ့ဗျ”
အင်တိုင်းရွာသူကြီးဦးဖိုးမှန်နှင့်အတူ သောင်ထွန်းရွာသူကြီး
ဦးနောင်ချိုနှင့်ဦးဘစီတို့ကိုတွေ့သွားလေတော့
မောင်တိုးနဲ့မောင်အုန်းတို့၏စကားသံများထွက်ပေါ်လာခဲ့သည်။
စားပွဲဝိုင်း၌သူကြီးတို့လည်းဝင်ထိုင်လိုက်ကြပြီးနောက်
သူကြီးဦးနောင်ချိုက…
“မပြောတာမဟုတ်ဘူးကွ…
ဘွားကိုဖိတ်တာငါသိပါတယ်…
အခုဟာက ဒီဖိုးမှန်က ငါတို့ကို
ကြိုလာခဲ့ပါဆိုလို့ မနေ့ကတည်းကရောက်နေတာလေကွာ”
“သြော်…အဲ့သည်လိုလား”
“အေးပေါ့ကွ”
သူကြီးဦးဖိုးမှန်က ရေနွေးလေးငှဲ့ပြီး ဘွားမယ်စိန်ကို
တရိုတသေပေးလိုက်သည်။
ရေနွေးခွက်ကိုဘွားမယ်စိန်ယူလိုက်ပြီး…
“ဒီညမောင်ရင့်အိမ်မှာ ဘွားတို့တည်းလို့ရမလားကွဲ့
မောင်ဖိုးမှန်ရဲ့……”
ဟု …မေးလေတော့သူကြီးဦးဖိုးမှန်မှာမှိုရသကဲ့သို့
အပြုံးကြီးကိုပြုံး၍ခေါင်းကိုညိတ်လိုက်ပြီး
“ရ…ရတာပေါ့ဘွားရယ်…တည်းလို့ရတာပေါ့ဗျာ”
ဟုဖြေလေသည်။
“ဒီလိုဆိုရင်လည်း ကျေးဇူးတင်ပါတယ်ကွယ်…
ဘွားတို့ကလည်းရောက်တုန်းလေးညအိပ်ပြီးမှပြန်ကြဖို့
တွေးထားလို့ပါ”
“ရပါတယ်ဗျာ…ကျုပ်ကပျော်တောင်ပျော်သေးတယ်…
ဟုတ်တယ်လေဗျာ…ဘွားလိုအများလေးစားအားကိုးရတဲ့
သူက ကျုပ်အိမ်မှာတည်းမယ်ဆိုတော့ ကျုပ်လောက်
ကံထူးသူရှိပါဦးမလားဗျ”
“အိုကွယ်…ဒီသည်လိုလည်းမတွေးစမ်းပါနဲ့…
ဘွားတို့ကမိတ်ဆွေတွေပဲ တစ်ယောက်အကျိုးတစ်ယောက်
ကူညီပေးကြတဲ့သဘောပေါ့မောင်ဖိုးမှန်ရယ်…”
“ဟုတ်ပါတယ်ဘွားပြောတာမှန်ပါတယ်ဗျာ…”
“အေးလေ…ဒီလိုဆို ဘွားတို့လည်းစားသောက်လို့
ပြီးကြပြီလေ…ဒါကြောင့်မောင်ဖိုးမှန်အိမ်ကိုသွားတာပေါ့
မောင်ဖိုးမှန်ကတော့ဒီမှာ နေခဲ့ဦးမှာမဟုတ်လား”
“ကျုပ်လိုက်ပို့ပါ့မယ်ဘွားရယ်…ပြီးမှပဲပြန်လာတာပေါ့”
ထိုသို့ဖြင့်သူဌေးဦးမြမောင်ကိုနှုတ်ဆက်၍
ဘွားမယ်စိန်တို့ကို သူကြီးဦးဖိုးမှန်ကသူ၏
နေအိမ်သို့ခေါ်သွားတော့၏။
သူကြီးဦးဖိုးမှန်၏ဇနီးနှင့်သမီးများက ဘွားမယ်စိန်တို့ကို
ဧည့်ခန်း၌ ဧည့်ခံကြပြန်လေတော့…
“ရတယ်ဘာမှမပြင်ကြပါနဲ့ဦး…
အလှူအိမ်မှာစားလာခဲ့တော့ဗိုက်တွေလည်း
ပြည့်နေကြတယ်ကွဲ့”
“ဟုတ်ကဲ့လိုတာရှိရင်ပြောပါဘွားရယ်…
ကျုပ်တို့ကိုအားမနာပါနဲ့တော်…”
သူကြီးကတော်ကပြောလေတော့ ဘွားမယ်စိန်ခေါင်းကို
ညိတ်ပြပြီးပြုံးနေလေသည်။
ပြီးလေမှ သူကြီးဦးဖိုးမှန်ကို…
“မောင်ဖိုးမှန်ကိုဘွားပြောစရာရှိသေးတယ်ကွဲ့”
“ဘာများလဲဗျ…”
“ဒီလိုပါ…ဘွားဒီရွာကိုစဝင်လိုက်ကတည်းက
ဘွားရဲ့အာရုံမှာမကောင်းတဲ့အငွေ့အသက်တွေရနေတယ်…
ပြောရရင် ဘွားတို့လိုပညာပိုင်းတက်တဲ့
အောက်လမ်းတစ်ယောက်ဒီရွာမှာ ရှိနေပုံရတယ်ကွဲ့”
“ဗျာ…ကျုပ်ရွာမှာ ဒီလိုလူရှိနေတယ်…
ဒါဆိုရင်…ကျုပ်တို့ရွာသူ၊ရွာသားတွေဒုက္ခရောက်ကြမှာပေါ့
ဟာဗျာ…ဘွားရယ်…ကယ်…ကယ်ပေးပါဦးဗျာ”
ဘွားမယ်စိန်စကားကြောင့်အားလုံး
အံ့သြသင့်ကုန်ကြသည်။
သူကြီးဦးဖိုးမှန်က သူ့ရွာဒုက္ခရောက်တော့မည်ဆိုသော
အတွေးများဝင်လာကာကြောက်ကြောက်လန့်လန့်ဖြစ်၍
ဘွားမယ်စိန်ကိုအကူအညီတောင်းနေလေတော့
သူကြီးဦးနောင်ချိုုက သူကြီးဦးဖိုးမှန်၏ပုခုံးပေါ်လက်လေးဖြင့်ပုတ်၍နှစ်သိမ့်ပေးရှာသည်။
“အခုဘွားပြောတာကမောင်ရင်တို့ကိုကြောက်ဖို့…
လန့်ဖို့ပြောလိုက်တာမဟုတ်ဘူးကွဲ့…
ဘွားပြောတာက်ိုသေချာနားထောင်ပေးကြပါ…။
ဒီလိုပါ…မောင်မြမောင်ရဲ့အလှုအိမ်က်ိုဘွားတို့ရောက်တော့
သူ့ရဲ့ဧည့်သည်တစ်ယောက်ကိုသတိထားမိတယ်…
အဲ့သည်လူရဲ့ကိုယ်မှာဘွားတို့ပညာနဲ့ကြည့်ရင်
မကောင်းတဲ့အငွေ့အသက်တွေရှိနေတယ်…
ဒါကြောင့်ဒီလူ ဘယ်မှာနေတယ်…
ဘယ်မှာတည်းတယ်ဆိုတာကိုမောင်ရင်တို့က
စောင့်ကြည့်ပေးကြဖို့ဘွားက ပြောချင်တာ…”
“သြော်…ဟုတ်ကဲ့…ဒါနဲ့အဲ့သည်လူနာမည်နဲ့ပုံစံကရော
ဘယ်လိုမျိုးလဲဘွားရဲ့…အလှူမှာကဧည့်သည်တွေကများတော့
ကျုပ်တို့ရှာမရမှာဆိုးလို့ပါဗျာ…”
“ဘွားက မောင်မြမောင်ကိုသေချာမေးခဲ့ပါတယ်ကွယ်…
အဲ့သည်လူနာမည်က ကိုရွှေမိုးတဲ့…
သူ့ဇနီးနာမည်ကတော့ မယုခင်လို့ပြောတယ်…
မြို့ပေါ်မှာတော့ ဆန်စက်ပိုင်တဲ့သူဌေးဆိုလားပဲကွဲ့”
“ဒါဆိုရင်ကျုပ်တို့သေချာစောင့်ကြည့်နေပါ့မယ်…
စိတ်ချပါဘွား…ကဲ…ကိုနောင်ချိုရေ
ကျုပ်တို့အလှူအိမ်ကိုပြန်ကြရအောင်ဗျာ…
ဘွားတို့ကတော့ဒီမှာပဲအနားယူကြဦးပေါ့…
လိုတာရှိရင်လည်း ကျုပ်မိန်းမကိုအားမနာတမ်းပြောပါဗျာ…
ကျုပ်သူ့ကိုသေချာမှာထားပါတယ်…”
“အေးပါကွယ်…အေး…အေး…”
သူကြီးတို့သုံးယောက်သူဌေးဦးမြမောင်၏
အလှူအိမ်ဆီသို့ပြန်သွားကြသည်။
ဘွားမယ်စိန်တို့လည်း ခဏမျှအနားယူကြပြီးနောက်
ရေမိုးချိုးကြတော့၏။
နေ့လယ်ခင်း၌
တရေးအိပ်ဖို့ရန် ပြင်ဆင်ပေးထားသောအခန်းအတွင်း၌
လှဲနေချိန် သူကြီးတို့သုံးယောက်ပြန်ရောက်လာကြသည်။
ဘွားမယ်စိန်တို့လည်းအကျိုးအကြောင်းသိချင်ကြသည်မို့
အားလုံးဧည့်ခန်း၌ စုနေကြသည်။
“ဘာတွေသိခဲ့ရသလဲ မောင်ဖိုးမှန်”
ဟု…ဘွားမယ်စိန်ကမေးလေတော့…
“အဲ့သည်ဘွားပြောတဲ့ ကိုရွှေမိုးဆိုတဲ့သူဌေးက
ကိုမြမောင်နဲ့ ညီတစ်ဝမ်းကွဲတော်တယ်တဲ့ဗျ…
အခုလည်းသူအတင်းဖိတ်ထားလို့လာကြရတာတဲ့လေ…”
“သြော်…ဒါကိုမောင်မြမောင်က
ပြောဖို့မေ့နေတယ်ထင်ပါရဲ့…
ဒါဆိုရင် သူတို့က ပြန်သွားကြပြီလား”
“မပြန်ပါဘူးဘွားရဲ့…သူတို့
ကိုမြမောင်အိမ်မှာပဲတည်းကြမှာ…
မနက်ဖြန်မှပဲပြန်မယ်လို့ပြောတယ်”
“အင်းလေ…တစ်ခုခုတော့ထူးမယ်လို့
ဘွားစိတ်ကထင်နေတယ်…
မောင်ရင်တို့တွေလည်း သူတို့ကို စောင့်ကြည့်ခဲ့တုန်းက
ဘာများမသင်္ကာစရာတွေ့ခဲ့သေးသလဲ”
“အဲ့သည်လိုတော့မတွေ့မိဘူးဗျ…
ကျုပ်တို့ရဲ့အမြင်မှာတော့သာမာန်ပါပဲ”
“အင်း….ကဲပါဒါဆိုရင်…မောင်ရင်တို့လည်းနားကြပါဦး…
ညကျမှ မောင်မြမောင်အိမ်ကိုသွားကြတာပေါ့ကွယ်”
“ဟုတ်ကဲ့ဘွား”
သူကြီးဦးဖိုးမှန်တို့သုံးယောက်လည်း
ဧည့်ခန်း၌ခဏမျှထိုင်ကာ
ဘွားမယ်စိန်တို့နဲ့စကားပြောပြီးနောက်မှာတော့
အိမ်ဝိုင်းထဲကရေတွင်းသို့ရေချိုးဖို့ရန်ထွက်သွားကြတော့သည်။
ထိုနေ့တစ်နေ့ခင်းလုံးသူကြီးဦးဖိုးမှန်၏
အိမ်၌သာဘွားမယ်စိန်တို့နေခဲ့ကြသည်။
နေစောင်းချိန်ရောက်လေတော့ဘွားမယ်စိန်သည်
ခြံဝိုင်းလေးထဲသို့ဆင်း၍ပုတီးစိပ်ရင်းလမ်းလျှောက်နေခဲ့သည်။
ခဏမျှကြာတော့…
“အမေ…ကျုပ်တို့ညစာ စားကြရအောင်တဲ့…
သူကြီးကတော်ကပြင်ဆင်ပေးနေတယ်”
“အေး…အေး…အမေလာပြီ…
ငါ့သမီးကလည်း သူတို့ကို ဝိုင်းကူပေးလိုက်ဦးလေ”
“ကျုပ်ကူမယ်ပြောတော့ သူတို့ကမကူခိုင်းဘူးအမေရဲ့…
သူကြီးဦးဖိုးမှန်ဆူမှာဆိုးတယ်တဲ့လေ”
ဒေါ်ဝင်းသည် ဘွားမယ်စိန်ကိုလာခေါ်၏။
ဒေါ်ဝင်းစကားကြားလေတော့ဘွားမယ်စ်ိန်သည်
ပြုံးလိုက်ပြီး ဒေါ်ဝင်းကိုအရင်သွားနှင့်ဖို့ရန်
လက်ကိုလှုပ်ရမ်းပြလိုက်သည်။
“ဒါဆိုရင်အမေလိုက်ခဲ့နော်…ကျုပ်သွားနှင့်ချေပြီ”
ဟုပြောကာ ဒေါ်ဝင်းလည်းအနားမှထွက်သွားတော့၏။
ဒေါ်ဝင်းထွက်သွားပြီးခဏကြာတော့ အိမ်အတွင်းပြန်ဝင်ကာ
ထမင်းစားတော့၏။
သူကြီးဦးနောင်ချို၊ဦးဘစီတို့ပါဝိုင်းဖွဲ့စားကြသည်မို့
ထမင်းများ၊ဟင်းများကို သူကြီးကတော်တို့ကနံဘေးမှ
မလှစ်ဟင်းစေရန်ထည့်ပေးကြလေသည်။
ထမင်းစားသောက်ပြီးနောက်လက်ဖက်အုပ်များ…
ထန်းလျက်များ၊ငှက်ပျောသီးများဖြင့် ဧည့်ခံပြန်လေတော့
ဘွားမယ်စိန်သည် အကြမ်းရေကိုသာငှဲ့သောက်ရင်း
ထိုင်နေခဲ့သည်။
“ဘွား…မှောင်ရိပ်လည်းကျနေပြီ…
ကျုပ်တို့အလှူအိမ်သွားမှာဆိုရင်…ခုနေသွားမှအတော်ပဲဗျ”
ဟု…သူကြီးဦးဖိုးမှန်ကပြောလေတော့…
“အေးလေ…ဒီလိုဆိုရင်လည်းသွားကြတာပေါ့မောင်ရင်ရယ်…
မိဝင်း…ညည်းတို့ကောလိုက်ကြဦးမှာလား”
သူကြီးဦးဖိုးမှန်ကိုပြောအပြီးဒေါ်ဝင်းကိုမေးလိုက်လေတော့…
ဒေါ်ဝင်းသည်ခေါင်းကိုတစ်ချက်ရမ်း၍…
“အမေ…ကျုပ်တို့မလိုက်တော့ဘူးလေ…
ဒီမှာသူကြီးကတော်တို့နဲ့ပဲစကားပြောရင်းနေခဲ့လိုက်မယ်”
“အင်းပါအေ…ဒါလိုဆိုရင်လည်း
အမေတို့ပဲသွားလိုက်တော့မယ်…
မြေးလေ…အဘွားသွားပြီနော်”
“ဟုတ်ကဲ့အဘွား…”
နန်းကြိုင်လေးက သူကြီးဦးဖိုးမှန်၏
တူမလေးနှင့်အဖွဲ့ကြနေသည်။
ကလေးပီပီအဖော်မင်နေသော နန်းကြိုင်လေးကို
ဘွားမယ်စိန်ကနှုတ်ဆက်လိုက်ပြီး
သူကြီးဦးဖိုးမှန်တို့နှင့်အတူ သူဌေးဦးမြမောင်၏နေအိမ်သို
သွားကြတော့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်းလူကြီးများနောက်မှ
လိုက်လာခဲ့ကြပေသည်။
သူဌေးဦးမြမောင်၏နေအိမ်ခြံဝိုင်းရှေ့သို့ရောက်တော့
ဘွားမယ်စိန်သည်တစ်နေရာသို့လှမ်းကြည့်လိုက်၏။
ထိုနေရာကခြံဝိုင်းအပြင်ဘက်ထောင့်ကိုဖြစ်သည်။
ထိုနေရာ၌ ရပ်နေသောအမျိုးသားသည်
အိမ်အတွင်းသို့ဝမ်းနည်းသောမျက်နှာထားဖြင့်
စိုက်ကြည့်နေခဲ့သည်။
ဘွားမယ်စိန်ကလည်းထိုအမျိုးသားကိုကြည့်နေလေတော့
သူကြီးဦးဖိုးမှန်တို့ဦးနောင်ချိုတို့ကလည်းဟိုကြည့်ဒီကြည့်ဖြင့်
ကြည့်ကုန်ကြတော့သည်။
ဝိုင်းအပြင်ထောင့်ဘက် ဘွားမယ်စိန်ကြည့်နေသောနေရာ၌
မည်သည့်အရာမှရှိမနေခြင်းကြောင့် သူကြီးဦးဖိုးမှန်ကမေးဖို့ပြင်လေတော့ မောင်တိုးကအချိန်မီပင်
ဦးဖိုးမှန်၏ကျောကိုပုတ်၍
ခဏငြိမ်နေပေးဖို့တားဆီးလိုက်ရ၏။
သူတို့သတိပေးနေစဥ်မှာပင် ဝိုင်းထောင့်မှလူသည် နေရာမှထွက်သွားသည်မို့ ဘွားမယ်စိန်သည်
ထိုလူ့အနောက်သို့လိုက်သွားလေသည်။
သူကြီးဦးဖိုးမှန်တို့လည်းမလှမ်းမကမ်းမှလိုက်သွားကြရသည်။
လူသွားလူလာနည်းသော လမ်းလေးသို့
တန်းမတ်စွာသွားနေသောအမျိုးသားအား…
“ဟိတ်…သူငယ်…ရပ်စမ်းပါဦးကွဲ့”
ဟု..ဘွားမယ်စိန်၏အသံထွက်လာလေတော့
သူကြီးဦးဖိုးမှန်တို့မှာခြေလှမ်းရပ်သွားပြီးတောင်ကြည့်…
မြောက်ကြည့်ဖြင့် မျက်လုံးများကိုပြူးနေအောင်ကြည့်၍
ရှာဖွေကြသည်။
ရှေ့မှအမျိုးသားကလည်းခြေလှမ်းချက်ချင်းရပ်သွားပြီး
ဘွားမယ်စိန်ကိုလှည့်ကြည့်လိုက်ပြီး
ချက်ချင်းဝမ်းသာအားရဟန်ဖြင့်…
“ခင်…ခင်ဗျားက ကျုပ်ကိုမြင်ရတယ်……”
“အေး…မြင်ရလို့ပဲ ဘွားကမင်းကို
အခုလိုခေါ်လိုက်တာပေါ့ကွဲ့”
အမျိုးသားသည် အနောက်ရှိ သူကြီးဦးဖိုးမှန်တို့အုပ်စုကိုတစ်ချက်ကြည့်လိုက်ပြီး…
“သူတို့ကရော…သူတို့ကရောမြင်ကြလား”
ဟုမေးပြန်လေတော့…
“သူတို့က မောင့်ရင့်ကိုမမြင်ကြပါဘူးကွယ်…”
“ဒါဆိုခင်ဗျားကဘာလဲ…လူ…လူကောဟုတ်ရဲ့လား”
ဟု…မယုံသလိုဖြင့်မေးလေတော့ ဘွားမယ်စိန်သည်
သဘောကျစွာရယ်မောလိုက်၏။
ဘွားမယ်စိန်ကိုသူကြီးတို့အဖွဲ့ကလည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍နားမလည်ဖြစ်နေကြသလို…အမျိုးသားကလည်းမျက်မှောင်ကိုကျုံ့၍
ကြည့်ပြန်သည်။
“မောင်ရွှေမိုး…မင်းကမောင်ရွှေမိုးမဟုတ်လား”
“မောင်ရွှေမိုးတဲ့ဟ”
“ဗျာ…ကျုပ်နာမည်ကိုလည်းသိတယ်…”
စစချင်းအလန့်တကြားပြောလိုက်သူက
သူကြီးဦးဖိုးမှန်ပင်။
အမျိုးသားကလည်းအံ့သြသွားဟန်ဖြင့်မေးလိုက်လေတော့…
“သိတာပေါ့ကွယ်…မင်းကိုမနက်ကအလှုမှာဘွားမြင်လိုက်တယ်လေ…မင်းမိန်းမမယုခင်လည်းပါတယ်လေ…”
ဟုပြောလေတော့ အမျိုးသားမျက်နှာသည်ချက်ချင်းတင်းမာ
သွားပြီး…
“အဲ့တာကျုပ်မဟုတ်ဘူး…”
“အင်း…ထင်တော့ထင်သားပဲ အစောကအလှူအိမ်ကို
လှမ်းကြည့်လိုက်တော့… အပေါ်ထပ်တံခါးနားမှာထိုင်နေတဲ့
မောင်ရွှေမိုးကတစ်ယောက်…
နောက်ပြီးခြံထောင့်ကနေလှမ်းကြည့်နေတဲ့
မောင်ရွှေမိုးကတစ်ယောက်ဆိုတာ…
ဘွားသတိထားမိပါတယ်ကွယ်…”
“ဒါဆို ဘွားက…ဘွားကဘယ်သူလဲ…”
“ဘွားကလား..အင်းပြောရရင်တော့
သရဲတစ္တေ…စုန်းကဝေ…အစရှိတဲ့
အမှောင်လောကသားတွေက…ဘွားတို့လူသားတွေကို
အန္တရာယ်ပေးလာခဲ့ရင်ကူညီဖယ်ရှားပေးတဲ့သူပေါ့ကွယ်…”
“ဟာ…အခန့်သင့်လိုက်တာဗျာ…
ကျုပ်ကိုကူညီ….ကူညီပေးပါဘွားရယ်…”
ဟု…ဝမ်းသာဟန်အပြည့်ဖြင့် ကိုရွှေမိုးပြောလေသည်။
ဘွားမယ်စိန်က ခေါင်းကိုညိတ်၍…
“ကူညီဖို့ဆိုရင်တော့
အကြောင်းအရင်းအမှန်သိဖို့က
လိုသေးတယ်ကွဲ့…ဒီတော့မောင်ရင်
ဘယ်လိုကြုံတွေ့ခဲ့ရသလဲဆိုတာကိုပြောပြပါဦး”
ဘွားမယ်စိန်ကမေးလေတော့ ကိုရွှေမိုးသည်
အနီးရှိသစ်ပင်၏မြေပေါ် ပေါ်နေသော
သစ်မြစ်ပေါ်၌ထိုင်လိုက်သည်။
ဘွားမယ်စိန်ကလည်း သူနှင့်မလှမ်းမကမ်းရှိ
သစ်မြစ်ပေါ်၌ထိုင်လိုက်၏။
သူကြီးတို့မှာက လမ်းခလယ်၌ငုတ်တုတ်လေးထိုင်
ကြည့်နေခဲ့ကြရသည်။
“ဒီလိုပါဗျာ………”
*******************************
မြို့ပေါ်၌ သူဌေးလေးကိုရွှေမိုးဟုဆိုလျှင်မသိသူမရှိ။
မိဘများကကြွယ်ဝမှုကြောင့်တင်မကကိုရွှေမိုး
ကိုယ်တိုင်အလုပ်ကြိုးစားမှုကြောင့်ပါ
အများက…လေးစားအားကျခြင်းခံနေရသူပင်။
ချောမောသော ကိုရွှေမိုး၏ရုပ်သွင်နှင့်ကြွယ်ဝမှုအရှိန်ကြောင့်
သမီးရှင်များက သဘောအကျလွန်နေရသူ
တစ်ယောက်ဖြစ်သည်။
ထိုထဲမှ မိဘများနှင့်စီးပွားရန်ဘက်ကဲ့သို့ဖြစ်နေသော
ဦးချမ်းသာ…ဒေါ်စောကြည်တို့၏သမီးဖြစ်သူ
မယုခင်အား ကိုရွှေမိုးမေတ္တာရှိနေခဲ့သည်။
မယုခင်သည်ကတော့ ကိုရွှေမိုးကိုမြင်လျှင်
မသိချင်ယောင်ဆောင်ကာရှောင်တတ်၏။
လူငယ်ပီပီ အပေါင်းအသင်းပေါသောကိုရွှေမိုးတစ်ယောက်
သူငယ်ချင်းတစ်ဦး၏အကြံဖြင့်…
“ဒီလိုလုပ်လေရွှေမိုးရ…မင်းမှာ
ငွေရေးကြေးရေးဆိုတာကလည်းပူပန်စရာမရှိဘူး
မဟုတ်လား…အဲ့တာကြောင့် အခုနာမည်ကြီးနေတဲ့
ဘိုးညို ဆိုတဲ့ဘိုးတော်တစ်ယောက်အကြောင်း
မင်းကိုငါပြောပြမလို့….အဲ့သည်ဘိုးတော်ရဲ့ ပီယဆေးက
အတော်လေးစွမ်းတယ်လို့လည်းပြောကြတယ်ကွ”
“သူ့ပီယဆေးစွမ်းတာ ကျုပ်နဲ့ဘာဆိုင်လို့လဲဗျာ”
“အိုကွာ…မင်းကလည်းဝေးလိုက်တာလွန်ပါကော…
အခုငါပြောတာက အဲ့ဘိုးညိုရဲ့ပီယဆေးနဲ့သာဆိုရင်
မင်းကြိုက်နေတဲ့ မယုခင်က …မင်းကို ဆက်မူ…
နိုင်ပါဦးမလားကွာ”
“ဟာဗျာ…ကျုပ်အဲ့လိုအောင်တန်းကျတဲ့အလုပ်မျိုးနဲ့တော့
မယုခင်ရဲ့အချစ်ကိုအရမယူနိုင်ပါဘူးဗျာ…”
“ဟဲ့ကောင်ရ…ဒီကိစ္စက အချစ်ရေးကွ…
အောက်တန်းကျတယ်လို့မထင်နဲ့…
အဓိကက မယုခင်တခြားသူလက်ထဲမပါသွားဖို့ပဲလေကွာ”
အပေါင်းအသင်းများ၏တိုက်တွန်းနေမှုကြောင့်
ကိုရွှေမိုးမှာတွေဝေသွားရှာသည်။
နောက်ပိုင်းလည်းဆက်ပြီး တိုက်တွန်းနေကြ၍
ကိုရွှေမိုးမှာ ဘိုးညိုထံသို့ရောက်လာခဲ့တော့သည်။
ဘိုးညိုသည် မကောင်းသောပညာများဖြင့် အခကြေးငွေယူနေသော သူတစ်ယောက်ဖြစ်သည့်အတိုင်း
ရုပ်အဆင်းမှာအကျည်းတန်လှသည်။
အပေါင်းအသင်းများအတူလိုက်ပါလာ၍သာ
ကိုရွှေမိုးပြန်မလှည့်ခင်ခြင်းပင်။
ဘိုးညိ၏ရုပ်အဆင်းကိုကြည့်ယုံဖြင့်
ကိုရွှေမိုး အော်ဂလီဆန်အောင် ရွံရှာနေမိသည်။
ဘိုးညိုတောင်းသောအခကြေးငွေကိုပေးပြီး
ပီယဆေးယူခဲ့ကာ ကိုရွှေမိုးတို့ပြန်လာခဲ့ကြသည်။
သို့သော် ထိုဆေးအားကိုရွှေမိုးထုတ်မသုံးခဲ့သည့်အပြင်
အိမ်သို့ရောက်ရောက်ခြင်းပင် လွှတ်ပစ်လိုက်လေသည်။
အဲ့သည်နောက်ပိုင်းမယုခင်၏အချစ်ကိုလည်း
မိမိဘာသာကြိုးစားမည်ဆိုသော
စိတ်ဖြင့် မယုခင်ကိုရအောင်ဖွင့်ပြောခဲ့၏။
မယုခင်ထံမှအဖြေပြန်ရသောနေ့၌
ကိုရွှေမိုးအတော်အံ့သြသင့်ခဲ့ရရှာသည်။
မယုခင်ပြောသည်က…
“အစ်ကို့ကို ယု သဘောတွေ့နေတာကြာပါပြီ…
မိန်းမသားတို့မှာရှိသင့်တဲ့မာနလေးနဲ့ရှောင်နေမိတာပါ…
အခုတော့လည်းအစ်ကိုက ယုကိုတကယ်ချစ်မြတ်နိုးတယ်ဆိုပြီးပြောလာတော့ …ယု ဆက်ပြီး မရှောင်နိုင်တော့ပါဘူး
အစ်ကိုရယ်….”
ဟူသော စကားကြောင့် ကိုရွှေမိုးမှာ
ဘိုးညိုထံသွားမိသည်ကိုပင်နောင်တရမိ၏။
သို့သော်လည်းမိမိရဲ့ကြိုးစားမှုကြောင့် မယုခင်ဘက်မှ
ချစ်ခြင်းမေတ္တာကိုသိလိုက်ရပြီမို့ ကိုရွှေမိုးကျေနပ်သွားသည်။
ထိုသို့ မယုခင်နှင့်ချစ်သူဖြစ်လေတော့ မတည့်ကျသည့်
မိဘများကို ကိုရွှေမိုးကိုယ်တိုင် ညှိနှိုင်းပေးကာ
မယုခင်နှင့်အကြောင်းအားဖွင့်ပြောလေသည်။
ထိုအခါမိဘများလည်းအချင်းချင်းအဆင်ပြေလာကြပြီး
ကိုရွှေမိုးနှင့်မယုခင်တို့၏ မင်္ဂလာဆောင်အား
ကြီးကြီးကျယ်ကျယ်ဆောင်ပေးကြတော့သည်။
မင်္ဂလာဆောင်ပြီးနောက် မယုခင်နှင့် ကိုရွှေမိုးက
ကိုရွှေမိုးမိဘများလက်ဖွဲ့သော အိမ်၌အတူနေထိုင်ခဲ့ကြသည်။
တစ်နေ့၌…
“ကိုကိုရေ…ကိုကို့ဧည့်သည်ရောက်နေတယ်”
ဇနီးသည်၏ခေါ်သံကြောင့် ကိုရွှေမိုး အလုပ်စားပွဲမှထ၍
ဧည့်ခန်းဆီသို့ရောက်လာခဲ့သည်။
ဧည့်ခန်းသို့ရောက်တော့ မိမိဧည့်ခန်း၌ ထိုင်နေသော
ပုဂ္ဂိုလ်ကိုမြင်လိုက်လေတော့ ကိုရွှေမိုး
မျက်နှာထားတည်သွားတော့သည်။
မိမိနံဘေး၌ရပ်နေသော ဇနီးသည်ကိုလည်း…
“ယု…မေမေတို့အိမ်ကိုသွားစရာရှိတယ်ဆို…
အခုသွားလိုက်တော့လေနော်…”
ဟုပြောလိုက်လေတော့…
“ဟုတ်ကဲ့ကိုကို…ဒါဆိုရင်ယုသွားတော့မယ်လေ”
မယုခင်သည် အခန်းအတွင်း၌ယူစရာများကိုဝင်ယူနေချိန်
ကိုရွှေမိုးသည် ဘိုးညို၏မျက်နှာအားစိုက်ကြည့်နေခဲ့၏။
ဘိုးညိုကတော့ မျက်နှာကြီးပြုံးရယ်၍…
“မင်း…မိန်းမကအတော်ချောတာပဲ မောင်ရွှေမိုးရဲ့”
“ခင်ဗျားရဲ့လာရင်းကိစ္စကိုပဲဲပြောပါ …”
“ဟား…ဟားး…ဟား…မင်းကငါ့ကိုမကြည်နေတာပဲ…
အေး…အခုဒီမိန်းမကိုမင်းရတာကလည်းငါ့ကျေးဇူးမကင်းဘူးဆိုတာမင်းမမေ့နဲ့နော်…”
“ဘာခင်ဗျားကျေးဇူးလည်း…သွားစမ်းပါဗျာ…
ဒီမှာဘိုးညို…အခုယုကိုကျုပ်လက်ထပ်တယ်ဆိုတာ
ခင်ဗျားဆေးကြောင့်မဟုတ်ဘူး…
ခင်ဗျားဆေးတွေကိုကျုပ်သုံးရမှာရွံလွန်းလို့ အဲ့နေ့ကတည်းက
တစ်ခါထဲလွှင့်ပစ်လိုက်တာ…။
ယုကို ကျုပ်လက်ထပ်တာ
ကျုပ်တို့နှစ်ယောက်ရဲ့နှစ်ဦးသဘောတူဆန္ဒအတိုင်းဗျ”
“အောင်မယ်…မင်းလိုကောင်ကများ…
ငါ့ပညာကိုများရွံသလေးဘာလေးနဲ့…”
“ကိုကို…ဘာဖြစ်တာလဲ”
ဘိုးညို၏အသံကြောင့် မယုခင်သည်
အခန်းထဲမှအပြေးထွက်လာခဲ့သည်။
“ကိုကိုတို့စနောက်နေကြတာပါယုရယ်…
ယုကော ပြင်ဆင်ပြီးပြီလား”
“ဟုတ်…ယုအခုပဲသွားတော့မလို့ကိုကို”
“ဒါဖြင့်လည်းသွားလေယု…မေမေတို့ကိုလည်းကိုကိုက
သတိရတဲ့အကြောင်းလေးပြောပေးပါဦး”
“ဟုတ်ကဲ့ကိုကို…ဒါဖြင့်ယုသွားပြီနော်…”
မယုခင်သည် ကိုရွှေမိုးကိုနှုတ်ဆက်၍ထွက်သွားတော့သည်။
ဘိုးညို၏မျက်လုံးများသည်က မယုခင်၏နောက်ကျောမှ
မခွာပေ။
ထိုအကြည့်များကိုမြင်နေရသော ကိုရွှေမိုးသည်…
“ဒီမှာ…ခင်ဗျားအခုပြန်ရင်ကောင်းမယ်…
နို့မို့ဆိုရင်ကျုပ်အဆိုးမဆိုလေနဲ့”
“ဟားး…ဟားးး…ဟားး…ဟားး…
ရွှေမိုး…ရွှေမိုး…မင်းကအတော်လူပါးဝတဲ့
အကောင်ပါလားကွ…။
အေး…ငါ့နာမည်ကိုလည်းမှတ်ထား…
အောက်လမ်းကဝေဘိုးညိုကြီးတဲ့ကွ…
ငါ့လိုကောင်ကိုမှမင်းကအတင့်ရဲစော်ကားတယ်ဆိုတော့…
ငါ့အကြောင်းမင်း သိစေရမယ်”
ဘိုးညိုသည် ဒေါသတကြီးဖြင့် ကိုရွှေမိုးကိုပြော၏။
ထိုသို့ပြောအပြီးကိုရွှေမိုးကို
မျက်တောင့်နီကြီးဖြင့်စိုက်ကြည့်ပြန်သည်။
ဘိုးညို၏မျက်တောင့်နီကြီးကို ကိုရွှေမိုးကြည့်နေရင်းမှ
မျက်လုံးများပြာဝေလာပြီး နေရာ၌ခွေကာလဲကျသွားတော့၏။
အချိန်အတော်ကြာလေတော့ကိုရွှေမိုးသတိပြန်ရလာခဲ့သည်။
သူသတိရလာချိန်
ဘေးဘီကိုကြည့်မိလေတော့သူရောက်နေသောနေရာသည်
သူ၏အိမ်ခြံဝန်းအပြင်ဘက်၌ဖြစ်နေခဲ့သည်။
ခြံဝန်းအတွင်းဝင်ဖို့ကြိုးစားလေတော့ မည်းမည်းကောင်ကြီးနှစ်ကောင်ပေါ်လာပြီး ကိုရွှေမိုးကိုရိုက်နှက်ကြ၏။
အကြောင်းအရင်းမသိ…လူမဟုတ်သောသတ္တဝါကြီးများ၏
ရိုက်နှက်နေမှုကြောင့် ကိုရွှေမိုးမှာကြောက်လန့်တကြားထွက်ပြေးရရှာသည်။
လမ်း၌တွေ့မြင်ကြသူများကို
အကူအညီတောင်းပါသော်လည်း သူ့အားမည်သူကမှအဖက်လုပ်စကားပြန်မပြောကြပေ။
စိတ်ပျက်လက်ပျက်ဖြင့် မိဘများအိမ်သို့သွားသော်လည်း
မိဘများကသူ့အားမမြင်ကြသလို
သူဘာပြောပြောလည်းမကြားကြပေ။
ထို့ကြောင့်တစ်ခုခုမှားနေပြီမှန်း
ကိုရွှေမိုးသဘောပေါက်ခဲ့ရှာသည်။
ဇာတ်သိမ်းပိုင်း
ကိုရွှေမိုးသည် သူ၏အဖြစ်အပျက်ကိုရှင်းပြနေစဥ်
သူ၏မျက်နှာထက်၌မျက်ရည်များကျဆင်းလာခဲ့ပြီး
ခန္ဓာကိုယ်မှာလည်းတသိမ့်သိမ့်တုန်ရီလာကာ
ရှိုက်ငင်တကြီးငိုကြွေးရှာတော့သည်။
ငိုရှိုက်နေရင်းမှ…
“ကျုပ်…ကျုပ်ကိုဘယ်သူမှမမြင်ကြတော့…
ကျုပ်ကိုကျုပ်ဘာဖြစ်နေမှန်းတကယ်စဥ်းစားမရခဲ့ဘူး။
ဒါပေမယ့် ကျုပ်အိမ်ကိုရအောင်ပြန်သွားခဲ့တယ်…
ကျုပ်အိမ်ကိုရောက်တော့
ကျုပ်နဲ့တူတဲ့လူတစ်ယောက်က
ကျုပ်ရဲ့မိန်းမအနားကပ်ပြီး
ကျုပ်အိမ်ပေါ်မှာအခန့်သားတက်နေတယ်ဆိုတာ
မျက်မြင်တွေ့လိုက်ရတော့…
ဘိုးညိုကိုကျုပ်သတိရသွားတယ်ဗျာ…
ဒင်းက သူ့ပညာနဲ့ကျုပ်ရဲ့ဝိညာဥ်ကိုဖယ်ထုတ်လိုက်ပြီး
ကျုပ်ရဲ့နေရာကိုအစားဝင်ယူနေတာကိုသိလိုက်ရပေမယ့်
ကျုပ်ကိုဒင်းရဲ့တပည့်သရဲကြီးတွေနဲ့ရိုက်ပုတ်ခိုင်းပြီး
ခပ်ဝေးဝေးမှာသွားနေခိုင်းတယ်လေ…
ကျုပ်မိန်းမကိုလည်းပြောမရ…
ကျုပ်မိဘကိုလည်းပြောမရနဲ့…
တပတ်လုံးလုံးလည်း သူတို့သွားလေရာအနောက်ကနေ
ခိုးပြီး လိုက်လာနေမိတာပါဗျာ”
ကိုရွှေမိုးက မျက်ရည်ပေါက်ကြီးငယ်ဖြင့်ပြောလေတော့
ဘွားမယ်စိန်မှာ စိတ်မကောင်းဖြစ်နေရှာသည်။
“အင်းး…..ဒီလိုဆိုရင်…ဒီဘိုးညိုဆိုတဲ့ကောင်က
အတော်ထက်တဲ့အောက်လမ်းကဝေကောင်ပဲကွဲ့…”
“ကျုပ်ရဲ့ခန္ဓာကိုယ်ကိုကျုပ်ပြန်ရချင်တယ်ဗျာ…
ဘွားကျုပ်ကိုကူညီပေးလို့ရနိုင်မလား…”
“ကူညီတာကရပါတယ်…ဒါပေမယ့် ……”
“ဒါပေမယ့်ဘာဖြစ်လို့လဲ ဘွား”
“သူတို့အခုရောက်နေတာက အလှူအိမ်ဆိုတော့
အဲ့သည်မှာကလူများတယ်ကွဲ့…မဆိုင်တဲ့သူတွေကို
ဘေးရန်ပေးမှာလည်းဆိုးမိတယ်လေ…
ဒီတော့ ဒီကဝေကောင်ကို
ဘွားတို့ဘက်ကအပြင်မြှားခေါ်ထုတ်နိုင်ဖို့က
အရေးကြီးတယ်…”
“ဒါဆိုရင်ကျုပ်မိန်းမ မယုခင်ကိုဘွားပြောရင်
ရလောက်ပါတယ်…မယုခင်ကိုအကျိုးအကြောင်း
သေချာရှင်းပြပြီး ခေါ်ထုတ်ခဲ့ရင်
ဟိုကောင်လည်းအနောက်ကနေ
လိုက်လာမှာ သေချာပါတယ်ဘွား”
“အဲ့သည်လိုဆိုရင်လည်း
မောင်ရင်ပြောတဲ့နည်းကိုသုံးကြည့်ရတာပေါ့….
ဒါဖြင့်ခဏကွယ်…”
ဘွားမယ်စိန်သည် သူကြီးဦးဖိုးမှန်တို့ဆီသွားပြီး…
“မောင်ဖိုးမှန်…မောင်ရင့်ရွာမှာ ကွင်းပြင်ကျယ်ကျယ်နဲ့မြေကွက်လပ် ဘယ်နားမှာရှိလဲကွဲ့…”
“ကျုပ်တို့ရွာထိပ်မှာပဲရှိတယ်ဗျ…
အဲ့သည်နေရာက…ညနေဆိုရင်ကလေးတွေ
ဆော့ကစားနေကြ ကွင်းပြင်ကြီးပဲ ဘွားရဲ့”
“ဒါဆိုရင်မောင်ရင်တို့လူကြီးတွေကအဲ့သည်မှာ
သွားစောင့်နှင့်ကြ…
မောင်ရွှေမိုးကိုလည်းခေါ်သွားနှင့်…”
“ဗျာ…ဘယ်…ဘယ်လိုခေါ်ရမှာလဲဘွားရဲ့…
ကျုပ်တို့မှသူ့ကိုမမြင်ရတာ”
“အိုကွယ်…ရှေ့ကနေသာ သွားကြ…
မောင်ရွှေမိုး..မောင်ရင်ကသူတို့နောက်ကနေသာ
လိုက်သွားလိုက်…ဘွားတို့ ဟိုကဝေကောင်ကိုအရခေါ်ခဲ့မယ်…”
ထိုသို့ဖြင့် သူကြီးဦးဖိုးမှန်တို့လူကြီးသုံးယောက်နှင့်
ကိုရွှေမိုးတို့အား ရွာထိပ်ကွင်းပြင်ဆီသို့အရင်သွားနှင့်စေသည်။
ဘွားမယ်စိန်နဲ့မောင်တိုး၊မောင်အုန်းတို့သည်က
အလှူအိမ်ဆီကိုသွားကြ၏။
အချိန်မှာကမိုးပင်ချုပ်နေပြီမို့အလှုအိမ်၌
လူများစုံလင်၍ စကားကောင်းနေခဲ့ကြသည်။
“ဟာ…ဘွားတို့ကိုမျှော်နေတာဗျ…
ဟင်…ကိုနောင်ချိုတို့…ကိုဘစီတို့က မပါဘူးလားဘွားရဲ့”
သူဌေးဦးမြမောင်က အိမ်ထဲဝင်လာသော
ဘွားမယ်စိန်တို့်ကိုမြင်၍ဝမ်းသာအားရစကားလာပြောရင်းမှ
သူကြီးဦးနောင်ချိုတို့က်ုမမြင်၍ မေးတော့သည်။
ဘွားမယ်စိန်က သူဌေးဦးမြမောင်ကိုမဖြေသေးဘဲ
ဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီး…
“မောင်မြမောင်…”
“ခင်ဗျာဘွား”
“ဘွားတို့တွေ စကားပြောလို့အဆင်ပြေမယ့်
နေရာလေးသွားကြရအောင်လား…
မောင်ရင့်ကိုဘွားဘက်က ပြောစရာလေးရှိနေလို့ပါ”
ဘွားမယ်စိန်ကပြောလိုက်တော့ သူဌေးဦးမြမောင်ချက်ချင်းပဲ
အိမ်အနောက်ဘက်သို့ခေါ်လာခဲ့သည်။
လူရှင်းသောအိမ်အနောက်ဘက်သို့ရောက်တော့…
“အခုပြောမယ့်အကြောင်းအရာကိုသေချာနားထောင်ပေးပါ
မောင်မြမောင်…ဘွားတို့မှာလည်းအချိန်မရှိတာကြောင့်
ထပ်ပြီးရှင်းပြလို့မရလို့ပါ”
“ဟုတ်ကဲ့…ဘွားပြောနေပုံကအတော်အရေးကြီးနေပုံရတယ်…။
စိတ်ချပါ…ကျုပ်သေချာနားထောင်ပါ့မယ်”
သူဌေးဦးမြမောင်အဖြေကြောင့်
ဘွားမယ်စိန်ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
သူဌေးဦးမြမောင်အား ကိုရွှေမိုး၏အဖြစ်အပျက်အစုံကိုပြောပြလိုက်တော့သည်။
သူဌေးဦးမြမောင်ကလည်း ပါးစပ်ပင်မစိနိုင်ဘဲ
အံ့အားသင့်ရင်းနားထောင်နေရှာသည်။
ဘွားမယ်စိန်စကားဆုံးလေတော့…
“ဒါဆိုရင်…ကျုပ်ဘက်ကဘာကူညီပေးရမယ်ဆိုတာ
သိချင်ပါတယ်ဘွား”
“မောင်မြမောင်ကူညီရမှာက
သူ့မိန်းမ မယုခင်ကိုတစ်ဖက်လှည့်နဲ့ခေါ်ထုတ်ခဲ့ဖို့ပါ…
ဒါမှဒီအကောင်က သူ့မိန်းမအနောက်ကနေ လိုက်လာမှာလေ”
“ဒီလိုဆိုရင်တော့ ကျုပ်မိန်းမကိုအကူအညီတောင်းရမှာပဲဗျ…
မိန်းမအချင်းချင်းဆိုတော့ခေါ်လို့ကောင်းတယ်လေ”
“အေး…အေး…ဒါဖြင့်လည်း အချိန်မကြာစေနဲ့ကွယ်”
“ဟုတ်ကဲ့ဘွား”
သူဌေးဦးမြမောင်သည် ချက်ချင်းပင်အိမ်ထဲပြန်ဝင်သွားပြီး
သူ၏မိန်းမကိုခေါ်၍တိုးတိုးတိတ်တိတ်ပြောတော့သည်။
မိန်းမဖြစ်သူသဘောပေါက်သွားလေတော့ မယုခင်ဆီသွား၍…
“ယုရေ…”
“ရှင်မမသက်…”
“အစ်မတို့ လမ်းလေးဘာလေးသွားလျှောက်ရအောင်လား”
“မမသက်သဘောလေ…ယုက အဆင်ပြေပါတယ်”
သူဌေးဦးမြမောင်မိန်းမက မယုခင်ကိုစကားပြောနေတော့
နံဘေး၌ ကိုရွေမိုးအတုကရှိနေ၏။
(အတုဆိုတာကိုရွှေမိုး၏
ခန္ဓာကိုယ်ထဲဝင်နေသောကဝေကောင်ကိုပြောခြင်းပါ)
“အစ်မတို့ကဘယ်ကိုသွားလမ်းလျှောက်မှာလဲဗျ”
ဟု…ကိုရွှေမိုးအတုကမေးလေတော့…
“သြော်…အစ်မတို့ကဒီရွာထိပ်ကကွင်းပြင်နားတင်ပါ”
“ဒါဖြင့် ကျုပ်ကောလိုက်ခဲ့မယ်လေ”
“အယ်…ငါ့မောင်လိုက်ချင်တယ်ဆိုရင်လည်း
အတော်လေးကြာမှသာလိုက်လာခဲ့လိုက်…
အစ်မကလည်း မင်းမိန်းမကို အစ်မတို့အိမ်ထောင်ရေးအကြောင်းတိုင်ပင်စရာလေးရှိနေလို့ပါကွယ်”
“သြော်…အဲ့သည်လိုလား…ဒါဖြင့်လည်း ဟုတ်ပါပြီဗျာ…
ကျုပ်ခဏကြာမှလိုက်လာခဲ့ပါ့မယ်”
“အေး…အေး..ဒါဆိုရင် ယု…
အစ်မတို့သွားကြရအောင်နော်”
သူဌေးဦးမြမောင်၏မိန်းမနှင့်မယုခင်တို့
အတူထွက်သွားကြသည်။
သူဌေးဦးမြမောင်က ကိုရွှေမိုးအတုနှင့်
လာရောက်စကားပြောနေခဲ့သည်။
ကိုရွှေမိုးအတုကတော့ မယုခင်ကိုစိတ်မချသည့်အလား
အိမ်အပြင်ဆီသို့ခဏခဏလှမ်းကြည့်နေ၏။
ထိုအချိန်ဘွားမယ်စိန်တို့သည်က တစ်ဖက်ဝိုင်း၌ထိုင်၍
အခြေအနေကိုစောင့်ကြည့်နေကြသည်။
“အစ်ကို…ကျုပ်…ကျုပ်မိန်းမနောက်လိုက်သွားလိုက်ဦးမယ်”
“မင်းတစ်ယောက်ထဲသွားမလို့လား…”
“ဟုတ်တယ်…ကျုပ်လိုက်သွားမလို့…”
“ဒါဆိုငါကောလိုက်ခဲ့မယ်ကွာ”
“ဒီလိုဆိုလည်းလိုက်ခဲ့လေ…”
ကိုရွှေမိုးအတုနှင့်ဦးမြမောင်တို့ အိမ်ထဲမှထွက်သွားကြသည်။
ဘွားမယ်စိန်တို့ကလည်း မလှမ်းမကမ်းမှလိုက်လာကြ၏။
ရွာထိပ်ကွင်းပြင်ဆီသို့ရောက်တော့ သူကြီးဦးဖိုးမှန်တို့နှင့်
စကားပြောနေသော မယုခင်ကိုမြင်တော့…
“ယု…မင်း အဲ့ဒီမှာဘာလုပ်နေတာတုန်း”
လို့…အနားမရောက်ခင်လှမ်းမေးလိုက်သောအခါ
မယုခင်သည် သူ့ကိုမြင်၍အလန့်တကြားဟန်ဖြင့်
သူကြီးဦးဖိုးမှန်တို့၏အနောက်သို့ပြေးဝင်ကာပုန်းတော့သည်။
မယုခင်၏ပုံစံကြောင့် ကိုရွှေမိုးအတုသည် ဘေးဘီကိုကြည့်တော့ ကိုရွှေမိုး၏ဝိညာဥ်ကိုမြင်သွားကာ…
“သြော်…ဟင်း…ရွှေမိုး…ရွှေမိုး…
မင်းက ဘယ်လိုတောင်ကြိုးစားလိုက်တာလဲကွ…ဟမ်”
ဟု…အော်မေးလိုက်တော့ ကိုရွှေမိုး၏ဝိညာဥ်သည်
မယုခင်အနားသို့သွား၏။
“အားလုံးအနောက်ကိုဆုတ်လိုက်ကြ…..
အခုပွဲမှာ…ဘယ်သူမှဝင်မပါမိစေနဲ့…။
ဟဲ့…ကဝေဘိုးညိုဆိုတဲ့အောက်လမ်းကောင်
နင်နဲ့ငါနဲ့တွေကြပြီပေါ့ဟဲ့…”
သူဌေးဦးမြမောင်သည်
သူကြီးဦးဖိုးမှန်တို့ရှိရာဘက်သို့ပြေးတော့သည်။
အားလုံးလည်းခပ်ဝေးဝေးသို့ဆုတ်ခွာသွားချိန်
ကိုရွှေမိုးအတုသည် သူ၏နောက်ကျောဘက်၌ရှိနေသော
ဘွားမယ်စိန်ဘက်သို့လှည့်လာခဲ့တော့သည်။
မောင်တိုးနဲ့မောင်အုန်းက ဘွားမယ်စိန်၏
အနောက်၌ရှိနေကြပြီး…
“မောင်ရင်တို့လည်း အနောက်ကိုဆုတ်လိုက်ကြတော့”
ဟု…ဘွားမယ်စိန်ကပြောလေတော့ သူတို့လည်း
အနောက်သို့ဆုတ်သွားကြသည်။
“ခင်ဗျားက ဘယ်သူလဲ…”
ကိုရွှေမိုးအတုက တောင်ဝှေးကြီးကိုထောက်ပြီး
သူအားကြည့်နေသော ဘွားမယ်စိန်ကိုမေးလိုက်သည်။
“ငါဘယ်သူလဲဆိုတော့…ဟင်း…ငါ့နာမည်ကဘွားမယ်စိန်…
ကဲ…ပြော…နင် ဘာထပ်သိချင်သေးလဲ”
“ခင်ဗျား ကျုပ်ကိစ္စကိုဝင်ရှုပ်လိုက်တာလား…
ခင်ဗျားက ဘာအဆင့်ရှိလို့ကျုပ်ကိစ္စကိုဝင်ရှုပ်ရဲရတာလဲ…
ဟမ်…သေပန်းပွင့်ချင်နေတာလာအဘွားကြီး”
“ဟဲ့အကောင်… ငါပဲသေမလား…နင်ပဲသေမလားဆိုတာ…
စောင့်ကြည့်လိုက်လေဟဲ့…”
“ဟားး…ဟားး…ဟားး…ဟားး…ဟားးး…
အဘွားကြီးကများ ရာရာစစကွာ…”
ကိုရွှေမိုးအတုသည် ခါးကြီးကိုထောက်၍
ဘွားမယ်စိန်ကိုလှောင်ပြောင်ရယ်မောလေသည်။
ဘွားမယ်စိန်က…ဖနောင့်ကိုတစ်ချက်ပေါက်၍…
“ဟဲ့အကောင်…အချိန်ကြာတယ်…
နင့်ပညာအခုထုတ်ပြီးတိုက်လိုက်စမ်းငါ့ကို…”
ဟု…မာမာထန်ထန်ပြောလိုက်လေတော့…
“အေး…ကောင်းပြီလေ…
အသေစောချင်တဲ့အဘွားကြီး…တွေ့ကြတာပေါ့”
ဟုပြော၍ သူ၏ ခေါင်းကိုမိုးပေါ်သို့မော့လိုက်သည်။
သူ၏မျက်လုံးအိမ်တစ်ခါလုံးမှာလည်း
အမည်းရောင်ပြောင်းသွားပြီးနောက် ပါးစပ်ကြီးကို ဟ၍
သူ၏ စက်များကိုထုတ်တော့သည်။
အမည်းရောင်စက်တန်းကြီးသည်
တစတစကြီးထွားလာလေသောအခါ
ထိုစက်တန်းကြီးကို ဘွားမယ်စိန်ရှိရာဆီသို့ဦးတည်၍
အားမာန်အပြည့်ဖြင့်ပစ်လွှတ်လိုက်၏။
အမည်းရောင်စက်တန်းကြီးသည်
ဘွားမယ်စိန်ထံအပြေးဝင်လာလေတော့
ဘွားမယ်စိန်သည် သူ၏
တောင်ဝှေးကိုမြေပေါ်သို့တစ်ချက်ဆောင့်ချလိုက်ပြီး
ထိုစက်တန်းအား သူ၏တောင်ဝှေးဖြင့်
တားဆီးထားလိုက်သည်။
ဘွားမယ်စိန်၏တောင်ဝှေး၏ဟန့်တားနေမှုကိုမြင်လေတော့ထပ်မံ၍အားကုန်သုံးကာအပြိုင်တွန်းထားပြန်သည်။
ဘွားမယ်စိန်ကလည်း တောင်ဝှေးဖြင့်စက်တန်းကို
တွန်းကန်ထားရင်းမှဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီး…
“ကဲ…မောင်မင်းကြီးသားရေ…
နင်နဲ့တန်ရာကိုသွားလိုက်တော့ဟဲ့…”
ဟု…ပြောလိုက်ပြီး သူ၏တောင်ဝှေးကိုတစ်ချက်ဆောင့်တွန်းလိုက်သောအခါ ကဝေကောင်၏အမည်းရောင်စက်တန်းမှာ
ကဝေကောင်ရှိရာဆီသို့ပြန်လည်ပြေးဝင်သွားခဲ့သည်။
“ဘုန်းးးး”
“အားးးး”
ထင်မထားသော အဖြစ်အပျက်ကြောင့် ကဝေကောင်မှာ
ရှောင်ချိန်ပင်မရလိုက်…သူ၏စက်တန်းဖြင့်
သူ့အားပြန်လည်ထိမှန်သွားတော့သည်။
စက်တန်းထိမှန်လိုက်စဥ် အဝေးသို့လွှင့်စင်သွားသော
ကဝေကောင်သည် ကိုရွှေမိုး၏ကိုယ်အတွင်းမှ သူ၏
ဝိညာဥ်ထွက်သွားလေသည်။
ထိုအခိုက်၌ ဘွားမယ်စိန်သည်
အလျင်အမြန်ပင် ကဝေကောင်၏ဝိညာဥ်အားအဝေးမှ
သူ၏တောင်ဝှေးဖြင့်
ရွယ်၍ရိုက်ချဟန်လုပ်လိုက်လေသောအခါ
ကဝေကောင်ထံမှ…
“အားးးးးး”
ဟုသော…အော်သံကြီးနှင့်အတူ
သူ၏ဝိညာဥ်သည်မီးများတောက်လောင်လာခဲ့၏။
ကဝေကောင်၏ဝိညာဥ်ကိုမီးများကဝါးမြိုသွားပြီးနောက်
နေရာမှပျောက်ကွယ်သွားတော့သည်။
ကိုရွှေမိုး၏ခန္ဓာကိုယ်ကြီးကလည်း
မြေပေါ်၌မှောက်လျက်သားငြိမ်သက်နေခဲ့၏။
ထိုအချိန်ဘွားမယ်စိန်သည် ကိုရွှေမိုး၏ဝိညာဥ်ကိုကြည့်၍…
“မောင်ရွှေမိုးရေ…ဒီအနားကိုသာလာခဲ့လိုက်တော့…”
ဟုခေါ်လေတော့ ကိုရွှေမိုး၏ဝိညာဥ်သည်
အပြေးရောက်လာခဲ့၏။
ဘွားမယ်စိန်က ကိုရွှေမိုး၏ဝိညာဥ်ကို
သူ၏ကိုယ်ထဲသို့ပြန်ဝင်နိုင်ဖို့ စီစဥ်ပေးလိုက်လေတော့
နောက်ဆုံး၌ ရွှေမိုးတစ်ယောက် သူ၏ ခန္ဓာကိုယ်အား
ပြန်လည်ရရှိသွားတော့သည်။
ကိုရွှေမိုးနဂိုအတိုင်းပြန်ဖြစ်သွားလေတော့
မယုခင်မှာကိုရွှေမိုးကိုဖက်၍…
“ယု…တောင်းပန်ပါတယ်ကိုကိုရယ်…
ကိုကိုဒုက္ခရောက်နေတာကိုယုမသိလိုက်ဘူး…
ယုတောင်းပန်ပါတယ်နော်…”
ဟုပြောရင်းငိုရှာလေတော့ ကိုရွှေမိုးက…
“ယုအမှားမဟုတ်ပါဘူးကွာ…..ဒါကိုကိုရဲ့ အမှားပါ…
ကဲ…ကိုကိုတို့ဘွားကိုကန်တော့ကြရအောင်နော်…
ဘွားကူညီလို့သာ ကိုကိုအခုလို နဂိုအတိုင်းပြန်ဖြစ်တာယုရဲ့…
ဘွားက ကိုကိုရဲ့ကျေးဇူးရှင်ပါပဲကွာ…
ဘွားက်ိုကျနော်တို့ကန်တော့ပါရစေဗျာ…”
ဟုပြောရင်းကိုရွှေမိုးနဲ့မယုခင်တို့က ထိုင်၍ကန်တော့ကြသည်။
မောင်တိုးတို့သူကြီးတို့လူစုကတော့သူတို့အားကြည့်၍
ဝမ်းသာနေကြ၏။
ဘွားမယ်စိန်ကလည်း ကိုရွှေမိုးတို့အားဆုပြန်ပေးလေတော့
ကိုရွှေမိုးက…
“ဘွား… ကျုပ်ကနဂိုအတိုင်းပြန်ဖြစ်ပြီဆိုတော့
ဘိုးညိုက ဘယ်ရောက်သွားတာလဲဗျ…
ဒီလူကျုပ်ကိုပြန်ပြီးအန္တရာယ်ပေးလာခဲ့ရင်
ကျုပ်ဘက်က
ဘာတွေများ ကြိုပြီး ပြင်ဆင်ထားရမလဲ”
ဟုမေးလေတော့…ဘွားမယ်စိန်ကပြုံးလေသည်။
ပြီးမှ…
“ဘိုးညိုကမောင်ရင်တို့ကိုအန္တရာယ်ပေးဖို့မဆိုထားနဲ့…
သူ့ကိုယ်သူတောင်ပြန်ပြီးမကယ်နိုင်တော့ဘူးကွဲ့…
ဘာလို့ဆိုရင်…အစောကပဲ…
သူ့ကိုငရဲကလာခေါ်သွားပြီလေကွယ်”
“ဗျာ…ဒါဆိုရင်ဘိုးညိုမရှိတော့ဘူးပေါ့”
ကိုရွှေမိုးဝမ်းသားတကြီးမေးရှာတော့ဘွားမယ်စိန်က
ခေါင်းညိတ်ပြလိုက်လေသည်။
ကဝေဘိုးညိုကိုအဆုံးသတ်၌ရှင်းလင်းနိုင်လိုက်သည်မို့
အားလုံးပျော်ရွှင်သွားကြ၏။
သို့သော် ကိုရွှေမိုး၏အဖြစ်အပျက်ကိုတော့
သူဌေးဦးမြမောင်တို့ဇနီးမောင်နှံနှင့်မောင်တိုးတို့လူစုသာ
သိရှိထားကြဖို့…
ကျန်လူများကိုမပြောဖို့လည်း
ဘွားမယ်စိန်ကအားလုံးကိုသတိပေးလိုက်လေသည်။
ထိုသို့ဖြင့်…ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ
Leave a Reply